အခန်း (၃၁၄၆-၃၁၅၀)
Vol. 137 Ch. 3146-3150
အပိုင်း (၃၁၄၆)
ဘာသာပြန်သူ_တိမ်တိုက်
လျို့ယန်နှင့် သက်လတ်ပိုင်းလူကြီးတို့ ပြောနေသည်ကို ရန်ကိုင် ကြားပေသည်။ ရန်ကိုင် ကိုယ်တိုင်သည်လည်း လုံထျန်းရှန်နှင့် စကားပြောရန် ကြိုးစားနေခြင်း ဖြစ်သည်။ သို့သော်ငြား လွယ်တော့ မလွယ်ကူခဲ့ပေ။
ရန်ကိုင်၏ အားကောင်းလှသော စိတ်စွမ်းအင်ကြောင့် လုံထျန်းရှန်အား အသိပြန်ဝင်လာအောင် နှိုးနိုင်ခဲ့ပါသော်ငြား အသိပြန်ဝင်လာပြီးသည့်တိုင် လုံထျန်းရှန်မှာ သူ့မှတ်ဉာဏ် အများစုကို ဆုံးရှုံးထားခဲ့ရသည်။ သူမှတ်မိသည်မှာတော့ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းသည် အလွန်ကိုမှ အားကောင်းလွန်းလှသည့်အတွက်ကြောင့် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျူးကျော်လာချိန်မှာ ထိုကြယ်စီရင်စုမှ ထိပ်တန်းကျင့်ကြံသူများ၏ ပစ်မှတ်ထားခြင်း ခံခဲ့ရသည် ဟူသောအချက်ပင်။ မရဏဂိုဏ်းသည် အခြားသောအင်အားစုများနှင့်အတူ ပူးပေါင်း၍ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းအား တိုက်ခိုက်ခဲ့ရုံသာမဟုတ်။ ဟုန်းလော့ကြယ်စီရင်စုကြီးထဲရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော ကြယ်တာရာ ပင်လယ်ဓားပြများ ဖြစ်ကြသည့် ကြယ်တာရာအက်ကြောင်းနှင့် စွန့်ပစ်ကုန်းမြေတို့သည်ပင်လျှင် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများနှင့်အတူ ပူးပေါင်း၍ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းအား တိုက်ခိုက်ခဲ့ကြသည်။
ကြယ်တာရာအက်ကြောင်းနှင့် စွန့်ပစ်ကုန်းမြေတို့သည် ဟုန်းလော့ကြယ်စီရင်စုထဲရှိ အားအကောင်းဆုံးသော ကြယ်တာရာ ပင်လယ်ဓားပြအဖွဲ့ နှစ်ဖွဲ့ဖြစ်ကြပေသည်။ ဟဲယွင်ရှန်း၏ လေပြင်းပင်လယ်ဓားပြအဖွဲ့သည် ထိုအင်အားစုနှစ်ခုနှင့် ယှဉ်လိုက်သော် ဘာမျှ မပြောပလောက်တော့ပေ။
တစ်စပြင်ကန္တာရကြယ်စီရင်စုထဲမှ ကျင့်ကြံသူများ မကျူးကျော်လာစဉ်က ထိုအင်အားစုနှစ်ခုသည် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၊ ခရမ်းကြယ်၊ ဓားအဖွဲ့အစည်းတို့နှင့် နှစ်ကာလရှည်ကြာအောင် စစ်ဖြစ်ပွားခဲ့သည်။ အဖွဲ့အစည်းသုံးခုမှ ကြယ်သင်္ဘောများကို ကြယ်တာရာ ပင်လယ်ဓားပြများမှ လုယူတိုက်ခိုက် ပြန်ပေးဆွဲကာ ဖျက်ဆီးခဲ့ကြသည်။ ထိုအကြောင်းကြောင့် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၊ ခရမ်းကြယ်နှင့် ဓားအဖွဲ့အစည်းတို့သည် အတူတကွ ပူးပေါင်း၍ ထိုပင်လယ်ဓားပြများကို တိုက်ခိုက်ခဲ့ကြလေသည်။ ထိုတိုက်ပွဲအတွင်း နှစ်ဖက်စလုံး အထိအခိုက် အကျအဆုံးများစွာနှင့် ရင်ဆိုင်ခဲ့ကြရပြီး နှစ်ဖက်အကြား သွေးကြွေးများ ဖြစ်ပေါ်လာခဲ့ကြရသည်။
ယခု တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းအား တိုက်ခိုက်လာခဲ့ကြပြီး မရဏဂိုဏ်း ဦးဆောင်သည့် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ အလွန်ကိုမှ အားကောင်းနေကြသည်ကို မြင်သော် ကြယ်တာရာအက်ကြောင်းနှင့် စွန့်ပစ်ကုန်းမြေတို့သည်လည်း ထိုအခွင့်အရေးကို လက်လွတ်ခံခြင်းမရှိဘဲ တစ်စပြင်ကန္တာရကြယ်စီရင်စုမှ အင်အားစုကြီးများနှင့်အတူ ပူးပေါင်းကာ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းအား တိုက်ခိုက်ခဲ့ကြလေသည်။
ထိုအကြောင်းကြောင့်ပင်လျှင် နေလကြယ်သည် ရန်သူလက်အောက်သို့ ကျရောက်သွားခဲ့ခြင်း ဖြစ်လေသည်။
ဤမျှ အားကောင်းလှသော အင်အားစုပေါင်းများစွာ၏ ပူးပေါင်းတိုက်ခိုက်ခြင်း ခံရသည့်နောက် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းသည် အတော်လေးကိုမှ အားကောင်းလှသည့်တိုင် ခုခံနိုင်ခဲ့ခြင်း မရှိပေ။ အခြားသော ကျင့်ကြံရေးကြယ်များမှာလည်း ခုခံနိုင်ခဲ့ခြင်း မရှိလေရာ နေလကြယ်မှာလည်း ခုခံနိုင်ခဲ့ခြင်း မရှိတော့ပေ။
ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းသည်ပင်လျှင် ယခုကဲ့သို့ အချိန်မျိုးနှင့် ကြုံနေရလေရာ ခရမ်းကြယ်နှင့် ဓားအဖွဲ့အစည်းတို့လည်း အဆင်ပြေနေစရာ အကြောင်းတော့ မရှိလောက်ပေ။
ရှင်းရှင်းပြောရသော် ဟုန်းလော့ကြယ်စီရင်စုကြီးသည် တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးနှင့် မယှဉ်နိုင်ခြင်း မဟုတ်။ ကြယ်စီရင်စု နှစ်ခုစလုံးမှာ အဆင့်နိမ့်ကြယ်စီရင်စုများ ဖြစ်ကြသည့်အလျောက် တစ်စပြင်ကန္တာရကြယ်စီရင်စုသည် ဟုန်းလော့ကြယ်စီရင်စုထက် ပိုအားကောင်းမည်ဆိုလျှင် ခွန်အားအရာ ကွာခြားချက်မှာတော့ အလွန်တရာကိုမှ ကြီးမားလွန်းမနေသင့်ပေ။
အဓိက ကွာခြားချက်မှာ တစ်စပြင်ကန္တာရကြယ်စီရင်စုထဲတွင် နေရာရှိ အင်အားစုအားလုံးကို ဦးဆောင်မည့် မရဏဂိုဏ်း ရှိနေပါသော်ငြား ဟုန်းလော့ကြယ်စီရင်စုထဲတွင်တော့ ထိုသို့ရှိမနေခဲ့ပေ။ ထိုအတွက်ကြောင့် စစ်မက်ဖြစ်ပွားလာသည့်အခါ ဟုန်းလော့ကြယ်စီရင်စုထဲရှိ အင်အားစုများသည် ကိုယ့်ဘာသာကိုယ် လှုပ်ရှားကြလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် တစ်ဖက်၏ စုပေါင်းစွမ်းအားကို ခုခံနိုင်ခဲ့ခြင်း မရှိ။ ထက်ကောင်းကင်ဂိုဏ်း အထွတ်အထိပ်အချိန်တွင် ရှိနေစဉ်က ကြယ်စီရင်စုကြီး တစ်ခုလုံးကို စုစည်းနိုင်ခဲ့လိမ့်မည် ဖြစ်ပါသော်ငြား တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ ကျူးကျော်လာသည့်နောက်တွင် ထက်ကောင်းကင်ဂိုဏ်းထဲရှိ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူ တော်တော်များများမှာ သူတို့၏ ကိုယ်ပိုင်ကြယ်များဆီသို့ ပြန်သွားကြရလေရာ ထိုသို့လုပ်နိုင်ခြင်း မရှိတော့ပေ။
"သတိထားနော်" လုံထျန်းရှန်က ရုတ်တရက် သတိပေးလိုက်လေသည်။
"ဘာကို သတိထားရမှာလဲ" ရန်ကိုင်က လုံထျန်းရှန်ကို ကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။
လုံထျန်းရှန် ခေါင်းခါလိုက်လေသည်။ ရန်ကိုင်အား သတိထားဟုသာ ပြောလိုက်ပါသော်ငြား ဘာကို သတိထားခိုင်းရမလဲဆိုသည်ကိုတော့ လုံထျန်းရှန်လည်း မမှတ်မိတော့ပေ။ သူ့စိတ်ထဲတွင်တော့ သူတို့ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းအား ကျရှုံးသွားအောင် လုပ်ခဲ့သည့် လူတစ်ဦး ရှိနေသည်ကို မှတ်မိနေခဲ့သည်။ ရန်ကိုင်အား ထိုလူကို သတိထားခိုင်းစေလိုခြင်း ဖြစ်ပေသည်။
သို့သော်ငြား ထိုလူ မည်သူမှန်း လုံထျန်းရှန် မမှတ်မိတော့ပေ။ ရန်ကိုင်မှာလည်း လုံထျန်းရှန်အား ထပ်၍ မေးကြည့်ပါသော်ငြား လုံထျန်းရှန် ပြန်မဖြေနိုင်ခဲ့။ ရန်ကိုင်သည် လုံထျန်းရှန်အား တစ်ခဏမျှ အသိစိတ်ပြန်ဝင်လာအောင် လုပ်နိုင်ခဲ့ပါသော်ငြား လုံထျန်းရှန်ကိုယ်တိုင်သည် အလောင်းကောင် ရုပ်သေးရုပ်အဖြစ်သို့ ပြောင်းလဲပြီးနေလေပြီ။ သူ၏ ဝိညာဉ်ရော ခန္ဓာကိုယ်သည်ပါ ပြန်ပြင်၍မရအောင် ထိခိုက်ပြီးနေလေပြီ။ ထိုအကြောင်းကြောင့် ခဏမျှ အသိပြန်ဝင်လာပြီးသည့်နောက်တွင် လုံထျန်းရှန်မှာ စတင်၍ သတိပြန်လွတ်လာတော့လေသည်။
လုံထျန်းရှန်၏ မျက်လုံးများမှာ ပြန်လည်၍ ခက်ထန်လာခဲ့ပြီး သူကိုယ်တိုင်သည်လည်း သားရဲတစ်ကောင်ပမာ စတင်၍ အော်ဟစ်ဟိန်းဟောက်တော့သည်။ ထိုအချင်းအရာကို မြင်လိုက်သော် ရန်ကိုင် သက်ပြင်းသာ ချလိုက်တော့လေသည်။ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ မဟာအကြီးအကဲ ယခုကဲ့သို့ အဖြစ်မျိုးနှင့် ကြုံခဲ့ရသည့်အပေါ် သူလည်း စိတ်မကောင်းပေ။
လျို့ယန်သည် ရန်ကိုင်အနားသို့ ရောက်လာခဲ့လေသည်။ ကျင့်ကြံခြင်း ဖျက်ဆီးခံလိုက်ရသော သက်လတ်ပိုင်းလူကြီးမှာတော့ မြေပြင်အထက် မလှုပ်မယှက် လဲနေလေသည်။ လျို့ယန်သည် ထိုလူအား မေးခွန်းအချို့ မေးပြီးသည့်နောက် လျစ်လျူရှုထားလိုက်လေသည်။
လက်ရှိအချိန်တွင် သက်လတ်ပိုင်း လူကြီးသည် လုံထျန်းရှန်အား အလွန်ကိုမှ ထိတ်လန့်ကြောက်ရွံ့နေသည့် အမူအရာဖြင့် လှမ်းကြည့်နေခဲ့သည်။ ထို့နောက် ရန်ကိုင်ဘက်သို့ လှည့်၍ ကြောက်လန့်တကြားဖြင့် အော်ပြောလိုက်လေသည်။ "ငါ့ကို သတ်လိုက်ပါကွာ၊ ကျေးဇူးပြုပြီး ငါ့ကို သတ်လိုက်စမ်းပါ"
သို့သော်ငြား ရန်ကိုင်ကမူ ထိုလူအား လျစ်လျူရှုထားခဲ့လေသည်။
သက်လတ်ပိုင်း လူကြီးက ထပ်မံ၍ အော်ဟစ်တောင်းဆိုပြန်လေသည်။ "ကျေးဇူးပြုပြီး ငါ့ကို အခုချက်ချင်း သတ်လိုက်ပါတော့ကွာ"
အသက်သာရှင်နိုင်မည်ဆိုလျှင် မည်သူမျှ မသေလိုကြပေ။ သို့သော်ငြား သက်လတ်ပိုင်း လူကြီး၏ ကျင့်ကြံခြင်းမှာ ပျောက်ဆုံးသွားခဲ့ရလေပြီ။ ထိုအကြောင်းကြောင့် ထွက်ပြေးနိုင်ခြင်း မရှိတော့။ သူ့ကိုသာ မည်သူမျှ လာမသတ်လျှင် သူ့အနေဖြင့် သေသည်ထက် ဆိုးရွားသည့် အဖြစ်မျိုးနှင့် ကြုံရပေတော့မည်။
လုံထျန်းရှန်မှာ သူနှင့် သက်လတ်ပိုင်း လူကြီးအကြားရှိ ရန်ငြိုးကို မှတ်မိသေးသည့်အတွက်ကြောင့်ပဲလား ထိုသို့မဟုတ်ဘဲ သက်လတ်ပိုင်း လူကြီး၏ အော်သံကြောင့်ပဲလား မသိရ။ ချက်ချင်းဆိုသလို သက်လတ်ပိုင်း လူကြီးဆီသို့ လှည့်ကြည့်လာခဲ့သည်။ ထို့နောက် ရက်စက်ကြမ်းကြုတ်သည့် အမူအရာဖြင့် သက်လတ်ပိုင်း လူကြီးဆီသို့ လျှောက်သွားလိုက်ပြီး ၎င်း၏လက်သည်းဖြင့် သက်လတ်ပိုင်း လူကြီး၏ ရင်ဘတ်ကို ထိုးစိုက်ကာ သက်လတ်ပိုင်းလူကြီးကို သူနှင့် မျက်နှာချင်းဆိုင် အနေအထားသို့ရောက်အောင် မြှောက်လိုက်သည်။
သက်လတ်ပိုင်း လူကြီးမှာတော့ အဆက်မပြတ်ကို နာကျင်စွာ အော်ဟစ်နေလေ၏။ သွေးများမှာလည်း လက်သည်းဖြင့် ထိုးစိုက်ထားခံရသည့် နေရာဆီမှ တရဟော စီးကျနေခဲ့လေသည်။ ထို့နောက်တွင် လုံထျန်းရှန်သည် ဟိန်းဟောက်အော်ဟစ်ရင်းမှ သက်လတ်ပိုင်း လူကြီး၏ ခန္ဓာကိုယ်ကို စတင်၍ ကိုက်ဖဲ့တော့လေ၏။ သက်လတ်ပိုင်း လူကြီးမှာမူ ဆိုးဆိုးရွားရွားကို အော်ဟစ်နေခဲ့လေသည်။
လုံထျန်းရှန်သည် သက်လတ်ပိုင်း လူကြီး၏ အသားကို ကိုက်ဖဲ့စားပြီးသည့်နောက် ကျွတ်ကျွတ်မြည်အောင် ဝါးစားတော့လေသည်။ သွေးများသည်လည်း လုံထျန်းရှန်၏ ပါးစပ်မှ အဆက်မပြတ် စီးကျနေခဲ့လေသည်။
"ငါ့ကို သတ်လိုက်ပါ၊ ကျေးဇူးပြုပြီး၊ အား" သက်လတ်ပိုင်း လူကြီးမှာ သူ့အား ကျေးဇူးပြုပြီး သတ်ပစ်ပေးပါရန် အဆက်မပြတ် တောင်းဆိုနေခဲ့သည်။ သို့သော်ငြား ရန်ကိုင်ကမူ သွားမသတ်ခဲ့ဘဲ အေးစက်စက် အမူအရာဖြင့်သာ စိုက်ကြည့်နေလေ၏။ လုံထျန်းရှန်သည် သက်လတ်ပိုင်း လူကြီး၏ ခန္ဓာကိုယ်ကို တစ်ကိုက်ချင်း တစ်ကိုက်ချင်း ကိုက်ဖဲ့စားပစ်နေခဲ့လေသည်။ တစ်ဆယ့်ငါးမိနစ်ခန့် ကြာပြီးသည့်နောက် သက်လတ်ပိုင်း လူကြီးမှာ အသက်ပျောက်ကာ မရဏကမ္ဘာသို့ ကူးပြောင်းသွားခဲ့ရလေသည်။
ထိုအခါမှသာလျှင် ရန်ကိုင်သည် လုံထျန်းရှန်ဆီသို့ လျှောက်သွားလိုက်လေသည်။ လုံထျန်းရှန်မှာတော့ ရန်ကိုင် သူ့ဆီသို့ ချဉ်းကပ်လာနေသည်ကို သတိထားမိသည့်အလား ရန်ကိုင်ဘက်သို့ လှည့်၍ အော်ဟစ်ဟိန်းဟောက်လိုက်လေသည်။
လုံထျန်းရှန် သူ့ဘက်လှည့်လာသည်နှင့် တစ်ပြိုင်နက် ရန်ကိုင်မှာ လက်ဝါးတစ်ချက် ရိုက်ထုတ်၍ လုံထျန်းရှန်၏ အသက်ကို ဇီဝိန်ခြွေပေးလိုက်လေသည်။
ထို့နောက်တွင် ရန်ကိုင်မှ သူ့လက်အား ဝှေ့ယမ်းလိုက်ရာ လူအချို့ ပေါ်လာခဲ့လေသည်။ ထိုလူများမှာ အခြားမဟုတ်။ လောကဓာတ်လုံးထဲတွင် ရှိနေကြသော လီကျောက်နှင့် အခြားသူများသာ ဖြစ်ကြသည်။ ယခုတစ်ကြိမ်တွင်တော့ လျူယုချင်းကိုပါ အပြင်သို့ ထုတ်ပေးလာခဲ့သည်။ လျူယုချင်း၏ ကျင့်ကြံခြင်းမှာ နိမ့်ကျပါသော်ငြား လီကျောက်မှ ကာကွယ်ပေးနေမည် ဖြစ်သည့်အတွက်ကြောင့် သူမအနေဖြင့် မည်သည့်အန္တရာယ်နှင့်မျှ ကြုံရစရာ အကြောင်းမရှိပေ။
ဘေးပတ်ဝန်းကျင်ရှိ ချောက်ချားဖွယ်ရာ မြင်ကွင်းကို မြင်လိုက်သော် လီကျောက်နှင့် အခြားသူများ ကြောင်သွားကုန်ကြလေသည်။ ရန်ကိုင်၏ မျက်နှာမှာ သုန်မှုန်နေသည်ကို မြင်သော် အကုန်လုံး ရင်တစ်ဒုန်းဒုန်း ခုန်သွားကြတော့လေ၏။
"ရောင်းရင်းလီ၊ ငါမင်းဆီကနေ အကူအညီတောင်းစရာ တစ်ခုရှိတယ်"
လီကျောက်သည် ချက်ချင်း မျက်နှာတည်လျက် ပြောလိုက်လေသည်။ "ပြောလေ ရောင်းရင်းရန်၊ အကူအညီလိုတာရှိရင် ပြောသာပြောလိုက်"
"ငါ့ကိုကူပြီးတော့ ဒီကျင့်ကြံရေးကြယ်ကို ပြန်ရအောင် သိမ်းပေးစမ်းကွာ" ရန်ကိုင်သည် မြေပြင်ကို လက်ညှိုးထိုးပြရင်းမှ ပြောလိုက်သည်။
နေလကြယ်သည် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ ပင်မကြယ်ဖြစ်သလို ရွှယ့်ယွယ် ကြီးပြင်းလာခဲ့သည့် ကြယ်လည်း ဖြစ်သည့်အလျောက် တစ်စပြင်ကန္တာရကြယ်စီရင်စုများ၏ လက်ထဲတွင် ဤကြယ်ကြီးကို မထားပစ်ခဲ့နိုင်ပေ။ လက်ရှိ ရန်ကိုင်၏ ခွန်အားအရ သူသာ ဆန္ဒရှိပါက ဤကြယ်တစ်ခုလုံးကို အလွယ်တကူ ပြန်သိမ်းနိုင်ပါသော်ငြား သူတွင် ထိုသို့လုပ်ရန် အချိန်ရှိမနေပေ။
ထိုအကြောင်းကြောင့် လီကျောက်နှင့် အခြားသူများဆီမှ အကူအညီလာတောင်းခြင်း ဖြစ်လေသည်။ တကယ်တော့ လီကျောက်နှင့် အခြားသူများအဖို့လည်း လောကဓာတ်လုံးထဲတွင် ဘာမျှမလုပ်ဘဲ နေနေရသည်မှာ ပျင်းရိဖွယ် ကောင်းလွန်းလှသည် မဟုတ်ပေလော။
"ကိစ္စမရှိဘူး" လီကျောက်က ချက်ချင်း သဘောတူလိုက်သည်။
လီကျောက်မှာ ကြယ်စီရင်စုထဲရှိ ကျင့်ကြံသူများ၏ ခွန်အားကို နားလည်ပြီးနေခဲ့လေပြီ။ သူ၏ ဧကရာဇ်တတိယအဆင့် ကျင့်ကြံခြင်းအရ ဤကြယ်စီရင်စုထဲရှိ မည်သူမျှ သူ့အား ဘာမျှလုပ်နိုင်လိမ့်မည် မဟုတ်။ အကုန်လုံးသည် သူ့အတွက်မူ သေးနုပ်သည့် ပမွှားလေးများသာ ဖြစ်ကြပေသည်။ ထို့အပြင် သူတစ်ယောက်တည်း မဟုတ်သေး။ လျူစန်းနျန်၊ ဟဲယွင်ရှန်း၊ ရွမ်ပိတင်နှင့် ကျောက်တုံးကိုယ်ပွားတို့လည်း သူနှင့်အတူ ရှိနေပေသေးသည်။
ကျင့်ကြံရေးကြယ်ကြီးမှာ အလွန်ကိုမှ ကြီးမားလှပါသော်ငြား သူတို့သာ လူခွဲ၍ လှုပ်ရှားမည်ဆိုပါက ဤကျင့်ကြံရေးကြယ်ကြီးကို လဝက်အတွင်း ပြန်သိမ်းနိုင်ပေလိမ့်မည်။
"မင်းနားမလည်တာ ရှိရင် ကျောက်တုံးကိုယ်ပွားကိုသာ မေးလိုက်၊ ဘယ်သူက ရန်သူလဲ၊ ဘယ်သူက မိတ်ဆွေလဲဆိုတာ သူပြောပြပေးလိမ့်မယ်"
"ငါသိပြီ"
ထိုလူများကို ဤနေရာတွင် ထားခဲ့ပြီးသည့်နောက် ရန်ကိုင်နှင့် လျို့ယန်သည် မြို့လယ်ခေါင်တွင် ရှိနေသော နန်းတော်ဆီသို့ ပျံသန်းသွားလိုက်လေသည်။
အစောပိုင်းက တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ ထိုနန်းတော်ထဲတွင် ရှိနေခဲ့သည်။ သို့သော်ငြား သူတို့ကြယ်စီရင်စုမှ ထိပ်တန်းပညာရှင်များ ရန်ကိုင်နှင့် လျို့ယန်၏ သတ်ပစ်ခြင်း ခံလိုက်ရသည်ကို မြင်ပြီးသည့်နောက်တွင် အကုန်လုံးမှာ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ထွက်ပြေးသွားကုန်ကြလေသည်။
ရန်ကိုင်သည် အခြားဘာကိုမျှ ဂရုစိုက်မနေဘဲ နန်းတော်ထဲသို့ တန်းဝင်လာခဲ့သည်။ မကြာမီတွင် သူယခင်က ခင်းကျင်းထားခဲ့သော ဟင်းလင်းပြင်အစီအရင် ရှိနေသည့် မြေကွက်လပ်တစ်ခုဆီသို့ ရောက်လာခဲ့လေ၏။
ဤဟင်းလင်းပြင်အစီအရင်မှာ မဖျက်ဆီးခံရသေးပေ။ သို့သော်ငြား နေရာတော်တော်များများနှင့်တော့ ဆက်သွယ်ရေး ဖြတ်တောက်ထားခြင်း ခံရလေပြီ။ ထို့အပြင် လက်ရှိ ရန်ကိုင်၏ လိုအပ်ချက်အရ ဤဟင်းလင်းပြင်အစီအရင်မှာ အတော်လေးကိုမှ နိမ့်ကျနေသည်ဟု ပြော၍ရသည်။
ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်သည် နေ့ဝက်ခန့် အချိန်ယူကာ ဟင်းလင်းပြင်အစီအရင်ကို ပြန်တည်ဆောက်၍ မွန်းစတားဧကရာဇ်ကြယ်နှင့် အရိပ်ကြယ်ပေါ်ရှိ ဟင်းလင်းပြင်အစီအရင်များနှင့် ဆက်သွယ်ပေးလိုက်လေသည်။ ထို့နောက်တွင် လျို့ယန်နှင့်အတူ နေလကြယ်မှ ထွက်လာခဲ့လေသည်။
ရန်ကိုင် စိုးရိမ်နေသည်ကို သတိထားမိလိုက်သည့်အလား လျို့ယန်က ရန်ကိုင်၏ လက်ကိုကိုင်၍ ပြောလိုက်လေသည်။ "သခင်မ ရွှယ့်ယွယ် ကျိန်းသေ အဆင်ပြေမှာပါ"
ရန်ကိုင်က အားတင်းပြုံးလျက်... "ရွှယ့်ယွယ်သာ အဲဒီနေရာကို သွားမယ်ဆိုရင်တော့ သူ့လုံခြုံရေးက စိတ်ပူစရာမလိုဘူး"
"သူ အခု ဘယ်မှာလဲ သခင်သိတာလား"
ရန်ကိုင်က ခေါင်းညိတ်လိုက်သည်။ "သူဘယ်မှာလဲဆိုတာကို ငါသိတယ်လို့ ထင်တာပဲ"
သက်လတ်ပိုင်း လူကြီး ညွှန်ပြခဲ့သည့် ကြယ်သခင် ရှိနေသော ကျင့်ကြံရေးကြယ်သည် ထုန်းရွှမ်လောကကြီးသာ ဖြစ်ရပေလိမ့်မည်။ ထုန်းရွှမ်လောကကြီး၏ ကြယ်သခင်မှာ ရှနင်းချန်ဖြစ်သည်ကို ရွှယ့်ယွယ်လည်း သိထားပေသည်။ နေလကြယ်မှာ ရန်သူများ၏ လက်အောက်သို့ ကျရောက်သွားပြီ ဖြစ်သည့်အတွက်ကြောင့် သူမ သွားနိုင်သည့် နေရာဆို၍ သုံးနေရာသာ ရှိတော့ပေသည်။ အရိပ်ကြယ်၊ မွန်းစတားဧကရာဇ်ကြယ်နှင့် ထုန်းရွှမ်လောကကြီးပင်။
အရိပ်ကြယ်သည် နေလကြယ်နှင့် အလွန်ကိုမှ ကွာလှမ်းပေသည်။ အရိပ်ကြယ်သို့ သွားနေစဉ်အတောအတွင်း ရန်သူများနှင့် မတွေ့ရပါဟု မည်သူမျှ မပြောနိုင်။ ထိုအတွက်ကြောင့် ရွှယ့်ယွယ်မှာ အရိပ်ကြယ်ကို မရွေးချယ်တော့ပေ။ မွန်းစတားဧကရာဇ်ကြယ်သည် အရိပ်ကြယ်နှင့် စာသော် ပို၍ နီးပါသော်ငြား ထိုကြယ်သည် မွန်းစတားမျိုးနွယ်စုဝင်များကသာ အုပ်ချုပ်သည့် နေရာတစ်ခုဖြစ်သည်။ ထို့အပြင် မွန်းစတားဧကရာဇ်ကြယ်ပေါ်၌ ကြယ်သခင်တစ်ပါး ရှိမနေပေ။ ထိုအတွက်ကြောင့် သိပ်၍ မလုံခြုံ။
ထိုအကြောင်းကြောင့်ပင်လျှင် ရွှယ့်ယွယ်မှာ ထုန်းရွှမ်လောကကြီးအား ရွေးချယ်လိုက်ခြင်း ဖြစ်ပေသည်။ ထုန်းရွှမ်လောကကြီး၌ ကြယ်သခင်ဖြစ်သော ရှနင်းချန် ရှိနေသည့်အပြင် သူမသည်သာ ထိုနေရာသို့ သွားလိုက်မည်ဆိုပါက ထုန်းရွှမ်လောကကြီး၏ ခွန်အားကိုပါ တိုးမြှင့်ပေးနိုင်ပေလိမ့်မည်။
လျို့ယန်သည် တစ်ခဏမျှ စဉ်းစားနေပြီးသည့်နောက် ပြန်၍ ပြောလိုက်လေ၏။ "အဲဒါဆိုရင် သခင်ဘာလို့ စိတ်ပူနေရသေးတာလဲ"
ရန်ကိုင်က ပြန်ပြောလိုက်သည်။ "ထုန်းရွှမ်လောကကြီးက အခြားကျင့်ကြံရေးကြယ်တွေနဲ့ တူတာမဟုတ်ဘူး၊ အရင်တုန်းက ထုန်းရွှမ်လောကကြီးမှာ မိုးမြေစွမ်းအင် ခန်းခြောက်သွားမယ့် ပြဿနာတစ်ခု ဖြစ်ခဲ့ဖူးတယ်၊ စီနီယာမမလေးက စွန့်စားပြီးတော့ ထုန်းရွှမ်လောကကြီးရဲ့ ကြယ်အမြုတေကို သန့်စင်လိုက်လို့၊ မဟုတ်ရင် ထုန်းရွှမ်လောကကြီး လုံးဝ ပျက်စီးသွားပြီ၊ ငါစိတ်ပူနေတာက ရွှယ့်ယွယ်ကို မဟုတ်ဘူး၊ စီနီယာမမလေးကိုပဲ"
တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများသည်သာ ထုန်းရွှမ်လောကကြီးအား အင်အားအပြည့်နှင့် သွားရောက် တိုက်ခိုက်ခဲ့မည်ဆိုလျှင် ထုန်းရွှမ်လောကကြီးအတွက်ရော ရှနင်းချန်အတွက်ရော ကောင်းတော့လိမ့်မည် မဟုတ်ပေ။ ထုန်းရွှမ်လောကကြီးမှာ အပြည့်အဝ ပြန်ကောင်းသေးသည် မဟုတ်။ စစ်မီးတောက်၏ ကူးစက်ခြင်းသာ ခံရမည်ဆိုလျှင်တော့ အနာပေါ် ဆားထပ်ပက်ခံရသလို ဖြစ်သွားပေလိမ့်မည်။ ထုန်းရွှမ်လောကကြီးပေါ်ရှိ မိုးမြေစွမ်းအင်များသာ ခန်းခြောက်သွားခဲ့မည်ဆိုလျှင်တော့ ကြယ်သခင်ဖြစ်သော ရှနင်းချန်သည်လည်း ဆိုးရွားသည့် အဆုံးသတ်နှင့် ကြုံရပေလိမ့်မည်။
ကြယ်သခင်နှင့် သူတို့နှင့် သက်ဆိုင်ရာ ကျင့်ကြံရေးကြယ်၏ ကံတရားမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေပေသည်။ တစ်စုံတစ်ဦးသည်သာ ကျင့်ကြံရေးကြယ်ကို ဖျက်ဆီးလိုက်မည်ဆိုလျှင် ထိုကြယ်၏ ကြယ်သခင်သည်လည်း အလားတူ အကျိုးဆက်နှင့် ရင်ဆိုင်ရပေလိမ့်မည်။
ရွှယ့်ယွယ် ထုန်းရွှမ်လောကကြီးဆီသို့ ပြန်သွားသည်မှာ နှစ်အတော်ကြာနေလေပြီ။ ထိုအချိန်အတောအတွင်း တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ ဘာမျှမလုပ်ဘဲ ဤအတိုင်း ထိုင်နေစရာ အကြောင်းမရှိပေ။ သူတို့အနေဖြင့် ထုန်းရွှမ်လောကကြီးဆီသို့ သွားကာ ထိုကြယ်ကို ဖျက်ဆီးရန် ကျိန်းသေ ကြိုးစားပေလိမ့်မည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရှနင်းချန်မှ ရန်သူများအား အချိန်အတန်ကြာသည်ထိ တောင့်မခံထားနိုင်မည်ကို ရန်ကိုင် စိတ်ပူနေရခြင်း ဖြစ်လေသည်။
ရန်ကိုင် ဘာကို စိတ်ပူနေသလဲဆိုသည်ကို သိလိုက်ပြီးသည့်နောက် လျို့ယန်လည်း ဆက်၍ စကားမပြောတော့ပေ။ လက်ရှိအချိန်တွင်တော့ သူမ၏ မျက်လုံးထဲ သတ်ဖြတ်လိုစိတ်တို့ ပြည့်နေခဲ့လေပြီ။
ရန်ကိုင်ကြောင့်သာလျှင် သူမ အနေဖြင့် ပြန်လည်မွေးဖွားနိုင်ခဲ့ခြင်း ဖြစ်လေသည်။ ထိုအပြင် ရန်ကိုင်၏ အကူအညီဖြင့်သာ ယနေ့ သူမ ပိုင်ဆိုင်ထားသည့် ခွန်အားမျိုးကို ပိုင်ဆိုင်လာနိုင်ခဲ့ခြင်း ဖြစ်သည်။ ရန်ကိုင်ကြောင့်သာ မဟုတ်ပါက သူမသည် မီးတောက်ကန်ထဲတွင် ပိတ်မိနေသည့် မှော်ရတနာ စိတ်ဝိညာဉ်တစ်ခုသာ ဖြစ်နေပေလိမ့်ဦးမည်။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် သူမ အနေဖြင့် အစစ်အမှန် ခန္ဓာကိုယ်တစ်ခုကို ရကောင်းရနိုင်ပါသော်ငြား ထိုသို့ဖြစ်နိုင်ဖို့ရာအတွက် အနည်းဆုံး နှစ်ပေါင်းသောင်းနှင့်ချီကာ လိုအပ်ပေလိမ့်မည်။ ထို့ကြောင့် ရန်ကိုင်သည် သူမအတွက်တော့ အရာရာပင်။ ရန်ကိုင်အား မကျေမနပ်ဖြစ်အောင် လုပ်သည့် မည်သူမဆို သူမ၏ ရန်သူသာ ဖြစ်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၄၇)
ဘာသာပြန်သူ_တိမ်တိုက်
ထုန်းရွှမ်လောကကြီးသည် ရန်ကိုင်၏ ကျင့်ကြံခြင်း ခရီးလမ်းတစ်လျှောက် ဒုတိယမြောက် ခရီးတစ်ထောက် နားခဲ့သည့် နေရာဖြစ်ပေသည်။ ထုန်းရွှမ်လောကကြီးကြောင့်သာလျှင် ရန်ကိုင်မှာ ပိုမိုမြင့်မားသည့် အဆင့်တစ်ခုဆီသို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ထုန်းရွှမ်လောကကြီးတွင် ရရှိခဲ့သော အခွင့်အရေးများသာ မပါပါက ရန်ကိုင်အနေဖြင့် ယနေ့အဆင့်အထိသို့ ရောက်လာနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
အတွေးပေါင်း မြောက်များစွာနှင့် ရန်ကိုင်သည် ထုန်းရွှမ်လောကကြီးဆီသို့ လှမ်း၍ ကြည့်လိုက်လေသည်။ ထုန်းရွှမ်လောကကြီး၏ အခြေအနေကို မြင်ပြီးသည့်နောက် သူစိတ်ပူနေသည့် ကိစ္စများမှာ အမှန်တကယ် ဖြစ်လာပြီဖြစ်ကြောင်း သိလိုက်လေ၏။
လက်ရှိအချိန်တွင် ထုန်းရွှမ်လောကကြီး၏ အခြေအနေသည် တောင်စိမ်းကြယ်ထက်ပင် ပို၍ ဆိုးရွားနေခဲ့လေသည်။ ထုန်းရွှမ်လောကကြီးမှာ ရောဂါဝေဒနာ တစ်ခုခုအား ခံစားနေရသည့်အလား အမျိုးမျိုးသော ရောဂါလက္ခဏာများကို ပြသနေခဲ့သည်။
မှင်ရည်များ ပက်ဖြန်းထားခံရသည့်အလား ထုန်းရွှမ်လောကကြီးအပေါ်တွင် အနက်ရောင် အစက်များ ရှိနေခဲ့လေသည်။ ထိုအနက်ရောင် အစက်များကို မိုင်ပေါင်းသိန်းနှင့်ချီ ဝေးကွာသည့် နေရာမှပင်လျှင် လှမ်း၍ မြင်နေရသည်။ ထိုအပြင် ကြယ်တစ်ခုလုံးကိုလည်း မှိန်ဖျဖျ အနက်ရောင်ချီများက လွှမ်းခြုံထားသေး၏။
ရန်ကိုင် စိတ်ထဲတွင်တော့ ထိုအနက်ရောင် အစက်များသည် အစီအရင်တစ်ခုခု ဖြစ်ရလိမ့်မည်ဟု ခံစားနေရလေသည်။ အနက်ရောင် အစက်များ၏ ဆက်သွယ်ထားပုံ အကွာအဝေး ခြားထားပုံတို့သည် အစီအရင်တစ်ခုနှင့် ဆင်တူနေပြီး ထိုအစီအရင်ကြီးသည် ထုန်းရွှမ်လောကကြီး တစ်ခုလုံးကို မမြင်နိုင်သည့် ပိုက်ကွန်တစ်ခုပမာ လွှမ်းခြုံထားခဲ့လေသည်။
ထိုအစီအရင်ကြီးမှာ အပြည့်အဝ အသက်မဝင်လာသေးပါသော်ငြား ၎င်း၏ စွမ်းအားကိုမူ စတင်၍ ထုတ်ပြနေခဲ့သည်။ ကြယ်တာရာ ကောင်းကင်ထဲရှိနေသော ရန်ကိုင်သည်ပင်လျှင် ထိုအစီအရင်ဆီမှ မွန်းကျပ်သည့် အရှိန်အဝါကို ခံစားနေရလေရာ ထုန်းရွှမ်လောကကြီးပေါ်တွင် ရှိနေသည့် ကျင့်ကြံသူများနှင့် သက်ရှိများဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။ ထိုအစီအရင်သာ အပြည့်အဝ အသက်ပြန်ဝင်လာမည် ဆိုပါက ထုန်းရွှမ်လောကကြီးပေါ်ရှိ သက်ရှိအားလုံး သေကျေရလိမ့်မည် ဖြစ်သလို ထုန်းရွှမ်လောကကြီးသည်လည်း ပျက်စီးသွားရပေလိမ့်မည်။
[အချိန်မီ ရောက်လာတာ ကံကောင်းသွားတယ်]
ထိုအစီအရင် မည်သည့်အချိန်တွင် အပြည့်အဝ အသက်ဝင်လာမလဲဆိုသည်ကို ရန်ကိုင် မသိပါသော်ငြား ရက်အနည်းငယ်လေး အတွင်းတော့ အပြည့်အဝ အသက်ဝင်လာနိုင်လိမ့်မည် မဟုတ်။
ယေဘုယျကျကျ ပြောရသော် ထုန်းရွှမ်လောကကြီးသည် ကြယ်သခင်တစ်ပါး ရှိနေသည့် ကြယ်တစ်လုံး ဖြစ်သည့်အတွက်ကြောင့် တစ်စပြင်ကန္တာရကျင့်ကြံသူများ ကျူးကျော်တိုက်ခိုက်ဖို့ မလွယ်ကူသည့် ကြယ်တစ်လုံး ဖြစ်သင့်ပေသည်။ တကယ်တော့ ကြယ်သခင်တစ်ပါးသည် မိမိသန့်စင်ထားသော ကြယ်တစ်လုံးပေါ်တွင်သာ ရှိနေပါက အလွန်ကိုမှ အားကောင်းလှသည့် စွမ်းအားကို ထုတ်ဖော်နိုင်သည် မဟုတ်ပေလော။
သို့သော်ငြား ထုန်းရွှမ်လောကကြီး၏ အခြေအနေမှာတော့ မတူတော့ပေ။ ရန်ကိုင်မှ လျို့ယန်အား ပြောပြခဲ့သလိုပင် ထုန်းရွှမ်လောကကြီးသည် မိုးမြေစွမ်းအင် ခမ်းခြောက်မည့် အခြေအနေနှင့် ကြုံခဲ့ရလေသည်။ ရှနင်းချန်သည်သာ စွန့်စား၍ ကြယ်အမြုတေအား မသန့်စင်ခဲ့ပါက ထုန်းရွှမ်လောကကြီးသည် ကြယ်သေတစ်လုံး ဖြစ်နေလောက်ပေပြီ။ ရှနင်းချန်မှ ထုန်းရွှမ်လောကကြီးအား ပြန်လည်ကောင်းမွန်လာအောင် ကူညီပေးနိုင်ခဲ့သည့်တိုင် နှစ်အနည်းငယ်အတွင်း ထုန်းရွှမ်လောကကြီး၏ မိုးမြေစွမ်းအင်မှာ မည်မျှများ ပြန်ပြည့်နိုင်ပါမည်နည်း။
ထို့ကြောင့် ထုန်းရွှမ်လောကကြီး၏ မိုးမြေစွမ်းအင်နှင့် နိယာမတို့သည် အခြားသော ကျင့်ကြံရေးကြယ်များထက် ပို၍ အားနည်းပေသည်။ ထိုအကြောင်းကြောင့်သာ မဟုတ်ပါက ထုန်းရွှမ်လောကကြီးပေါ်ရှိ အားအကောင်းဆုံးသော ကျင့်ကြံသူသည် သူတော်စင်အဆင့်တွင်သာ တစ်နေလိမ့်မည် မဟုတ်ချေ။ ထိုအချိန်အတောအတွင်း အခြားသော ကျင့်ကြံရေးကြယ်များမှာတော့ သူတော်စင်ဘုရင်အဆင့်နှင့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများကိုပင်လျှင် မွေးထုတ်ပေးနေခဲ့လေသည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ထုန်းရွှမ်လောကကြီးသည် အများဆုံးမှ ဆုံးရှုံးသွားသော အသက်ဓာတ် အနည်းငယ်လောက်ကိုသာ ပြန်လည်ရရှိပေးလိမ့်ဦးမည်။ ကံမကောင်းစွာဖြင့် တစ်စပြင်ကန္တာရကြယ်စီရင်စု၏ ကျူးကျော်မှုသည် ထုန်းရွှမ်လောကကြီး၏ အသက်ဓာတ်ကို ပြန်လည် ဆုတ်ယုတ်သွားစေပေလိမ့်မည်။ ရှနင်းချန်သည်သာ ထိုလူများ၏ ကျူးကျော်မှုကို ခုခံလိုပါက ကြယ်အမြုတေ စွမ်းအားကို ထုတ်သုံးရုံသာ ရှိပေလိမ့်မည်။ ကြယ်အမြုတေ စွမ်းအားကို ထပ်တလဲလဲ အသုံးပြုနေခြင်းသည် ယခုမှသာလျှင် ပြန်လည်ကောင်းမွန်လာစ ရှိသေးသော ထုန်းရွှမ်လောကကြီးအား ထိခိုက်သွားရစေနိုင်ပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် သူမအနေဖြင့် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများကို အကြာကြီး ခုခံထားနိုင်လိမ့်မည် မဟုတ်။
တစ်ခဏလေး အတွင်းမှာပင် ရန်ကိုင်သည် ရှနင်းချန် လက်ရှိကြုံနေရသည့် အခြေအနေကို နားလည်သွားတော့လေသည်။
လက်ရှိ ရန်ကိုင်အဖို့ ရှနင်းချန်နှင့် ရွှယ့်ယွယ်တို့အား မည်သည့်နေရာတွင် သွားရှာရမလဲ ဆိုသည်ကို မသိပေ။ ထုန်းရွှမ်လောကကြီးမှာ မကြီးလှပါသော်ငြား သေးလည်းမသေးပေ။ ရှနင်းချန်နှင့် ရွှယ့်ယွယ်တို့သည်သာ တစ်နေရာရာတွင် ပုန်းအောင်းနေမည်ဆိုလျှင် ရန်ကိုင်အနေဖြင့် သူတို့နှစ်ဦးအား အချိန်အတိုအတွင်း ရှာနိုင်လိမ့်မည် မဟုတ်။ ထိုအကြောင်းကြောင့် သူတို့နှစ်ဦးအား လိုက်မရှာခင် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများကို အရင်ဦးစွာ သတ်ပစ်၍ သူတို့ရန်မစသင့်သည့် လူကို လာရန်စပါက မည်ကဲ့သို့သော အကျိုးဆက်မျိုးနှင့် ရင်ဆိုင်ရမလဲ ဆိုသည်ကို သိသွားအောင် သင်ခန်းစာပေးရပေလိမ့်မည်။
ထိုသို့ စဉ်းစားပြီးသည့်နောက် ရန်ကိုင်သည် ထုန်းရွှမ်လောကကြီးဆီသို့ တစ်ဟုန်ထိုး ပြေးထွက်သွားလေ၏။ ရန်ကိုင် ဦးတည်နေသည်မှာတော့ ထုန်းရွှမ်လောကကြီးပေါ်ရှိ အကြီးဆုံးသော အနက်ရောင်အစက်သာ ဖြစ်လေသည်။ ထိုအနားသို့ ရောက်သော် ရန်ကိုင်သည် ဆက်၍ ပျံသန်းမနေတော့ဘဲ ကြယ်ပေါ်သို့ သူ့ခန္ဓာကိုယ်ကို ထိုးဆင်းသွားစေလိုက်လေသည်။ လျို့ယန်သည်လည်း ရန်ကိုင်အနောက်မှ အနီးကပ် လိုက်လာခဲ့လေသည်။
မကြာမီ ရန်ကိုင်နှင့် လျို့ယန်သည် ထုန်းရွှမ်လောကကြီး၏ လေထုထဲသို့ ရောက်လာခဲ့လေ၏။ လေထုထဲသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ခံစားမိလိုက်သည့် အရှိန်အဝါကြောင့် ရန်ကိုင်တို့ မျက်မှောင်ကြုတ်သွားခဲ့ရသည်။ ထိုအရှိန်အဝါသည် ရန်ကိုင်တို့ကဲ့သို့သော အားကောင်းလှသည့် လူများကို ဘာမျှမဖြစ်စေနိုင်ပါသော်ငြား ထုန်းရွှမ်လောကကြီးပေါ်ရှိ အားနည်းလှသော သာမန်ကျင့်ကြံသူများမှာတော့ ထိုအရှိန်အဝါဖြင့် လွှမ်းခြုံခံလိုက်ရမည် ဆိုပါက အနှေးနှင့်အမြန်ဆိုသလို စိတ်လွတ်ကာ လမ်းလျှောက်နေသော အလောင်းကောင်များ ဖြစ်သွားကြရပေလိမ့်မည်။
ကြယ်တာရာအစုအဝေးထဲမှ ထုန်းရွှမ်လောကကြီးအား လှမ်း၍ စစ်ဆေးကြည့်စဉ်က ထုန်းရွှမ်လောကကြီးမှာ အခြေအနေ မကောင်းကြောင်း တွေ့ရှိခဲ့ရသည်။ ယခု အနက်ရောင်အစက် လွှမ်းခြုံထားသော နေရာထဲသို့ ကျဆင်းလာသည့် အခါမှသာလျှင် ထုန်းရွှမ်လောကကြီး၏ အခြေအနေသည် သူထင်ထားသည်ထက် ပိုမိုဆိုးရွားနေကြောင်းကို တွေ့ရှိသွားရတော့သည်။ အနက်ရောင်အစက်သည် မည်ကဲ့သို့သော အရာမျိုး ဖြစ်သလဲဆိုသည်ကို ရန်ကိုင် မသိပါသော်ငြား ထိုအရာကြီးသည် အထဲတွင် ပိတ်မိနေသည့် လူများအား ငရဲခန်းထဲတွင် နေနေရသည့်ပမာ လုပ်ပစ်နိုင်ပေသည်။
လေပြင်းများ တဝီဝီ တိုက်ခိုက်နေပြီး ရန်ကိုင်၏ အဝတ်အစားများမှာလည်း တဖျတ်ဖျတ်ကို လှုပ်ခါနေခဲ့သည်။ ရန်ကိုင်သည် မည်သည့်ချီစွမ်းအင်ကိုမျှ အသုံးပြုထားခြင်း မရှိဘဲ သူ့ခန္ဓာကိုယ်အား ထုန်းရွှမ်လောကကြီးဆီသို့ မြေဆွဲအားဖြင့် အလိုလို ကျဆင်းသွားစေလိုက်လေသည်။ အလွန်ပြင်းထန်သော အဟုန်ကြောင့် ရန်ကိုင်မှာ လေထုနှင့် ပွတ်တိုက်ကာ သူ့ခန္ဓာကိုယ်တစ်ဝိုက် မီးတောက်များ စတင်လောင်မြိုက်လာရတော့သည်။ အောက်ဘက်မှ လှမ်းကြည့်လိုက်မည်ဆိုပါက ထုန်းရွှမ်လောကကြီးအပေါ်သို့ ဥက္ကာခဲတစ်စင်း ကျဆင်းလာနေသည်ဟုပင် ထင်သွားရနိုင်ပေသည်။
အောက်သို့ ထိုးဆင်းကျလာနေရင်းမှ ရန်ကိုင်သည် တံတောင်ကို အနောက်သို့ အနည်းငယ်ဆုတ်၍ သူ့လက်ဝါးကို ဖြန့်လိုက်သည်။ ထို့နောက် သူ့လက်ကို အရှေ့တည့်တည့်သို့ အသာအယာ တွန်းပို့ချလိုက်လေ၏။ ချက်ချင်းဆိုသလို ဧရာမ လက်ဝါးကြီးတစ်ခု ကောင်းကင်အထက် ဗြုန်းစားကြီး ပေါ်လာခဲ့လေသည်။ လက်ဝါးကြီး၏ အရွယ်အစားမှာ ရန်ကိုင် အောက်သို့ ကျလာသည်နှင့်အမျှ ပိုပို၍ ကြီးမားလာနေခဲ့လေ၏။
အနက်ရောင်အစက် လွှမ်းခြုံထားသည့် နေရာထဲတွင် အဆောက်အဦ တစ်လုံးရှိနေခဲ့လေသည်။ ထိုအဆောက်အဦထဲတွင်တော့ သေခြင်းချီတို့ဖြင့် လွှမ်းခြုံနေသော လူအိုကြီးတစ်ဦး တင်ပျဉ်ခွေ ထိုင်နေခဲ့လေ၏။ လူအိုကြီး ဝတ်ထားသည်မှာ မရဏဂိုဏ်းသားများ ဝတ်လေ့ဝတ်ထရှိသည့် အဝတ်အစားဖြစ်ပြီး ကျင့်ကြံခြင်းမှာတော့ တန်ခိုးရှင်ဘုရင် တတိယအဆင့် ဖြစ်ပေသည်။
မူလက မရဏဂိုဏ်းထဲတွင် တန်ခိုးရှင်ဘုရင် တတိယအဆင့် ပညာရှင် များများစားစား မရှိပေ။ အများဆုံးမှ အထက်ကောင်းကင်နန်းတော်တွင် ရှိသလောက်သာ ရှိလေ၏။ သို့သော်ငြား ဟုန်းလော့ကြယ်စီရင်စုထဲသို့ ကျူးကျော်လာပြီးသည့်နောက်တွင်တော့ မရဏဂိုဏ်း တစ်ဂိုဏ်းလုံးမှာ အကျိုးအမြတ်ပေါင်းများစွာ ရရှိခဲ့လေသည်။ သွေးပင်လယ် အလံတိုင်များကို ဖြစ်စေ ဝိညာဉ်တစ်သောင်း အလံတိုင်များကို ဖြစ်စေ အလောင်းကောင်များကို ဖြစ်စေ သန့်စင်ရာတွင် ကျင့်ကြံသူများကို လိုအပ်ပေသည်။ သူတို့ အသုံးပြုလိုက်သည့် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်း ပိုမိုမြင့်မားလေ မြင့်မားလေ သူတို့ ပိုမို အကျိုးကျေးဇူးများလေပင်။
မရဏဂိုဏ်းသည် တစ်စပြင်ကန္တာရကြယ်စီရင်စုကြီး တစ်ခုလုံးကို စုစည်းနိုင်ခဲ့ပြီး မည်သူမျှ သူတို့၏ အမိန့်အား လွန်ဆန်ရဲခြင်း မရှိကြပေ။ မည်သည့် အင်အားစုမှလည်း မရဏဂိုဏ်းနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိ။ ထိုသို့ပင် ဖြစ်လင့်ကစား မရဏဂိုဏ်းမှာတော့ သူတို့၏ လုပ်ရပ်များနှင့် ပတ်သက်၍ အတော်အသင့် ထိန်းထားရသည်။ အများဆုံး သူတို့အနေဖြင့် ဂိုဏ်းတစ်ခုလုံးကို ဖမ်းဆီး၍ ထိုဂိုဏ်းမှ ကျင့်ကြံသူများကို ကျင့်ကြံရေး အရင်းအမြစ်များအဖြစ် အသုံးပြုလိုပါက အကြောင်းအရင်း ကောင်းကောင်း ရှာရပေသည်။ စည်းလွတ်ဝါးလွတ် လုပ်၍မရ။ စည်းလွတ်ဝါးလွတ် လုပ်မိလျှင် ကြယ်စီရင်စုတစ်ခုလုံး၏ ဘုံရန်သူ ဖြစ်လာနိုင်ပြီး သူတို့ ဂိုဏ်းသည်ပင်လျှင် အမြစ်ပြတ်ရှင်းပစ်ခံရနိုင်ပေသည်။ မရဏဂိုဏ်းသည် ကိုယ့်အကန့်အသတ်ကိုယ် သိကာ သူတို့၏ လုပ်ထုံးလုပ်နည်းများကိုလည်း သေသေချာချာ သတိထားပေသည်။
သို့သော်ငြား ဟုန်းလော့ကြယ်စီရင်စုထဲသို့ ကျူးကျော်လာပြီးသည့်နောက်တွင်တော့ အခြေအနေမှာ မတူတော့ပေ။ သူတို့၏ ရက်စက်ကြမ်းကြုတ်သည့် စရိုက်မှာ တစ်ဖန်ပြန်လည် ထွက်ပေါ်လာခဲ့သည်။ မရဏဂိုဏ်းသားများအတွက်မူ ဟုန်းလော့ကြယ်စီရင်စုကြီးထဲရှိ ကျင့်ကြံသူများသည် သူတို့ခွန်အားကို တိုးတက်အောင် လုပ်ပေးမည့် ကျင့်ကြံရေး အရင်းအမြစ်များသာ ဖြစ်ကြလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရောက်လေရာ ကြယ်ပေါ်ရှိ မည်သည့်ကျင့်ကြံသူကိုမဆို ရက်ရက်စက်စက် သတ်ပစ်၍ သူတို့၏ ခွန်အားကို တိုးတက်အောင် လုပ်ကြသည်။
ဆယ်နှစ်ကျော် အတောအတွင်းလေးမှာပင် မရဏဂိုဏ်းမှ ကျင့်ကြံသူများသည် ကျင့်ကြံရေးကြယ်ပေါင်းများစွာကို ကျူးကျော်၍ ကျင့်ကြံသူပေါင်းများစွာကို သတ်ပစ်ခဲ့ကြသည်။ ထိုအကြောင်းကြောင့်ပင်လျှင် မရဏဂိုဏ်းသားများ၏ ကျင့်ကြံခြင်းမှာ အနည်းဆုံး အဆင့်သစ်တစ်ခုခန့် တိုးတက်လာခဲ့ရလေသည်။ အကြီးအကဲများနှင့် ကာကွယ်သူများမှာတော့ ပိုမိုကောင်းမွန်သည့် အကျိုးကျေးဇူးများကို ရရှိခဲ့ကြလေ၏။ တန်ခိုးရှင်အဆင့် ကျင့်ကြံသူများမှာ တန်ခိုးရှင်ဘုရင်အဆင့်သို့ ရောက်သွားကြသလို တန်ခိုးရှင်ဘုရင် ပထမအဆင့်များမှာလည်း တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သို့ ရောက်သွားကြပြီး တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူများဆိုလျှင်တော့ တန်ခိုးရှင်ဘုရင် တတိယအဆင့်များသို့ပင် ရောက်ကုန်ကြလေသည်။
တစ်ယောက်စ နှစ်ယောက်စသာ တိုးတက်သွားလျှင် ကိစ္စမရှိပါသော်ငြား တကယ့်ပြဿနာသည် မရဏဂိုဏ်း တစ်ဂိုဏ်းလုံး တိုးတက်သွားခဲ့ကြခြင်းပင်။ ထိုအကြောင်းကြောင့်ပင်လျှင် ဟုန်းလော့ကြယ်စီရင်စုကြီးအား ဆယ်နှစ်ကြာအောင် ကျူးကျော်တိုက်ခိုက်ပြီးသည့်နောက် မရဏဂိုဏ်း၏ ခွန်အားသည် အထက်ကောင်းကင်နန်းတော်အား အပြတ်အသတ်ကို ကျော်တက်သွားတော့လေသည်။
လက်ရှိအချိန်တွင် မရဏဂိုဏ်းထဲ တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ရောက်နေသည့် ပညာရှင် ဆယ်ဦးကျော်မက ရှိနေခဲ့သည်။ တန်ခိုးရှင်ဘုရင် ဒုတိယအဆင့်သို့ ရောက်နေသည့် ပညာရှင်များမှာလည်း အဆက်မပြတ်ကို ထွက်ပေါ်လာနေခဲ့လေသည်။
ပျားသကာ၏ ချိုမြလှသော အရသာကို မြည်းစမ်းပြီးသည့်နောက် မရဏဂိုဏ်းသားများသည် သောက်လေသောက်လေ ပိုပို၍ အငတ်မပြေ ဖြစ်လာရတော့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် အခြားသော ကျင့်ကြံရေးကြယ်များအား အဆက်မပြတ်ကို ကျူးကျော်တိုက်ခိုက်ကြတော့လေသည်။ မည်သူမျှ သူတို့အား တားဆီးနိုင်ခဲ့ခြင်း မရှိကြ။ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းသည်ပင်လျှင် သူတို့၏ လက်အောက်သို့ ကျရောက်ခဲ့ရလေရာ အခြားသော အင်အားစုများဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။ ကြယ်သခင်များ ရှိနေသော ကျင့်ကြံရေးကြယ်များသည်သာ သူတို့အား အတိုင်းအတာတစ်ခုအထိ ပြန်လည် ခုခံနိုင်ကြသည်။
ထုန်းရွှမ်လောကကြီးသည် မရဏဂိုဏ်းအား ကျူးကျော်ရခက်အောင် လုပ်နိုင်သည့် ကျင့်ကြံရေးကြယ်များအနက် တစ်လုံးအပါအဝင် ဖြစ်လေသည်။ ကံမကောင်းစွာဖြင့် ထုန်းရွှမ်လောကကြီးသည် မရဏဂိုဏ်းအား အနည်းငယ် ခက်ခဲသွားအောင်သာ လုပ်နိုင်ခဲ့လေသည်။ မူလကတည်းက ထုန်းရွှမ်လောကကြီး၏ မိုးမြေစွမ်းအင်နှင့် လောကနိယာမများမှာ အားနည်းနေခဲ့ကြသည်။ ထိုအကြောင်းကြောင့် ကြယ်သခင်မှာလည်း ထူးထူးခြားခြားကို အားကောင်းလှသည့် စွမ်းအား ထုတ်ဖော်နိုင်ခြင်း မရှိတော့ချေ။
သူတို့အတွက် ပို၍ ကောင်းမွန်သွားသည့် အချက်မှာ ဤထုန်းရွှမ်လောကကြီးပေါ်တွင် အားကောင်းလှသည့် ကျင့်ကြံသူပေါင်းများစွာ စုဝေးနေကြခြင်းပင်။ ဤကြယ်ကြီးကိုပါ သိမ်းပိုက်လိုက်နိုင်မည်ဆိုပါက သူတို့ မရဏဂိုဏ်းသားများအတွက် ကျင့်ကြံရေး အရင်းအမြစ်ပေါင်းများစွာ ရရှိလာရပေလိမ့်မည်။ ကံကောင်းလျှင် သူတို့၏ ဂိုဏ်းသည် နောက်ထပ် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးကိုပင်လျှင် ထပ်မံမွေးထုတ်နိုင်ပေလိမ့်မည်။
ထိုအကြောင်းကြောင့်ပင်လျှင် မရဏဂိုဏ်းသည် ထုန်းရွှမ်လောကကြီးအား မရရအောင် သိမ်းပိုက်ထားရန် ကြံရွယ်ထားခဲ့လေရာ ဤနေရာဆီသို့ တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူ ငါးဦးတိတိ စေလွှတ်ခဲ့လေသည်။ ထိုအပြင် ထိုငါးဦးထဲ၌ တစ်ဦးမှာ ရွှယ့်ယွယ်နှင့် သူမ၏ အဖွဲ့သားများကို ဤနေရာသို့ ထွက်ပြေးလာအောင် လုပ်ခဲ့သော မရဏဂိုဏ်း၏ ဒုဂိုဏ်းချုပ် ရှင်းရွှမ်မင်သာ ဖြစ်လေသည်။ လက်ရှိ အဆောက်အအုံထဲ၌ တင်ပျဉ်ခွေ ထိုင်နေသည့် လူအိုကြီးမှာလည်း မရဏဂိုဏ်း၏ ဒုဂိုဏ်းချုပ်ဖြစ်သူ ရှင်းရွှမ်မင်သာ ဖြစ်၏။
ထုန်းရွှမ်လောကကြီးပေါ်တွင် တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ရောက်နေသော အမျိုးသမီး ကြယ်သခင်တစ်ပါး ရှိနေကြောင်းကို ရှင်းရွှမ်မင် သိထားပါသော်ငြား ရှင်းရွှမ်မင်ကမူ ထိုအမျိုးသမီးကို ကြောက်မနေခဲ့ပေ။
ထုန်းရွှမ်လောကကြီးသည်သာ အားကောင်းသည့် ကြယ်တစ်လုံး ဖြစ်နေမည်ဆိုလျှင်တော့ သူ့အနေဖြင့် ကြောက်ကောင်းကြောက်မိ ပေလိမ့်မည်။ သို့သော်ငြား ထုန်းရွှမ်လောကကြီးသည် အလွန်ကိုမှ အားနည်းလွန်းလှသည်။ သူသည်သာ ထုန်းရွှမ်လောကကြီးထဲရှိ မိုးမြေစွမ်းအင်များကို စုပ်ထုတ်ပစ်လိုက်မည်ဆိုပါက ထုန်းရွှမ်လောကကြီးသည် သူ့ဘက်မှ ဘာမျှမလုပ်ရဘဲနှင့်ပင် သူ့အလိုလို ပျက်စီးသွားပေလိမ့်မည်။ ကျင့်ကြံရေးကြယ် ပျက်စီးသွားပြီးသည့်နောက် ကြယ်သခင်သည်လည်း ဆိုးရွားသည့် အဆုံးသတ်နှင့် ကြုံရပေလိမ့်မည်။ ကြယ်သခင် မရှိတော့သည့်နောက်တွင် ကြယ်သခင် အားကိုးဖြင့် ပုန်းအောင်းနေရသော ထိုကြွက်စုတ်လေးများ ဘာမျှ ပြန်လုပ်နိုင်ကြတော့လိမ့်မည် မဟုတ်။
ထိုအကြောင်းကြောင့်ပင်လျှင် ချုပ်နှောင်ခြင်းရှစ်သွယ် အစီအရင်ကို ခင်းကျင်းထားခဲ့ရခြင်း ဖြစ်လေသည်။ အစီအရင်သည်သာ အပြည့်အဝ အသက်ဝင်လာခဲ့မည်ဆိုလျှင် ထုန်းရွှမ်လောကကြီးတစ်ခုလုံးကို အပြည့်အဝ ချိတ်ပိတ်သွားပေလိမ့်မည်။ ထိုသို့သာ ဖြစ်သွားမည်ဆိုပါက ထုန်းရွှမ်လောကကြီးအနေဖြင့် ကြယ်တာရာကောင်းကင်ထဲမှ မည်သည့်စွမ်းအားကိုမျှ စုပ်ယူနိုင်တော့လိမ့်မည် မဟုတ်ဘဲ အမြစ်မရှိသည့် သစ်ပင်တစ်ပင်ပမာ ဖြစ်သွားရပေလိမ့်မည်။ ထိုမျှသာလျှင် မဟုတ်သေး။ ဤချုပ်နှောင်ခြင်းရှစ်သွယ် အစီအရင်သည် မရဏကမ္ဘာ၏ အမြုတေကို ဆင့်ခေါ်နိုင်ပေသည်။ ထို့နောက်တွင် မရဏကမ္ဘာ၏ စွမ်းအားသည် ထုန်းရွှမ်လောကကြီးအနှံ့ စတင်၍ ပျံ့နှံ့လာပေလိမ့်မည်။ ထိုသို့ ဖြစ်လာပြီးနောက် ထုန်းရွှမ်လောကကြီးသည် မရဏဂိုဏ်းသားများအတွက် သုခဘုံတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ကာ အခြားသော ကျင့်ကြံသူများအတွက်မူ ငရဲခန်းတစ်ခု ဖြစ်လာရပေလိမ့်မည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က ရှင်းရွှမ်မင်နှင့် သူ့အဖွဲ့သည် ရွှယ့်ယွယ်တို့နောက်သို့ လိုက်၍ ဤနေရာသို့ ရောက်လာခဲ့ရသည်။ ထိုစဉ်က ဤကြယ်ကြီး၏ ကြယ်သခင်သည် သူတို့အား ကြားဖြတ် ဟန့်တားခဲ့ပါသော်ငြား အပြည့်အဝ တားဆီးနိုင်ခဲ့ခြင်း မရှိချေ။ လွန်ခဲ့သည့် နှစ်များအတွင်း မရဏဂိုဏ်းနှင့် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ အခြားသော ကျင့်ကြံသူများသည် ထုန်းရွှမ်လောကကြီးအနှံ့ ကျူးကျော်တိုက်ခိုက်ကြလေသည်။ နောက်ဆုံးတွင်တော့ ထုန်းရွှမ်လောကကြီးပေါ်၌ ရှိနေသော ကျင့်ကြံသူများသည် သူတို့ကြယ်သခင် အားကိုးဖြင့် နေရာငယ်လေးတစ်ခုတွင်သာ ပုန်းအောင်းနေကြရတော့သည်။
[ဒီချုပ်နှောင်ခြင်းရှစ်သွယ် အစီအရင် အသက်ဝင်လာဖို့က နှစ်ဝက်လောက်ပဲ လိုတော့တာ၊ အစီအရင်သာ အသက်ဝင်လာပြီ ဆိုရင်တော့ကွာ ကြယ်သခင် ရှိနေလည်း ခုခံဖို့ စဉ်းစားမနေတော့နဲ့၊ အကုန်လုံး ငါ့လက်ထဲ ရောက်ပြီသာ မှတ်ပေတော့]
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၄၈)
ဘာသာပြန်သူ_တိမ်တိုက်
ရုတ်တရက်ဆိုသလို ရှင်းရွှမ်မင်မှာ အန္တရာယ်အငွေ့အသက်တို့ကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းတွင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည့် ဖိအားတစ်ရပ်မှာ တောင်တစ်လုံး သူ့အပေါ် ပြိုဆင်းကျလာသည့်ပမာ ရှင်းရွှမ်မင်၏ခန္ဓာကိုယ်အား စိစိညက်ညက်ကြေအောင် ဖိချလာနေခဲ့လေသည်။ ထိုကြီးစွာသောဖိအားကြောင့် ရှင်းရွှမ်မင်မှာ ထိန်းမထားနိုင်တော့ဘဲ သွေးတစ်ပွက် ထိုးအန်လိုက်ရလေ၏။
ရှင်းရွှမ်မင်ရှိနေသည့်နေရာသည် ချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင်အမြုတေ ရှိနေသည့် နေရာလည်း ဖြစ်ပေသည်။ ထိုအကြောင်းကြောင့် ဤနေရာသည် အစောင့်အကြပ်ထူထဲလှကာ မရဏဂိုဏ်းနှင့် တစ်စပြင်ကန္တာရကြယ်စီရင်စု၏ အခြားသောဂိုဏ်းများမှ ထိပ်သီးပညာရှင်များလည်း ဤနေရာ၌ ရှိနေကြလေ၏။ ထိုအကြောင်းကြောင့်ပင်လျှင် ဤနေရာကို မည်သူမျှ လာတိုက်ခိုက်ရဲလိမ့်မည်မဟုတ်ဟုလည်း ရှင်းရွှမ်မင် မှတ်ယူထားခဲ့သည်။ သူထင်ထားသည့်အတိုင်းလည်း တကယ်ကိုဖြစ်ခဲ့ပေသည်။ ထုန်းရွှမ်လောကကြီး၏ ဒေသခံများသည် ချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင်အား စတင်ခင်းကျင်းနေသည့်အချိန်တွင်သာ သူတို့အား တိုက်ခိုက်ခဲ့ကြပြီး အစီအရင်ကို ခင်းကျင်းပြီးသွားသည့်နောက်ပိုင်း သဲလွန်စမကျန်ကို ပျောက်ကွယ်သွားခဲ့ကြလေသည်။
ထိုအကြောင်းကြောင့်ပင်လျှင် ရှင်းရွှမ်မင်မှာ ဘာကိုမှ စိတ်မပူဘဲ စိတ်အေးလက်အေးဖြင့် တံခါးပိတ်ကျင့်စဉ်ဝင်နေခြင်း ဖြစ်လေသည်။ ဤချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင် အပြည့်အဝ အသက်ဝင်လာသည်အထိ ထိုင်စောင့်နေပေလိမ့်မည်။ အစီအရင် အပြည့်အဝ အသက်ဝင်လာချိန်တွင်တော့ တံခါးပိတ်ကျင့်စဉ်ဝင်နေရာမှ ထွက်ကာ ဤကြယ်တစ်ခုလုံးကို သွေးချောင်းစီးသွားအောင် လုပ်ပစ်ပေလိမ့်မည်။
ပုံမှန်အားဖြင့် တံခါးပိတ်ကျင့်စဉ်ဝင်နေပါက လုံးဝကို ငြိမ်သက်တိတ်ဆိတ်အေးချမ်းသည့်နေရာမျိုးတွင် ကျင့်ကြံခြင်းသည်သာ အကောင်းဆုံးဖြစ်ပေသည်။ တံခါးပိတ်ကျင့်စဉ်ဝင်နေသည့်လူများကိုလည်း သွားနှောင့်ယှက်လို့ အဆင်မပြေပေ။ သို့သော်ငြား ရုတ်တရက်ထွက်ပေါ်လာသည့် ကြီးစွာသောဖိအားသည် ရှင်းရွှမ်မင်အား ကျင့်စဉ်ဝင်နေရာမှ ရုတ်တရက် ပြန်လည်နိုးထလာစေခဲ့သည်။ ထိုမျှလောက်သာဆိုလျှင်တော့ ရှင်းရွှမ်မင် ဒဏ်ရာရလိမ့်ဦးမည်မဟုတ်။ သို့သော်ငြား သူ့အပေါ်သို့ ကျဆင်းလာသည့်ဖိအားမှာ အလွန်တရာကိုမှ ပြင်းထန်လွန်းလှသည့်အတွက်ကြောင့် ရှင်းရွှမ်မင်မှာ တောင့်မခံနိုင်တော့ဘဲ ဒဏ်ရာရသွားကာ သွေးတစ်ပွက်ထိုးအန်လိုက်ရခြင်း ဖြစ်လေသည်။ ထိုဖိအားကို တောင့်ခံနိုင်ရန်အတွက် ရှင်းရွှမ်မင်မှာ ကြောက်လန့်တကြားဖြင့် သူတော်စင်ချီကို အရူးအမူး လှည့်ပတ်လိုက်ရသည်။
ထို့နောက်တွင် တင်ပလင်ခွေထိုင်နေရာမှ ခက်ခက်ခဲခဲဖြင့် ကုန်းထ၍ အဆောက်အဦးအပြင်ဘက်သို့ ထွက်လိုက်လေ၏။
အပြင်ဘက်သို့ ရောက်လာပြီးသည့်နောက် လှည့်ပတ်ကြည့်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပြဿနာပေါင်းစုံတက်နေကြောင်း တွေ့လိုက်ရလေသည်။ တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ရောက်ရှိလာကြသော တပည့်ပေါင်းများစွာသည် သွေးအပွက်ပွက်အန်ထွက်ရင်း မြေပြင်ပေါ်တွင် ပြားပြားကပ်နေခဲ့သည်။ အားနည်းသည့်ကျင့်ကြံသူများဆိုလျှင် ဖိအားဒဏ်ကိုမခံနိုင်ဘဲ ပေါက်ကွဲထွက်ကာ သေဆုံးနေကုန်ကြလေ၏။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရာနှင့်ချီသောကျင့်ကြံသူများ နေရာတွင်ပင် ပွဲချင်းပြီး သေသွားခဲ့ကြရလေသည်။
ခေါင်းမော့၍ကြည့်လိုက်ရာ ရှင်းရွှမ်မင်၏မျက်လုံးများ မှေးစင်းသွားခဲ့ရသည်။ သူ့မြင်ကွင်းထဲ ဘာဆိုဘာမှ ရှိမနေတော့။ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံလုမတတ် ကြီးမားလွန်းလှသော လက်ဝါးကြီးတစ်ခုသာ ရှိနေတော့သည်။ ထိုလက်ဝါးကြီး မည်မျှကြီးမားသလဲဆိုလျှင် ချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင်အမြုတေတစ်ခုလုံးကိုပင်လျှင် လွှမ်းခြုံထားလုမတတ် ဖြစ်နေခဲ့သည်။
(ဘယ်သူ ငါတို့ကို တိုက်ခိုက်နေတာလဲ…) အမျိုးမျိုးသော အန္တရာယ်အခက်အခဲအသွယ်သွယ်ကို ကြုံခဲ့ဖူးသည့် ရှင်းရွှမ်မင်သည်ပင်လျှင် ထိတ်လန့်တုန်လှုပ်နေခဲ့ရလေပြီ။ (ဒါ သာမန်တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦး ထုတ်သုံးနိုင်တဲ့စွမ်းအားမျိုး မဟုတ်ဘူး… ဒီလိုစွမ်းအားမျိုးကို ထုတ်သုံးနိုင်တဲ့လူဆိုလို့ ဒီကြယ်ရဲ့ ကြယ်သခင်ပဲရှိတယ်… ဒါပေမယ့် ကြယ်သခင်က မိန်းမပါ… လက်ဝါးပိုင်ရှင်က ယောက်ျားကြီး… ဘယ်လိုလုပ်ပြီး ဒီလိုတွေ ဖြစ်နေရတာလဲ… ငါတို့ကို တိုက်ခိုက်နေတာကရော ဘယ်သူလဲ…)
လက်ရှိအချိန်တွင်တော့ ရှင်းရွှမ်မင်မှာ ထိုအကြောင်းများကို စဉ်းစားမနေနိုင်တော့ပေ။ သူ့အနေဖြင့် ကျဆင်းလာနေသည့် လက်ဝါးကြီးကို ဦးစွာ တားရပေလိမ့်မည်။ ထိုသို့သာမလုပ်နိုင်ပါက ချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင်အမြုတေ ထိခိုက်သွားရပေလိမ့်မည်။ ဤနေရာရှိလူများ သေဆုံးသွားရမည်ကို ထည့်မစဉ်းစားလျှင်ပင် ထိုလက်ဝါးချက်ကြီးသည် သူတို့ အနှစ်နှစ်အလလ ပြင်ဆင်လာခဲ့ရသည့် ချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင်ကို ဖျက်ဆီးနိုင်သည့်အတွက်ကြောင့် ရှင်းရွှမ်မင်မှာ ထိုလက်ဝါးချက်ကို အတတ်နိုင်ဆုံး တားဆီးရပေလိမ့်မည်။
ရှင်းရွှမ်မင်၏ပိန်ပိန်ပါးပါးခန္ဓာကိုယ်ကြီးမှာ လေထိုးခံလိုက်ရသည့် ပူပေါင်းတစ်လုံးပမာ ရုတ်တရက်ဆိုသလို ဖောင်းကားတက်လာခဲ့သည်။ တစ်ချိန်တည်းတွင်လည်း သူ့လက်ထဲ၌ အစီအရင်ကျောက်စိမ်းတစ်ခု ပေါ်လာခဲ့ပြီး လက်ကွက်များဖန်တီး၍ အစီအရင်ကျောက်စိမ်းထဲသို့ သူတော်စင်ချီကို ထည့်သွင်းလိုက်လေသည်။
ချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင်သည် တစ်သီးတစ်ခြားလည်ပတ်နေသော အစီအရင်ငယ်လေးရှစ်ခုဖြင့် ဖွဲ့စည်းထားသည့် အစီအရင်ကြီးတစ်ခုဖြစ်သည်။ လက်ရှိ ရှင်းရွှမ်မင်ရှိနေသည့်နေရာမှာ အစီအရင်အမြုတေရှိနေသည့်နေရာ ဖြစ်သည့်အလျောက် အခြားသောနေရာ ခုနှစ်နေရာထက် ပိုမိုများပြားသောစွမ်းအားကို ထုတ်ဖော်နိုင်ပေသည်။
ရှင်းရွှမ်မင်၏လက်ထဲတွင် ရှိနေသည့် အစီအရင်ကျောက်စိမ်းမှာမူ အစီအရင်အမြုတေကို ထိန်းချုပ်သည့်ပစ္စည်း ဖြစ်ပေသည်။ ချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင် အသက်ဝင်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ထက်မှ ကျဆင်းလာနေသည့်ရန်ကိုင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူ့အောက်တွင်ရှိနေသော အနက်ရောင်အစက်ကြီးသည် ရုတ်တရက်ဆိုသလို တွန့်လိမ်လာခဲ့ပြီး ပတ်ဝန်းကျင်အနီးအနားတစ်ဝိုက်တွင် ရှိနေသော အနက်ရောင်ချီတို့မှာလည်း စတင်၍ စုဝေးလာခဲ့ကာ မကြာမီတွင် ဧရာမတစ္ဆေလက်ကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့လေသည်။
ထိုလက်ကြီးသည် အလွန်ကိုမှ အားကောင်းလှသည့် အရှိန်အဝါကို ထုတ်လွှတ်နေခဲ့ပြီး မိုင်တစ်ရာခန့် အရွယ်အစား ရှိပေသည်။ ထိုသို့ပင်ဖြစ်လင့်ကစား ထိုလက်ကြီးမှာ သာမန်တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူများအတွက် အားကောင်းနေခြင်းသာဖြစ်ပေသည်။ ရန်ကိုင်ကဲ့သို့သောလူများအတွက်မူ ထိုတစ္ဆေလက်ကြီးမှာ ဘာမှမပြောပလောက်တော့။ တကယ်တော့ ရန်ကိုင်ကိုယ်တိုင်သည် တန်ခိုးရှင်ဘုရင်တတိယအဆင့်ကိုကျော်လွန်၍ တာအိုသခင်အဆင့်ကိုပင် ချိုးဖြတ်ကာ ဧကရာဇ်အဆင့်သို့ရောက်နေသည့်သူတစ်ဦး မဟုတ်လေလော။
“အလုပ်တော့ ရှုပ်ရတော့မှာပဲ…” ထိုသို့ရေရွတ်ပြီးသည့်နောက် ရန်ကိုင်သည် သူ့လက်ထဲသို့ အားနည်းနည်း ထပ်စိုက်လိုက်လေသည်။ ကောင်းကင်ထက်မှ ကျဆင်းလာနေသည့် လက်ဝါးချက်ကြီးမှာလည်း ရုတ်တရက်ဆိုသလို အရွယ်အစား နှစ်ဆခန့် ဖြစ်သွားခဲ့လေ၏။ အရွယ်အစားကြီးမားလာသည့်အလျောက် လက်ဝါးချက်ကြီးဆီမှ ထွက်ပေါ်နေသည့်ဖိအားမှာလည်း ပိုမိုပြင်းထန်လာခဲ့လေသည်။
မူလက အေးစက်စက်မျက်နှာထားဖြင့် ရှိနေသည့် ရှင်းရွှမ်မင်မှာလည်း ထိတ်လန့်တုန်လှုပ်သွားတော့လေသည်။ ချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင်အမြုတေကို ထိန်းချုပ်ထားသူတစ်ဦး ဖြစ်သည့်အလျောက် ရန်သူ၏ အလစ်ချောင်းတိုက်ခိုက်မှုကို အောင်မြင်စွာ တားဆီးနိုင်လိမ့်မည်ဟု မျှော်မှန်းထားခဲ့ပါသောင်ြား လက်ဝါးချက်ကြီး ရုတ်တရက် အရွယ်အစားကြီးမားလာသည်ကို မြင်ပြီးသည့်နောက် ရှင်းရွှမ်မင် ထိုကဲ့သို့ ယုံကြည်ချက်မရှိတော့ပေ။
(သူ့ခွန်အားအကုန် မဟုတ်သေးဘူးလား…) သူများ အမြင်တွေမှားနေသလားဟု ထင်မိပါသော်ငြား သူခံစားနေရသည့်ဖိအားသည် သူအမြင်မှားနေခြင်းမဟုတ်ကြောင်းကို သက်သေပြနေခဲ့လေသည်။
ရှင်းရွှမ်မင်၏ မင်သက်နေသည့်အကြည့်အောက်တွင် ဧရာမတစ္ဆေလက်ကြီးနှင့် ကောင်းကင်ထက်မှ ကျဆင်းလာနေသည့် လက်ဝါးချက်ကြီးတို့ ထိပ်တိုက်တွေ့သွားခဲ့သည်။ လက်ဝါးချက်ကြီးသည် တစ်ခဏမျှ ရပ်တန့်သွားခဲ့ပြီးသည့်နောက် အောက်သို့ ဆက်လက်၍ ကျဆင်းလာခဲ့လေ၏။ သို့သော်ငြား လက်ဝါးချက်ကြီး၏ အရောင်မှာတော့ သိသိသာသာကို မည်းမှောင်နေခဲ့လေသည်။ မည်သို့ပင်ဖြစ်လင့်ကစား တစ္ဆေလက်မှာလည်း အခြေအနေမကောင်းခဲ့ပေ။ လက်ဝါးချက်ကြီး၏ ဖိနှိပ်မှုအောက်တွင် တစ္ဆေလက်မှာ တစ်စတစ်စနှင့် စတင်၍ ပျက်စီးလာနေခဲ့လေပြီ။ ရှင်းရွှမ်မင်မှာ မည်သို့ပင် ကြိုးစားနေစေကာမူ ကျဆင်းလာနေသည့် လက်ဝါးချက်ကြီးကို တားဆီးနိုင်ခဲ့ခြင်း မရှိပေ။
“ဘုန်း…” ဟူသော အသံနှင့်အတူ လောကကြီးတစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားခဲ့လေသည်။
လက်ဝါးချက်ကြီး အောက်သို့ ကျဆင်းလာခဲ့ပြီး အားကောင်းလှသည့်ဖိအားတို့နှင့် စွမ်းအင်လှိုင်းတို့မှာလည်း အဘက်ဘက်သို့ ဖြာထွက်လာခဲ့ကြလေသည်။ အပေါ်စည်းမှ ငုံ့ကြည့်လိုက်မည်ဆိုလျှင် ယခင်က အနက်ရောင်အစက်ရှိနေခဲ့သည့်နေရာတွင် ဧရာမလက်ဝါးရာကြီးတစ်ခု ရှိနေသည်ကို အတိုင်းသား မြင်တွေ့ရပေလိမ့်မည်။
“ဘုန်း… ဘုန်း… ဘုန်း…”
ပေါက်ကွဲသံများနှင့်အတူ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲထွက်ကာ သေဆုံးကုန်ကြလေသည်။ တန်ခိုးရှင်ဘုရင်အဆင့်အောက် မည်သည့်ကျင့်ကြံသူမှ ဒဏ်ရာမရဘဲ လွတ်မြောက်သွားခဲ့ခြင်းမရှိ။ ကျင့်ကြံသူများအနက် ဖိအားဒဏ်ကြောင့် ဒဏ်ရာရသူကရ လက်ဝါးဒဏ်ကိုမခံစားနိုင်ဘဲ သေသူကသေဖြင့် ရှိကုန်ကြလေသည်။ ထိုကျင့်ကြံသူများနည်းတူ အဆောက်အဦးများမှာလည်း လက်ဝါးချက်ကြီး၏ဒဏ်ကို မခုခံနိုင်ခဲ့ဘဲ တစ်စစီ ကျိုးကြေပျက်စီးကုန်လေသည်။
တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူအချို့သည်သာ ကံကောင်းထောက်မစွာဖြင့် အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့သည်။ သို့ပင်လျှင် ထိုသူများသည်လည်း ဆိုးဆိုးရွားရွား ဒဏ်ရာရထားကုန်ကြလေသည်။ အကုန်လုံးမှာ ဘာတွေဖြစ်လို့ဖြစ်နေမှန်း သေသေချာချာမသိကြ။ သူတို့သိသည်မှာတော့ ရုတ်တရက်ဆိုသလို ကြီးစွာသောဖိအားကို ခံစားရပြီးသည့်နောက် ယခုကဲ့သို့ ဆိုးဆိုးရွားရွား အဖြစ်မျိုးနှင့် ကြုံလိုက်ရသည်ကိုသာ။ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ပြီးသည့်နောက် အကုန်လုံးမှာ ထိတ်လန့်မှုကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားကုန်ကြလေသည်။ ချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင်မှာ ပျက်စီးသွားခဲ့လေပြီ။ လွန်ခဲ့သောနှစ်ပေါင်းများစွာအတွင်း သူတို့ သေသေချာချာပြင်ဆင်ခဲ့ရသော သူတို့၏ကြိုးစားအားထုတ်မှုအားလုံးမှာ အချည်းအနှီး ဖြစ်သွားခဲ့လေပြီ။ သူတို့နှင့်အတူပါလာသော ရာနှင့်ချီသည့်တပည့်များမှာလည်း သေသူကသေ ဆိုးဆိုးရွားရွားဒဏ်ရာရသူကရဖြင့် ရှိကုန်ကြလေသည်။
ရှင်းရွှမ်မင်ကိုယ်တိုင်မှာလည်း အခြေအနေမဟန်။ သွေးအပွက်ပွက်အန်ထုတ်နေရသလို သူ့ဒူးအောက်ဘက်ပိုင်းတစ်ခုလုံးမှာလည်း ပျက်စီးသွားခဲ့ရလေသည်။
ရှင်းရွှမ်မင်သည် ဤနေရာတွင် အားအကောင်းဆုံးကျင့်ကြံသူတစ်ဦးဖြစ်သလို အစီအရင်အမြုတေကိုလည်း ထိန်းချုပ်ထားသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင်၏ အကူအညီဖြင့် ကျူးကျော်လာသူကို တားဆီးနိုင်လိမ့်မည်ဟု ထင်ထားခဲ့ပါသော်ငြား တစ်ဖက်လူ၏ခွန်အားကို အထင်သေးမိသွားခဲ့သည်။ ချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင် ပျက်စီးသွားပြီးသည့်နောက်တွင် လက်ဝါးချက်၏ခွန်အားကို ဆီးခံခဲ့ရသူတစ်ဦး ဖြစ်သည့်အလျောက် ရှင်းရွှမ်မင်၏အခြေအနေမှာ အဆိုးဆုံးဖြစ်လေသည်။ သူ့လက်ထဲရှိ အစီအရင်ကျောက်စိမ်းသည်ပင်လျှင် လက်ဝါးချက်ကို မခံနိုင်ဘဲ ပေါက်ကွဲထွက်သွားခဲ့ရသည်။ အခြားသောတန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူများမှာ ဒဏ်ရာအသီးသီးရသွားခဲ့ပါသော်ငြား ရှင်းရွှမ်မင်လောက်တော့ အခြေအနေမဆိုးပေ။
(ဘယ်သူလဲ… ဒီလောက်အားကောင်းတဲ့လူ ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ… ချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင်ကိုတောင် လက်ဝါးချက်တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်ရလောက်အောင် ဘယ်သူက ဒီလောက်တောင် အားကောင်းနေရတာလဲ…) တစ်ခုခုကို ခံစားမိလိုက်သည့်အလား ရှင်းရွှမ်မင်သည် အပေါ်သို့ မော့ကြည့်လိုက်ရာ လူငယ်လေးတစ်ဦးသည် ကောင်းကင်ထက်မှ ဖြည်းဖြည်းချင်း ဆင်းလာနေကြောင်း တွေ့လိုက်ရလေသည်။
(သူလား…) ကောင်းကင်စိတ်အာရုံဖြင့် ဖြန့်ကျက်စစ်ဆေးကြည့်လိုက်သည့်အခါတွင် လူငယ်လေး၏ကျင့်ကြံခြင်းကို အာရုံခံနိုင်ခြင်းမရှိကြောင်း ရှင်းရွှမ်မင်တွေ့ရှိလိုက်ရသည်။ ထိုလူငယ်လေးနှင့်အတူ အသက်ခုနှစ်နှစ် ရှစ်နှစ်လောက်သာ ရှိမည်ထင်ရသော် ကလေးမလေးတစ်ဦးသည်လည်း ပါလာခဲ့လေသည်။ ထိုကလေးမမှာ အတော်လေးကိုမှ ချစ်စဖွယ်ကောင်းသလို အသက်ငယ်သေးပါသော်ငြား ထိုကလေးမလေးဆီမှ ကြောက်မက်ဖွယ်ရာဖိအားတစ်ရပ်ကို ရှင်းရွှမ်မင် ခံစားမိနေလေသည်။
“လူ… လူကြီးမင်းက ဘယ်သူများလဲ…” ရှင်းရွှမ်မင်သည် နာကျင်မှုကို တင်းခံရင်းမှ ခါးသက်သက်လေသံဖြင့် မေးလိုက်လေသည်။ ထိုလူ၏အကြည့်အောက်ဝယ် ရှင်းရွှမ်မင်မှာ ထွက်ပြေးဖို့ရာပင် စိတ်မကူးဝံ့တော့ပေ။ ယနေ့တွင် သူ့ဘဝ၏အဆုံးသတ်နှင့် ကြုံရတော့မည်မှန်း ရှင်းရွှမ်မင်း သိနေခဲ့ပါသော်ငြား အနည်းဆုံးတော့ မသေခင် သူဘာကြောင့်သေသွားရသလဲ သူ့အား မည်သူက သတ်သွားခဲ့သလဲဆိုသည်ကိုတော့ သိချင်မိပေသည်။
(ငါမသေခင် ကျန်တဲ့လူတွေကို ဒီအကြောင်း အကြောင်းကြားရင် ကြားနိုင်မှာ…)
“ငါ လူမှားပြီး သတ်လိုက်တာမဟုတ်ဘူးပဲ…” ရန်ကိုင်သည် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများကို ဝေ့ကြည့်လိုက်သည်။ ပြီးမှသာလျှင် ရှင်းရွှမ်မင်ဆီသို့ လျှောက်သွားပြီး ရှင်းရွှမ်မင်၏ရင်ဘတ်ပေါ် ခြေထောက်တစ်ချောင်းတင်၍ ထိုခြေထောက်ပေါ် လက်တင်ရင်းမှ ခေါင်းငုံ့၍ ရှင်းရွှမ်မင်အား မေးလိုက်လေ၏။ “သက်ကြားအိုကြီး… ဒီကြယ်ရဲ့ကြယ်သခင်က ဘယ်မှာလဲ…”
“ထွီ…” ရှင်းရွှမ်သည် ရန်ကိုင်မျက်နှာတည့်တည့်သို့ သွေးတစ်ပွက်ကို ထွေးထုတ်လိုက်လေသည်။ ရန်ကိုင်သည် သူ၏ရန်သူဖြစ်ကာ သူ့အနေဖြင့် တစ်ဖက်လူ၏လက်မှ လွတ်မြောက်နိုင်တော့လိမ့်မည်မဟုတ်မှန်း သိသည့်အတွက်ကြောင့် ရှင်းရွှမ်မင်သည် တစ်ဖက်လူအား ခယနေရန် လုံးဝ မစဉ်းစားတော့။ မသေခင်အချိန်အတောအတွင်း တစ်ဖက်လူအား ထိခိုက်နိုင်သမျှ ထိခိုက်သွားအောင် လုပ်ပစ်ရမည်ဟုသာ ဆုံးဖြတ်ထားခဲ့သည်။
ရန်ကိုင်က သူ့လက်ကိုဝှေ့ယမ်းချလိုက်ရာ ရှင်းရွှမ်မင်ထွေးထုတ်လိုက်သည့်သွေးသည် လမ်းကြောင်းပြောင်းသွားပြီး ရှင်းရွှမ်မင်၏ပါးစပ်ထဲသို့ ပြန်လည်တိုးဝင်သွားခဲ့လေသည်။ သို့သော်ငြား အကြောင်းအရင်းအချို့ကြောင့် ထိုသွေးမှာ ရုတ်တရက်ဆိုသလို အလွန်တရာကိုမှ မာကျောလာခဲ့ကာ ရှင်းရွှမ်မင်၏သွားများပင် ကျိုးသွားခဲ့ရလေ၏။ ထို့နောက် ရန်ကိုင်က ကြမ်းကြုတ်စွာပြုံးလျက် “ကျုပ်ကို သွေးနဲ့လာထွေးရဲတယ်ပေါ့ ဟုတ်လား… ခွေးအိုကြီး… ခင်ဗျား အသက်ရှင်ရတာ ငြီးငွေ့နေတာလား…”
ရှင်းရွှမ်မင်က လှောင်ပြောင်ပြောဆိုလိုက်လေသည်။ “သတ်မယ်ဆိုရင်လည်းသတ်လိုက်… မင်း ဘာတွေလေကုန်ခံနေတာလဲ…”
ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “သတ်ဖို့… ခင်ဗျားသတ်ခိုင်းတိုင်းသတ်ရအောင် ခင်ဗျားက ဘာမို့လို့လဲ…”
“မင်းငါ့ကိုမသတ်ရင် ငါပြန်ကောင်းလာတာနဲ့ မင်းကို ဒီထက် အဆတစ်ရာမကဆိုးတဲ့အဖြစ်မျိုးနဲ့ ကြုံအောင် လုပ်ပစ်မှာကွ…” ရှင်းရွှမ်မင်က ပြန်အော်ပြောလိုက်သည်။
“အဲ့လိုဆိုလုပ်လေ… ကျုပ် ခင်ဗျားကို စောင့်နေမယ်…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ရှင်းရွှမ်မင်၏ရင်ဘတ်ပေါ်မှ သူ့ခြေထောက်ကို ဖယ်၍ အခြားသောတန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးအား လှမ်း၍ကြည့်လိုက်လေသည်။
ရန်ကိုင်ဘေးနားတွင်ရှိနေသော ရှင်းရွှမ်မင်၏မျက်လုံးထဲ ဝမ်းသာအားရအရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့သည်။ (ဒီနည်းလမ်းက တကယ်အလုပ်ဖြစ်တာပဲဟ…)
ရန်ကိုင်သည် ရုတ်တရက် ရှင်းရွှမ်မင်ဘက်သို့လှည့်၍ လှောင်ပြောင်လိုက်လေသည်။ “ကျုပ် ခင်ဗျားကို လွှတ်ပေးမယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်… ဟုတ်တယ်မလား…”
ရှင်းရွှမ်မင် ရင်တဒုန်းဒုန်းခုန်သွားခဲ့ပြီး သူ၏သူတော်စင်ချီကို အလျင်စလိုလှည့်ပတ်ရန် ကြိုးစားလိုက်လေသည်။ သို့သော်ငြား သူ ဘာမှမလုပ်နိုင်သေးခင်မှာပင် အားကောင်းလှသည့်စွမ်းအားတစ်ရပ် သူ့ခေါင်းဆီသို့ တိုးဝင်လာခဲ့လေ၏။ ထို့နောက်တွင် ရှင်းရွှမ်မင်မှာ မျက်လုံးအပြူးသားဖြင့် ဘဝတစ်ပါးသို့ ကူးပြောင်းသွားရတော့လေသည်။
“တကယ်ကိုဉာဏ်များတဲ့ခွေးအိုကြီးပဲ…” ရန်ကိုင်က နှာခေါင်းရှုံ့လိုက်လေသည်။ ထို့နောက် ဒဏ်ရာရနေသည့် တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများကိုကြည့်၍ အော်မေးလိုက်လေ၏။ “ကဲ… အခု ခင်ဗျားတို့ထဲက ဘယ်သူ ကျုပ်မေးခွန်းကို ဖြေပေးမှာလဲ…”
တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးက သတိထား၍ ပြန်မေးလိုက်လေသည်။ “ငါတို့ဖြေပေးရင် မင်း ငါတို့ကိုလွှတ်ပေးမှာလား…”
ထိုစကားကို ပြောပြီးပြီးချင်းမှာပင် ထိုတန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူ၏ ခန္ဓာကိုယ် တုန်တုန်ရီရီ ဖြစ်သွားခဲ့သည်။ ထို့နောက် သူ့လက်နှစ်ဖက်စလုံး အလိုလို ပြုတ်ထွက်သွားခဲ့လေ၏။ အလွန်ပြင်းထန်သည့် နာကျင်မှုကြောင့် တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူမှာ နာကျင်စွာအော်ဟစ်ရင်းမှ နောက်သို့ ဒယီးဒယိုင်ဆုတ်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားခဲ့လေသည်။ ထို့နောက် သူ့ခြေထောက်နှစ်ဖက်လုံး အေးစက်စက်ဖြစ်သွားသလို ခံစားလိုက်ရသည့်အတွက်ကြောင့် ငုံ့ကြည့်လိုက်ရာ ခြေထောက်နှစ်ဖက်စလုံးလဲ ပြတ်နေကြောင်းကို တွေ့လိုက်ရလေ၏။ ထို့နောက်တွင် သူ့ဝမ်းဗိုက်နေရာ နာကျင်လာခဲ့ပြီး သူ၏ဒန်တျန်မှာ ပျက်စီးသွားခဲ့ရာ သူတော်စင်ချီတို့သည် သူ့ခန္ဓာကိုယ်ထဲမှ အဆီးအတားမရှိ အပြင်သို့ စိမ့်ထွက်လာကုန်ကြလေ၏။ သူ၏ကျင့်ကြံခြင်းသည်လည်း ဖျက်ဆီးခံလိုက်ရလေပြီ။
ထိုမြင်ကွင်းကိုကြည့်ရင်း လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်သွားကြရတော့သည်။
ရန်ကိုင်ကမူ အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “မေးနေတာက ကျုပ်… ဖြေမဖြေ ဆုံးဖြတ်ရမှာက ခင်ဗျားတို့အပိုင်းပဲ…”
“တိုက်ကြ…” တစ်ယောက်ယောက်က ထအော်လိုက်လေသည်။
ရန်ကိုင်၏လုပ်ပုံကိုမြင်ပြီးသည့်နောက် ရန်ကိုင်သည် သူတို့အား မည်သည့်နည်းနှင့်မျှ အသက်ရှင်ခွင့် ပေးလိမ့်မည်မဟုတ်မှန်း ထိုလူများ သိလိုက်ကြသည်။ ဤနေရာတွင်ရှိနေသည့်လူတိုင်းမှာ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများ ဖြစ်ကြကာ အရူးများမဟုတ်ကြ။ ရန်ကိုင် သူတို့အား အသက်ရှင်ခွင့်ပေးမည်ဟု ပြောလာမည်ဆိုလျှင်ပင် မည်သူမျှ ရန်ကိုင်စကားကို ယုံရဲကြလိမ့်မည်မဟုတ်။ သူတို့အနေဖြင့် အသက်ရှင်လိုပါက အတူပူးပေါင်း၍ ရန်ကိုင်အား တိုက်ခိုက်ရုံသာ ရှိပေတော့မည်။
“တိုက်ကြ…” အခြားတစ်ယောက်ကလည်း ချက်ချင်း ပြန်အော်ဟစ်လိုက်ပြီးသည့်နောက် အကုန်လုံး ရန်ကိုင်ဆီသို့ တစ်ပြိုင်တည်း ပြေးဝင်လာကြလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၄၉)
ဘာသာပြန်သူ_တိမ်တိုက်
မကြာမီတွင် မြေပြင်တစ်ခုလုံး အလောင်းများနှင့် ပြည့်နှက်သွားတော့သည်။ အသက်ရှင်ကျန်ရစ်သည့်လူဆို၍ ရန်ကိုင်နှင့် လျို့ယန်တို့သာ ရှိကြတော့သည်။
အဆုံးတွင်တော့ လူတိုင်းသည် သေသည်အထိတိုင် အသည်းမာသွားနိုင်ကြသူများ မဟုတ်ကြချေ။ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူများသည် အတူတကွပူးပေါင်း၍ ရန်ကိုင်အား တိုက်ခိုက်ခဲ့ကြပါသော်ငြား သူတို့၏လုပ်ရပ်သည် ကျောက်တောင်အား ကြက်ဥနှင့် ပစ်ပေါက်နေခြင်းသာ ဖြစ်ပေသည်။ သူတို့ မည်သို့ပင် ကြိုးစားနေစေကာမူ ရန်ကိုင်အား အနည်းငယ်မျှပင် ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ဘဲ သူတို့သည်သာ ပြန်လည် အသတ်ခံလိုက်ကြရသည်။ နောက်ဆုံး၌ တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးမှာ ရန်ကိုင်၏ဖိအားကို တောင့်မခံနိုင်တော့ဘဲ ရန်ကိုင်သိချင်နေသည့်အကြောင်းအရာများကို ပြောပြလာခဲ့သည်။ အကျိုးဆက်အနေဖြင့် ထိုတန်ခိုးရှင်ဘုရင်အဆင့်ပညာရှင်သည် သေဘေးမှ လွတ်မြောက်နိုင်ခဲ့ခြင်း မရှိပါသော်ငြား မြန်မြန်ဆန်ဆန်တော့ သေသွားနိုင်ခဲ့ပေသည်။
“ဘုံကိုးခုထွဋ်မြတ်နယ်မြေ…” ရန်ကိုင်သည် တစ်ခုသောဘက်ဆီသို့ လှမ်းကြည့်ရင်းမှ တွေးလိုက်လေ၏။ (မရောက်ဖြစ်တာတောင် ကြာပါပြီလား…)
ရန်ကိုင်သည် ထုန်းရွှမ်လောကကြီးတွင် ရှိစဉ်က ဘုံကိုးခုထွဋ်မြတ်နယ်မြေ၏ တော်ဝင်သခင်ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ဘုံကိုးခုထွဋ်မြတ်နယ်မြေမှလူများကို အရိပ်ကြယ်ဆီသို့ ခေါ်သွားခဲ့ပါသော်ငြား အရိပ်ကြယ်သို့ရောက်နေစဉ်အတောအတွင်း ထိုလူများကို လုံးဝမတွေ့ခဲ့ရပေ။
ကြည့်ရသလောက် ထိုလူများသည် ရှနင်းချန်နှင့်အတူ ထုန်းရွှမ်လောကကြီးဆီသို့ ပြန်လာခဲ့သည့်ပုံပင်။ တကယ်တော့ ဤနေရာသည် သူတို့၏မွေးရပ်မြေပင် မဟုတ်လေလော။ သူတို့၏မွေးရပ်မြေကို အခြားလူများမှ ဖျက်ဆီးနေမည်ကို သူတို့အနေဖြင့် မည်သို့များ ရပ်ကြည့်နေနိုင်ပါမည်နည်း။ ထို့အပြင် ရှနင်းချန်မှာ ရန်ကိုင်အား လွမ်းဆွတ်သည့်အတွက်ကြောင့်လည်း ဘုံကိုးခုထွဋ်မြတ်နယ်မြေကို သူမ၏ဌာနချုပ်အဖြစ် ရွေးချယ်ခဲ့လေသည်။
“သွားရအောင်…” ရန်ကိုင်က လျို့ယန်ကို ပြောလိုက်သည်။
ထိုသို့ဖြင့် ရန်ကိုင်နှင့် လျို့ယန်တို့သည် ဘုံကိုးခုထွဋ်မြတ်နယ်မြေဆီသို့ ထွက်လာခဲ့ကြလေသည်။
ရှင်းရွှမ်မင် အသတ်ခံလိုက်ရပြီး ချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင် ပျက်စီးသွားပြီးသည့်နောက် ထုန်းရွှမ်လောကကြီးထဲရှိ အနက်ရောင်အစက်များအနက် တစ်စက်ထဲတွင် ရှိနေသော တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူလူအိုကြီးတစ်ဦး ရုတ်တရက် တုန်တုန်ရီရီ ဖြစ်သွားခဲ့သည်။ ထို့နောက် တင်ပလင်ခွေထိုင် ကျင့်ကြံနေရာမှ ကြောက်ကြောက်ရွံ့ရွံ့အမူအယာဖြင့် ချက်ချင်း မျက်လုံးဖွင့်လာခဲ့လေသည်။ လက်ရှိအခိုက်အတန့်တွင် ထိုလူအိုကြီးမှာ တစ်ခုခုအား အာရုံခံမိလိုက်လေသည်။ မသိလျှင် ဆိုးဆိုးရွားရွားအန္တရာယ်တစ်ခုခု သူ့ဆီသို့ ကျရောက်လာတော့မည့်အလား။ ထိုအကြောင်းကြောင့် လူအိုကြီးသည် မျက်မှောင်ကျုံ့၍ အစီအရင်ကျောက်တုံးကိုထုတ်ကာ အစီအရင်ကျောက်တုံးထဲသို့ သူတော်စင်ချီထည့်သွင်း၍ စမ်းသပ်ကြည့်လိုက်သည်။ စမ်းပြီးပြီးချင်းမှာပင် လူအိုကြီး၏အမူအယာ ပြောင်းလဲသွားတော့လေ၏။
အစီအရင်ကျောက်တုံးသည် ချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင်အား ထိန်းချုပ်သည့် ပစ္စည်းတစ်ခုဖြစ်သည်။ ချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင်၏ ထူးခြားလှသော ဝိသေသလက္ခဏာတို့ကြောင့် ဤအစီအရင်ကျောက်တုံးသည် အခြားသောအစီအရင်ကျောက်တုံးခုနှစ်ခုနှင့် ဆက်သွယ်နိုင်ပေသည်။
အခြားသောနေရာခြောက်ခုရှိ အစီအရင်ကျောက်တုံးများမှာ အဆင်ပြေနေပါသော်ငြား ချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင်အမြုတေ ရှိနေသည့် နေရာဆီမှ မည်သည့်တုံ့ပြန်မှ ရှိမနေတော့ပေ။
လက်ရှိကိစ္စသည် အလွန်ကိုမှ အရေးကြီးသည့်အတွက်ကြောင့် လူအိုကြီးမှာ အနည်းငယ်မျှပင် တုံ့ဆိုင်းမနေရဲခဲ့ဘဲ ချက်ချင်း ထိုင်ရာမှထ၍ လျို့ဝှက်ခန်းတစ်ခန်းထဲသို့ အမြန်ဝင်သွားခဲ့သည်။ ထိုလျို့ဝှက်ခန်းတစ်ခန်းလုံးမှာ အမျိုးမျိုးသော အစီအရင်များ၊ အင်းကွက်များဖြင့် ပြည့်နေခဲ့လေသည်။
လူအိုကြီးမှ အစီအရင်တစ်ခုကို အသက်သွင်းလိုက်သည့်နောက် အခန်းတစ်ခန်းလုံး လင်းထိန်သွားခဲ့လေသည်။ တစ်ခဏအကြာ၌ ဝိုးတိုးဝါးတားပုံရိပ်တစ်ခု လူအိုကြီး၏ရှေ့၌ ရုတ်တရက် ပေါ်လာခဲ့လေသည်။ ထိုလူသည် မည်သည့်မျက်နှာအသွင်အပြင်ကိုမှ ပိုင်ဆိုင်ထားခဲ့ခြင်းမရှိဘဲ လူတစ်ဦး၏ အပြင်ပန်းပုံစံကိုသာ ပိုင်ဆိုင်ထားလေသည်။ ပေါ်လာပြီးပြီးချင်းမှာပင် ထိုလူက ပြောလိုက်လေ၏။ “တတိယအကြီးအကဲ… ငါလည်း မင်းကို အခုပဲ ဆက်သွယ်တော့မလို့… ဒုဂိုဏ်းချုပ်ရှင်း ရှိနေတဲ့နေရာမှာ ပြဿနာတစ်ခုခု ဖြစ်သွားတယ်နဲ့တူတယ်… ဘာတွေဖြစ်နေလဲဆိုတာကို ငါ လှမ်းမေးဖို့ လုပ်လိုက်ပေမယ့် ဘယ်လိုမှ ဆက်သွယ်လို့မရဘူး… ပြီးတော့ အဲ့ကအစီအရင်ကျောက်တုံးနဲ့လည်း ဆက်သွယ်လို့မရပြန်ဘူး… အဲ့မှာဘာတွေဖြစ်နေတာလဲ မင်းသိလား တတိယအကြီးအကဲ…”
ထိုစကားကိုကြားလိုက်ချိန်တွင်တော့ တတိယအကြီးအကဲမှာ ပို၍ပင် ခံစားချက်မကောင်း ဖြစ်သွားရလေသည်။ သူ့အစီအရင်ကျောက်တုံးတစ်ခုတည်းသည်သာ အစီအရင်အမြုတေနှင့် ဆက်သွယ်၍ မရခဲ့လျှင် ထိုအရာသည် အစီအရင် တစ်ခုခုချို့ယွင်းသွား၍ ပြန်ပြင်၍ရသည့် ကိစ္စတစ်ခုဖြစ်ပေသည်။
ကံမကောင်းစွာဖြင့် ကြည့်ရသလောက် သူတစ်ယောက်တည်းသာလျှင် ထိုပြဿနာကို ကြုံနေရခြင်းမဟုတ်ဘဲ အခြားသူများသည်လည်း အလားတူပြဿနာကို ကြုံနေရသည့်ပုံပင်။ ယခု သူ့အား ဤစကားကိုပြောလာသည့်လူမှာ အစီအရင်အမြုတေနှင့် အနီးဆုံးတွင်ရှိနေသည့် လူတစ်ဦး ဖြစ်လေရာ ကြည့်ရသလောက် ဒုဂိုဏ်းချုပ်ရှင်း ရှိနေသည့်နေရာ၌ တကယ်ကြီး ပြဿနာတက်သွားသည့်ပုံပင်။
တတိယအကြီးအကဲက ပြန်၍ပြောလိုက်လေသည်။ “ငါလည်း အဲ့ပြဿနာကြောင့် မင်းကိုလှမ်းခေါ်လိုက်တာ… အသေးစိတ်တော့ ငါလည်းမသိဘူး… ကြည့်ရသလောက်တော့ အဲ့မှာ ပြဿနာတစ်ခုခု ဖြစ်သွားတဲ့ပုံပဲ… ဒါပေမယ့် ဒုဂိုဏ်းချုပ်ရှင်းက ဘာမှပြန်မပြောသေးဘူးဆိုတော့ အခြားသူတွေဘယ်လိုနေလဲ အခြေအနေကို တစ်ချက်စောင့်ကြည့်ကြတာပေါ့…”
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ဝိုးတိုးဝါးတားပုံရိပ်ပေါင်းများစွာ လျှို့ဝှက်ခန်းထဲ ပေါ်လာခဲ့ကြလေသည်။ ထိုလူများသည် တစ်ဦးနှင့်တစ်ဦး အလွန်ကိုမှ ဝေးကွာသည့် နေရာတွင် ရှိနေကြပါသော်ငြား ယခုကဲ့သို့ မျက်နှာချင်းဆိုင်ကာ ဆက်သွယ်နိုင်ကြသည်။ ထိုသိုလုပ်နိုင်ကြရခြင်းမှာ လျှို့ဝှက်ခန်းထဲတွင်ရှိနေသည့် အစီအရင်၏ ကျေးဇူးကြောင့်သာလျှင် ဖြစ်ပေသည်။
လက်ရှိအချိန်၌ တတိယအကြီးအကဲအပါအဝင် လျှို့ဝှက်ခန်းထဲ လူခုနှစ်ဦး ရှိနေခဲ့သည်။ ထိုလူများသည် အခြားမဟုတ်ကြဘဲ ထုန်းရွှမ်လောကကြီးပေါ်တွင် ခင်းကျင်းထားသော ချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင်၏ အစိတ်အပိုင်းခုနှစ်ခုအား အသီးသီးစောင့်ကြပ်နေကြသော တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ထိပ်တန်းပညာရှင်များသာ ဖြစ်ကြလေသည်။
အချင်းချင်း အပြန်အလှန် ဆွေးနွေးတိုင်ပင်ပြီးသည့်နောက်တွင် လူတိုင်းမှာ ထိတ်လန့်ဖွယ်ရာအချက်တစ်ချက်ကို ရှာတွေ့သွားခဲ့လေသည်။ ထိုအချက်မှာတော့ အခြားမဟုတ်။ အစီအရင်အမြုတေနှင့် အဆက်အသွယ်ပြတ်တောက်သွားသည့်အချက်ပင်။ ထို့အပြင် ဒုဂိုဏ်းချုပ်ရှင်းဆီမှလည်း မည်သည့်သတင်းမှ မကြားရပေ။ ထိုအချင်းအရာကိုသိလိုက်ပြီးသည့်နောက် လျှို့ဝှက်ခန်းတစ်ခန်းလုံး ယာယီမျှ တိတ်ကျသွားခဲ့သည်။ ထို့နောက် တစ်ယောက်ယောက်က ကြောက်လန့်တကြားဖြင့် အလန့်တကြားဆိုလိုက်လေ၏။ “ဖြစ်နိုင်တာက…”
“မဖြစ်နိုင်ဘူး…” တစ်ယောက်ယောက်က ချက်ချင်း ငြင်းလိုက်သည်။ “ဒုဂိုဏ်းချုပ်ရှင်းက တန်ခိုးရှင်ဘုရင်တတိယအဆင့် ကျင့်ကြံသူတစ်ဦးပဲ… ငါတို့ထဲက ဘယ်သူမှ သူ့ပြိုင်ဘက် ဖြစ်နိုင်တာမဟုတ်ဘူး… ပြီးတော့ အခုလောလောဆယ် ဒုဂိုဏ်းချုပ်ရှင်းက ချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင်ရဲ့ အစီအရင်အမြုတေကို ထိန်းချုပ်ထားတာ… ဘယ်သူကများ သူ့ပြိုင်ဘက် ဖြစ်နိုင်မှာလဲ… ဒုဂိုဏ်းချုပ်ရှင်း တစ်ခုခုဖြစ်သွားစရာအကြောင်းတော့ မရှိဘူး…”
“တတိယညီလေးယို့… မင်းက အစီအရင်အမြုတေနဲ့ အနီးဆုံးဆိုတော့ မင်း ဘာမြင်လိုက်လဲ ငါတို့ကို တစ်ချက်ပြောပြပါလား…” လူတိုင်း၏အကြည့်သည် ပထမဦးဆုံးပေါ်လာသည့်လူဆီသို့ ရောက်လာခဲ့လေသည်။
တတိယညီလေးယို့ဆိုသူက လေသံတိုးတိုးဖြင့် ပြန်၍ပြောလိုက်လေသည်။ “ငါမြင်လိုက်တာတော့ ကောင်းကင်ပေါ်ကနေ အလင်းတန်းတစ်ခု ကျလာတာပဲ… ပြီးတော့ မြေပြင်တစ်ခုလုံး ငလျင်လှုပ်သလိုမျိုး တသိမ့်သိမ့်တုန်ခါသွားတာ… အဲ့အချိန်ကနေစပြီးတော့ အစီအရင်အမြုတေနဲ့ ဘာဆက်သွယ်မှုမှ မရတော့ဘူး…”
လျှို့ဝှက်ခန်းတစ်ခုလုံး နောက်တစ်ကြိမ် ထပ်မံတိတ်ဆိတ်သွားခဲ့ပြန်လေသည်။
တတိယညီလေးယို့ဆိုသူက ဆက်၍ပြောလိုက်လေသည်။ “ငါကိုယ်တိုင်လည်း မယုံနိုင်ဘူးဆိုပေမယ့် အခုအခြေအနေကို ကြည့်ရတာတော့ ဒုဂိုဏ်းချုပ်ရှင်း တကယ်ကြီး…” ထိုသို့ပြောနေရင်းမှ တတိယညီလေးယို့၏ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ရီသွားခဲ့လေသည်။ ဒုဂိုဏ်းချုပ်ရှင်းသာ တကယ်ကြီးသေသွားခဲ့မည်ဆိုလျှင်တော့ မရဏဂိုဏ်းသည် အလွန်တရာကိုမှ အားကောင်းလှသည့် ရန်သူတစ်ဦးကို သွားရန်စမိလိုက်ပြီဟု ပြော၍ရပေသည်။ သို့သော်ငြား မည်သူကများ ထိုမျှ အားကောင်းနိုင်ရလေသနည်း။
“တတိယအကြီးအကဲ… ငါတို့ အခု ဘာလုပ်ကြမလဲ…”
တတိယအကြီးအကဲသည် မှုန်ကုပ်ကုပ်အမူအယာဖြင့် တစ်ခဏမျှကြာအောင် စဉ်းစားနေပြီးသည့်နောက် ပြန်၍ ပြောလိုက်လေသည်။ “အခုတော့ ခြေရာဖျောက်မှပဲရတော့မယ်…”
ထိုစကားကိုကြားသော် လူတိုင်း ထိတ်လန့်သွားခဲ့ကြပြီး တစ်စုံတစ်ဦးက ချက်ချင်း ကန့်ကွက်လိုက်လေသည်။ “တတိယအကြီးအကဲ… အဲ့လိုမျိုးလုပ်လို့တော့ အဆင်မပြေဘူးနော်… ငါတို့ ဒီအစီအစဉ်ဖြစ်မြောက်ဖို့ နှစ်နဲ့ချီကြာအောင် အချိန်ဆွဲလာခဲ့ရတာ… အခု တကယ်အောင်မြင်ဖို့ နှစ်ဝက်လောက်ပဲလိုတော့တယ်… ငါတို့သာ အလျင်စလို လှုပ်ရှားလိုက်လို့ရှိရင် ငါတို့ကြိုးစားထားသမျှ အားလုံး သဲထဲရေသွန် ဖြစ်ကုန်ရလိမ့်မယ်…”
“ဟုတ်တယ် တတိယအကြီးအကဲ… ဒုဂိုဏ်းချုပ်ရှင်းရဲ့အခြေအနေကို အတည်ပြုပြီးမှ ဆုံးဖြတ်ရင် နောက်မကျသေးဘူးနော်…”
“အရူးတွေ…” တတိယအကြီးအကဲက ပြန်ထအော်လေသည်။ “မင်းတို့ အမှန်တရားကို လက်မခံချင်နေမှန်း ငါသိတယ်… ဒါပေမယ့် အချက်အလက်တွေက မင်းတို့ရှေ့မှာရှိနေတာကို ဘယ်လိုလုပ်ပြီး ငြင်းချင်နေသေးတာလဲ… ဒုဂိုဏ်းချုပ်ရှင်းသာ အဆင်ပြေပြေနဲ့ ရှိနေမယ်ဆိုရင် ငါတို့ကို မဆက်သွယ်ပဲနေမယ်ထင်လား… ပြီးတော့ ချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင်အမြုတေကိုလည်း ဆက်သွယ်ကြည့်လို့ မရတော့ဘူး… အဲ့ဒါ ဘာဖြစ်လို့လဲ သိလား… ဟိုဘက်မှာ လုံးဝ ပြဿနာတက်သွားလို့ပေါ့ကွ… ဒီတော့ ငါတို့ကို ဘယ်သူပဲတိုက်ခိုက်လာ တိုက်ခိုက်လာ အဲ့တိုက်ခိုက်လာတဲ့သူက ငါတို့ လုံးဝ ရင်ဆိုင်နိုင်တဲ့လူမျိုးမဟုတ်ဘူး…”
(ငါတို့ရန်သူက အစီအရင်အမြုတေကို ထိန်းချုပ်ထားနိုင်တဲ့ ဒုဂိုဏ်းချုပ်ရှင်းကိုတောင် သတ်ပစ်နိုင်တယ်ဆိုတော့ ငါတို့ကိုလည်း သတ်ပစ်နိုင်မှာပဲ…)
“ဒါပေမယ့် ငါတို့ကြိုးစားထားသမျှအားလုံးကို ဒီအတိုင်း အလကားအဖြစ်ခံလို့တော့ ဘယ်ဖြစ်ပါ့မလဲ…”
“တတိယအကြီးအကဲပြောချင်တာက…”
တတိယအကြီးအကဲက လှောင်ပြုံးပြုံးလျက် “အခု တွင်းထဲကနေ မြွေကို မျှားခေါ်ဖို့ အချိန်ရောက်ပြီ… ဟိုပွန်းရုပ်လေးကိုသိတယ်မလား… အခု အဲ့ဒါကိုသုံးဖို့ အချိန်ပဲ… ငါတို့သာ ကြယ်သခင်ကို ထိန်းချုပ်သွားနိုင်မယ်ဆိုရင် ချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင် ရှိရှိမရှိရှိ ကိစ္စမရှိတော့ဘူး… ပြီးတော့ အဲ့ရန်သူကိုလည်း ကြောက်နေစရာမလိုတော့ဘူး…”
ထိုစကားကိုကြားသည့်အခါ လူတိုင်း အတွေးထဲ နစ်မျောသွားကုန်ကြလေသည်။ တတိယညီလေးယို့ဆိုသူက ပထမဦးဆုံး သဘောတူလိုက်လေ၏။ “ငါ တတိယအကြီးအကဲပြောတာကို သဘောတူတယ်…”
အဓိကအကြောင်းအရင်းမှာတော့ သူတို့ လက်ရှိနေနေသည့်နေရာတွင် ဆက်နေ၍လည်း ဘာမှအကျိုးမထူးတော့သည့်အတွက်ကြောင့်ပင်။ ရန်သူသည် သူတို့ဆီသို့ အနှေးနှင့်အမြန် ရောက်လာမည်ဖြစ်လေရာ သူတို့သည်သာ ဤနေရာတွင် ဆက်နေဦးမည်ဆိုပါက မီးတွင်းထဲသို့ ခုန်ချနေသည်နှင့်ပင် တူနေပေလိမ့်မည်။ ထိုအကြောင်းကြောင့် အနည်းဆုံး အန္တရာယ်နှင့် ကြုံရနိုင်သည့် စွန့်စားကြည့်ရပေလိမ့်မည်။
“ဒါဆို အခု ဆုံးဖြတ်ပြီးသွားပြီနော်… မြန်မြန်သွားပြင်ဆင်ကြပေတော့… ဆယ့်ငါးမိနစ်အတွင်း စမယ်… ရန်သူကို လုံးဝ သတိမထားမိစေနဲ့နော်…”
လူတိုင်း သဘောတူလိုက်ကြပြီး လျှို့ဝှက်ခန်းထဲရှိပုံရိပ်များမှာ အသီးသီး ပျောက်ကွယ်သွားကုန်ကြလေသည်။ မကြာမီ တတိယအကြီးအကဲတစ်ဦးတည်းသာ လျှို့ဝှက်ခန်းထဲ ကျန်ရစ်တော့သည်။ တတိယအကြီးအကဲသည် လျှို့ဝှက်ခန်းထဲတွင် ငိုင်ငိုင်ကြီးရပ်ကာ အတွေးထဲ နစ်မျောနေခဲ့လေသည်။ သူ့စိတ်ထဲခံစားနေရသည့် မသက်မသာခံစားချက်မှာ လုံးဝပျောက်ကွယ်သွားခဲ့ခြင်းမရှိ။ ထိုဆုံးဖြတ်ချက်ကို ချပြီးသည့်နောက်တွင် သူ့ရင်ထဲရှိခံစားချက်မှာ ပို၍ပင် အားကောင်းလာခဲ့ရလေသည်။ သို့သော်ငြား လက်ရှိအချိန်၌ သူ့တွင် အခြားသောရွေးချယ်စရာ မရှိတော့သည့်အတွက်ကြောင့် တတိယအကြီးအကဲသည် ခေါင်းထဲမှ စိတ်ရှုပ်စရာအတွေးများကို ဖယ်ထုတ်လျက် အံကိုကြိတ်ကာ ဆုံးဖြတ်ထားသည့်အတိုင်း ဆက်လုပ်ရန်သာ တွေးလိုက်တော့လေ၏။ ထို့နောက် လျှို့ဝှက်ခန်းထဲမှ ထွက်သွားခဲ့လေသည်။
ဘုံကိုးခုထွဋ်မြတ်နယ်မြေသို့ လာရာလမ်းတစ်လျှောက်၌ ရန်ကိုင်မှာ တောက်လျှောက်ကို မျက်မှောင်ကျုံ့နေခဲ့ရသည်။ ကြုံခဲ့ရသည့် ပတ်ဝန်းကျင်ရှုခင်းအဖုံဖုံကို ကြည့်ရင်းမှ ရန်ကိုင်၏မျက်နှာကြီးမှာ လုံးဝကို သုန်မှုန်နေတော့လေသည်။ ထုန်းရွှမ်လောကကြီး၏ လက်ရှိအခြေအနေသည် အလွန်ကိုမှ အန္တရာယ်များနေပြီဟု ပြော၍ရပေသည်။ ထုန်းရွှမ်လောကကြီး၏ မိုးမြေစွမ်းအင်မှာ သူ ယခင်တစ်ကြိမ် ဤနေရာသို့ ရောက်လာစဉ်ကထက်ပင် ပို၍ အားနည်းနေခဲ့သည်။ ယခင်က သာယာစိမ်းစိုခဲ့သော တောင်တန်းများ၊ မြစ်ချောင်းများမှာ လုံးဝကို ခြောက်ကပ်နေခဲ့လေပြီ။ ကြယ်တစ်ခုလုံးမှာ အလွန်တရာကိုမှ ဆိုးရွားသည့် ရောဂါဝေဒနာတစ်ခုကို ခံစားနေရသည့်ပမာ။
ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် ထုန်းရွှမ်လောကကြီးထဲရှိ မိုးမြေစွမ်းအင်များအားလုံး ပျောက်ကွယ်သွားဖို့ရာ နှစ်တစ်ရာပင် အချိန်ကြာလိမ့်မည်မဟုတ်ပေ။ ထို့အပြင် ထုန်းရွှမ်လောကကြီးထဲ အားကောင်းလှသည့်ကျင့်ကြံသူများ ထွက်ပေါ်လာရန်လည်း အလားအလာမရှိတော့။ ထိုမျှသာမဟုတ် သာမန်လူများ၏ ဘဝများမှာလည်း ပိုပို၍ ခက်ခဲလာကြရပေလိမ့်မည်။ မိုးမြေစွမ်းအင်များသာ အလုံးစုံပျောက်ကွယ်သွားခဲ့မည်ဆိုလျှင်တော့ ကြယ်အမြုတေပျက်စီးကာ ထုန်းရွှမ်လောကကြီးသည် မည်သည့်သက်ရှိမှ မနေနိုင်သော ကြယ်သေတစ်လုံးအသွင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားပေလိမ့်မည်။
ထုန်းရွှမ်လောကကြီး၏ လက်ရှိအခြေအနေကြောင့် ဤကြယ်ပေါ်တွင် ရှိနေကြသည့် ကျင့်ကြံသူများသည်ပင်လျှင် ဆိုးဆိုးရွားရွား ဒုက္ခရောက်နေကြရလေရာ သာမန်သေမျိုးများဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။
ရန်ကိုင်အနေဖြင့် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများအား ထုန်းရွှမ်လောကကြီးထဲမှ မောင်းထုတ်ပစ်လိုက်မည်ဆိုလျှင်ပင် ပြင်ပအကူအညီသာ မပါပါက ထုန်းရွှမ်လောကကြီးသည် တဖြည်းဖြည်းနှင့် ကြယ်သေတစ်လုံးအသွင်သို့ ပြောင်းသွားပေလိမ့်မည်။
ရန်ကိုင်သည် ထုန်းရွှမ်လောကကြီးဆီသို့ ပြန်မရောက်သည်မှာ အတော်လေးကြာသွားခဲ့ပြီ ဖြစ်ပါသော်ငြား ဘုံကိုးခုထွဋ်မြတ်နယ်မြေ၏ တော်ဝင်သခင်တစ်ပါး ဖြစ်ခဲ့သည့်အလျောက် ရန်ကိုင်သည် ဤနေရာနှင့် အတော်လေးကိုမှ ရင်းနှီးပေသည်။ ရှနင်းချန်၊ ရွှယ့်ယွယ်တို့နှင့် မကြာခင်အချိန်တွင် ပြန်တွေ့ရမည့်အကြောင်းကို စဉ်းစားရင်း ရန်ကိုင် အနည်းငယ် စိတ်ရွှင်လာခဲ့သည်။
(သူတို့နဲ့အရင်တွေ့ပြီးတော့မှပဲ တစ်စပြင်ကန္တာရကြယ်စီရင်စုက ကြွက်စုတ်တွေကို ရှင်းပစ်ရတာပေါ့…)
တောင်ထွဋ်ကိုးခုမှာ လှမြဲလှနေခဲ့ပြီး မိုးမြေစွမ်းအင်မှာလည်း အတော်လေးကိုမှ သိပ်သည်းနေခဲ့လေသည်။ ထောင်နှင့်ချီသော ကျင့်ကြံသူများမှာလည်း ဤနေရာတွင် စုဝေးနေကြလေသည်။ သို့သော်ငြား အတော်များများမှာ စိုးရိမ်ပူပန်နေကြလေ၏။ ဤနေရာသည် ထုန်းရွှမ်လောကကြီးပေါ်ရှိ ရန်သူများ ကျူးကျော်လာခြင်း မရှိသေးသော တစ်ခုတည်းသောနေရာ ဖြစ်ပေသည်။ ရှနင်းချန်အနေဖြင့် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ ထုန်းရွှမ်လောကကြီးထဲသို့ ကျူးကျော်လာသည်အား မတားဆီးနိုင်သလို ချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင် ခင်းကျင်းသည်ကိုလည်း မတားဆီးနိုင်ခဲ့ပါသော်ငြား ဘုံကိုးခုထွဋ်မြတ်နယ်မြေကိုတော့ ကာကွယ်ထားနိုင်ပေသေးသည်။ ဤနေရာတွင် သူမရှိနေသရွေ့ ရန်သူများမှာ ဘုံကိုးခုထွဋ်မြတ်နယ်မြေဆီသို့ ကျူးကျော်လာနိုင်ကြလိမ့်မည်မဟုတ်ပေ။
လက်ရှိအချိန်၌ ခန်းမထဲတွင် လူပေါင်းများစွာ ရှိနေခဲ့ကြလေသည်။ ထိုလူများထဲ အဖွဲ့ခေါင်းဆောင်များဖြစ်ကြသော နတ်ဆိုးအိုကြီးနှင့် မန်ဝူရ၊ ဘုံကိုးခုထွဋ်မြတ်နယ်မြေ၏ သူတော်စင်မအန်လင်းအာ၊ အကြီးအကဲရှုဟွေ၊ ရှေးဟောင်းနတ်ဆိုးကလန်၏ လီရုန်နှင့် ဟန်ဖေး၊ မှော်စိတ်ဝိဉာဉ်စံအိမ်မှ ညီအစ်မနှစ်ဦးဖြစ်ကြသော ဟူကျောင်းအာနှင့် ဟူမေးအာ၊ နဂါးဖီးနစ်နန်းတော်၏ နန်းတော်သခင်ဝူကျဲ။ ခန်းမထဲ စုဝေးနေကြသည့် ထိုလူအားလုံးမှာ ရန်ကိုင်၏ အသိအကျွမ်းဟောင်းများ ဖြစ်ကြပေသည်။ အကြမ်းဖျင်း လူသုံးဆယ်ခန့်ရှိပြီး ဟန်မင်းဆက်ထဲတွင် ကြုံခဲ့ရသည့် လူအချို့မှလွဲ၍ ကျန်လူအားလုံးကို ထုန်းရွှမ်လောကကြီးထဲတွင် တွေ့ခဲ့ရခြင်း ဖြစ်ပေသည်။
ထိုလူများအပြင် ထိုနေရာ၌ ရန်ကိုင်ရင်းနှီးနေသော အခြားသောလူတစ်ဦးလည်း ရှိနေခဲ့သည်။ ထိုလူမှာ အခြားမဟုတ်။ ဓါးအဖွဲ့အစည်း၏သခင်လေး ကုချန်းယွင်၏သားလည်းဖြစ်သည့် ကုကျန်းရှင်သာ ဖြစ်လေသည်။
လက်ရှိအချိန်တွင် ကုကျန်းရှင်သည် လေသံတိုးတိုးဖြင့် အခြားသောလူတစ်ဦးနှင့် စကားပြောနေခဲ့သည်။ ထိုလူမှာတော့ အခြားမဟုတ် ဟုန်းလော့ကြယ်စီရင်စုကြီး၏ ထိပ်တန်းအင်အားစုများအနက် တစ်ခုအပါအဝင်ဖြစ်သော ခရမ်းကြယ်၏ဂိုဏ်းချုပ် ဇီဝူကျိသာ ဖြစ်လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၅၀)
ဘာသာပြန်သူ_တိမ်တိုက်
ယခင်က ခရမ်းကြယ်၏ ဂိုဏ်းချုပ်ဖြစ်သော ဇီလုံသည် သူ့သားကိစ္စကြောင့် ရန်ကိုင်နှင့် ပြဿနာတက်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ကြယ်တာရာ ကောင်းကင်ထဲ ရန်ကိုင်နှင့် ကျောက်တုံးကိုယ်ပွားတို့၏ ပူးပေါင်းသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ထိုအဖြစ်အပျက်ကြောင့် ခရမ်းကြယ်တွင် နှစ်အတော်ကြာအောင် ခေါင်းဆောင် ကင်းမဲ့ခဲ့ရပြီး အတွင်းရေး ပဋိပက္ခပေါင်းများစွာနှင့် ကြုံတွေ့ခဲ့ရသည်။ နောက်ဆုံးတွင်တော့ ဇီဝူကျိသည် ခရမ်းကြယ်၏ ဂိုဏ်းချုပ်အသစ် ဖြစ်လာနိုင်ခဲ့လေသည်။
ကံမကောင်းစွာဖြင့် ဇီဝူကျိမှာ သူ၏ အသစ်စက်စက် ရရှိထားသော ရာထူးအား ကောင်းကောင်းမခံစားရသေးခင်မှာပင် ဟုန်းလော့ကြယ်စီရင်စုကြီးသည် တစ်စပြင်ကန္တာရကြယ်စီရင်စုကြီး၏ ကျူးကျော်ခြင်း ခံရတော့လေသည်။
နှစ်ကာလရှည်ကြာသော အတွင်းရေး ပဋိပက္ခများကြောင့် ခရမ်းကြယ်၏ ခွန်အားမှာ အကြီးအကျယ်ကို ဆုတ်ယုတ်နေခဲ့ရလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ပညာရှင်များကို ခုခံတွန်းလှန်နိုင်ခဲ့ခြင်း မရှိပေ။ နှစ်ဝက်လောက်သာ တောင့်ခံထားနိုင်ခဲ့ပြီးသည့်နောက် ခရမ်းကြယ်သည် တစ်စပြင်ကန္တာရကြယ်စီရင်စု လက်အောက်သို့ ကျရောက်သွားခဲ့လေ၏။
ခရမ်းကြယ် ပျက်စီးသွားခဲ့သည့်နောက် ဇီဝူကျိသည် သူ့လက်အောက်ငယ်သားများကို ခေါ်၍ ဟုန်းလော့ကုန်သွယ်ရေး အဖွဲ့အစည်းတွင် လာရောက်ခိုလှုံလေသည်။ ထိုနေရာတွင် ဇီဝူကျိတို့ အဖွဲ့မှာ တစ်ခဏမျှ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် နေနိုင်ခဲ့ပါသော်ငြား အဆုံးတွင်တော့ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းသည်လည်း တစ်စပြင်ကန္တာရကြယ်စီရင်စုကြီး၏ လက်အောက်သို့ ကျရောက်သွားခဲ့ရလေသည်။ ထိုအကြောင်းကြောင့် ရွှယ့်ယွယ်နှင့် အတူ ထုန်းရွှမ်လောကကြီးဆီသို့ ထွက်ပြေးလာခဲ့ရုံသာ တတ်နိုင်လေသည်။
ဓားအဖွဲ့အစည်းမှာလည်း အလားတူသာ ဖြစ်လေသည်။ သူ၏ အင်အားစုတစ်ခုတည်းဖြင့် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူပေါင်းများစွာ၏ စုပေါင်းတိုက်ခိုက်မှုကို ခုခံနိုင်ခြင်း မရှိခဲ့ပေ။ ထိုအကြောင်းကြောင့်သာလျှင် ဟုန်းလော့ကြယ်စီရင်စုကြီးထဲရှိ ထိပ်တန်းအင်အားစုများမှ ပညာရှင်များ ဤနေရာတွင် လာရောက်စုဝေးနေကြရခြင်း ဖြစ်လေသည်။ ဘုံကိုးခုအထွတ်အမြတ် နယ်မြေသည် ထုန်းရွှမ်လောကကြီး၏ ဒေသခံများ ပုန်းခိုနေသည့် နေရာတစ်ခုသာလျှင် မဟုတ်ဘဲ ကြယ်စီရင်စုကြီးထဲရှိ စစ်ဘေးရှောင်များ အားကိုးရာ နေရာတစ်ခုလည်း ဖြစ်လေသည်။ ဤနေရာသည် သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။ ဤနေရာသည်သာ တစ်စပြင်ကန္တာရကြယ်စီရင်စု လက်အောက်သို့ ကျရောက်သွားခဲ့မည်ဆိုပါက သူတို့ ပုန်းနိုင်သည့် နေရာ ရှိတော့လိမ့်မည် မဟုတ်ပေ။
ထိုအကြောင်းကြောင့် သေမင်း သူတို့အရှေ့သို့ ရောက်လာမည်ကို မည်သူမျှ ဤအတိုင်း ထိုင်မစောင့်နေကြချေ။ မရဏဂိုဏ်းမှ ချုပ်နှောင်ခြင်းရှစ်သွယ် အစီအရင်အား ခင်းကျင်းနေသည်ကို သတိထားမိသော် အကုန်လုံး အတူပူးပေါင်း၍ မရဏဂိုဏ်းသားများကို အလစ်ငိုက်ချောင်း တိုက်ခိုက်ခဲ့ကြသည်။ ကံမကောင်းစွာဖြင့် ချုပ်နှောင်ခြင်းရှစ်သွယ် အစီအရင်မှာ အလွန်ကိုမှ အားကောင်းလှလေသဖြင့် အကုန်လုံး စုပေါင်းတိုက်ခိုက်ခဲ့ကြသည့်တိုင် အစီအရင်၏ အကာအကွယ်ကို ချိုးဖောက်နိုင်ခဲ့ခြင်း မရှိခဲ့။ ထိုအပြင် ချုပ်နှောင်ခြင်းရှစ်သွယ် အစီအရင်ထဲရှိ အနက်ရောင်ချီထဲတွင် အတန်ကြာအောင် နေမိမည်ဆိုပါက ခန္ဓာကိုယ်တစ်ခုလုံး အားနည်းပျော့ခွေလာပြီး ခေါင်းမူးဝေလာရနိုင်ပေသည်။ သူတို့၏ သူတော်စင်ချီကိုလည်း တဖြည်းဖြည်းနှင့် ကောင်းကောင်း မလှည့်ပတ်တော့နိုင် ဖြစ်လာရသည်။ ထိုအတွက်ကြောင့် အလစ်ချောင်းတိုက်ခိုက်နေစဉ် အတောအတွင်း ရန်သူများကို သတ်ပစ်နိုင်ခဲ့ပါသော်ငြား အသုံးမဝင်သည့် လူများကိုသာ သတ်ပစ်နိုင်ခဲ့ပြီး တကယ့်လူများကိုမူ ဘာဆိုဘာမျှ မလုပ်နိုင်ခဲ့ပေ။
ထိုအကြောင်းကြောင့်ပင်လျှင် ယခု ဘုံကိုးခုအထွတ်အမြတ် နယ်မြေထဲတွင် ရှိနေသည့် လူများမှာ မျှော်လင့်ချက် မရှိတော့သည့် အခြေအနေကို ရောက်နေပြီဟု ပြော၍ရပေသည်။ ချုပ်နှောင်ခြင်းရှစ်သွယ် အစီအရင်သည် မည်ကဲ့သို့သော အစီအရင်မျိုး ဖြစ်သလဲဆိုသည်ကို သူတို့ မသိပါသော်ငြား ထိုအစီအရင် အသက်ဝင်လာသည်နှင့် တစ်ပြိုင်နက် ရှနင်းချန်သည်ပင်လျှင် ကာကွယ်ပေးနိုင်တော့လိမ့်မည် မဟုတ်မှန်းတော့ လူတိုင်း သိနေကြသည်။ တကယ်တော့ ထုန်းရွှမ်လောကကြီးသည် မူလကတည်းက အတော်လေးကိုမှ အားနည်းသည့် ကြယ်တစ်လုံး မဟုတ်ပေလော။ ထုန်းရွှမ်လောကကြီးသာ အရိပ်ကြယ် သို့မဟုတ် နေလကြယ်ကဲ့သို့ ဖြစ်နေမည်ဆိုပါက တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများအနေဖြင့် ကြယ်သခင်ရှိနေသည့် ဤကြယ်အပေါ် ဤမျှ လွယ်လွယ်ကူကူ ကျူးကျော်လာနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
"သခင်မလေးရှ ဘယ်လိုနေလဲ" ဇီဝူကျိက တိုးတိုးလေး မေးလိုက်သည်။
ဂုကျန်းရှင်သည် ဓားရှည်ကို ကိုင်ရင်းမှ ဖြည်းဖြည်းချင်း ခေါင်းခါလျက်... "ငါ သူ့ကို မတွေ့တာ နှစ်လတောင် ရှိနေပြီ၊ နောက်ဆုံးတစ်ကြိမ် တွေ့လိုက်တုန်းကတော့၊ ဟူး အဲဒီအကြောင်း မပြောဘဲ နေကြရအောင်"
"မိန်းကလေးရွှယ် သူ့ကို ဂရုစိုက်ပေးနေတာလား"
"ဟုတ်တယ်" ကုကျန်းရှင်က ခေါင်းညိတ်လိုက်သည်။ "သူတို့တွေက လင်မယားတစ်ယောက်တည်း ရှိတဲ့ ညီအစ်မတွေပဲဟာကို၊ ဒီတော့ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ပေးရမှာပေါ့"
"ရောင်းရင်းရန်က တကယ်ကို ကံကောင်းတာပဲ" ဇီဝူကျိက ရယ်သွမ်းသွေးလျက် ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ ဒီကောင် နည်းနည်း ယောက်ျားသိပ်မဆန်သလိုပဲ၊ သူကျတော့ ထွက်ပြေးသွားပြီးတော့ သူ့မိန်းမတွေကိုကျတော့ ဒီမှာ ဒုက္ခခံခိုင်းထားတယ်"
ထိုစကားကို ကြားသည့်အခါ ကုကျန်းရှင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူသည် ဓားသမားတစ်ဦး ဖြစ်သည့်အလျောက် တည့်တိုးဆန်ကာ ပွင့်လင်းပေသည်။ အခြားတစ်ဦး၏ နောက်ကွယ်တွင် အတင်းပြောသည်ကို နှစ်ခြိုက်သည့် လူစားမျိုး မဟုတ်။ သို့သော် သူများနောက်ကွယ်တွင် အတင်းပြောသည် မပြောသည်မှာ သူ့အလုပ်မဟုတ်။ အခြားလူများ၏ ရွေးချယ်ခွင့်သာ ဖြစ်ပေသည်။ ထိုအတွက်ကြောင့် တစ်ဖက်လူ၏ ပုံစံကို မကြိုက်သည့်တိုင် သွားဝေဖန်နေ၍ မရပေ။
ရှင်းရှင်းပြောရသော် သူကိုယ်တိုင်သည်လည်း ရန်ကိုင်၏ လုပ်ရပ်မှာ အနည်းငယ် လွန်သည်ဟု ခံစားနေရသည်။ ရန်ကိုင်သည် ဤနေရာမှ တစ်ကိုယ်တည်း ထွက်သွားခဲ့ပြီး သူ့မိန်းမအားလုံးကို သူတို့ဘာသာသူတို့ ရုန်းကန်နေစေခဲ့သည်။ ယခု နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင် သူနှင့်ပတ်သက်သည့် ဘာသတင်းမျှ မရသေး။
[သူ မပြန်လာနိုင်တာပဲလား၊ ဒါမှမဟုတ် ဒီမှာရှိတဲ့ သူ့မိန်းမတွေကိုပဲ မေ့သွားတာလား၊ သူ့မိန်းမတွေကို မေ့သွားတာဆိုရင်တော့၊ ဟူး တကယ်ကို ဝမ်းနည်းဖို့ ကောင်းသွားပြီ]
ဇီဝူကျိက ခါးသက်သက် အမူအရာဖြင့် ထပ်ပြောလိုက်သည်။ "သခင်မလေးရှက အသိဉာဏ်လည်း ကြွယ်ဝတယ်သိမ်လည်း သိမ်မွေ့တယ်၊ ချိုလည်း ချိုသာတယ်, ငါသာ သူ မျက်နှာသာပေးတာ ခံရမယ်ဆိုရင်"
"ရောင်းရင်းဇီ" ကုကျန်းရှင်သည် ဇီဝူကျိအား ရုတ်တရက် ကောက်ကြည့်လိုက်လေသည်။
အခြားသူများ သိလိမ့်မည် မဟုတ်ပါသော်ငြား ကုကျန်းရှင်ကမူ ကောင်းကောင်း သိပေသည်။ ရှနင်းချန်ကို မြင်ပြီးသည့် အချိန်မှစ၍ ဇီဝူကျိသည် ရှနင်းချန်အား စွဲလမ်းသွားခဲ့ခြင်း ဖြစ်လေသည်။ တစ်ခါတစ်လေ ဇီဝူကျိသည် သူ ရှနင်းချန်အား ချစ်ကြိုက်နေကြောင်းကို မသိမသာ ဝေ့ကာဝိုက်ကာဖြင့် သွယ်ဝိုက်ဖော်ပြလေ့ ရှိပါသော်ငြား ကုကျန်းရှင်ကမူ မသိချင်ယောင်သာ ဆောင်နေခဲ့သည်။ အထူးသဖြင့် ယခုကဲ့သို့ အကုန်လုံး စည်းစည်းလုံးလုံး ရှိနေရမည့် အချိန်မျိုးတွင်ပင်။ ထိုအပြင် ဇီဝူကျိ ကိုယ်တိုင်သည် တန်ခိုးရှင်ဘုရင် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ယခုကဲ့သို့သော ကိစ္စလေးအတွက်နှင့် သူ့အား ပြဿနာသွားရှာနေလို့ မကောင်းပေ။ သို့ရာတွင် ဇီဝူကျိ ယခုပြောလိုက်သည့် စကားသည် သွယ်ဝိုက်၍ ပြောခြင်းထက် တည့်တိုးကြီး ပြောနေခြင်းသာ ဖြစ်လေသည်။
တကယ်တမ်းပြောရမည်ဆိုလျှင် ရှနင်းချန်သည် မျက်နှာလွှာဇာကို ဝတ်ဆင်ထားပါသော်ငြား သူမ၏ အလှတရားကို အပြည့်အဝ ဖုံးကွယ်နိုင်ခြင်း မရှိပေ။ ထိုအတွက်ကြောင့် သူမအား မြင်လိုက်သည့် မည်သူမဆို သူမ၏ အလှတွင် ယစ်မူးသွားသည်မှာ အဆန်းတော့ မဟုတ်။ ရွှယ့်ယွယ်မှာလည်း ရှနင်းချန်အောက် နိမ့်ကျခြင်း မရှိ။ သို့သော်ငြား ရွှယ့်ယွယ်မှာ အတော်လေးကိုမှ အဆင့်အတန်း မြင့်မားလှသည်။ ထို့အပြင် အင်အားစုကြီးတစ်ခု၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည့်အလျောက် သူမတွင် မာနတရား ရှိပေသေးသည်။ မောက်မာဝံ့ကြွားသည့် အမျိုးသမီးတစ်ဦး ဖြစ်သည့်အလျောက် အခြားသော ယောက်ျားသားများ သူမအနားသို့ ကပ်မလာစေနိုင်သည့် အရှိန်အဝါမျိုး ရွှယ့်ယွယ်တွင် ရှိနေပေသည်။ သို့ရာတွင် ရှနင်းချန်မှာမူ ကြယ်သခင်တစ်ပါး ဖြစ်သလို တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးပင် ဖြစ်လင့်ကစား အနည်းငယ်မျှပင် မောက်မာဝံ့ကြွားခြင်း မရှိ။ သူမထက် အဆင့်နိမ့်ကြသူများကိုလည်း ဖော်ဖော်ရွေရွေ ကြင်ကြင်နာနာနှင့် ဆက်ဆံပေသည်။ ဤကဲ့သို့သော အမျိုးသမီးတစ်ဦးကို မည်သည့်ယောက်ျားကများ မလိုချင်ပေပါမည်နည်း။
ထိုအတွက်ကြောင့် ရှနင်းချန်အား ချစ်မိသွားသည့်အပေါ် ဇီဝူကျိအား အပြစ်တင်၍ မရပေ။ သို့သော် ဇီဝူကျိအနေဖြင့် လက်ရှိအခြေအနေကို အခွင့်ကောင်းယူချင်သည်မှာလည်း အဆန်းတော့ မဟုတ်။ ရှနင်းချန်သည် ကြယ်သခင်တစ်ပါး ဖြစ်သည်။ ထိုအတွက်ကြောင့် သူသည်သာ သူမအား လက်ထပ်နိုင်မည် ဆိုလျှင် သူ့အနေဖြင့် အနာဂတ်တွင် တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ရောက်ရှိဖို့ရာ မဖြစ်နိုင်ဘဲ နေလိမ့်မည် မဟုတ်တော့ပေ။
ဂုကျန်းရှင်နှင့် ဇီဝူကျိတို့မှာ သိပ်၍ မရင်းနှီးလှ။ တကယ်ဆိုလျှင် ထုန်းရွှမ်လောကကြီးဆီသို့ မလာခင် သူတို့အချင်းချင်း စကားသိပ်ပြောဖူးလေ့ မရှိကြပေ။ ထိုအတွက်ကြောင့် ဇီဝူကျိ စရိုက်ကို ဂုကျန်းရှင် မသိ။ သို့သော်ငြား ဇီဝူကျိ၏ စကားမှာ စည်းဘောင်ကို ကျော်သွားပြီ ဖြစ်သည့်အတွက်ကြောင့် ဂုကျန်းရှင်မှာ အလျင်စလို လှမ်း၍ သတိပေးလိုက်ရခြင်း ဖြစ်ပေသည်။
ဇီဝူကျိသည်သာ ယခုစကားကို အခြားသူများရှေ့တွင် သွားပြောလိုက်မည်ဆိုပါက ရွှယ့်ယွယ်၊ မန်ဝူရနှင့် အခြားသူများ၏ ကျိန်းသေ အပြစ်တင်ခြင်း ခံရပေလိမ့်မည်။
သူ စကားမှားသွားမှန်း သိလိုက်သော် ဇီဝူကျိက ရှက်ရှက်ဖြင့် ပြုံးလျက် ပြန်ပြောလိုက်သည်။ "ကောင်းချက်ပဲ၊ ကံကတော့ ကောင်းချက်ပဲ"
သူ ဘာကို ပြောချင်နေသလဲ ဆိုသည်ကိုတော့ မည်သူမျှ မသိကြပေ။
ထိုအချိန်အတောအတွင်း ဘုံကိုးခုအထွတ်အမြတ် နယ်မြေထဲမှ နန်းတော်တစ်လုံးထဲရှိ အခန်းတစ်ခန်းထဲ၌ ရှနင်းချန်သည် အားနည်းစွာ လဲလျောင်းနေခဲ့သည်။ ရှနင်းချန်မှာ နာတာရှည် ရောဂါတစ်ခုကို ခံစားနေရသည့်အလား သူမ၏ ခန္ဓာကိုယ်အထက် မှိန်ဖျဖျ အနက်ရောင်ချီတို့ ရစ်သိုင်းနေခဲ့လေသည်။
ထုန်းရွှမ်လောကကြီးသည် မရဏဂိုဏ်း၏ အဆိပ်ခတ်ခြင်း ခံခဲ့ရသည်။ ထိုအတွက်ကြောင့် ကြယ်သခင်ဖြစ်သည့် ရှနင်းချန်မှာလည်း အဆိပ်ဒဏ်ကို ခံစားရတော့လေသည်။ ထုန်းရွှမ်လောကကြီးတစ်ခုလုံးကို လွှမ်းခြုံထားသော ချုပ်နှောင်ခြင်းရှစ်သွယ် အစီအရင်သည် ရှနင်းချန်၏ ခန္ဓာကိုယ်ကိုပါ ချိန်းကြိုးများပမာ ရစ်ပတ်ချုပ်နှောင်ထားခဲ့သည်။ ထို့အပြင် ထုန်းရွှမ်လောကကြီးပေါ်၌ ရှိနေကြသော အစီအရင်ရှစ်ခုမှာတော့ ရှနင်းချန်၏ ကိုယ်အထက် အဆိပ်ရှိနေသည့် အနာများပမာ တွယ်ကပ်နေကြပြီး သူမ၏ အသက်ဓာတ်ကို စုပ်ယူနေခဲ့ကြသည်။
လက်ရှိအချိန်တွင် ရှနင်းချန်သည် မည်သည့် မျက်နှာလွှားဇာကိုမျှ ဝတ်ဆင်ထားခြင်း မရှိခဲ့။ လမင်းကိုပင်လျှင် မှေးမှိန်သွားစေနိုင်သည့် မျက်နှာလှလှလေးမှာ ရှင်းရှင်းလင်းလင်းကို ထွက်ပေါ်နေခဲ့သည်။ သို့သော် လက်ရှိအချိန်တွင်တော့ သူမ၏ မျက်နှာ အလောင်းကောင်ပမာ ဖြူလျော်နေခဲ့ပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း အလွန်ကိုမှ အားနည်းနေခဲ့လေသည်။
ရွှယ့်ယွယ်သည် ရှနင်းချန်၏ လက်ကလေးကို ကိုင်ရင်းမှ ကုတင်ဘေးတွင် ထိုင်နေခဲ့လေသည်။
နေလကြယ် ကျဆုံးသွားခဲ့စဉ်က ရွှယ့်ယွယ်သည် ထုန်းရွှမ်လောကကြီးဆီသို့ လာရန် ဆုံးဖြတ်ခဲ့သည်။ သို့သော်ငြား ထိုဆုံးဖြတ်ချက်သည် သူမ ချမှတ်ခဲ့ဖူးသော ဆုံးဖြတ်ချက်များအနက် အဆိုးဆုံးသော ဆုံးဖြတ်ချက် ဖြစ်ပေသည်။
ထုန်းရွှမ်လောကကြီးသည် ကြယ်စီရင်စုကြီး၏ အစွန်အဖျားပိုင်းတွင် ရှိနေသည့်အတွက်ကြောင့် မည်သည့် အင်အားစုမှ သိပ်၍ အာရုံမစိုက်ကြပေ။ သို့သော် ရွှယ့်ယွယ်မှ သူမ၏ အဖွဲ့သားများကို ခေါ်၍ ဤနေရာသို့ လာခဲ့သည့်အတွက်ကြောင့် တစ်စပြင်ကန္တာရကြယ်စီရင်စုကြီးမှာ ထုန်းရွှမ်လောကကြီးကိုပါ စတင်၍ အာရုံစိုက်လာတော့လေသည်။ သူမကြောင့်သာ မဟုတ်လျှင် ထုန်းရွှမ်လောကကြီး ယခုကဲ့သို့ အဖြစ်ဆိုးမျိုးနှင့် ကြုံနေရလိမ့်မည် မဟုတ်သလို ရှနင်းချန်သည်လည်း ယခုကဲ့သို့ နှိပ်စက်ခံနေရလိမ့်မည် မဟုတ်ပေ။
ထိုအကြောင်းကို တွေးလေတွေးလေ ရွှယ့်ယွယ်မှာ လိပ်ပြာမလုံ ဖြစ်လာလေပင်။
[သူ့နေရာမှာ ငါသာ ဖြစ်လာရင် ဘယ်လောက်ကောင်းမလဲ။]
ထိုအကြောင်းကို စဉ်းစားနေရင်းမှာ ရွှယ့်ယွယ်၏ စိတ်ထဲ လူတစ်ဦး ပေါ်လာခဲ့သည်။ ထိုလူအား စဉ်းစားမိမိခြင်းမှာပင် ရွှယ့်ယွယ်က အံကြိတ်၍ စိတ်ထဲမှနေကာ အော်ဆဲတော့လေ၏။ [ဘယ်ရောက်နေတာလဲ အစုတ်ပလုတ်ကောင်ရဲ့]
ရုတ်တရက် ကုတင်အထက်တွင် လဲလျောင်းနေသော ရှနင်းချန် ချောင်းတဟွတ်ဟွတ် ထဆိုးတော့သည်။ မျက်ခုံးလေးများကြုတ်သွားခဲ့ပြီး သူမ၏ အရှိန်အဝါမှာလည်း မတည်မငြိမ် ဖြစ်လာခဲ့လေသည်။
ရွှယ့်ယွယ်မှာ ထိုအဖြစ်အပျက်ကြောင့် အထိတ်ထိတ်အလန့်လန့် ဖြစ်သွားခဲ့ပြီး ရှနင်းချန်၏ နဖူးပေါ် လက်တင်၍ သူမ၏ သူတော်စင်ချီကို ရှနင်းချန်၏ ကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်လေသည်။ ထိုအခါမှသာလျှင် ရှနင်းချန်၏ မျက်ခုံးကြောတို့ တဖြည်းဖြည်း ပြန်လည်ပြေလျော့သွားခဲ့ပြီး မတည်မငြိမ်ဖြစ်နေသည့် အရှိန်အဝါမှာလည်း ပြန်လည်တည်ငြိမ်သွားခဲ့လေသည်။
သို့တိုင် ရွှယ့်ယွယ်မှာတော့ မရပ်ရဲသေးဘဲ ရှနင်းချန်၏ ကိုယ်ထဲသို့ သူတော်စင်ချီများကို ဆက်လက်ဖြည့်တင်းပေးနေလေ၏။
ရုတ်တရက် ရှနင်းချန် မျက်လုံးပွင့်လာခဲ့လေသည်။ အားနည်းဖျော့တော့သည့် သူမ၏ ခန္ဓာကိုယ် အခြေအနေနှင့် မတူညီစွာ မျက်လုံးများမှာ တဖျတ်ဖျတ်ကို တောက်ပနေလေ၏။
"နင်းချန်" ရွှယ့်ယွယ်မှာတော့ ပျော်ရမည့်အစား ပို၍ အံ့အားသင့်နေခဲ့လေသည်။ ရှနင်းချန် ယခုကဲ့သို့ ရွှင်ရွှင်မြူးမြူး ဖြစ်သည်ကို သူမအနေဖြင့် မမြင်ရသည်မှာ အတော်လေး ကြာနေခဲ့လေပြီ။ လွန်ခဲ့သည့် နှစ်များအတောအတွင်း ရှနင်းချန်မှာ ရောဂါဝေဒနာကို ခံစားနေခဲ့ရကာ အလွန်ကိုမှ အားနည်းနေခဲ့ရသည်။ ထိုရောဂါကြောင့် အတော်လေးကိုပင်လျှင် ဝိတ်ကျသွားခဲ့ကာ သူမ၏ ခန္ဓာကိုယ်မှာလည်း ပိန်ပိန်လှီလှီ ဖြစ်လာခဲ့ရလေသည်။
[ဘာဖြစ်သွားတာလဲ၊ တစ်စပြင်ကန္တာရ ကြယ်စီရင်စုက လူတွေ ကျူးကျော်လာလို့လား]
"သူ" ရှနင်းချန်သည် ရုတ်တရက် ရွှယ့်ယွယ်၏ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။ အတော်လေးကိုမှ တင်းတင်းဆုပ်ကိုင်လိုက်လေရာ ရွှယ့်ယွယ်သည်ပင်လျှင် ရှနင်းချန် ဆုပ်ကိုင်ထားသည့် နေရာမှ အနည်းငယ် နာကျင်သလို ခံစားလိုက်ရလေ၏။
"ဖြည်းဖြည်းပြော ငါဒီမှာရှိတယ်" ရွှယ့်ယွယ်က ရှနင်းချန်အား အလျင်စလို နှစ်သိမ့်ပေးလိုက်လေသည်။
"သူ၊ သူ ဒီရောက်နေပြီ" ရှနင်းချန်က ပြောလိုက်သည်။
"ဘယ်သူလဲ" ရွှယ့်ယွယ်က မယုံသင်္ကာဖြင့် ပြန်မေးလိုက်သည်။ သို့သော် ထိုကဲ့သို့ မေးပြီးပြီးချင်းမှာပင် မျက်လုံးအပြူးသား ဖြစ်သွားခဲ့ပြီး သူမ၏ ခန္ဓာကိုယ်မှာလည်း ကျောက်ရုပ်ထုပမာ တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။
ရှနင်းချန်က ပြုံးလျက်... "သူ ရောက်နေပြီ"
ရှနင်းချန်သည် ပြောပြီးသား စကားကို ထပ်ပြောနေခြင်းသာ ဖြစ်ပါသော်ငြား ယခုတစ်ကြိမ်တွင်တော့ သူမ ဘာပြောနေသလဲ ဆိုသည်ကို ရွှယ့်ယွယ် နားလည်သွားခဲ့လေပြီ။ ထို့နောက် နှုတ်ခမ်းကို ကိုက်လျက် စိုးရိမ်တကြီးဖြင့် ပြန်မေးလိုက်လေ၏။ "သူ၊ သူဒီကို ရောက်နေပြီလား"
ရှနင်းချန်က ခေါင်းညိတ်လိုက်သည်။ "သူ ဒီဘက်ကို လာနေတာကို ငါခံစားမိတယ်၊ အစ်မရွှယ့် ကျေးဇူးပြုပြီး သူ့ကို သွားခေါ်ပေးပါလား။၊ ဒါပေမဲ့ ငါ့ဆီကိုတော့ ခေါ်မလာနဲ့နော်" ထိုသို့ ပြောပြီးသည့်နောက် ပြန်အိပ်သွားသည့်အလား ရှနင်းချန်သည် မျက်လုံးပြန်ပိတ်သွားခဲ့သည်။ သို့သော် သူမ၏ ခန္ဓာကိုယ်ဆီမှ အားနည်းဖျော့တော့သည့် စွမ်းအင် အရှိန်အဝါတစ်ရပ်မှာမူ ဖြာထွက်နေခဲ့လေသည်။
တစ်ချိန်တည်း ဘုံကိုးခုအထွတ်အမြတ် နယ်မြေမှ မိုင်ပေါင်းသောင်းနှင့်ချီကာ ဝေးကွာသည့် နေရာတွင် ရန်ကိုင်သည် ရုတ်တရက် အာမေဋိတ်သံပြုကာ ဆက်သွားနေခြင်းကို ရပ်လိုက်သည်။ ဘေးပတ်ဝန်းကျင်ရှိ မိုးမြေစွမ်းအင်များမှာ ကသောင်းကနင်း ဖြစ်လာခဲ့ပြီး အလင်းစက်လေးပေါင်းများစွာ ရန်ကိုင် အနီးတစ်ဝိုက်တွင် စုဝေးလာခဲ့သည်။ ထို့နောက်တွင် ထိုအလင်းစက်လေးများသည် ရန်ကိုင် အရှေ့တည့်တည့်၌ စုဝေးသွားခဲ့ပြီး လှပသော ရောင်စုံလိပ်ပြာတစ်ကောင် အသွင်သို့ သိပ်သည်းသွားခဲ့လေ၏။
ရန်ကိုင်သည် ပြုံးလျက် သူ့လက်ချောင်းလေးကို ဆန့်ထုတ်ပေးလိုက်ရာ လိပ်ပြာလေးသည် သူ့လက်ချောင်းအပေါ်တွင် လာနားလေသည်။
"စီနီယာမမလေးလား" ရန်ကိုင်သည် သူ့လက်ညှိုးပေါ်ရှိ ရောင်စုံလိပ်ပြာလေးကို ကြည့်ရင်း ပြောလိုက်သည်။ ထိုလိပ်ပြာလေးသည် သူ့အရှေ့တည့်တည့်တွင် အကြောင်းအရင်းမရှိ ပေါ်လာစရာ အကြောင်းမရှိပေ။ ထိုအတွက်ကြောင့် တစ်ယောက်ယောက်သည် နည်းလမ်းတစ်ခုခုကို သုံး၍ ထိုလိပ်ပြာလေးအား သူ့အရှေ့တည့်တည့်တွင် ပေါ်လာအောင် ဖန်တီးလိုက်ခြင်းသာ ဖြစ်ရပေလိမ့်မည်။ ထို့အပြင် ထုန်းရွှမ်လောကကြီးပေါ်၌ ထိုကဲ့သို့ လုပ်နိုင်သည့် လူဆို၍ ရှနင်းချန်မှလွဲကာ အခြားလူမရှိပေ။ ကြည့်ရသလောက် ရှနင်းချန်သည် သူရောက်လာသည်ကို သတိထားမိပြီး သူမတို့အား ရန်ကိုင်မှ ရှာမတွေ့မည်ကို စိုးရိမ်သည့်အတွက်ကြောင့် ယခုကဲ့သို့ လုပ်လိုက်သည့်ပုံပင်။ ရှနင်းချန်သည် ကြယ်သခင်တစ်ဦး ဖြစ်သည့်အလျောက် ရန်ကိုင်တို့ ဤကြယ်ပေါ်သို့ ရောက်လာသည်ကို သတိမပြုမိစရာ အကြောင်းမရှိပေ။
[ဒါပေမဲ့ ဒီလိုလုပ်မယ့်အစား ဘာဖြစ်လို့ သူကိုယ်တိုင် မလာတာလဲ] ရန်ကိုင် စိတ်ထဲ ထိုမေးခွန်းကို ထိုင်စဉ်းစားနေရန် အချိန်မရှိ။ ကိုယ့်လက်ညှိုးပေါ်ရှိ လိပ်ပြာလေးသည် ၎င်း၏ အတောင်ပံများကို တဖျတ်ဖျတ်ခတ်ကာ တစ်ခုသော အရပ်ဆီသို့ ပျံသန်းသွားနေလေပြီ။ လိပ်ပြာလေး သွားနေသည့် အရပ်မှာတော့ ဘုံကိုးခု အထွတ်အမြတ်နယ်မြေ ရှိနေသည့် နေရာသာ ဖြစ်လေသည်။
ရန်ကိုင်သည်လည်း အခြားဘာကိုမျှ စဉ်းစားမနေတော့ဘဲ လိပ်ပြာလေးအနောက်သို့သာ လိုက်သွားခဲ့လေသည်။ ရှနင်းချန်နှင့် လူချင်းတွေ့လျှင် သူ့စိတ်ထဲ မရှင်းမလင်း ဖြစ်နေသည့် ကိစ္စအားလုံး ရှင်းလင်းသွားမည် ဖြစ်နေလေရာ ထိုအကြောင်းများကို ခေါင်းရှုပ်ခံ စဉ်းစားနေလည်း အပိုပင်။
ဘုံကိုးခုအထွတ်အမြတ် နယ်မြေ၏ အဓိကခန်းမထဲဝယ် အကုန်လုံးမှာ တိတ်ဆိတ်နေသည်။ တစ်ခဏအကြာတွင် လူတစ်ဦး ထိုအခန်းထဲသို့ ဝင်လာလေ၏။
မန်ဝူရသည် ထိုင်ရာမှ အလျင်စလိုထ၍ ရွှယ့်ယွယ်အား ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်လေ၏။ "မိန်းကလေးရွှယ်၊ နင်းချန် ဘယ်လိုလဲ"
မန်ဝူရသည် ရှနင်းချန်အား သူ့သမီးအရင်းသဖွယ် ပြုစုပျိုးထောင်ခဲ့ခြင်း ဖြစ်လေရာ ရှနင်းချန် ယခုကဲ့သို့ အန္တရာယ်နှင့် ရင်ဆိုင်နေရသော် သူ့အနေဖြင့် စိတ်ပူမိသည်မှာ သဘာဝသာ ဖြစ်လေသည်။ လက်ရှိ ရှနင်းချန် ကြုံနေရသည်မှာ သာမန်ရောဂါမျိုး မဟုတ်သလို သာမန်ဒဏ်ရာမျိုးလည်း မဟုတ်ချေ။ ထိုအစား ထုန်းရွှမ်လောကကြီး၏ အသက်ဓာတ်နှင့် ပတ်သက်နေသည့် ကိစ္စရပ်သာ ဖြစ်လေသည်။ အရေးကြီးဆုံးအချက်မှာ ထိုကိစ္စနှင့် ရှနင်းချန် လက်ရှိကြုံတွေ့ရသည့် ပြဿနာကို ဖြေရှင်းရန်အတွက် နည်းလမ်းမရှိခြင်းပင်။ နည်းလမ်းတော့ ရှိပေသည်။ ထိုနည်းလမ်းသည် ထုန်းရွှမ်လောကကြီးပေါ်သို့ ရောက်နေသော တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူအားလုံးကို မောင်းထုတ်၍ ထုန်းရွှမ်လောကကြီး၏ အသက်ဓာတ်ကို ပြန်လည်ကောင်းမွန်လာအောင် လုပ်ဆောင်ရန်ပင် ဖြစ်လေသည်။ သို့သော် မည်သူကများ ထိုကဲ့သို့ လုပ်နိုင်ပါမည်နည်း။ ထုန်းရွှမ်လောကကြီးပေါ်ရှိ တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများကို မောင်းထုတ်နိုင်မည်ဆိုလျှင်ပင် ထုန်းရွှမ်လောကကြီး၏ အသက်ဓာတ်ကို မည်သို့များ ပြန်လည်ပြည့်တင်းလာအောင် လုပ်ရပါမည်နည်း။
ရွှယ့်ယွယ်က အသာအယာ ခေါင်းခါပြလိုက်သည်။
ထိုအချင်းအရာကို မြင်လိုက်သော် အခြေအနေ မကောင်းမှန်း မန်ဝူရ ချက်ချင်း သိလိုက်လေ၏။ ထိုအတွက်ကြောင့် စိတ်ပျက်လက်ပျက်ဖြင့် ထိုင်နေသည့် ထိုင်ခုံလက်ရန်းကို ကောက်ရိုက်ချမိလိုက်လေ၏။