အခန်း (၂၂၀-၂၂၂)
Vol. 15 Ch. 220-222
အခန်း (၂၂၀)- ရေအကျဉ်းထောင် (၃)
~"ဟေ့ကောင်... လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်သေးတဲ့ အကောင်ကို ရေအကျဉ်းထောင်ထဲ နောက်ထပ် (၇) ရက် ထပ်ထည့်ထားလိုက်"
"ထားလိုက်ပါကွာ... အခု သူက ငါတို့ လက်ခုပ်ထဲက ရေပဲ၊ မင်း နေ့တိုင်း သူ့ကို သေးသွားပန်းနေရတာနဲ့တင် ဟိုတုန်းက အငြိုးတွေ ကျေလောက်ပါပြီ... နောက်ကျရင် ဟိုလူကြီးတွေနောက်ကို သေချာလိုက်ပြီး ကောင်းစားတော့မှာ... ဒီနေ့အဖြစ်အပျက်တွေက ဘာမှ မဟုတ်တော့ဘူးကွ"
"ဒါတော့ ဟုတ်ပါတယ်... ဒါပေမဲ့ ပြန်စဉ်းစားလိုက်တိုင်း ငါ ဒေါသထွက်လွန်းလို့ကွာ..."
စကားပြောနေရင်း ထိုလူသည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး အတွင်းဘက်သို့ လှမ်းသွားလေ၏။
"သွားပြန်ပြီဟေ့... ဒီကောင်ကြီး"
"သူ့စိတ်ကလည်း သေးသိမ်လိုက်တာ... ထားလိုက်ပါကွာ"
"နောက်နှစ်ရက်နေရင် ငါတို့ အလှည့်ရောက်ပြီကွ... ဒီည လန်ယွဲ့နန်းတော်က သိုင်းမိမယ်တွေကို ဖမ်းမိထားတယ် ကြားတယ်..."
"မင်းလည်း အဲဒီအကြံ ရှိနေတာလား"
"ဟဲ ဟဲ ဟဲ... ဦးဦးဖျားဖျား မစားရပေမဲ့ လက်ကျန်လေးတော့ မြည်းရဦးမှာပေါ့ကွာ"
"ဒါပေမဲ့ မင်းမိန်းမက ပြဿနာရှာရင် ဘယ်လိုလုပ်မလဲ"
"ဟွန့်... ဟိုတုန်းက ငါ့ကို အဲဒီမိန်းမ ယူရမယ် ဆိုပြီး အတင်းအကျပ် စီစဉ်ပေးတာ သခင်ကြီး ကျူးကော့ချန်ထျန်လေ... ငါ့အိမ်ပေါ် ရောက်လာပြီး ငါ့ကို ဒုက္ခပေးနေတာ နှစ်ပေါင်းများစွာ ကြာပြီ"
"ငါလည်း သည်းခံတာ လွန်ပါပြီကွာ... သူ လိမ်လိမ်မာမာ.. နေရင်တော့ ထားလိုက်မယ်၊ ငါ့ကို ပြန်ပြောရဲရင်တော့... ငါတို့ ယောက်ျားတွေ ခါးကြားမှာ ဓားချိတ်ထားတာ အလကား သက်သက်လို့ သူထင်နေသလား"
"ဟုတ်တာပေါ့ကွာ... ယောက်ျားစစ်ရင် ဒီလိုပဲ ဖြစ်ရမှာပေါ့"
ထိုစကား ပြောလိုက်စဉ်မှာပင် သူတို့၏ အနောက်ဘက်မှ သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာ၏။
"ယောက်ျားစစ်ရင် ဒီလို ဝန်ထုပ်ဝန်ပိုးမျိုး မထမ်းသင့်ဘူးကွ"
"ဟေ..."
ထိုလူသည် မမျှော်လင့်ထားသော အသံကြောင့် လှည့်ကြည့်ရန် ပြင်လိုက်စဉ်မှာပင် 'ဂျွတ်' ခနဲ အသံကို ကြားလိုက်ရပြီး သူ၏ ခေါင်းသည် ဘေးသို့ ငိုက်ကျသွားကာ နေရာတွင်ပင် အသက်ပျောက်သွားတော့သည်။
မသေခင် သူ၏ မျက်လုံးများက မြင်ကွင်းတစ်ခုကို ဖမ်းယူလိုက်မိ၏။ အေးစက်သော အလင်းရောင်တစ်ချက် လက်သွားပြီး သူ၏ အဖော်များသည် မြေပြင်ပေါ်တွင် လဲကျနေကြပြီ ဖြစ်၏။
"ကျောက်လုံအသင်းက သခင်ကြီး ကျူးကော့ကို ဆုံးရှုံးလိုက်ရရင်... ချက်ချင်းပဲ မိစ္ဆာဂူကြီး ဖြစ်သွားတော့မှာပဲ"
ယန်ရှောင်ယွင်သည် လူများကို သတ်ဖြတ်ပြီးနောက် လှံသွားပေါ်မှ သွေးစက်များကို ခါထုတ်လိုက်လေ၏။
ဆုမိုက ရယ်မောလိုက်ပြီး သူမကို ခေါ်ဆောင်ကာ စောစောက ထွက်သွားသော လူနောက်သို့ လိုက်ပါသွားကြသည်။
ရေအကျဉ်းထောင်ထဲတွင် လူတိုင်းသည် ကိုယ်စီ အသက်ရှူရန် ရုန်းကန်နေရသဖြင့် အခြားအရာများကို ဂရုမစိုက်နိုင်ကြပေ။ ဆုမိုနှင့် ယန်ရှောင်ယွင်ကို မြင်လျှင်ပင် အကူအညီ တောင်းရန် အသံမထွက်နိုင်ကြရှာ။
ထို့ကြောင့် သူတို့နှစ်ဦးသည် မည်သူမျှ သတိမထားမိဘဲ ထိုလူနောက်သို့ အလွယ်တကူ လိုက်ပါသွားနိုင်ခဲ့သည်။
ထိုလူသည် လှောင်အိမ်တစ်ခု၏ ရှေ့တွင် ရပ်တန့်လိုက်သည်။
လှောင်အိမ်ထဲတွင် မျက်နှာဖြူဖပ်ဖြူရော်နှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦး ရှိနေသည်။ သူသည် ခြေဖျားထောက်ကာ ရပ်နေရပြီး အသက်ကို မနည်း လုရှူနေရရှာသည်။
ရေပေါ်သို့ ပေါလောပေါ်လာရန်လည်း မဖြစ်နိုင်ပေ။ ရေအကျဉ်းထောင်ထဲ ရောက်နေသူများသည် ခြေထောက်များကို လှောင်အိမ်အောက်ခြေတွင် ချည်နှောင်ထားခြင်း ခံရသောကြောင့် ဖြစ်၏။
ရေကူးတတ်ရုံဖြင့် လွတ်မြောက်နိုင်မည် မဟုတ်ပေ။
"သခင်ကြီး ကျူးကော့..."
ထိုလူသည် လှောင်အိမ်ရှေ့တွင် ရပ်လိုက်ပြီး ဘေးနားရှိ ဝန်ချီစက်ကို ကစားလိုက်သည်။ 'ဂျလိ' ခနဲ အသံနှင့်အတူ လှောင်အိမ်သည် ရေအောက်သို့ လုံးဝ နစ်မြုပ်သွားတော့သည်။
ထိုအချိန်တွင် ထိုလူသည် ခါးပတ်ကို ဖြည်းဖြည်းချင်း ဖြေလိုက်ပြီး အချိန်ကို ခန့်မှန်းလိုက်သည်။ ထို့နောက် ဝန်ချီစက်ကို ပြန်ဆွဲတင်လိုက်ရာ လှောင်အိမ်သည် ရေပေါ်သို့ ပြန်လည် ပေါ်ထွက်လာလေ၏။
သခင်ကြီး ကျူးကော့သည် ရေပေါ် ရောက်သည်နှင့် တပြိုင်နက် အသက်ကို အငမ်းမရ ရှူရှိုက်လိုက်မိ၏။
ဒါကိုပဲ ထိုလူက စောင့်နေခြင်း ဖြစ်၏။ သူသည် ဆီးအိမ်ကို လျှော့ချလိုက်ပြီး ပါးစပ်ဟနေသော သခင်ကြီး ကျူးကော့၏ မျက်နှာပေါ်သို့ ပန်းချရန် ပြင်လိုက်သည်။
သို့သော် ဆီးမသွားလိုက်နိုင်မီမှာပင် သူ၏ အနောက်ဘက်မှ ပြင်းထန်သော တုန်ခါမှုကို ခံစားလိုက်ရလေ၏။
ထိုတုန်ခါမှုသည် သာမန် မဟုတ်ပေ။ ဆီးသွားချင်စိတ် ပျောက်သွားရုံသာမက ကြောက်လန့်လွန်းသဖြင့် ခြေမကိုင်မိ လက်မကိုင်မိ ယိမ်းထိုးသွားရ၏။
သူ ဒေါသတကြီး လှည့်ကြည့်ပြီး ဆဲဆိုရန် ပြင်လိုက်သော်လည်း သူ၏ မျက်လုံးထောင့်စွန်းမှ အေးစက်သော အလင်းရောင် တစ်ချက်ကိုသာ မြင်လိုက်ရ၏။
ထိုအလင်းရောင်သည် သူ၏ လည်မျိုကို ဖောက်ထွင်းသွားပြီးနောက် တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် သူ၏ ခန္ဓာကိုယ်သည် ရေထဲသို့ ကျသွားတော့သည်။
အသက်ဝဝ ရှူနိုင်သွားသော သခင်ကြီး ကျူးကော့သည် မော့ကြည့်လိုက်ပြီး အံ့အားသင့်သွားလေ၏။
"သခင်လေးယန် ပါလား..."
"သခင်ကြီး ကျူးကော့က ကျွန်မကို မှတ်မိနေသေးတာပဲ"
ယန်ရှောင်ယွင်က ပြုံးလိုက်သည်။
"သခင်ကြီး ကျူးကော့ ဘေးကင်းပါရဲ့လား"
"သံမဏိသွေး အာမခံဌာနရဲ့ ဒုတိယခေါင်းဆောင်လေးကို ဘယ်လိုလုပ် မေ့နိုင်မှာလဲဗျာ... ဒါပေမဲ့ အခုလို အခြေအနေမျိုးနဲ့ တွေ့ရတာတော့ တော်တော် ရှက်စရာ ကောင်းနေပါတယ်"
သခင်ကြီး ကျူးကော့က ခါးသီးစွာ ပြုံးလိုက်သည်။
ဆုမိုသည် ဝန်ချီစက်ကို လှည့်၍ လှောင်အိမ်ကို ဆွဲတင်လိုက်သည်။ ထို့နောက် တံခါးကို ဆွဲဖွင့်လိုက်ရာ 'ဝုန်း' ခနဲ အသံကြီး ထွက်ပေါ်လာ၏။
သစ်သားလှောင်အိမ် ဖြစ်စေ၊ သံတံခါး ဖြစ်စေ... သူ၏ ကြီးမားသော ခွန်အားကို ခံနိုင်ရည် မရှိပေ။
သခင်ကြီး ကျူးကော့ အံ့ဩသွားသည်။
"ညီလေးရဲ့ ခွန်အားက တော်တော် ကြီးမားတာပဲ"
"မြှောက်ပင့်လွန်းပါပြီဗျာ"
ဆုမိုသည် လှောင်အိမ်ထဲသို့ ဝင်သွားပြီး သခင်ကြီး ကျူးကော့၏ ခြေလက်များမှ သံကြိုးများကို ဆွဲဖြတ်ရန် ပြင်လိုက်သည်။
သခင်ကြီး ကျူးကော့က အားနာပါးနာ ပြုံးလိုက်သည်။
"ညီလေးရဲ့ ခွန်အားက ထူးခြားတာ မှန်ပါတယ်... ဒါပေမဲ့ ဒီသံကြိုးတွေက သာမန် မဟုတ်ဘူး၊ ရိုးရိုး ခွန်အားသက်သက်နဲ့ ဖြတ်လို့ မရဘူးကွ... သော့ချက်က ဟိုနားက..."
“ဂျွတ်... ဂျွတ်... ဂျွတ်…”
စကားမဆုံးခင်မှာပင် ခြေလက်များမှ သံကြိုးများသည် ပြတ်တောက်သွားခဲ့လေပြီ။
ဆုမို မော့ကြည့်လိုက်သည်။
"သခင်ကြီး... ဘာပြောလိုက်တာလဲ"
"..."
သခင်ကြီး ကျူးကော့ မျက်လုံးများ ပြူးကျယ်သွားပြီး မြင်လိုက်ရသော မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေမိ၏။
ဆုမိုက လှောင်အိမ်တံခါးကို ဆွဲဖွင့်လိုက်ခြင်းကပင် မသေးလှပေ။ သစ်သားလှောင်အိမ် ဆိုသော်လည်း အထူးပြုလုပ်ထားသော သစ်သားဖြစ်သဖြင့် သာမန်ထက် များစွာ မာကျောသည်။
ဒါကြောင့် သူ လေးစားခဲ့မိ၏။ သို့တိုင်၊ ဒါက အကန့်အသတ် ဖြစ်မည်ဟု ထင်ခဲ့သည်လေ။
ခြေလက်များမှ သံကြိုးများသည် အကြိမ်ပေါင်း တစ်ထောင်မက ထုလုပ်ထားပြီး အထူးသတ္တုများ ပါဝင်သည်။ အတွင်းအားနှင့် ခွန်အား မည်မျှ ကြီးမားမှသာ ဒီသံကြိုးတွေကို လက်ဗလာနှင့် ဆွဲဖြတ်နိုင်မည်လဲ။
ခဏတာမျှ သူသည် ဆုမိုကို နတ်ဘုရားတစ်ပါးအလား ကြည့်နေမိပြီး စကားမပြောနိုင် ဖြစ်သွားရ၏။
သို့သော် ဒါက အစပဲ ရှိသေးသည်။
စကားအနည်းငယ် ပြောပြီးနောက် ဤနေရာတွင် ဖမ်းဆီးခံထားရသူ အားလုံးသည် တတိယသခင်နှင့် မပူးပေါင်းဘဲ သစ္စာရှိခဲ့သော နောက်လိုက်များ ဖြစ်ကြောင်း သိလိုက်ရသဖြင့် ဆုမိုသည် လှောင်အိမ်များကို တစ်ခုပြီးတစ်ခု ဆွဲတင်ကာ သံကြိုးများကို ချည်မျှင်စ တစ်ခု ဖြတ်သကဲ့သို့ လွယ်ကူစွာ ဆွဲဖြတ်ပေးလိုက်လေ၏။
ဘေးမှ ကြည့်နေသော ကျောက်လုံအသင်းသားများ ထုံထိုင်းသွားကြသည်။
ဒီလူက ဘယ်ကရောက်လာတဲ့ နတ်ဘုရားလဲ။
သူတို့သည် သခင်ကြီး ကျူးကော့ကို အလိုအလျောက် လှမ်းကြည့်လိုက်မိကြသည်။ သခင်ကြီး ကျူးကော့က အသက်ပြင်းပြင်း ရှူလိုက်ပြီး အမိန့်ပေးလိုက်သည်။
"ဝိုင်းကူပေးကြ"
တခြား ဘာမှ မကူညီနိုင်ရင်တောင် လှောင်အိမ်တွေကို ဆွဲတင်ပေးခြင်းဖြင့် ဆုမိုကို သက်သာစေနိုင်သည် မဟုတ်ပါလော။
လက်များဝိုင်းတော့ အလုပ်တွင် ဆိုသလိုပင်၊ ဆုမို၏ လှုပ်ရှားမှုများကလည်း လျင်မြန်လှသည်။
ခဏတာ အတွင်းမှာပင် လှောင်အိမ်ထဲမှ လူအကုန်နီးပါး လွတ်မြောက်သွားကြသည်။
ထိုအထဲတွင် ယနေ့ည ကျောက်လုံအသင်းကို လာရောက် တိုက်ခိုက်သော သူခိုးဂိုဏ်းခေါင်းဆောင် (၃) ဦးလည်း ပါဝင်လေ၏။
သူတို့အားလုံးသည် ဆုမိုကို အံ့ဩတကြီး ကြည့်နေကြပြီး ဒီလူငယ်.. ဘယ်က ထွက်လာသည် မသိ ၊ နားမလည်နိုင် ဖြစ်နေကြသည်။
ဆုမိုသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် မြေပြင်ပေါ်တွင် သတိမေ့နေဆဲ ဖြစ်သော လူဝကြီးကို စိုက်ကြည့်လိုက်လေသည်။
"ဒီလူက ဘယ်တော့လောက်မှ နိုးဖို့ စိတ်ကူးရှိတာလဲ”
အခန်း (၂၂၁)-
- ရှေ့သို့ချီတက်ခြင်း
~ရေအကျဉ်းထောင်ထဲတွင် ဖမ်းဆီးခံထားရသူ အများအပြား ရှိနေပေသည်။
သို့သော် ရေအကျဉ်းထောင်ကဲ့သို့ နေရာမျိုးတွင် အိပ်ပျော်နေနိုင်ခြင်းမှာမူ အမှန်တကယ်ပင် ထူးဆန်းအံ့ဩဖွယ်ရာ မြင်ကွင်း တစ်ခု ဖြစ်ချေ၏။
သခင်ကြီး ကျူးကော့ချန်ထျန် ဖြစ်စေ၊ မြွေစိမ်း မဟာမိတ်အဖွဲ့ ဖြစ်စေ၊ ရွှမ်လုံ ရေတပ်စခန်းမှ သူခိုးခေါင်းဆောင်ကြီး (၃) ဦး ဖြစ်စေ... မည်သူမဆို ရေအကျဉ်းထောင်ထဲ ရောက်နေလျှင် သတိကြီးစွာဖြင့် မတ်တပ်ရပ်နေကြရသည်သာ။
သို့သော် ဤလူဝကြီးကမူ လှောင်အိမ်ထဲတွင် သက်သောင့်သက်သာဖြင့် ဟောက်သံပေးကာ အိပ်ပျော်နေလေသည်။
ပို၍ အံ့ဩစရာကောင်းသည်မှာ ရေထဲတွင် အိပ်ပျော်နေသော်လည်း ရေမွန်းခြင်း မရှိဘဲ ပုံမှန်အတိုင်း အသက်ရှင်နေခြင်းပင် ဖြစ်၏။
အစပိုင်းတွင် ဆုမိုနှင့် ယန်ရှောင်ယွင်တို့ သူ့ကို ကယ်တင်စဉ်က သေနေပြီဟု ထင်မှတ်ခဲ့ကြသည်။
သို့သော် သေချာ စောင့်ကြည့်လိုက်သောအခါမှ သူ၏ အသက်ရှူခြင်း စနစ်သည် ပြင်ပလေကို ရှူရှိုက်ခြင်းမှ ခန္ဓာကိုယ် အတွင်းပိုင်း လှည့်ပတ်ခြင်း စနစ်သို့ အလိုအလျောက် ပြောင်းလဲသွားကြောင်း တွေ့ရှိလိုက်ရ၏။
ရေပေါ်သို့ ဆွဲတင်လိုက်သောအခါတွင်မူ အတွင်းပိုင်း စနစ်မှ ပြင်ပလေရှူခြင်း စနစ်သို့ သဘာဝကျကျ ပြန်လည် ပြောင်းလဲသွားပြန်သည်။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် ထိုအချင်းအရာကို ကြည့်ပြီး အံ့ဩမဆုံး ဖြစ်နေကြသည်။ ဤလူဝကြီး၏ အတွင်းအား ကျင့်စဉ်သည် သာမန်မဟုတ်ကြောင်း သိသာထင်ရှားလှပေသည်။
ကျန်ရှိနေသော လူအများစုသည် ဆုမိုကို ကျေးဇူးတင်စကား ဆိုရန် ပြင်လိုက်ကြသော်လည်း ဆုမို၏ အာရုံစိုက်မှုသည် လူဝကြီးထံသို့ ရောက်နေသည်ကို တွေ့လိုက်ရသဖြင့် သူတို့အားလုံးလည်း ထိုလူဝကြီးကို ဝိုင်းကြည့်လိုက်ကြတော့၏။
မြင်ကွင်းက အတော်လေး ထူးဆန်းနေသည်။
ရေအကျဉ်းထောင်ထဲမှ လွတ်မြောက်လာသူ လူတစ်ရာနီးပါးသည် အိပ်ပျော်နေသော လူဝကြီး တစ်ယောက်ကို ဝိုင်းဝန်း ကြည့်ရှုနေကြခြင်း ဖြစ်၏။
ထိုလူဝကြီးကမူ ဘေးပတ်ဝန်းကျင်မှ အကြည့်များကို ဂရုမစိုက်ဘဲ အိပ်မက်ကမ္ဘာထဲတွင် ပျော်မွေ့နေဆဲပင်။
ခဏအကြာမှသာ လူတိုင်း သတိပြန်ဝင်လာကြသည်။
သခင်ကြီး ကျူးကော့ချန်ထျန်သည် အလျင်အမြန် လက်နှစ်ဖက်ကို ဆုပ်ကာ ဆုမိုနှင့် ယန်ရှောင်ယွင်တို့ကို ဦးညွှတ် ဂါရဝပြုလိုက်လေ၏။
"အသက်ကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးရှင် နှစ်ဦးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ဗျာ... အထူးသဖြင့် ဒီလူငယ်လေး... နာမည်လေးများ သိခွင့်ရှိမလား"
"ရပါတယ်ဗျာ... အားနာစရာ မလိုပါဘူး"
ဆုမိုက လက်ကာပြလိုက်သည်။
"ကျွန်တော်က လော့ရှားမြို့၊ ဇီယန် အာမခံဌာနက ဆုမို ပါ"
"ဆုမို..."
လူအုပ်ကြီးထဲမှ သတင်းအချက်အလက် နှံ့စပ်သူ အချို့၏ မျက်နှာထားများ ပြောင်းလဲသွားကြသည်။ မြွေစိမ်း မဟာမိတ်အဖွဲ့ ခေါင်းဆောင်က အာမေဍိတ်သံဖြင့် ရေရွတ်လိုက်လေ၏။
"ရွှမ်ကျီ တောင်ကြားမှာ ယူချွမ်ဂိုဏ်းကို ဖြိုခွင်းခဲ့တဲ့ ခေါင်းဆောင်ဆု လား"
"အောင်ပွဲကြီး တစ်ခုလို့တော့ မသတ်မှတ်ရဲပါဘူးဗျာ... အချိန်အခါသင့်လို့ တိုက်ဆိုင်သွားရုံပါ"
ဆုမိုက နှိမ့်ချစွာဖြင့် လက်ကာပြလိုက်ပြန်သည်။
ထိုစကားကို ကြားသောအခါ ဟုန်ရွက်နီ ဂိုဏ်းမှ သက်လတ်ပိုင်း အမျိုးသမီး ခေါင်းဆောင်က မြွေစိမ်း ခေါင်းဆောင်ကို လှမ်းကြည့်လိုက်သည်။
"ယူချွမ်ဂိုဏ်းကို ဖြိုခွင်းတယ် ဟုတ်လား... ဘာကို ဆိုလိုတာလဲ"
"အင်း..."
မြွေစိမ်း ခေါင်းဆောင်က ဆုမိုကို တစ်ချက် ကြည့်လိုက်ပြီး ကန့်ကွက်မည့်ပုံ မပေါ်သဖြင့် ရှင်းပြလိုက်သည်။
"မကြာသေးမီက ယူချွမ်ဂိုဏ်းက အနောက်တောင်ဘက် ဒေသကို တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်ပြီး ယုတ်မာတဲ့ အစီအစဉ်တွေ ဆွဲခဲ့တယ်လေ... ဒီအစီအစဉ်က နှစ်ပေါင်း (၂၀) ကျော် ကြာမြင့်ခဲ့ပြီး အနောက်တောင်ဘက် သိုင်းလောက တစ်ခုလုံးနီးပါး ပါဝင်ပတ်သက်နေခဲ့တာ"
"ဝူရှနိခန်းမ ၊ လော့ဖုန်း မဟာမိတ်အဖွဲ့နဲ့ ကောင်းကင်ဓားဂိုဏ်းက လွဲရင် ကျန်တဲ့ ဂိုဏ်းတွေ အကုန်လုံး သူတို့လက်ထဲ ရောက်မလို ဖြစ်ခဲ့တာ"
"နောက်ဆုံးမှာ သူတို့က သိုင်းပညာရှင်တွေကို ရွှမ်ကျီ တောင်ကြားထဲ မျှားခေါ်ပြီး 'သွေးခွဲမှုန့်'နဲ့ ထိန်းချုပ်ဖို့ ကြိုးစားခဲ့ကြတယ်"
"ဟား..."
နားထောင်နေသူ အချို့ အသက်ရှူမှားသွားကြသည်။
ရွှမ်လုံ ရေတပ်စခန်း ခေါင်းဆောင်ကြီး၏ မျက်နှာထား မည်းမှောင်သွားလေ၏။
"သွေးခွဲမှုန့် ဟုတ်လား... သူတို့သာ တကယ် အောင်မြင်သွားခဲ့ရင် အနောက်တောင်ဘက် သိုင်းလောက တစ်ခုလုံး သူတို့လက်ထဲ ရောက်သွားမှာပေါ့"
"ဟုတ်တယ်... အဲဒီလို ဖြစ်တော့မယ့် ဆဲဆဲမှာပဲ"
မြွေစိမ်း ခေါင်းဆောင်က ပြုံးလိုက်သည်။
"ခေါင်းဆောင်ဆု က သူရဲကောင်းပီပီ ပေါ်ထွက်လာပြီး ရွှမ်ကျီ တောင်ကြားကို ဝင်ရောက် စီးနင်းခဲ့တယ်... အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်တာလေ၊ ယူချွမ်ဂိုဏ်းရဲ့ နှစ် (၂၀) စီမံကိန်းကို ဖျက်ဆီးလိုက်ရုံတင်မကဘူး... ယူချွမ်ဂိုဏ်းကိုပါ အကြီးအကျယ် နှိပ်ကွပ်လိုက်နိုင်တယ်"
"ယူချွမ်ဂိုဏ်းရဲ့ အပိုင်း (၂) ပိုင်း၊ အလံ (၃) လက်၊ အမိန့် (၆) ရပ် ထဲက သွေးပင်လယ် ဌာနခွဲ ရဲ့ သခင်ကြီးနဲ့ သွေးပြောင်းလဲ ၊ သွေးလောင် ၊ သွေးခဲ တပ်မှူး (၃) ဦးစလုံး အသတ်ခံလိုက်ရတယ်"
"အဲဒီနောက်မှာ တုန်းချန်က ဂိုဏ်းကြီးတွေက ယူချွမ်ဂိုဏ်း အင်အားနည်းနေတာကို အခွင့်ကောင်းယူပြီး ချင်းရှူတောင် နဲ့ မိုးအေး တောင်ကြားကို တိုက်ရိုက် သိမ်းပိုက်လိုက်ကြတယ်"
"အလံ (၃) လက် အမိန့်ရှင်တွေကိုပါ ချီမေ တောအုပ်ထဲအထိ မောင်းထုတ်နိုင်ခဲ့ကြတယ်"
"ချီမေ တောအုပ်ရဲ့ မြေမျက်နှာသွင်ပြင်သာ ထူးခြားမနေရင်... တုန်းချန် ဂိုဏ်းတွေက ယူချွမ်ဂိုဏ်းရဲ့ ပင်မ ကျောင်းတော်ကြီးအထိ ထိုးဖောက်ဝင်ရောက်နိုင်လောက်တယ်"
"ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) အတွင်း မကြုံဖူးတဲ့ အောင်ပွဲကြီး တစ်ခုလို့ ပြောလို့ရတယ်"
မြွေစိမ်း ခေါင်းဆောင်၏ ပြောစကားများကို နားထောင်ရင်း ဆုမို အနည်းငယ် ရှက်သွားမိ၏။
သို့သော် ဆက်နားထောင်လိုက်သောအခါ သူ အံ့အားသင့်သွားရ၏။
ဒီလောက်ထိ ပြောင်းလဲသွားခဲ့တာလား။
သူ သိထားသည်မှာ သွေးပင်လယ် ဌာနခွဲ သခင်ကြီးနှင့် တပ်မှူး (၃) ဦးကို သတ်လိုက်ခြင်းဖြင့် ယူချွမ်ဂိုဏ်း၏ လက်တံတစ်ခုကို ဖြတ်တောက်လိုက်နိုင်သည် ဟုသာ ထင်မှတ်ခဲ့သည်။
တကယ်တမ်းကျတော့ ယူချွမ်ဂိုဏ်း အတွက် လက်တံတစ်ခု ဆုံးရှုံးရုံမက အများကြီး ပိုမို ဆုံးရှုံးခဲ့ရသည်ကိုး။
"ဒီလောက် ကြီးကျယ်တဲ့ ကိစ္စကြီးကို ငါတို့ ဘာလို့ မကြားမိရတာလဲ"
ရွှမ်လုံ ရေတပ်စခန်း ခေါင်းဆောင်ကြီးမှာ ပြောစရာ စကားမရှိ ဖြစ်သွားရှာသည်။
ထိုစဉ်၊ ဟုန်ရွက်နီ ဂိုဏ်းခေါင်းဆောင်က ခေါင်းညိတ်လိုက်သည်။
"ကျွန်မတော့ ကြားမိသားပဲ... ရှင်က ရှင့်စခန်း အကြောင်းပဲ စိတ်ဝင်စားပြီး ပြင်ပလောကကို ဂရုမစိုက်တော့ မသိတာ မဆန်းပါဘူး၊ ပြီးတော့ တုန်းချန်က အကောင်းနဲ့ အဆိုး အားပြိုင်မှု ဆိုတာက ကျွန်တော်တို့ ရေလမ်းကြောင်းနဲ့ သိပ်မဆိုင်သလို ဖြစ်နေတော့ သတိမထားမိကြတာ သဘာဝပါပဲ"
"ဒါပေမဲ့ ဒီအောင်ပွဲကြီးရဲ့ အစပြုရာက အနောက်တောင်ဘက်က ဖြစ်လိမ့်မယ်လို့တော့ ကျွန်မ လုံးဝ ထင်မထားခဲ့မိဘူး"
"ကျွန်မတို့ရဲ့ ဗဟုသုတ နည်းပါးမှုကို ဝန်ခံပါတယ်ရှင်"
"မှန်လိုက်တာဗျာ"
သခင်ကြီး ကျူးကော့ချန်ထျန်နှင့် အခြားသူများလည်း ခေါင်းညိတ်ထောက်ခံကြပြီး ဆုမိုကို နောက်တစ်ကြိမ် ထပ်မံ ကျေးဇူးတင်စကား ဆိုကြပြန်သည်။
ဆုမို ခေါင်းခါလိုက်သည်။
"စောစောက ဟုန်ရွက်နီ ဂိုဏ်းခေါင်းဆောင် ပြောသွားတာ တစ်ချက် ရှိတယ်... တုန်းချန်က ဂိုဏ်းတွေရဲ့ ပဋိပက္ခက ရေလမ်းကြောင်းနဲ့ သိပ်မဆိုင်ဘူး ဆိုတာလေ... အခု အခြေအနေ အရတော့ အဲဒီစကားက မှားကောင်း မှားနိုင်တယ်ဗျ"
"ဟုတ်တယ်"
ရွှမ်လုံ ရေတပ်စခန်း ခေါင်းဆောင်ကြီးက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။
"ကျူးကော့ချန်ထျန်... ထာဝရည တောင်ကြား ဆိုတာ ဘာလဲကွ"
"ဇာတ်လမ်းက ရှည်ပါတယ်"
ကျူးကော့ချန်ထျန်က ပြန်ဖြေလိုက်သည်။
"အခု ငါတို့ လွတ်လာပြီ ဆိုတော့... ဒီနေရာမှာ အချိန်ဖြုန်းနေလို့ မဖြစ်ဘူး၊ ထာဝရည တောင်ကြားက ကြီးမားတဲ့ ရည်ရွယ်ချက် ရှိနေတယ်... သူတို့ အောင်မြင်သွားလို့ မဖြစ်ဘူး"
"ဟွန့်"
ဟုန်ရွက်နီ ဂိုဏ်းခေါင်းဆောင်က လှောင်ရယ် ရယ်လိုက်သည်။
"ရှင့်ရဲ့ အရည်အချင်း ညံ့ဖျင်းမှုကြောင့် ကျရှုံးခဲ့ရတာပါ... မဟုတ်ရင် ကျွန်မတို့ကိုပါ ဆွဲထည့်ပြီး ဒီနေရာမှာ အဖမ်းခံရစရာ အကြောင်း မရှိပါဘူး"
"ပါးစပ် ပိတ်ထားစမ်း"
ကျူးကော့ချန်ထျန်သည် သဘောကောင်းသူ ဖြစ်သော်လည်း အထိပါး မခံတတ်ပေ။ သူ ဒေါသတကြီး ပြန်အော်လိုက်သည်။
"မင်းတို့ကိုယ်တိုင်က အရည်အချင်း မရှိလို့သာ ငါနဲ့အတူတူ ရေအကျဉ်းထောင်ထဲ ရောက်လာကြတာ မဟုတ်ဘူးလား”
အခန်း (၂၂၂)- ရှေ့သို့ချီတက်ခြင်း (၂)
~"လူကြီးမင်းတို့ ခဏလောက် နားထောင်ပေးပါဦး..."
ဆုမိုက အလျင်စလို ဝင်ပြောလိုက်လေ၏။
"အခုချိန်က စကားများနေရမယ့်အချိန် မဟုတ်ပါဘူး... သခင်ကြီး ကျူးကော့ ပြောတာ မှန်ပါတယ်၊ ဒီလူတွေမှာ ကြီးမားတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်... သူတို့ကို အောင်မြင်ခွင့်ပေးလို့ မဖြစ်ဘူး"
"လက်ရှိမှာ လန်ယွဲ့နန်းတော်က သိုင်းမိမယ်တွေလည်း ကျောက်လုံ ရေတပ်စခန်းထဲ ရောက်နေကြတယ်... သူတို့ အခြေအနေ ဘယ်လိုရှိလဲ ဆိုတာ မသိရသေးဘူး၊ ငါတို့ ဒီရေအကျဉ်းထောင်က ထွက်တာနဲ့ ချက်ချင်းပဲ တန်ပြန်တိုက်စစ် ဆင်ရမယ်"
"သိုင်းပညာရှင် ဆု ပြောတာ အကျိုးကြောင်း ဆီလျော်ပါတယ်"
ဟုန်ရွက်နီ ဂိုဏ်းခေါင်းဆောင်က ချက်ချင်း ထောက်ခံလိုက်သည်။
"ဟုတ်တယ်... ခေါင်းဆောင်ဆု ဒီမှာ ရှိနေမှတော့ ကျွန်တော်တို့ အားလုံး သူ့ကိုပဲ ခေါင်းဆောင်အဖြစ် သတ်မှတ်လိုက်နာကြတာပေါ့"
မြွေစိမ်း မဟာမိတ်အဖွဲ့ ခေါင်းဆောင်က လက်နှစ်ဖက် ဆုပ်ကိုင်ကာ အရိုအသေပြုရင်း လေးနက်စွာ ပြောလိုက်လေ၏။
ရွှမ်လုံ ရေတပ်စခန်း ခေါင်းဆောင်ကြီးကမူ ဟားတိုက် ရယ်မောလိုက်သည်။
"ဒီနေ့တော့ ငါတို့တွေ ထာဝရည တောင်ကြားက လူယုတ်မာတွေရဲ့ လှည့်စားခြင်းကို ခံလိုက်ရပြီး မြောင်းထဲ မှောက်သွားခဲ့ရပြီ... အခု အပြင်ထွက်ပြီး သူတို့ကို အံ့အားသင့်သွားအောင် လုပ်ပြလိုက်ကြစို့"
ထိုစကားကို ကြားသောအခါ သခင်ကြီး ကျူးကော့ချန်ထျန် ဒေါသထွက်လွန်း၍ သွေးအန်မတတ် ဖြစ်သွားရှာသည်။
"မြောင်းထဲ မှောက်တယ် ဆိုတာ ဘာအဓိပ္ပာယ်လဲကွ"
"အာ..."
ရွှမ်လုံ ခေါင်းဆောင်ကြီး ခဏတာ စဉ်းစားလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။
"ကျုပ် ခင်ဗျားကို ပြောတာ မဟုတ်ပါဘူးဗျာ"
"ဒါဆို ဘယ်သူ့ကို ပြောတာလဲ"
ဆုမိုက ချက်ချင်း ဝင်ရောက် ဖြန်ဖြေပေးလိုက်သည်။
"ကျွန်တော်တို့ အခု ကျောက်လုံအသင်းမှာ ရောက်နေတာဆိုတော့... သခင်ကြီး ကျူးကော့ကပဲ ဦးဆောင်သင့်တာပေါ့၊ ကျွန်တော်တို့က သူ့နောက်က လိုက်ကြတာပေါ့"
ထိုစကားကို ကြားမှ သခင်ကြီး ကျူးကော့ ကျေနပ်သွားပြီး ခေါင်းညိတ်လိုက်သည်။ သူ တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်စဉ်မှာပင် လိုဏ်ခေါင်းလမ်းကြောင်းဘက်မှ ခြေသံများ ထွက်ပေါ်လာလေ၏။
အားလုံး စကားသံ တိတ်ဆိတ်သွားပြီး ထိုလမ်းကြောင်းဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
ဓားရှည်များကို ကိုင်ဆောင်ထားသော ကျောက်လုံ ရေသူခိုး နှစ်ဦး ဝင်ရောက်လာသည်ကို တွေ့လိုက်ရ၏။ လူမမြင်ရသေးခင် အသံက အရင် ရောက်လာ၏။
"ဟေ့ကောင်တွေ... တိုးတိုးသက်သာ လုပ်ကြစမ်းပါကွာ... မင်းတို့ ဘာတွေ လုပ်နေကြတာလဲ"
"အေးလေ... မလုပ်ချင်ရင်လည်း အပြင်က ညီအစ်ကိုတွေနဲ့ နေရာ လဲလိုက်ပါလား... ဒီည အပြင်မှာ အေးလိုက်တာ လွန်ရော"
စကားပြောရင်း သူတို့နှစ်ဦးသည် လိုဏ်ခေါင်းထဲမှ ထွက်လာကြသည်။
ဆုမိုက ပြုံးရွှင်သော မျက်နှာထားဖြင့် လှည့်ကြည့်လိုက်သည်။
ထိုလူနှစ်ဦးသည် နေရာတွင်ပင် ကျောက်ရုပ်များအလား တောင့်တင်းသွားကြတော့သည်။ ရေအကျဉ်းထောင်ထဲမှ လေထုသည် အပြင်ဘက်ထက် အဆပေါင်းများစွာ ပိုမို အေးစက်နေသကဲ့သို့ ခံစားလိုက်ရလေ၏။
"ခွေးကောင်တွေ..."
သခင်ကြီး ကျူးကော့ ဟိန်းဟောက်လိုက်ပြီး ကျောက်လုံအသင်းသားများကို ဦးဆောင်ကာ ပြေးဝင် တိုက်ခိုက်လိုက်တော့သည်။
သာမန် ရေသူခိုး နှစ်ဦးသာ ဖြစ်သဖြင့် သူတို့ကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။
မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုလူနှစ်ဦး အသက်ပျောက်သွားကြရရှာသည်။
"သွားစို့"
သခင်ကြီး ကျူးကော့က လက်ဝှေ့ယမ်းလိုက်သည်။
"ငါ့ညီအစ်ကိုတွေကို ငါအရင် ခေါ်သွားပြီး မင်းတို့အတွက် လမ်းရှင်းပေးမယ်"
ပြောပြောဆိုဆိုဖြင့် သူသည် ဆူညံစွာ မာန်သွင်းလျက် သူ၏ လူများကို ဦးဆောင်ကာ ထွက်ခွာသွားလေ၏။
မြွေစိမ်း၊ ရွှမ်လုံ နှင့် ဟုန်ရွက်နီ ဂိုဏ်းခေါင်းဆောင်များသည် ဆုမိုထံ အကြည့် ရောက်သွားကြသည်။
သို့သော် ဆုမိုကမူ ကြမ်းပြင်ပေါ်ရှိ လူဝကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်နေ၏။
"ဒီလူက ဘာလို့ အခုထိ မနိုးသေးတာလဲ"
စောစောက ရေအကျဉ်းထောင်ထဲတွင် ဆူညံ ပွက်လောရိုက်နေခဲ့ပြီး အပြင်ဘက်က အစောင့်တွေတောင် ကြားရလောက်အောင် အသံကျယ်ခဲ့သော်လည်း... ဤလူကမူ လုံးဝ မလှုပ်မယှက်ဘဲ အိပ်ပျော်နေဆဲပင်။
"ဒါက..."
ဂိုဏ်းခေါင်းဆောင် (၃) ဦးလည်း လူဝကြီးကို ကြည့်ကာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ပြောစရာ စကားမဲ့နေကြသည်။
ဆုမိုက စိတ်ဝင်တစား မေးလိုက်၏။
"ဒီလူကို ဘယ်လို ခေါ်သလဲဗျ"
"သူ့ကိုလား..."
ရွှမ်လုံ ခေါင်းဆောင်ကြီးက ရှုပ်ထွေးသော မျက်နှာထားဖြင့် ပြန်ဖြေသည်။
"သူက... ငါ့လူလို့ ပြောရမလားပဲ..."
သူ့စကားကြောင့် အားလုံး နားမလည်နိုင် ဖြစ်သွားကြသည်။
"မကြာသေးခင်ကမှ ဒီအမျိုးသမီး စခန်းကို ရောက်လာတာ... ဘာမှ မတောင်းဆိုဘဲ ထမင်းဝအောင် ကျွေးရင် ရပြီ၊ အလုပ်ပေးပါလို့ ပြောတယ်"
"ငါ ကြည့်လိုက်တော့ မွေးရာပါ ခွန်အားကြီးပြီး သိုင်းပညာလည်း မဆိုးဘူး ဆိုတော့ လက်ခံထားလိုက်တာပေါ့"
"တကယ်တမ်းကျတော့... သူက တကယ့်ကို စားနိုင်သောက်နိုင်လွန်းတယ်ဗျာ... တောင်တွေကို မျိုပြီး မြစ်တွေကို သောက်နိုင်မလား အောက်မေ့ရတယ်၊ ယောက်ျားကြီး လေးငါးယောက် စားတာလောက်ကို သူတစ်ယောက်တည်း စားနိုင်တာ"
"ဒါပေမဲ့ သူ့သိုင်းပညာက တကယ် ကောင်းပါတယ်... ခြေတစ်ချောင်းထောက် ကြေးနီလှံကြီးရဲ့ အစွမ်းကို ငါတောင် မယှဉ်ရဲဘူးလေ"
"ဒါကြောင့် ဒီတစ်ခေါက် ကျောက်လုံအသင်းကို လာတော့ သူ့ကို ခေါ်လာခဲ့တာ"
ဆုမိုနှင့် ယန်ရှောင်ယွင် အပါအဝင် ကျန်ရှိသော ခေါင်းဆောင်နှစ်ဦးတို့သည် ခေါင်းညိတ် နားထောင်နေကြရာမှ...
ရုတ်တရက် အားလုံး ပြိုင်တူ အော်ဟစ်လိုက်ကြသည်။
"အမျိုးသမီး ဟုတ်လား"
"အဲ... ဟုတ်တယ်လေ"
ရွှမ်လုံ ခေါင်းဆောင်ကြီးက အတည်ပြုလိုက်သည်။
"ဟုတ်တယ်... အမျိုးသမီးပါ"
အားလုံး သေချာ ပြန်ကြည့်လိုက်ကြသောအခါမှ ထိုဝဖောင်းနေသော မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သော အလှတရား အနည်းငယ် ကိန်းအောင်းနေသည်ကို ရေးရေးလေး မြင်တွေ့လိုက်ရလေ၏။
သို့သော် သူမ၏ ကြီးမားသော ခွန်အားနှင့် ခန္ဓာကိုယ်ကို မြင်လိုက်ရသူ အနေဖြင့် မည်သူကများ အမျိုးသမီးဟု ထင်မှတ်ပါမည်နည်း။
"ထားလိုက်ပါတော့... သူ့ကို ဒီမှာပဲ ဆက်အိပ်ခိုင်းထားလိုက်..."
ဆုမိုက ပြောလိုက်သည်။
"ကျွန်တော်တို့ အချိန်မဆွဲသင့်တော့ဘူး... သွားကြ..."
စကားမဆုံးခင်မှာပင် လူဝကြီးသည် ရုတ်တရက် အကြောဆန့်လိုက်ပြီး ထထိုင်လိုက်တော့သည်။
မှုန်ကုပ်ကုပ် မျက်လုံးများဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်ပြီးနောက် ဗိုက်ကို ပုတ်ကာ မေးလိုက်လေ၏။
"ထမင်းစားချိန် ရောက်ပြီလား"
ထိုစကားသံ ထွက်လာမှသာ သူမသည် အမျိုးသမီး အစစ်ဖြစ်ကြောင်း အားလုံး လက်ခံလိုက်ကြရတော့သည်။
ခန္ဓာကိုယ်က ဝက်ဝက်ကွဲ ဝဖြိုးပြီး ပခုံးကျယ်ကြီး ဖြစ်နေသော်လည်း... စကားပြောလိုက်သည့် အသံမှာမူ မိန်းကလေးငယ် တစ်ယောက်၏ အသံကဲ့သို့ နူးညံ့သိမ်မွေ့နေလေသည်။
ဆုမို၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားသည်။
"လာ... အပြင်ထွက်ရအောင်၊ ငါ ထမင်းလိုက်ကျွေးမယ်"
"ဟယ်... တကယ်လား"
ထိုအမျိုးသမီးသည် ကပျာကယာ ထရပ်လိုက်ပြီး ဆုမိုနှင့် ယန်ရှောင်ယွင်တို့၏ ဘေးသို့ ရောက်ရှိလာ၏။ ရွှမ်လုံ ခေါင်းဆောင်ကြီးကိုတော့ တစ်ချက်လေးပင် လှည့်မကြည့်တော့ချေ။
သူမကို ထမင်းကျွေးမည့်သူ ရှိလျှင် ပြီးရော... ဘယ်သူ့နောက်မဆို လိုက်မည့်ပုံပင်။
ရွှမ်လုံ ခေါင်းဆောင်ကြီးကမူ သဘောကျစွာဖြင့် ပြုံးဖြီးဖြီး လုပ်နေလေ၏။
သူတို့အဖွဲ့သည် ဆက်လက် စကားမဆိုတော့ဘဲ ရေအကျဉ်းထောင်ထဲမှ အလျင်အမြန် ထွက်ခွာလာခဲ့ကြသည်။
ဝင်ပေါက်သို့ ရောက်သည်နှင့် တိုက်ပွဲအော်ဟစ်သံများကို အဝေးမှ ကြားလိုက်ရ၏။
မော့ကြည့်လိုက်သောအခါ သခင်ကြီး ကျူးကော့ချန်ထျန်သည် သူ၏ လူများကို ဦးဆောင်ကာ ရေတပ်စခန်း အတွင်းသို့ ဝင်ရောက် စီးနင်းနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။
ထို့အပြင် မီးတောက်များသည် ကောင်းကင်သို့ တက်လှမ်းနေသော်လည်း ကျူးကော့ချန်ထျန် ရှိရာဘက်နှင့်တော့ အလှမ်းဝေးနေသည်။
သိသာထင်ရှားလှသည်မှာ... ချူချိုယွီတို့ အဖွဲ့ မီးရှို့လိုက်ခြင်းပင် ဖြစ်ပေမည်။
ကျူးကော့ချန်ထျန်သည် ရှေ့ဆုံးမှ ဝင်ရောက် တိုက်ခိုက်ရင်း ဒေါသတကြီး အော်ဟစ်လိုက်၏။
"အခုချက်ချင်း လက်နက်ချရင် အသက်ချမ်းသာပေးမယ်... ခေါင်းမာပြီး ဆက်တိုက်နေရင်တော့ သေလမ်းပဲ ရှိမယ်"
"ခေါင်းမာရင် သေလမ်းပဲ ရှိမယ်..."
"ခေါင်းမာရင် သေလမ်းပဲ ရှိမယ်ဟေး..."
ကျောက်လုံ ရေတပ်စခန်းသည် မူလကတည်းက ကျူးကော့ချန်ထျန်၏ ပိုင်နက်ဖြစ်ပြီး အတွင်းမှ လူအများစုသည်လည်း သစ္စာရှိသော နောက်လိုက်ဟောင်းများ ဖြစ်ကြသည်။
ကျူးကော့ချန်ထျန်၏ အသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် တစ်ဖက်ရန်သူများ၏ စိတ်ဓာတ်များ ချက်ချင်း ကျဆင်းသွားတော့သည်။
စစ်ပွဲတွင် စိတ်ဓာတ်သည် အရေးကြီးဆုံး ဖြစ်ပြီး... တွေဝေခြင်းသည် အဆိုးရွားဆုံး ရန်သူပင် ဖြစ်ချေသည်။