အခန်း (၂၁၇-၂၁၉)
Vol. 15 Ch. 217-219
အခန်း (၂၁၇)- အရိပ်တမန် (၃)
~"စိတ်ဓာတ်ကတော့ ကောင်းပါရဲ့... ဒါပေမဲ့ အဲဒီ ယုံကြည်မှုက ဘယ်ကနေ ရောက်လာတာလဲတော့ မသိဘူး"
"စောစောက ပုဂ္ဂိုလ်ဆီက ရလာတာများ ဖြစ်မလား"
ကျောက်လုံအသင်း တတိယသခင်၏ နားထဲသို့ ယောက်ျားလေးတစ်သံ၊ မိန်းကလေးတစ်သံ ရုတ်တရက် ဝင်ရောက်လာသောအခါ သူသည် မီးခဲနင်းမိသော မျောက်တစ်ကောင်အလား ခုန်ထလိုက်မိလေ၏။
"ဘယ်သူလဲ"
သူသည် ဘယ်ကြည့်ညာကြည့်ဖြင့် အသံလာရာကို ရှာဖွေကြည့်ရှုလိုက်သည်။
သို့သော် ခန်းမဆောင်ကြီးထဲတွင် ဗလာဟင်းလင်း ဖြစ်နေပြီး လူရိပ်လူယောင်ပင် မတွေ့ရချေ။
စိတ်ထင်လို့ ဖြစ်မှာပါဟု တွေးလိုက်မိစဉ်မှာပင် ပခုံးပေါ်သို့ လေးလံသော အထိအတွေ့တစ်ခု ကျရောက်လာပြီးနောက် ကျောပြင်ရှိ သွေးကြောကွက်များ အပိတ်ခံလိုက်ရလေသည်။ သူသည် မလှုပ်မယှက်နိုင်ဘဲ ကျောက်ရုပ်တစ်ရုပ်အလား တောင့်တင်းသွားရရှာသည်။
ထိုအခါမှ သူ့အနောက်ဘက်ဆီမှ စကားသံတစ်ခု ထွက်ပေါ်လာ၏။
"သိုင်းပညာကတော့ အတော်လေး နိမ့်ပါးတာပဲ"
"ဒီလိုလူမျိုးက တကယ့်ကို သူများလက်ထဲက ဓားတစ်လက် သက်သက်ပါပဲ... ဟိုပုဂ္ဂိုလ်က မင်းနေရာမှာ အစားထိုးစရာ လူတွေ အများကြီး ရှိတယ်လို့ ပြောသွားတာ မဆန်းပါဘူး၊ တကယ်လို့ မင်းတစ်ယောက်တည်းသာ ရွေးချယ်စရာ ရှိတယ်ဆိုရင်... တခြားသူတွေက အတော်လေး အရည်အချင်း ညံ့ဖျင်းလွန်းရာ ကျမနေဘူးလား"
တတိယသခင်သည် ထိုအမျိုးသမီး၏ အသံကို ကြားလိုက်ရသောအခါ ရင်းနှီးနေသလို ခံစားလိုက်ရ၏။ ဘယ်နေရာမှာ ကြားဖူးပါလိမ့်။
အကြပ်အတည်း ကာလတွင် သူ၏ ဦးနှောက်သည် လျင်မြန်စွာ အလုပ်လုပ်သွားပြီး ဖြစ်နိုင်ချေရှိသော လူတစ်ယောက်ကို စဉ်းစားမိလိုက်သည်။
"သံမဏိသွေး အာမခံဌာနက ဒုတိယ ခေါင်းဆောင်လေးများ ရောက်နေတာလားဗျာ... ကျေးဇူးပြုပြီး ကျွန်တော့်ကို မနောက်ပါနဲ့ဗျာ"
"နားပါးသားပဲ"
"ဒါက သူ့မှာ ကျန်ရှိနေတဲ့ တစ်ခုတည်းသော ဉာဏ်ရည် ဖြစ်လောက်တယ်"
စကားပြောနေစဉ်မှာပင် လူရိပ်တစ်ခု သူ့ရှေ့သို့ ရောက်ရှိလာ၏။ မော့ကြည့်လိုက်သောအခါ ယန်ရှောင်ယွင် ဖြစ်နေသည်ကို တွေ့လိုက်ရလေ၏။
သို့သော် သူမ၏ ဘေးတွင် ရပ်နေသော အမျိုးသားကိုမူ သူ မရင်းနှီးပေ။
ဒါပေမဲ့ အခုချိန်မှာ ဒါတွေကို စိတ်ပူနေရမည့် အချိန်မဟုတ်။ သူသည် ချက်ချင်းပင် မျက်နှာချိုသွေးလိုက်သည်။
"ခေါင်းဆောင်လေးကလည်းဗျာ... ဘယ်လို စကားမျိုး ပြောလိုက်တာလဲ"
"သခင်လေးယန် ရောက်လာတယ် ဆိုရင်လည်း ကျွန်တော့်ကို ပြောလိုက်ပါလား... စားသောက်ပွဲကြီးတွေ ကျင်းပပြီး အကောင်းဆုံး သင်္ဘောကြီးနဲ့ ကြိုဆိုမှာပေါ့... ဘာလို့များ ကိုယ်တိုင်ကိုယ်ကျ လာနေရတာလဲဗျာ"
"ပြီးတော့... အထင်လွဲမှုလေးတွေများ ရှိနေမလား"
"ကျွန်တော့် သွေးကြောကွက်တွေကို ပိတ်ထားရတဲ့ အကြောင်းအရင်းက ဘာများလဲဗျ"
"သိလျက်နဲ့ မသိချင်ယောင် ဆောင်နေတာပဲ"
ယန်ရှောင်ယွင်က ခေါင်းညိတ်လိုက်ပြီး ဆုမိုကို လှည့်ပြောလိုက်သည်။
"မောင်လေး... ခုနစ်ပါး အစွန်းရောက် ခန်းမကို သွားတုန်းက နင်.. သုံးခဲ့တဲ့ နည်းလမ်းကို အစ်မ မှတ်မိသေးတယ်... တော်တော် ထိရောက်တယ်နော်"
"လူကို လူလို ပြော၊ သရဲကို သရဲလို ပြောတတ်တဲ့ တတိယသခင်နဲ့ ယှဉ်ရင်တော့ အဲဒါက အပျော်တမ်း အဆင့်ပါပဲ"
ဆုမိုက တတိယသခင်ကို ကြည့်ပြီး ပြုံးလိုက်သည်။
"တတိယသခင်... ခင်ဗျား ဘယ်လောက်ထိ ဝေ့လည်ကြောင်ပတ် လုပ်နေဦးမှာလဲ"
"ကျွန်... ကျွန်တော်... ခင်ဗျားတို့ ဘာတွေ ပြောနေမှန်း ကျွန်တော် တကယ် နားမလည်ပါဘူးဗျာ"
"ဟုတ်လား"
ဆုမို ခေါင်းခါလိုက်သည်။
"ကောင်းပါပြီလေ... ဒီနေ့ ကျွန်တော်တို့က လာလည်တာပါ၊ ဒါပေမဲ့ ကျောက်လုံအသင်းက ညီအစ်ကိုတွေနဲ့ မတော်တဆ ပဋိပက္ခ ဖြစ်သွားလို့ သခင်ကြီး ကျူးကော့ချန်ထျန်ကို လူကိုယ်တိုင် တောင်းပန်ချင်လို့ပါ... အခု သခင်ကြီးက ကျွန်တော်တို့ကို ရှောင်နေတယ် ဆိုတော့ ကြာကြာ မနေရဲတော့ဘူး၊ တတိယသခင်က ကျွန်တော်တို့ကို မြင်သွားပြီ ဆိုတော့... ဒီသတင်း မပေါက်ကြားအောင် နှုတ်ပိတ်တဲ့ အနေနဲ့ လူကြီးမင်းကို သေခိုင်းရတော့မှာပဲ"
"နေ... နေပါဦး..."
ဆုမိုက လက်မြှောက်လိုက်သည်ကို မြင်သောအခါ တတိယသခင် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ညီအစ်ကိုတို့ရေ... ကျွန်တော်တို့ကြားမှာ ဘာရန်ငြိုးရန်စမှ မရှိပါဘူးဗျာ... ဘာလို့ ဒီလောက်ထိ လုပ်ရမှာလဲ"
"ကျွန်တော့် လက်အောက်ငယ်သားတွေက မသိနားမလည်လို့ စော်ကားမိရင်လည်း ရိုက်ချင်ရိုက်၊ သတ်ချင်သတ်ပါ... ကျောက်လုံအသင်းက ဘာမှ ပြန်ပြောမှာ မဟုတ်ပါဘူး"
"တကယ်လို့ မကျေနပ်သေးရင် ကျွန်တော် တတိယသခင် ကိုယ်တိုင် ဒူးထောက်ပြီး တောင်းပန်ပါ့မယ်... ကျေးဇူးပြုပြီး လူသတ်ဖို့ မလောပါနဲ့၊ အကုသိုလ်တွေ တိုးကုန်ပါလိမ့်မယ်"
"ကောင်းကင်ဘုံ ဗုဒ္ဓကျောင်းတော်က ဘုန်းကြီးတွေ ဟောကြတယ်လေ... ပါဏာတိပါတ ကံထိုက်ရင် ငရဲကျတတ်တယ်တဲ့"
ဆုမို ရယ်ချင်စိတ်ကို မနည်း ထိန်းလိုက်ရ၏။ ယန်ရှောင်ယွင်ကမူ အောင့်မထားနိုင်ဘဲ ရယ်မောလိုက်တော့သည်။
"တတိယသခင်က တရားစကားတွေတောင် ဟောတတ်နေပြီပဲ... ဒီလိုလူမျိုးကို အမြန်ဆုံး သံသရာ ပို့ပေးလိုက်တာ ပိုကောင်းမယ် ထင်တယ်"
"အဓိပ္ပာယ် ရှိသားပဲ"
ဆုမို ချက်ချင်း ထောက်ခံလိုက်ရာ တတိယသခင် ပြာပြာသလဲ တားမြစ်လိုက်ရပြန်သည်။
"ခေါင်းဆောင်တို့ရယ်... စိတ်လိုက်မာန်ပါ မလုပ်ကြပါနဲ့ဗျာ..."
"မင်းနဲ့ စကားနိုင်လုမနေချင်ဘူး"
ယန်ရှောင်ယွင်က လက်ကို ဆန့်ထုတ်လိုက်ရာ 'နဂါးနက် လှံတံ' ၏ အသွားသည် တတိယသခင်၏ လည်ပင်းပေါ်သို့ ရောက်ရှိသွားတော့သည်။
"ကျောက်လုံအသင်းထဲမှာ ဘာတွေ ဖြစ်နေတာလဲ... သခင်ကြီး ကျူးကော့ချန်ထျန် ဘယ်ရောက်နေလဲ"
"ငါ မေးတာ ဖြေရင် အကောင်းအတိုင်း ထားပေးမယ်... မဖြေရင်တော့... မင်း သေသွားပြီးရင် မင်း နောက်က ပုဂ္ဂိုလ်က အရိုးတွေ၊ အသားတွေ ပြန်ဆက်ပြီး အသက်ပြန်သွင်းပေးနိုင်မလား ဆိုတာ စောင့်ကြည့်ကြတာပေါ့"
တတိယသခင် ခေတ္တမျှ တိတ်ဆိတ်သွားသည်။
ဆုမိုက စကားလုံးလှည့်ကွက်တွေနှင့် ကစားနေတုန်းက သူ လှည့်ပတ်ပြောဆို၍ ရနိုင်သေးသည်။
ယန်ရှောင်ယွင်ကတော့ သတ်မယ်ဆိုလျှင် တကယ်သတ်မည့် အမျိုးသမီး ဖြစ်၏။
အကြီးအကျယ် စဉ်းစားပြီးနောက် နောက်ဆုံးတွင် သူသည် သွားကို တင်းတင်းစေ့ကာ ဖွင့်ဟဝန်ခံလိုက်ရတော့သည်။
"ခေါင်းဆောင်တို့... အမှန်အတိုင်း ပြောရရင် သခင်ကြီးက လုပ်ကြံခံလိုက်ရပါပြီ"
"ဪ..."
ဆုမို မျက်ခုံးပင့်လိုက်သည်။
"ဘယ်သူ လုပ်တာလဲ"
"ကျွန်... ကျွန်တော် မသိဘူး"
တတိယသခင်၏ မျက်လုံးများ ဂနာမငြိမ် ဖြစ်နေသည်။
ယန်ရှောင်ယွင်က ခေါင်းခါလိုက်သည်။
"ပေါက်ကရတွေ ပြောနေတာပဲ... လက်တွေ့ပြမှ ယုံမယ့်ပုံ ပေါက်နေတယ်"
"ဒါဆိုလည်း..."
ထိုစဉ်၊ ဆုမို ပြုံးလိုက်ပြီး တတိယသခင်ကို ပြောလိုက်သည်။
"တတိယသခင်... ခဏလောက် သည်းခံလိုက်ပါနော်"
"ဗျာ..."
ကြောင်တောင်တောင် ဖြစ်နေစဉ်မှာပင် တတိယသခင်မှာ သူ၏ အရိုးထဲထိ စိမ့်ဝင်သွားသော နာကျင်မှုကို ခံစားလိုက်ရ၏။
"အား..."
ပါးစပ်ဟ၍ အော်ရန် ပြင်လိုက်စဉ် 'ဗြိ' ခနဲ အသံနှင့်အတူ ဆုမိုသည် တတိယသခင်၏ အဝတ်အစား တစ်စကို ဆွဲဆုတ်လိုက်ပြီး လုံးချေကာ ပါးစပ်ထဲသို့ ထိုးထည့်လိုက်လေ၏။
စူးရှသော အော်သံသည် အပြင်သို့ မထွက်နိုင်ဘဲ လည်ချောင်းထဲတွင် တိတ်တဆိတ် ပျောက်ကွယ်သွားရရှာသည်။ ညည်းညူသံ သဲ့သဲ့သာ ထွက်ပေါ်လာတော့သည်။
ခဏအတွင်းမှာပင် သူ၏ တစ်ကိုယ်လုံးရှိ သွေးကြောများ ဖောင်းကြွလာပြီး မျက်လုံးများ ဖြူလန်သွားကာ အသက်ရှူရ ခက်ခဲလာတော့သည်။
ဆုမိုက သဘောကောင်းစွာဖြင့် သူ သေခါနီးဖြစ်နေသည်ကို မြင်သောအခါ ကျောပြင်ကို လက်ဝါးဖြင့် ဖိကာ အသက်ရှူလမ်းကြောင်း ဖွင့်ပေးလိုက်သည်။
တတိယသခင်သည် ငိုချင်သော်လည်း မျက်ရည်မထွက်နိုင် ဖြစ်နေရှာသည်။
ဤမျှ ပြင်းထန်သော နာကျင်မှုအောက်တွင် ဂုဏ်သိက္ခာတို့၊ ရည်မှန်းချက်တို့ ဆိုတာ ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။
အားလုံး အလကား ဖြစ်ကုန်ပြီ။
သူ အမြန်ဆုံး သေချင်စိတ်သာ ပေါက်နေတော့သည်။
သို့သော် ဆုမိုက သူ့ကို သေခွင့်မပေးဘဲ ဆက်လက်၍ ရှင်လျက်နှင့် ငရဲကျစေခဲ့သည်။
တတိယ သခင်သည် လက်မောင်း တစ်ဖက်တည်းမှ နာကျင်မှုက ဘာကြောင့် ဒီလောက် ပြင်းထန်နေရသလဲ ဆိုတာ နားမလည်နိုင်အောင် ဖြစ်နေသည်။
နာကျင်မှုသည် သွေးထဲတွင် ရောနှောနေပြီး ဓားငယ်လေးပေါင်းများစွာဖြင့် အသားစိုင်များကို မွှန်းနေသကဲ့သို့ ခံစားရ၏။
သို့သော် ဒဏ်ရာ အစစ်အမှန်က ဘယ်နားမှာလဲ ဆိုတာ ရှာမတွေ့ပေ။
အချိန် ကြာလာသည်နှင့်အမျှ နာကျင်မှုက ပိုမို ဆိုးရွားလာ၏။
တတိယသခင်သည် အချိန်ကာလကိုပင် မေ့လျော့သွားပြီး နာကျင်မှုကိုသာ အာရုံစိုက်နေရ၏။ စက္ကန့်ပိုင်းလောက်သာ ကြာသော်လည်း သူ့အတွက်မူ နှစ်ပေါင်းထောင်ချီ ကြာမြင့်နေသကဲ့သို့ ခံစားရလေ၏။
ထိုအချိန်တွင် ရုတ်တရက် နာကျင်မှု ပျောက်ကွယ်သွားသည်။
သို့သော် သူ၏ လက်မှာမူ တဆတ်ဆတ် တုန်ရီနေဆဲပင်။
ဆုမိုသည် တတိယသခင်၏ ပါးစပ်ထဲမှ အဝတ်စကို ဆွဲထုတ်လိုက်ပြီး ရွံရှာစွာဖြင့် မြေကြီးပေါ် ပစ်ချလိုက်သည်။
"သခင်ကြီး သေသွားပြီလား"
"မ... မသေသေးပါဘူး"
"ဒါဆို အနက်ရောင်ဝတ်ထားတဲ့ လူက ဘယ်သူလဲ"
"ထာဝရည တောင်ကြားက... အရိပ်တမန်ပါ"
"မင်းတို့ ဘာလုပ်ချင်နေကြတာလဲ"
"ရေလမ်းကြောင်းကို သိမ်းပိုက်ပြီး... ရေပေါ်က နံပါတ် (၁) သူခိုးဂိုဏ်း ဖြစ်ချင်လို့ပါ"
ထိုစကားကို ကြားသောအခါ ဆုမို သဘောပေါက်သွားတော့သည်။
"ဪ... မင်းက ရေသူခိုးဘုရင် လုပ်ချင်နေတာကိုး”
အခန်း (၂၁၈)- ရေအကျဉ်းထောင်
~"ရေသူခိုးဘုရင် ဟုတ်လား"
ယန်ရှောင်ယွင်၏ နားရွက်များ စွင့်သွားပြီး အလွန်ထူးဆန်းသော စကားတစ်ခွန်းကို ကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
သို့သော် သေချာစဉ်းစားကြည့်လျှင် ဆုမို၏ တင်စားမှုမှာ အလွန် သင့်လျော်ကြောင်း တွေ့ရှိရပေသည်။
ဤအခြေအနေသို့ ရောက်နေပြီဖြစ်ရာ ကျောက်လုံအသင်း တတိယသခင်သည် မည်သည့် အရာကိုမျှ ဖုံးကွယ်မထားရဲတော့ဘဲ သူသိသမျှ အကုန်လုံးကို ဖွင့်ဟဝန်ခံတော့သည်။ ယုံကြည်သင့်၊ မယုံကြည်သင့်ကတော့ ဆုမိုတို့၏ ဆုံးဖြတ်ချက်သာ ဖြစ်ပေတော့မည်။
တတိယသခင်၏ အဆိုအရ ဤအနက်ရောင်ဝတ် လူစုသည် ထာဝရည တောင်ကြားမှ လာရောက်ကြခြင်း ဖြစ်၏။
လွန်ခဲ့သော ရက်အနည်းငယ်က သူတို့သည် ကျူးကော့ချန်ထျန်ကို ရှာဖွေရန် ရောက်ရှိလာခဲ့ကြသည်။
ဤလူစုသည် သိုင်းပညာ အလွန်မြင့်မားကြပြီး ကျောက်လုံ ရေတပ်စခန်း အတွင်းသို့ မည်သူမျှ သတိမထားမိလိုက်ဘဲ တိတ်တဆိတ် ထိုးဖောက် ဝင်ရောက်လာနိုင်ခဲ့ကြသည်။
တတိယသခင်သည် ခန်းမဆောင်သို့ ဆင့်ခေါ်ခံရမှသာ မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်များ ရှိနေကြောင်း သိရှိခဲ့ရ၏။
ဆွေးနွေးမှု အနည်းငယ် ပြုလုပ်ပြီးနောက် ထိုလူစုသည် ကျူးကော့ချန်ထျန်အား ကြီးမားသော အကျိုးအမြတ်ရရှိမည့် အခွင့်အရေးတစ်ခုကို ကမ်းလှမ်းခဲ့သည်။
ကျူးကော့ချန်ထျန်က အသေးစိတ် မေးမြန်းလိုက်သောအခါမှသာ သူတို့၏ အစီအစဉ်သည် ရေသူခိုးများ အားလုံးကို စုစည်းပြီး မြစ်သုံးစင်း ပင်လယ်အော် မှ ဖန်ချုံ ဆိပ်ကမ်း ရှိ နင်ရွှေမြစ် အထိ ထိန်းချုပ်ရန် ဖြစ်ကြောင်း သိရှိလိုက်ရ၏။
သို့သော် ဤကမ်းလှမ်းမှုသည် လူမိုက် တစ်ယောက်၏ အိပ်မက်နှင့် တူနေပေသည်။
သာမန်လူများ နားမလည်နိုင်သော်လည်း ကျူးကော့ချန်ထျန် ကတော့ ဤရေလမ်းခရီးသည် အလွန် ရှည်လျားပြီး တုန်းချန် ဒေသ တစ်ဝက်နီးပါးကို ဝန်းရံထားကြောင်း ကောင်းစွာ သိရှိထားသည်။
လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော ရေသူခိုးဂိုဏ်းများ ရှိနေပြီး ရှုပ်ထွေးသော ဆက်ဆံရေး ကွန်ရက်များဖြင့် ချိတ်ဆက်ထားကြသည်။
ထိုအထဲတွင် အနည်းဆုံး (၁၀) ဖွဲ့ခန့်သည် သိုင်းပညာ မြင့်မားပြီး ကြီးမားသော ဩဇာအာဏာ ရှိကြရာ ကျောက်လုံအသင်းနှင့် ယှဉ်လျှင် မိုးနှင့်မြေကဲ့သို့ ကွာခြားလှသည်။
ယနေ့ ကျောက်လုံအသင်းသို့ လာရောက် ရန်ရှာသော ရေသူခိုး ခေါင်းဆောင် (၃) ဦးပင်လျှင် ထိုအဖွဲ့ကြီးများနှင့် ယှဉ်လျှင် ဘာမျှ မဟုတ်တော့ပေ။
သို့သော် ဆက်လက် ဆွေးနွေးသောအခါ ကျောက်လုံအသင်း ထိန်းချုပ်ထားသော နယ်မြေသည် အစီအစဉ်၏ အစပိုင်းသာ ဖြစ်ကြောင်း သိလာရ၏။
မြစ်သုံးစင်း ပင်လယ်အော်မှ ကျိယန် ကူးတို့ဆိပ် အထိသာ ပါဝင်သည်။
သို့တိုင်အောင် ကျူးကော့ချန်ထျန်သည် သဘောမတူခဲ့ပေ။
စကားပြောနေရင်း ပဋိပက္ခ ဖြစ်ပွားလာပြီး ခဏအကြာတွင် တိုက်ပွဲ စတင်ခဲ့သည်။
ကျူးကော့ချန်ထျန်နှင့် ဒုတိယသခင်တို့ ပူးပေါင်း တိုက်ခိုက်ခဲ့သော်လည်း တစ်ဖက်မှ အရိပ်တမန်အား ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ကြပေ။ သူတို့အားလုံး ဖမ်းဆီးခံလိုက်ရပြီး ယခုအခါ ရေတပ်စခန်း၏ ရေအကျဉ်းထောင် ထဲတွင် ချုပ်နှောင်ခံထားရ၏။
ထိုအချိန်တွင် တတိယသခင်က 'ပညာရှိသည် အဆိပ်ပင် ရေလောင်းမပေး' ဟူသော စကားအတိုင်း မိမိ၏ အင်အားကို ထိန်းသိမ်းပြီး အစ်ကိုကြီးများကို ကယ်တင်နိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် သူသည် အလိုက်အလျော ပြုလုပ်ခဲ့ပြီး ပိုမို ကြီးမားသော အစီအစဉ်ကို အကောင်အထည်ဖော်ရန် မျှော်လင့်ခဲ့ခြင်း ဖြစ်၏။
ဒီစကားကိုတော့... ဆုမို လုံးဝ မယုံကြည်ပေ။
ထာဝရည တောင်ကြားမှ လူများက တတိယသခင်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ သူတို့သည် တတိယသခင်ကို ကျောက်လုံအသင်း၏ ခေါင်းဆောင်အဖြစ် ယာယီ ခန့်အပ်ထားခဲ့သည်။
စခန်းအတွင်း၌ အမိန့်မနာခံသော သူမှန်သမျှကို အကျဉ်းထောင်ထဲသို့ ပို့ဆောင်ထားပြီး ဖြစ်၏။
အပြင်ဘက်တွင် လှုပ်ရှားနေဆဲ ဖြစ်သော သူများမှာမူ ထာဝရည တောင်ကြားကို သစ္စာခံထားပြီးသား သူများသာ ဖြစ်ကြသည်။
ဤအကြောင်းအရာများကို ပြောပြပြီးနောက် တတိယသခင်သည် မိမိ၏ လက်အောက်ငယ်သားများ အဘယ်ကြောင့် ဤမျှ လိမ်မ္မာနေရသနည်းဟု ညည်းတွားလိုက်မိ၏။
သူက ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်နှင့် အားလုံးက ခြေရာလက်ရာ မကျန်အောင် ပျောက်ကွယ်သွားကြသည်။
အကယ်၍ တစ်ယောက်ယောက်သာ ပြန်လာပြီး အသံကျယ်ကျယ်ဖြင့် အော်လိုက်လျှင်... ဤနှစ်ယောက် ကျောက်လုံအသင်းမှ လွတ်မြောက်နိုင်ပါမည်လော။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် မေးခွန်းထုတ်လိုက်သည်။
"တတိယသခင် အနေနဲ့ ထာဝရည တောင်ကြား အကြောင်း ဘာတွေများ သိထားသေးလဲ"
"အင်း..."
တတိယသခင် ခေါင်းညိတ်လိုက်သည်။
"ထာဝရည တောင်ကြား ဆိုတာ ယူချွမ်ဂိုဏ်းနဲ့အတူ နာမည်ကျော်ကြားတဲ့ တုန်းချန် မိစ္ဆာဂိုဏ်း တစ်ခုပါပဲ... ဒါကြောင့်လည်း ကျွန်တော်တို့ သခင်ကြီးက သူတို့နဲ့ ပူးပေါင်းဖို့ ငြင်းဆန်ခဲ့တာပေါ့"
"သူပြောတာက... ငါတို့တွေက ရေသူခိုးတွေ ဖြစ်ပြီး အသက်အန္တရာယ်နဲ့ ရင်းရတဲ့ အလုပ်ကို လုပ်နေပေမဲ့... လောကကြီးမှာ ဂုဏ်သိက္ခာနဲ့ တရားမျှတမှု ဆိုတာ ရှိရမယ်တဲ့၊ တောတွင်းဥပဒေ လမ်းစဉ် လိုက်နေသူတွေ ဖြစ်ပေမဲ့ လူ့အသက်ကို တန်ဖိုးမထားလို့ မရဘူးတဲ့"
"ပြီးတော့ ဒီလို မိစ္ဆာကောင်တွေနဲ့ ပူးပေါင်းလို့ မဖြစ်ဘူးတဲ့လေ"
"ဒီစကားတွေက ထာဝရည တောင်ကြားက လူတွေကို ဒေါသထွက်သွားစေပြီး တိုက်ပွဲ ဖြစ်ပွားစေခဲ့တာပါ..."
"ကျွန်တော့် အမြင် ပြောရရင်တော့... သခင်ကြီးက အရမ်း ခေါင်းမာလွန်းတယ်"
"နည်းနည်းလောက် သံခင်းတမန်ခင်း သုံးပြီး ဟန်ဆောင် သဘောတူလိုက်ရင် ပြီးရော... နောက်ကွယ်ကျမှ ကိုယ်လုပ်ချင်တာ လုပ်ပေါ့၊ ဒါဆို အခြေအနေကို ထိန်းချုပ်လို့ ရနေပြီပဲ မဟုတ်လား"
"ပြီးတော့... ရူးသွပ်ဘုန်းကြီး တစ်သိုက်ကလည်း မြစ်ကြောင်းအတိုင်း ဆင်းလာတော့မယ် ဆိုတဲ့ သတင်း ကြားနေရတယ်... အခုတောင် ပြဿနာတွေက လုံလောက်နေပါပြီဗျာ"
"ထာဝရည တောင်ကြားက နောက်ကွယ်ကနေ ကြိုးကိုင်နေမယ် ဆိုရင်... ဒီရူးသွပ်ဘုန်းကြီးတွေလည်း အောင်မြင်ချင်မှ အောင်မြင်မှာပါ"
"နောက်ပြီး ထာဝရည တောင်ကြားမှာလည်း စိုးရိမ်စရာတွေ ရှိပုံရတယ်... သံကြိုးတားပြီး ရေလမ်းပိတ်တာကို (၁၅) ရက်ပဲ အချိန်ပေးထားတာ"
"ရည်ရွယ်ချက်က သခင်ကြီးကို ထောင်ချောက်ထဲ ဝင်လာအောင် မျှားခေါ်ဖို့ပဲ"
"သူတို့ အချိန်ဆွဲမနေရဲဘူး... ပြဿနာ ကြီးထွားသွားရင် တုန်းချန်က ဂိုဏ်းကြီးတွေ သတိထားမိပြီး မလိုလားအပ်တဲ့ ဒုက္ခတွေ ရောက်လာမှာကို စိုးရိမ်နေကြပုံပဲ"
"ဒါကြောင့် သခင်ကြီးသာ နည်းနည်းလောက် ဉာဏ်ကူလိုက်ရင်... ထာဝရည တောင်ကြားရဲ့ အစီအစဉ်ကို အခွင့်ကောင်းယူပြီး အခြေအနေကို ပြောင်းပြန်လှန်ပစ်လို့ ရနိုင်သားနဲ့... ဘာလို့ ဒီလောက် တင်းမာနေရတာလဲ မသိပါဘူးဗျာ..."
ဆုမိုသည် တိတ်ဆိတ်စွာ နားထောင်နေပြီး သဘောတူခြင်း၊ ကန့်ကွက်ခြင်း မပြုပေ။ ထို့နောက် ယန်ရှောင်ယွင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"အစ်မရှောင်ယွင်... မေးစရာ ကျန်သေးလား"
"မရှိတော့ဘူး"
ယန်ရှောင်ယွင် ခေါင်းခါလိုက်ပြီး တစ်ဖက်သို့ လှည့်သွားလေ၏။ ဆက်ကြည့်ချင်စိတ် မရှိတော့ပေ။
ဆုမို ဘာလုပ်တော့မည် ဆိုတာ သူမ သိနေသည်။
ဆုမိုသည် လှုပ်ရှားမှု မပြုမီတွင် အမြဲတမ်း ယဉ်ကျေးသိမ်မွေ့သော လူကြီးလူကောင်း တစ်ယောက်လို ပြုံးပြတတ်သည်။ တောင်ပေါ်ဓားပြခေါင်းဆောင် ဖြစ်စေ၊ လမ်းငါးသွယ်ဆုံရပ်မှာ တွေ့ခဲ့တဲ့ စားပွဲထိုးလေး ဖြစ်စေ... အားလုံးကို အပြုံးနှင့် ဆက်ဆံခဲ့တာချည်းပင်။
သို့သော်... သူ လက်နက်စွဲကိုင်လိုက်ပြီ ဆိုလျှင်တော့ အသက်ရှင်လျက် ကျန်ရစ်သူ မရှိစဖူး။
သိုင်းလောက အတွေ့အကြုံရှိသော တတိယသခင်သည် ဆုမို၏ ရည်ရွယ်ချက်ကို ချက်ချင်း ရိပ်မိလိုက်သည်။ သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အကူအညီ တောင်းရန် ပါးစပ်ဟလိုက်သော်လည်း ဆုမို၏ လျင်မြန်သော လက်ဝါးချက်အောက်တွင် မည်သို့ အခွင့်အရေး ရနိုင်ပါမည်နည်း။
"ဘုန်း" ခနဲ အသံအက်အက် တစ်ချက် ထွက်ပေါ်လာပြီး ဦးခေါင်းခွံ ကြေမွသွားတော့သည်။
ခန္ဓာကိုယ် ပျော့ခွေကျသွားသောအခါ ဆုမိုသည် အလိုက်သင့် ဖမ်းထိန်းလိုက်ပြီး ထိုလူ၏ အဝတ်အစားများကို ဆွဲဆုတ်ကာ လက်များကို နောက်ပြန်ကြိုးတုပ်လိုက်လေ၏။
ယန်ရှောင်ယွင်က စိတ်ဝင်တစား ကြည့်နေသည်။
"အခု ဘာဆက်လုပ်မလို့လဲ"
"ယင်တောင် သရဲဘုရင်ဆီက သင်ခန်းစာ ရလိုက်တယ်လေ... ဒီလောကမှာ သိုင်းပညာတွေက ဆန်းကြယ်လွန်းတယ်၊ သေချင်ယောင်ဆောင်ပြီး ထွက်ပြေးနိုင်တဲ့ နည်းလမ်းတွေက မရေမတွက်နိုင်အောင် များတယ်"
"ဒီတတိယသခင်မှာ အဲဒီလို အရည်အချင်း ရှိမယ် မထင်ပေမဲ့... ဘေးကင်းတာက ပိုကောင်းပါတယ်"
"ဒီနေရာမှာ မီးရှို့လိုက်ရင် ပြဿနာ ရှုပ်ကုန်လိမ့်မယ်"
"ဒါကြောင့်... သူ့ကို ရေထဲပဲ နှစ်လိုက်တာ ပိုကောင်းမယ်"
"လက်ကို နောက်ပြန်တုပ်ထားတော့... တကယ်လို့များ သူ ပြန်ရှင်လာရင်တောင် ရေမွန်းပြီး သေသွားမှာ သေချာတယ်လေ"
ယန်ရှောင်ယွင် ခဏမျှ စဉ်းစားလိုက်ပြီး လေးလေးနက်နက် ခေါင်းညိတ်ထောက်ခံလိုက်သည်။
"မောင်လေးက ပိုပြီး စေ့စပ်သေချာတာပဲ... ဟုတ်တယ်၊ သူ့ကို မှောက်လျက်ထား၊ ပြီးတော့ လက်တွေ.. ခြေထောက်တွေကိုပါ ပူးချည်လိုက်... ဒါ ပိုစိတ်ချရတယ်၊ ပြီးတော့ ခြေလက် သွေးကြောတွေကိုပါ ဖြတ်တောက်ထားသင့်တယ်... မဟုတ်ရင် အတွင်းအား သုံးပြီး ရုန်းထွက်သွားနိုင်သေးတယ်”
အခန်း (၂၁၉)- ရေအကျဉ်းထောင် (၂)
~"တော်လိုက်တာ"
ဆုမိုသည် ယန်ရှောင်ယွင်ကို အံ့အားသင့်စွာ ကြည့်လိုက်လေ၏။
"အစ်မရှောင်ယွင်က တကယ်ပဲ လျှို့ဝှက်ချက်တွေ အများကြီး ရှိတာပဲနော်... အသေအချာ ရှင်းလင်းရေး လုပ်တတ်တဲ့ ပညာကိုတောင် ကျွမ်းကျင်နေပါလား"
"အဓိကကတော့ မြင်ဖူးကြားဖူးတာတွေ များလို့ပါ... ပြီးတော့ စဉ်းစားတွေးခေါ်မှု ကောင်းလို့လည်း ပါတာပေါ့"
ယန်ရှောင်ယွင်က နှိမ့်ချစွာ ပြန်ပြောလိုက်သည်။
"မောင်လေးဆီက သင်ယူစရာတွေ အများကြီး လိုပါသေးတယ်"
သူတို့နှစ်ဦးသည် တစ်ယောက်ကို တစ်ယောက် ချီးကျူးနေကြသော်လည်း လက်တွေ့တွင်မူ တတိယသခင်၏ အလောင်းကို စစ်မာ စတိုင်လ်ဖြင့် နောက်ပြန်ကြိုးတုပ်ကာ ခြေလက်များ၏ အကြောများကိုပါ ဖြတ်တောက်နေကြခြင်း ဖြစ်၏။
[ဘာသာပြန်သူ၏ မှတ်ချက်- "စစ်မာ စတိုင် ဆိုတာက သုံးပြည်ထောင်ခေတ်က နာမည်ကြီး စစ်ဗျူဟာမှူး စစ်မာရိ ကို အစွဲပြုပြီး ခေါ်တာပါ။ ရန်သူကို လုံးဝ မလှုပ်နိုင်အောင် နောက်ပြန်ကြိုးတုပ်တဲ့ နည်းလမ်းပေါ့။ ဒီလောက်နဲ့ မပြီးသေးဘူးနော်... စိတ်ချရအောင်လို့ ခြေလက်တွေကိုပါ ချိုးတာ၊ အကြောဖြတ်တာတွေ လုပ်လေ့ရှိတယ်။ ရက်စက်တယ်လို့ ထင်ရပေမယ့်... ရန်သူက သေချင်ယောင်ဆောင်ပြီး ပြန်တိုက်ခိုက်မှာ စိုးလို့ အခုလို အသေအချာ ပိတ်ဖို့ လိုတာလေ။ ]
သနားစရာကောင်းသည့် တတိယသခင်... ဒီလို လူမျိုးတွေနှင့် တွေ့မှတော့ သေတာတောင် ငြိမ်းချမ်းခွင့် မရနိုင်တော့ရှာပေ။
အလောင်းကို ကြိုးတုပ်ပြီးသောအခါ ဆုမိုသည် အဝတ်စုတ်အိတ် တစ်လုံးကို သယ်ဆောင်သကဲ့သို့ ပေါ့ပေါ့ပါးပါးပင် မလိုက်လေ၏။
ထို့နောက် သူတို့ နှစ်ဦးသည် ကျောက်လုံအသင်း ခန်းမဆောင်ကြီးထဲမှ ခုန်ထွက်လိုက်ကြသည်။
ကျောက်လုံ ရေတပ်စခန်းသည် ရေတဝက်၊ ကုန်းတဝက် တည်ရှိသဖြင့် ခြေလှမ်း အနည်းငယ် လှမ်းလိုက်ရုံဖြင့် ရေပြင်သို့ ရောက်ရှိသွားတော့သည်။
အလောင်းကို ရေထဲ ပစ်ချရန် ပြင်လိုက်စဉ်မှာပင် ရေတပ်စခန်း အတွင်းပိုင်းမှ မီးဟုန်းဟုန်း တောက်လောင်နေသည်ကို မြင်လိုက်ရပြီး ဓားချင်းခတ်သံများလည်း ထွက်ပေါ်လာ၏။
အသံလာရာ အရပ်ကို ထောက်ချင့်ကြည့်လျှင် ချူချိုယွီ ထွက်ခွာသွားသော နေရာဖြစ်ကြောင်း ခန့်မှန်းရ၏။
"လူကယ်ပြီးလို့ လက်စားချေနေကြပြီနဲ့ တူတယ်"
ဆုမိုက ပြုံးလိုက်ပြီး တတိယသခင်၏ အလောင်းကို ရေထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ချလိုက်လေ၏။
"သွားကြစို့ အစ်မ... ရေအကျဉ်းထောင် ဘယ်မှာလဲ ဆိုတာ သွားရှာရအောင်"
"ဒီတတိယသခင် ပြောတဲ့ စကားတွေက ယုံရတာ မဟုတ်ဘူး... ဒါကြောင့် သူပြောတဲ့ ရေအကျဉ်းထောင် တည်နေရာကို ကျွန်တော် သိပ်စိတ်မချဘူး"
"ဒါပေမဲ့ ဒီအနက်ရောင်ဝတ် လူတွေရဲ့ နောက်ခံကတော့ အမှန်ဖြစ်နိုင်တယ်"
"ထာဝရည တောင်ကြား ... အစ်မ ကြားဖူးလား"
"တကယ် မကြားဖူးဘူး"
ယန်ရှောင်ယွင် ခေါင်းခါလိုက်သည်။
"သံမဏိသွေး အာမခံဌာနက တုန်းချန်နဲ့ လော့ဖုန်း မဟာမိတ်အဖွဲ့ ကြားမှာပဲ လည်ပတ်နေတာလေ... အဲဒီလောက် နက်ရှိုင်းတဲ့ နေရာတွေအထိ မရောက်ဖူးဘူး၊ အထူးသဖြင့် တုန်းချန်မှာက ဂိုဏ်းတွေ အများကြီး ရှိပြီး နယ်မြေကလည်း အရမ်းကျယ်တာကိုး"
"သာမန်ပြည်သူတွေရဲ့ အမြင်မှာတော့... အနောက်တောင်ဘက် ဒေသဆိုတာ တုန်းဟွမ် သိုင်းလောကထဲတောင် မပါဘူး... တုန်းချန်ကိုပဲ တုန်းဟွမ်လို့ သတ်မှတ်ကြတာ"
"အဲဒီမှာ အကောင်းနဲ့ အဆိုး အားပြိုင်မှုတွေ ပြင်းထန်လွန်းလို့... ဘယ်သူမှ မသွားရဲကြဘူး"
ဆုမို ခေါင်းညိတ်လိုက်သည်။
"ဒါဆို ထာဝရည တောင်ကြား ဆိုတာ ဘာလဲဆိုတာ စိတ်ပူမနေပါနဲ့တော့... သူတို့ ဘာပဲကြံစည်ကြံစည် ကျွန်တော်တို့အတွက်တော့ ဘာမှ အကျိုးမရှိပါဘူး"
"တကယ်လို့ သူတို့သာ ရေလမ်းကြောင်းကို ထိန်းချုပ်လိုက်ရင်... သူတို့ရဲ့ ရည်ရွယ်ချက်အမှန်ကို ထားလိုက်ဦး၊ ကျွန်တော်တို့ရဲ့ အာမခံလုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေလိမ့်မယ်"
"ဒါ အမှန်ပဲ... ရေအကျဉ်းထောင်ကို ရှာကြတာပေါ့"
"ရှာနေစရာတောင် မလိုပါဘူး"
ဆုမို မော့ကြည့်လိုက်သောအခါ ရှုပ်ထွေးနေသော နေရာသို့ ပြေးလွှားသွားနေကြသည့် ခြေသံများကို ကြားလိုက်ရ၏။
ချက်ချင်းပင် 'နတ်ဘုရား အသွင်ပြောင်း ကိုယ်ဖော့ပညာ' ကို အသုံးပြုလိုက်ရာ ယန်ရှောင်ယွင်သည် လေတစ်ချက် တိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရပြီး ဆုမို ပျောက်ကွယ်သွားတော့သည်။ ခဏအကြာတွင် လေပြင်းတစ်ချက် ထပ်မံ တိုက်ခတ်လာပြီး သူ ပြန်ရောက်လာလေ၏။
သို့သော် ဤတစ်ကြိမ်တွင် သူ၏ လက်ထဲ၌ လူတစ်ယောက် ပါလာ၏။
ထိုလူသည် မူလက ဓားကိုင်ပြီး တိုက်ပွဲထဲ ဝင်ရောက်ရန် ပြင်ဆင်နေသူ ဖြစ်၏။ မျက်စိတစ်မှိတ်အတွင်း ဒီနေရာသို့ ရောက်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
သူသည် ဘယ်ကြည့်ညာကြည့်ဖြင့် ကြောင်အမ်းအမ်း ဖြစ်နေပြီး ဆုမိုနှင့် ယန်ရှောင်ယွင်ကို တစ်လှည့်စီ ကြည့်ကာ နားမလည်နိုင် ဖြစ်နေရှာသည်။
စိတ်တည်ငြိမ်သွားသောအခါ သူ၏ မျက်နှာတွင် ထိတ်လန့်မှုများ အပြည့်အဝ ပေါ်ပေါက်လာတော့သည်။
"ခင်... ခင်ဗျားတို့က ဘယ်သူတွေလဲ"
ဆုမိုက ပြုံးလိုက်သည်။
"ဒုက္ခိသည် သိုင်းကျမ်းအကြောင်း ကြားဖူးလား"
...
...
ကျောက်လုံ ရေတပ်စခန်း အတွင်းတွင် အကျဉ်းထောင် (၂) မျိုး ရှိသည်။
ပထမတစ်မျိုးမှာ သာမန် အကျဉ်းထောင် ဖြစ်ပြီး ကျောက်လုံအသင်းသို့ လာရောက် ပြဿနာရှာသူများကို အဓိက ချုပ်နှောင်ထားလေ့ ရှိသည်။
ဒုတိယတစ်မျိုးမှာ ရေအကျဉ်းထောင် ဖြစ်၏။
ရေအကျဉ်းထောင်သည် သာမန် အကျဉ်းထောင်ထက် များစွာ ပိုမို ကြမ်းတမ်းသော်လည်း ပြင်ပလူများအတွက် အသုံးပြုလေ့ မရှိဘဲ မိမိတို့ အဖွဲ့သားအချင်းချင်း အပြစ်ပေးရန်သာ အသုံးပြုလေ့ ရှိသည်။
တောတွင်းဥပဒေ၏ စည်းမျဉ်းများသည် တစ်ခါတစ်ရံတွင် အလွန် ရက်စက်ကြမ်းကြုတ်တတ်ပေသည်။
ကျောက်လုံအသင်း၏ အတွင်းစည်းမျဉ်းများသည် အလွန် တင်းကျပ်လှသည်။ စည်းကမ်းဖောက်ဖျက်သူများကို ကိုယ့်ကိုယ်ကို ပြန်လည် ဆင်ခြင်သုံးသပ်ရန်အတွက် ရေအကျဉ်းထောင်ထဲတွင် ချုပ်နှောင်ထားလေ့ ရှိသည်။
အပြစ်ပေါ့လျှင် ရက်အနည်းငယ်၊ အပြစ်ကြီးလျှင် လပေါင်းများစွာ ကြာမြင့်တတ်သည်။
ထိုအထဲတွင် နေထိုင်ရသော အတွေ့အကြုံသည်... တွေးကြည့်ရုံဖြင့်ပင် ကျောချမ်းဖွယ်ရာ ကောင်းလှပေသည်။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ရေအကျဉ်းထောင် တည်နေရာကို သိရှိပြီးနောက် သွားရောက်ကြည့်ရှုရာ ချူချိုယွီတို့ တိုက်ခိုက်နေသော နေရာနှင့် ဆန့်ကျင်ဘက် အရပ်တွင် ရှိနေကြောင်း တွေ့ရှိရ၏။ လမ်းကြောင်းအတိုင်း လိုက်သွားရာ ဝင်ပေါက်သို့ ရောက်ရှိသွားကြသည်။
ဝင်ပေါက်တွင် ကျောက်လုံ ရေသူခိုးများ စောင့်ကြပ်နေကြသည်။
ယန်ရှောင်ယွင်က လှံကို ကိုင်ကာ ရှေ့တိုးရန် ပြင်လိုက်စဉ် ဆုမိုက လက်ကာပြလိုက်သည်။
"မြက်ပင်တွေကို မလန့်စေနဲ့"
ပြောပြောဆိုဆိုဖြင့် သူသည် လက်ဝါးတစ်ဖက်ကို ဖိချလိုက်ရာ လေပြင်းမုန်တိုင်း တစ်ခု ဖြစ်ပေါ်လာတော့သည်။
အကျဉ်းထောင် ဝင်ပေါက်ရှေ့ရှိ မီးတိုင်များမှ မီးတောက်များသည် တဖျစ်ဖျစ် မြည်ဟည်းသွားပြီး စောင့်ကြပ်နေသော ရေသူခိုးနှစ်ဦးသည် အလိုအလျောက် မျက်နှာများကို ကာကွယ်လိုက်ကြရ၏။
လေပြင်းသည် ခဏတာမျှ ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက် ငြိမ်သက်သွားသည်။
သူတို့ လက်များကို ဖယ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ရှာဖွေကြည့်ရှုလိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ရပေ။
ခဏတာမျှ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။
"ဒီလေဆိုးကြီးက ဘယ်ကနေ ရောက်လာတာပါလိမ့်"
လူရိပ်လူယောင် မတွေ့ရသဖြင့် သူတို့လည်း အလေးအနက် မထားတော့ချေ။
မြစ်ပြင်ပေါ်က ရာသီဥတု ဆိုတာက ကြိုတင်ခန့်မှန်းလို့ ရတာမှ မဟုတ်တာ... ရုတ်တရက် လေပြင်းတိုက်တာမျိုးက ရှားပါးပေမဲ့ ဖြစ်လေ့ဖြစ်ထ ရှိတာပဲလေ။
ထိုအချိန်တွင် ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် ရေအကျဉ်းထောင် အတွင်းပိုင်းသို့ နက်ရှိုင်းစွာ ရောက်ရှိနေကြပြီ ဖြစ်၏။
ဆုမိုသည် 'မဟာနေမင်း ဖြန့်ကျက်လက်ဝါး'၏ စွမ်းအားဖြင့် လေပြင်းတိုက်ခတ်စေခဲ့ပြီး ထိုလူနှစ်ယောက် မျက်နှာကာလိုက်သည့် အခိုက်အတန့်တွင် 'နတ်ဘုရား အသွင်ပြောင်း ကိုယ်ဖော့ပညာ' ကို အသုံးပြုကာ ယန်ရှောင်ယွင်နှင့်အတူ လျှပ်စီးလက်သကဲ့သို့ ဖြတ်ကျော်ဝင်ရောက်လာခဲ့ခြင်း ဖြစ်၏။
ရေအကျဉ်းထောင်၏ လိုဏ်ခေါင်းလမ်းကြောင်းသည် အောက်ဘက်သို့ ဆင်းသွားသည်။
မြွေလိမ်မြွေကောက် သွားရပြီး နက်ရှိုင်းလေလေ စိုစွတ်လေလေ ဖြစ်လာ၏။
ခဏအကြာတွင် ကွင်းပြင်ကျယ်ကြီး တစ်ခုသို့ ရောက်ရှိသွားသည်။
လိုဏ်ဂူတစ်ခုလုံး၏ ထက်ဝက်ခန့်သည် ရေထဲတွင် နစ်မြုပ်နေပြီး ရေပေါ်တွင် သစ်သားပျဉ်ပြားများ ခင်းကာ လမ်းလျှောက်စရာ ပြုလုပ်ထားသည်။ ထိုပျဉ်ပြားများသည် နေရာကို လေးထောင့်ကွက်များအဖြစ် ပိုင်းခြားထားလေ၏။
အပေါ်ဘက်တွင်မူ သံကြိုးများဖြင့် ချိတ်ဆွဲထားသော သံလှောင်အိမ်များ ရှိနေသည်။
အကျဉ်းသားများကို ထိုလှောင်အိမ်များထဲတွင် ထည့်ကာ ရေထဲသို့ တစ်ဝက်ခန့် နစ်မြုပ်ထားသည်။ လှောင်အိမ်ထဲတွင် မတ်တပ်ရပ်နေမှသာ အသက်ရှူနိုင်မည် ဖြစ်၏။
ရေလွတ်သော နေရာကျဉ်းလေး တစ်ခုတွင် ကျောက်လုံ ရေသူခိုး အချို့ ထိုင်ကာ စကားစမြည် ပြောဆိုနေကြသည်။
"ဒီညတော့ တကယ့်ကို မငြိမ်းချမ်းပါလားကွာ"
"ဟေ့ကောင်... ဒါက အခြေအနေပေါ် မူတည်တာပါကွ၊ ဟိုလူကြီးတွေ ရောက်လာကတည်းက ငါတို့ ကျောက်လုံအသင်းကြီး တစ်ခုလုံး ပြောင်းလဲသွားတာ မင်း မသိဘူးလား"
"အရင်တုန်းက သခင်ကြီးလို မောက်မာ ဝင့်ကြွားနေတဲ့ ကောင်တွေတောင် အခု ရေအကျဉ်းထောင်ထဲ ရောက်ကုန်ကြပြီလေ... အခြေအနေတွေ ပြောင်းလဲကုန်တာ သဘာဝပါပဲ"
"သေစမ်း... ဒီလို.. နေ့မျိုး ရောက်လာလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး... ဟိုတုန်းက ငါ ကုန်သည်သင်္ဘော တစ်စင်းကို တားတုန်းက ကောင်မလေး တစ်ယောက်ရဲ့ ပါးလေးကို သွားထိမိတာနဲ့တင်... သခင်ကြီးက ငါ့ကို ကန်လိုက်တာ (၇) ရက်လောက် လဲသွားခဲ့ရတာကွ”