အခန်း (၃၁၅၁-၃၁၅၅)
Vol. 137 Ch. 3151-3155
အပိုင်း (၃၁၅၁)
ဘာသာပြန်သူ_တိမ်တိုက်
နတ်ဆိုးအိုကြီးက မေးလိုက်လေသည်။ "ဘာကိစ္စရှိလို့လဲ မိန်းကလေးရွှယ့်"
ရွှယ့်ယွယ်၏ စိတ်လှုပ်ရှားနေသည့် အမူအရာကို မြင်လိုက်သည့်အခိုက် ဝမ်းသာစရာ ကိစ္စတစ်ခုခု ရှိနေပြီမှန်း ချက်ချင်း သိလိုက်သည်။ ထိုအတွက်ကြောင့် ချက်ချင်းပင် ခန်းမအပြင်ဘက်သို့ လှမ်း၍ ကြည့်လိုက်သည်။ သို့သော်ငြား ဘာကိုမျှ မတွေ့ရပေ။ တောင်တစ်ခုလုံးသည် လက်ရှိအချိန်တွင် ကြယ်သခင်ဖြစ်သော ရှနင်းချန်၏ အကာအကွယ်အောက်တွင် ရှိနေသည့်အတွက်ကြောင့် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ ကျူးကျော်လာဖို့ရာ မဖြစ်နိုင်ပေ။
ရွှယ့်ယွယ်သည် စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားရင်းမှ ခန်းမအပြင်ဘက်သို့ လျှောက်သွားလိုက်သည်။ ရွှယ့်ယွယ်၏ ပုံစံကိုမြင်သော် အခြားသူများသည် အကြည့်ချင်းဖလှယ်လိုက်ကြပြီးသည့်နောက် ရွှယ့်ယွယ်အနောက်သို့ လိုက်သွားကြလေ၏။ မကြာမီ ခန်းမအပြင်ဘက်၌ လူစုလူဝေး ဖြစ်လာခဲ့လေသည်။
မန်ဟူရသည် နတ်ဆိုးအိုကြီးအား လှမ်း၍ ကြည့်လိုက်၏။ နှစ်ဦးစလုံး အသီးသီး ခေါင်းခါပြလိုက်ကြ၏။ ဘာတွေဖြစ်လို့ ဖြစ်နေသလဲဆိုသည်ကို သူတို့နှစ်ဦးလည်း မသိကြပေ။
ရုတ်တရက် တောင်တစ်ခုလုံးမှာ တသိမ့်သိမ့် တုန်ခါလာခဲ့လေသည်။
မန်ဝူရ၏ မျက်နှာ ဖြူလျော်သွားလေ၏။ "တစ်ယောက်ယောက် လာနေတယ်"
အခြားသူများသည်လည်း ရန်သူနှင့် ရင်ဆိုင်ရတော့မည့်အလား ချက်ချင်း တိုက်ခိုက်ရန် ပြင်လိုက်ကြလေသည်။ ရွှယ့်ယွယ်က သူမလက်ကို မြှောက်၍... "စိတ်ပူနေစရာ မလိုဘူး"
ရွှယ့်ယွယ် ပြောသည့်စကားကို ကြားသည့်အခါမှသာ အကုန်လုံး စိတ်အေးသွားကြသည်။ ထိုနောက်တွင် အကုန်လုံး အပေါ်သို့ မော့ကြည့်လိုက်ရာ ဘုံကိုးခုအထွတ်အမြတ် နယ်မြေကို လွှမ်းခြုံထားသော အစီအရင် မျက်နှာပြင်အထက် အပေါက်တစ်ပေါက် ဖြစ်ပေါ်လာနေကြောင်း တွေ့လိုက်ရလေသည်။ ရန်သူတစ်ဦးမှ အစီအရင်အား ဖောက်ထွက်လာနေခြင်း မဟုတ်။ အစီအရင်မှ သူ့အလိုလို ပွင့်လာနေခြင်းသာ ဖြစ်လေသည်။
ဤအစီအရင်ကို ဖွင့်နိုင်သည့်လူဆို၍ ရှနင်းချန် တစ်ဦးသာ ရှိပေသည်။ ထိုအကြောင်းကြောင့် အစီအရင် ထိုကဲ့သို့ ပွင့်လာသည်ကို ကြည့်ပါက ရှနင်းချန်မှ လုပ်နေခြင်းသာ ဖြစ်ရပေလိမ့်မည်။
ရှနင်းချန် ဘာကြောင့် ဤကဲ့သို့ လုပ်နေရသလဲဆိုသည်ကို သူတို့ နားမလည်နိုင်သေးခင်မှာပင် ထိုအစီအရင် မျက်နှာပြင်ပေါ်ရှိ အပေါက်မှတစ်ဆင့် လူတစ်ဦး ဘုံကိုးခုအထွတ်အမြတ် နယ်မြေထဲသို့ ဝင်လာခဲ့လေသည်။ ထိုလူ ဝင်လာသည့်နှုန်းမှာ အလွန်ကိုမှ မြန်ဆန်လွန်းလှလေရာ မည်သူမျှ အချိန်မီ တုံ့ပြန်နိုင်ခဲ့ခြင်း မရှိချေ။
ထိုလူ သူတို့အရှေ့သို့ ရောက်လာပြီးသည့်နောက် အကုန်လုံးမှာ ထိုလူကို ကြည့်ရင်း မှင်တက် ထိတ်လန့်သွားကုန်ကြလေသည်။ ညှို့ခံထားရသည့် လူများပမာ အကုန်လုံးမှာ သူတို့အရှေ့ရှိ လူကိုသာ မမှိတ်မသုန် စိုက်ကြည့်နေရတော့လေသည်။ သူမအရှေ့ရှိ လူကိုကြည့်ရင်း ရွှယ့်ယွယ်၏ မျက်လုံးထဲ မုန်းလည်းမုန်း ချစ်လည်းချစ်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် သူမ၏ မျက်လုံးလေးများ ရဲတက်လာတော့လေ၏။
ရန်ကိုင်မှ သူမအား ပြုံးပြလိုက်ရာ ရွှယ့်ယွယ်၏ ပါးပြင်တစ်လျှောက် မျက်ရည်များ ပိုးပိုးပေါက်ပေါက် စီးကျလာတော့လေသည်။ သူမအနေဖြင့် ရန်ကိုင်အကြောင်းကို နှစ်ပေါင်းများစွာ ကြာအောင် မကြားခဲ့ရပါသော်ငြား ရန်ကိုင်သည် သူမတို့ အလိုအပ်ဆုံးအချိန်တွင် ပေါ်လာခဲ့သည်။ ထိုအတွက်ကြောင့် ရွှယ့်ယွယ်မှာလည်း ရန်ကိုင်အပေါ် မှီခိုချင်လာမိပေသည်။ ရန်ကိုင် ရောက်လာသည်ကို မြင်ပြီးသည့်နောက် ရွှယ့်ယွယ်မှာ ယခင်ကလောက် စိုးရိမ်ပူပန်ခြင်း မရှိတော့ဘဲ အတော်လေးကိုမှ တည်ငြိမ်သွားခဲ့လေသည်။
"သခင်လေး" နတ်ဆိုးအိုကြီးမှာ အလွန်ကိုမှ စိတ်လှုပ်ရှားနေခဲ့ရာ သူ့နှုတ်ခမ်းများမှာ တဆက်ဆတ်ကို တုန်ယင်နေလေ၏။
"မင်္ဂလာပါ တော်ဝင်သခင်" အန်လင်းအာ၊ ရှုဟွေနှင့် အခြားသောသူများမှာလည်း အသိပြန်ဝင်လာကြပြီး အလျင်အမြန် ရှေ့သို့တိုးလာကာ ရန်ကိုင်အား လက်သီးဆုပ်၍ နှုတ်ဆက်လိုက်ကြလေ၏။
"မင်္ဂလာပါ သခင်" ရှေးဟောင်းနတ်ဆိုးကလန်၏ လီရုန်နှင့် ဟန်ဖေးတို့မှာလည်း အလျင်စလို နှုတ်ဆက်လိုက်ကြသည်။
"ရန်ကိုင်လား" ဟူကျောင်းအာနှင့် ဟူမေးအာတို့ ညီအစ်မနှစ်ဦးမှာတော့ အတော်လေးကိုမှ စိတ်လှုပ်ရှားနေကြလေသည်။
လူတိုင်းသည် ရန်ကိုင်အား မယုံကြည်နိုင်ဟန် အထင်းသားဖြင့် ကြည့်နေကြလေသည်။ သူတို့၏ အိပ်မက်ထဲတွင်ပင်လျှင် ရန်ကိုင်သည် ယခုကဲ့သို့သော အချိန်မျိုးတွင်မှ သူတို့အရှေ့၌ ပြန်ပေါ်လာလိမ့်မည်ဟု မည်သူမျှ ထင်ထားခြင်း မရှိချေ။
ဇီဝူကျိကလည်း အံ့အားသင့်နေဟန်ဖြင့်... "အစ်ကိုကု၊ သူက တကယ်ကြီး"
"ဟုတ်တယ်၊ သူ တကယ်ကြီး ပြန်လာတာ၊ သူက အရိပ်ကြယ်ရဲ့ ကြယ်သခင်ပဲ" ကုကျန်းရှင်က အလေးအနက် အမူအရာဖြင့် ပြောလိုက်သည်။ တစ်ချိန်တည်းတွင် မျက်မှောင်ကြီးကြုတ်လျက် ဓားလက်ကိုင်ရိုးကို တင်းတင်းဆုပ်ကိုင်ထားခဲ့လေသည်။
လက်ရှိအချိန်တွင် သူကိုင်ထားသည့် ဓားသည် သူ့အရှေ့တွင် ရှိနေသည့်လူသည် အလွန်တရာကိုမှ အားကောင်းလှသည်ဟု ပြောနေခဲ့လေသည်။ မည်မျှ အားကောင်းလွန်းလှသလဲဆိုလျှင် သူသည်သာ ထိုလူနှင့် သွားတိုက်ခိုက်မည်ဆိုပါက ဘာဆိုဘာမျှ ပြန်မလုပ်နိုင်ဘဲ အပြတ်အသတ် ရှုံးနိမ့်သွားမည်အထိပင်။ ဓားသမားတစ်ဦး ဖြစ်သည့်အလျောက် ထိုကဲ့သို့သော ကိစ္စမျိုးမှာ မဖြစ်သင့်ပေ။ ဓားသမားတစ်ဦးသည် တည်တည်ငြိမ်ငြိမ်နှင့် ရွေးချယ်ထားသော လမ်းစဉ်အပေါ် အလွန်ကိုမှ ယုံကြည်သူတစ်ဦးလည်း ဖြစ်ပေသည်။ အားကောင်းသည့် ရန်သူတစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါတွင် သူတို့စိတ်ထဲ၌ ပထမဦးဆုံး ဖြစ်ပေါ်လာသည်မှာ ထိုလူကို တိုက်ခိုက်၍ သူတို့၏ ဓားတာအိုကို ပိုမိုထက်ရှလာအောင် သွေးရန်သာ ဖြစ်လေသည်။ လက်ရှိအချိန်တွင်တော့ သူ့ဓားသည် သူမည်သို့ပင် ကြိုးစားနေစေကာမူ ရန်ကိုင်၏ ပြိုင်ဘက်ဖြစ်နိုင်လိမ့်မည် မဟုတ်ဟု သတိပေးနေခဲ့သည်။ [သူ ကျင့်ကြံခြင်း ဘယ်လောက်မြင့်နေလို့ ငါ့ရဲ့ ဓားဝိညာဉ်ကိုတောင် ကြောက်အောင် လုပ်နိုင်ရတာလဲ။]
ကုကျန်းရှင် ပြောသည့်စကားကို ကြားပြီးသည့်နောက် ဇီဝူကျိမှာ ထိတ်လန့်တုန်လှုပ်သွားတော့လေ၏။ [ဒီတော့ သူလား၊ တကယ်ကြီး သူဖြစ်နေတယ်ဆိုတာ ငါမယုံနိုင်သေးဘူး]
ယခင်က ရန်ကိုင်သည် ခရမ်းကြယ်၏ ပင်မကြယ်သို့ လာကာ မောက်မာဝံ့ကြွားစွာ ပြုမူခဲ့လေသည်။ ခရမ်းကြယ်၏ ကြယ်ပေါ်၌ သောင်းကျန်းခဲ့ပြီး ပညာရှင်ပေါင်းများစွာကိုလည်း သတ်ပစ်ခဲ့သည်။ နောက်ပိုင်းတွင် ဇီလုံနှင့် သူ့သား ရန်ကိုင်လက်ချက်ကြောင့် သေသွားခဲ့ရကြောင်းကို ခရမ်းကြယ်မှ အတည်ပြုနိုင်ခဲ့လေသည်။ ထိုအကြောင်းကြောင့် ခရမ်းကြယ်မှ ရန်ကိုင်အား အလွန်ကိုမှ မုန်းတီးနေသည်ဟု ပြော၍ရသည်။
သို့ပင်ဖြစ်လင့်ကစား ဇီဝူကျိအဖို့ ရန်ကိုင်အား တွေ့ဖူးသည်မှာ ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ် မဟုတ်။ သို့သော်ငြား နှစ်အတော်ကြာသွားပြီးသည့်နောက် ရန်ကိုင် သူ့အရှေ့တည့်တည့် ပြန်ပေါ်လာသည်မှာတော့ အမှန်တကယ်ကို မယုံကြည်နိုင်စရာ ကောင်းနေပေသည်။
ရန်ကိုင်နှင့် သူ့ဂိုဏ်းကြားရှိ ရန်ငြိုးရန်စတို့မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က ဖြစ်ပျက်သွားခြင်း ဖြစ်ပေသည်။ လက်ရှိအချိန်တွင် ဇီဝူကျိအနေဖြင့် အသက်ရှင်လိုပါက ရှနင်းချန်ကို အားကိုးရန်လိုအပ်ပေသည်။ ထိုအတွက်ကြောင့် ရှနင်းချန်၏ ယောက်ျားအပေါ် သွား၍ ရန်ရှာနေ၍ မဖြစ်ပေ။
ရန်ကိုင်သည် ရွှယ့်ယွယ်ဆီသို့ လျှောက်သွားလိုက်ပြီး ရွှယ့်ယွယ် ပါးပြင်ပေါ်ရှိ မျက်ရည်လေးများကို သုတ်ကာ တိုးတိုးလေး ပြောလိုက်သည်။ "မငိုနဲ့၊ ငါပြန်လာပြီ"
ရွှယ့်ယွယ် အငိုရပ်သွားခဲ့ပြီး ရန်ကိုင် လာကိုင်သည်ကို မခံလိုသည့်အလား ချက်ချင်း မျက်နှာလွှဲသွားခဲ့လေသည်။ ထိုနောက် သူမ မျက်ရည်များကို သူမဘာသာသူမ သုတ်နေတော့၏။
ရွှယ့်ယွယ်၏ လုပ်ပုံကြောင့် ရန်ကိုင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ သို့သော်ငြား လူအများအရှေ့တွင် ရုတ်ရုတ်သဲသဲ ဖြစ်စေ၍ မဖြစ်သည့်အတွက်ကြောင့် သူလက်ကို ဝှေ့ယမ်း၍ ပြောလိုက်သည်။ "အေးအေးဆေးဆေးသာ နေကြပါ"
ထိုအခါမှသာလျှင် အကုန်လုံးမှာလည်း အေးအေးဆေးဆေး ပြန်ရပ်နေလိုက်ကြလေသည်။
"နင်းချန်ရော" ရန်ကိုင်သည် ရွှယ့်ယွယ်ကို ကြည့်၍ မေးလိုက်သည်။ လိပ်ပြာဖြင့် သူ့အား ဤနေရာသို့ ခေါ်လာပြီးသည့်တိုင် ရှနင်းချန်မှာတော့ လူလုံးထွက်ပြမလာသေးပေ။ ထိုအတွက်ကြောင့် ရန်ကိုင်မှာ ရှနင်းချန်၏ အခြေအနေအပေါ် စိတ်ပူသွားရတော့လေသည်။
ရွှယ့်ယွယ်သည် ဘာမျှပြန်ပြောမနေဘဲ မျက်လွှာသာချလိုက်သည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ မန်ဟူရဆီသို့သာ လှမ်းကြည့်ရတော့လေ၏။ မန်ဝူရကလည်း သက်ပြင်းချ၍ ခေါင်းခါပြလိုက်သည်။ ထိုလူများ၏ တုံ့ပြန်ပုံကို မြင်သော် ရန်ကိုင် မျက်နှာ မှုန်ကုပ်သွားတော့လေသည်။
"ငါ့နောက်လိုက်ခဲ့" ထိုသို့ပြောပြီးသည့်နောက် ရွှယ့်ယွယ်သည် ရန်ကိုင်အား အတွင်းနန်းတော်ထဲဆီသို့ ခေါ်သွားလေ၏။ သူမတို့အား နှစ်ပေါင်းများစွာ ပစ်ထားသွားခဲ့သော ရန်ကိုင်အပေါ် အတော်လေး အခဲမကျေ ဖြစ်နေလိမ့်မည် ဖြစ်ပါသော်ငြား သေသေချာချာ စဉ်းစားကြည့်လိုက်မည်ဆိုလျှင်တော့ ယခုကိစ္စသည် ရန်ကိုင်၏ အပြစ်မဟုတ်ပေ။ ထိုသို့ဖြစ်လေရာ ရန်ကိုင်အား မည်သို့များ သွား၍ အပြစ်တင်ရပါမည်နည်း။ သူမသည် အကြောင်းအရင်းမရှိ လူတစ်ဦးအား လိုက်လံ၍ အပြစ်ရှာနေတတ်သည့် လူစားမျိုး မဟုတ်ပေ။ တကယ့်တကယ် အပြစ်တင်ရမည်ဆိုလျှင် ရန်သူများကို ဤနေရာသို့ ခေါ်လာမိသည့် သူမကိုယ်သူမသာ အပြစ်တင်ရပေလိမ့်မည်။ ထိုအကြောင်းကြောင့်သာလျှင် ထုန်းရွှမ်လောကကြီး ဒုက္ခရောက်သွားခဲ့ရပြီး ရှနင်းချန်သည်လည်း ယခုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံနေရခြင်းဖြစ်သည်။ ရှင်းရှင်းပြောရသော် ရန်ကိုင်အပေါ် သူမ၏ အေးစက်စက် ဆက်ဆံပုံမှာ ရန်ကိုင်အား အခဲမကျေသည့်အတွက်ကြောင့်တော့ မဟုတ်။ ရန်ကိုင်နှင့် မျက်နှာချင်းဆိုင်ရန်အလို့ငှာ အလွန်ကိုမှ ရှက်ရွံ့နေမိသည့်အတွက်ကြောင့်သာ ဖြစ်လေသည်။
[ရှနင်းချန် အခုလိုဖြစ်တာ ငါ့ကြောင့်ပဲ၊ သူသာ တစ်ခုခုဖြစ်သွားရင် ငါက တရားခံပဲ]
ရန်ကိုင်သည် ရွှယ့်ယွယ်ဆီသို့ ကပ်သွားခဲ့ပြီး သူမ၏ လက်ကလေးကို လှမ်းကိုင်လိုက်သည်။ လက်ရှိအချိန်တွင် ရွှယ့်ယွယ်၏ လက်များမှာ အပူချိန် လုံးဝမရှိသည့်အလား ရေခဲတမျှ အေးစက်နေခဲ့လေသည်။ ရွှယ့်ယွယ်သည် ရန်ကိုင်မှ သူမလက်အား လာကိုင်နေသည်ကို ခံစားမိလိုက်သော် ချက်ချင်း ရုန်းထွက်ရန် ကြိုးစားတော့သည်။ သို့သော်လည်း ရန်ကိုင်လက်မှ မရုန်းနိုင်ခဲ့ပေ။ ထိုအကြောင်းကြောင့် ဆက်၍လည်း ရုန်းကန်မနေတော့ဘဲ ဤအတိုင်းသာ ဆက်သွားနေလိုက်လေ၏။
မကြာမီ ရွှယ့်ယွယ်နှင့် ရန်ကိုင်တို့သည် အားလုံး၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။ ရန်ကိုင်တို့နှစ်ဦး ပျောက်ကွယ်သွားပြီးသည့်နောက် ခန်းမကြီးတစ်ခုလုံးမှာ အတန်ကြာသည့်အထိ တိတ်ဆိတ်နေခဲ့လေသည်။ သူတို့ ခံစားနေရသည့် စိုးရိမ်ပူပန်မှုများမှာ ရန်ကိုင် ရောက်လာသည့်တိုင် ပျောက်ကွယ်သွားခဲ့ခြင်း မရှိ။ ရန်ကိုင်၏ ကျင့်ကြံခြင်း မည်သည့်အဆင့်သို့ ရောက်နေစေကာမူ သူ့အနေဖြင့် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများကို ထုန်းရွှမ်လောကကြီးပေါ်မှ မောင်းထုတ်နိုင်မည်ဆိုလျှင်ပင် ရှနင်းချန်မှာ အလွယ်တကူ ပြန်သက်သာလာနိုင်လိမ့်မည် မဟုတ်ချေ။
ထိုစဉ် သေးသွယ်သွယ် ပုံရိပ်လေးတစ်ခု ရုတ်တရက် ရောက်လာခဲ့လေသည်။ ထိုကလေးမလေးကို မြင်သော် မန်ဟူရ ထိတ်လန့်တကြား ဖြစ်သွားခဲ့လေသည်။ ထိုကလေးမလေးသည် အသက် ခုနှစ်နှစ် ရှစ်နှစ်လောက်သာ ရှိပေဦးမည်။ သူမ ပုံစံမှာ အတော်လေးကိုမှ ချစ်စဖွယ် ကောင်းပါသော်ငြား ထိုကလေးမလေးကို ကြည့်ရင်း မန်ဝူရ၏ စိတ်ထဲ တစ်ခုခု ထူးဆန်းနေသလို ခံစားနေရလေသည်။ ကလေးမလေးသည် အရွယ်ပင် မရောက်သေးသည့်တိုင် သူမ၏ မျက်နှာထားမှာ အတော်လေးကိုမှ ထူးဆန်းနေ၏။ သူမ၏ မျက်နှာအထက် ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ဒေါသ၊ ကြောက်ရွံ့မှု မည်သည့် ခံစားချက်မျှ ရှိမနေခဲ့ပေ။
လက်ရှိအချိန်တွင် ထိုကလေးမလေးသည် ရောင်စုံလိပ်ပြာလေး တစ်ကောင်ကို လိုက်ဖမ်းနေခဲ့လေသည်။
"သူ နင့်ကို မတွေ့ချင်ဘူးတဲ့" အတွင်းနန်းတော်ထဲရှိ အခန်းတစ်ခန်း အရှေ့သို့ ရောက်သော် ရွှယ့်ယွယ်သည် ခေါင်းကို ငုံ့ထားရင်းမှ ပြောလိုက်လေသည်။
ရှနင်းချန်မှ ရန်ကိုင်နှင့် မတွေ့ချင်ဟု ရွှယ့်ယွယ်အား ပြောခဲ့ခြင်းသည် ရန်ကိုင်အား အမှန်တကယ်ကို မတွေ့လိုသည်ကြောင့် မဟုတ်။ ရန်ကိုင်အား သူမ၏ လက်ရှိပုံစံကို မမြင်တွေ့သွားစေလိုသည့် အတွက်ကြောင့်သာ ဖြစ်လေသည်။ မိန်းမသားတစ်ဦး ဖြစ်သည့်အလျောက် ရှနင်းချန် မည်ကဲ့သို့ ခံစားနေရသလဲဆိုသည်ကို ရွှယ့်ယွယ် နားလည်ပေသည်။ တကယ်တော့ မိန်းမသားများသည် သူမတို့၏ အကောင်းဆုံးဘက်ခြမ်းကိုသာ သူမတို့ ချစ်ရသည့် အမျိုးသားများကို ပြချင်သည် မဟုတ်ပေလော။
ရန်ကိုင်သည် ရွှယ့်ယွယ်၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားရင်းမှ နှစ်သိမ့်ပေးလိုက်လေသည်။ "အခုထိ လုပ်ပေးထားတာတွေ အားလုံးအတွက် တကယ်ကို ကျေးဇူးပဲ"
ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရွှယ့်ယွယ်၏ မျက်လုံးထဲမှ မျက်ရည်များ အတိုင်းမသိ စီးကျလာနေတော့သည်။ သူမစိတ်ထဲ မျိုသိပ်ထားခဲ့ရသည့် ခံစားချက်များမျှော်လင့်ချက်များ အားလုံးမှာ ရုတ်ချည်းဆိုသလို ပေါက်ကွဲထွက်လာရတော့လေသည်။ တစ်ချိန်တည်းတွင် ခေါင်းကို အဆက်မပြတ် ခါယမ်းရင်းမှ ရွှယ့်ယွယ်က ပြန်ပြောလိုက်သည်။"ငါတို့အားလုံးထဲမှာ နင်းချန်က အခက်ခဲဆုံးပဲ၊ နင် သူနဲ့သွားစကားပြောသင့်တယ်၊ ဒါပေမဲ့ အရမ်းကြီးတော့ အတင်းအကြပ်သွားမလုပ်နဲ့"
"ကောင်းပြီ" ရန်ကိုင် ခေါင်းညိတ်လိုက်ပြီး အခန်းတံခါးကို မျက်နှာမူလိုက်သည်။ ထို့နောက် သူ့လက်ကို မြှောက်၍ အခန်းတံခါးကို အသာအယာ ခေါက်ရင်းမှ ပြောလိုက်လေ၏။ "အထဲမှာ လူရှိလား"
အခန်းထဲမှ မည်သည့်အသံမျှ မကြားရ။ သို့သော် အခန်းထဲတွင် ရှိနေသည့် ရှနင်းချန်၏ အရှိန်အဝါကိုမူ ရန်ကိုင် အတိုင်းသား ခံစားမိနေလေသည်။ သို့သော်လည်း လက်ရှိအချိန်တွင်တော့ သူမ၏ အရှိန်အဝါမှာ အလွန်ကိုမှ အားနည်းနေလေ၏။ မသိလျှင် အချိန်မရွေး ကျိုးပြတ်သွားတော့မည့် ပိုးချည်မျှင်လေး တစ်မျှင်ပမာ။
ထိုအဖြစ်အပျက်ကြောင့် ရန်ကိုင်မှာ အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ တစ်ချိန်တည်းတွင်လည်း သူ့ရင်ထဲ သတ်ဖြတ်လိုစိတ်တို့ စတင်ထွက်ပေါ်လာတော့လေ၏။ ရှနင်းချန် ယခုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံနေရခြင်းမှာ တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများမှ ထုန်းရွှမ်လောကကြီးအား ဆိုးဆိုးရွားရွား ထိခိုက်သွားအောင် လုပ်ခဲ့သည့်အတွက်ကြောင့်သာ ဖြစ်လေသည်။
"အခန်းထဲမှာ ရှိတယ်ဆိုရင် ကျေးဇူးပြုပြီး တံခါးဖွင့်ပေးလို့ ရမလား” ရန်ကိုင်သည် သတ်ဖြတ်လိုစိတ်ကို ချုပ်တည်း၍ လေသံကို အတတ်နိုင်ဆုံး ပျော့အောင် ထိန်းရင်း ပြောလိုက်လေသည်။
သို့တိုင် မည်သည့် ပြန်ထူးသံမျှ ထွက်မလာခဲ့။
ရန်ကိုင်က ဆက်၍ ပြောလိုက်သည်။ "နင်းချန် ငါပြန်လာပြီလေ၊ နင့်ကိုတောင် ငါတွေ့ခွင့် မရတော့ဘူးလား၊ ငါ နင့်ကို အရမ်းလွမ်းနေတာ၊ ငါ နင့်ကို တစ်ခါမှ မမေ့ခဲ့ဘူး၊ အရင်နှစ်တွေအတွင်း ငါ နင့်အကြောင်းကို တောက်လျှောက်ကို စဉ်းစားနေခဲ့တာ၊ အခု ငါပြန်လာတာကို နင်က ငါ့ကို အခန်းအပြင်မှာပဲ ရပ်စောင့်ခိုင်းနေတော့မှာလား"
ရန်ကိုင်မှာ အခန်းအပြင်ဘက်မှ နေ၍ တောက်လျှောက်ကို ပြောနေခဲ့သည်။ တစ်ခဏအကြာတွင် ရွှယ့်ယွယ်သည် ရန်ကိုင်၏ လက်ကို ကိုင်၍ ခေါင်းခါပြလိုက်သည်။ ရှနင်းချန်သည် စိတ်ထားကောင်းကာ သိမ်မွေ့ချိုသာသည့် မိန်းကလေးတစ်ဦး ဖြစ်ပါသော်ငြား တစ်ခါတစ်ရံတွင်တော့ အလွန်ကိုမှ ခေါင်းမာတတ်ပေသည်။
ရန်ကိုင်လည်း သက်ပြင်းချ၍ ပြောလိုက်လေ၏။ "ကောင်းပြီ၊ ဒါဆို အေးအေးဆေးဆေးနားဦး နင်းချန်၊ ငါ ဟိုအင်းစက်ကောင်တွေကို အရင် သွားရှင်းလိုက်ဦးမယ်၊ နင့်အတွက် လက်စားပြန်ချေပြီးတော့မှ ငါနောက်တစ်ကြိမ် နင့်ကို လာတွေ့မယ်"
ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ရွှယ့်ယွယ်အား လှမ်းကြည့်လိုက်သည်။ ရန်ကိုင် ဘာပြောချင်နေသလဲဆိုသည်ကို ရွှယ့်ယွယ် ချက်ချင်း နားလည်သွားခဲ့လေသည်။ ထို့နောက် ရန်ကိုင်နှင့်အတူ အပြင်ဘက်သို့ ထွက်လာခဲ့လေ၏။ သို့သော်ငြား ရန်ကိုင်နှင့် ရွှယ့်ယွယ်တို့မှာ ခြေလှမ်းအတူ လှမ်းပြီးရုံတင်ရှိသေး အခန်းထဲမှ အသံကျယ်ကြီးတစ်သံ ထွက်လာခဲ့သည်။ ရွှယ့်ယွယ်နှင့် ရန်ကိုင်တို့ နှစ်ဦးစလုံး အထိပ်တလန့် ဖြစ်သွားခဲ့ကြပြီး ချက်ချင်း အခန်းတံခါးကို တွန်းဖွင့်၍ အထဲသို့ ပြေးဝင်သွားလေ၏။
ရှနင်းချန်အား သူ့လက်ဖြင့် ထောက်ကူပေးထားလိုက်ပြီးသည့်နောက် ရှနင်းချန်သည် ယခင်နှင့် လုံးဝမတူတော့ကြောင်းကို ရန်ကိုင် သေသေချာချာ ခံစားမိလိုက်သည်။ လက်ရှိ ရှနင်းချန်မှာ ဝိတ်ကျသွားသည်ဟုပင် ပြော၍မရ။ လုံးဝကို အရိုးပေါ်အရေတင် ဖြစ်နေသည်ဟုသာ ပြောရပေတော့မည်။
ရန်ကိုင်မှ ရှနင်းချန်ကို လှမ်း၍ ကိုင်လိုက်ပါသော်ငြား သူမ၏ အသားကိုပင် သေချာမကိုင်ရဘဲ အရိုးများကိုပင် ထိမိနေခဲ့လေသည်။
သို့သော်ငြား ရန်ကိုင်မှာ ရှနင်းချန်၏ ရုပ်အသွင်ကို ဂရုစိုက်နေရန် အချိန်မရှိ။ အကြောင်းမှာ ရှနင်းချန်သည် အဆက်မပြတ်ကို သွေးအန်နေသည့်အတွက်ကြောင့်ပင် ဖြစ်လေသည်။ အိပ်ရာခင်းတစ်ခုလုံး သွေးများဖြင့် စွန်းထင်းနေခဲ့ပြီး သူမ တစ်ကိုယ်လုံးကိုလည်း မှိန်ဖျဖျ အနက်ရောင်ချီများမှ လွှမ်းခြုံထားခဲ့သည်။ ထိုမျှသာလျှင် မဟုတ်သေး။ သူမ၏ ခန္ဓာကိုယ်ပေါ်၌ အလွန်ကိုမှ မဲနက်နေသော အကွက်အကွက်များလည်း ရှိနေခဲ့လေသည်။ မသိလျှင် မှင်အိုး သူမ အပေါ်သို့ ဖိတ်ကျထားသည့်အလား။
လက်ရှိ ရှနင်းချန်၏ ပုံစံသည် ရန်ကိုင်မှ ကြယ်တာရာကောင်းကင်ထဲမှနေ၍ ထုန်းရွှမ်လောကကြီးကို လှမ်းကြည့်စဉ်က မြင်ရခဲ့သည့် ပုံစံနှင့် တစ်ထေရာတည်းပင်။ လက်ရှိ ရှနင်းချန် ကိုယ်ပေါ်ရှိ အနက်ရောင်အကွက်များသည် ထုန်းရွှမ်လောကကြီးပေါ်တွင် ရန်ကိုင် မြင်တွေ့ခဲ့ရသော အနက်ရောင်အစက်များသာ ဖြစ်ကြပေသည်။ ရှနင်းချန် ကိုယ်ပေါ်ရှိ အနက်ရောင်အကွက်များကို လိုက်လံရေတွက်ကြည့်လိုက်ရာ စုစုပေါင်း ခုနစ်ကွက်တိတိ ရှိနေကြောင်း တွေ့လိုက်ရလေ၏။
[တစ်စပြင်ကန္တာရကြယ်စီရင်စုနဲ့ မရဏဂိုဏ်း၊ မင်းတို့တော့ သေဖို့သာ ပြင်ထားပေတော့]
ပုံမှန်ဆို ရှနင်းချန် ကိုယ်ပေါ်ရှိ အနက်ရောင်အကွက်များမှာ ရှစ်ကွက်တိတိ ရှိနေရပေလိမ့်မည်။ သို့သော်ငြား ရန်ကိုင်မှ ထုန်းရွှမ်လောကကြီးဆီသို့ လာခဲ့စဉ် ချုပ်နှောင်ခြင်းရှစ်သွယ် အစီအရင်ကို ဖျက်ဆီးပြီး အနက်ရောင်အကွက်ကြီး တစ်ကွက်ကို ဖျက်ဆီးပစ်ခဲ့သည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရှနင်းချန် ကိုယ်ပေါ်ရှိ အနက်ရောင်အကွက်မှာ တစ်ကွက်လျော့ကျသွားခဲ့ရခြင်း ဖြစ်လေသည်။
လက်ရှိ ရှနင်းချန် ကိုယ်ပေါ်ရှိ အနက်ရောင်အကွက်များသည် တဖြည်းဖြည်းချင်း အရွယ်အစား ကြီးမားလာနေခဲ့သည်။ အရွယ်အစား ကြီးမားသည့်နှုန်းမှာ မမြန်လှပါသော်ငြား တဖြည်းဖြည်း ကြီးမားလာသည့် အရွယ်အစားအရ အနှေးနှင့် အမြန်ဆိုသလို ထိုအနက်ရောင်အကွက်များအားလုံး ရှနင်းချန် တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပေတော့မည်။ ထိုအနက်ရောင်အကွက်များသည် ရှနင်းချန် ကိုယ်အထက် ဤအတိုင်း ရှိနေခြင်းသာ မဟုတ်။ ရှနင်းချန် ကိုယ်ပေါ်တွင် ရှိနေစဉ်အတောအတွင်း ရှနင်းချန်၏ အသက်စွမ်းအင်ကိုပါ စုပ်ယူနေခဲ့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရှနင်းချန်မှာ ယခုကဲ့သို့ အခြေအနေမျိုးနှင့် ကြုံနေရခြင်း ဖြစ်လေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၅၂)
ဘာသာပြန်သူ_တိမ်တိုက်
“နင်းချန်…” ရွှယ့်ယွယ်မှာလည်း ရှနင်းချန်ကိုကြည့်ရင်း ထိတ်လန့်နေခဲ့လေသည်။ ရှနင်းချန် ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူမ အမှန်တကယ်ကို ထင်ထားခြင်း မရှိခဲ့ပေ။ ရှနင်းချန် အစောပိုင်းက သွေးအန်နေရခြင်းမှာ ရန်ကိုင်ပြန်ရောက်လာသည့်အပေါ် စိတ်လှုပ်ရှားလွန်းသွားသည့်အတွက်ကြောင့် ဖြစ်သည်ဟု ထင်ခဲ့ပါသော်ငြား တကယ့်တကယ်တွင်တော့ ထိုသို့မဟုတ်သည့်ပုံပင်။
ရန်ကိုင်သည် ကုတင်ပေါ်တွင် ဘေးတစောင်းထိုင်၍ ရှနင်းချန်ကို သူ့ရင်ခွင်ထဲတွင် လှဲလျောင်းနေစေလိုက်သည်။ ထို့နောက် ရှနင်းချန်၏ကိုယ်ထဲသို့ စွမ်းအင်များကို တဖြည်းဖြည်းချင်း ထည့်သွင်းပေးနေလိုက်လေ၏။
ရန်ကိုင်မှာ သူ့ကျင့်ကြံခြင်းကို ချိတ်ပိတ်ထားရသည့်အတွက်ကြောင့် တန်ခိုးရှင်ဘုရင်အထွဋ်အထိပ်အဆင့်ပညာရှင်တစ်ဦးနှင့် ယှဉ်ပြိုင်နိုင်သော စွမ်းအင်များကိုသာ ထုတ်သုံးနိုင်ပေသည်။ သို့တိုင် ရန်ကိုင်ထုတ်သုံးနိုင်သည့်စွမ်းအားမှာ ဧကရာဇ်ချီဖြစ်သည့်အလျောက် သာမန်သူတော်စင်ချီထက် အဆပေါင်းများစွာ ပိုမိုအားကောင်းပေသည်။ ထို့အတွက်ကြောင့် ဧကရာဇ်ချီပမာဏမှာ နည်းပါးနေမည်ဆိုလျှင်ပင် သူတော်စင်ချီထက်တော့ အများကြီး ပိုမိုထိရောက်မှုရှိပေသည်။
ရန်ကိုင်၏ဧကရာဇ်ချီ ရှနင်းချန်၏ကိုယ်ထဲသို့ စီးဝင်လာနေသည့်အလျောက် ရှနင်းချန်ကိုယ်ပေါ်ရှိအနက်ရောင်အကွက်များ ကြီးမားကျယ်ပြန့်လာနေသည့်နှုန်းမှာ သိသိသာသာကို နှေးကျသွားခဲ့သည်။ ထိုမျှသာလျှင်မဟုတ်သေး အနက်ရောင်အကွက်များမှာ ပြန်လည်၍ပင် ကျုံ့ဝင်သွားသည့်ပုံပင်။ ထို့အပြင် ရှနင်းချန်ကိုယ်တစ်ဝိုက် ရစ်သိုင်းနေသော အနက်ရောင်ချီများမှာလည်း ယခင်ကကဲ့သို့ ဂနာမငြိမ် ဖြစ်မနေတော့ဘဲ တဖြည်းဖြည်း ပြန်လည်တည်ငြိမ်သွားလေ၏။
ရန်ကိုင်သည် ရှနင်းချန်၏ကိုယ်ထဲသို့ ဧကရာဇ်ချီကို နာရီဝက်ခန့်ကြာအောင် ထည့်သွင်းပေးနေခဲ့သည်။ ထိုအချိန်အတောအတွင်း တစ်ချက်ကလေးမျှပင် သတိလက်လွတ် မနေရဲခဲ့။ ထိုမျှအားတက်သရော သေသေချာချာ ကြိုးစားခဲ့သည့်တိုင် အနက်ရောင်အကွက်များကို လက်သီးဆုပ်အရွယ်အစားသို့ရောက်အောင်သာ ဖိနှိပ်နိုင်ခဲ့လေသည်။ ဤသည်မှာ သူလုပ်နိုင်သည့်အကန့်အသတ် ဖြစ်သွားလေပြီ။
ရန်ကိုင်အနေဖြင့် ထိုအနက်ရောင်အကွက်များကို ဖယ်ရှားပစ်လိုပါက ဤအတိုင်းလုပ်နေ၍မရ။ ထုန်းရွှမ်လောကကြီးပေါ်ရှိ အနက်ရောင်အစက်များကို ဖယ်ရှားပစ်မှသာ ရပေလိမ့်မည်။ ချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင်မှ ဖန်တီးထားသော အနက်ရောင်အစက်များသည် ထုန်းရွှမ်လောကကြီး၏ အသက်ဓာတ်ကို စုပ်ယူနေခြင်း ဖြစ်လေသည်။ ရှနင်းချန်၏အသက်ဓာတ်သည် ထုန်းရွှမ်လောကကြီး၏ အသက်ဓာတ်နှင့် ချိတ်ဆက်နေလေရာ ထုန်းရွှမ်လောကကြီး၏အသက်ဓာတ် စုပ်ယူနေခံရချိန်တွင် ရှနင်းချန်၏အသက်ဓာတ်မှာလည်း စုပ်ယူခံနေရလေ၏။ ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်အနေဖြင့် ရှနင်းချန်ကိုယ်ပေါ်ရှိ အနက်ရောင်အကွက်များကို ဖယ်ရှားလိုလျှင် ချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင်ကို အမြစ်ပြတ်ရှင်းပစ်မှသာ ရပေလိမ့်မည်။
ထိုအစီအရင်ကို ရှင်းပစ်ဖို့ရာမှာတော့ ရန်ကိုင်အတွက် သိပ်မခက်လှပေ။ သို့သော်ငြား ထိုသို့မလုပ်ခင် ရှနင်းချန်၏အခြေအနေကို ဦးစွာ တည်ငြိမ်သွားအောင် လုပ်ရပေလိမ့်မည်။
ရန်ကိုင်သည် ဆေးပုလင်းများစွာကိုထုတ်၍ ရွှယ့်ယွယ်ဆီသို့ ပစ်ပေးကာ ပြောလိုက်လေသည်။ “အဲ့ထဲကဆေးလုံးတွေထုတ်ပြီးတော့ သူ့ကိုတိုက်လိုက်…”
ရွှယ့်ယွယ်လည်း ဆေးပုလင်းအဖုံးများကိုဖွင့်၍ ဆေးလုံးများကို လက်ထဲသို့ သွန်ချလိုက်သည်။ ထို့နောက် ရှနင်းချန်၏ပါးစပ်လေးကိုဟ၍ သူမပါးစပ်ထဲသို့ ဆေးလုံးများကို ထည့်ပေးလိုက်လေ၏။ ထို့နောက်တွင် ရှနင်းချန်၏ပါးစပ်ကလေးကို ပြန်ပိတ်ပေးလိုက်ကာ သူတော်စင်ချီကို ရှနင်းချန်ကိုယ်ထဲသို့ ထည့်သွင်း၍ ဆေးလုံးများ၏ ဆေးအာနိသင်ကို ကူညီချေဖျက်ပေးလိုက်လေသည်။
ကံမကောင်းစွာဖြင့် ဆေးသောက်လိုက်သည့်တိုင် ရှနင်းချန်၏အခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိခဲ့ပေ။ ထိုဆေးလုံးများသည် တာအိုသခင်အဆင့်သာ ရှိသည့်အတွက်ကြောင့် သက်ရောက်မှုမှာ သိပ်၍ထိရောက်မှုမရှိ။ ရန်ကိုင်တွင် ဧကရာဇ်အဆင့်ဆေးလုံးများစွာ ရှိပါသော်ငြား လက်ရှိရှနင်းချန်၏အခြေအနေအရ ထိုဆေးလုံးများကို သွားတိုက်၍မဖြစ်ပေ။ ဆေးအာနိသင်မှာ အတော်လေးကိုမှ အားကောင်းလှလေရာ အခန့်မသင့်လျှင် ရှနင်းချန်၏ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားနိုင်ပေသည်။
ရုတ်တရက်ဆိုသလို ရန်ကိုင်မှာ တစ်ခုခုအား သတိရသွားခဲ့ပြီး သူ့ပေါင် သူပြန်ရိုက်ချလိုက်လေသည်။
(ဒီလောက်အရေးကြီးနေတဲ့အချိန်မှာ အဲ့ဒါကို ဘယ်လိုလုပ်ပြီး မေ့နေရတာလဲ…)
ရန်ကိုင်သည် သူ၏နာမ်ဝိဉာဉ်ကို လောကဓာတ်လုံးထဲသို့ ချက်ချင်း စေလွှတ်လိုက်သည်။ မကြာမီတွင် ရန်ကိုင်သည် သစ်ရွက်လေးတစ်ရွက်နှင့် ပြန်ထွက်လာခဲ့လေသည်။ သစ်ရွက်ထိပ်ဖျားတွင်တော့ နို့နှစ်ရောင်အရည်စက်လေးတစ်စက် ရှိနေလေ၏။ ထိုနို့နှစ်ရောင်အရည်စက်လေးထဲ မြောက်မြားလှစွာသော အသက်ဓာတ်တို့ ကိန်းအောင်းနေသလို သစ်ရွက်ထဲတွင်လည်း အတိုင်းမသိအောင် များပြားလှသော အသက်ဓာတ်တို့ ကိန်းအောင်းနေခဲ့လေသည်။
ထိုနို့နှစ်ရောင်အရည်စက်ကလေးနှင့်သစ်ရွက်မှာ အခြားမဟုတ်။ အင်မော်တယ်သစ်ပင်မှရလာသည့် အဖိုးတန်ရတနာများသာ ဖြစ်ကြသည်။ ကြယ်တာရာအစုအဝေးထဲရှိ မည်သူမဆို ထိုကဲ့သို့သောရတနာမျိုးကို ရရန်အတွက် အချင်းချင်း ပြန်လည်သတ်ဖြတ်ကြပေလိမ့်မည်။ သို့သော်ငြား လက်ရှိအချိန်တွင်တော့ ရန်ကိုင်မှာ အခြားဘာကိုမှ ဂရုမစိုက်နိုင်။ ရှနင်းချန်၏အသက်ကို ကယ်ဆယ်နိုင်ရန်အတွက် အင်မော်တယ်သစ်ပင်တစ်ပင်လုံးကို အသုံးပြုရမည်ဆိုလျှင် ရန်ကိုင်သည် ခြွင်းချက်မရှိ အသုံးပြုပေလိမ့်မည်။
ရန်ကိုင်သည် ရှနင်းချန်၏ပါးစပ်ကလေးကို ဟ၍ သူမ၏ပါးစပ်ထဲသို့ သစ်ရွက်ကလေးနှင့် ရေစက်ကလေးကို ထည့်ပေးလိုက်သည်။ ထို့နောက် သူ၏ဧကရာဇ်ချီကိုသုံး၍ ထိုသစ်ရွက်နှင့် ရေစက်ကလေးကို ရှနင်းချန်ကိုယ်ထဲ ပျော်ဝင်သွားအောင် ကူညီပေးလိုက်လေသည်။ မကြာမီတွင် ရှနင်းချန်၏ကိုယ်မှာ အစိမ်းရောင်ဖျော့ဖျော့ တောက်လာခဲ့လေ၏။ သူမကိုယ်တစ်ဝိုက်တွင် ရစ်သိုင်းလာခဲ့သော အစိမ်းရောင်အလင်းတို့သည် အနက်ရောင်ချီများကို စတင်၍ ချေဖျက်ပစ်တော့လေသည်။
ထိုအချင်းအရာကိုမြင်လိုက်သော် ရွှယ့်ယွယ် ဝမ်းသာအားရ ထအော်လေ၏။ ရန်ကိုင် ဘာလုပ်လိုက်လို့ လုပ်လိုက်မှန်း မသိပါသော်ငြား ရန်ကိုင်လုပ်လိုက်သည့်အရာကြောင့် ရှနင်းချန်၏အခြေအနေမှာ ယခင်ထက် သိသိသာသာကို ပိုမိုကောင်းမွန်လာခဲ့ရလေသည်။
အစိမ်းရောင်အလင်းမှာ တဖြည်းဖြည်းနှင့် ပိုပို၍ သိပ်သည်းလာခဲ့သလို ရှနင်းချန်၏ ခြောက်ကပ်လုနီးပါးဖြစ်နေသည့် အသက်ဓာတ်တို့မှာလည်း တဖြည်းဖြည်းနှင့် ပြန်ပြည့်လာခဲ့လေ၏။ တစ်ချိန်တည်းတွင် သူမကိုယ်တစ်ဝိုက် ရစ်သိုင်းနေသော အနက်ရောင်ချီတို့မှာ အစိမ်းရောင်အလင်း၏ ချုပ်နှောင်ချေဖျက်ခြင်းကို ခံနေရလေသည်။ အင်မော်တယ်သစ်ပင်၏အသက်ဓာတ်မှာ အလွန်တရာကိုမှ များပြားလွန်းလှသည်။ သေခါနီးလူတစ်ဦးအား ထိုသစ်ရွက်တစ်ရွက် သွားကျွေးလိုက်မည်ဆိုလျှင် ထိုလူသည် ချက်ချင်း အကောင်းပကတိအတိုင်း ပြန်လည်ကုန်းထလာပေလိမ့်မည်။ သို့သော်ငြား ရှနင်းချန်မှာတော့ ထိုသို့မဖြစ်ခဲ့။ အင်မော်တယ်သစ်ရွက်ကို စားသုံးပြီးသည့်တိုင် ရှနင်းချန်မှာ လူမမာတစ်ဦးသာ ဖြစ်နေဆဲ။ ထိုသို့ဖြစ်ရခြင်းမှာတော့ အဆန်းတော့မဟုတ်။ ရှနင်းချန် လက်ရှိကြုံနေရသည့်အရာမှာ ရောဂါဝေဒနာမဟုတ်။ သူမခန္ဓာကိုယ်တစ်ခုတည်းနှင့်သာ သက်ဆိုင်နေသည့် ဒဏ်ရာမျိုးလည်း မဟုတ်ပေ။ ထို့အစား ရှနင်းချန်၏လက်ရှိအခြေအနေသည် ထုန်းရွှမ်လောကကြီးနှင့် ပတ်သက်နေခြင်း ဖြစ်လေသည်။ ထုန်းရွှမ်လောကကြီးပေါ်ရှိ ချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင်ကို ဖျက်ဆီးလိုက်မှသာလျှင် ရှနင်းချန်မှာ ပြန်လည်၍ ကောင်းမွန်လာနိုင်ပေလိမ့်မည်။
သို့တိုင် အင်မော်တယ်သစ်ရွက်၏အကူအညီကြောင့် ရှနင်းချန်မှာ အတော်လေးကိုမှ ပြန်လည်သက်သာလာခဲ့လေသည်။ မျက်ခမ်းလေးများ တဆတ်ဆတ် လှုပ်လာပြီးသည့်နောက် မကြာမီတွင် ရှနင်းချန် အပြည့်အဝ မျက်လုံးပွင့်လာခဲ့သည်။
ထိုအချင်းအရာကိုမြင်သော် ရွှယ့်ယွယ်က အံ့အားသင့်တကြီး ဆိုလိုက်လေသည်။ “နင်းချန်… နင်းချန်… နင်ကြားရလား…”
“အစ်မရွှယ့်ယွယ်လား…” ရှနင်းချန်၏မျက်လုံးများမှာ အပြည့်အဝမပွင့်သေး။ ရွှယ့်ယွယ်ကိုမြင်သည့်အခါ ရှနင်းချန်မှာ လက်ရှိအခြေအနေအပေါ် တဖြည်းဖြည်း အသိပြန်ဝင်လာတော့လေသည်။ သို့သော်ငြား မကြာမီ အခြားလူတစ်ဦး၏ရင်ခွင်ထဲတွင် လဲလျောင်းနေကြောင်းကို ရှနင်းချန်တွေ့ရှိသွားရသည်။ ထို့အပြင် ထိုလူဆီမှ သူမအောက်မေ့သတိရနေသော အငွေ့အသက်များကိုလည်း ရနေလေ၏။ ရှနင်းချန်သည် ရန်ကိုင်ပုခုံးပေါ် မှီနေရင်းမှ ဘေးတစောင်းလှည့်ကြည့်လာလျက် ခါးသက်သက်အမူအယာဖြင့် ပြုံးလိုက်လေသည်။ “ဂျူနီယာမောင်လေးလား…”
(ငါ့ရဲ့ဒီပုံစံကို သူ့ကို မမြင်စေချင်ပါဘူးဆို လာမြင်သွားသေးတယ်… ဟင်း… အခုအချိန် ငါတကယ်ကို ရုပ်ဆိုးနေမှာပဲ…)
“ယောက်ျားလို့ခေါ်…” ရန်ကိုင်သည် ရှနင်းချန်၏နဖူးကို အသာအယာလေး ထိလိုက်လေသည်။
ရှနင်းချန်၏မျက်နှာ ရှက်သွေးဖြာသွားခဲ့ပြီး ဖြည်းဖြည်းချင်းခေါင်းကိုငုံ့လျက် ရန်ကိုင်အား တိုးတိုးလေးခေါ်လိုက်လေ၏။
ထိုစကားကိုကြားသော် ရန်ကိုင်က ရယ်မောလျက် “စုယန်တစ်ယောက် ငါ့ကို ဂျူနီယာမောင်လေးလို့ ခေါ်နေတာနဲ့တင် တော်တော်ဆိုးနေပြီ… လူတိုင်းကတော့ အဲ့တိုင်းကြီးပဲ ခေါ်နေလို့ မဖြစ်ဘူးလေ… ငါက မိသားစုရဲ့ အိမ်ဦးခေါင်းဆောင်ပဲ… ဒီတော့ လူတိုင်းက ငါ့ကို ဂျူနီယာမောင်လေးလို့ချည်းပဲ ခေါ်နေရင် နောက်ပိုင်း ငါ လူရှေ့သူရှေ့မှာ ဘယ်လိုပုံစံနဲ့ ခေါင်းမော့ရင်ကော့ပြီး နေရတော့မှာလဲ…” ရန်ကိုင်သည် ရွှယ့်ယွယ်ကိုကြည့်၍ “နင်ရော…”
ရွှယ့်ယွယ်က ရှက်ကိုးရှက်ကန်းဖြင့် “နင်းချန်ကို အရင်ကယ်…”
ရှနင်းချန်က ပြန်ပြောလိုက်သည်။ “ငါ အခု တော်တော်လေးသက်သွားပြီ…” ရန်ကိုင်နှင့် စကားပြောနေစဉ်အတောအတွင်း ရှနင်းချန်၏အသားအရေမှာ ယခင်ကထက်စာလျှင် အတော်လေးကိုမှ စိုစိုပြေပြေ ဖြစ်လာခဲ့လေသည်။ သူမ၏အသံမှာလည်း ယခင်ကကဲ့သို့ ခြောက်ကပ်နေခြင်း မရှိတော့ဘဲ ပိုမိုပီပြင်လာခဲ့လေသည်။
ရွှယ့်ယွယ်က ကြိတ်မနိုင်ခဲမရအမူအယာဖြင့် “နင်းချန်… နင်ဘယ်လိုလုပ်ပြီး ငါ့ကို ဒီလိုမျိုး လုပ်ရက်ရတာလဲ…”
ရှနင်းချန်က ပြုံးသာ ပြုံးနေခဲ့လေသည်။
ထို့နောက်တွင် ရွှယ့်ယွယ့်က ပြန်ပြောလိုက်လေ၏။ “ယောက်ျား…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်အား ‘နင် အခုပျော်ပြီလား’ဟူသော အကြည့်မျိုးဖြင့် စူးရဲစွာ စိုက်ကြည့်လိုက်လေ၏။
ရန်ကိုင်တို့စကားကောင်းနေစဉ်မှာပင် ရုတ်တရက်ဆိုသလို အခန်းထဲသို့ လူတစ်ဦး ဝင်လာခဲ့လေသည်။ ထိုလူမှာ အခြားမဟုတ်။ အလွန်ကိုမှ စိုးရိမ်ပူပန်နေသည့်ပုံစံ ပေါက်နေသော မန်ဝူရပင် ဖြစ်လေသည်။ အစောပိုင်းက မန်ဝူရနှင့် အခြားသူများသည် ခန်းမအပြင်ဘက်တွင် ရပ်နေကြခြင်း ဖြစ်သည့်အတွက်ကြောင့် ဤနေရာ၌ ဘာတွေဖြစ်သွားသလဲဆိုသည်ကို မသိကြ။ သူရောက်လာသည့်အခါတွင် ရှနင်းချန်သည် ရန်ကိုင်၏ရင်ခွင်ထဲတွင် လှဲ၍ ယဲ့ယဲ့လေးပြုံးနေသည်ကို တွေ့လိုက်ရလေသည်။ ထိုအချင်းအရာကိုမြင်လိုက်သည့်အခါမှသာလျှင် မန်ဝူရမှာ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို လွှတ်ချလိုက်ရသည့်ပမာ အတော်လေး စိတ်သက်သာရာ ရသွားခဲ့လေသည်။
ရန်ကိုင်နှင့် ရွှယ့်ယွယ်သည် အကြည့်ချင်းဖလှယ်လိုက်ကြလေသည်။ နှစ်ဦးစလုံးမှာ တစ်ယောက်ဘာပြောချင်နေသလဲဆိုသည်ကို တစ်ယောက် ချက်ချင်းသိသွားခဲ့ကြပြီးသည့်နောက်တွင် ရန်ကိုင်သည် ရှနင်းချန်ကို ကုတင်ပေါ် ပြန်ချပေးလျက် ပြောလိုက်လေ၏။ “အရင်ဆုံး နားလိုက်ဦးနော်… ငါ ဟိုကောင်တွေကို သွားသတ်ပြီးတော့ နင့်အတွက် လက်စားချေပေးဦးမယ်…”
ထိုသို့ပြောပြီးသည့်နောက် လှည့်ထွက်တော့မည်အပြု သူ့အင်္ကျီလက်ကို တစ်ယောက်ယောက်မှ လှမ်းဆွဲထားကြောင်း တွေ့လိုက်ရလေသည်။ ရန်ကိုင်ပြန်လှည့်ကြည့်လိုက်ရာ ရှနင်းချန်မှ ကြောက်လန့်တကြားအမူအယာဖြင့် သူ့အင်္ကျီလက်ကို ဆွဲထားကြောင်း တွေ့လိုက်ရလေသည်။ ရှနင်းချန်မှာ ရန်ကိုင်ထွက်သွားပြီး ပြန်မလာမည်ကို ကြောက်ရွံ့နေခြင်း ဖြစ်လေသည်။ နှစ်ပေါင်းများစွာကြာအောင် ခွဲခွာနေပြီးသည့်နောက် ခဏလေးသာ ပြန်တွေ့ပြီးပြီးချင်း ရန်ကိုင်အား ထပ်၍ ဆုံးရှုံးလိုက်ရမည်ကို ရှနင်းချန်မလိုလားပေ။
ရှနင်းချန် မည်ကဲ့သို့ ခံစားနေရသလဲဆိုသည်ကို သဘောပေါက်သည့်အလား ရန်ကိုင်သည် ရှနင်းချန်၏လက်ကို အသာအယာလေးပုတ်ပေးလျက် နှစ်သိမ့်ပေးလိုက်လေ၏။ “စိတ်မပူနဲ့… ငါ မကြာခင် ပြန်လာခဲ့မယ်…ဒီလိုလုပ်… နင် တစ်ကနေ တစ်ရာထိ ရေနေ… တစ်ရာရောက်ပြီဆိုတာနဲ့ ငါ နင့်ရှေ့မှာ ချက်ချင်းပေါ်လာမယ်…”
“ပြန်မလာရင်ရော…” ရှနင်းချန်က မေးလိုက်သည်။
“ကျိန်းသေ ပြန်လာခဲ့မယ်…”
ထိုစကားကိုကြားသော် ရှနင်းချန်ခေါင်းညိတ်၍ ရန်ကိုင်၏လက်ကို လွှတ်ပေးကာ မျက်လုံးပိတ်နေလိုက်လေ၏။
ရန်ကိုင်သည် ရွှယ့်ယွယ်နှင့်မန်ဝူရကို မျက်စပစ်ပြလိုက်ပြီးသည့်နောက် အခန်းထဲမှ အတူတူထွက်သွားလေသည်။ လျို့ယန်သည် အခန်းအပြင်ဘက်တွင် ပျော်ရွှင်စွာ ရပ်နေခဲ့လေသည်။ ရန်ကိုင်တို့ထွက်လာသည်ကိုမြင်သည့်အခါ ရန်ကိုင်အား လှမ်းမော့၍ ကြည့်လိုက်လေ၏။ ရန်ကိုင်သည် လျို့ယန်၏ခေါင်းကိုပုတ်ပေးလျက် “ဒီမှာနေပြီးတော့ သူ့ကိုဂရုစိုက်ထားနော်…”
လျို့ယန်သည် လိမ်လိမ်မာမာပင် ခေါင်းညိတ်ပြလိုက်လေသည်။
မန်ဝူရကမူ ထိုအချင်းအရာကိုကြည့်ရင်း မျက်မှောင်ကျုံ့နေခဲ့သည်။ ရန်ကိုင်သည် ဤနေရာအား စောင့်ကြပ်ရမည့်တာဝန်ကို ဘာကြောင့်များ ကလေးတစ်ဦးအား ပေးနေရသလဲဆိုသည်ကို နားမလည်နိုင်ပေ။ ထို့အပြင် ရန်ကိုင်နှင့် ဤကလေးမလေး မည်ကဲ့သို့ပတ်သက်သလဲဆိုသည်ကိုလည်း သူမသိ။ (ရန်ကိုင်ရဲ့သမီးများ ဖြစ်နေမလား…) လျို့ယန်၏ပုံစံသည် အမှန်တကယ်ကို နားလည်မှုလွဲစေနိုင်သည်ဟူသော အချက်ကိုတော့ မည်သူမျှ ငြင်းမရပေ။ (ရန်ကိုင်ရဲ့သမီးဆိုရင်တောင် ကျင့်ကြံဖူးတဲ့ပုံလည်း မပေါက်ဘူး… အဲ့တော့ သူ ဒီမှာ နေနေလို့ရော ဘာအသုံးဝင်မှာလဲ…)
မကြာမီ ရန်ကိုင်တို့အဖွဲ့ နန်းတော်အပြင်ဘက်ဆီသို့ ရောက်လာခဲ့သည်။ ထိုနေရာသို့ရောက်လာသည့်အခါ မန်ဝူရက စိုးရိမ်တကြီးဖြင့် ပြောလိုက်လေ၏။ “ဟိုကြွက်စုတ်တွေ ထုန်းရွှမ်လောကကြီးကနေ ထွက်ပြေးနေတဲ့ပုံပဲ… ရန်ကောင်လေး… မင်း ဘာဆက်လုပ်ဖို့စဉ်းစားထားလဲ…”
တစ်စပြင်ကန္တာရကြယ်စီရင်စုမှကျင့်ကြံသူများ ထွက်ပြေးမည်အရိပ်အယောင် ပြနေသည်ကို သတိပြုမိလိုက်သည့်အတွက်ကြောင့်သာလျှင် မန်ဝူရမှာလည်း ဆက်၍စောင့်မနေတော့ဘဲ ရှနင်းချန်၏အခန်းထဲသို့ အလျင်စလို ပြေးဝင်လာခဲ့ခြင်း ဖြစ်လေသည်။
လက်ရှိအချိန်တွင် နန်းတော်အပြင်ဘက်၌ လူအုပ်ကြီးသည် ကောင်းကင်ပေါ်သို့ လှမ်းမော့၍ကြည့်နေကြသည်။ သူတို့ကြည့်နေရာအတိုင်း လိုက်ကြည့်လိုက်မည်ဆိုပါက ကြယ်တာရာကောင်းကင်ထဲသို့ အလင်းတန်းများ တစ်စင်းပြီးတစ်စင်း ပျံသန်းသွားနေကြောင်းကို မြင်တွေ့ရပေလိမ့်မည်။ ထိုအလင်းတန်းများမှာ အခြားမဟုတ်။ ကြယ်သင်္ဘောကြီးများသာ ဖြစ်ကြလေသည်။ မန်ဝူရပြောသလိုပင် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများသည် ထုန်းရွှမ်လောကကြီးမှ ပြန်လည်ဆုတ်ခွာနေကြလေသည်။
ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်၏နှုတ်ခမ်း ကွေးတက်သွားခဲ့လေ၏။ (ထွက်ပြေးချင်နေတာလား… ဘယ်ကိုပြေးမှာလဲ… ရှနင်းချန်၊ ရွှယ့်ယွယ်တို့နဲ့ တွေ့ပြီးတော့မှ မင်းတို့နဲ့ လာစာရင်းရှင်းမလို့… ဒါပေမယ့် မင်းတို့က ဒီလောက်တောင်ကြောက်တတ်မယ်လို့ ငါ မထင်ထားခဲ့ဘူး… ဟမ့်… ဘာပဲဖြစ်ဖြစ် မင်းတို့လွတ်မယ်ထင်နေတာလား… မင်းတို့ ငါ့စီနီယာမမလေးကို လုပ်ခဲ့တာတွေအတွက် အဆတစ်ရာမက ပြန်ပြီးပေးဆပ်ရမယ်မှတ်…)
လူတိုင်းမှာ ရန်ကိုင်အား ကြည့်နေကြလေသည်။ ရန်ကိုင်ပြန်ရောက်လာပြီးသည့်အချိန်မှစ၍ ရန်ကိုင်သည် အားလုံး၏ ခေါင်းဆောင်လိုလို ဖြစ်သွားခဲ့သည်။ ရန်ကိုင်သည် ကောင်းကင်ပေါ်သို့ လက်ညှိုးထိုး၍ လေသံတိုးတိုးဖြင့် အမိန့်ပေးလိုက်လေ၏။ “သူတို့ကိုဝိုင်းထားလိုက်… တိုက်ခိုက်စရာမလိုဘူးနော်… ဒါပေမယ့် အလွယ်တကူထွက်ပြေးခွင့်လည်းမပေးနဲ့…”
ရန်ကိုင်၏စကားကိုကြားသည့်အခါ လူတိုင်း ခေါင်းညိတ်လိုက်ကြလေသည်။
“နေပါဦး…” တစ်ယောက်ယောက်က ရုတ်တရက် လှမ်းအော်ပြောလိုက်သည်။ အသံကြားရာဆီသို့ လှည့်ကြည့်လိုက်ရာ စကားပြောလိုက်သည့်လူမှာ ခရမ်းကြယ်၏လက်ရှိဂိုဏ်းချုပ်ဖြစ်သော ဇီဝူကျိဖြစ်နေကြောင်း တွေ့ရှိလိုက်ရသည်။
ရန်ကိုင်မှာ ဇီဝူကျိကို လှမ်းကြည့်လိုက်ပါသော်ငြား မည်သူမှန်းမသိရ။ ထို့အတွက်ကြောင့် မျက်မှောင်ကြီး ကျုံ့သွားလေ၏။
“မင်္ဂလာပါညီလေးရန်… ငါက…”
ရန်ကိုင်သည် ဇီဝူကျိအား ဖြတ်ပြောလိုက်လေသည်။ “ပြောစရာရှိရင် မြန်မြန်ပြော…”
ထိုကဲ့သို့ အပြောခံလိုက်ရသော် ဇီဝူကျိ၏မျက်လုံးထဲ မကျေနပ်ရိပ်တို့ ဖြတ်ပြေးသွားခဲ့သည်။ ရန်ကိုင်အားကောင်းမှန်း သူသိပေသည်။ ရန်ကိုင်သည် ဟုန်းလော့ကြယ်စီရင်စုထဲမှ ထွက်သွားစဉ်တည်းက တန်ခိုးရှင်ဘုရင်ဒုတိယအဆင့်သို့ ရောက်နေခြင်း ဖြစ်သည်။ ယခု နှစ်ပေါင်းများစွာကြာ၍ ပြန်လာပြီးသည့်နောက်တွင် သူ့ကျင့်ကြံခြင်းမှာ ထိုထက်မက မြင့်မားနေရပေလိမ့်မည်။ သို့တိုင် ဇီဝူကျိမှာတော့ ခရမ်းကြယ်၏ ဂိုဏ်းချုပ်တစ်ပါး ဖြစ်နေဆဲ။ လက်ရှိအချိန်တွင် မတတ်သာ၍ တစ်ပါးသူ၏လက်အောက်သို့ ခိုဝင်နေရပါသော်ငြား သူ့ခွန်အားသည်လည်း ပေါ့သေးသေးမဟုတ်။ အားကောင်းသောရန်သူများနှင့် ရင်ဆိုင်လာရသည့်အခါတွင် အနည်းငယ်လေးသောခွန်အားသည်ပင်လျှင် အလွန်ကိုမှ အရေးကြီးလာခဲ့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရွှယ့်ယွယ်ဖြစ်စေ ရှနင်းချန်ဖြစ်စေ မန်ဝူရဖြစ်စေ လူတိုင်းမှာ သူ့အား လွန်ခဲ့သည့်နှစ်များအတွင်း ယဉ်ယဉ်ကျေးကျေးဖြင့် ဆက်ဆံကြခြင်း ဖြစ်လေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်မှ သူ့အား ပမာမခန့်အမူအယာဖြင့် ဆက်ဆံလာသည်ကိုမြင်သော် ဇီဝူကျိ မကျေမနပ်ဖြစ်သွားတော့လေ၏။
သို့သော်ငြား လက်ရှိအခြေအနေကြောင့် မကျေနပ်သည့်အမူအယာမျိုး လုပ်မပြခဲ့ဘဲ ပြန်၍သာ သတိပေးလိုက်လေသည်။ “တစ်စပြင်ကန္တာရကြယ်စီရင်စုက ကျင့်ကြံသူအရေအတွက်က ငါတို့ထက် အများကြီး ပိုများတယ်… ငါသိသလောက်ဆိုရင် သူတို့ဘက်မှာ တန်ခိုးရှင်ဘုရင်တတိယအဆင့်ကျင့်ကြံသူတွေ နည်းတာမဟုတ်ဘူး… ပြီးတော့ ကြယ်သင်္ဘောတွေလည်းရှိသေးတယ်… ငါတို့ ဒီအတိုင်း မဆင်မခြင်ပြေးဝင်သွားမယ်ဆိုလို့ရှိရင် မီးတွင်းထဲကိုခုန်ဝင်သွားတာနဲ့ ဘာမှခြားမှမဟုတ်ဘူး…”
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၅၃)
ဘာသာပြန်သူ_တိမ်တိုက်
"ပြီးတော့ သူတို့က ထွက်ပြေးနေတာလေ၊ အဲဒီတော့ ဘာလို့လိုက်ပြီး တိုက်ခိုက်နေဦးမှာလဲ၊ ဒီအတိုင်းပဲ ထားလိုက်ကြရင် ပိုမကောင်းဘူးလား ရောင်းရင်းရန်"
"မင်း ပြောလို့ပြီးပြီလား" ရန်ကိုင်က ဇီဝူကျိကို ကြည့်၍ မေးလိုက်သည်။
ဇီဝူကျိက ခေါင်းညိတ်ပြလိုက်သည်။
ထို့အခါ ရန်ကိုင်သည် ဇီဝူကျိအား ဂရုစိုက်မနေတော့ဘဲ ကောင်းကင်ပေါ်သို့ ပျံတက်သွားနေသော အလင်းတန်းများကို လှမ်းကြည့်ရင်းမှ ပြောလိုက်လေ၏။ "သူတို့ကို သွားတား"
"မင်း" ဇီဝူကျိ မျက်နှာပျက်သွားခဲ့သည်။ ရန်ကိုင်သည် သူပြောသည့် စကားကို အနည်းငယ်မျှပင် အလေးမထားဘဲ နေလိမ့်မည်ဟု မထင်ထားပေ။
ဇီဝူကျိ ပြောသည်မှာလည်း အတိုင်းအတာ တစ်ခုလောက်အထိတော့ မမှားပေ။ ဘုံကိုးခုအထွတ်အမြတ် နယ်မြေတွင် ပညာရှင်ပေါင်းများစွာ ရှိကြပါသော်ငြား ရန်သူအင်အားနှင့် ယှဉ်လိုက်သော် အတော်လေးကိုမှ နိမ့်ကျနေပေသည်။ သူတို့သည်သာ ရန်သူအနောက်သို့ မဆင်မခြင် ပြေးလိုက်သွားမည်ဆိုပါက ရန်သူများကို မသတ်နိုင်သည့်အပြင် သူတို့သည်သာ ပြန်၍ အသတ်ခံရနိုင်ပေသည်။
ထိုအကြောင်းကြောင့် ယခုအခြေအနေနှင့် ပတ်သက်၍ တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများအား ဤအတိုင်း ထွက်ပြေးခိုင်းလိုက်ခြင်းသည် ပို၍ကောင်းပေသည်။ ထိုနည်းဖြင့်သာဆိုပါက သူတို့သည်လည်း ဒုက္ခရောက်ရတော့လိမ့်မည် မဟုတ်။ တကယ်တော့ လက်စားပြန်ချေသည့်ကိစ္စမှာ မည်သည့်အချိန် လုပ်လုပ် လုပ်ရသည့်အရာပင် မဟုတ်ပေလော။ နောက်ပိုင်း အခွင့်အရေးရှိလာသည့်အခါမှ လက်စားပြန်ချေလျှင်လည်း နောက်မကျသေးပေ။
ဇီဝူကျိမှာ ရန်ကိုင်အား ဖျောင်းဖျရန် ကြိုးစားလိုက်ပါသော်ငြား အချည်းနှီးသာ ဖြစ်ခဲ့ရသည်။ ထိုအတွက်ကြောင့် ရန်ကိုင်ကိုလည်း စိတ်ထဲမှ ကြိတ်ကာ အော်ဆဲတော့လေ၏။ [ဟွန်း၊ မင်း မောက်မာနိုင်တုန်းတော့ မောက်မာထားဦးပေါ့ကွာ၊ မင်းပြောတဲ့အတိုင်း ဘယ်သူ လိုက်လုပ်ဦးမလဲ ကြည့်ရသေးတာပေါ့]
သို့သော်ငြား ချက်ချင်းဆိုသလို ဇီဝူကျိမှာ တောင့်တောင့်ကြီး ဖြစ်သွားခဲ့ရသည်။
အကြောင်းမှာ လီလုံ၊ ဟန်ဖေး၊ မန်ဟူရ၊ နတ်ဆိုးအိုကြီး၊ ဟူညီအစ်မနှစ်ယောက်တို့သည် ရန်ကိုင် ပြောသည့် အမိန့်အတိုင်း အလင်းတန်းများ နောက်ဆီသို့ တစ်ဟုန်ထိုး ပြေးထွက်သွားကြသည့်အတွက်ကြောင့်ပင်။ မည်သူမျှ အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်း မရှိ။
တစ်ခဏလေးအတွင်း ခန်းမထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားခဲ့ကြရာ အဆုံးတွင် ခရမ်းကြယ်နှင့် ဓားအဖွဲ့အစည်းမှ ခေါင်းဆောင်များသာ ကျန်ရစ်ကြတော့လေသည်။
[ဒီကောင်တွေ ရူးနေကြတာလား] ဇီဝူကျိ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေလေသည်။
ထို့နောက်တွင် ရန်ကိုင်သည်လည်း အလင်းတန်းများ နောက်ဆီသို့ ပြေးလိုက်သွားလေသည်။
"ရောင်းရင်းဇီ၊ သူတို့ကို သွားကူညီပေးကြရအောင်" ကုကျန်းရှင်က ရုတ်တရက် ပြောလိုက်သည်။
ဇီဝူကျိသည် ကုကျန်းရှင်ဘက်သို့ လှည့်၍... "မင်းလည်း ရူးသွားတာလား ရောင်းရင်းဂု"
လက်ရှိအချိန်အတွင်း တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများအနောက် ပြေးလိုက်သွားခြင်းသည် ကိုယ့်သေတွင်းကိုယ် တူးခြင်းသာ ဖြစ်လေသည်။ ထိုအကြောင်းကြောင့် ဂုကျန်းရှင်သည်ပါ အလားတူ ဆုံးဖြတ်ချက်မျိုး ချလာသည့်အပေါ် ဇီဝူကျိမှာ အမှန်တကယ်ကို အံ့အားသင့်နေရခြင်း ဖြစ်လေသည်။ နှစ်ပေါင်းများစွာကြာအောင် အတူတိုက်ခိုက်လာပြီးသည့်နောက် သူနှင့် ကုကျန်းရှင်တို့ကြား ရဲဘော်ရဲဘက်စိတ်များ ဖြစ်လာရသည်ဟု ဇီဝူကျိ ထင်မိလေသည်။ ထိုအကြောင်းကြောင့် ကုကျန်းရှင် ဘာကြောင့် ဤမျှ ရူးမိုက်နေရသလဲဆိုသည်ကို ဇီဝူကျိ နားမလည်နိုင်ပေ။
ကုကျန်းရှင်က ယဲ့ယဲ့လေး ပြုံးလျက်... "အမြဲတမ်း ကြိတ်ငြိမ်ခံနေလို့လည်း ဘယ်ကောင်းပါ့မလဲကွာ၊ နည်းနည်းပါးပါး ရူးရူးမိုက်မိုက်လေး လုပ်မှပဲ လူပီသတော့မှာပေါ့" လက်ရှိအချိန်တွင် ဂုကျန်းရှင်၏ လက်ထဲရှိ ဓားမှာ အဆက်မပြတ်ကို တုန်ခါနေခဲ့လေသည်။ ဂုကျန်းရှင်၏ သွေးများမှာလည်း တိုက်ခိုက်လိုစိတ်ကြောင့် ဆူပွက်နေရလေ၏။ သူကိုယ်တိုင်သည် တိုက်ပွဲတစ်ပွဲအား ဆာလောင်နေခဲ့သလို သူ့လက်ထဲရှိ ဓားစိတ်ဆန္ဒတို့မှာလည်း ထိန်းချုပ်မရအောင်ကို ပေါက်ကွဲထွက်လာနေခဲ့လေသည်။
ဓားပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် နှစ်ပေါင်းများစွာ မတိုက်ခိုက်ဘဲ ဤအတိုင်း နေနေရခြင်းမှာ သိပ်၍ အဆင်မပြေလှပေ။ သူ၏ ဓားတာအို နှလုံးသားသည် တဖြည်းဖြည်းနှင့် တုံးသထက် တုံးလာနေသည်ဟု ခံစားရသည်။ ထိုအတွက်ကြောင့် လက်ရှိအနေအထားသည် သူတို့ဘက်သို့ သိပ်၍ အလေးမသာပါသော်ငြား ကုကျန်းရှင်မှာတော့ တိုက်ပွဲထဲသို့ ပြေးဝင်သွားကာ တိုက်ခိုက်ချင်နေလေသည်။ သူ၏ လုပ်ရပ်သည် မှန်ကန်သည်ဖြစ်စေ မမှန်ကန်သည်ဖြစ်စေ ကုကျန်းရှင်၏ ခေါင်းထဲ တိုက်ခိုက်ဖို့အတွေးသာ ရှိတော့သည်။
ထိုအကြောင်းကြောင့် သူ့ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်လေ၏။ ကုကျန်းရှင် လက်ထဲရှိ ဓားမှာ တဆတ်ဆတ် တုန်ယင်လာခဲ့ပြီး ဓားစိတ်ဆန္ဒတို့လည်း ဖြာထွက်လာခဲ့ကာ ကုကျန်းရှင်နှင့် ဓားမှာ တစ်သားတည်း ဖြစ်သွားခဲ့လေသည်။ ထို့နောက်တွင် ကုကျန်းရှင်သည် သူ၏ ဓားအစေခံများနှင့်အတူ မည်သည့်အပိုစကားမျှ ပြောမနေတော့ဘဲ တိုက်ပွဲဆီသို့ ပြေးထွက်သွားလေ၏။
ထိုအချင်းအရာကို ကြည့်ရင်း ဇီဝူကျိ၏ မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။ သူ မည်မျှပင် အရှက်မဲ့နေစေကာမူ အကုန်လုံး ထွက်သွားပြီးသည့်နောက် ဤနေရာတွင် တစ်ယောက်တည်း ကျန်နေခဲ့၍တော့ မဖြစ်ပေ။ ထိုအကြောင်းကြောင့် ခရမ်းကြယ်မှ သူ့လူများကို ခေါ်၍ တိုက်ပွဲဆီသို့ ပြေးဝင်သွားလေ၏။ သို့တိုင် အပေါ်ယံဟန်ပြသာ တိုက်ခိုက်ပြီး သူသေကိုယ်သေ တိုက်ခိုက်မည် မဟုတ်ဟု ဇီဝူကျိ စဉ်းစားထားပြီးသားပင်။ အခြေအနေ ဆိုးရွားလာခဲ့ပါက ချက်ချင်း ထွက်ပြေးပေမည်။
မျက်တောင်တစ်ခတ်အတွင်း ခန်းမအရှေ့၌ မည်သူမျှ မရှိကြတော့။ ဘုံကိုးခုအထွတ်အမြတ် နယ်မြေမှ လူအားလုံးသည် ရှေ့မြေပြင်ဆီသို့ ပြေးထွက်သွားကုန်ကြလေပြီ။
…
"ကျေးဇူးပဲ စီနီယာမမလေး" ရန်ကိုင်သည် လက်သီးချက်များကို တရစပ် ပစ်လွှတ်ရင်းမှ ပြောလိုက်သည်။
ရန်ကိုင်သည် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများကို သွားရောက် တားဆီးခြင်း မရှိခဲ့။ ရန်ကိုင်တွင် ထိုထက်ပို၍ အရေးကြီးသည့် လုပ်စရာကိစ္စများ ရှိနေပေသည်။ ထိုအရာမှာ အခြားမဟုတ်။ ချုပ်နှောင်ခြင်းရှစ်သွယ် အစီအရင်ငယ် ခုနစ်ခုကို ဖျက်ဆီးရန်သာ ဖြစ်လေသည်။ ထိုအစီအရင်များသည် အသားပေါ် တွယ်ကပ်နေသည့် လောက်များပမာ ထုန်းရွှမ်လောကကြီးနှင့် ရှနင်းချန်တို့၏ အသက်ဓာတ်ကို တတိတိနှင့် စုပ်ယူနေခဲ့လေသည်။ ရန်ကိုင်မှာ အင်မော်တယ်သစ်ပင်၏ အရွက်ကို သုံး၍ ရှနင်းချန်၏ အခြေအနေကို တည်ငြိမ်သွားအောင် လုပ်ထားခဲ့ပါသော်ငြား ရှနင်းချန် ကြုံနေရသည့် အခြေအနေကို အမြစ်ပြတ် ဖြေရှင်းပေးလိုပါက ဤအစီအရင်အားလုံးကို ဖျက်ဆီးပစ်မှသာ ရပေလိမ့်မည်။
ရန်ကိုင်၏ မူလအစီအစဉ်မှာ ထိုအစီအရင်များရှိရာ နေရာဆီသို့ ပျံသန်းသွားရန်သာ ဖြစ်လေသည်။ သို့သော်ငြား ထိုကဲ့သို့ ပျံသန်းသွားနေရင်းမှ သူ့ခန္ဓာကိုယ်သည် ရုတ်တရက် ပေါ့ပါးသွားခဲ့ပြီး အစီအရင်တစ်ခု အရှေ့သို့ ဗြုန်းစားကြီး ရောက်လာခဲ့လေသည်။ ထိုကဲ့သို့ ဖြစ်သွားရခြင်းမှာ ရှနင်းချန်မှ သူ့အား ကူညီပေးလိုက်သည့်အတွက်ကြောင့်သာလျှင် ဖြစ်ပေသည်။ ရှနင်းချန်သည် ထုန်းရွှမ်လောကကြီး၏ ကြယ်သခင်တစ်ဦး ဖြစ်သည့်အတွက်ကြောင့် လူတစ်ဦးအား တစ်နေရာမှ တစ်နေရာသို့ မျက်တောင်တစ်ခတ်အတွင်း ပို့ဆောင်ပေးနိုင်ပေသည်။ လက်ရှိအချိန်တွင် ရှနင်းချန်သည် သူမ၏ အခန်းထဲ ပြန်လည်အနားယူကာ အားပြန်ဖြည့်နေပါသော်ငြား ရန်ကိုင်၏ အစီအစဉ်ကို သတိထားမိပေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ကြယ်သခင်တစ်ပါး၏ စွမ်းအားကိုသုံး၍ ရန်ကိုင်အား အစီအရင်ငယ်လေး ရှေ့သို့ရောက်အောင် ကူညီပေးခဲ့ခြင်း ဖြစ်လေ၏။
ရန်ကိုင် အောက်ဘက်တွင် အနက်ရောင်အစက် တစ်စက် ရှိနေခဲ့လေသည်။ ပုံမှန်အားဖြင့် ဤအနက်ရောင်အစက်သည် ရန်ကိုင် ဖျက်ဆီးခဲ့သော အနက်ရောင်အစက်ကြီးနှင့် ဆင်တူသင့်ပေသည်။ သို့သော်ငြား တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ဘာတွေလုပ်ခဲ့လို့ လုပ်ခဲ့မှန်း မသိရ။ လက်ရှိအချိန်၌ ရန်ကိုင်၏ အောက်ဘက်တွင် ရှိနေသော အနက်ရောင်အစက်သည် ဘေးပတ်ဝန်းကျင်အနှံ့ လျင်မြန်စွာ ပျံ့နှံ့ခဲ့လေသည်။ ထိုကဲ့သို့ ပျံ့နှံ့နေရင်းမှ အနက်ရောင်အစက်သည် ပတ်ဝန်းကျင်တစ်ခုလုံးကိုပါ အဆက်မပြတ် ဝါးမျိုပစ်နေခဲ့ပြီး တစ်ချိန်တည်းတွင် အနက်ရောင်အစက်၏ အတွင်းပိုင်းဆီမှ စိတ်မသက်မသာ ဖြစ်စရာကောင်းလှသော အရှိန်အဝါတစ်ရပ် ဖြာထွက်လာနေခဲ့လေသည်။
ရန်ကိုင်သည် ထိုအနက်ရောင်အစက် တည့်တည့်သို့ လက်သီးချက်များ တစ်ချက်ပြီးတစ်ချက် ပစ်သွင်းလိုက်လေသည်။ ဆီပူအိုးထဲသို့ ရေခဲရေတစ်စက် ကျသွားသည့်ပမာ အနက်ရောင်အစက်များ တရှဲရှဲ မြည်လာခဲ့လေ၏။ ရန်ကိုင်၏ လက်သီးချက်များကြောင့်ပင်လျှင် အနက်ရောင်အစက်မှာ ဆက်လက်၍ ပြန့်ကားထွက်နေခြင်း မရှိတော့ဘဲ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ထို့နောက် ဗြုန်းစားကြီး ထပေါက်ကွဲတော့လေ၏။ အနက်ရောင်အစက် ပေါက်ကွဲရာမှ မီတာတစ်ထောင် ဝန်းကျင်တစ်ခုလုံး အနက်ရောင် အလင်းတို့ဖြင့် လွှမ်းခြုံသွားခဲ့ရလေသည်။
ရန်ကိုင်လည်း လက်သီးဆက်၍ မထိုးတော့ပေ။ အသက်ကို ပြင်းပြင်းရှူသွင်း၍ အောက်ဘက်ရှိ အခြေအနေကို ငုံ့ကြည့်လိုက်သည်။ လက်ရှိအချိန်တွင် အနက်ရောင်အစက်မှာ ၎င်း၏ပုံစံကို ဆက်၍ ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့။ အနက်ရောင်အစက်သည် ယခင်နှင့် စာလျှင် အတော်လေးကိုမှ ကျယ်ပြန့်လာခဲ့ပါသော်ငြား ၎င်း၏ အရောင်မှာတော့ သိသိသာသာကို မှိန်ကျနေခဲ့လေသည်။
အနက်ရောင်အစက်မှ ယခုကဲ့သို့သော အဖျက်စွမ်းအားမျိုး ထုတ်ဖော်နိုင်လောက်အောင် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ သူတို့ထွက်မသွားခင် ချုပ်နှောင်ခြင်းရှစ်သွယ် အစီအရင်အား ဘာတွေလုပ်ခဲ့သလဲဆိုသည်ကို ရန်ကိုင် မသိပါသော်ငြား အဆုံးတွင်တော့ ဤအရာကြီး တစ်ခုလုံးသည် အစီအရင်တစ်ခုသာ ဖြစ်နေဆဲ။ ရန်ကိုင်သည်သာ အစီအရင်၏ ဟန်ချက်ကို ဖျက်ဆီးပစ်လိုက်မည်ဆိုပါက အနက်ရောင်အစက်မှာ အန္တရာယ်ရှိတော့လိမ့်မည် မဟုတ်ချေ။ အနက်ရောင်ချီများသည်လည်း သူ့အလိုလို ပျောက်ကွယ်သွားခဲ့ပြီး မိုးမြေစွမ်းအင်သည်လည်း သူ့အလိုလို ပြန်လည် ကောင်းမွန်လာပေလိမ့်မည်။
အနက်ရောင်အစက်ကို ဖျက်ဆီးပြီးပြီးချင်းမှာပင် ရန်ကိုင်မှာ သူ့ခန္ဓာကိုယ် ရုတ်တရက် လွင့်မျောသွားသည့် ခံစားချက်မျိုးကို ခံစားလိုက်ရသည်။ မသိလျှင် မမြင်နိုင်သည့် လက်ကြီးတစ်ဖက်သည် သူ့အား ဆုပ်ကိုင်ပြီး အခြားတစ်နေရာသို့ ပို့ဆောင်ပေးနေသည့်အလား။ ရန်ကိုင်မှာ နေရာသစ်တစ်ခုသို့ ရောက်လာခဲ့လေ၏။ သူ့အောက်ဘက်တွင်တော့ နောက်ထပ် အနက်ရောင်အစက် တစ်စက် ရှိနေခဲ့လေသည်။ ဤအနက်ရောင်အစက်သည်လည်း အစောပိုင်းက ရန်ကိုင် တွေ့ခဲ့ရသော အနက်ရောင်အစက်ကဲ့သို့ပင် လျင်မြန်စွာ ပျံ့နှံ့နေခဲ့လေသည်။
"နောက်တစ်ခုပဲ"
"စီနီယာမမလေး၊ အခုလိုမျိုး အလုပ်ရှုပ်ခံနေစရာ မလိုဘူး၊ နေရထိုင်ရတာ အဆင်မပြေဘူးဆိုရင် အေးအေးဆေးဆေးပဲ နားနေလိုက်၊ ငါ့ရဲ့ ကျင့်ကြံခြင်းက မြင့်ပြီးသား၊ ဒီလောက် အကွာအဝေးလောက်ကို သွားဖို့ကတော့ ဘာကိစ္စမှ မရှိဘူး"
"ဒါနဲ့ စီနီယာမမလေးကို ပြောဖို့မေ့နေလို့၊ စုယန်လည်း အဆင်ပြေနေတယ် သိလား၊ သူအခု လော့အာနဲ့အတူ ရှိနေတယ်၊ ဒီက ကိစ္စတွေ ပြီးသွားရင် စီနီယာမမလေးကို အရိပ်ကြယ်ဆီ ပြန်ခေါ်သွားပေးမယ်၊ အဲဒီမှာ အခြားသူတွေနဲ့ တွေ့လို့ရပြီ"
ရန်ကိုင်သည် တစ်ကြိမ်ပြီးတစ်ကြိမ် တိုက်ခိုက်နေခဲ့သည်။ ရှနင်းချန်ဆီမှ မည်သည့် တုံ့ပြန်စကားမျှ မကြားခဲ့ရပါသော်ငြား ရှနင်းချန်သည် သူ့လုပ်ရပ်များကို တောက်လျှောက် စောင့်ကြည့်နေမှန်း ရန်ကိုင် သိနေခဲ့သည်။ ရှနင်းချန်၏ ကူညီပေးမှုကြောင့် ရန်ကိုင်မှာ အချိန်ကုန်သက်သာသွားခဲ့ပါသော်ငြား ထုန်းရွှမ်လောကကြီးမှာ အကြီးကြီး မဟုတ်သည့်အတွက်ကြောင့် သူဘာသာသူ သွား၍လည်း အဆင်ပြေပေသည်။ ရှနင်းချန်မှ ကူညီပေးသည်မှာ ပိုမြန်သည့်တိုင် ထိုကဲ့သို့ လုပ်ခြင်းသည် အပြည့်အဝ ပြန်လည် သက်သာလာခြင်း မရှိသေးသည့် သူမကို ပို၍ ဝန်ပိစေပေသည်။ ရှနင်းချန်မှာ ပြန်မကောင်းသေးလေရာ ယခုကဲ့သို့သော အချိန်မျိုးတွင် အနားယူနေခြင်းသာ အကောင်းဆုံး ဖြစ်ပေသည်။
ရန်ကိုင်အဖို့ အနက်ရောင်အစက် ခုနစ်စက်လုံးကို ဖျက်ဆီးပစ်ရန်အတွက် တစ်ဆယ့်ငါးမိနစ်ခန့် အချိန်ယူခဲ့ရသည်။ တစ်ဆယ့်ငါးမိနစ်ခန့် ကြာပြီးသွားသည့် နောက်တွင်တော့ အစီအရင်ငယ်လေး ခုနစ်ခုစလုံး ပျက်စီးသွားခဲ့လေပြီ။
ရန်ကိုင်က ပြုံး၍ ပြောလိုက်လေသည်။ "ကဲ၊ အားလုံး ပြီးသွားပြီ စီနီယာမမလေး၊ အေးအေးဆေးဆေး နားနေပေတော့၊ ကျန်တဲ့ကိစ္စကို ငါ့ဘာသာငါပဲ ဆက်လုပ်လိုက်တော့မယ်"
တစ်ယောက်ယောက် သူ့ဘေးနားမှ ရုတ်တရက် ပျံသန်းသွားသည့်အလား ရန်ကိုင်၏ မျက်နှာအား လေပြင်းများ တိုက်ခတ်သွားခဲ့လေသည်။
ရန်ကိုင်လည်း ချက်ချင်း ခေါင်းမော့၍ လှမ်းကြည့်လိုက်ရာ သူ့အကြည့်မှာ ဓားတစ်ချောင်းပမာ ချက်ချင်းဆိုသလို စူးရှသွားခဲ့သည်။ သူ့မျက်လုံးထဲရှိ သိမ်မွေ့သည့် အရိပ်အယောင်တို့မှာလည်း သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့လေသည်။
ကောင်းကင်အထက်မှ သွေးများ ဖြာကျနေခဲ့ပြီး အလောင်းများမှာလည်း တစ်လောင်းပြီးတစ်လောင်း ပြုတ်ကျလာနေခဲ့သည်။
ဘုံကိုးခုအထွတ်အမြတ် နယ်မြေ၏ စွမ်းအားမှာ နိမ့်ကျခြင်း မရှိပါသော်ငြား တစ်စပြင်ကန္တာရ ကြယ်စီရင်စုမှ လူအင်အားမှာ ပိုမိုတောင့်တင်းနေခဲ့လေသည်။ ထိုအကြောင်းကြောင့် ရန်ကိုင်တို့ဘက်မှ အောက်စီးသို့ ရောက်နေပြီး တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်နေကြရလေသည်။ တကယ်တော့ တစ်စပြင်ကန္တာရကြယ်စီရင်စုဘက်တွင် တန်ခိုးရှင်ဘုရင် တတိယအဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူ လေးဦးပင် ရှိနေသည် မဟုတ်ပေလော။ ရန်ကိုင် သတ်ပစ်ခဲ့သော ရှင်းရွှမ်မင်ကိုသာ ထပ်ထည့်လိုက်မည်ဆိုပါက စုစုပေါင်း ငါးယောက် ဖြစ်သွားလေပြီ။ ထိုလူများအနက် အများစုမှာ တက်သစ်စ တန်ခိုးရှင်ဘုရင် တတိယအဆင့်များသာလျှင် ဖြစ်လင့်ကစား တန်ခိုးရှင်ဘုရင် တတိယအဆင့်သည် တန်ခိုးရှင်ဘုရင် တတိယအဆင့် ဖြစ်နေဆဲ။ ထိုကဲ့သို့သော ပညာရှင်တစ်ဦးကို ရင်ဆိုင်ဖို့ရာ အမှန်တကယ်ကို မလွယ်ကူလှပေ။
လက်ရှိအချိန်တွင် ရွှယ့်ယွယ်သည် မရဏဂိုဏ်း၏ တတိယအကြီးအကဲနှင့် တစ်ယောက်ချင်း ယှဉ်ပြိုင် တိုက်ခိုက်နေခဲ့လေသည်။ ထုန်းရွှမ်လောကကြီးပေါ်သို့ ရောက်နေသည့် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများအနက် တတိယအကြီးအကဲဆိုသူမှာ အားအကောင်းဆုံး ဖြစ်ပေသည်။
ရွှယ့်ယွယ်နှင့် တတိယအကြီးအကဲတို့ နှစ်ဦးစလုံးမှာ တန်ခိုးရှင်ဘုရင် တတိယအဆင့်များ ဖြစ်ကြသည်။ နှစ်ဦးစလုံးမှာလည်း လက်ရည်ညီနေကြလေရာ မည်သူမျှ အသာစီးမရနိုင် ဖြစ်နေလေ၏။
မန်ဝူရနှင့် နတ်ဆိုးအိုကြီးမှာလည်း နှစ်ယောက်အတူ ပူးပေါင်း၍ တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးကို ရင်ဆိုင်နေခဲ့သည်။ သို့သော်ငြား သူတို့ အခြေအနေမှာတော့ မကောင်းလှ။ တိုက်ခိုက်နေသည်မှာ အရမ်းမကြာသေးပါသော်ငြား မန်ဟူရနှင့် နတ်ဆိုးအိုကြီး နှစ်ဦးစလုံး ဒဏ်ရာအသီးသီး ရနေကြလေပြီ။ သူတို့အနေဖြင့် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးကို အနိုင်ယူဖို့ရာ လုံးဝမဖြစ်နိုင်ဘဲ ထိန်းထားရုံသာ တတ်နိုင်လေသည်။
ထိုအချိန်အတောအတွင်း ဟူမေးအာနှင့် ဟူကျောင်းအာတို့ ညီအစ်မနှစ်ဦးသည်လည်း တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူတစ်ဦးကို ရင်ဆိုင်နေခဲ့လေသည်။ သို့သော်ငြား သူတို့ အခြေအနေမှာ မန်ဝူရနှင့် နတ်ဆိုးအိုကြီးထက် ပို၍ အဆင်ပြေနေသေး၏။ ခရမ်းရောင်နှင့် အစိမ်းရောင် ဓားအလင်းတန်းတို့သည် အတူတကွ ယှက်ဖြာ၍ ဓားပိုက်ကွန်တစ်ခု အသွင်သို့ပြောင်းကာ တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူအား ထွက်မပြေးနိုင်အောင် ပိတ်လှောင်ထားခဲ့လေသည်။
ကျန်သည့် လူအသီးသီးမှာလည်း ရန်ကိုင်၏ အမိန့်အတိုင်း ရန်သူများကို ထွက်မပြေးနိုင်အောင် တတ်စွမ်းသလောက် ဟန့်တားထားကြလေ၏။
"ငါတို့နောက်ကို လိုက်လာရဲတယ်ပေါ့၊ မင်းတို့အကုန် သေဖို့သာ ပြင်ထားပေတော့" တတိယအကြီးအကဲသည် လက်ဝါးတစ်ချက် ရိုက်ထုတ်၍ ရွှယ့်ယွယ်အား နောက်သို့ ဆုတ်သွားအောင် တွန်းအားပေးလိုက်လေသည်။ ထို့နောက် အရူးအမူး အော်ရယ်မောရင်းမှ အလျင်စလို နောက်သို့ ဆုတ်လိုက်လေသည်။
တစ်ချိန်တည်းတွင် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ အခြားသော ကျင့်ကြံသူများသည်လည်း အချက်ပြမှုကို ရရှိလိုက်သည့်အလား သူတို့နှင့် ရင်ဆိုင်တိုက်ခိုက်နေသော ပြိုင်ဘက်များဆီမှ ခပ်လှမ်းလှမ်းသို့ ဆုတ်သွားကြလေသည်။ ထိုလူများအနက် တစ်ဦးသည် ဟူညီအစ်မနှစ်ယောက်နှင့် တိုက်ခိုက်နေသည့် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူအနားသို့ ရောက်လာပြီး ထိုလူအား ဓားပိုက်ကွန်ထဲမှ လွတ်မြောက်အောင် ကူညီပေးလိုက်လေသည်။
တတိယအကြီးအကဲသည် ယဲ့ယဲ့လေးပြုံးရင်းမှ လေထဲဝဲနေခဲ့သည်။ မြောက်မြားလှစွာသော ကြယ်သင်္ဘောများမှာတော့ သူတို့အနောက်ဘက်တွင် တန်းစီကာ ရှိနေကြလေသည်။ ကြယ်သင်္ဘောများအထက်တွင် ရှိနေသော သလင်းအမြောက်များသည်လည်း အဖြူရောင် အလင်းတို့ဖြင့် တလက်လက် တောက်ပနေခဲ့လေသည်။ သလင်းအမြောက်များ၏ ပစ်မှတ်များမှာတော့ အခြားမဟုတ်။ ဘုံကိုးခုအထွတ်အမြတ် နယ်မြေမှ ကျင့်ကြံသူများသာ ဖြစ်ကြလေသည်။
ထွက်ပြေးခြင်းသည် ဟန်ပြသက်သက်သာ ဖြစ်ပြီး သူတို့၏ အဓိက ရည်ရွယ်ချက်မှာ ရန်သူများအား ပုန်းအောင်းနေရာမှ ထွက်လာအောင် လုပ်ရန် ဖြစ်လေသည်။ ယခု သူတို့၏ ရည်မှန်းချက် ပြည့်ဝသွားသည်ဟု ပြော၍ရသည်။ သင်္ဘောများမှ သလင်းအမြောက်များ ထွက်ပေါ်လာမည်ဆိုပါက ထိုလူများ မည်သည့်နည်းနှင့်မျှ ခုခံနိုင်စရာ အကြောင်းမရှိပေ။
အရာရာသည် သူတို့ မျှော်လင့်ထားသည့်အတိုင်း ဖြစ်နေသည့်တိုင် တတိယအကြီးအကဲမှာတော့ ဘာကြောင့်မှန်းမသိ စိုးရိမ်ပူပန်နေမိလေသည်။ လက်ရှိ အခြေအနေနှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေသည်ဟု သူ့စိတ်ထဲ ခံစားနေရလေ၏။ ထိုအကြောင်းကြောင့် လူအုပ်ကြီးကို ဝေ့ကြည့်လိုက်လေသည်။ သို့တိုင် မရင်းနှီးသည့် မည်သည့် မျက်နှာကိုမျှ မတွေ့ရပေ။
[ဘယ်သူလဲ၊ ဒုဂိုဏ်းချုပ်ကို သတ်ပြီးတော့ ချုပ်နှောင်ခြင်းရှစ်သွယ် အစီအရင်ကို ဖျက်ဆီးလိုက်တာ ဘယ်သူလဲ]
"ငါလခွမ်းပဲ" မန်ဝူရက ထအော်ဆဲလေသည်။ သူတို့အား ချိန်ရွယ်ထားသည့် ကြယ်သင်္ဘောများဆီမှ သလင်းအမြောက်များကို ကြည့်ရင်း မန်ဝူရ၏ မျက်နှာကြီး ဖြူလျော်သွားခဲ့လေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၅၄)
ဘာသာပြန်သူ_တိမ်တိုက်
ကြယ်သင်္ဘောများသည် စစ်ပွဲများ တိုက်ခိုက်ရာတွင် အလွန်ကိုမှ အရေးပါသည့် လက်နက်များ ဖြစ်ကြသည်။ ကြယ်သင်္ဘော တစ်စင်းချင်းစီတိုင်းပေါ်တွင် တပ်ဆင်ထားသည့် သလင်းအမြောက်များသည် အလွန်တရာကိုမှ အားကောင်းလှသော စွမ်းအားကို ထုတ်ဖော်နိုင်ကြလေသည်။ ယခု ကြယ်သင်္ဘော ဆယ်စင်းကျော်မှ ရာနှင့်ချီသော သလင်းအမြောက်များကို ပစ်လွှတ်လာမည် ဖြစ်လေရာ မရဏဂိုဏ်း၏ တတိယအကြီးအကဲသည်ပင်လျှင် ထိုသလင်းအမြောက်များကြောင့် မည်မျှ ထိခိုက်သွားမလဲဆိုသည်ကို မခန့်မှန်းတတ်တော့ပေ။ သူ သေချာသည်မှာ ထိုတိုက်ခိုက်မှုကို ဘုံကိုးခုအထွတ်အမြတ် နယ်မြေမှ ကျင့်ကြံသူများ လုံးဝ မခုခံနိုင်သည်ဟူသော အချက်ပင် ဖြစ်လေသည်။
ရွှယ့်ယွယ်နှင့် အခြားသူများသည် ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးကို ခုခံနိုင်ခြင်း မရှိပါသော်ငြား ရှောင်တိမ်းနိုင်ခြင်းလည်း မရှိခဲ့ပေ။ အကြောင်းမှာ သူတို့၏ အနောက်ဘက်တွင် ဘုံကိုးခုအထွတ်အမြတ် နယ်မြေနှင့် ထုန်းရွှမ်လောကကြီးသာ ရှိတော့သည့်အတွက်ကြောင့်ပင်။ သူတို့သာ ထိုတိုက်ခိုက်မှုကို ရှောင်လိုက်မည်ဆိုပါက သလင်းအမြောက်များသည် ဘုံကိုးခုအထွတ်အမြတ် နယ်မြေနှင့် ရှနင်းချန်အား သွားရောက် ထိမှန်ပေလိမ့်မည်။ ရှနင်းချန်မှာ အပြည့်အဝ ပြန်လည်ကျန်းမာလာခြင်း မရှိသေးလေရာ ရာနှင့်ချီသော သလင်းအမြောက်များ၏ ပစ်ခတ်ခြင်းကိုသာ ခံလိုက်ရမည်ဆိုလျှင် လုံးဝကို ဒုက္ခရောက်သွားရပေလိမ့်မည်။
ထိုအတွက်ကြောင့် ရွှယ့်ယွယ်နှင့် အခြားသူများသည် ရှောင်ပြေးရန် မကြိုးစားကြဘဲ သူတို့ဆီသို့ ပစ်ခတ်လာမည့် သလင်းအမြောက်များကို ကြည့်ရင်း ခုခံရန် ပြင်ထားလိုက်ကြလေသည်။
ထိုအချင်းအရာကို မြင်သော် တတိယအကြီးအကဲက ဝမ်းသာအားရဖြင့် အော်ပြောလိုက်လေသည်။ "မရှောင်ဘူးဆိုမှတော့ အကုန်လုံး သေလိုက်ကြပေတော့"
ထို့နောက် သူ့လက်ကို ဝှေ့ယမ်းချလိုက်လေ၏။
တစ်ချိန်တည်းတွင် ကြယ်သင်္ဘောများဆီမှ မျက်စိကျိန်းမတတ် အလင်းတန်းတို့ ထွက်ပေါ်လာခဲ့ပြီး အလွန်တရာကိုမှ ကျယ်လောင်သည့် ပေါက်ကွဲသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုအသံသည် မည်မျှ ကျယ်လောင်လွန်းလှသလဲဆိုလျှင် လောကကြီးတစ်ခုလုံး ကပ်ဘေးဆိုက်တော့မည်အလား တသိမ့်သိမ့် တုန်ခါသွားသည့်အထိပင်။ သို့သော်ငြား တတိယအကြီးအကဲ မျှော်လင့်ထားသည့် အမြောက်များမှာတော့ ထွက်ပေါ်လာခဲ့ခြင်း မရှိချေ။ သူ မျှော်လင့်ထားသည့် ထိခိုက်ပျက်စီးမှုများမှာလည်း တကယ် ဖြစ်လာခဲ့ခြင်း မရှိခဲ့။ ထိုအစား တတိယအကြီးအကဲအား ရင်တစ်ဒုန်းဒုန်း ခုန်သွားစေခဲ့သည့် အရှိန်အဝါတစ်ရပ်သည် လူအုပ်ကြီး၏ နောက်ဘက်ဆီမှ သူတို့ဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာနေခဲ့လေသည်။
တတိယအကြီးအကဲ ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်လုံးများ ပြူးကျယ်သွားခဲ့လေ၏။ အနက်ရောင်ဆံပင်နှင့် လူငယ်လေးတစ်ဦးသည် ဘယ်ကမှန်းမသိ ရုတ်တရက်ကြီး ပေါ်လာပြီး တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကြယ်သင်္ဘောများ ရှိနေရာဆီသို့ တစ်ကိုယ်တော် ပြေးဝင်သွားလေသည်။ ထိုလူ၏ အရွယ်အစားနှင့် ကြယ်သင်္ဘော အရွယ်အစားမှာ မိုးနှင့် မြေပမာ ကွာခြားလှပါသော်ငြား ထိုလူငယ်လေးမှာတော့ အနည်းငယ်မျှပင် ကြောက်ရွံ့နေခဲ့ခြင်း မရှိ။
ကြယ်သင်္ဘောများသည် အရွယ်အစား ကြီးမားလှသည့်တိုင် လူငယ်လေးနှင့် အတွေ့တွင် စက္ကူသင်္ဘောများ ဖြစ်သွားသည့်အလား လူငယ်လေး၏ လက်သီးချက်များကို လုံးဝ တောင့်ခံနိုင်ခဲ့ခြင်း မရှိချေ။ လူငယ်လေး၏ လက်သီးချက်ကြောင့် ကြယ်သင်္ဘော၏ ကိုယ်ထည် ပေါက်ထွက်သွားခဲ့လေသည်။ ထို့နောက် ပေါက်ကွဲသံ အကျယ်ကြီးနှင့်အတူ ကြယ်သင်္ဘောတစ်စင်းလုံး မီးထလောင်တော့လေသည်။ တစ်ချိန်တည်းတွင် ကြယ်သင်္ဘော အတွင်းပိုင်းဆီမှ ကြောက်လန့်တကြား အော်ဟစ်သံပေါင်းများစွာလည်း ထွက်ပေါ်လာခဲ့လေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လူငယ်လေးသည် ကြယ်သင်္ဘော၏ အခြားတစ်ဖက်ခြမ်းဆီမှ ပြန်ထွက်လာပြီး ဒုတိယကြယ်သင်္ဘော တစ်စင်းဆီသို့ ဆက်လက် ပျံသန်းသွားလေသည်။ မသိလျှင် လူငယ်လေးမှာ ကောင်းကင်ပေါ်မှ ကြွေဆင်းလာသည့် ဥက္ကာခဲတစ်စင်းပမာ ရပ်တန့်မရသော အရှိန်အဟုန်ဖြင့် တန်ခိုးရှင်ဘုရင်အဆင့် ကြယ်သင်္ဘောများကို တစ်စင်းပြီးတစ်စင်း ဖျက်ဆီးပစ်နေတော့လေသည်။
ဘုန်း၊ ဘုန်း၊ ဘုန်း။
အစီအရီ ပေါက်ကွဲသံများ ကြယ်သင်္ဘောများဆီမှ ထွက်ပေါ်လာခဲ့သည်။ လူငယ်လေး နောက်ဆုံးကြယ်သင်္ဘောထဲမှ ထွက်လာပြီးချိန်တွင်တော့ မည်သည့် ကြယ်သင်္ဘောမျှ အကောင်းအတိုင်း မရှိတော့။ အစောပိုင်းက ပစ်လွှတ်ရန် အသင့်ဖြစ်နေသည့် အရောင်တလက်လက် တောက်ပနေသော သလင်းအမြောက်များမှာလည်း အလွန်ကိုမှ မတည်မငြိမ် ဖြစ်လာခဲ့လေသည်။
ဘုန်း၊ ဘုန်း။
ကြယ်သင်္ဘော တစ်စင်း ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့ပြီး မီးထလောင်လေသည်။ သင်္ဘောကိုယ်ထည်မှာ နှစ်ပိုင်းကွဲထွက်သွားခဲ့ပြီး ကောင်းကင်ပေါ်မှ အောက်သို့ ပြုတ်ကျသွားခဲ့လေ၏။ အခြားသော ကြယ်သင်္ဘော တစ်စင်းမှာလည်း ထိုနည်းတူ ထပ်မံ ပျက်စီးသွားခဲ့လေသည်။ ထိုသို့ဖြင့် ကြယ်သင်္ဘောများ တစ်စင်းပြီးတစ်စင်း ပျက်စီးသွားခဲ့လေရာ တစ်ခဏလေးအတွင်းမှာပင် ကြယ်သင်္ဘောပေါင်းများစွာ အပြီးတိုင် ဖျက်ဆီးခြင်း ခံလိုက်ရလေသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများမှာတော့ လိပ်ပြာလွင့်လုမတတ် ဖြစ်နေကြလေသည်။ ကြယ်သင်္ဘောများကို တစ်ကိုယ်တည်း ဖျက်ဆီးသွားသည့် အနက်ရောင်ဆံပင်နှင့် လူငယ်လေးကို ကြည့်ရင်း အကုန်လုံးမှာ အလွန်ကိုမှ ထိတ်လန့်ကြောက်ရွံ့လာခဲ့ကာ ခြေဖျားလက်ဖျားများပင် အေးစက်လာခဲ့ရလေ၏။
[ကြယ်သင်္ဘော ဆယ်စင်းကျော်မကကို ဒီလောက်လွယ်လွယ်နဲ့ ဖျက်ဆီးပစ်နိုင်တာ၊ ဒီကောင် လူရော ဟုတ်သေးရဲ့လား]
တတိယအကြီးအကဲမှာတော့ ရုတ်တရက် တစ်ခုခုအား သဘောပေါက်သွားသည့်အလား ကြောက်လန့်တကြား ထအော်လေသည်။ "မင်းပဲ"
ဒုဂိုဏ်းချုပ် ရှင်းရွှမ်မင်နှင့် ချုပ်နှောင်ခြင်းရှစ်သွယ် အစီအရင် အမြုတေအား ဖျက်ဆီးသွားသည့်လူ မည်သူဖြစ်သလဲဆိုသည်ကို တတိယအကြီးအကဲ လိုက်လံရှာဖွေနေခြင်း ဖြစ်လေသည်။ ယခုမှသာလျှင် ထိုအရာများကို လုပ်ခဲ့သည့်လူမှာ မည်သူဖြစ်သလဲဆိုသည်ကို တတိယအကြီးအကဲ သိသွားရတော့သည်။
[သူဆိုတာ သေချာတယ်၊ ဒီလိုမျိုး လုပ်နိုင်ဖို့ဆိုတာ သူကလွဲပြီးတော့ အခြားသူ မရှိတော့ဘူး၊ ဒုဂိုဏ်းချုပ်ကို သတ်ပြီးတော့ ချုပ်နှောင်ခြင်းရှစ်သွယ် အစီအရင် အမြုတေကို ဖျက်ဆီးသွားတာ ဒီကောင်ပဲ ဖြစ်ရလိမ့်မယ်၊ ဒါပေမဲ့ သူက ဘယ်သူလဲ၊ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အားကောင်းနေရတာလဲ]
ရွှယ့်ယွယ်မှာ သက်ပြင်းအမောကြီး ချလိုက်လေသည်။ အစောပိုင်းက သလင်းအမြောက်များသာ ပစ်ခတ်လာခဲ့မည်ဆိုလျှင်တော့ သူမ အသက်ကို စတေးရမည်ဆိုလျှင်ပင် ထိုသလင်းအမြောက်များကို တတ်နိုင်သလောက် တားဆီးရန် စဉ်းစားထားပြီးသားပင်။ သို့သော်ငြား ရန်ကိုင်သည် အချိန်ကိုက် ရောက်လာခဲ့လေသည်။ ရန်ကိုင်၏ ရောက်ရှိလာမှုသည် ရွှယ့်ယွယ်အား အတော်လေးကိုမှ စိတ်သက်သာရာ ရသွားစေခဲ့ရလေသည်။ ရန်ကိုင်မှ ကြယ်သင်္ဘောများကို ဖျက်ဆီးပစ်လိုက်သည်ကို မြင်ပြီးသည့်နောက် သူမ၏ မျက်နှာထက်တွင် ဂုဏ်ယူဝံ့ကြွားသည့် အမူအရာ ထွက်ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်းတွင် သူမစိတ်ထဲတွင်လည်း ကြိတ်ကာ ဟစ်ကြွေးနေ၏။ [ဒါ ငါရွေးချယ်ထားတဲ့ ယောက်ျားပဲ]
ဂုကျန်းရှင်မှာလည်း ရန်ကိုင်အား ထိတ်လန့်တကြားဖြင့် ကြည့်နေခဲ့လေသည်။ [ငါ့ဓားက သူနဲ့ပတ်သက်ပြီး ငါ့ကို ဒီလောက် သတိပေးနေတာ အဆန်းတော့ မဟုတ်တော့ပါဘူးလေ၊ ဒီကောင် ဒီလောက်တောင် အားကောင်းနေတာကိုး၊ ဒါပေမဲ့ ဘယ်လိုလုပ်ပြီး နှစ်အနည်းငယ်လေးအတွင်းမှာ ဒီလောက်တောင် အားကောင်းနိုင်ရတာလဲ၊ စတွေ့တုန်းကဆို သူနဲ့ ငါနဲ့ အဆင့်တူလောက်ပဲ ရှိသေးတာ၊ အခုဆိုရင် မိုးနှင့်မြေလောက် ကွာနေပြီ၊ သူ ဘယ်လိုတွေ လုပ်ပြီးလို့များ ဒီလောက်အထိ နှစ်အနည်းငယ်လေးနဲ့ အားကောင်းလာနိုင်ရတာလဲ၊ သူ့အဆင့်က အခုဆိုရင် ကြယ်တာရာကောင်းကင် မဟာဧကရာဇ်နဲ့တောင် ယှဉ်နိုင်နေပြီလား မသိတော့ဘူး၊ ဒါကြောင့်ပဲ ငါတို့ကို ဒီကောင်တွေကို တားပေးဖို့ပဲ ပြောတာကိုး၊ ငါတို့ဘက်က တားပေးလိုက်တာနဲ့ သူ့ဘာသာ အကုန်လိုက်ရှင်းလို့ ရနေပြီဟာကြီးကို]
အခြေအနေမှာ ရုတ်ချည်းဆိုသလို အထက်အောက် ပြောင်းပြန်လှန်လိုက်သည့်ပမာ အပြောင်းအလဲကြီး ပြောင်းလဲသွားခဲ့သည်။
တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများသည် ရန်ကိုင်ကို ကြည့်ရင်း သွေးမရှိတော့သည့်အလား မျက်နှာများ သွေးစုပ်ဖြူလျော်နေကြလေသည်။ ရန်ကိုင် လုပ်ပြသွားသည်ကို မြင်ပြီးသည့်နောက် သူတို့စိတ်ထဲတွင် ဆက်၍ တိုက်ခိုက်လိုစိတ် အနည်းငယ်မျှပင် မရှိတော့ပေ။
"သေလိုက်ပေတော့" ရန်ကိုင်က အေးစက်စက် လေသံဖြင့် အော်ပြောလိုက်သည်။ ထိုစကားကိုပြောရင်း ရန်ကိုင်သည် မူလနေရာတွင်သာ ရပ်နေခဲ့လေသည်။ သို့သော်ငြား ထိုစကားကို ပြောပြီးသွားသည့် အချိန်တွင်တော့ ရန်ကိုင်သည် လူအုပ်ကြီး၏ အခြားတစ်ဖက်ခြမ်းဆီသို့ ရောက်နေခဲ့လေပြီ။
တတိယအကြီးအကဲမှာ သူ့လူများအကြားသို့ အရိပ်တစ်ခု ရုတ်တရက် ဖြတ်ပြေးသွားသည်ကိုသာ မြင်လိုက်ရပြီး ဘာတွေ တကယ်ဖြစ်သွားသလဲဆိုသည်ကို မသိလိုက်ရပေ။ သူ အသိပြန်ဝင်လာချိန်တွင်တော့ တစ်ဖက်လူသည် လူအုပ်ထဲမှ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်လည် ထွက်လာနေခဲ့လေပြီ။ သေဘေးမှ ကပ်သီလေး လွတ်သွားပါလားဟု တွေးရင်း တတိယအကြီးအကဲမှာတော့ ရင်တစ်ဒုန်းဒုန်းကို ခုန်သွားခဲ့ရလေ၏။
ထူးဆန်းသည့် အသံတစ်သံ ထွက်ပေါ်လာသည့်အတွက်ကြောင့် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများသည် အသံကြားရာဘက်ဆီသို့ လှမ်း၍ ကြည့်လိုက်ရာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သွေးပျက် ကြောက်လန့်သွားကုန်ကြလေသည်။ လက်ရှိအချိန်တွင် ခေါင်းမပါသည့် အလောင်းတစ်လောင်းသည် လေထဲ ဝဲနေခဲ့လေသည်။ ထိုအလောင်း၏ လည်ပင်းနေရာမှ သွေးများသည် ရေတံခွန်အလား အဆက်မပြတ်ကို ပန်းထွက်နေခဲ့လေသည်။
ထို့နောက် လူငယ်လေးဘက်ဆီသို့ လှမ်းကြည့်လိုက်ရာ လူငယ်လေး၏ လက်ထဲတွင် ခေါင်းတစ်လုံး ရှိနေကြောင်း တွေ့လိုက်ရလေသည်။ ထိုဦးခေါင်းပိုင်ရှင်မှာလည်း သေသွားသည့်အထိတိုင် သူ မည်သို့ အသတ်ခံလိုက်ရလို့ အသတ်ခံလိုက်ရမှန်းကို မသိသည့်အလား သူ့မျက်နှာမှာ ကြောင်တောင်တောင် ဖြစ်နေခဲ့လေ၏။
ထိုလူမှာ အခြားမဟုတ် တစ်စပြင်ကန္တာရကြယ်စီရင်စု၏ တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူများအနက် တစ်ဦး ဖြစ်ပေသည်။ ဤလူသည် အစောပိုင်းက မန်ဟူရနှင့် နတ်ဆိုးအိုကြီးတို့ကို နှစ်ယောက်တစ်ယောက် ထိန်းကာ အထက်စီးမှ ဖိအားပေး တိုက်ခိုက်နေခဲ့သူလည်း ဖြစ်ပေသည်။ သို့သော်ငြား မျက်တောင်တစ်ခတ်လေး အတွင်းမှာပင် ထိုလူသည် ရန်ကိုင်၏ ခေါင်းဖြတ်ခြင်းကို ခံလိုက်ရလေ၏။
"သတ်" ရွှယ့်ယွယ်က အော်ပြောလိုက်လေသည်။ လွန်ခဲ့သော နှစ်များအတွင်း သူတို့စိတ်ထဲ မျိုသိပ်ထားခဲ့ရသော ဒေါသ၊ မုန်းတီးမှုနှင့် မကျေနပ်မှုတို့သည် လက်ရှိအချိန်တွင်တော့ ပေါက်ကွဲ၍ ထွက်လာခဲ့လေပြီ။ အားကောင်းလှသည့် သတ်ဖြတ်လိုစိတ်တို့မှာ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံလုမတတ် ပေါက်ကွဲထွက်လာခဲ့ပြီး တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများဆီသို့ တိုးဝင်သွားခဲ့လေ၏။
ယခုကဲ့သို့သော အခြေအနေမျိုးတွင် ဘာတွေများ ဆက်၍ တုံ့ဆိုင်းနေရပါဦးမည်နည်း။ ရန်ကိုင်၏ ခွန်အားကို မြင်ပြီးသည့်နောက် ယနေ့တိုက်ပွဲအား ရှုံးစရာအကြောင်း မရှိတော့မှန်း ဟုန်းလော့ကြယ်စီရင်စုမှ ကျင့်ကြံသူများ သိလိုက်ကြလေပြီ။ ထိုအတွက်ကြောင့် လှုပ်ရှားမှု ပညာရပ်အသီးသီးကို သုံး၍ ရန်သူများဆီသို့ ပြေးဝင်သွားကုန်ကြလေသည်။
တိုက်ပွဲမှာ နောက်တစ်ဖန် ပြန်စခဲ့လေပြီ။ သို့သော်ငြား အခြေအနေမှာတော့ လုံးဝကို ပြောင်းပြန် ဖြစ်သွားလေပြီ။ တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများသည် ရန်ကိုင်ကို ကြောက်နေရသည့်အတွက်ကြောင့် တိုက်ခိုက်လိုစိတ် မရှိတော့ကြ။ ဘုံကိုးခုအထွတ်အမြတ် နယ်မြေမှ ကျင့်ကြံသူများမှာတော့ ရန်ကိုင်၏ ခွန်အားကို မြင်ပြီးသည့်နောက် တိုက်ခိုက်လိုစိတ် ပိုမိုပြင်းပြလာခဲ့ကြလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် မတိုက်ခိုက်ရသေးဘဲနှင့်ပင် တိုက်ပွဲအဖြေမှာ ထွက်ပေါ်နေခဲ့လေပြီ။
ရန်ကိုင်သည်လည်း ဤအတိုင်း ရပ်မနေခဲ့ပေ။ ရှနင်းချန် ခံစားနေရသည့် ဝေဒနာသည် သူ့လည်ချောင်းထဲ ငါးရိုးစူးနေသည့်ပမာ ရန်ကိုင်အား နေမထိထိုင်မထိ ဖြစ်အောင် လုပ်နေခဲ့လေသည်။ သူ့စိတ်ထဲ မျိုသိပ်ထားခဲ့ရသော မကျေနပ်ချက်များ ဒေါသတရားတို့ကို ဖွင့်ထုတ်ချင်နေမိလေသည်။ ထို့ပြင် ကျူးကျော်လာသူများကိုလည်း သူကိုယ်တိုင် ပြန်လည် လက်စားချေလို၏။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာလည်း တုံ့ဆိုင်းမနေတော့ဘဲ တိုက်ပွဲထဲသို့ ပြေးဝင်သွားခဲ့လေသည်။ ရန်ကိုင်၏ လက်ဝါးဖြင့် ရိုက်ချခံလိုက်ရသည့်နောက် ကြယ်စီရင်စုကြီး၏ အထွတ်အထိပ်တွင် ရပ်တည်နေသော တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူများမှာ အနည်းငယ်မျှပင် ခုခံချိန်ပင်မရဘဲ ပေါက်ကွဲထွက်ကုန်ကြလေသည်။ မျက်တောင်တစ်ခတ်အတွင်း တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့ကြရာ အဆုံးတွင်တော့ တတိယအကြီးအကဲ တစ်ဦးတည်းသာ ကျန်ရစ်တော့လေသည်။
တတိယအကြီးအကဲမှာလည်း ဘေးပတ်ဝန်းကျင်ရှိ မြင်ကွင်းအဖုံဖုံကို ကြည့်ရင်း အလွန်ကိုမှ ထိတ်လန့်တုန်လှုပ်နေတော့လေသည်။ ဤတိုက်ပွဲအား သူတို့ မည်ကဲ့သို့ ရှုံးသွားမှန်းကိုပင် နားမလည်လိုက်။ ဤလူငယ်လေးမှာ အလွန်တရာကိုမှ အားကောင်းလွန်းလှလေရာ သူတစ်ယောက်တည်းနှင့်ပင်လျှင် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူအားလုံးကို ရှင်းပစ်နိုင်လေသည်။ ထိုကဲ့သို့သော လူမျိုးရှိနေလေရာ ဘယ်သူကများ ဟုန်းလော့ကြယ်စီရင်စုကြီးအား ဆက်လက်၍ ကျူးကျော်နိုင်ပါဦးမည်နည်း။
ရုတ်တရက် တတိယအကြီးအကဲ၏ မြင်ကွင်း ဝေဝါးသွားခဲ့ပြီး အစောပိုင်းက ပေါ်လာခဲ့သော လူငယ်လေး သူ့အရှေ့၌ ဗြုန်းစားကြီး ပေါ်လာခဲ့လေသည်။
တတိယအကြီးအကဲမှာ ဘာတွေဖြစ်နေမှန်း အသိပြန်မဝင်လာနိုင်သေးခင်မှာပင် လူငယ်လေးသည် တတိယအကြီးအကဲ၏ လည်ပင်းကို ဆွဲညှစ်လိုက်လေ၏။ လည်ပင်းညှစ်ခံထားရပြီးသည့်နောက် တတိယအကြီးအကဲမှာ သူ့လည်ပင်းရိုးများ ကျိုးကြေတော့မလို ခံစားလာခဲ့ရသလို သူ၏ သူတော်စင်ချီကိုလည်း လှည့်ပတ်၍ မရတော့ကြောင်း တွေ့ရှိလိုက်ရသည်။ ကိုယ်တိုင်ကြုံလိုက်ရသည့် အခါမှသာလျှင် ဤလူငယ်လေး မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်းကို တတိယအကြီးအကဲ သေချာနားလည်သွားရတော့သည်။
"ကျုပ် အိမ်မှာမရှိတုန်း ခင်ဗျားတို့က တကယ်ကို လာပျော်နေကြတာပဲ" ရန်ကိုင်သည် တတိယအကြီးအကဲအား အေးစက်စက် အမူအရာဖြင့် စိုက်ကြည့်ရင်းမှ သူ့လက်ထဲသို့ တဖြည်းဖြည်းနှင့် အားထည့်လိုက်လေ၏။
"နေပါဦး" တတိယအကြီးအကဲမှာ ပျာယီးပျာယာ အမူအရာဖြင့် အလန့်တကြား ထအော်လေသည်။
ရန်ကိုင်က ပြုံးဖြီးလျက်... "ပြောချင်တာရှိရင် မြန်မြန်ပြောနော်၊ မဟုတ်ရင် နောက်တစ်ကြိမ် ထပ်ပြောခွင့်ရတော့မှာ မဟုတ်ဘူး"
တတိယအကြီးအကဲက ပြန်၍ ပြောလိုက်လေ၏။ "ငါ့ကို လွှတ်ပေးလိုက်၊ မဟုတ်ရင် မင်း တစ်ဘဝလုံး နောင်တရသွားလိမ့်မယ်"
ရန်ကိုင်သည် တတိယအကြီးအကဲအား အံ့အားသင့်တကြီးဖြင့် ကြည့်လျက်... "ခင်ဗျား ဘာကို ပြောလိုက်တာလဲ၊ ကျုပ် သေချာမကြားရလို့ နောက်တစ်ကြိမ် ထပ်ပြောပါဦး"
တတိယအကြီးအကဲက အေးစက်စက် အမူအရာဖြင့်... "မင်းရဲ့ ကြယ်သခင်ကို နည်းနည်းလေးမှတောင် သွားပြန်မစစ်ဆေးချင်တော့ဘူးလား၊ ကံကြမ္မာသာ မျက်နှာသာ မပေးခဲ့ရင် သူ အခုချိန်လောက်ဆို သေနေပြီနော်"
ချုပ်နှောင်ခြင်းရှစ်သွယ် အစီအရင်၏ အစိတ်အပိုင်း ခုနစ်ခုကို အသက်သွင်း၍ ရန်သူများအား ပုန်းအောင်းနေရာမှ မျှားခေါ်ခြင်းသည် တတိယအကြီးအကဲ၏ အစီအစဉ် တစ်စိတ်တစ်ပိုင်းသာ ဖြစ်လေသည်။ တတိယအကြီးအကဲသည် သူ့မျှော်လင့်ချက် အားလုံးကို ထိုအရာများပေါ်တွင်သာ ပုံအပ်မထားခဲ့ဘဲ အခြားသောအရာ တစ်ခုကိုလည်း ပြင်ဆင်ထားခဲ့သေးသည်။ သူ၏ အခြားသော ပစ်မှတ်မှာ ရှနင်းချန် ဖြစ်ပေသည်။ ဘုံကိုးခုအထွတ်အမြတ် နယ်မြေ၏ ကြယ်သခင်သာ မရှိတော့သည်နှင့် ထုန်းရွှမ်လောကကြီး၏ အကာအကွယ်အားလုံး ပျက်စီးသွားရပေလိမ့်မည်။ ထိုအကြောင်းကြောင့် တတိယအကြီးအကဲ၏ အစီအစဉ်မှာ လုံးဝ ကျရှုံးစရာ အကြောင်းမရှိတော့ပေ။ ကံမကောင်းစွာဖြင့် သူတို့၏ အစီအစဉ်အား သေသေချာချာ အကောင်အထည် မဖော်ရသေးခင်မှာပင် လက်ကျန် တန်ခိုးရှင်ဘုရင် တတိယအဆင့် ကျင့်ကြံသူအားလုံး အသတ်ခံလိုက်ကြရသည်။
တတိယအကြီးအကဲမှာ ဘုံကိုးခု အထွတ်အမြတ်နယ်မြေထဲတွင် ပုန်းအောင်းနေသော အခြားသော ကျင့်ကြံသူများကို မျှားခေါ်ချင်လိုခြင်းသာ ဖြစ်ပေသည်။ သို့သော်ငြား သူတို့ မျှားခေါ်လိုက်သည့် လူများအနက် ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် လူတစ်ဦး ပါရှိနေလိမ့်မည်ဟု တတိယအကြီးအကဲ မည်ကဲ့သို့ ထင်ထားပါမည်နည်း။
"တကယ်လား" ရန်ကိုင်က လှောင်ပြုံးပြုံး၍ ပြန်မေးလိုက်သည်။
"မင်းကိုယ်တိုင် သွားစစ်ဆေးကြည့်လိုက်လို့ ရတယ်၊ မရဏဂိုဏ်းက ပြီးသွားပြီ၊ ဒီတော့ ငါဘာမှ ထပ်ပြီးတော့ တောင်းဆိုနေမှာ မဟုတ်ဘူး၊ မင်း လုပ်ပေးဖို့က ငါ့ကို လွှတ်ပေးလိုက်ဖို့ပဲ၊ အဲဒါဆို ငါလည်း ကြယ်သခင်ကို ပြန်ပြီး လွှတ်ပေးမယ်"
"သောက်ရူး" ရန်ကိုင်မှ သူ့လက်ထဲသို့ အားစိုက်ချလိုက်လေရာ တတိယအကြီးအကဲ၏ ခေါင်းသည် လေပေါ်သို့ ပျံတက်သွားခဲ့လေ၏။ သွေးများသည် လည်ပင်းနေရာဆီမှ ရေတံခွန်အလား ပန်းထွက်လာခဲ့လေသည်။ တတိယအကြီးအကဲ ကိုယ်တိုင်မှာမူ ရန်ကိုင် ဘာကြောင့် သူ့အား သတ်ပစ်လိုက်သလဲဆိုသည်ကို သေသည့်အထိတိုင် နားမလည်သွားခဲ့ပေ။ [ငါ သူ့ကို အမှန်အတိုင်း ပြောနေတာကို သူ တကယ်ကြီး သွားမစစ်ဆေးတာလား] တတိယအကြီးအကဲမှာ သူ့အတွေးများကို ဆုံးအောင်ပင် မတွေးနိုင်ခင်မှာပင် သူ့စိတ်တစ်ခုလုံး အမှောင်ထုထဲသို့ ကျဆင်းသွားခဲ့ရလေသည်။
ရန်ကိုင်သည် လေထဲတွင် ဝဲလျက်မှ လူအုပ်ကြီးအား ဝေ့ကြည့်လိုက်လေသည်။ ထို့နောက် လှောင်ပြုံးပြုံးလျက် ရေရွတ်လိုက်လေ၏။ "ငါ ထင်တဲ့အတိုင်းပဲ၊ မိသားစုထဲက သူခိုးကြမ်းပိုးတွေက တကယ်ကို ရင်ဆိုင်ရ အခက်ဆုံးပဲ"
ရုတ်တရက်ဆိုသလို ရန်ကိုင်သည် လုံထျန်းရှန် သူ့အား ပြောပြရန် ကြိုးစားသည့် စကားကို ပြန်သတိရသွားခဲ့လေသည်။ ထိုစဉ်က လုံထျန်းရှန်သည် သူ့အား သတိထားရန် ပြောခဲ့သည်။ ရန်ကိုင်မှ ထပ်မေးလိုက်သည့် အခါတွင်တော့ လုံထျန်းရှန်မှာ ဘာကိုမျှ မမှတ်မိတော့သည့်အလား ဘာမျှ ပြန်မပြောနိုင်ခဲ့ပေ။ ကြည့်ရသလောက် လုံထျန်းရှန်သည် မသေခင်က သစ္စာဖောက် တစ်ယောက်ကြောင့် ဒုက္ခရောက်ခဲ့ရသည့် ပုံပင်။
ရန်ကိုင်သည် အောက်ဘက်တွင် ရှိနေသော ဘုံကိုးခုအထွတ်အမြတ် နယ်မြေအား ငုံ့ကြည့်လိုက်သည်။ ထို့နောက် မျက်ခုံးပင့်လျက် ခေါင်းခါကာ ရေရွတ်လိုက်လေ၏။ "တော်ပြီ၊ နောက်မှပဲ သွားကြည့်တော့မယ်"
ရှနင်းချန်၏ လုံခြုံရေးကို ရန်ကိုင် လုံးဝ စိတ်မပူပေ။ တတိယအကြီးအကဲတွင် ဝှက်ဖဲတစ်ခုခု ရှိနေမည် ဖြစ်ပါသော်ငြား လျို့ယန်မှာ ရှနင်းချန်အား စောင့်ကြပ်ကာကွယ်ပေးနေလေရာ မည်သူကများ ရှနင်းချန်အား ထိခိုက်အောင် လုပ်နိုင်ပါဦးမည်နည်း။
ထိုသို့ဖြင့် ရန်ကိုင်သည် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများဆီသို့ နောက်တစ်ကြိမ် ထပ်မံ ပြေးဝင်သွားခဲ့လေသည်။ ရန်ကိုင် ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ အားလုံး တစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ကြရလေသည်။ အတော်များများမှာ ထွက်ပြေးရန် ကြိုးစားခဲ့ကြပါသော်ငြား ရွှယ့်ယွယ်နှင့် အခြားသူများ၏ လက်မှ မည်ကဲ့သို့ အလွယ်တကူ လွတ်မြောက်နိုင်ပါမည်နည်း။ ရွှယ့်ယွယ်တို့ အဖွဲ့သားများသည် တတ်စွမ်းသမျှ ဝှက်ဖဲ အကုန်အစင်ကို ထုတ်သုံး၍ ရန်သူများ ထွက်မပြေးနိုင်အောင် တားဆီးထားခဲ့ကြလေသည်။
တစ်နာရီခန့် ကြာပြီးသည့်နောက် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူအားလုံး အသတ်ခံလိုက်ကြရသည်။ ဘုံကိုးခုအထွတ်အမြတ် နယ်မြေဘက်တွင်တော့ ရန်ကိုင် ရောက်မလာခင်က သေသွားခဲ့သည့် လူများမှအပ နောက်ပိုင်းတိုက်ပွဲ အတောအတွင်း မည်သူမျှ ထပ်မံ သေဆုံးသွားခဲ့ခြင်း မရှိပေ။
လူတိုင်းမှာ သွေးများဖြင့် နီရဲနေခဲ့ကြလေသည်။ သူတို့ကိုယ်ပေါ်တွင် စွန်းထင်းနေသော သွေးများသည် သူတို့၏ သွေးများလည်း ဖြစ်ကြသလို ရန်သူများ၏ သွေးများလည်း ပါဝင်ပေသည်။ အကုန်လုံးမှာ အသက်ကို အမောတကော ရှူရင်းမှ ရန်ကိုင်အား ကြည့်နေကြလေသည်။ သူတို့စိတ်ထဲတွင် ရန်ကိုင်၏ ခွန်အားအပေါ် ထိတ်လန့်တုန်လှုပ်မိနေလင့်ကစား ရန်ကိုင်ကိုလည်း လေးစားမိနေလေသည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားရလေအောင် ရန်ကိုင် မည်မျှပင် အားကောင်းလာလေသလဲ ဆိုသည်ကိုလည်း တွေးနေမိကြသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၅၅)
ဘာသာပြန်သူ_တိမ်တိုက်
ဘုံကိုးခုထွဋ်မြတ်နယ်မြေမှလူများ တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများနှင့် တိုက်ခိုက်နေကြချိန် လူသူမရှိတော့သော ဘုံကိုးခုထွဋ်မြတ်နယ်မြေထဲ လူတစ်ဦး ခိုးကြောင်ခိုးဝှက် ပေါ်လာခဲ့လေသည်။ ထိုလူသည် သားနားသပ်ရပ်သည့် ခရမ်းရောင်ဝတ်ရုံကို ဝတ်စားထားသော ဇီဝူကျိမှလွဲ၍ အခြားမဟုတ်ပေ။
ဇီဝူကျိသည် ကုကျန်းရှင်တို့နှင့်အတူ တိုက်ပွဲထဲသို့ ပြေးဝင်သွားခဲ့သည်။ သို့သော်ငြား ဟန်ပြမျှသာဖြစ်လေသည်။ ရန်သူများနှင့် တိုက်ခိုက်ချင်ယောင် ဆောင်ပြီးသည့်နောက် အခြားသူများ သူ့အား သတိမထားနေစဉ် ဘုံကိုးခုထွဋ်မြတ်နယ်မြေဆီသို့ ခိုးကြောင်ခိုးဝှက်နှင့် ပြန်လာခဲ့လေသည်။ ဘုံကိုးခုထွဋ်မြတ်နယ်မြေသည် ရှနင်းချန်၏ကာကွယ်မှု ရရှိထားသည့်အတွက်ကြောင့် ပြင်ပအင်အားစုများ ကျူးကျော်မလာနိုင်သည့်နေရာတစ်ခု ဖြစ်ပေသည်။ သို့သော်ငြား ဇီဝူကျိမှာ ရှနင်းချန်တို့၏ ဘက်တော်သားတစ်ဦး ဖြစ်သည့်အတွက်ကြောင့် ထိုအကာအကွယ်များသည် သူ့အပေါ် အသုံးမဝင် ဖြစ်သွားခဲ့ရလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ဇီဝူကျိမှာ ဘုံကိုးခုထွဋ်မြတ်နယ်မြေဆီသို့ မည်သည့်ပြဿနာနှင့်မျှ မကြုံရဘဲ အလွယ်တကူ ပြန်လာနိုင်ခဲ့ခြင်း ဖြစ်လေသည်။ ဤနေရာသို့ ပြန်လာနေရင်းမှ ဇီဝူကျိသည် တစ်ယောက်ယောက်အား ကျိန်ဆဲနေသည့်အလား မှုန်ကုပ်ကုပ်အမူအယာဖြင့် ပွစိပွစိ ရေရွတ်နေလေ၏။
အစောပိုင်းက တိုက်ပွဲထဲသို့ပြေးဝင်သွားစဉ် အမိန့်တစ်ခုကို ရလိုက်လေသည်။ ထိုအမိန့်နှင့်ပတ်သက်၍ မကျေနပ်သည့်တိုင် ဇီဝူကျိမှာ သူအသက်ရှင်နိုင်ရေးကို ထောက်ထားပြီး သူ၏မကျေနပ်ချက်များကို မျိုသိပ်ထားရုံသာ တတ်နိုင်ခဲ့သည်။ ထိုကိစ္စကိုသာ အောင်မြင်အောင် လုပ်နိုင်ခဲ့မည်ဆိုလျှင်တော့ အသက်ချမ်းသာရာ ရနိုင်ရုံသာလျှင်မဟုတ် သူ့အိပ်မက်ထဲရှိအမျိုးသမီးနှင့် နီးစပ်ခွင့်လည်း ရသွားနိုင်ပေလိမ့်မည်။ ဤသည်မှာ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်လိုက်နိုင်ခြင်းသာ ဖြစ်လေသည်။
ဇီဝူကျိသည် သူ၏အရှိန်အဝါကို တတ်နိုင်သလောက်ပုန်းကွယ်၍ အတွင်းနန်းတော်ဆီသို့ သတိထားကာ ချဉ်းကပ်လာခဲ့သည်။ ကြယ်သခင်တစ်ပါးနှင့် နီးနီးကပ်ကပ်ရှိနေချိန်တွင် သူ၏တည်ရှိမှုကို ထိုကြယ်သခင်သတိမထားမိအောင် ဖုံးကွယ်ဖို့ရာ အလွန်ကိုမှ ခက်ခဲမှန်း ဇီဝူကျိသိပေသည်။ သို့သော်ငြား ထိုသို့ဖြစ်ဖို့ရာဆိုလျှင်လည်း ကြယ်သခင်မှာ အကောင်းအတိုင်း ရှိနေဖို့ရာ လိုအပ်ပေသည်။
လက်ရှိရှနင်းချန်မှာ ကြယ်သခင်ဟုသာ ပြောရပါသော်ငြား သူမ၏အခြေအနေမှာ အလွန်ကိုမှ ဆိုးရွားနေပေသည်။ ရှနင်းချန်အခြေအနေ မည်မျှဆိုးရွားနေကြောင်းကိုလည်း ကုကျန်းရှင်နှင့်စကားပြောရင်းမှတစ်ဆင့် ဇီဝူကျိသိထားပြီး ဖြစ်လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ရှနင်းချန်သည် ကြယ်သခင်တစ်ဦး ဖြစ်နေမှန်း သိသည့်တိုင် ဤနေရာသို့ ရဲရဲဝံ့ဝံ့နှင့် ပြန်လာရဲခဲ့ခြင်း ဖြစ်ပေ၏။
အတွင်းနန်းတော်ထဲသို့ ဝင်ရောက်လာပြီးသည့်နောက်တွင် ဇီဝူကျိသည် အခန်းတစ်ခန်းနားဆီသို့ ရောက်လာခဲ့လေသည်။ ထိုအခန်းအား လှမ်းမြင်လိုက်ချိန် အခန်းတံခါးမှာ ပွင့်နေသည်ကို မြင်လိုက်ရသည့်အတွက်ကြောင့် ဇီဝူကျိမှာ ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။ ထို့အပြင် အခန်းပတ်လည်၌ အခန်းအား ကာကွယ်ပေးထားသော မည်သည့်အစီအရင်မှလည်း ရှိမနေခဲ့ပေ။
(ကံကြမ္မာက ငါ့ဘက်မှာပဲ…)
သို့ရာတွင် ဇီဝူကျိမှာ ကောင်းကောင်းမပျော်ရသေးခင်မှာပင် ဆည်းလည်းသံတမျှ ချိုသာလှသည့် ရယ်မောသံလေးတစ်သံကို ကြားလိုက်ရလေသည်။ ထိုအသံကြောင့် ဇီဝူကျိမှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား တောင့်တောင့်ကြီး ဖြစ်သွားခဲ့လေသည်။ အကြောင်းမှာ အသံပိုင်ရှင်သည် အခြားမဟုတ်ဘဲ ရှနင်းချန်ဖြစ်နေသည့်အတွက်ကြောင့်ပင်။ ရှနင်းချန်၏အသံမှာ အားနည်းနေသည့်ပုံ ပေါက်ပါသော်ငြား ဇီဝူကျိထင်ထားသကဲ့သို့ အလွန်တရာအခြေအနေဆိုးနေခြင်း မရှိခဲ့ပေ။
(ဘာတွေဖြစ်နေတာလဲ… သူ အိပ်ယာထဲ လဲနေရမှာမဟုတ်ဘူးလား… ငါကြားတာတော့ မျက်လုံးဖွင့်ဖို့တောင် အနိုင်နိုင်ဆို… ဘယ်လိုလုပ်ပြီး ရယ်နေနိုင်ရတာလဲ… ပြီးတော့ ရယ်နေတယ်ဆိုတော့ သူ အခု ဘယ်သူနဲ့ရှိနေတာလဲ…) ဇီဝူကျိမှာ ချက်ချင်း ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်တော့လေသည်။ သူ့အနေဖြင့် ထိုအမိန့်များကို လွန်ဆန်၍ မရနိုင်ပါသော်ငြား သူကိုယ်တိုင်သည်လည်း သေရေးရှင်ရေးအခြေအနေနှင့် ကြုံလာရမည်ဆိုလျှင်တော့ အမိန့်အတိုင်း လုပ်မလုပ်ကို သေချာစဉ်းစားဆုံးဖြတ်ရပေလိမ့်မည်။
ရုတ်တရက်ဆိုသလို ရှနင်းချန်နှင့်အတူရှိနေသည့်လူမှာ မည်သူဖြစ်မလဲဆိုသည်ကို ဇီဝူကျိ စဉ်းစားမိသွားခဲ့သည်။ အစောပိုင်းက ရန်ကိုင်နှင့်အတူ ဤနေရာသို့ အသက်ခုနှစ်နှစ် ရှစ်နှစ်လောက်သာရှိသော ကလေးမလေးတစ်ဦးပါ လိုက်လာခဲ့လေသည်။ ဘုံကိုးခုထွဋ်မြတ်နယ်မြေမှအခြားလူအားလုံး ရန်သူများနှင့်ရင်ဆိုင်ရန် ထွက်သွားချိန် ထိုကလေးမလေးနှင့် ရှနင်းချန်သည်သာ နန်းတော်ထဲ ကျန်နေရစ်ခဲ့ခြင်း ဖြစ်လေသည်။
ထိုအချက်ကို စဉ်းစားမိလိုက်သော် ဇီဝူကျိ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်လေ၏။ (ကလေးမလေးတစ်ယောက်ကို ငါ ဘာတွေ ဒီလောက်တောင် စိတ်ပူနေမိတာလဲမသိဘူး… အခု စိတ်ပူစရာလိုတာဆိုလို့ ရှနင်းချန်ရဲ့အခြေအနေပဲ ရှိတော့တယ်… ရယ်တောင်ရယ်နေနိုင်တယ်ဆိုတော့ ထုန်းရွှမ်လောကကြီးရဲ့ စွမ်းအားကိုတောင် သုံးနိုင်နေမလားမသိဘူး… အဲ့ဒါဆိုရင်တော့ ငါ သူ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး…”
ဇီဝူကျိ တုံ့ဆိုင်းနေစဉ်မှာပင် ရှနင်းချန်၏အသံ ထွက်လာခဲ့လေသည်။ “ပြောစရာရှိတယ်ဆိုရင် အထဲဝင်လာပြီးပြောလေ… ဘာတွေ… အဟွတ် အဟွတ်… အပြင်မှာရပ်နေတာလဲ…”
(ငါ့ကိုရှာတွေ့သွားပြီပဲ…) ဇီဝူကျိမှာ အစပိုင်းတွင် အံ့အားသင့်သွားပါသော်ငြား မကြာမီ တည်ငြိမ်သွားခဲ့လေသည်။ ရှနင်းချန်မှာ သတိလစ်မနေလေရာ သူရှိနေသည်ကို သတိထားမိသည်မှာ အဆန်းတော့မဟုတ်။ ရှနင်းချန်၏အသံကို ကြည့်ရသလောက် သူမ၏အခြေအနေမှာ အတော်လေးကိုမှ ဆိုးရွားနေသည့်ပုံပင်။ ခက်ခက်ခဲခဲနှင့် စိတ်ပိုင်းဖြတ်လိုက်ပြီးသည့်နောက်တွင် ဇီဝူကျိသည် သူ့အရှိန်အဝါကို ဖုံးကွယ်နေရန် ကြိုးစားမနေတော့ဘဲ အခန်းထဲသို့ အလျင်စလို ပြေးဝင်သွားပြီး အော်ပြောလိုက်လေ၏။ “သခင်မလေးရှ… မကောင်းတော့ဘူး…” ဇီဝူကျိသည် အလွန်ကိုမှ စိုးရိမ်တကြီးပုံစံမျိုးဖြင့် အခန်းထဲသို့ ပြေးဝင်လာခြင်း ဖြစ်လေသည်။
ရှနင်းချန်၏အမူအယာမှာလည်း ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး ကုတင်စောင်းကိုမှီနေရင်းမှ ခါးကိုဆန့်၍ စိုးရိမ်တကြီးဖြင့် မေးလိုက်လေ၏။ “ဘာဖြစ်လို့လဲ…”
ဇီဝူကျိမှာ အထိတ်ထိတ်အလန့်လန့်ဖြင့်အမူအယာမျိုးဖြင့် “ရောင်းရင်းရန်… သူ… ဟူး…” ဇီဝူကျိသည် ရင်ဘတ်ကို လက်ဖြင့်ထုကာ ကြိတ်မနိုင်ခဲမရဖြစ်နေသည့်ပုံစံမျိုးဖြင့် ခြေဆောင့်ချလိုက်လေသည်။
ရှနင်းချန်မှာ ဇီဝူကျိ၏စကားကို မယုံသင်္ကာဖြစ်မည်ဆိုလျှင်ပင် ဇီဝူကျိပြောသည့်စကားကို ကြားပြီးသည့်နောက် သူမ၏မျက်နှာလေး ဖြူလျော်သွားခဲ့လေ၏။ ထို့နောက် ချက်ချင်းပဲ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကာ တိုက်ပွဲအခြေအနေကို စစ်ဆေးကြည့်လိုက်လေသည်။
ထိုအခိုက်အတန့်မှာပင် ဇီဝူကျိသည် ရှနင်းချန်အား တိုက်ခိုက်လိုက်လေ၏။ အစိမ်းရောင်အလင်းတို့ဖြင့် လွှမ်းခြုံထားသော သူ့လက်ဝါးချက်သည် ရှနင်းချန်ဆီသို့ တိုးဝင်သွားခဲ့လေသည်။ “ကျေးဇူးပြုပြီး ကျုပ်ကို အပြစ်မတင်ပါနဲ့နော် သခင်မလေးရှ… ကျုပ်မှာလည်း ရွေးချယ်စရာမရှိလို့ပါ… ဒါပေမယ့် စိတ်မပူပါနဲ့… ကျုပ် သခင်မလေးရဲ့အသက်ကို မယူ…”
ဇီဝူကျိမှာ သူ့စကားအား ဆုံးအောင်မပြောနိုင်သေးခင်မှာပင် သူ့အမူအယာ ပြောင်းလဲသွားခဲ့ရလေသည်။ ကလေးမလေးတစ်ဦးသည် ဗြုန်းစားကြီး သူ့ရှေ့တည့်တည့်၌ ရုတ်တရက် ပေါ်လာခဲ့လေသည်။ ထိုကလေးမလေးသည် ခံစားချက် အရှင်းကင်းမဲ့သည့် မျက်ဝန်းအစုံဖြင့် သူ့အား မမှိတ်မသုန် စိုက်ကြည့်နေလေသည်။ ထိုမျက်လုံးများသည် အလွန်ကိုမှ သေးနုတ်သည့် ပါးမွှားတစ်ကောင်ကို ကြည့်နေသည့် အကြည့်မျိုးဖြစ်လေရာ ထိုအကြည့်ကို မြင်လိုက်သည့်နောက် ဇီဝူကျိ ရင်တဒုန်းဒုန်း ခုန်သွားခဲ့လေရလေ၏။
“ထွက်သွားစမ်း…” ဇီဝူကျိက ထအော်လိုက်လေသည်။ (လုပ်ပြီးပြီဆိုမှတော့ နောက်ပြန်လှည့်လို့မရတော့ဘူး… မဟုတ်ရင် ငါ သေသွားလိမ့်မယ်…)
ထိုသို့ဖြင့် ဇီဝူကျိမှာ သူ့လက်ဝါးချက်ထဲသို့ အားထပ်ထည့်ကာ လျို့ယန်၏ခေါင်းကို ရိုက်ချလိုက်လေသည်။ သို့သော်ငြား ချက်ချင်းဆိုသလို အထိတ်ထိတ်အလန့်လန့် ဖြစ်သွားခဲ့ရလေ၏။ (ဘာမှမဖြစ်ဘူးလား…)
အလွန်ကိုမှ သန့်စင်လှသော ကျောက်စိမ်းသားဖြင့် ထွင်းထုထားဟန်ရသည့် ဤကလေးမလေးသည် သူ့လက်ဝါးချက်ဖြင့် အရိုက်ခံရပြီးသည့်တိုင် ဘာဆိုဘာမှ ဖြစ်သွားခဲ့ခြင်း မရှိခဲ့။ ငြိမ်သက်စွာ ရပ်နေရင်းဖြင့်သာ သူ့အား စိုက်ကြည့်နေခဲ့လေသည်။
ထိုကလေးမလေး၏ ခံစားချက်မရှိသည့် မျက်လုံးများကို ကြည့်ရင်း ဇီဝူကျိ၏ရင်ထဲ အကြောက်တရားတို့ စတင်၍ ထွက်ပေါ်လာခဲ့လေသည်။ (ငါ အမှားများ လုပ်မိလိုက်တာလား…)
လက်ရှိအခြေအနေအား ကောင်းကောင်းနားမလည်နိုင်သေးခင်မှာပင် မီးမြွေတစ်ကောင်သည် ဇီဝူကျိအား ရုတ်တရက် ရစ်ပတ်ချလိုက်လေသည်။
တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများကို ရှင်းပြီး၍ ပြန်ရောက်လာချိန်တွင် အခန်းထောင့်တစ်နေရာ၌ တုန်တုန်ရီရီဖြစ်နေသော ဇီဝူကျိကို ရန်ကိုင် မြင်တွေ့လိုက်ရသည်။ လက်ရှိအချိန်တွင် မီးမြွေကြီးသည် ဇီဝူကျိအား ရစ်ပတ်ထားခဲ့ပြီး ဟိန်းဟောက်မာန်ဖီရင်း ၎င်း၏လျှာကို တရှူးရှူးထုတ်ပြနေခဲ့သည်။ မီးမြွေကြီးကိုကြည့်ရင်း ဇီဝူကျိမှာတော့ အလွန်ကိုမှ ကြောက်ရွံ့နေခဲ့လေ၏။ ထို့အပြင် လျို့ယန်ဖန်တီးထားသောထိုမီးမြွေသည် မည်သည့်အပူဓာတ်ကိုမှ ထုတ်လွှတ်နေခြင်းမရှိပေ။ ထိုသို့သာမဟုတ်ပါက ဇီဝူကျိ ပြာဖြစ်သွားလောက်ပေပြီ။
“ငါထင်တဲ့အတိုင်းပဲ မင်းပဲကိုး…” ရန်ကိုင်သည် ဇီဝူကျိကိုကြည့်ရင်းမှ ပြောလိုက်လေသည်။ တတိယအကြီးအကဲပြောသွားသည်မှာ သိပ်မရှင်းပါသော်ငြား ရန်ကိုင်ကမူ တတိယအကြီးအကဲ ဘာကိုပြောချင်နေမှန်း သိပေသည်။ ထို့နောက် သူ့လူများကို တစ်ချက် ပြန်စစ်ဆေးလိုက်သည့်အခိုက် တတိယအကြီးအကဲ၏အကြံအစည်မှာ မည်ကဲ့သို့ဖြစ်သလဲဆိုသည်ကို ရန်ကိုင် နားလည်သွားတော့လေ၏။
ရုတ်တရက်ဆိုသလို လျို့ယန်သည် ရန်ကိုင်၏အင်္ကျီစကိုဆွဲ၍ သူမကိုယ်သူမ လက်ညှိုးထိုးပြလိုက်လေသည်။ ထို့နောက် ‘မြန်မြန် ငါ့ကို ကျေးဇူးတင်လိုက်တော့’ဟူသော ပုံစံမျိုးဖြင့် ရန်ကိုင်အား ကြည့်လာခဲ့လေ၏။
ရန်ကိုင်ကလည်း ခေါင်းညိတ်၍ လျို့ယန်၏ခေါင်းလေးကို ပွတ်ပေးရင်းမှ ပြောလိုက်လေသည်။ “တော်တယ်…”
လျို့ယန်၏မျက်လုံးလေးများ လခြမ်းကွေးပမာ ကွေးတက်သွားခဲ့လေသည်။
“စီနီယာမမလေး ဘာလို့ထလာတာလဲ… မြန်မြန်ပြန်လှဲနေ…” ရန်ကိုင်သည် ကုတင်ဘေးနားသို့ လျှောက်သွားရင်းမှ ရှနင်းချန်အား ကုတင်ပေါ်တွင် ပြန်လှဲပေးလိုက်လေသည်။
ရှနင်းချန်ကမူ ယဲ့ယဲ့လေးပြုံး၍ နှစ်သိမ့်ပေးလိုက်လေ၏။ “ငါအဆင်ပြေတယ်…”
ရှနင်းချန်မှာ အင်မော်တယ်သစ်ပင်၏အားဖြည့်မှုကို ရရှိထားသလို ရန်ကိုင်မှလည်း ချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင်၏ အစီအရင်ငယ်လေးခုနှစ်ခုကို ဖျက်ဆီးထားလိုက်သည့်အတွက်ကြောင့် ရှနင်းချန်ကိုယ်ပေါ်ရှိ အနက်ရောင်အကွက်များမှာ စတင်၍ ပျောက်ကွယ်သွားရတော့လေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် ယခုဆိုလျှင် ယခင်ကထက်ပို၍ နေသာထိုင်သာ ရှိလာခဲ့လေပြီ။ ရှနင်းချန်မှာ အပြည့်အဝ ပြန်မကောင်းသေးပါသော်ငြား အတော်လေးကိုမှ သက်သာလာပြီ ဖြစ်သည့်အလျောက် ရန်ကိုင်အကြောင်းကို သိချင်လာမိလေသည်။ ထိုအကြောင်းကြောင့်ပင်လျှင် လှဲမနေတော့ဘဲ ကုတင်ပေါ်တွင်ထိုင်ကာ ရန်ကိုင့်အကြောင်းများကို လျို့ယန်အား မေးမြန်းလေသည်။
လျို့ယန်မှာလည်း ရှနင်းချန်၏ လက်ရှိအခြေအနေအပေါ် ကရုဏာသက်မိလေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်နှင့်ပတ်သက်၍ စိတ်ဝင်စားစရာကောင်းသည့် အကြောင်းအရာများကိုသာ ပြောပြခဲ့ပြီး ရန်ကိုင်ကြုံခဲ့ရသည့်အန္တရာယ်များအကြောင်းကိုတော့ မပြောဘဲ ချန်ထားရစ်ခဲ့လေသည်။
“တစ်ကနေ တစ်ရာအထိ ရေပြီးသွားပြီလား…” ရန်ကိုင်သည် ရှနင်းချန်၏နှာခေါင်းလေးကို လက်ဖြင့်တို့လိုက်ရင်းမှ ပြောလိုက်သည်။
ရှနင်းချန်က ပြန်ပြောလိုက်သည်။ “မရေရသေးဘူး…” (လျို့ယန်နဲ့စကားပြောနေတာကို ဘယ်လိုလုပ်ပြီး ရေရမှာလဲ…)
ရန်ကိုင်က ရယ်မောလျက် “ဟမ်…. အဲ့ဒါဆိုလည်း ကိစ္စမရှိပါဘူး… ငါ ကတိမပျက်ခဲ့ဘူးနော်…”
သူတို့နှစ်ဦး စကားပြောနေစဉ်အတောအတွင်း ရွှယ့်ယွယ် အခန်းထဲသို့ ဝင်လာခဲ့လေသည်။ အခန်းထောင့်တွင်ထိုင်နေသော ဇီဝူကျိကို မြင်ပြီးသည့်နောက် ရွှယ့်ယွယ်က အံ့အားသင့်နေဟန်ဖြင့် “ဘာတွေဖြစ်နေတာလဲ…”
ဇီဝူကျိက ချက်ချင်း အော်ဟစ်အသနားခံလိုက်လေသည်။ “သခင်မလေးယွယ့်… ကျေးဇူးပြုပြီး ငါ့ကိုကယ်ပါဦး…”
ရွှယ့်ယွယ်သည် မျက်မှောင်ကျုံ့လျက် ရှနင်းချန်အား လှမ်းကြည့်လိုက်သည်။ အကြောင်းစုံကို မသိရသေးပါသော်ငြား အကြမ်းဖျင်းလောက်ကိုတော့ ဇီဝူကျိ၏အခြေအနေကို မြင်ပြီးသည့်နောက် ရွှယ့်ယွယ် ခန့်မှန်းမိသွားခဲ့လေသည်။ ဘာတွေဖြစ်နေသလဲဆိုသည်ကို သဘောပေါက်လိုက်သည့်နောက် ရွှယ့်ယွယ်မှာ ဒေါမာန်တကြီးဖြင့် ထအော်လေ၏။
ဇီဝူကျိ ဤနေရာသို့ ခိုးကြောင်ခိုးဝှက်ဖြင့် ပြန်လာသည်ကို သူမ လုံးဝ သတိမထားမိခဲ့ပေ။ ထို့အပြင် ဇီဝူကျိသည် ခရမ်းကြယ်၏ ဂိုဏ်းချုပ်တစ်ဦး ဖြစ်သည့်အလျောက် သူသည် သစ္စာဖောက်တစ်ဦး ဖြစ်နေလိမ့်မည်ဟုလည်း မည်သူမျှ ထင်မှတ်ထားခြင်းမရှိခဲ့။ ယခု သေချာပြန်စဉ်းစားကြည့်လိုက်သည့်နောက်မှသာလျှင် လွန်ခဲ့သည့်နှစ်များအတွင်း ဇီဝူကျိ၏ပုံစံသည် အတော်လေးကိုမှ သံသယဝင်ဖွယ်ကောင်းကြောင်း ရွှယ့်ယွယ် စဉ်းစားမိသွားတော့သည်။
“ငါလုပ်ချင်လို့မဟုတ်ပါဘူး… ငါလည်း မတတ်သာလို့ လုပ်ရတာပါ…” ဇီဝူကျိက ခါးသက်သက်အမူအယာဖြင့် ပြန်ပြောလိုက်သည်။
“မင်းကိုယ်ထဲမှာ ချိတ်စည်းလေးတစ်ခုခတ်ထားရုံပဲကို…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေသည်။ ယခင်ကတော့ ဇီဝူကျိ၏အခြေအနေကို စိတ်ရှုပ်ခံကာ စစ်ဆေးမနေခဲ့။ သို့သော်ငြား သေသေချာချာ စစ်ဆေးကြည့်လိုက်သည့်နောက် တစ်ခုခုကို တွေ့ရှိသွားခဲ့ရသည်။ ဇီဝူကျိ၏ကိုယ်ထဲ လျှို့ဝှက်စွာ တည်ရှိနေသော ချိတ်စည်းတစ်ခု ရှိနေခဲ့လေသည်။ ချိတ်စည်းအား ခတ်နှိပ်ထားသည့် ပညာရှင်မှာတော့ အတော်လေးကိုမှ အားကောင်းလှသည့်ပုံပင်။ သေသေချာချာ မစစ်ဆေးသရွေ့ အဆင့်နိမ့်ကြယ်စီရင်စုမှ မည်သည့်ပညာရှင်မှ ထိုချိတ်စည်းကို သတိထားမိလိမ့်မည်မဟုတ်။
ထို့အပြင် ထိုချိတ်စည်းအား ခတ်နှိပ်ထားသည်မှာ အနည်းဆုံး နှစ်အတော်ကြာနေလောက်ပေပြီ။ ကြည့်ရသလောက် ထိုချိတ်စည်းအား တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများ ခရမ်းကြယ်ကို သိမ်းပိုက်ခဲ့စဉ်က ဇီဝူကျိကိုယ်ပေါ်တွင် ခတ်နှိပ်ခဲ့ခြင်း ဖြစ်လောက်ပေသည်။
ဇီဝူကျိက ပြန်မေးလိုက်လေသည်။ “ငါ့မှာ ရွေးချယ်စရာသာရှိမယ်ဆိုရင် ဘာဖြစ်လို့ အခုလိုမျိုး လုပ်ရမှာလဲ… သခင်မလေးရှက ငါတို့ကို တောက်လျှောက် ကာကွယ်ပေးလာခဲ့တာ… သူ့လိုလူတစ်ယောက်ကို ဘာလို့ ငါက ကျေးဇူးကန်းရမှာလဲ… ပြဿနာက ဒီချိတ်စည်းကို ဖယ်လို့မရတာပဲ… ငါ့ဘာသာငါလည်း ဖယ်ဖို့ ကြိုးစားပြီးသွားပြီး… ဒါပေမယ့် တစ်ခါမှ ဖယ်လို့မရဘူး… ဖယ်ဖို့ကြိုးစားတိုင်းလည်း မိသွားတာနဲ့ နှိပ်စက်ခံရသေးတယ်… ဖြစ်သာဖြစ်နိုင်…”
ဇီဝူကျိမှာ သူ့စကားအား ဆုံးအောင်မပြောနိုင်သေးခင်မှာပင် သူ့ဆီသို့ အလင်းတန်းတစ်ခုပြေးဝင်လာသည်ကို တွေ့လိုက်ရလေသည်။ ရန်ကိုင်များ သူ့အား သတ်ပစ်တော့လေမလားဟု ဇီဝူကျိမှာ ထိတ်လန့်သွားခဲ့ပါသော်ငြား အလင်းတန်း သူ့ခန္ဓာကိုယ်နှင့်ထိသွားချိန် သူထင်ထားသလိုမဟုတ်ကြောင်း တွေ့လိုက်ရလေသည်။ ထိုအလင်းတန်း သူ့ကိုယ်ထဲသို့ ရောက်လာပြီးသည့်နောက် သူ့ကိုယ်ထဲတွင်ရှိနေသော ချိတ်စည်းမှာ ပျက်ပြယ်သွားခဲ့လေ၏။
ထို့နောက်တွင် ဇီဝူကျိသည် ရန်ကိုင်အား ကြောက်လန့်တကြားဖြင့် လှမ်းကြည့်လိုက်လေသည်။ ဤချိတ်စည်းကိုပင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်လောက်အောင် ရန်ကိုင်သည် မည်မျှပင် အားကောင်းနေပါလေသနည်း။ ချိတ်စည်းမှာ ပျက်စီးသွားပြီဖြစ်ပါသော်ငြား ဇီဝူကျိမှာ မပျော်နိုင်ခဲ့။ သူ့ရင်ထဲ နောင်တရသာ ရနေမိလေသည်။ သူသည်သာ သူ့အခြေအနေကို ရန်ကိုင်အား ပြောပြခဲ့မည်ဆိုလျှင် ယခုအချိန်လောက်ဆို လွတ်လွတ်လပ်လပ် နေလို့ ရနေလောက်ပေပြီ။ သို့သော်ငြား ယခုမူ…။
“သူ့ကိုသတ်ပစ်လိုက်…” ရန်ကိုင်က အေးစက်စက်အမူအယာဖြင့် ပြောလိုက်လေသည်။
“မလုပ်ပါနဲ့…” ဇီဝူကျိမှာ ကြောက်လန့်တကြားဖြင့် ထအော်လေသည်။
ချက်ချင်းဆိုသလို ဇီဝူကျိအား ရစ်ပတ်ထားသည့် မီးမြွေဆီမှ ခြစ်ခြစ်တောက်ပူလောင်သည့် အရှိန်အဝါတို့ ဖြာထွက်လာခဲ့လေ၏။
“နေဦး…” ရန်ကိုင်က ရုတ်တရက် အော်ပြောလိုက်လေသည်။ “သူ့ကို အပြင်မှာသတ်ပစ်လိုက်… ဒီမှာမသတ်နဲ့… တော်ကြာ နန်းတော်ထဲ ညစ်ပတ်နေဦးမယ်…”
လျို့ယန်လည်း ခေါင်းညိတ်လိုက်ပြီး မီးမြွေကိုထိန်းချုပ်၍ ဇီဝူကျိအား နန်းတော်အပြင်ဘက်သို့ ခေါ်ထုတ်သွားခဲ့လေ၏။ တစ်ခဏအကြာ၌ အဝေးတစ်နေရာဆီမှ အာခေါင်ခြစ်လုမတတ် အော်ဟစ်သံတစ်သံ ထွက်လာခဲ့လေသည်။
ရွှယ့်ယွယ်သည် ခေါင်းတခါခါလုပ်နေရင်းမှ သက်ပြင်းချလိုက်လေ၏။ (ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲ…)
ခရမ်းကြယ်မှာ လုံးဝကို နာလန်ပြန်ထူလာစရာအကြောင်း မရှိတော့ချေ။ ဇီလုံသေပြီးသွားသည့်အချိန်မှစ၍ ခရမ်းကြယ်သည် အတွင်းရေးပဋိပက္ခပေါင်းများစွာနှင့် ရင်ဆိုင်နေခဲ့ရခြင်း ဖြစ်လေ၏။ ထိုအကြောင်းကြောင့် အနှေးနှင့်အမြန်အတွင်းတော့ ပြန်ကောင်းလာနိုင်စရာအကြောင်း မရှိတော့။ ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်းသည် ယခုအဖြစ်အပျက်ကြောင့် အခြေအနေမကောင်းတော့ပါသော်ငြား ၎င်း၏အုတ်မြစ်မှာ အကောင်းအတိုင်းသာ ရှိနေပေသေးသည်။ ဆုံးရှုံးသွားခဲ့သော ကျင့်ကြံရေးကြယ်များကိုသာ ပြန်လည်ရယူနိုင်မည်ဆိုပါက တစ်ဖန်ပြန်လည် နာလန်ပြန်ထူလာနိုင်ပေလိမ့်မည်။
“စီနီယာမမလေး… နင် နားနေတော့လေ…” ရန်ကိုင်သည် ရှနင်းချန်၏လက်ကို ကိုင်ပေးရင်းမှ သူမအား ကုတင်ထက် သေသေချာချာ လှဲလျောင်းစေလိုက်လေသည်။
ရှနင်းချန်မှာ လှဲမနေချင်ပါသော်ငြား ရန်ကိုင်ပြောလာသည့်အခါတွင်တော့ ရန်ကိုင်ပြောသည့်အတိုင်း ကုတင်ပေါ်တွင် လှဲနေလိုက်လေ၏။ သို့တိုင် ရန်ကိုင်၏လက်ကို ကိုင်ထားခဲ့ပြီး ရန်ကိုင်အား ထွက်သွားခွင့်မပေးပေ။ ရန်ကိုင်လက်ကိုသာ လွှတ်ပေးလိုက်လျှင် ရန်ကိုင် သူမမြင်ကွင်းမှ နောက်တစ်ကြိမ် ထပ်မံပျောက်ကွယ်သွားမည်ကို စိုးရိမ်နေသည့်အလား။
သို့သော်ငြား ရန်ကိုင်က ပြန်၍ ပြောလိုက်လေ၏။ “စီနီယာမမလေးစိတ်မပူနဲ့… ငါ ဒီမှာပဲနေမှာ… အခြား ဘယ်ကိုမှမသွားဘူး…”
ထိုအခါမှသာလျှင် ရှနင်းချန်လည်း စိတ်အေးသွားပြီး မျက်လုံးလေးကို ပိတ်လိုက်လေသည်။ ထို့နောက်တွင် ရန်ကိုင်သည် ရွှယ့်ယွယ်ဘက်သို့လှည့်၍ ပြုံးရင်းမှ သူ့လက်ကို ဖြန့်ပေးလိုက်လေသည်။ ရွှယ့်ယွယ်သည် ရန်ကိုင်အား တစ်ခဏမျှ စူးရဲစွာ စိုက်ကြည့်နေပြီးသည့်နောက် ဆူပုပ်ပုပ်အမူအယာဖြင့် ရန်ကိုင်ဆီသို့လျှောက်လာပြီး သူ့အား ပြန်ဖက်လိုက်လေသည်။
ထိုမြင်ကွင်းကိုကြည့်ရင်း လျို့ယန်မှာ နှုတ်ခမ်းဆူနေပါသော်ငြား ခေါင်းမာမနေခဲ့ပဲ အလိုက်တသိဖြင့် အခန်းထဲမှ ထွက်သွားပေးလိုက်လေ၏။