အခန်း (၂၁၁-၂၁၃)
Vol. 15 Ch. 211-213
အခန်း (၂၁၁)- ယနေ့ လုပ်ဆောင်ရမည့် တာဝန် (၃)
~ဆုမို၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားပြီး ချက်ချင်းပင် ယန်ရှောင်ယွင်၏ လက်ကို ဖမ်းဆုပ်ကာ လေထဲသို့ ပျံတက်လိုက်လေ၏။
သူတို့ လေထဲသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ကွဲအက်သံနှစ်ချက် ထွက်ပေါ်လာပြီး အောက်မှ လှေငယ်လေးသည် တစ်စစီ ကြေမွသွားတော့သည်။
ပြန်ငုံ့ကြည့်လိုက်သောအခါ ရေအောက်မှ သံကြိုးနှစ်ချောင်း ပစ်လွှတ်လိုက်ပြီး သူတို့၏ ခြေချင်းဝတ်များကို ဖမ်းချုပ်ရန် ကြိုးစားနေသည်ကို တွေ့လိုက်ရ၏။
"ဟား ဟား ဟား..."
ဆုမိုက အားရပါးရ ရယ်မောလိုက်ပြီး ဓားရှည်ကို ပြောင်းပြန်ကိုင်ကာ ရိုက်ချလိုက်သည်။ 'ချွင်' ခနဲ အသံနှစ်ချက်နှင့်အတူ သံကြိုးများသည် ရေထဲသို့ ပြန်လည် လွင့်စင်ကျသွားလေ၏။ တစ်ချိန်တည်းမှာပင် သူ၏ ဓားချီစွမ်းအင်သည် ရေအောက်သို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
သူ၏ ဓားချက်များကြောင့် မည်သို့ ဖြစ်ပျက်သွားသည်ကို ဆုမို ပြန်မကြည့်တော့ဘဲ အောက်သို့ ပြန်ဆင်းကာ ရေမျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေသော သစ်သားပြားများကို ခြေဖျားဖြင့် တို့ထိလိုက်သည်။ ထို့နောက် ယန်ရှောင်ယွင်နှင့်အတူ ရေလှိုင်းများအပေါ်မှ ပြေးလွှားကာ သင်္ဘောကြီးဆီသို့ တည့်တည့်မတ်မတ် ဦးတည်လိုက်လေ၏။
ထိုအချိန်ကျမှ ရေမျက်နှာပြင်ပေါ်တွင် သွေးများ ပွက်ပွက်ထလာပြီး ရေအောက်မှ အလောင်းနှစ်လောင်း ပေါ်လာတော့သည်။
သင်္ဘောကြီးပေါ်သို့ မရောက်ခင်မှာပင် အေးစက်သော အသံ တစ်ခု ထွက်ပေါ်လာ၏။
"ပစ်ချလိုက်စမ်း"
ရုတ်တရက် ကောင်းကင်ယံတွင် လက်နက်ပုန်းများ မိုးရွာသကဲ့သို့ ကျရောက်လာလေ၏။ မိုးဖွဲဖွဲလေး မဟုတ်ဘဲ အသက်အန္တရာယ် ပေးနိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်သော မိုးစက်များ ဖြစ်ပေသည်။
"ပြန်သွားစမ်း"
ဤတစ်ကြိမ်တွင် ဆုမိုသည် ဓားကို မသုံးဘဲ ဝတ်ရုံလက်ကိုသာ ဝှေ့ယမ်းလိုက်သည်။ လေထဲတွင် ဝဲပျံနေသော လက်နက်ပုန်း အားလုံးသည် ချက်ချင်းပင် နောက်ပြန်လှည့်ကာ မူလနေရာသို့ ပြန်လည် ပျံသန်းသွားကြတော့သည်။
ပြန်မသွားဘဲ ကျန်ရစ်သော လက်နက်ပုန်း အနည်းငယ်ကိုမူ ဆုမိုက ခြေကုပ်အဖြစ် အသုံးပြုလိုက်သည်။
ခြေဖျားဖြင့် ထိုလက်နက်ပုန်းများကို နင်းကာ ရှေ့သို့ ဆက်လက် တိုးဝင်လိုက်လေ၏။
သင်္ဘောပေါ်ရှိ လူအများအပြားသည် ပြန်လာသော လက်နက်ပုန်းများ ထိမှန်ကာ ဒဏ်ရာရကုန်ကြသည်။ ခေါင်းဆောင်ဖြစ်သူ၏ မျက်နှာထား မည်းမှောင်သွားပြီး ဆုမို၏ သိုင်းပညာသည် သူ ထင်ထားသည်ထက် များစွာ သာလွန်နေကြောင်း သဘောပေါက်လိုက်သည်။
သူက ချက်ချင်း လက်ဟန်ပြလိုက်သည်။
"ပိုက်ကွန်နဲ့ ဖမ်းစမ်း"
ဆုမို နီးကပ်လာသည်နှင့်အမျှ ကျောက်လုံအသင်းသား အများအပြား ရှေ့သို့ တိုးလာပြီး ငါးဖမ်းပိုက်ကွန်များကို အားကုန် ပစ်လွှတ်လိုက်ကြသည်။
သာမန် တံငါသည်များသည် ရေထဲသို့သာ ပိုက်ကွန်ပစ်လေ့ ရှိသော်လည်း၊ သိုင်းပညာရှင်များ ဖြစ်ကြသော ဤလူများသည် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားစေရန် ပိုက်ကွန်များကို ကျွမ်းကျင်စွာ ပစ်လွှတ်လိုက်ခြင်း ဖြစ်၏။
လေထဲတွင် ဝဲပျံနေသော ပိုက်ကွန်များကို အတွင်းအား သက်သက်ဖြင့် မှုတ်ထုတ်ရန်မှာ မလွယ်ကူလှပေ။
သို့သော် ဆုမိုက ပြုံးလိုက်ပြီး ယန်ရှောင်ယွင်နှင့်အတူ ပိုက်ကွန်များကြားသို့ တည့်တည့် တိုးဝင်လိုက်လေ၏။
သင်္ဘောပေါ်မှ လူများသည် ဝမ်းသာအားရ ဖြစ်သွားကြသည်။
ဒီနှစ်ယောက် ပိုက်ကွန်ထဲ မိသွားပြီ ဆိုလျှင် ကြိုးကို ဆွဲပြီး ရေထဲ နှစ်ပစ်လိုက်ရုံသာ။ သိုင်းပညာ ဘယ်လောက်တော်တော် ရေအောက် ရောက်သွားလျှင် သေဖို့က အချိန်မရွေး ဖြစ်လာမှာပင်။
သို့သော် နောက်တစ်ခဏတွင် သူတို့၏ အပြုံးများ အေးခဲသွားတော့သည်။ ဆုမိုနှင့် ယန်ရှောင်ယွင်သည် ပိုက်ကွန်ကို ဖောက်ထွက်ကာ သင်္ဘောပေါ်သို့ ရောက်ရှိလာကြသောကြောင့် ဖြစ်၏။
သေချာကြည့်လိုက်မှ ပိုက်ကွန်တွင် အပေါက်ကြီး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ ဆုမို မည်သည့်အချိန်က ဓားဆွဲထုတ်ပြီး ဖြတ်လိုက်မှန်း မည်သူမျှ မသိလိုက်ကြပေ။
အားလုံး အံ့အားသင့်နေကြစဉ်မှာပင် အရိပ်တစ်ခု ဖျတ်ခနဲ လှုပ်ရှားသွားပြီး ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် သင်္ဘောပေါ်သို့ ခြေချလိုက်ကြပြီ ဖြစ်၏။
"ကျောက်လုံအသင်းရဲ့ ဧည့်သည် ကြိုဆိုပုံက တော်တော် ထူးခြားတာပဲ"
ဆုမို၏ စကားသံကို ကြားလိုက်ရသောအခါ ခေါင်းဆောင်ဖြစ်သူ၏ မျက်နှာထား ပျက်ယွင်းသွားတော့သည်။
"မင်းတို့က ဘယ်သူတွေလဲ... ကျောက်လုံအသင်းက မင်းတို့ကို ဘာများ စော်ကားမိလို့လဲ"
"စော်ကားမိလို့ ဟုတ်လား... အခုမှ လာပြောနေတာ နည်းနည်း နောက်ကျမသွားဘူးလား"
ယန်ရှောင်ယွင် မျက်ခုံးပင့်လိုက်ပြီး ရုတ်တရက် တောင့်တင်းသွားသည်။
"ကျောက်လုံအသင်းမှာ သခင် (၃) ယောက် ရှိတယ်... ကျွန်မ အကုန်လုံးနဲ့ မရင်းနှီးပေမဲ့ မြင်ဖူးပါတယ်... ရှင်က ဘယ်သူလဲ"
သူမ စကားမဆုံးခင်မှာပင် ဓားရောင်တစ်ချက် ဝင်းလက်သွားပြီး ဆုမို လှုပ်ရှားလိုက်သည်။
တစ်ဖက်လူသည်လည်း ဆုမိုထက်ပင် လျင်မြန်စွာ တုံ့ပြန်လိုက်၏။ စောစောက စကားပြောနေခြင်းသည် ဟန်ပြသက်သက်သာ ဖြစ်ပြီး အလစ်တိုက်ရန် ကြံစည်နေခြင်း ဖြစ်မှန်း သိသာလှပေသည်။
သူသည် လက်နှစ်ဖက်တွင် သံချိတ်များကို တပ်ဆင်ထားပြီး ခါးကို ကိုင်းကာ ဆုမို၏ အောက်ပိုင်းကို တိုက်ခိုက်ရန် ဝင်ရောက်လာ၏။
သို့သော် ဓားအလင်းတန်းသည် သူ့ဆီသို့ တည့်တည့် ဝင်ရောက်လာလေ၏။ သေချာ မမြင်လိုက်ရခင်မှာပင် ဓားအလင်းတန်းများသည် နေရာအနှံ့သို့ ပျံ့နှံ့သွားပြီး သူ့ခန္ဓာကိုယ်ကို အကြိမ်ပေါင်းများစွာ ထိုးစိုက်လိုက်သကဲ့သို့ ခံစားလိုက်ရ၏။
ထိတ်လန့်တကြားဖြင့် သူသည် နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်သည်။
သို့သော် မည်မျှပင် ထွက်ပြေးစေကာမူ ဓားအလင်းတန်း၏ လွှမ်းမိုးမှုအောက်မှ မလွတ်မြောက်နိုင်ပေ။ ထို့ကြောင့် သူသည် သံချိတ်နှစ်ချောင်းကို ကြက်ခြေခတ် ပုံစံပြုလုပ်ကာ ကာကွယ်လိုက်ရတော့သည်။
'ချွင်' ခနဲ အသံတစ်သံ သူ၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။
ပြန်မော့ကြည့်လိုက်သောအခါ ဆုမိုသည် ကျောခိုင်းလျက် အခြားလူများကို တိုက်ခိုက်နေပြီ ဖြစ်၏။
ခဏတာမျှ သူ မှင်သက်သွားသည်။ ဆုမို ဘာလို့ သူ့ကို မသတ်ဘဲ လွှတ်ထားခဲ့တာလဲ ဆိုတာ နားမလည်နိုင် ဖြစ်နေမိ၏။
ထိုအတွေးသည် သူ၏ ဘဝတွင် နောက်ဆုံးတွေးလိုက်သော အတွေးပင် ဖြစ်လေ၏။
နောက်တစ်စက္ကန့်တွင် သူ၏ ဦးခေါင်းတစ်ခြမ်းသည် ဘေးသို့ လျှောကျသွားတော့သည်။
သူ သေဆုံးသွားပြီ ဆိုတာကိုတောင် မသိလိုက်ဘဲ သေဆုံးသွားခဲ့ရရှာသည်။
ဤတစ်ကြိမ်တွင် ဆုမိုသည် 'နတ်ဘုရားသက်တန့် နှလုံးသားရှာဓား' ကို မသုံးခဲ့ပေ။ သူတို့၏ နှလုံးသားကို မေးခွန်းထုတ်စရာလည်း မလိုတော့ချေ။
'သေခြင်းတရားကို အာခံသည့် (၁၃) ချက်မြောက် ဓား' ကို ထုတ်သုံးလိုက်သည်နှင့် မည်သူကများ ခံနိုင်ရည် ရှိပါမည်နည်း။
ဓားသွား ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ဒုတိယအကြိမ် ဓားချက် လိုအပ်သည်ဟူ၍ မရှိစဖူး။
ယန်ရှောင်ယွင်၏ 'နဂါးနက် လှံတံ'သည်လည်း နဂါးဟိန်းသံနှင့်အတူ အရပ်မျက်နှာပေါင်းစုံကို ဖြိုခွင်းနေလေ၏။
သင်္ဘောပေါ်တွင် နာကျင်စွာ အော်ဟစ်သံများ ဆူညံနေသည်။
လူများ လေထဲသို့ လွင့်စင်သွားကြပြီး ဖက်ထုပ်ပြုတ် လုပ်သကဲ့သို့ ရေထဲသို့ တစ်ဗွမ်းဗွမ်း ပြုတ်ကျကုန်ကြသည်။
ဘေးနားရှိ သင်္ဘောကြီးနှစ်စင်းပေါ်မှ သံကြိုးများ ပျံသန်းလာပြီး အရိပ်များ ကူးလူးသွားလာနေကြသည်။
သို့သော် လူမည်မျှပင် များပါစေ... သေလမ်းကိုသာ ဦးတည်နေကြခြင်း ဖြစ်၏။
ဤတစ်ကြိမ်တွင် ဆုမိုသည် အမှန်တကယ် ဇီဝိတ်ဖြုတ်ရန် ဆုံးဖြတ်ထားသည်။
ကျောက်လုံအသင်းသည် စည်းမျဉ်းများကို မလေးစားရုံသာမက တွေ့တွေ့ချင်း သတ်ဖြတ်ရန် ကြိုးစားခဲ့သည် မဟုတ်ပါလော။
ထိုကဲ့သို့သော လုပ်ရပ်အပေါ် သနားညှာတာမှု ပေးစရာ အကြောင်းမရှိပေ။
သိုင်းလောကတွင် ကျင်လည်နေသမျှ ကာလပတ်လုံး စည်းကမ်း မရှိလျှင် အသက်နှင့် ရင်းရမည်သာ။
အမွှေးတိုင် တစ်တိုင် ကုန်ဆုံးချိန် မရောက်မီမှာပင် သင်္ဘော (၃) စင်းလုံး၌ အသက်ရှင်ကျန်ရစ်သူ မရှိတော့ချေ။
ဆုမိုသည် ယန်ရှောင်ယွင်ကို ခေါ်ဆောင်ကာ လှေငယ် တစ်စင်းပေါ်သို့ ခုန်ဆင်းလိုက်သည်။ လှေကို ရေထဲသို့ ကန်ချလိုက်ပြီးနောက် အတွင်းအားဖြင့် ပဲ့ကိုင်ကာ ကျောက်လုံ ရေတပ်စခန်းဆီသို့ တည့်တည့် ဦးတည်လိုက်လေ၏။
လမ်းပွင့်သွားပြီ ဖြစ်ရာ ကျောက်လုံ ရေတပ်စခန်း အတွင်းထဲတွင် ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာ ဆုမို သိချင်နေမိ၏။
သို့မဟုတ်ပါက ဒီတိုင်း ထွက်သွားလိုက်လျှင်တောင် ခရီးရှည်ကြီး သွားရဦးမည် ဖြစ်ရာ လမ်းခရီး လုံခြုံမှု ရှိမရှိ အာမခံနိုင်မည် မဟုတ်ပေ။
ထို့အပြင် တုန်းချန်ကနေ ပြန်လာလျှင်လည်း ဒီနေရာကို ဖြတ်ရဦးမှာပဲလေ။
ဘယ်လိုပဲဖြစ်ဖြစ် တိုက်ရမယ့် အတူတူ... ရက်ရွေးနေစရာ မလိုတော့ပါ။
'ဒီနေ့ လုပ်နိုင်တာကို မနက်ဖြန်ထိ မရွှေ့နဲ့' ဆိုသည့် စကားက တကယ့်ကို ကောင်းမွန်သော အလေ့အကျင့်ပါပင်။
စကားပြောစရာ မရှိတော့ဘဲ လှေစီးလာလိုက်ရာ မကြာမီမှာပင် ကျောက်လုံ ရေတပ်စခန်းကို လှမ်းမြင်လိုက်ရ၏။
အဝေးတစ်နေရာတွင် မြစ်လက်တက်များ ခွဲထွက်သွားပြီး တုန်းချန် ဒေသအနှံ့သို့ စီးဆင်းသွားသော မြစ်ဆုံကို တွေ့ရ၏။
ကျောက်လုံ ရေတပ်စခန်းသည် ထိုမြစ်ဆုံတွင် တည်ရှိသည်။
သစ်လုံးတိုင်ကြီးများကို တံတားများသဖွယ် ဆောက်လုပ်ထားပြီး မြစ်ကမ်းပါးမှ ရေပြင်ပေါ်သို့ ဆိပ်ခံတံတားအဖြစ် ထိုးထွက်နေသည်။
ဆိပ်ခံတံတားကို ကျော်လွန်သွားလျှင် ကျောက်လုံ ရေတပ်စခန်း ရှိသည်။
တစ်ဝက်က ရေထဲတွင် တိုင်စိုက်ထားပြီး တစ်ဝက်က ကုန်းပေါ်တွင် တည်ရှိကာ အဆောက်အဦးများ ပြည့်နှက်နေလေ၏။
ဆိပ်ကမ်းရှေ့တွင် ရွက်သင်္ဘော အများအပြား ဆိုက်ကပ်ထားပြီး အလံအမျိုးမျိုး လွှင့်ထူထားကြသည်။
အများဆုံးမှာ ကျောက်လုံအသင်း၏ နဂါးနက် အလံများ ဖြစ်၏။
ထို့အပြင် အရောင်အသွေး စုံလင်သော အလံများ တပ်ဆင်ထားသည့် သင်္ဘောကြီးအချို့လည်း ရှိနေပြီး မည်သည့်နေရာက လာမှန်း မသိရပေ။
ရေတပ်စခန်း အဝင်ဝသည် ငြိမ်သက်ခြင်း မရှိဘဲ နေရာအနှံ့မှ ဓားခုတ်သံများ ထွက်ပေါ်နေလေ၏။
ထို့နောက် အဝေးတစ်နေရာမှ အော်ဟစ်သံကြီး တစ်ခုကို ကြားလိုက်ရ၏။
"ကျူးကော့ချန်ထျန်... ထွက်ခဲ့စမ်း”
အခန်း (၂၁၂)-ချူချိုယွီနှင့် ပြန်လည်ဆုံတွေ့ခြင်း
"ကျူးကော့ချန်ထျန်... ထွက်ခဲ့စမ်း"
ရုတ်ခြည်းပင် ကျောက်လုံရေတပ်စခန်း အတွင်းပိုင်းမှ အသံနက်ကြီး တစ်ခု ဟိန်းထွက်လာလေ၏။ ထိုအသံသည် အတွင်းအား ပြည့်ဝလွန်းလှသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး တုန်ခါသွားသယောင် ထင်မှတ်ရ၏။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အခြေအနေမှန်ကို ရိပ်စားမိလိုက်ကြသည်။
"ကျောက်လုံအသင်းရဲ့ ခံစစ်စည်းကို ငါတို့ ဒီလောက်လွယ်လွယ် ဖြတ်ကျော်လာနိုင်တာ... ပြီးတော့ တုံ့ပြန်တဲ့ သင်္ဘောက သုံးစင်းပဲ ရှိတာ... ဘာကြောင့်လဲလို့ ငါစဉ်းစားနေတာ... တကယ်တမ်းကျတော့ သူတို့ အင်အားတွေက တခြားနေရာမှာ ရောက်နေတာကိုး"
ဆုမိုသည် ဘေးပတ်ဝန်းကျင်ရှိ သင်္ဘောကြီးများကို လှမ်းကြည့်လိုက်ပြီး ယန်ရှောင်ယွင်အား မေးမြန်းလိုက်သည်။
"အစ်မရှောင်ယွင်... သူတို့ ဘယ်ကလာသလဲ ဆိုတာ ခွဲခြားလို့ ရမလား"
"ဟုန်ရွက်နီ ဂိုဏ်း၊၊ ရွှမ်လုံ စခန်း၊ မြွေစိမ်း မဟာမိတ်အဖွဲ့ ..."
ဟု ယန်ရှောင်ယွင်သည် သင်္ဘောများကို တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်းပင် ခွဲခြားပြောပြလိုက်သည်။
"ဒီအဖွဲ့ (၃) ဖွဲ့က မြစ်အောက်ပိုင်းက အကြီးကျယ်ဆုံး သူခိုးဂိုဏ်းကြီး (၃) ခုပဲ... ကျောက်လုံအသင်းက ရေစီးဆန်ပြီး ထင်တိုင်းကြဲနေမှတော့... ဒီလူတွေလည်း ဘယ်ငြိမ်နေနိုင်တော့မလဲလေ"
ယန်ရှောင်ယွင်သည် သတင်းအချက်အလက် ပိုင်နိုင်သူပီပီ ရောက်လာသူများ၏ နောက်ခံကို တိကျစွာ ခန့်မှန်းနိုင်ပေသည်။
ခဏတာ စဉ်းစားပြီးနောက် ဆုမို ပြုံးလိုက်သည်။
"သွားကြစို့... ကျောက်လုံအသင်းရဲ့ ပွဲတော်ကို ကြုံတုန်းလေး သွားကြည့်ရအောင်... ဒီထိ ရောက်လာမှတော့ လက်လွတ်ခံလို့ ဘယ်ဖြစ်မလဲ"
ပြောပြောဆိုဆိုဖြင့် သူသည် ယန်ရှောင်ယွင်၏ လက်ကို ဆွဲကာ လှေကလေးကို မောင်းနှင်လိုက်သည်။ လှေသည် ရေလှိုင်းများကို ခွင်းလျက် လျှပ်စီးသဖွယ် ပြေးလွှားသွားလေ၏။
သို့သော် သူတို့သည် တိုက်ပွဲဖြစ်ပွားနေသော နေရာသို့ တည့်တည့်မတ်မတ် ဝင်မသွားဘဲ ကျွမ်းကျင်စွာ ကွေ့ဝိုက်ကာ ကျောက်လုံအသင်း၏ ခံစစ်စည်းရိုး အပြင်ဘက်သို့ ချဉ်းကပ်လိုက်ကြသည်။
ထိုနေရာတွင် ကြီးမားသော သစ်ပင်ကြီးများကို ခံတပ်သဖွယ် စီတန်း စိုက်ပျိုးထားလေသည်။
ဆုမိုသည် ယန်ရှောင်ယွင်၏ လက်ကို တွဲလျက် လှေပေါ်မှ ခုန်တက်လိုက်သည်။ တစ်ဟုန်ထိုး ပျံတက်သွားပြီးနောက် သစ်ပင်ကြီးများ၏ ပင်စည်ကို လက်ဝါးဖြင့် ရိုက်ကာ 'အိမ်မြှောင်ကပ် ကိုယ်ဖော့ပညာ' အသုံးပြု၍ ခံတပ်စည်းရိုး အပေါ်သို့ ရောက်ရှိသွားကြသည်။
အပေါ်စီးမှ ကြည့်လိုက်သောအခါ ကျောက်လုံအသင်း တစ်ခုလုံး မီးဟုန်းဟုန်း တောက်လောင်နေသည်ကို တွေ့မြင်လိုက်ရလေ၏။
ကျူးကျော်လာသူများ၏ အရေအတွက်မှာ မများပြားသော်လည်း တစ်ဦးချင်းစီ၏ သိုင်းပညာမှာ အလွန် ထူးချွန်ကြသည်။ ကျောက်လုံအသင်းသားများမှာ လူအင်အား သာလွန်သော်လည်း ထိုကျွမ်းကျင်သော တိုက်ခိုက်သူများကို ယှဉ်ပြိုင်ရန် ခက်ခဲနေပုံ ရ၏။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် တိုက်ပွဲထဲသို့ ချက်ချင်း မဝင်ရောက်သေးဘဲ ခေါင်မိုး တစ်ခုပေါ်တွင် နေရာယူကာ အေးဆေးစွာ ထိုင်ကြည့်နေလိုက်ကြသည်။
မကြာမီ အချိန်အတွင်းမှာပင် တိုက်ခိုက်သူများသည် ကျောက်လုံအသင်း၏ ဗဟိုရင်ပြင်သို့ ထိုးဖောက် ဝင်ရောက်သွားကြလေပြီ။
"ကျူးကော့ချန်ထျန်... ထွက်ခဲ့စမ်း"
ထိုအသံနက်ကြီး ထပ်မံ ထွက်ပေါ်လာပြန်သည်။ ဤတစ်ကြိမ်တွင်မူ အော်ဟစ်သူမှာ မည်သူဖြစ်ကြောင်း ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။
သူသည် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး မျက်နှာတွင် မုတ်ဆိတ်မွေးများ ထူလပိန်း ဖုံးလွှမ်းနေသည်။ ဆောင်းရာသီ၏ အေးစက်သော ရာသီဥတုကို ဂရုမစိုက်ဘဲ အပေါ်ပိုင်း ဗလာကျင်းထားကာ တောင့်တင်းသန်မာသော ကြွက်သားများကို ထုတ်ဖော်ပြသထားလေ၏။ သူ၏ သံလက်ဝါးများ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် မည်သူမျှ တာရှည် ခံနိုင်ရည် မရှိကြချေ။
သူ၏ နောက်ဘက်တွင်မူ သိမ်မွေ့နူးညံ့သော ပညာရှင်အသွင် ဖမ်းထားသည့် လူတစ်စု ပါလာ၏။
သူတို့၏ မျက်နှာများသည် ကျောက်စိမ်းကဲ့သို့ ချောမွတ်နေပြီး လက်ထဲတွင် ယပ်တောင်များကို ကိုင်ဆောင်ထားကြသည်။ ယပ်တောင်များကို ဖြန့်လိုက်သောအခါ မြွေစိမ်းပုံများကို တွေ့မြင်ရလေ၏။
အခြားတစ်ဖက်တွင်မူ အမျိုးသမီး (၃) ဦးသည် သက်လတ်ပိုင်း အမျိုးသမီးကြီး တစ်ဦးကို ဝိုင်းရံထားကြသည်။ သူမတို့၏ လက်ထဲတွင် (၉) ဆင့် ကြာပွတ်များကို ကိုင်ဆောင်ထားကြပြီး လေထဲတွင် ဝှေ့ယမ်းလိုက်တိုင်း ကြောက်မက်ဖွယ် ကောင်းသော အသံများ ထွက်ပေါ်နေသည်။
ထို့အပြင် လူထွားကြီး တစ်ဦးလည်း ရှိနေသေးသည်။ သူ၏ လက်နက်မှာ အလွန် ရှားပါးသော လက်နက်ဆန်း ဖြစ်ပေသည်။
ခြေတစ်ချောင်းထောက် ကြေးနီလှံ ဖြစ်၏။
ထိုလက်နက်သည် စစ်မြေပြင်တွင် အသုံးပြုသော လက်နက်ကြီးမျိုး ဖြစ်ပြီး သာမန် ခွန်အားရှိသူများ ကိုင်တွယ်နိုင်သော အရာ မဟုတ်ပေ။
နောင်အခါတွင် အချို့သော သိုင်းပညာရှင်များက ဤလက်နက်ကို သိုင်းလောက တိုက်ပွဲများတွင် အသုံးပြုနိုင်ရန် ပြုပြင် ပြောင်းလဲခဲ့ကြသော်လည်း မူလအနှစ်သာရဖြစ်သော လေးလံမှုကတော့ မပျောက်ကွယ်သွားပေ။
ထိုဖက်တီးသည် ကြေးနီလှံကြီးကို တစ်ခါတရံ လက်တစ်ဖက်တည်းဖြင့် လည်းကောင်း၊ တစ်ခါတရံ လက်နှစ်ဖက်ဖြင့် လည်းကောင်း ကျွမ်းကျင်စွာ ကစားနေလေသည်။ ကျောက်လုံအသင်းသားများသည် သူ့ကို အဝေးက မြင်သည်နှင့် တန်းပြေးကြတော့သည်။
ထိမိလျှင် သေမည်၊ ပွတ်မိလျှင်ပင် အသက်ပျောက်နိုင်သည်။ မည်သူကများ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရဲပါမည်နည်း။
ခေါင်မိုးပေါ်မှ ကြည့်နေသော ဆုမိုနှင့် ယန်ရှောင်ယွင်တို့ပင် ထိုဖက်တီး၏ ခွန်အားကို အံ့ဩနေမိ၏။
ယန်ရှောင်ယွင်က ဆုမို၏ နားနားသို့ ကပ်၍ တိုးတိုးလေး ရှင်းပြလိုက်သည်။
"အော်နေတဲ့ လူက ရွှမ်လုံစခန်းရဲ့ ခေါင်းဆောင်ပဲ... သူ့မှာ ထူးခြားတဲ့ နောက်ခံတော့ မရှိပါဘူး၊ မူလက ရေသူခိုး တစ်ယောက်ပါပဲ... ဒါပေမဲ့ အောက်ခြေကနေ တစ်ဆင့်ချင်း ကြိုးစားပြီး အခုလို နေရာမျိုး ရောက်လာတာ၊ သူသုံးနေတဲ့ သိုင်းကွက်က 'ရွှမ်ကျုံး လက်ဝါး'လို့ ခေါ်တယ်... ရွှမ်လုံစခန်းရဲ့ လျှို့ဝှက်သိုင်းပေါ့"
"သာမန်လူတွေ သုံးရင် သိပ်မထူးခြားပေမဲ့... သူ့လက်ထဲ ရောက်တော့မှ ဒီသိုင်းကွက်က နာမည်ကျော်ကြားလာပြီး ရွှမ်လုံစခန်း ဆိုတာကို လူသိများလာစေတာ"
ထို့နောက် ယပ်တောင်ကိုင်ထားသော လူကို ညွှန်ပြကာ ဆက်ပြောလိုက်သည်။
"ဟိုတစ်ယောက်ကတော့ မြွေစိမ်း မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ပဲ... ကြည့်ရတာ နူးညံ့သိမ်မွေ့ပုံ ပေါက်ပေမဲ့ သူ့မှာ 'မြွေပါးစပ်'ဆိုတဲ့ ဘွဲ့အမည် ရှိတယ်"
"မြွေပါးစပ် ဟုတ်လား"
ဆုမို ပြုံးလိုက်သည်။
"နှုတ်ခမ်းမှာ မြွေစိမ်း၊ အမြီးမှာ ပျားဆိပ်... အဲဒီလိုမျိုးလား"
"အဲဒီနှစ်ကောင်စလုံးက အဆိပ်ပြင်းတာ မှန်ပါတယ်... ဒါပေမဲ့ မိန်းမ တစ်ယောက်ရဲ့ နှလုံးသားက ပိုအဆိပ်ပြင်းတယ် ဆိုတဲ့ စကား ရှိတယ်မလား"
ယန်ရှောင်ယွင်က နှုတ်ခမ်းမဲ့လိုက်သည်။
"မြွေစိမ်း မဟာမိတ်အဖွဲ့က အဲဒီစကားကို လက်ကိုင်ထားတဲ့ အဖွဲ့ပဲ... သူတို့ရဲ့ ဂုဏ်သတင်းက သိပ်မကောင်းဘူး၊ ရည်ရွယ်ချက် အောင်မြင်ဖို့ ဆိုရင် ဘာမဆို လုပ်ရဲကြတယ်... အလစ်တိုက်တာ၊ အဆိပ်ခတ်တာ၊ ထောင်ချောက်ဆင်တာ... ဒါတွေက သူတို့ရဲ့ ကျွမ်းကျင်မှုတွေပဲ၊ ရက်စက်တယ်လို့လည်း နာမည်ကြီးတယ်"
"ဒီရေလမ်းကြောင်းမှာ ဆိုရိုးစကား တစ်ခု ရှိတယ်... 'သခင်မလေး ယွီရွှေ ငိုတာကို မြင်ချင်မြင်ပါစေ၊ မြွေပါးစပ် ပြုံးတာကိုတော့ မမြင်ပါစေနဲ့' တဲ့"
"သခင်မလေး ယွီရွှေ ငိုရင် မုန်တိုင်းထန်ပြီး စီးပွားရေး ထိခိုက်ရုံပဲ ရှိမယ်... အသက်ရှင်ဖို့ လမ်းစ ရှိသေးတယ်"
"ဒါပေမဲ့ မြွေပါးစပ်က မင်းကို ပြုံးပြပြီ ဆိုရင်တော့... (၁၀) ချက်မှာ (၉) ချက်က သေဖို့ သေချာသလောက်ပဲ၊ သူ့ခေါင်းထဲမှာ မင်းကို သတ်ဖို့ နည်းလမ်းပေါင်း (၁၀၀) လောက် စဉ်းစားပြီးသား ဖြစ်နေလိမ့်မယ်"
"ဒါကတော့ သိုင်းလောကရဲ့ ပုံကြီးချဲ့ ပြောဆိုမှုတွေ ဖြစ်နိုင်ပေမဲ့... ဒီလူကို ရေလုပ်သားတွေ ဘယ်လောက် ကြောက်ကြလဲ ဆိုတာတော့ ပေါ်လွင်နေတာပေါ့"
ဆုမို ခေါင်းညိတ်လိုက်သည်။
"ဒါဆို ဟို အမျိုးသမီးတွေကရော"
"ဟုန်ရွက်နီ ဂိုဏ်းက လူတွေလေ"
ထိုစဉ်၊ ယန်ရှောင်ယွင်က ဆုမိုကို စပ်ဖြီးဖြီး ကြည့်လိုက်သည်။
"နင်ကတော့ ဒီဂိုဏ်းကို သဘောကျမှာပါ"
"ဗျာ..."
ဆုမို ကြောင်တောင်တောင် ဖြစ်သွားသည်။
ယန်ရှောင်ယွင်က လေသံကို နှိမ့်ကာ ဆက်ပြောပြသည်။
"ဟုန်ရွက်နီ ဂိုဏ်းမှာ မုဆိုးမတွေနဲ့ အပျိုကြီးတွေပဲ ရှိတာလေ... ရေလုပ်ငန်း လုပ်တယ် ဆိုတာက အန္တရာယ်များတယ်၊ ယောက်ျားတွေက မတော်တဆ ရေထဲပြုတ်ကျပြီး သေဆုံးသွားတာမျိုးက အမြဲ ဖြစ်လေ့ရှိတယ်၊ ယောက်ျားတွေ သေသွားရင် ကျန်ရစ်တဲ့ မိန်းမတွေက မုဆိုးမ ဖြစ်ကျန်ခဲ့ရော... မိဘအိမ် ပြန်နိုင်ရင် တော်သေးတယ်၊ မိဘက လက်မခံ၊ ယောက္ခမကလည်း မကြည့်ရှုရင် သူတို့ခမျာ တကယ့်ကို ဒုက္ခရောက်ကြရတာ”
အခန်း (၂၁၃)- ချူချိုယွီနှင့် ပြန်လည်ဆုံတွေ့ခြင်း (၂)
~"နောက်တော့ ဒီနေရာကို သိုင်းပညာရှင် အမျိုးသမီး တစ်ယောက် ရောက်လာပြီး... သူတို့ရဲ့ ဒုက္ခတွေကို သိသွားတာနဲ့ အဲဒီ မုဆိုးမတွေကို ကယ်တင်ခဲ့တယ်..."
"သူတို့ကို စုစည်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် သိုင်းပညာတွေ သင်ပေးခဲ့တယ်... နောက်ပိုင်း အဲဒီ သိုင်းပညာရှင် ထွက်သွားပြီးတဲ့နောက် ဒီလူတွေ စုပေါင်းပြီး ဟုန်ရွက်နီ ဂိုဏ်း ဆိုတာကို တည်ထောင်ခဲ့ကြတာပဲ"
"မြစ်ကမ်းတစ်လျှောက်မှာတော့ သူတို့က တော်တော်လေး နာမည်ကြီးတယ်... အမှီအခိုမဲ့နေတဲ့ မိန်းမသားတွေ၊ ခင်ပွန်းသည်တွေရဲ့ စွန့်ပစ်ခြင်း ခံရတဲ့ မိန်းမတွေ၊ အိမ်ပြေးလာတဲ့ မိန်းကလေးတွေ... အကုန်လုံးက ဟုန်ရွက်နီ ဂိုဏ်းကိုပဲ အားကိုးကြတာလေ"
"ဒီလိုနဲ့ ဟုန်ရွက်နီ ဂိုဏ်းက တဖြည်းဖြည်း အင်အားကြီးလာခဲ့တာ... ဒီဘက်ခေတ်မှာဆို မြစ်ကမ်းတစ်လျှောက်က မိန်းကလေးတွေအတွက် ထွက်ပေါက်တစ်ခု ဖြစ်လာခဲ့ပြီ... မိသားစုတွေကလည်း သမီးမိန်းကလေးတွေကို ဟုန်ရွက်နီ ဂိုဏ်းထဲ ဝင်ခိုင်းကြတယ်၊ ထမင်းဝတဲ့အပြင် မိသားစု စားဝတ်နေရေးကိုပါ ထောက်ပံ့ပေးနိုင်တာကိုး"
"သူတို့က မိန်းမသားတွေ ဖြစ်နေတော့ ယောက်ျားတွေလောက် ခွန်အားမကြီးပေမဲ့... သူတို့ရဲ့ နည်းလမ်းတွေက မြွေစိမ်း မဟာမိတ်အဖွဲ့လောက်တော့ မယုတ်မာပါဘူး"
"ဒါပေမဲ့ ရက်စက်တဲ့ နေရာမှာတော့ ဘယ်သူမှ မမီဘူး... ဒီလိုမှ မရက်စက်ရင်လည်း သူတို့ကို မျက်စိကျနေတဲ့ ယောက်ျားသားတွေရဲ့ အန္တရာယ်ကနေ ဘယ်လိုလုပ် ကာကွယ်နိုင်မှာလဲ"
ဆုမိုသည် ယန်ရှောင်ယွင်၏ ရှင်းပြချက်ကို နားထောင်ရင်း ဟုန်ရွက်နီ ဂိုဏ်း၏ ဖွဲ့စည်းပုံကို သဘောပေါက်သွားလေ၏။ သို့သော် သူက ဟုန်ရွက်နီ ဂိုဏ်းကို သဘောကျလိမ့်မည် ဟူသော ယန်ရှောင်ယွင်၏ စကားကိုတော့ သဘောမတူနိုင်ပေ။
"အရင်တုန်းကတော့ သနားစရာ ကောင်းချင် ကောင်းမှာပါ... အခုလို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်နေမှတော့ သနားစရာ မလိုတော့ပါဘူး... ပြီးတော့ ကျွန်တော်က သူတို့ကို သဘောကျမယ် ဆိုတာကြီးက... နည်းနည်းတော့ အခြေအမြစ် မရှိလွန်းဘူးလားဗျာ"
"ဟင်... မိန်းမလှလေးတွေ အများကြီး ရှိတာကို မောင်လေးက သဘောမကျဘူးပေါ့လေ"
ယန်ရှောင်ယွင်က ဆုမိုကို အံ့ဩတကြီး ကြည့်လိုက်သည်။
"ငါ့ လက်အောက်က ကိုယ်ရံတော်တွေ ပြောနေကြတာ ကြားဖူးတယ်... ဟုန်ရွက်နီ ဂိုဏ်းက မိန်းကလေး တစ်ယောက်လောက်သာ ရမယ်ဆိုရင် ရွှေတစ်သောင်း ပေးရရင်တောင် မနှမြောဘူးတဲ့"
"အာ..."
ဆုမို၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားလေ၏။
"လောကကြီးမှာ မိန်းမတွေ အများကြီးပါဗျာ... တစ်ယောက်စီတိုင်းမှာ ကိုယ်ပိုင် အရည်အချင်းတွေ ရှိကြတာပဲ၊ တွေ့တဲ့ မိန်းမတိုင်းကို ကျွန်တော် လိုက်ကြိုက်နေရမှာလား"
"ဒါတော့ မဟုတ်ပါဘူး"
ယန်ရှောင်ယွင်က ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ ယောက်ျားလေး တစ်ယောက်အတွက် ဇနီးမယား (၃) ယောက် (၄) ယောက် ရှိတာက သဘာဝပါပဲ... တကယ်လို့ နင်.. သဘောကျတဲ့ မိန်းကလေး တွေ့ရင် အစ်မကို ပြောနော်... အစ်မ သေချာ စိစစ်ပေးမယ်၊ ဆုမိသားစုထဲ ဝင်ဖို့ မထိုက်တန်တဲ့ မိန်းမမျိုး၊ ဂုဏ်သိက္ခာ မရှိတဲ့ မိန်းမမျိုး ဆိုရင်တော့ အစ်မ ဝင်ပါရလိမ့်မယ်"
"နောင်ကျမှ အစ်မက ကြိုမပြောဘူး ဆိုပြီး အပြစ်လာမတင်နဲ့နော်... အခုကတည်းက ကြိုပြောထားတာ"
"..."
ဆုမို ပါးစပ်ဟလျက်သား ဖြစ်သွားသော်လည်း ဘာပြန်ပြောရမှန်း မသိ ဖြစ်နေလေ၏။
ဒါ ရှေးခေတ် အမျိုးသမီးတွေရဲ့ ပွင့်လင်းမှုလား... ဒါမှမဟုတ် ယန်ရှောင်ယွင်ကပဲ သဘောထားကြီးလွန်းတာလား။
ဆုမို ခေါင်းထဲတွင် ပျားအုံ ရိုက်ခွဲလိုက်သကဲ့သို့ ဝီခနဲ မြည်သွားသည်။ ဒီကမ္ဘာကို ရောက်နေတာ (၂) နှစ်ကျော်ပြီ ဖြစ်သလို ယန်ရှောင်ယွင်အပေါ် ခံစားချက်တွေ ရှိနေသော်လည်း.. သူမရဲ့ ဒီစကားတွေကိုတော့ ဆုမို ဘယ်လိုမှ တုံ့ပြန်နိုင်စွမ်း မရှိတော့ချေ။
နောက်ဆုံးတွင် သူသည် အကြောင်းအရာ လွှဲရန်အတွက် ထိုဖက်တီးကို ညွှန်ပြကာ မေးလိုက်ရတော့သည်။
"ဒါနဲ့... ဟိုလူကြီးကရော ဘယ်ကလဲ"
"အဲဒီလူက..."
ယန်ရှောင်ယွင်၏ မျက်နှာထား ထူးဆန်းသွားလေ၏။
"အစ်မလည်း မသိဘူး... ဘယ်ကနေ ရောက်လာမှန်းကို မသိတာ"
"ရပ်ကြ... အားလုံး ရပ်ကြစမ်း..."
သူတို့ စကားပြောနေစဉ်မှာပင် တိုက်ပွဲကို ရပ်တန့်ရန် အော်ဟစ်သံများ ထွက်ပေါ်လာ၏။
သို့သော် ဤအခြေအနေ ရောက်နေမှတော့ ချက်ချင်း ရပ်တန့်ရန် မလွယ်ကူလှပေ။
အရှိန်အဟုန်ကို ထိန်းချုပ်ရန် လိုအပ်သလို၊ တစ်ဖက်လူ အမှန်တကယ် ရပ်တန့်သွားကြောင်း သေချာစေရန် အပြန်အလှန် လက်ရည်စမ်းမှု အနည်းငယ် ပြုလုပ်ပြီးမှသာ တိုက်ပွဲ ရပ်စဲနိုင်ကြလေသည်။
အဖွဲ့ (၃) ဖွဲ့မှ သိုင်းပညာရှင်များသည် နေရာတွင် ရပ်တန့်လိုက်ကြပြီး ကျောက်လုံအသင်းသားများမှာမူ တစ်ယောက်နှင့်တစ်ယောက် ပူးကပ်စွာ ရပ်လျက် ရန်သူများကို ရင်ဆိုင်ထားကြသည်။
ထို့နောက် ကျောက်လုံအသင်းဘက်မှ လူတစ်ဦး စကားစပြောလိုက်လေ၏။
"မိတ်ဆွေတို့... မိတ်ဆွေတို့... အဝေးက လာတဲ့ ဧည့်သည်ကို ကြိုဆိုရမှာ ထုံးစံပါပဲ၊ ဘာလို့ မလိုအပ်ဘဲ အကြမ်းဖက်နေကြတာလဲ... အေးအေးဆေးဆေး ဆွေးနွေးကြရအောင်"
"မင်းဖင်ကို ဆွေးနွေးရမလားကွ"
ရွှမ်လုံစခန်း၏ ခေါင်းဆောင်က ရှေ့သို့ တိုးလာပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းက ဘယ်ကောင်မို့လို့ ငါတို့ရှေ့မှာ လာပြောနေရတာလဲ... ကျူးကော့ချန်ထျန်က ဘယ်တုန်းက ခေါင်းလျှိုဝင်နေတဲ့ လိပ် ဖြစ်သွားတာလဲ၊ ငါတို့ ဒီလောက် အဝေးကြီးကနေ လာတွေ့တာတောင် ဘာလို့ ထွက်မတွေ့ရဲတာလဲ"
"ရွှမ်လုံစခန်း ခေါင်းဆောင်ကြီး လာမယ်ဆိုတာ ကြိုသိရင်... ကျွန်တော်တို့ သခင်ကြီးက ကြိုတင် ပြင်ဆင်ပြီး ကြိုဆိုမှာပေါ့ဗျာ... အခုက ခင်ဗျားတို့က အလျင်စလို ရောက်ချလာပြီး အချိန်မပေးဘဲ အတင်းဝင်တိုက်တာလေ"
ထိုလူက စကားပြောရင်း လူအုပ်ကြားမှ ထွက်ပေါ်လာလေသည်။
အဖွဲ့ (၃) ဖွဲ့မှ သိုင်းပညာရှင်များသည် ထိုလူကို စိုက်ကြည့်နေကြစဉ် ဟုန်ရွက်နီ ဂိုဏ်းမှ အမျိုးသမီးတစ်ဦးက လှောင်ရယ် ရယ်လိုက်သည်။
"အဟင်းဟင်း..ဘယ်သူများလဲလို့... ကျောက်လုံအသင်းရဲ့ တတိယသခင် ပါလား"
"ဘာဖြစ်လို့လဲ... ကျောက်လုံအသင်းရဲ့ သခင်ကြီးနဲ့ ဒုတိယသခင်တို့ သေကုန်ကြပြီလား"
"ကျန်ရစ်တာဆိုလို့... မျက်နှာပြစရာ မင်းတစ်ကောင်ပဲ ရှိတော့တာလား"
"ဟဲ ဟဲ..."
ကျောက်လုံအသင်း၏ တတိယသခင် ဆိုသူသည် ရုပ်ရည် အရမ်းဆိုးသည်။ ပိန်ပိန်ညောင်ညောင်နှင့် မျောက်တစ်ကောင်လို ဖြစ်နေပြီး အဝတ်အစားများကလည်း ကိုယ်နှင့်မတော်ဘဲ ဖွာလန်ကြဲနေလေ၏။ သူ့ကို ကြည့်ရသည်မှာ မျောက်ကို လူဝတ်လဲထားသည်နှင့် တူလှပေသည်။
သူက မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ရယ်မောလိုက်သည်။
"သေစရာလားဗျာ... သခင်ကြီးနဲ့ ဒုတိယသခင်တို့က အရေးကြီးကိစ္စတွေ ရှိနေလို့ မအားကြတာပါ၊ ဒါကြောင့် ခင်ဗျားတို့ကို မတွေ့နိုင်ကြတာလေ"
"ကျွန်တော်ကပဲ ကျွန်တော့်အစ်ကိုနှစ်ယောက် ကိုယ်စား တောင်းပန်ပါတယ်ဗျာ"
"ဒါပေမဲ့ ညဉ့်နက်သန်းခေါင်ကြီး ဘာကိစ္စတွေများ အရေးတကြီး ရှိလို့ ဒီထိ ရောက်လာကြတာလဲတော့ မသိဘူး"
"ကြည့်ပါဦး... နေရာတကာ ရှုပ်ပွနေပြီ၊ ပြောစရာရှိရင်လည်း ပြောကြပါဗျာ... ဘာလို့ အကြမ်းဖက်နေကြတာလဲ"
"ဟေ..."
ရွှမ်လုံစခန်း ခေါင်းဆောင်၏ မျက်နှာ မည်းမှောင်သွားတော့သည်။
"ငါတို့က လာတွေ့မယ်လို့ အကြောင်းကြားပြီးသား... မင်းတို့က ရှောင်နေတာလေ၊ အင်အားမသုံးရင် ထွက်မလာကြဘူး မဟုတ်လား... အခုမှ လာပြီး ပေါက်ကရတွေ ပြောနေတာ ရယ်စရာ မကောင်းလွန်းဘူးလား၊ ငါ မင်းနဲ့ စကားနိုင်လုမနေချင်ဘူး... ကျူးကော့ချန်ထျန်ကို ခေါ်ထုတ်ခဲ့၊ ငါ သူ့ကို တည့်တည့်မေးချင်တယ်... သူ ဘာတွေ ကြံစည်နေတာလဲ ဆိုတာ"
"မြစ်ကို သံကြိုးတားပြီး ပိတ်လိုက်တာက ရေလမ်းကို ပိတ်လိုက်တာတင် မကဘူး... ငါတို့ရဲ့ ထမင်းအိုးကိုပါ ရိုက်ခွဲလိုက်တာကွ"
"ဒီနေ့သာ ခိုင်လုံတဲ့ ဖြေရှင်းချက် မပေးရင်... ဟွန့်... ကျောက်လုံအသင်း ဟုတ်လား... ငါ မင်းတို့ကို မြွေသေကောင် ဖြစ်အောင် လုပ်ပစ်မယ်"
"အဟွတ်... အဟွတ်..."
ထိုစဉ်၊ မြွေစိမ်း မဟာမိတ်အဖွဲ့ ခေါင်းဆောင်က နားထောင်ရခက်လာသဖြင့် ဝင်ပြောလိုက်သည်။
"စခန်းခေါင်းဆောင်ကြီး... စကားကို ဆင်ခြင်ပါဦးဗျာ”