← Chapters

အခန်း (၃၁၃-၃၁၅)

Vol. 21 Ch. 313-315

အခန်း (၃၁၃-၃၁၅)

Vol. 21 Ch. 313-315

အခန်း (၃၁၃) ဆွဲငင်အားနယ်မြေ၏ အံ့ဖွယ်ရာနှင့် နယ်မြေ (၁၀) ခု

~“ကျင့်ကြံဆင့်ကွ... ကျင့်ကြံဆင့်...”

ကျင့်ကြံရေးမျှော်စင်၏ ပထမထပ်မှ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သော အသံသည် ဝမ်ဖင်းအန်း၏ အသံ ဖြစ်ချေသည်။

“ကျင့်ကြံဆင့် ဟုတ်လား... ဘာကို ဆိုလိုတာလဲ...”

သွားကို တင်းတင်းစည်းကာ ဆယ်ဆသော ဆွဲငင်အားကို ကြံ့ကြံ့ခံနေသော လုံထျန်းရှင်းသည် ထိုအသံကို ကြားလိုက်သောအခါ ကျင့်ကြံရေးမျှော်စင် ပထမထပ်ရှိရာသို့ လှမ်းအော်မေးလိုက်လေ၏။

“ရပ်တန့်နေတဲ့ ကျင့်ကြံဆင့် ပိတ်ဆို့မှု ပွင့်သွားပြီဟေ့...”

ဝမ်ဖင်းအန်း၏ အသံသည် နောက်တစ်ကြိမ် ထွက်ပေါ်လာရာ ပထမမျိုးဆက် ဂိုဏ်းသားအားလုံး၏ အာရုံသည် ထိုအသံပေါ်သို့ ရောက်ရှိသွားကြတော့သည်။

“ငါ သဘောပေါက်ပြီ...”

ကျီဇီလင်းသည် အရင်ဆုံး ရိပ်မိသွားသူ ဖြစ်သည်။

“ငါတို့ အခုရောက်နေတာ ဆွဲငင်အားနယ်မြေလေ... ဒီနေရာမှာ အဓိက လေ့ကျင့်ပေးတာက ရုပ်ပိုင်းဆိုင်ရာ ခွန်အားပဲ... ဒါပေမဲ့ ငါတို့ အများစုက ကိုယ်ခန္ဓာကျင့်ကြံသူတွေ မဟုတ်ကြတော့ ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့ ဝိညာဉ်စွမ်းအင်ကို အသုံးပြုရတယ်...”

“ဝိညာဉ်စွမ်းအင် ကုန်ဆုံးမှုက အရမ်းမြန်တော့ ငါတို့အနေနဲ့ မရပ်မနား တိုက်ခိုက်နေရသလို ဖြစ်နေတာပေါ့... အဲဒီလို ဝိညာဉ်စွမ်းအင်ကို အရှိန်အဟုန်နဲ့ သုံးစွဲနေရခြင်းက ငါတို့ရဲ့ သွေးကြောတွေကို သန်မာစေတာပဲ...”

“ဒါက ကျင့်ကြံခြင်းကို အရှိန်မြှင့်ပေးနေတာနဲ့ တူတူပဲဟ...”

“ဒါပေမဲ့ ဒီနည်းလမ်းက အရမ်းကြမ်းတမ်းတယ်... ခန္ဓာကိုယ်ကို အကြီးအကျယ် ထိခိုက်စေနိုင်တယ်... လေ့ကျင့်ပြီးတာနဲ့ ချက်ချင်း ကုသမှု မလုပ်နိုင်ရင် အခြေခံအုတ်မြစ်ကို ထိခိုက်သွားနိုင်တယ်...”

ထိုစကားကို ကြားသောအခါ ဂိုဏ်းသားအားလုံး သဘောပေါက်သွားကြလေ၏။

ဖိအားကို အံတုနေသော နို့ထိန်း ယန်ရူယွီသည် နွေဦးလေညှင်းကဲ့သို့ နူးညံ့ချိုမြိန်သော အပြုံးတစ်ခုကို ရုတ်တရက် ထုတ်ဖော်လိုက်ပြီး ပြောလေ၏။

“ဒဏ်ရာကုသဖို့လား... ကျွန်မကိုသာ လွှဲလိုက်...”

‘ဟုတ်သားပဲ...

ငါတို့ဆီမှာ နို့ထိန်း ရှိတာပဲ…’

ဂိုဏ်းသားအားလုံး၏ မျက်လုံးများသည် ကျင့်ကြံခြင်းကို အရှိန်မြှင့်တင်နိုင်တော့မည့် မျှော်လင့်ချက်ကြောင့် အရောင်တလက်လက် တောက်ပသွားကြလေ၏။

“ဒါက ကျင့်ကြံရေးမျှော်စင်ရဲ့ ဆွဲငင်အားနယ်မြေမှာ ရှိနေရခြင်း ရည်ရွယ်ချက် အစစ်အမှန်ပါလား...”

ဟိုယွင်ကျဲသည် လက်ချောင်းများကို ဓားသဏ္ဌာန် ပြုလုပ်လိုက်ရာ သူ၏ ကိုယ်ပေါ်တွင် ဓားအလင်းများ လက်သွားပြီး စွမ်းအားကို တိုးမြှင့်လိုက်လေ၏။

ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်သို့ ရောက်ရှိနေသူ တစ်ယောက်အနေဖြင့် သူသည် ဆယ်ဆ ဆွဲငင်အားကို မမှုပေ။

သို့သော် သူသည်လည်း ဝိညာဉ်စွမ်းအင် လျင်မြန်စွာ ကုန်ဆုံးသွားသည်ကို ခံစားနေရသည်။ အကယ်၍ ဝိညာဉ်စွမ်းအင် ကုန်ခမ်းသွားတိုင်း ပထမထပ်သို့ ပြန်ဆင်းပြီး အားပြန်ဖြည့်ကာ ဤလုပ်ငန်းစဉ်ကို အကြိမ်ကြိမ် ပြုလုပ်နိုင်ပါက သူတို့၏ ကျင့်ကြံဆင့်သည် ဓားပျံစီးသကဲ့သို့ လျင်မြန်စွာ တိုးတက်လာမည်မှာ အသေအချာပင်။

မြူခိုးတောင်ထိပ်...

ယဲ့ဖုန်းသည် ကောင်းကင်မေးမြန်းကြေးမုံကို ကိုင်ထားလေ၏။

ပုံရိပ်ထဲတွင် မြင်တွေ့ရသော ဂိုဏ်းသားများ၏ အခြေအနေကို ကြည့်ပြီး သူသည် ပြုံးလိုက်ကာ ရေရွတ်လိုက်သည်။

“ကောင်းတယ်... ဒီလိုမှပေါ့... ဒါပေမဲ့ မှတ်ထားကြ... အခုက ဆွဲငင်အားနယ်မြေပဲ ရှိသေးတယ်... စိတ်ကြိုက် သာ လေ့ကျင့်ကြပေတော့... ရှေ့မှာ နောက်ထပ် နယ်မြေ (၄) ခုနဲ့ ဆန်းကြယ်တဲ့ သတ္တမထပ် ကျန်သေးတယ်ကွ...”

တကယ်တော့ ယဲ့ဖုန်း ကိုယ်တိုင်လည်း သတ္တမထပ်တွင် ဘာရှိမှန်း မသိပေ။

ထိုအလွှာသည် အလွန် လျှို့ဝှက်ဆန်းကြယ်လှ၏။

ပထမ (၅) ထပ်ကို အောင်မြင်သူများသာ သတ္တမထပ်သို့ ဝင်ရောက်နိုင်ပြီး အထူးဆုလက်ဆောင်များ ရရှိနိုင်မည့် အခွင့်အရေး ရှိမည် ဖြစ်သည်။

သို့သော် ထိုဆုလက်ဆောင်များက ဘာတွေလဲ ဆိုတာကိုတော့ ယဲ့ဖုန်းလည်း မသိချေ။

ကျင့်ကြံရေးမျှော်စင်ဝယ်...၊

ဝမ်ဖင်းအန်းသည် ဒယ်အိုးကြီးပေါ်တွင် ထိုင်ကာ တရားမှတ်နေရင်း ရုတ်တရက် သူ၏ အရှိန်အဝါသည် မြင့်တက်လာပြီး ချီကျင့်ကြံခြင်း စတုတ္ထအဆင့်သို့ ဝင်ရောက်သွားလေ၏။ သူ၏ မျက်လုံးများတွင် ပျော်ရွှင်မှုများ လျှံကျလာသည်။

“ဟားဟား... ငါ နောက်ဆုံးတော့ အဆင့်တက်သွားပြီကွ...”

ကျင့်ကြံဆင့် ခိုင်မာသွားပြီးနောက် ဝမ်ဖင်းအန်းသည် ဒယ်အိုးကြီးကို ကျောပိုးကာ ဒုတိယထပ်သို့ တက်လှမ်းလိုက်ပြီး ဆယ်ဆ ဆွဲငင်အားနယ်မြေ အတွင်းသို့ ဝင်ရောက်လိုက်လေ၏။

ညီအစ်မနှစ်ဖော် ဖြစ်သော ယွီဆုနှင့် ယွီဝေတို့သည်လည်း ဝိညာဉ်စွမ်းအင် ပြန်လည်ပြည့်ဝလာပြီးနောက် ဆွဲငင်အားနယ်မြေသို့ ချက်ချင်း ပြန်လာကြသည်။

ဝမ်ဖင်းအန်းက တဟားဟား ရယ်မောရင်း အကြံပြုလိုက်သည်။

“ကျွန်တော် တစ်ခု စဉ်းစားမိတယ်... ဆွဲငင်အားနယ်မြေရဲ့ အထက်မှာ ဉာဏ်အလင်းပွင့်နယ်မြေ၊ တိုက်ခိုက်ရေးနယ်မြေ၊ စိတ်ကူးယဉ်ကမ္ဘာနယ်မြေနဲ့ အခွင့်အရေးနယ်မြေတွေ ရှိသေးတယ် မဟုတ်လား... ကျွန်တော်တို့ အပေါ်အရင်တက်ပြီး သွားကြည့်ရင် မကောင်းဘူးလား... ရင်းနှီးအောင်လို့လေ...”

“နင် တက်လို့ရမှာ မဟုတ်ဘူး...”

မိုယင်က ဝင်ပြောလိုက်၏။

“ဗျာ... ဘာဖြစ်လို့လဲ...”

ဝမ်ဖင်းအန်းသည် နားမလည်နိုင်စွာဖြင့် ခေါင်းကုတ်လိုက်မိသည်။

မိုယင်သည် တတိယထပ်သို့ တက်သော ဝက်အူရစ် လှေကားဘက်သို့ လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“မယုံရင် ကိုယ့်ဘာသာကိုယ် တက်ကြည့်လိုက်...”

ဝမ်ဖင်းအန်းသည် ကျိန်စာများကို တကယ် မယုံကြည်ပေ။

သူသည် ဒယ်အိုးကြီးကို ကျောပိုးကာ လက်ရန်းကို ကိုင်ပြီး လှေကားထစ်များကို တစ်ထစ်ချင်း တက်လှမ်းသွားလေ၏။ သို့သော် သူ၏ ကိုယ်ပေါ်သို့ သက်ရောက်နေသော ဖိအားသည် တဖြည်းဖြည်း ကြီးမားလာပြီး နောက်ဆုံးတွင် ဆယ်ဆအထိ ရောက်ရှိသွားသည်ကို သတိထားမိလိုက်၏။ ခြေလှမ်းတိုင်းသည် အလွန်အမင်း ခက်ခဲလေးလံလာတော့သည်။

“ဘ... ဘာဖြစ်တာလဲဟ...”

ဝမ်ဖင်းအန်းသည် နောက်ထပ် ခြေတစ်လှမ်း လှမ်းရန် ကြိုးစားလိုက်သည်။ သို့သော်လည်း၊ ပါးစပ်ဟပြီး ညည်းတွားလိုက်သည်နှင့် တပြိုင်နက် အသက်ရှူသံ ထွက်သွားကာ ဖိအားကို ဆက်လက် မတောင့်ခံနိုင်တော့ဘဲ ပထမထပ်သို့ ပြန်လည် ပြုတ်ကျသွားလေတော့သည်။

“ဘာလို့ ဒီလို ဖြစ်ရတာလဲကွာ...”

ဝမ်ဖင်းအန်းသည် ပက်လက်ကြီး လဲကျနေရင်း တတိယထပ်သို့ တက်သည့် လှေကားကို ငေးကြည့်ကာ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရ၏။

ဒုတိယထပ်၊ ဆွဲငင်အားနယ်မြေဝယ်...၊

“စီနီယာ အစ်မမို... ဂျူနီယာညီလေးဝမ် တတိယထပ်ကို မရောက်နိုင်ဘူး ဆိုတာ ဘယ်လို သိတာလဲဟင်...”

နဂါးအသွင် ပြောင်းလဲထားဆဲ ဖြစ်သော လုံထျန်းရှင်းက မေးမြန်းလိုက်သည်။ သူသည်လည်း သက်သာလှသည်တော့ မဟုတ်ပေ။ စကားပြောရာတွင် တစ်လုံးချင်းစီ ခက်ခဲစွာ ပြောနေရသည်။

“မှန်းလိုက်တာ...”

မိုယင်က ဖြေလိုက်၏။

“ဗျာ...”

အားလုံး အံ့သြသွားကြပြီး မိုယင်ဘက်သို့ လှည့်ကြည့်လိုက်ကြ၏။

“မင်းတို့ မေ့နေကြပြီလား... ဂိုဏ်းချုပ် ပြောဖူးတယ်လေ... ကျင့်ကြံရေးမျှော်စင်ကို စိန်ခေါ်တဲ့အခါ အထပ်တိုင်းကို စိတ်ကြိုက် သွားလာလို့ ရနေရင် အဲဒါ စိန်ခေါ်မှုလို့ ခေါ်ပါဦးမလား...”

မိုယင်က ပြန်လည်မေးခွန်းထုတ်လိုက်သည်။

အားလုံးသည် ထိုစကားကို ကြားသောအခါ သဘာဝကျသည်ဟု တွေးလိုက်မိကြ၏။

“ဒါဆို ငါတို့က တတိယထပ်က ဉာဏ်အလင်းပွင့်နယ်မြေကို ဘယ်လို တက်ကြမလဲ...”

ရှီလေ့သည် မနေနိုင်ဘဲ မေးလိုက်မိသည်။

“အချိန်အတိုင်းအတာ တစ်ခုအထိ တောင့်ခံထားရတာ... ဒါမှမဟုတ် တခြား တစ်ခုခု လိုအပ်တာ ဖြစ်မှာပေါ့...”

ဟိုယွင်ကျဲက ခန့်မှန်းလိုက်လေ၏။

“တီ..တီ..တီ…”

ထိုစဉ်၊ ထူးဆန်းသော အသံ တစ်သံသည် ကျင့်ကြံရေးမျှော်စင်အတွင်း ပဲ့တင်ထပ်သွားလေ၏။

အားလုံးသည် သူတို့၏ ကိုယ်ပေါ်မှ ဖိအားများ ရေအလျင်ပမာ လျော့ကျသွားသည်ကို ခံစားလိုက်ရပြီး ဆယ်ဆသော ဆွဲငင်အားသည် ပုံမှန်အခြေအနေသို့ လျင်မြန်စွာ ပြန်ရောက်သွားတော့သည်။ တင်းထားသော ကြိုး တစ်ချောင်း လျော့သွားသကဲ့သို့ သူတို့အားလုံးသည် မောပန်းနွမ်းနယ်စွာဖြင့် ကြမ်းပြင်ပေါ်သို့ ခွေခွေလေး လဲကျကုန်ကြ၏။

“အခု ဘာဖြစ်သွားတာလဲ...”

ကျားယွိလန်က ပထမဆုံး မေးလိုက်သည်။

“ဟိုမှာ ကြည့်... ကြမ်းပြင်ပေါ်မှာ အရောင်မတူတဲ့ ကွင်းတွေ ပေါ်လာတယ်ဟဲ့...”

လီကျောက်ကျောက်သည် ကြမ်းပြင်ကို လက်ညှိုးထိုးပြလိုက်ရာ အားလုံး၏ အာရုံသည် ထိုနေရာသို့ ရောက်ရှိသွားကြ၏။

နောက်ကွယ်မှ ယဲ့ဖုန်းသည် ကောင်းကင်မေးမြန်းကြေးမုံမှတစ်ဆင့် ကြည့်ရှုနေရင်း နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားလေ၏။

“ခုနက ကြုံလိုက်ရတာတွေက အမြည်းသဘောပဲ ရှိသေးတယ်... ပွဲကောင်းက အခုမှ စမှာကွ...”

ယဲ့ဖုန်း၏ မျက်နှာပေါ်တွင် ကောက်ကျစ်သော အပြုံး တစ်ခု ပေါ်လာလေ၏။

ထိုအချိန်တွင် ကျင့်ကြံရေးမျှော်စင် ဒုတိယထပ်၌...

ကြမ်းပြင်ပေါ်တွင် ကွင်း (၁၀) ကွင်း ပေါ်လာသည်ကို ဂိုဏ်းသားများ တွေ့ရှိလိုက်ရသည်။

အတွင်းဘက် အကျဆုံးကွင်းသည် အဖြူရောင် ဖြစ်ပြီး သူတို့ လက်ရှိ ရပ်နေသော နေရာလည်း ဖြစ်၏။

ထိုနေရာတွင် ဆွဲငင်အားသည် အပြင်လောကနှင့် အတူတူပင် ဖြစ်သည်။

ထို့နောက် မီတာ (၁၀) အကွာတိုင်းတွင် ဒုတိယကွင်းတစ်ခု ပေါ်လာလေ၏။

မိုယင်၏ မျက်လုံးများ အရောင်လက်သွားပြီး ဒုတိယကွင်းပေါ်သို့ ခြေချလိုက်ရာ ဆွဲငင်အား နှစ်ဆ တိုးလာသည်ကို တွေ့လိုက်ရသည်။

ထို့နောက် သူမသည် တတိယကွင်းသို့ ရွေ့လျားလိုက်သည်။

ဆွဲငင်အားသည် လေးဆအထိ မြင့်တက်လာလေ၏။

စတုတ္ထကွင်းအတွင်း၌ ဆွဲငင်အားသည် ခြောက်ဆ ဖြစ်သွားသည်။

ပဉ္စမကွင်းအတွင်း၌ ရှစ်ဆ...

ဆဋ္ဌမကွင်းအတွင်း၌ ဆယ်ဆ...

ထပ်မံ ရွေ့လျားရန်အတွက် မိုယင်သည် ရှေ့သို့တိုးရန် ကြိုးစားလိုက်သော်လည်း ဆယ်ဆသော ဆွဲငင်အားနယ်မြေအတွင်း လမ်းလျှောက်ရန် အလွန်ခက်ခဲနေကြောင်း တွေ့ရှိလိုက်ရသည်။ ခြေလှမ်းတစ်လှမ်း လှမ်းတိုင်း သူမ၏ ခန္ဓာကိုယ်သည် ပြိုကွဲထွက်မတတ် ခံစားနေရသော်လည်း ကံကောင်းထောက်မစွာဖြင့် တောင့်ခံထားနိုင်ခဲ့သည်။

သူမ သတ္တမကွင်းထဲသို့ ခြေချလိုက်သည်နှင့် တပြိုင်နက် ရုတ်တရက် အဆနှစ်ဆယ်သော ဆွဲငင်အားသည် ကျဆင်းလာရာ မိုယင်၏ တစ်ကိုယ်လုံး ဖိနှိပ်ခံလိုက်ရပြီး သူမ၏ ဝိညာဉ်စွမ်းအင်များသည် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့်နှင့် ရင်ဆိုင်နေရသကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးသွားတော့သည်။

“ဘုန်း…”

သူမသည် နောက်သို့ လွင့်စဉ်သွားပြီး ပထမထပ်သို့ ပြုတ်ကျသွားလေတော့သည်။

“စီနီယာအစ်မ...”

ယန်ရူယွီနှင့် ကျားယွိလန်တို့သည် ချက်ချင်း ပြေးသွားပြီး မိုယင်ကို ထူမပေးကာ ဒဏ်ရာများကို ကုသပေးလိုက်ကြ၏။ သို့သော် သူမတွင် ကြီးကြီးမားမား ဒဏ်ရာမရသည်ကို တွေ့လိုက်ရသည်။

“ငါ ဘာမှမဖြစ်ပါဘူး...”

မိုယင်သည် အသက်ပြင်းပြင်း ရှူလိုက်လေ၏။

“သတ္တမကွင်းထဲမှာ ဆွဲငင်အားက အဆနှစ်ဆယ်အထိ တက်သွားတယ်...”

ထိုစကားကို ကြားသည်နှင့် တပြိုင်နက် အားလုံး တုန်လှုပ်သွားကြရသည်။

အဆနှစ်ဆယ် ဆွဲငင်အားတဲ့လား... တကယ့်ကို ကြောက်စရာကောင်းလိုက်တာ...

ပုံမှန် ပေါင် (၁၀၀) လေးသော လူတစ်ယောက်သည် ထိုနေရာသို့ ဝင်ရောက်လိုက်ပါက ပေါင် (၂၀၀၀) အထိ ချက်ချင်း လေးလံသွားမည် ဖြစ်ချေသည်။

ဤအရာသည် ကိုယ်ပေါ်တွင် ပေါင် (၂၀၀၀) လေးသော ဝန်ကို ထမ်းထားရသကဲ့သို့ ရိုးရှင်းသည် မဟုတ်ပေ။ အရိုးများ၊ ဆံပင်တစ်ချောင်းချင်းစီနှင့် ဆဲလ်များ အားလုံးသည် တူညီသော ဆွဲငင်အားကို ခံစားရမည် ဖြစ်သလို အတွင်းကလီစာများနှင့် ဦးနှောက်အပေါ် သက်ရောက်သော ဖိအားသည်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။

သာမန်လူတစ်ယောက်သာ အဆနှစ်ဆယ် ဆွဲငင်အားနယ်မြေထဲသို့ ဝင်ရောက်သွားပါက ခဏကြာသည်နှင့် သူ၏ ကလီစာများသည် ဖိအားကို မခံနိုင်တော့ဘဲ ကြီးမားသော ဆွဲငင်အားကြောင့် စုတ်ပြဲပေါက်ကွဲသွားပေလိမ့်မည်။

၎င်းက အလွန်အမင်း အန္တရာယ် များသည်...။

“ဒီမှာ ကွင်း (၁၀) ကွင်း ရှိတယ်... သတ္တမကွင်းမှာတင် ဆွဲငင်အား အဆနှစ်ဆယ် ရှိနေပြီဆိုတော့ အဋ္ဌမ၊ နဝမနဲ့ ဒသမကွင်းတွေမှာဆိုရင် ဆွဲငင်အား ဘယ်လောက်တောင် ရှိမလဲ... ဒသမကွင်းထဲက ဆွဲငင်အားကို ခံနိုင်မှ တတိယထပ်က ဉာဏ်အလင်းပွင့်နယ်မြေကို ရောက်မှာများလား...”

ဟိုယွင်ကျဲသည် စကားပြောပြီးနောက် လက်ချောင်းများကို ဓားသဏ္ဌာန် ပြုလုပ်လိုက်ရာ သူ၏ ဓားဆန္ဒသည် တစ်ဟုန်ထိုး မြင့်တက်လာပြီး အဋ္ဌမကွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်လိုက်လေ၏။

“ဒသမကွင်းကို ဖြတ်ကျော်ဖို့ မလိုပါဘူးကွာ...”

ယဲ့ဖုန်းသည် ဂိုဏ်းသားများ၏ နောက်တွင် ပေါ်လာပြီး နှုတ်ခမ်းထောင့်များ ကွေးညွတ်ကာ ခပ်ရေးရေး ပြုံးလိုက်လေသည်။

“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်...”

ဂိုဏ်းသားများသည် တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်လိုက်ကြပြီး ယဲ့ဖုန်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် နေရာယူလိုက်ကြလေ၏။

“ဆွဲငင်အားနယ်မြေမှာ စုစုပေါင်း ကွင်း (၁၀) ကွင်း ရှိတယ်... ပထမကွင်းကနေ စပြောရရင် ဆွဲငင်အား တစ်ဆ၊ နှစ်ဆ၊ လေးဆ၊ ခြောက်ဆ၊ ရှစ်ဆ၊ ဆယ်ဆ၊ အဆနှစ်ဆယ်၊ အဆလေးဆယ်၊ အဆခြောက်ဆယ်နဲ့ အဆတစ်ရာ ဆိုပြီး အသီးသီး ရှိကြတယ်...”

ယဲ့ဖုန်းက ရှင်းပြလိုက်၏။

“မင်းတို့အနေနဲ့ ဆယ်ဆ ဆွဲငင်အားနယ်မြေထဲမှာ နာရီဝက်လောက် တောင့်ခံနိုင်ပြီ ဆိုရင် တတိယထပ်ကို သွားလို့ရပြီ...”

“သြော်... ဆယ်ဆနယ်မြေကိုး...”

ဂိုဏ်းသားများသည် သက်ပြင်းချကာ စိတ်အေးသွားကြတော့သည်။

အစောပိုင်းက သူတို့သည် ဆယ်ဆ ဆွဲငင်အားနယ်မြေ၏ စမ်းသပ်မှုကို ခံနိုင်ရည်ရှိခဲ့ကြ၏။ ခက်ခဲသည်ဟု ခံစားရသော်လည်း အနည်းငယ် ကြိုးစားလိုက်ပါက နောင်တွင် နာရီဝက်ခန့် တောင့်ခံနိုင်ရန် မခဲယဉ်းလှပေ။

အကယ်၍သာ ဒသမကွင်း၏ အဆတစ်ရာ ဆွဲငင်အားသာ ဆိုလျှင်မူ သူတို့အတွက် လွန်စွာ ခက်ခဲပေလိမ့်မည်။

အခန်း (၃၁၄) ကျင့်ကြံဆင့်များ ဆက်တိုက် ထိုးဖောက်ခြင်းနှင့် နတ်ဆိုးသားရဲစင်မြင့်၏ တာဝန်

~“နာရီဝက်လောက်တော့ စမ်းကြည့်လို့ ရနိုင်လောက်ပါတယ်...”

လုံထျန်းရှင်းသည် လေတစ်ချက်ကို ဝဝရှူသွင်းလိုက်၏။ နဂါးအသွင်ပြောင်းလဲခြင်း ပုံစံကို ထိန်းသိမ်းထားရင်း သူသည် ဆယ်ဆ ဆွဲငင်အားနယ်မြေ အတွင်းသို့ အားကုန်သုံးကာ ပြေးဝင်သွားလိုက်သည်။ သို့သော် ဖိအားကြောင့် သူ၏ တစ်ကိုယ်လုံး တုန်ခါသွားပြီး ကြမ်းပြင်ပေါ်သို့ ဝမ်းလျားမှောက် လဲကျသွားရှာလေ၏။

သို့သော် မကြာမီအချိန်အတွင်းမှာပင် သူသည် ကြမ်းပြင်ကို လက်ဖြင့်ထောက်ကာ ပြန်လည် ထရပ်လိုက်ပြီး မားမားမတ်မတ် ရပ်တည်လိုက်တော့သည်။

သူ၏ ပုံစံသည် လေမုန်တိုင်းကို ကြံ့ကြံ့ခံနေသော ရှေးဟောင်း ထင်းရှူးပင်အိုကြီး တစ်ပင်ကဲ့သို့ပင်။

“ထျန်းရှင်း... မင်း တောင့်ခံနိုင်ရဲ့လား...”

ရှီလေ့သည် နှစ်ဆ ဆွဲငင်အားနယ်မြေ အတွင်းသို့ ဝင်ရောက်လာပြီး သူ၏ ခန္ဓာကိုယ် လေးလံသွားသည်ကို ခံစားလိုက်ရ၏။ သူသည် ချက်ချင်းပင် ကျင့်စဉ်ကို လည်ပတ်လိုက်ပြီး ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ ခန္ဓာကိုယ်ကို ခုခံကာကွယ်လိုက်လေ၏။

“ရပါတယ်... နေသာပါသေးတယ်...”

လုံထျန်းရှင်းက ပြန်ဖြေသံ ပေးလိုက်သည်။

“ငါလည်း ဆယ်ဆနယ်မြေကို သွားစမ်းကြည့်မယ်...”

ချောင်ကျားရှီးသည် ရှေ့သို့ ခုန်တက်လိုက်ပြီး လှုပ်ရှားမှု အနည်းငယ်ဖြင့် လေးဆ ဆွဲငင်အားနယ်မြေသို့ ရောက်ရှိသွားလေ၏။ ထိုနေရာတွင် သူ၏ အရှိန်အဟုန် အနည်းငယ် နှေးကွေးသွားသော်လည်း ပြေးလွှားရာမှ လမ်းလျှောက်သည့် ပုံစံသို့ ပြောင်းလဲလိုက်ပြီး ဆယ်ဆ ဆွဲငင်အားနယ်မြေ အတွင်းသို့ တစ်လှမ်းချင်း တိုးဝင်သွားလေတော့သည်။

မြူခိုးဂိုဏ်း၏ တစ်ဦးတည်းသော ကိုယ်ခန္ဓာကျင့်ကြံသူ ဖြစ်သည့်အလျောက် ချောင်ကျားရှီး၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသည် အလွန်မြင့်မားလှရာ ဆယ်ဆသော ဆွဲငင်အားသည် သူ့အတွက် သိပ်မခက်ခဲလှပေ။

“သွားကြစို့...”

“ဝှစ်..ဝှစ်”

ဟိုယွင်ကျဲနှင့် မိုယင်တို့သည်လည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာလာကြပြီး ဆယ်ဆ ဆွဲငင်အားနယ်မြေ အတွင်းသို့ ရောက်ရှိလာကြလေ၏။

သူတို့နှစ်ဦးစလုံးသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်သို့ ရောက်ရှိနေကြသူများ ဖြစ်သည်။ သူတို့၏ ခန္ဓာကိုယ်များကို အစစ်အမှန်ယွမ်ဖြင့် ပြုပြင်ထားပြီး ဖြစ်သဖြင့် သဘာဝအလျောက် သန်မာကြပေသည်။ ထို့အပြင် အစစ်အမှန်ယွမ်၏ အထောက်အပံ့ ပါလိုက်သောအခါ ဆယ်ဆသော ဆွဲငင်အားသည် သူတို့အတွက် အပန်းမကြီးလှချေ။

သို့သော် ကျန်ရစ်နေသော ရှီလေ့၊ လီကျောက်ကျောက်၊ ယန်ရူယွီနှင့် အခြားသော ဂိုဏ်းသားများအတွက်မူ ထိုမျှ မလွယ်ကူလှပေ။

သူတို့သည် ဆယ်ဆ ဆွဲငင်အားနယ်မြေ အတွင်းတွင် အမွှေးတိုင်တစ်ဝက်စာ ကုန်ဆုံးချိန်အထိသာ တောင့်ခံနိုင်ကြရှာသည်။ ထို့နောက်တွင် သူတို့၏ ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားကြပြီး ဆက်လက် မရပ်တည်နိုင်ကြတော့ပေ။

“ဘုန်း... ဘုန်း... ဘုန်း…”

သူတို့အားလုံးသည် မမြင်ရသော စွမ်းအားတစ်ခု၏ တွန်းထုတ်မှုကို ခံလိုက်ကြရပြီး ပထမထပ်သို့ ပြုတ်ကျသွားကြလေ၏။ အားလုံးမှာ အသက်ကို လုရှူနေကြရပြီး တစ်ကိုယ်လုံး ကိုက်ခဲ နာကျင်နေကြတော့၏။

“မင်းတို့ ဆက်ပြီး ကျင့်ကြံကြပါ...”

ယဲ့ဖုန်းသည် ဂိုဏ်းသားများကို အားပေးလိုက်ပြီး ဆွဲငင်အားနယ်မြေ အတွင်းသို့ ခြေချလိုက်လေ၏။

နှစ်ဆ၊ လေးဆ၊ ခြောက်ဆ၊ ရှစ်ဆ၊ ဆယ်ဆ...

သူသည် လမ်းလျှောက်ထွက်လာသူ တစ်ယောက်ကဲ့သို့ အေးဆေးတည်ငြိမ်စွာ လျှောက်လှမ်းလာပြီး အဆ (၂၀) ဆွဲငင်အားနယ်မြေသို့ ရောက်ရှိလာလေ၏။ ထိုနေရာရောက်မှသာ သိသာထင်ရှားသော ဖိအား တစ်ခုကို စတင် ခံစားလိုက်ရသဖြင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။

ယဲ့ဖုန်းသည် သူရဲကောင်း ဝိညာဉ်စွမ်းအင်ကို ထုတ်ဖော်လိုက်ပြီး ကိုယ်ခန္ဓာကို ကာကွယ်လိုက်တော့သည်။

ထို့နောက် သူသည် အဆ (၂၀) ဆွဲငင်အားနယ်မြေ အတွင်းတွင် လှုပ်ရှားသွားလာရင်း တဖြည်းဖြည်း ရှေ့သို့ တိုးသွားလေရာ ဂိုဏ်းသားများ၏ အံ့သြမှင်သက်နေသော မျက်လုံးများအောက်မှာပင် အဆ (၄၀) နယ်မြေအတွင်းသို့ ဝင်ရောက်သွားလေတော့၏။

“ဂိုဏ်းချုပ်က တကယ့်အံ့ဖွယ်ပါလား...”

ဒုတိယထပ်သို့ ယခုလေးတင် ပြန်တက်လာသော ရှီလေ့နှင့် အခြားဂိုဏ်းသားများသည် ထိုမြင်ကွင်းကို ကြည့်ပြီး မျက်လုံးများ ပြူးကျယ်ကုန်ကြ၏။

သို့သော် ဒါက ယဲ့ဖုန်း၏ အကန့်အသတ် မဟုတ်သေးပေ။

သူသည် သူ၏ ရုပ်ခန္ဓာ ခွန်အားနှင့် သူရဲကောင်း ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ လေဝိညာဉ်ပုလဲ၏ အရှိန်မြှင့်တင်ပေးမှုဖြင့် အဆ (၆၀) နယ်မြေကို ချောမွေ့စွာ ဖြတ်ကျော်သွားပြီး အဆ (၁၀၀) ဆွဲငင်အားနယ်မြေ အတွင်းသို့ ရောက်ရှိသွားတော့သည်။

ဤနေရာသို့ ရောက်သောအခါတွင်မူ ယဲ့ဖုန်းသည် ကြီးမားသော ဖိအားကို ခံစားလိုက်ရလေ၏။

'တကယ် မလွယ်ပါလား...'

သို့သော် ဝိညာဉ်ပင်လယ်အဆင့်နှင့် ယှဉ်နိုင်သော ဘက်စုံစွမ်းရည်များကြောင့် သူသည် အဆ (၁၀၀) ဆွဲငင်အားနယ်မြေကို ဆက်လက် ကြံ့ကြံ့ခံနိုင်နေဆဲပင်။

'ငါ့ရဲ့ စွမ်းအားနဲ့တောင် ဒီ (၁၀၀) ဆ နယ်မြေက မနည်း ခံနေရတာပါလား... ဒီကလေးတွေ ဒီအဆင့်ရောက်ဖို့ လိုပါသေးတယ်...'

ယဲ့ဖုန်းသည် တီးတိုး ရေရွတ်လိုက်ပြီး အဆ (၁၀၀) ဆွဲငင်အားနယ်မြေ အတွင်း၌ ဟိုဒီ ခုန်ဆွခုန်ဆွ လုပ်ပြလိုက်ရာ ကြည့်နေသော ဂိုဏ်းသားများမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြလေ၏။

“ဂိုဏ်းချုပ်ဆိုတဲ့ နေရာနဲ့ တကယ် ထိုက်တန်ပါပေတယ်... အဆ (၁၀၀) နယ်မြေထဲမှာတောင် ပေါ့ပေါ့ပါးပါး ခုန်ပေါက်နေနိုင်တယ် ဆိုတော့... ငါတို့တွေ သူ့ကို မီဖို့ အဝေးကြီး လိုပါသေးတယ်...”

ဂိုဏ်းသားများ၏ စိတ်ထဲတွင် ရှိနေသော ကိုယ့်ကိုယ်ကို ကျေနပ်နေမှုများ ပျက်စီးသွားပြီး သူတို့၏ မျက်နှာထားများသည် လေးနက်တည်ကြည်သွားကြတော့သည်။

“ကဲ... မင်းတို့ ဆက်ပြီး ကျင့်ကြံကြတော့...”

ထိုစကားကို ချန်ထားရစ်ခဲ့ပြီး ယဲ့ဖုန်းသည် ကျင့်ကြံရေးမျှော်စင်မှ ထွက်ခွာသွားလေ၏။

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ ဂိုဏ်းသားများသည် သူတို့၏ စွမ်းအင်များ လျင်မြန်စွာ ကုန်ဆုံးလာသည်ကို တွေ့ရှိလိုက်ရသည်။ အမွှေးတိုင်တစ်ဝက် ထွန်းချိန် မကုန်ဆုံးမီမှာပင် ရှီလေ့နှင့် အခြားသော ချီကျင့်ကြံခြင်းအဆင့် ဂိုဏ်းသားများသည် နောက်တစ်ကြိမ် အားကုန်ခမ်းသွားကြပြီး ပထမထပ်သို့ လှိမ့်ဆင်းသွားကြရပြန်၏။

လုံထျန်းရှင်း၊ ချောင်ကျားရှီး၊ ဟိုယွင်ကျဲနှင့် မိုယင်တို့ လေးဦးသာလျှင် ဆက်လက် တောင့်ခံနိုင်ကြပြီး နောက်ဆုံးတွင် နာရီဝက်တိတိ ပြည့်အောင် နေနိုင်ခဲ့ကြလေသည်။

“ဝှီး…”

ရုတ်တရက် သူတို့၏ ခန္ဓာကိုယ်များ ပေါ့ပါးသွားသည်ကို ခံစားလိုက်ရပြီး စွမ်းအားတစ်ခုက သူတို့ကို တတိယထပ်သို့ တက်ရောက်ရန် ဝက်အူရစ် လှေကားဆီသို့ တွန်းပို့လိုက်လေ၏။ သူတို့သည် မျှော်လင့်ချက်များ ပြည့်နှက်နေသော မျက်နှာထားများဖြင့် လှေကားထစ်များကို တက်လှမ်းသွားကြတော့သည်။

“ဂျူနီယာညီနဲ့ ဂျူနီယာညီမလေးတွေ တတိယထပ်ကို ရောက်သွားကြပြီ... ငါလည်း ပိုပြီး ကြိုးစားမှ ဖြစ်တော့မယ်...”

ရှီလေ့သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ဆယ်ဆ ဆွဲငင်အားနယ်မြေ အတွင်းသို့ နောက်တစ်ကြိမ် ပြန်ဝင်လိုက်၏။

သူ၏ မလျော့သော ဇွဲလုံ့လဖြင့် ကြိုးစားမှုကြောင့် သူ၏ ကျင့်ကြံဆင့်သည် သိသိသာသာ တိုးတက်လာခဲ့ပြီး ချီစုစည်းခြင်း နဝမအဆင့်၏ ပိတ်ဆို့မှုကို စတင် ထိတွေ့လာရပြီ ဖြစ်သည်။ လာမည့်ရက်အနည်းငယ် အတွင်းတွင် အဆင့်တက်နိုင်မည်ဟု သူ တွက်ဆလိုက်မိ၏။

“ဒီလို ကျင့်ကြံရတဲ့ နည်းလမ်းက တကယ် ကောင်းတာပဲ...”

စိတ်လှုပ်ရှားနေသော ရှီလေ့က မျှော်လင့်တကြီး ထုတ်ပြောလိုက်သည်။

“ငါ တတိယထပ်ကို ရောက်တာနဲ့ ဒုတိယမျိုးဆက် ဂျူနီယာညီ၊ ဂျူနီယာညီမတွေကို ခေါ်ပြီး ဒီမျှော်စင်မှာ လာစမ်းသပ်ခိုင်းဦးမှ...”

ကျင့်ကြံရေးမျှော်စင်၊ တတိယထပ်...

“ဒါက ဉာဏ်အလင်းပွင့်နယ်မြေ ဆိုတာလား... ဘာလို့ ပထမထပ်နဲ့ သိပ်မကွာခြားသလို ခံစားရတာပါလိမ့်... ဟေ... နေပါဦး... ဒီမှာ မျောလွင့်နေတဲ့ အရောင်စုံ အလင်းလုံးတွေက ဘာတွေလဲ...”

လုံထျန်းရှင်းသည် ရောင်စုံအလင်းလုံး တစ်လုံးကို လှမ်းဖမ်းလိုက်မိသည်။

ချက်ချင်းပင် သူသည် အလင်းလွှာတစ်ခု၏ လွှမ်းခြုံမှုကို ခံလိုက်ရပြီး အရာရာကို ပေါက်ရောက်နားလည်လွယ်သော ခံစားမှုမျိုးကို ရရှိသွားတော့၏။

သူ၏ တွေးခေါ်နိုင်စွမ်းသည်ပင် နှစ်ဆခန့် မြန်ဆန်လာ၏။

သူသည် အလင်းလုံးကို ချက်ချင်း လွှတ်လိုက်ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပါတော့၏။

“ဒီအလင်းလုံးတွေကို ထိလိုက်ရင် ငါတို့ရဲ့ ဉာဏ်အလင်းပွင့်မှုက နှစ်ဆ တိုးလာတယ်ဟ... ပြီးတော့ တွေးခေါ်နိုင်စွမ်းလည်း ပိုမြန်လာတယ်... ဒီနေရာမှာ သိုင်းနည်းစနစ်တွေ၊ သိုင်းကွက်တွေကို ကျင့်ကြံရင် တစ်ဝက်လုပ်ရုံနဲ့ နှစ်ဆခရီးရောက်မယ့် သဘောပဲ...”

“ဒီလောက် ကောင်းတဲ့အရာ ရှိတယ်လား...”

ကျန်သုံးဦး၏ မျက်လုံးများလည်း အရောင်တောက်သွားကြလေ၏။ သူတို့သည် နေရာလွတ် တစ်ခုစီကို ရှာဖွေပြီး အလင်းလုံးများကို ဖမ်းယူကာ ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် ချက်ချင်းပင် စတင် ကျင့်ကြံလိုကိကြတော့သည်။

...

ကျင့်ကြံရေးမျှော်စင် အတွင်း၌ ပထမမျိုးဆက် ဂိုဏ်းသားအားလုံးသည် ပြင်းပြင်းထန်ထန် ကြိုးစား ကျင့်ကြံနေကြလေ၏။

ယဲ့ဖုန်းသည် မြူခိုးတောင်ထိပ် မြောက်ဘက်ခြမ်းရှိ ပထမအဆင့် လှေကားထစ်သို့ ရောက်ရှိလာရာ ထိုနေရာတွင် ရွှီတာလေ့နှင့် အခြား ဒုတိယမျိုးဆက် တပည့်များကို တွေ့လိုက်ရသည်။ ကုန်းချင်းချိုသည် ထိုနေရာ၌ ရှိနေပြီး ဂိုဏ်း၏ စည်းကမ်းချက်များနှင့် သတိပြုရမည့် အချက်များကို ရှင်းပြနေလေ၏။

“ဂိုဏ်းချုပ်...”

အားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ဂါရဝပြုလိုက်ကြသည်။

“အင်း... ကောင်းကောင်း ကျင့်ကြံကြပါ... အဆင့်သစ်ကို အမြန်ဆုံး ချိုးဖောက်နိုင်အောင် ကြိုးစားကြ...”

ယဲ့ဖုန်းသည် လက်ဝှေ့ယမ်းပြလိုက်ပြီး တောင်ထိပ်သို့ ပြန်တက်လာကာ ဂိုဏ်းချုပ် ခန်းမဆောင်ကြီးထဲသို့ ဝင်ရောက်လိုက်လေ၏။

ဟူဖေးဖေးသည် ထိုနေရာတွင် မလှုပ်မယှက် ရပ်နေဆဲပင်။

“အိပ်ပျော်နေတုန်းပဲကိုး...”

ယဲ့ဖုန်း တစ်ယောက် ပြောစရာစကား ပျောက်သွားရှာသည်။

...

နောက်တစ်နေ့ နံနက်ခင်း...

(တီ..တီ..တီ... အစ်ကိုကြီး ခေါင်းပြားဟာ အလယ်အလတ်အဆင့် အခက်အခဲရှိသော ‘ရှဲ့ကွမ်းတောင်က နတ်ဆိုးများကို ရှင်းလင်းခြင်း’ တာဝန်ကို လက်ခံလိုက်ပါပြီ... တာဝန် မကြာမီ စတင်ပါတော့မယ်...)

ယဲ့ဖုန်းသည် မျက်နှာသစ်ရန် ပြင်ဆင်နေစဉ် စနစ်၏ အသိပေးသံသည် သူ၏ နားထဲတွင် ရုတ်တရက် စူးရှလာလေ၏။

“အစ်ကိုကြီး ခေါင်းပြားက တာဝန်ယူလိုက်တယ် ဟုတ်လား...”

“ဘာ... ဘာအခြေအနေလဲဟ...”

ယဲ့ဖုန်းသည် ဇဝေဇဝါ ဖြစ်သွားပြီး စနစ်ကို အလျင်အမြန် မေးလိုက်မိသည်။

“ဘာဖြစ်သွားတာလဲ...”

(တီ..တီ..တီ... နတ်ဆိုးသားရဲစင်မြင့်ဟာ ဂိုဏ်းချုပ်ရဲ့ ကိုယ်စား ဂိုဏ်းစောင့် နတ်ဆိုးသားရဲတွေကို အချိန်အပိုင်းအခြားအလိုက် တာဝန်တွေ ပေးအပ်မှာ၊ ဖြစ်ပြီး ပြီးမြောက်ပါက ဆုလက်ဆောင်တွေ ရရှိမှာ ဖြစ်ပါတယ်...)

စနစ်က ရှင်းပြလေ၏။

ထိုစကားကို ကြားသည်နှင့် ယဲ့ဖုန်းသည် ချက်ချင်းပင် နတ်ဆိုးသားရဲစင်မြင့်သို့ ရောက်ရှိသွားတော့သည်။

“ဝေါ...”

ထိုအချိန်တွင် အစ်ကိုကြီး ခေါင်းပြားသည် မတ်တတ်ရပ်နေပြီး သူ၏ ဝတ်ရုံသည် လေထဲတွင် တလူလူ လွင့်ပျံနေလေ၏။ သူသည် ရှဲ့ကွမ်းတောင် ရှိရာ အရပ်သို့ လက်သည်းဖြင့် ညွှန်ပြနေပြီး လောကကြီးကို အထင်သေးစွာ ငုံ့ကြည့်နေသော သားရဲဘုရင်ကြီး တစ်ပါးအလား ပုံဖမ်းနေတော့သည်။

“အစ်ကိုကြီး ခေါင်းပြား... ငါတို့ တကယ်ကြီး နတ်ဆိုးတွေကို သွားတိုက်ရမှာလားဟင်...”

“မေးစရာ ရှိတာက ရှဲ့ကွမ်းတောင်မှာ နတ်ဆိုးတွေ တကယ်ရော ရှိလို့လား...”

မြေခွေးတာ့ဟုန်နှင့် အခြားသော နတ်ဆိုးသားရဲများက စပ်စုကာ မေးမြန်းနေကြ၏။

“အင်း...”

အစ်ကိုကြီး ခေါင်းပြားက ခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန်တွင် ယဲ့ဖုန်း ရောက်ရှိလာသည်ကို သူ မြင်လိုက်ရပြီး လှမ်းကြည့်လိုက်လေ၏။ ထိုအကြည့်ထဲတွင် ယုံကြည်မှုများ ပြည့်နှက်နေပြီး 'စိတ်မပူနဲ့ ဘော့စ်... အစ်ကိုကြီး ခေါင်းပြား လက်ခံလိုက်တဲ့ တာဝန်မှန်သမျှ သေချာပေါက် ပြီးမြောက်ရမယ်' ဟု ပြောနေသည့်နှယ်။

“ဝှီး…”

နောက်တစ်ခဏတွင် သူသည် လေထဲသို့ ပျံတက်သွားလေ၏။

မြေခွေးဖြူလေး၊ ရေပေါ်ဖြူ အင်မော်တယ် (၅) ပါး၊ ရွှေရောင်ရှဉ့်လေးနှင့် အခြားသော နတ်ဆိုးသားရဲများက အစ်ကိုကြီး ခေါင်းပြား၏ ခြေထောက်များနှင့် အမြီးများကို အသီးသီး ဖက်တွယ်လိုက်ကြရာ တွဲလောင်းကျနေသော အလှဆင် ပစ္စည်းများသဖွယ် ဖြစ်သွားကြပြီး မိုင်တစ်ရာကျော် ဝေးကွာသော ရှဲ့ကွမ်းတောင်ဆီသို့ ပျံသန်း ထွက်ခွာသွားကြလေတော့သည်။

“ရှဲ့ကွမ်းတောင်... နာမည်က ရင်းနှီးနေသလိုပဲ... ဪ... မှတ်မိပြီ... အဲဒါ ရှဲ့ကွမ်းဓားပြစခန်းရဲ့ အဓိက စခန်းချရာနေရာ မဟုတ်လား...”

ယဲ့ဖုန်း မျက်ခုံးပင့်လိုက်မိသည်။

ဖန်ဟွာမြစ်ကမ်းတွင် သူနှင့် မိုယင်ကို ဝိုင်းရံတိုက်ခိုက်ခဲ့ကြသူများမှာ ရှဲ့ကွမ်းဓားပြစခန်း ခေါင်းဆောင်နှင့် အဖွဲ့သားများပင် ဖြစ်သည်။ ထိုအချိန်က ရှင်းကွမ်ရွှမ်၊ ဖန်ဟိုင်ယွင်နှင့် အခြားသူများကို ယဲ့ဖုန်း ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်း ဖြစ်လေ၏။

“တာဝန်အသိပေးချက်အရ ဆိုရင် ရှဲ့ကွမ်းတောင်မှာ နတ်ဆိုးတွေ တကယ် ရှိနေတာပဲ... မယုံနိုင်စရာပဲကွာ...”

ယဲ့ဖုန်းသည် ကောင်းကင်မေးမြန်းကြေးမုံကို ထုတ်ယူလိုက်ပြီး အစ်ကိုကြီး ခေါင်းပြားနှင့် နတ်ဆိုးသားရဲများကို ရှာဖွေလိုက်လေ၏။

ရှဲ့ကွမ်းတောင်...

ထိုနေရာသည် ဖန်ဟွာမြစ်၏ မြောက်ဘက်ကမ်းပါးတွင် တည်ရှိပြီး အချင်း မိုင်အနည်းငယ်ခန့် ကျယ်ဝန်းလေ၏။ အနောက်ဘက်တွင် ပီလျန်အာ နေထိုင်သော တံငါရွာလေး ရှိပြီး အရှေ့ဘက်တွင် မီးရှူးတိုင်မြို့တော် ရှိကာ မြောက်ဘက်တွင်မူ ယွင်ရှောင် တောအုပ်ကြီး တည်ရှိလေ၏။

အစ်ကိုကြီး ခေါင်းပြားသည် ဂိုဏ်းစောင့် နတ်ဆိုးသားရဲများနှင့်အတူ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး အမည်းရောင် အခိုးအငွေ့များ လွှမ်းခြုံထားသော ရှဲ့ကွမ်းတောင်ကို မော့ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ဖုံးလွှမ်းသွားတော့သည်။

သူ့မှာ ဘာတိုက်ခိုက်ရေး အစီအစဉ်မှ မရှိပေ။

‘တကယ်လို့ ရှိခဲ့မယ် ဆိုရင်တောင် အဲဒါက...

ဝင်ချကြမယ်... ဒါပဲ။’

“ဝေါ...”

အစ်ကိုကြီး ခေါင်းပြားသည် ရေပေါ်ဖြူ အင်မော်တယ် (၅) ပါးနှင့် အခြား နတ်ဆိုးသားရဲများကို အသင့်ပြင်ချိန်ပင် မပေးဘဲ ဝှီးခနဲ ပြေးထွက်သွားကာ အမည်းရောင် အခိုးအငွေ့များ ဖုံးလွှမ်းနေသော ရှဲ့ကွမ်းတောင် အတွင်းသို့ လျင်မြန်စွာ ပျောက်ကွယ်သွားလေတော့သည်။

“သောက်ကျိုးနည်း... တကယ်ကို မိုက်ရူးရဲ ဆန်တာပဲကွာ...”

ကောင်းကင်မေးမြန်းကြေးမုံမှတစ်ဆင့် ကြည့်ရှုနေသော ယဲ့ဖုန်းမှာ ပြောစရာစကားမဲ့သွားရသည်။

အစ်ကိုကြီး ခေါင်းပြားကတော့ နာမည်နဲ့လိုက်အောင်ကို ထုံပေပေပဲ... အခြေအနေကို စောင့်ကြည့်တာတို့ ဘာတို့ မရှိဘူး... တကယ်ကို ဇွတ်တရွတ်ကောင်...

မြေခွေးတာ့ဟုန်သည် ခွေးအားဟာ၊ မြေခွေးဖြူလေး၊ ရွှေရောင်ရှဉ့်လေးနှင့် အခြားသော နတ်ဆိုးသားရဲများကို အလျင်အမြန် တိုင်ပင်လိုက်လေတော့သည်။

“အစ်ကိုကြီး ခေါင်းပြား ဝင်သွားပြီဟေ့... ငါတို့ ဘာလုပ်ကြမလဲ…”

အခန်း (၃၁၅) ကြေးစားနှင့် ဘုရင်၊ ကိုးလွှာကောင်းကင် မိုးကြိုးဘေးဒဏ်

~ခွေးခေါင်း ဗျူဟာမှူး ခွေးအားဟာသည် လက်သည်းကို ထောင်ပြပြီး အကြံပြုလိုက်သည်။

“ငါတို့တွေ အစ်ကိုကြီး ခေါင်းပြားရဲ့ နောက်ကနေ လိုက်သွားကြမယ်... သူသာ တောင့်ခံထားနိုင်ရင် ငါတို့ လုံခြုံပြီ...”

“သူ မခံနိုင်ရင်ရော...” ဝက်စန်းဖန်က မေးလိုက်သည်။

“အစ်ကိုကြီး ခေါင်းပြားတောင် မခံနိုင်ရင် မင်းလည်း ဝက်ကင် ဖြစ်သွားမှာပေါ့ဟ...” ခွေးအားဟာက ဝက်စန်းဖန်၏ နှာခေါင်းကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။

“ခွေးပါးစပ်က ဆင်စွယ်မထွက်ဘူး...” ဝက်စန်းဖန်က ခွေးအားဟာကို မထီမဲ့မြင် ကြည့်လိုက်သည်။

ဒီခွေးခေါင်း ဗျူဟာမှူးက တဖြည်းဖြည်း ယုံကြည်စိတ်ချရမှု နည်းလာသလို ခံစားနေရသည်။

“ကဲ... ကဲ... ရန်မဖြစ်ကြနဲ့တော့... ငါတို့ ရေပေါ်ဖြူမြို့တော် အင်မော်တယ် ငါးပါးရယ်... မြေခွေးဖြူလေးရယ်... ရွှေရောင် ရှဉ့်ကလေးရယ်... စုစုပေါင်း အဆင့်မြင့် နတ်ဆိုးစစ်သည်တော် (၇) ကောင် ရှိတယ်... အားလုံးပေါင်းလိုက်ရင် အသွင်တစ်ဝက်ပြောင်း နတ်ဆိုးသားရဲတွေကို ရှင်းလင်းပစ်လို့ ရပါတယ်... ဘာကြောက်စရာ ရှိလို့လဲ... သွားကြမယ်... ဝင်တိုက်ပြီး နတ်ဆိုးကောင်တွေကို သတ်ကြစို့...”

မြေခွေးတာ့ဟုန်သည် သံတူရွင်းကြီးကို မြှောက်လိုက်ပြီး ရှဲ့ကွမ်တောင် ထဲသို့ ရဲဝံ့စွာ ဝင်ရောက်သွားလေ၏။

ကျန်ရှိသော ဝိညာဉ်သားရဲများသည်လည်း အနောက်မှ ကပ်လိုက်ပါသွားကြ၏။ နောက်ကျကျန်ရစ်ခဲ့မည်ကို စိုးရိမ်နေကြ၏။

“ဝင်တိုက်ပြီး နတ်ဆိုးကောင်တွေကို သတ်ကြ...”

သူတို့သည် လက်နက်မျိုးစုံ ကိုင်ဆောင်ထားကြ၏။

အချို့က သံတူရွင်း၊ အချို့က တံမြက်စည်း၊ အချို့က ထင်းရှူးသီး၊ အချို့က တုတ်ချောင်းများကို ကိုင်ဆောင်ထားကြပြီး အပေါက်အပြဲများ ပြည့်နှက်နေသော နေရာယူမှုဖြင့် အုံလိုက်ကျင်းလိုက် ဝင်ရောက်သွားကြ၏။

“ဒီဝိညာဉ်သားရဲတွေက... စစ်ရေးလေ့ကျင့်မှု လုံးဝ မရှိပါလား...”

ယဲ့ဖုန်းသည် သူတို့၏ ရှုပ်ထွေးနေသော နေရာယူမှုကို ကြည့်ပြီး မျက်နှာကို လက်ဖြင့် အုပ်လိုက်မိသည်။ ဝိညာဉ်သားရဲ အဖွဲ့ကို စစ်ရေးလေ့ကျင့်မှု သင်ပေးရန် လိုအပ်ကြောင်း ခံစားလိုက်ရသည်။

ရှဲ့ကွမ်တောင် အတွင်း၌...

အစ်ကိုကြီး ခေါင်းပြားသည် တားဆီးမည့်သူ မရှိသကဲ့သို့ အလွန် လျင်မြန်စွာ ရွေ့လျားနေလေ၏။

သူ၏ နောက်တွင် ဝတ်ရုံရှည်သည် ကျယ်လောင်သော အသံဖြင့် တဖျပ်ဖျပ် လွင့်ပျံနေပြီး စစ်နတ်ဘုရား တစ်ပါးကဲ့သို့ ထင်ရစေကာ မျက်လုံးများထဲတွင် သိက္ခာရှိမှုများ ပြည့်နှက်နေလေ၏။

“ဝှီး…”

သူ၏ စူးရှသော အနံ့ခံအာရုံကို အသုံးပြုပြီး တောင်နံရံရှိ ခိုင်ခံ့သော ကျောက်တံခါးကြီး တစ်ချပ်ကို ရှာတွေ့လိုက်သည်။ ထို့နောက် ခေါင်းဖြင့် တိုးဝင်တိုက်ခိုက်လိုက်ရာ တံခါးကြီး ကွဲကြေသွားပြီး ဖုန်မှုန့်များ နေရာအနှံ့ လွင့်ပျံသွားလေ၏။

“ဝေါ…”

အနက်ရောင် နတ်ဆိုးအငွေ့အသက်များ ရောနှောနေသော ထူထပ်သည့် မြူခိုးတိမ်တိုက်ကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ရွှေရောင် စစ်ဝတ်စုံ ဝတ်ဆင်ထားသော ရဲရင့်သည့် ချပ်ဝတ် စစ်သည်တော် တစ်ဦး အဖြစ် ပြောင်းလဲသွားလေ၏။ သူသည် နှစ်ဖက်သွား ဓားကြီးကို ကိုင်ဆောင်ထားပြီး အစ်ကိုကြီး ခေါင်းပြားကို ခုတ်ပိုင်းလိုက်လေ၏။

“ဝါး...ဟိုမှာ...”

အစ်ကိုကြီး ခေါင်းပြား၏ ဝတ်ရုံ လှုပ်ခါသွားပြီး လက်သီးဖြင့် ထိုးလိုက်လေ၏။

နတ်ဆိုးအငွေ့အသက်ဖြင့် ဖန်တီးထားသော ချပ်ဝတ် စစ်သည်တော်သည် လုံးဝ ခုခံနိုင်စွမ်း မရှိဘဲ လက်သီးချက်အောက်တွင် အက်ကွဲသွားသည်။ ၎င်းမှာ အသိစိတ် နာကျင်သွားသကဲ့သို့ စူးရှစွာ အော်ဟစ်လိုက်ရသည်။

အစ်ကိုကြီး ခေါင်းပြား ရှေ့သို့ တိုးဝင်လိုက်သည်။ အသိစိတ် ပါရှိသော နတ်ဆိုးအငွေ့အသက် တိမ်တိုက်ကြီးကို အပိုင်းပိုင်းအစစ ဖြစ်အောင် ရိုက်ခွဲပစ်လိုက်ရာ စက်ဝိုင်းပုံစံဖြင့် ပြန့်ကျဲသွားပြီး လျင်မြန်စွာ ပျောက်ကွယ်သွားလေတော့သည်။

“ဝါး......”

အစ်ကိုကြီး ခေါင်းပြား လိုဏ်ဂူထဲသို့ ပြေးဝင်သွားလေ၏။

မကြာမီ...

ရေပေါ်ဖြူမြို့တော် နတ်ဘုရား ငါးပါး၊ မြေခွေးဖြူလေးနှင့် ရွှေရောင် ရှဉ့်ကလေးတို့ ရောက်ရှိလာကြ၏။

“ဝုန်း…”

နတ်ဆိုးအငွေ့အသက်များ ထပ်မံ ပေါက်ကွဲထွက်လာပြီး သန်မာသော ချပ်ဝတ် စစ်သည်တော် တစ်ဦး အဖြစ် ပြောင်းလဲသွားသည်။ အစ်ကိုကြီး ခေါင်းပြား ဖောက်ခွဲပစ်လိုက်သော စစ်သည်တော်နှင့် အရှိန်အဝါ သိပ်မကွာခြားလှပေ။

“ဒါ အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ်နီးပါး စွမ်းအားရှိတဲ့ နတ်ဆိုးကောင်ပဲ... ညီအစ်ကိုတို့... ဝင်တိုက်ကြ... ခုတ်ပိုင်းပစ်လိုက်...”

ညာသံ ပေးလျက်၊ မြေခွေးတာ့ဟုန် ခုန်တက်လိုက်သည်။ သူထက် သုံးဆလောက် ရှည်သော သံတူရွင်းကြီးကို ကိုင်ဆောင်ထားပြီး နတ်ဆိုး ချပ်ဝတ် စစ်သည်တော်၏ ခေါင်းကို “ဂွပ်” ခနဲ ရိုက်ချလိုက်လေ၏။

ထို့နောက် သံတူရွင်းကြီး ထွင်းဖောက်ခံလိုက်ရသည်။

“အဟင့်၊ ငါ့ရဲ့ အဆုံးစွန် သံတူရွင်းကြီး...”

မြေခွေးတာ့ဟုန် လေအေး တစ်ချက် ရှူရှိုက်လိုက်မိ၏။

နောက်ကွယ်တွင် ယဲ့ဖုန်း ငိုချင်သွားသည်။

“မင်းက အသွင်တစ်ဝက်ပြောင်း နတ်ဆိုးကောင်ကို သာမန် သံမဏိနဲ့ လုပ်ထားတဲ့ သံတူရွင်းနဲ့ ရိုက်တယ် ဟုတ်လား... မင်းကို ရဲရင့်တယ်လို့ ခေါ်ရမလား... တုံးတယ်လို့ ခေါ်ရမလား...”

ယဲ့ဖုန်း ခေါင်းခါလိုက်ပြီး တိုက်ပွဲကို ဆက်လက် ကြည့်ရှုနေလိုက်သည်။

“စစ်သည်တော် ဗိုလ်ချုပ်... ပေါင်းစပ်စမ်း...”

တစ်ယောက်တည်း မနိုင်မှန်း သိလိုက်ရသဖြင့် မြေခွေးတာ့ဟုန်သည် ကျန်ရှိသော ရေပေါ်ဖြူမြို့တော် နတ်ဘုရား ငါးပါး အဖွဲ့ဝင်များကို အလျင်အမြန် ခေါ်ယူလိုက်သည်။ ဝိညာဉ်သားရဲ (၅) ကောင်သည် ပြိုင်တူ မီးခိုးငွေ့များ မှုတ်ထုတ်လိုက်ပြီး (၂) မီတာ မြင့်မားသော ချပ်ဝတ် စစ်သည်တော် (စက္ကူစစ်သည်တော်) တစ်ဦး အဖြစ် ပြောင်းလဲသွားလေ၏။

သူတို့၏ ကျင့်ကြံဆင့် အဆင့်မြင့် နတ်ဆိုးစစ်သည်တော် အဆင့်သို့ ရောက်ရှိပြီးကတည်းက သူတို့ ဖန်တီးသော “စက္ကူစစ်သည်တော်”သည်လည်း စွမ်းအား အများကြီး တိုးတက်လာခဲ့သည်။

“ဒုန်း…”

စက္ကူစစ်သည်တော် ဗိုလ်ချုပ်သည် နတ်ဆိုး ချပ်ဝတ် စစ်သည်တော်နှင့် အနီးကပ် တိုက်ပွဲ ဆင်နွှဲလေ၏။ အပြန်အလှန် တိုက်ခိုက်နေကြပြီး မည်သူမျှ အသာစီး မရကြပေ။

“မြေခွေးဖြူလေး... မင်းနဲ့ ရွှေရောင် ရှဉ့်ကလေး ဘေးကနေ ဝင်တိုက်...” ခွေးခေါင်း ဗျူဟာမှူး ခွေးအားဟာက အလျင်အမြန် ဆော်ဩလိုက်သည်။

“ကျွီ... ကျွီ...” မြေခွေးဖြူလေး ခေါင်းညိတ်လိုက်ပြီး ထူးဆန်းသော အသံတစ်သံ ပြုလုပ်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ ထို့နောက် လခြမ်းပုံစံ အရှိန်အဝါ အလွှာလိုက် တစ်ခုကို မှုတ်ထုတ်လိုက်ပြီး နတ်ဆိုး ချပ်ဝတ် စစ်သည်တော်၏ လည်ပင်းကို ခုတ်ပိုင်းလိုက်လေ၏။

“ဒေါင်…”

ရွှေရောင် ရှဉ့်ကလေးသည် မွေးရာပါ စွမ်းရည်များကို အသုံးပြုလိုက်ရာ လက်သီးဆုပ်သည် ရွှေရောင် ပြောင်းလဲသွားသည်။ နတ်ဆိုး ချပ်ဝတ် စစ်သည်တော် အနီးသို့ ဝှီးခနဲ ရောက်ရှိသွားပြီး အားပါပါ လက်သီးဖြင့် ထိုးနှက်လိုက်လေ၏။

“ကျွိ...”

ထို့နောက် ရွှေရောင် ရှဉ့်ကလေး အော်ဟစ်လိုက်ပြီး အဝေးသို့ နောက်ဆုတ်သွားကာ ရောင်ရမ်းနေသော လက်သီးဆုပ်များကို ခါယမ်းနေလေ၏။

ခွေးအားဟာ သတိပေးလိုက်သည်။

“အရမ်း မာတယ်ကွ... အနီးကပ် မတိုက်နဲ့...”

မျက်ရည်ဝဲနေသော ရွှေရောင် ရှဉ့်ကလေးသည် နှစ်ထောင်ချီ ရှေးဟောင်း ထင်းရှူးပင်ကြီး ပေးထားသော ထင်းရှူးသီးကို ကောက်ယူလိုက်ပြီး အုတ်ခဲတစ်လုံးကဲ့သို့ အသုံးပြုကာ ဆက်တိုက် ပစ်ပေါက်လေတော့သည်။

“ဂျွတ်…”,

‘လောဆု ပေးတဲ့ ထင်းရှူးသီးက တော်တော် မာလေသည်...။

ရွှေရောင် ရှဉ့်ကလေး သိပ်မသန်မာသော်လည်း နတ်ဆိုး ချပ်ဝတ် စစ်သည်တော်၏ မျက်နှာပြင်ကို အက်ကွဲအောင် လုပ်နိုင်ခဲ့သည်။ မြေခွေးဖြူလေးနှင့် စက္ကူစစ်သည်တော် ဗိုလ်ချုပ်တို့၏ တိုက်ခိုက်မှုတွေနှင့် ပေါင်းစပ်လိုက်တော့ နောက်ဆုံးမှာ ချေမွပစ်နိုင်ခဲ့သည်။

“ဟားဟားဟား... ငါတို့ ပေါင်းပြီး အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် နီးပါး စွမ်းအားရှိတဲ့ နတ်ဆိုးကောင်ကို ရှင်းလင်းနိုင်ခဲ့ပြီ... ငါတို့ တကယ် စွမ်းတာပဲ...”

မြေခွေးတာ့ဟုန် ခါးထောက်ပြီး အားရပါးရ ရယ်မောလိုက်သည်။

နောက်ကွယ်မှာ...

ယဲ့ဖုန်း တကယ် ငိုချင်သွားသည်။

“မြေခွေးတာ့ဟုန်... မင်းတို့ ဝိညာဉ်သားရဲ (၇) ကောင် ပေါင်းပြီး တံခါးစောင့် နတ်ဆိုးစစ်သည်တော် တစ်ကောင်လောက်ကို ချေမှုန်းဖို့ ဒီလောက် အချိန်ကြာနေတာ... ဂုဏ်ယူစရာ ဟုတ်လို့လား...”

“မင်းတို့ မသိတာက... အစ်ကိုကြီး ခေါင်းပြားက အဲဒီလို နတ်ဆိုး ချပ်ဝတ် စစ်သည်တော်မျိုးကို လက်သီးတစ်ချက်တည်းနဲ့ ဖြိုလဲပစ်ခဲ့တာ...”

“ဟူး... ဒါက ကြေးစား နဲ့ ဘုရင်တို့ရဲ့ ကွာခြားချက်ပဲ...”

ယဲ့ဖုန်း မျက်နှာကို လက်ဖြင့် အုပ်လိုက်ပြီး ခေါင်းခါလိုက်မိသည်။

(တီ..တီ..တီ... မင်းသမီးလေး နိုးထတော့မှာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်...)

ထိုအချိန်တွင် စနစ်၏ အချက်ပေးသံ ထွက်ပေါ်လာတော့၏။

“မင်းသမီးလေး နောက်ဆုံးတော့ နိုးလာပြီလား...” ယဲ့ဖုန်း၏ အကြည့်များ စူးရှသွားသည်။

သူ ကောင်းကင်မေးမြန်းကြေးမုံကို ချလိုက်ပြီး ဘေးနားတွင် ရပ်နေသော ဟူဖေးဖေးကို ကြည့်လိုက်သည်။

“ဝှီး…”

သူမ၏ တင်းတင်းပိတ်ထားသော မျက်လုံးများ ရုတ်တရက် ပွင့်လာတော့၏။ မျက်နှာထား တင်းမာနေပြီး ရုပ်သေးရုပ် တစ်ရုပ်ကဲ့သို့ ဖြစ်နေ၏။ သို့သော် မကြာမီ မျက်ဝန်းများထဲတွင် အလင်းရောင် တစ်ချက် ပေါက်ကွဲထွက်လာပြီး အသက်ဝင်လာသကဲ့သို့ ဖြစ်သွားသည်။

သူမ၏ မျက်လုံးများ ဉာဏ်ပညာနှင့် ပြည့်စုံလာတော့၏။

သို့သော် မကြာမီ ယခင်ကကဲ့သို့ ဆော့ကစားတတ်သော ပုံစံသို့ ပြန်လည် ပြောင်းလဲသွားသည်။

“ဂိုဏ်းချုပ်... သမီး နိုးပြီ...”

ဟူဖေးဖေး နှုတ်ခမ်းစူလိုက်သည်။ သူမ၏ မြေခွေးအမြီးသည် နောက်တွင် ပြင်းထန်စွာ လှုပ်ယမ်းနေပြီး ယဲ့ဖုန်း သတိမထားမိမှာ စိုးရိမ်သကဲ့သို့ သူ့ကို အဆက်မပြတ် ပွတ်သပ်နေလေ၏။

“နိုးလာပြီကိုး...”

ယဲ့ဖုန်း သူမ၏ ပန်းရောင် ဆံနွယ်များကို ဖွလိုက်ပြီး နှုတ်ခမ်းထောင့်များတွင် အပြုံးနုနုလေး တစ်ခု ပေါ်လာလေ၏။

“ဂျုန်း... ဂျုန်း…”

ကောင်းကင်ယံ နက်ရှိုင်းသော နေရာမှ စူးရှသော မိုးကြိုးသံများ ရုတ်တရက် ထွက်ပေါ်လာတော့၏။

“ဘာလို့ ရုတ်တရက် မိုးကြိုးပစ်တာလဲ...”

ယဲ့ဖုန်း နားမလည်နိုင် ဖြစ်သွားသည်။

ဟူဖေးဖေးသည် ဂိုဏ်းချုပ် ခန်းမဆောင်ကြီး အပြင်ဘက်သို့ ထွက်လိုက်ပြီး ကောင်းကင်တွင် စုစည်းနေသော အနက်ရောင် မိုးကြိုးတိမ်တိုက်များကို မော့ကြည့်လိုက်ရာ သူမ၏ အသံ တဖြည်းဖြည်း ကျယ်လောင်လာတော့၏။

“ဘာလို့လဲ ဆိုတော့ သမီး ကောင်းကင်ကပ်ဘေး ခံယူရတော့မှာမို့လို့လေ...”

ကောင်းကင် ကပ်ဘေး...

ထိုစကားလုံး နှစ်လုံး ယဲ့ဖုန်း၏ နားထဲသို့ ဝင်ရောက်သွားသောအခါ ချက်ချင်း မျက်ခုံးပင့်လိုက်မိပြီး တောင်ထိပ်သို့ ရောက်ရှိသွားကာ ကောင်းကင်ကို မော့ကြည့်လိုက်လေ၏။

“ဘာ... အထွတ်အထိပ်အဆင့် ဝိညာဉ်လက်နက် အဆင့်ကို ချိုးဖျက်ရုံနဲ့ ကောင်းကင်ကပ်ဘေး ခံယူရမယ် ဟုတ်လား...”

ယဲ့ဖုန်း အတော်လေး အံ့သြသွားသည်။

ဟူဖေးဖေး အနေနှင့် အထွတ်အထိပ်အဆင့် ဝိညာဉ်လက်နက် အဆင့်မှ “ဝိညာဉ်ရတနာ” အဆင့်ကို ချိုးဖျက်မှသာ ဘေးဒဏ်ခံယူရမည်ဟု သူ ထင်ထားခဲ့သည်လေ...

သို့ရာတွင်၊ မထင်မှတ်ဘဲ အခု ဖြစ်လာနေပြီလား...

“ဝှီး…”

ဟူဖေးဖေးသည် အနက်ရောင် မိုးကြိုးတိမ်တိုက် အစုအဝေးဆီသို့ ပြေးတက်သွားလေ၏။

မြူခိုးဂိုဏ်း၏ တောင် (၄) လုံး၊ ရေပေါ်ဖြူမြို့တော်နှင့် ရောင်စုံ ငါးသွယ် မြို့တော် မှ သက်ရှိအားလုံးသည် ဖြစ်ပေါ်နေသော အနက်ရောင် မိုးကြိုးတိမ်တိုက်များကို မြင်တွေ့နေရလေ၏။

မိုင်ရာချီ ရှည်လျားပြီး မဲမှောင်ထူထပ်နေကာ ကောင်းကင်မှ ကျဆင်းလာသော မျက်နှာကြက်ကြီး တစ်ခုကဲ့သို့ လူများကို မွန်းကြပ်စေသော ခံစားမှုမျိုး ပေးစွမ်းနေလေ၏။

“တစ်ယောက်ယောက် မူလနတ်ဘုရား အဆင့်ကို ချိုးဖျက်တော့မလို့လား...”

ရေပေါ်ဖြူမြို့တော် မြို့စားမင်းဟောင်းသည် ကောင်းကင်ကို ကြောင်ငေးကြည့်နေပြီး တီးတိုး ရေရွတ်လိုက်သည်။

သူ့မှတ်ဉာဏ်ထဲမှာတော့ မူလနတ်ဘုရား အဆင့်ကို ချိုးဖျက်မှသာ ဒီလောက် စွမ်းအားကြီးသော ကိုးလွှာကောင်းကင် မိုးကြိုးကပ်ဘေးကို ဖြစ်ပေါ်စေသည်လေ...

ကုန်းချင်းချို၊ ဒုတိယမျိုးဆက် တပည့်များနှင့် နှစ်ထောင်ချီ ရှေးဟောင်း ထင်းရှူးပင်ကြီး ကဲ့သို့သော ကျင့်ကြံသူများသည်လည်း အံ့အားသင့်နေကြပြီး ကောင်းကင်ကို မော့ကြည့်နေကြ၏။

မိုးကြိုးတိမ်တိုက်များဆီသို့ ဦးတည်သွားနေသော ဟူဖေးဖေးကို တစ်ချက် ကြည့်လိုက်ပြီးနောက် ကုန်းချင်းချို တစ်ခုခုကို နားလည်သွားပုံရပြီး ရင်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားလေ၏။

“စောင့်ရှောက်သူ ကပ်ဘေး ခံယူတော့မယ်...”

“သူ မူလနတ်ဘုရား အဆင့်ကို ချိုးဖျက်တော့မလို့လား...”

“တကယ်ကို မယုံနိုင်စရာပဲ...”

ကုန်းချင်းချို တွေးလေ ပိုပြီး အံ့သြလေ ဖြစ်နေရသည်။

“စနစ်... မင်းသမီးလေးက အထွတ်အထိပ်အဆင့် ဝိညာဉ်လက်နက် အဆင့်ကို ချိုးဖျက်ရုံနဲ့ ဘာလို့ ကပ်ဘေး ခံယူဖို့ လိုအပ်တာလဲ...” ယဲ့ဖုန်းလည်း နားမလည်နိုင်ဘဲ စိတ်ထဲကနေ မေးလိုက်သည်။

(ကောင်းကင်က ပါရမီရှင်တွေကို မနာလိုလို့လေ...)

စနစ်က စကားလုံး အနည်းငယ်ဖြင့် ပြန်ဖြေလိုက်သည်။

ထပ်မံ ရှင်းပြစရာ မလိုဘဲ ဟူဖေးဖေး၏ ပါရမီသည် အလွန် မြင့်မားနေသဖြင့် အဆင့်ချိုးဖျက်တိုင်း ကပ်ဘေး ခံယူရမည် ဖြစ်ကြောင်း ယဲ့ဖုန်း သိလိုက်ရသည်။

“ဘေးကင်းပါစေလို့ ဆုတောင်းပါတယ်...”

ယဲ့ဖုန်းသည် မိုးကြိုးတိမ်တိုက်များအောက်တွင် မျောလွင့်နေသော ဟူဖေးဖေးကို ကြည့်လိုက်ပြီး မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နှက်နေလေ၏။

*

ရှဲ့ကွမ်တောင်၌မူ...၊

တောင်စောင့် ဝိညာဉ်သားရဲများသည် နတ်ဆိုးကောင်များနှင့် တိုက်ခိုက်နေဆဲ ဖြစ်သည်။

အားလုံးသည် လိုဏ်ဂူထဲသို့ ဝင်ရောက်သွားကြပြီ ဖြစ်သဖြင့် အပြင်ဘက် အခြေအနေကို မသိရှိကြပေ။ ဟူဖေးဖေး ကပ်ဘေး ခံယူတော့မည် ဆိုသည်ကိုလည်း မသိရှိကြပေ။

ထိုအချိန်တွင် လိုဏ်ဂူ၏ အနက်ရှိုင်းဆုံး နေရာ၌...

အစ်ကိုကြီး ခေါင်းပြားသည် နတ်ဆိုး ချပ်ဝတ် စစ်သည်တော် ဒါဇင်ချီကို ဆက်တိုက် ဖောက်ခွဲပစ်လိုက်ပြီးနောက် အမှောင်ထု လွှမ်းမိုးနေသော မြေအောက် လိုဏ်ဂူကြီး တစ်ခုသို့ ရောက်ရှိသွားပြီး နတ်ဆိုးကောင်များ၏ မူလအစကို တွေ့ရှိလိုက်လေ၏။

All Chapters