← Chapters

အခန်း (၁၆၂၇-၁၆၂၉)

Vol. 109 Ch. 1627-1629

အခန်း (၁၆၂၇-၁၆၂၉)

Vol. 109 Ch. 1627-1629

အခန်း (၁၆၂၇) တစ်ချက်တည်းဖြင့် သေလုမြောပါးဖြစ်ခြင်း

မှန်သည်၊ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရောင်အဝါသည် ရွှေအမတေပြီးပြည့်စုံအဆင့်၏ အရောင်အဝါဖြစ်သည်။ ရွှေအမတေပြီးပြည့်စုံအဆင့်သည် ရွှေအမတေအဆင့်တစ်ခုလုံး ပြီးပြည့်စုံမှုကို ကိုယ်စားပြုသည်။ ကျင့်ကြံသူတစ်ဦးသည် ထိုအဆင့်သို့ ရောက်ရှိမှသာ မိမိ၏ ရွှေအမတေကျင့်စဉ်ကို အမှန်တကယ် အဆုံးသတ်နိုင်ပေလိမ့်မည်။ ၎င်းသည် ကျင့်ကြံခြင်းအဆင့်၏ အထွတ်အထိပ်ဖြစ်သည်။

နှစ်အနည်းငယ်ကြာမျှ ပြင်းထန်စွာ ကျင့်ကြံပြီးနောက် ချူးယွင်ဖန်းသည် နောက်ဆုံးတွင် ရွှေအမတေအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ မူလတွင် သူသည် အမတေမဲ့အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေ၍ ရွှေအမတေအဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်း လိုအပ်ခဲ့သည်။ သူ၏ ခန္ဓာကိုယ် သန့်စင်ခံရကာ ကြီးမားသော ပြောင်းလဲမှုကို ကြုံတွေ့ချိန်တွင် ချူးယွင်ဖန်းသည် နန်ကုန်းကျိုကဲ့သို့ အောင်မြင်စွာ အဆင့်ဖြတ်ကျော်နိုင်ခဲ့ရာ ရွှေအမတေအဆင့်သို့ တစ်ဟုန်ထိုး ရောက်ရှိသွားလေသည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည်လည်း ယခင်ကထက် အဆပေါင်းများစွာ တိုးတက်လာခဲ့၏။

ထိုအချိန်တွင် လူတိုင်း တရားထိုင်ရာမှ နိုးထလာကြသည်။ အဆင့်ဖြတ်ကျော်သွားသူသည် ချူးယွင်ဖန်းနှင့် နန်ကုန်းကျို နှစ်ဦးတည်း မဟုတ်ဘဲ အခြားသူများ၏ ကျင့်ကြံမှုများသည်လည်း အကြီးအကျယ် မြင့်တက်သွားကြသည်။ ဒြပ်မဲ့အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုအပ်သည့် ဟွမ်ဖုန်းနှင့် ဓားဘုရင်တို့သည် နန်ကုန်းကျိုနှင့် အလားတူသော ဒြပ်မဲ့အဆင့်သို့ ရောက်ရှိသွားကြသည်။

မူလက ရွှေအမတေပြီးပြည့်စုံ အထွတ်အထိပ်အဆင့်သို့ ရောက်နေသည့် အခြားသော သိုင်းပညာရှင်များသည်လည်း ဒြပ်မဲ့အဆင့်၏ အနားသတ်သို့ ရောက်ရှိလာကာ ဟွမ်ဖုန်း၊ ဓားဘုရင်နှင့် နန်ကုန်းကျိုတို့ကို ယှဉ်နိုင်လုနီးပါးဖြစ်လာသည်။ ထို့အပြင် ဤသို့အဆင့်ဖြတ်ကျော်ခြင်းသည် မည်သည့် ဘေးထွက်ဆိုးကျိုးမျှ မရှိသည့်အပြင် ၎င်းတို့၏ သက်တမ်းနှင့် အသက်ဓာတ်များပင် မြင့်တက်လာသည်။

၎င်းတို့သည် ဤကဲ့သို့ ကောင်းမွန်သော အခွင့်အရေးမျိုးကို နေ့တိုင်း ကြုံတွေ့ချင်ကြသော်လည်း ဖြစ်နိုင်မည်မဟုတ်ကြောင်း နားလည်ကြသည်။ ဤသက်တံ့ရောင် အလင်းတန်းသည် အလွန်ရှားပါးလှရာ၊ ၎င်းကို ပိုင်ဆိုင်ထားသော ဂိုဏ်းများပင် အသုံးပြုမှုကို အလွန်အမင်း ထိန်းချုပ်ထားသောကြောင့် သာမန်လူများ ထိတွေ့ခွင့်ရရန် မလွယ်ကူကြပေ။ ထိပ်တန်း ပါရမီရှင်များသာလျှင် ဤသက်တံ့ရောင် အလင်းတန်းဖြင့် စင်ကြယ်ခွင့်ရကြမည်ဖြစ်သည်။ ထိုပါရမီရှင်များသည် ၎င်းတို့နှင့် အသက်အရွယ် တူညီကြသော်လည်း ကျင့်ကြံမှုအဆင့်သည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှ၏။ ၎င်းသည် ပါရမီချင်း ကွာခြားခြင်းကြောင့်သာ မဟုတ်ဘဲ အရင်းအမြစ်ချင်း ကွာခြားခြင်းကြောင့်လည်းဖြစ်သည်။

သို့သော်လည်း ၎င်းတို့သည် အလွန်ဝမ်းသာနေကြသည်။ ယခုခရီးစဉ်တွင် ရရှိလိုက်သော အကျိုးကျေးဇူးသည် အလွန်များပြားလှသည်။ ဝမ်းသာမှုအပြီးတွင် တိုက်ခိုက်နေသည့် လူနှစ်ဦးထံ ချက်ချင်း အာရုံရောက်သွားကြသည်။ နန်ကုန်းကျို၏ မြှားချက်သည် ၎င်းတို့ကို နိုးလာစေသည့် အကြောင်းအရင်းဖြစ်၍ ထိုမြှားကို အသာအယာ ဖမ်းယူလိုက်သည့် ချူးယွင်ဖန်း​၏ အပြုအမူသည် ၎င်းတို့အားလုံးကို အံ့အားသင့်ကာ ဆွံ့အသွားစေသည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို လူသားအရေခွံခြုံထားသော မွန်းစတားတစ်ကောင်ကဲ့သို့ ကြည့်နေကြ၏။

"ကျုပ် ခင်ဗျားကို ပြောသားပဲ၊ ကျုပ်သာ ခင်ဗျားနေရာဆိုရင် ဒီမြှားကို ပစ်မှာ မဟုတ်ဘူးလို့" ချူးယွင်ဖန်းက ဘာသိဘာသာ ပြောလိုက်သည်။ သူသည် နန်ကုန်းကျိုကို အရေးမစိုက်သကဲ့သို့ အလွန်တည်ငြိမ်နေသည်။ နန်ကုန်းကျိုသည် ချူးယွင်ဖန်းကို စူးရှစွာ စိုက်ကြည့်လိုက်သည်။ ကနဦး ပျော်ရွှင်မှုများ လုံးလုံးလျားလျား ပျက်ပြယ်သွားသည်။

"ပစ်တော့ရော ဘာဖြစ်လဲ၊ မင်းက ရွှေအမတေပြီးပြည့်စုံအဆင့်ပဲ ရှိသေးတာ၊ ကျုပ်က မင်းရှေ့ ခေါင်းငုံ့မယ် ထင်နေတာလား"

နန်ကုန်းကျိုသည် အံကြိတ်ကာ ချူးယွင်ဖန်းကို စိုက်ကြည့်လိုက်သည်။ သို့သော် သူအရှေ့ရှိ လူငယ်သည် သာမန်ရွှေအမတေပြီးပြည့်စုံအဆင့် မဟုတ်ကြောင်း သူ နားလည်သွားသည်။ ချူးယွင်ဖန်းသည် အလွန်အမင်း အင်အားကြီးမားကာ ကြောက်မက်ဖွယ်ကောင်းလှသည်။ နန်ကုန်းကျို၏ လက်ရှိ ဒြပ်မဲ့အဆင့်ဖြင့်ဆိုလျှင် သာမန်ရွှေအမတေပြီးပြည့်စုံအဆင့် ရှစ်ဦး၊ ဆယ်ဦးခန့်ဖြင့် သူ့ကို မထိခိုက်နိုင်ကြပေ။ ခြေလှမ်းတစ်ဝက် ဒြပ်မဲ့အဆင့်သုံးဦး၊ ငါးဦးလျှင်ပင် သူ့ကို တားဆီးနိုင်မည် မဟုတ်ချေ။ သူသည် ၎င်းတို့အားလုံးကို ချေမှုန်းနိုင်စွမ်းရှိသည်။

သို့သော် သူသည် ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရချိန်တွင် အနိုင်ရရန် ယုံကြည်ချက် မရှိခဲ့ပေ။ နန်ကုန်းကျိုသည် ချူးယွင်ဖန်းထံမှ ခြိမ်းခြောက်မှုကို ခံစားမိသောကြောင့် လက်ဦးမှုယူရန် ဆုံးဖြတ်ကာ ထိုမြှားကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ချူးယွင်ဖန်း၏ ခွန်အားသည် မျှော်လင့်ထားသည်ထက် သာလွန်နေမည်ဟု မည်သူ သိမည်နည်း။ ချူးယွင်ဖန်းသည် မြှားကို လက်ဗလာဖြင့် ဖမ်းယူခဲ့သည်။

'ဒီကောင်က မွန်းစတားတစ်ကောင်လား' နန်ကုန်းကျိုသည် ထိုသို့ စိတ်ပျက်စွာ တွေးနေမိသော်လည်း သူ၏ မာနသည် ခေါင်းငုံ့ရန် ခွင့်မပြုခဲ့ပေ။

"သူက ရွှေအမတေပြီးပြည့်စုံအဆင့်ဖြစ်နေတော့ရော ဘာဖြစ်လဲ"

ချူးယွင်ဖန်းက ခေါင်းခါ၍ လှောင်ရယ်လိုက်သည်။

"ကျုပ်နဲ့ ခင်ဗျားကြားမှာ ရန်ငြိုးမရှိခဲ့ဘူးလေ၊ ခင်ဗျား ယန်ဖေးဖုန်ကို ကူညီခဲ့တာကို ခဏထားဦး။ အခု သူ ကျုပ်ကြောင့် ထွက်ပြေးသွားရတာတောင် ခင်ဗျားက အရှေ့ထွက်လာပြီး ကန့်လန့်တိုက်ချင်သေးတယ်ပေါ့လေ။ ကျုပ် ခင်ဗျားကို သင်ခန်းစာ မပေးရင် ကောင်းကင်နဲ့ မြေကြီး ဘယ်လောက်ကျယ်ပြောတယ်ဆိုတာ ခင်ဗျား သိမှာမဟုတ်ဘူး"

"ကျုပ်ကို သင်ခန်းစာပေးမယ်တဲ့လား၊ မင်းကလား" နန်ကုန်းကျိုသည် ချူးယွင်ဖန်း၏ စကားကြောင့် ချက်ချင်းပင် ဒေါသထွက်သွားသည်။

"ကျုပ်ကို သင်ခန်းစာပေးနိုင်မယ့်သူ အခုထိ မမွေးသေးဘူး"

နန်ကုန်းကျိုသည် စကားပြောနေစဉ် လက်ထဲရှိ လေးကို ဆွဲတင်လိုက်သည်။

"အောက်တန်းစား ဒေသခံ၊ ကျုပ်တို့ နန်ကုန်းမိသားစုရဲ့ မြှားအတတ်ကို မြည်းကြည့်လိုက်စမ်း" နန်ကုန်းကျို၏ မျက်လုံးများ ရုတ်တရက် စူးရှလာ၍ ချူးယွင်ဖန်းအပေါ် ချိန်ရွယ်လိုက်သောအခါ သူ​၏ခန္ဓာကိုယ်ထဲရှိ ထူးခြားသော စွမ်းအင်များ အရှိန်အဟုန်ဖြင့် လောင်မြိုက်လာသည်။

"သတိထားပါ အစ်ကိုချူး၊ နန်ကုန်းရဲ့ ကြယ်တံခွန်မြှား အတတ်ပညာက တကယ် ကြောက်စရာကောင်းတယ်" ဟွမ်ဖုန်းသည် ချူးယွင်ဖန်းကို သတိပေးလိုက်သည်။

မူလက သူသည် ချူးယွင်ဖန်းကို ခေတ္တအသုံးချရန် လက်တွဲဖော်အဖြစ်သာ သဘောထားခဲ့သော်လည်း ယခုအခါ သူ၏ စိတ်သဘောထားများ လုံးလုံးလျားလျား ပြောင်းလဲသွားလေသည်။ ချူးယွင်ဖန်း၏ အလားအလာသည် မခန့်မှန်းနိုင်သည်အထိ မြင့်မားပေသည်။

"ရပါတယ်၊ ဒါက အရေးမပါတဲ့ မြှားအတတ်တစ်ခုသာသာပါ"

ချူးယွင်ဖန်းက ဂရုမစိုက်စွာ ပြောလိုက်သည်။ နန်ကုန်းကျို၏ လက်ထဲရှိ မြှားသည် လွင့်ထွက်လာ၍ ခဏအတွင်း လေထုနှင့် တိမ်တိုက်များ အရောင်ပြောင်းလဲကုန်၏။ သူ၏ လက်ထဲရှိ မြှားသည် ရှည်လျားလှသော အလင်းရောင်ဖြင့် ချူးယွင်ဖန်းထံ ပျံသန်းသွားသည့် ဧရာမ ကြယ်တံခွန်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် ကမ္ဘာမြေပေါ် ပြိုကျလာမည့် ကြယ်တံခွန်တစ်ခု၏ အရှိန်အဝါကဲ့သို့ ထင်မှတ်ရစေသည်။ ရှေးခေတ်က ဒိုင်နိုဆောများ မျိုးတုံးရခြင်းသည် ကမ္ဘာမြေပေါ် ကျရောက်လာသော ဥက္ကာခဲကြီးကြောင့်ဟု ကောလာဟလများရှိခဲ့ဖူးသည်။ နန်ကုန်းကျို၏ မြှားသည် ထိုမျှမစွမ်းဆောင်နိုင်သော်လည်း ဒြပ်မဲ့အဆင့်ကျင့်ကြံသူတစ်ဦး​၏ ပစ်ချက်ဖြစ်သောကြောင့် အလွန် တုန်လှုပ်ဖွယ်ကောင်းလှသည်။

"ကျုပ်ရှေ့မှာ ဒီလို အညတရပညာမျိုးနဲ့ ကြွားရဲတယ်ပေါ့"

ချူးယွင်ဖန်းသည် လှောင်ရယ်ပြီးနောက် လက်ဖြင့် ရိုက်ချလိုက်သည်။ သူသည် ထူးခြားသော သိုင်းပညာ သို့မဟုတ် မည်သည့် စွမ်းအင်ကိုမျှ အသုံးမပြုဘဲ ထိုကြောက်မက်ဖွယ် မြှားချက်ကို လက်ဖဝါးဖြင့် ရိုက်ချလိုက်ခြင်းဖြစ်၏။

ဘုံး

ဧရာမ ကြယ်စင်နှစ်လုံး တိုက်မိသွားသကဲ့သို့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ပြီးနောက် နန်ကုန်းကျို၏ ကြယ်တံခွန်မြှားသည် ချူးယွင်ဖန်း၏ ရိုက်ချက်အောက်တွင် မှုန့်မှုန့်ညက်ညက် ကြေမွသွားကြောင်း အားလုံး မြင်တွေ့လိုက်ရသည်။ စွမ်းအင်လှိုင်းများ ဒီရေလှိုင်းကဲ့သို့ အရပ်ရပ်သို့ ပျံ့နှံ့သွားသော်လည်း ချူးယွင်ဖန်း၏ လက်ဝါးရိုက်ချက်သည် အရှိန်မပျက်ပြယ်ဘဲ ဆက်လက် ချီတက်သွားသည်။ နန်ကုန်းကျိုသည် အခြေအနေမကောင်းမှန်း သိရှိသွားသည်။ သူသည် အဝေးတိုက်ခိုက်ရေးတွင် ကျွမ်းကျင်သော်လည်း အနီးကပ်တိုက်ခိုက်ရေးသည် သူ၏ အားနည်းချက်ဖြစ်သည်။ ၎င်းသည် နန်ကုန်းကျိုမိသားစု ကျွမ်းကျင်သူများ၏ အားနည်းချက်လည်းဖြစ်၏။ ယခုမူ သူသည် မလွတ်မြောက်နိုင်တော့ပေ။ ချူးယွင်ဖန်း၏ ရိုက်ချက်သည် သူ့အပေါ် ပစ်မှတ်ထားနေသည်။

ဘန်း

ချူးယွင်ဖန်း၏ ရိုက်ချက်သည် နှေးကွေးသယောင် ထင်မှတ်ရသော်လည်း တကယ်တမ်းတွင် အလွန်မြန်ဆန်လှရာ ခဏအတွင်းပင် နန်ကုန်းကျိုကို ထိမှန်သွားသည်။ နန်ကုန်းကျိုသည် သွေးများ အန်ထုတ်လျက် အဝေးသို့ လွင့်ပျံသွားကာ အရိုးများ ကျိုးကြေသွားသောကြောင့် နာကျင်စွာ အော်ဟစ်နေသည်။

အခန်း (၁၆၂၈) လက်တစ်ဖက်ဖြင့် လှန်လှောခြင်းနှင့် လက်နှစ်ဖက်ဖြင့် လှန်လှောခြင်းကြားက ခြားနားချက်

ချူးယွင်ဖန်း၏ တိုက်ခိုက်မှုသည် ရုတ်တရက်ဆန်လွန်းသောကြောင့် မျက်တောင်တစ်ခတ်အတွင်း တိုက်ခိုက်လိုက်သကဲ့သို့ပင် ထင်မှတ်ရစေသည်။ ပို၍ မမျှော်လင့်ထားသောအရာသည် မိမိကိုယ်ကို သန်မာလှသည်ဟု ဝံ့ကြွားနေသော နန်ကုန်းကျိုသည် ချူးယွင်ဖန်းအရှေ့တွင် အလွန်တရာ ခုခံနိုင်စွမ်းကင်းမဲ့နေသည်။ နန်ကုန်းကျိုသည် ခဏအတွင်း ချူးယွင်ဖန်းထံတွင် လုံးဝဥဿုံ ရှုံးနိမ့်သွားကာ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုတစ်ခုကိုပင် မခုခံနိုင်ခဲ့ပေ။ ဤတိုက်ခိုက်မှုသည် လူတိုင်းကို တုန်လှုပ်သွားစေသည်။ ထိုမတိုင်မီက စိတ်ကူးယဉ်အကောင်းဆုံးလူပင် ဤသို့ဇာတ်သိမ်းမည်ဟု မထင်မှတ်ထားခဲ့ပေ။ လူတိုင်း၏အမြင်တွင် နန်ကုန်းကျိုသည် ချူးယွင်ဖန်းကို အနိုင်မတိုက်နိုင်လျှင်ပင် ဒြမ်မဲ့အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည့်အတွက် မိမိကိုယ်ကို ခုခံကာကွယ်နိုင်လိမ့်မည်ဟု ထင်မှတ်ထားကြသည်။

လူတိုင်းသည် ဒြမ်မဲ့အဆင့်သို့ ရောက်ရှိရန် မဝေးလှသော်လည်း ဤအချက်ကြောင့်ပင် ဒြမ်မဲ့အဆင့်သို့ ရောက်ရှိသူနှင့် မရောက်ရှိသူကြားက ကွာခြားချက်ကို ကောင်းကောင်းသိကြသည်။ ၎င်းတို့သည် ကျင့်ကြံမှုအဆင့်ချင်း လုံးလုံးလျားလျား မတူညီကြပေ။ သို့သော် ဒြမ်မဲ့အဆင့်သို့ တက်လှမ်းထားသော နန်ကုန်းကျိုသည် ရွှေအမတေပြီးပြည့်စုံအဆင့်သို့ ဝင်ရောက်ခါစဖြစ်သော ချူးယွင်ဖန်းထံတွင် ရှုံးနိမ့်သွားခဲ့သည်။ ထို့အပြင် တိုက်ခိုက်မှု တစ်ခုတည်းဖြင့် ရှုံးနိမ့်သွားခြင်းဖြစ်သည်။

ဟွမ်ဖုန်းနှင့် ဓားဘုရင်တို့ ကြက်သီးမွေးညင်းများ ထသွားကြသည်။ ၎င်းတို့သည် ယခင်က ချူးယွင်ဖန်းကို အလေးအနက်မထားခဲ့ကြပေ။ ချူးယွင်ဖန်းသည် ယခင်က ခြေလှမ်းတစ်ဝက် ဒြမ်မဲ့အဆင့် ကျင့်ကြံသူကို စိန်ခေါ်နိုင်ခဲ့သော်လည်း ၎င်းသည် အစစ်အမှန် ဒြမ်မဲ့အဆင့်မဟုတ်ပေ။ ​ဒြမ်မဲ့အဆင့်သို့ ရောက်ရှိပြီးနောက် ၎င်းတို့နှင့် ချူးယွင်ဖန်းကြားရှိ ကွာဟချက်သည် ပို၍ကျယ်ပြန့်သွားသည်ဟု ထင်မှတ်ခဲ့ကြသည်။

သို့သော် ကွာဟချက်သည် ပို၍ကျယ်ပြန့်သွားသော်လည်း ချူးယွင်ဖန်းကသာ ၎င်းတို့ထက် သန်မာလာခြင်းဖြစ်သည်။ ၎င်းတို့သည် များစွာတိုးတက်လာ၍ တိုက်ခိုက်ရေးစွမ်းရည်များ တိုးလာသော်လည်း ချူးယွင်ဖန်း၏ တိုးတက်မှုက ၎င်းတို့ထက် ပို၍သာလွန်နေခဲ့သည်။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် သက်တံ့ရောင်အလင်းတန်း​၏ ပမာဏအများဆုံးကို ရရှိသွားခဲ့ကြောင်း ၎င်းတို့သတိရသွားသည်။ သူရရှိခဲ့သည့် သက်တံ့ရောင်အလင်းတန်းသည် ၎င်းတို့ထက် အဆပေါင်းများစွာ များပြားပေသည်။ ထိုမျှများပြားသော အလင်းတန်းများကို စုပ်ယူပြီးနောက် ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်ကြီးမားစွာ ပြောင်းလဲလာခဲ့သည်။

၎င်းတို့​၏ အတွေးများသည် မှန်ကန်ပေသည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းရည်သည် အလွန်ထိုးတက်လာခဲ့သည်၊ အထူးသဖြင့် သူ၏ ကျင့်ကြံမှုအဆင့်သည် ပို၍ပင် မြင့်မားနေသည်။ သူသည် ရွှေအမတေပြီးပြည့်စုံအဆင့်သို့ ဝင်ရောက်ရုံသာမကဘဲ ရွှေအမတေပြီးပြည့်စုံအလယ်အဆင့်သို့ ရောက်ရန် အနည်းငယ်သာ လိုအပ်တော့သည်။ ထို့အပြင် သူ၏တိုက်ခိုက်ရေးစွမ်းရည်သည် နန်ကုန်းကျိုနှင့် အခြားသူများထက် များစွာသာလွန်နေသည်။ ၎င်းတို့သုံးဦး စုပေါင်းတိုက်ခိုက်မှသာ အနည်းငယ်စိုးရိမ်ရသော အခြေအနေသို့ ရောက်ရှိနိုင်ပေလိမ့်မည်။ အကယ်၍ တစ်ဦးချင်းသာဆိုလျှင် ချူးယွင်ဖန်းသည် ဒုတိယအကြိမ် ပြန်ကြည့်လှည့်ရန်ပင် စိတ်ဝင်စားမည် မဟုတ်ပေ။

မိမိ​၏ သန်မာမှုအတိုင်းအတာကို သိသောကြောင့် ချူးယွင်ဖန်း​၏ အမူအရာသည် အလွန်တည်ငြိမ်နေသည်။ သူ့လက်ထဲတွင် ဇစ်မြစ်ပေါင်းစည်းမှုဆေးကိုးလုံး ကျန်ရှိနေသေးသောကြောင့် ထိုဆေးလုံးများဖြင့် နောက်ထပ်ခြေတစ်လှမ်း တက်လှမ်းကာ ရွှေအမတေပြီးပြည့်စုံ အလယ်အဆင့်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် အချိန်များများ ပေးအပ်ရန်မလိုဘဲ မကြာမီ လုပ်ဆောင်နိုင်ပေလိမ့်မည်။ ဤတစ်ကြိမ်တွင် ခရမ်းရောင်မိုးကြိုးဓားဂိုဏ်းသို့ လာရောက်ကြသည့် ကြီးမြတ်သော ရှားတိုင်းပြည်ရှိ ကျင့်ကြံသူများ၏ အကျိုးအမြတ်အများစုသည် ချူးယွင်ဖန်း၏ လက်ထဲသို့ ရောက်ရှိသွားသည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို ကူညီလိုက်သကဲ့သို့ဖြစ်သွားသည်ဟုပင် ဆိုနိုင်သည်။

“မဖြစ်နိုင်ဘူး”

နန်ကုန်းကျိုသည် ချူးယွင်ဖန်းကို စိုက်ကြည့်ကာ သွေးတစ်ပွက် အန်ထုတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် အဆောက်အအုံတစ်ခုနှင့် ဝင်တိုက်မိသွားကာ မတ်တတ်ပြန်ရပ်နိုင်ရန် အချိန်အတော်ကြာ ရုန်းကန်ခဲ့ရသည်။ သို့သော်လည်း နန်ကုန်းကျိုသည် ခန္ဓာကိုယ်ထဲရှိ အရိုးများအားလုံး ကျိုးကြေသွားသကဲ့သို့ ခံစားနေရသည်။ သူသည် လှုပ်ရှားလိုက်ရုံမျှဖြင့် အလွန်အမင်း နာကျင်နေသည်။ ချူးယွင်ဖန်းသည် နန်ကုန်းကျို၏မျက်လုံးထဲ၌ သူ့ကို တိုက်ခိုက်မှုတစ်ခုတည်းဖြင့် အနိုင်ယူခဲ့သည့် မွန်းစတားတစ်ကောင်ဖြစ်သည်။ နှစ်ဦးစလုံး အဆင့်ဖြတ်ကျော်ခဲ့ကြ၍ သူသည် ဒြမ်မဲ့အဆင့်သို့ ရောက်ရှိခဲ့သော်လည်း ချူးယွင်ဖန်းကို မယှဉ်နိုင်ခဲ့ပေ။ ယင်းအစား သူသည် အလွန်နောက်ကျကျန်ခဲ့ပုံပေါ်သည်။

ဤအချက်ကို တွေးမိသောအခါ နန်ကုန်းကျိုသည် အလွန်မကျေမနပ်ဖြစ်နေသည်။ အကယ်၍ ကြိုတင်သိခဲ့မည်ဆိုလျှင် ချူးယွင်ဖန်းကို တိုက်ခိုက်ရန် ယန်ဖေးဖန်နှင့် ပူးပေါင်းခဲ့မည်မှာ သေချာသည်။ ယခုမူ အလွန်နောက်ကျသွားသောကြောင့် နောင်တရရုံသာ တတ်နိုင်သည်။ ချူးယွင်ဖန်းသည် သူ ရင်ဆိုင်နိုင်မည့်သူ မဟုတ်တော့ပေ။ နန်ကုန်းကျိုသည် သူ​၏ရွေးချယ်မှုကို စတင်နောင်တရလာသည်။ ကနဦးတွင် လက်ဦးမှုရယူရန် မကြိုးစားခဲ့သင့်ပေ။ သူသည် အဆင့်ဖြတ်ကျော်ခါစတွင် အလွန်တက်ကြွနေသောကြောင့် ချူးယွင်ဖန်း​၏ သတိပေးမှုကို ဂရုမစိုက်ခဲ့ပေ။ ချူးယွင်ဖန်းသည် သူ့ကို ခြောက်လှန့်ရန် ကြွားလုံးထုတ်နေသည်ဟုသာ သူ ထင်မှတ်ခဲ့သည်။

“ကျုပ် ခင်ဗျားကို မသတ်ချင်ပါဘူး၊ ဒါပေမယ့် ခင်ဗျားက ကျုပ်ကို အရင်တိုက်ခိုက်ခဲ့တာဆိုတော့ ကျုပ်ကို အပြစ်မတင်နဲ့ပေါ့” ချူးယွင်ဖန်းသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် အေးစက်စွာ ပြောလိုက်သည်။

နန်ကုန်းကျိုသည် မိမိနှင့် မယှဉ်နိုင်သော်လည်း သူ၏ ပါရမီကို လျှော့တွက်၍မရပေ။ နန်ကုန်းကျိုသည် သူ့ကို ရန်စခဲ့ပြီဖြစ်သောကြောင့် အမြစ်ဖြတ် ရှင်းလင်းပစ်ရပေလိမ့်မည်။

“အစ်ကိုချူး၊ ကျေးဇူးပြုပြီး ကျုပ်မျက်နှာကို ထောက်ထားပြီး သူ့ကို သက်ညှာပေးလိုက်ပါ” ဟွမ်ဖုန်းက ရုတ်တရက် ဝင်ပြောလိုက်သည်။

ချူးယွင်ဖန်းသည် ဟွမ်ဖုန်းကို သံသယဖြစ်စွာ ကြည့်လိုက်သည်။ ဟွမ်ဖုန်းက အဘယ်ကြောင့် ဝင်ပါနေရသည်ကို သူ မသိပေ။ နန်ကုန်းကျိုနှင့် ဟွမ်ဖုန်းတို့ကြားတွင် မည်သည့်ပတ်သက်မှုမှ ရှိပုံမရပေ။ အစောပိုင်းတွင် နန်ကုန်းကျိုသည် ချူးယွင်ဖန်းကို မကူညီနိုင်ရန်အတွက် ဟွမ်ဖုန်းကို တားဆီးခဲ့သေးသည်။

“နန်ကုန်းမိသားစုရဲ့ လူကြီးတစ်ယောက်ကို ကျုပ် ကျေးဇူးကြွေးတင်ထားလို့ပါ၊ ဒါကြောင့် ဒီတစ်ကြိမ်တော့ နန်ကုန်းကျိုကို လွှတ်ပေးဖို့ အစ်ကိုချူးကို ကျုပ် တောင်းဆိုချင်ပါတယ်၊ နန်ကုန်းမိသားစုကလည်း ဒီကရုဏာတရားကို အမှတ်ရနေလိမ့်မယ်လို့ ကျုပ် ယုံကြည်ပါတယ်” ဟွမ်ဖုန်းက ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။

သူသည် နန်ကုန်းကျိုနှင့် မည်သည့်ပတ်သက်မှုမှ မရှိသည့်အပြင် နန်ကုန်းကျို သေသွားရန်ပင် ဆုတောင်းမိသည်။ သို့သော် သူသည် နန်ကုန်းမိသားစု၏ အကြီးအကဲတစ်ဦးထံတွင် ကျေးဇူးကြွေးရှိနေသည်။ ထိုကျေးဇူးကြွေးသည် အလွန်ကြီးမားလှသဖြင့် ချူးယွင်ဖန်းကို စော်ကားမိသကဲ့သို့ဖြစ်သွားနိုင်သည်ကို သိလျက်နှင့် နန်ကုန်းကျိုကို ကယ်တင်ရန်အတွက် အရှေ့ထွက်လာရသည်။

နန်ကုန်းကျိုသည် ထိုအကြီးအကဲ အလွန်အလေးထားသည့် မျိုးဆက်သစ်တစ်ဦးဖြစ်ကြောင်း သူ သိသည်။ သို့သော် သူသည် ချူးယွင်ဖန်းကို အထက်စီးမှ စကားမပြောဝံ့ပေ၊ အကြောင်းမှာ နန်ကုန်းကျိုလျှင်ပင် ချူးယွင်ဖန်း၏ ပြိုင်ဘက်မဟုတ်သောကြောင့်ဖြစ်သည်။ နန်ကုန်းကျိုသည် အနီးကပ်တိုက်ခိုက်ရေးတွင် ကျွမ်းကျင်သူ မဟုတ်ပေ။ သို့သော်ငြား ဟွမ်ဖုန်းကိုယ်တိုင် ဝင်ရောက်တိုက်ခိုက်လျှင်ပင် ရလဒ်သည် ထူးခြားလာမည်မဟုတ်ပေ။ လက်တစ်ဖက်ဖြင့် လှန်လှောခြင်းနှင့် လက်နှစ်ဖက်ဖြင့် လှန်လှောခြင်းကြားတွင် မည်သည့်ထူးခြားမှုမျိုးရှိမည်နည်း။ ချူးယွင်ဖန်းသည် ခဏစဉ်းစားကာ နန်ကုန်းကျိုကို စိုက်ကြည့်လိုက်သည်။

မိမိ၏ အသက်ရှင်သန်ခွင့်သည် ယခု လုပ်ဆောင်မှုအပေါ် မူတည်ကြောင်း နန်ကုန်းကျို သိရှိသွားသောကြောင့် ကမန်းကတန်း ပြောလိုက်သည်။

“အစ်ကိုချူး၊ စောစောက ယန်ဖေးဖန်ရဲ့ မြှောက်ပင့်မှုတွေကြောင့် ကျုပ် ရူးသွားတာပါ၊ ကျုပ် နောက်ကို အဲ့လိုကန့်လန့်မတိုက်တော့ပါဘူး၊ ဒီကိစ္စအတွက်လည်း နောက်နောင် ဘယ်တော့မှ လက်စားမချေဘူးလို့ ကောင်းကင်ဘုံကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်”

ချူးယွင်ဖန်းသည် နန်ကုန်းကျိုကို စိုက်ကြည့်နေသည်။ သူ၏ ကောင်းကင်ဘုံကို တိုင်တည်ကျိန်ဆိုမှုသည် အကျိုးသက်ရောက်မှုရှိပေသည်။ သာမန်လူတစ်ဦးသည် ပေါ့ပေါ့တန်တန် ကျိန်ဆိုလျှင်ပင် ကောင်းကင်ဘုံက ၎င်းတို့ကို ဂရုစိုက်မည်မဟုတ်သော်လည်း ဒြမ်မဲ့အဆင့်သို့ ရောက်ရှိလာသော ကျင့်ကြံသူများသည် မမြင်ရသော ကမ္ဘာ၏ နိယာမတရားများနှင့် စတင်ထိတွေ့လာရသည်။ ဒြမ်မဲ့အဆင့် ကျင့်ကြံသူတစ်ဦးသည် ကောင်းကင်ဘုံကို တိုင်တည်ကျိန်လိုက်သည်နှင့် အကျိုးသက်ရောက်မှုများရှိလာသည်။

အကယ်၍ ၎င်းတို့​၏ကျိန်ဆိုမှုကို ချိုးဖောက်ခဲ့ပါက ၎င်းတို့ဆီ အမျိုးမျိုးသော ဒုက္ခများရောက်ရှိလာပေလိမ့်မည်။ ချူးယွင်ဖန်းသည် ဤအကြောင်းကို ဆေးဧကရာဇ်၏ မှတ်ဉာဏ်များမှတစ်ဆင့် သိရှိထားသောကြောင့် သံသယမဝင်မိပေ။ ထို့ကြောင့် ချူးယွင်ဖန်းသည် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကောင်းပြီလေ၊ ဟွမ်ဖုန်းရဲ့ ဆန္ဒကို လေးစားတဲ့အနေနဲ့ ဒီတစ်ကြိမ်တော့ ခင်ဗျားကို လွှတ်ပေးလိုက်မယ်၊ ဒါပေမယ့် ကျုပ် ကွယ်ရာမှာ တစ်ခုခုလုပ်ဖို့ ကြိုးစားခဲ့ရင်တော့ ကျုပ် ခင်ဗျားကို မသက်ညှာလို့ဆိုပြီး အပြစ်မတင်နဲ့”

အခန်း (၁၆၂၉) မြို့ဝန်ဟွန်ထျန်း လီရှန်ယွမ်

ချူးယွင်ဖန်းသည် ရုတ်တရက် သနားကြင်နာတတ်သွားသောကြောင့် မဟုတ်ပေ။ သူ့တွင် ကိုယ်ပိုင်အတွေးရှိနေသောကြောင့် နန်ကုန်းကျိုကို လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ နန်ကုန်းကျို၏ ခွန်အားသည် နောင်တွင် တိုးတက်လာဦးမည်ဖြစ်သော်လည်း မိမိ၏ တိုးတက်မှုနှုန်းကို မမှီနိုင်ကြောင်း ယုံကြည်ချက်အပြည့်ရှိနေသောကြောင့်ဖြစ်သည်။ သို့သော် နန်ကုန်းကျိုသာ စိတ်ပြောင်းသွားခဲ့ပါက ချူးယွင်ဖန်းသည် သူ့ကို သတ်ဖြတ်ရန် ဝန်လေးနေမည်မဟုတ်ပေ။

ချူးယွင်ဖန်း​၏ အကြည့်အောက်တွင် နန်ကုန်းကျိုသည် အလွန်ထိတ်လန့်သွားသောကြောင့် မည်သည့်ရန်ငြိုးဖွဲ့မှုမျှ မရှိတော့ပေ။ ချူးယွင်ဖန်းက သူ့ကို လွှတ်ပေးမည်ဟု ပြောလာသောအခါ နန်ကုန်းကျိုသည် သက်ပြင်းချကာ အလျင်အမြန် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုချူး"

မြေပြင်ပေါ် ရိုက်နှက်ကာ သတ်ဖြတ်ခံရလုနီးပါးဖြစ်ခဲ့သည့်အတွက် ချူးယွင်ဖန်းအပေါ် နာကျည်းမှု အနည်းငယ်ရှိသော်လည်း သူသည် ချူးယွင်ဖန်းကို သတ်နိုင်စွမ်းမရှိကြောင်း ကောင်းစွာသိသည်။ ထို့အပြင် သူ၏ မာနကြောင့် နန်ကုန်းမိသားစု​၏ အကြီးအကဲများကို အကူအညီတောင်းရန် မဝံ့ရဲပေ။ အဓိကအားဖြင့် သူသည် မင်းစိုးရာဇာ မျိုးနွယ်ဝင်တစ်ဦးဖြစ်သည့်အတွက် ပရိယာယ်ပေါင်းစုံကြားတွင် ကြီးပြင်းလာသူဖြစ်သည်။ ထို့ကြောင့် မည်သူ့ကို ရန်စသင့်၍ မည်သူ့ကို ရန်မစသင့်ကြောင်းကို ကောင်းစွာ နားလည်ထားသည်။

စိတ်အေးအေးထားကာ အာရုံစိုက်ကြည့်သည့် အချိန်မှသာ ချူးယွင်ဖန်းမည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းသည်ကို သူ သဘောပေါက်သွားသည်။ အချိန်မတိုင်မီ မသေဆုံးသွားလျှင် ချူးယွင်ဖန်း၏ အနာဂတ်သည် အကန့်အသတ်မရှိ တောက်ပနေမည်ဖြစ်သည်။ နောက်ဆုံးတွင် နန်ကုန်းကျိုသည် ချူးယွင်ဖန်းနှင့် ပြဿနာရှာမည့်အစား မဟာမိတ်ဖွဲ့ရန် နည်းဗျူဟာ ပြောင်းလဲလိုက်သည်။ အထူးသဖြင့် ခရမ်းရောင်မိုးကြိုးဓားနယ်မြေ၏ ဒေသခံတစ်ဦးဖြစ်သူ ချူးယွင်ဖန်းသည် အလွန်ထူးချွန်သူဖြစ်ရာ နောင်တစ်ချိန်တွင် ကြီးမြတ်သော ရှားတိုင်းပြည်သို့ မလွဲမသွေ ရောက်ရှိလာမည်ဖြစ်သည်။ ထို့ပြင် ချူးယွင်ဖန်း၌ အမာခံအင်အားစု မရှိသေးသဖြင့် စည်းရုံးသိမ်းသွင်းရန် အကောင်းဆုံးလူဖြစ်ပေသည်။

နန်ကုန်းကျိုသည် သူ၏ ဒေါသအားလုံးကို ယန်ဖေးဖုန်အပေါ်သို့ ပုံချလိုက်သည်။ ယန်ဖေးဖုန်သာ မရှိလျှင် သူ ဤကဲ့သို့ အခြေအနေမျိုးနှင့် ကြုံရမည်မဟုတ်ပေ။ သို့သော် သူသည် ချူးယွင်ဖန်းနှင့် ပြဿနာရှာရန် လက်လျှော့လိုက်ခြင်းကြောင့်သာ အသက်ဘေးမှ လွတ်မြောက်သွားခြင်းဖြစ်ကြောင်း သူ မသိခဲ့ပေ။ အကယ်၍ သူသာ မကောင်းသော အကြံအစည် အနည်းငယ်ပင် ရှိနေခဲ့ပါက ချူးယွင်ဖန်း၏ အာရုံခံစားမှုမှ လွတ်မြောက်နိုင်မည်မဟုတ်ဘဲ ချက်ချင်း သေဆုံးသွားပေလိမ့်မည်။

"သိပ်ကောင်းတာပဲ၊ အားလုံးအတွက် ပျော်စရာအဆုံးသတ်ဖြစ်သွားတာပေါ့" ဟွမ်ဖုန်းက ပြုံးလိုက်သည်။

"ကျုပ်တို့တွေ အစကတည်းက အသက်ပေးပြီး တိုက်ခိုက်နေစရာ မလိုပါဘူး။ ခရမ်းရောင်မိုးကြိုးဓားဂိုဏ်းရဲ့ အမွေအနှစ်နဲ့ ကံကြမ္မာအခွင့်အလမ်းတွေအတွက်ပဲ ကျုပ်တို့ ဒီကိုရောက်လာတာလေ။ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်နေမယ့်အစား အင်အားချင်း ပူးပေါင်းလိုက်ရင် ပိုပြီး အကျိုးမရှိဘူးလား"

နန်ကုန်းကျိုသည် ခေတ္တစဉ်းစားကာ ခေါင်းညိတ်လိုက်သည်။ ကနဦးတွင် ၎င်းတို့လေးဦး နားလည်မှုရှိရှိ ပူးပေါင်းခဲ့သောအခါ အခြားသော ရွှေအမတေပြီးပြည့်စုံအဆင့်ကျွမ်းကျင်သူများကို ပိတ်ဆို့နိုင်ခဲ့၍ အခွင့်အလမ်းများကို ဆုပ်ကိုင်နိုင်ခဲ့သည်။ အကယ်၍ ၎င်းတို့ အချင်းချင်း အသေအလဲ တိုက်ခိုက်နေပါက အခြားသူများသာ အကျိုးအမြတ်ရသွားမည်ဖြစ်သည်။ အဆုံးသတ်တွင် အရာအားလုံးသည် အကျိုးစီးပွားအတွက်သာဖြစ်သည်။ ထာဝရရန်သူဟူ၍ မရှိဘဲ ထာဝရအကျိုးစီးပွားသာရှိပေသည်။

ရုတ်တရက်ဆိုသလိုပင် ဧရာမဓားတစ္ဆေသည် ကောင်းကင်ယံသို့ အော်ဟစ်ပြီးနောက် စတင်လှုပ်ရှားလာသည်။ ၎င်းသည် လူတိုင်း သတ်မှတ်ထားသည့် အကန့်အသတ်ဇုန်အတွင်းမှ ထွက်လာခဲ့သည်။ ကြီးမြတ်သော တရှ၏ ကျွမ်းကျင်သူများ၊ မိုးကြိုးဓားနယ်မြေ​၏ ဒေသခံများနှင့် မွန်းစတားအမြောက်အမြားသည် ဓားအလင်းတန်းများဖြင့် ထိမှန်ကာ သွေးမိုးများအလား ပျက်သုဉ်းကုန်သည်။ ချူးယွင်ဖန်း၊ ဓားဘုရင်၊ နန်ကုန်းကျိုနှင့် ဟွမ်ဖုန်းတို့သည် အချင်းချင်း မျက်စိပျက်မျက်နှာပျက်ဖြင့် လှည့်ကြည့်လိုက်ကြသည်။ ဓားတစ္ဆေသည် နေရာတစ်ခုတည်းတွင် ရှိနေပါက ၎င်းတို့သည် ရတနာများကို ဂရုတစိုက် ဆက်လက် ရှာဖွေနိုင်သော်လည်း ယခုအခါ ကန့်သတ်နေရာအတွင်းမှ ထွက်လာသဖြင့် ၎င်းတို့အားလုံး အလွန်အန္တရာယ်များလာသည်။

"သွားကြစို့"

ဓားဘုရင်က ပထမဦးစွာ တုံ့ပြန်လိုက်သည်။ သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အသံထက်မြန်သော အရှိန်နှုန်းဖြင့် မြေပြင်ပေါ်မှ လျင်မြန်စွာ ပြေးထွက်သွားသည်။ ချူးယွင်ဖန်းနှင့် အခြားလူများလည်း အချင်းချင်း ကြည့်ပြီးနောက် ထွက်ပြေးကြသည်။ ၎င်းတို့၏ခွန်အားသည် ဓားတစ္ဆေ၏ တိုက်ခိုက်မှု တစ်ချက်ကိုပင် ခုခံနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် ခဏအတွင်း ခရမ်းရောင်မိုးကြိုးဓားဂိုဏ်း​ တည်ရှိရာ မြို့တော်မှ ထွက်ခွာနိုင်ခဲ့ကြသည်။ ၎င်းတို့၏ နောက်တွင်မူ ဓားတစ္ဆေသည် တဖြည်းဖြည်း နီးကပ်လာသည်။ ၎င်းသည် မြို့ပြင်သို့ ထွက်ခါနီးတွင် ကောင်းကင်ယံမှ တောက်လောင်သော မီးလျှံတစ်ခု ကျဆင်းလာကာ ဓားတစ္ဆေအပေါ် ကျရောက်သွားသည်။

"အား..."

ဓားတစ္ဆေသည် အရှိန်ပြင်းစွာ ရိုက်ခတ်ခံရသောကြောင့် နာကျင်စွာ အော်ဟစ်လိုက်သည်။ ၎င်းသည် အလွန်အမင်း ယင်ဓာတ်ဆောင်သော သတ္တဝါဖြစ်၍ ဤမီးလုံးသည် ယန်ဓာတ်ဆောင်သော မီးလျှံဖြစ်သည်။ ဓားတစ္ဆေသညါ သူ၏ သဘာဝရန်သူနှင့် တွေ့ဆုံခဲ့ကာ မြေပြင်တွင်လည်း ကြီးမားသော ကျင်းကြီးတစ်ခုဖြစ်သွားလေသည်။ သာမန်လူတစ်ဦးဖြစ်ပါက ထိုနေရာတွင် ပြာအဖြစ် မပြောင်းလဲလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရသွားပေလိမ့်မည်။ သို့သော် ဓားတစ္ဆေသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် ပြန်လည်သက်သာလာသည်။ ၎င်း၏ မီးအိမ်ကြီးများအလား နီရဲနေသော မျက်လုံးကြီးများဖြင့် ကောင်းကင်ယံသို့ စိုက်ကြည့်လိုက်သည်။ ထိုအခါ ကောင်းကင်ယံရှိ ကြီးမားသော စစ်ရထားလုံးကြီးတစ်စီးကို လူတိုင်း မြင်တွေ့လိုက်ရသည်။

ဤရထားလုံးသည် ကြေးညိုရောင် ရထားလုံးဖြစ်ကာ ကိုယ်ထည်ပေါ်တွင် သံချေးတက်နေသည့် အစက်အပြောက်များပင်ရှိနေသည်။ ၎င်းသည် နှစ်ပေါင်းမည်မျှအကြာကတည်းက ယိုယွင်းနေခဲ့သည်ကို မသိနိုင်ပေ။ ချိုင့်ဝင်နေသော နေရာအချို့တွင် နီညိုရောင် သွေးကွက်များပင် ရှိနေသည်။ နှစ်ပေါင်းများစွာ ကြာမြင့်နေဟန်ရှိသော်လည်း ထိုသွေးများသည် ခြောက်သွေ့မသွားခဲ့ပေ။ ရထားတွဲတွင် ရှေးကျ၍ ဟောင်းနွမ်းနေဟန်ရှိသော ဓားဒဏ်ရာများ လှံဒဏ်ရာများလည်း ရှိနေသည်။ သို့သော် ဤအလွန် ရှေးကျ၍ ဟောင်းနွမ်းလှသော ရထားတွဲသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ထုတ်လွှတ်နေကာ လူတိုင်းကို လိုက်လံတိုက်ခိုက်နေသည့် ဓားတစ္ဆေကို ပြင်းထန်စွာ ဖိနှိပ်ထားသည်။

ရထားလုံးကို ပြေးဆွဲနေသော သတ္တဝါသည် မီးနဂါးတစ်ကောင်ဖြစ်၍ ကောင်းကင်ယံတွင် ထွန်းလင်းတောက်ပနေသော နေမင်းကြီးအလား ထင်မှတ်ရစေသည်။ ဤနဂါး၏ ဇာစ်မြစ်ကို မြင်တွေ့နိုင်သောကြောင့် ချူးယွင်ဖန်းသည် အံ့သြတုန်လှုပ်သွားသည်။ ၎င်းသည် မီးဒြပ်စင် နိယာမတရားများ ပေါင်းစပ်မှုကြောင့်ဖြစ်ပေါ်လာသော နတ်နဂါးတစ်ကောင်ဖြစ်သည်။ ဤကြေးညိုရောင် ရထားတွဲသည် အလွန်တရာ အစွမ်းထက်သော နောက်ခံရှိပေသည်။ ပြီးနောက် ချူးယွင်ဖန်းသည် ရထားတွဲအတွင်းသို့ စိုက်ကြည့်လိုက်သည်။

၎င်းကို မီးလျှံကဲ့သို့သော သံချပ်ကာ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက မောင်းနှင်နေခြင်းဖြစ်သည်။ သူသည် အသက်နှစ်ဆယ့်ငါး၊ နှစ်ဆယ့်ခြောက်နှစ်ခန့် ရှိပုံရကာ ချောမောသော အသွင်အပြင်ရှိပေသည်။ လက်တစ်ဖက်က ဇက်ကြိုးကို ကိုင်ဆောင်ထားကာ ကျန်လက်တစ်ဖက်ကမူ လှံရှည်ကို ကိုင်ဆောင်ထားသည်။ သူသည် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရစေသည်။ ထိုလူငယ်သည် မြို့တစ်မြို့လုံးကို ဖိနှိပ်နိုင်ခဲ့သည်။ မည်သူ့ကိုမျှ ဂရုမစိုက်သည့် ဓားတစ္ဆေလျှင်ပင် သူ့ကို လေးနက်သော အမူအရာဖြင့် စိုက်ကြည့်နေသည်။

"အဲ့ဒါ ဟွန်ထျန်မြို့ဝန်၊ လီရှန်ယွမ်ပဲ။ သူ ဘာလို့ ဒီကိုရောက်နေတာလဲ" ဟွမ်ဖုန်းက ထိုလူငယ်၏ ကိုယ်ရေးရာဇဝင်ကို ထုတ်ဖော်ပြောလိုက်သည်။

All Chapters