အခန်း (၃၀၁-၃၀၃)
Vol. 21 Ch. 301-303
အခန်း (၃၀၁) - မြေအောက်နန်းတော်ထဲသို့ လိုက်လံတိုက်ခိုက်ခြင်းနှင့် နတ်ဆိုးအမြုတေ၏ အကျိုးကျေးဇူး
~“မပြေးနဲ့လေ... နတ်ဘုရား အလင်းတန်း သိုင်းနည်းစနစ် ထပ်ပစ်ပါဦး”
ဟူဖေးဖေး အော်ဟစ်လိုက်သည်။ အဖြူရောင် တုတ်တိုလေးကို ဝှေ့ယမ်းပြီး ကောင်းကင်ပြည့် တုတ်အရိပ်များ ဖန်တီးကာ ရှားလီဘီတာ နောက်သို့ လိုက်လံတိုက်ခိုက်နေ၏။
ယဲ့ဖုန်းသည် `သဲကန္တာရ မိစ္ဆာခွေး` အလောင်းကို `ဟင်းလင်းပြင် သံလိုက်အိမ်မြှောင်` ထဲ သိမ်းလိုက်ပြီး အရိုးဓားပေါ်တက်ကာ အေးဆေးစွာ လိုက်ပါသွားသည်။
“ငါ့နောက် မလိုက်နဲ့ကွာ”
ရှားလီဘီတာ မျက်နှာ ဖြူဖျော့နေ၏။ လေဆင်နှာမောင်း အသွင်ပြောင်းပြီး လျင်မြန်စွာ ထွက်ပြေးလေ၏။
ဟူဖေးဖေးက `မူလဝိညာဉ်` ပိုင်ဆိုင်ထားသူပင်။ `ဝိညာဉ်အာရုံ`ဖြင့် ရှာဖွေလိုက်ရာ ရှားလီဘီတာ၏ ခြေရာကို တွေ့ရှိသွားတော့သည်။ မိုင်ရာချီ ပြေးလည်း လွတ်မှာ မဟုတ်ပေ။
“သေစမ်း... ငါ့ကို သေချာ မှတ်ထားတာပဲ”
မိုင်ရာချီ အကွာအဝေးမှာ ရှားလီဘီတာ သဘောပေါက်လိုက်သည်။ ဘယ်လောက်ပဲ ကွေ့ပတ်ပြေးပြေး၊ ဟူဖေးဖေးက တောက်လျှောက် လိုက်လာနေသည်ပင်။
“မဖြစ်တော့ဘူး”
ရှားလီဘီတာ အရှိန်တင်လိုက်သည်။ ပစ္စည်းတွေ သိမ်းပြီး ထွက်ပြေးဖို့ ပြင်ဆင်လိုက်သည်။
သဲကန္တာရထဲမှာ နတ်ဆိုးဘုရင်တွေ အများကြီး ရှိသော်လည်း ဆက်ဆံရေး မကောင်းကြပါ။ အကူအညီ တောင်းလျှင် ရနိုင်ချေ နည်းသည်။
အဓိက က ဟူဖေးဖေးက အလွန်.. စွမ်းအားကြီးနေခြင်းပင်။
သိုင်းနည်းစနစ်တွေကို စုပ်ယူနိုင်သည်... အနီးကပ်သာ တိုက်၍ ရသည်။ ပြဿနာက အနီးကပ်တိုက်လျှင်လည်း သူက ပိုပြီး သန်မာလာလာ၏။ အကန့်အသတ် မရှိသလို ဖြစ်နေသည်။
ဆက်တိုက်ရင် သေချာပေါက် အသတ်ခံရတော့မည်။
ဒီလို ကြောက်စရာကောင်းသော ရန်သူမျိုးကို အခြား နတ်ဆိုးဘုရင်တွေက ကူညီချင်မှာ မဟုတ်ပေ။
ကောင်းကင်ယံတွင်...
ယဲ့ဖုန်းနှင့် ဟူဖေးဖေး ယှဉ်တွဲ ပျံသန်းနေကြ၏။
“ဂိုဏ်းချုပ်... ဘယ်လို လုပ်မလဲ... ဟိုဘီလူးကြီးက ကြောက်ပြီး ထွက်ပြေးသွားပြီ... သိုင်းနည်းစနစ်လည်း မပစ်တော့ဘူး... ဘယ်လို စွမ်းအင် စုပ်ယူရမှာလဲ” ဟူဖေးဖေး မကျေမနပ် ပြောရင်း.. နှုတ်ခမ်းစူလိုက်သည်။
ထိုအခါ၊ ယဲ့ဖုန်းက ရယ်လိုက်သည်။
“ဟားဟား၊ မင်းက သရုပ်ဆောင် မကောင်းဘဲနဲ့ စွမ်းအင် စုပ်ယူချင်နေတာကိုး”
“သရုပ်ဆောင် ဟုတ်လား”
“ဟုတ်တယ်လေ... ရှားလီဘီတာ သိုင်းနည်းစနစ်ပစ်အောင် လုပ်ချင်ရင်... မင်းက နာကျင်ဟန်ဆောင်ပြရမယ်... ဒါမှ သူက စိတ်ကြီးဝင်ပြီး ဆက်ပစ်မှာ... စွမ်းအင်ကုန်ခါနီးမှ မင်းက ပြန်တိုက်ရမှာ... အဲဒီကျရင် အလိမ်ခံရမှန်း သိပြီး သေသွားမှာ”
ယဲ့ဖုန်း ရှင်းပြလိုက်သည်။
“ကောင်းပြီ... နောက်ကျရင် အဲလို လုပ်မယ်” ဟူဖေးဖေး ခေါင်းငြိမ့်လိုက်သည်။
“တော်ပါတော့”
ယဲ့ဖုန်း ခေါင်းခါလိုက်ရင်း၊
“မင်းက သူ့ကို ခြိမ်းခြောက်ပြီးပြီလေ... ပြီးတော့ သူက မင်း သိုင်းနည်းစနစ်စုပ်ယူနိုင်တာကို သိသွားပြီ... အခုဆိုရင် သူ့အသိုက်ကို ပြန်ပြီး ပစ္စည်းသိမ်း ထွက်ပြေးဖို့ လုပ်နေလောက်ပြီ”
“ဒါဆို ဘယ်လို လုပ်မလဲ” ဟူဖေးဖေး စိတ်ပျက်သွားသည်။
“သတ်ပစ်လိုက်... `နတ်ဆိုးအမြုတေ`ကိုတော့ ချန်ထား... အဲဒါက မင်းအတွက် စွမ်းအင် (၁၀) ရာခိုင်နှုန်းလောက် ပေးနိုင်လိမ့်မယ်”
ဟိုတုန်းက ဦးချိုတစ်ချောင်း နတ်ဆိုးကို သတ်တုန်းက အမြုတေကို ဖောက်ခွဲပစ်လိုက်၍ အဖတ်မတင်လိုက်ပေ။
ဒီတစ်ခါတော့ စမ်းကြည့်ရမည်။
“ကောင်းပြီ... သွားသတ်လိုက်ဦးမယ်”
ဟူဖေးဖေး အရှိန်တင်လိုက်ပြီး ယဲ့ဖုန်းကို ထားခဲ့လေ၏။
“ငါ့ကို စောင့်ဦးလေ”
ယဲ့ဖုန်း အနောက်ကနေ မီတာ (၁၀) မိုင်လောက် အကွာအဝေးကနေ `ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား`ကို စီးပြီး အသည်းအသန် လိုက်ရသည်။
*
မြေအောက်နန်းတော် တစ်ခုတွင်...
`ဘုန်း...`
ရှားလီဘီတာ မြေကြီးပေါ် ပြုတ်ကျသွားသည်။ ဘဏ္ဍာတိုက်ထဲ ဝင်ရောက်ပြီး ပစ္စည်းတွေ အကုန် မျိုချလိုက်တော့၏။ ထို့နောက်၊ တောင်ဘက်သို့ ထွက်ပြေးရန် ကပျာကယာ ပြင်ဆင်လိုက်သည်။
“ဘုရင်ကြီး... ဘာလို့ ပြေးနေတာလဲ”
နတ်ဆိုးဗိုလ်ချုပ် အချို့က ရှားလီဘီတာ၏ ဖရိုဖရဲ ပုံစံကို ကြည့်ပြီး အံ့သြစွာ မေးလိုက်သည်။
ဘုရင်ကြီး ရှုံးလာတာလား။
မဖြစ်နိုင်တာ။
`ဝရော...`
ရုတ်တရက် ကြောက်မက်ဖွယ် စွမ်းအားတစ်ခု မြေပြင်ကို ရိုက်ခတ်လိုက်ရာ နန်းတော် တစ်ဝက်လောက် ပြိုကျသွားသည်။ မြေကြီး တုန်ခါသွားသည်။
ထိုအခိုက်အတန့်၌၊
“သဲကန္တာရဘုရင်... ထွက်ခဲ့စမ်း... အရိုက်ခံဖို့ ပြင်ထား”
ဟူဖေးဖေး၏ စူးရှသော အသံ ထွက်ပေါ်လာတော့၏။
မြေအောက် လိုဏ်ခေါင်းထဲမှ တောင်ဘက်သို့ ထွက်ပြေးနေသော ရှားလီဘီတာ ကျောချမ်းသွားပြီး အရှိန်တင်လိုက်သည်။
မြေအောက်ထောင်တွင် ချုပ်နှောင်ခံထားရသူများ မျှော်လင့်ချက် ရောင်ခြည် သန်းလာတော့၏။
“သခင်လေး... စွမ်းအားရှင် ရောက်လာပြီ ထင်တယ်... သဲကန္တာရဘုရင်တောင် ကြောက်ပြီး ထွက်ပြေးနေရတယ်... ကျွန်တော်တို့ လွတ်တော့မယ်” အစေခံ တစ်ယောက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
`သခင်လေး` ၏ မျက်လုံးများလည်း အရောင်လက်သွားသည်။
`ဘုန်း...`
ဧရာမ တုတ်အရိပ်ကြီးတစ်ခု မြေကြီးကို ဖောက်ခွဲပြီး ရှားလီဘီတာကို ထိမှန်သွားသည်။ တစ်ကိုယ်လုံး အက်ကွဲသွားသည်။
“ဒီကောင်မစုတ်မှာ `ဝိညာဉ်အာရုံ` ရှိနေတာလား... ဘာလို့ ငါ့နေရာကို အတိအကျ သိနေရတာလဲဟ”
ရှားလီဘီတာ ရင်ဘတ်ကို ဖိပြီး ချပ်ဝတ်နှင့် ဦးထုပ်ကို လွှင့်ပစ်လိုက်၏။ မြေကြီးထဲသို့ နက်ရှိုင်းစွာ တိုးဝင်ပြီး ထွက်ပြေးရန် ကြိုးစားတော့သည်။
နောက်တစ်ခဏတွင်... ငွေရောင် အလင်းတန်း တစ်ခု ပေါ်လာတော့၏။
လူနှစ်ယောက် ရှားလီဘီတာ ရှေ့တွင် ဘွားခနဲ.. ပေါ်လာလေသည်။
“ဘာ... ဘာဖြစ်တာလဲ”
ရှားလီဘီတာ မျက်နှာ စိမ်းသွားသည်။ ပြန်လှည့်ပြေးရန် ပြင်လိုက်တော့၏။
ယဲ့ဖုန်း `ဟင်းလင်းပြင် သံလိုက်အိမ်မြှောင်` ကို ကိုင်ပြီး လှောင်ပြောင်လိုက်သည်။
“အကွာအဝေး တိုတိုလေးအတွင်းမှာ ငါ့ရဲ့ `လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း` ကို ဘယ်သူ ရှောင်နိုင်မှာလဲ... မင်းသမီးလေး... ဘာလုပ်နေတာလဲ... ချလေ”
“ဟုတ်ကဲ့”
ဟူဖေးဖေးသည် တုတ်တိုကို ကိုင်ပြီး `ဒုတိယ တိုက်ခိုက်ရေး အခြေအနေ` သို့ ဝင်ရောက်လိုက်သည်။ တုတ်အရိပ် ရာပေါင်းများစွာဖြင့် ရိုက်နှက်လိုက်သည်။
ရှားလီဘီတာ အရိုးတုတ်တံဖြင့် ခုခံသော်လည်း လက်မောင်းများ တုန်ခါသွားပြီး သွေးအန်သွားသည်။
“နှစ်ဆ ပေါက်ကွဲစေသော တုတ်တို”
ဟူဖေးဖေး ထပ်မံ ရိုက်နှက်လိုက်သည်။ ဒဏ်ရာရနေသော ရှားလီဘီတာ မရှောင်နိုင်တော့ပေ။ ခေါင်းပေါက်ကွဲသွားပြီး မြေကြီးပေါ် လဲကျသေဆုံးသွားလေ၏။
မိုင်အနည်းငယ် အကွာအဝေး... လမ်းဆုံးတွင်...
နတ်ဆိုးဗိုလ်ချုပ် နှစ်ကောင် မျက်လုံးပြူးနေကြ၏။ ကြောက်လွန်းသဖြင့် ထွက်ပြေးရန်ပင် မေ့နေကြ၏။
“ဟီးဟီး... နင်တို့အလှည့် ရောက်ပြီ”
ဟူဖေးဖေး ခုန်ဝင်သွားပြီး တုတ်ဖြင့် ရိုက်သတ်လိုက်သည်။ နှစ်ကောင်လုံး ပွဲချင်းပြီး သေဆုံးသွားကြတော့၏။
“မင်းသမီးလေး... တစ်ကောင်လောက်တော့ ချန်ထားပါဦး”
ယဲ့ဖုန်း မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်မိသည်။
တစ်ကောင်မှ အရှင်မထားရင် ဒီနေရာအကြောင်း ဘယ်သူ့ကို မေးရမှာလဲဟ။
“ဂိုဏ်းချုပ်... ကျွန်မ မိုက်တယ်မလား”
ဟူဖေးဖေး တိုက်ခိုက်ရေး အခြေအနေမှ ထွက်လာတော့၏။ ပန်းရောင် ဆံပင်များ ဖားလျားကျလာပြီး တုတ်တိုကို ပခုံးပေါ်တင်ကာ ဂုဏ်ယူစွာ မေးလိုက်သည်။
“အကုန် သတ်ပစ်လိုက်ရင်... ဒီနန်းတော်ကြီးအကြောင်း ဘယ်သူ့မေးရမလဲ” ယဲ့ဖုန်း ဟူဖေးဖေး၏ နှာခေါင်းလေးကို ဆွဲညှစ်လိုက်သည်။
ထိုအခါမှ ၊ ဟူဖေးဖေး သတိရသွားသည်။
“အာ... ဂိုဏ်းချုပ်... ကျွန်မ မှားသွားပြီ”
ယဲ့ဖုန်း သက်ပြင်းချလိုက်သည်။
‘ဟူဖေးဖေးက အစစအရာရာ ကောင်းပေမဲ့... ဉာဏ်ရည် နည်းနည်း နိမ့်တယ်။ ယန်ရူယွီ လိုပဲ... ကလေးစိတ် မပျောက်သေးဘူး။ အများကြီး သင်ပေးရဦးမယ်။’
“ထားလိုက်ပါတော့... နတ်ဆိုးအမြုတေ က အသုံးဝင်မလား ကြည့်ရအောင်”
ယဲ့ဖုန်းသည် သူရဲကောင်း ဝိညာဉ် စွမ်းအားကို အသုံးပြုပြီး ရှားလီဘီတာ၏ ခန္ဓာကိုယ်ထဲမှ လက်သီးဆုပ်လောက် ရှိသော အဝါရောင် အမြုတေကို ထုတ်ယူလိုက်သည်။
“ဝါး... ဒါ အသုံးဝင်တယ်”
ဟူဖေးဖေး အမြုတေကို ယူပြီး စွမ်းအင် စုပ်ယူလိုက်သည်။ အမြုတေ ကွဲအက်သွားပြီး အမည်းရောင် ပြာမှုန့်များ အဖြစ် ပြောင်းလဲသွားတော့သည်။
[ဟူဖေးဖေး၏ အဆင့်မြှင့်တင်ခြင်း စွမ်းအင် - ၆၅ ရာခိုင်နှုန်း]
“ဒီလောက်တောင် တက်တာလား”
ယဲ့ဖုန်း အသက်ရှူသွင်းလိုက်သည်။
ရှားလီဘီတာက `အလယ်အလတ်အဆင့် နတ်ဆိုးဘုရင်` ဆိုတော့ `ဝိညာဉ်ပင်လယ် စတုတ္ထအဆင့်`နှင့် ညီမျှသည်။ သူ့အမြုတေက `အဆင့်မြင့် ဝိညာဉ်ကျောက်တုံး` ထက် စွမ်းအင် ပိုများတာ မဆန်းပါချေ။
“ဂိုဏ်းချုပ်... ဘာလို့ အသက်ပြင်းပြင်း ရှူနေတာလဲ... လိုချင်လို့လား” ဟူဖေးဖေး သတိထားမိသွားသည်။ အစာကာကွယ်တဲ့ မြေခွေးလေးလို အမြီးထောင်သွား၏။
“မင်းခေါင်းကို စားလိုက်” ယဲ့ဖုန်း စနောက်လိုက်သည်။
“အာ... ခေါင်းစားမလို့လား... ကျွန်မ ဘာမှားလုပ်မိလို့လဲ” ဟူဖေးဖေး ဝမ်းနည်းသလို လုပ်ပြသည်။ မျက်ရည်တော့ မထွက်ပေ။
ယဲ့ဖုန်းမှာ မျက်နှာသေ ဖြစ်သွားရသည်။
“ကဲ... ထားလိုက်ပါတော့... စစ်မြေပြင် ရှင်းလင်းပြီး ရတနာ ရှာကြစို့”
ယဲ့ဖုန်း စကားလမ်းကြောင်း လွှဲလိုက်သည်။ ရှားလီဘီတာနှင့် နတ်ဆိုးဗိုလ်ချုပ် အလောင်းများကို သိမ်းဆည်းပြီး နန်းတော်ထဲသို့ ဝင်ရောက်သွားကြ၏။
နန်းတော်က ကျယ်ဝန်းလှသည်။
နှစ်ယောက်သား အတော်ကြာ လျှောက်ကြည့်သော်လည်း ဘာမှ မတွေ့ရပေ။ တစ္ဆေမြို့တော်လို ခြောက်ကပ်နေ၏။ `ဝိညာဉ်သွေးကြော` တောင် မရှိတော့ပေ။ ရှားလီဘီတာ စားပစ်လိုက်ပုံ ရသည်။
သူတို့ ပြန်ထွက်ရန် ပြင်ဆင်နေစဉ် မှောင်မိုက်သော ထောင့်တစ်နေရာမှ အားနည်းသော အသံ တစ်သံ ကြားလိုက်ရလေ၏။
“စီနီယာ... ကယ်ပါဦး”
အခန်း (၃၀၂) - မြောက်လင်းမြို့တော်မှ တင်းချင်းနှင့် ကျားသဏ္ဍာန် ကျောက်စိမ်းဆွဲပြား
~“ဘယ်သူရှိတာလဲ”
ယဲ့ဖုန်းသည် ဟူဖေးဖေးကို ခေါ်ဆောင်ကာ အသံလာရာဘက်သို့ ဦးတည်သွားလိုက်သည်။
မြေအောက်ထောင်တစ်ခု၏ ရှေ့တွင်...
ယဲ့ဖုန်းသည် ဆံပင်ဖားလျားနှင့် ဒဏ်ရာအပြည့် ဖြစ်နေသော လူအချို့ကို တွေ့လိုက်ရသည်။
‘သခင်လေး’ ဟု ထင်ရသော လူငယ်သည် ယဲ့ဖုန်းကို လှမ်းမြင်လိုက်ရ၏။ ယဲ့ဖုန်း၏ ကိုယ်ပေါ်တွင် ကျင့်ကြံခြင်း အငွေ့အသက် လုံးဝမရှိဘဲ သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်နေသော်လည်း သူ့ပတ်လည်တွင် ဖြူဖွေးသော အရိုးပျံဓား ကိုးလက် ရစ်ပတ်နေသည်ကို တွေ့ရသဖြင့် သာမန်လူ မဟုတ်ကြောင်း ချက်ချင်း သိလိုက်သည်။
'ဒီစီနီယာက ငယ်ရုပ်လေးနဲ့ ဖြစ်နေပေမဲ့... ရုပ်ရည်ကို ထိန်းသိမ်းထားနိုင်တဲ့ ထိပ်တန်းပညာရှင် ဖြစ်ရမယ်။ ငါသူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို အာရုံခံလို့တောင် မရဘူး။ သူက `မူလနတ်ဘုရားအဆင့်` ပညာရှင်ကြီးများလား။ မဟုတ်ရင်တောင် အနည်းဆုံးတော့ `ဝိညာဉ်ပင်လယ်အဆင့်` အဆင့်မြင့် ပညာရှင် ဖြစ်မှာပဲ'
သခင်လေးသည် စိတ်ထဲတွင် တုန်လှုပ်သွားမိသည်။
သူသည် ခေါင်းကို အနည်းငယ်မော့၍ ယဲ့ဖုန်း၏ နောက်ကွယ်တွင် ရပ်နေသော ဟူဖေးဖေးကို ကြည့်လိုက်သည်။ သူမ၏ နုနယ်လှပသော ရုပ်ရည်၊ ပန်းရောင်ဆံပင်နှင့် လှုပ်ခါနေသော မြေခွေးအမြီးတို့ကို မြင်လိုက်ရသည်နှင့် မြေခွေးမလေးတစ်ဦး ဖြစ်ကြောင်း ခန့်မှန်းလိုက်မိ၏။
“စီနီယာ... ကျွန်တော်တို့က သဲကန္တာရဘုရင်ရဲ့ ဖမ်းဆီးခြင်းကို ခံထားရသူတွေပါ... အခုလို အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးကြီးလှပါတယ်” သခင်လေးနှင့် သူ့လူများအားလုံး မြေကြီးပေါ်တွင် ဒူးထောက်၍ ပြိုင်တူ ကျေးဇူးတင်စကား ဆိုလိုက်ကြ၏။
“သုံ့ပန်းတွေလား... မင်းတို့က ဘယ်ကလဲ” ယဲ့ဖုန်း စိတ်ဝင်စားသွားသည်။
“ကျွန်တော်တို့က သဲကန္တာရရဲ့ တောင်ဘက်မှာရှိတဲ့ `တောင်မင် နိုင်ငံ`က လာတာပါ။ ကျွန်တော်က `မြောက်လင်းမြို့တော်` ရဲ့ မြို့စားလေး `တင်းချင်း`ပါ” ရှေ့ဆုံးမှ ခန့်ညားသော လူငယ်က မိတ်ဆက်လိုက်သည်။
“တောင်မင် နိုင်ငံ... မြောက်လင်းမြို့တော်လား” ယဲ့ဖုန်း မြေပုံကို ထုတ်ကြည့်လိုက်သည်။
သဲကန္တာရနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ထိုနိုင်ငံကို ရှာတွေ့သွားသည်။ မိုင်ပေါင်း သောင်းချီ ကျယ်ဝန်းသော်လည်း ‘တောင်ပိုင်းမြစ်ကန်ဒေသ’ လောက်ပင် မကြီးပေ။
သို့သော် တောင်မင် နိုင်ငံ၏ နယ်မြေက သေးငယ်သော်လည်း ကျင့်ကြံသူများ၏ စွမ်းအားကတော့ မသေးလှပေ။
တင်းချင်း ပြောသော မြောက်လင်းမြို့တော်သည် တောင်မင် နိုင်ငံ၏ အဓိက မြို့ကြီးလေးမြို့အနက် တစ်မြို့ဖြစ်ပြီး ‘ဝိညာဉ်ပင်လယ်အဆင့်’ ပညာရှင်တစ်ဦး အမြဲတမ်း စောင့်ကြပ်နေသည့် နေရာဖြစ်သည်။
တောင်မင် နိုင်ငံ တစ်ခုလုံးတွင် ဝိညာဉ်ပင်လယ်အဆင့် ပညာရှင် ငါးဦးရှိကြောင်း လူသိများသည်။ မြို့ကြီးလေးမြို့တွင် တစ်ဦးစီနှင့် အလယ်ဗဟို မြို့တော်တွင် တစ်ဦးဖြစ်သည်။
‘မူလနတ်ဘုရားအဆင့်’ ပညာရှင်ကြီးများ ရှိမရှိကတော့ မသိရပေ။
သို့သော် ယဲ့ဖုန်း ခန့်မှန်းချက်အရ တောင်မင် နိုင်ငံကဲ့သို့ နိုင်ငံကြီးတစ်ခုတွင် မူလနတ်ဘုရားအဆင့် ပညာရှင် မရှိဘဲ မနေနိုင်ပေ။ မဟုတ်ပါက သဲကန္တာရအတွင်းမှ နတ်ဆိုးဘုရင်များ၏ ကျူးကျော်မှုကို ခံနေရမည်မှာ ကြာလှပြီဖြစ်သည်။
“မင်းတို့ကို ဘာလို့ ဖမ်းထားတာလဲ” ယဲ့ဖုန်း မေးလိုက်သည်။
ထိုအခါ ၊ တင်းချင်းသည် မတ်တပ်ရပ်၍ ဖရိုဖရဲဖြစ်နေသော ဆံပင်များကို နောက်သို့ သပ်လိုက်ပြီး လေးစားစွာ ပြန်ဖြေ၏။
“ကျွန်တော့်အဘိုးက မြောက်လင်းမြို့တော်ရဲ့ အစောင့်အရှောက်နတ်ဘုရား ဖြစ်သလို... တောင်မင် နိုင်ငံရဲ့ ဝိညာဉ်ပင်လယ်အဆင့် ငါးဦးထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ သူက မြောက်ဘက်ဒေသကို ကာကွယ်ပေးနေတာပါ။ သဲကန္တာရဘုရင်က ကျွန်တော့်အဘိုးကို မနိုင်တဲ့အတွက်... ကျွန်တော့်ကို အရှင်ဖမ်းပြီး အဘိုးကို သူ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေ ဖျက်ဆီးပစ်ဖို့ ခြိမ်းခြောက်ဖို့ ကြိုးစားနေတာပါ”
“ဪ... ဒီလိုကိုး” ယဲ့ဖုန်း ခပ်ရေးရေး ပြုံးလိုက်သည်။
ကျင့်ကြံသူများသည် များသောအားဖြင့် သံယောဇဉ် ဖြတ်တောက်ထားကြသည်မှာ များ၏။ မြေးတစ်ယောက်အတွက်နှင့် မိမိ၏ ကျင့်ကြံခြင်းကို ဖျက်ဆီးမည့်သူ ရှိပါ့မလား။
ယဲ့ဖုန်း၏ အမြင်အရ တင်းချင်းသည် အရေးကြီးသော သတင်းအချက်အလက်အချို့ကို ဖုံးကွယ်ထားသေးသည်။
သို့သော် ယဲ့ဖုန်းက ထုတ်မပြောပေ။
`ဖြောင်း...`
ယဲ့ဖုန်းသည် အရိုးဓားကို သုံး၍ ထောင်တံခါးကို ဖျက်ဆီးပြီး တင်းချင်းနှင့် သူ့လူများကို လွှတ်ပေးလိုက်သည်။
“မင်းတို့ လွတ်ပြီ”
“အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ” တင်းချင်းသည် အမြန် ဦးညွှတ်ကျေးဇူးတင်ပြီး ဘေးဘီကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ “ကျွန်တော်တို့ မြန်မြန် ထွက်ပြေးရမယ်... မဟုတ်ရင် သဲကန္တာရဘုရင် ပြန်လာရင် ဒုက္ခရောက်ကုန်လိမ့်မယ်”
“မင်း ပြောတဲ့ ဘုရင်ဆိုတာ ဒါကို ပြောတာလား” ယဲ့ဖုန်းသည် ရှားလီဘီတာ၏ အလောင်းကို မြေကြီးပေါ်သို့ ပစ်ချလိုက်ရာ မြေကြီး သိမ့်သိမ့်ခါသွားတော့သည်။
ရှားလီဘီတာကို မြင်လိုက်ရသောအခါ တင်းချင်းနှင့် သူ့လူများ၏ မျက်လုံးများ ပြူးကျယ်သွားကြ၏။
“ဒါ... ဒါက”
သူတို့သည် အလွန်အမင်း အံ့အားသင့်သွားသဖြင့် စကားပင် မပြောနိုင်တော့ပေ။
အလယ်အလတ်အဆင့် နတ်ဆိုးဘုရင်ဟု ကျော်ကြားသော သဲကန္တာရဘုရင်သည်... ကျင့်ကြံခြင်း လုံးဝမရှိသယောင် ထင်ရသော ဤလူငယ်၏ လက်ချက်ဖြင့် သေဆုံးသွားသည်လား။
ယုံနိုင်ဖွယ် မရှိအောင် ကြောက်စရာ ကောင်းလှသည်။
ယဲ့ဖုန်းသည် ရှားလီဘီတာ၏ အကြွင်းအကျန်များကို သိမ်းဆည်းလိုက်ပြီး နှိုးဆော်လိုက်သည်။ “မြေအောက်နန်းတော်ထဲက နတ်ဆိုးတွေကို နှိမ်နင်းပြီးပြီ။ တန်ဖိုးရှိတာ ဘာမှမကျန်တော့ဘူး... သွားကြရအောင်”
ပြောပြီးသည်နှင့် သူသည် ဟူဖေးဖေးကို ခေါ်ဆောင်ကာ ထွက်ခွာသွားတော့သည်။
“စီနီယာ... ခဏလောက် စောင့်ပါဦး” တင်းချင်းသည် ယဲ့ဖုန်းကို လှမ်းခေါ်လိုက်ပြီး ရှေးဟောင်း သေတ္တာကလေးတစ်ခုကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်၏။
“ဒါက ဘာလဲ” ယဲ့ဖုန်း လှည့်ကြည့်လာသည်။
တင်းချင်းက တောင်းပန်လိုက်သည်။
“စီနီယာ့ရဲ့ အသက်ကယ်ကျေးဇူးကို တုံ့ပြန်ဖို့ ကျွန်တော့်မှာ ဘာမှမရှိပါဘူး။ ဒါက ကျွန်တော်တို့ မြောက်လင်းမြို့တော် တင်းမိသားစုရဲ့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ရတနာပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ”
ယဲ့ဖုန်းက အစပိုင်းတွင် စိတ်မဝင်စားသော်လည်း ‘မျိုးရိုးစဉ်ဆက် ရတနာ’ ဟု ကြားလိုက်ရသောအခါ စိတ်ဝင်တစား ရှိသွားသည်။
သေတ္တာကလေးသည် အလိုလို ပွင့်သွား၏။
စိမ်းမြသော အလင်းတန်းများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို လင်းထိန်သွားစေသည်။
၎င်းမှာ စိမ်းဖန့်ဖန့် ကျားသဏ္ဍာန် ကျောက်စိမ်းဆွဲပြားကလေး တစ်ခုဖြစ်သည်။
အတွင်း၌ သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များနှင့် ရှုပ်ထွေးနက်နဲသော ဝင်္ကပါများ ပါဝင်နေ၏။ အလယ်အလတ်စား ဝင်္ကပါတစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ ခံစားရစေ၏။
'ဝိညာဉ်ပင်လယ်အဆင့် ဝင်္ကပါပဲ... တကယ် ဆန်းကြယ်တယ်' ယဲ့ဖုန်း အကဲခတ်လိုက်သည်။
တင်းချင်းက အဆက်မပြတ် ခေါင်းငြိမ့်ပြ၏။ “စီနီယာ ခန့်မှန်းတာ မှန်ပါတယ်။ ဒီရတနာကို ကျွန်တော့်အဘိုးက အဖေကို ပေးခဲ့တာပါ။ အခုတော့ စီနီယာ့ကို ကျွန်တော် ပေးအပ်ပါရစေ”
“ဒီလောက် တန်ဖိုးရှိတဲ့ ပစ္စည်းကို ဒီအတိုင်း ပေးလိုက်တာလား။ မင်း မြောက်လင်းမြို့ ပြန်ရောက်ရင် လူကြီးတွေရဲ့ အပြစ်ပေးတာကို မကြောက်ဘူးလား” ယဲ့ဖုန်းက ပြုံး၍ မေးလိုက်သည်။
ကျောက်စိမ်းဆွဲပြားအတွင်း ဝှက်ထားသော ဝင်္ကပါသည် အလွန်ပင် ခေတ်မီဆန်းပြားလှသည်။
သို့သော် ယဲ့ဖုန်း၏ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ရာ ထိုပစ္စည်းအတွင်း၌ အစွမ်းထက်သော တံဆိပ်ခတ်နှိပ်မှု တစ်ခု ရှိနေသဖြင့် လောလောဆယ် အသုံးပြု၍ မရသေးကြောင်း သိလိုက်ရသည်။
“စီနီယာ စိတ်မပူပါနဲ့။ ဒီရတနာကို ကျွန်တော် စိတ်ကြိုက် စီမံပိုင်ခွင့်ရှိတယ်လို့ လူကြီးတွေက ခွင့်ပြုထားပြီးသားပါ။ ပေးလိုက်ရင်လည်း သူတို့ အပြစ်မတင်ပါဘူး” တင်းချင်းသည် ခဏမျှ တုံ့ဆိုင်းနေပြီးမှ ဆက်ပြောသည်။
“ဒါပေမဲ့... ဒီပစ္စည်းက အခု တံဆိပ်ခတ်နှိပ်ခံထားရလို့ အသုံးပြုလို့ မရသေးပါဘူး”
ယဲ့ဖုန်းက ချက်ချင်း ပြုံး၍ ပြန်ပြောလိုက်၏။
“အသုံးပြုလို့ မရတဲ့ ပစ္စည်းကို ကျေးဇူးဆပ်ဖို့ ပေးတာလား... မင်းရဲ့ စေတနာက နည်းနည်းတော့ လိုနေသလိုပဲ”
တင်းချင်း၏ မျက်နှာသည် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ရှင်းပြလေ၏။ “အမှန်အတိုင်း ပြောရရင်... ဒီကျောက်စိမ်းဆွဲပြားကလွဲရင် စီနီယာ့ကို ပေးအပ်ဖို့ တန်ဖိုးရှိတဲ့ တခြားပစ္စည်း ကျွန်တော့်မှာ မရှိလို့ပါ”
“ဒီကျောက်စိမ်းဆွဲပြားကို ဘာအတွက် သုံးလဲဆိုတာ မင်းသိလား” ယဲ့ဖုန်း မေးလိုက်သည်။
“ကျွန်တော် မသိပါဘူး။ မြောက်လင်းမြို့တော် တစ်ခုလုံးမှာ ကျွန်တော့်အဘိုး တစ်ယောက်ပဲ သိတာပါ” တင်းချင်းက ခေါင်းခါပြသည်။
“ကောင်းပြီ... ဒါဆိုလည်း ငါ ယူထားလိုက်ပါ့မယ်” ယဲ့ဖုန်းသည် သေတ္တာအဖုံးကို ပိတ်၍ ကျောက်စိမ်းဆွဲပြားကို သိမ်းဆည်းလိုက်သည်။
“စီနီယာ့ရဲ့ အမည်နဲ့ ဘယ်ဂိုဏ်းကလဲဆိုတာ သိခွင့်ရှိမလား” တင်းချင်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။ ယဲ့ဖုန်း လက်ခံလိုက်သည်ကို မြင်ရသဖြင့် သူလည်း စိတ်သက်သာရာ ရသွားဟန် တူသည်။
“`လျှို့ဝှက်ဆန်းကြယ်တိုင်းပြည်` ၊ `မြူခိုးဂိုဏ်းတော်`ရဲ့ ဂိုဏ်းချုပ်... ယဲ့ဖုန်း ပါ” ယဲ့ဖုန်းက မိမိ၏ မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်မထားပေ။
[ဂိုဏ်း ဂုဏ်သတင်းအမှတ် +၅]
ယဲ့ဖုန်းသည် ချက်ချင်းပင် အချက်ပေးသံကို ကြားလိုက်ရ၏။
တင်းချင်းနှင့် သူ့လူများ စုစုပေါင်း ငါးဦး ရှိသည်မဟုတ်ပါလား။ ထိုဂုဏ်သတင်းအမှတ်များသည် သူတို့ဆီက လာခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
တင်းချင်းသည် တကယ်ပင် ကျေးဇူးတင်နေပုံ ရပါသည်။
“လျှို့ဝှက်ဆန်းကြယ်တိုင်းပြည် အကြောင်း ကျွန်တော် ကြားဖူးပါတယ်။ သဲကန္တာရရဲ့ မြောက်ဘက်မှာရှိတဲ့ ကြယ်သုံးပွင့်အဆင့် နိုင်ငံကြီး တစ်ခုလို့ သိရပါတယ်။ အဲဒီမှာ အခြေခံ ခိုင်မာတဲ့ ကြယ်တစ်ပွင့်၊ ကြယ်နှစ်ပွင့် ဂိုဏ်းတွေ အများကြီး ရှိပြီး... မူလနတ်ဘုရားအဆင့် ပညာရှင်ကြီးတွေတောင် ရှိတယ်လို့ ပြောကြပါတယ်” တင်းချင်းက အားကျစွာ ပြော၏။
ထို့နောက် သူသည် အံကို တင်းတင်းကြိတ်၍ ယဲ့ဖုန်းရှေ့တွင် ဒူးထောက်လိုက်သည်။
“ဂိုဏ်းချုပ်ယဲ့... ကျေးဇူးပြုပြီး ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ”
ယဲ့ဖုန်းသည် ဘယ်လောက်အထိ စွမ်းအားကြီးသည်ကို သူ အတိအကျ မသိသော်လည်း ဤနေရာအထိ တစ်ယောက်တည်း ထိုးဖောက်လာပြီး သဲကန္တာရဘုရင်ကိုပင် သတ်နိုင်သည်ဆိုလျှင် အနည်းဆုံး ဝိညာဉ်ပင်လယ် အဆင့်မြင့် ပညာရှင် ဖြစ်ရမည်ဟု သူ ယုံကြည်နေ၏။
ထိုစွမ်းအားမျိုးသည် တောင်မင် နိုင်ငံတွင် ထိပ်တန်းပညာရှင် ဖြစ်ရန် လုံလောက်လှသည်။
လျှို့ဝှက်ဆန်းကြယ်တိုင်းပြည်တွင်ပင် ပထမတန်းစား ပညာရှင် ဖြစ်ပေလိမ့်မည်။
သူ့ထံတွင် တပည့်ဖြစ်ရခြင်းသည် ဘိုးဘေးများအတွက် ဂုဏ်ယူစရာပင်။
ယဲ့ဖုန်းသည် တင်းချင်းကို တစ်ချက် ကြည့်လိုက်၏။ ဂိုဏ်းတိုးတက်စေရန်နှင့် မိမိစွမ်းအား မြှင့်တင်ရန်အတွက် တပည့်သစ်များ စုဆောင်းရဦးမည် ဖြစ်ကြောင်း သူ မေ့နေခဲ့သည်ပဲ။
“ငယ်ငယ်ရွယ်ရွယ်နဲ့ `ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့်` ရောက်နေတာပဲ... မဆိုးပါဘူး”
ယဲ့ဖုန်းသည် တင်းချင်း၏ ကျင့်ကြံခြင်းအဆင့်ကို သဘောကျသွားသည်။
သူက စိတ်ထဲမှ မေးလိုက်၏။ 'စနစ်... တင်းချင်းက တပည့်ဖြစ်ဖို့ သတ်မှတ်ချက်နဲ့ ကိုက်ညီလား'
[အသက်ကြီးလွန်းပါတယ်] စနစ်က တိုတိုတုတ်တုတ်ပင် ရှင်းပြလိုက်၏။
'ဘာကို ဆိုလိုတာလဲ' ယဲ့ဖုန်း ဇဝေဇဝါ ဖြစ်သွားသည်။
[ဂိုဏ်းထဲ ပါမယ့် တပည့်တွေက ဂိုဏ်းချုပ်ထက် အသက်မကြီးရပါ] စနစ်က ရှင်းလင်းစွာ ဖြေလိုက်သည်။
'သောက်ကျိုးနည်း' ယဲ့ဖုန်း စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။
ဒီလောက် အရည်အချင်းရှိတဲ့ လူကိုမှ လက်ခံလို့ မရဘူးတဲ့လား။
အခြားရွေးချယ်စရာ မရှိသဖြင့် ယဲ့ဖုန်းသည် တင်းချင်း၏ ပခုံးကို နောင်တရဟန်ဖြင့် ပုတ်လိုက်ပြီး ပြောလိုက်၏။
“အခုလေးတင် ငါ သေချာ စဉ်းစားကြည့်လိုက်တာ... ငါတို့ကြားမှာ ဆရာတပည့် ဖြစ်ရမယ့် ကံသီဇာတာ မပါလာဘူး။ ဒီနေ့တော့ ဒီမှာပဲ ရပ်လိုက်ကြရအောင်... လမ်းခွဲကြစို့”
ပြောပြီးသည်နှင့် သူသည် မြေခွေးမလေးနှင့်အတူ မြေအောက်နန်းတော် အပြင်ဘက်သို့ ထွက်ခွာသွားတော့သည်။
“ဗျာ”
တင်းချင်းသည် ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့၏။
ကံမပါဘူး ဟုတ်လား။
သူပေးလိုက်တဲ့ လက်ဆောင်က မတန်ဖိုးရှိလို့လား။
ထိုသို့ တွေးမိကာ တင်းချင်းက အမြန် လှမ်းအော်လိုက်သည်။ “စီနီယာ... ကျွန်တော့်ကို နောက်ထပ် အခွင့်အရေး တစ်ခုလောက် ထပ်ပေးပါဦး”
'ငါလည်း အခွင့်အရေး ပေးချင်တာပေါ့ကွာ... ဒါပေမဲ့ မင်းက ငါ့ထက် အသက်ကြီးနေတာကိုး'
ယဲ့ဖုန်းသည် စိတ်ထဲမှ ညည်းတွားလိုက်ရင်း မြေခွေးမလေးနှင့်အတူ ထွက်ပေါက်ဆီသို့ ဆက်လျှောက်သွားလေ၏။
သဲခုံတစ်ခု၏ အထက်တွင်...
ယဲ့ဖုန်းနှင့် မြေခွေးမလေးသည် လေထဲတွင် ပျံဝဲလျက် ရှိကြ၏။ သူတို့၏ ဝတ်ရုံများမှာ လေထဲတွင် လွင့်ပျံနေပြီး လမင်းကြီးကို မျက်နှာမူကာ တောင်ဘက်သို့ လှမ်းကြည့်လိုက်ကြ၏။ သူတို့၏ မျက်နှာများမှာ လေးနက်တည်ကြည်လာ၏။
မကြာမီ တင်းချင်းနှင့် သူ့လူများလည်း မြေအောက်နန်းတော်မှ လွတ်မြောက်လာကြ၏။
ယဲ့ဖုန်းနှင့် မြေခွေးမလေးတို့ လေထဲတွင် ခန့်ညားစွာ ရပ်နေသည်ကို မြင်လိုက်ရသောအခါ အားလုံးမှာ အားကျစိတ်ဖြင့် ငေးကြည့်နေကြမိသည်။ လရောင်အောက်မှ နတ်ဘုရား တစ်ပါးနှင့် မြေခွေးနတ်သမီးပမာ ထင်မှတ်ရ၏။
“ဒါက တကယ့် ပြိုင်ဘက်ကင်း ပညာရှင်တွေရဲ့ အရှိန်အဝါပဲ လေထဲမှာ ရပ်နေတာတောင် ကြောက်မက်ဖွယ်ကောင်းတဲ့ ဖိအားတွေ ပေးနေနိုင်တာပဲ” တစ်ယောက်က အံ့သြစွာ ရေရွတ်လိုက်သည်။
“စီနီယာ... မြူခိုးဂိုဏ်းကို ပြန်တော့မလို့လားဗျ” တင်းချင်းက ရဲရဲဝံ့ဝံ့ မေးလိုက်သည်။
“မဟုတ်ဘူး” ယဲ့ဖုန်း ခေါင်းခါပြလိုက်သည်။
သူ ထွက်ခွာရန် ပြင်ဆင်နေခြင်း ဖြစ်ပါ၏။
သို့သော် ထိုအချိန်တွင် ယဲ့ဖုန်းနှင့် မြေခွေးမလေးတို့သည် တောင်ဘက်သဲကန္တာရဆီမှ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခု ပေါ်လာသည်ကို အာရုံခံမိလိုက်ကြ၏။ ထိုပုံရိပ်သည် သဲမုန်တိုင်းကြီးကို လိပ်တက်စေကာ အေးစက်လှသော သတ်ဖြတ်လိုသည့် ဆန္ဒများဖြင့် တဟုန်ထိုး ချဉ်းကပ်လာနေ၏။
တစ်ဖက်လူက အလွန်မြန်လှသည်။
ခဏအတွင်းမှာပင် ထိပ်တိုက် တွေ့ဆုံကြတော့မည်။
ကြီးကျယ်သော တိုက်ပွဲတစ်ခု ဖြစ်လာတော့မည်မှာ ယုံမှားဖွယ်မရှိချေ။
`ဝေါ...`
သဲမုန်တိုင်းကြီးသည် လျင်မြန်စွာ နီးကပ်လာတော့၏။
“ရှားလီဘီတာကို သတ်လိုက်တာ မင်းလား”
သဲမုန်တိုင်းအတွင်းမှ ကြက်သီးထဖွယ်ကောင်းသော အသံကြီး ထွက်ပေါ်လာပြီး မြေပြင်ပေါ်ရှိ သဲမှုန်များပင် တုန်ခါသွားစေသည်။
တင်းချင်းနှင့် သူ့လူလေးဦးမှာ ထိုဖိအားကို မခံနိုင်ဘဲ နေရာမှာတင် သွေးအန်ကျကုန်ကြ၏။ သူတို့၏ မျက်နှာများမှာ ထိတ်လန့်မှုများဖြင့် ဖြူဖျော့ကုန်ကြ၏။ “ဒုက္ခပဲ... ဒါ `သဲကန္တာရဘုရင်ကြီး`ပဲ... သူက ရှားလီဘီတာထက် အများကြီး ပိုစွမ်းတယ်”
“သဲကန္တာရဘုရင်ကြီး ဆိုတာ ဘယ်သူလဲ”
ယဲ့ဖုန်းသည် တင်းချင်းဘက်သို့ လှည့်၍ မေးလိုက်သည်။
တင်းချင်းသည် ပါးစပ်ထောင့်မှ သွေးစများကို သုတ်လိုက်ရင်း ထိတ်လန့်တုန်လှုပ်နေသော မျက်နှာဖြင့် ရှင်းပြလေ၏။ “သဲကန္တာရကြီးမှာ အစွမ်းအထက်ဆုံး နတ်ဆိုးဘုရင် ငါးဦး ရှိပါတယ်။ `သဲကန္တာရဘုရင်` ၊ `သဲကန္တာရဘုရင်ကြီး` ၊ `အဆိပ်ကင်းမြီးကောက်ဘုရင်` ၊ `မြွေဟောက်ရူးဘုရင်` နဲ့ `ကုလားအုတ်ဘုရင်` တို့ပါ။ အဲဒီထဲမှာ ဒီ `သဲကန္တာရဘုရင်ကြီး` က အစွမ်းထက်ဆုံးပဲ”
“ဪ... ဒါဆို သဲကန္တာရဘုရင်ကြီးကို နိုင်ရင် ဒီသဲကန္တာရကြီးတစ်ခုလုံးကို ရှင်းလင်းပြီးသား ဖြစ်သွားမှာပေါ့” ယဲ့ဖုန်း၏ မျက်လုံးများ အရောင် တောက်သွားသည်။
ယဲ့ဖုန်း၏ မျက်နှာတွင် စိုးရိမ်စိတ် လုံးဝမရှိသည်ကို မြင်လိုက်ရသောအခါ တင်းချင်းမှာ ကြောင်အမ်းအမ်း ဖြစ်သွားလေတော့သည်။
အခန်း (၃၀၃) - သဲကန္တာရဘုရင်နှင့် တစ်ကိုယ်တော်တိုက်ပွဲ၊ တတိယမြောက် တိုက်ခိုက်ရေး အခြေအနေ
~'ဂိုဏ်းချုပ်ယဲ့ဟာ ဝိညာဉ်ပင်လယ်အဆင့်မြင့် ပညာရှင် တစ်ယောက်လား... ဒါမှမဟုတ် သဲကန္တာရဘုရင်ကြီးကိုတောင် မမှုတဲ့ မူလနတ်ဘုရားအဆင့် ပညာရှင်ကြီးလား...' တင်းချင်းသည် ရင်ထဲ၌ တုန်လှုပ်ချောက်ချားစွာ တွေးတောနေမိသည်။
ထိုစဉ် ယဲ့ဖုန်းက အသံခပ်ပြတ်ပြတ်ဖြင့် အမိန့်ပေးလိုက်၏။
“မင်းသမီးလေး... ငါပြောထားတဲ့အတိုင်း သရုပ်ဆောင်ပြလိုက်တော့”
“သိပါပြီရှင်”
ဟူဖေးဖေးသည် အဖြူရောင် တုတ်တိုကို တင်းကြပ်စွာ ဆုပ်ကိုင်လျက် ပထမ တိုက်ခိုက်ရေး အခြေအနေသို့ ချက်ချင်း ဝင်ရောက်လိုက်သည်။ သူမ၏ မျက်ဝန်းအစုံသည် ပန်းရောင်အလင်းတန်းများ တောက်ပလာပြီး ဆံနွယ်ရှည်များမှာလည်း ဝင်းလက်လာတော့သည်။
ထို့နောက် သူမ၏ အရှိန်အဝါသည် သိသိသာသာ ထပ်မံ မြင့်တက်လာပြန်၏။
ပန်းရောင်ဆံနွယ်တို့သည် လေမတိုက်ဘဲ အလိုလို လွင့်ပျံလာကာ ဒုတိယ တိုက်ခိုက်ရေး အခြေအနေသို့ ကူးပြောင်းသွားသည်။ သူမ၏ ဖိအားသည် အလယ်အလတ်အဆင့် နတ်ဆိုးဘုရင်နှင့် တန်းတူ ဖြစ်သွားတော့၏။
“ဟိုမြေခွေးနတ်သမီးလေးကလည်း နတ်ဆိုးဘုရင်အဆင့် ပညာရှင်ပဲ... နတ်ဆိုးဘုရင်တွေထဲမှာတောင် တကယ့် ထိပ်တန်း အဆင့်အတန်းပဲ” တင်းချင်းနှင့် သူ့လူများသည် မြူခိုးဂိုဏ်း၏ အရှိန်အဝါကို ကြည့်ကာ အသက်ရှူဖို့ပင် မေ့လျော့နေကြ၏။
ထိုခဏ၌ အဝေးမှ သဲမုန်တိုင်းကြီးသည် ဝုန်းခနဲ နှစ်ခြမ်းကွဲသွားပြီး -
ဧရာမ ပုဆိန်ကြီးတစ်လက်ကို ထမ်းထားသော သဏ္ဍာန်တစ်ခုသည် ခြေလှမ်းကျဲကျဲဖြင့် ထွက်ပေါ်လာတော့၏။
သဲကန္တာရဘုရင်ကြီးသည် ကိုက် (၁၀၀) ခန့် မြင့်မားသော လူသားဘီလူးကြီး ဖြစ်ပြီး အသားအရေမှာ ကျောက်ဆောင်များကဲ့သို့ ကြမ်းတမ်းလှသည်။ စိမ်းပြာရောင် ကျောက်မျက်ရတနာပမာ မျက်လုံးအစုံမှာ အေးစက်လှသော အလင်းတန်းများ ဝင်းလက်နေ၏။
ယဲ့ဖုန်းသည် နတ်ဆိုးသားရဲဆောင်၏ ထောက်လှမ်းရေး စနစ်ကို ချက်ချင်း အသက်သွင်းလိုက်သည်။
[သဲကန္တာရဘုရင်/ ပုဆိန်ဘုရင် - အလယ်အလတ်အဆင့် နတ်ဆိုးဘုရင် အထွတ်အထိပ်]
[ပါရမီ - တောင်ဖြို နတ်ဘုရား ပုဆိန်သိုင်း]
[မှတ်ချက် - သဲကန္တာရတွင် အစွမ်းထက်ဆုံးသူ ဖြစ်သည်။ ဒဏ်ရာရလေလေ စွမ်းအားများ တစ်ဟုန်ထိုး တိုးတက်လာလေလေ ဖြစ်ပြီး သတ်ပစ်ရန် အလွန်ခဲယဉ်းသော သက်လုံကောင်းသည့် သတ္တဝါဖြစ်သည်]
'ဒဏ်ရာရလေ စွမ်းအားတက်လေ ဆိုတော့... နည်းနည်းတော့ လက်ဝင်မယ့်ပုံပဲ' ယဲ့ဖုန်း တီးတိုး ရေရွတ်လိုက်သည်။
“ရှားလီဘီတာကို သတ်လိုက်တာ မင်းလား”
ပုဆိန်ဘုရင်သည် သူ၏ ဧရာမပုဆိန်ကြီးကို ဝှေ့ယမ်းကာ ဟူဖေးဖေးကို မမှိတ်မသုန် စိုက်ကြည့်နေ၏။ သူမထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် အရှိန်အဝါကို သူ အာရုံခံမိနေပုံရသည်။
“တောင်ဖြို နတ်ဘုရား ပုဆိန်သိုင်း... လာစမ်း”
ရှားလီဘီတာသည် စကားအရှည်ကြီး မပြောဘဲ ခုန်ပျံတိုက်ခိုက်လိုက်သည်။ ကောင်းကင်ယံမှ လရောင်အလား တောက်ပသော ပုဆိန်ရိပ်ကြီးသည် မြေပြင်ကို ဖြိုခွဲမည့်အလား ကျဆင်းလာတော့သည်။
“ဂိုဏ်းချုပ်... ကျွန်မကို လွှတ်ထားလိုက်”
ဟူဖေးဖေးသည် သူမ၏ စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်ကာ ယဲ့ဖုန်းကို မိုင်ပေါင်းများစွာ အကွာသို့ တွန်းထုတ်လိုက်သည်။ ထို့နောက် ဓားရောင်တစ်ချက် ဝင်းလက်သွားသကဲ့သို့ သူမ၏ တုတ်အရိပ်များက ပုဆိန်ရိပ်ကို ဆီးကြို တိုက်ခိုက်လေ၏။
`ဘုန်း...`
ယဲ့ဖုန်းနှင့် တင်းချင်းတို့၏ မျက်စိရှေ့တွင်ပင် ဟူဖေးဖေး၏ တုတ်တိုမှာ အပိုင်းပိုင်း ပြတ်ထွက်သွားပြီး သူမ၏ ခန္ဓာကိုယ်သည်လည်း ပန်းရောင်မီးပွားများအဖြစ် ပြိုကွဲသွားလေ၏။
“သောက်ကျိုးနည်း” ယဲ့ဖုန်းသည် ဒေါသကြောင့် လက်သီးကို တအား ဆုပ်လိုက်မိသည်။
[ဟူဖေးဖေး၏ အဆင့်မြှင့်တင်ခြင်း စွမ်းအင် - ၆၈ ရာခိုင်နှုန်း]
စနစ်၏ အချက်ပေးသံ ကြောင့် ယဲ့ဖုန်း အံ့အားသင့်သွားသည်။ 'မင်းသမီးလေးက ဘာမှမဖြစ်ဘူးလား...'
ပန်းရောင်မီးပွားများသည် ဝဲကတော့တစ်ခုပမာ ပြန်လည် စုစည်းသွားပြီး ဟူဖေးဖေး၏ လှပသော ခန္ဓာကိုယ်အဖြစ် ရုတ်ချည်း ပြန်လည် ပေါ်ထွက်လာတော့၏။
“တကယ့်ကို ကြောက်စရာ ကောင်းတာပဲ” ဟူဖေးဖေးသည် သူမ၏ တုတ်တိုကို ပြန်လည် ဆုပ်ကိုင်လိုက်သည်။
သူမ ရင်ဆိုင်ဖူးသမျှ ရန်သူတွေထဲမှာ ဒီအကောင်က အတောင့်ဆုံးပင်။
“သူက မသေမျိုး ပါရမီရှင်လား” ပုဆိန်ဘုရင်နှင့် တင်းချင်းတို့မှာ ကျောက်ရုပ်ကြီးပမာ အံ့အားသင့်နေကြ၏။
ပုဆိန်ဘုရင်သည် ဒေါသတကြီး ဟိန်းဟောက်လျက် ပုဆိန်ကို ထပ်မံ မြှောက်လိုက်ပြန်သည်။
`ဘုန်း...`
ဒုတိယအကြိမ် ပုဆိန်ရိပ် ကျဆင်းလာပြန်သည်။
ယဲ့ဖုန်းသည် တင်းချင်းနှင့် သူ့လူများကို ကပျာကယာ လှမ်း၍ တားလိုက်ပြီး လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း ပညာဖြင့် မိုင်ပေါင်းများစွာ အကွာသို့ ဆွဲခေါ်သွားလိုက်သည်။
“သေစမ်း” ပုဆိန်ဘုရင်သည် ရုန်းကန်နေသော ဟူဖေးဖေးကို သည်းကြီးမည်းကြီး တိုက်ခိုက်နေတော့သည်။ ဟူဖေးဖေးမှာ အကြိမ်ကြိမ် ခန္ဓာကိုယ် ပျက်စီးသွားသော်လည်း ရုတ်ချည်း ပြန်လည် ပေါင်းစည်းလာနိုင်၏။
“ဂိုဏ်းချုပ်ယဲ့... မင်းသမီးလေး မယှဉ်နိုင်တော့ဘူး... ခင်ဗျား ဝင်မကူတော့ဘူးလား” တင်းချင်းသည် အံကြိတ်ကာ မေးလိုက်သည်။
“မလိုသေးဘူး” ယဲ့ဖုန်းက ခပ်အေးအေးပင် ခေါင်းခါလိုက်သည်။
သူမသည် အကူအညီ မလိုကြောင်း ပြောထားသည် မဟုတ်ပါလား။ ၎င်းအပြင် အကြိမ်ကြိမ် အရိုက်ခံနေရခြင်းက သူမ၏ အလားအလာကို နိုးထစေနေခြင်း ဖြစ်သည်။
ပန်းရောင် ဆံနွယ်များ ပိုရှည်လာလေလေ၊ တိုက်ပွဲက ပိုပြင်းထန်လာလေလေပင်။
“ဟား...”
ဟူဖေးဖေးသည် ရုတ်တရက် ဟိန်းဟောက်လိုက်ရာ ပန်းရောင်အလင်းတန်းများ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ဆံနွယ်ရှည်များသည် ခါးလည်မှသည် မီတာ (၃) မီတာခန့်အထိ တစ်ဟုန်ထိုး ရှည်ထွက်လာပြီး လေထဲတွင် မွှေနှောက်ချောက်ခြားစွာ လှုပ်ရှားနေတော့သည်။
မျက်ဝန်းအစုံတွင် ခြောက်ထောင့်ကြယ်ပုံစံများ ပေါ်လာပြီး နဖူး၌ မီးတောက် အမှတ်အသားတစ်ခု ထင်ကျန်သွားသည်။
တတိယ တိုက်ခိုက်ရေး အခြေအနေ - ပွင့်လင်းစေသတည်း။
`ဝုန်း...`
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းများ ပေါက်ကွဲထွက်လာပြီး ပုဆိန်ဘုရင်ကို မီတာရာချီ အကွာသို့ လွင့်စင်သွားစေသည်။
“တတိယ အခြေအနေ ရောက်သွားပြီ... မိုက်လိုက်တာ” ယဲ့ဖုန်းသည် အားရပါးရ လက်ခုပ်တီးလိုက်မိသည်။
ပုဆိန်ဘုရင်.. မျက်နှာ ကွက်ခနဲ ပျက်သွားသည်။ တစ်ဖက်လူ၏ စွမ်းအားသည် အလယ်အလတ်အဆင့်မှသည် အဆင့်မြင့် နတ်ဆိုးဘုရင်အဆင့်အထိ တစ်ဟုန်ထိုး တိုးတက်သွားသည်ကို သူ ခံစားလိုက်ရလေသည်။
“တောင်ဖြို နတ်ဘုရား ပုဆိန်သိုင်း... အစွမ်းကုန် သက်ဆင်းစေ”
ပုဆိန်ဘုရင်သည် သူ၏ သွေးမျိုးဆက် စွမ်းအားကို အဆုံးအစမရှိ လောင်ကျွမ်းစေပြီး ကောင်းကင်နှင့် မြေကြီးကို ခွဲဖြတ်မည့် ပုဆိန်ချက်ကို ထုတ်ဖော်လိုက်သည်။
“တုတ်ရိပ်ပေါင်း တစ်သောင်း”
ဟူဖေးဖေးသည် သူမ၏ တုတ်တိုကို နှစ်ဖက်ကိုင်လျက် အချက်ပေါင်း (၃၆၅) ချက်ကို တစ်ခဏချင်းအတွင်း ရိုက်နှက်လိုက်ရာ လေထဲတွင် လျှို့ဝှက်ဆန်းကြယ် စက်ဝိုင်းပုံစံ ဝင်္ကပါတစ်ခု ဖြစ်ပေါ်လာတော့၏။
`ဒုန်း...`
ပုဆိန်ရိပ်နှင့် တုတ်ရိပ်တို့ ထိပ်တိုက် တွေ့ဆုံသွားကြ၏။
တစ်လောကလုံးကို ဖြူဖွေးသွားစေလောက်သည့် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး မြင်မြင်သမျှမှာ ဝေဝါးသွားတော့သည်။ အဖြစ်အပျက်က မျက်တောင်တစ်ခတ်မျှသာ ဖြစ်သော်လည်း လောက တစ်ခုလုံး သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်းသွားလေတော့သတည်း။