← Chapters

အခန်း (၃၄၇-၃၄၈)

Vol. 18 Ch. 347-348

အခန်း (၃၄၇-၃၄၈)

Vol. 18 Ch. 347-348

အပိုင်း (၃၄၇) မျိုးရိုးဗီဇမျိုးစေ့အကြောင်း ရုတ်တရက် ကြားသိရခြင်း

ဝါးအိမ် (၁) သို့ ရောက်ရှိလာချိန်တွင် ပါမောက္ခ လီဟန်ကျုံးတစ်ယောက် မျက်ရည်များ စီးကျနေပြီး မျက်ရည်များကို အဆက်မပြတ် သုတ်နေသည်ကို လင်းယွမ်က မြင်တွေ့လိုက်ရသည်။

လီဟန်ကျုံး၏ ဇနီးဖြစ်သူ ရှန်ဟုန်မေက ကုတင်ပေါ်တွင် မေ့မြောနေသည်။

သို့သော် သူမ၏ အမူအရာက အေးချမ်းနေသည်ကို ကြည့်ခြင်းအားဖြင့် နာကျင်မှု မရှိတော့ကြောင်း သိသာလှသည်။

"ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ် ဒေါက်တာဝမ်" လီဟန်ကျုံးက သူ၏ဇနီး ရှန်ဟုန်မေ၏ လက်ကို ဆုပ်ကိုင်ထားရင်း ဘေးနားရှိ ဝမ်အန်းကို အဆက်မပြတ် ကျေးဇူးတင်စကား ဆိုနေသည်။

ဝမ်အန်းက ကပျာကယာ လက်ခါပြလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "ပါမောက္ခလီ... အားနာမနေပါနဲ့... ကျွန်တော်က ဆရာဝန် မဟုတ်ပါဘူး... ကုသခြင်း အမျိုးအစား အစွမ်းကို ကံကောင်းပြီး နိုးထလာခဲ့ရုံပါ"

လီဟန်ကျုံးက ပြောလာသည်။ "ငါ့မိန်းမရဲ့ အဆစ်အမြစ်ရောင်ရောဂါက အရင်ကတည်းက ကုလို့ မရခဲ့ဘူး... ရေလွှမ်းမိုးဘေးကြီး မတိုင်ခင်က ဆေးရုံဘယ်လောက်များများကို သွားခဲ့ရလဲ တောင်မသိတော့ဘူး... အကိုက်အခဲပျောက်ဆေးလေး သောက်ပြီး သက်သာအောင်ပဲ လုပ်နိုင်ခဲ့တာ"

"မင်းရဲ့ အစွမ်းက ဆေးရုံက ဆရာဝန်တွေထက်တောင် ပိုပြီး အသုံးဝင်သေးတယ်... ငါ့အတွက်တော့ မင်းက အသက်ရှင်နေတဲ့ နတ်ဆေးသမားတော်ကြီးပဲ"

လီဟန်ကျုံး၏ စကားကြောင့် ဝမ်အန်းက ငိုရခက် ရယ်ရခက် ဖြစ်သွားရသည်။ သူ့ကို ဆရာဝန်ဟု အခေါ်ခံရသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

ထိုက်ယန်တောင်တွင် ရှိစဉ်က လူတိုင်းက သူ့ကို ခေါင်းဆောင်ဝမ် ဟူ၍ဖြစ်စေ၊ ဘော့စ်ဝမ် ဟူ၍ဖြစ်စေ ခေါ်ဝေါ်ခဲ့ကြသည်။

ဝမ်အန်းက အလျင်အမြန်ပင် ပြောလိုက်သည်။

"အဲ့ဒီလို မပြောပါနဲ့ဗျာ... ကျွန်တော်တို့ ခိုလှုံရေးစခန်းမှာ တကယ့် ဆရာဝန်တစ်ယောက် ရှိတယ်... တိုင်းရင်းဆေးဆရာ တစ်ယောက်ပါ... ခင်ဗျား ဒီလိုပြောတာကိုသာ သူကြားသွားရင် စိတ်ဆိုးနေလိမ့်မယ်"

ထိုစကားကို ကြားသောအခါ လီဟန်ကျုံးက ချက်ချင်းပင် အလွန်အမင်း ဝမ်းသာသွားသည်။

"မင်းတို့ ခိုလှုံရေးစခန်းမှာ ဆရာဝန် ရှိသေးတာလား"

ဘေးနားရှိ တင်းယန်က ပြုံးကာ ပြောလိုက်သည်။ "ပါမောက္ခလီ... ကျွန်မတို့ ခိုလှုံရေးစခန်းက သေးသေးမွှားမွှား မဟုတ်ဘူးနော်... စခန်းမှာတိုင်းရင်းဆေးဆရာ တစ်ယောက်ရှိပြီး အခု ကျွန်မတို့ ခိုလှုံရေးစခန်းမှာ ဆေးခန်းဖွင့်ထားတယ်... ပုံမှန်ဆိုရင် သူက သန္ဓေပြောင်း ဆေးဝါး သုတေသန လုပ်ငန်းတွေမှာလည်း ပါဝင်လုပ်ဆောင်သေးတယ်... ရှင်သာ ရောက်သွားရင် ကျွန်မတို့ ထိုက်ယန်တောင်ရဲ့ သုတေသနအဖွဲ့က ပိုပြီး ကြီးမားလာတော့မှာပဲ"

လီဟန်ကျုံးက ချက်ချင်းပင် မျှော်လင့်တောင့်တသည့် အမူအရာ အနည်းငယ် ပေါ်ထွက်လာသည်။ သူ၏ စိတ်နှလုံးထဲတွင် အနှစ်သက်ဆုံးအရာမှာ သိပ္ပံသုတေသန လုပ်ငန်းပင် ဖြစ်သည်။

ဝမ်အန်းကလည်း ပြောလိုက်သည်။ "ကျွန်တော့်ရဲ့ ကုသမှုက အပေါ်ယံ သက်သာစေရုံပါပဲ... အခု အဒေါ်ရှန်ရဲ့ ရောဂါလက္ခဏာတွေကို သက်သာစေပေမယ့် အမြစ်ပြတ် ကုသနိုင်တာမျိုး မဟုတ်ပါဘူး... သူ့ရဲ့ အဆစ်တွေက ပုံပျက်နေပြီမို့ ဒေါက်တာရန်ဆီက ကျွမ်းကျင်တဲ့ အကြံဉာဏ်တွေကို တောင်းခံဖို့လိုလိမ့်မယ်"

လီဟန်ကျုံးက ကပျာကယာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"သိပါပြီ... သိပါပြီ... ဒီလောက်ဆိုရင်ပဲ အရမ်း ကောင်းနေပါပြီ... ငါ့မိန်းမက အရင်က နာလွန်းလို့ အိပ်တောင် မအိပ်နိုင်ခဲ့တာ... အခုလို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတာကိုက တော်တော်လေးကို ရှားပါးနေပါပြီ"

ထိုအချိန်တွင် လင်းယွမ်က ဝင်လာပြီး ပြုံးကာ ပြောလိုက်သည်။

"ပါမောက္ခလီ... အခုခေတ်က အရင်နဲ့ မတူတော့ဘူးဗျ... ရေလွှမ်းမိုးဘေးကြီးက လူတိုင်းအတွက် ကြောက်မက်ဖွယ်ကောင်းတဲ့ ဘေးအန္တရာယ်ကြီးကို ယူဆောင်လာခဲ့ပေမယ့် သက်ရှိသတ္တဝါ အများအပြားကိုလည်း သန္ဓေပြောင်းလဲသွားစေခဲ့တယ်... အခွင့်အလမ်းသစ် အများအပြားက မျက်စိရှေ့မှာတင် ရှိနေတာပါ"

"ခင်ဗျားဇနီးရဲ့ အခြေအနေက ရေလွှမ်းမိုးဘေးကြီး မတိုင်ခင်ကတော့ ဖြေရှင်းဖို့ ခက်ခဲကောင်း ခက်ခဲနိုင်ပေမယ့် အခုအချိန်မှာတော့ မသေချာတော့ပါဘူး"

"ကိုလင်း"

"လင်းယွမ်... ရှင် ရောက်လာပြီကိုး"

ဝမ်အန်းနှင့် တင်းယန်တို့က လင်းယွမ်ကို နှုတ်ဆက်လိုက်ကြသည်။

လင်းယွမ်က ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး လီဟန်ကျုံး၏ မျက်နှာချင်းဆိုင်တွင် ထိုင်ကာ ပြောလိုက်သည်။

"ပါမောက္ခလီ... ကျွန်တော်က ထိုက်ယန်တောင် ခိုလှုံရေးစခန်းရဲ့ ခေါင်းဆောင် လင်းယွမ် ပါ"

လီဟန်ကျုံးက ထိုစကားကို ကြားသောအခါ အလျင်အမြန် မတ်တတ်ရပ်လိုက်ပြီး ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ခေါင်းဆောင်လင်း... မင်္ဂလာပါ... ငါ... ငါ မင်းတို့ကို ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး... မင်းတို့သာ ဒီကိုလာပြီး ငါနဲ့ ငါ့မိန်းမကို မကယ်ခဲ့ဘူးဆိုရင် ငါတို့ အဘိုးကြီး အဘွားကြီး နှစ်ယောက် ဒီနှစ်ကိုတောင် ကျော်ဖြတ်နိုင်ပါ့မလား မသိဘူး"

လင်းယွမ်က နှစ်သိမ့်လိုက်သည်။ "ပါမောက္ခလီ... အားနာမနေပါနဲ့... ခင်ဗျားက သင်္ဘောတည်ဆောက်ရေး နယ်ပယ်က ကျွမ်းကျင်ပညာရှင် တစ်ယောက်ပဲလေ... ဘယ်နေရာမှာပဲဖြစ်ဖြစ် လူတိုင်းက လုယက်ပြီး လိုချင်ကြမှာပါပဲ... ဒီ လီရွှေဥယျာဉ်က လူတွေက ခင်ဗျားရဲ့ ပညာကို မသိကြသလို ခင်ဗျားရဲ့ အရေးပါမှုကိုလည်း နားမလည်ကြလို့ ခင်ဗျားကို လျစ်လျူရှုထားခဲ့ကြတာပါ"

"နောက်ပိုင်း ခင်ဗျား ကျွန်တော်တို့ ထိုက်ယန်တောင်ကို ရောက်ရင် အဒေါ်ရှန်ရဲ့ အဆစ်အမြစ်ရောင်ရောဂါကို ကျွန်တော်တို့ ထိုက်ယန်တောင်မှာပဲ ကုလိုက်လို့ရတယ်"

"တခြား စားဝတ်နေရေးနဲ့ ပတ်သက်တဲ့ ပြဿနာအားလုံးကိုလည်း ထိုက်ယန်တောင် ခိုလှုံရေးစခန်းက ကူညီပေးနိုင်ပါတယ်"

လီဟန်ကျုံး၏ စိတ်ထဲတွင် အလွန် ဝမ်းသာသွားသည်။ သူက တင်းယန်ထံမှ ထိုက်ယန်တောင်၏ အခြေအနေများကို နားလည်ထားပြီး ဖြစ်သည်။

လူ့အဖွဲ့အစည်းကြီး ပြိုကျပျက်စီးသွားပြီးနောက် တစ်နေ့တွင် သူ၏ ကိုယ်ပိုင် အသိပညာကို အားကိုးပြီး အသက်မွေးဝမ်းကျောင်း ပြုနိုင်လိမ့်မည်ဟု သူ အိမ်မက်ထဲတွင်ပင် မထင်မှတ်ထားခဲ့ပေ။

"ကျေးဇူးတင်ပါတယ်... ခေါင်းဆောင်လင်း... ကျေးဇူးအများကြီး တင်ပါတယ်... စိတ်ချပါ... မင်းတို့ ငါ့ကို ဘာလုပ်ခိုင်းမယ်ဆိုတာ ငါသိပါတယ်... ထိုက်ယန်တောင်အတွက် အကောင်းဆုံး သင်္ဘောတစ်စင်း တည်ဆောက်ပေးမယ်လို့ ငါ ဒီကနေပဲ ကတိပြုပါတယ်"

လင်းယွမ်က ရယ်မောလိုက်သည်။ ဤစကားတစ်ခွန်းနှင့်ပင် လုံလောက်နေပြီ ဖြစ်သည်။

ထို့နောက် သူက ပြုံးကာ မေးလိုက်သည်။ "ဒါနဲ့... ခင်ဗျားရဲ့ စိတ်စွမ်းအင်က တော်တော်လေးကို သွက်လက်နေပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုကလည်း သာမန်လူတွေထက် သာလွန်နေတာကို ကျွန်တော် မြင်နေရတယ်... ခင်ဗျားက စိတ်စွမ်းအင် အမျိုးအစား အစွမ်း နိုးထလာခဲ့တာလား"

ဒီ ခေါင်းဆောင်လင်းက တကယ့်ကို အစွမ်းထက်တဲ့သူဆိုတာကို လီဟန်ကျုံး သိထားသည်။ တစ်ဖက်လူက တစ်ချက်ကြည့်ရုံဖြင့် သူ အစွမ်း နိုးထလာခဲ့သည်ကို သိမြင်သွားခဲ့သည်။

လတ်တလောတွင် ဖုံးကွယ်ထား၍ မရနိုင်မှန်း သိလိုက်သဖြင့် သူက တိုက်ရိုက်ပင် ပြောလိုက်သည်။

"ဟုတ်ပါတယ်... ခေါင်းဆောင်လင်းကို ဖုံးကွယ်မထားပါဘူး... ငါ တကယ်ပဲ အစွမ်းတစ်ခု နိုးထလာခဲ့တယ်... ဒါပေမဲ့ ငါ့ရဲ့ အစွမ်းက တိုက်ခိုက်ရေးဘက်ကို အသားပေးထားတာ မဟုတ်ဘူး"

"ငါ့ရဲ့ အစွမ်းက ငါ့ရဲ့ ဦးနှောက် စဉ်းစားတွက်ချက်နိုင်စွမ်း... မှတ်ဉာဏ်စွမ်းရည် စတဲ့ အပိုင်းတွေကိုပဲ အကြီးအကျယ် တိုးတက်လာစေခဲ့တာပါ"

"ငါ့အနေနဲ့ စိတ်စွမ်းအင် ရှိနေတာကို ခံစားသိရှိနိုင်ပေမယ့်... သီးသန့် စိတ်စွမ်းအင် တိုက်ခိုက်မှု ဒါမှမဟုတ် အစွမ်းတစ်ခုခုကို ထုတ်သုံးဖို့တော့ နည်းလမ်းမရှိဘူး"

ထိုစကားကို ကြားသောအခါ လင်းယွမ်၏ မျက်ခုံးများက အနည်းငယ် ပင့်တက်သွားပြီး ပြောလိုက်သည်။

"ခင်ဗျားရဲ့ အစွမ်းက အထောက်အကူပြု အမျိုးအစားဘက်ကို အသားပေးတာလား"

"ဟုတ်တယ်... ငါ့ရဲ့ ဦးနှောက်က တိကျမှု မြင့်မားတဲ့ စက်ကိရိယာတစ်ခုနဲ့ တူနေသလို ခံစားရတယ်... ဉာဏ်ရည်တု ကွန်ပျူတာ တစ်လုံးလိုမျိုးတောင် ဖြစ်နေပြီး စဉ်းစားတွေးခေါ်မှုတွေကို အမြန်နှုန်းနဲ့ လည်ပတ်နိုင်တယ်... ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်တယ်... အဲဒီလိုမျိုးပေါ့"

"ဒါက ငါ အရင်ကအချိန်အတော်ကြာအောင်... သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ လုပ်ခဲ့တာနဲ့ သက်ဆိုင်နိုင်တယ်လို့ ငါ ခန့်မှန်းမိတယ်"

လီဟန်ကျုံးက မတတ်သာသည့်ဟန်ဖြင့် ပြောလိုက်သည်။

ဤခန့်မှန်းချက်က အမှန်တကယ် ဖြစ်နိုင်ခြေ များပြားလှသည်။ လူတစ်ဦးစီ၏ နိုးထလာသော လမ်းကြောင်းက မတူညီကြဘဲ စိတ်နှလုံးထဲတွင် အပြင်းပြဆုံး လိုလားတောင့်တနေသည့် အရာနှင့် များစွာ သက်ဆိုင်နေသည်။

လင်းယွမ်က ပြုံးကာ ပြောလိုက်သည်။ "ပါမောက္ခလီ... ဒီလို စွမ်းရည်မျိုးက ခင်ဗျား သုတေသန လုပ်ဖို့အတွက် အရမ်း သင့်တော်နေတာ မဟုတ်ဘူးလား"

"ပြောရရင်တော့ ဟုတ်ပါတယ်... ဒါပေမဲ့ ဒီလိုခေတ်ကြီးထဲမှာ သုတေသန အလုပ်တွေကို ဘယ်လောက်တောင် လုပ်နိုင်မှာမို့လို့လဲ... ကိုယ့်ကိုယ်ကိုယ်နဲ့ မိသားစုရဲ့ အသက်ကို ကာကွယ်ဖို့နဲ့ ဝမ်းဝအောင် စားဖို့တောင် ခက်ခဲနေတာကို"

လီဟန်ကျုံးက ခါးသီးသော အပြုံးတစ်ခုကို ပြသလိုက်သည်။ အစပိုင်းတွင် သူ၏ အစွမ်းများ နိုးထလာပြီးနောက် အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ရန် အမှန်တကယ် မျှော်လင့်ခဲ့မိသည်။

သို့မှသာ လီရွှေဥယျာဉ်တွင် ခြေကုပ်ယူနိုင်ပြီး သူ၏ ဇနီးအတွက် စားစရာနှင့် ဆေးဝါးအချို့ကို ရှာဖွေပေးနိုင်မည် ဖြစ်သည်။

သို့သော် သူ နိုးထလာခဲ့သည်မှာ အထောက်အကူပြု အမျိုးအစား အစွမ်း ဖြစ်နေသဖြင့် သူ့ကို တစ်ကြိမ် မျှော်လင့်ချက် ကင်းမဲ့သွားစေခဲ့သည်။

လင်းယွမ်တို့သာ အချိန်မီ ပေါ်လာခြင်း မရှိခဲ့ပါက သူ၏ ဇနီးသည် ဒီတစ်ကြိမ်တွင် အမှန်တကယ်ပင် တောင့်ခံနိုင်တော့မည် မဟုတ်ပေ။

လင်းယွမ်က ထိုစကားကို ကြားသောအခါ ချက်ချင်းပင် ပြောလိုက်သည်။ "ပါမောက္ခလီ... ခင်ဗျား ကျွန်တော်တို့ ထိုက်ယန်တောင်ကို ဝင်ပြီးသွားရင်... စားဝတ်နေရေး ပြဿနာအတွက် စိုးရိမ်နေစရာ မလိုတော့ပါဘူး"

"ခင်ဗျားလို သုတေသနပုံစံ အစွမ်းက... တကယ်တော့ နေထိုင်ဖို့ အသင့်တော်ဆုံး နေရာဆိုတာ တည်ငြိမ်တဲ့ ပတ်ဝန်းကျင်ရှိတဲ့ ခိုလှုံရေးစခန်း တစ်ခုပါပဲ"

"စည်းစနစ်တွေ ရှိတဲ့ နေရာမျိုးဖြစ်လေလေ ခင်ဗျားလို အရည်အချင်းရှိတဲ့သူမျိုးကို ပိုပြီး ကြိုဆိုလေလေပါပဲ"

"ခင်ဗျား ကျွန်တော်တို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းကို ဝင်ပြီးသွားရင် စားဝတ်နေရေးနဲ့ ပတ်သက်လို့ လုံးဝ စိုးရိမ်စရာ မလိုတော့ဘူးဆိုတာကို ကျွန်တော် အာမခံနိုင်ပါတယ်... ခင်ဗျားရဲ့ ဇနီးအတွက်လည်း ဘာမှ စိုးရိမ်စရာ မလိုတော့ပါဘူး"

လီဟန်ကျုံးက ထိုစကားကို ကြားသောအခါ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အမူအရာများ ပေါ်ထွက်လာပြီး ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်... ကျေးဇူးအများကြီး တင်ပါတယ်"

သူကိုယ်တိုင်လို သုတေသနပုံစံ အရည်အချင်းရှိသူမျိုးသည် အမှန်တကယ်ပင် ရင့်ကျက်သော ခိုလှုံရေးစခန်းသို့ သွားမှသာ အလေးထား ခံရမည်ကို သူ၏ စိတ်ထဲတွင်လည်း ရှင်းလင်းစွာ သိရှိနေသည်။

ခိုလှုံရေးစခန်း အသေးစားလေးများ ဖြစ်လေလေ ပို၍ ခေတ်နောက်ကျလေလေ ဖြစ်ပြီး သုတေသန လုပ်ငန်းများကို အာရုံစိုက်နိုင်ရန် ပို၍ မဖြစ်နိုင်လေလေ ဖြစ်သည်။

ထိုသို့သော ခိုလှုံရေးစခန်း အသေးစားလေးများသည် အခြေခံအားဖြင့် ရှင်သန်ရေးအတွက် ရုန်းကန်လှုပ်ရှားနေရဆဲ ဖြစ်ရာ သုတေသနကဲ့သို့သော ကိစ္စရပ်များကို ဂရုစိုက်ရန် အချိန်ဘယ်မှာ ရှိမည်နည်း။

ထို့ကြောင့် လီရွှေဥယျာဉ်တွင် သူ၏ ဘဝက ခက်ခဲကြမ်းတမ်းနေရခြင်း၏ အဓိက အကြောင်းရင်းမှာ လီရွှေဥယျာဉ်ကဲ့သို့သော ခိုလှုံရေးစခန်းငယ်လေးသည် စားဝတ်နေရေး ပြဿနာကို အလုံးစုံ ဖြေရှင်းနိုင်ခြင်း မရှိသေးသောကြောင့်ပင် ဖြစ်သည်။

ရေလွှမ်းမိုးဘေးကြီး မတိုင်ခင်က လူ့အဖွဲ့အစည်းနှင့် အတူတူပင် ဖြစ်သည်။ ခေတ်နောက်ကျသော နေရာများ ဖြစ်လေလေ ပုံစံခွက်ဝါဒနှင့် ဗျူရိုကရေစီဝါဒကို ပို၍ ကျင့်သုံးလေလေ ဖြစ်သည်။

တကယ်တမ်း အရည်အချင်းရှိသူများက နေရာကောင်း ရရှိရန် ခက်ခဲလှပြီး လူတိုင်းက အိမ်၊ ကား စသည့် အရာများအတွက်သာ လာဘ်ထိုး လက်ဆောင်ပေးနေကြဆဲ ဖြစ်သည်။

ဤသို့သော ပတ်ဝန်းကျင်မျိုးတွင် ပညာရပ်ဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်မည့် အရည်အချင်းရှိသူများကို မည်သို့ ပြုစုပျိုးထောင်နိုင်မည်နည်း။

ဤသည်ကား အရည်အချင်းရှိသူများအားလုံး မြို့ကြီးပြကြီးများဆီသို့ အသေအလဲ ပြေးလွှားသွားကြရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။

လီဟန်ကျုံးက ထိုခေတ်အခါမှ ဖြတ်သန်းလာခဲ့သူ ဖြစ်ရာ ဤအကြောင်းပြချက်ကို မည်သို့လုပ်၍ နားမလည်ဘဲ နေမည်နည်း။

ယခုအချိန်လေးတွင် ဤ ခေါင်းဆောင်လင်း ဖွဲ့စည်းထားသော ထိုက်ယန်တောင် ခိုလှုံရေးစခန်းသို့ ဝင်ရောက်ခြင်းကသာ မှန်ကန်သော ရွေးချယ်မှု ဖြစ်ကြောင်း သူ အမှန်တကယ် ခံစားနေရသည်။

သူ အနည်းငယ် စဉ်းစားလိုက်ပြီး သူကိုယ်တိုင်လည်း အရည်အချင်း အနည်းငယ် ထုတ်ပြသင့်ပြီဟု ခံစားလိုက်ရသည်။ သို့မှသာ ဤခိုလှုံရေးစခန်းမှ အထက်လူကြီးများက သူ့ကို အလေးထားလာပေမည်။

လတ်တလောတွင် လီဟန်ကျုံးက စကားစလိုက်သည်။ "သုတေသနအကြောင်း ပြောရရင်... တကယ်တော့ ငါ လီရွှေဥယျာဉ်မှာ စားဝတ်နေရေး ပြဿနာကို ဖြေရှင်းနေရတဲ့ကြားက အားလပ်ချိန်လေးတွေမှာ သုတေသနတချို့ လုပ်ခဲ့သေးတယ်"

"ဟမ်..."

ထိုအကြောင်းကို ပြောလိုက်သည်နှင့် လင်းယွမ်က ချက်ချင်းပင် စိတ်ဝင်စားသွားပြီး လီဟန်ကျုံးကို ကြည့်လိုက်သည်။

လီဟန်ကျုံးက သူ၏ ရင်ခွင်ထဲမှ သန္ဓေပြောင်း ငါးခေါင်းရိုး တစ်ခုကို ထုတ်ယူလိုက်သည်။

ထိုငါးခေါင်းရိုးက သိပ်မကြီးမားလှဘဲ လက်ဝါးအရွယ်အစားခန့်သာ ရှိကာ ၎င်းအပေါ်တွင် သင်္ကေတ အစုအဝေး တစ်ခုကို ထွင်းထုထားသည်။

လီဟန်ကျုံးက ပြောလိုက်သည်။ "ဒါက အစွမ်းပိုင်ရှင် တစ်ယောက်ရဲ့ လက်ထဲက သင်္ကေတအရိုးကနေ ငါ မှတ်သားထားတဲ့ သင်္ကေတပဲ"

လင်းယွမ်က ထို သန္ဓေပြောင်း ငါးခေါင်းရိုးကို ချက်ချင်း လှမ်းယူကာ ကြည့်ရှုလိုက်သည်။

သင်္ကေတ ပုံစံများက ရှုပ်ထွေးလွန်းလှသဖြင့် လင်းယွမ်က အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ "ခင်ဗျားက အလွတ်ကျက်မှတ်ပြီးတော့ကို မှတ်မိသွားတာလား"

လီဟန်ကျုံးက ပြောလိုက်သည်။ "ဟုတ်တယ်... ငါ့ရဲ့ စူပါဦးနှောက် အစွမ်းက ငါ့ကို ဒီလိုစွမ်းရည်မျိုး ပေးထားတာပဲ"

"ငါ ဒီသင်္ကေတကို မှတ်သားပြီးတဲ့နောက်မှာ သင်္ကေတ လက်နက်တချို့ ဖန်တီးလို့ ရမရဆိုတာကို တိတ်တဆိတ် စမ်းသပ်ကြည့်ခဲ့တယ်... အချိန်တန်ရင် မှောင်ခိုဈေးကွက်မှာ သွားရောင်းလို့ ရမလားဆိုတာ ကြည့်ရအောင်လေ"

"မထင်မှတ်ဘဲ ဒီသင်္ကေတက တိုက်ခိုက်ရေး အမျိုးအစား သင်္ကေတ မဟုတ်ဘဲ လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှင့်တဲ့ သင်္ကေတတစ်ခု ဖြစ်နေခဲ့တယ်"

"လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှင့်တဲ့ သင်္ကေတ..."

လင်းယွမ်က အံ့သြသွားသည်။ ဤကဲ့သို့သော သင်္ကေတမျိုးကို သူ ကြားဖူးသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

"ဟုတ်တယ်... ငါ သန္ဓေပြောင်း ခရုခွံ တစ်ခုကို သုံးပြီး အဲဒီအထဲမှာ ဒီသင်္ကေတကို ရေးဆွဲခဲ့တာ... ပြီးတော့ အစွမ်းကို သုံးပြီး သင်္ကေတကို အသက်သွင်းဖို့ စမ်းသပ်ကြည့်ခဲ့တယ်"

"အဲဒီခရုခွံက ချက်ချင်းပဲ လျှပ်စစ်သံလိုက်လှိုင်းတွေကို ထုတ်လွှင့်ပေးနိုင်ခဲ့တယ်... ပြီးတော့ ငါ စမ်းသပ်မှုတစ်ခု လုပ်ကြည့်ခဲ့တယ်"

"ဒီလျှပ်စစ်သံလိုက်လှိုင်းတွေက သက်ရှိတွေရဲ့ ဦးနှောက်လှိုင်းတွေကို နှောင့်ယှက်နိုင်တဲ့ အာနိသင် ရှိတယ်"

လီဟန်ကျုံးက သူ၏ သုတေသန ရလဒ်များကို အကုန်အစင် ထုတ်ဖော်ပြောပြလိုက်သည်။

လင်းယွမ်၏ အမူအရာက ချက်ချင်းပင် လေးနက်သွားပြီး မေးလိုက်သည်။ "လူတွေရဲ့ ဦးနှောက်လှိုင်းတွေကိုရော နှောင့်ယှက်နိုင်တဲ့ အာနိသင် ရှိလား"

လီဟန်ကျုံးက အလျင်အမြန်ပင် ပြောလိုက်သည်။

"ငါ လူတွေအပေါ်တော့ စမ်းမကြည့်ရသေးဘူး... သန္ဓေပြောင်း ငါးတွေအပေါ်ပဲ စမ်းကြည့်ရသေးတယ်... ဒီလျှပ်စစ်သံလိုက်လှိုင်းတွေ ထုတ်လွှင့်လိုက်ပြီးတဲ့နောက် သန္ဓေပြောင်း ငါးတွေကို သတိလွတ်သွားစေပြီး ထူးထူးခြားခြား ရူးသွပ်ကြမ်းတမ်းလာစေတယ်"

"ဒါပေမဲ့ ဒီငါးရိုးရဲ့ သန္ဓေပြောင်းလဲမှု အတိုင်းအတာက သိပ်လုံလောက်မှု မရှိနိုင်ဘူး... အစွမ်းတွေ ထည့်သွင်းပြီး ဒီသင်္ကေတကို အသက်သွင်းလိုက်ရင်တောင် အာနိသင် ထွက်ပေါ်လာဖို့ ခက်ခဲတယ်... အသံချဲ့စက် ခရာပုံစံ သန္ဓေပြောင်း သတ္တဝါရဲ့ အရိုးမျိုး ဆိုရင်တော့ အာနိသင်က ပိုကောင်းလာနိုင်တယ်"

လင်းယွမ်က အနည်းငယ် ခံစားကြည့်လိုက်ပြီး ချက်ချင်း ခေါင်းခါကာ ပြောလိုက်သည်။ "ပုံသဏ္ဌာန် ပြဿနာ မဟုတ်ဘူး... ဒီငါးခေါင်းရိုးရဲ့ သန္ဓေပြောင်းလဲနှုန်းက အရမ်း နိမ့်ကျလွန်းနေလို့... သာမန် ငါးတွေထက် နည်းနည်းလေးပဲ ပိုအားကောင်းရုံလေးပဲ"

လင်းယွမ်က အနည်းငယ် စဉ်းစားလိုက်ပြီး သူ၏ ပစ္စည်းသိုလှောင်ခန်းထဲမှ သန္ဓေပြောင်းလဲနှုန်း မြင့်မားသော ခရုခွံ တစ်ခုကို ချက်ချင်း ရှာဖွေထုတ်ယူလိုက်သည်။

သူက ထိုခရုခွံကို လီဟန်ကျုံးထံသို့ တိုက်ရိုက် ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။ "ပါမောက္ခလီ... ဒီခရုခွံပေါ်မှာ အဲ့ဒီသင်္ကေတကို ပြန်ရေးဆွဲကြည့်ပါလား"

လီဟန်ကျုံးက ထိုစကားကို ကြားသောအခါ အလျင်အမြန်ပင် လက်နှစ်ဖက်ဖြင့် ခရုခွံကို လှမ်းယူလိုက်ပြီး ပြောလိုက်သည်။ "သိပြီ... ငါ အမြန်ဆုံး လုပ်ကြည့်လိုက်မယ်"

လင်းယွမ်က ပြုံးလိုက်သည်။ "လောစရာ မလိုပါဘူး... ခင်ဗျား အားတဲ့အချိန်မှ ဖြည်းဖြည်းချင်း လုပ်ရင် ရပါပြီ... အရာအားလုံးက ခန္ဓာကိုယ် ပြန်ကျန်းမာလာဖို့ အဓိကပါပဲ"

"အေးပါကွာ... ကျေးဇူးပါပဲ ခေါင်းဆောင်လင်း"

ဤဘက်တွင် စကားပြောဆိုမှု ပြီးဆုံးလုနီးပါး ဖြစ်နေချိန်တွင် အပြင်ဘက်မှ ခုံရှန်း ဝင်လာပြီး တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။ "ကိုလင်း... လီရွှေဥယျာဉ်က လူတွေ ရောက်လာပါပြီ"

လင်းယွမ်က ထိုစကားကို ကြားသောအခါ မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။ "ဒါဆိုလည်း ပါမောက္ခလီကို အနှောင့်အယှက် မပေးတော့ပါဘူး... အားလုံးပဲ သူတို့ကို အနားယူခွင့် ပေးလိုက်ကြရအောင်"

လူတိုင်းက တဖွဲဖွဲ မတ်တတ်ရပ်ကာ နှုတ်ဆက်လိုက်ကြပြီး တင်းယန်ကလည်း လင်းယွမ်နှင့်အတူ ဝါးအိမ်လေးထဲမှ ထွက်ခွာသွားခဲ့သည်။

သူတို့တစ်စု ကုန်းပတ်ပေါ်သို့ ရောက်လာချိန်တွင် ဖီးနစ်သင်္ဘောအောက်၌ ချိုးရင်ယွဲ့က ရိုးရှင်းသော သစ်သားဖောင်ငယ် တစ်ခုကို စီးကာ ဖီးနစ်သင်္ဘောနှင့် မလှမ်းမကမ်းတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။

ဖီးနစ်သင်္ဘောပေါ်တွင် လီရှန်ယန်နှင့် အခြားသူများက ကင်းလှည့်တပ်ဖွဲ့ အစောင့်များကို ဦးဆောင်ကာ လေးများကို တင်းတင်းဆွဲထားပြီး မြားများကို တပ်ဆင်ကာ တင်းကျပ်စွာ အသင့်အနေအထားဖြင့် စောင့်ကြပ်နေကြသည်။

သစ်သားဖောင်ပေါ်တွင် ချိုးရင်ယွဲ့၏ အမူအရာက လေးနက်နေပြီး ဤသင်္ဘောပေါ်ရှိ လူများ၏ ပြင်းထန်လှသော သတ်ဖြတ်လိုစိတ်များကို ခံစားနေရသည်။

သူမပင် ဖြစ်လင့်ကစား အထင်သေးရဲခြင်း မရှိချေ။

ဤလူများအားလုံးက အစွမ်းပိုင်ရှင်များ ဖြစ်ကြောင်းကို သူမ ခံစားသိရှိနိုင်ပြီး သူတို့လက်ထဲရှိ လေးနှင့်မြားများကလည်း သာမန် လေးနှင့်မြားများ ဟုတ်ပုံမရပေ။

အကယ်၍ မြားတစ်သောင်း ပြိုင်တူ ပစ်ခတ်လာမည် ဆိုပါက သူမ၏ အလျင် မည်မျှပင် မြန်ဆန်နေပါစေ အပစ်ခံရမည်သာ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ၎င်းက ဧရိယာကျယ်ပြန့်သော တိုက်ခိုက်မှုမျိုး ဖြစ်ရာ သူမသာ မြားများ၏ လွှမ်းခြုံမှု နယ်ပယ်ထဲမှ ချက်ချင်း မလွတ်မြောက်နိုင်ပါက သဘာဝကျစွာပင် မြားထိမှန်မည့် အန္တရာယ် ရှိနေပေသည်။

သူမ၏ စိတ်အထင်က မှန်ကန်ပေသည်။ လင်းယွမ် ဖီးနစ်သင်္ဘောပေါ်ရှိ လူတိုင်းကို တပ်ဆင်ပေးထားသော လေး၊ မြားနှင့် ဒူးလေးမြားများ အားလုံးက ပေါက်ကွဲမြှားများ ချည်းသာ ဖြစ်သည်။

ဤမြားတစ်စင်း ပစ်ခတ်လိုက်သည်နှင့် လက်ပစ်ဗုံးအသေးစားလေး တစ်လုံးကဲ့သို့ ဧရိယာတစ်ခုလုံးကို တိုက်ရိုက် ပေါက်ကွဲသွားစေနိုင်သည်။

ကာကွယ်နိုင်စွမ်းက အလွန်အမင်း အစွမ်းထက်သော အဆင့်သို့ ရောက်ရှိနေပြီး ဤပေါက်ကွဲမြှားများ၏ ပေါက်ကွဲမှု အင်အားကို လျစ်လျူရှုနိုင်မှသာလျှင် ချွင်းချက် ဖြစ်ပေမည်။

ထိုသို့မဟုတ်ပါက အလျင်တစ်ခုတည်းကိုသာ အားကိုးပြီး မြားတစ်သောင်း ပြိုင်တူ ပစ်ခတ်လာသည့် ပေါက်ကွဲမှု နယ်ပယ်ထဲမှ ရှောင်တိမ်းနိုင်ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

"ကိုလင်းယွမ်... အမတင်း... ကျွန်မ ရောက်လာပါပြီ... နှစ်ယောက်လုံး ထွက်လာပြီး မျက်နှာချင်းဆိုင် စကားပြောကြရအောင်"

ချိုးရင်ယွဲ့က သစ်သားဖောင်ပေါ်တွင် ရပ်နေရင်း အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

ဤသစ်သားဖောင်ပေါ်တွင် အခြား မည်သူမျှ မရှိဘဲ သူမ တစ်ယောက်တည်းသာ ရှိနေသည်။

သူမက ဒီတစ်ကြိမ်တွင် ညှိနှိုင်းဆွေးနွေးရန် လာခဲ့ခြင်း ဖြစ်သည်။ လင်းယွမ်ကဲ့သို့သော ပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် လူမည်မျှပင် ခေါ်လာစေကာမူ အသုံးဝင်မည် မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူမတစ်ယောက်တည်းသာ ရှိနေပါက သွားလိုရာသွား လာလိုရာလာ လွတ်လပ်စွာ လှုပ်ရှားနိုင်ပြီး မည်သည့် ကန့်သတ်ချုပ်ချယ်မှုကိုမျှ ခံရမည် မဟုတ်ပေ။

လင်းယွမ်က ပြုံးကာ ပြောလိုက်သည်။ "မချိုးက ဘာလို့ အပေါ်တက်လာပြီး စကားမပြောရတာလဲ"

ချိုးရင်ယွဲ့၏ မျက်လုံးများက မှေးကျဉ်းသွားသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

ဤသည်က တစ်ဖက်လူ၏ သင်္ဘော ဖြစ်ရာ အပေါ်သို့ တက်သွားပါက အန္တရာယ် ရှိနိုင်ခြေက အကြီးအကျယ် တိုးမြင့်သွားမည်သာ ဖြစ်သည်။

တင်းယန်က ဘေးနားတွင် ရပ်နေရင်း လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။ "မလာရဲဘူးလား"

ချိုးရင်ယွဲ့က အတွေးတစ်ခုပေါ်လာသည်။ သူမ၏ အလျင်အရ ဆိုပါက တစ်ဖက်လူ၏ ခြုံခိုတိုက်ခိုက်မှုကို ကြောက်ရွံ့နေရန် မလိုပေ။

ဤသင်္ဘောပေါ်တွင် သူမကို ခြိမ်းခြောက်နိုင်စွမ်း ရှိသည့် တစ်ဦးတည်းသော သူမှာ ဤလင်းယွမ်ဆိုသူ တစ်ယောက်တည်းသာ ရှိသည်။

အခြားသော ခြုံခိုတိုက်ခိုက်မှုများကို သူမ မျက်လုံးထဲတွင်ပင် ထည့်မထားပေ။

ထို့အပြင် အကယ်၍ သင်္ဘောပေါ်သို့ တက်သွားပါက ထိုလေးသမားများ၏ လေးနှင့်မြားများကလည်း သူမကို ခြိမ်းခြောက်နိုင်ရန် ခက်ခဲသွားမည် ဖြစ်သည်။

ထိုအထိ တွေးမိသောအခါ သူမက ချက်ချင်းပင် အော်ပြောလိုက်သည်။ "ကောင်းပြီလေ... ကိုလင်းယွမ်က ဖိတ်ခေါ်မှတော့ ကျွန်မလည်း အားနာမနေတော့ဘူး"

မိုးကြိုးပစ်သံ ထွက်ပေါ်လာပြီး သူမ၏ တစ်ကိုယ်လုံးတွင် လျှပ်စီးရောင်စဉ်များ တောက်ပသွားကာ လူတိုင်း၏ အကြည့်အောက်မှ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

နောက်တစ်စက္ကန့်တွင် သူမက လျှပ်စီးတန်းတစ်ခုကဲ့သို့ ကုန်းပတ်ပေါ်တွင် ပေါ်လာခဲ့သည်။

နေရာတွင် ရှိနေသူ အားလုံး၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။

"အရမ်းမြန်တဲ့ အလျင်ပဲ"

"ဒီအလျင်က... တော်တော်မြန်တာပဲ"

တင်းယန်ပင်လျှင် သူမ၏ မျက်ဆန်များ ကျဉ်းမြောင်းသွားသည်အထိ ဖြစ်သွားရသည်။

တစ်ဖက်လူ၏ အလျင်ကို မြင်ဖူးထားပြီးသား ဖြစ်သော ထူလုံနှင့် အခြားသူများပင်လျှင် နောက်ထပ်တစ်ကြိမ် အံ့အားသင့်သွားရပြန်သည်။

လင်းယွမ်ကမူ ယခင်အတိုင်းပင် အမူအရာ တည်ငြိမ်နေဆဲ ဖြစ်သည်။

ဤအမျိုးသမီး၏ အလျင်က အလျင် ၅၀ မှတ်ရှိသော အလျင်အမျိုးအစား အစွမ်းပိုင်ရှင် တစ်ယောက်၏ အဆင့်သို့ သေချာပေါက် ရောက်ရှိနေပြီ ဖြစ်သည်။

သေချာသည်မှာ ဤအမျိုးသမီး၏ တကယ့် အလျင် အချက်အလက်က ၅၀ မှတ် မပြည့်နိုင်ပေ။ ယခုကဲ့သို့ မြန်ဆန်သော အလျင်ကို ပိုင်ဆိုင်ထားရခြင်းမှာ ထိုလျှပ်စီးအစွမ်း၏ အားဖြည့်မှုကြောင့်သာ ဖြစ်သည်။

လင်းယွမ်က လက်ခုပ်တီးလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "အရမ်းမြန်တဲ့ အလျင်ပဲ... တကယ့်ကို ကောင်းမွန်တဲ့ လျှပ်စီးအစွမ်းပဲ... မချိုးက တော်တော်လေးကို အစွမ်းထက်တာပဲ"

ချိုးရင်ယွဲ့က ဂုဏ်ယူဝင့်ကြွားသည့် အမူအရာကို ပြသခြင်း မရှိဘဲ အခြားသူများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် အကြည့်များကို လင်းယွမ်၏ ခန္ဓာကိုယ်ပေါ်သို့ ရပ်တန့်လိုက်ကာ ပြောလိုက်သည်။ "ဒီနေရာမှာ ရှင်က ဆုံးဖြတ်ခွင့် ရှိတာလား"

လင်းယွမ်က ပြုံးလိုက်သည်။ "ကျွန်တော် ဆုံးဖြတ်ခွင့် ရှိပါတယ်"

"ကျွန်မ ရှင်နဲ့ ဆွေးနွေးချင်တဲ့ အပေးအယူ ကိစ္စတစ်ခု ရှိတယ်" ချိုးရင်ယွဲ့က လိုရင်းကို တိုက်ရိုက်ပင် ပြောလိုက်သည်။

လင်းယွမ်က ချက်ချင်းပင် အံ့သြသွားပြီး ပြုံးကာ ပြောလိုက်သည်။ "အော်... ဘာအပေးအယူ ကိစ္စများလဲ"

"ကျွန်မရဲ့ လူကို တွေ့ပြီးမှပဲ ဒီကိစ္စကို ဆက်ပြောကြတာပေါ့"

လင်းယွမ်က ပြုံးလိုက်ပြီး ဘေးနားရှိ ထူလုံကို ပြောလိုက်သည်။ "ချင်ဇီဟန်ကို ခေါ်လာခဲ့လိုက်"

ထူလုံက တဟီးဟီး ရယ်မောလိုက်ပြီး ဤနေရာမှ လှည့်ထွက်သွားခဲ့သည်။

သိပ်မကြာမီမှာပင် ချင်ဇီဟန်ကို ခေါ်ဆောင်လာသည်။

လင်းယွမ်က ပြုံးကာ ပြောလိုက်သည်။ "လူကို ခေါ်လာပေးပြီဆိုတော့... မချိုးက ဘာပြောချင်တာလဲ"

ချိုးရင်ယွဲ့က ချင်ဇီဟန်ကို ကြည့်လိုက်ပြီး သူ၏ ကိုယ်ပေါ်တွင် ပြင်ပဒဏ်ရာများ မရှိသည်ကို မြင်သောအခါ အလျင်အမြန်ပင် မေးလိုက်သည်။ "ဇီဟန်... နင်ဘာမှမဖြစ်ဘူးမလား"

ချင်ဇီဟန်က ခေါင်းခါလိုက်ပြီး အနည်းငယ် ရှက်ရွံ့နေသော အမူအရာဖြင့် ပြောလိုက်သည်။ "အမချိုး... သူတို့ဆီမှာ စိတ်စွမ်းအင် အစွမ်းပိုင်ရှင် ရှိတယ်... ကျွန်တော် တစ်ဖက်လူ စစ်ဆေးမေးမြန်းတာကို မတောင့်ခံနိုင်ခဲ့ဘူး... ကိစ္စအတော်များများကို အမေးခံလိုက်ရတယ်"

ချိုးရင်ယွဲ့၏ အမူအရာက ချက်ချင်းပင် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

လင်းယွမ်ကို ကြည့်နေသော သူမ၏ အမူအရာတွင် သတိထားမှု အနည်းငယ် ပါဝင်နေသည်။

သူမ၏ လျှပ်စီးအစွမ်းပင် ဖြစ်လင့်ကစား စိတ်စွမ်းအင် အစွမ်းပိုင်ရှင် တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် တစ်ချက်တည်းဖြင့် အသေမသတ်နိုင်ပါက တော်တော်လေး ခေါင်းကိုက်ရမည်သာ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ စိတ်စွမ်းအင် အစွမ်းပိုင်ရှင်၏ တိုက်ခိုက်မှု နည်းလမ်းများက သရဲတစ္ဆေတစ်ကောင်ကဲ့သို့ ခြေရာလက်ရာ ဖျောက်နိုင်လွန်းလှပြီး သူမကိုယ်တိုင်ကလည်း စိတ်စွမ်းအင် အစွမ်းပိုင်ရှင်များကို ရင်ဆိုင်ရာတွင် မကျွမ်းကျင်ပေ။

"ကိုလင်းယွမ် မြူခိုးမြို့တော် အကြောင်းကို ကြားဖူးလား"

ချိုးရင်ယွဲ့က အနည်းငယ် စဉ်းစားလိုက်ပြီး သူမ၏ အပေးအယူကို တိုက်ရိုက်ပင် စတင် ထုတ်ဖော်ပြောဆိုလိုက်သည်။

လင်းယွမ်၏ စိတ်ထဲတွင် ပြုံးလိုက်မိသည်။ တစ်ဖက်လူက သူ့ကို စိတ်ဝင်စားစေနိုင်သည့် ကိစ္စရပ်ဆို၍ ဤ မြူခိုးမြို့တော် ဆိုသည့်အရာ တစ်ခုတည်းသာ ရှိသည်ကို သူ သိထားပြီး ဖြစ်သည်။

သို့သော် သူကိုယ်တိုင်ကလည်း ဤမြူခိုးမြို့တော်ကို အမှန်တကယ် စိတ်ဝင်စားနေသည်။

လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ "ခင်ဗျားရဲ့ ဒီလက်အောက်ငယ်သား ပြောပြလို့တော့ ကြားဖူးသွားပါပြီ"

ချိုးရင်ယွဲ့က အံ့အားသင့်သွားခြင်း မရှိဘဲ ပြောလိုက်သည်။ "ကျွန်မရဲ့ ဒီသူငယ်ချင်းက မြူခိုးမြို့တော်အကြောင်းကို သိပေမယ့် မြူခိုးမြို့တော်ရဲ့ တည်နေရာကိုတော့ မသိဘူး... မြူခိုးမြို့တော်ထဲမှာ ဘာတွေရှိလဲဆိုတာကိုဆို ပိုပြီးတော့တောင် နားမလည်သေးတယ်"

"အော်... ဒါဆိုလည်း မချိုးက ဒီမြူခိုးမြို့တော်ထဲမှာ ဘာတွေရှိလဲဆိုတာကို ပြောပြပါဦး"

ချိုးရင်ယွဲ့က ပြုံးလိုက်သည်။ "ဒီသတင်းကို ကျွန်မရဲ့ ဒီသူငယ်ချင်းနဲ့ လဲလှယ်လို့ ရနိုင်မလား"

လင်းယွမ်က ပြုံးလိုက်သည်။ "ဒါကတော့ မချိုးရဲ့ ဒီသတင်းက ဘယ်လောက်ထိ တန်ဖိုးရှိလဲဆိုတာအပေါ် မူတည်တာပေါ့"

ချိုးရင်ယွဲ့က တိုက်ရိုက်ပင် ပြောလိုက်သည်။ "ကျွန်မ သိပါတယ်... ရှင်က ထိုက်ယန်တောင်ကလာတာဆိုတော့ ရှင့်မှာ ကိုယ်ပိုင် ခိုလှုံရေးစခန်း ရှိနေပြီးသားပါ... ဒီလို ခိုလှုံရေးစခန်းမျိုးကို ရှင် အထင်သေးရင် သေးလိမ့်မယ်"

"ဒါပေမဲ့ မြူခိုးမြို့တော်ထဲမှာ ရှင် သေချာပေါက် စိတ်ဝင်စားမယ့် အရာတစ်ခု ရှိတယ်"

လင်းယွမ်က ငြင်းပယ်ခြင်း မရှိဘဲ ပြောလိုက်သည်။ "ဘာအရာများလဲ"

ချိုးရင်ယွဲ့၏ အမူအရာက လေးနက်သွားပြီး ဖြည်းညင်းစွာ နှုတ်ခမ်းဟကာ စကားလုံး အနည်းငယ်ကို ထုတ်ပြောလိုက်သည်။ "မျိုးရိုးဗီဇမျိုးစေ့"

"ဘာ..."

လင်းယွမ်က ရုတ်တရက် ခေါင်းမော့လိုက်ပြီး အပြုံးများလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

သူက ချိုးရင်ယွဲ့ကို စိုက်ကြည့်လိုက်ပြီး စိတ်ထဲတွင် အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။

မျိုးရိုးဗီဇမျိုးစေ့ လား။

ဤသည်က စနစ်မှ သူ့ကို ပေးထားသော အထူး ဝေါဟာရ တစ်ခု ဖြစ်ပြီး ထိုက်ယန်တောင် တစ်ခုလုံးတွင် သူတစ်ယောက်တည်းသာ သိရှိထားသည့် အရာဖြစ်သည်။

ဒီအမျိုးသမီးက ဒီဝေါဟာရကို ဘယ်ကနေ ကြားလာခဲ့တာလဲ။

ချိုးရင်ယွဲ့က လင်းယွမ်၏ လေးနက်နေသော အမူအရာကို မြင်သောအခါ ချက်ချင်းပင် ရယ်မောလိုက်သည်။

"မကြားဖူးဘူး မလား"

လင်းယွမ်၏ အကြည့်များက တလက်လက် တောက်ပသွားပြီး ခေါင်းအနည်းငယ် ညိတ်ကာ ပြောလိုက်သည်။ "မျိုးရိုးဗီဇမျိုးစေ့ ဆိုတာက ဘာလဲ... ကျွန်တော်ကတော့ ပထမဆုံးအကြိမ် ကြားဖူးတာပဲ"

သူ၏ နောက်ကွယ်တွင် တင်းယန်၊ လီချင်းဟွာ၊ ထူလုံ၊ ဟန်ရှန်းမန်နှင့် အခြားသူများအားလုံးကလည်း အာရုံစိုက်လာကြသည်။ လူတိုင်းက ဤ မျိုးရိုးဗီဇမျိုးစေ့ ဆိုသည့်အရာကို မကြားဖူးကြပေ။

ချိုးရင်ယွဲ့၏ စိတ်ထဲတွင် ဂုဏ်ယူဝင့်ကြွားမှု အနည်းငယ် ပေါ်ထွက်လာခဲ့သည်။

ရှင် ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ကျွန်မ ပြောတဲ့ လျှို့ဝှက်ချက်ကိုတော့ ရှင် မသိဘူး မဟုတ်လား။

သူမက ဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။ "မျိုးရိုးဗီဇမျိုးစေ့ ဆိုတာက... သက်ရှိသတ္တဝါတွေ အဆင့်တစ်ခုကို ရောက်လာတဲ့အခါ... မဖြစ်မနေ စုစည်းရမယ့် မျိုးရိုးဗီဇ မျိုးစိတ်ရဲ့ အခြေခံ အလွှာပဲ"

"မျိုးရိုးဗီဇမျိုးစေ့ကို သတ်မှတ်ပြီးသွားတာနဲ့ အနာဂတ်မှာ ရှင် ဆင့်ကဲပြောင်းလဲရမယ့် လမ်းကြောင်းကို အတည်ပြုပေးသွားလိမ့်မယ်... သတ်မှတ်ထားတဲ့ မျိုးရိုးဗီဇမြေပုံဆီကို ဆင့်ကဲပြောင်းလဲသွားပြီး ရှင့်ရဲ့ ဘဝအခန်းကဏ္ဍသစ်ကို ဖန်တီးပေးလိမ့်မယ်"

လင်းယွမ်၏ ဘေးနားရှိ တင်းယန်၊ ထူလုံနှင့် အခြားသူများ အားလုံးက တုန်လှုပ်သွားသည့် အမူအရာများ ပေါ်ထွက်လာကြသည်။

သူတို့ကလည်း ဤကဲ့သို့သော ကိစ္စရပ်မျိုးကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ကြောင်း သိသာလှပေသည်။

လင်းယွမ် တစ်ယောက်တည်းသာ အမူအရာ တည်ငြိမ်နေသည်။ သူက ဤအသိပညာများကို စောစောစီးစီးကတည်းက သိရှိထားပြီး ဖြစ်သည်။

သို့သော် သူက စနစ်မှတစ်ဆင့်သာ ဤအယူအဆများကို သိရှိနိုင်ခြင်း ဖြစ်ရာ တစ်ဖက်လူက မည်သို့ သိရှိနေရသနည်း။

ဤ ချိုးရင်ယွဲ့သည် လီရွှေဥယျာဉ်၏ အဆောက်အအုံ ခုနစ်လုံး ရှစ်လုံးခန့်ကိုသာ သိမ်းပိုက်ထားသည့် ခေါင်းဆောင်ငယ်လေး တစ်ယောက်သာ ဖြစ်ရာ ဤဆင့်ကဲပြောင်းလဲခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ်များကို မည်သို့လုပ်၍ သိရှိနေရသနည်း။

လင်းယွမ်၏ စိတ်ထဲတွင် သံသယ မျိုးစုံက ပေါ်ထွက်လာခဲ့သည်။

သူက ချက်ချင်းပင် မေးလိုက်သည်။ "မချိုးက ဒီသတင်းတွေကို ဘယ်ကနေ ရလာတာလဲ... ဒီသတင်းတွေက အမှန်လား အမှားလား ဆိုတာကို ကျွန်တော် ဘယ်လိုလုပ် သိနိုင်မှာလဲ"

ဆက်ရန်...

အပိုင်း(၃၄၈) အစွမ်းအမျိုးအစား ခွဲခြားခြင်းနှင့် အတူသွားရန် ဖိတ်ခေါ်ခြင်း

"မချိုး... ဒီသတင်းတွေကို ဘယ်ကနေ ရလာတာလဲ"

လင်းယွမ်က မေးမြန်းလိုက်သည်။

ချိုးရင်ယွဲ့က ပြန်မဖြေဘဲ မေးလိုက်သည်။ "ဒီသတင်းက ကျွန်မသူငယ်ချင်းရဲ့ အသက်တစ်ချောင်းနဲ့ လဲရကျိုးနပ်ရဲ့လား"

လင်းယွမ်က ပြုံးလိုက်ပြီး တိုက်ရိုက်ပင် ပြောလိုက်သည်။ "ထူလုံ... ဒီမိတ်ဆွေကို လွှတ်ပေးလိုက်ပါ"

ထူလုံကလည်း အံ့အားသင့်နေမှုမှ သတိပြန်ဝင်လာကာ ချက်ချင်းပင် လက်လွှတ်ပေးလိုက်သည်။

ချက်ချင်းပင် ချင်ဇီဟန်၏ ခန္ဓာကိုယ်က ယိုင်နဲ့သွားပြီး ချိုးရင်ယွဲ့အနီးသို့ အလျင်အမြန် ပြေးသွားကာ လင်းယွမ်တို့ကို သတိထားနေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။

လင်းယွမ်က ပြုံးကာ မေးလိုက်သည်။ "မချိုး... ဘယ်လိုလဲ"

ချိုးရင်ယွဲ့က လက်မထောင်ပြလိုက်ပြီး ပြုံးလျက် ပြောသည်။ "ပြတ်သားလှချည်လား... ဒါဆိုရင်လည်း ကျွန်မ ဘာမှ ဖုံးကွယ်မထားတော့ပါဘူး"

ထို့နောက် သူမ၏ အပြုံးများ ပျောက်ကွယ်သွားပြီး အမူအရာက လေးနက်သွားသည်။ "ပွင့်ပွင့်လင်းလင်း ပြောရရင်... ဒီသတင်းတွေအားလုံးက ကျွန်မအဖေ မြူခိုးမြို့တော်ကနေ စုံစမ်းသိရှိလာခဲ့တာပါ"

"ကျွန်မအဖေက မြူခိုးမြို့တော်ထဲမှာ ရှိနေတယ်... သူက အပတ်တိုင်း စာပို့ပြီးတော့ မြူခိုးမြို့တော်ထဲမှာ ခြေကုပ်ယူနိုင်အောင် အဆက်အသွယ်တွေ လုပ်ဖို့အတွက် ပစ္စည်းတွေ၊ စွမ်းအင်ကျောက်တုံးတွေနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းအများကြီး ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့တယ်"

"ဒီအတောအတွင်းမှာ သူက မြူခိုးမြို့တော်ရဲ့ အကြောင်းတွေ အများကြီးကိုလည်း ကျွန်မကို ပြောပြခဲ့တယ်... အဲဒီအပြင် မြူခိုးမြို့တော်က အစွမ်းတွေနဲ့ ပတ်သက်ပြီး သုတေသန လုပ်နေတဲ့အကြောင်းကိုလည်း ပြောပြခဲ့တယ်"

"ဘာသုတေသနလဲ" လင်းယွမ်က မေးလိုက်သည်။

ချိုးရင်ယွဲ့က လေးနက်သော အမူအရာဖြင့် ပြောသည်။ "အစွမ်းတွေကို ဘယ်လိုအမျိုးအစား ခွဲခြားထားလဲဆိုတာ ရှင် သိလား"

လင်းယွမ်က ကြားသောအခါ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး ပြောလိုက်သည်။ "လူတစ်ထောင်မှာ မျက်နှာတစ်ထောင် ရှိသလိုပဲ... ကျွန်တော် အစွမ်းပိုင်ရှင် အများကြီးကို မြင်ဖူးတယ်... လူအများစုက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး"

ချိုးရင်ယွဲ့က ပြုံးလိုက်သည်။ "မှန်တယ်... မျိုးရိုးဗီဇဆိုတာ အမျိုးအစားစုံလင်တယ်... ဒါကပဲ အစွမ်းတွေလည်း အမျိုးအစားစုံလင်တယ်ဆိုတာကို အဆုံးအဖြတ်ပေးတာပဲ"

"ဒါပေမဲ့ မြူခိုးမြို့တော်က လူတွေကတော့ အစွမ်းတွေကို ယေဘုယျအားဖြင့် အမျိုးအစား ခွဲခြားထားကြတယ်"

"ဘယ်လို ခွဲခြားထားတာလဲ" လင်းယွမ်က ချက်ချင်းပင် ထပ်မေးလိုက်သည်။

"မြူခိုးမြို့တော်က လူတွေက အစွမ်းတွေကို လူ့ခန္ဓာကိုယ်ရဲ့ အဓိက အရည်အသွေးလေးခုအပေါ် မူတည်ပြီး အမျိုးအစား လေးမျိုး ခွဲခြားထားတယ်... အဲဒါတွေကတော့ ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား၊ ခွန်အား အမျိုးအစား၊ အလျင် အမျိုးအစားနဲ့ စိတ်စွမ်းအင် အမျိုးအစားဆိုပြီး လေးမျိုးပါ"

လင်းယွမ်၏ စိတ်ထဲတွင် ချက်ချင်းပင် လှုပ်ရှားသွားသည်။ 'အဓိက အရည်အသွေးလေးခုအတိုင်း ခွဲခြားထားတာလား... ဒါက စနစ်နဲ့တော့ ဆင်တူနေတာပဲ'

တင်းယန်က မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ "မဖြစ်နိုင်တာ... ဘာလို့ တချို့လူတွေက ခွန်အားအမျိုးအစား အစွမ်းဖြစ်နေပြီး တချို့က ဟင်းလင်းပြင် အမျိုးအစား အစွမ်းဖြစ်နေရတာလဲ... ပြီးတော့ တချို့ကျတော့လည်း အသွင်ပြောင်းနိုင်သေးတယ်လေ"

ချိုးရင်ယွဲ့က သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။ "ကျွန်မ ရရှိထားတဲ့ သတင်းတွေအရ ခွန်အား အမျိုးအစားနဲ့ အလျင် အမျိုးအစားက ခွဲခြားရ အလွယ်ဆုံးပဲ... ခွန်အားကြီးလာတာနဲ့ အလျင်မြန်လာတာလောက်ပါပဲ"

"အရှုပ်ထွေးဆုံးကတော့ ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစားနဲ့ စိတ်စွမ်းအင် အမျိုးအစား နှစ်မျိုးပဲ"

"အသေးစိတ် ထပ်ခွဲကြည့်မယ်ဆိုရင် တကယ်တော့ စိတ်စွမ်းအင် အမျိုးအစားထဲမှာ မတူညီတဲ့ အစွမ်းအမျိုးအစားတွေ အများကြီးရှိတယ်... အဲဒီအထဲမှာ ဓာတ်သဘာဝ အမျိုးအစား၊ စိတ်စွမ်းအင်ထိန်းချုပ်မှု အမျိုးအစား၊ သဘောတရား အမျိုးအစား၊ ဉာဏ်ပညာ အမျိုးအစား စတာတွေ ပါဝင်တယ်"

"ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား အစွမ်းတွေမှာလည်း အလားတူပဲ အသေးစိတ် ခွဲခြားစရာတွေ အများကြီးရှိတယ်... ဒါ့အပြင် စိတ်စွမ်းအင် အမျိုးအစားနဲ့လည်း နက်ရှိုင်းတဲ့ ဆက်စပ်မှု ရှိနေနိုင်တယ်"

"ဥပမာအနေနဲ့ ပြောရရင် ဒီက ညီမတင်းယန် သုံးလိုက်တဲ့ စွမ်းအင်ပုံစံ တိုက်ခိုက်မှုမျိုးက တကယ်တော့ ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား အစွမ်းလို့ သတ်မှတ်လို့ရတယ်"

"ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး စတဲ့ အမျိုးအစား အစွမ်းတွေကျတော့ ဓာတ်သဘာဝ အမျိုးအစားထဲမှာ ပါဝင်တယ်"

"ဒါ့အပြင် အမျိုးအစား ခွဲခြားရ ခက်ခဲပြီး ရောထွေးလွယ်တဲ့ အထူးအခြေအနေတွေလည်း အများကြီး ရှိသေးတယ်"

"ဥပမာအနေနဲ့ တစ်ယောက်ယောက်က ခွန်အားကြီးမားနေရင် တကယ်တော့ ခွန်အားအမျိုးအစား အစွမ်းဖြစ်ဖို့ မသေချာဘူး... ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား အစွမ်းဖြစ်ဖို့ ပိုများတယ်"

"ရှင်တို့ပြောတဲ့ အသွင်ပြောင်းနိုင်တဲ့ အစွမ်းပိုင်ရှင်ဆိုတာကတော့ စံပြဖြစ်တဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား အစွမ်းပိုင်ရှင်ပဲ"

ချိုးရင်ယွဲ့က ဤနေရာအရောက်တွင် စကားသံကို အနည်းငယ် ရပ်တန့်လိုက်ပြီး ပြောသည်။ "တကယ်တော့ ပြောရမယ်ဆိုရင် ဒီလိုခွဲခြားတာကလည်း အစွမ်းအမျိုးအစား အားလုံးကို ရှင်းရှင်းလင်းလင်း ခွဲခြားပေးနိုင်မှာ မဟုတ်ဘူး"

"ဒါပေမဲ့ ဘာလို့ ဒီအရည်အသွေး လေးခုကို အခြေခံပြီး ခွဲခြားနေရသေးတာလဲ"

"မြူခိုးမြို့တော်ဘက်မှာတော့ လူသားတွေရဲ့ ဆင့်ကဲပြောင်းလဲခြင်း လမ်းကြောင်းဆိုတာ အဲ့ဒီ အဓိက အရည်အသွေး လေးခုကို အဆက်မပြတ် မြှင့်တင်နေတဲ့ လမ်းကြောင်းလို့ သတ်မှတ်ထားကြတယ်"

"ကျွန်မတို့က သန္ဓေပြောင်းငါးတွေ... သန္ဓေပြောင်း အပင်တွေက... သန္ဓေပြောင်း ရေတွေကို အဆက်မပြတ် စားသောက်တဲ့အခါ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်က အဲဒီအစားအစာတွေထဲမှာ ပါဝင်တဲ့ သန္ဓေပြောင်းစွမ်းအင်တွေကို စုပ်ယူလိုက်တယ်... အဲဒီကနေတစ်ဆင့် ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ကို အဆက်မပြတ် လှုံ့ဆော်ပေးပြီး ဆင့်ကဲပြောင်းလဲမှုကို အားပေးမြှင့်တင်ပေးတာပဲ"

"အင်းပေါ့... အပြင်ဘက်က ဒီသန္ဓေပြောင်း အစားအစာတွေကို မစားရင်တောင် ကမ္ဘာမြေကြီးပေါ်မှာ သန္ဓေပြောင်းစွမ်းအင်တွေ ကိန်းအောင်းနေတာပဲလေ"

ထူလုံက မသိစိတ်အရ ပါးစပ်ဟကာ မေးလိုက်သည်။ "သန္ဓေပြောင်းစွမ်းအင်တွေက ဘယ်ကနေ ရောက်လာတာလဲ"

ချိုးရင်ယွဲ့က ခေါင်းခါလိုက်သည်။ "အဲဒါကိုတော့ ကျွန်မ မသိဘူး... ဒီရေလွှမ်းမိုးဘေးကြီးရဲ့ အရင်းအမြစ်နဲ့ သက်ဆိုင်နေနိုင်သလို တခြားအကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်တယ်"

"ဒါပေမဲ့ ဒီကမ္ဘာကြီးမှာ ကျွန်မတို့ မသိတဲ့ အပြောင်းအလဲတွေ သေချာပေါက် ဖြစ်ပေါ်ခဲ့တယ်... ဒါကြောင့်လည်း ဒီလို ကမ္ဘာပျက်ကပ် ရေလွှမ်းမိုးဘေးကြီး ဖြစ်လာရတာပဲ"

"ဒါက ဘေးအန္တရာယ်ကြီး တစ်ခုဖြစ်သလို ကျွန်မတို့ လူသားတွေ ဆင့်ကဲပြောင်းလဲဖို့အတွက် အခွင့်အရေး တစ်ခုလည်း ဖြစ်တယ်"

"စကားလမ်းကြောင်း လွဲသွားပြီ... မျိုးရိုးဗီဇမျိုးစေ့ အကြောင်းကိုပဲ ပြန်ပြောရအောင်" လင်းယွမ်က သူမ၏ အနည်းငယ် စိတ်အားထက်သန်နေသော စကားကို ဖြတ်ပြောလိုက်သည်။

ဤအမျိုးသမီးက ကမ္ဘာပျက်ကပ် ရေလွှမ်းမိုးဘေးကြီးကြောင့် စိတ်ဓာတ်ကျနေပုံမရဘဲ ဆန့်ကျင်ဘက်အနေဖြင့် စိတ်အားထက်သန်မှုများ ပြည့်နှက်နေပုံရသည်။

ဤရေလွှမ်းမိုးဘေးကြီးက သူမအတွက်တော့ ဘေးအန္တရာယ်ထက် အခွင့်အရေးတစ်ခု ဖြစ်နေပုံရသည်။

ချိုးရင်ယွဲ့က လင်းယွမ်ကို မကျေမနပ်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။ "ကျွန်မတို့ အခုအချိန်မှာ တကယ်တော့ သန္ဓေပြောင်းစွမ်းအင်တွေကို အဆက်မပြတ် စုဆောင်းနေပြီး ကိုယ့်ရဲ့ အဓိက အရည်အသွေးလေးခုကို မြှင့်တင်နေတဲ့ လုပ်ငန်းစဉ်ထဲမှာ ရောက်နေကြတာပါ"

"ဒါပေမဲ့ လူ့ခန္ဓာကိုယ်ရဲ့ အဓိက အရည်အသွေးလေးခုက အကန့်အသတ်မရှိ မြှင့်တင်လို့ရတာမျိုးတော့ မဟုတ်ဘူး"

"လူ့ခန္ဓာကိုယ်က ခွက်တစ်ခွက်နဲ့ တူတယ်... သတ်မှတ်ထားတဲ့ အတိုင်းအတာ တစ်ခုကို ရောက်သွားတာနဲ့ ရှင် ဘယ်လောက်ပဲ ကြိုးစားပြီး ခန္ဓာကိုယ်ထဲကို စွမ်းအင်တွေ ထပ်ဖြည့်နေပါစေ... လျှံကျသွားမှာပဲ... ထပ်တိုးလာမှာ မဟုတ်ဘူး"

"ဒီပြဿနာကို ဖြေရှင်းဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ခွက်ရဲ့ သယ်ဆောင်နိုင်စွမ်းကို မြှင့်တင်ဖို့ပါပဲ"

"မျိုးရိုးဗီဇမျိုးစေ့ဆိုတာက လူ့ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်ကို ဖွင့်လှစ်ပေးနိုင်တဲ့ အဓိက သော့ချက်ပဲ"

"မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းပြီး မျိုးရိုးဗီဇမြေပုံကို ပြန်လည်ရေးဆွဲနိုင်မယ်ဆိုရင် ကျွန်မတို့က သက်ရှိအဆင့်အတန်း တစ်ခုကို ကျော်လွန်သွားနိုင်လိမ့်မယ်"

"အဲဒီအချိန်ကျရင် ကျွန်မတို့ရဲ့ ခန္ဓာကိုယ်က အသစ်တစ်ဖန် ပြန်လည်ကြီးထွားလာမှုကို ကြုံတွေ့ရလိမ့်မယ်... ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက တောင်တန်းကြီးတွေလို ခိုင်မာလာပြီးတော့ မြစ်ချောင်းတွေလိုပဲ အသက်စွမ်းအင်တွေ အဆုံးအစမရှိ ဖြစ်လာလိမ့်မယ်"

"တကယ်လို့ ရှင်က ရှင့်ရဲ့ လက်ရှိ စွမ်းဆောင်ရည်က ရှေ့ဆက်မတိုးတော့ဘဲ အမြဲတမ်း တန့်နေတယ်လို့ ခံစားနေရပြီဆိုရင်..."

"ဒါဆိုရင်တော့ ဂုဏ်ယူပါတယ်... ရှင်က အဓိက အရည်အသွေးလေးခုထဲက တစ်ခုခုရဲ့ အမြင့်ဆုံး ကန့်သတ်ချက်ကို ရောက်ရှိသွားလို့ပဲ"

"မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်မှသာ လက်ရှိ လူ့ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်ကို ချိုးဖျက်နိုင်ပြီး ရှင့်ကိုယ်ပိုင် မျိုးရိုးဗီဇမြေပုံကို ရေးဆွဲနိုင်မှာ"

ချိုးရင်ယွဲ့က လင်းယွမ်ကို ကြည့်ကာ ပြောလိုက်သည်။ "ရှင်လည်း အဲဒီလို ကန့်သတ်ချက်မျိုးကို ရောက်နေပြီမလား"

လင်းယွမ်၏ အကြည့်များက တည်ငြိမ်နေပြီး မေးလိုက်သည်။ "ဒီမြူခိုးမြို့တော်ထဲမှာ မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်တဲ့ နည်းလမ်း ရှိနေတာလား"

ချိုးရင်ယွဲ့က ခေါင်းညိတ်လိုက်သည်။ "ရှိတယ်"

"အဲဒီလောက်တောင် သေချာတာလား"

ချိုးရင်ယွဲ့က တိုက်ရိုက်ပင် ပြောလိုက်သည်။ "ဒါက မြူခိုးမြို့တော်ထဲမှာ လျှို့ဝှက်ချက် တစ်ခုမဟုတ်ဘူး... ကျွန်မအဖေ ပို့လိုက်တဲ့စာထဲမှာ ဒီအကြောင်းကို ပြောပြထားတယ်"

"ဒါနဲ့... အဲဒီ မြူခိုးမြို့တော်ရဲ့ မြို့တော်ဝန်က မျိုးရိုးဗီဇမျိုးစေ့ကို ဖွဲ့စည်းတဲ့အဆင့်ကို ကျော်လွန်နေသူ တစ်ယောက်ပဲ"

လင်းယွမ်က ထိုစကားကို ကြားသောအခါ စိတ်ထဲတွင် တုန်လှုပ်သွားသည်။

အရင်ကတည်းက သူက လူတိုင်းထက် ရှေ့ရောက်နေသည်ဟု ထင်မှတ်ထားခဲ့သည်။

တကယ်တော့ ဤအဆုံးအစမရှိသည့် ရေလွှမ်းမိုးဘေးကြီးထဲတွင် သူ့ထက်အရင် ခြေတစ်လှမ်းစောပြီး မျိုးရိုးဗီဇမျိုးစေ့ကို ဖွဲ့စည်းနိုင်တဲ့သူ ရှိနေခဲ့သည်ပဲ။

သူက အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး ထိုတုန်လှုပ်မှုကို ဖိနှိပ်လိုက်သည်။

သူက အရမ်းကို ပေါ့ဆနေခဲ့တာများလား။

အားထုတ်မှု မလုံလောက်သေးတာပဲ။

ထို့နောက် သူက မျက်မှောင်ကြုတ်လိုက်ပြန်သည်။ ဤမြူခိုးမြို့တော်၏ မြို့တော်ဝန်ဆိုသူက တကယ်တမ်း ဘယ်လိုလူမျိုးလဲ။

သူက ဘယ်လိုလုပ်ပြီး မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်ခဲ့တာလဲ။

ပြီးတော့ ဒီလူက အဓိက အရည်အသွေးလေးခုနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဘယ်ကနေ ရလာခဲ့တာလဲ။

ချက်ချင်းဆိုသလိုပင် လင်းယွမ်က သံသယတစ်ခု ပြေလည်သွားသော်လည်း နောက်ထပ် သံသယများစွာ ထပ်မံပေါ်ထွက်လာသည်ဟု ခံစားလိုက်ရသည်။

သူက ချိုးရင်ယွဲ့ကို ကြည့်ကာ မေးလိုက်သည်။ "မြူခိုးမြို့တော်က တကယ်တမ်း ဘယ်ကနေ ပေါ်လာတာလဲ... ဒီမြူခိုးမြို့တော်ရဲ့ မြို့တော်ဝန်ကကော ဘယ်လိုလူမျိုးလဲ"

ချိုးရင်ယွဲ့က ကြားသောအခါ မနေနိုင်ဘဲ ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။ "အဲဒါကိုတော့ ကျွန်မ မသိဘူး"

"ဒါပေမဲ့ စောစောက ကျွန်မပြောခဲ့တာတွေက လုံးဝ အမှန်တွေချည်းပဲ... ကျွန်မကိုယ်တိုင်လည်း အလျင် အရည်အသွေးရဲ့ ကန့်သတ်ချက် တံခါးဝကို ထိတွေ့နေရပြီ... ကျွန်မ ဒီအချက်ကို ခံစားလို့ရတယ်"

"ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာ တကယ်ပဲ တစ်ခုခု လိုအပ်နေတယ်... အဲဒါက ကျွန်မကို ဆက်ပြီး အဆင့်မတက်နိုင်အောင် တားဆီးထားတယ်"

"ဖြစ်နိုင်တာက မျိုးရိုးဗီဇမျိုးစေ့ လိုအပ်နေတာပဲ"

လင်းယွမ်က ကြားသောအခါ ချိုးရင်ယွဲ့ကို တစ်ချက် ကြည့်လိုက်သည်။

ဤအမျိုးသမီး၏ အလျင် အရည်အသွေးက အမှတ် ၅၀ ပြည့်ရန် အနည်းငယ် လိုအပ်နေသေးပုံရသည်။

လက်ရှိတွင် သူမက ထိုတံခါးဝကို ထိတွေ့နိုင်ရန် လျှပ်စီးစွမ်းအား၏ အကူအညီကို ယူနေရဆဲ ဖြစ်သည်။

အရည်အသွေးအမှတ်များက နောက်ပိုင်း ရောက်လေလေ မြှင့်တင်ရသည့် အာနိသင်က သေးငယ်လေလေ ဖြစ်သောကြောင့် ကာယကံရှင် ခံစားရသည့် တိုးတက်မှုကလည်း အလွန်နည်းပါးလေ ဖြစ်သည်။

ဒါကပဲ သူမက မိမိကိုယ်ကိုယ် တိုးတက်မှု မရှိတော့ဘဲ ကန့်သတ်ချက်ကို ရောက်သွားပြီဟု ခံစားရသည့် အကြောင်းရင်း ဖြစ်နိုင်ပေသည်။

လင်းယွမ်က အရည်အသွေးဇယားကွက် ရှိနေသောကြောင့်သာ သူ၏ အဓိက အရည်အသွေးလေးခု၏ အခြေအနေကို ရှင်းရှင်းလင်းလင်း သိနေခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အချက်တစ်ချက် ရှိသေးသည်... လင်းယွမ်က အစကတည်းက သန္ဓေပြောင်း ငါး အစရှိသည့် အရာများကို တစ်ခါမှ မစားခဲ့ဖူးပေ။

သူက အမြဲတမ်း အမှတ်ပေါင်းထည့်သည့် နည်းလမ်းကို အားကိုးပြီး မြှင့်တင်ခဲ့ခြင်း ဖြစ်သည်။

ယခုကြည့်ရသည်မှာ လူတိုင်းက သန္ဓေပြောင်း သတ္တဝါများကို စားသောက်ခြင်း (သို့မဟုတ်) ကမ္ဘာမြေကြီးပေါ်တွင် လွင့်မျောနေသည့် သန္ဓေပြောင်းစွမ်းအင်များကို စုပ်ယူခြင်းဖြင့် သူတို့ကိုယ်သူတို့ မြှင့်တင်နေကြခြင်း ဖြစ်သည်။

လင်းယွမ်က အရင်က သန္ဓေပြောင်း သတ္တဝါများကို မစားခဲ့ခြင်းမှာ အဆိပ်ရှိမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

အချိန်ကြာလာသောအခါ သူကလည်း ထိုအရာများကို မစားဘဲ နေတတ်သည့် အကျင့်ရသွားခဲ့သည်။

ဆေးတိုင်းတွင် အဆိပ် ပါသည်ဆိုသည့် စကားလိုပင်၊ အစားအစာနှင့် အားဖြည့်တာကလည်း ဆေးတစ်မျိုးဖြစ်ပြီး၊ ဤသန္ဓေပြောင်း သတ္တဝါတွေကို ခန္ဓာကိုယ်ထဲ ထည့်သွင်းလိုက်ပါက ဘေးထွက်ဆိုးကျိုး တစ်ခုခု ရှိမရှိဆိုတာ မသိနိုင်ချေ။

မိမိအနေဖြင့် ရှောင်လွှဲနိုင်လျှင် ရှောင်လွှဲတာက အကောင်းဆုံးပင်တည်း။

ချိုးရင်ယွဲ့က ယခုစကားများကို ပြောပြီးသောအခါ တင်းယန်၊ ထူလုံနှင့် လီချင်းဟွာတို့ကိုပါ အံ့အားသင့် ငြိမ်ကျသွားစေခဲ့သည်။

ဤအကြောင်းအရာများကို ကြားလိုက်ရခြင်းက မည်သည့် အစွမ်းပိုင်ရှင်ကိုမဆို တုန်လှုပ်သွားစေရန် လုံလောက်ပေသည်။

လူတိုင်းက မူလကတော့ ဘာမှန်းမသိဘဲ အစွမ်းတွေ နိုးထလာပြီး ဆင့်ကဲပြောင်းလဲလာခဲ့ကြသည်... ထို့နောက် တချို့လူများက သတိထားမိလာကာ အစွမ်းများကို ဖော်ထုတ်ပြီး သူတို့၏ အစွမ်းများကို ထိန်းချုပ်လာခဲ့ကြသည်။

သို့သော် မိမိတို့၏ အစွမ်းများက မိမိတို့၏ ခန္ဓာကိုယ် အရည်အသွေးများနှင့် ဤမျှလောက် တိုက်ရိုက် ဆက်စပ်မှု ရှိနေသည်ကိုတော့ မည်သူကမှ မသိခဲ့ကြပေ။

ပို၍ပင် မသိခဲ့ကြသည်မှာ အစွမ်းများ ဆင့်ကဲပြောင်းလဲခြင်းက ခြေရာခံနိုင်သည့် အရာတစ်ခု ဖြစ်နေသည်ကိုပင်။

ချက်ချင်းပင် သူတို့အားလုံးက ဤသတင်းအချက်အလက်များကို တိတ်ဆိတ်စွာပင် ချေဖျက် နားလည်အောင် ကြိုးစားနေကြသည်။

ချိုးရင်ယွဲ့က စဉ်းစားနေသော လင်းယွမ်ကို ကြည့်ကာ ပြောလိုက်သည်။ "ကိုလင်းယွမ်... ဘယ်လိုလဲ... တစ်ခေါက်လောက် ပူးပေါင်းဖို့ စိတ်ဝင်စားလား"

လင်းယွမ်က ခေါင်းမော့ကာ ချိုးရင်ယွဲ့ကို ကြည့်ပြီး မေးလိုက်သည်။ "ပူးပေါင်းမယ်ဟုတ်လား"

"ဟုတ်တယ်... ပူးပေါင်းရအောင်... မျိုးရိုးဗီဇမျိုးစေ့ကို ဘယ်လို စုစည်းရမလဲဆိုတာ ရှင် သိချင်နေတယ်မလား... သိချင်တယ်ဆိုရင် မြူခိုးမြို့တော်ထဲကို ဝင်သွားမှသာ ရှင်းရှင်းလင်းလင်း သိရနိုင်မှာ"

"ကျွန်မ ရှင်နဲ့အတူ မြူခိုးမြို့တော်ကို သွားဖို့ ဖိတ်ခေါ်ချင်တယ်"

နောက်ဆုံးတွင်တော့ ချိုးရင်ယွဲ့က သူမ၏ နောက်ဆုံး ရည်ရွယ်ချက်ကို ထုတ်ပြောလာခဲ့သည်။

လင်းယွမ်ကလည်း ချက်ချင်းပင် ပြုံးလိုက်သည်။ သူမက ဒါကို စောင့်နေခဲ့တာပဲ။

သူက ခဏစဉ်းစားလိုက်ပြီး ပြောသည်။ "ကျွန်တော် မြူခိုးမြို့တော်ရဲ့ ပိုပြီး အသေးစိတ်ကျတဲ့ သတင်းအချက်အလက်တွေကို လိုအပ်တယ်"

ချိုးရင်ယွဲ့က ကြားသောအခါ ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ "ကျွန်မ သိထားသမျှ အားလုံးကို ရှင့်ကို ပြောပြပါ့မယ်"

လင်းယွမ်က ခဏစဉ်းစားပြီး ထပ်ပြောလိုက်သည်။ "ကျွန်တော် လောလောဆယ်တော့ သွားလို့ မရသေးဘူး... ကျွန်တော့်ရဲ့ ခိုလှုံရေးစခန်းကို တစ်ခေါက်ပြန်ပြီး ကိစ္စတချို့ကို စီစဉ်ဖို့ လိုသေးတယ်"

ချိုးရင်ယွဲ့က မျက်မှောင်ကြုတ်လိုက်သော်လည်း ချက်ချင်းပင် မျက်မှောင်ကို ပြန်ဖြည်ကာ ခေါင်းညိတ်လိုက်သည်။ "ရပါတယ်... ရှင် အချိန်ဘယ်လောက် လိုလဲ"

"လဝက်လောက်ပါပဲ"

လင်းယွမ်က ခဏစဉ်းစားလိုက်ပြီး အချိန်ပေးလိုက်သည်။

သူက ထိုက်ယန်တောင်၏ ကိစ္စများကို သေချာစီစဉ်ရန် လဝက်အချိန် လိုအပ်သည်။

ထို့အပြင် ထိုက်ယန်တောင်နှင့် မိန်တောင်က မကြာမီတွင် အသစ်တစ်ဖန် ရေဒီရေလှိုင်းသစ်ကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။

သူ့အနေဖြင့် ဤဒီရေလှိုင်းကို အခွင့်ကောင်းယူကာ အမှတ်များကို တစ်သုတ်လောက် စုဆောင်းနိုင်ပေသည်။

သူက မြူခိုးမြို့တော်ထဲသို့ မဝင်ခင် သူ၏ အမှတ်များကို တစ်သန်းအထိ စုဆောင်းထားချင်သည်။

ထိုအချိန်ရောက်လျှင် မျိုးရိုးဗီဇမျိုးစေ့ကို လဲလှယ်နိုင်ပြီး ကန့်သတ်ချက်ကို တိုက်ရိုက် ချိုးဖျက်နိုင်မည် ဖြစ်သည်။

သို့မဟုတ်ပါက ကန့်သတ်ချက်ကို ကျော်လွန်ပြီး မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းထားနိုင်သည့် မြူခိုးမြို့တော် မြို့တော်ဝန်ကို ရင်ဆိုင်ရမည်ဆိုလျှင် လင်းယွမ်က လုံးဝ အလွယ်တကူ အန္တရာယ်ထဲသို့ ဝင်မည်မဟုတ်ပေ။

သူ့မှာ မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်မည့် နည်းလမ်း မရှိတာမှ မဟုတ်ဘဲ... ကိုယ်တိုင် စွန့်စားဖို့ မလိုအပ်ပေ။

သူက အဆင့်တက်သွားပြီး မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းနိုင်သွားမည့်အချိန်ကို စောင့်ရမည်... ထိုမြူခိုးမြို့တော်ဝန်နှင့် ရင်ဆိုင်ရလျှင်တောင် တိုက်ခိုက်နိုင်စွမ်း ရှိလာမည် ဖြစ်ပြီး သူက ထိုအချိန်ကျမှသာ ဤမြူခိုးများအောက်မှ မြို့တော်၏ လျှို့ဝှက်ချက်များကို သူ သွားရောက် စူးစမ်းမည် ဖြစ်သည်။

ချိုးရင်ယွဲ့က ခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ "ရတယ်... ဒါဆိုရင် လဝက်ကို သတ်မှတ်ရက်အဖြစ် ထားလိုက်မယ်... ရှင်မလာရင် ကျွန်မဘာသာ သွားလိုက်တော့မယ်"

သူမကလည်း ဤလဝက်အတွင်း အခွင့်ကောင်းယူကာ သူမလက်ထဲမှ ကိစ္စများကို စီစဉ်ထားချင်သလို တစ်ချိန်တည်းမှာပင် လိုအပ်နေသေးသည့် စွမ်းအင်ကျောက်တုံးများကိုပါ အသင့်ပြင်ဆင်ထားချင်သည်။

ထို့အပြင် လီရွှေဥယျာဉ် အနီးအနားက အစွမ်းပိုင်ရှင် တချို့ကိုလည်း တစ်ပါတည်း ဖြေရှင်းပစ်ဖို့ လိုအပ်သေးသည်။

သို့မဟုတ်ပါက သူမက စိတ်ချလက်ချ ထွက်ခွာသွားနိုင်မည် မဟုတ်ပေ။

သူတို့နှစ်ယောက် အချိန်သတ်မှတ်ပြီးနောက် ချိုးရင်ယွဲ့က ဆက်မနေတော့ဘဲ ချင်ဇီဟန်ကို ခေါ်ကာ လီရွှေဥယျာဉ်သို့ ပြန်သွားခဲ့သည်။

လင်းယွမ်က တစ်ဖက်လူ၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်နေပြီး သူ၏ အကြည့်များက နက်ရှိုင်းနေသည်။

တင်းယန်က မနေနိုင်ဘဲ မေးလိုက်သည်။ "သူပြောတာကို ရှင် ယုံလို့လား"

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ "ဒီကိစ္စက မမှားနိုင်ဘူး"

"ဒါဆို ရှင် တကယ်သွားမှာလား... တကယ်လို့ ဒီမြူခိုးမြို့တော်မှာ အန္တရာယ် ရှိနေရင်ရော" တင်းယန်က အလောတကြီး မေးလိုက်သည်။

လင်းယွမ်က ပြုံးလိုက်သည်။ "ငါ့မှာ အစီအစဉ် ရှိပါတယ်... စိတ်ချပါ"

တင်းယန်က မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်လိုက်ပြီး စိုးရိမ်နေသည့်အပြင် သူမ၏ အစွမ်း တိုးတက်မှုက ဘာကြောင့် ဤမျှလောက် နှေးကွေးနေရသနည်းဟု မိမိကိုယ်ကိုယ် အနည်းငယ် ဒေါသထွက်နေမိသည်... ဤကဲ့သို့ အချိန်မျိုးရောက်သည့်တိုင် လုံးဝ အကူအညီ မပေးနိုင်ဖြစ်နေသည်။

"မရဘူး... ကျွန်မ ရှင်နဲ့ အတူလိုက်မယ်" သူမက အံကြိတ်ကာ ပြောလိုက်သည်။

လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ "ဒီမြူခိုးမြို့တော်ရဲ့ နောက်ခံကို ငါတို့ နည်းနည်းလေးမှ မသိရသေးဘူး... ငါတစ်ယောက်တည်း သွားမှ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်မှာ... နင်တို့ထဲက ဘယ်သူ့ကိုမှ ခေါ်သွားလို့ မဖြစ်ဘူး"

တင်းယန်က ချက်ချင်းပင် ဘာမှမတတ်နိုင်တော့ပေ... သူမကိုယ်တိုင် လိုက်သွားရင်တောင်မှ အကယ်၍ တကယ် အန္တရာယ်နဲ့ ကြုံတွေ့ရရင် သူမကိုယ်တိုင်က လင်းယွမ်အတွက် အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်သွားနိုင်သည်ဆိုတာ သူမ သိနေသည်။

ခဏအကြာတွင် သူမ၏ မျက်ဝန်းများက နီရဲလာသည်။

သူမကိုယ်သူမ အစက မိန်တုဥယျာဉ်ထဲမှာတုန်းကလိုမျိုး ပြန်ဖြစ်သွားသလို ခံစားလိုက်ရပြီး လင်းယွမ် ရှေ့ထွက်ပြီး အသက်စွန့် တိုက်ခိုက်နေတာကို မျက်စိသူငယ်နဲ့ ကြည့်နေရုံသာ တတ်နိုင်တော့သည်။

သူမက လုံးဝ အကူအညီ မပေးနိုင်ပေ။

လင်းယွမ်က သူမ၏ မျက်ဝန်းများ နီရဲနေသည်ကို မြင်သောအခါ သူမ၏ စိတ်ထဲမှ ခံစားချက်ကို ချက်ချင်းပင် နားလည်သွားသည်။

ထို့ကြောင့် သူမ၏ သေးသွယ်သော ခါးလေးကို ဖက်ထားလိုက်ပြီး ပြောသည်။ "နင် အများကြီး မတွေးပါနဲ့... နင်က အခုဆိုရင် တစ်ယောက်တည်း ရပ်တည်နိုင်နေပြီ... အရမ်းကို တော်နေပါပြီ"

"ငါ ထိုက်ယန်တောင်ကနေ ထွက်သွားတဲ့အခါ နင်နဲ့ ကျောက်ခိုင်တို့က ထိန်းထားပေးဖို့ လိုသေးတယ်... မဟုတ်ရင် ငါ စိတ်မချဘူး"

"ထိုက်ယန်တောင်က ငါတို့ရဲ့ အခြေခံအုတ်မြစ်ဖြစ်သလို ငါတို့ရဲ့ အိမ်လည်း ဖြစ်တယ်... နင် အဲဒီမှာ ကျန်ခဲ့မှသာ ငါ တကယ် စိတ်အေးရမှာ... နင် နားလည်တယ်မလား"

တင်းယန်က ဤစကားကို ကြားသောအခါ စိတ်ထဲမှ ခံစားချက်များက များစွာ သက်သာသွားခဲ့သည်။

သူမက လင်းယွမ်၏ ရင်ခွင်ထဲသို့ မှီချလိုက်ပြီး ပြောသည်။ "ကျွန်မက ရှင့်အနားမှာပဲ နေချင်တာပါ..."

"ငါ နားလည်ပါတယ်... ငါ ဒီတစ်ခေါက် သွားတာကလည်း မျိုးရိုးဗီဇမျိုးစေ့ ကိစ္စကို ရှင်းရှင်းလင်းလင်း သိချင်လို့ပါ... နောက်ဆို နင်တို့လည်း သေချာပေါက် မျိုးရိုးဗီဇမျိုးစေ့ စုစည်းတဲ့ အဆင့်ကို ဖြတ်သန်းရမှာပဲလေ"

တင်းယန်က လင်းယွမ် ပြောသမျှ အားလုံး မှန်ကန်သည်ကို သိသော်လည်း သူမ၏ စိတ်ထဲတွင်တော့ ခံစားရ ခက်နေဆဲပင်။

လင်းယွမ်ကလည်း သက်ပြင်းတစ်ချက် ချလိုက်သည်။ တင်းယန်က အရမ်းကို အသက်စွန့် ကြိုးစားနေခဲ့ပြီ ဆိုတာကို သူ သိထားသည်။

သိထားရမည်မှာ တင်းယန်၊ ရန်မေ၊ ဆုန့်ဝမ်တို့က သူနှင့် အတူနေထိုင်ပြီးနောက်ပိုင်း အစားအသောက်ပိုင်းတွင် သူ့ကဲ့သို့အတုယူပြီး သန္ဓေပြောင်း သတ္တဝါများကို တစ်ခါမှ မစားခဲ့ကြပေ။

စားလျှင်တောင်မှ ကင်းစောင့်ရသည့်အချိန်တွင် အပြင်ဘက်၌ အနည်းငယ်မျှသာ စားခဲ့ကြခြင်း ဖြစ်သည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် သူတို့၏ ခန္ဓာကိုယ်ထဲရှိ သန္ဓေပြောင်းစွမ်းအင် မြှင့်တင်မှုက အခြားလူများထက် ပိုမို နှေးကွေးလာမည်မှာ ကြိုတင် သတ်မှတ်ထားပြီးသား ဖြစ်သည်။

သို့သော် ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် တင်းယန်က အလွန်လျင်မြန်သည့် တိုးတက်မှုနှုန်းကို ထိန်းသိမ်းထားနိုင်ပြီး သူမ၏ စွမ်းဆောင်ရည်ကို အဆက်မပြတ် မြှင့်တင်နိုင်ခဲ့သည်။

ဤအထဲတွင် သူမ မည်မျှလောက် အားထုတ် ကြိုးပမ်းခဲ့ရသလဲဆိုတာကို လင်းယွမ်က မျက်စိထဲတွင် မြင်နေခဲ့သည်။

ဤအကြောင်းကို တွေးမိသောအခါ သူက မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ ဤပြဿနာကို ဖြေရှင်းရန် နည်းလမ်း တစ်ခုခု ရှိနေနိုင်မလား။

"ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ်ကို အမြန်ဆုံး သုတေသန လုပ်ပြီး ရှာဖွေရမယ်"

လင်းယွမ်က ချက်ချင်းပင် နည်းလမ်းကို စဉ်းစားမိသွားသည်။

သန္ဓေပြောင်း သတ္တဝါများကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ထဲရှိ သန္ဓေပြောင်းစွမ်းအင်ကို မမြှင့်တင်ချင်မှတော့ အပြင်ဘက်မှာ လွင့်မျောနေတဲ့ စွမ်းအင်တွေကို ကိုယ်တိုင် စုပ်ယူပြီး မြှင့်တင်သည့် နည်းလမ်းသာ ရှိတော့သည်။

လက်ရှိတွင် ထိုက်ယန်တောင်ရှိ အစွမ်းပိုင်ရှင် အားလုံးက ကမ္ဘာမြေကြီး၏ စွမ်းအင်များကို ခန္ဓာကိုယ်မှ အလိုအလျောက် စုပ်ယူခြင်းကိုသာ အားကိုးနေကြပြီး တစ်ခါမှ ကိုယ်တိုင် ဦးဆောင်၍ မစုပ်ယူခဲ့ဖူးကြပေ။

သေချာတာပေါ့... လူတိုင်းကလည်း ဘယ်လိုမျိုး ကိုယ်တိုင် ဦးဆောင်ပြီး စုပ်ယူရမလဲဆိုတာကို မသိကြပေ။

သို့သော် သူကိုယ်တိုင် ဖန်တီးထားသည့် ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ်က လက်ရှိအချိန်တွင် ကမ္ဘာမြေကြီး၏ စွမ်းအင်များကို ကိုယ်တိုင် စုပ်ယူနိုင်သည့် တစ်ခုတည်းသော ကျင့်စဉ်နည်းလမ်း ဖြစ်သည်။

လင်းယွမ်က သူ မရည်ရွယ်ဘဲ ထိုပေတံထဲမှ သိမြင်နားလည်ခဲ့သည့် သင်္ကေတပညာရပ်က အနာဂတ်တွင် အလွန် အရေးကြီးသည့် အစွမ်းတစ်ခု ဖြစ်လာနိုင်ခြေရှိသည်ကို ရုတ်တရက် သတိပြုမိသွားသည်။

"ပြန်ရောက်တာနဲ့ ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ် သုတေသနကို အပြည့်အဝ အရှိန်မြှင့်ရမယ်"

"ငါ မထွက်ခွာခင်မှာ ဒီမျိုးရိုးဗီဇကျင့်စဉ် လေ့ကျင့်ရမယ့် ပုံစံကို မဖြစ်မနေ ဖော်ထုတ်ရမယ်"

"ကိုလင်းယွမ်... ကျွန်တော်တို့ သင်္ဘော ပြန်လှည့်တော့မလား"

လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ "သင်္ဘော ပြန်လှည့်... ထိုက်ယန်တောင်ကို ပြန်မယ်"

"ထိုက်ယန်တောင်ကို ပြန်မယ်ဟေ့"

သင်္ဘော၏ ဥဩဆွဲသံက ထွက်ပေါ်လာပြီး လူအများ၏ အောင်ပွဲခံ အော်ဟစ်သံများကြားတွင် ဖီးနစ် သင်္ဘောက မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားမှ ခေါင်းပြန်လှည့်ကာ ထိုက်ယန်တောင်ဆီသို့ ဖြည်းညင်းစွာ ခုတ်မောင်းသွားလေတော့သည်။

ဆက်ရန်...

All Chapters