← Chapters

အခန်း (၂၁၄-၂၁၆)

Vol. 15 Ch. 214-216

အခန်း (၂၁၄-၂၁၆)

Vol. 15 Ch. 214-216

အခန်း (၂၁၄)- ချူချိုယွီနှင့် ပြန်လည်ဆုံတွေ့ခြင်း (၃)

~"သူတို့က သူတို့ကိုယ်သူတို့ မြွေစိမ်း မဟာမိတ်အဖွဲ့လို့ ခေါ်ထားကြပြီး အခုကျမှ 'မြွေသေကောင်' လို့ လာခေါ်နေတော့... တို့ဘက်က နားထောင်ရတာ သိပ်အဆင်မပြေဘူးကွ"

"မူလကတည်းက ရွှမ်လုံ ( နဂါးနက်) နဲ့ ဟေးကျောက်လုံ (ရေနဂါးနက်) ဆိုတဲ့ နာမည်တွေအောက်မှာ ငါတို့ မြွေစိမ်းအဖွဲ့က မှေးမှိန်နေရတာ... အခု မင်းက တိုက်ရိုက်ကြီး မြွေသေကောင်လို့ ခေါ်လိုက်တော့ ဘယ်ကောင်းတော့မလဲ"

ရွှမ်လုံစခန်း၏ ခေါင်းဆောင်ကြီးမှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီး လက်ကာပြလိုက်သည်။

"ကျုပ် ခင်ဗျားတို့ကို ပြောတာ မဟုတ်ပါဘူးဗျာ"

သို့သော် ကျောက်လုံအသင်း၏ တတိယသခင်က အခွင့်အရေးကို လက်လွတ်မခံဘဲ ချက်ချင်း ဝင်ပြောလိုက်လေ၏။

"အထင်လွဲတာပါ... အထင်လွဲတာပါဗျာ... စခန်းခေါင်းဆောင်ကြီးက ဘာတွေ ပြောနေတာလဲ... ကျွန်တော်တို့က ဒီမြစ်ကြောင်းရဲ့ အသက်သွေးကြောကို ပိတ်ဆို့ရဲပါ့မလား"

"တကယ်လို့များ ကျွန်တော်တို့မှာ အဲဒီလို ရည်ရွယ်ချက်မျိုး ရှိခဲ့ရင် ကောင်းကင်ဘုံရဲ့ အမျက်ဒေါသနဲ့ မြေကမ္ဘာရဲ့ ဖျက်ဆီးခြင်းကို ခံရပါစေဗျာ... တကယ်တော့ ကျွန်တော်တို့ ဒီလိုလုပ်ရတာ အကြောင်းအရင်း ရှိပါတယ်"

"ဒါပေမဲ့ ဒီနေရာမှာ ရှင်းပြလို့ အဆင်မပြေပါဘူး... ခင်ဗျားတို့လည်း ရောက်လာကြပြီ ဆိုတော့ ရေတပ်စခန်းထဲ ဝင်ပြီး ရေနွေးကြမ်းလေး ဘာလေး သောက်ရင်း စကားပြောကြတာပေါ့"

"လောလောဆယ်တော့ ကျွန်တော် အကျဉ်းချုပ် ရှင်းပြပါ့မယ်... ကျွန်တော့်အစ်ကိုကြီး နှစ်ယောက် ပြန်ရောက်လာရင် သူတို့ကိုယ်တိုင် ခင်ဗျားတို့ကို တောင်းပန်ပါလိမ့်မယ်"

ဂိုဏ်းကြီး (၃) ခုမှ ခေါင်းဆောင်များသည် တစ်ယောက်ကို တစ်ယောက် အကဲခတ် ကြည့်ရှုလိုက်ကြသည်။

နောက်ဆုံးတွင် သူတို့သည်လည်း မလိုအပ်ဘဲ အကြမ်းဖက် တိုက်ခိုက်ရမည့် လမ်းစဉ်ကို ရှောင်ရှားလိုကြသည်။ ဓားမထုတ်ဘဲ ပြီးသွားလျှင် အကောင်းဆုံး မဟုတ်ပါလော။

သိုင်းလောက ဆိုသည်မှာ သတ်တာဖြတ်တာ သက်သက် မဟုတ်ပေ။ တောတွင်းဥပဒေ မှာလည်း သူ့စည်းမျဉ်းနှင့် သူ ရှိကြစမြဲ။

လက်ရှိအချိန်တွင် ဤရေလမ်းကြောင်း ကုန်သွယ်ရေးသည် တည်ငြိမ်နေသည်။ အကယ်၍ သူတို့က စိတ်လိုက်မာန်ပါ တိုက်ခိုက်လိုက်လျှင် ကျောက်လုံအသင်းကို နိုင်သည်ဖြစ်စေ၊ မနိုင်သည်ဖြစ်စေ ပြဿနာသစ်များ ပေါ်ပေါက်လာဦးမည်သာ။

ကျောက်လုံအသင်း ပျက်စီးသွားလျှင် သူတို့ပိုင်နက်ကို ဘယ်သူ ယူမလဲ။

သည်လောက် ကြီးမားသော ရေတပ်စခန်းကြီးက ဘယ်သူ့လက်ထဲ ရောက်သွားမလဲ။

တိုက်ပွဲဖြစ်လျှင် သူတို့ ဂိုဏ်း (၃) ခုစလုံး အထိနာသွားနိုင်သလို၊ တစ်ဂိုဏ်း၊ နှစ်ဂိုဏ်းလောက် ပျက်စီးသွားနိုင်ချေလည်း ရှိသည်။

အနိုင်ရခဲ့လျှင်တောင် ဒီလောက် ကြီးမားသော အသားတုံးကြီးကို တစ်လုပ်တည်းနှင့် ဘယ်လို မျိုချနိုင်မလဲ။

မိမိတို့ အင်အားနည်းသွားချိန်တွင် အခြားသူများက အခွင့်ကောင်းယူပြီး ဝင်တိုက်လာနိုင်သေးသည်။

မြစ်ကမ်းတစ်လျှောက်က တခြား သူခိုးဂိုဏ်းတွေကရော ဒီအသားတုံးကို လက်ပိုက် ကြည့်နေကြမှာတဲ့လား။

အခြေအနေတွေ ရှုပ်ထွေးသွားရင် ထိန်းချုပ်ရ ခက်ခဲသွားလိမ့်မည်။

နောက်ဆုံး ကျောက်လုံအသင်းကိုလည်း မနိုင်၊ ကိုယ်တိုင်လည်း အရိုးပါမကျန် အဝါးခံလိုက်ရလျှင်... အမြတ်ထက် အရှုံးက ပိုများသွားပေလိမ့်မည်။

အဆုံးသတ်မှာတော့... ဒီရေလမ်းကြောင်းက လက်ရှိအချိန်မှာ ငွေတွင်းကြီး ဖြစ်နေတာ အမှန်ပင်။

မြစ်ကမ်းတစ်လျှောက်က ကုန်သည်တွေကလည်း စည်းမျဉ်း နားလည်ကြသည်။ ပေးသင့်တာပေး၊ ဆုတ်သင့်တာ ဆုတ်ကြသည်။

သင်္ဘောတွေ များများဖြတ်သန်းလေ... ရေလမ်းကြောင်း စည်ကားလေ... သူတို့ရဲ့ ငွေအိတ်တွေ ဖောင်းလာလေလေပဲ မဟုတ်ပါလော။

ထို့ကြောင့်လည်း ကျောက်လုံအသင်းရဲ့ လုပ်ရပ်ကို နောက်ပြန်ဆွဲသည်ဟု ဝေဖန်နေကြခြင်း ဖြစ်၏။

သူတို့လုပ်ရပ်က မြစ်အောက်ပိုင်းက လူတွေရဲ့ ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်လိုက်သလို ဖြစ်နေတော့ ဘယ်သူက သည်းခံနိုင်မည်လဲ။

သို့သော်၊ သည်းမခံနိုင်ဘူး ဆိုသော်လည်း... ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်လျှင်တော့ အကောင်းဆုံးဟု မျှော်လင့်နေကြသည်။

နောက်ဆုံး မဖြစ်မနေ ကျောက်လုံအသင်းကို ဖြိုခွင်းရမည် ဆိုလျှင်တောင် တခြား သူခိုးဂိုဏ်းကြီးတွေနှင့် ကြိုတင် ညှိနှိုင်းရဦးမည်။

ဘယ်လို တိုက်မလဲ။ ဘယ်သူက တိုက်စစ်ဖွင့်မလဲ။ ဘယ်သူက ခံစစ်နေမလဲ။ ဘယ်လို မဟာဗျူဟာတွေ သုံးမလဲ။

သိမ်းပိုက်ပြီးသွားလျှင် ကျောက်လုံအသင်းရဲ့ ပိုင်နက်တွေကို ဘယ်လို ခွဲဝေမလဲ။

တစ်ယောက်တည်းက ငွေအများကြီး ပုံအောပြီး ဝယ်လိုက်မလား။

ဒါမှမဟုတ် အားလုံးက ကိုယ်စားလှယ်တွေ လွှတ်ပြီး ပူးပေါင်းအုပ်ချုပ်ကာ အမြတ်ငွေကို ခွဲဝေယူကြမလား။

ဒီကိစ္စတွေကို သေချာ မဆွေးနွေးဘဲ လုပ်လိုက်ရလျှင် အခြေအနေတွေ ပိုဆိုးသွားနိုင်သည်။

ဒါက ရေသူခိုးတွေ အတွက်ရော၊ ကုန်သည်တွေနှင့် ခရီးသည်တွေ အတွက်ပါ ဘာမှ အကျိုးမရှိပေ။

ထို့ကြောင့် ယခုအချိန်တွင် ကျောက်လုံအသင်း တတိယသခင် ကမ်းလှမ်းလာသော ငြိမ်းချမ်းရေး လက်ကမ်းမှုကို လက်ခံလိုက်ခြင်းက အကောင်းဆုံး ထွက်ပေါက် ဖြစ်နေသည်။

သူတို့ အချင်းချင်း မျက်ရိပ်ပြလိုက်ကြပြီး ခေါင်းညိတ် သဘောတူလိုက်ကြသည်။

ငြိမ်းချမ်းရေး လိုလားသည် ဆိုသော်လည်း တစ်ဖက်လူ၏ လှည့်ကွက်များကိုတော့ သတိထားရပေမည်။

ထို့ကြောင့် အားလုံးက အသင့်အနေအထား ပြင်ဆင်ပြီးမှ ရေတပ်စခန်း အတွင်းသို့ လိုက်ပါသွားကြလေသည်။

ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည်လည်း လူအုပ်နောက်သို့ လိုက်ပါကာ ပွဲကြည့်ရန် ပြင်လိုက်ကြသည်။ သို့သော် မတ်တပ်မရပ်လိုက်မီ ယန်ရှောင်ယွင်က ဆုမို၏ အင်္ကျီလက်စကို ရုတ်တရက် ဆွဲလိုက်လေ၏။

သူမသည် မလှမ်းမကမ်းရှိ ထောင့်တစ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။

ဆုမို မော့ကြည့်လိုက်သောအခါ ကျောက်လုံအသင်းသား ဝတ်စုံ ဝတ်ဆင်ထားသော လူအများအပြားသည် အမျိုးသမီးတစ်ဦးကို တွန်းထိုး ခေါ်ဆောင်သွားနေသည်ကို တွေ့လိုက်ရ၏။

ထိုအမျိုးသမီး၏ လက်များကို နောက်ပြန်ကြိုးတုပ်ထားပြီး မျက်နှာထား တင်းမာခက်ထန်နေသည်။ မျက်ဝန်းများထဲတွင် အေးစက်သော အရောင်များ လက်နေသော်လည်း အတွင်းအား ပိတ်ဆို့ခံထားရသဖြင့် မည်သို့မျှ မခုခံနိုင်ဘဲ ပါသွားရရှာသည်။

ဆုမို အံ့အားသင့်သွားသည်။

"ဒါ... သူ မဟုတ်လား"

ထိုအမျိုးသမီးသည် လန်ယွဲ့နန်းတော် မှ ချူချိုယွီပင် ဖြစ်ချေသည်။

လွန်ခဲ့သော ရက်အနည်းငယ်က ဟွာယန်တောင်ခြေတွင် ခေတ္တ တွေ့ဆုံခဲ့ဖူးပြီး နောက်ပိုင်းတွင် မြစ်သုံးစင်းပင်လယ်အော်၌ သူမနှင့် ဂိုဏ်းသားများကို အဝေးမှ လှမ်းမြင်ခဲ့ရ၏။

သို့သော် ယခုကဲ့သို့ အခြေအနေမျိုးဖြင့် ပြန်လည် ဆုံတွေ့ရလိမ့်မည်ဟု ဘယ်သူက ထင်ထားပါမည်နည်း။

ဆုမိုနှင့် ယန်ရှောင်ယွင်တို့၏ မျက်နှာထားများ လေးနက်သွားကြသည်။

"ဒါ မဖြစ်သင့်ဘူး"

ယန်ရှောင်ယွင်က ရေတပ်စခန်းထဲ ဝင်သွားသော သူခိုးဂိုဏ်းခေါင်းဆောင်များကို လှမ်းကြည့်လိုက်ပြီးနောက် တီးတိုး ပြောလိုက်သည်။

"လန်ယွဲ့နန်းတော် ဆိုတာ သာမန် ရေသူခိုးတွေနဲ့ ယှဉ်လို့ရတဲ့ အဖွဲ့အစည်း မဟုတ်ဘူး... ကျောက်လုံအသင်းက ဘယ်လောက်ပဲ မိုက်ရဲတယ် ဆိုဦးတော့... လန်ယွဲ့နန်းတော်က တပည့်တစ်ယောက်ကို ဖမ်းမိထားတာတောင် ဒီလို ဆက်ဆံရဲတယ် ဆိုတာ ယုံနိုင်စရာ မရှိဘူး"

လန်ယွဲ့နန်းတော်နှင့် ဟုန်ရွက်နီ ဂိုဏ်းတို့သည် တူညီချက် တစ်ခု ရှိသည်။ နှစ်ဖွဲ့စလုံးသည် အမျိုးသမီးများဖြင့်သာ ဖွဲ့စည်းထားသော ဂိုဏ်းများ ဖြစ်ကြသည်။

သိုင်းလောကတွင် ထိုကဲ့သို့သော ဂိုဏ်းများ ရပ်တည်နိုင်ရန် မရှိမဖြစ် လိုအပ်သော အရည်အချင်း (၂) ခု ရှိသည်။

ပထမအချက်မှာ မိမိလူကို အသက်ပေး ကာကွယ်ခြင်း ဖြစ်ပြီး၊ ဒုတိယအချက်မှာ ရက်စက်ပြတ်သားခြင်း ဖြစ်ပေသည်။

တုန်းချန်ဒေသ၏ အဓိက ဂိုဏ်းကြီးတစ်ခု ဖြစ်သော လန်ယွဲ့နန်းတော်သည် သူတို့၏ ဂုဏ်သိက္ခာကို တန်ဖိုးထားသလို၊ မိမိလူကို ကာကွယ်ရာတွင်လည်း မည်သူ့ကိုမျှ အလျှော့ပေးလေ့ မရှိပေ။

အကယ်၍ တစ်စုံတစ်ယောက်က လန်ယွဲ့နန်းတော်၏ တပည့်ကို ဖမ်းဆီးပြီး ဤမျှ စော်ကားရဲလျှင် လန်ယွဲ့နန်းတော်သည် အင်အားအလုံးအရင်းဖြင့် လာရောက်ပြီး ထိုသူများကို မြေလှန် ရှာဖွေကာ လက်စားချေမည်မှာ အသေအချာပင်။

ကျောက်လုံအသင်း ဆိုတာ နာမည်ဆိုးနှင့် ကျော်ကြားသည် ရေသူခိုးအဖွဲ့လေး တစ်ခုပင်.. လန်ယွဲ့နန်းတော်ကို ဘယ်လို ယှဉ်နိုင်မှာလဲ။

ဒီလို လုပ်ရပ်က ကိုယ့်သေတွင်း ကိုယ်တူးနေတာနှင့် အတူတူပင်။

ဆုမိုတို့ နှစ်ဦးသား အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ပင်မခန်းမဆောင်သို့ မလိုက်သွားတော့ဘဲ ချူချိုယွီကို ခေါ်ဆောင်သွားသော ရေသူခိုးများနောက်သို့ တိတ်တဆိတ် လိုက်ပါသွားကြတော့သည်။

ထိုလူများသည် ညစ်ညမ်းသော စကားများကို ပြောဆိုရင်း ချူချိုယွီကို တွန်းထိုးကာ အခန်းတစ်ခန်းထဲသို့ ခေါ်ဆောင်သွားကြသည်။

"အတိတ်တုန်းကတော့ လန်ယွဲ့နန်းတော်က တပည့်ကျော်တွေ ဆိုတာ နတ်သမီးတွေလိုပဲ အထိအတွေ့ မခံနိုင်ဘူးလို့ ထင်ခဲ့တာ... ဒီနေ့တော့ ငါတို့လက်ထဲ ရောက်လာပြီး ငါတို့ စံစားဖို့ ဖြစ်လာမယ်လို့ ဘယ်သူ ထင်မှာလဲကွ"

ရေသူခိုးတစ်ယောက်က ချူချိုယွီ၏ မေးစေ့ကို ကိုင်ကာ မသမာသော အပြုံးဖြင့် ပြောလိုက်သည်။

"မျက်နှာလေးကတော့ တော်တော် လှသားပဲ... ဒါပေမဲ့ မျက်လုံးတွေက အရမ်း အေးစက်လွန်းနေတယ်၊ ကြည့်ရတာ ကျောချမ်းစရာကြီး... ခဏနေရင်ရော အဲဒီလို ဆက်ပြီး အေးစက်နိုင်ဦးမလား ကြည့်ရသေးတာပေါ့"

"နင်တို့ရဲ့ ညစ်ပတ်တဲ့ လက်တွေကို ဖယ်လိုက်စမ်း"

ချူချိုယွီက အေးစက်စွာ မာန်မဲလိုက်သည်။

"နင်တို့ အခုချက်ချင်း နောက်ဆုတ်လိုက်ရင် ဒီကိစ္စကို ငါ ခွင့်လွှတ်ပေးနိုင်သေးတယ်... မဟုတ်ရင်တော့..."

"မဟုတ်ရင် ဘာဖြစ်မလဲ"

ထိုလူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဘေးမှ လူများကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။

"ဒီအခြေအနေ ရောက်နေတာတောင် သိုင်းမိမယ်ကြီး ဂိုက်ဖမ်းနေတုန်းပဲလား... ရယ်စရာ ကောင်းလိုက်တာ၊ နောက်ကျရင် ငါတို့ခေါင်းဆောင်ရဲ့ ဦးဆောင်မှုအောက်မှာ လန်ယွဲ့နန်းတော်ကို တက်သိမ်းပြီး နန်းတော်သခင်မကို ဖမ်းမိတဲ့အခါကျရင်လည်း... သူကရော ရေခဲတုံးလို အေးစက်ပြီး ကျောက်စိမ်းတုံးလို ဖြူစင်နေဦးမလား ဆိုတာ ငါ ကြည့်ချင်သေးတယ်"

"နင်...နင်..."

ချူချိုယွီ ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း ခုတင်ပေါ်သို့ တွန်းလှဲခံလိုက်ရလေ၏။

ထိုလူများက ရိုင်းစိုင်းစွာ ရယ်မောရင်း သူမအပေါ် မကောင်းကြံရန် ပြင်လိုက်ကြသောအခါ သူမ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက် ကင်းမဲ့သော အရိပ်အယောင်များ ဖြတ်သန်းသွားရရှာသည်။

သို့သော် ထိုအခိုက်အတန့်တွင် သူမ၏ အကြည့်သည် တစ်နေရာ၌ ရပ်တန့်သွားသည်။

သူမသည် လူအုပ်ကြီး၏ နောက်ဘက်သို့ လှမ်းကြည့်လိုက်ပြီး အံ့ဩတကြီး ရေရွတ်လိုက်သည်။

"ရှင်... ရှင်က ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ"

"ဘယ်သူလဲ"

ကျောက်လုံအသင်းသားများ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

တစ်ယောက်က ရယ်မောလိုက်သည်။

"ခေါင်းမာတဲ့ ကောင်မလေး... ဒီအချိန်ထိ ခုခံချင်နေတုန်းလား၊ မင်းရဲ့ စိတ်ဓာတ်ကိုတော့ ငါ သဘောကျသွားပြီ..."

ရုတ်တရက်…သူ၏ စကားသံ ရပ်တန့်သွားသည်။ မျက်လုံးများ ပြူးကျယ်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်သောအခါ...

သူ၏ လည်မျိုကို ထိုးဖောက်ဝင်ရောက်နေသော လှံသွားတစ်ခုကို တွေ့လိုက်ရပြီး ရင်ဘတ်ပေါ်သို့ သွေးများ စီးကျလာသည်ကို မြင်လိုက်ရလေတော့သည်။

အခန်း (၂၁၅)- အရိပ်တမန်

~သိုင်းလောကတွင် လူအများ ရွံရှာစက်ဆုပ်ပြီး အထင်သေးကြသည့် လူစားမျိုးမှာ မုဒိမ်းကောင်များ ဖြစ်ပေသည်။

တောင်ပေါ်ဓားပြများသည် အုပ်စုလိုက် စုစည်းနေထိုင်ကြသလို၊ ရေသူခိုးများလည်း အဖွဲ့အစည်းနှင့် လှုပ်ရှားကြသည်။ သာမန် သူခိုးများတွင်ပင် သူတို့၏ အဆင့်ဆင့် ကွပ်ကဲမှုပုံစံ ရှိကြလေ၏။

မုဒိမ်းကောင်များ တစ်မျိုးတည်းသာလျှင် တစ်ကိုယ်တော် လှုပ်ရှားတတ်ကြသည်။

သူတို့ ပေါ်လာတိုင်း လမ်းမပေါ် ဖြတ်ပြေးသော ကြွက်တစ်ကောင်ကို ဝိုင်းမောင်းထုတ်သကဲ့သို့ လူတိုင်းက ရိုက်ပုတ် နှိမ်နင်းလိုကြသည်။

ဆယ်နှစ်ကျော်ကြာအောင် အိမ်တွင်းပုန်းနေခဲ့သော သမီးပျိုလေး တစ်ယောက်၊ ကောင်းမွန်သော အိမ်ထောင်တစ်ခု ထူထောင်ရန် ရည်ရွယ်ထားသော မိန်းကလေး တစ်ယောက်သည် မုဒိမ်းကောင် တစ်ယောက်ကြောင့် ဘဝပျက်စီးသွားရတတ်သည်။

ထိုမိန်းကလေးသည် မည်သူ့မျက်နှာကိုမျှ မကြည့်ရဲတော့သဖြင့် ကြိုးဆွဲချ အဆုံးစီရင်သွားတတ်၏။

မိသားစု တစ်ခုလုံး ဝမ်းနည်းပူဆွေးကြရ၏။

သားသမီးများသော မိသားစုများတွင်ပင် ထိုသို့သော ဝမ်းနည်းမှုမျိုး ခံစားရတတ်ပြီး၊ သမီးတစ်ယောက်တည်း ရှိသော မိသားစုများအဖို့ဆိုလျှင် ဆင်းရဲဒုက္ခသည် ပြောမပြတတ်အောင် ကြီးမားလှပေသည်။

မုဒိမ်းကောင်များသည် လူသတ်ခြင်း၊ ပစ္စည်းလုခြင်း မပြုလုပ်ကြသော်လည်း သူတို့ ဖန်တီးလိုက်သော ပျက်စီးဆုံးရှုံးမှု၏ အတိမ်အနက်သည် အထူးပင် ဒေါသထွက်ဖွယ်ရာ ကောင်းလှသည်။

ထို့ကြောင့် ထိုကဲ့သို့သော လူယုတ်မာမျိုးနှင့် တွေ့ဆုံခဲ့လျှင် မေးခွန်းထုတ်မနေတော့ဘဲ ချက်ချင်း သတ်ဖြတ်ပစ်လိုက်ခြင်းသည် အကောင်းဆုံးပင်။

အတိတ်ကာလက ကျောက်လုံအသင်းသားများသည် လူပြန်ပေးဆွဲပြီးနောက် ဤမျှ ယုတ်မာသော နည်းလမ်းများကို အသုံးပြုလေ့ မရှိခဲ့ဖူးပေ။ ယခုအချိန်တွင်မူ ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် စကားအများကြီး ပြောမနေတော့ဘဲ တိုက်ရိုက်ပင် ဝင်ရောက် သတ်ဖြတ်လိုက်ကြတော့သည်။

ယန်ရှောင်ယွင်သည် နဂါးနက် လှံတံကို တစ်ချက် လှည့်လိုက်ရုံဖြင့် လူတစ်ယောက်၏ အသက်ကို ထိုနေရာတွင်ပင် နှုတ်ယူလိုက်လေ၏။

ကျန်ရှိနေသေးသော လူအနည်းငယ်မှာ ကြောင်အမ်းအမ်း ဖြစ်နေဆဲတွင်ပင် နှစ်ယောက်၏ လည်ပင်းများသည် ဆုမို၏ လက်ထဲသို့ ရောက်ရှိသွားကြသည်။ 'ဂျွတ်' ခနဲ အရိုးကျိုးသံ နှစ်ချက်နှင့်အတူ ခေါင်းများ ငိုက်ကျသွားပြီး အလောင်းများသည် မြေကြီးပေါ်သို့ ဘုန်းခနဲ လဲကျသွားကြသည်။

နောက်ဆုံး ကျန်ရစ်သူ တစ်ယောက်သည် သတိပြန်ဝင်လာပြီး လှည့်၍ အော်ဟစ်ရန် ပြင်လိုက်စဉ် သူ၏ မျက်နှာတစ်ခုလုံးကို ဆုမိုက လက်ဝါးဖြင့် အုပ်ကိုင်ထားလိုက်ပြီ ဖြစ်၏။

လက်ချောင်းများကို ကျုံ့လိုက်သည်နှင့် တစ်ပြိုင်နက် မျက်နှာရိုး တစ်ခုလုံး ကျိုးပဲ့သွားသံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး အရိုးများ တစ်စစီ ကြေမွသွားတော့သည်။ ဆုမိုက အသာအယာ ဆွဲလိုက်ရုံဖြင့် ထိုလူသည် အသက်မဲ့သွားလေ၏။

ယန်ရှောင်ယွင်က ရှေ့သို့ တိုးလာပြီး မေးမြန်းလိုက်သည်။

"သိုင်းမိမယ်ချူ... အဆင်ပြေရဲ့လားဟင်"

"ပြေပါတယ်... ကျေးဇူးတင်ပါတယ်ရှင်"

ချူချိုယွီသည်လည်း သက်ပြင်းတစ်ချက် ချလိုက်ပြီး မြေပြင်ပေါ်မှ အလောင်းများကို ကြည့်ကာ ကြောက်လန့်နေဆဲ ဖြစ်၏။

ယန်ရှောင်ယွင်က သူမ၏ ခန္ဓာကိုယ်ကို အသာအယာ တို့ထိလိုက်ရာ ပိတ်ဆို့ထားသော သွေးကြောကွက်များ ချက်ချင်း ပွင့်သွားတော့သည်။

ချူချိုယွီ၏ ကိုယ်ခန္ဓာ အနည်းငယ် တုန်ခါသွားပြီး လက်ကောက်ဝတ်ရှိ ကြိုးများ ပြတ်တောက်သွားလေ၏။

သူမသည် လှိမ့်၍ ထရပ်လိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကာ အလေးအနက် ဦးညွှတ်လိုက်သည်။

"အသက်ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးကို... ကျွန်မ ချူချိုယွီ ဘယ်လို ပြန်ဆပ်ရမလဲတောင် မသိတော့ပါဘူးရှင်..."

ဆုမိုက လက်ကာပြလိုက်သည်။

"ကျွန်တော်တို့အားလုံး သိုင်းလောကသားချင်းတွေပါဗျာ... ခရီးသွားနေရင်း မမျှော်လင့်တဲ့ အခက်အခဲတွေ ကြုံတတ်တာ သဘာဝပါပဲ၊ သိုင်းမိမယ်ချူ အနေနဲ့ ဒီလောက်ကြီး အားနာနေစရာ မလိုပါဘူး... ဒါပေမဲ့ သိခွင့်ရှိမလား၊ ဘယ်လိုဖြစ်ပြီး ဒီနေရာကို ရောက်လာရတာလဲ"

"ဇာတ်လမ်းက ရှည်ပါတယ်"

ချူချိုယွီက စကားပြောရင်း အလောင်းတစ်လောင်း ဘေးမှ ဓားရှည်တစ်လက်ကို ကောက်ယူလိုက်သည်။

"ကျောက်လုံအသင်းက ရေလမ်းကြောင်းတွေကို ဘာအကြောင်းပြချက်မှ မရှိဘဲ ပိတ်ဆို့ထားတယ်လေ... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်မနဲ့ ညီမလေးတွေ မြစ်သုံးစင်းပင်လယ်အော်မှာ သတင်းစုံစမ်းရင်း ရေကူးဖြတ်ဖို့ နည်းလမ်းရှာနေကြတာ"

"ယွမ်ယန် ကုန်သွယ်ရေးဌာနရဲ့ ဆိုင်တာဝန်ခံက လန်ယွဲ့နန်းတော်နဲ့ တော်တော်လေး ရင်းနှီးမှု ရှိတယ်၊ ဒါကြောင့် သူက ကျောက်လုံအသင်းဆီ စာပို့ပြီး ကျွန်မတို့ကို လွှတ်ပေးမလားလို့ မေးပေးခဲ့တာပါ"

"ဘယ်လိုပဲဖြစ်ဖြစ် လန်ယွဲ့နန်းတော်က တုန်းချန်မှာ မျက်နှာပန်းလှတဲ့ အဖွဲ့အစည်း ဆိုပေမဲ့... ရေပေါ်မှာတော့ ရေပေါ်စည်းကမ်း ရှိတာပဲလေ၊ ကျွန်မတို့က စည်းမျဉ်းကို ချိုးဖောက်လို့ မရဘူး"

"နောက်ပိုင်း ကျောက်လုံအသင်းက သဘောတူလိုက်တယ်"

"ဒါနဲ့ ကျွန်မတို့လည်း ယွမ်ယန် ကုန်သွယ်ရေးဌာနရဲ့ ကုန်သင်္ဘောပေါ်မှာ လိုက်ပါပြီး မြစ်ကို ဖြတ်ဖို့ ပြင်ဆင်ခဲ့ကြတာပေါ့"

"ဒါပေမဲ့ မထင်မှတ်ထားတာက... ကျောက်လုံအသင်းက ပါးစပ်နဲ့တော့ သဘောတူသလို ပြောပြီး တကယ်တမ်းကျတော့ လန်ယွဲ့နန်းတော်ရဲ့ သိက္ခာကို လုံးဝ ထည့်မတွက်ဘဲ လုပ်ဆောင်ခဲ့တာပါ"

"သူတို့က ရက်စက်ကြမ်းကြုတ်စွာနဲ့ လူတွေကို သတ်ဖြတ်ခဲ့တယ်"

"ကျွန်မနဲ့ ညီမလေးတွေက သိုင်းပညာ ကောင်းတယ် ဆိုပေမဲ့ ရေကြောင်းတိုက်ပွဲမှာတော့ သိပ်မကျွမ်းကျင်ကြဘူး... သူတို့ရဲ့ ပိုက်ကွန်ထဲ မိပြီး ရေထဲ နှစ်လိုက်တော့ သတိမေ့သွားခဲ့ရတာ..."

သူမက ဖြစ်ပျက်ခဲ့ပုံကို အကျဉ်းချုပ် ရှင်းပြပြီး ခါးသီးစွာ ပြုံးလိုက်သည်။

"တကယ်တော့ နည်းနည်းတော့ ရှက်စရာ ကောင်းသား... ရှင်တို့နှစ်ယောက် ရယ်ချင် ရယ်ကြပါတော့"

"မရယ်ပါဘူးဗျာ"

ယန်ရှောင်ယွင်က ခေါင်းခါလိုက်သည်။

"ကုန်းပေါ်က တိုက်ပွဲနဲ့ ရေပေါ်က တိုက်ပွဲဆိုတာ ယှဉ်လို့မှ မရတာ... သိုင်းမိမယ်ချူ အနေနဲ့ ရေကြောင်းသဘာဝကို မကျွမ်းကျင်တော့ အကွက်ချခံရတာ မဆန်းပါဘူး"

"ဒါပေမဲ့ ကျောက်လုံအသင်းက ဘယ်သူ့ကို ကျောထောက်နောက်ခံ ပြုထားလို့ လန်ယွဲ့နန်းတော်ကိုတောင် ဂရုမစိုက်ရဲတာလဲ"

"စောစောက သူတို့ထဲက တစ်ယောက် ပြောသံ ကြားလိုက်သေးတယ်... ဘယ်သူ့ ဦးဆောင်မှုအောက်မှာ လန်ယွဲ့နန်းတော်ကိုတောင် တိုက်ခိုက်ရဲတယ် ဆိုလား"

"စိတ်ကူးယဉ်နေကြတာပါ"

ချူချိုယွီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"ကျောက်လုံအသင်းက မိုက်ရူးရဲ ဆန်တယ်... သူတို့ရဲ့ လုပ်ရပ်တွေ နောက်ကွယ်မှာ ဆန်းကြယ်တဲ့ အကြောင်းပြချက် တစ်ခုခု ရှိကောင်း ရှိနိုင်ပေမဲ့... လန်ယွဲ့နန်းတော်ကို တိုက်ခိုက်ရဲတယ် ဆိုတာကတော့..."

သူမ၏ စကားသံသည် ဤနေရာတွင် ရပ်တန့်သွားပြီး ရုတ်တရက် မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံ ရ၏။

သူမက ဆုမိုနှင့် ယန်ရှောင်ယွင်တို့ကို မော့ကြည့်လိုက်သည်။

"ရှင်တို့နှစ်ယောက်ကို အသက်ကယ်ခဲ့တဲ့ ကျေးဇူး ကြွေးတင်နေပါပြီ... ကျွန်မ သေချာ ပြန်ဆပ်ပါ့မယ်၊ ဒါပေမဲ့ အခုချိန်မှာ ကျွန်မရဲ့ ညီမလေးတွေ အဖမ်းခံထားရတုန်းပဲ... သူတို့ကို အရင် သွားကယ်ပါရစေ၊ ပြီးမှ အသေးစိတ် ရှင်းပြပါ့မယ်"

"ကောင်းပါပြီ"

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ခေါင်းညိတ်လိုက်ကြသည်။

"လူကယ်ဖို့က အရေးကြီးတာပဲ"

ယန်ရှောင်ယွင်က တစ်စုံတစ်ခု ထပ်ပြောရန် ပြင်လိုက်သော်လည်း ဆုမိုက သူမကို ဆွဲထားပြီး အခန်းထဲတွင် လမ်းခွဲရန် မျက်ရိပ်ပြလိုက်လေသည်။

ချူချိုယွီသည် ညီမငယ်များကို ကယ်တင်ရန် ခုန်ပျံ ထွက်ခွာသွားတော့သည်။

ယန်ရှောင်ယွင်က မေးလိုက်သည်။

"ဘာလို့ သူ့ကို မကူညီတာလဲ"

"သူက လန်ယွဲ့နန်းတော်ရဲ့ ထိပ်တန်း တပည့်ကျော် တစ်ယောက်ပါ... သိုင်းပညာက သာမန် မဟုတ်ဘူး၊ ရေပေါ်မှာ မဟုတ်ရင် ကျောက်လုံအသင်းသားတွေ သူ့ကို ဖမ်းနိုင်မှာ မဟုတ်ဘူး... တခြားလူတွေကို ကယ်ဖို့ ကျွန်တော်တို့ အကူအညီ မလိုပါဘူး"

ဆုမိုက ဆက်ပြောလိုက်သည်။

"ပြီးတော့ ကျောက်လုံအသင်းရဲ့ ဗြုန်းစားကြီး ပြောင်းလဲမှုက တစ်ခုခု ထူးခြားနေတယ်ဗျ... ဒါကြောင့် ပင်မ ခန်းမဆောင်ထဲမှာ ခေါင်းဆောင်တွေနဲ့ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာ သွားကြည့်ဖို့ စီစဉ်ထားတယ်"

"ကောင်းပြီလေ"

သူတို့နှစ်ဦးသည် အခန်းထဲမှ ချက်ချင်း ထွက်ခွာလာပြီး တံခါးကိုပါ ပိတ်ပေးခဲ့ကြသည်။

ထိုနေရာမှ ခုန်ပျံကျော်လွှားကာ ကျောက်လုံအသင်း၏ ပင်မ ခန်းမဆောင်ကြီးဆီသို့ တည့်တည့် ဦးတည်လိုက်ကြသည်။

သို့သော် မရောက်မီမှာပင် သတ်ဖြတ်သံများနှင့် အော်ဟစ်သံများ ဆူညံစွာ ထွက်ပေါ်လာလေ၏။

နှစ်ဦးသား ခေါင်မိုးစွန်းပေါ်သို့ သက်ဆင်းလိုက်ပြီး အဝေးမှ လှမ်းကြည့်လိုက်သောအခါ အနက်ရောင်ဝတ် လူတစ်စုသည် ဘယ်နေရာမှ ပေါ်လာမှန်း မသိဘဲ ရောက်ရှိနေကြသည်ကို တွေ့လိုက်ရ၏။

သူတို့သည် ဟုန်ရွက်နီ ဂိုဏ်း၊ မြွေစိမ်း မဟာမိတ်အဖွဲ့နှင့် ရွှမ်လုံ ရေတပ်စခန်းမှ လူများကို ဝိုင်းရံထားကြလေ၏။

ဆုမိုတို့ ရောက်သွားချိန်တွင် ထိုရေသူခိုး အဖွဲ့ (၃) ဖွဲ့မှ လူများသည် မြေပြင်ပေါ်တွင် လဲကျနေကြပြီ ဖြစ်၏။

အခန်း (၂၁၆)- အရိပ်တမန် (၂)

~လူအုပ်ကြီးကြားတွင် ခြေတစ်ချောင်းထောက် ကြေးနီလှံကြီးကို ကိုင်ဆောင်ထားသော လူဝကြီးတစ်ယောက်သာလျှင် ဘယ်ပြန်ညာပြန် တိုက်ခိုက်ကာ ကျန်ရစ်နေလေ၏။ အနက်ရောင်ဝတ် လူများသည် ကျောက်လုံအသင်းသားများထက် သိုင်းပညာ သာလွန်ကြသော်လည်း ထိုလူဝကြီးကို ချက်ချင်း ဖမ်းချုပ်ရန် ခက်ခဲနေကြသည်။

ထိုစဉ် ခန်းမဆောင်အတွင်းမှ အနက်ရောင် အရိပ် တစ်ခုသည် မျဉ်းနက် တစ်ကြောင်းအလား လျင်မြန်စွာ ဖြတ်သန်းထွက်ပေါ်လာ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအရိပ်သည် လူဝကြီး၏ ရှေ့သို့ ရောက်ရှိသွားပြီး လက်ကိုဆန့်ကာ ဖမ်းဆုပ်လိုက်လေ၏။ သူ၏ လက်ချောင်းများတွင် မကောင်းဆိုးဝါးဆန်သော အနက်ရောင် အရှိန်အဝါများ လွှမ်းခြုံထားသည်။

လူဝကြီးသည် လက်ထဲရှိ ကြေးနီလှံကြီးကို လှည့်ပတ်လိုက်ပြီး အထက်သို့ ပင့်တင်ကာ ခုခံလိုက်သည်။

ခဏချင်းမှာပင် ထိုလက်ဝါးနှင့် ကြေးနီလှံတို့ ထိပ်တိုက် တွေ့ဆုံသွားကြတော့သည်။

"ဝီ..."

ကြေးနီလှံကြီးသည် ပြင်းထန်စွာ တုန်ခါသွားပြီး အနက်ရောင် အော်ရာများသည် အဆိပ်ပြင်း မြွေနှစ်ကောင်အလား ကြေးနီလှံမှတစ်ဆင့် လူဝကြီး၏ လက်မောင်းဆီသို့ တိုးဝင်လာလေ၏။

ဤမျှ လျင်မြန်သော တိုက်ကွက်ကို မမျှော်လင့်ထားသဖြင့် လူဝကြီးသည် ကြေးနီလှံကို လွှတ်ချရန် အချိန်မရလိုက်ပေ။

အနက်ရောင် အော်ရာများသည် သူ၏ ရင်ဘတ်ကို ရိုက်ခတ်လိုက်ပြီး နောက်သို့ လွင့်စင်သွားစေသည်။

သို့သော် ထိုလူဝကြီး၏ ခန္ဓာကိုယ် ကြီးမားထူထဲမှုကြောင့်သော် လည်းကောင်း၊ လျှို့ဝှက်သိုင်းပညာ တစ်ခုခုကြောင့်သော် လည်းကောင်း သူသည် ကြီးမားသော ဒဏ်ရာမရရှိဘဲ လှိမ့်ကာ ပြန်ထရပ်နိုင်ခဲ့သည်။

သူသည် ကြေးနီလှံကြီးကို စွန့်ပစ်လိုက်ပြီး နောက်လှည့်ထွက်ပြေးတော့သည်။

အနက်ရောင်ဝတ် လူများသည် ဤအဖြစ်အပျက်ကို မြင်ပြီး အံ့အားသင့်သွားကြသည်။ သူတို့သည် မိမိတို့၏ လက်ဝါးများကို ကြည့်လိုက်၊ လူဝကြီးကို ကြည့်လိုက်ဖြင့် ထူးဆန်းနေမိကြသည်။

ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် ထိုအနက်ရောင်ဝတ် ပုဂ္ဂိုလ်ကို သေချာစွာ မြင်တွေ့ခွင့် ရလိုက်လေပြီ။

သူသည် ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင် ဝတ်ရုံရှည်ဖြင့် ဖုံးအုပ်ထားပြီး ခေါင်းတွင် ခေါင်းစွပ် စွပ်ထားသည်။ မျက်နှာကို ရွှေချည်ထိုး အနက်ရောင် မျက်နှာဖုံးဖြင့် ကာကွယ်ထားလေ၏။

အထူးသဖြင့် ညဉ့်ကောင်းကင်မှ ကြယ်တာရာများအလား တောက်ပနေသော သူ၏ မျက်ဝန်းများသည် အမှောင်ထုထဲတွင်ပင် စူးရှထက်မြက်နေသည်။

ထိုပုဂ္ဂိုလ်သည် လျင်မြန်သော လှုပ်ရှားမှုဖြင့် လူဝကြီး၏ နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားသည်။

လူဝကြီးသည် ခွန်အားကြီးမားသော်လည်း ကိုယ်ဖော့ပညာတွင်မူ ထိုပုဂ္ဂိုလ်ကို မယှဉ်နိုင်ပေ။ ခဏအတွင်းမှာပင် အမီလိုက်ခံလိုက်ရ၏။

ရုတ်တရက် လူဝကြီးသည် နောက်လှည့်ကာ လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ထိမိလိုက်သည်နှင့် တစ်ပြိုင်နက် အနက်ရောင်ဝတ် ပုဂ္ဂိုလ်သည် နောက်သို့ လွင့်စင်သွားပြီး ခြေလှမ်းအနည်းငယ် ယိုင်နဲ့သွားသော်လည်း မလဲကျဘဲ ပြန်လည် တည်ငြိမ်သွားလေ၏။

သူ မော့ကြည့်လိုက်သောအခါ မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

လူဝကြီး၏ လက်သီးချက်သည် ပြင်းထန်လှပေသည်။ သူ၏ မျက်လုံးကျဉ်းကျဉ်းလေးများထဲတွင် ဒေါသအိုး ပေါက်ကွဲနေသော်လည်း ရုတ်တရက် ခန္ဓာကိုယ် တောင့်တင်းသွားပြီး နောက်သို့ ပျော့ခွေ လဲကျသွားတော့သည်။

အနက်ရောင်ဝတ် ပုဂ္ဂိုလ်သည် ကိုယ်ကို တည့်မတ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။

"ခေါ်သွားလိုက်"

ချက်ချင်းပင် အနက်ရောင်ဝတ် လူအများအပြား ရောက်ရှိလာပြီး လူဝကြီး၏ ခန္ဓာကိုယ်မှ သွေးကြောကွက်များကို ပိတ်ဆို့လိုက်ကြသည်။ ထို့နောက် စိတ်ချရစေရန် ဝက်တစ်ကောင်ကို ချည်နှောင်သကဲ့သို့ ကြိုးများဖြင့် တင်းကျပ်စွာ တုပ်နှောင်လိုက်ကြသည်။

နောက်ဆုံးတွင် သစ်တိုင်တစ်ချောင်းကို ကြိုးကြားထဲ လျှိုသွင်းကာ ထမ်းပိုး၍ ခေါ်ဆောင်သွားကြလေတော့သည်။

ထိုအချိန်တွင် ခန်းမဆောင်ထဲမှ အခြားလူတစ်ဦး ထွက်ပေါ်လာ၏။ သူသည် ပိန်ပိန်ပါးပါးနှင့် အရပ်ပုပြီး ခါးကို အနည်းငယ် ကိုင်းထားသည်။

"အရိပ်တမန် "

သူသည် ကျောက်လုံအသင်း၏ တတိယသခင် ဖြစ်ပြီး အလွန် ရိုကျိုးနေသည့်ဟန် ရှိသည်။

ထိုအခါ၊ အနက်ရောင်ဝတ် ပုဂ္ဂိုလ်သည် မိမိ၏ လက်ဝါးကို ငေးကြည့်နေဆဲ ဖြစ်သော်လည်း သူ့ကို လှည့်မကြည့်ဘဲ စကားဆိုလိုက်သည်။

"ကန့်လန့်ကာ ဖွင့်လိုက်ပြီ... ဒါက ပထမအဆင့်ပဲ ရှိသေးတယ်"

"ဟုတ်ကဲ့ပါ"

"ပြင်ဆင်ထားပါ"

အနက်ရောင်ဝတ် ပုဂ္ဂိုလ်သည် ခါးကြားမှ လက်အိတ်တစ်စုံကို ထုတ်ယူကာ စွပ်လိုက်ရင်း ဆက်ပြောသည်။

"လာမယ့် ရက်တွေမှာ မြစ်ကမ်းတစ်လျှောက်က သူခိုးဂိုဏ်းတွေ တဖြည်းဖြည်း ရောက်လာလိမ့်မယ်... ကျောက်လုံအသင်း အနေနဲ့ တံခါးဖွင့်ပေးထားလိုက်... ဝင်လာတဲ့သူ ဘယ်သူ့ကိုမှ ပြန်ထွက်ခွင့် မပေးနဲ့"

"ဒါပေမဲ့..."

သူက တတိယသခင်ကို တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။

"သံကြိုးတားပြီး မြစ်ကို ပိတ်ဆို့တာက အလွန်ဆုံး (၁၅) ရက်ပဲ ခံလိမ့်မယ်... အဲဒီအချိန်ကျရင်မှ ငြိမ်ငြိမ်ထိုင်နေနိုင်တဲ့ ကောင်တွေ ရှိသေးရင်... ငါကိုယ်တိုင် သွားတွေ့လိုက်မယ်"

"အားလုံး အရိပ်တမန်ရဲ့ သဘောပါပဲ ခင်ဗျာ"

"ဟွန့်"

အနက်ရောင်ဝတ် ပုဂ္ဂိုလ်သည် နှာခေါင်းရှုံ့လိုက်ပြီး ပျင်းရိစွာ အကြောဆန့်လိုက်သည်။

"ပင်ပန်းလိုက်တာ"

"ကောင်းကောင်း အနားယူပါ... အလံမိန့်ရှင်"

တတိယသခင်သည် မြေကြီးပေါ်တွင် ဒူးထောက်လုမတတ် ဦးညွှတ် နှုတ်ဆက်လိုက်သည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် အနက်ရောင်ဝတ် ပုဂ္ဂိုလ်သည် ပြန်လှည့်ကြည့်လိုက်သည်။

တတိယသခင်သည် ထိတ်လန့်တကြား ခေါင်းငုံ့လိုက်မိ၏။

"စကားတစ်ခွန်း မှတ်ထားပါ..."

အနက်ရောင်ဝတ် ပုဂ္ဂိုလ်က တိုးညှင်းစွာ ပြောလိုက်သည်။

"မင်းကို ပေးတာကိုပဲ ယူရမယ်... မပေးတာကို လက်လှမ်းမနေနဲ့၊ မင်းလူတွေကို သေချာ ထိန်းချုပ်ထား... အချိန်မတန်ခင် ပြဿနာရှာရင် မင်းနေရာမှာ အစားထိုးစရာ လူတွေ အများကြီး ရှိတယ် ဆိုတာ မမေ့နဲ့"

"ကျွန်တော်.. နားလည်ပါပြီ"

တတိယသခင်သည် တံတွေးကို ဂလုခနဲ မျိုချလိုက်မိပြီး နဖူးပေါ်မှ ချွေးစေးများကို သတိထားမိလိုက်သည်။

တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် သူ မော့ကြည့်လိုက်သောအခါ အနက်ရောင်ဝတ် ပုဂ္ဂိုလ် ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။

သူ မတ်တပ်ထရပ်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။

ခန်းမဆောင်ထဲသို့ ပြန်ဝင်သွားသောအခါ သူခိုးဂိုဏ်းခေါင်းဆောင် သုံးဦးမှာ အရိပ်အယောင်ပင် မတွေ့ရတော့ချေ။

ခန်းမဆောင်ကြီးမှာ တိတ်ဆိတ်ခြောက်ကပ်နေပြီး စားပွဲပေါ်တွင် မသောက်ရသေးသော လက်ဖက်ရည်ခွက် အချို့သာ ကျန်ရစ်နေသည်။

ကျောက်လုံအသင်းသား အချို့သည် ခန်းမဆောင်ကို ရှင်းလင်းရန် ဝင်လာကြပြီး တတိယသခင်ကို မြင်သောအခါ အလျင်အမြန် ဦးညွှတ်လ်ုက်ကြသည်။

"သွားကြတော့"

တတိယသခင်က လက်ကာပြလိုက်ရာ အားလုံး ထွက်ခွာသွားကြသည်။

ခန်းမဆောင်ထဲတွင် တစ်ယောက်တည်း ကျန်ရစ်သောအခါ သူသည် ထိပ်ဆုံးရှိ ခုံတန်းလျားကို မော့ကြည့်လိုက်လေ၏။

ထိုနေရာသည် ကျောက်လုံအသင်း သခင်ကြီး ထိုင်သော နေရာ ဖြစ်၏။

ဧကရာဇ်မင်းများ၏ ရာဇပလ္လင်ကဲ့သို့ ခမ်းနားထည်ဝါခြင်း မရှိသော်လည်း...

ထိုနေရာသည် ဆွဲဆောင်မှု အပြည့် ရှိနေပေသည်။

တတိယသခင်သည် တစ်လှမ်းချင်း တိုးကပ်သွားပြီး နောက်လှည့်ကာ သတိကြီးစွာဖြင့် ဝင်ထိုင်လိုက်သည်။

အစပိုင်းတွင် စိုးရိမ်စိတ် ရှိနေသော်လည်း မကြာမီ သူ၏ နှုတ်ခမ်းများ တွန့်ကွေးလာပြီး အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။

ထိုအပြုံးသည် တဖြည်းဖြည်း ပိုမို ကျယ်ပြန့်လာပြီး နောက်ဆုံးတွင် ကျယ်လောင်သော ရယ်မောသံကြီးအဖြစ် ပြောင်းလဲသွားတော့သည်။

"ဟား ဟား ဟား ဟား..."

သူသည် လက်ရန်းကို အသာအယာ ပုတ်လိုက်သည်။ ရယ်မောသံ ရပ်တန့်သွားသောအခါ သူ၏ မျက်ဝန်းများ စူးရှတောက်ပလာလေ၏။

"ရေသူခိုးတွေရဲ့ သခင်... မြစ်သုံးစင်းရဲ့ အရှင်သခင် ဆိုတာ... ငါမှ မဟုတ်ရင် ဘယ်သူ ဖြစ်ရမှာလဲ”

All Chapters