အခန်း (၆၅၈-၆၆၀)
Vol. 44 Ch. 658-660
အပိုင်း ( 658 )
ကမ္ဘာ့ကြယ်ပေါ်မှ သတ်ဖြတ်မှုများ၊ ဘုရင်သုံးပါး လှုပ်ရှားလာပြီ ၂
ထိုကဲ့သို့သော ရတနာများသည် ကြယ်ပြာဂြိုဟ်ပေါ်တွင် အလွန်တရာ ရှားပါးနေခဲ့သည်။
သို့သော် ယခုတွင်ကား ကြယ်တာရာ T-Rex နတ်ဘုရားသည် ရတနာ ဆယ်ခုကျော် ရရှိထားခဲ့ပြီး၊ ၎င်းတို့အားလုံးက နဝမအဆင့်နယ်ပယ်၏ အဆင့်များထိုးဖောက်ရာတွင် ကူညီနိုင်စွမ်းရှိနေခဲ့သည်။
“ တကယ်လို့ တစ်ခြားစီရင်စုမြို့တော်တွေကပါ ဒီလိုရတနာတွေ ပိုင်ဆိုင်ထားမယ်ဆိုရင်၊ ကြယ်ပြာဂြိုဟ်ရဲ့ အဆင့်၉ တိုက်ခိုက်ရေး အင်အားက အချိန်တိုအတွင်းမှာ မြင့်တက်လာမှာ “
ကြယ်တာရာ T-Rex နတ်ဘုရား၏ မျက်လုံးများ တောက်ပသွားခဲ့သည်၊ ဤတစ်ကြိမ် ရိတ်သိမ်းမှုမှာ အမှန်ပင် များပြားနေခဲ့သည်။
တစ်ခုတည်းသော ကံဆိုးမှုမှာ ပကတိ အထွတ်အထိပ်သို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်းမျိုးကို မရရှိခဲ့ခြင်းပင် ဖြစ်သည်။
သို့ရာတွင် ၎င်းမှာ ပုံမှန်သာလျှင် ဖြစ်သည်၊ ရန်ကိုင်သည် အဆင့်နိမ့် အထွတ်အထိပ် ပညာရှင်တစ်ဦးသာ ဖြစ်ပြီး၊ နဝမအဆင့် ရတနာများစွာ ပိုင်ဆိုင်ထားခြင်းကပင် အံ့ဖွယ်ကောင်းနေခဲ့ပြီ ဖြစ်သည်။
“ နောက်တစ်မြို့ကို သွားလိုက်ကြတာပေါ့ကွာ “
ကမ္ဘာ့ကြယ်သည် ကြယ်ပြာဂြိုဟ်နှင့် ကွဲပြားနေခဲ့သည်၊ ကြယ်ပြာဂြိုဟ်တွင် ပြည်နယ်ဆယ့်နှစ်ခုသာ ရှိနေခဲ့သော်လည်း၊ ကမ္ဘာ့ကြယ်တွင်မူ ၇၂ခုအထိ ရှိနေခဲ့သည်။
ပြည်နယ်တိုင်းတွင် အထွတ်အထိပ် ပညာရှင်တစ်ဦးစီ ရှိနေလိမ့်မည်ဟု မဆိုလိုသော်လည်း၊ သူကသာ ထိုပြည်နယ်အားလုံးကို စူးစမ်းလေ့လာနိုင်မည်ဆိုပါက၊ ကြီးမားသော အကျိုးအမြတ်ကို ရယူနိုင်မည် ဖြစ်သည်။
ထို့အပြင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ယခင်က လပေါ်တွင် အာရုံခံမိခဲ့သည့် ပကတိ အထွတ်အထိပ် အရှိန်အဝါများကို မှတ်မိနေသေးသည်။
ထိုအတွေးနှင့်အတူ သူသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ၊ ယခင်က အာရုံခံမိခဲ့သော အရှိန်အဝါများ ရှိရာဘက်သို့ ဦးတည်သွားတော့သည်။
…
ယွဲ့ကျိုးစီရင်စုမြို့တော်မှ ကြယ်တာရာ T-Rex နတ်ဘုရားထွက်သွားပြီးသည့်နောက် တစ်စက္ကန့်အကြာတွင်
“ ဇွီ “
ကြီးမားသော ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ပွင့်ထွက်လာခဲ့ကာ၊ စီရင်စုမြို့တော်၏ အထက်ကောင်းကင်ယံတွင် ပုံရိပ်လေးခု ပေါ်ထွက်လာခဲ့သည်။
ထိုပုံရိပ်လေးခုစလုံးမှာ ပကတိ အထွတ်အထိပ် ပညာရှင်များ ဖြစ်နေခဲ့သည်။
သူတို့သည် အစောပိုင်း အချိန်များအတွင်းက ရန်ကိုင်ဆင့်ခေါ်လိုက်သည့် စစ်ကူများ ဖြစ်သည်။
သို့သော် အထွတ်အထိပ် ပညာရှင်တို့၏ တိုက်ပွဲတွင် အသက်ရှူကြိမ် တစ်ကြိမ်ကပင် အနိုင်အရှုံးကို ဆုံးဖြတ်ရန် လုံလောက်နေခဲ့သည်။
သူတို့ ရောက်ရှိလာသည့် အချိန်တွင် ကြယ်တာရာ T-Rex နတ်ဘုရားက ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
“ အတင့်ရဲချက်၊ ငါတို့ ကမ္ဘာ့ကြယ်ရဲ့ စီရင်စုမြို့တော်မှာ အထိန်းအကွပ်မရှိ ရမ်းကားနေရဲတယ်ပေါ့ “
အထွတ်အထိပ် ပညာရှင်တစ်ဦးမှ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်၊ သူ၏ အနီရောင် ဆံသားတို့မှာ ကောင်းကင်ထက်သို့ ထောင်တက်နေခဲ့ပြီး၊ သူ၏ဦးခေါင်းနောက်တွင်လည်း နေတစ်စင်း မျောလွင့်နေခဲ့သည်။ ကြက်သွေးရောင် နေမင်းသည် ဘက်ပေါင်းစုံကို အလင်းပေးကာ၊ ပြိုင်ဘက်မရှိ ခမ်းနားနေခဲ့သည်။
သူ့ဘေးနားရှိ အနက်ရောင် ဆံသားနှင့် အမျိုးသမီး အထွတ်အထိပ် ပညာရှင်မှာလည်း စကားဝင်ပြောလာခဲ့သည် “ အဲ့လူက ရန်ကိုင် ချက်ချင်း အနိုင်ယူပြီးတော့ စီရင်စုမြို့တော်တစ်ခုလုံးကို ဖျက်စီးခဲ့တယ်ဆိုတော့၊ အလယ်အလတ် အထွတ်အထိပ်စွမ်းအားကို ပိုင်ဆိုင်ထားဖို့များတယ်။ ဘုရင်သုံးပါးဆီကို အကြောင်းကြားလိုက်သင့်လား “
ဘုရင်သုံးပါး ဆိုသည်မှာ ကမ္ဘာ့ကြယ်၏ အထွတ်အထိပ်နယ်ပယ်မှ အစွမ်းထက်ဆုံး ပညာရှင်သုံးဦးကို ညွှန်းဆိုခြင်း ဖြစ်သည်။
၎င်းတို့မှာ မြေအောက်လောကဘုရင်၊ မျက်လုံးသုံးလုံးဘုရင်နှင့် မင်ကျိတို့ပင် ဖြစ်သည်။
သူတို့ သုံးဦးစလုံးသည် အဆင့်မြင့် အထွတ်အထိပ် ပညာရှင်များ ဖြစ်သည်။
“ ဒီလိုအသေးအမွှား ကိစ္စလေးတစ်ခုအတွက် ဘုရင်သုံးပါးကို အကြောင်းကြားဖို့ မလိုပါဘူး “
အနီရောင်ဆံသားပိုင်ရှင် အထွတ်အထိပ် ပညာရှင်သည် အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည် “ သူ့ရဲ့ အရှိန်အဝါကို ငါအာရုံခံမိတယ်။ သူက အထွတ်အထိပ်အဆင့်ကို မရောက်သေးဘူး၊ အထွတ်အထိပ်တစ်ပိုင်းမှာပဲ ရှိနေဖို့များတယ်၊ အထူးလျှို့ဝှက်နည်းစနစ် တစ်ခုခုကို သုံးပြီးတော့၊ ရန်ကိုင်ကို သတ်သွားတာပဲ ဖြစ်ရမယ် “
“ တကယ်လို့ ငါတို့သာ ပူးပေါင်းလိုက်မယ်ဆိုရင်၊ သူပြေးလွတ်မှာ မဟုတ်ဘူး “
ထိုကဲ့သို့ ပြောလာခဲ့ပြီးသည့်နောက်တွင် သူသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ၊ တစ်ကိုယ်တည်း ပြေးလိုက်သွားတော့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် အနက်ရောင် ဆံသားနှင့် အမျိုးသမီး အထွတ်အထိပ်ပညာရှင်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ၊ စကားထပ်ပြောလာခဲ့သည် “ အဲ့လူက ကြယ်ပြာဂြိုဟ်က လာတာလေ၊ နယ်မြေဖိနှိပ်တာကို ဘယ်လိုလုပ် မခံရတာလဲ။ သူက အဲ့တာကို ဘယ်လိုလုပ်လိုက်တာလဲ “
သို့ရာတွင် အနီရောင် ဆံသားနှင့် အထွတ်အထိပ် ပညာရှင်က ထိုလူ့နောက်သို့ လိုက်သွားခဲ့ပြီဖြစ်သောကြောင့်၊ သူမသည် ကူရာကယ်မဲ့ရာစွာဖြင့် ခေါင်းခါနေခဲ့ကာ၊ ကျန်လူများနှင့်အတူ ချက်ချင်း ပြေးလိုက်သွားတော့သည်။
သူမတို့၏ အကြီးမားဆုံးသော တာဝန်မှာ ကြယ်တာရာ T-Rex နတ်ဘုရားကို အမှီလိုက်ရန်ဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ကပ်ဘေးကြီးတစ်ခု ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။
…
ကြယ်တာရာ T-Rex နတ်ဘုရား၏ အမြန်နှုန်းမှာ အလွန်တရာ မြန်ဆန်နေခဲ့သည်၊ ပြည့်ဝအဆင့် ဟင်းလင်းပြင် မူလနိယာမသည် သူ့အား အဆင့်နိမ့် ပကတိ အထွတ်အထိပ် ပညာရှင်တစ်ဦးထပ်ပင် ပိုမိုမြန်ဆန်သွားစေခဲ့သည်။
မကြာသေးခင် အချိန်ကမှ သူသည် ကမ္ဘာ့ကြယ်၏ ဓာတ်ကြီးငါးပါး တာအိုနှင့် ဟင်းလင်းပြင် တာအိုများကို ဖြိုခွဲခဲ့သည်။
ထို့ကြောင့် ကမ္ဘာ့ကြယ်၏ အစွမ်းထက် ပညာရှင်များမှာ ဟင်းလင်းပြင်ကို ကျော်ဖြတ်ရာတွင် အချိန်အတော်ကြာ ယူနေခဲ့ရသည်။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ လုံးဝကွဲပြားနေခဲ့သည်၊ သူအသုံးပြုနေသည့် ဟင်းလင်းပြင် နိယာမသည် ဤကမ္ဘာနှင့် သက်ဆိုင်မနေခဲ့ပေ။
သီအိုရီအရပြောရမည်ဆိုပါက သူသည် ဤကမ္ဘာ၏ နယ်မြေဖိနှိပ်ခြင်းကို ခံရသင့်ပေသည်။
သို့သော် အဌမအဆင့်နှင့် နဝမအဆင့်တို့ကို ကမ္ဘာ့ကြယ်ပေါ်တွင် ထိုးဖောက်ခဲ့သည့်အတွက်၊ သူ၏ ရုပ်ခန္ဓာနှင့် တာအို နိယာမတို့သည် ဤကမ္ဘာ၏ အသိအမှတ်ပြုခြင်းကို ရယူနိုင်ခဲ့သည်။
၎င်းသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ တည်ရှိမှုကို ထူးခြားသွားစေခဲ့သည်။
သူသည် နယ်မြေဖိနှိပ်ခြင်းကို မခံရသကဲ့သို့၊ ကမ္ဘာ့ကြယ်၏ တာအိုပြိုကွဲခြင်း ဘေးထွက်ဆိုးကျိုးများကိုလည်း မခံစားခဲ့ရပေ။
ဤအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် မိုင်သောင်းချီအကွာရှိ နောက်ထပ် စီရင်စုမြို့တော်တစ်ခုသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဤနေရာတွင်လည်း အဆင့်နိမ့် အထွတ်အထိပ် ပညာရှင်တစ်ဦးသာ ရှိနေခဲ့သည်။
“ ဟမ် “
လှုပ်ရှားရန်ပြင်လိုက်သည့် အချိန်မှာပင် သူသည် သူ့နောက်ရှိ ဟင်းလင်းပြင်ထံမှ နှောင့်ယှက်မှုပေါ်ထွက်လာသည်ကို ရုတ်တရက် အာရုံခံမိသွားခဲ့သည်။
“ တစ်ခြား အထွတ်အထိပ် ပညာရှင်တွေက ငါ့ကို လိုက်ဖမ်းနေကြတာလား “
၎င်းကို သတိပြုမိသွားသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ဤတိုက်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံး အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။
အထွတ်အထိပ် ပညာရှင်များ၏ ဝိုင်းရံခြင်းကို ခံလိုက်ရမည်ဆိုပါက၊ ၎င်းတို့က အဆင့်နိမ့် အထွတ်အထိပ် ပညာရှင်များ ဖြစ်နေမည်ဆိုလျှင်တောင်မှ၊ သူ့အတွက် အတော်လေး အန္တရာယ်များနေမည် ဖြစ်သည်။
“ ဘိုးဘေးနဂါး အရိပ်တစ်သောင်း “
ချက်ချင်းဆိုသလိုပင် ကိုယ်ပွားတစ်သောင်း ပေါ်ထွက်လာခဲ့ပြီး၊ နတ်စွမ်းအားလှိုင်းလုံးများမှာ တစ်မြို့လုံးကို ဖုံးလွှမ်းသွားခဲ့သည်။
“ ဘုမ်းးး “
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အလွန်တရာ ကျယ်လောင်သည့် ပေါက်ကွဲသံတစ်သံ ပေါ်ထွက်လာခဲ့သည်။
တိုက်ပွဲသည် အလွန်တရာ တိုးတောင်းနေခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားသည် သုံးစက္ကန့်မပြည့်ခင် အချိန်မှာပင် ရန်သူကို သတ်ဖြတ်နိုင်ခဲ့ကာ၊ စီရင်စုတစ်ခုလုံး ရှင်းလင်းလိုက်သည်။
“ အထွတ်အထိပ် ပညာရှင် ရှိနေတဲ့ နေရာမှာ အဆင့်၉ ရတနာတွေ တကယ်ကြီး ရှိနေတာပဲဟ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် စိတ်စွမ်းအားဖြင့် စူးစမ်းလေ့လာကာ၊ ပြုံးဖြဲဖြဲ ဖြစ်သွားခဲ့သည်။
သူသည် ဒါဇင်နှင့်ချီသည့် တလက်လက် တောက်ပနေသော ရတနာများ၊ ဆေးပင်များကို သိမ်းဆည်းကာ၊ လှည့်ထွက်သွားတော့သည်။
သူထွက်သွားပြီးသည့်နောက် တစ်စက္ကန့်အကြာတွင် အနီရောင် ဆံသားပိုင်ရှင် အထွတ်အထိပ် ပညာရှင်မှာ ဤနေရာသို့ ရောက်ရှိလာခဲ့ပြီး၊ ပျက်စီးယိုယွင်းနေသည့် မြို့တော်ကို မြင်လိုက်ရသောအခါတွင်၊ သူ၏ မျက်လုံးတို့မှာ လုံးဝနီရဲသွားခဲ့သည်။
“ သားရဲကောင်၊ ငါမင်းကို သတ်မယ် “
သူသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ဆက်လက်၍ လိုက်ဖမ်းနေတော့သည်။
ကမ္ဘာ့ကြယ်၏ ဟင်းလင်းပြင် တာအိုကသာ အဖျက်စီးမခံလိုက်ရဘူးဆိုပါက၊ အထွတ်အထိပ် ပညာရှင်များသည် ကီလိုမီတာ သောင်းနှင့်ချီသော အကွာအဝေးသို့ပင် ချက်ချင်း သွားလာနိုင်မည် ဖြစ်သည်။
သို့သော် ယခုတွင်ကား ဟင်းလင်းပြင် တာအို ဖြိုခွဲခံထားရသောကြောင့်၊ အထွတ်အထိပ် ပညာရှင်များကပင် ထိုအကွာအဝေးကို ကျော်ဖြတ်ရန်အတွက် လေးစက္ကန့်မှ ငါးစက္ကန့်အထိ အချိန်ယူနေခဲ့ရသည်။
၎င်းသည် ကြယ်တာရာ T-Rex နတ်ဘုရားက စီရင်စုမြို့တော်များကို ရှင်းလင်းရန် လုံလောက်သည့် အချိန်ပမာဏကို ပေးစွမ်းနေခဲ့သည်။
ထို့ကြောင့် နောက်ထပ် မိနစ်ဝက်မျှအကြာတွင်
ကြယ်တာရာ T-Rex နတ်ဘုရားသည် နောက်ထပ် စီရင်စုမြို့တစ်မြို့ကို အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့သည်။
မိနစ်ဝက်အတွင်းမှာပင်
ကမ္ဘာ့ကြယ်၏ သန်းနှင့်ချီသော ပညာရှင်များစွာ သုတ်သင်ခံလိုက်ရသည်။
“ သတ်ဖြတ်ခြင်း “
ကြယ်တာရာ T-Rex နတ်ဘုရားသည် သွေးမိုးဖြင့် ဖုံးလွှမ်းနေသည့် မြို့တော်ကို ကြည့်ကာ ဖျက်စီးခြင်း နိယာမနှင့် သက်ဆိုင်သည့် အတွေးအမြင်များကို ခံစားနေခဲ့ရသည်။
ကမ္ဘာ့ကြယ်က ကြယ်ပြာဂြိုဟ်၏ ရန်သူဖြစ်နေသောကြောင့် သူသည် မည်သို့မျှ သနားညှာတာနေရန် မလိုအပ်ပေ။
ကမ္ဘာ့ကြယ်မှာ အမှောင်နယ်မြေ၏ ပညာရှင်တစ်ဦးက ဖန်တီးခြင်း နိယာမနှင့် ဖန်တီးထားသည့် ကြယ်ပြာဂြိုဟ်၏ ပုံစံတူ ဂြိုဟ်တစ်လုံး ဖြစ်နေခဲ့သော်လည်း၊ ကမ္ဘာနှစ်ခု၏ အယူအဆများမှာ လုံးဝကွဲပြားနေသောကြောင့်၊ ကမ္ဘာနှစ်ခုသည် မည်သို့မျှ ပေါင်းစည်းနိုင်လိမ့်မည် မဟုတ်ပေ။
ရှေးခေတ်ကတည်းက ယခုလက်ရှိ အချိန်အထိ ကမ္ဘာ့ကြယ်သည် ကြယ်ပြာဂြိုဟ်၏ စစ်သည်တော် မည်မျှကို သတ်ဖြတ်ခဲ့သနည်း။
ဘီလီယံနှင့် ချီနေမည်မှာ သေချာလှသည်။
ထို့ကြောင့် ကြယ်တာရာ T-Rex နတ်ဘုရားသည် နောက်ဆံတင်းနေစရာမလိုဘဲ၊ ကိုယ့်ကိုကိုယ် သတ်ဖြတ်ခြင်းတွင်သာ နှစ်မြှုပ်ထားပြီး၊ ဖျက်စီးခြင်း၏ အရသာကို အေးအေးလူလူ ခံစားနိုင်ပေသည်။
အဆိုပါ ခံစားချက်သည် သူ၏ ဖျက်စီးခြင်း နိယာမ နားလည်နိုင်စွမ်းကို လျင်မြန်စွာ တိုးမြှင့်ပေးနေခဲ့သည်။
“ နည်းနည်းလေးပဲ လိုတော့တယ် …… “
“ ဖျက်ဆီးခြင်း နိယာမကို ကနဦးအဆင့်အထိ နားလည်သွားရင်၊ ပြည့်ဝအဆင့်ကို ရောက်ဖို့ဆိုတာက အချိန်တစ်ခုပဲ လိုအပ်တယ် “
ကြယ်တာရာ T-Rex နတ်ဘုရား၏ ပုံရိပ် လှုပ်ရှားသွားကာ၊ ဟင်းလင်းပြင် အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
…
နှစ်စက္ကန့်မျှအကြာတွင် အနီရောင်ဆံသားပိုင်ရှင် အထွတ်အထိပ် ပညာရှင်၊ အနက်ရောင် ဆံသားပိုင်ရှင် အမျိုးသမီးနှင့် တစ်ခြားပညာရှင်တို့မှာ နောက်ထပ်တစ်ကြိမ် နောက်ကျ၍ ရောက်ရှိလာခဲ့ပြန်သည်။
“ ဘာလို့ သူ့ရဲ့ ဟင်းလင်းပြင် နိယာမက လုံးဝမထိခိုက်ရတာလဲ “
အနီရောင် ဆံသားပိုင်ရှင်၏ အမူအရာ မည်းမှောင်သွားခဲ့သည်။
အစမှ အဆုံးအထိ သူသည် အံ့ဩတုန်လှုပ်မှုကိုသာ ခံစားနေခဲ့ရသည်။
သူတို့သည် အကြိမ်တိုင်းတွင် နှစ်စက္ကန့်မျှသာ နောက်ကျနေခဲ့သည်၊ သို့သော် ထိုကွာဟချက်ကို မည်သို့မျှ မဖာထေးနိုင်ခဲ့ပေ။
ကြယ်တာရာ T-Rex နတ်ဘုရားက စီရင်စုတစ်ခုလုံးကို သတ်ဖြတ်ခြင်းနှင့် ရတနာများ ရှာဖွေခြင်းတို့ မပြုလုပ်ဘူးဆိုပါက၊ အဆိုပါ ကွာဟချက်မှာ ပိုမိုကြီးမားနေခဲ့မည် ဖြစ်သည်။
“ ဆက်လိုက်ဦးမှာလား “
အနက်ရောင် ဆံသားပိုင်ရှင် အမျိုးသမီးသည် သူ့ကို ကြည့်ကာ စကားပြောလာခဲ့သည်။
အနီရောင် ဆံသားနှင့် အထွတ်အထိပ် ပညာရှင်သည် စကားပြောရန် ပြင်လိုက်သည်၊ သို့သော် ထိုအခိုက်အတန့်တွင် သူ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားကာ၊ အရပ်မျက်နှာတစ်ဖက်သို့ လှမ်းကြည့်လိုက်သည်။
ထိုဘက်၌ နေမင်းကဲ့သို့ လောင်ကျွမ်းနေသည့် ကြောက်မက်ဖွယ်ရာ အရှိန်အဝါသုံးခု ရှိနေခဲ့ပြီး၊ ၎င်းတို့သည် ဤနေရာသို့ အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ဦးတည်လာနေခဲ့သည်။
“ အဲ့တာက ဘုရင်သုံးပါးပဲ “
အနီရောင်ဆံသားပိုင်ရှင် ပညာရှင်၏ အမူအရာသည် ချက်ချင်းပြောင်းလဲသွားခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် မြေအောက်လောကဘုရင်၊ မျက်လုံးသုံးဘုရင်နှင့် မင်ကျိတို့ ဆင်းသက်လာခဲ့သည်။
“ အသုံးမကျတဲ့ အမှိုက်တစ်စု “
မျက်လုံးသုံးလုံးဘုရင်မှ အော်ငေါက်လာခဲ့သည် “ မင်းတို့ အထွတ်အထိပ် ပညာရှင်လေးယောက်က အဆင့်၉ ပညာရှင်တစ်ယောက်ကိုတောင်မှ မဖမ်းနိုင်ကြဘူးလား “
ထိုလူလေးဦးစလုံးသည် ရှက်ရွံ့စွာ ခေါင်းငုံ့နေခဲ့ကြသည်။
ဤတစ်ကြိမ်၌ သူတို့သည် အကြီးအကျယ် မျက်နှာပျက်ခဲ့ရသည်။
အနက်ဆံသားပိုင်ရှင် အမျိုးသမီးသည် အံကြိတ်ကာ စကားပြန်ပြောလိုက်သည် “ အဲ့လူရဲ့ ဟင်းလင်းပြင် စွမ်းရည်က တော်တော်ကြီးကို အားကောင်းလွန်းပါတယ်၊ နယ်မြေဖိနှိပ်မှုရော ဟင်းလင်းပြင် တာအို ပြိုကွဲတာကရော သူ့အပေါ်မှ အကျိုးသက်ရောက်မှု မရှိသလိုပါပဲ “
မျက်လုံးသုံးလုံးဘုရင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သော်လည်း၊ ထိုစကားကို ပြန်၍ မချေပလိုက်ပေ။
ကြယ်တာရာ T-Rex နတ်ဘုရား၏ အမြနှုန်းအရ၊ အကယ်၍ အကယ်၍ သူတို့ကသာ ကြားဝင်မစွက်ဖက်ဘူးဆိုပါက၊ နောက်ထပ် စီရင်စုတစ်ခုမှာ မကြာခင် အချိန်မှာပင် ပျက်စီးသွားရမည် ဖြစ်သည်။
“ အဆင့်၉လေးကများ၊ ဒီမှာလာပြီးတော့ ပြဿနာရှာနေတယ် “
မျက်လုံးသုံးလုံးဘုရင်မှ ခက်ထန်စွာ ပြောဆိုလာခဲ့သည် “ ငါ့ရှေ့မှာ ဒူးထောက်စမ်း “
သူသည် စကားပြောဆိုရင်းဖြင့် လှုပ်ရှားလာခဲ့သည်။
အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တစ်ဦး၏ လှုပ်ရှားမှုမှာ အလွန်တရာ ကြီးကျယ်ခမ်းနားနေခဲ့ပြီး၊ ကမ္ဘာ့ကြယ်တစ်ခုလုံးကိုပင် အနည်းငယ် လှုပ်ခါသွားစေခဲ့သည်။
ကောင်းကင်ထက်တွင် ဧရာမ လက်ကြီးတစ်ဖက် ပေါ်ထွက်လာခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင်သောင်းနှင့်ချီသော အကွာအဝေးကို ကျော်ဖြတ်ကာ၊ ကြယ်တာရာ T-Rex နတ်ဘုရားကို ဖမ်းဆုပ်ရန် ပြင်လိုက်သည်။
…………………………………………………………………………………………………………………………………
အပိုင်း ( 659 )
သေသည်အထိ တိုက်ခိုက်ခြင်း
ထိုမြင်ကွင်းသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။
မျက်လုံးသုံးလုံးဘုရင်က တစ်လက်မလေးပင် မရွေ့လျားဘဲ၊ အတွေးဖြင့်သာ တိုက်ခိုက်ခဲ့သည်ဆိုသည်ကို သိကြရမည် ဖြစ်သည်။ ပြိုင်ဘက်ကင်း သတ်ဖြတ်လိုစိတ် ဆင်းသက်လာခဲ့ပြီး၊ ကီလိုမီတာ သိန်းနှင့်ချီ၍ ပျံ့နှံ့သွားခဲ့သည်။
ဆံနီအထွတ်အထိပ် ပညာရှင်နှင့် ဆံနက်အမျိုးသမီး အထွတ်အထိပ် ပညာရှင်တို့မှာ အံ့ဩတကြီး ဖြစ်သွားခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် သူတို့၏ မျက်လုံးများထဲတွင် မျှော်လင့်တောင့်တမှုများ ဖြစ်တည်လာခဲ့သည်။
၎င်းမှာ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ဖြစ်သည်။
ထိုကဲ့သို့သော နတ်စွမ်းရည်မျိုးနှင့် ရင်ဆိုင်လိုက်ရသောအခါတွင် အဆင့်နိမ့် အထွတ်အထိပ် ပညာရှင်ကပင် ချက်ချင်း ပျောက်ကွယ်သွားမည် ဖြစ်သည်။
“ ဘုရင်သုံးပါးက တိုက်ခိုက်လာပြီဆိုတော့၊ အဲ့လူ သေမှာ သေချာတယ် “
ဆံနီအထွတ်အထိပ် ပညာရှင်သည် အဝေးသို့ လှမ်းကြည့်နေခဲ့သည်၊ သူက အဆင့်နိမ့် အထွတ်အထိပ် ပညာရှင်တစ်ဦးသာ ဖြစ်သော်လည်း၊ သူ၏အမြင်အာရုံမှာ မိုင်သိန်းဂဏန်းအထိ ထိုးဖောက်ဝင်ရောက်နေနိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် နောက်ထပ်စီရင်စုမြို့တစ်ခုဆီသို့ သွားနေသည့် ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း သေခြင်းရှင်ခြင်းအကြပ်အတည်းကို ရုတ်တရက် အာရုံခံမိသွားခဲ့သည်။
“ အဲ့အဆင့်က ပညာရှင် လှုပ်ရှားလာပြီလား “
ဧရာမ လက်ကြီးကို မြင်လိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းက အဆင့်နိမ့် အထွတ်အထိပ် ပညာရှင်၏ လုပ်နိုင်စွမ်းထပ် များစွာကျော်လွန်နေသည်ဆိုသည်ကို နားလည်သွားခဲ့သည်။
“ အခုလက်ရှိ ငါက အဲ့အဆင့်က ပညာရှင်တွေကို ယှဥ်နိုင်မလားဆိုတာကို ငါသိချင်တယ် “
ကြယ်တာရာ T-Rex နတ်ဘုရား အတွေးနက်သွားခဲ့သည်။
သို့သော် သူ၏စိတ်ထဲတွင်မူ သူသည် ၎င်းက ကိစ္စကောင်းမဟုတ်ဘူးဆိုသည်ကို သိနေခဲ့သည်။
အထွတ်အထိပ် ပညာရှင်များအနက်၊ အဆင့်နိမ့်နှင့် အလယ်အလတ် အထွတ်အထိပ် ပညာရှင်တို့ကြားရှိ ကွာဟချက်မှာ များစွာကြီးမားမနေခဲ့ပေ။
သို့သော် အဆင့်မြင့် အထွတ်အထိပ်သို့ ရောက်ရှိသွားပါက၊ ခွန်အားကွာခြားချက်က သိသိသာသာ ကြီးမားလာခဲ့ပြီ ဖြစ်သည်။
အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တစ်ဦး ဖြစ်လာရန်အတွက်၊ လူတစ်ဦးသည် ပြီးပြည့်စုံသော တာအိုနိယာမ ငါးခုကို နားလည်ရမည် ဖြစ်သည်။
အဆိုပါ နိယာမငါးခုအနက်မှ တစ်ခုသည် အဆင့်မြင့် နိယာမ ဖြစ်ရမည် ဖြစ်သည်။
အဆင့်မြင့် အထွတ်အထိပ် ပညာရှင်များကြားရှိ အစွမ်းအထက်ဆုံး ပညာရှင်များကမူ သုံးခု(သို့) ထို့ထပ်ပိုသည့် အဆင့်မြင့် နိယာမများကို နားလည်ထားကြသည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ ပြည့်ဝအဆင့် နိယာမကို အသုံးပြု၍ အဆင့်နိမ့် အထွတ်အထိပ်များကို ဖိနှိပ်နိုင်ပေသည်။
အဆင့်နိမ့် အထွတ်အထိပ် ပညာရှင်ဆိုသည်မှာ အထွတ်အထိပ်အဆင့်တွင် အားအနည်းဆုံးသော ပညာရှင်များ ဖြစ်သည်။
ယခုလက်ရှိ သူက အဆင့်မြင့် အထွတ်အထိပ် ပညာရှင်နှင့် ရင်ဆိုင်ရမည်ဆိုပါက၊ အဆင့်ကျော်တိုက်ခိုက်ရန်မှာ အလွန်တရာ ခက်ခဲနေလိမ့်မည် ဖြစ်သည်။
ပို၍ အရေးကြီးသော အရာမှာ ကြယ်တာရာ T-Rex နတ်ဘုရားသည် ဤတစ်ကြိမ်တွင် အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တစ်ဦးထပ်ပို၍ ရောက်ရှိလာသည်ကို အာရုံခံမိနေခြင်း ဖြစ်သည်။
“ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်သုံးယောက် “
သူသည် နောက်သို့လှည့်ကာ အနက်ရောင် လက်ကြီးထံသို့ လက်ဝါးချက်တစ်ခု ပစ်လွှတ်လိုက်သည်။
“ လောင်ကျွမ်း “
ဧရာမ ကြက်သွေးရောင် လက်ကြီးတစ်ဖက် ပေါ်လာခဲ့ပြီး၊ ကောင်းကင်ပြင်ကို ဖုံးလွှမ်းသွားခဲ့သည်။
ငြှိမ်းသက်၍ မရသော ကြယ်မီးဖို
ဒီဂရီ ဆဲစီးယပ် ဘီလီယံ ဆယ်နှင့်ချီသော အပူချိန်သည် ကြောက်မက်ဖွယ်ကောင်းသည့် အပူလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်တစ်ခုလုံးသည် ငရဲပြည်ကို ရောက်သွားသည့်အလား ဖြစ်သွားခဲ့သည်။
မိုင်သောင်းနှင့်ချီသော ဧရိယာအတွင်းရှိ မြို့များသော်လည်းကောင်း၊ တောင်တန်းများသော်လည်းကောင်း၊ အရာအားလုံးသည် အဆိုပါ အပူချိန်၏ အောက်တွင် ပြာမှုန်များအဖြစ် ချက်ချင်းပြောင်းလဲသွားခဲ့သည်။
ဒီဂရီ ဆဲစီးယပ် တစ်ဆယ်ဘီလီယံဆိုသည့် အပူချိန်သည် ကြယ်တစ်လုံး၏ အပူချိန်ထပ်ပင် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
ထိုကဲ့သို့သော အပူချိန်မျိုးကို အထွတ်အထပ် ပညာရှင်များကပင် ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
“ ဘုမ်းးးး “
ကြယ်တာရာ T-Rex နတ်ဘုရား၏ ကြက်သွေးရောင် လက်ကြီးသည် မျက်လုံးသုံးလုံးဘုရင်၏ အနက်ရောင် လက်ကြီးနှင့် တိုက်မိသွားခဲ့ကာ၊ ဆန့်ကျင်ဘက် ဖိအား နှစ်ခု ပေါက်ထွက်လာခဲ့သည်။
ကောင်းကင်သည် အနီနှင့်အနက်ဟူ၍ အရောင်နှစ်ရောင်အဖြစ် ကွဲထွက်သွားကာ၊ စိတ်ဆန္ဒနှစ်ခု တိုက်ခိုက်နေသည့်အလား ဖြစ်နေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ ကြက်သွေးရောင် လက်ကြီးသည် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုကို ဖော်ထုတ်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော အပူချိန်၏ တိုက်စားမှုအောက်တွင်၊ အနက်ရောင်လက်ကြီးသည် အနီရောင်အဖြစ် ပြောင်းလဲသွားတော့မည့် လက္ခဏာရပ်များ ပြသလာခဲ့သည်။
ဆံနီအထွတ်အထိပ် ပညာရှင်၊ ဆံနက် အမျိုးသမီးနှင့် တစ်ခြားသောအဆင့်နိမ့် အထွတ်အထိပ် နှစ်ဦးမှာ လုံးဝအံ့ဩမှင်သက်သွားကြသည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူက မျက်လုံးသုံးလုံးဘုရင်ကို တကယ်ကြီး ဖိနှိပ်နေတာလားဟ “
သို့သော် သူတို့သည် ကိစ္စက ထိုကဲ့သို့ မဟုတ်ဘူးဆိုသည်ကို လျင်မြန်စွာ နားလည်သွားခဲ့သည်။
ဆံနက် အမျိုးသမီး အထွတ်အထိပ် ပညာရှင်သည် တိတ်တဆိတ် တွေးတောစဥ်းစားနေခဲ့သည် “ အဲ့လူရဲ့ လက်က မျက်လုံးသုံးလုံးဘုရင်ရဲ့ နတ်စွမ်းရည်ကို တိုက်စားနေတဲ့ပုံပဲ၊ ဒါပင်မဲ့ အဲ့တာက အပူချိန်ကြောင့် အရောင်မှိန်သွားတာ ဖြစ်နိုင်တယ် “
“ တကယ်တော့ မျက်လုံးသုံးလုံးဘုရင်က အဲ့လူကို လုံးဝ ဖိနှိပ်ထားတာ “
တကယ့်ဖြစ်ရပ်မှာလည်း သူမ မှန်းဆထားခဲ့သည့်အတိုင်းသာ ဖြစ်နေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ ခုခံမှုနှင့် ရင်ဆိုင်လိုက်ရသောအခါတွင်၊ မျက်လုံးသုံးလုံးဘုရင်၏ လက်သည် တစ်ခဏခန့်သာ ရပ်ဆိုင်းသွားခဲ့ပြီး၊ ထို့နောက် ကြယ်တာရာ T-Rex နတ်ဘုရားကို ချေမှုန်းလာခဲ့သည်။
အဝေးမှ လှမ်းမျှော်ကြည့်ရှုလိုက်မည်ဆိုပါက၊ ကြယ်တာရာ T-Rex နတ်ဘုရားက ဧရာမ လက်ကြီး၏ တစ်ဖက်၏ ဖိနှိပ်ခြင်းကို ခံနေရသော အနီရောင် ဥက္ကာပျံတစ်ခုကဲ့သို့ ဖြစ်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
သူသည် အပြည့်အဝ ဖိချေခံလိုက်ရတော့မည့်အလား ဖြစ်နေခဲ့သည်။
“ ဗွီ “
ထိုအချိန်၌ လျှို့ဝှက်ဆန်းကြယ်သော လှိုင်းတစ်ခု ပေါက်ထွက်လာခဲ့သည်။
အနက်ရောင် လက်ကြီးက မြေပြင်ပေါ်သို့ အပြည့်အဝ ဖိချလာခဲ့သည့် အချိန်တွင်၊ ၎င်းသည် ရုတ်တရက် အေးခဲတောင့်တင်းသွားခဲ့သည်။ ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ၊ အဝေးသို့ ပြေးထွက်သွားတော့သည်။
“ အချိန်နိယာမလား “
မျက်လုံးသုံးလုံးဘုရင်သည် အနည်းငယ် အံ့ဩသွားခဲ့သည်။
အချိန်နိယာမသည် အဆင့်မြင့် နိယာမများအနက် နားလည်ရ အခက်ဆုံး နိယာမဖြစ်ပြီး၊ ၎င်းကို နားလည်ဆင်ခြင်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲမှာ အန္တိမနိယာမ၏ လေ့လာရာတွင် ရင်ဆိုင်ရသည့် အခက်အခဲထပ် မည်သို့မျှ လျော့နည်းမနေခဲ့ပေ။
၎င်းကို ကျွမ်းကျင်သွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းသည် ထူးခြားသော ရလဒ်များကို ယူဆောင်ပေးလာမည် ဖြစ်သည်။
ယခင်ကကဲ့သို့ပင် မျက်လုံးသုံးလုံးဘုရင်အတွက် အနိုင်သေချာနေသည့် တိုက်ပွဲကို အချိန်နိယာမက အခြေအနေ ပြောင်းလဲသွားစေခဲ့သည်။
သူ့ဘေးနားရှိ မင်ကျိသည် တခစ်ခစ် ရယ်မောနေတော့သည် “ မျက်လုံးသုံးလုံးဘုရင်၊ နင်မကိုင်တွယ်နိုင်ဘူးလား။ အဆင့်၉ ဂျူနီယာလေးကို ဖြေရှင်းဖို့အတွက် အချိန်အကြာကြီး ယူနေရတယ်နော် “
မျက်လုံးသုံးလုံးဘုရင်မှာ မျက်မှောင်ကြုတ်သွားခဲ့သည်၊ သူ၏ဓာတ်ကြီးငါးပါးနှင့် ဟင်းလင်းပြင် စွမ်းရည်တို့ကသာ မထိခိုက်ထားဘူးဆိုပါက၊ အဆိုပါ တိုက်ကွက်သည် ကြယ်တာရာ T-Rex နတ်ဘုရားကို လုံးဝပျောက်ကွယ်သွားစေမည် ဖြစ်သည်။
“ သူက ဘယ်နှကွက်လောက် ရှောင်နိုင်မလဲဆိုတာကို ငါသိချင်သွားပြီ “
မျက်လုံးသုံးလုံးဘုရင်သည် အေးစက်စွာ နှာခေါင်းရှုံ့ကာ၊ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။
ခရက်
မီတာသောင်းနှင့်ချီ၍ ရှည်လျားသော ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပွင့်ထွက်လာခဲ့သည်။
ထိုအချိန်၌ ကီလိုမီတာ သိန်းနှင့်ချီသည့် အကွာအဝေးတွင် ရှိနေခဲ့သည့် မျက်လုံးသုံးလုံးဘုရင်သည် ကြယ်တာရာ T-Rex နတ်ဘုရားအနားသို့ လျင်မြန်စွာ ချဥ်းကပ်လာခဲ့သည်။
၎င်းမှာ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တစ်ဦး နည်းလမ်းဖြစ်သည်။
ဟင်းလင်းပြင် စွမ်းရည်က ထိခိုက်နေသည်ဆိုလျှင်တောင်မှ၊ ရုပ်ခန္ဓာကို အားကိုး၍ ကီလိုမီတာ သိန်းနှင့်ချီသော အကွာအဝေးသို့ ချက်ချင်း သွားရောက်နိုင်ပေသည်။
ပြီးပြည့်စုံသော ဟင်းလင်းပြင် နည်းလမ်းနှင့်သာဆိုပါက သူသည် ကီလိုမီတာ သန်းဂဏန်းအထိ ချက်ချင်းရောက်ရှိသွားမည် ဖြစ်သည်။
အဆင့်မြင့် အထွတ်အထိပ် ပညာရှင်များအတွက် ကြယ်လမ်းကြောင်း ရှာဖွေခြင်းမှာ အခြေခံစွမ်းရည်တစ်ခု ပြောဆိုနိုင်သော်လည်း၊ အဆင့်နိမ့် အထွတ်အထိပ် ပညာရှင်များကမူ ထိုစံနှုန်းနှင့် များစွာ ဝေးကွာနေသေးသည်။
…
တစ်ချိန်တည်းမှာပင်
မျက်လုံးသုံးလုံးဘုရင်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းခဲ့ပြီးသည့်နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရားသည် သူက အဆင့်မြင့် အထွတ်အထိပ် ပညာရှင်၏ နည်းလမ်းများကို လျှော့တွက်ထားမိကြောင်း နားလည်သွားခဲ့သည်။
အကယ်၍ သူ၏ အချိန်နိယာမ ကျွမ်းကျင်မှုကသာ ပြည့်ဝ အဆင့်ထိ ရောက်မနေခဲ့ဘူးဆိုပါက၊ ယနေ့တွင် သူသည် ထိုနေရာမှာပင် ကျဆုံးသွားခဲ့မည် ဖြစ်သည်။
သို့သော် သူသည် အချိန်နိယာမကိုပင် တစ်ချိန်လုံး အားကိုးနေ၍ မဖြစ်ပေ။ ပြိုင်ဘက်က ၎င်းကို မြင်တွေ့ထားခဲ့ပြီးပြီဖြစ်သောကြောင့်၊ သူ့အား ထိုကဲ့သို့ ပြုလုပ်ခွင့် ထပ်ပေးမည် မဟုတ်ပေ။
………………………………………………………………………………………………………………………………..
အပိုင်း ( 660 )
သေသည်အထိ တိုက်ခိုက်ခြင်း ၂
ထိုအချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရား၏ အရှေ့ဘက်တွင် နတ်စွမ်းအားများ ဆက်တိုက်စုစည်းလာခဲ့ပြီး၊ လျှို့ဝှက်ဆန်းကြယ်သော သံလိုက်အိမ်မြှောင် ဖွဲ့စည်းသွားခဲ့သည်။
“ ကောင်းကင်ဘုံ တွက်ချက်ခြင်း သံလိုက်အိမ်မြှောင် “
အဆိုပါ သံလိုက်အိမ်မြှောင်သည် သူ၏ ကံကြမ္မာတာအိုမှ ဆင်းသက်လာခြင်းဖြစ်ပြီး၊ ကောင်းကင်ဘုံ ဖြစ်စဥ်များကို တွက်ချက်နိုင်ကာ၊ အနာဂတ်ကို ကောက်ချက်ချ၊ မှန်းဆနိုင်စွမ်းရှိသည်။
ကံကြမ္မာနိယာမမှာလည်း အဆင့်မြင့် နိယာမများအနက်မှ တစ်ခုဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် ၎င်းအား လူသားဧကရာဇ် အမွေအနှစ်မှတစ်ဆင့်၊ အမွေဆက်ခံရရှိခဲ့ခြင်း ဖြစ်ပြီး၊ သူသည် ၎င်းအား ပြည့်ဝအဆင့်အထိ ကျင့်ကြံထားနိုင်ခဲ့သည်။
“ ဗွီ “
သံလိုက်အိမ်မြှောက်သည် လျင်မြန်စွာ လည်ပတ်လာခဲ့ပြီး၊ လာမည့်တိုက်ပွဲ၏ ရလဒ်ကို မှန်းဆပေးလာခဲ့သည်။
“ မျှော်လင့်ချက် နည်းနည်းလား “
သူ၏ မျက်ဝန်းများ ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
၎င်းမှာ အကယ်၍ သူကသာ ဆက်တိုက်နေမည်ဆိုပါက၊ မျှော်လင့်ချက် ရေးရေးမျှရှိသည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။
ကောင်းကင်ဘုံ တွက်ချက်ခြင်း သံလိုက်အိမ်မြှောင်သည် အနာဂတ်ကို တွက်ချက်နိုင်သော်လည်း၊ အကြမ်းဖျင်း မှန်းဆချက်တစ်ခုကိုသာ ညွှန်ပြနိုင်ပေသည်။ အထူးသဖြင့် အဆင့်မြင့် အထွတ်အထိပ် ပညာရှင်များ ပါဝင်ပတ်သက်နေသည့် ကိစ္စတွင်ဖြစ်ပြီး၊ ယေဘူယျ ရလဒ်ထွက်လာအောင် တွက်ချက်နိုင်ခြင်းကပင် အံ့အားသင့်ဖွယ်ကောင်းနေခဲ့ပြီ ဖြစ်သည်။
“ ငါ့ဆီမှာက ငါအချိန်မရွေး ပုန်းလို့ရတဲ့ ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်ရှိတယ်။ သီအိုရီအရဆိုရင် မျှော်လင့်ချက် နည်းနည်းလေးပဲ ရှိနေသင့်တာ မဟုတ်ဘူး “
“ အဲ့တာက ….. “
“ ပြိုင်ဘက်ဆီမှာ ချုပ်နှောင်ခြင်း နည်းလမ်းတစ်ခုခု ရှိနေပြီးတော့၊ အဲ့တာက ငါကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်ထဲ ဝင်မှာကို တားနိုင်လို့များလား “
၎င်းမှာ မဖြစ်နိုင်သော အရာမဟုတ်ပေ၊ ယခင်တစ်ကြိမ်က သူသည် ကမ္ဘာ့ကြယ်တာအိုကို ဖြိုခွဲကာ၊ ဟင်းလင်းပြင် နည်းစနစ်များကို အသုံးပြု၍ ထွက်ပြေးနိုင်ခဲ့သည်။
ကမ္ဘာ့ကြယ်၏ ဘုရင်သုံးပါးထံတွင် ထိုကဲ့သို့သော နည်းလမ်းများအတွက် တန်ပြန်ကာကွယ်မှုများ သေချာပေါက်ရှိနေမည် ဖြစ်သည်။
အကယ်၍ သူကသာ တူညီသော နည်းလမ်းကို အသုံးပြုမည်ဆိုပါက၊ ၎င်းက မည်သို့မျှ အလုပ်ဖြစ်လိမ့်မည် မဟုတ်ပေ။
သို့ရာ၌ ကြယ်တာရာ T-Rex နတ်ဘုရားမှ ၎င်းကို စမ်းသပ်ကြည့်လိုက်ရာ၊ သူက ဟင်းလင်းပြင် နေရာလွတ်မှတစ်ဆင့် လွတ်မြောက်နိုင်သေးသည်ကို သိရှိသွားခဲ့သည်။
“ ဆိုတော့ အခုထွက်သွားမယ်ဆိုရင်၊ ငါဘေးကင်းမယ် “
“ ဆက်တိုက်နေမယ်ဆိုရင်တော့၊ မျှော်လင့်ချက် နည်းနည်းပဲ ရှိမယ်ပေါ့ “
တိုက်ခိုက်မလား၊ ပြန်ဆုတ်မလား
ကြယ်တာရာ T-Rex နတ်ဘုရားသည် တစ်ခဏခန့် တွေးတောစဥ်းစားကာ ဆုံးဖြတ်ချက်ချလိုက်သည်။
ထိုအချိန်၌ မျက်လုံးသုံးလုံးဘုရင်သည် ကမ္ဘာပျက်သွားစေနိုင်သည့် ဆူနာမီကဲ့သို့သော အရှိန်အဟုန်ကို သယ်ဆောင်ကာ တိုက်ခိုက်လာခဲ့သည်။
“ အငယ်လေး၊ မင်းရဲ့ ခြေလက်တွေကို မင်းကိုယ်တိုင် ဖြတ်ပြီးတော့၊ ငါ့ကို အရှုံးပေးလိုက်၊ ငါမင်းအသက်ကို ချမ်းသာပေးမယ် “
မျက်လုံးသုံးလုံးဘုရင်သည် မထီမဲ့မြင်ပြုနေသော ဟန်အမူအရာဖြင့် အောက်သို့ ငုံ့ကြည့်လာခဲ့သည်။
သူသည် ဟင်းလင်းပြင် အက်ကွဲကြောင်းပေါ်တွင် ရပ်နေခဲ့ကာ၊ နေရောင်ခြည်ကို မှန်ဝါးသွားစေသည့် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့သည်။
သူစကားပြောနေစဥ် အချိန်တွင် ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်သည် နိယာမသံကြိုးတို့၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရသည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ဤဟင်းလင်းပြင်သည် ကမ္ဘာ့ကြယ်မှ ဆွဲထုတ်ခံလိုက်ရသည့်အလား ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါလာခဲ့သည်။
နောက်မှ အနီးကပ် လိုက်လာခဲ့သည့် ဆံနီပညာရှင်၊ ဆံနက်အမျိုးသမီးနှင့် တစ်ခြားလူများသည် အလွန်တရာ အံ့ဩတုန်လှုပ်သွားကြသည်။
၎င်းမှာ အဆင့်အမြင့်ဆုံး ဟင်းလင်းပြင် ချုပ်နှောင်မှုဖြစ်ပြီး၊ ဟင်းလင်းပြင်ကို ကိုယ်ပိုင်နယ်မြေတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်စွမ်းရှိပေသည်။
ထိုကဲ့သို့သော အခြေအနေမျိုးအောက်၌ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ကပင်၊ ပြီးပြည့်စုံသော ဟင်းလင်းပြင် နိယာမကို နားမလည်ဘူးဆိုပါက၊ ဟင်းလင်းပြင် နည်းစနစ်များကို အသုံးပြု၍ ဤနေရာမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
၎င်းမှာ ပြီးပြည့်စုံသော ဟင်းလင်းပြင် တာအို နိယာမဖြစ်သည်။
အကယ်၍ ၎င်းက ထိခိုက်ထားမည်ဆိုလျှင်တောင်မှ၊ မပြည့်စုံသော ဟင်းလင်းပြင် တာအိုထပ် ပိုမိုအစွမ်းထက်နေဦးမည် ဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားမှာလည်း ဤဟင်းလင်းပြင်က လုံးဝချုပ်နှောင်ခံလိုက်ရပြီကို အာရုံခံမိနေခဲ့သည်၊ သူ၏ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ကပင် ၎င်း၏ အကျိုးအာနိသင်ကို ဆုံးရှုံးသွားခဲ့သည်။
သို့ရာ၌ သူ၏ မျက်နှာပေါ် တွင် စိုးရိမ်ပူပန်နေသည့် အရိပ်အငွေ့များ လုံးဝရှိမနေခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် သူဆုံးဖြတ်ချက်ချခဲ့ပြီးပြီ ဖြစ်သောကြောင့် ဖြစ်သည်။
တိုက်ခိုက်မည်။ မျှော်လင့်ချက်ရောင်ခြည်လေးအတွက် တိုက်ခိုက်မည်။
ဤလမ်းကြောင်းမှတစ်ပါး တစ်ခြားသော ရွေးချယ်စရာ မရှိတော့ပေ။
အမှောင်နယ်မြေ ဆင်းသက်လာမည့် အချိန်မှာ တစ်လပင် မလိုတော့ချေ၊ ယခုတွင် လွတ်မြောက်သွားမည်ဆိုပါက၊ သူသည် အနှေးနှင့်အမြန်ဆိုသလိုပင် ၎င်းကို ထပ်မံ၍ ရင်ဆိုင်ရဦးမည် ဖြစ်သည်။
“ နေဖမ်းဆုပ်ခြင်း လက် “
ကြယ်တာရာ T-Rex နတ်ဘုရား၏ ပတ်ပတ်လည်တွင် နတ်စွမ်းအားများ မြင့်တက်လာခဲ့ပြီး၊ ၎င်းတို့သည် ရှုပ်ထွေးနေသာ ရုန်းများအဖြစ် ပြောင်းလဲသွားကာ၊ သူ၏လက်ထဲတွင် စုစည်းလာခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် မျက်လုံးသုံးလုံးဘုရင်ထံသို့ သူ၏ လက်ဝါးကို ဆန့်ထုတ်လိုက်သည်။
ဉာဏ်အလင်းရဖြစ်စဥ်အတွင်း၌ တစ်လကြာ နစ်မြုပ်နေခဲ့စဥ်အချိန်တွင်၊ သူသည် မဟာနေမင်းကျမ်း၊ ပြန်လည်မွေးဖွားခြင်း ဓားနည်းစနစ်နှင့် ကောင်းကင်ဘုံ ချောင်းကြည့်ခြင်း နည်းစနစ်ကဲ့သို့သော အန္တိမ အထွတ်အထိပ်နည်းစနစ်များကိုပါ နားလည်တတ်ကျွမ်းခဲ့သည်။
( ဒီနေရာမှာတော့ အန္တိမ အထွတ်အထိပ်အဆင့်ဆိုပြီး သေသေချာချာ သုံးထားပါတယ် )
သို့သော် ပြန်လည်မွေးဖွားခြင်း ဓားနည်းစနစ်နှင့် ကောင်းကင်ဘုံ ချောင်းကြည့်ခြင်း နည်းစနစ်တို့မှာ ကြောင်းကျိုးဆက်စပ်မှု နိယာမနှင့် ဟင်းလင်းပြင်-အချိန် နိယာမတို့နှင့် ဆက်စပ်နေသောကြောင့် တိုးတက်မှုအနည်းသာ ရှိခဲ့သည်။
သို့ရာ၌ မဟာနေမင်းကျမ်းကမူ သေးငယ်သော အောင်မြင့်မှုအဆင့်အထိ တိုးတက်နေခဲ့ပြီ ဖြစ်သည်။
၎င်းက သေးငယ်သော အောင်မြင်မှု အဆင့်တွင်သာ ရှိနေသေးသော်လည်း၊ ကြယ်တာရာ T-Rex နတ်ဘုရားက တော်ဝင်မိသားစုနှင့် ဧကရာဇ် မိသားစုများမှ ပါရမီရှင်တို့ကို သတ်ဖြတ်ခဲ့သည့် အချိန်တွင်၊ ၎င်းက စဦးအဆင့်တွင်သာ ရှိနေခဲ့သည်ကို အမှတ်ရကြရမည် ဖြစ်သည်။
ယခုတွင် ၎င်းက သေးငယ်သော အောင်မြင်မှုအဆင့်အထိ ရောက်ရှိနေသောကြောင့်၊ ၎င်း၏ စွမ်းအားမှာလည်း ယခင်ကထပ် အဆပေါင်းများစွာ ပိုအားကောင်းနေမည် ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခု ပျံ့လွင့်လာခဲ့ကာ၊ အဆင့်နိမ့် အထွတ်အထိပ် ပညာရှင်တို့၏ အမူအရာများကို ပြောင်းလဲသွားစေခဲ့သည်။
တစ်ချိန်တည်းမှာပင် မျက်လုံးသုံးလုံးဘုရင်ပါ မျက်မှောင်ကြုတ်သွားခဲ့သည် “ အဲ့တာက ……. အန္တိမ အထွတ်အထိပ် နည်းစနစ်လား “
သူ၏မျက်နှာပေါ် လေးလေးနက်နက် ဖြစ်သွားသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်၊ ၎င်းမှာ အဆိုပါ ဖိအားကြောင့် မဟုတ်ဘဲ၊ နဝမအဆင့်နယ်ပယ်မှ ဂျူနီယာတစ်ဦးက ထိုကဲ့သို့သော နည်းစနစ်မျိုးကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။
အန္တိမ အထွတ်အထိပ် နည်းစနစ်များသည် အန္တိမ နိယာမများထပ်ပင် ပိုမိုရှားပါးနေခဲ့သည်။
အန္တိမ နိယာမများသည် အထွတ်အထိပ်အဆင့်တွင် နားလည်တတ်ကျွမ်းနိုင်သည့် အရာများ ဖြစ်သည်။
သို့သော် အန္တိမ အထွတ်အထိပ် နည်းစနစ်များကမူ၊ အန္တိမ နယ်ပယ်မှ ပညာရှင်တစ်ဦး၏ သင်ကြားပြသပေးမှု မရှိဘူးဆိုပါက၊ မည်သို့မျှ ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။
ဖမ်းဆီးခြင်း၊ စိတ်ဝိညာဥ် ရှာဖွေခြင်းနှင့် တစ်ခြားသော နည်းလမ်းများကို အသုံးပြုမည် ဆိုလျှင်တောင်မှ ၎င်းတို့ကို အမွေဆက်ခံနိုင်လိမ့်မည် မဟုတ်ပေ။
“ ဒီကောင်က …. ဘယ်သူလဲ။ သူက ရှေးဧကရာဇ်ရဲ့ အမွေဆက်ခံသူများလား “
မျက်လုံးသုံးလုံးဘုရင်သည် ရှေးခေတ်မှ ရှေးဟောင်း လျှို့ဝှက်ချက်အချို့ကို သိရှိကာ၊ အမြင်ကျယ်သောကြောင့်၊ ဤကိစ္စကို ပို၍အလေးအနက် ထားနေခဲ့သည်။
“ အဲ့တာက အန္တိမ အထွတ်အထိပ် နည်းစနစ်တစ်ခုဆိုပင်မဲ့၊ မင်းရဲ့ နယ်ပယ်က အဆင့်၉မှာပဲ ရှိနေသေးတယ်၊ အဲ့တာရဲ့ တကယ့်စွမ်းအားကို ထုတ်လွှတ်နိုင်မှာ မဟုတ်ဘူး “
မျက်လုံးသုံးလုံးဘုရင်မှ အေးအေးလူလူ စကားပြောလာခဲ့သည်။
သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင် သူ၏ အကြည့်မှာ ထပ်မံ၍ စူးရှသွားခဲ့ရပြန်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားထံမှ ကိုယ်ပွားပေါင်းများစွာ ပေါ်ထွက်လာခဲ့သည်။
ဘိုးဘေးနဂါး အရိပ်တစ်သောင်း နယ်မြေချိုးဖျက်ခြင်း နည်းစနစ်
ချက်ချင်းဆိုသလိုပင် ကိုယ်ပွားတစ်သောင်း ပေါ်ထွက်လာခဲ့ပြီး၊ ကိုယ်ပွားတစ်ခုချင်းစီတိုင်းသည် နေဖမ်းဆုပ်ခြင်း လက်ကို အသက်သွင်းထားကြသည်။
ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်လှိုင်းတစ်ခု ပေါက်ထွက်လာခဲ့ကာ၊ တောင်တန်းများကို ငိုကြွေးသွားစေပြီး၊ ပင်လယ်ပြင်ကို အော်မြည်လာစေခဲ့သည်။
“ အဲ့တာက ……… သူ့ရဲ့ စွမ်းအားက အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလားဟ “
ဆံနီ ပညာရှင်နှင့် ဆံနက် အမျိုးသမီး၊ နှစ်ဦးစလုံး၏ အမူအရာများ ဖြူဖျော့သွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ကြယ်တာရာ T-Rex နတ်ဘုရား ထုတ်ပြသခဲ့သည့် စွမ်းအားက သူတို့နှစ်ဦးစလုံးကို အကြီးအကျယ် ခြိမ်းခြောက်နေသောကြောင့် ဖြစ်သည်။
ထိုအချိန်၌ ကြောက်မက်ဖွယ်ကောင်းသည့် မှန်းဆချက်တစ်ခု ဖြစ်တည်လာခဲ့သည်၊ အကယ်၍ သူတို့ကသာ ထိုလူကို အမှီလိုက်နိုင်ခဲ့မည်ဆိုပါက၊ သူတို့၏ အဆုံးသတ်မှာ သေချာပေါက် ဆိုးရွားနေမည် ဖြစ်သည်။
“ ဘုရင်သုံးပါး ရောက်လာတာ ကံကောင်းတယ်၊ အဲ့လူက ဒီနေ့မှာ သေချာပေါက် သေပြီပဲ “ ဆံနီ အထွတ်အထိပ်ပညာရှင်သည် စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်ပြောဆိုနေခဲ့သည်။
ထိုအချိန်၌ မျက်လုံးသုံးလုံးဘုရင်၏ အမူအရာမှာ လုံးဝအေးစက်၊ ခက်ထန်နေလျက်ရှိသည်။
သူ၏လက်ဝါးကို မြှောက်လိုက်ရာ၊ ကြီးမားသော နတ်စွမ်းအားတစ်ခု ရုတ်တရက် ဆင်းသက်လာခဲ့သည်။
“ ဓား “
မျက်လုံးသုံးလုံးဘုရင်မှ စကားပြောလာခဲ့သည်၊ သူ၏ အသံသည် ကောင်းကင်ဘုံ၊ ကမ္ဘာမြေတို့နှင့် ပဲ့တင်ထပ်နေသည့်အလား ကြီးကျယ်ခမ်းနားနေခဲ့သည်။
စကားလုံးတစ်လုံးမျှသာ ဖြစ်သော်လည်း၊ ဒီနယ်မြေအတွင်းတွင် သန်းနှင့်ချီသော ဓားပျံများ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ ကိုယ်ပွား တစ်သောင်းထံသို့ တဟုန်ထိုး ပြေးဝင်သွားကြသည်။
ဓားနိယာမ
၎င်းက အဆင့်နိမ့် နိယာမတစ်ခုမျှသာ ဖြစ်သော်လည်း၊ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်၏ ပြီးပြည့်စုံသော အဆင့်နိမ့် နိယာမဖြင့် ထုတ်လွှတ်လိုက်သောကြောင့်၊ ၎င်းသည် ပြည့်ဝအဆင့်တွင် ရှိနေသည့် အန္တိမ နိယာမကို ချေမှုန်းနိုင်သည်အထိ လုံလုံလောက်လောက် အစွမ်းထက်နေခဲ့သည်။
“ ဘုမ်း ဘုမ်း ဘုမ်း “
အဆက်မပြတ် ထွက်ပေါ်လာသည့် ဆူညံသံများအတွင်းတွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ကိုယ်ပွားတစ်ဝက်မှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
၎င်းမှာ သူက အန္တိမ အထွတ်အထိပ် နည်းစနစ်ဖြစ်သည့် နေဖမ်းဆုပ်ခြင်း လက်ကို အသက်သွင်းထားသောကြောင့် ဖြစ်ပြီး၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက၊ သူသည် ဆိုးရွားသော ရှုံးနိမ့်မှုတစ်ခုကို ရင်ဆိုင်လိုက်ရမည် ဖြစ်သည်။
“ အဲ့တာက အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ရဲ့ စွမ်းအားပဲ “
ကြယ်တာရာ T-Rex နတ်ဘုရား၏ စိတ်ထဲတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်လာခဲ့သည်၊ အကယ်၍ သူကသာ အဆင့်မြင့် အထွတ်အထိပ်သို့ အဆင့်ထိုးဖောက်နိုင်ခဲ့မည်ဆိုပါက၊ သူသည် မျက်လုံးသုံးလုံးဘုရင်ကို လက်တစ်ဖက်တည်းဖြင့် ဖိနှိပ်နိုင်မည် ဖြစ်သည်။
“ မိုး “
မျက်လုံးသုံးလုံးဘုရင်မှ ထပ်မံ၍ စကားပြောလာခဲ့ရာ၊ သူသည် နတ်ဘုရားတစ်ပါး၏ ကိုယ်စားပြု တမန်တော်အလား ဖြစ်သွားခဲ့သည်။
စကားလုံးတိုင်းသည် တာအို၏ အမှန်တရားတို့ကို သယ်ဆောင်ထားခဲ့ကာ၊ နတ်ဘုရားတို့၏ နှုတ်မိန့်ကဲ့သို့ ဤကမ္ဘာကြီးနှင့် ပဲ့တင်ထပ်နေခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှ အကြာတွင် အဆုံးမဲ့ မိုးစက်များ သည်းသည်းထန်ထန် ရွာသွန်းလာခဲ့သည်။
မျက်လုံးသုံးလုံးဘုရင်၏ မိုးနိယာမမှာ ရန်ကိုင်၏ မိုးနိယာမထပ် အဆတစ်ရာတိတိ ပိုမိုအစွမ်းထက်နေခဲ့သည်။
အဆင့်မြင့် အထွတ်အထိပ်နှင့် အဆင့်နိမ့် အထွတ်အထိပ်ကြားရှိ ကွာဟချက်မှာ နိယာမတို့သာလျှင် မဟုတ်ဘဲ၊ နတ်စွမ်းအားနှင့် ရုပ်ခန္ဓာတို့ပါ ပါဝင်နေခဲ့ပြီး၊ ၎င်းတို့မှာ ကမ္ဘာနှစ်ခုအလား ဝေးကွာလွန်းနေခဲ့သည်။
ထိုအချိန်၌ အဆုံးမဲ့ မိုးစက်များသည် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ပိုင်ဆိုင်ထားခဲ့သည်။
၎င်းတို့မှာ သာမန်မိုးစက်များ မဟုတ်ဘဲ၊ မည်သည့်အဆင့်နိမ့် အထွတ်အထိပ် ပညာရှင်ကိုမဆို ချေမှုန်းနိုင်စွမ်းရှိသည့် သေမင်းမိုးစက်များ ဖြစ်နေခဲ့သည်။
“ ဘုမ်း ဝုန်း ဘုမ်း “
စက္ကန့်ပိုင်းအတွင်းမှာပင် ကြယ်တာရာ T-Rex နတ်ဘုရား၏ ကိုယ်ပွားတစ်သောင်းစလုံး သုတ်သင်ရှင်းလင်းခံလိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်တွင်လည်း မီတာပေါင်းများစွာ ကျယ်ဝန်းသည့် သွေးစွန်းသော အပေါက်ပေါင်းများစွာ ပေါ်ပေါက်လာခဲ့သည်။
ပြီးပြည့်စုံသော မိုးနိယာမဖြင့် ရောစပ်နေသည့် မိုးစက်များသည် သူ၏ရုပ်ခန္ဓာကို အဆက်မပြတ် တိုက်စားနေခဲ့ပြီး၊ သူ့အား အလွန်တရာ နာကျင်သွားစေခဲ့သည်။
ဤသည်မှာ ကြယ်တာရာ T-Rex နတ်ဘုရား ကြုံတွေ့ခဲ့ဖူးသမျှထဲတွင် အန္တရာယ် အများဆုံးသော တိုက်ပွဲ ဖြစ်သည်။
ကိုယ်ပွားတစ်သောင်း၏ ကာကွယ်ပေးမှု မရှိဘူးဆိုပါက သူသည် သေချာပေါက် ပွဲချင်းပြီး သေဆုံးသွားလိမ့်မည် ဖြစ်သည်။
ကောင်းကင်ထက်ရှိ မျက်လုံးသုံးလုံးဘုရင်သည် ကြယ်တာရာ T-Rex နတ်ဘုရားကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။
“ မင်းက ငါ့ရဲ့ နိယာမကို အကြိမ်ပေါင်းများစွာ ဖြေရှင်းနိုင်ခဲ့တာပဲ။ မင်းရဲ့ ကိုယ်ပွားတွေက ဘယ်နှခေါက် ပေါ်လာနိုင်လဲ “
“ ဒူးထောက်ပြီး ငါ့ကို အရှုံးလိုက် “
မျက်လုံးသုံးလုံးဘုရင်သည် အပြစ်သားကို စီရင်ချက်ချနေသည့် တရားသူကြီးသဖွယ် ဖြစ်နေခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားကို ချက်ချင်း မသတ်ဖြတ်ခဲ့ပေ။
သူသည် ကြယ်တာရာ T-Rex နတ်ဘုရား၏ လျှို့ဝှက်ချက်များကို သိရှိရရန် အလွန်တရာ စိတ်အားထက်သန်နေခဲ့သည်။ နဝမအဆင့် အထွတ်အထိပ်တွင်သာ ရှိနေသော်လည်း၊ အလွန်တရာ ကြောက်ဖွယ်ကောင်းနေခဲ့သည်၊ ၎င်းမှာ သူ၏သိလိုစိတ်ကို နှိုးဆွပေးနေခဲ့သည်။
ပို၍ အရေးကြီးသော အရာမှာ အန္တိမ အထွတ်အထိပ် နည်းစနစ်ဖြစ်သည်။
ရိုးရှင်းသော နည်းလမ်းများဖြင့် ၎င်းကို ရရှိနိုင်မည် မဟုတ်သော်လည်း၊ သူ့ထံတွင် ကိုယ်ပိုင်နည်းလမ်းများ ရှိနေခဲ့သည်။
မျက်လုံးသုံးလုံးဘုရင်သည် ကြယ်တာရာ T-Rex နတ်ဘုရားကို အေးစက်စွာ စိုက်ကြည့်၍ သူ၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေခဲ့သည်။
သို့ရာ၌ ကြယ်တာရာ T-Rex နတ်ဘုရားကမူ သွေးစွန်းနေသည့် သူ၏ဦးခေါင်းဖြင့် ရုတ်တရက် မော့ကြည့်လာခဲ့သည်၊ သူ၏အကြည့်သည် အလွန်တရာ အေးစက်နေပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုစိတ်ကို သယ်ဆောင်ထားခဲ့သည်။
“ သတ် “
ကြယ်တာရာ T-Rex နတ်ဘုရားမှ တိုးညှင်းစွာ ကြုံးဝါးလိုက်ရာ၊ ပြည့်ဝအဆင့် နိယာမ ခုနစ်ခု၏ စွမ်းအားများ အပြည့်အဝ ပေါက်ထွက်လာခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ကမ္ဘာတစ်ခုလုံး ပြင်းပြင်းထန်ထန် လှုပ်ခါလာခဲ့သည်။