← Chapters

အခန်း (၃၁၄၁-၃၁၄၅)

Vol. 137 Ch. 3141-3145

အခန်း (၃၁၄၁-၃၁၄၅)

Vol. 137 Ch. 3141-3145

အပိုင်း (၃၁၄၁)

ဘာသာပြန်သူ_တိမ်တိုက်

ပီလော့သည် လျို့ယန်နှင့်အတူ တောင်တစ်လုံးပေါ်တွင် ရပ်နေခဲ့လေသည်။

“အဆုံးမဲ့သားရဲတောင်က အဲ့ဘက်မှာပဲ…” ပီလော့သည် သူမရှေ့တည့်တည့်ရှိ လင်းထိန်နေသည့် နေရာတစ်ခုကို ညွှန်ပြရင်းမှ ပြောလိုက်သည်။

ယခင်က ထိုနေရာသည် ခြင်္သေ့ရိုင်းမျိုးနွယ်စုခေါင်းဆောင် နေသည့်နေရာ ဖြစ်ခဲ့ပေသည်။ သို့သော်ငြား အဆုံးမဲ့သားရဲတောင်မှလူများ ကျူးကျော်လာသည့်အချိန်မှစ၍ မျိုးနွယ်စုခေါင်းဆောင်ဆယ်ပါးအနက် တစ်ပါးအပါအဝင်ဖြစ်သော ခွမ်းရှီသည် အဆုံးမဲ့သားရဲတောင်ဘက်သို့ ပထမဦးဆုံး ပူးပေါင်းသွားခဲ့သည်။ ထိုအချိန်မှစ၍ ထိုနေရာသည် မွန်းစတားဧကရာဇ်ကြယ်ပေါ်ရှိ အဆုံးမဲ့သားရဲတောင်မှ ကျင့်ကြံသူများ အခြေချသည့် စခန်းတစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်လေသည်။

ထိုနေရာသည် လနီပိုင်နက်နယ်မြေနှင့် သိပ်မဝေးသည့်အတွက်ကြောင့် ပီလော့၏ကျင့်ကြံခြင်းဖြင့် ဤနေရာသို့ရောက်ဖို့ရာ တစ်နာရီလောက်သာ အချိန်ယူလိုက်ရပေသည်။

သို့သော်ငြား ဤနေရာသို့ လာပြီးပြီးချင်းမှာပင် ပီလော့မှာ နောင်တရသွားတော့သည်။

(ငါ ဘာလို့ သူ့ကို ဒီနေရာဆီ ခေါ်လာမိလိုက်တာလဲ… ဒီနေရာက လုံခြုံတာမဟုတ်ဘူး… အဆုံးမဲ့သားရဲတောင်ကလူတွေသာ ငါတို့ရောက်နေတဲ့အကြောင်း သိသွားရင် ငါတို့ ပြဿနာတက်မှာ…) လျို့ယန်အား ဤနေရာသို့ ခေါ်လာရခြင်းမှာ လျို့ယန်သည် ရှန်ချင်းလော့လုပ်နေသည့်ပုံစံအမျိုးမျိုးကို သူမရှေ့တွင် ထိုင်လုပ်ပြနေသည့်အတွက်ကြောင့် ပီလော့မှာလည်း သည်းမခံနိုင်တော့ဘဲ ဒေါသထွက်ထွက်နှင့် ခေါ်လာပေးမိလိုက်ခြင်း ဖြစ်လေသည်။

လက်ရှိအချိန်တွင် လျို့ယန်သည် ပီလော့ဘေးနားတွင် ရပ်ရင်းမှ ထိုနေရာတွင်ရှိနေသည့် အဆောက်အဦးကြီးအား မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။ သူမ၏ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်ပြီးသည့်နောက် ထိုအဆောက်အဦးထဲ ဘာတွေဖြစ်နေသလဲဆိုသည်ကို တွေ့ရှိသွားခဲ့လေသည်။

“ပြီးပြီလား…” ပီလော့က လျို့ယန်အား ငုံ့ကြည့်ရင်းမှ မေးလိုက်သည်။ “ပြီးပြီဆိုရင် ပြန်ကြမယ်… နင်တစ်ခုခုဖြစ်သွားခဲ့ရင် ရန်ကိုင်ကိုရော သခင်မကိုရော ငါ ရှင်းပြတတ်မှာမဟုတ်ဘူး…”

လျို့ယန်ကမူ ခေါင်းခါ၍ ထရယ်လေသည်။

(ဒီကောင်မလေးက တကယ်ကို အစသန်တာပဲ… ဘာတွေကိုကြည့်ချင်လို့များ ဒီနေရာဆီလာဖို့ ပူဆာနေရတာလဲမသိဘူး…)

ထိုသို့တွေးရင်းမှ ပီလော့လည်း လှည့်ပြန်လာခဲ့လေသည်။ သို့သော်ငြား လှည့်ပြန်လာပြီးပြီးချင်းမှာပင် အထိတ်တလန့်အမူအယာဖြင့် ချက်ချင်း နောက်သို့ လှည့်ကြည့်လိုက်လေသည်။ အကြောင်းမှာ လျို့ယန် သူနှင့်အတူ ပါမလာသည်ကို တွေ့လိုက်ရသည့် အတွက်ကြောင့်ပင်။ နောက်သို့ လှည့်ကြည့်လိုက်သည့်အခိုက် လျို့ယန်သည် တောင်ပေါ်မှ ခုန်ဆင်းသွားပြီး အဆုံးမဲ့သားရဲတောင်ဆီသို့ ပျံသန်းသွားနေကြောင်းကို တွေ့လိုက်ရလေ၏။

“နင် ဘာလုပ်နေတာလဲ…” ပီလော့သည် အထိတ်တလန့် အော်ဟစ်ရင်း လျို့ယန်နောက်သို့ ပြေးလိုက်သွားလေသည်။

သို့သော်ငြား သူမ မည်မျှပင် ကြိုးစားနေစေကာမူ လျို့ယန်အား အမီမလိုက်နိုင်ခဲ့ပေ။ ဤနေရာသည် ရန်သူ၏ပိုင်နက် ဖြစ်သည့်အတွက်ကြောင့် သူမ၏ခွန်အား များများစားစားကို ထုတ်မသုံးရဲခဲ့။ ထိုကောင်မလေး၏ပုံစံမှာလည်း မြန်မြန်ပျံသန်းနေသည့်ပုံမပေါ်။ သို့သော်ငြား ပီလော့ မည်သို့ပင် ကြိုးစားနေစေကာမူ လျို့ယန်နောက်သို့ အမီမလိုက်နိုင်ခဲ့ပေ။

“အခုချက်ချင်းပြန်လာခဲ့… နင် သေချင်နေတာလား…” ပီလော့က အံကြိတ်၍ လှမ်းအော်ပြောလေသည်။ သို့သော်ငြား လျို့ယန်ကမူ ပီလော့၏ပြောစကားကို လျစ်လျူသာ ရှုထားခဲ့သည်။

ဤကောင်မလေးမှ သူမပြောစကားအား လုံးဝအမှုမထားသည်ကိုမြင်သော် ပီလော့မှာ ဒေါသူပုန်ထလာခဲ့လေသည်။ ထို့အတွက်ကြောင့် သူတော်စင်ချီကိုလှည့်ပတ်၍ သူမ၏အရှိန်ကို တင်လိုက်လေ၏။

တစ်ခဏအကြာတွင် ပီလော့သည် လျို့ယန်အား လိုက်မီသွားခဲ့ပြီး လျို့ယန်၏လက်ကို လှမ်းဖမ်းဆွဲ၍ အော်ပြောလိုက်လေသည်။ “နင် ဘာတွေလုပ်ချင်နေတာလဲ… နင်လိမ္မာသွားအောင် နင့်ကိုငါ ရိုက်ပေးရမှာလား…”

လျို့ယန်သည် ခေါင်းမော့၍ ပီလော့အား စိုက်ကြည့်လာခဲ့သည်။

“နင် ဘာတွေလာကြည့်နေတာလဲ… ငါတို့ အခု ပြန်သွားရမယ်ဟဲ့…”

သို့သော်ငြား လျို့ယန်ကမူ ဖြည်းဖြည်းချင်းသာ ခေါင်းခါလျက် “နောက်ကျသွားပြီ…”

ပီလော့၏မျက်နှာမှာလည်း သွေးဆုတ်ဖြူလျော်သွားခဲ့လေသည်။ အကြောင်းမှာ လင်းထိန်တောက်ပနေသည့်နေရာဆီမှ အားကောင်းလှသည့် ကောင်းကင်စိတ်အာရုံစီးကြောင်းများ ထွက်ပေါ်လာခဲ့ပြီး သူမတို့အား ဒီရေလှိုင်းလုံးပမာ လွှမ်းခြုံသွားခဲ့သည့်အတွက်ကြောင့်ပင်။

(သွားပြီ… ငါ့ချီစွမ်းအားကိုသုံးပြီးတော့ ဒီကောင်မလေးနောက် အမြန်လိုက်လာမိလိုက်တာ ငါ့အရှိန်အဝါကို အမှတ်မထင် ထုတ်ဖော်မိသွားတယ်… အခုတော့ သူ့ကြောင့် ငါ သေရတော့မှာပဲ…)

“နင် ဘာမှမလုပ်နိုင်ဘူးမလား… အခုတော့ နင့်ကြောင့် ငါ့အစီအစဉ်ပျက်စီးသွားရပြီ…” လျို့ယန်က ပြန်ပြောလိုက်လေသည်။

လျို့ယန်၏အစီအစဉ်မှာတော့ ရန်သူများကို အလစ်ချောင်းတိုက်ခိုက်၍ တစ်ချက်တည်း ဖျက်ဆီးပစ်ရန်ပင်။ ယခု သူမတို့၏ရန်သူများမှာ နိုးနိုးကြားကြား ဖြစ်သွားခဲ့ပြီဖြစ်လေရာ ထိုလူများကိုရှင်းပစ်ဖို့ရာ အနည်းငယ် အားစိုက်ရပေတော့မည်။ သို့သော်ငြား ရန်သူများ သူမတို့ရှိနေသည်ကို သိသိမသိသိ လျို့ယန်အတွက်တော့ သိပ်၍အရေးမကြီးပေ။ ထိုရန်သူများသည် သူမအတွက်မူ ပုရွတ်ဆိတ်များသဖွယ်သာ ဖြစ်လေသည်။

“နင် ဘယ်သူ့ကို လာစွပ်စွဲနေတာလဲ…” ပီလော့မှာ သူမနားသူမ မယုံနိုင်အောင် ဖြစ်နေခဲ့လေသည်။ (ဒီလိုအချိန်မျိုးမှာတောင် ငါ့ကို လာသင်ပြပေးရဲတယ်ပေါ့… သူ့ကြောင့် ငါပါ ဒုက္ခရောက်သွားရပြီဆိုတာကို သူ နားမလည်တာလား…)

“ဟား ဟား ဟား… ဧည့်သည်တွေ… ရောက်ရင်ဝင်လာခဲ့လေ… အပြင်မှာ ဘာတွေရပ်လုပ်နေကြတာလဲ…” ရုတ်တရက် အသံကျယ်ကြီးတစ်သံ ထွက်လာခဲ့လေသည်။ ထိုအသံကိုကြားလိုက်သော် ပီလော့ ရင်တဒုန်းဒုန်းခုန်သွားခဲ့ပြီး ကောင်းကင်မှ ပြုတ်ကျလုမတတ်ပင် ဖြစ်သွားခဲ့သည်။ ယခု စကားပြောလိုက်သည့်လူ၏ကျင့်ကြံခြင်းမှာ သူမထက် အဆပေါင်းများစွာ ပိုမိုမြင့်မားပေသည်။ တစ်နည်းဆိုရသော် ထိုလူသည် အဆုံးမဲ့သားရဲတောင်၏ တောင်သခင် ဖြစ်လောက်ပေသည်။

သူမ သတိမထားမိလိုက်သည်မှာတော့ ထိုအသံကို ကြားလိုက်သည့်တိုင် လျို့ယန်မှာ မျက်တောင်တစ်ချက်ပင် ခတ်မသွားခဲ့ဘဲ မျက်နှာသေအမူအယာဖြင့်သာ ရှိနေသည်ဟူသော အချက်ပင်။

ပီလော့သည် အံကိုတင်းတင်းကြိတ်၍ ပြောလိုက်လေသည်။ “နင့်ကြောင့်နဲ့ ငါ အသတ်ခံရတော့မယ်…”

အားကောင်းလှသည့်ကောင်းကင်စိတ်အာရုံစီးကြောင်း ဆယ်ခုကျော်မကသည် သူမအား ချိန်ရွယ်ထားခဲ့လေသည်။ ထို့အတွက်ကြောင့် သူမသည်သာ ထွက်ပြေးရန် ကြိုးစားမည်ဆိုပါက ဆိုးဆိုးရွားရွား ထိခိုက်သွားရမည်မှန်း ပီလော့သိနေခဲ့သည်။ ယခု ဤကဲ့သို့ ဖြစ်လာခဲ့ပြီဖြစ်လေရာ မီးစင်ကြည့်ကရုံသာ ရှိတော့လေသည်။ တစ်ချိန်တည်းတွင် ဤနေရာမှထွက်သွားနိုင်မည့် အဖြေတစ်ခုကို အမြန်စဉ်းစားရပေလိမ့်မည်။ ထိုသို့သာမဟုတ်ပါက အသက်ရှင်လျက် ထွက်သွားနိုင်တော့လိမ့်မည်မဟုတ်။

ခေါင်းခြောက်မတတ် စဉ်းစားနေရင်းမှ ပီလော့သည် အသက်ကို ပြင်းပြင်းရှူသွင်းလျက် ကြောက်ရွံ့နေသည့်အရိပ်အယောင်တို့ကို သူမမျက်နှာပေါ်မှ ဖယ်ထုတ်ပစ်လိုက်သည်။ ထို့နောက် ယဲ့ယဲ့လေးပြုံးလျက် လေသံကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားရင်း‌ ပြောလိုက်လေသည်။ “နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်…”

ထိုသို့ပြောပြီးသည့်နောက် ပီလော့သည် လျို့ယန်၏လက်ကို ကိုင်၍ အသံကြားရာဆီသို့ ပျံသန်းသွားလိုက်လေသည်။ တစ်ချိန်တည်းတွင်လည်း လျို့ယန်အား ကောင်းကင်စိတ်အာရုံမှတစ်ဆင့် ပြောလိုက်လေသည်။ “အထဲကိုရောက်တာနဲ့ ဘာမှမပြောနဲ့… ငါ့နောက်ကနေပဲလိုက်…”

တစ်ချက်မျှရပ်ပြီးသည့်နောက် ဆက်ပြောလိုက်လေသည်။ “သူတို့နဲ့ တကယ်ကြီး တိုက်ခိုက်ရမယ်ဆိုရင် နင့်ဘာသာနင် ထွက်ပြေးဖို့လုပ်ပေတော့…”

သို့သော်ငြား ထိုကဲ့သို့ပြောပြီးပြီးချင်းမှာပင် ခေါင်းခါလျက် စိတ်ဓာတ်ကျနေသည့်လေသံဖြင့် ပြန်ပြောလိုက်လေသည်။ “ပြေးမယ့်အစား နင့်ဘာသာနင် သတ်သေလိုက်တာပဲ ကောင်းလိမ့်မယ်…”

ကလေးမလေးတစ်ဦးကို ကိုယ့်ကိုယ်ကိုသတ်သေဖို့ သွားပြောသည်မှာ ကောင်းမွန်လှသည်တော့ မဟုတ်ပေ။ သို့သော်ငြား သူမတို့သည်သာ အဆုံးမဲ့သားရဲတောင်မှ လူများ၏လက်ထဲသို့ ကျသွားခဲ့မည်ဆိုလျှင် သေသည်ထက်ဆိုးသည့်အဖြစ်နှင့် ကြုံရနိုင်ပေသည်။ ထို့အတွက်ကြောင့် ထိုကဲ့သို့သောအခြေအနေမျိုးတွင် ကိုယ့်ကိုယ်ကိုသတ်သေသည်မှာ အကောင်းဆုံးသာ ဖြစ်လေသည်။

သို့သော်ငြား လျို့ယန်ကမူ စကားတစ်ခွန်းမှပင် ပြန်မပြောဘဲ တိတ်သာ တိတ်နေခဲ့လေသည်။

အဆုံးမဲ့သားရဲတောင်မှ တပည့်ပေါင်းများစွာ နိုးနိုးကြားကြား ဖြစ်သွားကုန်ကြလေသည်။ သို့သော်ငြား ပီလော့နှင့် လျို့ယန်တို့ အတူ ရောက်လာသည်ကို မြင်သည့်အခါ အမျိုးသမီးနှစ်ဦးအား လှောင်ပြောင်လိုဟန်ဖြင့် ကြည့်လိုက်ကြသည်။ အချို့သောယောကျ်ားများဆိုလျှင် ပီလော့၏ လုံးကြီးပေါက်လှခန္ဓာကိုယ်ကိုပင်လျှင် သွားရည်တများများဖြင့် ကြည့်နေကြလေ၏။ အချို့မှာတော့ ပီလော့အား လှမ်း၍ မျက်စပစ်ပြကြလေသည်။

ပီလော့ကမူ ယဲ့ယဲ့လေးပြုံးလျက် ပန်းခြံထဲ လမ်းလျှောက်ထွက်နေသည့်အလား ခြင်္သေ့အုပ်ထဲသို့ ခေါင်းမော့ရင်ကော့ကာ‌ လျှောက်ဝင်သွားလေသည်။ ယခုကဲ့သို့ဖြစ်လာမှဖြင့် အသက်ရှင်နိုင်ဖို့ရာ ယုံကြည်ချက်ရှိနေသည့်ပုံစံမျိုး လုပ်ပြရုံသာ တတ်နိုင်တော့လေသည်။ သူမသည်သာ ကြောက်ရွံ့နေသည့်ပုံစံမျိုး လုပ်ပြလိုက်လျှင် ဒုက္ခလှလှနှင့် တွေ့သွားရနိုင်ပေသည်။

သူမတို့ရှိနေသည့်နေရာနှင့် အစောပိုင်းက အသံထွက်ပေါ်လာသည့်နေရာမှ သိပ်မဝေးလှသည့်အတွက်ကြောင့် ပီလော့မှာ ထိုနေရာဆီသို့ တစ်ခဏအတွင်း ရောက်နိုင်ခဲ့လေသည်။ သို့သော်ငြား ဖြည်းဖြည်းချင်း လမ်းလျှောက်နေခဲ့လေရာ ထိုနေရာသို့ တစ်နှစ်ကြာသွားသည့်တိုင် ရောက်မည့်ပုံမပေါ်။ ပီလော့သည်သာ သူမစိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်‌အောင် ထိန်းထားသည့်အတွက်ကြောင့်သာ မဟုတ်ပါက ယခုအချိန်လောက်ဆိုလျှင် သူမတစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေလောက်ပေပြီ။

ရုတ်တရက် သူမလက်ကို တစ်စုံတစ်ဦးမှ ဆိတ်နေသလို ခံစားလိုက်ရသည့်အတွက်ကြောင့် ငုံ့ကြည့်လိုက်ရာ လျို့ယန်မှာ သူမအား မျက်စိတစ်ဖက်မှိတ်ပြနေပြီး လေသံတိုးတိုးဖြင့် ပြောနေကြောင်း ကြားလိုက်ရလေသည်။ “စိတ်မပူနဲ့…”

ပီလော့သည် နှုတ်ခမ်းကို တင်းတင်းစေ့ရင်းမှ ရယ်သွမ်းသွေးလိုက်လေသည်။ သူမစိတ်ထဲတွင်လည်း ဤကလေးမလေးသည် အမှန်တကယ်ကို ထူးဆန်းလှသည်ဟု တွေးနေခဲ့လေသည်။ ကလေးမလေးမှာ တည်ငြိမ်နေပါသော်ငြား သူမမှာတော့ အလွန်ကိုမှ စိုးရိမ်နေခဲ့လေသည်။ ကလေးမလေး၏ တည်ငြိမ်နေသည့် အမူအယာနှင့် ယှဉ်လိုက်သော် သူမပုံစံသည် စက္ကူကျားသာသာသာ ဖြစ်သွားတော့လေသည်။ ထိုသို့သာ ပြောနေရပါသော်ငြား လျို့ယန်၏ တည်ငြိမ်သည့်အမူအယာကြောင့် ပီလော့မှာလည်း အနည်းနှင့်အများဆိုသလို တည်ငြိမ်သွားခဲ့ရလေသည်။

ခန်းမအပြင်ဘက်တွင် အဆုံးမဲ့သားရဲတောင်မှ တပည့်ဆယ်ဦးကျော်မကသည် ပီလော့တို့၏လမ်းကို ပိတ်ရပ်ထားခဲ့ကြသည်။ ထိုလူများနှင့်အတူ ဝံပုလွေ၊ ဝက်ဝံ၊ ခြင်္သေ့၊ ကျား၊ ကျားသစ် အစရှိသော သူတို့၏ မွန်းစတားသားရဲများလည်း အတူရှိနေကြလေသည်။ ထို့အပြင် ထိုလူများ၏ မျက်နှာထက်၌ ထူးဆန်းလှသည့် တက်တူးများလည်း ရှိနေကြသေး၏။ ထိုတက်တူးများသည် သားရဲတက်တူးများမှန်း ပီလော့သိပေသည်။ အဆုံးမဲ့သားရဲတောင်မှ တပည့်များသည် သားရဲထိန်းကျောင်းခြင်းကို အထူးတလည် ကျင့်ကြံကြလေသည်။ ထိုတပည့်များမှ မွန်းစတားသားရဲတစ်ကောင်အား အောင်မြင်စွာ ထိန်းကျောင်းသွားနိုင်တိုင်း သူတို့ကိုယ်ထက် သားရဲတက်တူးအသစ်တစ်ခု ပေါ်လာလေသည်။ သားရဲတက်တူးသည် သူတို့နှင့် မွန်းစတားသားရဲများကြားရှိ ဆက်သွယ်ချက်ကို ကိုယ်စားပြုနေလေသည်။ သားရဲတက်တူးပိုများလေ ထိုကျင့်ကြံသူမှာ ပို၍အားကောင်းလေဖြစ်ကာ မွန်းစတားသားရဲများစွာကိုလည်း ပိုမိုထိန်းချုပ်နိုင်လေပင်။

လက်ရှိအချိန်တွင် သူမတို့ရှေ့၌ စီတန်းရပ်နေသည့် တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူ ဆယ်ဦးကျော်မက ရှိနေခဲ့သည်။ ထိုလူများသည် ပီလော့တို့၏လမ်းကို ဖယ်ပေးမည့်ပုံမပေါ်။ သူမတို့ကိုပင်လျှင် လှောင်ပြုံးပြုံး၍ ကြည့်နေခဲ့သည်။

ပီလော့သည် ထိုလူများရှေ့ ရပ်လိုက်ပြီးသည့်နောက် လူအုပ်ကြီးကို ပြုံးကာ ဝေ့ကြည့်လိုက်လေသည်။ ထိုသို့ကြည့်နေရင်းမှ သူမ၏မျက်နှာထားမှာ ချက်ချင်းဆိုသလို အေးစက်သွားခဲ့ပြီး အော်ပြောလိုက်လေ၏။ “ထွက်သွားစမ်း…”

ထိုသို့အော်ပြောပြီးသည့်နောက် သူမလက်ကို ဝှေ့ယမ်းချလိုက်ရာ အားကောင်းလှသည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာခဲ့ပြီး ထိုအဖွဲ့မှာလည်း နောက်သို့ ဒယီးဒယိုင် ဆုတ်သွားခဲ့ရလေသည်။ သူတို့၏ မွန်းစတားသားရဲများသည်ပင်လျှင် နောက်သို့ ဆုတ်သွားခဲ့ကြရသည်။ ထိုလူများမှာတော့ ဤအမျိုးသမီးသည် သူတို့၏ပိုင်နက်ကို ရောက်လာခဲ့သည့်တိုင် သူတို့အပေါ် ယခုကဲ့သို့ လုပ်လာမည်ဟု မထင်ထားကြသည့်အလား အနည်းငယ် မင်သက်နေခဲ့ကြလေသည်။ ထို့နောက် ထိုအမျိုးသမီးသည် သာမန်လူမဟုတ်ဘဲ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း ထိုလူများ ပြန်သတိရသွားခဲ့သည်။ ထိုသို့စဉ်းစားမိလိုက်သည့်နောက် ပိလော့၏လမ်းကို ဆက်၍ ပိတ်မထားရဲကြတော့ချေ။

ပီလော့သည်လည်း လျို့ယန်နှင့်အတူ အထဲသို့ လျှောက်ဝင်သွားခဲ့လေသည်။ ခန်းမထဲသို့ ဝင်လာပြီးသည့်နောက်တွင် တီးလုံးသံများကို ကြားလိုက်ရလေသည်။ ခန်းမတစ်ခုလုံးမှာ အတော်လေးကိုမှ ကျယ်ဝန်းလှပြီး နေ့ခင်းကြောင်တောင်အလား လင်းထိန်နေခဲ့သည်။ လက်ရှိအချိန်တွင် ခန်းမထဲ မပေါ့်တပေါ်အဝတ်အစားများကို ဝတ်ဆင်ထားကြသော အမျိုးသမီးငယ်လေးများ ကခုန်ဖျော်ဖြေနေကြလေသည်။

ခန်းမ၏ ဘေးတစ်ဖက်တစ်ချက်စီတွင်မူ အမျိုးမျိုးကျင့်ကြံသူများ ထိုင်နေခဲ့ကြပြီး ထိုလူများ၏ရှေ့တွင် ဟင်းပွဲများ၊ အရက်ပုလင်းများ တင်ထားသည့် စားပွဲခုံတစ်ခုံစီ ရှိနေကြလေသည်။ လက်ရှိအချိန်တွင် ထိုလူအားလုံးသည် တန်ခိုးရှင်ဘုရင်အဆင့်အရှိန်အဝါကို ထုတ်လွှတ်နေကြလေ၏။

ထိုအချင်းအရာကိုမြင်လိုက်သော် ပီလော့ ရင်ထိတ်သွားခဲ့လေသည်။ (ငါတို့တော့ ပြဿနာတက်ပြီ… အဆုံးမဲ့သားရဲတောင်ရဲ့ ပညာရှင်တွေအကုန်လုံး ဒီမှာ လာစုဝေးနေကြတာ… ငါသာ အကြောင်းပြချက်ကောင်းကောင်းမပေးနိုင်ရင် ဒီနေရာက ထွက်သွားနိုင်မှာမဟုတ်ဘူး…)

တန်ခိုးရှင်ဘုရင်အဆင့် ပညာရှင်ပေါင်းများစွာ၏ အကြည့်ကို ခံစားမိလိုက်သော် ပိလော့မှာ သူမအပေါ်သို့ တောင်တစ်လုံး ပြိုဆင်းကျလာသည့်ပမာ ခံစားလိုက်ရလေသည်။ ထို့အတွက်ကြောင့် သူမခံစားနေရသည့်ဖိအားကို ခုခံနိုင်ရန်အလို့ငှာ သူတော်စင်ချီကို အလျင်စလို လှည့်ပတ်လိုက်ရသည်။

ထို့နောက်တွင် ပီလော့သည် အခြား မည်သူ့ကိုမှမကြည့်ဘဲ ခန်းမထိပ်ဆုံးနေရာဆီသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ဝက်ဝံတစ်ကောင်ပမာ ထွားကျိုင်းလှသော လူထွားကြီးတစ်ဦး ထိုင်နေခဲ့လေ၏။ လူထွားကြီးသည် တိရစ္ဆာန်အရေပြားဖြင့် လုပ်ထားသည့် အင်္ကျီလက်ပြတ်တစ်ထည်ကို ဝတ်ထားခဲ့လေသည်။

လက်ရှိအချိန်တွင် လူထွားကြီးသည် ဘာမှန်းမသိရသော် တိရစ္ဆာန်အရေပြားတစ်ခုပေါ်တွင် ထိုင်ရင်း လက်တစ်ဖက်ပေါ် ခေါင်းတင်၍ ကျန်လက်တစ်ဖြင့် တီးလုံးသံအတိုင်း သူ့ပေါင်ကို လက်ဖြင့် တောက်နေခဲ့လေသည်။ သူ့ရင်ခွင်ထဲတွင်မူ အမျိုးသမီးချောလေးတစ်ဦး ရှိနေခဲ့လေသည်။ ပီလော့ နန်းတော်ထဲသို့ ဝင်လာသည့်တိုင် လူထွားကြီးမှာ မျက်စိဖွင့်မလာခဲ့။ ပီလော့ သူနှင့် မလှမ်းမကမ်းတွင် ရပ်လိုက်သည့်အချိန်တွင်ပင် မျက်လုံးဖွင့်လာခဲ့ခြင်း မရှိချေ။

ပီလော့သည် ထိုလူမည်သူမှန်း သိပေသည်။ ထိုလူသည် အဆုံးမဲ့သားရဲတောင်၏ တောင်သခင်ဖြစ်သည့် ဟွမ်ဟုတောက်ဖြစ်ပေသည်။ ယခင်က ရှန်ချင်းလော့သည် ထိုလူနှင့် ကြိမ်ဖန်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးပါသော်ငြား အချိန်တိုင်း သရေသာ ကျခဲ့ရလေသည်။ အကြောင်းမှာ ဟွမ်တုတောက်သည်လည်း ရှန်ချင်းလော့ကဲ့သို့ပင် တန်ခိုးရှင်ဘုရင်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့်ပင်။

ခန်းမထဲ ကခုန်နေသည့် အမျိုးသမီးများမှာလည်း တစ်ချက်မျှပင် ရပ်သွားခြင်း မရှိခဲ့။ အကုန်လုံးသည် မူလအတိုင်း ကမြဲ ဆက်ကနေကြလေသည်။ အဆုံးမဲ့သားရဲတောင်မှ ပညာရှင်များသည်သာ ပီလော့အား ယဲ့ပြုံးပြုံးကာ ကြည့်နေကြလေသည်။

လျို့ယန်ကိုမူ မည်သူမျှ ဂရုမစိုက်ကြ။ ပီလော့မှ ထိုကဲ့သို့သော ကောင်မလေးတစ်ဦးကို ဘာကြောင့် အတူခေါ်လာရသလဲဆိုသည်ကိုသာ စဉ်းစားနေကြလေသည်။

အိပ်စက်နေရာမှ နိုးထလာသည့် ခြင်္သေ့တစ်ကောင်ပမာ ဟွမ်တုတောက် ရုတ်တရက် မျက်လုံးဖွင့်လာခဲ့သည်။ ထို့နောက် ခက်ထန်သည့်လေသံဖြင့် အော်ပြောလိုက်လေသည်။ “ဟိုကောင်မလေးက ဘာလို့ မကနေတာလဲ… ဘာလဲ… သေချင်နေတာလား…”

ထိုစကားကိုကြားသော် ခန်းမထဲတွင်ရှိနေသည့် အဆုံးမဲ့သားရဲတောင်မှပညာရှင်များ ဝါးလုံးကွဲအော်ရယ်မောကုန်ကြလေသည်။

“ဟုတ်တယ်… ဘာလို့ မကတာလဲ… ကလေ… နင်သာကရင် ငါ နင့်ကို ဆုကောင်းကောင်းချမယ်…”

“ဟုတ်တယ်… ကလိုက်… မကတတ်မှာကိုလည်းစိတ်မပူနဲ့… မကတတ်ရင်လည်း တောင်သခင်က အပြစ်ပေးမှာမဟုတ်ဘူး… တောင်သခင်က မိန်းမချောချောလေးတွေအပေါ်ဆို အရမ်းကို ကြင်နာတတ်တာ…”

“ဘာလဲ… ဗိုက်ဆာလို့မကချင်တာလား… လာခဲ့လာခဲ့… ရော့ ဒီမှာ အသား…” ထိုသို့ပြောပြီးသည့်နောက် ပီလော့ဘေးနားသို့ ချက်ပြုတ်ထားသော အသားတုံးတစ်တုံး ပြုတ်ကျလာခဲ့လေသည်။

ပီလော့ကမူ မျက်နှာတစ်ချက်ပင် ပျက်မသွားခဲ့ဘဲ ယဲ့ယဲ့လေးပြုံးကာ မသိမသာလေး ဦးညွှတ်လိုက်ရင်းမှ ပြောလိုက်လေသည်။ “မင်္ဂလာပါ တောင်သခင်ဟွမ်… လနီနယ်မြေရဲ့ သံတမန်အနေနဲ့ ရောက်လာခဲ့တာပါ…”

ဟွမ်တုတောက်က မျက်ခုံးပင့်လျက် “လနီနယ်မြေရဲ့သံတမန်…” ထိုအခါမှသာလျှင် ပီလော့၏မျက်နှာကို သေသေချာချာ သတိထားမိသွားသည့်အလား ပြောလိုက်လေ၏။ “အိုး…. နင်က ရှန်ချင်းလော့ရဲ့ အစေခံမလေးပဲ…”

“ဟုတ်ပါတယ်… ကျွန်မ ပီလော့ပါ…”

“နင်ကိုး…” ခက်ထန်သည့်အမူအယာဖြင့် ပြုံးဖြီးပြလိုက်လေသည်။ ထို့နောက် ချက်ချင်းပဲ ထအော်လေသည်။ “နင်ဘယ်လိုလုပ်ပြီး ငါတို့ပိုင်နက်ထဲကို ကျူးကျော်လာရဲတာလဲ… နင် သေချင်နေတာလား…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၄၂)

ဘာသာပြန်သူ_တိမ်တိုက်

ဟွမ်တုတောက် ထအော်လိုက်သည့်နောက် ပိလော့ ရင်တစ်ဒိန်းဒိန်း ခုန်သွားခဲ့သည်။ သို့သော်ငြား ယခုကဲ့သို့သော နေရာမျိုးတွင် ပျာယာခတ်သွား၍ မဖြစ်သည့်အတွက်ကြောင့် စိတ်ကိုတင်းတင်းထားရင်း ဟန်ပန်အမူအရာကို အတတ်နိုင်ဆုံး တည်ငြိမ်သည့်ပုံစံမျိုး လုပ်ပြလျက် ဆံပင်ကို နားသယ်နောက်သို့ သပ်တင်ရင်းမှ ပြုံးကာ ပြန်၍ပြောလိုက်လေသည်။ "တောင်သခင်ဟွမ်၊ အဲဒီလောက်ကြီးလည်း ဒေါသမထွက်ပါနဲ့ဦး၊ ကျွန်မ ဒီနေ့ဒီကို ရောက်လာတာ သခင်မရဲ့ စကားကို ပါးပေးချင်လို့ပါ"

သူမတို့ ယနေ့ ဤနေရာ၌ အသက်ရှင်လိုပါက သူမတို့သည် ရှန်ချင်းလော့၏ လူများဖြစ်ကြောင်းကို တစ်ဖက်လူများ သိသွားအောင် လုပ်ပေးရပေမည်။ ရှန်ချင်းလော့မှ ဟွမ်တုတောက်အား သတိထားနေသလို ဟွမ်တုတောက်သည်လည်း ရှန်ချင်းလော့အား သတိထားပေသည်။ တကယ်တော့ နှစ်ဦးစလုံးသည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူများပင် မဟုတ်ကြလေလော။

ဟွမ်တုတောက်က မျက်လုံးမှေးစင်းလျက်... "ရှန်ချင်းလော့က သတင်းပါးခိုင်းတာ၊ ဘာလဲ သူက ငါ့မိန်းမလုပ်ဖို့ သဘောတူလိုက်ပြီလား၊ ဟားဟားဟား"

ပိလော့ကမူ ပြုံးသာပြုံးပြလိုက်လေသည်။

"ဒီနေ့ည ရှင်တို့အားလုံး သေရမယ်လို့ ပြောခိုင်းလိုက်တာ"

ဟွမ်တုတောက် ရုတ်တရက် အရယ်ရပ်သွားခဲ့လေသည်။ ခန်းမထဲတွင် ရှိနေသည့် အခြားသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည်လည်း ပိလော့အား မျက်လုံးအပြူးသားဖြင့် ကြည့်လာကြသည်။

ပိလော့ မျက်နှာအထက်ရှိ အပြုံးမှာလည်း ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး သူမ ဘေးနားတွင် ရှိနေသော လျို့ယန်အား အထိတ်တလန့် အမူအရာဖြင့် ငုံ့ကြည့်လိုက်လေသည်။ အစောပိုင်းက စကားကို ပြောလိုက်သည့်လူမှာ သူမ မဟုတ်။ လျို့ယန်သာ ဖြစ်ပေသည်။

ဟွမ်တုတောက်သည် လျို့ယန်အား တစ်ချက်ကြည့်လိုက်ပြီးသည့်နောက် ပိလော့ဘက်သို့ ပြန်လှည့်၍ ပြောလိုက်လေ၏။ "အဲဒီလိုစကားမျိုးကတော့ ငါမကြားချင်ယောင်ဆောင်လို့ရတဲ့ စကားမျိုး မဟုတ်တော့ဘူး"

ပိလော့၏ နဖူးထက် ချွေးအေးများ ဝေ့သီလာတော့လေသည်။ ထို့နောက် အထိတ်ထိတ်အလန့်လန့်ဖြင့် အလျင်စလို ပြန်၍ပြောလိုက်လေသည်။ "ကလေးတစ်ယောက်က ပြောတဲ့စကားကို စိတ်ထဲမထားပါနဲ့ တောင်သခင်ဟွမ်ရယ်" ထိုသို့ပြောပြီးသည့်နောက်တွင် လျို့ယန်အား နောက်တစ်ကြိမ် စကားထပ်မပြောရန် သတိပေးနေသည့်အလား စူးရဲစွာ စိုက်ကြည့်လိုက်လေ၏။

"ကလေးတစ်ယောက်က ပြောတဲ့စကား၊ ဟုတ်လား" တောင်သခင်ဟွမ်က နှာခေါင်းရှုံ့လိုက်လေသည်။ "ငါက အဲဒီလိုတော့မထင်ဘူး၊ ဒီနေ့ည နင်တို့ ငါ့ဆီလာတာ ငါ့ကို တမင်သက်သက် ပြသနာရှာဖို့လို့ ငါခံစားနေရတယ်၊ ၊အစကတော့ မိန်းမတစ်ယောက်မလို့ နင့်ကို ပြဿနာတက်အောင် မလုပ်ချင်ဘူး၊ ဒါပေမဲ့ နင်က ငါတို့ကို အခုလိုမျိုး မလေးမစား လာလုပ်နေတယ်ဆိုမှတော့ ငါ့ကို နင်တို့အပေါ် ကောင်းကောင်းမွန်မွန် မဆက်ဆံလို့ဆိုပြီးတော့ လာအပြစ်မတင်တော့နဲ့ပေါ့"

"တောင်သခင်ဟွမ်၊ ကျေးဇူးပြုပြီး စောင့်ပါဦး" ပိလော့မှာ ချုံးပွဲချ ငိုချပစ်ချင်စိတ်များ ထွက်ပေါ်လာနေရသည်။ [ငါဘာတွေလုပ်ခဲ့လို့များ အခုလိုမျိုး ပြဿနာမျိုးနဲ့ ကြုံနေရတာလဲ]

ထို့နောက်တွင် လျို့ယန်အား ရှေ့သို့ အလျင်စလို တွန်းပို့၍ ပြောလိုက်လေသည်။ "တောင်သခင်ဟွမ်ကို အခုချက်ချင်း တောင်းပန်လိုက်စမ်း"

လျို့ယန်က ပြန်ပြောလိုက်လေသည်။ "သေရတော့မဲ့လူကို ဘာဖြစ်လို့ တောင်းပန်နေရမှာလဲ"

ဟွမ်တုတောက်မှာ အလွန်ကိုမှ ဒေါသူပုန်ထသွားခဲ့လေရာ အရူးတစ်ယောက်ပမာ စ၍ အော်ရယ်မောတော့လေသည်။ ထို့နောက် ထိုင်ရာမှ ထ၍ သူ့အရှေ့တည့်တည့်တွင် ရှိနေသော စားပွဲခုံကို လက်နှစ်ဖက်ဖြင့် ဆောင့်ရိုက်ချလိုက်ရင်းမှ လျို့ယန်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ ထို့နောက် လှောင်ပြောင်ပြောဆိုလိုက်လေ၏။ "ကောင်မလေး၊ နင်က တကယ်ကို စိတ်ဝင်စားစရာပါလား၊ နင်ငါ့ကို ဘယ်လိုသေအောင်သတ်မှာလဲ" ထိုသို့ပြောပြီးသည့်နောက် ခက်ထန်ကြမ်းကြုတ်သည့် လေသံဖြင့် ခြိမ်းခြောက်လိုက်လေသည်။ "နင်ငါ့ကို ရအောင်သတ်နော်၊ မသတ်နိုင်ရင် နင်တို့ နှစ်ယောက်စလုံး ဒီည တမလွန်ဘဝ ရောက်ရမှာ"

တစ်ဖက်လူသည် ကလေးငယ်လေး ဖြစ်နေစေကာမူ ဟွမ်တုတောက်ကတော့ ဂရုမစိုက်ပေ။ ထိုကောင်မလေးသည် သူ့အား ထပ်တလဲလဲ လာရောက်ရန်စနေလေရာ သူဘက်မှ သည်းခံလွန်းနေလျှင် တစ်ဖက်လူသည် သူ့ခေါင်းပေါ် ချေးတက်ယိုသွားပေလိမ့်မည်။ ထိုအပြင် မူလကတည်းက ဟွမ်တုတောက်သည် ကြင်နာတတ်သည့် လူစားမျိုးမဟုတ်ပေ။ ထိုသို့ဖြစ်လေရာ သူ့အား ယခုကဲ့သို့ ထပ်တလဲလဲ လာရန်စနေသည့်အပေါ် မည်ကဲ့သို့များ သည်းခံနိုင်ပါမည်နည်း။

"ရတယ်လေ" လျို့ယန်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ ထို့နောက် လက်ညိုးလေးတစ်ချောင်း ထောင်လိုက်ရာ သူမ၏ လက်ညိုးထိပ်တွင် မီးတောက်လေးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။ ထိုမီးတောက်ကလေးမှာတော့ လေအဝှေ့နှင့် အတူ အချိန်မရွေး ပျောက်ကွယ်သွားမည့်အလား မှိတ်တုတ်မှိတ်တုတ် ဖြစ်နေခဲ့လေသည်။

လျို့ယန်၏ လက်ချောင်းထိပ်ရှိ မီးတောက်ကလေးကို မြင်သော် ခန်းမထဲတွင် ရှိနေသည့် ပညာရှင်များအားလုံး ဝါးလုံးကွဲအော်ရယ်မောကုန်ကြလေသည်။ မရယ်သည့်လူဆို၍ တစ်ဦးတည်းသာ ရှိပေသည်။ ဟွမ်တုတောက်ပင်။ ဟွမ်တုတောက်ကမူ ထိုမီးတောက်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် အန္တရာယ်ကြီးကြီးမားမားတစ်ခုကို ခံစားမိလိုက်သည့်အလား အထိတ်ထိတ်အလန့်လန့် ဖြစ်သွားခဲ့လေသည်။

မီးတောက်ကို ဖန်တီးပြီးသည့်နောက်တွင် လျို့ယန်သည် သူမ၏ လက်ညိုးအား ဟွမ်တုတောက်ဆီသို့ ချိန်ရွယ်လိုက်သည်။ ထို့နောက် သူမ လက်ညိုးထိပ်တွင် ရှိနေသော မီးတောက်ကလေးသည် ဟွမ်တုတောက်ဆီသို့ ပျံသန်းသွားတော့လေ၏။

အလွန်တရာကိုမှ ကြောက်စရာကောင်းသည့် ရန်သူတစ်ပါးနှင့် ရင်ဆိုင်ရတော့မည့်အလား ဟွမ်တုတောက်သည် တိုက်ခိုက်မည့်ပုံစံမျိုး ဟန်ပြင်လိုက်လေသည်။ ထို့နောက် မာန်သွင်းအော်ဟစ်လိုက်ရာ သူ့ခန္ဓာကိုယ်အထက် သားရဲတက်တူး ဆယ်ခုကျော်မက ပေါ်လာခဲ့လေ၏။ တစ်ချိန်တည်းတွင် သားရဲတက်တူးများအနက် တစ်ခုသည် အရောင်တလက်လက် တောက်ပလာခဲ့ပြီး ချင်ပန်ဇီမျောက်နှင့် ဆင်တူသည့် သားရဲကြီးတစ်ကောင် သူ့ရှေ့၌ ပေါ်လာခဲ့လေသည်။ ထိုမျောက်သားရဲကြီးသည် အဆင့်တစ်ဆယ် အရှိန်အဝါကို ထုတ်လွှတ်နေလေ၏။ ဟွမ်တုတောက် အရှေ့ ပေါ်လာပြီးသည့်နောက်တွင် ၎င်း၏ ရင်ဘတ်ကို တစ်ဒုန်းဒုန်းထုရိုက်ရင်းမှ ကျယ်လောင်စွာ အော်ဟစ်ဟိန်းဟောက်လိုက်လေသည်။

ထို့နောက်တွင် ချင်ပန်ဇီမျောက်ကြီးမှာ ချက်ချင်းဆိုသလို အအော်ရပ်သွားခဲ့လေသည်။ အကြောင်းမှာ ၎င်း၏ ရင်ဘတ်နေရာ၌ မီးကျွမ်းထားသည့် အပေါက်တစ်ပေါက် ထွက်ပေါ်လာသည့်အတွက်ကြောင့်ပင်။ ထိုအပေါက်တစ်ဝိုက်၌ မီးတောက်များ အဆက်မပြတ် လောင်မြိုက်နေခဲ့လေ၏။ မီးတောက်များသည် ထိုအပေါက်မှတစ်ဆင့် ချင်ပန်ဇီမျောက်ကြီး၏ ခန္ဓာကိုယ်အနှံ့ စတင်ပျံ့နှံ့လာခဲ့ပြီး မကြာမီတွင် ချင်ပန်ဇီမျောက်ကြီး၏ တစ်ကိုယ်လုံးကို လွှမ်းခြုံသွားခဲ့လေသည်။

လျို့ယန် ပစ်လွှတ်လိုက်သည့် မီးတောက်ကလေးသည် ချင်ပန်ဇီမျောက်ကို ထိုးဖောက်သွားပြီးသည့်နောက်တွင် ဟွမ်တုတောက်ဆီသို့ အတားအဆီးမရှိ ဆက်လက်တိုးဝင်သွားခဲ့ပြီး ဟွမ်တုတောက် ဖန်တီးထားသော သူတော်စင်ချီ အကာအကွယ်နှင့် အကာအကွယ် မှော်ရတနာကိုပါ အလွယ်တကူ ဆက်လက်ထိုးဖောက်သွားခဲ့သည်။

တစ်ဟုန်းဟုန်း လောင်မြိုက်နေသည့် မီးတောက်တစ်ခုနှင့် ထိမိသွားသည့် သစ်ဆွေးတုံး တစ်တုံးပမာ ဟွမ်တုတောက်၏ ခန္ဓာကိုယ်ကြီးမှာ တစ်မုဟုတ်ချည်းဆိုသလို မီးတောက်များ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရလေသည်။ တစ်ချိန်တည်းတွင်လည်း မီးတောက်များဆီမှ ဟွမ်တုတောက်၏ စူးစူးဝါးဝါး အော်ဟစ်သံ ထွက်ပေါ်လာတော့လေသည်။

တစ်ဒုန်းဒုန်း မြည်သံများနှင့်အတူ အစောပိုင်းက လျို့ယန်အား လှောင်ရယ်မောနေကြသော အဆုံးမဲ့သားရဲတောင်မှ ကျင့်ကြံသူများမှာ အထိတ်တလန့်ဖြင့် ထိုင်ရာမှ ထရပ်လိုက်ကုန်ကြလေသည်။ အလန့်တကြား ထရပ်လိုက်သည့်အတွက်ကြောင့် စားပွဲဝိုင်းများ မှောက်ကုန်ကြပြီး အရက်ပုလင်းကွဲသံများ၊ ဟင်းပွဲပန်းကန်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့လေ၏။ ခန်းမထဲတွင် ရှိနေကြသည့် ကချေသည်မလေးများမှာလည်း ကြောက်လန့်တကြား အော်ဟစ်ရင်း အဘက်ဘက်သို့ ထွက်ပြေးသွားကုန်ကြလေသည်။

ပိလော့မှာတော့ ဟွမ်တုတောက်နှင့် ချင်ပန်ဇီမျောက်ကြီးအား လောင်မြိုက်နေသော မီးတောက်များကို ကြည့်ရင်း မိုးကြိုးပစ်ချခံထားရသည့်ပမာ တောင့်တောင့်ကြီး ဖြစ်နေခဲ့လေသည်။

အော်သံများမှာ တစ်ခဏမျှသာ ကြာမြင့်ခဲ့လေသည်။ မကြာမီ မီးလောင်ကျွမ်းနေသော ဟွမ်တုတောက်၏ ခန္ဓာကိုယ်ကြီးသည် ပြာပုံဘဝသို့ ရောက်ရှိသွားတော့လေ၏။ အရိုးတစ်ချောင်းပင် ကျန်ရစ်ခဲ့ခြင်း မရှိပေ။ ချင်ပန်ဇီမျောက်ကြီးမှာလည်း အလားတူ ဖြစ်ရပ်မျိုး ကြုံခဲ့ရပြီး ပြာပုံဘဝသို့ ပြောင်းသွားခဲ့ရသည်။

အသက်တစ်ရှိုက်စာအတွင်းမှာပင် ဟွမ်တုတောက်နှင့်အတူ တန်ခိုးရှင်ဘုရင်အဆင့်နှင့် ယှဉ်ပြိုင်နိုင်သော ချင်ပန်ဇီမျောက်ကြီးမှာ မီးတောက်လေးတစ်ခုကြောင့် ပြာပုံဘဝ ရောက်သွားရလေ၏။

ခန်းမတစ်ခုလုံးမှာ သုသာန်တစ်စပြင်တစ်မျှ တိတ်ဆိတ်နေခဲ့သည်။ မည်သူမျှ အသက်ကို ရဲရဲမရှူဝံ့ကြပေ။ အကုန်လုံးမှာ ယခုကဲ့သို့ မြင်ကွင်းမျိုးကို မမျှော်လင့်ထားသည့်အလား အလွန်တရာကိုပင် မှင်တက် ထိတ်လန့်နေကုန်ကြလေသည်။ အဆုံးမဲ့သားရဲတောင်၏ တောင်သခင်ဖြစ်သော တန်ခိုးရှင်ဘုရင် တတိယအဆင့် ဟွမ်တုတောက်သည် အနည်းငယ်မျှပင် ခုခံနိုင်ခဲ့ခြင်း မရှိဘဲ အသက်ခုနစ်နှစ် ရှစ်နှစ်ခန့်လောက်သာ ရှိသေးသော ကလေးမလေးတစ်ဦး၏ အလွယ်တကူ သတ်ဖြတ်ခြင်းကို ခံလိုက်ရလေသည်။

ထို့ပြင် ကလေးမလေး ပစ်လွှတ်လိုက်သော မီးတောက်ငယ်လေးသည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူကိုပင် ပြာအတိဖြစ်အောင် လောင်ကျွမ်းနိုင်သည့်အပေါ် အကုန်လုံးမှာ မယုံကြည်နိုင် ဖြစ်နေကြလေသည်။

[ဒီကောင်မလေးက ဘယ်သူလဲ၊ အဲဒါကရော ဘယ်လိုမီးတောက်ကြီးလဲ]

တစ်ခဏအကြာမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ခန်းမထဲ၌ ရှိနေသည့် ပညာရှင်များမှာ မိန်းမောနေရာမှ အသိပြန်ဝင်လာခဲ့ပြီး ချက်ချင်း အမြီးကုပ်ကာ ထွက်ပြေးကြတော့လေသည်။ အချို့ဆိုလျှင် ခန်းမဝင်ပေါက်မှပင် ထွက်မပြေးနိုင်တော့ဘဲ နံရံများကို ဖျက်ဆီးကာ ပြေးထွက်သွားကုန်ကြလေ၏။ ချက်ချင်းဆိုသလို ခမ်းနားကြီးကျယ်စွာ ဆောက်လုပ်ထားသော နန်းတော်နံရံများအထက် အပေါက်ပေါင်းများစွာ ထွက်ပေါ်လာကြတော့လေ၏။

မည်သူမျှ ဤနေရာတွင် ဆက်မနေရဲကြတော့ချေ။ ကလေးမလေး မည်သည့်အဆင့်တွင် ရှိနေသလဲ ထိုကလေးမလေးသည် မည်ကဲ့သို့သော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားသလဲ ဆိုသည်ကို မည်သူမျှ မသိကြပါသော်ငြား ဟွမ်တုတောက်အား အလွယ်တကူ သတ်နိုင်ခဲ့သည့်ပုံကို ကြည့်ရသလောက် ဤကလေးမလေးသည် ဤနေရာတွင် ရှိနေသည့် လူတိုင်း၏အသက်ကို အလွယ်တကူ ခြွေယူပစ်နိုင်သည်ဟူသော အချက်ကို လုံးဝ ယုံမှားသံသယရှိစရာ မလိုပေ။

ယခုကဲ့သို့သော ရန်သူမျိုးနှင့် ရင်ဆိုင်ရသည့်အခါ သူတို့အနေဖြင့် အသက်ရှင်လိုပါက ထွက်ပြေးရုံသာ ရှိပေသည်။

"၁၃ယောက်" လျို့ယန်က တည်တည်ငြိမ်ငြိမ်ဖြင့် ရေရွတ်လိုက်သည်။ ဘာတွေဖြစ်လို့ ဖြစ်နေလဲဆိုသည်ကို သတိမမူသည့်အလား သူမဘာသာသူ တစ်ဦးတည်း ရေရွတ်နေလေ၏။ "ဖီးနစ်တေးသံ"

ထိုသို့ရေရွတ်ပြီးသည့်နောက် သူမ၏ လက်ကလေးကို ဝှေ့ယမ်းလိုက်ရာ အလင်းတန်းပေါင်းများစွာ ထွက်ပေါ်လာခဲ့လေသည်။ ထိုအလင်းတန်းများသည် ပေါ်လာပြီး မကြာမီမှာပင် မီးငှက်လေးများအသွင်သို့ ပြောင်းလဲသွားခဲ့လေ၏။ ထိုမီးငှက်လေးများသည် ခန်းမထဲ၌ ခဏမျှ ရစ်ဝဲနေပြီးသည့်နောက်တွင် ခန်းမအပြင်ဘက်သို့ တစ်ဟုန်ဟိုး ပျံသန်းထွက်သွားကြလေသည်။

မီးငှက်များ ထွက်သွားပြီး မကြာခင်မှာပင် ခန်းမအပြင်ဘက်ဆီမှ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာခဲ့ကြပြီး အားကောင်းလှသော အရှိန်အဝါများစွာမှာလည်း ပျောက်ကွယ်သွားကုန်ကြရလေသည်။

ပိလော့၏ ခန္ဓာကိုယ်မှာတော့ နတ်ပူးသည့်ပမာ တဆတ်ဆတ် တုန်ယင်နေလေသည်။ ရန်သူများကို ရှင်းပစ်လိုက်နိုင်သည့်အတွက်ကြောင့် ပျော်ရွှင်သင့်ပါသော်ငြား ပိလော့မှာတော့ မပျော်နိုင်ဘဲ ကြောက်သာကြောက်နေမိလေသည်။ ဤချစ်စဖွယ်ကောင်းလှသော ကလေးမလေးသည် ယခုကဲ့သို့ ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားမျိုးကို ပိုင်ဆိုင်ထားလိမ့်မည်ဟု ပိလော့ မမျှော်လင့်ထားခဲ့ပေ။ သူမ၏ ခန့်မှန်းချက်များကို အတည်ပြုရန်အလို့ငှာ ခန်းမအပြင်ဘက်သို့ ချက်ချင်း ပြေးထွက်သွားကြည့်လေသည်။ ထို့နောက် သူမတစ်ကိုယ်လုံး ကျောက်ရုပ်ထုကြီးပမာ ငိုင်တိုင်တိုင်ကြီး ဖြစ်သွားခဲ့လေ၏။

လက်ရှိအချိန်တွင် မီးငှက်များသည် ကျယ်ပြောလှသည့် မြို့တော်အနှံ့တွင် ပျံသန်းနေခဲ့လေသည်။ ထိုမီးငှက်လေးများမှာ လျို့ယန် ဖန်ဆင်းလိုက်စဉ်ကကဲ့သို့ သေးသေးလေးများ မဟုတ်ကြတော့ဘဲ ဧရာမမီးငှက်ကြီးများ ဖြစ်နေခဲ့လေပြီ။ ထိုမီးငှက်များ ပျံသန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသည့် အရာမှန်သမျှ ပြာပုံဘဝသို့ ရောက်သွားကြရသည်။

တစ်ခဏလေးအတွင်းမှာပင် လျို့ယန်နှင့် ပိလော့တို့မှလွဲ၍ နန်းတော်ပတ်လည် ဆယ်မိုင်ဝန်းကျင်အတွင်း မည်သည့် သက်ရှိမျှ ကျန်ရစ်ခြင်းမရှိတော့ချေ။ အစောပိုင်းက သူတို့အား လှောင်ပြောင် ရန်စခဲ့ကြသူအားလုံး ပြာပုံဘဝသို့ ရောက်ရှိသွားရင်းမှ တမလွန်ဘဝသို့ ကူးပြောင်းသွားခဲ့ကြရလေပြီ။ မီးငှက်များမှာတော့ မြို့ထဲတစ်ဝိုက် ဆက်လက်ပျံသန်းနေကြဆဲပင်။

ယနေ့တွင် မွန်းစတားဧကရာဇ်ကြယ်အား ကျူးကျော်ဝင်ရောက်လာခဲ့ကြသော တစ်စပြင်ကန္တာရကြယ်စီရင်စုမှ အဆုံးမဲ့သားရဲတောင်၏ အခြေခံအုတ်မြစ်မှာ အမြစ်ဖြုတ်ခြင်း ခံလိုက်ရလေပြီ။

အဆုံးမဲ့သားရဲတောင်သည် မည်ကဲ့သို့သော အစီအစဉ်မျိုးကို ချနေ၍များ ၎င်းတို့၏ ခေါင်းဆောင်ပေါင်းများစွာကို ဤနေရာ၌ စုဝေးနေစေခဲ့သလဲဆိုသည်ကို ပိလော့ မသိပါသော်ငြား သူတို့၏ လုပ်ရပ်သည် ကိုယ့်သေတွင်းကိုယ်တူးလိုက်ခြင်းသာ ဖြစ်ပေသည်။ ယခုကဲ့သို့ ခေါင်းဆောင်အားလုံးကို တစ်နေရာတည်း စုဝေးနေခိုင်းစေသည့်အတွက်ကြောင့် လျို့ယန်မှာလည်း အချိန်ကုန် လူပင်ပန်းခံစရာမလိုဘဲ ထိုခေါင်းဆောင်များအားလုံးကို တစ်ခါတည်း ရှင်းပစ်လိုက်နိုင်ခဲ့လေသည်။

ယခုမှသာလျှင် ဤကလေးမလေးသည် အဆုံးမဲ့သားရဲတောင်ဆီသို့ ဘာကြောင့် လာချင်နေရသလဲဆိုသည်ကို ပိလော့ နားလည်သွားတော့သည်။ ရန်သူများကို မကြောက်သည့်အတွက်ကြောင့်တော့ မဟုတ်ပေ။ သူမကိုယ်တိုင်က သူမ၏ ခွန်အားအပေါ် ယုံကြည်ချက်အပြည့် ရှိနေသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။ ယခု သူမ ပြသသွားသည့် ခွန်အားအရ လျို့ယန်အနေဖြင့် အဆုံးမဲ့သားရဲတောင်ထဲရှိ မည်သူကိုမျှ ကြောက်နေစရာ မလိုပေ။

ထိုအခိုက်အတန့်ဝယ် လေအေးတစ်ချက် ဖြတ်တိုက်သွားခဲ့ရာ ပိလော့မှာလည်း မိန်းမောနေရာမှ အသိပြန်ဝင်လာခဲ့လေသည်။ ထို့နောက် ချက်ချင်းပင် ခန်းမထဲသို့ ပြန်ပြေးဝင်သွားရာ လျို့ယန်သည် အစောပိုင်းက ဟွမ်တုတောက် ထိုင်နေသည့် ထိုင်ခုံပေါ်တွင် ထိုင်ရင်း ပျင်းရိငြီးငွေ့နေသည့်အလား သမ်းဝေနေကြောင်း တွေ့လိုက်ရသည်။

ထိုအချင်းအရာကို မြင်လိုက်သည့်အခိုက် ပိလော့၏ မျက်နှာကြီး မဲ့သွားတော့လေ၏။

…

သုံးရက် ကြာပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့လက်ကို ရှန်ချင်းလော့၏ ကိုယ်အောက်မှ အတင်းဆွဲထုတ်လိုက်သည်။ သို့သော်ငြား ရှန်ချင်းလော့မှာ ချက်ချင်းပင် ရန်ကိုင်အပေါ် ဖက်တွယ်လာခဲ့ပြန်လေသည်။

ထို့ကြောင့် ရန်ကိုင်လည်း ရှန်ချင်းလော့၏ ပေါင်ကို တစ်ချက်ကောက်ရိုက်၍ ပြောလိုက်လေ၏။ "နင် မကျေနပ်နိုင်သေးဘူးလား"

ရှန်ချင်းလော့က မျက်လုံး မဖွင့်ချင်ဖွင့်ချင် အမူအရာဖြင့် ပြန်ပြောလိုက်လေ၏။ "ငါက ဒီလောက်လွယ်လွယ်လေးနဲ့ ကျေနပ်နိုင်မဲ့ လူမျိုးမလို့လား"

ရန်ကိုင်က အထိတ်တလန့်ဖြင့် ... "နင်တကယ်ကြီး မကျေနပ်နိုင်သေးတာလား"

ရန်ကိုင်နှင့် ရှန်ချင်းလော့တို့မှာ သုံးရက်လုံးလုံး အချစ်ပွဲနွှဲနေခဲ့ကြခြင်း ဖြစ်လေသည်။ မသိလျှင် ရှန်ချင်းလော့သည် လွန်ခဲ့သောနှစ်များအတွင်း ရန်ကိုင်နှင့် မတွေ့ခဲ့ရသည့်အပေါ် အတိုးချ၍ ပြန်တွေ့နေသည့်အလားပင်။

ရှန်ချင်းလော့မှာ ရန်ကိုင်ကိုယ်ထဲရှိ စွမ်းအင်မှန်သမျှကို စုပ်ယူပစ်ရန် ကြိုးစားခဲ့သည်။ သို့သော်ငြား ရန်ကိုင်၏ သက်လုံကို မယှဉ်နိုင်ခဲ့ပေ။ ထိုအတွက်ကြောင့် အဆုံးတွင်တော့ သူမသည်သာ မှောက်သွားခဲ့ရသည်။

လက်ရှိ ရန်ကိုင်သည် သူမထက် ကျင့်ကြံခြင်းအဆင့် နှစ်ဆင့်ပင် ပိုမြင့်နေပြီဖြစ်သလို နဂါးတစ်ပိုင်းလည်းဖြစ်သည့်အလျောက် သူ၏ သက်လုံနှင့် ခံနိုင်ရည်မှာ အလွန်ကိုမှ မြင့်မားသည်ဟု ပြော၍ရသည်။ ထိုအကြောင်းကြောင့် ရှန်ချင်းလော့ မည်မျှပင် ကြိုးစားနေစေကာမူ အဆုံးတွင်တော့ သူမသည်သာ မှောက်သွားခဲ့ရလေသည်။

ရှန်ချင်းလော့နှင့် စုယန်မှာ လုံးဝကို မတူညီသည့် အမျိုးသမီးများ ဖြစ်ကြသည်။

"နင်ဘာတွေပြုံးနေတာလဲ" ရှန်ချင်းလော့သည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်ရင်းမှ ရန်ကိုင်၏ ခါးကို ကောက်လိမ်ဆွဲလိုက်လေသည်။

ရန်ကိုင်က ပြုံး၍ ရှန်ချင်းလော့၏ ဗိုက်ပေါ် သူ့လက်ကို တင်ရင်းမှ ပြန်ပြောလိုက်သည်။ "နင်ငါ့ကို သေတဲ့အထိ လိမ်ဆွဲနေမယ်ဆိုရင် နင့်ဗိုက်ထဲကကလေး အဖေမဲ့သွားလိမ့်မယ်နော်"

ရှန်ချင်းလော့ ချက်ချင်း မျက်လုံးပြူးသွားခဲ့ပြီး ပြန်ပြောလိုက်လေ၏။ "ကလေး"

ထို့နောက် သူမ၏ ဗိုက်ကို ပွတ်၍ တွေးလိုက်လေသည်။ [အင်းဟုတ်တယ်၊ ဒီမှာကလေးရှိရင် ရှိနေမှာ၊ အဲဒီလိုဆိုရင်တော့ နောက်ပိုင်း သူထွက်သွားရင်တောင် ငါအဖော်မမဲ့ရတော့ဘူး]

ထိုသို့တွေးပြီးသည့်နောက် ရှန်ချင်းလော့သည် ချက်ချင်းဆိုသလို ရန်ကိုင်အပေါ် ခုန်တက်လာလျက် ပြောလိုက်လေသည်။ "ထပ်လုပ်ရအောင်၊ ငါဒီတစ်ကြိမ် ကိုယ်ဝန်ရမှဖြစ်မယ်"

ရန်ကိုင်က ရယ်ရခက်ငိုရခက် အမူအရာဖြင့် ... "ငါဒီအတိုင်းပြောလိုက်ရုံလေးကို နင်ကဘာတွေအတည်မှတ်နေတာလဲ"

"နင်ယောကျ်ားမဟုတ်ဘူးလား၊ ဘာတွေတာဝန်မယူချင်ဘဲနဲ့ ခေါင်းရှောင်နေတာလဲ" ရှန်ချင်းလော့သည် ရန်ကိုင်၏ လည်တိုင်ကို ခပ်တင်းတင်း ဆွဲညှစ်ထားခဲ့လေသည်။

ရန်ကိုင်က ပြန်ပြောလိုက်သည်။ "ငါမလုပ်ချင်တာမဟုတ်ဘူး၊ ဒါပေမဲ့ အခုအခြေအနေက လုပ်လို့ရတာမဟုတ်ဘူး၊ ဟိုမှာ နင့်ကို လူတစ်ယောက် လာရှာနေတယ်" ရန်ကိုင်က တံခါးပေါက်ဆီသို့ မေးငေါ့ပြလိုက်သည်။

"ဘယ်သူလဲ" ရှန်ချင်းလော့ မျက်မှောင်ကြုတ်သွားလေ၏။ "ငါအခု ဘယ်သူနဲ့မှ တွေ့မှာမဟုတ်ဘူး"

"ယုရှုန်း" ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလိုက်သည်။

ချီယွဲ့တွင် မွေးစားသမီးနှင့် မွေးစားသားတစ်ဦး ရှိပေသည်။ မွေးစားသမီးမှာ ရှန်ချင်းလော့ဖြစ်ပြီး မွေးစားသားမှာတော့ ယုရှုန်း ဖြစ်ပေသည်။ ထိုအတွက်ကြောင့် ရှန်ချင်းလော့နှင့် ယုရှုန်းမှာ ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်ဟု ပြော၍ရသည်။

ရန်ကိုင်သည် ယုရှုန်းနှင့် မွန်းစတားဧကရာဇ်ကြယ်ပေါ်၌ ယခင်က တွေ့ခဲ့ဖူးပေသည်။ ယုရှုန်းမှာ ရိုးသားပွင့်လင်းပြီး တည့်တိုးဆန်သည့် လူစားတစ်ဦးဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်နှင့် အတော်လေးကိုပင် ပနံသင့်သည်ဟု ပြော၍ရသည်။

ယုရှုန်း သူမအား လာရှာနေကြောင်း ကြားလိုက်သော် ရှန်ချင်းလော့သည် ရန်ကိုင်အပေါ်မှ ချက်ချင်းဆင်း၍ အဝတ်အစားများကို ပြန်ဝတ်လိုက်လေသည်။ ယုရှုန်းအား ယခုကဲ့သို့ ပုံစံကြီးနှင့် သွားတွေ့၍ အဆင်မပြေလှပေ။

တစ်ခဏအကြာတွင် ရှန်ချင်းလော့သည် တံခါးလက်ကိုင်ဘုပေါ် လက်တင်၍ တံခါးကို ဆွဲဖွင့်တော့မည်အပြု အပြင်ဘက်မှ ယုရှုန်း၏ အော်ဟစ်သံကို ကြားလိုက်ရသည်။ "ဘေးဖယ်နေပေတော့ ၊ ငါ ငါ့ညီမနဲ့ တွေ့စရာရှိတယ်၊ နင်ငါ့ကို လာတားရဲတယ်လား"

ပိလော့က စိုးရိမ်တကြီးဖြင့် ပြန်ပြောလိုက်သည်။ "ဆရာ၊ အခုအချိန် သခင်မကို တွေ့လို့အဆင်မပြေဘူး ဆရာရဲ့၊ အဲဒါကြောင့် ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးလို့ရမလား၊ ဆရာရောက်နေတဲ့အကြောင်းကို ကျွန်မ သခင်မဆီ လှမ်းအကြောင်းကြားပေးပါမယ်"

ယုရှုန်းက ပြန်အော်ပြောလေသည်။ "ဘာကို ငါနဲ့တွေ့လို့ အဆင်မပြေတာလဲ" သူတို့နှစ်ဦး အပြန်အလှန် အော်ဟစ်နေကြစဉ် အခန်းတံခါး ရုတ်တရက် ပွင့်သွားခဲ့သည်။ ယုရှုန်းလည်း ချက်ချင်းပင် ပိလော့ကိုကျော်၍ အခန်းထဲသို့ လျှောက်သွားရန် လုပ်လိုက်သည်။ သို့သော်ငြား ရှန်ချင်းလော့ကို မြင်လိုက်သည့်အခိုက် ယုရှုန်းမှာ အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားခဲ့ပြီးသည့်နောက် ပြောလက်စ စကားများကို ပြန်မျိုချလိုက်လေ၏။

ထို့နောက် ခေါင်းမော့၍ လှမ်းကြည့်လိုက်ရာ ရန်ကိုင်သည်လည်း အခန်းထဲမှ ထွက်လာနေကြောင်းကို တွေ့လိုက်ရလေ၏။

"ကောင်စုတ်လေး၊ မင်းပဲ" ယုရှုန်းက ထိုသို့အော်ဟစ်လိုက်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်ကာ ရန်ကိုင်အား လက်သီးဖြင့်ထိုးရန် လုပ်လိုက်လေသည်။ "ငါမင်းကို သတ်မယ်"

ရှန်ချင်းလော့သည် ချက်ချင်းပင် ဘေးဖယ်နေ၍ ရန်ကိုင်နှင့် ယုရှုန်းတို့အား ပြုံးကာ ကြည့်နေလိုက်သည်။ ရန်ကိုင်နှင့် ယုရှုန်းတို့ တစ်ဦးပေါ်တစ်ဦး ထိခိုက်အောင်လုပ်မိမည်ကို သူမစိတ်မပူပေ။ ထိုအတွက်ကြောင့် ဝင်ပါရန်လည်း စိတ်မကူးခဲ့ပေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၄၃)

ဘာသာပြန်သူ_တိမ်တိုက်

ရန်ကိုင်မှ သူ့လက်သီးအား လက်ညှိုးတစ်ချောင်းတည်းဖြင့် ကာလိုက်သည်ကို မြင်သော် ယုရှုန်း မျက်လုံးအပြူးသား ဖြစ်သွားခဲ့ပြီး ကျန်လက်တစ်ဖက်ဖြင့် ထပ်ထိုးလေသည်။

ရန်ကိုင်မှ ယုရှုန်း၏ လက်သီးကို တောက်ချလိုက်သည့်နောက် ယုရှုန်း၏ ကြွက်သားအမြှောင်းမြှောင်း ထနေသည့် လက်မောင်းတစ်ဖက်လုံးမှာ အားမရှိတော့သည့်အလား ပျော့ခွေကျသွားခဲ့လေသည်။ ယုရှုန်း ကိုယ်တိုင်မှာလည်း နောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်သွားခဲ့ရပြီးသည့်နောက် ရန်ကိုင်အား အထိတ်တလန့်ဖြင့် ကြည့်ရင်းမှ ရေရွတ်လိုက်လေ၏။ "မင်း"

ယုရှုန်းသည် ကြွက်သားအမြှောင်းမြှောင်း ထနေသည့် လူထွားကြီးတစ်ဦး ဖြစ်ပါသော်ငြား တစ်ခေါင်းလုံး ကြွက်သားများဖြင့် ပြည့်နေသည့် လူတစ်ဦးတော့ မဟုတ်ပေ။ ရန်ကိုင်အား လက်သီးဖြင့် ထိုးရာတွင် သူ၏ ခွန်အားအကုန်အစင်ကို ထုတ်မသုံးခဲ့ပါသော်ငြား ရန်ကိုင်မှ သူ့လက်သီးချက်များကို သာမန်ကာလျှံကာ ပုံစံမျိုးဖြင့် ကာပြသွားသည်ကို မြင်ပြီးသည့်နောက် ရန်ကိုင်၏ ခွန်အားကို ယုရှုန်း အနည်းငယ်မျှတော့ နားလည်သွားခဲ့လေသည်။

ထို့ကြောင့် ယုရှုန်းမှာ ရန်ကိုင်အား ဆက်၍ ပြဿနာရှာမနေတော့ပေ။ ခေါင်းတစ်ခါခါနှင့် ရှန်ချင်းလော့ဘက်သို့ လှည့်၍ ပြောလိုက်လေ၏။ "ညီမလေး၊ ကိစ္စကြီးတစ်ခု ဖြစ်သွားတယ်"

ရှန်ချင်းလော့က အထိတ်တလန့် အမူအရာဖြင့် ပြန်မေးလိုက်လေသည်။ "ဘာဖြစ်လို့လဲ"

ယုရှုန်းသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လေသည်။ ထိုအတွက်ကြောင့် သူ့အား ပျာယာခက်သွားအောင် လုပ်နိုင်သည့် ကိစ္စဆို၍ များများစားစား မရှိလှ။ လက်ရှိအချိန်တွင်တော့ သူ့အား ထိုကဲ့သို့ လုပ်နိုင်သည့် ကိစ္စဆို၍ လနီနယ်မြေ သို့မဟုတ် အဆုံးမဲ့သားရဲတောင်နှင့် ပတ်သက်သည့် ကိစ္စတစ်ခုခုသာ ဖြစ်ရပေလိမ့်မည်။

"အဆုံးမဲ့သားရဲတောင် ဖျက်ဆီးခံလိုက်ရပြီ"

ထိုစကားကို ကြားသော် ရှန်ချင်းလော့ ကြောင်သွားခဲ့လေသည်။ ထို့နောက်တွင် ချက်ချင်းပင် ရန်ကိုင်ဘက်သို့ လှည့်၍ 'ဒါနင်နဲ့ ပတ်သက်နေလား'ဟူသော အကြည့်မျိုးဖြင့် ကြည့်လာ၏။ လနီနယ်မြေနှင့် အဆုံးမဲ့သားရဲတောင် တိုက်ပွဲဖြစ်လာခဲ့သည်မှာ ဆယ်နှစ်မကတော့ချေ။ ထိုအတောအတွင်း လနီနယ်မြေကသည်သာ တောက်လျှောက်ချည်း ဖိနှိပ်ခံခဲ့ရသည်။ ရှန်ချင်းလော့ ကိုယ်တိုင်သည်လည်း ဟွမ်တုတောက်နှင့် တိုက်ခိုက်ဖူးသည့်အတွက်ကြောင့် သူမည်မျှ အားကောင်းမှန်းကို သိပေသည်။ လနီနယ်မြေ သို့မဟုတ် မွန်းစတားဧကရာဇ်ကြယ်ပေါ်ရှိ မည်သူမျှ အဆုံးမဲ့သားရဲတောင်အား မဖျက်ဆီးနိုင်ကြပေ။

ထိုကဲ့သို့ လုပ်နိုင်သည့် လူဆို၍ သူမ ဘေးတွင် ရပ်နေသည့်လူသာ ရှိပေသည်။ သို့သော် လွန်ခဲ့သည့် သုံးရက်လုံးလုံး ရန်ကိုင်သည် သူမဘေးနားတွင် ရှိနေခြင်းဖြစ်လေရာ သူ့အနေဖြင့် ထိုကဲ့သို့ ဖြစ်အောင် မည်ကဲ့သို့များ လုပ်လိုက်လေသနည်း။

[သူ အဆုံးမဲ့သားရဲတောင်ဆီ သွားပြီးမှ ငါ့ကို လာတွေ့တာလား]

စိတ်လှုပ်ရှားနေသည့် ယုရှုန်းက ဆက်ပြောလိုက်လေသည်။ "ငါလည်း အဲဒီသတင်းကို ကြားကြားချင်း မယုံနိုင်ခဲ့ဘူး၊ ဒီတော့ ကိုယ်တိုင် သွားစစ်ဆေးကြည့်လိုက်တာ ဘာတွေတွေ့လာလဲ ထင်လဲ၊ အဆုံးမဲ့သားရဲတောင်မှာ ရှိနေတဲ့ အဆောက်အဦးတွေအကုန် ဖျက်ဆီးခံထားရတယ်၊ သက်ရှိဆိုလို့လည်း ခွေးတစ်ကောင်ကြောင်တစ်မြီးတောင် မရှိတော့ဘူး၊ ဘယ်သူလုပ်သွားလဲတော့ မသိဘူး၊ ဒါပေမဲ့ လုပ်သွားတဲ့လူကတော့ မီးဓာတ်ကို အထူးကျွမ်းကျင်တဲ့လူပဲ ဖြစ်လိမ့်မယ်၊ ဘာလို့လဲဆိုတော့ အဲဒီနေရာတစ်ခုလုံးက ကျစ်ကျစ်တောက် ပူလောင်နေတာ၊ ပြီးတော့ ငါကြားသလောက်တော့ အဆုံးမဲ့သားရဲတောင် ဖျက်ဆီးခံလိုက်ရတဲ့ ညတုန်းက အဲဒီခွေးအိုကြီး ဟွမ်တုတောက်က စားသောက်ပွဲ ကျင်းပနေတာတဲ့၊ တန်ခိုးရှင်ဘုရင်အဆင့်ကို ရောက်နေတဲ့ အဆုံးမဲ့သားရဲတောင်က အကြီးအကဲတွေအပြင် အဲဒီမှာ ဟိုသစ္စာဖောက် ချန်းယန်နဲ့ ခွမ်းရှီတို့လည်း ရှိနေသေးတယ်၊ အခုတော့ အဲဒီကောင်တွေ အကုန်လုံး ကိုယ်ရွေးတဲ့လမ်းကို သွားလိုက်ရပြီ၊ ဟားဟားဟား၊ ဝဋ်ဆိုတာ လည်တတ်တယ်ကွ"

ထို့နောက် လက်သီးကို တင်းတင်းဆုပ်၍ ခက်ထန်ကြမ်းကြုတ်သည့် အမူအရာဖြင့်..."ညီမလေး၊ အခု ငါတို့ လှုပ်ရှားရမဲ့အချိန် ရောက်ပြီနော်"

အဆုံးမဲ့သားရဲတောင်မှာ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သလို ထိုအင်အားစု၏ ထိပ်တန်းကျင့်ကြံသူများမှာလည်း အသတ်ခံလိုက်ရသည့်အတွက်ကြောင့် လနီပိုင်နက် နယ်မြေအနေဖြင့် ဘာကိုမျှ စိတ်ပူနေစရာမလို။ ယခုအချိန်သည် မွန်းစတားဧကရာဇ်ကြယ်ကို ပြန်လည်ထိန်းချုပ်ရမည့် အချိန်ဖြစ်လေသည်။

"ငါလုပ်တာမဟုတ်ဘူး" ရှန်ချင်းလော့ သူ့အား စိုက်ကြည့်နေသည်ကို မြင်သော် ရန်ကိုင်က ပခုံးတွန့်ပြလျက် လျို့ယန်အား လှမ်း၍ ကြည့်လိုက်လေ၏။

အဆုံးမဲ့သားရဲတောင်ကို မီးဓာတ်အား အထူးကျွမ်းကျင်သည့် လူတစ်ဦးမှ ဖျက်ဆီးသွားသည့်အကြောင်း ကြားလိုက်ရပြီးသည့်နောက် လက်သည်တရားခံ မည်သူဖြစ်သလဲဆိုသည်ကို ရန်ကိုင် ချက်ချင်း ခန့်မှန်းမိသွားတော့လေသည်။

ထိုနေ့ညက လျို့ယန်နှင့် ပီလော့တို့ ထွက်သွားခဲ့ကြောင်းကို ရန်ကိုင် သတိထားမိလိုက်လေသည်။ ထိုနှစ်ဦးသည် ရှန်ချင်းလော့ သတိမထားမိအောင် ထွက်သွားနိုင်ခဲ့လိမ့်မည် ဖြစ်ပါသော်ငြား ရန်ကိုင်ကိုတော့ လှည့်စားနိုင်လိမ့်မည် မဟုတ်ပေ။ ကြည့်ရသလောက် ထိုနှစ်ဦး ထွက်သွားခြင်းမှာ အဆုံးမဲ့သားရဲတောင်အား သွားဖျက်ဆီးခြင်းဖြစ်ဟန် တူပေသည်။

လျို့ယန်သည်လည်း ရန်ကိုင်အား ကြည့်၍ ပြုံးဖြီးပြလိုက်လေသည်။ မသိလျှင် ရန်ကိုင်မှ သူ့အား ချီးကျူးပါဟု ပြောနေသည့်အလား။ ရန်ကိုင်မှ လက်မထောင်ပြလိုက်သည်ကို မြင်သော် လျို့ယန်၏ အပြုံးမှာ ပို၍ ပြီပြင်လာတော့လေ၏။

"နင်လုပ်လိုက်တာလား" ရန်ကိုင်၏ အမူအရာကို မြင်ပြီးသည့်နောက် ရှန်ချင်းလော့သည် လျို့ယန်အား အထိတ်တလန့်ဖြင့် ကြည့်လာခဲ့လေသည်။ မူလကတော့ ဤကောင်မလေးသည် ရန်ကိုင် အခြားမိန်းမတစ်ဦးနှင့် ရလာသည့် ကလေးတစ်ဦး ဖြစ်သည်ဟု ထင်ခဲ့ပါသော်ငြား ယခုအခြေအနေကို ကြည့်ရသလောက်တော့ ထိုသို့မဟုတ်သည့်ပုံပင်။

"သူလား" ယုရှုန်းမှာလည်း လျို့ယန်အား အံ့သြတကြီး ကြည့်နေခဲ့လေသည်။ ထို့နောက် ယဲ့ယဲ့လေး ပြုံးလျက် ရေရွတ်လိုက်လေ၏။ "မင်းတို့ ငါ့ကို လာမနောက်နဲ့ကွာ"

ယူရှုန်းမှာလည်း လက်ရှိအခြေအနေအပေါ် လုံးဝကို မယုံကြည်နိုင် ဖြစ်နေလေသည်။ ထိုစကားကို ကြားသော် ဘေးနားတွင် ရပ်နေသည့် ပီလော့က ဝင်ပြောလိုက်လေ၏။ "ဆရာ၊ အဆုံးမဲ့သားရဲတောင်ကို ဖျက်ဆီးသွားတာ သူပဲ"

ယုရှုန်းသည် ပီလော့ကို ကြည့်၍ အော်ပြောလိုက်လေ၏။ "ဒါ နောက်ရမဲ့ကိစ္စ မဟုတ်ဘူးဆိုတာ နင်သိသင့်တယ်နော်"

ပီလော့က မျက်နှာအတည်ပေါက်ဖြင့် သူ့အား ပြန်စိုက်ကြည့်နေသည်ကို မြင်သော် ယုရှုန်းက မှင်တက်နေသည့် အမူအရာဖြင့် "နင် တကယ်ကြီး ပြောနေတာလား"

ပီလော့က ပြန်ပြောလိုက်သည်။ "ကျွန်မလည်း အခုပဲ သခင်မကို အဲဒီအကြောင်း ပြောတော့မလို့၊ လွန်ခဲ့တဲ့ သုံးရက်လောက်တုန်းက ကျွန်မနဲ့ သူ၏..." ပီလော့သည် ထိုနေ့ညက ဖြစ်ပျက်သွားခဲ့သည့် အကြောင်းအရာများကို စီကာပတ်ကုံး ပြန်လည်ရှင်းပြလေသည်။ ပီလော့သည် အကုန်လုံးကို အမှန်အတိုင်းသာ ပြောပြသွားခဲ့ပြီး ချဲ့ကားပြောဆိုသွားခဲ့ခြင်း မရှိပေ။ သူမ ပြောပြသည်ကို ကြားပြီးသည့်နောက် ရှန်ချင်းလော့နှင့် ယုရှုန်း နှစ်ဦးစလုံးမှာ လုံးဝ မှင်တက်သွားကုန်ကြတော့လေသည်။

ဟွမ်တုတောက်ကို လျို့ယန်မှ မီးတောက်သေးသေးလေးဖြင့် သတ်ပစ်လိုက်ကြောင်း ကြားပြီးသည့်နောက် နှစ်ဦးစလုံး ဇောချွေးပြန်သွားကြတော့လေ၏။

[တန်ခိုးရှင်ဘုရင် တတိယအဆင့်ကိုတောင် မီးတောက်လေးနဲ့ ပြာချပစ်နိုင်တယ်ဆိုတော့ သူ ဘယ်လောက်တောင် အားကောင်းနေတာလဲ]

ယုရှုန်းမှာလည်း ဖြူဖတ်ဖြူလျော် မျက်နှာဖြင့် လျို့ယန်အား ကြောက်လည်းကြောက် လေးလည်းလေးစားသည့် အကြည့်ဖြင့် လှမ်း၍ ကြည့်လိုက်လေသည်။ အကြောင်းမှာ ဤနေရာသို့ ရောက်လာစဉ်က ယုရှုန်းသည် လျို့ယန်အား ချစ်စဖွယ်ကောင်းသည်ဟု ထင်ကာ သူ၏ခေါင်းလေးကို သွားပွတ်ပေးခဲ့သည့်အတွက်ကြောင့်ပင်။

ယခု သေချာ ပြန်စဉ်းစားကြည့်လိုက်သည့်နောက် သူ့ကိုယ်သူ အလွန်ကိုမှ ကံကောင်းသည်ဟု ယုရှုန်း တွေးမိသွားခဲ့လေသည်။ ဤကောင်မလေးသည်သာ သူ့လုပ်ရပ်အပေါ် ဒေါသထွက်သွား၍ သူ့အား တိုက်ခိုက်လာခဲ့မည်ဆိုလျှင် သူကိုယ်တိုင်သည်လည်း ဟွမ်တုတောက်၏ လမ်းစဉ်နောက်သို့ လိုက်သွားရပေလိမ့်မည်။ ဟွမ်တုတောက်သည်ပင်လျှင် သူမ၏ မီးတောက်ကို မခုခံနိုင်လေရာ သူကရော ခုခံနိုင်ပါမည်လား။

ထို့ကြောင့် လျို့ယန် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိပြီးသည့်နောက်တွင် ယုရှုန်းမှာ တံတွေးတစ်လုတ်ကို ခက်ခက်ခဲခဲ မျိုချလိုက်ရင်းမှ လျို့ယန်နှင့် ခပ်ဝေးဝေးသို့ မသိမသာလေး ဆုတ်သွားခဲ့လေသည်။

"သူက ဘယ်သူလဲ" ရှန်ချင်းလော့သည် ရန်ကိုင်ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။ "နင့်သမီး မဟုတ်ဘူးလား"

ရန်ကိုင်က ပခုံးတွန့်ပြလျက်... "မဟုတ်ဘူးလို့ ငါနင့်ကို ပြောသားပဲ၊ နင်မှ ငါ့ကို မယုံတာ၊ သူက လျို့ယန်ပဲ"

"လျို့ယန်" ရှန်ချင်းလော့ လုံးဝကို အံ့အားသင့်သွားတော့လေသည်။ လျို့ယန်ကို ရှန်ချင်းလော့ သိပေသည်။ သို့သော်ငြား သူမသိသည့် လျို့ယန်မှာ မှော်ရတနာ စိတ်ဝိညာဉ်ဖြစ်ပြီး သူမ အရှေ့တွင် ရှိနေသည့် ကောင်မလေးမှာတော့ အသွေးအသားကို ပိုင်ဆိုင်ထားသည့် သက်ရှိလူတစ်ဦး ဖြစ်ပေသည်။

ထို့နောက် သေသေချာချာ စဉ်းစားကြည့်လိုက်သည့်အခါတွင် လျို့ယန်သည် ရန်ကိုင် အနောက်သို့ တောက်လျှောက် လိုက်နေရင်းမှ အခွင့်အလမ်းတစ်ခုခုနှင့် ကြုံကြိုက်ခဲ့ရပြီး ရုပ်ခန္ဓာတစ်ခုကို ပိုင်ဆိုင်နိုင်ခြင်း ဖြစ်ရလိမ့်မည်ဟု တွေးမိသွားတော့လေသည်။

ထိတ်လန့်နေရာမှ အသိပြန်ဝင်လာပြီးသည့်နောက် ရှန်ချင်းလော့၏ မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့လေသည်။ ဤသည်မှာ တစ်သက်တစ်ကြိမ်သာ ရနိုင်မည့် အခွင့်အရေးမျိုး ဖြစ်ပေသည်။ အဆုံးမဲ့သားရဲတောင်မှ ထိပ်တန်းကျင့်ကြံသူအားလုံးမှာ အသတ်ခံလိုက်ရပြီ ဖြစ်သည့်အတွက်ကြောင့် လက်ကျန်လူများသည် လနီနယ်မြေ၏ တိုက်ခိုက်မှုကို မည်သို့မျှ ခုခံနိုင်တော့လိမ့်မည် မဟုတ်ချေ။ သူတို့သည်သာ ယခုချက်ချင်း လှုပ်ရှားမည်ဆိုလျှင် မွန်းစတားဧကရာဇ်ကြယ်ပေါ်ရှိ ရန်သူများအားလုံးကို ရှင်းပစ်နိုင်ပေလိမ့်မည်။

ထို့ကြောင့် ရှန်ချင်းလော့သည် ရန်ကိုင်အား တောင်းတောင်းပန်ပန်ဖြင့် ကြည့်၍ ပြုံးကာ ပြောလိုက်လေ၏။ "ယောက်ျား၊ ငါ ခဏလောက် သွားလိုက်ဦးမယ်"

ရန်ကိုင်က ခေါင်းညိတ်၍... "သွားလေ၊ အချိန်တွေ အများကြီး ကျန်သေးတာပဲကို၊ ငါ အလျင်မလိုပါဘူး" ရန်ကိုင် ယခုတစ်ကြိမ် ပြန်လာရခြင်းမှာ ဤနေရာရှိ လူများအားလုံးကို ကြယ်တာရာအစုအဝေးဆီသို့ ခေါ်သွားလိုသည့်အတွက်ကြောင့် ဖြစ်ပေသည်။ နောက်နောင် သူတို့အားလုံးသည် အတူတူ ရှိနေတော့လိမ့်မည် ဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်တွင် သူ့မိန်းမများနှင့် အတူတကွ အချိန်ဖြုန်းရန်အတွက် အချိန်အများကြီး ရှိလာပြီဟု ပြော၍ရပေသည်။

ထို့ပြင် သုံးရက်ဆက်တိုက် မရပ်မနား အချစ်ပွဲဆင်နွှဲပြီးသည့်နောက် သူနှင့် ရှန်ချင်းလော့ နှစ်ဦးစလုံး အနည်းငယ်တော့ အနားယူရန် လိုအပ်နေပေသည်။

မကြာမီ ရှန်ချင်းလော့နှင့် ယုရှုန်းတို့ နန်းတော်ထဲမှ ထွက်သွားကြလေ၏။ ပီလော့သည်သာ ရန်ကိုင် လိုအပ်သည်များကို ဆောင်ရွက်ပေးရန်အတွက် ကျန်ရစ်ခဲ့လေသည်။

ပီလော့သည် ရန်ကိုင်အား ဒွိဟဖြစ်နေသည့် အမူအရာဖြင့် ကြည့်လျက်..."ဆရာ၊ ကျွန်မ ဘာလုပ်ပေးရမလဲ"

ယခင်က ရှန်ချင်းလော့မှ ဖမ်းဆီးပြီး သင်းရနံ့မြို့ဆီသို့ ခေါ်လာခဲ့သော ဤလူငယ်လေးသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဤမျှ အားကောင်းလာလိမ့်မည်ဟု ပီလော့ လုံးဝ မထင်ထားခဲ့ပေ။ ရှန်ချင်းလော့သည်ပင်လျှင် ယခုအချိန်၌ သူ၏ ကာကွယ်မှုကို ရယူနေခဲ့ရလေပြီ။

တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ရန်ကိုင်က ပြန်ပြောလိုက်သည်။ "လနီနယ်မြေထဲမှာ ဟင်းလင်းပြင်အစီအရင် တစ်ခုရှိတယ်မလား၊ ငါ့ကို အဲဒီနေရာဆီ ခေါ်သွားပေး"

လက်ရှိအချိန်တွင် အရိပ်ကြယ်ပေါ်၌ မည်သည့်ရန်သူမျှ ရှိမနေတော့ပေ။ မွန်းစတားဧကရာဇ်ကြယ်ပေါ်ရှိ ရန်သူများမှာလည်း အနှေးနှင့် အမြန်ဆိုသလို ရှင်းထုတ်ပစ်ခံရတော့ပေမည်။ သို့သော် ရန်သူများကို ရှင်းပစ်သွားနိုင်မည် ဖြစ်သည့်တိုင် ရန်ကိုင်အနေဖြင့် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ နောက်ထပ် အားကောင်းလှသည့် ထိပ်တန်းကျင့်ကြံသူများကို ထပ်မံ၍ မစေလွှတ်ပါဟု မပြောနိုင်ပေ။

လက်ရှိအချိန်တွင် အရိပ်ကြယ်ကို စုယန်မှ ကာကွယ်ပေးနေသည့်အတွက်ကြောင့် ပြဿနာမရှိပါသော်လည်း မွန်းစတားဧကရာဇ်ကြယ်တွင်မူ စုယန်ကဲ့သို့ အားကောင်းလှသည့် ပညာရှင်မျိုး ရှိမနေခဲ့ပေ။ ထိုအကြောင်းကြောင့် မွန်းစတားဧကရာဇ်ကြယ်ကို ကာကွယ်ပေးရန်အလို့ငှာ လူအင်အား လိုအပ်ပေသည်။ အကောင်းဆုံးသော နည်းလမ်းသည် အရိပ်ကြယ်နှင့် မွန်းစတားဧကရာဇ်ကြယ်ကို ဟင်းလင်းပြင်အစီအရင်မှတစ်ဆင့် ဆက်သွယ်လိုက်ခြင်းပင်။ ထိုသို့သာ လုပ်လိုက်နိုင်မည်ဆိုလျှင် နောက်ပိုင်း၌ တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ထိပ်တန်းကျင့်ကြံသူများ မွန်းစတားဧကရာဇ်ကြယ်အား ထပ်မံကျူးကျော်လာမည်ဆိုလျှင်ပင် အရိပ်ကြယ်မှတစ်ဆင့် စစ်ကူများ မွန်းစတားဧကရာဇ်ကြယ်ဆီသို့ ချက်ချင်းလက်ငင်း စေလွှတ်ပေး၍ ရပေသည်။

ထိုသို့ဖြင့် ရန်ကိုင်တို့ သုံးဦးသည် လနီနယ်မြေပေါ်ရှိ တစ်ခုသော နေရာဆီသို့ ဦးတည်သွားကြလေ၏။

ပီလော့ ပြောပုံအရ လနီနယ်မြေထဲရှိ ဟင်းလင်းပြင်အစီအရင်ကို ရှန်ချင်းလော့မှ လွန်ခဲ့သော ဆယ်နှစ်ခန့်လောက်က ဖျက်ဆီးပစ်ခဲ့ပေသည်။ ထိုသို့လုပ်ရသည့် အကြောင်းအရင်းမှာ ရန်သူများသည် ထိုဟင်းလင်းပြင်အစီအရင်မှတစ်ဆင့် လနီနယ်မြေကို ကျူးကျော်လာမည်ကို စိုးရိမ်သည့်အတွက်ကြောင့် ဖြစ်ပေသည်။

ထိုအစီအရင်ကို မဖျက်ဆီးခင်ကတည်းကပင် ရှန်ချင်းလော့သည် အရိပ်ကြယ်နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ရသည်။ ထိုအကြောင်းကြောင့်ပင် နောက်ဆုံး မလုပ်မဖြစ် လုပ်လိုက်ရခြင်း ဖြစ်လေ၏။

ထိုဟင်းလင်းပြင်အစီအရင်ဆီသို့ သွားရာလမ်းတစ်လျှောက်၌ ရန်ကိုင်တို့သည် မွန်းစတားမျိုးနွယ်စုဝင် ပေါင်းများစွာနှင့် တွေ့ခဲ့ရပေသည်။ ထိုမွန်းစတားမျိုးနွယ်စုဝင်များ အားလုံးသည် ပီလော့ကို မြင်သော် တလေးတစားဖြင့် ဦးညွှတ်လိုက်ကြသည်။ ပီလော့သည် ရှန်ချင်းလော့၏ အစေခံမလေးသာ ဖြစ်ပါသော်ငြား သူမသည် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေဆဲ။ ထို့ကြောင့် အနည်းဆုံးတော့ ထိုလူများ၏ လေးစားမှုနှင့် ထိုက်တန်ပေသည်။ ထို့အပြင် လက်ရှိ လနီနယ်မြေထဲရှိ မွန်းစတား မျိုးနွယ်စုဝင်အားလုံးသည် ရှန်ချင်းလော့က ပီလော့အား သူမ၏ ညီအစ်မအရင်းသဖွယ် သဘောထားကြောင်းကို သိနေကြလေသည်။ ထို့ကြောင့် ပီလော့အား မလေးမစား မလုပ်ရဲခြင်းလည်း ပါပေ၏။

သို့ရာတွင် ရန်ကိုင်နှင့် လျို့ယန်တို့ကို ပီလော့နှင့်အတူ တွဲမြင်လိုက်ရသည့်အတွက်ကြောင့် အနည်းငယ်တော့ အံ့အားသင့်သွားကုန်ကြလေသည်။ သို့သော် ပီလော့ကိုယ်တိုင်က ဘာမျှမပြောသည့်အတွက်ကြောင့် ထိုလူများမှာလည်း ရန်ကိုင်တို့အား လာရောက်မေးမြန်းနေခြင်း မရှိခဲ့ပေ။

မကြာမီ ရန်ကိုင်တို့သည် ဟင်းလင်းပြင်အစီအရင် တစ်ခုဆီသို့ ရောက်လာခဲ့လေသည်။ ထိုဟင်းလင်းပြင်အစီအရင်ကို ယခင်က ရန်ကိုင်မှ ခင်းကျင်းခဲ့ခြင်း ဖြစ်လေ၏။ အခုနောက်တစ်ကြိမ် ပြန်တွေ့လိုက်ရသည့်နောက် သူယခင်က ခင်းကျင်းခဲ့သော ဟင်းလင်းပြင်အစီအရင်မှာ အတော်လေးကို အကြမ်းထည်ဆန်ကာ ရိုးရှင်းလှကြောင်း တွေ့ရှိလိုက်ရသည်။ ယခုဆိုလျှင် ရန်ကိုင်၏ လေဟာနယ် တာအိုအပေါ် ထိုးထွင်းနားလည်မှုမှာ ပိုမိုနက်ရှိုင်းလာပြီ ဖြစ်သည့်အလျောက် ရန်ကိုင်ကိုယ်တိုင်မှာလည်း ယခင်ကထက်ပို၍ အမြင်ကျယ်လာရတော့လေသည်။

"ဆရာ၊ ဘာဘာပစ္စည်းတွေ လိုလဲ" ပီလော့က မေးလိုက်လေ၏။

ရန်ကိုင်က လက်ဝှေ့ယမ်းလျက် ပြန်ပြောလိုက်သည်။ "မလိုဘူး၊ နင့်ကိစ္စသာ နင် သွားလုပ်နေ"

ယခင်က ရန်ကိုင်မှ ဟင်းလင်းပြင်အစီအရင်များကို ဆောက်လုပ်ရာတွင် အသုံးပြုခဲ့သည့် အဓိကပစ္စည်းများမှာ ကြယ်စီရင်စုထဲတွင် ရှိကြသည့် လေဟာနယ် ဝိညာဉ်ကျောက်စိမ်းများ ဖြစ်ကြပေသည်။ သို့သော် ဤကြယ်စီရင်စုထဲမှ ရရှိနိုင်မည့် လေဟာနယ် ဝိညာဉ်ကျောက်စိမ်းများသည် ရန်ကိုင်အတွက် ထိုမျှ အသုံးမဝင်တော့ပေ။

လက်ရှိအချိန်တွင် ရန်ကိုင်၌ ကြယ်တာရာအစုအဝေးမှ ယူလာသော လေဟာနယ် ဝိညာဉ်သလင်းကျောက်များနှင့် လေဟာနယ် ဝိညာဉ်ကျောက်စိမ်းများ ရှိနေကြပေသည်။ ထိုပစ္စည်းများသည် ဤကြယ်စီရင်စုထဲမှ ရနိုင်မည့် လေဟာနယ် ဝိညာဉ်ကျောက်စိမ်းများထက် ပို၍ အဆင့်မြင့်လေရာ ထိုအရာများကို သုံး၍ ဟင်းလင်းပြင်အစီအရင်ကို ဖန်တီးခြင်းသည် ပို၍ အသုံးဝင်ပေသည်။

ပီလော့က ပြုံး၍ ပြန်ပြောလိုက်သည်။ "ကျွန်မရဲ့ အရေးကြီးဆုံး တာဝန်က ဆရာတောင်းဆိုတာတွေကို လိုက်လုပ်ပေးဖို့ပါပဲ"

ပီလော့မှာ ရှန်ချင်းလော့ ပေးသွားသည့် အမိန့်ကို သဝေမတိမ်း နာခံနေလေသည်။ သို့သော် ထိုကဲ့သို့ ပြောပြီးချိန်မှာပင် သူမ၏ စကားတစ်ခုခု ထူးခြားနေသည်ကို သတိထားမိသွားတော့လေ၏။

ရန်ကိုင်သည်လည်း ပီလော့ဘက်သို့ လှည့်ကြည့်လာခဲ့လေသည်။ ရန်ကိုင်မှ သူမ၏ နှုတ်ခမ်းများကို ကြည့်နေကြောင်း သတိထားမိလိုက်သော် ပီလော့ ချက်ချင်း ခေါင်းငုံ့သွားခဲ့လေသည်။ သူမ၏ မျက်တောင်လေးများမှာလည်း တဆတ်ဆတ် တုန်ယင်လာတော့လေ၏။

သူမ ခေါင်းပြန်မော့ကြည့်လာသည့် အချိန်တွင် ရန်ကိုင်မှာ ဟင်းလင်းပြင်အစီအရင်အား ခင်းကျင်းရာတွင် တစ်ဖန်ပြန်လည် အာရုံစိုက်နေကြောင်း တွေ့ရှိလိုက်ရသည်။ သူမအား ဘေးဘက်ဆီမှ စိုက်ကြည့်နေသည့် အကြည့်ကို ခံစားမိလိုက်သော် လျို့ယန်သည် သူမ၏ လက်နှစ်ဖက်ကို မြှောက်ရင်း စက်ဝိုင်းပုံစံ ဆွဲပြနေကြောင်း တွေ့လိုက်ရလေသည်။

"နင်ဘာလုပ်နေတာလဲ" လက်ရှိအချိန်တွင်တော့ ပီလော့မှာ ဤကောင်မလေးအား အလွန်ကိုပင် ကြောက်ရွံ့နေခဲ့လေသည်။ အထူးသဖြင့် ထိုကောင်မလေးမှာ မည်သူ့ကိုမဆို စိတ်ရိုင်းများ ဝင်သွားစေနိုင်သည့် ပုံစံမျိုး လုပ်ပြနေသည့် အခါမျိုးတွင်ပင်။

"မိန်းမတွေ အများကြီးပဲ၊ အများကြီးပဲ" လျို့ယန်က ပြန်ပြောလိုက်သည်။

တစ်ခဏမျှ စဉ်းစားပြီးသည့်နောက် လျို့ယန် ဘာပြောချင်နေသလဲဆိုသည်ကို ပီလော့ နားလည်သွားခဲ့ပြီး ချက်ချင်းပင် မျက်နှာနီနီနှင့် ပြန်ပြောလိုက်လေသည်။ "နင်ဘာဖြစ်လို့ ငါ့ကို ဒါတွေ လာပြောနေတာလဲ"

"ဟဲဟဲဟဲ" လျို့ယန်က မိစ္ဆာတစ်ကောင်၏ ပုံစံမျိုးဖြင့် ရယ်သွမ်းသွေးလိုက်လေသည်။

လျို့ယန်၏ လုပ်ပုံကို မြင်သော် ပီလော့မှာ လျို့ယန်၏ ပါးစပ်ကို ဆွဲဖြဲပစ်ချင်စိတ်များ ဖြစ်ပေါ်လာရတော့လေ၏။

"လျို့ယန်၊ ငါ့ကို လာကူညီပေးဦး" ရန်ကိုင်က လှမ်းအော်ခေါ်လိုက်သည်။

လျို့ယန်လည်း ချက်ချင်းပင် ရန်ကိုင်ဆီသို့ ပြေးသွားလေ၏။ ရန်ကိုင်သည် သူထုတ်ယူထားသော လေဟာနယ် ဝိညာဉ်သလင်းကျောက်များနှင့် လေဟာနယ် ဝိညာဉ်ကျောက်စိမ်းများကို လျို့ယန်အရှေ့တွင် ချပေးလိုက်လေသည်။ လျို့ယန်လည်း ထိုအရာများဆီသို့ မီးတောက်တစ်ခုကို ချက်ချင်း မှုတ်ထုတ်လိုက်လေ၏။

လျို့ယန်၏ အကူအညီဖြင့် ဤဟင်းလင်းပြင်အစီအရင်အား ပြန်ပြင်၍ အဆင့်မြှင့်တင်ရသည်မှာ အများကြီး ပိုမိုလွယ်ကူလာခဲ့လေသည်။ နေ့တစ်ဝက်အတွင်းမှာပင် ဟင်းလင်းပြင်အစီအရင်အသစ်တစ်ခု ဖြစ်ပေါ်လာခဲ့လေ၏။

ယခုဆိုလျှင် ဟင်းလင်းပြင်အစီအရင်ကြီးသည် အရိပ်ကြယ်ပေါ်ရှိ ဟင်းလင်းပြင်အစီအရင်နှင့် ဆက်သွယ်သွားခဲ့လေပြီ။ ထိုအတွက်ကြောင့် ကြယ်နှစ်ခုစလုံးအပေါ်မှ ကျင့်ကြံသူများအဖို့ ကြယ်တစ်လုံးဆီမှ အခြားကြယ်တစ်လုံးသို့ သွားရလာရ အဆင်ပြေ လွယ်ကူသွားခဲ့လေပြီ။

ထို့နောက်တွင် ရန်ကိုင်သည် လျို့ယန်အား ဤနေရာတွင် ခဏစောင့်နေရန် ပြောပြီးသည့်နောက် ဟင်းလင်းပြင်အစီအရင်အပေါ်သို့ တက်လိုက်လေ၏။ ထို့နောက်တွင် လေဟာနယ် နိယာမစွမ်းအားတို့ကို ထုတ်သုံးလိုက်ရာ ဟင်းလင်းပြင်အစီအရင်မှာ တလက်လက် တောက်ပလာခဲ့ပြီးသည့်နောက် ရန်ကိုင်သည် ပီလော့နှင့် လျို့ယန်၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။ နေ့ဝက်ခန့် ကြာပြီးသည့်နောက် ဟင်းလင်းပြင်အစီအရင် တစ်ဖန်ပြန်လည် တောက်ပလာခဲ့ပြီး ဟင်းလင်းပြင်အစီအရင်ပေါ်၌ အားကောင်းလှသည့် အရှိန်အဝါတို့ကို ထုတ်လွှတ်နေသော လူအချို့ ပေါ်လာခဲ့လေသည်။

အလင်းတန်းများ ပျောက်ကွယ်သွားပြီးသည့်နောက် ရင်းနှီးနေသည့် လူများစွာကို တွေ့လိုက်ရသဖြင့် ပီလော့မှာ အံ့အားသင့်သွားခဲ့ရလေသည်။ ထိုလူများသည် အခြားမဟုတ် အထက်ကောင်းကင်ဂိုဏ်းနှင့် အရိပ်ကြယ်၏ ထိပ်တန်းပညာရှင်များသာ ဖြစ်ကြလေသည်။ သူမနှင့် ရှန်ချင်းလော့သည် ယခင်က အရိပ်ကြယ်ပေါ်တွင် အတန်ကြာအောင် သွားနေခဲ့ဖူးသည့်အတွက်ကြောင့် ထိုလူများမှာ မည်သူမှန်း သိပေ၏။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၄၄)

ဘာသာပြန်သူ_တိမ်တိုက်

စုယန်ကိုမြင်သည့်အခါ ပီလော့ ကြောင်သွားခဲ့လေသည်။

စုယန်ပျောက်သွားခဲ့သည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်မကတော့။ ထိုအချိန်အတောအတွင်း စုယန်နှင့်ပတ်သက်သည့် မည်သည့်သတင်းကိုမှ မကြားခဲ့ရပေ။ (သူ ဘယ်တုန်းက ထက်ကောင်းကင်ဂိုဏ်းဆီ ပြန်ရောက်နေတာလဲ…) ပီလော့မှာ ယာယီမျှသာ ကြောင်အမ်းအမ်းဖြစ်နေခြင်းသာ။ အသိပြန်ဝင်လာသည်နှင့်တစ်ပြိုင်နက် ချက်ချင်းပဲ တလေးတစားဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်လေ၏။ “မင်္ဂလာပါ သခင်မစု…”

ရန်ကိုင်တွင် မိန်းမပေါင်းများစွာ ရှိပါသော်ငြား စုယန်သည် ခေါင်းဆောင်ဖြစ်ပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ စုယန်သည် ရန်ကိုင်နှင့် အရင်းနှီးဆုံး ဖြစ်သည့်အတွက်ကြောင့် မဟုတ်သလို ရန်ကိုင်၏ ပထမဦးဆုံးသော အမျိုးသမီး ဖြစ်သည့်အတွက်ကြောင့်လည်းမဟုတ်။ ထို့အစား စုယန်ကိုယ်တိုင်ကကို ရန်ကိုင့်မိန်းမများ၏ ခေါင်းဆောင်တစ်ဦး ဖြစ်သင့်ဖြစ်ထိုက်သော ပုံစံမျိုးကို ပိုင်ဆိုင်ထားသည့် အတွက်ကြောင့်ပင်။

ရွှယ့်ယွယ်နှင့် ရှန်ချင်းလော့တို့မှာ တစ်ခါတစ်ရံ အပြန်အလှန် ငြင်းခုံစကားများလေ့ ရှိကြပါသော်ငြား စုယန်ရှေ့တွင်တော့ နှစ်ဦးစလုံးမှာ ငြိမ်သက်နေကြပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ပီလော့မှာလည်း စုယန်ကိုမြင်သည်နှင့်တစ်ပြိုင်နက် တလေးတစားဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်ခြင်း ဖြစ်လေ၏။

စုယန်က ပြုံး၍ ပြန်ပြောလိုက်လေသည်။ “ငါတို့မတွေ့ရတာ ကြာပြီနော်…”

ပီလော့က ပြန်၍ပြောလိုက်၏။ “နှစ်နှစ်ဆယ်ရှိသွားပါပြီ… ကျွန်မတို့သခင်မက သခင်မစုကို အရမ်းလွမ်းနေခဲ့တာ… သခင်မစုပြန်ရောက်နေတဲ့အကြောင်းသာ ကြားသွားလို့ရှိရင် သူ အရမ်းကိုဝမ်းသာမှာသေချာတယ်…”

စုယန်က ရန်ကိုင်ကိုကြည့်၍ “နင် လော့အာကို မပြောရသေးဘူးလား…”

ရန်ကိုင်က ခေါင်းကိုကုတ်ရင်းမှ ရှက်ရှက်ဖြင့် ပြန်၍ပြောလိုက်လေသည်။ “ငါ ပြောဖို့မေ့သွားလို့…”

“အလုပ်တွေအရမ်းရှုပ်နေတာပေါ့ ဟုတ်လား…” စုယန်က စနောက်လိုက်သည်။

ရန်ကိုင်မှာ အရေထူပါသော်ငြား လူရှေ့သူရှေ့၌ ယခုကဲ့သို့ အစခံလိုက်ရသော် အနည်းငယ်တော့ ရှက်သွားခဲ့လေသည်။ လွန်ခဲ့သည့်သုံးရက်လုံးလုံး ရန်ကိုင်မှာ ရှန်ချင်းလော့နှင့် တစ်ချိန်လုံး အချိန်ကုန်နေခဲ့ခြင်းသာ ဖြစ်လေသည်။ သို့သော်ငြား အခြားသောကိစ္စများကို ပြောရန် လုံးလုံး မေ့လျော့နေခဲ့သည်။ ယခု စုယန်မှ ထုတ်ဖော်ပြောလာသော် ရန်ကိုင်လည်း မရှက်ဘဲ မနေနိုင်တော့ပေ။

ကံကောင်းစွာဖြင့် စုယန်သည် ထိုကဲ့သို့ကိစ္စများကို အရေးတယူ လုပ်ပြောနေတတ်သည့် လူမျိုးမဟုတ်။ ထို့အတွက်ကြောင့် ချက်ချင်းဆိုသလို ပီလော့ဘက်သို့ ပြန်လှည့်၍ ပြောလိုက်လေသည်။ “ငါတို့ လော့အာကို ကူညီပေးဖို့ လာခဲ့တာ… သူ အခု ဘယ်မှာလဲ…”

အဆုံးမဲ့သားရဲတောင်၏ ထိပ်တန်းပညာရှင်များမှာ အသတ်ခံလိုက်ရပြီ ဖြစ်ပါသော်ငြား မွန်းစတားဧကရာဇ်ကြယ်၏ ကိုးဆယ်ရာခိုင်နှုန်းလောက်ကို အဆုံးမဲ့သားရဲတောင်မှ ကျင့်ကြံသူများမှ အုပ်စိုးထားခြင်း ဖြစ်လေသည်။ ထို့အတွက်ကြောင့် မွန်းစတားဧကရာဇ်ကြယ်၏ ကိုးဆယ်ရာခိုင်နှုန်းလောက်အား ထိန်းချုပ်ထားသော ကျင့်ကြံသူများကို ရှင်းပစ်ဖို့ရာ လူအင်အား အတော်လေး လိုအပ်ပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်သည် ဤနေရာရှိ ဟင်းလင်းပြင်အစီအရင်ကို စမ်းသပ်ရင်းမှ ထက်ကောင်းကင်ဂိုဏ်းဆီသို့ ပြန်သွားပြီး စုယန်တို့ကို ခေါ်လာခဲ့ခြင်း ဖြစ်လေသည်။

ယခုရောက်ရှိလာသည့် စုယန်နှင့် အခြားသောပညာရှင်များမှာ ပထမဦးဆုံးရောက်ရှိသည့်အသုတ် ဖြစ်ပေသည်။ မကြာခင်တွင် ထက်ကောင်းကင်ဂိုဏ်းဆီမှ အခြားသောပညာရှင်များ ထပ်မံရောက်ရှိလာကြပေလိမ့်မည်။ ထိုသို့သာဆိုလျှင်တော့ ရှန်ချင်းလော့တို့အနေဖြင့် မွန်းစတားဧကရာဇ်ကြယ်တစ်ခုလုံးကို ပြန်လည်ထိန်းချုပ်ဖို့ရာ အတော်လေးကိုမှ အချိန်ယူရတော့လိမ့်မည်မဟုတ်ပေ။

“ကျွန်မခေါ်သွားပေးပါမယ်…” ပီလော့က ပြန်၍ပြောလိုက်လေသည်။

စုယန်က ရန်ကိုင်ဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “ဒါဆိုရင် ရွှယ့်ယွယ်နဲ့ နင်းချန်ကို နင့်လက်ထဲ ငါ ထည့်ထားလိုက်တော့မယ်နော်…”

“ရတယ်… ထားလိုက်… ငါလည်း အခုပဲ သူတို့ဆီသွားဖို့လုပ်နေတာ…” ရန်ကိုင်က ပြန်ပြောလိုက်သည်။ အရိပ်ကြယ်နှင့် မွန်းစတားဧကရာဇ်ကြယ်တို့၏ အခြေအနေကို မြင်ပြီးသည့်နောက်တွင် ကြယ်စီရင်စုကြီးထဲရှိ ကျင့်ကြံရေးကြယ်များအားလုံး ယခုကဲ့သို့သောအခြေအနေမျိုးနှင့် ရင်ဆိုင်နေရခြင်းဖြစ်မှန်း ရန်ကိုင် သဘောပေါက်သွားရလေသည်။ ထို့အတွက်ကြောင့် ရွှယ့်ယွယ်နှင့် ရှနင်းချန်တို့အား အတော်လေးကိုမှ စိတ်ပူမိပေသည်။ စုယန်မပြောလျှင်ပင် ရန်ကိုင်သည် ထိုနှစ်ဦးဆီသို့ သွားရန် ပြင်နေခြင်း ဖြစ်လေသည်။ မကြာမီတွင် စုယန်သည် ထက်ကောင်းကင်ဂိုဏ်းမှ ကျင့်ကြံသူများနှင့်အတူ ရှန်ချင်းလော့အား သွားရှာလေ၏။ ရန်ကိုင်နှင့် လျို့ယန်ကမူ ဟင်းလင်းပြင်အစီအရင်ပေါ်သို့ တက်၍ အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

ရေလကြယ်သည် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ ပင်မကြယ်ကြီး ဖြစ်ပေသည်။

မွန်းစတားဧကရာဇ်ကြယ်မှ ထွက်လာပြီးသည့်နောက်တွင် ရန်ကိုင်အဖို့ ဤကြယ်သို့ရောက်ရန် တစ်လခန့် အချိန်ယူလိုက်ရပေသည်။ သို့သော်ငြား ဤနေရာဆီသို့ ရောက်လာပြီးသည့်နောက် ရန်ကိုင်မှာ မယုံသင်္ကာ ဖြစ်သွားရတော့လေသည်။ အကြောင်းမှာ ရေလကြယ်ကြီးသည် သူထင်ထားသလို ဖြစ်မနေသည့်အတွက်ကြောင့်ပင်။ ပုံမှန်အားဖြင့် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ၏ ကျူးကျော်ခြင်း ခံရပြီးသည့်နောက် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းထဲရှိ ကျင့်ကြံရေးကြယ်များအားလုံး စစ်မီးတို့ဖြင့် လောင်မြိုက်နေခဲ့ရသည်။ ငြိမ်းချမ်းတိတ်ဆိတ်သည့် မည်သည့်ကြယ်မှမရှိ။ သို့သော်ငြား ရေလကြယ်မှာမူ အခြားသောကြယ်များနှင့် မတူညီစွာ ထူးထူးခြားခြားကို ငြိမ်းချမ်းတိတ်ဆိတ်နေခဲ့သည်။ ကြယ်ပေါ်တွင်လည်း တိုက်ပွဲဖြစ်ထားသည့် မည်သည့်အရိပ်အယောင်ကိုမှ မတွေ့ရပေ။

ထိုသို့ပင်ဖြစ်လင့်ကစား မရဏဂိုဏ်း၏ အမှတ်အသားပါသော ကြယ်သင်္ဘောများ ရေလကြယ်မှမလှမ်းမကမ်းတွင် ကျောက်ချထားကြောင်းကို ရန်ကိုင် လှမ်း၍ မြင်တွေ့လိုက်ရသည်။

ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်မှာ ရေလကြယ်ပေါ်ရှိ အခြေအနေနှင့်ပတ်သက်၍ ပို၍ မယုံသင်္ကာ ဖြစ်လာရတော့လေသည်။

မည်သို့ပင်ဖြစ်နေစေကာမူ ထိုကြယ်များသည် မရဏဂိုဏ်း၏ ကြယ်သင်္ဘောများ ဖြစ်ကြသည့်အတွက်ကြောင့် ရန်ကိုင်မှ ထိုကြယ်သင်္ဘောများကို ဖြတ်ကျော်လာပြီးသည့်အချိန်တွင် ကြယ်သင်္ဘောများဆီမှ တဖုန်းဖုန်းမြည်သံများနှင့် ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့လေသည်။ ထိုကြယ်သင်္ဘောများထဲ ရှိနေကြသည့် မရဏဂိုဏ်းမှ ကျင့်ကြံသူများမှာ သူတို့ မည်သို့ အတိုက်ခိုက်ခံလိုက်ရလို့ ခံလိုက်ရမှန်းပင်မသိဘဲ သေဆုံးသွားကုန်ကြရလေသည်။

ထိုပေါက်ကွဲသံကျယ်ကြီးများကြောင့် ရေလကြယ်ပေါ်တွင် ရှိနေကြသည့် ကျင့်ကြံသူများမှာလည်း နိုးနိုးကြားကြား ဖြစ်သွားကြပြီး အပြေးအလွှားထွက်လာကြကာ ကောင်းကင်ပေါ်သို့ မော့ကြည့်လာကြလေသည်။ ကြယ်သင်္ဘောများ ပျက်စီးသွားကြောင်းကို မြင်လိုက်ရသည့်နောက် အကုန်လုံး မျက်နှာပျက်သွားကုန်ကြလေ၏။

မကြာမီ ကြယ်သင်္ဘောများ ပျက်စီးသွားရာနေရာမှ အလင်းတန်းတစ်ခုသည် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ အဓိကမြို့ကြီးဆီသို့ တဟုန်ထိုး ထိုးဆင်းလာခဲ့လေသည်။

“ဘုန်း” ခနဲ မြည်သံနှင့်အတူ မြို့တစ်ခုလုံး တသိမ့်သိမ့်တုန်ခါသွားခဲ့ပြီး အလင်းတန်းပြုတ်ကျလာရာနေရာတွင်လည်း ဧရာမအက်ကွဲကြောင်းကြီးများ ထွက်ပေါ်လာခဲ့ရလေသည်။ အလွန်ပြင်းထန်သည့်ပြင်းအားကြောင့် အဆောက်အဦးပေါင်းများစွာလည်း တစ်စစီပြိုကျပျက်စီးကုန်ရလေ၏။

“ရွှစ် ရွှစ် ရွှစ်…”

လူပေါင်းများစွာ ထွက်ပေါ်လာခဲ့ကြပြီး အလင်းတန်းပြုတ်ကျသွားသည့်နေရာအား ဘက်ပေါင်းစုံမှ ဝိုင်းရံလိုက်ကြလေသည်။

ရောက်လာသည့်လူများကိုမြင်သော် ရန်ကိုင် မျက်နှာပျက်သွားတော့လေသည်။ အကြောင်းမှာ သူစိတ်ပူနေသည့်အရာ အမှန်တကယ်ဖြစ်လာသည့်အတွက်ကြောင့်ပင်။

ရေလကြယ်မှာ ရန်သူလက်အောက်သို့ ရောက်သွားခဲ့ရလေပြီ။

လက်ရှိ သူ့အား ဝိုင်းထားသည့် ကျင့်ကြံသူများအနက် မည်သည့်ကျင့်ကြံသူကိုမှ ရန်ကိုင်မသိပေ။ ထို့အပြင် ထိုလူများသည် မရဏဂိုဏ်း၏ အမှတ်အသားပါသော အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။ ထိုလူများအနက် အချို့မှာ မရဏဂိုဏ်းမှကျင့်ကြံသူများ မဟုတ်ကြပါသော်ငြား ထိုလူများသည် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ ဖြစ်ကြသည်မှာတော့ ယုံမှားသံသယရှိစရာမလိုပေ။

(ရေလကြယ် ဘာဖြစ်လို့ ရန်သူ့လက်အောက်ကို ရောက်သွားရတာလဲ…) ရန်ကိုင် လုံးဝ နားမလည်နိုင်ပေ။

တောင်စိမ်းကြယ် ရန်သူ့လက်အောက်သို့ ရောက်သွားရသည့်အပေါ် ရန်ကိုင် အံ့အားသင့်ခြင်းမရှိ။ အကြောင်းမှာ တောင်စိမ်းကြယ်တွင် ရန်သူများကို ခုခံနိုင်လောက်သည့် ထိပ်တန်းပညာရှင်များ ရှိမနေသည့် အတွက်ကြောင့်ပင်။ သို့သော်ငြား အရိပ်ကြယ်နှင့် မွန်းစတားဧကရာဇ်ကြယ်မှာတော့ ရန်သူ့လက်အောက်သို့ ကျရောက်သွားခြင်းမရှိ။ ထိုသို့ဖြစ်လေရာ ရေလကြယ်မှာမူ ထိုကြယ်များနှင့်မတူဘဲ ဘာကြောင့်များ ရန်သူ့လက်အောက်သို့ ကျရောက်သွားရလေသနည်း။ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းသည် ထက်ကောင်းကင်ဂိုဏ်းနှင့်ပင် ယှဉ်ပြိုင်နိုင်သည့် အင်အားစုကြီးတစ်ခု ဖြစ်လေရာ ထိုကဲ့သို့အဖွဲ့အစည်းမျိုးတွင် ထိပ်သီးပညာရှင် မရှိစရာအကြောင်းမရှိပေ။ ထို့အတွက်ကြောင့် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း ရန်သူ့လက်အောက်သို့ ကျရောက်သွားသည့်အပေါ် ရန်ကိုင်မှာ လုံးဝကို မယုံကြည်နိုင် ဖြစ်နေရလေသည်။

ယခုလက်ရှိအခြေအနေကိုကြည့်ရသလောက် ရေလကြယ်သည် တောင်စိမ်းကြယ်ထက်ပင်လျှင် ပို၍ အခြေအနေဆိုးနေသည့်ပုံပင်။

(ဒီမှာ ဘာတွေဖြစ်သွားတာလဲ… ရွှယ့်ယွယ်ကရော ဘယ်ရောက်နေတာလဲ… ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းကလူတွေရော ဘယ်ရောက်ကုန်တာလဲ…)

လက်ရှိအခြေအနေကို မြင်ပြီးသည့်နောက် ရန်ကိုင်၏ခေါင်းထဲ ထိုကဲ့သို့သောမေးခွန်းများ အစီအရီ ထွက်ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်းတွင်လည်း သူ့ဆီမှ ဖြာထွက်နေသည့်အရှိန်အဝါမှာ ရေခဲတမျှ အေးစက်သွားခဲ့လေရာ သူ့အား ဝိုင်းထားသည့် ကျင့်ကြံသူများမှာ နှင်းမုန်ထဲသို့ ကျရောက်သွားသည့်ပမာ ခံစားလိုက်ကြရကုန်လေသည်။

ရန်ကိုင်မှာ မလှုပ်ရှားရသေးပါသော်ငြား သူ့ဆီမှ ဖြာထွက်နေသည့်အရှိန်အဝါသက်သက်ကပင်လျှင် သူ့အား ဝိုင်းထားသည့် ကျင့်ကြံသူများကို ကြောက်ရွံ့တုန်လှုပ်သွားစေလေသည်။

“မင်းတို့ခေါင်းဆောင်ဘယ်မှာလဲ…” ရန်ကိုင်သည် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ရင်းမှ အော်မေးလိုက်လေသည်။

မည်သူမျှ ရန်ကိုင်အား ပြန်မဖြေခဲ့ချေ။ အကုန်လုံးမှာ ရန်ကိုင်အား သတိထား၍သာ စောင့်ကြည့်နေကြလေသည်။

“ငါမေးနေတယ်လေ…” ထိုသို့ပြောနေရင်းမှ ရန်ကိုင်သည် လက်သီးကိုတင်းတင်းဆုပ်၍ သူ့လက်ကို နောက်သို့ဆွဲလိုက်သည်။ ထို့နောက် ရှေ့တည့်တည့်သို့ ထိုးချလိုက်လေ၏။

“ဘုန်း”ခနဲမြည်သံနှင့်အတူ ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။ ရန်ကိုင်အားဝိုင်းထားသည့်ကျင့်ကြံသူများမှာ အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ရာ သူတို့၏အဖွဲ့သားတစ်ဦး အရိုးပင်မကျန်ဘဲ တစ်စစီပေါက်ကွဲထွက်သွားကြောင်းကို မြင်တွေ့လိုက်ရလေသည်။

ထိုလူသည် တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည်။ ဤလူငယ်လေးသည် မည်မျှအားကောင်းနေ၍များ သူနှင့် မီတာတစ်ထောင်ကျော်အကွာတွင် ရှိနေသော တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးအား ပေါက်ကွဲထွက်သွားအောင် လုပ်နိုင်ရလေသနည်း။ ထိုအချင်းအရာကို မြင်လိုက်သည့်အခိုက် အကုန်လုံး ရင်တဒုန်းဒုန်း ခုန်သွားခဲ့ကြလေသည်။ လူငယ်လေး၏ခွန်အားကိုကြည့်ရသလောက် ထိပ်တိုက်ရင်ဆိုင်ကြမည်ဆိုလျှင် သူတို့ထဲက မည်သူမျှ ထိုလူငယ်လေး၏ပြိုင်ဘက် မဖြစ်နိုင်။ ထို့အတွက်ကြောင့် အကုန်လုံးမှာ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် နောက်သို့ အလိုလိုဆုတ်သွားမိကြလေသည်။

ထိုစဉ် လူတစ်ဦး ရှေ့ထွက်လာခဲ့သည်။ ထိုလူသည် သေခြင်းချီတို့ဖြင့် လွှမ်းခြုံနေသော ပိန်ပိန်ပါးပါး သက်လတ်ပိုင်းလူကြီးတစ်ဦး ဖြစ်ပေသည်။ သူ့လက်ထဲတွင်မူ အစီအရင်ထိန်းချုပ်သည့်ပစ္စည်းတစ်ခု ရှိနေခဲ့သည်။ ထိုလူကြီးမှာ သူတော်စင်ချီကို ထိုပစ္စည်းထဲသို့ ထည့်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် တဝီဝီမြည်သံနှင့်အတူ မြို့ကာကွယ်ရေးအစီအရင်လည်း စတင်၍ အသက်ဝင်လာခဲ့လေသည်။

မရဏဂိုဏ်းသည် ရေလကြယ်အား ထိန်းချုပ်ထားခဲ့သည်မှာ နှစ်အတော်ကြာနေခဲ့လေပြီ။ ရေလကြယ်တစ်ခုလုံး ယခုကဲ့သို့ တိတ်ဆိတ်နေရခြင်းမှာ မည်သူမျှ ရေလကြယ်ပေါ်၌ လာရောက်ပြဿနာမရှာရဲသည့်အတွက်ကြောင့်ပင်။ ထို့အတွက်ကြောင့် အကုန်လုံးမှာ အတော်လေးကိုမှ အေးအေးဆေးဆေး ဖြစ်နေကြလေသည်။ သို့သော်ငြား ယနေ့တွင်တော့ လူငယ်လေးတစ်ဦးသည် သူတို့၏ရေလကြယ်ကို လာရောက်၍ ပြဿနာရှာခဲ့လေသည်။

အခြားသူများသည် ရန်ကိုင်အား ကြောက်လိမ့်မည်ဖြစ်ပါသော်ငြား ဤလူကတော့ ကြောက်နေလိမ့်မည်မဟုတ်ပေ။ အကြောင်းမှာ သူသည် မြို့ကာကွယ်ရေးအစီအရင်ကို ထိန်းချုပ်ထားသည့်သူတစ်ဦး ဖြစ်သည့်အတွက်ကြောင့်ပင်။

အစီအရင်ကို အသက်သွင်းပြီးသည့်နောက်တွင် ထိုလူက အော်ပြောလိုက်လေ၏။ “မင်းတို့ ဘာတွေရပ်လုပ်နေကြတာလဲ… ဒီကောင့်ကို သွားတိုက်ခိုက်ကြတော့လေ… ငါ မင်းတို့ကို အစီအရင်နဲ့ ကူညီပေးထားမယ်…”

ထိုလူပြောပြီးပြီးချင်းမှာပင် အစီအရင်မှာ အပြည့်အဝ အသက်ဝင်လာခဲ့ပြီး ရန်ကိုင်အပေါ် ဖိအားပေးလာခဲ့လေသည်။

လက်ရှိအချိန်တွင်တော့ ရန်ကိုင်မှာ တောင်တစ်လုံး သူ့အပေါ်သို့ ပြိုဆင်းကျလာသည့်ပမာ ကြီးစွာသောဖိအားကို ခံစားနေရပြီး သူ့ဒူးများပင်လျှင် မဆိုစလောက်ကလေး ကွေးကျသွားခဲ့သည်။

ထိုအချင်းအရာကိုမြင်လိုက်သော် ရန်ကိုင်အား ဝိုင်းထားကြသည့် ကျင့်ကြံသူများအားလုံး ဝမ်းသာအားရ ဖြစ်သွားကုန်ကြလေသည်။ ထို့နောက်တွင် ဆက်၍တုံ့ဆိုင်းနေခြင်း မရှိကြတော့ဘဲ သိုင်းပညာရပ်များ၊ မှော်ရတနာများ အသီးသီးကို ထုတ်၍ ရန်ကိုင်အား တိုက်ခိုက်လိုက်ကြလေသည်။

ပိန်ပိန်ပါးပါးနှင့် သက်လတ်ပိုင်းလူကြီးမှာလည်း ယာယီမျှထိတ်လန့်နေပြီးသည့်နောက် ဝမ်းသာအားရ ဖြစ်သွားတော့လေသည်။ ထို့နောက် ချက်ချင်းပဲ အထိတ်ထိတ်အလန့်လန့်ဖြင့် လှမ်းအော်ပြောလိုက်လေ၏။ “သူ့ကိုမသေစေနဲ့…”

ထိုလူမှာ ရန်ကိုင်အား မသတ်ချင်သည်မဟုတ်။ ရန်ကိုင်သည် သူတို့အဖွဲ့ထဲမှ တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးအား သတ်ပစ်ခဲ့လေရာ သူ့အနေဖြင့် ဘာကြောင့်များ ရန်ကိုင်အား အသက်ရှင်လျက် ထားရပါမည်နည်း။ သို့သော်ငြား အစီအရင်ကို အသက်သွင်းပြီးသည့်တိုင် ရန်ကိုင်သည် မြေကြီးပေါ်သို့ မှောက်ကျမသွားရုံမက ဒူးလေးအနည်းငယ်သာ ကွေးသွားခဲ့လေသည်။ ထိုသို့ဖြစ်သွားသည့်တိုင် သူတော်စင်ချီများအား ထုတ်သုံးထားသည့် အရိပ်အယောင်မပြ။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်သည် ခန္ဓာသန့်စင်ခြင်းကျင့်ကြံသူတစ်ဦး ဖြစ်ရလိမ့်မည်ဟု သက်လတ်ပိုင်းလူကြီး ထင်သွားခြင်းပင်။

ခန္ဓာသန့်စင်ခြင်းကျင့်ကြံသူများမှာ အလွန်တရာကိုမှ ရှားပါးလှသူများ မဟုတ်ကြပါသော်ငြား ရန်ကိုင်ကဲ့သို့ အားကောင်းလှသော ခွန်အားကို ပိုင်ဆိုင်ထားသည့် ခန္ဓာသန့်စင်ခြင်းကျင့်ကြံသူမှာတော့ အလွန်တရာကိုမှ ရှားပါးလွန်းလှပေသည်။

ဤသက်လတ်ပိုင်းလူကြီးသည် အလောင်းသန့်စင်ရာတွင် ကျွမ်းကျင်သော မရဏဂိုဏ်း၏ အကြီးအကဲတစ်ဦး ဖြစ်ပေသည်။ ထို့အတွက်ကြောင့် အလွန်တရာကိုမှ အားကောင်းလှသည့် ခန္ဓာကိုယ်များ ပိုင်ဆိုင်ထားကြသူများကို ဤလူကြီးမှ အထူးတလည် နှစ်သက်ပေသည်။ သူသာ ရန်ကိုင်အား ဖမ်းဆီး၍ အလောင်းအဖြစ် သန့်စင်နိုင်မည်ဆိုပါက အလွန်ကိုမှ အားကောင်းလှသည့် အလောင်းရုပ်သေးတစ်ရုပ်ကို ပိုင်ဆိုင်လာနိုင်ပေလိမ့်မည်။ လက်ရှိအချိန်တွင်တော့ ရန်ကိုင်သည် ဤသက်လတ်ပိုင်းလူကြီးအတွက်မူ အလွန်တရာကိုမှ ရှားပါးလှသည့် ကုန်ကြမ်းပစ္စည်းတစ်ခု ဖြစ်ပေသည်။

(ဒီကောင်က ငါ ရေလကြယ်ပေါ်မှာ ရခဲ့တဲ့ဟာတွေထက်တောင် အများကြီး ပိုအဖိုးတန်သေးတယ်…)

ထိုအကြောင်းကြောင့်ပင်လျှင် သက်လတ်ပိုင်းလူကြီးမှာ ရန်ကိုင်အား မသတ်လိုခြင်း ဖြစ်ပေသည်။ ရန်ကိုင် သေသွားမည်ဆိုလျှင်ပင် သူ့အနေဖြင့် ရန်ကိုင်အား အလောင်းကောင်ရုပ်သေးရုပ်အဖြစ် သန့်စင်၍ ရပါသော်ငြား အသက်ရှင်နေသည့်ရန်ကိုင်အား အလောင်းကောင်အဖြစ်သန့်စင်ခြင်းသည် ပို၍ ကောင်းပေသည်။

သို့သော်ငြား သူပြောလိုက်သည်မှာ နောက်ကျသွားခဲ့သည်။ တိုက်ခိုက်လိုက်ကြသည့်လူများမှာ တိုက်ခိုက်ပြီးကုန်ကြပြီဖြစ်လေရာ သူတို့၏တိုက်ကွက်များကို အချိန်မီ ပြန်ရုတ်သိမ်းနိုင်ခြင်း မရှိတော့။ အချို့မှာတော့ အသည်းအသန် အတင်းအကြပ် ရုတ်သိမ်းလိုက်ပါသော်ငြား အကျိုးဆက်အနေဖြင့် တန်ပြန်ဘေးထွက်ဆိုးကျိုးကို ခံစားသွားကြရလေသည်။ ထို့အတွက်ကြောင့် အကုန်လုံးမှာ သက်လတ်ပိုင်းလူကြီးအား စိတ်ထဲမှနေ၍ ကြိတ်ကာ အော်ဆဲကြတော့လေ၏။ (ပြောမယ်ဆိုလည်း စောစောပြောပါလားကွ… ဘာဖြစ်လို့ အခုမှလာပြောနေရတာလဲ…)

“ဘုန်း”ခနဲမြည်သံနှင့်အတူ အမျိုးမျိုးသောတိုက်ကွက်များ ရန်ကိုင်ပေါ်သို့ ကျရောက်လာခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်ရပ်နေရာနေရာတစ်ခုလုံး နားပင်းမတတ်ပေါက်ကွဲသံများနှင့်တကွ မျက်စိကျိန်းမတတ် အလင်းတန်းတို့ဖြင့် ပြည့်နှက်သွားခဲ့လေသည်။

ထိုအချင်းအရာကိုမြင်သော် အစီအရင်အားထိန်းချုပ်နေသည့် သက်လတ်ပိုင်းလူကြီး ရင်ထိတ်သွားခဲ့လေသည်။ (သွားပြီ… ဒီကောင်တော့ တစ်စစီဖြစ်သွားလောက်ပြီ… ငါ့ရဲ့ အဖိုးတန်ပစ္စည်းလေးကွာ…)

ထိုလူမှာ တစ်ခဏလောက်သာ ဝမ်းနည်းသွားခဲ့ရပြီး အလင်းတန်းများပျောက်ကွယ်သွားချိန်တွင်တော့ တစ်ဖန်ပြန်လည်ထိတ်လန့်သွားခဲ့ရလေသည်။ အကြောင်းမှာ တိုက်ခိုက်မှုပေါင်းစုံကို ရင်ဆိုင်ရပြီးသည့်တိုင် ရန်ကိုင်မှာ အကောင်းအတိုင်း ရှိနေသေးသည့်အတွက်ကြောင့်ပင်။ တစ်ချိန်တည်းတွင် ဘယ်ကမှန်းမသိရသော ကလေးမလေးတစ်ဦးသည်လည်း သူ့ဘေးနား၌ ရှိနေခဲ့လေ၏။

ထိုအချင်းအရာကိုမြင်ပြီးသည့်နောက် ထိုလူမှာ ဝမ်းသာရမည့်အစား စတင်၍ ထိတ်လန့်လာတော့လေသည်။

“မင်းတို့ဘက်က ငါ့လို အခုလိုမျိုး ဖော်ဖော်ရွေရွေနဲ့ကြိုဆိုပေးမှတော့ ငါ့ဖက်ကလည်း မင်းတို့ကို လက်ဆောင်လေးဘာလေး ပြန်မပေးလို့ရှိရင် ရိုင်းရာကျသွားမှာပေါ့… ဟုတ်တယ်မလား…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် သူ့အား ဝိုင်းရံထားသော ကျင့်ကြံသူများဆီသို့ လက်သီးချက်များ တစ်ချက်ပြီးတစ်ချက် ပစ်လွှတ်လိုက်တော့လေ၏။

တဘုန်းဘုန်းမြည်သံများနှင့်အတူ ရန်ကိုင်အား ဝိုင်းထားကြသော ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များ တဘုန်းဘုန်း ပေါက်ကွဲထွက်ကုန်ကြလေသည်။ မကြာမီတွင် အစီအရင်အား ထိန်းချုပ်နေသည့် သက်လတ်ပိုင်းလူကြီးမှလွဲ၍ အခြား မည်သူမျှ အသက်ရှင်ကျန်ရစ်ခြင်း မရှိတော့ချေ။ သက်လတ်ပိုင်းလူကြီးမှာတော့ သူ့ရှေ့ရှိမြင်ကွင်းကိုကြည့်ရင်း နှင်းမုန်တိုင်းတစ်ခုထဲသို့ ရောက်သွားရသည့်ပမာ တဆတ်ဆတ်တုန်ရီလာတော့လေသည်။

ရန်ကိုင်သည် သက်လတ်ပိုင်းလူကြီးဘက်သို့လှည့်၍ ပြောလိုက်လေ၏။ “ငါထင်တဲ့အတိုင်းပဲ… မင်းက ဒီနေရာကို ခေါင်းဆောင်နေတဲ့လူပဲ… စိတ်မပူနဲ့… ငါ မင်းကို မေးခွန်းလေးတွေပဲမေးမှာ… မင်းသာ ငါကျေနပ်တဲ့အဖြေကို ပေးနိုင်မယ်ဆိုရင် ငါ မင်းကို ဘာမှမခံစားရစေဘဲ သတ်ပေးမယ်…”

ထိုစကားကိုကြားလိုက်သည့်အခိုက် သက်လတ်ပိုင်းလူကြီး၏ကိုယ်ပေါ်ရှိ အမွေးအမျှင်များ ထောင်တက်သွားခဲ့ရလေသည်။

တစ်ချိန်တည်းတွင်လည်း သူ့ကိုယ်သူ ကြောက်မက်ဖွယ်ရာကောင်းလှသည့် ရှေးဟောင်းသားရဲကြီးတစ်ကောင်၏ စိုက်ကြည့်ခြင်း ခံနေရသည့်ပမာ အသက်ပင်ကောင်းကောင်းမရှူနိုင်တော့ကြောင်း တွေ့လိုက်ရလေသည်။

မည်သို့ပင်ဖြစ်လင့်ကစား သက်လတ်ပိုင်းလူကြီးသည် မရဏဂိုဏ်းထဲ အတော်လေးကိုမှ အဆင့်မြင့်သည့်လူတစ်ဦး ဖြစ်သည့်အလျောက် ကြောက်ရွံ့နေခဲ့သည့်တိုင် လုံးဝ သွေးပျက်သွားခဲ့ခြင်းတော့ မရှိပေ။ ချက်ချင်းပဲ ကြေးနီလက်စွပ်တစ်ကွင်းကို ထုတ်၍ ထိုလက်စွပ်ကို အဆက်မပြတ်လှုပ်ခါလိုက်လေသည်။ ထို့နောက် ရန်ကိုင်အား စူးရဲစွာစိုက်ကြည့်လျက် အံကြိတ်ကာ အော်ပြောလိုက်လေ၏။ “မင်းဘယ်သူပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး… အခုလိုမျိုး ငါတို့ကို လာရန်စရဲတယ်ဆိုမှတော့ မင်း သေဖို့သာ ပြင်ထားလိုက်ပေတော့…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၃၁၄၅)

ဘာသာပြန်သူ_တိမ်တိုက်

ထိုစဉ် တချွင်ချွင်မြည်သံနှင့်အတူ လူပေါင်းများစွာ ထွက်ပေါ်လာကြသည်။ ထိုလူများသည် သိပ်သည်းလှသည့် သေခြင်းချီတို့ကို ထုတ်လွှတ်နေပြီး မျက်နှာများမှာလည်း ဟောက်ဟောက်ပက်ပက် ဖြစ်နေခဲ့သည်။ သွားများမှာ ချွန်ထွက်နေခဲ့ပြီး ဆံပင်များမှာ ဖွာကြဲလန်နေသည်။ အသားအရေမှာလည်း မွဲညစ်ညစ်ဖြစ်နေကာ လက်သည်းများမှာလည်း အလွန်ကိုမှ ထက်ရှနေသည့်အပြင်ကိုမှ အစိမ်းရောင်သန်းနေလေရာ ထိုလက်သည်းများမှာ အဆိပ်ရှိကြောင်း သိသာလှပေသည်။

“အလောင်းကောင်တွေလား…” ရန်ကိုင် မျက်ခုံးပင့်သွားခဲ့လေသည်။ လက်ရှိ သူရင်ဆိုင်နေရသည့် မရဏဂိုဏ်းမှလူသည် အလောင်းကောင်သန့်စင်သူတစ်ဦး ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကြည့်ရသလောက် မရဏဂိုဏ်းထဲတွင်လည်း အမျိုးမျိုးသောပညာရပ်များကို လေ့လာကြသည့် ကျင့်ကြံသူများ ရှိကြသည့်ပုံပင်။ သို့သော်ငြား ထိုလူများလေ့လာသည့်ပညာရပ် မည်သို့ပင် ကွဲပြားနေစေကာမူ သူတို့လေ့လာသည့်ပညာရပ်သည် မိစ္ဆာဆန်သည့်ပညာရပ်များ ဖြစ်ကြပေသည်။

“ဟမ်…” ရုတ်တရက် ရန်ကိုင်၏အကြည့်သည် အလောင်းကောင်တစ်ကောင်ဆီသို့ ရောက်ရှိသွားခဲ့သည်။ ထိုအလောင်းကောင်ကို သေသေချာချာ လေ့လာကြည့်နေပြီးသည့်နောက် ရန်ကိုင်မျက်နှာ သုန်မှုန်သွားခဲ့လေသည်။

“ကောင်လေး… မင်း ငါ့အလောင်းကောင်တွေထဲကတစ်ကောင် ဖြစ်လာဖို့သာ ပြင်ထားပေတော့…” သက်လတ်ပိုင်းလူကြီးက အော်ပြောလိုက်သည်။ သူ့ရှေ့ရှိလူငယ်လေးသည် အားကောင်းသောခွန်အားကို ထုတ်ပြခဲ့ပါသော်ငြား သက်လတ်ပိုင်းလူကြီးသည်လည်း အားနည်းသည့်လူတစ်ဦးမဟုတ်။ ဤအလောင်းကောင်များဖြင့်သာဆိုပါက တန်ခိုးရှင်ဘုရင်တတိယအဆင့်ကျင့်ကြံသူတစ်ဦးသည်ပင်လျှင် သူ့အား ထိခိုက်အောင် မလုပ်နိုင်ပေ။ ထို့အတွက်ကြောင့် လူငယ်လေး၏ခွန်အားကို မြင်ပြီးသွားသည့်တိုင် သက်လတ်ပိုင်းလူကြီးမှာ ပျာယာခတ်သွားခဲ့ခြင်းမရှိဘဲ ရန်ကိုင်ကိုပင် ပြန်လည်ဖမ်းဆီးရန် စီစဉ်ထားခြင်း ဖြစ်လေသည်။

အလောင်းကောင်ရုပ်သေးရုပ်၏ခွန်အားသည် ထိုလူမသေခင်ကခွန်အားနှင့် ဆက်စပ်နေလေသည်။ ကျင့်ကြံသူတစ်ဦး ပို၍အားကောင်းလေ အလောင်းကောင်ရုပ်သေးရုပ်အဖြစ် သန့်စင်ခြင်းခံလိုက်ရပါက ထိုအလောင်းကောင်ရုပ်သေးရုပ် ထုတ်လွှတ်နိုင်သည့်စွမ်းအားမှာ ပိုမိုမြင့်မားလာလေပင်။

ရန်ကိုင်သည် အားကောင်းရုံသာလျှင်မဟုတ် အလွန်ကိုမှ မာကျောကြံ့ခိုင်လှသည့် ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားသည်။ ရန်ကိုင်ကဲ့သို့သောလူမျိုးသည် အလောင်းကောင်သန့်စင်သူများအတွက်တော့ အလွန်ကိုမှ သဘောတွေ့စရာအဖိုးတန်ရတနာတစ်မျိုးဖြစ်ပေသည်။

သက်လတ်ပိုင်းလူကြီးမှ သူ့လက်ထဲရှိ ကြေးနီလက်စွပ်ကို လှုပ်ခါလိုက်သည်နှင့်တစ်ပြိုင်နက် အလောင်းကောင်ရုပ်သေးရုပ်များမှာ အော်ဟစ်ဟိန်းဟောက်လိုက်ကြလေသည်။ အကုန်လုံးသည် အားကောင်းသိပ်သည်းလှသည့် သေခြင်းချီတို့ကို ထုတ်လွှတ်ရင်းမှ ရန်ကိုင်ဆီသို့ ခုန်ဝင်သွားကြလေသည်။

ထိုအခိုက်အတန့်မှာပင် စူးရှတောက်ပသည့် မီးငှက်လေးတစ်ကောင် ထွက်ပေါ်လာခဲ့လေသည်။

ထိုမီးငှက်လေးသည် အလောင်းကောင်ရုပ်သေးရုပ်တစ်ရုပ်နှင့် သွားတွေ့လေ၏။ မီးငှက်လေးနှင့် ထိမိသည်နှင့်တစ်ပြိုင်နက် ထိုအလောင်းကောင်ရုပ်သေးရုပ်မှာ တမုဟုတ်ချည်း မီးစွဲလောင်ကာ ပြာကျသွားခဲ့ရလေသည်။ ထို့နောက် မီးငှက်လေးသည် အနည်းငယ်မျှပင် အရှိန်လျော့သွားခြင်းမရှိဘဲ အခြားသောအလောင်းကောင်ရုပ်သေးရုပ်များဆီသို့ ဆက်လက်တိုးဝင်သွားလေ၏။

“ဒီတစ်ကောင်ကိုလွှတ်ထားလိုက်…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်သည် အလောင်းကောင်ရုပ်သေးရုပ်များအနက်မှ တစ်ကောင်၏လည်ပင်းကို သူ့လက်ဖြင့် လှမ်းဆွဲညှစ်လိုက်သည်။ ထိုအလောင်းကောင်ရုပ်သေးရုပ်သည် ရန်ကိုင်လက်ထဲ လည်ပင်းညှစ်ခံထားရသည့်တိုင် ၎င်း၏လက်သည်းများဖြင့် ရန်ကိုင်၏ရင်ဘတ်ကိုကုတ်ရင်းမှ အဆက်မပြတ်ကို ရုန်းကန်နေခဲ့သည်။ သို့သော်ငြား ၎င်း၏လက်သည်းများသည် ရန်ကိုင်၏ရင်ဘတ်အား ထိုးဖောက်နိုင်ခဲ့ခြင်းမရှိဘဲ သံပြားတစ်ခုအား သွားရောက်ကုတ်ခြစ်နေသလိုသာ တချွင်ချွင်မြည်သံများကို ထွက်ပေါ်နေစေခဲ့သည်။

လျို့ယန်သည် ရန်ကိုင်အား တစ်ချက်လှည့်ကြည့်လာခဲ့သည်။ သို့သော်ငြား ဘာမှပြန်မမေးခဲ့ဘဲ မီးငှက်ကိုသုံး၍သာ အခြားသောအလောင်းကောင်များကို ဆက်၍ ပြာချပစ်နေခဲ့သည်။

“ဖူး…”

အလောင်းကောင်များ ဖျက်ဆီးခံလိုက်ရပြီးသည့်နောက်တွင် သက်လတ်ပိုင်းလူကြီးမှာ တန်ပြန်ဘေးထွက်ဆိုးကျိုးကို ခံစားရပြီး သွေးတစ်ပွက် ထိုးအန်တော့လေသည်။ ယခင်က ယုံကြည်ချက်တို့ဖြင့် ပြည့်နေခဲ့သော ထိုလူ၏အကြည့်ထဲ ကြောက်ရွံ့မှုတို့က အစားထိုးဝင်ရောက်လာခဲ့လေ၏။ လျို့ယန်အား ကြောက်ရွံ့မှုအပြည့်ဖြင့် စိုက်ကြည့်ရင်းမှ သက်လတ်ပိုင်းလူကြီးသည် အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်လေသည်။ “နင်… နင်…”

သူ၏အလောင်းကောင်ရုပ်သေးရုပ်များမှာ အားကောင်းလှသည့် တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူများသာ ဖြစ်ကြသည်။ အထူးသဖြင့် အားအကောင်းဆုံးဆိုလျှင် တန်ခိုးရှင်ဘုရင်တတိယအဆင့်ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်မှ သန့်စင်ထားခြင်း ဖြစ်လေသည်။ တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်ရှိထားပြီးသော ထိုအလောင်းကောင်များနှင့်သာ ဆိုပါက ဟုန်းလော့ကြယ်စီရင်စုကြီးထဲရှိ မည်သူမျှ သူ့အား တားဆီးနိုင်လိမ့်မည်မဟုတ်ဟု သက်လတ်ပိုင်းလူကြီး ယုံကြည်ချက်အပြည့်ရှိပေသည်။ သို့သော်ငြား ယနေ့တွင်တော့ အသက်ခုနှစ်နှစ် ရှစ်နှစ်လောက်သာ ရှိသေးမည့် ကောင်မလေးတစ်ဦးကြောင့် သူ အလွန်ကိုမှ အားကိုးအားထားပြုရသော သူ၏အလောင်းကောင်များမှာ ပြာပုံဘဝသို့ ရောက်သွားခဲ့ရသည်။ သူ၏ အားအကောင်းဆုံးသောရုပ်သေးရုပ်ဆိုလျှင်လည်း လူငယ်လေး၏ အလွယ်တကူ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရလေသည်။

ထိုစဉ် သက်လတ်ပိုင်းလူကြီး၏မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ခနဲလက်သွားခဲ့ပြီး သူ့အလောင်းကောင်များကို ပြာချခဲ့သည့်ကောင်မလေး သူ့ရှေ့၌ ဗြုန်းစားကြီး ပေါ်လာခဲ့လေသည်။ ထို့နောက်တွင် ကောင်မလေးသည် သူမ၏လက်ကို အသာအယာမြှောက်၍ သက်လတ်ပိုင်းလူကြီး၏ ဝမ်းဗိုက်ကို ထိလိုက်သည်။ သက်လတ်ပိုင်းလူကြီးမှာတော့ ကောင်မလေးလှုပ်ရှားနေသည်ကိုမြင်သည့်တိုင် တုံံ့ပြန်တိုက်ခိုက်ရန် အခွင့်အရေးမရခဲ့ပေ။

“သူ့ကိုပါ အသက်ရှင်လျက်ထား…” ရန်ကိုင်က ရုတ်တရက် အော်ပြောလိုက်သည်။

လျို့ယန်သည် သူမ၏လက်ဝါးမှတစ်ဆင့် စွမ်းအင်အချို့ကို သက်လတ်ပိုင်းလူကြီး၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်လေသည်။ ထို့နောက်တွင် သက်လတ်ပိုင်းလူကြီးမှာ လေလျော့ခံလိုက်ရသည့် ပူဖောင်းတစ်လုံးနှယ် နောက်သို့ ဒယီးဒယိုင်ဆုတ်သွားပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားခဲ့လေ၏။ လက်ရှိအချိန်တွင်တော့ သူ့ကိုယ်တွင်းအင်္ဂါများ ဖျက်ဆီးခံလိုက်ရပြီမှန်း သက်လတ်ပိုင်းလူကြီး သတိထားမိလိုက်လေသည်။

တစ်ချိန်တည်းတွင်လည်း သူ့ကျင့်ကြံခြင်းပါ ပျောက်ကွယ်သွားခဲ့လေသည်။ ကျင့်ကြံသူတစ်ဦးအတွက်မူ ကျင့်ကြံခြင်းကို ဆုံးရှုံးလိုက်ရခြင်းသည် အဆိုးရွားဆုံးသောဒုက္ခတစ်မျိုးဖြစ်ပေသည်။ ထို့အပြင် သူ့အလောင်းကောင်ရုပ်သေးရုပ်များ ပြာချပစ်ခံရရာမှ တန်ပြန်ဘေးထွက်ဆိုးကျိုးကိုပါ ခံစားထားရသည့်အတွက်ကြောင့် သက်လတ်ပိုင်းလူကြီးမှာ သေလူတစ်ပိုင်းဖြစ်နေပြီဟု ပြော၍ရလေသည်။

သူ့ရန်သူသည် သူ့အား လွယ်လင့်တကူကို အနိုင်ယူနိုင်ခဲ့သည်။ ထိုလူများသာ အမှန်အကန် တိုက်ခိုက်ကြမည်ဆိုလျှင် ဤလောကကြီးထဲရှိ မည်သူမျှ ထိုနှစ်ယောက်ကို နိုင်လိမ့်မည်မဟုတ်။ (ငါတို့ဂိုဏ်းချုပ်တောင် သူတို့ကို နိုင်မှာမဟုတ်ဘူး…)

အလောင်းကောင်ရုပ်သေးရုပ်မှာတော့ အဆက်မပြတ်ကို ရုန်းကန်အော်ဟစ်နေခဲ့သည်။ သို့ရာတွင် ရန်ကိုင်မှ အလောင်းကောင်၏လည်ပင်းကို ခပ်တင်းတင်း ဆုပ်ကိုင်ထားသည့်အတွက်ကြောင့် အရိုးကျိုးသံများ ထွက်ပေါ်လာနေရလေသည်။ သို့ရာတွင် အလောင်းကောင်ရုပ်သေးရုပ်မှာ နာကျင်မှုကို မခံစားမိသည့်အလား ရန်ကိုင်၏ရင်ဘတ်ကိုသာ ၎င်း၏လက်သည်းများဖြင့် ဆက်လက်ကုတ်ခြစ်နေခဲ့လေသည်။

ရန်ကိုင်သည် အသက်ကိုပြင်းပြင်းရှူသွင်းရင်းမှ အံကိုတင်းတင်းကြိတ်၍ စိတ်စွမ်းအင်ကိုထုတ်သုံးကာ အော်ပြောလိုက်လေသည်။ “လုံထျန်းရှန်… ထပေတော့…”

အားကောင်းလှသည့်စိတ်စွမ်းအင်တို့ ရောယှက်ပါဝင်နေသော ရန်ကိုင်၏အသံသည် အလောင်းကောင်၏စိတ်အစုံကို သွားရောက်ရိုက်ခတ်လေသည်။ ထို့နောက်တွင် တစ်ခုခုကျိုးပျက်သွားသံနှင့်အတူ အဆက်မပြတ် ရုန်းကန်အော်ဟစ်နေသော အလောင်းကောင်ရုပ်သေးရုပ် ရုတ်တရက် ငြိမ်ကျသွားခဲ့လေသည်။ လက်ရှိအချိန်တွင် ၎င်း၏လက်သည်းများကို ဆက်လက်ကုတ်ခြစ်နေပါသော်ငြား ယခင်ကလောက်တော့ ကြမ်းတမ်းနေခြင်း မရှိတော့ပေ။

အလောင်းကောင်ရုပ်သေးရုပ်၏ မျက်လုံးများမှာလည်း စတင်၍ အသိပြန်ဝင်လာသည့်အလား မငြိမ်မသက် ဖြစ်လာခဲ့သည်။

ထိုအချင်းအရာကိုမြင်လိုက်သော် ဤအလောင်းကောင်ရုပ်သေးရုပ်သည် လုံးဝစိတ်လွတ်သွားခြင်း မရှိသေးမှန်း ရန်ကိုင်သဘောပေါက်သွားခဲ့လေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဤလူအား အလောင်းကောင်ရုပ်သေးရုပ်အဖြစ် သန့်စင်ထားသည်မှာ မကြာသေးသည့်အတွက်ကြောင့် ဖြစ်နိုင်သလို ထိုသို့မဟုတ်ဘဲ ဤလူမသေခင်က အလွန်ကိုမှမြင့်မားသည့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ခဲ့သည့်အတွက်ကြောင့်လည်း ဖြစ်နိုင်ပေသည်။ မည်သို့ပင်ဖြစ်နေစေကာမူ လက်ရှိအခြေအနေကို ကြည့်ရသလောက် ဤလူ နိုးထလာတော့မည့်ပုံပင်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်သည် စိတ်စွမ်းအင်ကိုလှည့်ပတ်၍ အလောင်းကောင်ရုပ်သေးရုပ်၏အသိစိတ် တစ်ဖန်ပြန်လည် နိုးထလာနိုင်အောင် အလျင်အမြန် ကူညီပေးလိုက်လေသည်။

ဆယ့်ငါးမိနစ်ခန့် ကြာပြီးသည့်နောက်တွင် အလောင်းကောင်ရုပ်သေးရုပ်၏မျက်လုံး တစ်ဖန် အသိပြန်လည်လာခဲ့ပြီး ၎င်း၏လက်များဖြင့် ရန်ကိုင်အား ကုတ်ခြစ်နေသည်ကို ရပ်လိုက်လေသည်။ တစ်ချိန်တည်းတွင် ထူးထူးဆန်းဆန်းအမူအယာဖြင့် ရန်ကိုင်ကိုကြည့်၍ မေးလိုက်လေသည်။ “မင်း… မင်းက…”

စကားမပြောရသည်မှာ ကြာပြီဖြစ်သည့်အတွက်ကြောင့်လား ထိုသို့မဟုတ်ဘဲ ခန္ဓာကိုယ်မှာ အလောင်းကောင်ရုပ်သေးရုပ်အဖြစ် သန့်စင်ခံလိုက်ရသည့်အတွက်ကြောင့်လား မသိရ ဤလူ၏အသံသည် အနည်းငယ် ခြောက်ကပ်ကပ် ဖြစ်နေခဲ့လေသည်။

“စီနီယာလုံ…” ရန်ကိုင်သည် အလောင်းကောင်ရုပ်သေးရုပ်ကို ဒွိဟဖြစ်နေသည့်အမူအယာဖြင့် ကြည့်လိုက်သည်။

တကယ့်တကယ်ဆိုလျှင်တော့ ရန်ကိုင်သည် လုံထျန်းရှန်နှင့် မရင်းနှီးပေ။ လုံထျန်းရှန်နှင့် ရေလကြယ်ပေါ်တွင် တစ်ကြိမ်သာ တွေ့ခဲ့ဖူးပေသည်။ ထိုတစ်ကြိမ်တွင်ပင် စကားများများစားစား ပြောဖြစ်ခဲ့ခြင်းမရှိ။ လုံထျန်းရှန်ဆိုသူမှာ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ မဟာအကြီးအကဲဖြစ်လေရာ အိုင်းအောင်၏စီနီယာတစ်ဦးလည်း ဖြစ်ပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်၏စီနီယာလည်းဖြစ်သည်ဟု ပြော၍ရသည်။

ထိုစဉ်က အိုင်းအောင်သည် ရန်ကိုင်နှင့်အတူ ကြယ်တာရာအစုအဝေးသို့ ထွက်လာခဲ့သည်။ ထို့နောက်တွင် ရွှယ့်ယွယ်သည် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းအား တာဝန်ယူအုပ်ချုပ်သွားလေ၏။ လုံထျန်းရှန်မှာမူ သူမ၏နောက်ကွယ်တွင်ရပ်နေရင်းမှ ရွှယ့်ယွယ်အား အပြည့်အဝ အကူအညီပေးခဲ့လေသည်။ ရှင်းရှင်းပြောရသော် လုံထျန်းရှန်၏စွမ်းအားအရ သူ့အနေဖြင့် ဆန္ဒသာရှိမည်ဆိုလျှင် ရန်ကိုင်နှင့်အတူ ကြယ်တာရာအစုအဝေးဆီသို့ လိုက်လာခဲ့နိုင်ပေသည်။ သို့သော်ငြား သူသာလိုက်လာခဲ့မည်ဆိုလျှင် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းအား ကာကွယ်ပေးမည့်သူမရှိ ဖြစ်သွားပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်တို့နောက်သို့ မလိုက်လာခဲ့ဘဲ ရေလကြယ်တွင်သာ နေရစ်ခဲ့ရင်း ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းအား ကာကွယ်ပေးနေခဲ့ခြင်း ဖြစ်လေသည်။

သို့သော်ငြား နှစ်ပေါင်းများစွာကြာပြီးသည့်နောက် နောက်တစ်ဖန်ပြန်တွေ့ချိန် လုံထျန်းရှန်မှာ အလောင်းကောင်ရုပ်သေးရုပ်အဖြစ် သန့်စင်ခြင်း ခံထားရလိမ့်မည်ဟု ရန်ကိုင် မမျှော်လင့်ထားပေ။

ကံကောင်းစွာဖြင့် ရန်ကိုင်ရောက်လာချိန်တွင် လုံထျန်းရှန်မှာ လုံးလုံးအသိလွတ်သွားခြင်း မရှိသေးပေ။ ထိုသို့ဖြစ်ရသည်မှာ ရန်ကိုင်၏စိတ်စွမ်းအင်သည် အလွန်တရာကိုမှ အားကောင်းလှသည့်အတွက်ကြောင့် လုံထျန်းရှန်အား ပြန်လှုပ်နှိုးနိုင်ခဲ့သည်လည်း ပါပေသည်။ ရန်ကိုင်မှလွဲ၍ အခြားမည်သူမျှ ဤကဲ့သို့လုပ်နိုင်လိမ့်မည်မဟုတ်ချေ။

“မင်းက… ရန်ကိုင်လား…” နောက်ဆုံးတွင်တော့ လုံထျန်းရှန် အသိပြန်ဝင်လာခဲ့ပြီး ယခင်ကအကြောင်းအရာများကို ပြန်လည်မှတ်မိလာခဲ့သည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရွှယ့်ယွယ်၏ယောကျ်ားလည်း ဖြစ်သလို ဟုန်းလော့ကြယ်စီရင်စုကြီး၏ တက်သစ်စကြယ်တစ်ပွင့်လည်းဖြစ်သည့် ရန်ကိုင်ကို ပြန်လည်မှတ်မိလာတော့လေ၏။

ရန်ကိုင်က ပြောလိုက်လေသည်။ “စီနီယာလုံ… ကျုပ်တို့မှာ အချိန်သိပ်မရှိဘူး… ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း ဘာဖြစ်သွားတာလဲ… ပြီးတော့ ရွှယ့်ယွယ်ကရော ဘယ်ရောက်နေတာလဲ…”

တကယ်ဆိုလျှင်တော့ ရန်ကိုင် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းအား ဂရုမစိုက်ပေ။ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းဘာဖြစ်ဖြစ် ကိစ္စမရှိ။ သူဂရုစိုက်သည်မှာ ရွှယ့်ယွယ်သာဖြစ်လေသည်။ လက်ရှိအခြေအနေအရ လုံထျန်းရှန်သည်ပင်လျှင် အလောင်းကောင်ရုပ်သေးရုပ်အဖြစ် သန့်စင်ခြင်း ခံရလေရာ ရန်ကိုင်အနေဖြင့် ရွှယ့်ယွယ်အား စိတ်ပူနေသည်မှာလည်း အဆန်းတော့မဟုတ်ချေ။

“ရွှယ့်ယွယ်…” လုံထျန်းရှန်သည် ထိုနာမည်အား ရေရွတ်လိုက်သည်။ ထို့နောက် အတွေးနက်သွားလေ၏။ တစ်ခဏကြာပြီးသည့်နောက် သူ့လက်များကိုကြည့်ရင်းမှ စိတ်ဓာတ်ကျသွားဟန်ဖြင့် “ဟူး… ငါသိပြီ…”

နောက်ဆုံးတွင်တော့ သူမည်ကဲ့သို့ဖြစ်နေသလဲဆိုသည်ကို နားလည်သွားခဲ့လေပြီ။ ပြောစရာစကားများကို သေချာပြန်လည်စီစစ်ပြီးသည့်နောက် စတင်၍ ရှင်းပြလိုက်လေ၏။ “ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း ဖျက်ဆီးခံလိုက်ရပြီ… ရွှယ့်ယွယ်ကတော့ ရေလကြယ်ရဲ့ရန်သူတွေကို မထိန်းနိုင်တော့တဲ့အဆုံး သူတို့တွေထွက်ပြေးဖို့ ငါ ဒီမှာနေပြီးတော့ ရန်သူတွေကို အချိန်ဆွဲထားပေးခဲ့လိုက်တာ… အခု သူတို့ဘယ်ရောက်နေလဲ ငါမသိတော့ဘူး…”

ထိုနေ့က လုံထျန်းရှန်သည် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများနှင့် မရဏဂိုဏ်းမှ ကြယ်သင်္ဘောဆယ်စင်းကျော်ကို တစ်ကိုယ်တော်တားဆီးထားခဲ့ခြင်း ဖြစ်လေသည်။ နောက်ဆုံးတွင်တော့ အားကုန်ကာ ရန်သူများ၏ဖမ်းဆီးခြင်း ခံလိုက်ရပြီး အလောင်းကောင်ရုပ်သေးရုပ်အဖြစ် သန့်စင်ခြင်း ခံလိုက်ရလေ၏။

ရန်ကိုင် မျက်ခုံးပင့်သွားခဲ့သည်။ “ရွှယ့်ယွယ်ထွက်ပြေးသွားတာလား…”

ရွှယ့်ယွယ်ထွက်ပြေးသွားသည်မှာ အမှန်တကယ်ကို သတင်းကောင်းတစ်ခု ဖြစ်ပေသည်။ လက်ရှိအခြေအနေအရ ရွှယ့်ယွယ်မှာ ထွက်ပြေးသွားပြီဖြစ်သည့်တိုင် သူမ၏လုံခြုံရေးအပေါ် အာမခံချက် မရှိသေးပါသော်ငြား အနည်းဆုံးတော့ မျှော်လင့်ချက်ရှိလာပြီဟု ပြော၍ရပေသည်။ ထိုအခါမှသာလျှင် ရန်ကိုင်လည်း အနည်းငယ်စိတ်အေးသွားရတော့လေသည်။

“ရှင် ဒီအမျိုးသမီးကို တွေ့ဖူးလား…” လျို့ယန်သည် သက်လတ်ပိုင်းလူကြီးရှေ့တွင် ဆောင့်ကြောင့်ထိုင်လျက် မီးတောက်များကိုသုံးကာ အမျိုးသမီးတစ်ဦး၏ပုံစံကို ဖန်တီးပြလိုက်လေသည်။ မီးတောက်များဖြင့်ဖန်တီးထားခြင်း ဖြစ်ပါသော်ငြား အမျိုးသမီး၏ပုံစံမှာတော့ အမှန်တကယ်ကို အသက်ဝင်လှလေရာ လျို့ယန်၏ မီးစွမ်းအင်အပေါ် ထိန်းချုပ်နိုင်စွမ်း မည်မျှမြင့်မားကြောင်းကို မြင်တွေ့နိုင်ပေသည်။ လျို့ယန်သည် မီးဖီးနစ်အမြုတေအား သန့်စင်ထားလေရာ မီးတောက်အား ယခုကဲ့သို့ ထိန်းချုပ်နိုင်သည်မှာ အဆန်းတော့မဟုတ်။

လျို့ယန်၏လေသံသည် တည်ငြိမ်ကာ ပျော့ပျောင်းပါသော်ငြား သက်လတ်ပိုင်းလူကြီးအတွက်မူ သေမင်းခေါ်သံပမာ ခြောက်ခြားဖွယ်ရာ ကောင်းလှလေသည်။ သက်လတ်ပိုင်းလူကြီး အလွန်ကိုမှ ကြောက်ရွံ့သွားခဲ့ပြီး တုန်တုန်ရီရီဖြင့် အဆက်မပြတ်ကို ခေါင်းခါကာ ပြန်ပြောလိုက်လေ၏။ “မတွေ့ဖူးဘူး… တစ်ခါမှမတွေ့ဖူးဘူး…”

“ဟင်း ဟင်း ဟင်း…” လျို့ယန်သည် ထိုကဲ့သို့ ခြောက်ကပ်ကပ် အော်ရယ်မောလိုက်ပြီးသည့်နောက် သက်လတ်ပိုင်းလူကြီးဆီသို့ မီးတောက်တစ်ခု ပစ်လွှတ်လိုက်လေ၏။ ထိုမီးတောက်သည် သက်လတ်ပိုင်းလူကြီး၏လည်ပင်းကို ရစ်ပတ်သွားခဲ့ပြီး မီးတောက်မြွေအသွင်သို့ ပြောင်းသွားခဲ့လေသည်။ ထိုမီးတောက်မြွေသည် သက်လတ်ပိုင်းလူကြီးနှင့် မျက်နှာချင်းဆိုင်ရင်းမှ ၎င်း၏ပါးစပ်ကိုဟ၍ မာန်ဖီရင်း သက်လတ်ပိုင်းလူကြီးအား အကောင်လိုက် ဝါးမျိုတော့မည့်နှယ် လုပ်လာခဲ့လေသည်။ အစောပိုင်းက လျို့ယန်အသုံးပြုသွားခဲ့သော မီးတောက်များသည် အလောင်းကောင်များကို အလွယ်တကူ ပြာချပစ်နိုင်ခဲ့ပါသော်ငြား ယခုမီးတောက်မှာမူ သက်လတ်ပိုင်းလူကြီးအား အနည်းငယ်မျှပင် ထိခိုက်သွားစေခြင်း မရှိပေ။ “လူကိုတောင်မမြင်ရသေးပဲနဲ့ ဘယ်လိုလုပ်ပြီး မတွေ့ဖူးဘူးလုပ်နေရတာလဲ… ရှင် ကျွန်မကို လာနှပ်ချနေတာလား… ကျွန်မက ငယ်တယ်ဆိုပေမယ့် အဲ့လောက်တုံးအတဲ့လူတော့ မဟုတ်ဘူးနော်…”

ထိုအခါမှသာလျှင် သက်လတ်ပိုင်းလူကြီးလည်း ခေါင်းမော့လာပြီး လျို့ယန် မီးတောက်ဖြင့်ဖန်တီးထားသော ပုံကို လှမ်းကြည့်လိုက်လေသည်။

“ရှင် ကျွန်မကို အမှန်အတိုင်းပြောရင်ကောင်းလိမ့်မယ်… မဟုတ်ရင်တော့ သေတာထက်ဆိုးတဲ့အဖြစ်မျိုးနဲ့ ကြုံသွားရမှာနော်…” လျို့ယန်က မျက်နှာသေအမူအယာဖြင့် ခြိမ်းခြောက်လိုက်သည်။

“ကျုပ် သူ့ကို မြင်ဖူးတယ်…”

“သူ အခု ဘယ်မှာလဲ…”

သက်လတ်ပိုင်းလူကြီးက ပြန်ပြောလိုက်သည်။ “သူနဲ့လူအချို့ ကြယ်သခင်ရှိတဲ့ ကျင့်ကြံရေးကြယ်တစ်လုံးဆီ ထွက်ပြေးသွားတယ်… အခုအချိန်ထိ အဲ့ကြယ်မှာ တိုက်ပွဲတွေဖြစ်နေတုန်းပဲ…”

“သူ ဘယ်နေရာဆီ ထွက်ပြေးသွားတာလဲ…”

သက်လတ်ပိုင်းလူကြီးသည် တစ်ခဏမျှစဉ်းစားနေပြီးသည့်နောက် တစ်ခုသောဘက်ဆီသို့ ညွှန်ပြလိုက်သည်။

လျို့ယန်သည် ရန်ကိုင်ဆီသို့ လှမ်းကြည့်လိုက်သည်။ ရန်ကိုင်လည်း ချက်ချင်းပဲ အသိစိတ်ပင်လယ်ထဲရှိ ကြယ်မြေပုံအား သွားရောက်စစ်ဆေးကြည့်လေ၏။ သက်လတ်ပိုင်းလူကြီးညွှန်ပြသည့်အရပ်ကို စစ်ဆေးပြီးသည့်နောက် ရန်ကိုင်စိတ်ထဲ တစ်ခုခုအား စဉ်းစားမိသွားတော့လေသည်။ (ရွှယ့်ယွယ်နဲ့အခြားသူတွေ ထွက်ပြေးသွားတဲ့ကြယ်က ကြယ်သခင်ရှိတဲ့ကြယ်… သူညွှန်ပြနေတာလည်း အဲ့ဘက်ဆိုတော့ ဟုတ်တယ်… အဲ့နေရာပဲ ဖြစ်ရလိမ့်မယ်… အင်း… ရွှယ့်ယွယ် တကယ်မဆိုးဘူးပဲ… အဲ့နေရာက ရေလကြယ်နဲ့ ဝေးတယ်ဆိုပေမယ့် အခုလောလောဆယ်တော့ အခြားကြယ်တွေထက်စာရင် အဲ့နေရာက အကောင်းဆုံးပဲ…)

All Chapters