← Chapters

အခန်း (၃၁၀-၃၁၂)

Vol. 21 Ch. 310-312

အခန်း (၃၁၀-၃၁၂)

Vol. 21 Ch. 310-312

အခန်း (၃၁၀) - ထိတ်လန့်တုန်လှုပ်သွားသော သဲကန္တာရဘုရင်ကြီး

~ညကောင်းကင်ယံအောက်ဝယ် -

`ဝိညာဉ်မြွေ ပျံသန်းလှေ` သည် လေထုကို ခွင်းလျက် အရှိန်အဟုန်ဖြင့် ပျံသန်းနေ၏။

မြောက်လင်းမြို့တော်မှ မြူခိုးတောင်ထိပ်အထိ ခရီးစဉ်မှာ မိုင်ပေါင်း ငါးသောင်းခန့် ဝေးကွာပြီး၊ ဤပျံသန်းလှေဖြင့် တစ်ရက်နှင့် တစ်ည ခရီးနှင်ရမည် ဖြစ်သည်။

“ဂိုဏ်းချုပ်... ကျွန်တော်တို့ ဂိုဏ်းကိုရောက်ဖို့ ဘယ်လောက်ကြာဦးမလဲခင်ဗျာ”

ရှေ့ဆုံးတွင် ရပ်နေသော `ရွှီတာလေ့` က ရိုသေစွာ မေးမြန်းလိုက်သည်။

“မိုင်ငါးသောင်း ခရီးဆိုတော့... မနက်ဖြန် ဒီအချိန်လောက်ဆို ရောက်ပြီ” ယဲ့ဖုန်းက ခပ်အေးအေးပင် ပြန်ဖြေလိုက်၏။

သူသည် နောက်သို့ လှည့်၍ ဒုတိယမျိုးဆက် တပည့်များကို အကဲခတ်လိုက်သည်။ ရွှီတာလေ့သည် မျက်ခုံးထူထူ၊ မျက်လုံးကြီးကြီးဖြင့် ရိုးသားဖြောင့်မတ်ပုံ ပေါက်သော်လည်း၊ သူ၏ မျက်ဝန်းထဲမှ အရောင်လက်မှုများအရ သူသည် ပါးနပ်သူတစ်ဦး ဖြစ်ကြောင်း ယဲ့ဖုန်း ရိပ်မိလိုက်သည်။

ရွှီတာလေ့၏ ဘေးတွင် ရပ်နေသူမှာ အဖြူရောင် ဝတ်စုံနှင့် မိန်းကလေး `မူစီစီ` ဖြစ်ပြီး၊ သူမသည် ဒုတိယမျိုးဆက် တပည့်များထဲတွင် ဒုတိယမြောက် တပည့် ဖြစ်သည်။ ကျန်ရှိသော တပည့် ၃၃ ဦးမှာလည်း ကျား၊ မ အချိုးအစား ညီတူညီမျှပင် ရှိကြ၏။

'ဒုတိယမျိုးဆက်ထဲမှာ `မူစီစီ` က အလားအလာ အကောင်းဆုံးပဲ။ `အဆင့်မြင့် ကျင့်ကြံခြင်းအမြစ်`ပါသလို၊ ကျင့်ကြံခြင်းကလည်း `ချီစုစည်းခြင်း ပဉ္စမအဆင့်` ရောက်နေပြီ။ ရွှီတာလေ့ကတော့ `အလယ်အလတ်အဆင့်` ပဲ ရှိပေမဲ့ စတုတ္ထအဆင့် ရောက်နေပြီ'

ယဲ့ဖုန်းသည် တပည့်များ၏ အခြေခံကို စိတ်ထဲမှ မှတ်တမ်းတင်နေ၏။

တပည့်သစ်များမှာမူ ယဲ့ဖုန်း၏ အကြည့်အောက်တွင် အသက်ရှူဖို့ပင် မေ့လျော့နေကြသည်။ သူတို့ထဲမှ အချို့မှာ မြောက်လင်းမြို့တော်၏ သူဌေးသားများ ဖြစ်ကြသော်လည်း၊ နက်နဲလှသော ယဲ့ဖုန်း၏ ရှေ့တွင်တော့ မောက်မာရန် မဝံ့ရဲကြချေ။

ယဲ့ဖုန်းက အားပေးစကား ဆိုလိုက်သည်။

“မင်းတို့အားလုံး မဆိုးကြပါဘူး။ အခု ကျင့်ကြံခြင်းအဆင့်တွေက မမြင့်သေးပေမဲ့... မြူခိုးဂိုဏ်းထဲ ရောက်တာနဲ့ တစ်ဟုန်ထိုး တိုးတက်လာမှာ သေချာတယ်”

ထိုစဉ် မူစီစီက သတ္တိမွေး၍ မေးလိုက်၏။

“ဂိုဏ်းချုပ်ရှင့်... ကျွန်မတို့ ဂိုဏ်းရဲ့ အခြေအနေလေးကို သိခွင့်ရှိမလားဟင်။ စီနီယာ အကိုတွေ၊ အမတွေအကြောင်းလည်း သိချင်လို့ပါ”

ယဲ့ဖုန်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ လမင်းကြီးကို မော့ကြည့်လိုက်သည်။

သူ၏ ဝတ်ရုံနှင့် ဆံပင်တို့မှာ လေထဲတွင် တဟူးဟူး လွင့်ပျံနေပြီး၊ ပြိုင်ဘက်ကင်း ပညာရှင်ကြီး တစ်ဦးပမာ ခန့်ညားလှ၏။ သူက ဂိုဏ်း၏ အခြေအနေ၊ ဝိညာဉ်သွေးကြောများ၊ အကြီးအကဲများနှင့် ဝိညာဉ်သားရဲများအကြောင်းကို အနှစ်ချုပ် ရှင်းပြလိုက်သည်။

တပည့်သစ်များမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။

“ငါတို့ဂိုဏ်းမှာ `အသေးစား ဝိညာဉ်သွေးကြော` တောင် ရှိတာလား”

“`အကြီးအကဲ ကုန်းချင်းချို` က ရေပေါ်ဖြူမြို့တော်ရဲ့ မြို့စားမင်းလည်း ဖြစ်တယ်တဲ့”

“ပထမမျိုးဆက် စီနီယာတွေထဲမှာ `ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်` ရောက်နေတဲ့သူတွေတောင် ရှိတာပဲ”

တပည့်များမှာ စိတ်လှုပ်ရှားစွာဖြင့် အချင်းချင်း တီးတိုး ပြောဆိုနေကြတော့သည်။

---

ညဉ့်နက်ပိုင်း အချိန် -

သူတို့သည် သဲကန္တာရ၏ အလယ်ဗဟိုသို့ ရောက်ရှိလာကြ၏။

`ဘုန်း...`

ရုတ်တရက် အဝေးမှ သဲခုံကြီး ပေါက်ကွဲသွားပြီး၊ ပေ (၁၀၀၀) ခန့် မြင့်မားသော ဧရာမ ဘီလူးကြီးတစ်ကောင် ထွက်ပေါ်လာတော့သည်။ သူသည် ဧရာမ ပုဆိန်ကြီးကို ကိုင်ဆောင်ထားပြီး၊ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများဖြင့် လမ်းကို ပိတ်ဆို့ထား၏။

“သဲကန္တာရဘုရင်ကြီး ပဲ”

တပည့်သစ်များမှာ မျက်နှာများ ဖြူဖျော့သွားကြ၏။

မြောက်လင်းမြို့တော်ရှိ ကျင့်ကြံသူတိုင်း သိထားရသော အကြောက်ရဆုံး နတ်ဆိုးဘုရင် မဟုတ်ပါလား။

“အဆိပ်ကင်းမြီးကောက်ဘုရင်... မြွေဟောက်ရူးဘုရင်... မင်းတို့ ပြန်လာရဲသေးတယ်ပေါ့... ဟင်... မင်း... မင်းတို့ပဲ”

သဲကန္တာရဘုရင်ကြီး၏ ဟိန်းဟောက်သံမှာ စကားလမ်းဆုံးတွင် ရပ်တန့်သွားသည်။ အကြောင်းမှာ သူသည် လှေဘေးတွင် ချိတ်ဆွဲထားသော နတ်ဆိုးဘုရင်ကြီး နှစ်ပါး၏ အလောင်းများကို မြင်တွေ့သွားခြင်းကြောင့် ဖြစ်၏။ ထို့ပြင် လှေဦးတွင် ရပ်နေသော ယဲ့ဖုန်းနှင့် ဟူဖေးဖေး၏ ပုံရိပ်ကြောင့် သူ၏ ကျောရိုးထဲအထိ အေးစိမ့်သွားတော့သည်။

“ငါ လမ်းကြုံလို့ ဖြတ်သွားတာပါ”

သဲကန္တာရဘုရင်ကြီးသည် ဟူဖေးဖေးကို တစ်ချက်လှမ်းကြည့်ကာ၊ ချက်ချင်းပင် သဲထဲသို့ ပြန်လည် ငုပ်လျှိုးပျောက်ကွယ်သွားလေတော့သည်။

“သဲကန္တာရဘုရင်ကြီးက... ထွက်ပြေးသွားတာလား”

တပည့်သစ်များမှာ မယုံနိုင်စရာ မြင်ကွင်းကြောင့် မှင်သက်ကာ ကျန်ရစ်ခဲ့၏။ ထို့နောက် သူတို့သည် ဂိုဏ်းချုပ်ယဲ့ကို ပိုမို အထင်ကြီးလေးစားသွားကြတော့သည်။

လှေဦးတွင် ရပ်နေသော ယဲ့ဖုန်းမှာမူ တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရ၏။

‘'လခွမ်း... သဲကန္တာရဘုရင်ကြီးနဲ့ တိုးတာပဲ။ ကံကောင်းလို့ သူ ရန်မမူတာ... မဟုတ်ရင် ငါတို့တော့ အပိုင်းပိုင်း ပြတ်ကုန်မှာပဲ'

အကြောင်းမှာ ဟူဖေးဖေးမှာ ယခုတိုင် အိပ်မောကျနေဆဲ ဖြစ်သောကြောင့်ပင်။

ယဲ့ဖုန်းသည် တည်ငြိမ်ဟန်ဆောင်နေသော်လည်း လက်ထဲတွင်မူ `ဟင်းလင်းပြင် သံလိုက်အိမ်မြှောင်` ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားမိလေ၏။

---

တစ်ရက်ခန့် ကြာပြီးနောက် -

ယဲ့ဖုန်းသည် `တောင်ပိုင်းမြစ်ကန်ဒေသ` အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ လမ်းတစ်လျှောက်ရှိ မြို့ရွာများမှ လူအများမှာ လှေဘေးတွင် ချိတ်ဆွဲထားသော ဧရာမ နတ်ဆိုးအလောင်းကြီးများကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်ကုန်ကြ၏။

“ဘုရားရေ... ဘယ်သူက နတ်ဆိုးဘုရင် နှစ်ကောင်ကို တစ်ပြိုင်တည်း သတ်လိုက်တာလဲ”

“ဟိုမှာကြည့်... မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်းနဲ့ ပန်းရောင်ဆံပင်နဲ့ မင်းသမီးလေးပဲ”

ထိုသတင်းမှာ တောမီးပမာ ပျံ့နှံ့သွားပြီး တစ်နယ်လုံးကို ဟိုးဟိုးကျော်သွားစေတော့သည်။

နေဝင်ရီတရော အချိန်တွင် -

ယဲ့ဖုန်းသည် နောက်ဆုံး၌ မြူခိုးတောင်ထိပ်သို့ ရောက်ရှိလာခဲ့သည်။

“ဒါ ငါတို့ဂိုဏ်းလား... တကယ့်ကို နတ်ဘုရားနယ်မြေလိုပါပဲလား” တပည့်သစ်များမှာ မြူခိုးများ ဖုံးလွှမ်းနေသော တောင်ထိပ်နှင့် တောက်ပနေသော ဝိညာဉ်စမ်းရေတွင်းကို ကြည့်ကာ အံ့သြမဆုံး ဖြစ်နေကြ၏။

တောင်ပေါ်ရှိ `ကုန်းချင်းချို` နှင့် တပည့်များမှာလည်း တောင်ဘက်မှ ပျံသန်းလာသော ဧရာမ နတ်ဆိုးအလောင်းကြီးများကို မြင်ကာ ထိတ်လန့်သွားကြသော်လည်း၊ လှေဦးမှ ယဲ့ဖုန်းကို မြင်လိုက်ရသောအခါမှ စိတ်သက်သာရာ ရသွားကြတော့သည်။

“ဂိုဏ်းချုပ်နဲ့ မင်းသမီးလေး ပြန်လာပြီဟေ့”

လုံထျန်းရှင်းသည် ဝမ်းသာအားရဖြင့် သူ၏ `ချင်းဖုန်းဓား` ကို စီးကာ ကြိုဆိုရန် ပျံသန်းလာလေတော့သတည်း။

အခန်း (၃၁၁) တောင်ကြီးနှစ်လုံးကို ပြန်လည်တည်ဆောက်ခြင်း၊ နတ်ဆိုးသားရဲစင်မြင့်နှင့် ကျင့်ကြံရေးမျှော်စင်

“သူတို့က ဘယ်သူတွေလဲ...”

ကောင်းကင်ယံထက်၌ လေထဲတွင် ရပ်တန့်နေကြသော ကုန်းချင်းချို၊ ရှီလေ့နှင့် အခြားသော ဂိုဏ်းသားများသည် ရွှီတာလေ့၊ မူစီစီနှင့် ဒုတိယမျိုးဆက် တပည့်သစ်များကို ကြည့်ကာ စိတ်ထဲတွင် သိချင်စိတ်တို့ တဖွားဖွား ပေါ်ပေါက်လာကြလေ၏။

ဒုတိယမျိုးဆက် တပည့်များသည်လည်း အဝေးမှနေ၍ ကုန်းချင်းချိုနှင့် သူမ၏ အဖွဲ့ကို လှမ်းမျှော်ကြည့်လိုက်ကြရာ ထူးခြားထင်ရှားသော ကျင့်ကြံခြင်း အရှိန်အဝါနှင့်တကွ ကျက်သရေရှိလှသော ကုန်းချင်းချိုကို ချက်ချင်းပင် မှတ်မိလိုက်ကြတော့သည်။

“ဟိုမှာ ကြည့်စမ်း... ရုပ်ရည်ချောမောပြီး ရင့်ကျက်တည်ငြိမ်တဲ့ အငွေ့အသက်တွေ ထွက်နေတာက ဂိုဏ်းချုပ် အမြဲပြောပြောနေတဲ့ အကြီးအကဲ ကုန်းချင်းချိုပဲ ဖြစ်ရမယ်... နောင်တစ်ချိန်ကျရင် ငါတို့ ကျင့်ကြံခြင်းနဲ့ ပတ်သက်ပြီး သူ့ဆီမှာ အကြံဉာဏ် တောင်းရမှာတဲ့...”

“ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်ကို ရောက်နေတဲ့ နှစ်ယောက်ကတော့ ငါတို့ရဲ့ ဒုတိယစီနီယာအစ်ကိုကြီး ဟိုယွင်ကျဲနဲ့ စတုတ္ထစီနီယာအစ်မကြီး မိုယင်တို့ ဖြစ်လောက်တယ်...”

“လက်တစ်ဖက်မှာ ဒယ်အိုး၊ နောက်လက်တစ်ဖက်မှာ မီးဖိုချောင်သုံးဓား ကိုင်ထားတာကတော့ တတိယစီနီယာအစ်မကြီး လီကျောက်ကျောက်ပဲ နေမှာ... သူ့လက်ရာက အရမ်းကောင်းတယ်လို့ သတင်းထွက်နေတာ...”

“ငွေရောင်ဆံပင်၊ မျက်လုံးပြာနဲ့ တစ်ယောက်ကရော... ငါတို့ရဲ့ ပဉ္စမစီနီယာအစ်ကိုကြီး လုံထျန်းရှင်း များလား...”

“ကြည့်ပါဦးဟေ့... ပန်းရောင်ငှက်ကြီးပေါ်မှာ ရပ်နေတဲ့ မိန်းမလှလေးက ဆဋ္ဌမစီနီယာအစ်မကြီး ကျားယွိလန်ပဲ ဖြစ်ရမယ်...”

“ခြေမျက်စိထိ ရှည်တဲ့ ခရမ်းရောင်ဆံပင် ပိုင်ရှင်ကတော့ ဝိညာဉ်အာရုံခံနိုင်စွမ်းကို ကျင့်ကြံထားတဲ့ (၁၃) ယောက်မြောက် စီနီယာအစ်မကြီး ကျီဇီလင်း ဖြစ်မယ်...”

“ဟားဟား... ကျောပေါ်မှာ အမည်းရောင် ဒယ်အိုးကြီး လွယ်ထားတဲ့ စီနီယာအစ်ကိုကြီးကတော့ မှတ်မိရ အလွယ်ဆုံးပဲ... အဲဒါ ဂိုဏ်းချုပ်ပြောတဲ့ (၁၄) ယောက်မြောက် စီနီယာအစ်ကိုကြီး ဝမ်ဖင်းအန်းပဲ ဖြစ်ရမယ်... ဟုတ်တယ်... ဂိုဏ်းချုပ် ပြောဖူးသလိုပဲ... စီနီယာအစ်ကိုကြီး ဝမ်ဖင်းအန်းမှာက နို့ထိန်းကျိန်စာ ပါရမီ ပါလာတာလေ... သူ ချီးကျူးလိုက်တဲ့ လူတိုင်း ကံဆိုးမိုးမှောင် ကျတတ်တယ်တဲ့...”

“ဒါနဲ့ နေပါဦး... ငါတို့ရဲ့ ပထမ စီနီယာအစ်ကိုကြီးရော... စီနီယာအစ်ကိုကြီး ဘယ်မှာလဲ...”

ဒုတိယမျိုးဆက် တပည့်များသည် တစ်စုတစ်ဝေးတည်း စုရုံးနေကြပြီး ကောင်းကင်ပေါ်ရှိ ပထမမျိုးဆက် ဂိုဏ်းသားများကို လက်ညှိုးထိုးကာ စိတ်လှုပ်ရှားစွာဖြင့် တီးတိုး ဆွေးနွေးနေကြလေ၏။

“ဂိုဏ်းချုပ်... စောင့်ရှောက်သူ... ပြန်ရောက်လာကြပြီကိုး... ဝိညာဉ်လှေပေါ်က လူငယ်လေးတွေနဲ့ ဒီနတ်ဆိုးဘုရင် အလောင်းကောင်ကြီး နှစ်ခုကရော ဘယ်လို အကြောင်းလဲရှင်...”

ကုန်းချင်းချိုသည် လျင်မြန်စွာ ရှေ့သို့တိုးလာပြီး ယဲ့ဖုန်းကို ရိုသေစွာ ဦးညွှတ်အရိုအသေပေးလိုက်၏။ ထို့နောက် သူမသည် ဝန်းကျင်ကို ကြည့်လိုက်ရာ မျက်နှာပေါ်တွင် နားမလည်နိုင်သော အရိပ်အယောင်များ ယှက်သန်းသွားလေ၏။

ယဲ့ဖုန်းသည် ဘယ်ညာသို့ ညွှန်ပြရင်း ပြုံးလိုက်လေ၏။

“ဒီကာလအတွင်းမှာ စောင့်ရှောက်သူနဲ့ ကျွန်တော် တောင်ပိုင်း သဲကန္တာရကို ဖြတ်ကျော်ခဲ့တယ်... ဒီအလောင်းကောင် နှစ်ခုကတော့ သဲကန္တာရရဲ့ နတ်ဆိုးဘုရင် (၅) ပါးထဲက အဆိပ်ကင်းမြီးကောက်ဘုရင်နဲ့ မြွေဟောက်ရူးဘုရင်တို့ပဲ... မြောက်လင်းမြို့တော်ကို ဝင်တိုက်လို့ စောင့်ရှောက်သူရဲ့ လက်ချက်နဲ့ ကိစ္စတုံးသွားကြတာလေ...”

“စောင့်ရှောက်သူ မင်းသမီးလေးကတော့ အရင်လိုပဲ ကြမ်းတမ်းတုန်းပါလား...”

ကုန်းချင်းချိုနှင့် ပထမမျိုးဆက် တပည့်များသည် ထိုသတင်းကို ကြားသောအခါ အလွန်အမင်း တုန်လှုပ်သွားကြလေ၏။

ယဲ့ဖုန်းက ဆက်လက်၍ ရှင်းပြလေ၏။

“ဒီဝိညာဉ်လှေကတော့ အဆင့်မြင့် ဝိညာဉ်လက်နက် အမျိုးအစားပဲ... နာမည်က ဝိညာဉ်မြွေ ပျံသန်းလှေ တဲ့... ဂိုဏ်းချုပ်ကိုယ်တိုင် ဖန်တီးထားတာလေ... သာမန်ရက်တွေမှာဆိုရင် မိုင်ပေါင်း (၅) သောင်းလောက် ခရီးနှင်နိုင်တယ်...”

“မြန်လိုက်တဲ့ အရှိန်အဟုန်ပါလား...”

လူအုပ်ကြီးမှာ နောက်တစ်ကြိမ် အံ့အားသင့်သွားရပြန်ချေသည်။

“ပြီးတော့ ဒီက (၃၅) ယောက်ကတော့ မြောက်လင်းမြို့တော်မှာ ကျုပ် လက်ခံလာခဲ့တဲ့ ဒုတိယမျိုးဆက် တပည့်တွေပဲ...”

ယဲ့ဖုန်းသည် သူ့နောက်ရှိ ရွှီတာလေ့နှင့် အခြားသူများကို လက်မဖြင့် ထိုးပြလိုက်လေ၏။

“ဒုတိယမျိုးဆက် တပည့်တွေ...”

ရှီလေ့၊ ဟိုယွင်ကျဲနှင့် အခြားသူများသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြ၏။ သူတို့အတွက် ဤဝေါဟာရမှာ စိမ်းသက်နေလေ၏။

“သြော်... ပြောပြဖို့ မေ့သွားတယ်... မင်းတို့ (၁၆) ယောက်က ပထမမျိုးဆက်၊ သူတို့က ဒုတိယမျိုးဆက်လေ... နှစ်တိုင်းနှစ်တိုင်း လက်ခံလိုက်တဲ့ တပည့်တွေကို မျိုးဆက်တစ်ခုအနေနဲ့ သတ်မှတ်သွားမှာ...”

ယဲ့ဖုန်းက ရှင်းလင်းစွာ ပြောကြားလိုက်လေ၏။

ရှင်းပြချက်မှာ ရိုးရှင်းလှသဖြင့် နားလည်ရန် မခက်ခဲလှပေ။ တစ်နှစ်လျှင် မျိုးဆက် တစ်ခု ဖြစ်ချေသည်။

“ငါတို့ နှစ်သစ်ကူးပွဲ လုပ်ခဲ့တာ သိပ်မကြာသေးဘူး... အခု နှစ်သစ် ရောက်သွားပြီဆိုတော့ သူတို့က ဒုတိယမျိုးဆက် ဖြစ်တာ မဆန်းပါဘူးလေ...”

ထိုအခါမှ ရှီလေ့တစ်ယောက် သဘောပေါက်သွားတော့သည်။

“ရွှီတာလေ့... မူစီစီ... မင်းတို့က အကြီးအကဲကုန်းနဲ့ စီနီယာအစ်ကို၊ အစ်မတွေကို ဂါရဝ မပြုရသေးဘူးလား...”

ယဲ့ဖုန်းသည် နောက်သို့လှည့်ကာ ဒုတိယမျိုးဆက် တပည့်များကို လှမ်းပြောလိုက်လေ၏။

ဒုတိယမျိုးဆက် တပည့်များအားလုံးသည် ချက်ချင်းပင် ခါးကိုကိုင်းညွှတ်ကာ ပြိုင်တူ အရိုအသေ ပေးလိုက်ကြလေ၏။

“အကြီးအကဲကုန်းနဲ့ စီနီယာအစ်ကို၊ စီနီယာအစ်မတို့ ခင်ဗျာ... ကျွန်တော်တို့ကို နောင်တစ်ချိန်ကျရင် စောင့်ရှောက်ပေးကြပါဦး...”

ပထမ စီနီယာအစ်ကိုကြီး ဖြစ်သူ ရှီလေ့သည် ရင်ဘတ်ကို ပုတ်ကာ ရဲရဲတောက် ကတိပေးလိုက်လေ၏။

“ဂိုဏ်းသားအသစ်တွေကို စောင့်ရှောက်ရတာ ငါတို့ရဲ့ တာဝန်ပါကွ…”

“ပထမ စီနီယာအစ်ကိုကြီးကို ဂါရဝပြုပါတယ် ခင်ဗျာ...”

ဉာဏ်ကောင်းသော ရွှီတာလေ့သည် ရှီလေ့၏ အဆင့်အတန်းကို ရိပ်မိလိုက်သဖြင့် လျင်မြန်စွာပင် နှုတ်ဆက်လိုက်တော့သည်။

“ရှီလေ့... အကြီးအကဲကုန်း... ဒုတိယမျိုးဆက် တပည့်တွေကို မြူခိုးတောင်ထိပ် မြောက်ဘက်ခြမ်းက ပထမအဆင့်မှာ နေရာချပေးလိုက်ပါ...”

ယဲ့ဖုန်းသည် အမိန့်ပေးလိုက်ပြီး ဝိညာဉ်လှေကို မြူခိုးတောင်ထိပ်ပေါ်သို့ ဆင်းသက်စေလိုက်လေ၏။

“အမိန့်တော်အတိုင်းပါ ဂိုဏ်းချုပ်...”

ကုန်းချင်းချိုသည် ခေါင်းညိတ်လိုက်ပြီး ဒုတိယမျိုးဆက် တပည့်များဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ကဲ... ငါ့နောက် လိုက်ခဲ့ကြ...”

“ဟုတ်ကဲ့ပါ...”

ရွှီတာလေ့နှင့် အခြားသူများသည် အလျင်အမြန်ပင် နောက်မှ လိုက်ပါသွားကြလေ၏။

“ဝုန်း…”

ယဲ့ဖုန်းသည် အဆိပ်ကင်းမြီးကောက်ဘုရင်နှင့် မြွေဟောက်ရူးဘုရင်တို့၏ အလောင်းကောင်များကို ဂိုဏ်းရင်ပြင်ကျယ်ကြီးထဲသို့ ပစ်ချလိုက်ရာ ဖုန်အလိမ်းလိမ်း တက်သွားတော့သည်။

ထိုအချိန်တွင် မြူခိုးတောင်ထိပ်၏ မြောက်ဘက်ခြမ်း၌...

မကြာသေးမီက ပြုလုပ်ခဲ့သော ကမ္ဘာငယ် ပြုပြင်ပြောင်းလဲခြင်းကြောင့် မြူခိုးတောင်ထိပ်၏ မြောက်ဘက်ခြမ်းတွင် လှေကားထစ်သဖွယ် မြေပြင်ညီများစွာ ပေါ်ထွန်းလာခဲ့သည်။ တောင်ထိပ်မှ မီတာ (၁၀၀) ခန့် အကွာတွင် ပထမအဆင့် မြေပြင်ညီ ရှိပြီး အလျား မီတာ (၁၀၀) ကျော်၊ အနံ မီတာ (၃၀) ခန့် ကျယ်ဝန်းကာ ကြော့ရှင်းသော နှစ်ထပ် သစ်သားအိမ်တန်း နှစ်တန်းကို ဆောက်လုပ်ထားလေ၏။

ထိုနည်းတူစွာပင် အောက်ဘက်ရှိ ဒုတိယအဆင့်နှင့် တတိယအဆင့် မြေပြင်ညီများကိုလည်း ထိုပုံစံအတိုင်း စီစဉ်ထားလေ၏။

“ဒါက ဒုတိယမျိုးဆက် တပည့်တွေ နေရမယ့်နေရာပဲ... ပထမအဆင့်မှာ အခန်းပေါင်း (၅၀) ရှိတယ်... ကိုယ့်အတွက် သတ်မှတ်ထားတဲ့ အခန်းကို ရှာပြီး နေကြပေတော့...”

ကုန်းချင်းချိုသည် နေရာချထားပေးလိုက်၏။

မြူခိုးဂိုဏ်း အဆင့်မတက်မီကတည်းက ကုန်းချင်းချိုနှင့် ရှီလေ့တို့သည် အဆောက်အအုံများစွာကို ကြိုတင်ဆောက်လုပ်ထားခဲ့ကြပါသည်။ ထို့ကြောင့် နောက်ထပ် လူရာဂဏန်း ထပ်ရောက်လာလျှင်ပင် နေရာထိုင်ခင်း ပြဿနာ မရှိနိုင်ပေ။

ထိုအချိန်တွင် ယဲ့ဖုန်းသည် မင်းသမီး ဟူဖေးဖေးကို ဂိုဏ်းချုပ်ခန်းမဆောင်ကြီးထဲတွင် ထားရစ်ခဲ့ပြီးနောက် စိမ်းလန်းစိုပြည်နေသော နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီး အောက်သို့ ရောက်ရှိလာလေ၏။

“လောင်ဆု...ကျွန်တော် ခိုင်းထားတဲ့အတိုင်း လုပ်တော့...”

“ကောင်းပါပြီ...”

နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီးသည် မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်လေ၏။

“ရွှမ်း…”

သစ်ပင်ကြီးဆီမှ နွယ်ပင်ပေါင်း များစွာသည် မြူခိုးတောင်ထိပ် မြောက်ဘက်ခြမ်းဆီသို့ တရိပ်ရိပ် တိုးထွက်သွားကြပြီး တောင်ခြေမှ မီတာရာပေါင်းများစွာ အကွာတွင် မြေကြီးများကို စတင် တူးဆွကြတော့သည်။

မကြာမီ အချိန်အတွင်းမှာပင် ပုံစံမမှန်သော ကန်ကြီး တစ်ကန် ဖြစ်ပေါ်လာလေ၏။

ထိုကန်ကြီးသည် ဘက်ပေါင်းစုံသို့ မီတာရာချီ ကျယ်ဝန်းပြီး အနက်ဆုံးနေရာမှာ မီတာ (၁၀) ဂဏန်းခန့် ရှိပေသည်။

တူးဖော်ရရှိသော မြေကြီးများကို ကန်ဘေးတွင် အလျားအနံ မီတာ (၁၀၀) ရှိသော မြေစင်မြင့်ကြီးတစ်ခု တည်ဆောက်ရန် အသုံးပြုလိုက်လေ၏။ ထိုနေရာသည် ဂိုဏ်းသားများ အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်ရန် ကွင်းပြင်တစ်ခု ဖြစ်လာပေလိမ့်မည်။

ယဲ့ဖုန်းသည် သူရဲကောင်း ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ ရေလမ်းကြောင်းကို လွှဲပြောင်းလိုက်ရာ မြူခိုးတောင်ထိပ်ရှိ ဝိညာဉ်စမ်းရေတွင်းမှ ရေစီးကြောင်းသည် မြောက်ဘက်ခြမ်းသို့ စီးဆင်းသွားပြီး အသစ်တူးဖော်ထားသော ကန်ကြီးထဲသို့ ဝင်ရောက်သွားတော့သည်။

“ဂိုဏ်းချုပ်က ဘာတွေ လုပ်နေပြန်တာလဲ...”

ဂိုဏ်းသားများအားလုံး လှမ်းမျှော်ကြည့်လိုက်ကြ၏။

အထူးသဖြင့် ဒုတိယမျိုးဆက် တပည့်များသည် ယဲ့ဖုန်း၏ လုပ်ရပ်များကို လုံးဝ နားမလည်နိုင်ကြဘဲ အချို့ဆိုလျှင် နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီးမှ ထွက်ပေါ်နေသော နွယ်ပင်များကို ကြည့်ပြီး ထိတ်လန့်နေကြလေ၏။

“အရိုးဖြူ ဓားဝင်္ကပါ... လှုပ်ရှားမယ်...”

ယဲ့ဖုန်း၏ စိတ်အလိုကြောင့် အရိုးဖြူ ဓားပျံ (၉) စင်းသည် ဧရာမ အရိုးဖြူ ဓားကြီးတစ်စင်းအဖြစ် ပေါင်းစပ်သွားပြီး ကန်ကြီး၏ အရှေ့မြောက်ဘက်နှင့် အနောက်မြောက်ဘက်တွင် အချင်း မီတာ (၃၀၀)၊ အနက် မီတာ (၂၀၀) ရှိသော တွင်းကြီးနှစ်တွင်းကို တူးဖော်လိုက်လေတော့သည်။

“ဂိုဏ်းချုပ်က ဘာလို့ တွင်းကြီးတွေ တူးနေရတာလဲ...”

ဒုတိယမျိုးဆက် တပည့်များသည် အံ့အားသင့်ကာ ကြောင်အမ်းအမ်း ဖြစ်ကုန်ကြ၏။

“ဂိုဏ်းချုပ်က တောင်ထိပ်တစ်ခု ထပ်ဖန်တီးတော့မယ် ထင်တယ်...”

ကုန်းချင်းချို၏ မျက်လုံးများ အရောင်လက်သွားပြီး အခြေအနေကို ခန့်မှန်းလိုက်မိလေသည်။

ထိုစကားကို ကြားသောအခါ ဒုတိယမျိုးဆက် တပည့်များသည် တုန်လှုပ်သွားကြ၏။

သီးသန့် တောင်ထိပ်တစ်ခုကို ဖန်တီးတည်ဆောက်မယ် ဟုတ်လား... ဒါက လွန်လွန်းနေပြီ မဟုတ်ဘူးလား...

“လောင်ဆု... ဆက်လုပ်...”

ယဲ့ဖုန်းက အော်ဟစ် အမိန့်ပေးလိုက်သည်။

“စိတ်ချပါ...”

နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီးသည် နွယ်ပင်များကို ဆန့်ထုတ်လိုက်ပြီး မြူခိုးတောင်ထိပ်မှ ကီလိုမီတာ တစ်ထောင်ခန့် ဝေးသောနေရာတွင် အကျယ် မီတာ (၁၀၀)၊ အနက် (၁၅) မီတာခန့်ရှိသော မြစ်တစ်စင်းကို တူးဖော်လိုက်လေ၏။

တစ်ချိန်တည်းမှာပင် ယဲ့ဖုန်းသည် ငှက်ပျောရွက်ယပ်တောင် အသေးစားကို ဝှေ့ယမ်းလိုက်ရာ မိုးသည်းထန်စွာ ရွာသွန်းလာတော့သည်။

တွင်းကြီးနှစ်တွင်းသည် ရေများဖြင့် လျင်မြန်စွာ ပြည့်သွားပြီး မြစ်ကြမ်းပြင်မှ တူးဖော်ရရှိသော ရွှံ့နွံများကို ယဲ့ဖုန်းက သူရဲကောင်း ဝိညာဉ်စွမ်းအင်ဖြင့် မ တင်လိုက်ကာ ကျောက်စရစ်ခဲများနှင့် ရောစပ်ပြီး တွင်းကြီးနှစ်တွင်းထဲသို့ တစ်လွှာပြီးတစ်လွှာ ဖိသိပ်ထည့်လိုက်လေတော့သည်။

“ဒေသထွက် ပစ္စည်းတွေကို သုံးပြီး တောင်ကြီးနှစ်လုံး ဖန်တီးလိုက်ပြီ...”

“အကြီးအကဲကုန်း ပြောတာ တကယ်ပါလား...”

ဒုတိယမျိုးဆက် တပည့်များသည် မြေကြီးထဲမှ မိုးမျှော်ထွက်လာသော တောင်ကြီးနှစ်လုံးကို ကြည့်ရင်း ပါးစပ်အဟောင်းသားဖြင့် ငေးမောနေမိကြလေ၏။

“ဂိုဏ်းချုပ်ယဲ့က တောင်တွေ ပုံဖော်နေပြန်ပြီ...”

နေဝင်ရီတရော အချိန် ဖြစ်သော်လည်း ရေပေါ်ဖြူမြို့တော်ရှိ လူများသည် ထိုလှုပ်ရှားမှုကို သတိထားမိကြပြီး အိမ်ခေါင်မိုးများပေါ်သို့ တက်ကာ မြူခိုးတောင်ထိပ်၏ မြောက်ဘက်အရပ်ဆီသို့ လှမ်းမျှော်ကြည့်ကြလေ၏။

နေ့ဝက်ပင် မကြာလိုက်သော အချိန်အတွင်းမှာပင် မီတာ (၇၀၀) ခန့် မြင့်မားသော သီးခြားတောင်ထိပ်ကြီး နှစ်ခုသည် မြေပြင်ပေါ်တွင် ထည်ဝါစွာ ပေါ်ပေါက်လာခဲ့တော့သတည်း။ ထိုတောင်ကြီးနှစ်လုံးစလုံးကို ယဲ့ဖုန်းက သူရဲကောင်း ဝိညာဉ်စွမ်းအင်ဖြင့် ကျစ်လျစ်ခိုင်မာအောင် ဖိသိပ်ထားပေသည်။

“ဒီတောင်ထိပ်နှစ်ခုက ပြောင်တလင်းခါနေတာပဲ... နောင်ကျမှ သစ်ပင်တွေ စိုက်ရမှာဆိုတော့ အသုံးပြုလို့ရဖို့ အချိန်အများကြီး လိုဦးမှာပေါ့နော်...”

ဟု မူစီစီက တီးတိုး ရေရွတ်လိုက်လေ၏။

ထိုအခါ၊ ကုန်းချင်းချိုသည် အသာအယာ ပြုံးလိုက်ပြီး ပြောလိုက်သည်။

“အခု ဆက်ဖြစ်လာမယ့် အရာကမှ တကယ့် အံ့ဖွယ်တန်ခိုးပဲ...”

ဒုတိယမျိုးဆက် တပည့်များသည် နားမလည်နိုင် ဖြစ်နေကြ၏။

နောက်တစ်ခဏတွင် ယဲ့ဖုန်းသည် မြေသားတောင်ကြီး တစ်လုံး၏ ထိပ်ပေါ်သို့ ရောက်ရှိသွားလေ၏။

သူသည် လက်ကို ဆန့်ထုတ်လိုက်ပြီး အလင်းလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။

“ကမ္ဘာငယ် ပြုပြင်ပြောင်းလဲခြင်း... အသက်သွင်းစမ်း...”

သူ၏ အသံဆုံးသည်နှင့် တပြိုင်နက် အလင်းလုံးသည် ကွဲကြေသွားပြီး အလင်းရောင်များ ဖြာကျလာကာ အောက်ဘက်ရှိ တောင်ကြီးကို လွှမ်းခြုံသွားလေ၏။ ချက်ချင်းဆိုသလိုပင် အသက်ဓာတ်များ ပြည့်လျှံလာပြီး မရေမတွက်နိုင်သော မျိုးစေ့များနှင့် သစ်ပင်အညှောင့်များသည် လျင်မြန်စွာ ကြီးထွားလာကြရာ မျက်စိတစ်မှိတ် အတွင်းမှာပင် တောင်တစ်တောင်လုံးသည် စိမ်းလန်းစိုပြည်သွားတော့သည်။

“ဝူး…”

ကြီးမားသော ဝိညာဉ်စွမ်းအင် ဝဲကတော့ကြီး တစ်ခုသည် တောင်ထိပ်အထက် မီတာ (၁၀၀) ခန့်တွင် တဖြည်းဖြည်း ဖြစ်ပေါ်လာလေ၏။

“လက်ဗလာသက်သက်နဲ့ ဝိညာဉ်သွေးကြော အသေးစားကို ဖန်တီးလိုက်တာလား... ဂိုဏ်းချုပ်က တကယ်ကို နှယ်နှယ်ရရ မဟုတ်ဘူးပဲ...”

ကုန်းချင်းချိုသည် ဝဲကတော့ကြီး၏ အရွယ်အစားနှင့် ထူထဲသော ဝိညာဉ်စွမ်းအင်ကို ခံစားကြည့်ပြီး ဝိညာဉ်သွေးကြော၏ အဆင့်အတန်းကို ခန့်မှန်းလိုက်လေ၏။

“ဝိ... ဝိညာဉ်သွေးကြော...”

ဒုတိယမျိုးဆက် တပည့်များသည် ဆွံ့အသွားကြလေ၏။

ထိုအခါ၊ သူတို့ဘေးရှိ ရှီလေ့က ရယ်မောလိုက်ပြီး ပြောလိုက်သည်။

“ဂျူနီယာညီလေးတို့ရေ... အရမ်းကြီး အံ့သြမနေကြပါနဲ့... သူများတွေအတွက်တော့ ဒါက အိပ်မက်သက်သက် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဂိုဏ်းချုပ်အတွက်ကတော့ ထမင်းစားရေသောက်လောက်ပဲ ရှိတာပါ...”

ကောင်းကင်ယံထက်၌...

“ဒါက ဝိညာဉ်သွေးကြော အသေးစားလေးပဲ... မထင်မှတ်ထားတဲ့ ပျော်ရွှင်စရာပါလား... ဒီနေ့ကစပြီး ဒီတောင်ကို ‘နတ်ဆိုးသားရဲတောင်ထိပ်’ လို့ အမည်ပေးလိုက်မယ်...”

ထိုသို့ ပြောပြီးနောက် ယဲ့ဖုန်းသည် အခြားသော တောင်ပြောင်ကြီးဆီသို့ သွားရောက်ကာ နောက်ဆုံးကျန်ရှိသော အလင်းလုံးကို ချေမွလိုက်လေ၏။ အလင်းရောင်များသည် မျိုးစေ့များ၊ အညှောင့်များနှင့်အတူ ဖြာကျလာပြီး အောက်ဘက်ရှိ တောင်ကြီးကို စိမ်းလန်းသော တောင်ကုန်းအဖြစ် ပြောင်းလဲပေးလိုက်လေ၏။

သို့သော် ဤတောင်တွင်မူ မူလအဆင့် ဝိညာဉ်သွေးကြော သာ ပေါ်ထွန်းလာခဲ့သည်။

“မူလအဆင့် ဝိညာဉ်သွေးကြောပဲ ရှိတဲ့ ဒီတောင်ကိုတော့ ‘ကျင့်ကြံရေးတောင်ထိပ်’ လို့ နာမည်ပေးလိုက်မယ်...”

ယဲ့ဖုန်းသည် ဆုံးဖြတ်ချက် ချလိုက်လေ၏။

ထို့နောက် သူသည် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ရာ ဘယ်ဘက်လက်တွင် စတုရန်းပုံစံ စင်မြင့်တစ်ခုနှင့် ညာဘက်လက်တွင် အစိမ်းရောင် (၇) ထပ် မျှော်စင်တစ်ခု ပေါ်လာလေ၏။

ယင်းတို့မှာ နတ်ဆိုးသားရဲစင်မြင့်နှင့် ကျင့်ကြံရေးမျှော်စင်တို့ပင် ဖြစ်ချေသည်။

“ကြီးထွားမယ်.. ဖြစ်တည်စေ...”

ယဲ့ဖုန်းသည် လက်နှစ်ဖက်ကို ပြိုင်တူ ပစ်လွှတ်လိုက်ရာ နတ်ဆိုးသားရဲစင်မြင့်နှင့် ကျင့်ကြံရေးမျှော်စင်တို့သည် ချက်ချင်းပင် ကြီးထွားလာကြလေ၏။

ပထမတစ်ခုသည် (၈၀) မီတာ ပတ်လည်၊ အမြင့် (၉၀) မီတာခန့် ရှိသော ကျောက်စင်မြင့်ကြီးအဖြစ် ပြောင်းလဲသွားပြီး နတ်ဆိုးသားရဲတောင်ထိပ်၏ ထိပ်ဖျားတွင် နေရာတကျ တည်ရှိသွားလေ၏။ ထိုစင်မြင့်ထက်တွင် ရပ်လိုက်ပါက လောက၏ ထူထဲသော ဝိညာဉ်စွမ်းအင်ကို လွယ်ကူစွာ ရှူရှိုက်နိုင်မည် ဖြစ်ရာ နတ်ဆိုးသားရဲများ ကျင့်ကြံရန် အကောင်းဆုံး နေရာတစ်ခု ဖြစ်ပေသည်။

ဒုတိယတစ်ခုမှာမူ ကျင့်ကြံရေးတောင်ထိပ်၏ ထိပ်ဖျားတွင် (၇၀) မီတာ မြင့်မားသော မျှော်စင်ကြီးအဖြစ် ပြောင်းလဲသွားလေ၏။

စင်မြင့်တစ်ခုနှင့် မျှော်စင်တစ်ခု... တစ်ခုစီသည် နတ်ဆိုးသားရဲများနှင့် ဂိုဏ်းသားများ ကျင့်ကြံရန်အတွက် အသီးသီး အကျိုးပြုပေလိမ့်မည်။

“အဲဒီ အရာနှစ်ခုက ဘာတွေလဲ...”

ဒုတိယမျိုးဆက် တပည့်များသည် ထိတ်လန့်လွန်းသဖြင့် ထုံထိုင်းနေကြပြီ ဖြစ်ရာ နတ်ဆိုးသားရဲစင်မြင့်နှင့် ကျင့်ကြံရေးမျှော်စင်ကို မျက်လုံးအပြူးသားဖြင့် လက်ညှိုးထိုးကာ စိတ်ထဲရှိ မေးခွန်းကို ထုတ်ဖော်မေးမြန်းလိုက်ကြလေ၏။

“ငါ... ငါလည်း မသိဘူးဟ...”

ရှီလေ့တစ်ယောက်လည်း ဘာပြောရမှန်းမသိ ဖြစ်နေတော့၏။

အခန်း (၃၁၂) မြူခိုးဂိုဏ်း၏ အသွင်ကူးပြောင်းမှုနှင့် မျှော်စင်စိန်ခေါ်ပွဲ

~ဒုတိယမျိုးဆက် တပည့်များခမျာ ခေါင်းများ မူးဝေဝေဖြစ်ကာ မှင်သက်နေမိကြတော့သည်။

နတ်ဆိုးသားရဲစင်မြင့်နှင့် ကျင့်ကြံရေးမျှော်စင်ကဲ့သို့သော ဧရာမ ဝိညာဉ်လက်နက်ကြီးများကို သူတို့ တစ်ခါဖူးမျှ မမြင်စဖူးကြပေ။ ထိုအရာကြီး နှစ်ခုသည် ကိုယ်ပိုင် ဝိညာဉ်သွေးကြောများ ရှိသော သီးခြား တောင်ထိပ်များပေါ်တွင် နေရာယူထားကြခြင်း ဖြစ်လေ၏။

ကုန်းချင်းချိုနှင့် ပထမမျိုးဆက် ဂိုဏ်းသားများလည်း အံ့အားသင့်နေကြရ၏။

မြူခိုးဂိုဏ်းတွင် နေထိုင်လာသည်မှာ ကြာပြီ ဖြစ်သော်လည်း ဂိုဏ်းချုပ် ယဲ့ဖုန်းက ဤပစ္စည်းနှစ်ခုကို ထုတ်ယူလိုက်သည်ကို တစ်ခါမှ မမြင်ဖူးခဲ့ကြရာ သူတို့၏ သိချင်စိတ်သည်လည်း ဒုတိယမျိုးဆက် တပည့်များနှင့် မထူးမခြားနားပင် ဖြစ်နေတော့သည်။

“လောင်ဆု... ဆက်လုပ်ပါ...”

ယဲ့ဖုန်းသည် နတ်ဆိုးသားရဲစင်မြင့်နှင့် ကျင့်ကြံရေးမျှော်စင်ကို ကျေနပ်အားရစွာ ကြည့်ရှုပြီးနောက် လက်ခုပ်တီးကာ နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီးကို နောက်ထပ် အလုပ်တစ်ခု ထပ်ပေးလိုက်လေ၏။

“စိတ်ချပါ...”

နှစ်တစ်ထောင် ထင်းရှူးပင်အိုကြီးသည် မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်လေ၏။

၎င်းသည် စိမ်းလန်းသော နွယ်ပင်ပေါင်းများစွာကို ဝှေ့ယမ်းလိုက်ပြီး ယခင်က တူးဖော်ထားသော မြစ်ကြောင်းများကို ရှင်းလင်းကာ စီးဆင်းနေသော မြစ်မကြီးနှင့် မြူခိုးတောင်ထိပ် တောင်ဘက်ရှိ မြစ်ရေတို့ကို ဆက်သွယ်ပေးလိုက်လေ၏။ မိုင် (၂၀) ကျော် ရှည်လျားသော မြစ်ဝိုင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး မြူခိုးဂိုဏ်း တည်ရှိရာ တောင် (၄) လုံးကို မိုင်အတော်ကြာသည့်အထိ လွှမ်းခြုံထားသော ကျွန်းကြီးတစ်ကျွန်းသဖွယ် ဝန်းရံလိုက်တော့သည်။

ဤသို့ဖြင့် ယဲ့ဖုန်း၏ နယ်မြေပြုပြင်ပြောင်းလဲရေး စီမံကိန်းသည် အခြေခံအားဖြင့် ပြီးပြည့်စုံသွားခဲ့ပြီ ဖြစ်ချေသည်။

တောင် (၄) လုံးကို ဝန်းရံထားသော ရေကန်ကြီးနှင့် မြူခိုးဂိုဏ်းကို ပတ်ခွေထားသော လူလုပ်တူးမြောင်းကြီးကို ကြည့်ရှုရင်း ယဲ့ဖုန်းသည် အလွန်အမင်း စိတ်လက်ကြည်သာ နေလေ၏။

“ဒီနေ့ကစပြီး ဒီတူးမြောင်းဝိုင်းကြီးအတွင်းက နေရာဟာ ငါတို့ မြူခိုးဂိုဏ်းရဲ့ ဗဟိုအချက်အချာ နယ်မြေပဲ...”

ယဲ့ဖုန်းသည် လှပသော ရှုခင်းကို ကြည့်ကာ ကြွေးကြော်လိုက်လေ၏။

ကြယ်အဆင့်ဂိုဏ်းတစ်ခု၏ နယ်မြေသည် မိုင် (၂၀၀) မှ (၃၀၀) အထိ ကျယ်ဝန်းတတ်ပေသည်။

ရေပေါ်ဖြူမြို့တော် တစ်ခုလုံး အပါအဝင် အဝေးမှ ရောင်စုံငါးသွယ်မြို့တော်၊ မီးရှူးတိုင်မြို့တော်၊ နန်လုတောင်တန်း၏ အစိတ်အပိုင်း အများစု၊ ယွင်ရှောင် တောအုပ်ကြီး၏ တစ်စိတ်တစ်ဒေသနှင့် ဖူယွင်တောအုပ်ကြီး တစ်ခုလုံးသည် တင်းကြပ်စွာ ပြောရလျှင် မြူခိုးဂိုဏ်း၏ အုပ်ချုပ်မှုနယ်မြေအောက်တွင် ရှိနေပြီ ဖြစ်သည်။

ထို့ကြောင့် ဤတူးမြောင်းဖြင့် ဝန်းရံထားသော နေရာသည် ဂိုဏ်း၏ အသည်းနှလုံး ဖြစ်ပေသည်။

*

လင်းရွာကလေးဝယ်..

ရွာသားများသည် အသစ်ပေါ်ထွက်လာသော တောင်ကြီးနှစ်လုံးကို မြင်လိုက်ရသောအခါ အံ့ဩမှင်သက်ကာ ဆွံ့အသွားကြလေ၏။

(ယုံကြည်မှုစွမ်းအား +၇၃၂)

ယဲ့ဖုန်းသည် စနစ်၏ အသိပေးချက်ကို လက်ခံရရှိလိုက်ပြီး ဘေးဘီဝဲယာကို ကြည့်ရှုလိုက်ရာ လင်းရွာသားများနှင့် ရေပေါ်ဖြူမြို့တော်ရှိ လူထုထံမှ ရရှိသော ယုံကြည်မှုစွမ်းအားများ ဖြစ်မည်ဟု ကောက်ချက်ချလိုက်မိသည်။

“ဝေါ...”

မြူခိုးတောင်ထိပ်မှ အစ်ကိုကြီး ခေါင်းပြား၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံသည် ဟိန်းထွက်လာလေ၏။

သူသည် မြေခွေးဖြူလေး၊ ရေပေါ်ဖြူ အင်မော်တယ် (၅) ပါးနှင့် အခြားသော ဂိုဏ်းစောင့် နတ်ဆိုးသားရဲများကို ခေါ်ဆောင်ကာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး ဧရာမ နတ်ဆိုးသားရဲစင်မြင့်ကြီးပေါ်သို့ ဆင်းသက်လိုက်ကြကာ ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြတော့သည်။

“ဝေါ... ဒီမှာ လှဲနေရုံနဲ့တင် ငါ့ရဲ့ ကျင့်ကြံဆင့်က တက်လာမယ့်အတိုင်းပဲဟ...”

မြေခွေးတာ့ဟုန်သည် ရေလည်နေသော မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်လုပ်ရင်း ပြောလိုက်သည်။ သူမသည် မြေခွေးဖြူလေး၊ ခွေးအားဟာ၊ ဝက်စန်းဖန်၊ ဖားစစ်ချူ၊ ဖရုံသီးဝူကွားနှင့် အခြားသော နတ်ဆိုးသားရဲများနှင့်အတူ လက်ချင်းချိတ်ကာ စက်ဝိုင်းသဏ္ဌာန် ဖွဲ့စည်းပြီး အစ်ကိုကြီး ခေါင်းပြားကို ဝိုင်းရံလျက် ခုန်ဆွခုန်ဆွ လုပ်နေ၏။

“ဝေါ...”

အစ်ကိုကြီး ခေါင်းပြားသည် မတ်တတ်ရပ်လိုက်ပြီး နတ်ဆိုးသားရဲစင်မြင့်၏ ထိပ်ဆုံးအဆင့် အလယ်ဗဟိုတွင် နေရာယူလိုက်သည်။ ဤနေရာရှိ ဝိညာဉ်စွမ်းအင်သည် အလွန်သိပ်သည်းပြီး နူးညံ့သိမ်မွေ့သော အသက်ရှူသံမျိုး ထွက်ပေါ်နေသည်ကို တွေ့ရှိလိုက်ရသဖြင့် သူသည် ချက်ချင်းပင် လှဲချလိုက်ကာ အိပ်ပျော်သွားတော့သည်။

“ဒီတောင်ကို နတ်ဆိုးသားရဲတောင်ထိပ်... ဒီကျောက်စင်မြင့်ကို နတ်ဆိုးသားရဲစင်မြင့်လို့ ခေါ်တွင်စေ... ဒီနေ့ကစပြီး ဒီနေရာဟာ မင်းတို့ ဂိုဏ်းစောင့် နတ်ဆိုးသားရဲတွေရဲ့ နယ်မြေပဲ...”

ယဲ့ဖုန်း၏ ကြည်လင်ပြတ်သားသော အသံသည် မြူခိုးဂိုဏ်း၏ တောင်ကြီး (၄) လုံးကြားတွင် ပဲ့တင်ထပ်သွားလေ၏။

“နတ်ဆိုးသားရဲတောင်ထိပ်... နတ်ဆိုးသားရဲစင်မြင့်...”

ဂိုဏ်းသားများသည် ထိုအမည်များကို တီးတိုး ရေရွတ်လိုက်ကြပြီး ကျောက်စင်မြင့်၏ အမည်ကို အတည်ပြု မှတ်သားလိုက်ကြလေသည်။

ကုန်းချင်းချိုသည် နတ်ဆိုးသားရဲစင်မြင့်ပေါ်သို့ ပျံသန်းရောက်ရှိလာပြီး မီတာရာချီ ဝေးကွာသော နေရာရှိ ကျင့်ကြံရေးမျှော်စင်ကို လက်ညှိုးထိုးပြကာ မေးမြန်းလိုက်၏။

“ဂိုဏ်းချုပ်... ဟိုဘက်က မျှော်စင်ကရော ဘာအတွက် သုံးတာလဲဟင်...”

“အဲဒါက ကျင့်ကြံရေးမျှော်စင်ပဲ...”

ယဲ့ဖုန်း၏ အသံသည် လေထုထဲတွင် ပျံ့လွင့်သွားလေသည်။

ပထမမျိုးဆက်ရော ဒုတိယမျိုးဆက် ဂိုဏ်းသားများပါ ထိုအသံကို ရှင်းလင်းပြတ်သားစွာ ကြားလိုက်ကြရ၏။

ယဲ့ဖုန်းက ဆက်လက် မိတ်ဆက်ပေးလိုက်သည်။

“ကျင့်ကြံရေးမျှော်စင် ဆိုတာက (၇) ထပ် ပါဝင်တဲ့ အဆင့်မြင့် မျှော်စင်တစ်ခုပဲ... ဒုတိယထပ်ကစပြီး ဆွဲငင်အားနယ်မြေ၊ ဉာဏ်အလင်းပွင့်နယ်မြေ၊ တိုက်ခိုက်ရေးနယ်မြေ၊ စိတ်ကူးယဉ်ကမ္ဘာနယ်မြေနဲ့ အခွင့်အရေးနယ်မြေ ဆိုပြီး နယ်ပယ် (၅) ခု ပါဝင်တယ်... ဂိုဏ်းသားတွေ ဝင်ရောက်စမ်းသပ်ပြီး လေ့ကျင့်ဖို့ သီးသန့် ဖန်တီးထားတာ...”

“ဒါကြောင့် ကျင့်ကြံရေးမျှော်စင်လို့ ခေါ်တာကိုး...”

လုံထျန်းရှင်းသည် သဘောပေါက်သွားပြီး ချင်းဖုန်းဓားပျံကို စီးနင်းကာ မျှော်စင်အောက်သို့ ပထမဆုံး ရောက်ရှိသွားလေ၏။

“ဂိုဏ်းချုပ်... ကျွန်တော်တို့ အခုပဲ မျှော်စင်ကို စမ်းသပ်ဝင်ရောက်လို့ ရမလားခင်ဗျာ...”

ရှီလေ့သည် ယဲ့ဖုန်းကို လက်သီးဆုပ် ဂါရဝပြုပြီး ယဉ်ကျေးစွာ ခွင့်တောင်းလိုက်လေ၏။

“ရတာပေါ့... ပထမမျိုးဆက်ဖြစ်ဖြစ်၊ ဒုတိယမျိုးဆက်ဖြစ်ဖြစ်... လိုအပ်မယ်ဆိုရင် ကျင့်ကြံရေးမျှော်စင်ကို သွားပြီး လေ့ကျင့်လို့ ရတယ်...”

ယဲ့ဖုန်းက ခွင့်ပြုလိုက်၏။

“ကျွန်မတို့လည်း သွားလို့ ရတယ်တဲ့လား...”

ဒုတိယမျိုးဆက် တပည့်များသည် စိတ်လှုပ်ရှားသွားကြတော့သည်။

သူတို့သည် မိမိတို့၏ အခန်းများကို အလျင်အမြန် ရှာဖွေပြီး အိတ်ကြီးအိတ်ငယ်များကို သိမ်းဆည်းကာ အဆောက်အအုံပေါ်တွင် ရပ်လျက် မီတာတစ်ထောင်ခန့် ဝေးကွာသော ကျင့်ကြံရေးမျှော်စင်ကို မျှော်လင့်တကြီး လှမ်းကြည့်လိုက်ကြလေ၏။

ထိုအခါ၊ ရွှီတာလေ့သည် သူ့ဘေးရှိ ဒုတိယမျိုးဆက် တပည့်များကို သတိပေး ပြောကြားလာသည်။

“ဂျူနီယာညီလေး၊ ဂျူနီယာညီမလေးတို့... ငါတို့က တရားဝင် လေ့ကျင့်မှုတောင် မစရသေးဘူး... ပျံလည်း မပျံနိုင်သေးဘူးလေ... ကျင့်ကြံရေးတောင်ထိပ်ကို ရောက်ဖို့ တောင်တွေ လျှိုမြောင်တွေ ဖြတ်ကျော်ရမှာ အတော် ခက်ခဲလိမ့်မယ်... ဒါကြောင့် မြေပြင်ပေါ်မှာပဲ အရင်ဆုံး တည်ငြိမ်အောင် ကျင့်ကြံကြတာ ပိုကောင်းမယ်... ကျင့်ကြံဆင့် လုံလောက်မှ ဟိုဘက်ကို သွားကြတာပေါ့...”

ဒုတိယမျိုးဆက် တပည့်များထဲတွင် သူ၏ ကျင့်ကြံဆင့်နှင့် ပါရမီသည် မူစီစီ..ပြီးလျှင် ဒုတိယ လိုက်သဖြင့် သူသည် ဒုတိယမျိုးဆက်များ၏ စီနီယာအစ်ကိုကြီး ဖြစ်လာခဲ့ခြင်းပါ။

သူ၏ စကားသည် အခြားသော ဒုတိယမျိုးဆက် တပည့်များ၏ စိတ်ထဲတွင် လျင်မြန်စွာ ပဲ့တင်ထပ်သွားလေ၏။

“ရွှီတာလေ့ ပြောတာ မှန်တယ်... မင်းတို့က ဂိုဏ်းကို အခုမှ ဝင်ခါစ ရှိသေးတာ... အရမ်းကြီး အမြင့်ကို မမှန်းနဲ့ဦး... မနက်ဖြန်ကစပြီး ဒီအကြီးအကဲက မင်းတို့ကို ဘယ်လို ကျင့်ကြံရမလဲ ဆိုတာ ကိုယ်တိုင် သင်ကြားပေးမယ်...”

ကုန်းချင်းချိုသည် မြူခိုးတောင်ထိပ်သို့ ပြန်လာပြီး ဒုတိယမျိုးဆက် တပည့်များကို ပြောကြားလိုက်လေ၏။

“ဟုတ်ကဲ့ပါ...”

အားလုံးက ဦးညွှတ်ကာ သံပြိုင် ပြန်ဖြေလိုက်ကြ၏။

...

ကျင့်ကြံရေးမျှော်စင်၏ အောက်ခြေတွင်...၊

ပထမမျိုးဆက် ဂိုဏ်းသားအားလုံး စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။

မြူခိုးဂိုဏ်းသို့ ဝင်ရောက်ပြီးနောက်ပိုင်းတွင် မူလက ကျင့်ကြံဆင့် အနိမ့်ဆုံးဖြစ်သော ယွီဆုနှင့် ယွီဝေတို့သည်ပင် ဆေးလုံးများ၏ အကူအညီဖြင့် ချီစုစည်းခြင်း ပဉ္စမအဆင့်သို့ ချိုးဖောက် ဝင်ရောက်နိုင်ခဲ့ကြပြီး ‘ပန်းပွင့်ကြွေ မိုးစက်များ’ သိုင်းကွက်ကိုလည်း အဆင့်ငယ် အောင်မြင်မှုအထိ တတ်မြောက်ထားကြပြီ ဖြစ်ပါ၏။

“ဒါက ကျင့်ကြံရေးမျှော်စင်လား...”

“ဝင်ကြည့်ကြရအောင်...”

စီနီယာအစ်ကိုကြီး ရှီလေ့သည် ရှေ့ဆုံးမှ ဦးဆောင်ဝင်ရောက်လိုက်လေ၏။

လုံထျန်းရှင်း၊ မိုယင်၊ ဟိုယွင်ကျဲနှင့် အခြားသူများကလည်း ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။

ကျင့်ကြံရေးမျှော်စင် ပထမထပ်...

“အတွင်းပိုင်းက ကမ္ဘာငယ်လေး တစ်ခု ဖြစ်နေတာပဲ... နေရာလပ်က ကျယ်လိုက်တာ...”

စောင့်ကြည့်လေ့လာမှု အားအကောင်းဆုံးဖြစ်သော လုံထျန်းရှင်းသည် မျှော်စင်ပထမထပ်သို့ ဝင်ရောက်သည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ကို စတင် လေ့လာတော့သည်။

ပထမထပ်သည် အတော်ပင် ကျယ်ဝန်းလှပေသည်။

ဤနေရာသည် အချင်း မီတာ (၃၀၀)၊ အမြင့် မီတာ (၁၀၀) ခန့်ရှိသော အတွင်းပိုင်း နေရာလပ်တစ်ခု ဖြစ်လေ၏။

ကျင့်ကြံရေးတောင်ထိပ် အောက်ခြေရှိ ဝိညာဉ်သွေးကြောမှ ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်ရန်အတွက် ဤနေရာတွင် ဝိညာဉ်စုစည်းခြင်း ဝင်္ကပါ တစ်ခုကို တပ်ဆင်ထားရာ ဝိညာဉ်စွမ်းအင် သိပ်သည်းဆသည် အပြင်ဘက်ရှိ မူလအဆင့် ဝိညာဉ်သွေးကြောထက် နှစ်ဆပိုများနေလေ၏။

“ပထမထပ်က ကျင့်ကြံဖို့အတွက် အရမ်း သင့်တော်တာပဲ... မျှော်စင်ပေါ် မတက်ဘဲ ပထမထပ်မှာပဲ နေရင်တောင် ငါတို့ အများကြီး တိုးတက်လာနိုင်တယ်...”

ဟု ရှီလေ့သည် သူ့အမြင်ကို ထုတ်ဖော်ပြောဆိုလိုက်လေ၏။

ထိုအခါ၊ လုံထျန်းရှင်းက အကြံပြုလိုက်၏။

“စီနီယာအစ်ကိုကြီး... ဒုတိယထပ်ကို ဆက်သွားကြရအောင်ဗျ...”

အားလုံးသည် တွေဝေမနေကြဘဲ ပထမထပ်၏ အလယ်ဗဟိုရှိ ဝက်အူရစ် လှေကားမှတစ်ဆင့် ဒုတိယထပ်သို့ တက်လှမ်းလိုက်ကြလေသည်။

“ဒုတိယထပ်ကလည်း ပထမထပ်နဲ့ အရွယ်အစား တူတူလောက်ပဲ... ဘာမှ ထူးခြားပုံ မရဘူး...”

လုံထျန်းရှင်းက တီးတိုး ရေရွတ်လိုက်လေ၏။

“အပြင်ပန်းကို ကြည့်ပြီး အလိမ်မခံနဲ့...”

ဟု မိုယင်က တုံ့ပြန်လိုက်၏။

ထို့နောက် သူမသည် ရှေ့သို့တိုးကာ ဒုတိယထပ်၏ ကြမ်းပြင်ပေါ်သို့ ခြေချလိုက်လေ၏။

“ဒုန်း…”

သူမ၏ ကျောပေါ်တွင် ပေါင်တစ်ထောင်ခန့် လေးသော အရာ တစ်ခုကို ထမ်းထားရသကဲ့သို့ မာန်ပါသော အသံတစ်သံ ထွက်ပေါ်လာပြီး မိုယင်၏ ကိုယ်ခန္ဓာမှာ.. ကွေးညွတ်သွားကာ တစ်ကိုယ်လုံး တုန်ယင်သွားရသည်။

“ဆယ်ဆ ဆွဲငင်အား...”

မိုယင်သည် သွားကိုတင်းတင်းစည်းကာ လေးလံသော လေသံဖြင့် ပြောလိုက်လေ၏။

“အားလုံး သတိထားကြ... ဆယ်ဆ ဆွဲငင်အားက အချဉ် မဟုတ်ဘူး...”

“ကောင်းပါပြီ...”

အခြားသူများက ခေါင်းညိတ် ထောက်ခံလိုက်ကြ၏။

“အား...”

လုံထျန်းရှင်းသည် လှေကားပေါ်တွင် နဂါးအသွင် ပြောင်းလဲလိုက်ပြီးနောက် ဒုတိယထပ်ရှိ ဆွဲငင်အားနယ်မြေ အတွင်းသို့ ခုန်ဝင်လိုက်ကာ ဆယ်ဆသော ဆွဲငင်အားကို ကြံ့ကြံ့ခံလိုက်လေ၏။

“ဂျွတ်…”

သူ၏ အရိုးများထံမှ ကျွတ်ဆတ်သော အသံများ ထွက်ပေါ်လာလေ၏။

၎င်းသည် အရိုးကျိုးသွားသော အသံမဟုတ်ဘဲ ပြင်းထန်သော ဖိအားကြောင့် ပွတ်တိုက်မိသော အသံသာ ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွားပြီး တောင့်မခံနိုင်တော့သလို ဖြစ်သွားရသည်။

“ဒါက ဆွဲငင်အားနယ်မြေ ကိုး... ငါ့ရဲ့ ကျင့်ကြံခြင်းအတွက် အတော်ပဲ...”

ချောင်ကျားရှီးသည်လည်း ဒုတိယထပ်သို့ ခုန်ဝင်လိုက်လေသည်။ ကိုယ်ခန္ဓာကျင့်ကြံသူ တစ်ယောက်အနေဖြင့် ရေတံခွန်အောက်တွင် ဒဏ်ခံခြင်း၊ ချပ်ဝတ် အစောင့်အရှောက်များနှင့် အထုအထောင်းခံခြင်းတို့ကို နေ့စဉ် ပြုလုပ်နေသူ ဖြစ်ရာ သူ့တွင် ခံနိုင်ရည်စွမ်းအား ကြီးမားပါ၏။

“လေးလိုက်တာ...”

အခြားသူများသည်လည်း ဒုတိယထပ်သို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာကြရာ ကြီးမားသော ဖိအားကို ခံစားလိုက်ကြရသည်။

သူတို့ တောင့်ခံထားသော အချိန်တိုင်းတွင် ဝိညာဉ်စွမ်းအင် ကုန်ဆုံးမှုနှုန်းသည် တစ်ရှိန်ထိုး မြင့်တက်လာပြီး မကြာမီမှာပင် သူတို့၏ ချီပင်လယ်များ ခမ်းခြောက်လာသလို ခံစားလိုက်ကြရသည်။

ဘုန်း...

ကျင့်ကြံဆင့် အနိမ့်ဆုံးဖြစ်သော ဝမ်ဖင်းအန်းသည် ဝိညာဉ်စွမ်းအင် အရင်ဆုံး ကုန်ခမ်းသွားသည်။ သူက ကြမ်းပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားကာ မမြင်ရသော စွမ်းအား တစ်ခု၏ တွန်းထုတ်မှုကြောင့် ဝက်အူရစ် လှေကားအတိုင်း ပထမထပ်သို့ လျှောကျသွားတော့၏။

“မောလိုက်တာဗျာ...”

ဝမ်ဖင်းအန်းသည် သူ၏ အမည်းရောင် ဒယ်အိုးကြီးကို ဖက်ကာ တစ်ကိုယ်လုံး နေမထိထိုင်မသာ ဖြစ်နေရှာလေ၏။

ဘုန်း... ဘုန်း...

အင်အားကုန်ခမ်းသွားသော ယွီဆုနှင့် ယွီဝေတို့သည်လည်း ပထမထပ်သို့ ပြုတ်ကျလာကြသည်။

သူတို့နောက်တွင် အိုးယန်ဖုန်းနှင့် အိုးယန်ယွီ မောင်နှမနှစ်ယောက်လည်း ပါလာကြ၏။

“နေပါဦး... ဒီဆွဲငင်အားနယ်မြေရဲ့ ရည်ရွယ်ချက်က ဘာလဲဟ...”

မြင်းစီးဟန်ကွက် ဖြင့် ရပ်ကာ ဆယ်ဆ ဆွဲငင်အားကို ကြံ့ကြံ့ခံနေသော လုံထျန်းရှင်းသည် မနေနိုင်တော့ဘဲ ထုတ်ဖော်မေးမြန်းလိုက်ရာ ရှိသမျှလူအားလုံး၏ အာရုံသည် သူ၏ မေးခွန်းအပေါ်သို့ ရောက်ရှိသွားကြတော့သည်။

All Chapters