← Chapters

စတီဖင်

Vol. 3 Ch. 27

စတီဖင်

Vol. 3 Ch. 27

‎ဆိုင်းလပ်စ်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီးမှ ပန်းကန်ခွက်ယောက်များကို အေးအေးဆေးဆေးပင် သိမ်းဆည်းလိုက်သည်။ သူ၏ တိတ်ဆိတ်မှုမှာ အဖြေရှိနေပြီးသားဖြစ်သည်။

‎အိုင်ဗီ့ရင်ထဲမှာတော့ တွန့်ဆုတ်မှုတွေ ပြည့်နှက်နေသည်။ ဒီမှာပဲ ဆက်နေချင်သလို...

‎"မဟုတ်ဘူး အိုင်ဗီ။ နင် ဘာတွေ တွေးနေတာလဲ။ အာရုံစိုက်စမ်း။ ဟိုလူတွေကို နင် လက်စားမချေရသေးဘူးလေ"

‎သူမ ထွက်ခွာတော့မည့်ဆဲဆဲမှာပဲ ခြေလှမ်းတွေကို ရပ်လိုက်ပြီး...

‎"ဆိုင်းလပ်စ်... ရှင့်ရဲ့ ဦးလေးဆီ ဖုန်းဆက်ပြီး ကျွန်မနဲ့စကားခဏပေး‌ ပြောလို့ ရမလား"

‎ဆိုင်းလပ်စ်သည် ရုတ်တရက်ဆန်လှသော တောင်းဆိုမှုကြောင့် မှင်တက်သွားခဲ့သည်။

‎"ဘာကြောင့်လဲဆိုတာ မေးလို့ရမလား"

‎အိုင်ဗီ နှုတ်ခမ်းကို ဖိကိုက်လိုက်မိသည်။ ဆိုင်းလပ်စ်တွင် စတီဖင်ဟုခေါ်သော ဦးလေးတစ်ယောက်ရှိပြီး ဆိုင်းလပ်စ်၏ ဖခင် ဒါန်တီ ကဲ့သို့ပင် စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

‎ဝမ်းနည်းစရာကောင်းတဲ့ ကံကြမ္မာမှာ... သူတို့နှစ်ဦးစလုံးသည် စစ်သည်တော်များကို ကာကွယ်ရင်း ကျဆုံးခဲ့ရခြင်းဖြစ်သည်။

‎ဒါန်တီသည် နောက်ထပ် ၆ နှစ်ခန့် အသက်ရှင်ခဲ့သော်လည်း စတီဖင်ကတော့ စွမ်းအင်မိုးရွာပြီး ၂ ရက်အကြာမှာတင် သေဆုံးခဲ့ရသည်။

‎စတီဖင် သေဆုံးပြီးနောက် ဆိုင်းလပ်စ်၏ တစ်သက်တာတွင် ပထမဆုံးအကြိမ်အဖြစ် ငိုကြွေးခဲ့ရသည်။ ထိုစဉ်က ဆိုင်းလပ်စ်၏ အခြေအနေမှာ အလွန်ပင် ဆိုးဝါးခဲ့သဖြင့် အိုင်ဗီ့စိတ်ထဲတွင် ထိုမြင်ကွင်းက စွဲထင်ကျန်ရစ်နေခဲ့ခြင်းဖြစ်သည်။

‎စတီဖင် မည်သို့သေဆုံးခဲ့သည်ဆိုသော အသေးစိတ်အချက်အလက်များကို အိုင်ဗီမသိသော်လည်း ဝေဝါးသော ပုံရိပ်အချို့ကပင် စတီဖင်ကို သတိပေးရန် လုံလောက်လှပါသည်။

‎"သူ့ကို တစ်ခုခု သတိပေးချင်လို့ပါ" ဟု အိုင်ဗီက အမှန်အတိုင်း ပြောလိုက်သည်။

‎ဆိုင်းလပ်စ်၏ မျက်ဝန်းထဲတွင် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း အိုင်ဗီ့အတွက် လွတ်လပ်ခွင့်ပေးရန် ဆုံးဖြတ်လိုက်ပြီး ထပ်မမေးတော့ပါ။

‎သူသည် ဖုန်းကိုထုတ်ကာ အိုင်ဗီ့ထံ ကမ်းပေးလိုက်သည်။

‎အိုင်ဗီသည် အောင့်ထားခဲ့ရသော အသက်ရှူသံကို ခပ်ဖြည်းဖြည်းချင်း ပြန်ထုတ်လိုက်ပြီး စတီဖင်၏ နံပါတ်ကို နှိပ်လိုက်သည်။

‎မကြာခင်မှာပင် ဖုန်းဝင်သွားပြီး စတီဖင်၏ နွေးထွေးပြီး တက်ကြွလှသော အသံ ထွက်ပေါ်လာသည်။

‎"ဆိုင်းလပ်စ်လား။ ငါလည်း မင်းအကြောင်း ပြောနေတာ။ ငါတို့တွေ စိတ်ချင်း ဆက်နေတာပဲ"

‎"ဦးလေးစတီဖင်... ကျွန်မ အိုင်ဗီပါ" အိုင်ဗီက စကားဖြတ်ပြောလိုက်သည်။

‎ဆိုင်းလပ်စ်က သူမအပေါ် ပိုပြီး ဂရုစိုက်မှုတွေ စတင်ပြသလာကတည်းက ဆိုင်းလပ်စ်၏ မိသားစုဝင်အားလုံးက သူမကို စုံစမ်းစစ်ဆေးခဲ့ကြသည်။

‎အရင်ဘဝတုန်းက ဆိုင်းလပ်စ် သေဆုံးပြီးနောက်မှသာ ဦးလေးစတီဖင်တို့ မိသားစုက သူမနာမည်နဲ့ ဗီလာအိမ်ကြီးတစ်လုံးကို လျှို့ဝှက်ဝယ်ယူပေးထားခဲ့မှန်း အိုင်ဗီ သိခဲ့ရခြင်းဖြစ်သည်။

‎နှမြောစရာကောင်းသည်မှာ ကပ်ဘေးကြီး ရောက်လာခဲ့ခြင်းပင်။ မဟုတ်လျှင်တော့ ထိုအိမ်ကို ငှားစားရုံဖြင့်ပင် အိုင်ဗီတစ်ယောက် အေးအေးဆေးဆေး နေထိုင်နိုင်မည်ဖြစ်သည်။

‎သူတို့သည် ဆိုင်းလပ်စ်၏ ရွေးချယ်မှုကို လေးစားကြပြီး ထိုလက်ဆောင်မှာ ဆိုင်းလပ်စ်အပေါ် သူတို့၏ ထောက်ခံမှုကို ပြသခြင်းပင် ဖြစ်သည်။

‎"အိုင်ဗီလား။ ဆိုင်းလပ်စ် တစ်ခုခုဖြစ်လို့လား။ ဘာလို့ သမီးက ဖုန်းကိုင်ရတာလဲ။ ဒါမှမဟုတ် တစ်ယောက်ယောက်က သမီးကို အနိုင်ကျင့်လို့လား။ ဦးလေး ကူညီပေးရမလား" စတီဖင်၏ အသံတွင် စိုးရိမ်မှုများ အထင်းသား ပေါ်လွင်နေသည်။

‎"မဟုတ်ပါဘူး။ သူလည်း နေကောင်းပါတယ်၊ ကျွန်မလည်း အဆင်ပြေပါတယ်။ ကျွန်မ သတိပေးချင်တာကတော့ မနက်ဖြန် မြို့ဆင်ခြေဖုံးနားမှာ ညကင်းလှည့်ရမယ့် တာဝန်ကို ငြင်းလိုက်ဖို့ပါပဲ" အိုင်ဗီ၏ အသံမှာ အလျင်စလို ဖြစ်နေသည်။

‎စတီဖင်ကတော့ ထိုထူးဆန်းသော စကားလုံးများကြောင့် ဇဝေဇဝါဖြစ်သွားကာ...

‎"ဘာတာဝန်လဲ။ ဦးလေးဆီ အဲ့လို တာဝန်မျိုး မရောက်သေးပါဘူး..."

‎"ရောက်လာလိမ့်မယ်" အိုင်ဗီက အပိုင်ပြောလိုက်သည်။

‎"ဦးလေးရဲ့ လုပ်ဖော်ကိုင်ဖက်တွေက မိသားစုရေး အရေးပေါ်ကိစ္စရှိတယ်ဆိုပြီး ဟန်ဆောင်ကြလိမ့်မယ်၊ အဲ့ဒီအခါ အဲ့ဒီတာဝန်က ဦးလေးဆီ ရောက်လာလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါကို ငြင်းရမယ်နော်။ တကယ်လို့ မဖြစ်မနေ သွားရမယ်ဆိုရင်တောင်မှ အဆင့်အမြင့်ဆုံး လက်နက်တွေကို ယူသွားပါ။ ပြီးတော့ သစ်ပင်တွေနဲ့ ဝေးဝေးမှာနေ။ အကယ်၍ တစ်ခုခု တွားသွားတဲ့ အသံမျိုး ကြားရရင်တော့ ဘာကိုမှ မငဲ့ဘဲ အမြန်ဆုံးသာ ပြေး‌ ပေတော့"

‎တစ်ဖက်တွင် ခဏလောက်တိတ်ဆိတ်သွားသည်။ အိုင်ဗီ့စိတ်ထဲတွင် စတီဖင်၏ မျက်နှာကို ပုံဖော်ကြည့်မိသည်။ သူမ၏ ထူးဆန်းပြီး အရေးတကြီး သတိပေးချက်ကို နားလည်နိုင်ရန် ကြိုးစားရင်း မျက်မှောင်ကြုတ်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားမည့် ပုံရိပ်ပင်။

‎"အိုင်ဗီ..." စတီဖင်၏ အသံက နူးညံ့သွားသော်လည်း စိုးရိမ်ရိပ်များ ပါဝင်နေသည်။

‎"ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ ဒါတွေကို ပြောနေတာလဲ။ တစ်ခုခု ဖြစ်လို့လား။ ဆိုင်းလပ်စ်က တစ်ခုခု ပြောပြလိုက်လို့လား"

‎"မဟုတ်ဘူး" အိုင်ဗီက ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ချက်ချင်း ပြန်ဖြေလိုက်သည်။ သူမ၏ ရင်တွေလည်း တဒိန်းဒိန်း ခုန်နေသည်။

‎"ဆိုင်းလပ်စ် ဘာမှမသိဘူး။ ကျေးဇူးပြုပြီး ဦးလေးစတီဖင်... ကျွန်မကို ယုံပေးပါ။ ဒါဟာ ရူး‌ ကြောင်ကြောင်ဖြစ်နေသလို ထင်ရပြီး၊ ဘာအဓိပ္ပာယ်မှ မရှိဘူးလို့ ထင်ရပေမယ့်... မနက်ဖြန်ညကျရင် သတိအရှိဆုံးနဲ့ နေပေးမယ်လို့ ကတိပေးပါ။ ကျွန်မပြောတာတွေကို မှတ်ထားပေးမယ်လို့ ကတိပေးပါ"

‎တိတ်ဆိတ်သွားသည်။

‎ထို့နောက်တွင်တော့ ဖုန်းထဲမှ သက်ပြင်းချသံသဲ့သဲ့ ထွက်ပေါ်လာသည်။ စတီဖင်သည် သူမကိုစကားကို နားထောင်လိုက်ရမလား၊ ဒါမှမဟုတ် အဖြေတွေကို ဇွတ်မေးရမလားလို့ စဉ်းစားနေပုံရသည်။

‎နောက်ဆုံးတွင်တော့ သူ၏ တည်ငြိမ်ပြီး ကြင်နာလှသော အသံ ထွက်ပေါ်လာသည်။

‎"ကောင်းပါပြီ အိုင်ဗီ။ ဘာတွေ ဖြစ်နေလဲဆိုတာ ဦးလေး မသိပေမယ့် ကတိပေးပါတယ်။ ဦးလေး သတိထားပါ့မယ်။ ပေါ့ပေါ့ဆဆ မနေပါဘူး"

‎အိုင်ဗီ့တစ်ကိုယ်လုံး စိတ်သက်သာရာရမှုများ စီးဆင်းသွားသည်။ သူမ မျက်လုံးတွေကို ခဏမှိတ်ထားလိုက်ပြီး တင်းမာနေတဲ့ ပုခုံးတွေလည်း လျော့ကျသွားရသည်။

‎"ကျေးဇူးတင်ပါတယ်..." သူမ တိုးတိုးလေး ရေရွတ်လိုက်သည်။

‎"မနက်ဖြန် ဦးလေး သမီးတို့ဆီ ဖုန်းဆက်လိုက်မယ်။ ဂရုစိုက်ကြနော်" စတီဖင်က နူးညံ့စွာပင် ထပ်ပြောသည်။

‎"ဟုတ်ကဲ့" အိုင်ဗီ ခေါင်းညိတ်ပြလိုက်ပြီး ဖုန်းချလိုက်သည်။

‎သူမ မော့ကြည့်လိုက်တဲ့အခါ ဆိုင်းလပ်စ်က သူမကို တိတ်တိတ်ဆိတ်ဆိတ် စဉ်းစားတွေးတောစွာဖြင့် ကြည့်နေသည်။ သူ ဘာမှမမေးပါ။ မေးဖို့လည်း မလိုတော့တာမို့ အိုင်ဗီ ကျေးဇူးတင်မိသည်။

‎သူမသည် ဆိုင်းလပ်စ်၏ ခေါင်းထဲတွင် မေးခွန်းပေါင်း ထောင်သောင်းချီ ကျန်ရစ်စေခဲ့ကာ အခန်းထဲမှ ထွက်ခွာခဲ့သည်။

‎အိုင်ဗီ တကယ်ပဲ ပြောင်းလဲသွားခဲ့ပြီဆိုတာ ဆိုင်းလပ်စ် မြင်နေရသည်။ သူမတွင် ထူးဆန်းသော စွမ်းအားတစ်ခု ရှိနေသည်။ ပထမဆုံးအချက်မှာ သူမ၏ ပြတ်သားလှသော သေနတ်ပစ်စွမ်းရည်နှင့် ပင်ကိုယ်သိစိတ်၊ ဒုတိယအချက်မှာ ထူးဆန်းသော သိုလှောင်နယ်မြေ၊ သူ့ကိုရော သူ့အသင်းသားတွေကိုပါ အိပ်မွေ့ချလိုက်တာ၊ အစားအသောက်များကို တကယ်ဖြစ်တည်စေခြင်း၊ သူမ၏ ထူးဆန်းသော အမူအယာ တွေ၊ ထို့နောက်တွင်တော့ ထူးခြားလှသော အကြံဉာဏ်တွေ...။

‎ရာဗင်ခရော့ဖ် မိသားစုနှင့် ပတ်သက်မှုတွေ အကုန် ဆိုင်းလပ်စ် သိလိုက်ပါပြီ။ သူတို့တွေ အိုင်ဗီ့ရဲ့ လုပ်ရပ်အပေါ် အထင်လွဲနေခဲ့ကြခြင်း ဖြစ်နိုင်သည်။

‎အိုင်ဗီ့ကို သူ တွေ့ခဲ့တုန်းက သူမ ကြမ်းပြင်ပေါ်မှာ သတိလစ်နေတာပါ။ တကယ်လို့ ရာဗင်ခရော့ဖ်တွေ ပြောတာသာ အမှန်ဆိုရင် အိုင်ဗီ ဘာလို့ သတိလစ်နေရမှာလဲ။

‎ဘာလို့ သူမက သူ့အသင်းသားတွေနဲ့ မိသားစု‌ တွေကို အိပ်မွေ့ချပြီးမှ အိပ်ဆေးတွေ သောက်ခဲ့ရတာလဲ။

‎ဖြစ်နိုင်တာက တစ်စုံတစ်ခုသော ဘေးအန္တရာယ်ကနေ သူတို့ကို ကာကွယ်ဖို့ သူမ ကြိုးစားနေခဲ့တာ ဖြစ်လိမ့်မည်။

‎သူ့ရဲ့ သံသယတွေဟာ ဒီနေ့ အိုင်ဗီ့စကားတွေကြောင့် အတည်ဖြစ်သွားခဲ့သည်။ သေချာသည်မှာ သူမသည် အနာဂတ်ကို သိနေတာ ဒါမှမဟုတ် အနာဂတ်ကို ခန့်မှန်းနိုင်တာတစ်ခုခုပင်။

‎"ဘယ်လိုပဲဖြစ်ဖြစ်... ငါ သူမကို ကာကွယ်ရမယ်" ဆိုင်းလပ်စ် တွေးနေစဉ်မှာပင် စတီဖင်ဆီမှ ဖုန်းဝင်လာသည်။

‎ဖုန်းကိုင်လိုက်တော့ စတီဖင်က ခဏတိတ်နေပြီးမှ ဆိုင်းလပ်စ်ကပဲ အရင် စကားစလိုက်သည်။

‎"ဦးလေး... ကျွန်တော်ပါ"

‎"ဆိုင်းလပ်စ်... ဟုတ်ပြီ။ ဖုန်းက စပီကာ ဖွင့်ထားတာလား" စတီဖင်၏ နွေးထွေးတည်ငြိမ်သော အသံက တိတ်ဆိတ်နေသော အခန်းထဲတွင် ပဲ့တင်ထပ်သွားသည်။

‎"မဟုတ်ပါဘူး"

‎"ကောင်းပြီ ဆိုင်းလပ်စ်။ ဦးလေး ထင်တာကတော့ အိုင်ဗီမှာ PTSD (စိတ်ဒဏ်ရာလွန် ဝေဒနာ) ရှိနေပုံရတယ်။ သူမက..."

‎"သူမက ရူးကြောင်ကြောင် စကားတွေ ပြောနေတာ မဟုတ်ဘူး ဦးလေး" ဆိုင်းလပ်စ်က စတီဖင်၏ စကားကို ဖြတ်ပြောလိုက်သည်။ သူ့အသံက အေးစက်နေပြီး တည်ငြိမ်စွာပင် ဆန်းစစ်ပြလိုက်သည်။ "ဦးလေး ယုံချင်မှ ယုံလိမ့်မယ်၊ ဒါပေမဲ့ အခုထိ အိုင်ဗီပြောသမျှ အရာအားလုံးက လက်တွေ့မှာ ဖြစ်လာခဲ့တယ်။ သူမရဲ့ စကားတွေကို အလေးအနက်ထားပေးပါ"

‎သူ့အသံတွင် မကျေနပ်သည့် အရိပ်အယောင်အချို့လည်း ပါဝင်နေသည်။ စတီဖင်က အိုင်ဗီ့အပေါ် ထိုသို့ပြောလိုက်သည်ကို သူ စိတ်မကောင်းဖြစ်သွားခြင်းပင်။

‎စတီဖင် : (ဟမ်) သားကောင်းရတနာလေး။ တော်တယ်။

‎"အေးပါ... အေးပါ။ ဦးလေး နားလည်ပါပြီ။ ဦးလေးက မှားပြီး မင်းမိန်းမက အမှန်ပေါ့။ တကယ်ပဲ ဒီခေတ်ကလေးတွေဟာ... သူတို့ချစ်သူဆိုရင်တော့ သိပ်ကာကွယ်ချင်ကြတာပဲ။ ဟင်း... ဆိုင်းလပ်စ်၊ ဦးလေး နောက်မှ ပြန်ခေါ်မယ်နော်၊ အထက်လူကြီးက ဦးလေးကို ခေါ်နေလို့"

‎ဆိုင်းလပ်စ်၏ ခန္ဓာကိုယ်လေး တောင့်တင်းသွားသည်။ အိုင်ဗီ့ရဲ့ ခန့်မှန်းချက်တွေ တကယ်ပဲ ဖြစ်လာတော့မှာလား။

‎

All Chapters