← Chapters

အချိန်မှတ်နာရီ

Vol. 3 Ch. 30

အချိန်မှတ်နာရီ

Vol. 3 Ch. 30

‎၁၅:၀၀

‎၁၄:၅၉

‎၁၄:၅၈

‎...

‎အချိန်မှတ်နာရီမှ ကိန်းဂဏန်းများ စတင်လျော့ကျလာသည်နှင့်အမျှ အိုင်ဗီ မျက်မှောင်ကြုတ်လိုက်မိသည်။

‎ဘာတွေဖြစ်နေတာလဲ။ ထိုမေးခွန်းက သူမ၏ခေါင်းထဲတွင် ကြီးစိုးနေစဉ်မှာပင် သူမ၏အကြည့်က ကြမ်းပြင်ပေါ်ရှိ အစားအသောက်များပေါ်သို့ ကျရောက်သွားသည်။

‎"ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ!" အိုင်ဗီ အော်ဟစ်မိလုနီးပါး ဖြစ်သွားသည်။

‎သူမ၏မျက်လုံးများကိုပင် သူမ မယုံနိုင်အောင် ဖြစ်နေရသည်။

‎အိမ်ခေါင်မိုးတစ်ခုလုံးတွင် ဆန်ထုပ်အမျိုးမျိုး ပြန့်ကျဲနေသည်။ ဒီမြင်ကွင်းတင်သာဆိုလျှင် အိုင်ဗီ ဤမျှ တုံ့ပြန်မိမည်မဟုတ်ပေ။

‎သို့သော် သူမ ထိတ်လန့်သွားရသည်မှာ ဇမ်ဘီများသည် ထိုဆန်ထုပ်များကို ဘာမှမရှိသလိုမျိုး ဖြတ်သန်းသွားလာနေကြခြင်းပင်။ ထိုဆန်ထုပ်များသည် ဤလောကတွင် တကယ်ရှိမနေသကဲ့သို့ပင်။

‎တကယ့်ကို ထူးဆန်းလွန်းလှသည့် ကမ္ဘာကြီးပါလား။

‎အိုင်ဗီသည် သူမ၏ အာရုံခံစားမှုများကိုပင် သံသယဝင်စပြုလာသည်။ စက္ကန့်အနည်းငယ်ကြာမှ သူမ သတိပြန်ဝင်လာပြီး...

‎'မဟုတ်ဘူး အိုင်ဗီ။ ဒါက အရာအားလုံးကို သံသယဝင်နေရမယ့် အချိန်မဟုတ်ဘူး။ ရသမျှ အထောက်အပံ့တွေကို အမြန်စုဆောင်းရမယ်'

‎ထိုသို့တွေးပြီး အိုင်ဗီသည် ငုံ့ကာ ၂၀၀ ဂရမ်ရှိသော ဆန်လုံးညိုထုပ်ကို ကောက်ယူလိုက်သည်။

‎အိုင်ဗီ၏ လက်ချောင်းများက ဆန်လုံးညိုထုပ်ကို ထိတွေ့လိုက်သည်နှင့် သူမ၏လက်ဖဝါးထဲသို့ ထူးဆန်းသော နွေးထွေးမှုတစ်ခု ပျံ့နှံ့သွားသည်။

‎တစ္ဆေတစ်ကောင်လို ဝေဝါးကြည်လင်နေသော ဆန်ထုပ်သည် သူမ ဆုပ်ကိုင်လိုက်သည်နှင့် ဤလောကတွင် အမြဲရှိနေခဲ့သကဲ့သို့ ခိုင်မာသော အရာဝတ္ထုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

‎ဒေါင်!

‎[ဤပစ္စည်းအား ၂၅ ဆ ပွားယူလိုပါသလား။ ၁ ကီလိုဘိုက် ကုန်ကျမည် ဖြစ်သည်။ သို့မဟုတ် သိမ်းဆည်းထားပြီးနောက်မှ ပွားယူမည်လား]

‎အိုင်ဗီ မတွန့်ဆုတ်တော့ပါ။ နှလုံးခုန်သံများ မြန်နေသော်လည်း သူမ၏ ဦးနှောက်ကတော့ ထက်မြက်နေဆဲပင်။

‎"သိမ်းထားလိုက် နောက်မှ ပွားမယ်" သူမ တိုးတိုးလေး အလျင်စလို ပြောလိုက်သည်။ တစ်စက္ကန့်လေးတောင် အလဟဿ အဖြစ်မခံနိုင်ပါ။

‎ဆန်ထုပ်သည် သူမလက်ထဲမှ အလင်းတန်းလေးတစ်ခုနှင့်အတူ ပျောက်ကွယ်သွားပြီး စွမ်းအင်သိုလှောင်မှုဟင်းလင်းပြင်ထဲသို့ ရောက်ရှိသွားသည်။ အိုင်ဗီ အသက်ပြင်းပြင်းတစ်ချက်ရှူကာ နောက်ထပ်တစ်ထုပ်ကို ထပ်ကောက်ပြန်သည်။

‎ဘက်စမာတီဆန် ၄၀၀ ဂရမ်ထုပ်။

‎သူမ၏ အသားနှင့် ပလတ်စတစ်အိတ် ထိတွေ့လိုက်သည်နှင့် ထိုနွေးထွေးမှုက လက်ဖဝါးထဲ စိမ့်ဝင်လာပြီး ဆန်ထုပ်က အစစ်အမှန် ဖြစ်လာသည်။

‎[၂၅ ဆ ပွားမလား? ၁ ကီလိုဘိုက် ကုန်ကျမည်။ သို့မဟုတ် သိမ်းထားမလား?]

‎"သိမ်းထားနောက်မှ ပွားမယ်" အိုင်ဗီ့အသံက တိုးသော်လည်း ပြတ်သားနေသည်။

‎ဘက်စမာတီဆန်ထုပ် ပျောက်ကွယ်သွားပြီးနောက် သူမသည် ဒူးထောက်လျက်ပင် ၃၀၀ ဂရမ်ရှိ ဆန်ဖြူထုပ်ကို ထပ်ယူသည်။ နောက်ထပ် အလင်းတန်း၊ နောက်ထပ် နွေးထွေးမှု။

‎"သိမ်းထားနောက်မှ ပွားမယ်"

‎သူမ၏ လှုပ်ရှားမှုများမှာ ကကွက်တစ်ခုလို ချောမွေ့လာသည်။

‎ကောက်ညှင်းဆန် ၂၅၀ ဂရမ်၊ တောဆန် ၅၀၀ ဂရမ်နှင့် အာရပ်ဆန် ၃၅၀ ဂရမ်တို့ကို တစ်ထုပ်ပြီးတစ်ထုပ် အမိန့်ပေးကာ သိမ်းဆည်းလိုက်သည်။ သိုလှောင်နယ်မြေကလည်း အမှားအယွင်းမရှိ အကုန်လက်ခံပေးနေသည်။

‎သူမ၏ ပတ်ပတ်လည်တွင် ဇမ်ဘီများသည် ရည်ရွယ်ချက်မဲ့စွာ လျှောက်သွားနေကြပြီး ၎င်းတို့၏ မျက်တွင်းဟောင်းလောင်း မျက်လုံးများက အိုင်ဗီ့ဘက်သို့ ကြည့်သော်လည်း သူမကို တကယ် မြင်ပုံမရပေ။

‎အိုင်ဗီနှင့် ၎င်းတို့ကြားတွင် မမြင်ရသော အတားအဆီးတစ်ခု ရှိနေသကဲ့သို့ပင်။ ၎င်းတို့သည် ညည်းတွားသံပင် မပြုဘဲ သူမအတွက် လမ်းဖယ်ပေးနေကြသည်။

‎၀၇:၀၀

‎၀၆:၅၉

‎အချိန်မှတ်နာရီက တဖြည်းဖြည်း လျော့နည်းလာနေပြီး စက္ကန့်တိုင်းမှာ အိုင်ဗီ၏ အာရုံကြောတွေကို ဓားနဲ့မွှန်းနေသလို ခံစားရသည်။ နဖူးမှ ချွေးများ စီးကျလာသော်လည်း သူမ မရပ်တန့်ပါ။

‎ဂျက်စမင် ဆန် ၂၀၀ ဂရမ်၊ ဆန်နီ ၄၅၀ ဂရမ်၊ ဆန်နက် ၄၀၀ ဂရမ်နှင့် ပေါင်းဆန် ၃၀၀ ဂရမ်တို့ကို စုဆောင်းလိုက်သည်။

‎သူမ အသက်ရှူသံများ ပြင်းထန်လာသော်လည်း လက်များကတော့ မတုန်မရင် ရှိနေဆဲ။

‎၀၂:၀၀

‎၀၁:၅၉

‎အိုင်ဗီ အချိန်မှတ်နာရီကို လှမ်းကြည့်လိုက်ရာ နှလုံးခုန်သံ တစ်ချက် ရပ်သွားမတတ် ခံစားရသည်။ လင်းထိန်နေသော ကိန်းဂဏန်း များသည်လဲသတိပေးမီးနီကဲ့သို့ နီရဲနေပြီ။

‎'တစ်မိနစ်ပဲ ကျန်တော့တယ်... မဟုတ်ဘူး၊ တစ်မိနစ်တောင် မပြည့်တော့ဘူး။ တောက်စ်'

‎ထိတ်လန့်မှုများ သွေးကြောထဲ စီးဆင်းလာသော်လည်း သူမ အတင်းဖိနှိပ်ထားလိုက်သည်။

‎ဆန်လုံးတို ၅၀၀ ဂရမ်၊ ဆူရှီဆန် ၂၅၀ ဂရမ်နှင့် ဝေဟနီ ဆန် ၃၅၀ ဂရမ်တို့ကို လက်လှမ်းသမျှ အမြန်ကောက်ယူလိုက်သည်။

‎"သိမ်းထား နောက်မှ ပွားမယ်"

‎သူမ၏ ခြေလှမ်းများ ပိုမြန်လာပြီး ဖိနပ်နှင့် ကြမ်းပြင်ထိတွေ့သံများ ဆူညံနေသည်။ ဇမ်ဘီများကတော့ သူမကို ညဘက်တွင် ဖြတ်ပြေးသွားသော အရိပ်တစ်ခုလိုပင် လျစ်လျူရှုထားဆဲ။

‎၀၀:၃၀

‎၀၀:၂၉

‎အချိန်မှတ်နာရီက သူမ၏အာရုံထဲမှာ တောက်လောင်နေသော်လည်း အိုင်ဗီ ဆက်လုပ်နေသည်။

‎ကောက်ညှင်း ၃၀၀ ဂရမ်၊ အမွှေးစပါး ၄၀၀ ဂရမ်နှင့် အာဘိုရီယို ဆန် ၅၀၀ ဂရမ်တို့ အားလုံး ဘေးကင်းစွာ သိမ်းဆည်းပြီးပြီ။ သူမ၏လက်များ တုန်ယင်နေသော်လည်း သူမ မရပ်တန့်ပါ။ ရပ်တန့်၍ မရပါ။

‎၀၀:၀၅

‎၀၀:၀၄

‎အိုင်ဗီသည် နောက်ဆုံးတွေ့ရသော ဘွန်ဘာ ဆန် ၂၅၀ ဂရမ်ထုပ်ကို လှမ်းဆွဲလိုက်သည့်အချိန်မှာပင် အိမ်ခေါင်မိုးတစ်ခုလုံးသည် ပျောက်ကွယ်တော့မည့် ရိပ်ယောင်ကဲ့သို့ ဝေဝါးလာသည်။

‎"သိမ်းထား" သူမ အသက်မောစွာ ဟစ်အော်လိုက်သည်။

‎ထို့နောက်... ၀၀:၀၀

‎ကျန်ရှိနေသော ဆန်ထုပ်များသည် ဘာမှမရှိခဲ့သလို လေထဲတွင် ပျော်ဝင်ကွယ်ပျောက်သွားတော့သည်။

‎အိုင်ဗီသည် ရုတ်တရက် ကျရောက်လာသော တိတ်ဆိတ်မှုထဲတွင် မတ်တပ်ရပ်နေမိသည်။ တစ်ကိုယ်လုံး တောင့်တင်းနေပြီး အဝတ်အစားများမှာလည်း ချွေးများဖြင့် စိုရွှဲနေသည်။

‎သူမ လုပ်နိုင်ခဲ့ပြီ။

‎ခြေလက်များ နာကျင်ကိုက်ခဲနေသော်လည်း အိုင်ဗီသည် ရရှိလာသည့် ပစ္စည်းများကို နောက်မှ စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ ဇမ်ဘီများကြားတွင် အကြာကြီးနေခြင်းမှာ မကောင်းလှပေ။

‎အိမ်ခေါင်မိုးမှ ထွက်ကာ တံခါးပိတ်ပြီး လှေကားထစ်ပေါ်တွင် ထိုင်လိုက်ရင်း သူမ အမိန့်ပေးလိုက်သည်။

‎"သိုလှောင်မှု ရေ၊ ငါ့ရဲ့ ရလဒ်တွေကို ပြစမ်း"

‎သူမ၏ လေသံထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်လေး ပါဝင်နေသည်။

‎[ဟုတ်ကဲ့]

‎အံ့သြစရာကောင်းသည်မှာ ယခုတစ်ကြိမ်တွင် သူမ တုံ့ပြန်မှု ရရှိခဲ့ခြင်းပင်။

‎[ဆန်လုံးညို - ၂၀၀ ဂရမ်၊ ဘက်စမာတီ - ၄၀၀ ဂရမ်၊ ဆန်ဖြူ - ၃၀၀ ဂရမ်၊ ကောက်ညှင်းဆန် - ၂၅၀ ဂရမ်၊ တောဆန် - ၅၀၀ ဂရမ်၊ အာရပ်ဆန် - ၃၅၀ ဂရမ်၊ ဂျက်စမင်ဆန် - ၂၀၀ ဂရမ်၊ ဆန်နီ - ၄၅၀ ဂရမ်၊ ဆန်နက် - ၄၀၀ ဂရမ်၊ ပေါင်းဆန် - ၃၀၀ ဂရမ်၊ ဆန်လုံးတို - ၅၀၀ ဂရမ်၊ ဆူရှီဆန် - ၂၅၀ ဂရမ်၊ ဝေဟနီဆန် - ၃၅၀ ဂရမ်၊ ကောက်ညှင်း - ၃၀၀ ဂရမ်၊ အမွှေးဆန် - ၄၀၀ ဂရမ်၊ အာဘိုရီယို - ၅၀၀ ဂရမ်၊ ဘွန်ဘာဆန် - ၂၅၀ ဂရမ်။]

‎အိုင်ဗီ အမြန်တွက်ချက်ကြည့်လိုက်ရာ ပမာဏမှာ များသလို ထင်ရသော်လည်း လူတစ်ယောက်အတွက် ၄ လစာထက် ပိုမလောက်နိုင်မှန်း သိလိုက်သည်။

‎သို့သော်လည်း 'ပွားယူခြင်း' စွမ်းဆောင်ချက်နှင့် သူမ၏ စွမ်းအားကို ပေါင်းစပ်လိုက်လျှင် အိုင်ဗီ စိတ်ချသွားရသည်။

‎'ငါ ပြန်လည်မွေးဖွားလာတာ နောက်ကျခဲ့ရင်တောင်မှ... ဒီစွမ်းအားနဲ့ဆိုရင်တော့ အစားအသောက် ပြတ်လပ်မှာကို ဘယ်တော့မှ စိုးရိမ်စရာ မလိုတော့ဘူး!' အိုင်ဗီ့စိတ်တွေ တက်ကြွသွားသည်။

‎တစ်ချိန်တည်းမှာပင် သူမ၏ စွမ်းအားအကြောင်း အချက်အလက်အချို့ကိုလည်း သိရှိလိုက်ရသည်။

‎"နေရာက အမျိုးမျိုး ကွဲပြားနိုင်တယ်... ဒါပေမဲ့ ငါ့ရဲ့ ပင်ကိုယ်သိစိတ်က အဲ့ဒီနေရာကို ရောက်အောင် လမ်းပြပေးလိမ့်မယ်။ အဲ့ဒီကို ရောက်တာနဲ့ အထောက်အပံ့တွေကို စုဆောင်းဖို့ ၁၅ မိနစ်ပဲ အချိန်ရမယ်၊ ၁၅ မိနစ်ပြည့်တာနဲ့ အရာအားလုံး ပျောက်ကွယ်သွားလိမ့်မယ်။

‎တစ်ခေါက်မှာ ပစ္စည်းအမျိုးအစား တစ်ခုတည်းကိုပဲ တွေ့နိုင်ပေမယ့် ကံကောင်းတာက... အဲ့ဒီပစ္စည်းရဲ့ အမျိုးကွဲတွေ အစုံအလင် ပါဝင်နေတာပဲ"

‎

All Chapters