အခန်း (၃၁၅၆-၃၁၆၀)
Vol. 137 Ch. 3156-3160
အပိုင်း (၃၁၅၆)
ဘာသာပြန်သူ_တိမ်တိုက်
ပထမဦးစွာ ရန်ကိုင်သည် မူလကုန်းမြေကြီးထဲ စုယန်နှင့် အမှတ်မထင်တွေ့ခဲ့သည်။ ထို့နောက်တွင် အရိပ်ကြယ်သို့ ပြန်လာပြီး စစ်မီးကို ငြိမ်းပေးခဲ့သည်။ ပြီးသည့်နောက်တွင် မွန်းစတားဧကရာဇ်ကြယ်ဆီသို့ သွားကာ ရှန်ချင်းလော့အား ကူညီပေးခဲ့လေသည်။ ယခုဆိုလျှင်လည်း ရန်ကိုင်ကြောင့်ပင် ထုန်းရွှမ်လောကကြီးမှာ ငြိမ်းချမ်းသွားခဲ့ရလေသည်။
ရန်ကိုင်နှင့် ရင်းနှီးသူအားလုံး အဆင်ပြေပြေ လုံလုံခြုံခြုံနှင့် ရှိနေကြလေရာ ရန်ကိုင်အနေဖြင့် ယခုထက်ပို၍ ဘာမှ ထပ်မံမတောင်းဆိုနိုင်တော့ပေ။ အခြားသောလုပ်စရာကိစ္စများစွာ ရှိနေသေးပါသော်ငြား အရာရာကို ဖြည်းဖြည်းနှင့်မှန်မှန်သာ စရပေလိမ့်မည်။
လွန်ခဲ့သည့်နှစ်များအတွင်း ရှနင်းချန်မှာ အမျိုးမျိုးသောပြဿနာများနှင့် လုံးပန်းခဲ့ရသည်။ တစ်စပြင်ကန္တာရကြယ်စီရင်စုကြောင့် သူမကိုယ်တိုင်မှာ ဒဏ်ရာရထားရသည့်တိုင် ဘုံကိုးခုထွဋ်မြတ်နယ်မြေအား ကာကွယ်ပေးနေခဲ့ရရုံမက ရွှယ့်ယွယ်နှင့်အခြားသူများ တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများအား သွားရောက်တိုက်ခိုက်သည့်အခါတွင်လည်း ထိုလူများ၏လုံခြုံရေးကို စောင့်ကြပ်ကြည့်ရှုပေးရပေသည်။
ယခုမူ သူမတွင် ဘာမှစိုးရိမ်နေစရာမရှိတော့။ ရန်ကိုင်သည် ထုန်းရွှမ်လောကကြီးပေါ်ရှိ ပြဿနာအားလုံးကို ရှင်းပေးပြီးသွားခဲ့လေပြီ။ သူမဘာသာသူမ အေးအေးဆေးဆေး အိပ်စက်အနားယူနိုင်လေပြီ။ သူမ၏ လက်ရှိကျင့်ကြံခြင်းအရ ရှနင်းချန်အနေဖြင့် အိပ်စက်အနားယူစရာ မလိုတော့ပါသော်ငြား အခက်အခဲမျိုးစုံနှင့် နှစ်ပေါင်းများစွာကြာအောင် လုံးပန်းခဲ့ရသည့်အလျောက် ရှနင်းချန်မှာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ခဲ့လေပြီ။ ထို့အတွက်ကြောင့် လက်ရှိအချိန်တွင်တော့ ရှနင်းချန်သည် သေမျိုးတစ်ဦးပမာ မိန့်မိန့်ကြီးကို အိပ်စက်လှဲလျောင်းလို့ နေခဲ့လေ၏။ တစ်ချိန်တည်းတွင်လည်း အိပ်မက်ကောင်းကောင်းမက်နေသည့်အလား သူမ၏မျက်နှာလေးမှာ ယဲ့ယဲ့လေးပြုံးနေခဲ့လေသည်။
ရွှယ့်ယွယ်သည် ရန်ကိုင်ဘေးနားတွင် ထိုင်ရင်း ကောင်းကင်စိတ်အာရုံဖြင့် အချင်းချင်းဆက်သွယ်၍ လွန်ခဲ့သည့်နှစ်များအတွင်း သူမတို့ကြုံတွေ့ခဲ့ရသည့် အကြောင်းအရာများကို ပြန်လည်စမြုံ့ပြန် ပြောဆိုနေခဲ့သည်။
ရွှယ့်ယွယ်၏ကိုယ်သင်းရနံ့လေးမှာ အတော်လေးကိုမှ သင်းကြိုင်လှပေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ တဖြည်းဖြည်းနှင့် ရွှယ့်ယွယ်အား နမ်းချင်စိတ်ကို မထိန်းနိုင် ဖြစ်လာခဲ့ရသည်။
သို့သော်ငြား ရန်ကိုင်မှ ရွှယ့်ယွယ်အား မနမ်းနိုင်သေးခင်မှာပင် ရွှယ့်ယွယ်သည် ရန်ကိုင်၏ပါးစပ်ကို သူမလက်ဖြင့် လှမ်းအုပ်၍ ပြောလိုက်လေ၏။ “မရဘူး… နင်းချန်ပြဿနာကို မဖြေရှင်းရသေးသရွေ့ ငါ့ကိုထိဖို့ စဉ်းတောင်မစဉ်းစားနဲ့…”
ထုန်းရွှမ်လောကကြီး၏အခြေအနေမှာ တည်ငြိမ်သွားခဲ့ပြီ ဖြစ်ပါသော်ငြား ရှနင်းချန်၏အခြေအနေမှာတော့ အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးချေ။ ရန်ကိုင်သည် အင်မော်တယ်သစ်ပင်၏ အစွမ်းကိုသုံး၍ ရှနင်းချန်အား ကုသပေးထားသလို ထုန်းရွှမ်လောကကြီးပေါ်ရှိ ချုပ်နှောင်ခြင်းရှစ်သွယ်အစီအရင်ကိုလည်း ဖျက်ဆီးထားခဲ့ပြီ ဖြစ်ပါသော်ငြား ရှနင်းချန်ပြန်လည်ကောင်းမွန်ဖို့ရာ အချိန်လိုပေဦးမည်။
ရန်ကိုင်က ခေါင်းကိုကုတ်၍ “အဲ့ဒါဆို နှစ်နဲ့ချီပြီးတော့ ကြာဦးမှာလေ… နင် အဲ့လောက်စောင့်နိုင်လို့လား…”
ရွှယ့်ယွယ်က နှာခေါင်းရှုံ့လျက် “မစောင့်နိုင်စရာလား… ငါ့ကိုမေးရမှာထက် နင့်ကိုယ်နင် ပြန်မေးရမှာ…”
“အဲ့ဒါဆိုရင်တော့ နင် ငါ့ကို အထင်သေးလွန်းရာကျသွားပြီ…” ရန်ကိုင်က အထင်အမြင်တသေးဖြင့် ပြန်ပြောလိုက်လေသည်။
ရွှယ့်ယွယ်က ထပ်၍ပြောလိုက်လေ၏။ “အစ်မကြီးနဲ့လော့အာကိုလည်း ထိဖို့မစဉ်းစားနဲ့နော်…”
ထိုစကားကိုကြားသည့်အခါတွင်တော့ ရန်ကိုင်မျက်နှာ သုန်မှုန်သွားတော့လေ၏။ “နင် အဲ့လောက်ထိ လွန်စရာလိုလို့လား…”
(မိန်းမတစ်ယောက်ရဲ့စိတ်ထက် ပိုပြီးတော့ ကောက်ကျစ်အဆိပ်ပြင်းတဲ့အရာ မရှိတော့ဘူးဆိုတာ တကယ်အမှန်ပါပဲလား… မိန်းမတွေဒီလောက်အများကြီးရှိပြီး တစ်ယောက်နဲ့မှမပျော်နိုင်တာ ဘာအကျိုးရှိဦးမှာလဲ… ရွှယ့်ယွယ်သာ စုယန်နဲ့ ရှန်ချင်းလော့ကို သွားပြောရင်တော့ ငါ တကယ် သူတို့ကိုပါ ထိလို့ရလောက်တော့မှာမဟုတ်တော့ဘူး… မဟုတ်ဘူး… ကျိန်းသေကို ထိလို့ရတော့မှာမဟုတ်ဘူး…)
ရွှယ့်ယွယ်က ပြန်၍ပြောလိုက်လေသည်။ “အခု နင်းချန် ဒီလိုဖြစ်သွားတာ ငါ့ကြောင့်ပဲ… ဒီတော့ နင်းချန်သာ ပြန်မကောင်းသေးရင် ငါ ဘယ်လိုမှ စိတ်အေးနိုင်မှာမဟုတ်ဘူး… ဒါကြောင့်ပဲ ယောက်ျားရယ်… ငါလေ နင့်ကို တကယ်တောင်းဆိုတာပါ… ကျေးဇူးပြုပြီး နင်းချန်ကို မြန်မြန်လေးပြန်ကောင်းအောင် လုပ်ပေးလို့မရဘူးလား…”
ထိုစကားကိုကြားသော် ရန်ကိုင်သည် ရွှယ့်ယွယ်၏နှာခေါင်းလေးကို ဆွဲညှစ်၍ ပြန်ပြောလိုက်လေ၏။ “နင် အဲ့လိုမျိုး ကိုယ့်ကိုယ်ကို ပြန်ပြီး အပြစ်တင်နေမယ်ဆိုရင် ငါ နင့်ကို အခုချက်ချင်း ကောက်စားလိုက်တော့မှာနော်…”
ရွှယ့်ယွယ်ကမူ အထင်အမြင်တသေးဖြင့်သာ နှာခေါင်းရှုံ့လိုက်သည်။
ရန်ကိုင်သည် ရွှယ့်ယွယ်၏ မေးစေ့လေးကို ကိုင်ရင်း “နင်းချန် နင့်ကို အပြစ်တင်နေမှာမဟုတ်ဘူး… ဒီတော့ ကိုယ့်ကိုယ်ကို အပြစ်တင်နေတာ ရပ်လိုက်ပေတော့… နင်သာ သူ့နေရာမှာဆိုရင်လည်း အခုလိုမျိုးပဲ ဆုံးဖြတ်ခဲ့မှာ…”
“ဒါပေမယ့်…”
“ဒါပေမယ့်တွေ လုပ်မနေနဲ့…” ရန်ကိုင်က ပြုံး၍ ပြန်ပြောလိုက်သည်။ “ဒါပေမယ့် နင် ငါ့ကို တကယ်ကြီး ခက်ခဲတဲ့တာဝန်ကို ပေးသွားတာပဲ…”
ရှနင်းချန်၏ပြဿနာကို ဖြေရှင်းဖို့ရာ မလွယ်ကူပါသော်ငြား ရွှယ့်ယွယ်ပြောမလာလျှင်ပင် ရန်ကိုင်သည် ရှနင်းချန်အား ကူညီပေးရန် စဉ်းစားထားပြီးသားပင်။ သူ့အနေဖြင့် နှစ်ပေါင်းများစွာကြာအောင် အလကားသက်သက် ထိုင်စောင့်မနေနိုင်ပေ။ ရှနင်းချန်သည်လည်း ထိုမျှကြာအောင် ထိုပြဿနာကြီးဖြင့် နေနိုင်လိမ့်မည်မဟုတ်။
“ယောက်ျား… နင်လည်း ဘာလုပ်ရမလဲ မသိဘူးလား…” ရွှယ့်ယွယ်သည် ရန်ကိုင်အား ဝမ်းနည်းတကြီးဖြင့် ကြည့်ရင်းမှ မေးလိုက်သည်။
“ငါစဉ်းစားနေတာ…” ရန်ကိုင်သည် တစ်ခဏမျှစဉ်းစားနေပြီးသည့်နောက် ပြန်၍ပြောလိုက်လေသည်။ “အင်း… ငါ တစ်ခုခု စဉ်းစားမိပြီ…”
ထိုအခါ ရွှယ့်ယွယ်သည် ရန်ကိုင်အား မျှော်လင့်တကြီးဖြင့် ကြည့်လာလေ၏။
“ငါအောင်မြင်ရင် ဘာဆုရမှာလဲ…” ရန်ကိုင်သည် ရွှယ့်ယွယ်အား ပြုံးကာကြည့်၍ ပြောလိုက်သည်။
ရန်ကိုင်စကားကိုကြားသော် ရွှယ့်ယွယ် ရှက်သွေးဖြာသွားခဲ့ပြီး ခေါင်းလေးကိုငုံ့လျက် ရေရွတ်လိုက်လေ၏။ “နင့်ခေါင်းထဲမှာ ဘာဖြစ်လို့ တစ်ချိန်လုံး အဲ့အတွေးပဲ ပြည့်နေရတာလဲ… နင်းချန်က နင့်မိန်းမလေ… ဒီတော့ ငါမပြောရင်တောင် နင့်ဘာသာနင် လုပ်ပေးရမှာ… ဘာဆုတွေလာတောင်းနေတာလဲ…” ထိုသို့ပြောရင်းမှ ရွှယ့်ယွယ်သည် နှုတ်ခမ်းလေးဆူလိုက်သည်။ သို့သော်ငြား ဆက်၍တော့ မေးလိုက်သေး၏။ “ဒါဆို နင် ဆုအဖြစ် ဘာလိုချင်လဲ…”
ရန်ကိုင်သည် ရွှယ့်ယွယ်၏နှုတ်ခမ်းလေးကို သွားထိလိုက်သည်။
ရွှယ့်ယွယ်မှာ ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်နေသည့်တိုင် ချက်ချင်း ထိုင်ရာမှထ၍ ရန်ကိုင်၏နှုတ်ခမ်းကို သွားနမ်းလိုက်လေ၏။ တစ်ဦးနှင့်တစ်ဦး အတန်ကြာအောင် နမ်းနေပြီးသည့်နောက် ရွှယ့်ယွယ်သည် သူမ၏ရင်ဘတ်ကို ဆုပ်နယ်နေသော ရန်ကိုင်၏လက်ကို လှမ်းကိုင်၍ ဖြည်းဖြည်းချင်း ခေါင်းခါပြလိုက်သည်။ ရှနင်းချန်သည် သူမတို့ဘေးတွင် ရှိနေလေရာ သူမအနေဖြင့် မည်ကဲ့သို့များ ထိုကဲ့သို့ လုပ်ရက်ပါမည်နည်း။
ရန်ကိုင်လည်း သွား၍ တွန်းအားပေးမနေခဲ့ပေ။ ရွှယ့်ယွယ်မှာ ထိုကဲ့သို့လုပ်ရန် စိတ်မပါကြောင်းကိုလည်း ရန်ကိုင်သိပေသည်။ ထို့အတွက်ကြောင့် ရွှယ့်ယွယ်၏ရင်ဘတ်ပေါ်မှ သူ့လက်ကို ပြန်ဖယ်လိုက်ပြီးသည့်နောက် ရွှယ့်ယွယ်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်လေ၏။
ရှနင်းချန်သည် ငါးရက်ဆက်တိုက်ကို အိပ်ပျော်နေခဲ့လေသည်။ ငါးရက်ကြာပြီးသွားသည့်အခါမှသာ မျက်လုံးပြန်ပွင့်လာခဲ့လေ၏။ ငါးရက်ကြာအောင် အနားယူနေပြီးသည့်နောက် သူမ၏အခြေအနေမှာ အတော်လေးကိုမှ အဆင်ပြေလာခဲ့သည်။ ကံမကောင်းစွာဖြင့် ပြဿနာကြီးမှာတော့ အမြစ်ပြတ်မသွားသေးပေ။ အနက်ရောင်နှင့် အစိမ်းရောင်အရှိန်အဝါတို့သည် သူမ၏ကိုယ်ထဲ တစ်ခုနှင့်တစ်ခု လုံးထွေးနေခဲ့ကြသည်။ သို့သော်ငြား အစိမ်းရောင်အရှိန်အဝါမှာတော့ သိသိသာသာကို အသာစီးရနေလေ၏။ ရှနင်းချန်အနေဖြင့် အချိန်အတိုင်းအတာတစ်ခုအထိ အနားယူလိုက်မည်ဆိုလျှင် အနက်ရောင်ချီသည် သူ့အလိုလို ပျောက်ကွယ်သွားပေလိမ့်မည်။ ထိုအကြောင်းကြောင့် သူမ၏ခန္ဓာကိုယ်နှင့်ပတ်သက်၍ စိတ်ပူစရာမလို။ စိတ်ပူစရာလိုသည်မှာ ထုန်းရွှမ်လောကကြီးသာ ဖြစ်ပေသည်။
ရှနင်းချန်အိပ်ပျော်နေစဉ်အတောအတွင်း ရန်ကိုင်သည် နောက်ထပ် ဘာဆက်လုပ်ရမလဲဆိုသည်နှင့်ပတ်သက်၍ သေချာစဉ်းစားထားခဲ့ပြီးလေပြီ။ ရှနင်းချန်ဘေးနားမှ ထွက်သွားပြီး ထိုအစီအစဉ်ကို အကောင်အထည်မဖော်ရသေးခြင်းမှာ ရှနင်းချန်နိုးလာသည့်အခါတွင် သူ့ကို မမြင်သည့်အခါ ဝမ်းနည်းသွားမည်ကို စိုးရိမ်သည့်အတွက်ကြောင့်ပင်။
ထိုအကြောင်းကြောင့်ပင်လျှင် ရန်ကိုင်သည် ရှနင်းချန်နိုးလာသည်အထိ သူမဘေးနားတွင် ထိုင်စောင့်နေပြီးသည့်နောက် ရှနင်းချန်ကို ရွှယ့်ယွယ်လက်ထဲသို့ အပ်၍ အပြင်သို့ ထွက်လာခဲ့သည်။
လက်ရှိအချိန်တွင် ခန်းမထဲ၌ လူပေါင်းများစွာ စုဝေးနေခဲ့ကြလေသည်။
ရန်ကိုင်ပေါ်လာသည်ကို မြင်သည့်အခါ မန်ဝူရနှင့် နတ်ဆိုးအိုကြီးသည် ရန်ကိုင်အား ချက်ချင်းလာရောက်နှုတ်ဆက်ကြသည်။ ထို့နောက်တွင် မန်ဝူရက ချက်ချင်း မေးလိုက်လေ၏။ “နင်းချန် ဘယ်လိုနေလဲ…”
“စိတ်မပူနဲ့… စီနီယာမမလေး အတော်လေးသက်သာနေပြီ… ပြန်ကောင်းဖို့ အချိန်ပဲလိုတော့တာ…”
ထိုစကားကိုကြားသည့်အခါမှသာလျှင် မန်ဝူရ သက်ပြင်းချနိုင်တော့လေ၏။
ရန်ကိုင်သည် လူအုပ်ကြီးကိုဝေ့ကြည့်လျက် အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။ “ဒီနှစ်တွေအတောအတွင်း ကူညီပေးခဲ့တာတွေအတွက် အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်…”
မန်ဝူရက ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်လေသည်။ “ကောင်လေး… မင်း ဘာတွေ ကိန်းကြီးခန်းကြီးတွေ လုပ်နေရတာလဲ…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ထုန်းရွှမ်လောကကြီးက ပြဿနာက ရှင်းသွားပြီဆိုပေမယ့် ကြယ်စီရင်စုကြီးထဲမှာရှိနေတဲ့ ပြဿနာတွေက ပြီးပြတ်သွားသေးတာမဟုတ်သေးဘူး… ဆက်ပြီးလုပ်ရမယ့်အရာတွေ အများကြီးရှိသေးတယ်… ဟုန်းလော့ကြယ်စီရင်စုကြီးထဲမှာ ရှိနေတဲ့ ရန်သူတွေအကုန်လုံးကို ရှင်းပစ်ပြီးတဲ့အခါမှပဲ ခင်ဗျားတို့အားလုံးအတွက် စားသောက်ပွဲကြီးတစ်ခု ကျုပ် ကျင်းပပေးမယ်…”
ထိုစကားထွက်လာသော် လူတိုင်း တိတ်သွားခဲ့လေသည်။ သူတို့ ထုန်းရွှမ်လောကကြီးထဲတွင် ပိတ်မိနေခဲ့သည်မှာ နှစ်အတော်ကြာနေခဲ့လေပြီ။ ထို့အတွက်ကြောင့် ကြယ်စီရင်စုထဲရှိအခြေအနေ မည်ကဲ့သို့ ဖြစ်နေသလဲဆိုသည်ကို သူတို့မသိပေ။ သေချာသည့်အချက်မှာတော့ ကြယ်စီရင်စုကြီးသည်လည်း အခြေအနေကောင်းလိမ့်မည်မဟုတ်။
“ဒီတော့ အခုလောလောဆယ် ခင်ဗျားတို့အားလုံး တူတူကြိုးစားပြီးတော့ ကျင့်ကြံထားကြ… နောက်ထပ်တိုက်ပွဲကို အနှေးနဲ့အမြန်ဆိုသလို ဆင်နွှဲရဦးမှာ…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် မန်ဝူရဆီသို့ သိုလှောင်လက်စွပ်တစ်ကွင်း ပစ်ပေးလိုက်သည်။
မန်ဝူရသည် သိုလှောင်လက်စွပ်ထဲရှိပစ္စည်းများကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးသည့်နောက် ထိတ်လန့်တုန်လှုပ်သွားတော့လေ၏။ သိုလှောင်လက်စွပ်ထဲတွင် အမျိုးမျိုးသော ကျင့်ကြံရေးအရင်းအမြစ်များ ရှိနေကြပေသည်။ ထို့အပြင် ထိုပစ္စည်းများ၏အဆင့်ကို သူ လုံးဝမပြောနိုင်ခဲ့။
မန်ဝူရမှာ သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို သေသေချာချာ မစစ်ဆေးကြည့်ရသေးပါသော်ငြား သိုလှောင်လက်စွပ်ထဲတွင် ရှိနေသည့် ပမာဏသည် ထောင်နှင့်ချီသောလူများအတွက် နှစ်အတန်ကြာအောင် အသုံးပြုဖို့ရာ လုံလောက်ပေသည်။
(ဒါတွေနဲ့ဆိုလို့ရှိရင် လူတိုင်း ကျိန်းသေ ပိုအားကောင်းလာကြတော့မှာ…)
“ဒါတွေကို ခင်ဗျားလက်ထဲထည့်ထားလိုက်မယ် ဘဏ္ဍာထိန်းမန်… ခင်ဗျားဘာသာ ကြည့်ကြပ်ပြီးတော့ပဲ ဝေငှပေးလိုက်… ပြီးတော့ ကျုပ် ဒီနေရာမှာ ဆက်သွယ်ရေးအစီအရင်တစ်ခု တည်ဆောက်ဦးမယ်… အဲ့ဒါပြီးသွားပြီဆိုတာနဲ့ ရေလကြယ်၊ မွန်းစတားဧကရာဇ်ကြယ်နဲ့ အရိပ်ကြယ်တွေဆီကို ဒီကနေသွားလို့ရပြီ… ဒီတော့ အကုန်လုံး နောက်တစ်လကြာတာနဲ့ နောက်ထပ်စစ်ပွဲတစ်ပွဲဆင်နွှဲဖို့ အဆင်သင့်ပြင်ထားကြပေတော့…”
ဘုံကိုးခုထွဋ်မြတ်နယ်မြေတွင် ရန်ကိုင် ယခင်က ခင်းကျင်းခဲ့သော ဟင်းလင်းပြင်အစီအရင်တစ်ခု ရှိပေသည်။ ယခုတစ်ကြိမ်တွင်တော့ ရန်ကိုင်သည် လျို့ယန်နှင့် အတူပူးပေါင်း၍ ထိုဟင်းလင်းပြင်အစီအရင်အား ထပ်မံအဆင့်မြှင့်တင်ခဲ့သည်။
ရန်ကိုင်သည် လျို့ယန်အား ဤနေရာတွင် ကျန်ခဲ့ရန် အမိန့်ပေးပြီးသည့်နောက်တွင် ဟင်းလင်းပြင်အစီအရင်ကို အသက်သွင်းကာ ထွက်ခွာလာခဲ့လေသည်။ မကြာမီတွင် ရန်ကိုင်သည် ရေလကြယ်ပေါ်ရှိ နန်းတော်တစ်လုံးထဲ၌ ပြန်ပေါ်လာခဲ့သည်။ ထိုနေရာသို့ ရန်ကိုင်ရောက်လာချိန် သူ့ဘေးနားတွင် ကလေးမလေးတစ်ဦး တင်ပလင်ခွေထိုင်ကာ ကျင့်ကြံနေကြောင်း တွေ့လိုက်ရလေသည်။ သူမဘေးနားတွင်တော့ အရင်းအမြစ်ကျောက်များ ပုံထပ်နေခဲ့လေ၏။
ထိုကောင်မလေးသည်လည်း လူသစ်တစ်ယောက်ယောက် ရောက်လာသည်ကို အာရုံခံမိလိုက်သည့်အလား အလျင်စလို မျက်လုံးဖွင့်ကြည့်လာခဲ့သည်။ ရန်ကိုင်ကိုမြင်သော် အံ့အားသင့်တကြီးဖြင့် “စီနီယာရန်လား…”
“ယုချင်း… နင်တစ်ယောက်တည်းလား…” ရန်ကိုင်က ပြုံး၍ နှုတ်ဆက်လိုက်သည်။
ဤကလေးမလေးသည် လျူစန်းနျန်၏သမီဂ လျူယုချင်းသာ ဖြစ်လေသည်။ သူမ၏ကျင့်ကြံခြင်းမှာ ကြယ်တာရာအစုအဝေးထဲ ဘာဆိုဘာမှမဟုတ်ပါသော်ငြား ဤကြယ်စီရင်စုကြီးထဲတွင်တော့ အတော်လေးကိုမှ ထူးခြားကောင်းမွန်လို့ နေခဲ့လေသည်။ သူမအား ဤနေရာရှိ ဟင်းလင်းပြင်အစီအရင်ကို စောင့်ကြပ်ခိုင်းခြင်းမှာ ဆိုးတော့လည်းမဆိုးလှ။ တကယ်တော့ အခြားသူများမှ ဤနေရာအား တိုက်ခိုက်လာမည်ကို စိတ်ပူစရာမှ မလိုလေပဲ။
လျူယုချင်းမှာ ယခင်ကထက် ပို၍ ပြုံးပြုံးရွှင်ရွှင်ဖြစ်နေခဲ့ရာ သူမ၏မျက်နှာလေးမှာ မဆိုစလောက်ကလေး နီမြန်းနေခဲ့လေသည်။ ရန်ကိုင်၏အမေးကိုကြားသော် ခေါင်းညိတ်ပြလိုက်လေ၏။ “ဒီအစီအရင်က စီနီယာရန်အတွက် အသုံးဝင်တယ်ဆိုပြီးတော့ အမေက သမီးကို ဒီမှာစောင့်ကြပ်ခိုင်းထားတာ…”
“နင့်မိဘတွေရော…” ရန်ကိုင်က မေးလိုက်သည်။
လျူယုချင်းက နှုတ်ခမ်းလေးဆူလျက် “မြို့ထဲမှာ… သမီးကိုဆိုရင် ဂရုကိုမစိုက်ကြဘူး…”
ထိုအချင်းအရာကိုမြင်သော် ရန်ကိုင်က ရယ်မောလျက် “သူတို့မတွေ့ရတာ အကြာကြီးကြာမှ တစ်ခါပြန်တွေ့ရတာကို ဒီတော့ သူတို့ဘာသာသူတို့ အချိန်နည်းနည်းပါးပါး လိုချင်မှာပေါ့…”
လျူယုချင်းက နှာခေါင်းရှုံ့လိုက်၏။ “တစ်ချိန်လုံး အမြဲတမ်း တပူးပူးတတွဲတွဲနဲ့ပဲ… မုန်းစရာကောင်းလိုက်တာ…”
ပြောသာပြောနေပါသော်ငြား သူမ၏မိဘများကို လျူယုချင်း အမှန်တကယ်ကို မမုန်းပေ။ တကယ်တော့ သူမနှင့် လျူစန်းနျန်တို့ ဒုက္ခရောက်နေသည်ကို လာရောက်ကယ်ဆယ်ပေးခဲ့သူမှာ လီကျောက်သာလျှင် မဟုတ်ပေလော။ နဂါးကျွန်းမှ လွတ်မြောက်လာပြီးသည့်နောက်တွင်လည်း လီကျောက်သည် သူမတို့သားအမိကို သေသေချာချာကို ဂရုစိုက်ပေးလေသည်။ ထိုသို့ဖြစ်လေရာ လျူယုချင်းအနေဖြင့် လီကျောက်အား မုန်းစရာအကြောင်းမရှိပေ။
“ကောင်းပြီ… ကဲ… ပြန်ပြီးတော့ကျင့်ကြံနေလိုက်… ငါ နင့်မိဘတွေကို သွားရှာလိုက်ဦးမယ်…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်၍ လီကျောက်နှင့်အခြားသူများ၏ တည်နေရာကို အာရုံခံကာ စစ်ဆေးကြည့်လိုက်သည်။
လက်ရှိအချိန်တွင် လီကျောက်၊ လျူစန်းနျန်၊ ရွမ်ပိတင်နှင့် ဟဲယွင်ရှန်းတို့မှာ မြို့ထဲရှိ နန်းတော်တစ်လုံးထဲတွင် စုဝေးနေကြလေသည်။ ထိုနေရာတွင် ရန်ကိုင်မသိသော အခြားလူပေါင်းများစွာလည်း ရှိနေကြသည်။ ထိုလူများသည် တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူများ ဖြစ်ကြပြီး လက်ရှိအချိန်တွင် လီကျောက်တို့လေးဦး အထူးသဖြင့် လီကျောက်အား တလေးတစားဖြင့် ကြည့်နေကြလေသည်။
သူတို့ကြည့်ရသည်မှာ ကိစ္စတစ်ခုခုအကြောင်းကို ဆွေးနွေးနေသည့်ပုံပင်။ လီကျောက်သည် စားပွဲခုံ၏ ထိပ်ဆုံးနေရာတွင် ပျင်းရိငြီးငွေ့နေသည့် ပုံစံမျိုးဖြင့် ထိုင်နေခဲ့သည်။ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် ရေလကြယ်ကို ပြန်သိမ်းဖို့ရာမှာ သူ့အတွက် ထမင်းစားရေသောက်ပမာ လွယ်ကူလှပေသည်။ ထို့အပြင် သူတစ်ယောက်တည်းမဟုတ်။ လျူစန်းနျန်၊ ရွမ်ပိတင်နှင့် ဟဲယွင်ရှန်းလည်း ရှိနေပေသေးသည်။ ထို့အတွက်ကြောင့် တစ်လအတွင်းမှာပင် ရေလကြယ်အား ပြန်သိမ်းနိုင်ခဲ့လေသည်။ သို့သော်ငြား ဤနေရာသည် ရန်ကိုင်အတွက် မည်မျှအရေးပါသလဲဆိုသည်ကို မသိရသေးသည့်အတွက်ကြောင့် လီကျောက်မှာ ရေလကြယ်ကို ပြန်သိမ်းပြီးသည့်နောက်တွင် အနည်းငယ် ပြန်လည်စီမံခန့်ခွဲနေရလေသည်။
ကံမကောင်းစွာဖြင့် ဤနေရာနှင့် ၎င်း၏ပြဿနာများမှာ လီကျောက်အတွက်တော့ ဘာမှ အဓိပ္ပာယ်မရှိပေ။ လီကျောက်ခမျာ လျူစန်းနျန်နှင့်အတူ ရှုခင်းပတ်ကြည့်ဖို့ကိုသာ စိတ်ဝင်စားနေလေ၏။
နန်းတော်ထဲတွင် ရှိနေကြသည့် တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူများမှာတော့ လီကျောက် ရေလကြယ်အား ပြန်သိမ်းစဉ် ခေါ်ယူထားခဲ့သည့် လက်အောက်ငယ်သားများ ဖြစ်ကြပေသည်။ ထိုလူများသည် ယခင်က ရေလကြယ်၏ ဒေသခံပညာရှင်များ ဖြစ်လျှင်ဖြစ် မဖြစ်လျှင် ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ လက်အောက်ငယ်သားများ ဖြစ်ကြပေသည်။ မရဏဂိုဏ်း ရေလကြယ်အား စိုးမိုးနေစဉ် ထိုလူအားလုံးမှာ ရသမျှနေရာအသီးသီးတွင် ပုန်းခိုနေခဲ့ရသည်။ ယခု လူစိမ်းများ၏ခွန်အားကို မြင်ပြီးသည့်နောက် ထိုလူများနှင့် အတူပူးပေါင်းကာ မရဏဂိုဏ်းကို ပြန်လည်တွန်းလှန်ခဲ့ကြလေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၅၇)
ဘာသာပြန်သူ_တိမ်တိုက်
နန်းတော်တံခါး ရုတ်တရက်ပွင့်သွားခဲ့ပြီး နန်းတော်ထဲ၌ ရှိနေသူတစ်ဦးသည် ချက်ချင်းပဲ ထအော်လိုက်လေသည်။ “ဘယ်သူလဲ…”
ယခုကဲ့သို့သော အရေးကြီးကိစ္စများ ဆွေးနွေးနေသည့်အချိန်မျိုးတွင် မည်သူသည် နန်းတော်ထဲသို့ ခွင့်ပြုချက်မတောင်းဘဲ ဝင်လာရဲရလေသနည်း။ လူတိုင်းသည် တံခါးပေါက်ဝရှိရာဆီသို့ လှမ်း၍ကြည့်လိုက်ရာ လူငယ်လေးတစ်ဦး နန်းတော်ထဲသို့ ဝင်လာနေကြောင်း တွေ့လိုက်ရလေသည်။ သူတို့စိတ်ထဲ ထိုလူငယ်လေးအား တစ်နေရာရာတွင် မြင်ခဲ့ဖူးသလို ခံစားနေရပါသော်ငြား မည်သည့်နေရာတွင် မြင်ခဲ့ဖူးလို့ မြင်ခဲ့ဖူးမှန်း သတိမရတော့ပေ။
တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူအားလုံး ဇဝေဇဝါဖြစ်နေကြစဉ် လီကျောက်သည် ထိုင်ရာမှထ၍ ထိုလူငယ်လေးအား အံ့အားသင့်တကြီးဖြင့် နှုတ်ဆက်လိုက်လေသည်။ “ရောင်းရင်းရန်လား…”
လျူစန်းနျန်၊ ရွမ်ပိတင်နှင့် ဟဲယွင်ရှန်းတို့သည်လည်း လီကျောက်အနီးတွင် ထိုင်ရာမှထ၍ ရန်ကိုငအား ဦးညွှတ်နှုတ်ဆက်လိုက်ကြလေသည်။
ထိုအချင်းအရာကိုမြင်လိုက်သော် မည်သည့်တန်ခိုးရှင်ဘုရင်အဆင့်ကျင့်ကြံသူမှ ရန်ကိုင်အား အထင်မသေးရဲတော့ပေ။ လွန်ခဲ့သည့်တစ်လအတောအတွင်း လီကျောက်နှင့်အခြားသူများ မည်မျှအားကောင်းကြောင်းကို ထိုလူများ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသည်။ ဟဲယွင်ရှန်းသည် တန်ခိုးရှင်ဘုရင်တတိယအဆင့်သာ ရှိသေးသည့်အတွက်ကြောင့် သူမ၏ခွန်အားသည် သူတို့လက်ခံနိုင်သည့်ဘောင်အတွင်းတွင် ရှိနေပေသည်။ သို့ရာတွင် ကျန်သုံးယောက်ဖြစ်ကြသော လီကျောက်၊ လျူစန်းနျန်နှင့် ရွမ်ပိတင်တို့မှာတော့ အလွန်တရာကိုမှ အားကောင်းလွန်းကြလေသည်။ မည်သည့်တန်ခိုးရှင်ဘုရင်အဆင့် ကျင့်ကြံသူမဆို သူတို့ရှေ့တွင် သုံးနှစ်သားကလေးများပမာ ဖြစ်သွားကြသည်။ ထိုအကြောင်းကြောင့် ထိုကဲ့သို့သောပညာရှင်များမှ တလေးတစားဆက်ဆံနေရသည့်လူသည် မည်သည့်အကြောင်းအရင်းနှင့်မှ သာမန်လူတစ်ဦး ဖြစ်စရာအကြောင်း မရှိပေ။
သေချာကြည့်ကြည့်လိုက်သည့်နောက်တွင် လူအချို့ ရန်ကိုင်အား မှတ်မိသွားကြလေသည်။ ရန်ကိုင်သည် ယခင်က ရေလကြယ်ဆီသို့ လာခဲ့ဖူးပေသည်။ ယခု နှစ်ပေါင်းများစွာ ကြာသွားသည့်တိုင် ရန်ကိုင်ကို ထိုလူများ မှတ်မိနေကြပေသေးသည်။ တကယ်တော့ ရန်ကိုင်သည် ရွှယ့်ယွယ်၏ယောက်ျားဖြစ်သလို ဟုန်းလော့ကုန်သွယ်ရေးအဖွဲ့အစည်း၏ သားမက်လည်းဖြစ်ကာ အရိပ်ကြယ်၏ ကြယ်သခင်လည်း ဖြစ်သည်မဟုတ်ပေလော။ သို့တိုင် ရန်ကိုင်ကဲ့သို့သောလူမျိုးသည် ဤကဲ့သို့သော အားကောင်းလှသည့် လူများနှင့် အသိအကျွမ်းဖြစ်နေသည့်အပေါ် ထိုလူများ အမှန်တကယ်ကို အံ့အားသင့်မိသွားရလေသည်။ ယခု ထိုလူများ၏ ဆက်ဆံပုံကိုကြည့်ရသလောက် ထိုလူများသည် ရန်ကိုင်အပေါ် အတော်လေးကိုမှ လေးစားနေသည့်ပုံပင်။
ရုတ်တရက်ဆိုသလို လီကျောက်ပြောခဲ့သည့်စကားတစ်ခွန်းကို ထိုလူများ ပြန်သတိရသွားခဲ့သည်။ လီကျောက်မှ သူ ဤကြယ်ကြီးကို ပြန်လည်ကယ်တင်ပေးနေရခြင်းမှာ တစ်စုံတစ်ဦးမှ တောင်းဆိုသည့်အတွက်ကြောင့် ဖြစ်သည်ဟု ပြောခဲ့ဖူးလေသည်။ လက်ရှိအခြေအနေကိုကြည့်ရသလောက် လီကျောက်အား ဤကြယ်ကို ပြန်လည်ကယ်ဆယ်ပေးရန် တောင်းဆိုသည့်လူမှာ ရန်ကိုင်သာ ဖြစ်သည့်ပုံပင်။
“ရောင်းရင်းရန်… ငါ ဒီကြယ်ကြီးကို မင်းပြောတဲ့အတိုင်း ပြန်ပြီးတော့ ကယ်ပြီးသွားပြီ… ဟိုကြွက်စုတ်လေးတွေကိုလည်း ရှင်းပစ်ပြီးသွားပြီ…”
ရန်ကိုင်က ပြုံး၍ “ကျေးဇူးအများကြီးတင်ပါတယ် ရောင်းရင်းလီရေ… အခု ရောင်းရင်းလီကို ထပ်ပြီးတော့ အကူအညီတောင်းဖို့လာခဲ့တာ…”
လီကျောက်က ရယ်မော၍ “ပြောသာပြောလိုက် ရောင်းရင်းရန်… ဘာမှ ယဉ်ကျေးနေစရာမလိုဘူး…”
ရန်ကိုင်က သူ့လက်ကိုပွတ်ရင်းမှ မေးလိုက်လေ၏။ “ငါ့ကို ငွေနည်းနည်းလောက် ချေးပါလား…”
“ဟမ်…” လီကျောက် ကြောင်သွားလေသည်။
“အရင်းအမြစ်ကျောက်တွေကို ပြောတာ… မင်းမှာရှိသလောက်ချေးကွာ… ကြယ်တာရာအစုအဝေးကိုရောက်ရင် ငါ ပြန်ပေးမယ်…”
ယခုမှသာလျှင် သူနားကြားမှားသွားခြင်းမဟုတ်မှန်း လီကျောက် သေချာသွားတော့လေသည်။ ရယ်ချင်စိတ်ကိုအောင့်အည်းရင်းမှ လီကျောက်သည် သိုလှောင်လက်စွပ်ကို အလျင်စလိုချွတ်၍ သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းအချို့ကို လှန်လှောကြည့်လိုက်ပြီးသည့်နောက် ထိုထဲမှ အရင်းအမြစ်ကျောက်များကို ထုတ်ယူကာ အခြားသော သိုလှောင်လက်စွပ်တစ်ကွင်းထဲသို့ ထည့်လိုက်လေသည်။ ထို့နောက် အရင်းအမြစ်ကျောက်များထည့်ထားသော သိုလှောင်လက်စွပ်ကို ရန်ကိုင်ဆီသို့ ပေး၍ ပြောလိုက်လေ၏။ “ငါ့မှာ ဒီလောက်ပဲရှိတယ်…”
လီကျောက်သည် မီးနဂါးနန်းတော်၏ နန်းတော်သခင်ပင် ဖြစ်လင့်ကစား သူနှင့်အတူ အရင်းအမြစ်ကျောက်များစွာ ယူမလာနိုင်ခဲ့ပေ။ မီးနဂါးနန်းတော် ဆက်လက်လည်ပတ်နေဖို့ရာ အရင်းအမြစ်ကျောက်များ လိုအပ်ပေသည်။ တပည့်များမှာလည်း ကျင့်ကြံရာတွင် အရင်းအမြစ်ကျောက်ကို လိုအပ်ပေသည်။ အရင်းအမြစ်ကျောက်များသာ မရှိပါက မီးနဂါးနန်းတော် သူ့အလိုလို လည်ပတ်နိုင်တော့လိမ့်မည်မဟုတ်ပေ။ ထို့အပြင် မီးနဂါးနန်းတော်သည် ထက်ကောင်းကင်နန်းတော်အား အကြွေးအများကြီး တင်ထားပေသေးသည်။ ထိုအကြောင်းကြောင့် နန်းတော်ထဲရှိ အရင်းအမြစ်ကျောက်အများစုကို အကြွေးပေးရန်သာ အသုံးပြုနေရလေသည်။
ထိုအကြောင်းကြောင့်ပင်လျှင် လက်ရှိအချိန်၌ လီကျောက်တွင် အရင်းအမြစ်ကျောက် သောင်းဂဏန်းခန့်သာ ရှိတော့လေသည်။ အလယ်အလတ်အဆင့်အရင်းအမြစ်ကျောက် အချို့နှင့် အဆင့်နိမ့်အရင်းအမြစ်ကျောက်နည်းနည်းလောက်သာ ဖြစ်ပေသည်။
“ငါ့မှာလည်း နည်းနည်းရှိတယ်…” လျူစန်းနျန်သည်လည်း ရန်ကိုင်ဆီသို့လျှောက်လာပြီး သူမတွင်ရှိနေသော အရင်းအမြစ်ကျောက်များကို ထုတ်ပေးလိုက်လေသည်။ ရန်ကိုင်သည် ရသမျှအရင်းအမြစ်ကျောက်အားလုံးကို လက်ခံယူထားလိုက်သည်။ အရင်းအမြစ်ကျောက်များနှင့် ပတ်သက်လာလျှင်တော့ ရွမ်ပိတင်နှင့် ဟဲယွင်ရှန်းတို့မှာ ဘာမှမတတ်နိုင်ကြပေ။
ရန်ကိုင်သည် ကြယ်တာရာအစုအဝေးထဲ နှစ်အတန်ကြာအောင် ရှိနေခဲ့သည့်အတွက်ကြောင့် သူ့တွင်ရှိနေသည့် အရင်းအမြစ်ကျောက်ပမာဏမှာ မရေမတွက်နိုင်အောင်ကို များပြားလွန်းလှပေသည်။ ကံမကောင်းစွာဖြင့် ထိုအရင်းအမြစ်ကျောက်အားလုံးနီးပါးကို ထက်ကောင်းကင်နန်းတော်တွင်သာ ချန်ထားရစ်ခဲ့သည့်အတွက်ကြောင့် လက်ရှိ သူ့တွင် အရင်းအမြစ်ကျောက်များများစားစား ရှိမနေခဲ့ပေ။ ရန်ကိုင်စဉ်းစားမိထားသည့်အစီအစဉ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် အရင်းအမြစ်ကျောက်များစွာ လိုအပ်ပေသည်။ အရင်းအမြစ်ကျောက်ပိုများလျှင် ပိုကောင်းလေပင်။ ထိုအကြောင်းကြောင့် ရန်ကိုင်သည် ရသမျှအရင်းအမြစ်ကျောက်အားလုံးကို လက်ခံယူထားလိုက်လေသည်။
“ရောင်းရင်းလီ… ငါ မင်းကို တစ်ခုလောက်မေးချင်လို့… မင်း အစီအရင်တွေအကြောင်း ဘယ်လောက်သိလဲ…” ရန်ကိုင်သည် အရင်းအမြစ်ကျောက်များကို သိမ်းပြီးသည့်နောက် မေးလိုက်လေသည်။
လီကျောက်က ပြန်ပြောလိုက်လေသည်။ “အမ်း… ငါက အစီအရင်ပညာရှင်တစ်ယောက် မဟုတ်ပေမယ့် နည်းနည်းပါးပါးတော့ သိတယ်…”
“အဲ့ဒါဆို ငါနဲ့လိုက်ခဲ့…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် လီကျောက်ကိုဆွဲ၍ အပြင်သို့ ထွက်သွားလေသည်။
လီကျောက်မှာ ဆွံ့အနေခဲ့သည်။ ရန်ကိုင် ဘာကြောင့် ဤမျှ အလျင်လိုနေသလဲဆိုသည်ကို မသိရပါသော်ငြား ဘာမှတော့ သွားမမေးခဲ့။ လျူစန်းနျန်အား ဤနေရာတွင် စောင့်နေရန် ပြောပြီးသည့်နောက် ရန်ကိုင်နှင့်အတူ ဘုံကိုးခုထွဋ်မြတ်နယ်မြေဆီသို့ ဟင်းလင်းပြင်အစီအရင်မှတစ်ဆင့် ထွက်လာခဲ့လိုက်လေသည်။
“လာခဲ့…” ရန်ကိုင်သည် လေပေါ်သို့ ပျံတက်သွားလိုက်သည်။ လီကျောက်သည်လည်း ရန်ကိုင်နည်းတူ လေပေါ်သို့ ပျံတက်သွားလေ၏။ မကြာမီ ရန်ကိုင်တို့နှစ်ဦးစလုံး မြေပြင်မှ မီတာထောင်ပေါင်းများစွာကွာဝေးသည့် အမြင့်တစ်နေရာဆီသို့ ရောက်လာခဲ့သည်။ ထိုနေရာသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် အောက်ဘက်ကိုညွှန်ပြ၍ ပြောလိုက်လေသည်။ “ရောင်းရင်းလီ… တစ်ချက်ကြည့်ကြည့်လိုက်…”
လီကျောက်လည်း အောက်သို့ ငုံ့ကြည့်လိုက်ပြီးသည့်နောက် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ ထုန်းရွှမ်လောကကြီးတစ်ခုလုံးမှာ အားနည်းသည့်အရှိန်အဝါများဖြင့် လွှမ်းခြုံနေခဲ့သည်။ ထို့အပြင် ထုန်းရွှမ်လောကကြီး၏မျက်နှာပြင်ထက် အဆိပ်ခတ်ခံထားရသည့် အရိပ်အယောင်တို့လည်း ရှိနေခဲ့သည်။
“ရောင်းရင်းရန်… မင်း ငါ့ကို ဘာလုပ်စေချင်နေတာလဲ…” ရန်ကိုင် ဘာကြံနေသလဲဆိုသည်ကို လီကျောက် အကြမ်းဖျင်းတော့ နားလည်သွားခဲ့လေသည်။
ရန်ကိုင်ကမေးလိုက်လေ၏။ “ဒီကျင့်ကြံရေးကြယ်နဲ့ မိုးမြေစွမ်းအင်နဲ့ အသက်ဓာတ်ကို မြန်မြန်ပြန်ပြည့်လာအောင် လုပ်ပေးနိုင်တဲ့အစီအရင်မျိုး မင်းသိလား…”
လီကျောက်က ခဏမျှစဉ်းစားနေပြီးသည့်နောက် ပြန်၍ ပြောလိုက်သည်။ “ကောင်းကင်ခတ်နှိပ်ခြင်းအစီအရင်ဆိုတဲ့ အစီအရင်တစ်မျိုးကိုတော့ ငါသိတယ်… အဲ့ဒါနဲ့ဆိုရင်တော့ ဒီကျင့်ကြံရေးကြယ်ရဲ့ အသက်ဓာတ်နဲ့ မိုးမြေစွမ်းအင်ကို မြန်မြန်ပြည့်လာအောင် ကူညီပေးနိုင်လိမ့်မယ်…”
ရန်ကိုင်က မျက်ခုံးပင့်လျက် ပြန်ပြောလိုက်သည်။ “အဲ့ဒါဆိုရင် ငါ့ကို အဲ့အစီအရင် ကူပြီးတော့ ခင်းကျင်းပေးပါလား…”
လီကျောက်က ရှင်းပြလိုက်လေ၏။ “ကောင်းကင်ခတ်နှိပ်ခြင်းအစီအရင်ကို အမျိုးအစား အမျိုးမျိုးခွဲထားတယ်… ဆယ့်ရှစ်မျိုးကောင်းကင်ခတ်နှိပ်ခြင်းအစီအရင်၊ သုံးဆယ့်ခြောက်မျိုးကောင်းကင်ခတ်နှိပ်ခြင်းအစီအရင်၊ ခုနှစ်ဆယ့်နှစ်မျိုးကောင်းကင်ခတ်နှိပ်ခြင်းအစီအရင်နဲ့ အမြင့်ဆုံး တစ်ရာ့ရှစ်မျိုးကောင်းကင်ခတ်နှိပ်ခြင်းအစီအရင်ဆိုပြီးတော့ စုစုပေါင်း လေးမျိုးရှိတယ်… တစ်မျိုးချင်းစီတိုင်းကလည်း ခင်းကျင်းဖို့လိုအပ်တဲ့ ပစ္စည်းအမယ်တွေ မတူဘူး… ပြီးတော့ အမျိုးအရေအတွက်များလာတာနဲ့အမျှ ခင်းကျင်းရတာလည်း ပိုပြီးခက်ခဲလာတယ်… ဒါပေမယ့် ပိုပြီးအဆင့်မြင့်တဲ့ဟာက ပိုပြီးတော့ အကျိုးအာနိသင်ကောင်းတာပေါ့… ကြယ်တာရာအစုအဝေးမှာသာဆိုရင်တော့ တစ်ရာ့ရှစ်မျိုးကောင်းကင်ခတ်နှိပ်ခြင်းအစီအရင်ကို ငါ အလွယ်တကူ ခင်းကျင်းပေးလိုက်လို့ရတယ်… ဒါပေမယ့် ဒီမှာက…”
“ငါကူညီပေးမယ်…”
လီကျောက်က ရယ်မောလျက် “ရောင်းရင်းရန်… မင်းလည်းသိတာပဲ… ဒီအဆင့်နိမ့်ကြယ်စီရင်စုတွေက နိယာမစွမ်းအားကို ကျော်လွန်နေတဲ့စွမ်းအားမျိုးကို လက်ခံတာမဟုတ်ဘူး… မင်းလိုမျိုး လွတ်လွတ်လပ်လပ်လှုပ်ရှားရဖို့ အခု ငါ့ကျင့်ကြံခြင်းကို ဖိနှိပ်ထားရတာ… အစီအရင်တွေလည်း အတူတူပဲ… ငါခင်းကျင်းမယ့် ကောင်းကင်ခတ်နှိပ်ခြင်းအစီအရင်က ဒီကြယ်စီရင်စုကြီးရဲ့ လောကနိယာမအကန့်အသတ်ကို ကျော်လွန်နေတယ်… ဒီတော့ အဲ့လိုအစီအရင်မျိုး သွားခင်းကျင်းရင် ဒီကြယ်စီရင်စုကြီးက လက်ခံလောက်မှာမဟုတ်ဘူး…”
“ကြယ်သခင်ရဲ့အကူအညီ ရှိမယ်ဆိုရင်တော့…”
“ဒီကြယ်မှာ ကြယ်သခင်ရှိနေတာလား…” လီကျောက် အံ့အားသင့်တကြီးအမူအယာဖြင့် မေးလိုက်သည်။ ဤကြယ်ကြီး၏အခြေအနေကို ကြည့်ရသလောက် ဤကြယ်တွင် ကြယ်သခင်သာ ရှိမည်ဆိုလျှင် ထိုကြယ်သခင်မှာ သေနှင့်နေလောက်ပေပြီ။ သို့သော်ငြား ကြယ်သခင်ရှိကြောင်း သိလိုက်ပြီးသည့်နောက် လီကျောက် တစ်ခုခုအား ချက်ချင်းစဉ်းစားမိသွားခဲ့သည်။ ရန်ကိုင်အနေဖြင့် ဤကြယ်၏ မိုးမြေစွမ်းအင်နှင့် အသက်ဓာတ်ကို ပြန်လည်ဖြည့်တင်းပေးလိုရခြင်းမှာ ဤကျင့်ကြံရေးကြယ်ကြီးကို ပိုမိုကောင်းမွန်လာအောင် လုပ်ချင်သည့်အတွက်ကြောင့်မဟုတ်။ ကြယ်သခင်ကို ကယ်ဆယ်လိုသည့်အတွက်ကြောင့်သာ ဖြစ်ရပေလိမ့်မည်။
အခြေအနေကိုနားလည်လိုက်သော် လီကျောက်က ခေါင်းညိတ်လိုက်လေသည်။ “ကြယ်သခင်ရဲ့အကူအညီသာ ရမယ်ဆိုရင်တော့ မျှော်လင့်ချက်နည်းနည်းပါးပါးတော့ ရှိတယ်…”
ကြယ်သခင်သည် ဤနေရာ၏ အုပ်ချုပ်သူဖြစ်ပေသည်။ ထို့အတွက်ကြောင့် ကောင်းကင်ခတ်နှိပ်ခြင်းအစီအရင်ကို ကြယ်စီရင်စုကြီးမှ လက်မခံလျှင်ပင် ကြယ်သခင်သည် ကြားဖြတ်ဝင်ရောက်ဟန့်တားကာ ကူညီပေးနိုင်ပေသည်။
“ငါ ဘယ်လိုကောင်းကင်ခတ်နှိပ်ခြင်းအစီအရင်မျိုး ခင်းကျင်းပေးရမလဲ ရောင်းရင်းရန်…”
“အကောင်းဆုံးကိုပဲ ခင်းကျင်းပေါ့…”
လီကျောက်က တုံ့ဆိုင်းနေသည့်အမူအယာဖြင့် ပြန်၍သတိပေးလိုက်လေသည်။ “လိုအပ်တဲ့ပစ္စည်းတွေက တော်တော်များမှာနော်…”
မီးနဂါးနန်းတော်အတွက်ပင်လျှင် တစ်ရာ့ရှစ်မျိုးကောင်းကင်ခတ်နှိပ်ခြင်းအစီအရင်ကို ခင်းကျင်းဖို့ရာ မလွယ်လှပေ။
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ကိစ္စမရှိဘူး…”
ပြောနေရင်းမှ ရန်ကိုင်သည် သူ့လက်ညှိုးပေါ်ရှိ သိုလှောင်လက်စွပ်ကို လီကျောက်ဆီသို့ ချွတ်ပေးလိုက်လေသည်။
လီကျောက်လည်း ကောင်းကင်စိတ်အာရုံဖြင့် သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများကို စစ်ဆေးကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ခေါင်းပင် မူးချင်သလို ဖြစ်သွားခဲ့ရသည်။ သိုလှောင်လက်စွပ်ထဲ အရင်းအမြစ်ကျောက်များ တောင်နှယ် ပုံထပ်နေခဲ့လေသည်။ အရင်းအမြစ်ကျောက် မည်မျှရှိနေသလဲဆိုသည်ကို ရေဖို့ရာပင် မဖြစ်နိုင်။ အရင်းအမြစ်ကျောက်များသာလျှင်မဟုတ် အခြားသောအဖိုးတန်သည့် အမျိုးမျိုးသောပစ္စည်းများလည်း ရှိနေပေသေးသည်။ မီးနဂါးနန်းတော်၏ နန်းတော်သခင်ဖြစ်သည့် လီကျောက်သည်ပင်လျှင် ထိုပစ္စည်းများကိုကြည့်ရင်း ရန်ကိုင်အား မနာလိုအားကျ လာမိတော့သည်။ ရှင်းရှင်းပြောရသော် ဤပစ္စည်းများနှင့်ယှဉ်လိုက်သော် ရန်ကိုင်အား သူချေးလိုက်သည့် အရင်းအမြစ်ကျောက်များမှာ ဘာမှမပြောပလောက်တော့ပေ။
မြောက်မြားလှစွာသော ကျင့်ကြံရေးအရင်းအမြစ်များကိုကြည့်ရင်း ထိတ်လန့်တုန်လှုပ်နေရာမှ လီကျောက်မှာ ထပ်မံ၍ အံ့အားသင့်သွားရပြန်လေသည်။ အကြောင်းမှာ ရန်ကိုင် ထက်ကောင်းကင်နန်းတော်ကို တည်ထောင်ထားသည်မှာ မကြာသေးမှန်း သိထားသည့်အတွက်ကြောင့်ပင်။ ထက်ကောင်းကင်နန်းတော်တွင် မည်သည့်ကိုယ်ပိုင်စီးပွားရေးမှ ရှိမနေခဲ့ပေ။ ထိုသို့ဖြစ်လေရာ ရန်ကိုင်သည် ဤမျှများပြားလှသော ကျင့်ကြံရေးအရင်းအမြစ်များကို အချိန်တိုအတွင်း မည်သည့်နေရာမှ ရလာခဲ့ရလေသနည်း။ ဤအရာအားလုံးကို သူ့ဘာသာသူ ရှာခဲ့ခြင်းပေလော။ ဤမျှများပြားလှသော ကျင့်ကြံရေးအရင်းအမြစ်များကို ရှာဖို့ရာဆိုလျှင် ရန်ကိုင်အနေဖြင့် အမျိုးမျိုးသောဂိုဏ်းများကို ဓါးပြတိုက်လုယူခဲ့မှသာ ရပေလိမ့်မည်။
ထိုအကြောင်းကို စဉ်းစားမိလိုက်သော် လီကျောက်၏နဖူးထက် ချွေးအေးများ ဝေ့သီလာပြီး သူ့ဘာသာသူ စိတ်ထဲမှနေ၍ တွေးလိုက်လေ၏။ (ငါ အရင်တုန်းက ရန်ကိုင်နဲ့ သွားပြဿနာမတက်မိလိုက်တာ ကံကောင်းသွားတယ်… မဟုတ်ရင် မီးနဂါးနန်းတော်လည်း ဒုက္ခကောင်းကောင်းရောက်ခဲ့မှာ…)
“ဒီလောက်ဆိုလုံလောက်လား…” ရန်ကိုင်က မေးလိုက်လေသည်။ “မလုံလောက်သေးလို့ရှိရင် အရင်းအမြစ်ကျောက်တွင်းတစ်တွင်း ထပ်ရှိသေးတယ်…”
“မလိုတော့ဘူး… ရပြီ…” လီကျောက်က ခေါင်းညိတ်လိုက်သည်။ (ဒီလောက်နဲ့တောင် မလုံလောက်သေးဘူးဆိုရင် အကြောင်းပြချက်ပေးတာ များသွားလိမ့်မယ်…)
“အဲ့ဒါဆိုလို့ရှိရင် ရောင်းရင်းလီကိုပဲ အားကိုးတော့မယ်နော်… တစ်ခုခုလိုရင်လည်း လှမ်းပြောဦးနော်…”
“အင်း… ကြယ်သခင်ကို ငါ သူ့အကူအညီလိုတယ်လို့ ပြောထားပေးပါဦး ရောင်းရင်းရန်…”
“ရတယ်… ပြောထားလိုက်မယ်…”
ထို့နောက်တွင် လီကျောက်သည် ကျောက်စိမ်းပြားတစ်ပြားကို ထုတ်၍ ထိုအထဲ၌ ကောင်းကင်ခတ်နှိပ်ခြင်းအစီအရင်နှင့် ပတ်သက်သော လိုရမယ်ရအကြောင်းအရာအားလုံးကို ကောင်းကင်စိတ်အာရုံဖြင့် ရေးပေးလိုက်လေသည်။ ထို့နောက် ကျောက်စိမ်းပြားကို ရန်ကိုင်ဆီသို့ ပေးလိုက်လေ၏။
ထို့နောက်တွင် ရန်ကိုင်သည် ဘုံကိုးခုထွဋ်မြတ်နယ်မြေဆီသို့ ပြန်လာပြီး ရှနင်းချန်အား ကောင်းကင်ခတ်နှိပ်ခြင်းအစီအရင်နှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းပြလိုက်သည်။ လီကျောက်မှာမူ ကောင်းကင်ခတ်နှိပ်ခြင်းအစီအရင်အား ခင်းကျင်းရန်အလို့ငှာ ထုန်းရွှမ်လောကကြီး၏ မြေနေရာအနေအထားပတ်ဝန်းကျင်ကို သေသေချာချာ လိုက်လံစစ်ဆေးကြည့်နေလေသည်။
ကောင်းကင်ခတ်နှိပ်ခြင်းအစီအရင်သည် နက်နဲရှုပ်ထွေးသည့် အစီအရင်တစ်မျိုးမဟုတ်ပေ။ သို့သော်ငြား အစီအရင်အမျိုးအစားမှာမူ များစွာရှိနေသည်။ ရှနင်းချန်၏အရည်အချင်းအရ ထိုအစီအရင်ကို နားလည်သွားဖို့ရာ သိပ်မခက်လှပေ။ ထို့အပြင် ရန်ကိုင်ကိုယ်တိုင်ကပါ ကူညီပေးနေသည့်အတွက်ကြောင့် ရက်အနည်းငယ်အတွင်းမှာပင် ထိုအစီအရင်အကြောင်းကို နားလည်သွားတော့လေ၏။
တစ်နေ့တွင် ရှနင်းချန်သည် တစ်ခုခုအား ခံစားမိလိုက်သည့်အလား ပြုံး၍ ပြောလိုက်လေသည်။ “အဲ့လူရောက်နေပြီ…” ထို့နောက် သူမလက်ကို အသာအယာ ဝှေ့ယမ်းလိုက်လေ၏။
လက်ရှိအချိန်တွင် လီကျောက်မှာ ဘုံကိုးခုထွဋ်မြတ်နယ်မြေအပြင်ဘက်တွင် လျှောက်သွားနေရင်းမှ အထဲသို့ မည်သို့ဝင်ရမလဲဆိုသည်ကို စဉ်းစားနေခဲ့လေသည်။
(ရန်ကိုင်ကိုပဲ လှမ်းခေါ်ပြီးတော့ လာကြိုခိုင်းလိုက်ရင်ကောင်းမလား…) မည်သို့လုပ်လျှင်ကောင်းမလဲ စဉ်းစားနေစဉ်မှာပင် သူ့ရှေ့ရှိ မြူခိုးထုကြီးမှာ ရုတ်တရက်ဆိုသလို နှစ်ပိုင်းကွဲထွက်သွားခဲ့ပြီး လီကျောက်လမ်းလျှောက်ဝင်လာဖို့ရာ အဆင်ပြေသည့် လမ်းကြောင်းလေးတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
ရန်ကိုင်သည် ခန်းမထဲတွင် ရပ်စောင့်နေခြင်း ဖြစ်လေသည်။ လီကျောက် ရောက်လာသည်ကိုမြင်သည့်အခါ အလျင်စလို သွားမေးလိုက်လေ၏။ “စစ်ဆေးကြည့်တာ ဘယ်လိုလဲ ရောင်းရင်းလီ…”
လီကျောက်က ပြန်ပြောလိုက်သည်။ “အချိန်တော်တော်ယူရမယ်ဆိုပေမယ့် ပြဿနာတော့မရှိလှဘူး…”
ရန်ကိုင်က ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။ “အဲ့ဒါဆိုရင် အဆင်ပြေပြီ…”
“အစီအရင်ကို ဘယ်မှာခင်းကျင်းရမလဲဆိုတာကို ငါ မင်းကို ပြောပြပေးမယ်… ဒါပေမယ့် အစီအရင်ကို မခင်းကျင်းခင် နည်းနည်း ကြိုပြီးတော့ ပြင်ဆင်စရာတွေရှိတယ်… အဲ့ကိစ္စကိုတော့ ရောင်းရင်းရန်… မင်းပဲ တာဝန်ယူထားလိုက်ပေတော့… အစီအရင်အောက်ခြေနဲ့ အလံတိုင်တွေကို တပ်ဆင်လို့ ပြီးသွားလို့ရှိရင် ငါတို့ ဒီအစီအရင်ကြီးကို စပြီးတော့ ခင်းကျင်းလို့ရပြီ…” လီကျောက်က ပြောလိုက်လေသည်။ ပြောရင်းနှင့်မှ ကျောက်စိမ်းပြားတစ်ပြားကိုထုတ်၍ ထိုကျောက်စိမ်းပြားကို သူ့လက်နှင့် ထိလိုက်လေသည်။
ချက်ချင်းဆိုသလို ကျောက်စိမ်းပြားမှ အလင်းရောင်များ ထွက်ပေါ်လာခဲ့ပြီး စက်လုံးပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့လေသည်။ လက်ရှိအချိန်တွင် ထိုစက်လုံးတစ်ခုလုံးနီးပါးကို အဝါရောင် သို့မဟုတ် အပြာရောင်များက လွှမ်းခြုံထားခဲ့လေသည်။ ထို့အပြင် ထိုအရောင်နှစ်ရောင်ခွဲဝေယူထားသည့် နေရာများမှာလည်း တူညီခြင်းမရှိကြ။ ရန်ကိုင်သည် ထိုပုံရိပ်ကို မြင်ပြီးသည့်နောက် ထိုအရာသည် ထုန်းရွှမ်လောကကြီးမှန်း ချက်ချင်း နားလည်သွားတော့လေသည်။ အဝါရောင်သည် ကုန်းမြေကို ကိုယ်စားပြုနေပြီး အပြာရောင်မှာမူ ရေထုကို ကိုယ်စားပြုနေပေသည်။
ကြည့်ရသလောက် လီကျောက်မှာ လွန်ခဲ့သည့်ရက်ပိုင်းအတွင်း အမှန်တကယ်ကို ကြိုးကြိုးစားစား လိုက်လံစစ်ဆေးကြည့်ခဲ့သည့်ပုံပင်။ ထုန်းရွှမ်လောကကြီးအား လိုက်လံစစ်ဆေးနေစဉ်အတောအတွင်း ထုန်းရွှမ်လောကကြီးတစ်ခုလုံးကိုပါ မြေပုံဆွဲသားခဲ့သည်။ လီကျောက်ဆွဲထားသည့်မြေပုံသည် ထုန်းရွှမ်လောကကြီးနှင့် တစ်ရာရာခိုင်နှုန်း တူညီပါသည်ဟု အာမခံချက် မပေးနိုင်ပါသော်ငြား အတော်လေးတော့ နီးစပ်မှုရှိပေသည်။ ထိုစက်လုံးကိုကြည့်နေရင်းမှ လီကျောက်က တစ်ခုသောနေရာဆီသို့ ညွှန်ပြ၍ ပြောလိုက်သည်။ “ရောင်းရင်းရန်… မင်း ဒီနေရာကိုတွေ့တယ်မလား… ဒါ ငါတို့ အခုရှိနေတဲ့နေရာပဲ…”
ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ ထိုနေရာသည် ထုန်းရွှမ်လောကကြီးပေါ်ရှိ ဘုံကိုးခုထွဋ်မြတ်နယ်မြေ ရှိနေသည့်နေရာ ဖြစ်ပေသည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၅၈)
ဘာသာပြန်သူ_တိမ်တိုက်
"ကြယ်တစ်ခုလုံးမှာ ဒီနေရာက မိုးမြေစွမ်းအင် အသိပ်သည်းဆုံးပဲ၊ နိယာမတွေကလည်း အကောင်းဆုံးပဲ၊ ဒီတော့ ဒီနေရာကို အစီအရင် အမြုတေအဖြစ် အသုံးချလို့ ရတယ်" လီကျောက်မှ သူ့လက်ကို ဝှေ့ယမ်းချလိုက်ရာ ဘုံကိုးခုအထွတ်အမြတ် နယ်မြေ ရှိနေသည့် နေရာတွင် အနီရောင် အစက်ကလေး တစ်စက် ပေါ်လာခဲ့လေသည်။
တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများသည် ထုန်းရွှမ်လောကကြီးအား နှစ်ပေါင်းများစွာ ကြာအောင် လုပ်ချင်သလို လုပ်သွားခဲ့ကြသည်။ ထို့ကြောင့် လက်ရှိအချိန်တွင် အကောင်းအတိုင်း ရှိနေသေးသည့် နေရာဆို၍ ဘုံကိုးခုအထွတ်အမြတ်နယ်မြေသာ ရှိတော့သည်။ ဤနေရာတစ်ခုလုံးကို ရှနင်းချန်မှ ကာကွယ် စောင့်ကြပ်ပေးထားသည့်အတွက်ကြောင့် ဤနေရာသည် အစီအရင် အမြုတေကို ထားရှိရန် အသင့်တော်ဆုံး နေရာတစ်ခု ဖြစ်ပေသည်။
ရန်ကိုင်က ခေါင်းညိတ်ပြလိုက်၏။
ထို့နောက်တွင် လီကျောက်က သူ့လက်အား နောက်တစ်ကြိမ် ထပ်မံ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို ထုန်းရွှမ်လောကကြီးပေါ်၌ အနက်ရောင် အစက် ရှစ်စက် ပေါ်လာခဲ့လေသည်။ ထိုအနက်ရောင် အစက် ရှစ်စက်သည် ယခင်က ချုပ်နှောင်ခြင်းရှစ်သွယ် အစီအရင်ရှစ်ခု ရှိနေခဲ့သည့် နေရာသာ ဖြစ်လေသည်။ လီကျောက်က ဆက်၍ ပြောလိုက်၏။ "အဲဒီ ရှစ်နေရာမှာတော့ အဆိပ်တွေ အများဆုံးပဲ၊ ငါထင်တာ မှန်မယ်ဆိုရင် တစ်ယောက်ယောက်က အဲဒီ နေရာရှစ်ခုမှာ အစီအရင်တွေ ခင်းကျင်းသွားတယ် မဟုတ်လား၊ ဒီတော့ ဒီကြယ်ကြီးရဲ့ မိုးမြေစွမ်းအင်ကို ပြန်ကောင်းလာအောင် လုပ်ချင်တယ်ဆိုရင် အရင်ဆုံး အဲဒီ အစက်ရှစ်စက်ကို ရှင်းပစ်မှ ရလိမ့်မယ်"
"ရောင်းရင်းလီ ပြောတာ ယုတ္တိရှိတယ်"
လီကျောက်မှ သူ့လက်အား နောက်တစ်ကြိမ် ထပ်မံ ဝှေ့ယမ်းလိုက်ရာ အနီရောင် အစက်ပေါင်းများစွာ ထွက်ပေါ်လာခဲ့လေသည်။ "လွန်ခဲ့တဲ့ ရက်တုန်းက ဒီနေရာကြီး တစ်ခုလုံးကို ငါ လိုက်စစ်ဆေးကြည့်ထားတယ်၊ အခု အစီအရင်ခွဲလေးတွေကို ခင်းကျင်းဖို့ နေရာ တစ်ရာ့ရှစ်ခုကို ငါ ရွေးထားတယ်၊ အစီအရင် အမြုတေနဲ့ အနက်ရောင် ရှစ်စက် နေရာကလွဲပြီးတော့ နောက်ထပ် သွားရမယ့်နေရာ ကိုးဆယ့်ကိုးနေရာ ရှိသေးတယ်၊ ရောင်းရင်းရန် လုပ်ပေးဖို့လိုတာက အဲဒီ နေရာမှာ အရင်းအမြစ်ကျောက်တွေကို သွားပြီးတော့ မြှုပ်ထားပေးဖို့ပဲ၊ ဒီလိုနဲ့ အစီအရင် စလာပြီဆိုရင် အဲဒီ အရင်းအမြစ်ကျောက်တွေက မိုးမြေစွမ်းအင်အဖြစ် ပြောင်းလဲသွားပြီးတော့ ဒီကြယ်ကြီးကို အားဖြည့်ပေးလိမ့်မယ်"
"ကောင်းတယ်" ရန်ကိုင်က လက်ခုပ်တီးလိုက်သည်။ ရန်ကိုင် ကိုယ်တိုင်သည်လည်း တစ်ရာ့ရှစ်မျိုး ကောင်းကင်ခတ်နှိပ်ခြင်း အစီအရင်ကို ရှနင်းချန်နှင့် အတူ လေ့လာထားသည့်အတွက်ကြောင့် အစီအရင် မည်ကဲ့သို့ အလုပ်လုပ်သလဲ၊ အစီအရင်အား မည်ကဲ့သို့ ခင်းကျင်းရမလဲ ဆိုသည်ကို အကြမ်းဖျင်း နားလည်နေခဲ့လေပြီ။
ရှနင်းချန် အနေဖြင့် ပြန်လည် သက်သာလိုပါက ထုန်းရွှမ်လောကကြီးအား ပြန်လည် ကောင်းမွန်အောင် လုပ်ပေးရပေလိမ့်မည်။ ထိုသို့သာ မဟုတ်ပါက ရန်ကိုင် အရိပ်ကြယ်အား လုပ်ခဲ့သည့် ပုံစံအတိုင်းလည်း လုပ်၍ ရပေသည်။ သူမသည်သာ သူမ၏ ခန္ဓာကိုယ်ကို ကြားခံအဖြစ် အသုံးချ၍ ကြယ်တာရာ ကောင်းကင်ထဲရှိ စွမ်းအင်များကို ထုန်းရွှမ်လောကကြီးထဲသို့ ကူးပြောင်းပေးနိုင်မည်ဆိုလျှင် ကောင်းကင်ခတ်နှိပ်ခြင်း အစီအရင်ကိုပင် ခင်းကျင်းစရာ လိုတော့လိမ့်မည် မဟုတ်ပေ။
ကံမကောင်းစွာဖြင့် ရှနင်းချန်၏ ကျင့်ကြံခြင်းမှာ ထိုကဲ့သို့ လုပ်ဖို့ရာ လုံလောက်နေခြင်း မရှိ။ ရန်ကိုင် လုပ်သွားခဲ့သည့် အရာသည် ရှနင်းချန် လုံးဝ လက်လှမ်းမမီသည့် အဆင့်တွင် ရှိနေပေသည်။ ရန်ကိုင် အနေဖြင့် ထိုကဲ့သို့ လုပ်နိုင်ရခြင်းမှာ ရန်ကိုင်၏ ကျင့်ကြံခြင်းသည် အရိပ်ကြယ်၏ အကန့်အသတ်ထက် အဆများစွာ ကျော်လွန်နေသည့်အတွက်ကြောင့်ပင်။
"ရောင်းရင်းရန်၊ မင်း ပြောစရာ ရှိသေးလား၊ မရှိရင် ငါ အလုပ်စတော့မယ်"
"မရှိတော့ဘူး ရောင်းရင်းလီ"
လီကျောက်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် တစ်ချက်ထပ်၍ ပြောလိုက်လေ၏။ "ရောင်းရင်းရန်၊ ငါ မင်းဆီကနေ နောက်ထပ် တစ်ခု အကူအညီ တောင်းစရာ ရှိသေးတယ်၊ လျို့ယန်ကို ငါ့ကို ခဏလောက် ငှားပေးလို့ ရမလား"
ရန်ကိုင်က ပြုံးဖြီးလျက်... "ရတယ်လေ၊ ကိစ္စမရှိဘူး၊ တစ်ခုခုလိုရင် သူ့ကိုသာ သွားပြောလိုက်"
လီကျောက်သည် အစီအရင်ကို ခင်းကျင်းရန်အတွက် အမျိုးမျိုးသော ပစ္စည်းများကို သန့်စင်ရန် လိုအပ်ပေသည်။ ထိုပစ္စည်းများကို သန့်စင်ရာတွင် လျို့ယန်သည် သူ့အား ကြီးကြီးမားမား အကူအညီ ပေးနိုင်ပေသည်။ လျို့ယန် ကိုယ်တိုင်သည်လည်း လုပ်စရာ အလုပ်ရှိသွားပြီ ဖြစ်သည့်အတွက်ကြောင့် ပျင်းရိနေစရာ မလိုတော့ပေ။
ရန်ကိုင်နှင့် လီကျောက်သည် လိုအပ်သည့် ပစ္စည်းများကို အမျိုးအစား ခွဲခြားလိုက်လေသည်။ ရန်ကိုင်ကမူ အရင်းအမြစ်ကျောက်များကို ယူပြီး ကျန်ပစ္စည်းများကိုမူ လီကျောက်ကို ပေးလိုက်သည်။ ထိုပစ္စည်းများသည် အစီအရင် အမြုတေကို သန့်စင်ရန်အတွက် လိုအပ်သည့် ပစ္စည်းများ ဖြစ်ကြသည်။
ထို့နောက်တွင် ရန်ကိုင်သည် ချက်ချင်းပင် လှည့်ထွက်လာခဲ့ပြီး ဘုံကိုးခုအထွတ်အမြတ် နယ်မြေထဲရှိ သင့်တော်သည့် နေရာတစ်ခုဆီသို့ ထွက်သွားလေသည်။ ထိုနေရာသို့ ရောက်သော် မြေပြင်ကို ခြေထောက်ဖြင့် အနည်းငယ် ဆောင့်ကြည့်၍ ခေါင်းမော့ကာ ပြုံး၍ ပြောလိုက်လေ၏။ "စီနီယာ မမလေး၊ ငါ့ကို တစ်ချက်လောက် ကူညီပေးပါဦး"
ရန်ကိုင်မှ ထိုကဲ့သို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရန်ကိုင် ခြေထောက်အောက်ရှိ မြေပြင်သည် ရုတ်တရက်ဆိုသလို ကျွံကျသွားခဲ့လေသည်။ ရန်ကိုင်သည်လည်း မြေကြီးထဲသို့ အဆီးအတားမရှိ ထိုးဆင်းသွားခဲ့လေ၏။ အောက်သို့ ကျဆင်းနေစဉ် အတောအတွင်း ရန်ကိုင်သည် သူ ရောက်နေသည့် မြေအနက်ကို သေသေချာချာ မှတ်သားထားခဲ့လေသည်။ အချိန်တစ်ခုအထိ ကြာပြီးသည့်နောက် အောက်သို့ ဆင်းနေခြင်းကို ရပ်လိုက်လေ၏။ လက်ရှိအချိန်တွင် ရန်ကိုင်သည် မြေပြင်ပေါ်မှ မိုင်ပေါင်း ရာနှင့်ချီသည့် အနက်သို့ ရောက်နေခဲ့လေပြီ။
ထို့နောက်တွင် ရန်ကိုင်သည် သူနှင့်အတူ သယ်လာသော အရင်းအမြစ်ကျောက်များစွာကို မြေအောက်ထဲ ဖြန့်ကြဲချလိုက်လေသည်။ ဤနေရာသည် ကောင်းကင်ခတ်နှိပ်ခြင်း အစီအရင် အမြုတေ တည်ရှိနေမည့် နေရာဖြစ်သည့်အတွက်ကြောင့် အရင်းအမြစ်ကျောက်များစွာကို လိုအပ်ပေ၏။
သေသေချာချာ မရေကြည့်ထားပါသော်ငြား သူ ဖြန့်ကြဲလိုက်သည့် အဆင့်မြင့် အရင်းအမြစ်ကျောက် အရေအတွက်မှာ အနည်းဆုံး သန်းနှင့်ချီပေသည်။ သန်းနှင့်ချီသော အဆင့်မြင့် အရင်းအမြစ်ကျောက်များသည် ကြယ်တာရာ အစုအဝေးထဲတွင်ပင် အလွန်တရာကိုမှ များပြားလှသည့် ပမာဏတစ်ရပ် ဖြစ်ကာ အဆင့်နိမ့်ကြယ်စီရင်စုထဲတွင်ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။ ဤအဆင့်နိမ့်ကြယ်စီရင်စုထဲတွင် ရှိသော ထိပ်တန်းအဆင့် သူတော်စင် သလင်းကျောက်များသည်ပင်လျှင် အဆင့်နိမ့် အရင်းအမြစ်ကျောက်များကို မမီပေ။
ထိုအရင်းအမြစ်ကျောက်များထဲတွင် ရှိနေသော မိုးမြေစွမ်းအင် အားလုံးကိုသာ ထုန်းရွှမ်လောကကြီးထဲသို့ ကူးပြောင်းပေးလိုက်မည်ဆိုပါက ဘုံကိုးခုအထွတ်အမြတ် နယ်မြေသည် ကြယ်တာရာ အစုအဝေးထဲရှိ ထိပ်တန်း ကျင့်ကြံရေးနေရာများနှင့်ပင် ယှဉ်နိုင်သော နေရာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
ထိုနေရာ၌ အရင်းအမြစ်ကျောက်များကို ဖြန့်ကြဲထားခဲ့ပြီးသည့်နောက်တွင် ရန်ကိုင်သည် အခြားသော နေရာတစ်ခုဆီသို့ ဦးတည် ထွက်သွားလေသည်။
တသ်ဆယ့်ငါးမိနစ်ခန့် ကြာပြီးသည့်နောက် ရန်ကိုင်သည် သူလက်ထဲရှိ ကျောက်စိမ်းပြားကို ကြည့်ရင်း နေရာတစ်ခုတွင် ရပ်လိုက်သည်။ ဤနေရာမှာ မြို့တစ်ခု၏ အစွန်းအဖျားနေရာဖြစ်ပေသည်။ ယခင်က ဤမြို့သည် လူပေါင်းများစွာဖြင့် သက်ဝင်စည်ကားခဲ့လိမ့်မည် ဖြစ်ပါသော်ငြား ယခုအချိန်တွင်တော့ ခြောက်ကပ်နေခဲ့လေ၏။
ရန်ကိုင်သည် ယခင်တစ်ကြိမ်က ကဲ့သို့ပင် ရှနင်းချန်ကို လှမ်း၍ အကူအညီ တောင်းလိုက်သည်။ ချက်ချင်းဆိုသလို ရန်ကိုင် ခြေထောက်အောက်ရှိ မြေပြင်မှာ ကျွံဝင်သွားခဲ့ကာ ရန်ကိုင်လည်း မြေကြီးထဲသို့ လျှောကျသွားခဲ့လေ၏။
ယခင်အတိုင်း အရင်းအမြစ်ကျောက်များကို ဖြန့်ကြဲပစ်ခဲ့ပြီးသည့်နောက်တွင် ရန်ကိုင်သည် အခြားနေရာတစ်ခုဆီသို့ ထပ်ထွက်လာခဲ့သည်။
လွန်ခဲ့သည့် ရက်များအတွင်း ရန်ကိုင်သည် ထုန်းရွှမ်လောကကြီးတစ်ဝိုက် လျှောက်သွားရင်း ကောင်းကင်ခတ်နှိပ်ခြင်း အစီအရင်ကို ခင်းကျင်းရန်အတွက် လိုအပ်သော ကိစ္စအရပ်ရပ်ကို လိုက်လံ ပြင်ဆင်ခဲ့လေသည်။
ထုန်းရွှမ်လောကကြီးထဲ လျှောက်ပတ်သွားနေစဉ် အတောအတွင်းမူ ရန်ကိုင်သည် ရှနင်းချန်၏ အကူအညီကို မတောင်းခဲ့ပေ။ သူ့အား တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းပေးဖို့ရာ ရှနင်းချန် အနေဖြင့် အတော်လေးကိုမှ အားသုံးရသည်။ လက်ရှိအချိန်တွင် ရှနင်းချန်မှာ အပြည့်အဝ ပြန်လည် မသက်သာလာသေးသည့်အတွက်ကြောင့် ရန်ကိုင်မှာ ရှနင်းချန်အား ထပ်မံ၍ ပင်ပန်းအောင် မလုပ်လိုပေ။ ထိုအကြောင်းကြောင့်ပင်လျှင် မြေအောက်ထဲ၌ အရင်းအမြစ်ကျောက်များကို သွားထားရန် လိုသည့်အခါမှသာလျှင် ရန်ကိုင်သည် ရှနင်းချန်အား လှမ်း၍ အကူအညီ တောင်းတတ်ပေသည်။
ထုန်းရွှမ်လောကကြီးတစ်ဝိုက် အရင်းအမြစ်ကျောက်များကို လိုက်လံ မြှုပ်နှံရင်းမှ ရန်ကိုင်သည် သူနှင့် အတူပါလာသော အရင်းအမြစ်ကျောက် ကိုးဆယ်ရာခိုင်နှုန်းကျော်ကို သုံးဖြုန်းပစ်ခဲ့သည်။ ယခုကိစ္စသည် ရှနင်းချန်၏ အနာဂတ်နှင့် ပတ်သက်နေသည့် ကိစ္စဖြစ်သည့်အတွက်ကြောင့် ရန်ကိုင်မှာ အနည်းငယ်မျှပင် မတွန့်တိုနိုင်ပေ။
ရက်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် နေရာ တစ်ရာ့ရှစ်ခုစလုံး၌ အရင်းအမြစ်ကျောက်များကို မြှုပ်နှံလို့ ပြီးသွားခဲ့လေပြီ။ ထို့နောက်တွင် ရန်ကိုင်သည် ရှနင်းချန်နှင့် ဆက်သွယ်လိုက်လေ၏။ မကြာမီ ရန်ကိုင် ခြေထောက်အောက်ရှိ မြေပြင် ကျွံဝင်သွားခဲ့ပြီး ရန်ကိုင်သည်လည်း မြေအောက်ထဲသို့ လျှောကျသွားခဲ့လေသည်။
တစ်ခဏကြာပြီးသည့်နောက် ရန်ကိုင်သည် ထုန်းရွှမ်လောကကြီး၏ အလယ်ဗဟိုဆီသို့ ရောက်လာခဲ့သည်။ ဤနေရာသည် ထုန်းရွှမ်လောကကြီး၏ အမြုတေ ရှိနေသည့် နေရာဖြစ်သလို ရှနင်းချန်မှ ကြယ်အမြုတေကို သန့်စင်ခဲ့သည့် နေရာလည်း ဖြစ်ပေသည်။
ချစ်ချစ်တောက် ပူလောင်သည့် ချော်ရည်တို့မှာ ရန်ကိုင် ဘေးပတ်ပတ်လည် အနှံ့ စီးဆင်းနေခဲ့လေသည်။ ဤနေရာသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် လောကဓာတ်လုံးထဲမှ အရင်းအမြစ်ကျောက်တွင်းကြီးကို ထုတ်၍ ချော်ရည်ထဲသို့ ပစ်ချပေးလိုက်လေသည်။
ရန်ကိုင်တွင် အရင်းအမြစ်ကျောက်တွင်းဆို၍ ဤတစ်တွင်းသာ ရှိပေသည်။ ဤအရာကို မေပယ်မြို့ အပြင်ဘက်တွင် လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်က ရရှိခဲ့ခြင်း ဖြစ်သည်။ ယခင်က ဤအရင်းအမြစ် ကျောက်တွင်းကို ကျောက်တုံးကိုယ်ပွားမှ ကျင့်ကြံရာတွင် အသုံးပြုခဲ့သည့်အတွက်ကြောင့် အရင်းအမြစ် ကျောက်တော်တော်များများမှာ ကုန်ဆုံးနေခဲ့လေပြီ။ သို့တိုင် လက်ကျန်ပမာဏမှာ အတော်လေးကိုမှ များပြားနေပေသေး၏။
ဤမျှ များပြားလှသော အရင်းအမြစ် ကျောက်များ၏ အကူအညီဖြင့်သာဆိုပါက ထုန်းရွှမ်လောကကြီး၏ အခြေအနေသည် ကောင်းကင်ခတ်နှိပ်ခြင်း အစီအရင်သာ အသက်ဝင်လာခဲ့လျှင် ချက်ချင်းဆိုသလို သိသိသာသာ ပြန်လည် ကောင်းမွန်လာပေလိမ့်မည်။ အပြည့်အဝ ပြန်ကောင်းဖို့ရာ အချိန်လိုသေးပါသော်ငြား ပြန်ကောင်းဖို့ရာ အချိန်မှာတော့ အနည်းဆုံး နှစ်ရာဂဏန်းခန့် လျော့ကျသွားနိုင်ပေသည်။ တစ်နည်းဆိုရသော် ရှနင်းချန် ပြန်သက်သာလာမည့် အချိန်သည် သိသိသာသာကို တိုတောင်းသွားပေလိမ့်မည်။
ထိုမျှသာလျှင် မဟုတ်သေး။ ကောင်းကင်ခတ်နှိပ်ခြင်း အစီအရင် အသက်ဝင်နေသေးသရွေ့ ထုန်းရွှမ်လောကကြီး၏ အခြေအနေမှာလည်း အဆက်မပြတ် တိုးတက်လာပေလိမ့်မည်။ မိုးမြေစွမ်းအင်မှာလည်း ပိုမိုသိပ်သည်းလာလိမ့်မည် ဖြစ်ကာ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဤကြယ်ကြီးသည် အရိပ်ကြယ် နေလကြယ်တို့နှင့် ယှဉ်နိုင်သည့် ကြယ်တစ်လုံးပင် ဖြစ်လာနိုင်ပေလိမ့်မည်။ ထိုသို့ ဖြစ်လာသည့်အခါတွင် ထုန်းရွှမ်လောကကြီးပေါ်ရှိ ကျင့်ကြံသူများ ရောက်ရှိနိုင်သည့် ကျင့်ကြံခြင်းအဆင့်မှာလည်း သူတော်စင်ဘုရင်အဆင့်၊ တန်ခိုးရှင်အဆင့်၊ တန်ခိုးရှင်ဘုရင်အဆင့် စသဖြင့် တဖြည်းဖြည်း မြင့်တက်လာပေလိမ့်မည်။
ထုန်းရွှမ်လောကကြီး ပိုမိုကောင်းမွန်လာလေ ရှနင်းချန်အတွက် ပို၍ အကျိုးရှိလေပင်။
ပျော်ရွှင်ဖွယ်ရာ အနာဂတ်အကြောင်းကို တွေးရင်း ရန်ကိုင်သည် ဘုံကိုးခုအထွတ်အမြတ် နယ်မြေဆီသို့ ပြန်လာခဲ့လေသည်။ ထိုအချိန်အတောအတွင်း လီကျောက်နှင့် လျို့ယန်မှာမူ အစီအရင်၏ အုတ်မြစ်ကို စတင် သန့်စင်နေခဲ့လေသည်။ လျို့ယန်၏ အကူအညီနှင့်ပင်လျှင် လီကျောက်မှာ အတော်လေးကိုမှ ပင်ပန်းနွမ်းနယ်နေခဲ့ရလေသည်။ အမျိုးမျိုးသော ဆေးလုံးများ၏ အကူအညီကြောင့်သာ မဟုတ်လျှင် လီကျောက် အစောကြီးကတည်းက ပြိုလဲသွားလောက်ပေပြီ။ ထိုအချင်းအရာကို မြင်သော ရန်ကိုင်လည်း ဝင်ကူညီပေးလေ၏။
နှစ်လဟူသော ကာလသည် တစ်ခဏလေးအတွင်း ကုန်ဆုံးသွားခဲ့သည်။ ယနေ့တွင် လီကျောက်သည် တိုင်လုံးများကို ရန်ကိုင်ဆီသို့ ပေးရင်းမှ ပင်ပန်းနွမ်းနယ်သည့် အမူအရာဖြင့် ပြောလိုက်လေ၏။ "ဒီမှာ မင်း တောင်းထားတဲ့ဟာ"
ကောင်းကင်ခတ်နှိပ်ခြင်း အစီအရင်အတွက် တိုင် တစ်ရာ့ရှစ်တိုင်ကို သွန်းလုပ်လို့ ပြီးသွားခဲ့လေပြီ။ ထိုတိုင်များကို သွန်းလုပ်ရာတွင် လီကျောက်မှာ အမှားများစွာ လုပ်ခဲ့ပါသော်ငြား ရန်ကိုင်တွင် အပိုပစ္စည်းများစွာ ရှိနေသည့်အတွက်ကြောင့် ပြဿနာမရှိခဲ့ပေ။
ရန်ကိုင်သည် လီကျောက် ပေးလာသော တိုင်လုံးများကို လက်ခံယူထားလိုက်လေသည်။ ထို့နောက်တွင် သူ့လက်ကို ဝှေ့ယမ်း၍ လီကျောက်အား အနားယူ အားပြန်ဖြည့်စေနိုင်ရန်အတွက် လောကဓာတ်လုံးထဲသို့ ပြန်ပို့လိုက်လေ၏။
ရန်ကိုင်လက်ထဲတွင် ရှိနေသည့် ကောင်းကင်ခတ်နှိပ်ခြင်းတိုင် တစ်တိုင်ချင်းစီသည် တစ်မီတာခန့် အရှည်ရှိပေသည်။ တိုင်များကို ရလာပြီးသည့်နောက်တွင် ရန်ကိုင်သည် ဘုံကိုးခုအထွတ်အမြတ် နယ်မြေ အစီအရင်အမြုတေ တည်ရှိရာဆီသို့ လှမ်းကြည့်၍ ပြုံးကာ ပြောလိုက်လေ၏။ "အဆင်သင့်ဖြစ်ပြီလား စီနီယာ မမလေး"
မမြင်နိုင်သည့် လက်တစ်ဖက်မှ ရန်ကိုင်၏ ပါးပြင်ကို ပွတ်သပ်သွားသည့်အလား ရန်ကိုင် မျက်နှာအား လေပြေလေညင်းတို့ ပွတ်သပ်တိုက်ခတ်သွားခဲ့သည်။ ဤသည်မှာ ရန်ကိုင်၏ အမေးကို ရှနင်းချန် ပြန်ဖြေသည့်ပုံပင်။
"ကောင်းပြီလေ၊ အဲဒါဆို စကြတာပေါ့" ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် ယခင်က အရင်းအမြစ်ကျောက်များ မြှုပ်နှံထားခဲ့သော နေရာဆီသို့ ထွက်လာခဲ့လေသည်။ ထိုနေရာသို့ ရောက်လာပြီးသည့်နောက်တွင် ရန်ကိုင်သည် ဧကရာဇ်ချီကို လှည့်ပတ်၍ သူ့လက်ထဲတွင် ရှိနေသော ကောင်းကင်ခတ်နှိပ်ခြင်းတိုင်ကို လေပေါ်သို့ ပစ်မြှောက်လိုက်လေသည်။ ထို့နောက်တွင် လက်ကွက်အမျိုးမျိုးကို ဖန်တီးတော့လေသည်။
ရန်ကိုင်၏ လက်ကွက်များနှင့်အတူ အလင်းတန်းပေါင်းများစွာ ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ခတ်နှိပ်ခြင်းတိုင်ထဲသို့ တိုးဝင်သွားခဲ့လေသည်။
မကြာမီ ကောင်းကင်ခတ်နှိပ်ခြင်းတိုင် မြေပြင်ပေါ်သို့ ပြန်ကျလာခဲ့သည်။ ယခုတစ်ကြိမ်တွင်တော့ ကောင်းကင်ခတ်နှိပ်ခြင်းတိုင်၏ အရွယ်အစားမှာ တစ်မီတာသာလျှင် မဟုတ်တော့ဘဲ မီတာပေါင်းများစွာ ရှည်လျားနေခဲ့လေပြီ။ အောက်သို့ ကျနေစဉ် အတောအတွင်း ကောင်းကင်ခတ်နှိပ်ခြင်းတိုင်၏ အရွယ်အစားမှာ လျင်မြန်စွာ ကြီးမားလာနေခဲ့သည်။
တစ်ချိန်တည်းတွင် ကောင်းကင်ခတ်နှိပ်ခြင်းတိုင်ပေါ်၌ ရှိနေသော အမျိုးမျိုးသော ပုံစံကွက်များမှာလည်း အရောင်တလက်လက် တောက်ပလာခဲ့လေသည်။ တစ်ခဏအကြာ၌ ကောင်းကင်ခတ်နှိပ်ခြင်းတိုင်ကို မမြင်နိုင်သော လက်ကြီးတစ်ဖက်မှ ဆုပ်ကိုင်၍ မြေကြီးထဲသို့ စိုက်ချလိုက်သည့်အလား ကောင်းကင်ခတ်နှိပ်ခြင်းတိုင်သည် မြေကြီးထဲသို့ ထိုးစိုက်ကျသွားခဲ့သည်။
မြေပြင်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားခဲ့ရာ ဘုံကိုးခုအထွတ်အမြတ် နယ်မြေထဲတွင် ရှိနေကြသော လူများစွာတို့သည် ရန်ကိုင် ရှိနေသည့် အရပ်ဆီသို့ အထိတ်တလန့်ဖြင့် လှမ်း၍ ကြည့်လိုက်ကြလေသည်။ ကောင်းကင်ခတ်နှိပ်ခြင်းတိုင်သည် မှော်ရတနာ တစ်ခုသာလျှင် မဟုတ်။ အစီအရင်၏ အုတ်မြစ်လည်း ဖြစ်ပေသည်။ လက်ရှိအချိန်တွင် ကောင်းကင်ခတ်နှိပ်ခြင်းတိုင်ဆီမှ အလွန်တရာကိုမှ အားကောင်းလှသော အရှိန်အဝါတစ်ရပ် ထွက်ပေါ်နေခဲ့လေသည်။ ကြယ်စီရင်စုကြီးထဲမှ သာမန်ကျင့်ကြံသူ တစ်ဦးသည်သာ ဤကောင်းကင်ခတ်နှိပ်ခြင်းတိုင်အနီးသို့ ရောက်လာခဲ့မည်ဆိုလျှင် တိုင်ဆီမှ ဖြာထွက်နေသည့် အရှိန်အဝါကြောင့် ချက်ချင်း အသက်ပျောက်သွားရနိုင်ပေသည်။
ကောင်းကင်ခတ်နှိပ်ခြင်းတိုင် အောက်ခြေရှိ မြေပြင်မှာ ရုတ်တရက်ဆိုသလို ကျွံဝင်သွားခဲ့ရာ တိုင်မှာ မြေကြီးထဲသို့ ရှောရှောရှူရှူ ထိုးဆင်းသွားခဲ့လေသည်။
ရန်ကိုင်က အလျင်စလို လှမ်း၍ အော်ပြောလိုက်လေ၏။ "စီနီယာမမလေး၊ ဒီတိုင်ကို မြေကြီးထဲ နှစ်မိုင်လောက်ပဲ စိုက်နော်၊ မြေပြင်ပေါ်မှာတော့ တစ်မိုင်လောက် ထားထား"
ကောင်းကင်ခတ်နှိပ်ခြင်းတိုင်သည် မြေကြီးထဲသို့ ဆက်လက် စိုက်ဝင်နေခဲ့ပြီး တစ်ခဏအကြာ၌ ရပ်တန့်သွားခဲ့သည်။ ထို့နောက် ကောင်းကင်ခတ်နှိပ်ခြင်းတိုင် ဘေးပတ်ပတ်လည် တစ်ဝိုက်ရှိ မြေသားတစ်ခုလုံးမှာ အလွန်တရာကိုမှ မာကျောလာခဲ့ပြီး တိုင်တစ်ခုလုံးကို ယိမ်းယိုင်ခြင်း မရှိအောင် တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားလိုက်လေသည်။
ကောင်းကင်ခတ်နှိပ်ခြင်းတိုင်ကို စစ်ဆေးကြည့်ပြီးသည့်နောက် မည်သည့် အမှားအယွင်းမျှ မရှိမှန်း အတည်ပြုပြီးသော ရန်ကိုင်သည် လျို့ယန်နှင့်အတူ အခြားသော နေရာတစ်ခုဆီသို့ ထွက်လာခဲ့လေသည်။
ကောင်းကင်ခတ်နှိပ်ခြင်း အစီအရင်ကို ကောင်းကင်ခပ်နှိပ်ခြင်းတိုင် တစ်ရာ့ရှစ်တိုင်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်လေသည်။ ထိုတိုင်များကို မြေကြီးထဲသို့ ထိုးစိုက်ရာတွင် မြေကြီးထဲ၌ မည်မျှအမြင့်ထားမည် မြေပြင်ပေါ်၌ မည်မျှအမြင့်ထားမည်ဆိုသည်ကို သေသေချာချာ အထူးဂရုစိုက်ရသည်။ အနည်းငယ်သော အမှားအယွင်းလေးမျှ ဖြစ်၍ မဖြစ်။
ကံကောင်းစွာဖြင့် လီကျောက်မှာ ဤအစီအရင်နှင့် အတော်လေးကိုမှ ရင်းနှီးနေခဲ့သည်။ သူရင်းနှီးသည့် အစီအရင်မှာ ခုနှစ်ဆယ့်နှစ်မျိုး ကောင်းကင်ခတ်နှိပ်ခြင်း အစီအရင်ဖြစ်ပြီး တစ်ရာ့ရှစ်မျိုး ကောင်းကင်ခတ်နှိပ်ခြင်း အစီအရင် မဟုတ်ပါသော်ငြား အစီအရင်များကို ခင်းကျင်းရာတွင် လိုအပ်သည့် အခြေခံအချက်များမှာ အတူတူသာ ဖြစ်ပြီး အရေအတွက်သာ ကွာခြားခြင်းဖြစ်သည့်အတွက်ကြောင့် သူသိထားသည့် အကြောင်းအရာများကို အသုံးချကာ တစ်ရာ့ရှစ်မျိုး ကောင်းကင်ခတ်နှိပ်ခြင်း အစီအရင်ကို ခင်းကျင်းနိုင်ပေသေးသည်။
ရန်ကိုင်သည် လျို့ယန်နှင့်အတူ ကောင်းကင်ခတ်နှိပ်ခြင်းတိုင်များကို လောကကြီးအနှံ့ လိုက်လံ စိုက်ထူနေခဲ့လေသည်။
လွန်ခဲ့သည့် ရက်များအတွင်း ရန်ကိုင်အား ထုန်းရွှမ်လောကကြီးပေါ်ရှိ နေရာအနှံ့တွင် မြင်တွေ့နိုင်ပေသည်။ ရန်ကိုင်အနေဖြင့် ထိုတိုင် တစ်ရာ့ရှစ်တိုင်လုံးကို မြေကြီးထဲ လိုက်လံစိုက်ထူနိုင်ရန်အတွက် ခုနှစ်ရက်ခန့် အချိန်ယူလိုက်ရပေသည်။ တိုင်အားလုံးကို စိုက်ပြီးသည့်အခါမှသာလျှင် လျို့ယန်နှင့်အတူ ဘုံကိုးခုအထွတ်အမြတ် နယ်မြေဆီသို့ ပြန်လာခဲ့လေ၏။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၅၉)
ဘာသာပြန်သူ_တိမ်တိုက်
ရန်ကိုင်သည် အစီအရင်ကျောက်စိမ်းတစ်ခုကို ကိုင်ရင်း ဘုံကိုးခုထွတ်မြတ် နယ်မြေ၏ ကောင်းကင်အထက်တွင် ဝဲနေခဲ့လေသည်။ လေအဝှေ့ကြောင့် သူ့ဆံပင်နှင့် ဝတ်ရုံတို့မှာ တဖျတ်ဖျတ် လွင့်နေလေ၏။ ရန်ကိုင်လက်ထဲတွင် ရှိနေသည့် အစီအရင်ကျောက်စိမ်းသည် သူ၊ လီကျောက်နှင့် လျို့ယန်တို့ အတူတကွပူးပေါင်း၍ ခက်ခက်ခဲခဲ ဖန်တီးထားခဲ့ရသော ကောင်းကင်ခတ်နှိပ်ခြင်း အစီအရင်ကို ထိန်းချုပ်သည့် အစီအရင်ကျောက်စိမ်းပင် ဖြစ်လေသည်။
အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုမှ လွဲ၍ ကျန်သည့်အရာအားလုံးကို နေရာတကျ စီစဉ်ထားသိုပြီးသွားခဲ့လေပြီ။ ရန်ကိုင်သည် မျက်လုံးကို ပိတ်၍ သေချာအာရုံစိုက်လိုက်သည်။ ထို့နောက်တွင် အစီအရင်ကျောက်စိမ်းထဲသို့ ဧကရာဇ်ချီကို ထည့်သွင်းလိုက်လေသည်။ ဧကရာဇ်ချီများ စီးဝင်လာသည်နှင့် တစ်ပြိုင်နက် အစီအရင်ကျောက်စိမ်းမှာ တဖျတ်ဖျတ် လင်းလက်လာတော့သည်။
ထိုအခါ ရန်ကိုင် ချက်ချင်း မျက်လုံးပြန်ဖွင့်လာခဲ့ပြီး လက်ကွက်များကို ထုတ်ဖော်လိုက်လေသည်။ အလင်းတန်းများစွာတို့သည် အစီအရင်ကျောက်စိမ်းထဲသို့ ဝင်သွားသည့်အခိုက် ရန်ကိုင်က အော်ပြောလိုက်လေ၏။ "စတင်လိုက်စမ်း"
အစီအရင်ကျောက်စိမ်းမှာ တဖျတ်ဖျတ်ကို တောက်ပလာတော့သည်။
တစ်ချိန်တည်းတွင် မြေအောက်ထဲမှ တဝီဝီမြည်သံတစ်ခုလည်း ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မြေငလျင်လှုပ်သည့်ပမာ ဘုံကိုးခုထွတ်မြတ် နယ်မြေတစ်ခုလုံး တသိမ့်သိမ့် တုန်ခါသွားခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် ဘုံကိုးခုထွတ်မြတ် နယ်မြေထဲတွင် တံခါးပိတ် ကျင့်ကြံနေကြသော ကျင့်ကြံသူများ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပြီး တံခါးပိတ်ကျင့်စဉ်ဝင်နေရာမှ အူယားဖားယား အပြင်သို့ ပြေးထွက်လာကုန်ကြလေသည်။ ကောင်းကင်အထက်တွင် ဝဲနေသည့် လူကို မြင်လိုက်သည့်အခါမှသာလျှင် အစောပိုင်းက အဖြစ်အပျက်သည် ရန်သူများ ကျူးကျော်လာသည့်အတွက် ဖြစ်ပေါ်လာခြင်း မဟုတ်မှန်း သဘောပေါက်သွားပြီး စိတ်သက်သာရာရသွားကုန်ကြလေ၏။
ဘုံကိုးခုထွတ်မြတ် နယ်မြေထဲရှိ အစီအရင်အမြုတေတည်ရှိရာနေရာမှ ကောင်းကင်ခတ်နှိပ်ခြင်းတိုင်သည် ရုတ်တရက်ဆိုသလို အရောင်တလက်လက် တောက်ပလာခဲ့လေသည်။ တစ်ချိန်တည်းတွင် ၎င်းဆီမှ မမြင်နိုင်သည့် စွမ်းအင်လှိုင်းတစ်လှိုင်း ဖြာထွက်လာခဲ့လေသည်။ ကောင်းကင်ခတ်နှိပ်ခြင်းတိုင်ကို ဗဟိုပြုလျက် ထိုစွမ်းအင်လှိုင်းသည် မိုင်ပေါင်းသောင်းနှင့်ချီ အကွာအဝေးသို့ ပြန့်ထွက်သွားခဲ့လေသည်။
ထုန်းရွှမ်လောကကြီးပေါ်တွင် ရှိနေကြသော ကောင်းကင်ခတ်နှိပ်ခြင်းတိုင် အသီးသီးမှာလည်း တစ်တိုင်ပြီးတစ်တိုင် လင်းလက်တောက်ပလာခဲ့သည်။ မမြင်နိုင်သော စွမ်းအင်လှိုင်းများ၏ လွှမ်းမိုးမှုအောက်ဝယ် တိုင်တစ်တိုင်ချင်းစီတိုင်းသည် အချင်းချင်း ပဲ့တင်ထပ်သွားခဲ့ကြပြီး တိုင်မျက်နှာပြင်ထက်တွင်ရှိနေသော ပုံစံကွက်များမှာလည်း တလက်လက် တောက်ပလာကြလေသည်။ ကြယ်တာရာကောင်းကင်ထဲမှ ငုံ့ကြည့်လိုက်မည်ဆိုပါက ထုန်းရွှမ်လောကကြီးပေါ်တွင် တိုင်ပေါင်း တစ်ရာ့ရှစ်တိုင် လင်းလက်တောက်ပနေကြောင်းကို လှမ်းမြင်နိုင်ပေလိမ့်မည်။ ထိုတိုင်များဆီမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများ ဖြတ်သန်းသွားရာ နေရာအနှံ့ အရောင်တလက်လက် တောက်ပလာကုန်ကြလေသည်။
ရန်ကိုင်၏ လက်ကွက်များ ဖော်ဆောင်နေသည့် နှုန်းမှာလည်း အလွန်ကို မြန်ဆန်လာခဲ့သလို ရန်ကိုင်၏ အမူအရာမှာလည်း လေးနက်သည်ထက် လေးနက်လာခဲ့လေသည်။ ရန်ကိုင်၏ ကျင့်ကြံခြင်းမှာ အလွန်မြင့်မားပါသော်ငြား ဤကြယ်စီရင်စုထဲဝယ် သူ၏ ကျင့်ကြံခြင်းကို တန်ခိုးရှင်ဘုရင်အဆင့်သို့ရောက်အောင် ဖိနှိပ်ထားရသည့်အတွက် အနည်းငယ်မျှပင် သတိလက်လွတ် မလုပ်ရဲခဲ့ပေ။ ယခုကိစ္စသည် ရှနင်းချန်၏ အခြေအနေနှင့် ပတ်သက်နေသည့်အတွက် ရန်ကိုင်မှာ သေသေချာချာ သတိထားကာ လုပ်ဆောင်နေရလေသည်။
မကြာမီ ရန်ကိုင်၏ နဖူးအထက်တွင် ချွေးအေးများ ဝေ့သီလာတော့လေသည်။
တစ်ဆယ့်ငါးမိနစ်ခန့် ကြာပြီးသည့်နောက်တွင် ဘုံကိုးခုထွတ်မြတ် နယ်မြေထဲရှိနေသော ကောင်းကင်ခတ်နှိပ်ခြင်းတိုင်ဆီမှ မမြင်နိုင်သည့် လှိုင်းတစ်လှိုင်း ထပ်မံပြန့်ထွက်လာခဲ့သည်။ ဤတိုင်ကြီးသည် ခုန်နေသည့် နှလုံးတစ်ခုပမာ စည်းချက်ညီညီ စွမ်းအင်လှိုင်းများကို ထုတ်လွှတ်ပေးနေလေသည်။ စွမ်းအင်လှိုင်း တစ်ကြိမ်ထွက်သွားတိုင်း ထွက်သွားတိုင်း ထုန်းရွှမ်လောကကြီး၏ အခြားအရပ်များတွင် ရှိနေကြသော ကျန်တိုင်တစ်ရာ့ခုနစ်တိုင်ဟာလည်း အလားတူ စွမ်းအင်လှိုင်းများကို ထုတ်လွှတ်ပေးပေသည်။ အပြန်အလှန် ပေါင်းထပ်သွားသော စွမ်းအင်လှိုင်းများအောက်ဝယ် ကောင်းကင်ခတ်နှိပ်ခြင်းတိုင် တစ်တိုင်နှင့် တစ်တိုင်အကြားရှိ ဆက်သွယ်ချက်သည် ယခင်ကထက် ပိုပို၍ အားကောင်းလာခဲ့လေသည်။
မမြင်နိုင်သည့် စွမ်းအင်လှိုင်းများမှာ တစ်ကြိမ်ပြီးတစ်ကြိမ် ပြန့်ထွက်နေခဲ့သလို တိုင်တစ်ရာ့ရှစ်တိုင်သည်လည်း စည်းချက်ညီညီ အရောင်တောက်နေကြလေသည်။ ထိုကဲ့သို့ အရောင်တောက်သည့်နှုန်းသည် အချိန်နှင့် အမျှ ပိုပို၍ မြန်ဆန်လာခဲ့လေသည်။
တစ်ရက်ကြာပြီးသည့်နောက်တွင် ကောင်းကင်ခတ်နှိပ်ခြင်းတိုင်ဆီမှ လှိုင်းတစ်လှိုင်းထုတ်လွှတ်ရန် အချိန်သည် တစ်ဆယ့်ငါးမိနစ်ခန့်မှ တစ်ဝက်တိတိ လျော့ကျသွားခဲ့သည်။ နောက်တစ်ရက်ကြာပြီးသည့်နောက် ထပ်မံ၍ တစ်ဝက်လျော့ကျသွားပြန်လေသည်။ သုံးရက်ကြာပြီးသည့်နောက်တွင် ကောင်းကင်ခတ်နှိပ်ခြင်းတိုင်သည် တစ်ခဏကြာတိုင်း တစ်ခဏကြာတိုင်း မမြင်နိုင်သည့် စွမ်းအင်လှိုင်းတစ်လှိုင်းကို ထုတ်လွှတ်ပေးလေ့ ရှိပေသည်။
ကျန်တိုင်တစ်ရာ့ခုနစ်တိုင်မှာလည်း အလားတူပင် ဖြစ်လေသည်။ ထို့အပြင် သေသေချာချာ လေ့လာကြည့်မည်ဆိုပါက တိုင်တစ်ရာ့ရှစ်တိုင်စလုံးသည် စည်းချက်ညီညီ အရောင်တောက်လာနေကြောင်းကို မြင်တွေ့နိုင်ပေသည်။
ရန်ကိုင်မှာမူ အချိန်မည်မျှ ကုန်ဆုံးသွားလို့ ကုန်ဆုံးသွားမှန်းကိုမသိ။ အစီအရင်အမြုတေကို ထိန်းချုပ်ရာတွင်သာ အာရုံစိုက်ထားခဲ့သည်။ နောက်ဆုံးတွင်တော့ ကောင်းကင်ခတ်နှိပ်ခြင်းတိုင်များဆီမှ ထွက်ပေါ်နေသည့် စွမ်းအင်လှိုင်းများမှာ အကန့်အသတ်တစ်ခုအထိ ရောက်သွားသည့်အလား မမြင်နိုင်သည့် အရှိန်အဝါတစ်ရပ်သည် ရှေးဟောင်းသားရဲကြီးတစ်ကောင် ရုတ်တရက် နိုးထလာသည့်ပမာ ထွက်ပေါ်လာခဲ့လေသည်။
ရန်ကိုင်မှာ ပင်ပန်းနွမ်းနယ်နေခဲ့ပါသော်ငြား သူ့မျက်လုံးများမှာမူ ညအာကာသကောင်းကင်ယံတွင် ထွန်းလင်းတောက်ပနေသော ကြယ်လေးများပမာ တဖျတ်ဖျတ် လင်းလက်နေခဲ့သည်။ ရန်ကိုင် စောင့်ဆိုင်းနေသည့် အခိုက်အတန့်သည် ရောက်ရှိလို့လာခဲ့လေပြီ။ ရန်ကိုင်မှာ အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်းမရှိဘဲ လက်ကွက်များကို ပြောင်းလဲထုတ်ဖော်လိုက်ရင်း လက်ထဲ၌ရှိနေသော အစီအရင်ကျောက်စိမ်းကို ကောင်းကင်ပေါ်သို့ ပစ်တင်လိုက်လေသည်။ တစ်ချိန်တည်းတွင် အလင်းတန်းတစ်ခုသည် အစီအရင်ကျောက်စိမ်းထဲသို့ တိုးဝင်သွားခဲ့လေ၏။ ထို့နောက်တွင် ရန်ကိုင်ကလည်း အော်ပြောလိုက်လေသည်။ "အသက်ဝင်လိုက်စမ်း"
အစီအရင်မှာ တဝီဝီ မြည်လာခဲ့သည်။ တစ်ချိန်တည်းတွင် အရောင်တလက်လက် တောက်ပနေသော ထုန်းရွှမ်လောကကြီးအနှံ့တွင် ရှိနေကြသည့် တိုင်တစ်ရာ့ရှစ်တိုင်စလုံးဟာလည်း အရောင်မှိန်သွားကုန်ကြလေသည်။ သို့သော်ငြား အရောင်မှိန်သွားသည့် တိုင်တစ်ရာ့ရှစ်တိုင်စလုံးသည် တစ်ခဏအကြာ၌ ချက်ချင်းဆိုသလို ပြန်လည်တောက်ပလာကုန်ကြလေသည်။ ထို့နောက် တိုင်တစ်တိုင်ချင်းစီမှ အလင်းတန်းတစ်ခုစီ ပျံသန်းထွက်လာခဲ့လေသည်။ ထိုအလင်းတန်းများသည် တစ်ခုနှင့်တစ်ခု အပြန်အလှန်ယှက်ဖြာလျက် ပိုက်ကွန်ကြီးတစ်ခုပမာ ထုန်းရွှမ်လောကကြီး၏ ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံသွားခဲ့လေသည်။
လက်ရှိအချိန် ထုန်းရွှမ်လောကကြီးထဲ၌ ရှိနေသော သက်ရှိများသည်သာ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်မည်ဆိုပါက ထုန်းရွှမ်လောကကြီးတစ်ခုလုံးအား ပိုက်ကွန်တစ်ခုသဖွယ် လွှမ်းခြုံထားသော အလင်းတန်းများကို မြင်တွေ့နိုင်ပေလိမ့်မည်။ ထိုမြင်ကွင်းမှာ အတော်လေးကို ချောက်ချားဖွယ်ရာ ကောင်းလှပါသော်ငြား ကောင်းကင်အထက်တွင်ရှိနေသော အလင်းတန်းများဆီမှ မည်သည့်အန္တရာယ် အငွေ့အသက်ကိုမျှ မည်သူမျှ ခံစားကြရခြင်း မရှိချေ။
သော့သည် သော့ခလောက်ထဲသို့ ဝင်သွားသည့်အလား အစီအရင်တိုင် တစ်ရာ့ရှစ်တိုင်ဆီမှ ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးလုမတတ် စွမ်းအားတစ်ရပ် ဖြာထွက်လာခဲ့လေသည်။
ချက်ချင်းဆိုသလို ကောင်းကင်ကြီးတစ်ခုလုံး တလက်လက် တောက်ပလာပြီးသည့်နောက်တွင် တိမ်စိုင်တိမ်တိုက်တို့သည် ကောင်းကင်တစ်ဝိုက်၌ ရစ်သိုင်းလာကုန်ကြလေသည်။ နိယာမစွမ်းအားတို့သည်လည်း စတင်၍ အသက်ဝင်လာလေ၏။ လောကကြီးတစ်ခုလုံးသည် အစီအရင်မှာ ၎င်း၏ လက်ခံနိုင်စွမ်းအကန့်အသတ်ကို ကျော်လွန်နေသည့်အတွက်ကြောင့် စတင်၍ ငြင်းဆန်လာတော့လေသည်။
ရုတ်တရက်ဆိုသလို အသွင်မဲ့လက်တစ်စုံသည် ကောင်းကင်တစ်ခွင် ဖြတ်သန်းသွားခဲ့သည်။ ထိုလက် ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် ရှိနေသော တိမ်စိုင်တိမ်တိုက်များ ပျက်ပြယ်သွားခဲ့ပြီး ကောင်းကင်ဟာလည်း တစ်ဖန် ပြန်လည်တည်ငြိမ်သွားခဲ့လေသည်။
ရှနင်းချန်မှ ကြယ်သခင်တစ်ပါး၏ စွမ်းအားကို သုံး၍ အစီအရင်အား ကာကွယ်ပြီး လောကနိယာမများကို ဝင်ရောက်တားဆီးပေးခဲ့သည့်အတွက်ကြောင့်သာ မဟုတ်လျှင် ကောင်းကင်ခတ်နှိပ်ခြင်း အစီအရင်မှာ ကောင်းကောင်း လည်ပတ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
လီကျောက် ပြောသည်မှာ မှန်ပေသည်။ ဧကရာဇ်အဆင့် ကျင့်ကြံသူများသည် ကြယ်စီရင်စုကြီးထဲ သွားလာနိုင်ရန်အလို့ငှာ သူတို့၏ ကျင့်ကြံခြင်းအား ချိတ်ပိတ်ထားခဲ့ရလေရာ ကောင်းကင်ခတ်နှိပ်ခြင်း အစီအရင်သည်လည်း ဤကြယ်စီရင်စုကြီးထဲ မည်ကဲ့သို့များ လွတ်လွတ်လပ်လပ် လည်ပတ်နိုင်ပါမည်နည်း။
အားနည်းသည့် အစီအရင်သာဆိုလျှင် ကိစ္စမရှိပါသော်ငြား လက်ရှိ ကောင်းကင်ခတ်နှိပ်ခြင်း အစီအရင်သည် ဤကြယ်စီရင်စုကြီး၏ အကန့်အသတ်ကို ကျော်လွန်နေသော ဧကရာဇ်အဆင့် အစီအရင်တစ်ခု ဖြစ်ပေသည်။ ကံကောင်းစွာဖြင့် ရှနင်းချန်၏ စွမ်းအားကြောင့် အစီအရင်မှာ ထုန်းရွှမ်လောကကြီးထဲ ဆက်လက်၍ လည်ပတ်ခွင့်ရသွားခဲ့သည်။
ဘုံကိုးခုအထွတ်အမြတ် နယ်မြေသည်သာ တုန်ခါလာခဲ့ခြင်းမဟုတ်။ ကောင်းကင်ခတ်နှိပ်ခြင်း အစီအရင် ခင်းကျင်းထားသော ထုန်းရွှမ်လောကကြီးတစ်ခုလုံး တုန်ခါလာခဲ့ခြင်းဖြစ်လေသည်။
ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသော အလင်းတန်းများ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော်ငြား တိုင်တစ်ရာ့ရှစ်တိုင်မှာတော့ ယခုဆိုလျှင် တစ်သားတည်း ဖြစ်သွားကြကုန်လေပြီ။ တစ်ချိန်တည်းတွင် အစီအရင်မှာ စတင်၍ လည်ပတ်လာတော့လေ၏။ ပထမဦးစွာ ရန်ကိုင် မြေကြီးထဲ လိုက်လံမြှုပ်နှံထားခဲ့သော အရင်းအမြစ်ကျောက်များမှာ ဦးစွာအသက်ဝင်လာခဲ့လေသည်။ ကောင်းကင်ခတ်နှိပ်ခြင်းတိုင် အသီးသီး၏ လွှမ်းမိုးမှုအောက်ဝယ် မရေမတွက်နိုင်သော အရင်းအမြစ်ကျောက်များသည် သန့်စင်သော မိုးမြေစွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လောကကြီးအနှံ့ စတင်၍ ပျံ့နှံ့လာခဲ့လေသည်။
"သိပ်သည်းလိုက်တဲ့ မိုးမြေစွမ်းအင်တွေပါလား" ဘုံကိုးခုထွတ်မြတ် နယ်မြေထဲဆီမှ အံ့အားသင့်တကြီး ရေရွတ်သံများ ထွက်ပေါ်လာခဲ့လေသည်။
လက်ရှိအချိန်တွင် ဘုံကိုးခုအထွတ်အမြတ် နယ်မြေထဲ၌ ရှိနေသော မိုးမြေစွမ်းအင်သည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခဲ့ရလေသည်။ ပို၍အရေးကြီးသည်မှာ မိုးမြေစွမ်းအင် သိပ်သည်းဆသည် အကန့်အသတ်သို့ ရောက်ရှိသွားခြင်းမရှိဘဲ လျင်မြန်စွာ တိုးတက်လာနေခြင်းပင်။ မကြာမီ ဘုံကိုးခုထွတ်မြတ် နယ်မြေတစ်ခုလုံးကို မြူခိုးထုကြီးတစ်ခု လွှမ်းခြုံသွားခဲ့လေသည်။ ထိုမြူခိုးထုကြီးသည် အထဲတွင်ရှိနေသည့် လူများအား မိုးမြေစွမ်းအင်တို့ဖြင့် ပြည့်နှက်နေသည့် ပင်လယ်ပြင်ကြီးထဲ ကူးခတ်နေရသည့်ပမာ ခံစားသွားရစေလေသည်။
မည်သူမျှ ဤမျှ သိပ်သည်းလှသော မိုးမြေစွမ်းအင်မျိုးကို တစ်ခါမျှ မခံစားဖူးကြပေ။ ဘုံကိုးခုထွတ်မြတ် နယ်မြေသည် ထုန်းရွှမ်လောကကြီးပေါ်တွင် အကောင်းဆုံးသော ကျင့်ကြံရေးသုခဘုံတစ်ခု ဖြစ်ပါသော်ငြား ကြယ်စီရင်စုကြီးထဲရှိ အခြားသောနေရာများနှင့် ယှဉ်လိုက်သော် အတော်လေးကို နိမ့်ကျနေပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ထုန်းရွှမ်လောကကြီး၏ မိုးမြေစွမ်းအင်သည် နှစ်ပေါင်းထောင်နှင့်ချီတိုင်အောင် အဆက်မပြတ် နိမ့်ကျလာနေသည့်အတွက်ကြောင့်ပင်။ ထိုအကြောင်းကြောင့်ပင်လျှင် ထုန်းရွှမ်လောကကြီးမှာ အားကောင်းလှသည့် ကျင့်ကြံသူများကို မွေးမထုတ်ပေးနိုင်ရခြင်း ဖြစ်လေ၏။ ဘုံကိုးခုအထွတ်အမြတ် နယ်မြေ အထွတ်အထိပ်အခြေအနေတွင် ရှိနေစဉ်ကပင်လျှင် အရိပ်ကြယ် သို့မဟုတ် နေလကြယ်ပေါ်ရှိ သာမန်နေရာများကို မယှဉ်နိုင်ပေ။
နေသာနေခဲ့ပါသော်ငြား ရုတ်တရက်ဆိုသလို မိုးစက်များ ကြွေဆင်းကျလာခဲ့သည်။ ဝမ်းသာအားရ အော်ဟစ်နေကြသော ကျင့်ကြံသူများမှာ ကြွေဆင်းကျလာသည့် မိုးစက်များကို ကြည့်ရင်း ကောင်းကင်ပေါ်သို့ ငေးကြောင်ကြောင်ဖြင့် မော့ကြည့်မိလိုက်ကြသည်။ ထို့နောက်တွင် သူတို့၏ လက်များကို ဖြန့်၍ မိုးစက်များကို ခံယူရင်း ကျလာသော မိုးရေစက်များကို လျှာဖြင့် ထိကြည့်လိုက်သည်။ ထိုသို့ ထိကြည့်မိလိုက်သည့်အခိုက် အကုန်လုံးမှာ ထိတ်လန့်တုန်လှုပ်သွားကုန်ကြလေ၏။
အကြောင်းမှာ ဤမိုးစက်များသည် သာမန်မိုးစက်များ မဟုတ်ဘဲ စိတ်ဝိညာဉ်မိုးစက်များ ဖြစ်ကြသည့်အတွက်ကြောင့်ပင်။ ထိုမိုးစက်များထဲ သိပ်သည်းလှသည့် မိုးမြေစွမ်းအင်တို့ ကိန်းအောင်းနေကြလေ၏။ ဤသည်မှာ သန့်စင်သိပ်သည်းလှသော လောကနိယာမများ မိုးရေစက်များအသွင်သို့ ပြောင်းလဲသွားခဲ့ခြင်းသာ ဖြစ်လေသည်။ ထိုမိုးစက်များ၏ အကူအညီဖြင့် ခြောက်ကပ်နေသော ကုန်းမြေများမှာ ပျိုးပင်ပေါက်များဖြင့် တစ်ဖန်ပြန်လည် စိမ်းစိုလာခဲ့ရသည်။ မြေပြင်အထက်တွင်လည်း အညွန့်တလူလူ ပေါက်ရောက်လာခဲ့ရသည်။ ပျင်းရိထိုင်းမှိုင်းနေသော လူများမှာလည်း မိုးစက်များကို ခံစားမိလိုက်သည့်အခိုက် တက်တက်ကြွကြွ ပြန်လည် ဖြစ်လာကြရသည်။
ကောင်းကင်ခတ်နှိပ်ခြင်း အစီအရင် အသက်ဝင်လာချိန်တွင် ထုန်းရွှမ်လောကကြီး၏ မိုးမြေစွမ်းအင်သည်သာ မြင့်တက်လာခဲ့ခြင်းမဟုတ်။ ပုံမှန်အားဖြင့် အာရုံခံရခက်လှသော ထုန်းရွှမ်လောကကြီး၏ အသက်ဓာတ်သည်ပါ တိုးတက်လာခဲ့ရလေသည်။
ရန်ကိုင်သည် ကောင်းကင်ခတ်နှိပ်ခြင်း အစီအရင်၏ အစီအရင်ကျောက်စိမ်းကိုကိုင်၍ လေထဲ ဝဲနေရင်းမှ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်ကာ ထုန်းရွှမ်လောကကြီး၏ အခြေအနေကို စစ်ဆေးကြည့်နေလေသည်။ တိုးတက်လာသော အခြေအနေကို မြင်လိုက်သည့်အခိုက် ရန်ကိုင်၏ မျက်နှာ ယဲ့ယဲ့လေး ပြုံးသွားခဲ့လေသည်။
ရန်ကိုင်အနေဖြင့် ထုန်းရွှမ်လောကကြီး၏ စိတ်ပူစရာကိစ္စများကို လီကျောက်၏ အကူအညီဖြင့်သာ ဖြေရှင်းနိုင်ခဲ့ခြင်း ဖြစ်လေသည်။ ရန်ကိုင်သည် အစီအရင်များအကြောင်းကို မသိသလို ကောင်းကင်ခတ်နှိပ်ခြင်း အစီအရင်ကိုလည်း မကြားဖူးပေ။ လီကျောက်ကြောင့်သာ မဟုတ်ပါက ရန်ကိုင်အနေဖြင့် ဤအစီအရင်ကို ခင်းကျင်းနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ယခု အစီအရင်မှ ယူဆောင်ပေးလာသည့် အကျိုးကျေးဇူးများသည် ရန်ကိုင်ထင်ထားသည်ထက်ပင် ပိုမိုကောင်းမွန်နေလေရာ ရန်ကိုင်မှာ လီကျောက်အား အမှန်တကယ်ကို ကျေးဇူးတင်မိသွားလေ၏။
[ကြည့်ရတာ မီးနဂါးနန်းတော် ငါ့အပေါ် တင်နေတဲ့အကြွေးတွေကို ချေပေးလိုက်ရင် ကောင်းမယ်နဲ့တူတယ်၊ လီကျောက်နဲ့ ငါကလည်း သာမန်လူတွေမှ မဟုတ်တော့တာ၊ အခြေအနေတွေအမျိုးမျိုးကို ရင်ဆိုင်ပြီးတော့ တော်တော်လေး ရင်းနှီးလာကြပြီဆိုတော့ သူ့ဆီကနေ အကြွေးသွားတောင်းနေလို့ မကောင်းတော့ဘူး၊ ပြီးတော့ အဲဒီအကြွေးတွေကလည်း ငါတို့ အထက်ကောင်းကင်နန်းတော်အတွက် ဘာမှဒီလောက် ဟုတ်တာမဟုတ်ဘူး] ထိုသို့ စဉ်းစားမိလိုက်သည့်အခိုက် ရန်ကိုင်သည် စိတ်ထဲမှနေ၍ ကြိတ်ကာ ဆုံးဖြတ်လိုက်တော့လေသည်။
လေထဲဝဲကာ ထိုအကြောင်းကို စဉ်းစားနေရင်းမှ ရန်ကိုင်၏ အကြည့်သည် တစ်ခုသော နေရာဆီသို့ ရောက်ရှိသွားခဲ့လေသည်။
"စီနီယာမမလေး၊ ဘာလို့အပြင်ထွက်လာတာလဲ" ရန်ကိုင်သည် အမျိုးသမီးနှစ်ဦး၏ ဘေးနားတွင် ရုတ်တရက် ပြန်ပေါ်လာပြီး ရှနင်းချန်အား လက်ဖြင့် ထောက်ကူပေးထားလိုက်လေသည်။ထို့နောက် စိုးရိမ်တကြီး အမူအရာဖြင့် မေးလိုက်လေ၏။ "အခန်းထဲမှာပဲ နေနေလေ ဘာလို့အပြင်တွေ ထွက်လာတာလဲ၊ဖြည်းဖြည်းလျှောက် ဖြည်းဖြည်းလျှောက်၊ အပြင်မှာ မိုးတွေရွာနေတယ် ချော်လဲကျမယ်"
ရွှယ့်ယွယ်သည် ရန်ကိုင်ကို လှမ်းကြည့်ရင်းမှ အထွန့်တက်လိုက်လေသည်။ "ငါသာ မသိရင်တော့ နင်းချန် ကိုယ်ဝန်ရနေတယ်လို့ ထင်မိသွားမှာ သိလား"
ရွှယ့်ယွယ်၏ စကားကြောင့် ရှနင်းချန်၏ မျက်နှာ နီမြန်းသွားခဲ့လေသည်။ ရန်ကိုင်ကမူ မေးစေ့ကို လက်ဖြင့်ကိုင်ရင်းမှ သေသေချာချာ စဉ်းစားနေသည့်ပုံစံဖြင့် ပြောလိုက်လေ၏။ "အဲဒါလည်း မဆိုးဘူးနော်"
ရှနင်းချန်က အလျင်အမြန် ခေါင်းစဉ်ပြောင်းလိုက်လေသည်။ "နေရထိုင်ရတာ အရင်ထက်အများကြီး ပိုသက်သာလို့ ငါတစ်ချက် လာထွက်ကြည့်တာ"
ရှနင်းချန်၏ အခြေအနေမှာ ယခင်ထက် အများကြီးပိုသက်သာလာသည်ဟုပင် ပြော၍မရတော့ပေ။ ယခင်ကဆိုလျှင် ရန်ကိုင်မှ သူမ၏ အသက်ဓာတ်ကို တည်ငြိမ်အောင် ထိန်းထားပေးသည့်တိုင် ရှနင်းချန်၏ မျက်နှာမှာ အလွန်ကို ဖြူလျော်နေခဲ့သည်။ ယခုမူ သူမ၏ညမျက်နှာလေးမှာ အနည်းငယ် စိုစိုပြေပြေ ရှိလာခဲ့လေသည်။
ကြယ်သခင်တစ်ဦး ဖြစ်သည့်အလျောက် ရှနင်းချန်မှာ ကြယ်တစ်ခုလုံး၏ အခြေအနေကို အတွေးတစ်ချက်နှင့် သိနိုင်ပါသော်ငြား ကိုယ်တိုင် လက်တွေ့မြင်ရခံစားရခြင်းမှာ မတူကွဲပြားသည့် အတွေ့အကြုံတစ်မျိုး ဖြစ်ပေသည်။
"ဒီအစီအရင်က တကယ်ကို အံ့ဩစရာပါလား၊ ဂျူနီယာမောင်လေး အဲဒီဆရာကို ငါ့ကိုယ်စား ကျေးဇူးတင်ပေးပါဦး"
ရွာကျလာသည့် မိုးစက်များကို ကြည့်ရင်းမှ ရှနင်းချန်က ပြောလိုက်လေသည်။ ရန်ကိုင် ရှိနေသည့်အတွက်ကြောင့်သာ မဟုတ်ပါက ရှနင်းချန်မှာ မိုးရေထဲပြေးသွားကာ ဝမ်းသာအားရ ကခုန်နေမိပေလိမ့်မည်။
အထွဋ်အထိပ်သိုင်းဧကရာဇ်
အပိုင်း (၃၁၆၀)
ဘာသာပြန်သူ_တိမ်တိုက်
“ဒါပေါ့…” ရန်ကိုင်က ခေါင်းညိတ်လိုက်လေသည်။ လီကျောက်နှင့် ရန်ကိုင်မှာ ယခင်ကထက်ပို၍ ရင်းနှီးလာပြီဖြစ်သည့်အတွက်ကြောင့် တစ်ဦးအပေါ်တစ်ဦး ကျေးဇူးတင်စကား ပြောနေစရာ မလိုတော့ပါသော်ငြား ရှနင်းချန်က ကျေးဇူးတင်ခိုင်းသည့်အတွက်ကြောင့် ရန်ကိုင်လည်း အနည်းဆုံးတော့ ခေါင်းညိတ်ထောက်ခံပေးရပေလိမ့်မည်။
“ဆယ်နှစ်…” ရှနင်းချန်က ရုတ်တရက် ကောက်ပြောလိုက်လေသည်။
“ဘာဆယ်နှစ်လဲ…”
ရှနင်းချန်က ပြုံး၍ ပြန်ပြောလိုက်သည်။ “ဆယ်နှစ်အတွင်း ထုန်းရွှမ်လောကကြီး လုံးဝ ပြန်ကောင်းသွားလိမ့်မယ်…”
တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများသည် နှစ်အနည်းငယ်လေးသာသုံး၍ ထုန်းရွှမ်လောကကြီးတစ်ခုလုံးကို ရစရာမရှိအောင် ဖျက်ဆီးပစ်သွားခဲ့ပါသော်ငြား ရန်ကိုင်မှာတော့ ထုန်းရွှမ်လောကကြီးကို ပြန်ကောင်းလာအောင်လုပ်ဖို့ရာ အချိန်ဆယ်နှစ် ယူရရုံမက မြောက်မြားလှစွာသော အရင်းအမြစ်ကျောက်များကိုပါ သုံးစွဲခဲ့ရလေသည်။ ဖျက်ဆီးခြင်းသည် ပြန်လည်ကောင်းမွန်အောင်လုပ်ခြင်းထက် အမှန်တကယ်ကို လွယ်ကူပေသည်။
“အဲ့လောက်နဲ့တင် ကျေနပ်နေတာလား…” ရန်ကိုင်က ရှနင်းချန်ကိုကြည့်၍ ပြုံးကာ ပြောလိုက်သည်။
ရှနင်းချန်က မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်၍ “အခြားဘာရှိသေးလို့လဲ…”
ရန်ကိုင်က ပြန်ပြောလိုက်သည်။ “ထုန်းရွှမ်လောကကြီးက အခြားကြယ်တွေထက်နိမ့်တယ်… ဒီကြယ်ကို ပုံမှန်အတိုင်းပြန်ကောင်းသွားအောင်လုပ်ဖို့တောင် ဆယ်နှစ်တောင်အချိန်ယူသွားတာ… အဲ့ဒါက အရမ်းကြာလွန်းတယ်…”
ရှနင်းချန်၏ခေါင်းတစ်ခုလုံး ချာချာလည်သွားခဲ့ပြီး ပြန်၍မေးလိုက်လေသည်။ “ယောက်ျား… နင် ဒီထုန်းရွှမ်လောကကြီးကို အရင်ကထက် ပိုပြီးတော့ကောင်းအောင် လုပ်နိုင်တယ်လို့ ပြောချင်နေတာလား…”
“တပ်အပ်တော့ မပြောနိုင်ဘူး…” ရန်ကိုင်က သည်းလှိုက်အူလှိုက် အော်ရယ်မောလိုက်လေသည်။ သူ့စိတ်ထဲတွင် စဉ်းစားပြီးသားအစီအစဉ်များ ရှိပါသော်ငြား အောင်မြင်လိမ့်မည်ဟုတော့ ယုံကြည်ချက်မရှိပေ။ ထိုအကြောင်းကြောင့် ဘာကိုမျှ ကတိမပေးရဲ။ ကတိပေးပြီးမှ ဖြစ်လာအောင်မလုပ်နိုင်လျှင် ရှက်စရာကောင်းပေလိမ့်မည်။
သို့သော်ငြား ရွှယ့်ယွယ်ကမူ ရန်ကိုင်ဘာလုပ်ချင်နေသလဲဆိုသည်ကို သိနေသည့်အလား ပြုံး၍ ပြောလိုက်လေသည်။ “နင်သာ ထုန်းရွှမ်လောကကြီးကို ပိုကောင်းလာအောင် လုပ်နိုင်မယ်ဆိုရင် ငါ…”
“ငါ ဘာလဲ…” ရန်ကိုင်သည် ရွှယ့်ယွယ်အား မီးတောက်မတတ်အကြည့်ဖြင့် လှမ်း၍ ကြည့်လိုက်သည်။
ရွှယ့်ယွယ်က ရှက်သွေးဖြာနေသည့်အမူအယာဖြင့် “ငါ့ကို နင်လုပ်ချင်တာလုပ်လို့ရတယ်…”
ရန်ကိုင်၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပလာခဲ့လေသည်။ “ငါ အကုန်လုံးနဲ့ အတူတူအိပ်ချင်တယ်…”
“ဟွန့်…” ရွှယ့်ယွယ် နှာခေါင်းရှုံ့လိုက်လေသည်။
ချက်ချင်းပဲ ရန်ကိုင်သည် ရှနင်းချန်နှင့် ရွှယ့်ယွယ်ကြားတွင် ဝင်လျက် အမျိုးသမီးနှစ်ဦးကို အတူတူပွေ့ဖက်ကာ ပြောလိုက်လေသည်။ “မြင်းကိုခိုင်းမယ်ဆိုရင်တောင် အစာမကျွေးဘဲ ခိုင်းလို့မရဘူးလေ… ဒီတော့ အတူတူအိပ်ကြရအောင်… လာစမ်းပါ… အိပ်ကြရအောင်…”
“နှာဘူးကောင်…” ရွှယ့်ယွယ်သည် ရန်ကိုင်အား စူးရဲစွာ စိုက်ကြည့်လိုက်လေသည်။ ထို့နောက် ခေါင်းလေးကိုငုံ့လျက် ရှက်ကိုးရှက်ကန်းအမူအယာဖြင့် ရေရွတ်လိုက်လေ၏။ “နင်းချန်ကို အရင်သွားပြော…”
ရှနင်းချန်၏မျက်နှာ နီမြန်းသွားခဲ့လေ၏။ “ဘယ်လိုလုပ်ပြီး ဒီအကြောင်းဆီ စကားရောက်သွားရတာလဲ…”
ရန်ကိုင်က အလေးအနက်အမူအယာဖြင့် ပြောလိုက်လေသည်။ “ယင်နဲ့ယန်ပေါင်းစည်းတယ်ဆိုတာ ကောင်းကင်လမ်းစဉ်ပဲ… ဒီတော့ အဲ့အတိုင်းလုပ်မယ်လို့ ဆုံးဖြတ်လိုက်ပြီ…”
“ဘယ်သူသဘောတူလို့လဲ…” ရှနင်းချန်မှာ မီးခဲဖင်ခုထိုင်နေရသည့်ပမာ စိုးရိမ်နေခဲ့လေသည်။ ထိုကဲ့သို့လုပ်ဖို့ရာ ရှနင်းချန် တစ်ခါမှ စိတ်မကူးခဲ့။ သို့သော်ငြား ရန်ကိုင်မှာ ရှနင်းချန် ဘာမျှပြန်မပြောနိုင်အောင် သူမ၏နှုတ်ခမ်းလေးကို ကောက်နမ်းချလိုက်လေသည်။ အကျိုးဆက်အနေဖြင့် ရှနင်းချန်မှာတော့ မိုးကြိုးပစ်ချခံလိုက်ရသည့်ပမာ တစ်ကိုယ်လုံး တောင့်တောင့်ကြီး ဖြစ်သွားခဲ့သည်။ ရှနင်းချန်သည် အခြားသူများရှေ့တွင် ရန်ကိုင်နှင့် တစ်ခါမှ ဤကဲ့သို့ မလုပ်ခဲ့ဖူးပေ။
ဘေးဖက်မှ တပြုံးပြုံးနှင့် ထိုင်ကြည့်နေသော ရွှယ့်ယွယ်မှာလည်း ရန်ကိုင်မှ ရုတ်တရက်ဆိုသလို သူမနှုတ်ခမ်းကို ကောက်နမ်းလာသည့်အတွက်ကြောင့် အလစ်အငိုက် မိသွားခဲ့ရလေသည်။ သို့သော်ငြား ရန်ကိုင်သည် နှစ်ဦးစလုံးအား တစ်ချက်ချင်းစီ နမ်းလိုက်ရုံလေးသာ ရှိပေသည်။ ထို့ထက်ပို၍ ဘာမျှမလုပ်ခဲ့။ ရွှယ့်ယွယ်မှာ ရှနင်းချန် အပြည့်အဝပြန်မကောင်းမချင်း သူ့အား ဘာမှလုပ်ခွင့်မပေးဟု ပြောထားသည် မဟုတ်ပေလော။ ထိုအကြောင်းကြောင့် ရန်ကိုင်မှာ တစ်ချက်ကလေးနမ်းရုံသာ နမ်းပြီး ရပ်လိုက်လေ၏။
(ဟဲ ဟဲ ဟဲ ဟဲ… ကောင်မလေးနှစ်ယောက်ရေ… နင်တို့နှစ်ယောက်တည်း မှတ်နေတာလား… အဲ့အချိန်ကျရင်တော့ ချင်းလော့ရော စုယန်ပါ မလွတ်စေရဘူ…) ရန်ကိုင်သည် သူ့ဘာသာသူ တစ်ဦးတည်း ရယ်မောရင်းမှ အပြင်သို့ ထွက်သွားလေ၏။
ကျန်ရစ်ခဲ့သောရွှယ့်ယွယ်မှာတော့ သူမ၏နှုတ်ခမ်းကို လက်ဖြင့်ကိုင်ရင်း ရုတ်တရက် ခြေဆောင့်ကာ အော်ပြောလိုက်လေသည်။ “အစုတ်ပလုတ်ကောင်…”
ရန်ကိုင်သည် စိတ်ဝိဉာဉ်မိုးအောက်ဝယ် ရပ်နေရင်းမှ အော်ပြောလိုက်လေသည်။ “အားလုံး… တစ်စပြင်ကန္တာရကြယ်စီရင်စုကြီး ငါတို့ကြယ်စီရင်စုကြီးကို ကျူးကျော်လာတာ ဆယ်နှစ်မကတော့ဘူး… အဲ့အချိန်အတောအတွင်း ငါတို့ရဲ့အပေါင်းအပါတွေအများကြီး သေသွားခဲ့ရတယ်… ငါတို့မိန်းမတွေ အလုခံရတယ်… ငါတို့ကြယ်စီရင်စုထဲမှာရှိတဲ့ အဖိုးတန်ရတနာတွေ လုယူဖျက်ဆီးခံရတယ်… သူတို့တွေကြောင့်ပဲ သန်းနဲ့ချီတဲ့လူတွေ အိုးမဲ့အိမ်မဲ့ဖြစ်ရပြီး သန်းနဲ့ချီတဲ့အသက်တွေ သေဆုံးခဲ့ရတယ်… အခု ငါတို့ ပြန်ပြီးတော့ တိုက်ခိုက်ရမယ့်အချိန်ပဲ…”
တဖွဲဖွဲရွာနေသည့်မိုးသံသည် ကျယ်လောင်ပါသော်ငြား ရန်ကိုင်၏အသံကိုတော့ ဖုံးလွှမ်းနိုင်ခဲ့ခြင်း မရှိပေ။
“အခု ငါတို့ သူတို့ကို ပြန်ပြီးတော့ ပေးဆပ်ခိုင်းရမယ့်အချိန် ရောက်လာပြီ… မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပဲ…” ရန်ကိုင်သည် လက်သီးလက်မောင်းတန်းရင်းမှ အော်ပြောလိုက်သည်။
“သွေးကြွေးအတွက် သွေးကြွေးပဲ…”
အော်ဟစ်သံများမှာ ကောင်းကင်ယံထိတိုင် ပဲ့တင်ထပ်သွားခဲ့သည်။ ထုန်းရွှမ်လောကကြီး ပြန်လည်ကောင်းမွန်လာသည့်အတွက်ကြောင့် သူတို့ရင်ထဲ မျိုသိပ်ထားခဲ့ရသော မကျေနပ်ချက်တို့မှာ ပျောက်ကွယ်သွားခဲ့ခြင်း မရှိပေ။ လက်စားချေလိုစိတ်တို့သည် အချိန်နှင့်အမျှ ပိုပို၍သာ အားကောင်းလာနေခဲ့ရလေသည်။
ရန်ကိုင်သည် ဟုန်းလော့ကြယ်စီရင်စုကြီးထဲရှိ ကြယ်သေတစ်လုံးပေါ်၌ ရှိနေသော တောင်တစ်လုံးပေါ်တွင် ထိုင်နေခဲ့လေသည်။ သူ၏ကောင်းကင်စိတ်အာရုံသည် အသိစိတ်ပင်လယ်ထဲသို့ ရောက်နေခဲ့ပြီး ကြယ်မြေပုံကို စူးစမ်းလေ့လာနေခဲ့သည်။
ရန်ကိုင်သည် ဤကြယ်မြေပုံကို ထုန်းရွှမ်လောကကြီးမှ ထွက်လာပြီး မကြာခင်မှာပင် အမှတ်မထင်ရရှိခဲ့ခြင်း ဖြစ်ပေသည်။ အစပိုင်းတွင်တော့ ကြယ်မြေပုံအား လမ်းပြမြေပုံတစ်ခုအဖြစ်လောက်သာ အသုံးပြုခဲ့သည်။ နောက်ပိုင်းကျမှသာလျှင် ဤကြယ်မြေပုံသည် အခြားသောကြယ်မြေပုံများနှင့် မတူကွဲပြားကြောင်းကို သတိထားမိသွားခဲ့သည်။ အဆုံးတွင်တော့ သူအမှတ်မထင်ရရှိခဲ့သော ဤကြယ်မြေပုံသည် ကြယ်စီရင်စုကြီးတစ်ခုလုံး၏ အမြုတေ ဖြစ်နေကြောင်းကို တွေ့ရှိသွားရလေသည်။ ဤကြယ်မြေပုံကြောင့်ပင်လျှင် ရန်ကိုင်မှာ မူလကုန်းမြေဆီမှ ဟုန်းလော့ကြယ်စီရင်စုကြီးဆီသို့ ပြန်လာနိုင်ခဲ့ခြင်းလည်း ဖြစ်၏။
ဝူခွမ်းသည် သူ ကြယ်စီရင်စုအသစ်တစ်ခုဆီသို့ သွားတိုင်း ထိုကြယ်စီရင်စု၏ အမြုတေကို အရင်ဦးစွာရှာဖွေကာ ဝါးမျိုခဲ့သည်ဟု ပြောခဲ့သည်။ ထိုကြယ်စီရင်စုကြီး၏ ကြယ်သခင်ဖြစ်လာပြီးသည့်နောက်ပိုင်းတွင် ကြယ်စီရင်စု၏ လောကနိယာမများသည် သူ့အား ငြင်းဆန်ခြင်း မရှိတော့ပေ။
ကြယ်စီရင်စုအမြုတေသည် ကျင့်ကြံရေးကြယ်တစ်လုံး၏ ကြယ်အမြုတေနှင့် ယှဉ်လိုက်သော် ပုံသဏ္ဍာန်အတည်အကျ မရှိတော့ချေ။ ရှင်းရှင်းပြောရသော် ကြယ်စီရင်စုအမြုတေမှာ လိုက်ရှာဖို့ရာ လုံးဝမဖြစ်နိုင်သော ဒဏ္ဍာရီလာတည်ရှိမှုမျိုး ဖြစ်ပေသည်။
ရန်ကိုင်အနေဖြင့် ဟုန်းလော့ကြယ်စီရင်စုကြီး၏ ကြယ်အမြုတေကို ရရှိခဲ့ခြင်းမှာ ကံကောင်းလွန်းသွားခဲ့သည့် အတွက်ကြောင့်သာ ဖြစ်ပေသည်။ ကံမကောင်းစွာဖြင့် ရန်ကိုင်မှာ ဤကြယ်စီရင်စုအမြုတေကို သန့်စင်ရန် တစ်ခါမှ ကြိုးစားခဲ့ဖူးခြင်း မရှိသည့်အတွက်ကြောင့် ကြယ်စီရင်စု၏စွမ်းအားကို ထုတ်ဖော်နိုင်ခြင်းမရှိချေ။ ကြယ်စီရင်စုအမြုတေကို အောင်မြင်စွာ သန့်စင်ပြီးသည့်အခါမှသာလျှင် ရန်ကိုင်သည် ဟုန်းလော့ကြယ်စီရင်စုကြီး၏ ကြယ်သခင် ဖြစ်လာနိုင်ပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါတွင် ရန်ကိုင်အနေဖြင့် တစ်စပြင်ကန္တာရကြယ်စီရင်စုမှ ကျင့်ကြံသူများကို ဟုန်းလော့ကြယ်စီရင်စုကြီးထဲမှ မောင်းထုတ်ဖို့ရာ လက်ညှိုးတစ်ချောင်းပင် မြှောက်စရာလိုတော့လိမ့်မည်မဟုတ်။
ရန်ကိုင် ထုန်းရွှမ်လောကကြီးမှ ထွက်လာခဲ့သည်မှာ နှစ်ဝက်ခန့် ရှိသွားခဲ့လေပြီ။ ထိုအချိန်အတောအတွင်း ရန်ကိုင်သည် ကြယ်စီရင်စုအမြုတေကို သန့်စင်ရန် ကြိုးစားခဲ့ပါသော်ငြား တိုးတက်မှုမရှိခဲ့ပေ။ သူ့ကျင့်ကြံခြင်းသည် ဧကရာဇ်အဆင့်သို့ ရောက်နေသည်ဆိုလျှင်ပင် ကြယ်စီရင်စုကြီးမှာ အလွန်ကိုမှ ကျယ်ပြောလှပြီး ကြယ်စီရင်စုကြီးထဲ မရေမတွက်နိုင်အောင် များပြားလှသော ကြယ်များ ရှိနေကြသည်။ ကြယ်စီရင်စုအမြုတေကို သန့်စင်ခြင်းသည် ထိုကြယ်အားလုံးကို ထိန်းချုပ်ရန် ကြိုးစားခြင်းနှင့် အတူတူသာ ဖြစ်သည့်အတွက်ကြောင့် ကြယ်စီရင်စုအမြုတေကို သန့်စင်ခြင်းသည် ကောင်းကင်တက်ရသည်ထက်ပင် ပို၍ ခက်ခဲလေသည်။
(ငါလုပ်နေတာ မှားနေတာပဲ ဖြစ်ရလိမ့်မယ်…) ဝူခွမ်းသည် အဆင့်နိမ့်ကြယ်စီရင်စုများသို့ ရောက်လာသော် သူ့ကျင့်ကြံခြင်းကို ဦးစွာ ဖိနှိပ်ရပြီး ကြယ်စီရင်စုအမြုတေကို ဝါးမျိုပြီးသည့်အခါမှသာလျှင် သူ့စိတ်ကြိုက် သောင်းကျန်းနိုင်လေသည်။
(ဝူခွမ်းတောင်လုပ်နိုင်သေးရင် ငါမလုပ်နိုင်စရာအကြောင်းမရှိဘူး…) ဝူခွမ်းနှင့်တွေ့စဉ်ကတည်းက ဤအကြောင်းအား သေသေချာချာ မမေးလိုက်မိသည့်အပေါ် ရန်ကိုင်စိတ်ထဲ အတော်လေး နောင်တရနေမိလေသည်။ (ငါ အခုနေ မူလကုန်းမြေဆီသွားပြီးတော့ သူ့ကို ဒီအကြောင်း သွားမေးမယ်ဆိုရင်တောင် သူ ငါ့ကို ဘာမျှပြောပြမှာမဟုတ်ဘူး…)
ရန်ကိုင့်စိတ်ထဲ ရွှယ့်ယွယ်နှင့် ရှနင်းချန်တို့ရှေ့ အလကားသက်သက် မကြွားဝါမိသည့်အပေါ် ဝမ်းသာမိနေလေသည်။ ထိုသို့သာမဟုတ်ပါက ယခုအချိန် သူတို့နှင့်ပြန်တွေ့လျှင် ရှက်ရွံ့နေရပေလိမ့်မည်။ ထိုစဉ်က ရန်ကိုင်စဉ်းစားမိသည့်အကြံအစည်မှာ အခြားမဟုတ်။ သူ့အသိစိတ်ပင်လယ်ထဲတွင် ရှိနေသော ကြယ်မြေပုံကို သန့်စင်၍ ကြယ်စီရင်စုကြီး၏ ကြယ်သခင် ဖြစ်လာရန်သာ။ ဟုန်းလော့ကြယ်စီရင်စုကြီး၏ သခင်သာ ဖြစ်လာနိုင်မည်ဆိုလျှင် ရန်ကိုင်သည် ကြယ်စီရင်စုကြီးတစ်ခုလုံးကို ထိန်းချုပ်သွားနိုင်မည်ဖြစ်လေရာ ထုန်းရွှမ်လောကကြီးကိုလည်း ကြယ်စီရင်စုကြီး၏စွမ်းအားဖြင့် အားဖြည့်ပေးနိုင်ပေလိမ့်မည်။ ထိုသို့ဖြစ်လာသည့်အခါတွင် ထုန်းရွှမ်လောကကြီးကို အရိပ်ကြယ်၊ ရေလကြယ်တို့အဆင့်သို့ ရောက်အောင် မြှင့်တင်ပေးဖို့သည့် ရန်ကိုင်ကဲ့သို့သောလူတစ်ဦးအတွက် လွယ်ကူနေပေလိမ့်မည်။
“အလုပ်မဖြစ်သေးဘူးလား…” ကြည်လင်ချိုသာသည့်အသံတစ်သံ ရန်ကိုင်၏ဘေးဘက်ဆီမှ ထွက်လာခဲ့သည်။
ထိုစကားကိုကြားသော် ရန်ကိုင် မျက်လုံးပြန်ဖွင့်လာခဲ့ပြီး လျို့ယန်ကို သူ့ပေါင်ပေါ် ဆွဲခေါ်လိုက်လေသည်။ ထို့နောက် သူမ၏ပါးလေးကို လက်ဖြင့် ဆွဲညှစ်ကာ ဆော့ကစားရင်းမှ သက်ပြင်းချ၍ ပြောလိုက်လေသည်။ “အကြံတစ်ခုတော့ စဉ်းစားမိတယ်… ဒါပေမယ့် အလုပ်ဖြစ်မလား မသေချာဘူးဖြစ်နေတာ…”
လျို့ယန်သည် ရန်ကိုင်အား ခေါင်းမော့၍ ကြည့်လာခဲ့သည်။ ထို့နောက် သူမ၏မေးစေ့ကို လက်ဖြင့်ပွတ်၍ ရေရွတ်လိုက်လေသည်။ “စဉ်းစားမိတယ်ဆိုလို့ရှိရင် သွားစမ်းကြည့်လေ… စမ်းကြည့်လို့လည်း အရှုံးမှမရှိတာ…”
“ငါလည်း အဲ့လိုပဲ စဉ်းစားနေတာ…” ထိုသို့ပြောပြီးသည့်နောက် ရန်ကိုင်သည် မတ်တပ်ရပ်၍ ပြန်ပြောလိုက်လေ၏။ “သူတို့ ဒီမှာ စုဝေးဖို့ ဘယ်လောက်ကြာဦးမှာလဲ…”
“သတ်မှတ်ထားတဲ့အချိန်ရောက်ဖို့ ဆယ်ရက်ကျော်လောက်တော့ လိုသေးတယ်…”
“ဆယ်ရက်နဲ့ဆို လုံလောက်ပြီ… ဒီမှာ တစ်ချက်ကြည့်ထားပေး… သတင်းတစ်ခုခုထူးတာနဲ့ ငါ့ကို ချက်ချင်းလှမ်းပြော… ငါ တစ်ချက်လောက် သွားစမ်းကြည့်ဦးမယ်…”
“ရတယ်လေ…” လျို့ယန်က ခေါင်းညိတ်လိုက်သည်။
ထို့နောက်တွင် ရန်ကိုင်သည် မြေပြင်ကိုကန်ကျောက်၍ မြားတစ်စင်းပမာ ကြယ်တာရာကောင်းကင်ထဲသို့ ပြေးထွက်သွားကာ လျို့ယန်၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။
ရန်ကိုင်သည် မနှေးလွန်းမမြန်လွန်းသည့်အရှိန်ဖြင့် ကြယ်တာရာကောင်းကင်ထဲ ဦးတည်ရာမဲ့စွာ ပျံသန်းနေခဲ့သည်။ ထိုသို့ပျံသန်းနေရင်းမှ ဧကရာဇ်ချီအချို့ကို ထုတ်လွှတ်၍ သွားရာလမ်းကြောင်းတစ်လျှောက် သူ့အရှိန်အဝါအချို့ကို ချန်ထားရစ်ခဲ့သည်။ တစ်ချိန်တည်းတွင် သူ့အသိစိတ်ပင်လယ်ထဲ၌ ရှိနေသော ကြယ်မြေပုံနှင့် သူသွားသည့်လမ်းကြောင်းကို စစ်ဆေးကြည့်လေ၏။
ကြယ်မြေပုံရှိနေသည့်အတွက်ကြောင့် ရန်ကိုင်သည် သူ နေရာမှားသွားမည်ကို စိတ်ပူမနေခဲ့ပေ။
ထိုသို့ဖြင့် ရန်ကိုင်သည် ထိုနေရာတစ်ဝိုက်တွင် စက်ဝိုင်းပုံစံ လှည့်ပတ်ပျံသန်းနေခဲ့လေသည်။ သူ၏အရှိန်အဝါအားလုံးကို ထိုစက်ဝိုင်းအတွင်းတွင် ချန်ထားရစ်ခဲ့လေသည်။
ငါးရက်ကြာပြီးသည့်နောက် ရန်ကိုင်သည် စက်ဝိုင်းအလယ်ဗဟိုဆီသို့ ပျံသန်းလာခဲ့ပြီး မျက်လုံးမှိတ်လိုက်လေသည်။ ရန်ကိုင်၏ကောင်းကင်စိတ်အာရုံသည် အသိစိတ်ပင်လယ်ထဲသို့ ရောက်ရှိလာခဲ့ပြီး ကြယ်မြေပုံကို စတင်လေ့လာတော့လေသည်။ ရုတ်တရက်ဆိုသလို ကြယ်မြေပုံထဲရှိ ထူးဆန်းသောနေရာတစ်ခုကို ခံစားမိလိုက်သည့်အခိုက် ရန်ကိုင်၏တစ်ကိုယ်လုံး တောင့်တောင့်တင်းတင်းဖြစ်သွားခဲ့သည်။ ထိုနေရာသည် အခြားမဟုတ်။ ရန်ကိုင်၏အရှိန်အဝါကို ချန်ထားရစ်ခဲ့သည့် နေရာသာ ဖြစ်လေသည်။
(စိတ်ဝင်စားစရာပဲ… ဒီတော့ လွန်ခဲ့တဲ့ခြောက်လလုံးလုံး ငါကြိုးစားပြီးလုပ်နေတဲ့နည်းလမ်းက မှားနေတာပေါ့… ဒီနည်းလမ်းသာ အလုပ်ဖြစ်မယ်ဆိုလို့ရှိရင် ကြယ်စီရင်စုအမြုတေကို သန့်စင်ရတာက ကြယ်အမြုတေတစ်ခုကို သန့်စင်တာနဲ့ မတူဘူးပဲ…) ရန်ကိုင်သည် လွန်ခဲ့သည့်ခြောက်လလုံးလုံး ကြယ်စီရင်စုအမြုတေကို ကြယ်အမြုတေအား သန့်စင်သည့်နည်းလမ်းဖြင့် သန့်စင်နေခဲ့ခြင်း ဖြစ်လေသည်။ သို့သော်ငြား သူ့ကြိုးစားအားထုတ်မှုအားလုံးမှာ အချည်းအနှီးသာ ဖြစ်ခဲ့ရသည်။ လက်ရှိအခြေအနေကို ကြည့်ရသလောက် ရန်ကိုင်အနေဖြင့် ကြယ်စီရင်စုအမြုတေကို သန့်စင်လိုပါက အခြေခံ အသေးစိတ်အချက်အလက်မှတစ်ဆင့် ပြန်စရန် လိုအပ်သည့်ပုံပင်။ (ကြည့်ရတာ အစကနေ ပြန်စရတော့မယ်နဲ့တူတယ်… ဒါပေမယ့် ငါ ဘယ်လိုနည်းလမ်းကိုသုံးပြီးတော့ သန့်စင်သင့်လဲ… ငါသိထားတာဆိုလို့ ကြယ်သန့်စင်ခြင်းပညာရပ်တစ်ခုပဲ ရှိတာ…)
ဆုံးဖြတ်၍ပြီးသွားသော် ရန်ကိုင်သည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ ကြယ်သန့်စင်ခြင်းပညာရပ်ကို လှည့်ပတ်၍ သူ့စိတ်အစုံကို ကြယ်မြေပုံထဲရှိ သူ့အရှိန်အဝါချန်ထားရစ်ခဲ့သော ထူးဆန်းသောနေရာအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ထားစေလိုက်လေသည်။ မကြာမီတွင် ရန်ကိုင်မှာ ထူးဆန်းသောခံစားချက်တစ်မျိုးကို ရရှိလိုက်သည်။ မသိလျှင် သူ့အတွေးများသည် လွန်ခဲ့သည့်ရက်များအတွင်း သူရောက်ရှိခဲ့သောနေရာများဆီသို့ သူ့အလိုလို ရောက်ရှိသွားနေသည့်အလား။ ရန်ကိုင်မှာ လွန်ခဲ့သည့်ရက်များအတွင်း သူသွားနေခဲ့သော နယ်ပယ်ဝန်းကျင်တစ်ဝိုက်တွင် ရှိနေသည့် နာမ်ဝတ္တုမှန်သမျှ၏ လှုပ်ရှားမှုများကို မျက်စိဖွင့်မကြည့်ဘဲနှင့်ပင်လျှင် သိနေခဲ့လေသည်။
ကြယ်သန့်စင်ခြင်းပညာရပ်သည် ဖြည်းဖြည်းချင်း လည်ပတ်နေခဲ့ပြီး ကြယ်မြေပုံထဲရှိ တစ်ခုသောနေရာကို ရန်ကိုင်၏အရှိန်အဝါဖြင့် တံဆိပ်ခတ်ပေးနေခဲ့သည်။ ထိုနေရာတစ်ဝိုက်၏ အရောင်မှာလည်း တဖြည်းဖြည်းနှင့် ပြောင်းလဲလာနေခဲ့လေသည်။
ရုတ်တရက်ဆိုသလို ရန်ကိုင် မျက်လုံးပြန်ဖွင့်လာခဲ့ပြီး အကျယ်ကြီးအော်ရယ်မောလိုက်လေ၏။ (ဒီတိုင်း ရုတ်တရက် ကောက်လုပ်လိုက်တဲ့နည်းလမ်းက တကယ်ကြီးအလုပ်ဖြစ်နေမယ်လို့ ငါ တကယ်ကို မထင်ထားဘူး…)
ကြယ်မြေပုံထဲရှိ ထိုနေရာ၏အရောင်မှာ အခြားသောနေရာများနှင့် အနည်းငယ်ကွဲပြားနေခဲ့သည်။ တစ်ချိန်တည်းတွင် ကြယ်တာရာကောင်းကင်ထဲ၌ ရှိနေသော ထိုနေရာကို ရန်ကိုင်မှာ မျက်လုံးဖွင့်မကြည့်ဘဲနှင့်ပင် ခံစားမိနိုင်လေသည်။
ထိုသို့ခံစားနိုင်ရန်အတွက် ရန်ကိုင်သည် မည်သည့်စွမ်းအားကိုမှ ထုတ်မထားခဲ့။ သူတွေးနေသည့်အရာများကို ပြောင်းလဲလိုက်ရုံလေးသာ ရှိပေသည်။ ထို့နောက်တွင် ရန်ကိုင်သည် တစ်နေရာမှ တစ်နေရာသို့ အဆက်မပြတ် ပြောင်းလဲနေခဲ့လေသည်။ ထိုနေရာအတွင်းတွင် ရှိနေသည့် ရန်ကိုင်မှာ ကိုယ်ပွားပေါင်းများစွာ ရှိနေသည့်အလား ရန်ကိုင်အား ဤနေရာတွင်လည်း တွေ့နေရသလို ဟိုနေရာတွင်လည်း တွေ့နေခဲ့ရလေသည်။ ထိုသို့ဖြစ်နေရခြင်းမှာ အခြားမဟုတ်။ ရန်ကိုင်သည် သူ့အတွေးဖြင့် ထိုနေရာတစ်ဝိုက်အတွင်း တည်နေရာခုန်ကူးနေခြင်းသာ ဖြစ်လေသည်။
ဤနေရာသည် ရန်ကိုင်တစ်ဦးတည်းသာ ပိုင်ဆိုင်သော ကြယ်တာရာအစုအဝေး၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပေသည်။ ဤအစိတ်အပိုင်းအတွင်းတွင် ရန်ကိုင်သည် သခင်ဖြစ်ပေသည်။ တစ်နည်းဆိုရသော် ဤအစိတ်အပိုင်းသည် အရိပ်ကြယ်နှင့် အလားသဏ္ဍာန်တူပေသည်။ အရိပ်ကြယ်ပေါ်တွင် ရန်ကိုင်သည် ကြယ်သခင်ဖြစ်သလို ဤနေရာတွင်လည်း သူသည် သခင်ဖြစ်လေသည်။
ရန်ကိုင် ရုတ်တရက် ရပ်သွားခဲ့သည်။ သူ့မျက်လုံးများမှာတော့ စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နေလေ၏။ (ငါ အခု စမ်းကြည့်လိုက်လို့ ဘာမှမဖြစ်ဘူးဆိုလို့ရှိရင် ငါ အကြံဉာဏ်က မှန်တယ်လို့ သက်သေပြနေတာပဲ… ဒီလိုသာဆိုလို့ရှိရင် ကြယ်မြေပုံတစ်ခုလုံးကို သန့်စင်ဖို့ ငါ့အတွက် အချိန်ပဲလိုတော့တာပေါ့…)
ထို့နောက်တွင် ရန်ကိုင်သည် အသက်ကိုပြင်းပြင်းရှူသွင်း၍ အော်ဟစ်ဟိန်းဟောက်လိုက်လေသည်။ ထူးဆန်းသည့်အသံတစ်သံသည် သူ့ခန္ဓာကိုယ်အတွင်းပိုင်းဆီမှ ထွက်ပေါ်လာနေခဲ့ပြီး ရန်ကိုင်၏ကျင့်ကြံခြင်းအား ချိတ်ပိတ်ထားသော ချိတ်စည်းမှာလည်း စတင်၍ ပျက်စီးလာခဲ့လေသည်။ ချက်ချင်းဆိုသလို ရန်ကိုင်၏ကျင့်ကြံခြင်းမှာ တဟုန်ထိုး မြင့်တက်လာတော့လေသည်။ တာအိုသခင်ပထမအဆင့်…။ တာအိုသခင်ဒုတိယအဆင့်…။ တာအိုသခင်တတိယအဆင့်…။ ဧကရာဇ်အဆင့်…။
သူ့ကျင့်ကြံခြင်းအား ချိတ်ပိတ်ထားသည့် ချိတ်စည်းကို ဖြည်လိုက်သည့်တိုင် ရန်ကိုင်မှာ လုံလုံခြုံခြုံသာ ရှိနေပေသေးသည်။ လောကနိယာမများသည် သူ့အား အနည်းငယ်မျှပင် ငြင်းဆန်နေခြင်းမရှိတော့။
(ငါလုပ်လိုက်နိုင်ပြီ…)