အခန်း (၂၂၃-၂၂၅)
Vol. 15 Ch. 223-225
အခန်း (၂၂၃)- ရှေ့သို့ချီတက်ခြင်း (၃)
~စိတ်ဓာတ်များ ကျဆင်းကုန်ပြီး ဆန္ဒများ ပျောက်ဆုံးသွားသောအခါ ကျူးကော့ချန်ထျန်၏ တပ်များကို သူတို့ မည်သို့ ယှဉ်နိုင်ပါမည်နည်း။
မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့အားလုံး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရရုံမက အချို့က ကျူးကော့ချန်ထျန်၏ ဘက်သို့ ကူးပြောင်းကာ ပုန်ကန်သူများကို ပြန်လည် တိုက်ခိုက်နေကြတော့သည်။
မြွေစိမ်း မဟာမိတ်အဖွဲ့ ခေါင်းဆောင်က ခေါင်းညိတ်လိုက်သည်။
"ကျူးကော့ချန်ထျန်က ရွှမ်လုံ ခေါင်းဆောင်နဲ့ မတူဘူး... အပြင်ပန်းက ကြမ်းတမ်းသလို ထင်ရပေမဲ့ တကယ်တမ်းကျတော့ သူက သဘောကောင်းပါတယ်"
"သူ့ရဲ့ ဂုဏ်သတင်းနဲ့ ဆိုရင်... ကျောက်လုံအသင်းကို ပြန်လည် ထိန်းချုပ်ဖို့ ဆိုတာ အချိန်ပဲ လိုတော့တာပါ"
"ဒါပေမဲ့ အဓိက အချက်က... သူ အဖမ်းမခံရဖို့ပဲ"
ဟုန်ရွက်နီ ဂိုဏ်းခေါင်းဆောင် အမျိုးသမီးကြီးက မျက်မှောင်ကြုတ်လိုက်သည်။
"ဒါဆိုရင် အရိပ်တမန် ကရော ဘယ်ရောက်သွားလဲ"
ဆုမိုက အဝေးသို့ လှမ်းကြည့်လိုက်သည်။
"လူကြီးမင်းတို့... ဒီအခြေအနေကို ကြည့်ရတာ သခင်ကြီး ကျူးကော့က ကျွန်တော်တို့ရဲ့ အကူအညီ လိုပုံ မရပါဘူး... ဟိုဘက်မှာ ဖြစ်နေတဲ့ ရှုပ်ထွေးမှုတွေက လန်ယွဲ့နန်းတော်က သိုင်းမိမယ်တွေရဲ့ လက်ရာ ဖြစ်လောက်တယ်... ကျွန်တော်တို့ အဲဒီကို သွားပြီး ကူညီလို့ရမလား သွားကြည့်ကြမလား"
အားလုံး သဘောတူလိုက်ကြသည်။
တကယ်တမ်းတွင် ကျူးကော့ချန်ထျန်က ရေတပ်စခန်းကို ဝင်ရောက် စီးနင်းလိုက်ပြီ ဖြစ်ရာ ဒါဟာ ကျောက်လုံအသင်းရဲ့ အတွင်းရေး ကိစ္စ ဖြစ်သွားပြီပင်။
သူတို့က ကြားထဲက ဝင်ပါလျှင် ဟိုမရောက် ဒီမရောက်နှင့် ကြားညပ်သွားနိုင်သည်။
ဒါကြောင့် ကျောက်လုံအသင်း ကိစ္စကို ကျူးကော့ချန်ထျန်ကို လွှဲထားလိုက်ပြီး... သူတို့အတွက် အကောင်းဆုံး ရွေးချယ်မှုကတော့ ထာဝရည တောင်ကြားကို ရှင်းလင်းဖို့ပဲ ဖြစ်၏။
သူတို့ လှုပ်ရှားရန် ပြင်လိုက်စဉ်မှာပင် ရွှမ်လုံ ခေါင်းဆောင်ကြီး သတိပြန်ဝင်လာပြီး မြွေစိမ်း ခေါင်းဆောင်ကို စိုက်ကြည့်လိုက်လေ၏။
"နေပါဦး... မင်း ဘယ်သူ့ကို ကြမ်းတမ်းတယ်လို့ ပြောလိုက်တာလဲ"
"ခင်ဗျားကို ပြောတာ မဟုတ်ပါဘူးဗျာ"
မြွေစိမ်း ခေါင်းဆောင်က အရင်ဆုံး ခုန်ထွက်သွားပြီး မီးတောက်များ ရှိရာသို့ ပြေးသွားတော့သည်။
"ဟေ့ကောင်... ရပ်လိုက်စမ်း၊ ရှင်းအောင် ပြောပြစမ်းပါ"
ရွှမ်လုံ ခေါင်းဆောင်ကြီးကလည်း အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားလေ၏။
ကျန်ရှိနေသူများက ပြုံးစိစိဖြင့် ကြည့်နေကြပြီးနောက် တစ်ယောက်ပြီး တစ်ယောက် ခုန်ပျံ လိုက်ပါသွားကြသည်။ သို့သော်... လူဝကြီး အမျိုးသမီး၏ ကိုယ်ဖော့ပညာကတော့ အတော်လေး ညံ့ဖျင်းရှာသည်။
သူမ မခုန်နိုင်ပေ။
ဒါကြောင့် သူမက ခြေထောက်ကြီးတွေနှင့် မြေကြီးပေါ်မှာပဲ တဒုန်းဒုန်း ပြေးလွှားသွားတော့သည်။
ကျူးကော့ချန်ထျန်တို့ တိုက်ပွဲ ဖြစ်ပွားနေသော နေရာတွင် ရုတ်တရက် အနောက်ဘက်မှ မြေငလျင် လှုပ်သကဲ့သို့ အသံကြီးများ ထွက်ပေါ်လာ၏။
မြေနဂါးကြီးများ ရောက်လာပြီလားဟု ထင်မှတ်ပြီး လှည့်ကြည့်လိုက်သောအခါ... လူသားပုံစံ အသားလုံးကြီး တစ်လုံး လှိမ့်ဝင်လာသည်ကို တွေ့လိုက်ရလေ၏။ သူမ၏ ဝဖောင်းနေသော မျက်နှာပေါ်တွင် ပြတ်သားသော ဆုံးဖြတ်ချက်များ ပြည့်နှက်နေပြီး အရေးကြီးသော တာဝန်တစ်ခုကို ထမ်းဆောင်နေရသကဲ့သို့ အမူအရာ ပေါ်နေသည်။
ကျူးကော့ချန်ထျန် လန့်ဖျပ်သွားပြီး အော်ဟစ်လိုက်သည်။
"ဖယ်ကြ... လမ်းဖယ်ပေးလိုက်ကြ..."
သူ့နောက်က လူတွေကတော့ ရေအကျဉ်းထောင်ထဲက လွတ်လာသူတွေ ဖြစ်ပြီး ဒီအမျိုးသမီးရဲ့ ဟောက်သံတွေကို နားထောင်ဖူးထားသူတွေ ဖြစ်တာကြောင့် အလျင်အမြန် လမ်းဖယ်ပေးလိုက်ကြသည်။
ဒါပေမဲ့ တစ်ဖက်က လူတွေကတော့ ဒီအမျိုးသမီး ဘာကောင်လဲ ဆိုတာ မသိကြ။
တချို့က သူမကို သိုင်းကွင်းပြင်မှာ မြင်ဖူးကြသော်လည်း ယခုချိန်မှာ မှတ်ချက်ပေးဖို့ အချိန်မရှိကြပေ။
သူတို့ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြစဉ်မှာပင် လူဝကြီး အမျိုးသမီးသည် ဝင်ရောက်လာပြီး သူမကို တားဆီးရန် ကြိုးစားသော ဓားသမားများကို ဝင်တိုက်လိုက်လေ၏။
ထာဝရည တောင်ကြားမှ ခေါင်းဆောင်တစ်ဦးက သူမကို လက်ဝါးဖြင့် တားဆီးရန် ပြင်လိုက်သည်။
"ဖယ်စမ်း... ငါ့ထမင်းလမ်းကြောင်းကို မပိတ်နဲ့..."
လူဝကြီး အမျိုးသမီးက လက်ဝါးကြီးကို ရမ်းလိုက်ရာ ထိုလူသည် စကားပင် မပြောနိုင်လိုက်ဘဲ လေထဲသို့ လွင့်စင်သွားတော့သည်။
သစ်သားအိမ် (၃) လုံးကို ဖောက်ထွက်သွားပြီး မြေကြီးပေါ် ကျသွားချိန်တွင် အသက်ပင် မရှိတော့ချေ။
သူမသည် လူအုပ်ကြားထဲသို့ တိုးဝင်သွားပြီး လူများကို ဘိုးလင်း ဘောလုံး ပစ်သကဲ့သို့ တိုက်ခတ် ဖြိုခွင်းပစ်လိုက်သည်။
မည်သူမျှ သူမကို မတားဆီးနိုင်ပေ။
ရံဖန်ရံခါ ဓားဖြင့် ခုတ်မည့်သူများ ရှိသော်လည်း သူမက လက်ဝါးကြီးဖြင့် ရိုက်ချလိုက်ရာ လူရော ဓားပါ မိုးပေါ်သို့ ပျံတက်သွားကြတော့သည်။
ဒီလို ခွန်အားကြီးမျိုးက လောကမှာ ရှားမှ ရှားပေ။
မျက်စိတစ်မှိတ် အတွင်းမှာပင် ကျူးကော့ချန်ထျန်နှင့် နောက်လိုက်များသာမက ကျောက်လုံအသင်းသားများပါ ကြက်သေ သေကုန်ကြလေ၏။
ရန်သူများ၏ စိတ်ဓာတ်များ ပိုမို ကျဆင်းသွားတော့သည်။
ခေါင်မိုးပေါ်မှ ကြည့်နေသော ဆုမို အပါအဝင် အားလုံးသည်လည်း ဒီအမျိုးသမီး၏ မရပ်မနား တိုးဝင်နေမှုကို အံ့အားသင့်စွာ ကြည့်နေမိကြ၏။
ကျောက်လုံအသင်းက ရေသူခိုးတွေပဲ ဖြစ်ဖြစ်၊ ထာဝရည တောင်ကြားက ထိပ်သီး သိုင်းသမားတွေပဲ ဖြစ်ဖြစ်... လမ်းပိတ်နေသူ မှန်သမျှ အလွယ်တကူ ရှင်းလင်းခံလိုက်ရ၏။
လူသားများသာမက ရေတပ်စခန်း၏ အနေအထားကလည်း ရှုပ်ထွေးပွေလီလှသည်။
အဆောက်အဦးများက ကြယ်များသဖွယ် ပြန့်ကျဲနေပြီး လမ်းများကလည်း ဖြောင့်တန်းခြင်း မရှိ။
ထို့ကြောင့် သူမ မြေပြင်ပေါ်၌ ပြေးလွှားရာတွင် လမ်းခွဲများနှင့် အကွေ့အကောက်များကို ကြုံတွေ့ရသည်မှာ သဘာဝပင်။
သို့သော် သူမက ဤအရာများကို လုံးဝ ဂရုမစိုက်။ မုခ်ဦးများ၊ သစ်သားအိမ်များနှင့် ဆိုင်းဘုတ်တိုင်များ... မည်သည့်အရာကိုမဆို တည့်တည့်ဝင်တိုက်ကာ ဖျက်ဆီးပစ်လိုက်၏။
သူမ၏ အရေပြားမှာ ထူထဲပြီး အသားစိုင်များက မာကျောလှသဖြင့် ဤအရာများက သူမကို မည်သည့် ဒဏ်ရာမျှ မရရှိစေနိုင်။
ဆုမိုတောင် ပြောစရာ စကားမရှိ ဖြစ်သွားရ၏။
"စောစောက ခန်းမဆောင် အပြင်ဘက်မှာတုန်းက သူမရဲ့ ဒီလို စွမ်းရည်မျိုးကို မမြင်လိုက်ရပါလား"
တကယ်လို့သာ သူမမှာ ဒီလောက် စွမ်းရည်ရှိမှန်း သိလျှင် ထာဝရည တောင်ကြားက လူတွေ သူမကို တားနိုင်မှာ မဟုတ်ပေ။
ရွှမ်လုံ ခေါင်းဆောင်ကြီးက ခေါင်းခါလိုက်သည်။
"ဒီလူက ဘယ်သူလဲ ဆိုတာ ကျွန်တော်လည်း ဒီနေ့ထိ မသိသေးဘူး... လျှို့ဝှက်ချက်တွေ အများကြီး ရှိမယ့်ပုံပဲ၊ သူမရဲ့ စွမ်းရည်တွေကလည်း... အရမ်း ထူးဆန်းပြီး နားလည်ရခက်တယ်"
"သူ့အကြောင်း ခဏထားလိုက်ပါ"
ဆုမို မော့ကြည့်လိုက်သောအခါ တိုက်ပွဲသံများနှင့် မီးတောက်များသည် အနီးသို့ ရောက်ရှိလာပြီ ဖြစ်၏။
ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်ပြီး အဝေးကို လှမ်းကြည့်လိုက်ရာ အုပ်စုနှစ်စု တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရ၏။
တစ်ဖက်တွင် ချူချိုယွီ ဦးဆောင်သော အဖွဲ့ ရှိသည်။
သူမနှင့် ဂိုဏ်းတူ ညီမငယ်များသည် 'ဓားအခင်းအကျင်း' ဖွဲ့စည်းထားပြီး ထာဝရည တောင်ကြားမှ အနက်ရောင်ဝတ် လူအုပ်ကြီးက ဝိုင်းရံ တိုက်ခိုက်နေကြသည်။ သို့သော် လန်ယွဲ့နန်းတော်၏ ဓားကွက်လည်ကို မည်သို့မျှ ဖောက်ထွက်နိုင်ခြင်း မရှိကြပေ။
ထိပ်သီး သိုင်းပညာရှင် အချို့ကလည်း ဝိုင်းဝန်း ကူညီနေကြသဖြင့် ထာဝရည တောင်ကြားနှင့် ခေတ္တမျှ အားပြိုင်နေနိုင်ကြ၏။
ဘေးပတ်ဝန်းကျင်တွင် မီးတောက်များ ဟုန်းဟုန်းတောက်လောင်နေသည်။ မြေပြင်ပေါ်တွင် ဓားအလင်းရောင်များ လက်နေကာ သတ်ဖြတ်လိုသော အရှိန်အဝါများ ကောင်းကင်သို့ ထိုးတက်နေသည်။
အဝေးမှနေ၍ ဆုမိုသည် စောစောက လူဝကြီးကို ဖမ်းဆီးသွားသော အရိပ်တမန် ကို လှမ်းမြင်လိုက်ရ၏။ သူသည် ခေါင်မိုးပေါ်တွင် ရပ်လျက် ဓားကွက်လည်ကို အေးစက်စွာ စောင့်ကြည့်နေပြီး အားနည်းချက် ရှာဖွေနေပုံ ရ၏။
"လန်ယွဲ့နန်းတော်ရဲ့ ဓားကွက်လည်က တကယ်ကို ထူးခြားတာပဲ"
ယန်ရှောင်ယွင်က ဘေးမှနေ၍ တိုးတိုးလေး ပြောလိုက်သည်။
"ဝေဇီယီရဲ့ ဓားသိုင်းက အရင်ကတည်းက မျက်စိပသာဒ ဖြစ်ခဲ့ပြီးသား... ဟိုတစ်ညက ချူချိုယွီတို့ တိုက်ခိုက်တုန်းကတော့ သူတို့ရဲ့ ဓားသိုင်းက ဝေဇီယီလောက် မကောင်းသေးဘူးလို့ ထင်ခဲ့တာ"
"ဒါပေမဲ့ ဒီည ဓားကွက်လည်ကို ကြည့်ရတာတော့... အကွက်သစ်တွေ ပါလာတယ်"
"အကယ်၍သာ သူတို့ အဲဒီညက အော်ထောင်ဂိုဏ်းသားကို ရင်ဆိုင်တုန်းက ဒီဓားကွက်လည်ကို သုံးခဲ့မယ် ဆိုရင်... အနိုင်ရချင်မှ ရမယ် ဆိုပေမဲ့ ဒီလောက်ထိ အထိနာမှာ မဟုတ်ဘူး"
"လန်ယွဲ့နန်းတော်က တုန်းချန်မှာ ပြိုင်ဘက်ကင်း ရပ်တည်နိုင်တာ အကြောင်းမဲ့ မဟုတ်ဘူးပဲ... သူတို့ဂိုဏ်းရဲ့ လျှို့ဝှက်သိုင်းတွေက တကယ် ကောင်းမွန်တာကိုး... ဒါပေမဲ့ ကျွန်တော် အခု သတိထားမိတာက ထာဝရည တောင်ကြား..."
"ယူချွမ်ဂိုဏ်းရဲ့ နည်းလမ်းတွေက ကောက်ကျစ်စဉ်းလဲတယ်... ထာဝရည တောင်ကြားကတော့ နည်းနည်း နိမ့်ကျသလိုပဲ... ဒါပေမဲ့ သူတို့ရဲ့ သိုင်းပညာထဲမှာ ထူးဆန်းတာလေးတွေ ရှိနေမလား"
"ဟင်... သူ လှုပ်ရှားတော့မယ်"
ဆုမို မော့ကြည့်လိုက်သောအခါ အရိပ်တမန်သည် အသင့်ပြင်ထားပုံရပြီး သူ၏ အော်ရာများ ပွက်ပွက်ဆူလာကာ အချိန်မရွေး တိုက်ခိုက်တော့မည့်ဟန် ရှိနေသည်။
သို့သော် ထိုအချိန်မှာပင် ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာလေ၏။
တိုက်ပွဲ ပြင်းထန်နေသော နေရာအနီးရှိ အိမ်တစ်လုံး ရုတ်တရက် ပေါက်ကွဲသွားသည်။
လူဝကြီး အမျိုးသမီးသည် ထိုအိမ်ထဲမှ ဒုံးပျံတစ်စင်းအလား ပြေးထွက်လာပြီး ထာဝရည တောင်ကြားမှ လူအုပ်ထဲသို့ တည့်တည့် ဝင်ဆောင့်လိုက်တော့သည်။
ထာဝရည တောင်ကြားမှ လူများသည် တိုက်စစ်၊ ခံစစ် နည်းဗျူဟာများဖြင့် စနစ်တကျ ရှိနေသော်လည်း... ဤကဲ့သို့ ရုတ်တရက် ဝင်ရောက်လာမည့်သူကို မည်သို့ မျှော်လင့်ထားပါမည်နည်း။
အငိုက်မိသွားပြီး တုံ့ပြန်ရန် ပြင်ဆင်နေစဉ်မှာပင် လူဝကြီးသည် လူအုပ်ကြားထဲသို့ ရောက်ရှိလာခဲ့ပြီ။
သူမသည် လယ်ထွန်သကဲ့သို့ လူများကို ထိုးခွဲ ဖြတ်သန်းသွားလိုက်သည်။
တစ်ဖက်သို့ ရောက်သွားသောအခါ သူမသည် ကြောင်တောင်တောင်ဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး နောက်ပြန်လှည့်ကာ တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ ပြုမူလိုက်သည်။
ရုတ်တရက်...
သူမသည် ပေါင်ကို လက်ဖြင့် ရိုက်လိုက်ပြီး ဦးတည်ချက် တစ်ခုသို့ ပြန်လည် ပြေးလွှားလာတော့သည်။
ဤတစ်ကြိမ်တွင် သူမ ဦးတည်လာသော နေရာမှာ... ဆုမို ရှိရာဘက်သို့ ဖြစ်ချေသည်။
အခန်း (၂၂၄)- ဧည့်သည်
~ဤလူဝကြီးက ရေတပ်စခန်းအတွင်းတွင် ထင်တိုင်းကြဲပြီး သောင်းကျန်းနေသည်ကို ထာဝရည တောင်ကြား မှ လူများက မည်သို့ သည်းခံနိုင်ကြပါမည်နည်း။
အထူးသဖြင့် အချိန်အကြာကြီး အသင့်ပြင်ထားပြီးမှ တိုက်ခိုက်ခွင့် မရလိုက်သော အရိပ်တမန်သည် နေမထိထိုင်မသာ ဖြစ်နေလေ၏။
အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ကြယ်တာရာများကဲ့သို့ တောက်ပနေသော သူ၏ မျက်ဝန်းထဲတွင် လှုပ်ရှားမှု အရိပ်အယောင် အနည်းငယ် ပေါ်လာပြီး ညာဘက်လက်ကို မသိမသာ ပွတ်သပ်လိုက်မိ၏။
စောစောက ဤလူဝကြီးနှင့် လက်သီးချင်း ယှဉ်ထိုးလိုက်ရသဖြင့် သူ၏ လက်မောင်းတစ်လျှောက် နာကျင်ကိုက်ခဲနေဆဲပင်။
အခု ဒီလူဝကြီးက ဘယ်ကနေ ဘယ်လို ပြန်ရောက်လာတာလဲ။
အဝေးသို့ လှမ်းကြည့်လိုက်သောအခါ အနီးအနားရှိ ခေါင်မိုးပေါ်တွင် ဆုမိုနှင့် အဖွဲ့သားများကို တွေ့ရှိလိုက်ရ၏။
သူ၏ မျက်လုံးထဲတွင် အံ့အားသင့်မှု တစ်ချက် ဖြတ်ပြေးသွားသည်။
သို့သော် သူ မတုံ့ပြန်နိုင်မီမှာပင် နာကျင်စွာ အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာပြီး လူဝကြီးက လူအုပ်ကြားထဲသို့ ထပ်မံ တိုးဝင်သွားပြန်လေ၏။
အရိပ်တမန်၏ မျက်လုံးထောင့်စွန်းများ ဆတ်ခနဲ တုန်သွားသည်။
ထာဝရည တောင်ကြားက ခင်းကျင်းထားသော 'ညအမှောင် ဝိညာဉ်စီးဆင်းမှု တိုက်ကွက်'သည် စကားလုံးအနည်းငယ်ဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင် ရှုပ်ထွေးနက်နဲလှသည်။
သို့သော် ဒီအရာက လူသတ်ဖို့ ဖန်တီးထားတာလေ... လူတစ်ယောက် စိတ်ကြိုက် ဝင်ရောက်မွှေနှောက်ဖို့ ခွင့်ပြုထားတာမှ မဟုတ်တာ။
ဒီသောက်ကျိုးနည်း လူဝကြီးက ဘယ်ကနေ ထွက်လာတာလဲကွ။
ချက်ချင်းပင် သူ၏ ပုံရိပ်သည် ကောင်းကင်ယံကို ဖြတ်သန်းသွားသော မျဉ်းနက်တစ်ကြောင်းအလား ပြောင်းလဲသွားသည်။ ထူးဆန်းအံ့ဩဖွယ်ရာ ကိုယ်ဖော့ပညာဖြင့် မျက်စိတစ်မှိတ်အတွင်း ဖက်တီး၏ ရှေ့သို့ ရောက်ရှိသွားပြီး လက်ကိုမြှောက်ကာ တားဆီးလိုက်လေ၏။
"မင်းပဲလား"
ဖက်တီးသည် ကြောင်အမ်းအမ်း ဖြစ်သွားပြီး ချက်ချင်းပင် ဒေါသအိုး ပေါက်ကွဲသွားတော့သည်။
"စောစောက ငါ ထမင်းဝအောင် မစားရသေးလို့... အခုတော့ ရေအဝသောက်ပြီး အိပ်ရေးဝနေပြီ... မင်း ငါ့ကို တားလို့မရတော့ဘူးကွ"
ပြောပြောဆိုဆိုဖြင့် သူမသည် ခေါင်းကို ငုံ့ကာ အားကုန် ဝင်ဆောင့်လိုက်တော့သည်။
"ဟေ..."
အရိပ်တမန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဒီတစ်ခါ ဖက်တီး၏ အရှိန်အဟုန်သည် ယခင်ကနှင့် မတူတော့ကြောင်း ခံစားမိလိုက်သည်။ အရိပ်တမန်သည် ခြေကွက်ကို ချက်ချင်း ပြောင်းလဲလိုက်ရာ သူ၏ ခန္ဓာကိုယ်သည် လေထဲတွင် တွဲလောင်းကျနေသော အရိပ်တစ်ခုအလား ဖြစ်သွားလေ၏။
လေနှင့်အတူ လွင့်မျောနေသကဲ့သို့၊ ဖမ်းဆုပ်၍ မရနိုင်သော သစ်ရွက်ခြောက် တစ်ရွက်ကဲ့သို့ပင်။ ဖက်တီး၏ ခွန်အား မည်မျှကြီးမားပါစေ... သူ့ကို ထိတွေ့ရန် ခက်ခဲလှပေသည်။
ဖက်တီးသည်လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိလိုက်သည်။ သူမ၏ ခေါင်းဖြင့် ဝင်ဆောင့်လိုက်သော်လည်း ဘာခုခံမှုကိုမျှ မခံစားရဘဲ လေဟာနယ်ကို တိုက်မိသကဲ့သို့ ဖြစ်နေသည်။
ခြေလှမ်းကို ရပ်တန့်ပြီး မော့ကြည့်လိုက်သောအခါ...
"မင်း ဘယ်လောက်ကြာကြာ ပုန်းနေနိုင်မလဲ ကြည့်ကြသေးတာပေါ့"
သူမသည် အတွင်းအားကို စုစည်းပြီး ထပ်မံ ဝင်ဆောင့်လိုက်ပြန်သည်။ သို့သော် အနောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။
"မင်း ဘယ်ကို တိုက်နေတာလဲ"
"ဟင်..."
ဖက်တီးသည် နေရာတွင်ပင် ချာချာလည်သွားပြီး ထပ်မံ တိုက်ခိုက်ရန် ပြင်လိုက်ပြန်သည်။
သို့သော် ခေါင်မိုးပေါ်မှ ကြည့်နေသော ဆုမိုနှင့် အဖွဲ့သားများကမူ အရိပ်တမန်၏ ကိုယ်ဖော့ပညာသည် ညအမှောင်ထုနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ လှည့်စားမှုများ ပြည့်နှက်နေကြောင်း ရှင်းလင်းစွာ မြင်တွေ့နေရ၏။
ဖက်တီးသည် လောကတွင် ရှားပါးသော ခွန်အားကြီးမားသူ ဖြစ်သော်လည်း...
အရိပ်တမန်နှင့် ယှဉ်လိုက်လျှင် သူမ လိုအပ်ချက်များ ရှိနေသေးသည်။
ခွန်အား မလုံလောက်၍ မဟုတ်ပေ။ ပိဿာချိန် တစ်ထောင် အားရှိနေပါစေ... ရန်သူကို မထိမှန်လျှင် ဘာအသုံးဝင်တော့မည်နည်း။
ရုတ်တရက် အရိပ်တမန်၏ လှုပ်ရှားမှုနှုန်း မြန်ဆန်လာ၏။
အရိပ်တမန်သည် လူအုပ်ကြားတွင် ခုန်ပျံကျော်လွှားရင်း ဖက်တီး၏ ပတ်ပတ်လည်တွင် ဝဲပျံနေလေ၏။
ဖက်တီးသည် အရိပ်မည်းများ၏ ရစ်ပတ်မှုကို ခံနေရပြီး အကြိမ်ကြိမ် တိုက်ခိုက်သော်လည်း အရိပ်တမန်ကို အမွေးတစ်ပင်မျှ မထိခိုက်စေနိုင်ပေ။
ထိုအစား သူမသာ မူးဝေလာပြီး နောက်ဆုံးတွင် မတ်တပ်ရပ်လိုက်ရတော့သည်။ ဖစ်ဖစ်တုန်နေသော မျက်နှာတွင် စိတ်ဓာတ် ကျရ်ိပ်များ ပေါ်ပေါက်လာပြီး ပေါင်ပေါ် လက်ထောက်ကာ ကုန်းလိုက်ရရှာသည်။
"အော့..."
"ချီးပဲ..."
အရိပ်တမန် ဒေါသထွက်သွားသည်။ အစစ်အမှန်နှင့် အတုယောင် ကြားတွင် ကူးပြောင်းနေသော သူ၏ လက်ထဲတွင် ဓားသွားတစ်လက် ရုတ်တရက် ပေါ်လာပြီး ဖက်တီး၏ လည်ပင်းအနောက်သို့ ချိန်ရွယ်လိုက်လေ၏။
"ချွင်..."
သတ္တုချင်း ထိခတ်သံ စူးရှစွာ ထွက်ပေါ်လာ၏။
အရိပ်တမန်၏ ခန္ဓာကိုယ် တုန်ခါသွားပြီး နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ရ၏။ အရိပ်တစ်ခုအလား ထာဝရည တောင်ကြားမှ တပည့် တစ်ဦး၏ နောက်ကျောတွင် ကပ်နေလိုက်သည်။
မော့ကြည့်လိုက်သောအခါ ဖက်တီး၏ အနောက်တွင် လူ တစ်ယောက် ရောက်ရှိနေသည်ကို တွေ့လိုက်ရလေ၏။
အရပ်ရှည်ရှည်၊ ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းသော လူငယ် တစ်ဦး။ လေပြင်းကြောင့် သူ၏ ဆံနွယ်များ လွင့်ပျံနေပြီး ကျောတွင် ဓားသေတ္တာကို လွယ်ထားသည်။ သူသည် မိမိ၏ လက်ချောင်းများကို ငုံ့ကြည့်နေလေ၏။
နူးညံ့ သိမ်မွေ့သော အပြုံးဖြင့် သူက မေးလိုက်သည်။
"ဒါက ထာဝရည တောင်ကြားရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း လျှို့ဝှက်သိုင်းလား"
"မင်းက ဘယ်သူလဲ"
အရိပ်တမန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူသည် ကိုယ်ကို လှည့်လိုက်ပြီး ထာဝရည တောင်ကြားမှ တပည့်ကို ကျော်ခွကာ ဆုမိုနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ ထို့နောက် ဓားဖြင့် ဆုမိုထံသို့ တိုးဝင်လိုက်လေ၏။
"အို..."
ဆုမိုသည် လက်ချောင်းများကို စုစည်းလိုက်ပြီး ဓားအသွားကို ညှပ်ကာ ဓားကျောကို ဖွဖွလေး ပုတ်လိုက်သည်။
'ကလန်' ခနဲ အသံနှင့်အတူ ဓားသည် ချက်ချင်း လွတ်ကျသွားတော့၏။
သို့သော် ထိုအချိန်တွင် ထာဝရည တောင်ကြားမှ တပည့်က ရုတ်တရက် ရှေ့သို့ တိုးဝင်လာပြန်သည်။
ဆုမို ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်၏။ ရှေ့သို့ တစ်လှမ်း တိုးပြီး ထိုလူ၏ ရင်ဘတ်ကို ဖမ်းဆုပ်လိုက်သည်။ လက်ချောင်းများဖြင့် ရစ်ပတ်လိုက်ရာ အတွင်းအားများသည် ထိုလူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
ထိုလူ၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် အရိုးမရှိသကဲ့သို့ ပျော့ခွေသွားပြီး ဆုမိုက ဘေးသို့ ပစ်ချလိုက်လေ၏။
ထိုလူသည် ရွေ့လျားနေသော အရိပ်မည်းတစ်ခုဆီသို့ တည့်တည့်မတ်မတ် လွင့်စင်သွားသည်။ ထိုအရိပ်မည်းမှာ အရိပ်တမန်ပင် ဖြစ်၏။
အရိပ်တမန်သည် ထိုလူနှင့် ဝင်တိုက်မိပြီး နောက်ကျောတွင် ကပ်သွားသည်။ လေထဲတွင် ကိုယ်ကို လှည့်လိုက်ပြီးနောက် အရိပ်တမန်၏ ပုံရိပ်သည် ထိုလူ၏ နောက်မှ ခွဲထွက်သွားကာ ထိုလူကို လွင့်စင်သွားစေလိုက်ပြီး သူကိုယ်တိုင်ကမူ မြေပြင်ပေါ်သို့ သက်ဆင်းလိုက်လေ၏။
ဆုမိုကို မော့ကြည့်လိုက်သောအခါ ရွှေရောင် အနက်ရောင် ရောယှက်နေသော မျက်နှာဖုံးအောက်မှ မျက်ဝန်းများသည် ညဉ့်ကောင်းကင်ကဲ့သို့ အေးစက်တည်ငြိမ်နေသည်။
"မင်း တော်တော် သတ္တိရှိတာပဲ... ထာဝရည တောင်ကြားရဲ့ ကိစ္စကို ဝင်စွက်ဖက်ရဲတယ်ပေါ့"
"တိုက်ဆိုင်သွားရုံပါဗျာ"
ဆုမိုက ပြန်ပြောလိုက်သည်။
"ဒါပေမဲ့ တိုက်ဆိုင်တာ မဟုတ်ရင်တောင်... ထာဝရည တောင်ကြားက ဒီနေရာမှာ တစ်ခုခု ကြံစည်နေတယ် ဆိုတာ ကြားရင် ကျွန်တော်တို့က လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးလေ... ခင်ဗျားတို့ကို အောင်မြင်ခွင့် ပေးလို့ ဘယ်ဖြစ်မလဲ"
"ဒါပေမဲ့ ကျွန်တော် နားမလည်တာ တစ်ခု ရှိတယ်... ထာဝရည တောင်ကြားက ဘာကိစ္စ ဒီရေလမ်းကြောင်းကို ထိန်းချုပ်ဖို့ ဒီလောက်ထိ ကြိုးစားနေရတာလဲ... ဘာရည်ရွယ်ချက် ရှိလို့လဲ"
"ခင်ဗျားတို့က ရေကြောင်းကုန်သွယ်ရေးကို မှီခိုနေတာလည်း မဟုတ်ဘဲနဲ့... ခင်ဗျားတို့ရဲ့ ရည်မှန်းချက်က တကယ်ကို စဉ်းစားစရာပဲ"
"စကားတစ်ခွန်း ကြားဖူးလား"
"နားထောင်နေပါတယ်"
"မင်း များများသိလေ... မြန်မြန်သေလေပဲ"
အရိပ်တမန်သည် လျင်မြန်သော လှုပ်ရှားမှုဖြင့် လွင့်မျောနေသော အရိပ်တစ်ခုအလား ဆုမိုထံသို့ တိုးဝင်လာ၏။ လက်ဝါးဖြင့် အုပ်မိုးလိုက်ရာ လက်ချောင်းများကြားတွင် အနက်ရောင် စွမ်းအင်များ ထူးဆန်းစွာ စီးဆင်းနေလေ၏။
"ငါ ရှင်းလိုက်မယ်... အော့..."
အနောက်ဘက်မှ ဖက်တီးသည် အခြေအနေကို ပြောင်းပြန်လှန်ပစ်ရန် ကြိုးစားလိုက်သော်လည်း... အရိပ်တမန်၏ သူမအပေါ် သက်ရောက်မှုကို လျှော့တွက်ခဲ့မိပုံ ရ၏။
ကိုယ်ကို မတ်လိုက်သည်နှင့် တစ်ပြိုင်နက်... သူမ ထပ်မံ အန်ချလိုက်ပြန်တော့သည်။
အခန်း (၂၂၅)- ဧည့်သည် (၂)
~ဆုမိုက ပြုံးလိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးကာ 'ဒဏ်ရာ ခုနစ်ချက် လက်သီးသိုင်း'ဖြင့် လေထဲသို့ ထိုးနှက်လိုက်လေ၏။
သူ၏ လက်သီးနှင့် တစ်ဖက်လူ၏ လက်ဝါးတို့ ထိမိသည့် အခိုက်အတန့်တွင် အရိပ်တမန် ၏ မျက်လုံးများထဲ၌ ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
ထို့နောက် အရိပ်တမန်၏ ခန္ဓာကိုယ်ပတ်လည်ရှိ အနက်ရောင် ချီစွမ်းအင်များသည် ပွက်ပွက်ဆူလာပြီး ညဉ့်အမှောင်ထုထက် ပိုမို နက်မှောင်သွားတော့သည်။
ဆုမို၏ လက်သီးချက် ကျရောက်ရာ နေရာတွင် လေဟာနယ်သာ ကျန်ရစ်သည်။
မော့ကြည့်လိုက်သောအခါ အရိပ်တမန်သည် သူ၏ ခေါင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဇောက်ထိုး အနေအထားဖြင့် လက်ဝါးမှ ထက်ရှသော ဓားသွားတစ်ခုကို အောက်သို့ ထိုးစိုက်ချလိုက်လေ၏။
သို့သော် တိုက်ကွက် မဆုံးမီမှာပင် သူ၏ ပုံရိပ်သည် အမှောင်ထုနှင့် ရောနှောကာ ဆုမို၏ မြင်ကွင်းမှ ပျောက်ကွယ်သွားပြန်သည်။
အရိပ်တမန်၏ ပုံရိပ်သည် မရပ်မနား တုန်ခါနေပြီး အနက်ရောင် ချီစွမ်းအင်များကြားတွင် လျင်မြန်စွာ ရွေ့လျားနေသည်။
ဘယ်ဘက်သို့ ရောက်လိုက်၊ ညာဘက်သို့ ရောက်လိုက်ဖြင့် ဆုမိုကို အရပ်မျက်နှာပေါင်းစုံမှ ဝိုင်းရံထားသကဲ့သို့ ဖြစ်နေသည်။
ဆုမို၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားသည်။ ဖက်တီး.. ဘာလို့ အန်ချင်လာသလဲ ဆိုတာ သူ နည်းနည်း နားလည်လာပြီ။
တကယ်ကို ခေါင်းမူးစရာ ကောင်းတာပဲ။
သူ ဆက်မကြည့်တော့ဘဲ ကျောပေါ်ရှိ ဓားသေတ္တာကို ရုတ်တရက် ဖွင့်လိုက်ရာ 'နဂါးဟိန်းသံ' ဓားသည် ပျံထွက်လာပြီး သူ၏ လက်ထဲသို့ ကျရောက်လာလေ၏။
ကိုယ်ကို ရုတ်ချည်း လှည့်လိုက်ပြီး ဓားရှည်ကို ရှေ့သို့ ထိုးစိုက်လိုက်သည်။
"ဝီ..."
ဓားသွားဖျားမှ အေးစက်သော အလင်းရောင် တစ်ချက် ဝင်းလက်သွားပြီး မြှားတိုတစ်ချောင်း ထက်ပိုင်းကျိုးသွားသည်။ ထို့နောက် 'နဂါးဟိန်းသံ' ဓားသည် အရိပ်တမန်၏ လည်မျိုကို တည့်တည့်မတ်မတ် ထိုးဖောက်ဝင်ရောက်သွားတော့သည်။
"ဒါ... ဒါ..."
အရိပ်တမန်၏ မျက်လုံးများထဲတွင် အံ့ဩမှုများ ပြည့်နှက်သွား၏။ သို့သော် ခဏချင်းမှာပင် အနက်ရောင် ချီစွမ်းအင်များ ပြန်လည် ဆူပွက်လာပြီး ဆုမို၏ ဓားထိပ်ဖျားတွင် ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရ၏။ အရိပ်တစ်ခုသည် မြေပြင်ပေါ်သို့ လျှောဆင်းသွားပြီး ထာဝရည တောင်ကြားမှ တပည့်တစ်ဦး၏ နောက်ကျောတွင် ကပ်ငြိသွား၏။
ထို့နောက် ထိုတပည့်သည် လေထဲတွင် လည်ထွက်သွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။
"ဟေ..."
ဆုမို အံ့အားသင့်သွားသည်။
"ဒီလိုလုပ်လို့ ရတယ်လား"
အရိပ်တမန်သည် သူ့ဓားချက်ဖြင့် လည်မျိုကို အထိုးခံလိုက်ရပြီ ဖြစ်ရာ အသက်ရှင်စရာ အကြောင်း မရှိပေ။
သို့သော် ထာဝရည တောင်ကြားမှ တပည့်၏ နောက်ကျောတွင် ကပ်ငြိလိုက်သည်နှင့် မည်သို့သော ဒဏ်ရာမျှ မရရှိသကဲ့သို့ လှုပ်ရှားသွားလာနိုင်ခြင်းမှာ အလွန် ဆန်းကြယ်လှပေသည်။
သို့သော် ဒီနေ့တော့ ဆုမို သူ့ကို လွတ်မြောက်ခွင့် ပေးမည် မဟုတ်။
ဓားသွားကို လှည့်လိုက်ရာ ငွေရောင် အလင်းတန်းတစ်ခု လေထဲတွင် ဖြတ်သန်းသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ခေါင်းနှစ်လုံး လေထဲသို့ လွင့်စင်တက်သွားကာ ခေါင်းပြတ်ခန္ဓာကိုယ်များ မြေပြင်ပေါ်သို့ လဲကျသွားကြတော့သည်။
ဆုမို ရှေ့သို့ တိုးသွားပြီး သေချာ စစ်ဆေးကြည့်လိုက်ရာ အမှန်တကယ် သေဆုံးသွားပြီ ဖြစ်ကြောင်း တွေ့ရှိရမှ ခေါင်းညိတ်လိုက်သည်။
"ထာဝရည တောင်ကြားရဲ့ သိုင်းပညာက အစွမ်းမထက်ပေမဲ့... ကောက်ကျစ်စဉ်းလဲတဲ့ နေရာမှာတော့ ယူချွမ်ဂိုဏ်းထက်တောင် သာလွန်နေပါလား... တကယ်လို့သာ ထိပ်တိုက် မတွေ့ခဲ့ရင် နည်းနည်းတော့ ဒုက္ခရောက်နိုင်တယ်"
သူ၏ ရင်ထဲတွင် သတိထားမှု အနည်းငယ် ရှိနေဆဲ ဖြစ်သော်လည်း တွေးမိသည်မှာ...
"သူများနောက်ကျောမှာ ကပ်ပြီး သေစေလောက်တဲ့ ဒဏ်ရာကို လွှဲပြောင်းပေးနိုင်တယ် ဆိုတာ... ဘယ်လို သိုင်းပညာမျိုးပါလိမ့်"
ဆုမို ..ဖက်တီးကို ပြန်လှည့်ကြည့်လိုက်သည်။
‘အရိပ်တမန်က ဒီလောက် စွမ်းရည်ရှိပါရက်နဲ့ ဘာလို့ ဖက်တီးကို မထိန်းချုပ်ခဲ့တာလဲ။
ခွန်အား မလုံလောက်လို့လား။
ဒါမှမဟုတ် တခြား အကြောင်းအရင်း ရှိနေသလား။’
လောလောဆယ်တော့ အဖြေမရှိသေးသဖြင့် ဆက်မတွေးတော့ပေ။
သူ အရိပ်တမန်နှင့် တိုက်ခိုက်နေစဉ် အတွင်းမှာပင် သူခိုးဂိုဏ်းခေါင်းဆောင် (၃) ဦးနှင့် ယန်ရှောင်ယွင်တို့သည် လူအုပ်ကြားထဲသို့ ဝင်ရောက် တိုက်ခိုက်နေကြပြီ ဖြစ်၏။
'မိုးပြာနဂါး အရပ် ရှစ်မျက်နှာ လျှပ်စီး လှံသိုင်း'သည် နဂါးများ တိမ်တိုက်ထဲတွင် ပုန်းခိုနေသကဲ့သို့ လှုပ်ရှားနေပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေသည်။
သက်လတ်ပိုင်း အမျိုးသမီးကြီးသည် လက်ထဲတွင် '(၉) ဆင့် ကြိမ်ဒဏ်'ကို ကိုင်ဆောင်ထားပြီး အလွန် သွက်လက်ချက်ချာစွာ ကစားနေလေ၏။
ဤလက်နက်မျိုးသည် ပုံမှန်အားဖြင့် ရိုက်ခြင်း၊ လှည်းခြင်း၊ ရစ်ပတ်ခြင်း၊ ချိတ်ခြင်း၊ ပစ်ပေါက်ခြင်း စသည့် နည်းလမ်းများကိုသာ အသုံးပြုလေ့ ရှိသော်လည်း သူမ၏ လက်ထဲတွင်မူ 'ထိုးစိုက်ခြင်း' ဟူသော နည်းလမ်းသစ် တစ်ခုပါ ပါဝင်နေသည်။
သူမ၏ ကြိမ်ဒဏ် ထိပ်ပိုင်းတွင် ထက်ရှသော သံဆူးတိုလေး တစ်ချောင်း ပါရှိသည်။
၎င်းကို အသုံးပြု၍ သွေးကြောကွက်များကို ထိုးစိုက်ခြင်း၊ အသက်အန္တရာယ် ရှိသော နေရာများကို တိုက်ခိုက်ခြင်းများ ပြုလုပ်နိုင်သဖြင့် တိုက်ကွက်တိုင်းသည် သေစေနိုင်လောက်သော ဒဏ်ရာများကို ပေးစွမ်းနိုင်ပေသည်။
အထူးသဖြင့် တိုက်စစ်နှင့် ခံစစ်ကို ပေါင်းစပ်လိုက်သောအခါ သူမ၏ လှုပ်ရှားမှုများကို ခန့်မှန်းရန် ခက်ခဲလှသည်။
သူမနှင့် ယှဉ်လိုက်လျှင် ရွှမ်လုံ ရေတပ်စခန်း ခေါင်းဆောင်ကြီးမှာမူ ရိုးရှင်းလှသည်။ သံလက်ဝါးအစုံဖြင့် ပြင်းပြင်းထန်ထန် ရိုက်နှက်ရုံသာ ဖြစ်ပြီး အလှအပ မပါ၊ လှည့်ကွက် မပါသော်လည်း ကြီးမားသော ခွန်အားကြောင့် မည်သူမျှ ခံနိုင်ရည် မရှိကြပေ။
မြွေစိမ်း မဟာမိတ်အဖွဲ့ ခေါင်းဆောင်မှာမူ ယပ်တောင်ကို အရိပ်တမန် ယူသွားကတည်းက လက်နက်မဲ့ ဖြစ်နေသည်။
သို့သော် ယခုအချိန်တွင် မြွေစိမ်း မဟာမိတ်အဖွဲ့ ခေါင်းဆောင်သည် မြွေတစ်ကောင်၏ ပုံသဏ္ဌာန်နှင့် တူသော လက်သီးသိုင်းကို အသုံးပြုနေလေ၏။
လူအုပ်ကြားတွင် လှည့်ပတ်သွားလာရင်း ထိုးလိုက်၊ လိမ်လိုက်ဖြင့် သူ၏ စွမ်းရည်မှာလည်း အတော်လေး ထူးခြားလှပေသည်။
ဆုမို ခဏတာ စောင့်ကြည့်နေစဉ် အနောက်ဘက်မှ အသံတစ်သံ ကြားလိုက်ရ၏။
"ဗိုက်ဆာလိုက်တာ..."
လှည့်ကြည့်လိုက်သောအခါ ဖက်တီးသည် မျက်နှာဖြူဖပ်ဖြူရော ဖြစ်သည်အထိ အန်နေသည်ကို တွေ့လိုက်ရ၏။
အန်ဖတ်ထဲတွင် အစာအာဟာရ ဘာမှ မပါဘဲ ရေများသာ ပါဝင်နေသည်... ရေအကျဉ်းထောင်ထဲက သောက်ခဲ့သော ရေများ ဖြစ်လောက်သည်။
သူမက ဆုမိုကို သနားစဖွယ် ကြည့်လိုက်သည်။
"နင်... နင် လိမ်တယ်၊ ထမင်းစားချိန် ရောက်ပြီ ဆို..."
ဆုမို ပြောစရာ စကားမဲ့သွားသည်။ ခဏတာ စဉ်းစားပြီးနောက် ရင်ဘတ်ထဲမှ မုန့်ခြောက်တစ်ဝက်ကို ထုတ်ယူကာ သူမထံ ပစ်ပေးလိုက်သည်။
"လောလောဆယ် ဒါနဲ့ ဗိုက်ဖြည့်ထားလိုက်ဦး... ဒီကိစ္စ ပြီးသွားရင် စားစရာတွေ အများကြီး ကျွေးပါ့မယ်"
"အင်း"
ဖက်တီး ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်ပြီး အခြားအရာများကို ဂရုမစိုက်တော့ပေ။ မုန့်ခြောက်သည် အေးစက်ပြီး မာကျောနေသော်လည်း ရလိုက်သည်နှင့် တစ်ပြိုင်နက် အငမ်းမရ ကိုက်စားလိုက်လေ၏။
သူမ၏ သံမဏိသွားများဖြင့် ဝါးစားလိုက်ရာ မျက်စိတစ်မှိတ်အတွင်း ဗိုက်ထဲ ရောက်သွားတော့သည်။
စက္ကန့်ပိုင်းအတွင်း မုန့်ခြောက်တစ်ဝက်သည် အစအန မကျန် ပျောက်ကွယ်သွားလေ၏။
သူမသည် ဗိုက်ကို ပုတ်လိုက်ပြီး မတ်တပ်ရပ်ကာ တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ ဟိုကြည့်ဒီကြည့် လုပ်နေသည်။ ဘာရှာနေမှန်းတော့ မသေချာပေ။
နောက်ဆုံးတွင် ဘာမှ မတွေ့သဖြင့် လူအုပ်ကြားထဲသို့ တိုးဝင်သွားပြီး ထာဝရည တောင်ကြားမှ တပည့်တစ်ယောက်ကို လှမ်းဖမ်းလိုက်သည်။ ထိုတပည့်က လန့်ဖျပ်သွားပြီး ဓားဆွဲရန် ပြင်လိုက်စဉ် ဓားသွားကို သူမ၏ လက်ချောင်းနှစ်ချောင်းဖြင့် ညှပ်ကာ လွှင့်ပစ်လိုက်လေ၏။
"ငါ့လက်နက် ပျောက်သွားလို့... နင့်ကို ခဏ ငှားသုံးမယ်နော်"
အနက်ရောင်ဝတ် လူသားမှာ 'ငှားသုံးမယ်' ဆိုတာ ဘာအဓိပ္ပာယ်လဲ ဆိုတာ နားမလည်လိုက်မီမှာပင် လေထဲသို့ မြှောက်တက်သွားရ၏။ လေထဲတွင် အနေအထား ပြင်လိုက်ပြီးနောက် သူ၏ ခြေထောက်တစ်ဖက်သည် ဖက်တီး၏ လက်ထဲသို့ ရောက်ရှိသွားလေ၏။
အတွင်းအားများ စီးဆင်းသွားသဖြင့် ထိုလူသည် အသံပင် မထွက်နိုင်လိုက်ဘဲ ကျောရိုးတစ်ခုလုံး တောင့်တင်းသွားကာ သူ့ဘဝတစ်လျှောက်လုံးတွင် အဖြောင့်တန်းဆုံး အနေအထားသို့ ရောက်ရှိသွားရရှာ၏။
နောက်တစ်ခဏတွင် ဖက်တီးသည် ထိုလူကို လက်နက်သဖွယ် ကိုင်ဆောင်ကာ လူအုပ်ကြားထဲသို့ ဝင်ရောက် ရိုက်နှက်တော့သည်။
လူသားလက်နက်ဖြင့် ရမ်းကားတိုက်ခိုက်လိုက်ရာ လူအများအပြား မြေပြင်ပေါ်သို့ လဲကျကုန်ကြ၏။
ယန်ရှောင်ယွင်သည် သူမ၏ 'မိုးပြာနဂါး အရပ် ရှစ်မျက်နှာ လျှပ်စီး လှံသိုင်း' သည် အုပ်စုလိုက် တိုက်ပွဲတွင် ပြိုင်ဘက်ကင်းသည်ဟု ထင်မှတ်ခဲ့ဖူးသည်။
သို့သော် ယခုအချိန်တွင်မူ ဤဖက်တီးနှင့် ယှဉ်လိုက်လျှင် သူမ အများကြီး လိုအပ်နေသေးကြောင်း ဝန်ခံလိုက်ရတော့၏။