အန္တရာယ်ဖြစ်လုနီးဆဲဆဲ
Vol. 3 Ch. 29
"တော်တော့" ဒေမီယန်၏ အမိန့်ပေးသံဟိန်းထွက်လာမှုက စင်္ကြံတစ်လျှောက် ပဲ့တင်ထပ်သွားပြီး မိခင်နှင့် သမီးဖြစ်သူတို့အား ကျေနပ်ပီတိဖြစ်စေသည်။ "ငါ့အမေကို ရန်လုပ်ရဲတယ်ပေါ့။ နင့်ကို ငါဘယ်လိုပညာပေးမလဲဆိုတာ စောင့်ကြည့်နေလိုက်"
အိုင်ဗီကတော့ မျက်လုံးတစ်ချက်ဝှေ့ယမ်းလိုက်ရုံသာ။ ဒေမီယန်၏ စကားများကို သူမ အလေးအနက်မထားပေ။ ထို့ပြင် သူမရဲ့ အခန်းဆီသို့သာ ဆက်လျှောက်သွားသည်။
သူမက ဂရုမစိုက်ဘဲ လျစ်လျူရှုသွားသည်ကို မြင်သောအခါ ဒေမီယန်ရဲ့မျက်နှာမှာ ဒေါသကြောင့် နီမြန်းလာသည်။ သူက အိုင်ဗီ၏ အင်္ကျီကော်လာကို ဆွဲကိုင်ကာ နောက်သို့ ဆောင့်ဆွဲလိုက်သည်။
သို့သော် ထိုသို့ဆွဲလိုက်သည့် အရှိန်မှာတင် အိုင်ဗီက လျင်မြန်စွာ လှည့်ပြီး သူ၏ဗိုက်ကို အားပြင်းသော ကန်ချက်ဖြင့် ကန်ချလိုက်တော့သည်။
ဒေမီယန်၏ ဆုပ်ကိုင်ထားမှု ပြေလျော့သွားပြီး ကြမ်းပြင်ပေါ်သို့ ခွေကျသွားသည်။ သူသည် ဗိုက်ကို အလိုအလျောက် ဆုပ်ကိုင်ထားမိပြီး ပြင်းထန်သော နာကျင်မှုဝေဒနာက တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။
"အား..."
"နင် ဘယ်လိုတောင် ရဲတင်း..." အိုင်စလာက ပြန် ပြောရန် ပါးစပ်ဟလိုက်သော်လည်း အိုင်ဗီက ဖြတ်ပြောလိုက်သည်။
"ငါ ဘယ်လိုရဲတင်းရတာလဲလို့ ထပ်မမေးနဲ့။ တစ်ခါလုပ်နိုင်ရင် နောက်တစ်ခါလည်း ထပ်လုပ်နိုင်တယ်"
ထိုသို့ပြောပြီးနောက် သူမသည် အခန်းထဲဝင်ကာ တံခါးပိတ်ပြီး ကုတင်ပေါ်၌ လှဲလျောင်းလိုက်သည်။ အိုင်ဗီသည် အခြားအရာများကို တွေးတောရန်ပင် အလွန်ပင်ပန်းနေပြီဖြစ်သည်။ သူမ၏ စွမ်းအားများကို အသုံးပြုပြီးနောက်တွင် ခေါင်းမူးဝေကာ အားအင်ကုန်ခမ်းသလို ခံစားနေရသောကြောင့်ဖြစ်သည်။
နောက်တစ်နေ့
စတီဖင် ဘလက်ခ်သော်န် သည် မှန်ထဲ၌ မိမိကိုယ်မိမိ ပြန်ကြည့်ရင်း အင်္ကျီကော်လာကို ပြင်လိုက်သည်။ သူ၏ ထက်မြက်သော မျက်ဝန်းညိုများက မှန်ထဲကပုံရိပ်ကို စိုက်ကြည့်နေသည်။
သေသပ်လှပသော စစ်စိမ်းရောင် ယူနီဖောင်းသည် သူ၏ အရပ်ရှည်ရှည် ကိုယ်ခန္ဓာနှင့် ကွက်တိဖြစ်နေပြီး ရင်ဘတ်မှ ဂုဏ်ထူးဆောင်တံဆိပ်များက ရုံးခန်းအတွင်းရှိ မီးရောင်အောက်တွင် ဖျတ်ဖျတ်လက်နေသည်။ သူသည် ဆံပင်ကို တစ်ချက်သပ်ကာ ဦးထုပ်ကိုကောက်ကိုင်လိုက်ပြီး သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ချလိုက်သည်။
စစ်ဖိနပ်သံသည် စကျင်ကျောက်ကြမ်းပြင်ပေါ်တွင် တချက်ချက်မြည်လျက် စင်္ကြံတစ်လျှောက် ပဲ့တင်ထပ်နေသည်။ သူသည် အစည်းအဝေးခန်းမ၏ တံခါးနှစ်ချပ်ကို တွန်းဖွင့်ကာ ဝင်လိုက်သည်။
အတွင်း၌ သူ၏ အထက်လူကြီး မေဂျာကာတာ သည် စားပွဲနောက်တွင် ရပ်နေပြီး မျက်နှာမှာ အလွန်တည်ကြည်လေးနက်နေသည်။ သူ၏ဘေးတွင်တော့ စတီဖင်၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သလို ပြိုင်ဘက်ဟောင်းဖြစ်သူ ဖရန့်ခ် ရှိနေသည်။
စတီဖင် ဝင်လာသည်ကို မြင်လျှင် မြင်ချင်းပင် ဖရန့်ခ်၏ ကပ်စေးနှဲလှသော အပြုံးမှာ ပျောက်ကွယ်သွားသည်။ အခြားအရာရှိများသည် စားပွဲဘေး၌ မတ်မတ်ရပ်နေကြပြီး အခန်းအတွင်း၌ တင်းမာမှုများ ဖုံးလွှမ်းနေသည်။
"စတီဖင်၊ မင်းရောက်ပြီပဲ။ ကောင်းပြီ" မေဂျာကာတာက တည်ငြိမ်သောအသံဖြင့် ဆိုသည်။ "စကြရအောင်"
စတီဖင်က စနစ်တကျ အလေးပြုလိုက်သည်။ "ဟုတ်ကဲ့ ဆရာ"
ကာတာသည် အချိန်မဖြုန်းတော့ဘဲ စားပွဲပေါ်၌ ဖြန့်ခင်းထားသော မြေပုံကို ညွှန်ပြလိုက်သည်။ မြို့ဆင်ခြေဖုံး နေရာများကို အနီရောင်ဖြင့် မှတ်သားထားသည်။
"မင်းတို့သိတဲ့အတိုင်း အခြေအနေက ပိုဆိုးလာပြီ။ ဆင်ခြေဖုံးက အရပ်သားတွေဟာ တိုက်ခိုက်ခံနေရတယ်လို့ သတင်းပို့လာကြတယ်။ အဲ့ဒီက ရောဂါပိုးကူးစက်ခံထားရသူ အရေအတွက်ဟာ ထိန်းချုပ်မရအောင် များလာပြီလို့ ငါတို့ သံသယရှိတယ်။ မင်းတို့အဖွဲ့ဟာ နောက် ၂ နာရီအတွင်း ထွက်ခွာရမယ်။ မိုးမချုပ်ခင် ဆင်ခြေဖုံးကိုရောက်အောင်သွားပြီး ကူးစက်ခံရသူတွေကို ရှင်းလင်း၊ ပြီးရင် အရပ်သားတွေကို စကိုင်းလိုင်း လူနေရပ်ကွက်ဆီကို ခေါ်ထုတ်လာခဲ့ပါ။ အသွားပြန်ခရီးက အသွားဆိုရင် ၆ နာရီလောက် ကြာနိုင်တယ်"
စတီဖင်၏ ရင်ထဲ၌ ထိတ်ကနဲ ဖြစ်သွားသည်။ အိုင်ဗီ သတိပေးခဲ့သည့် တာဝန်နှင့် ထပ်တူကျနေသည်။
သူ ဘာမှမပြောရသေးမီ ဖရန့်ခ်က ရှေ့သို့တိုးလာပြီး ဟန်ဆောင်ဝမ်းနည်းမှုများဖြင့် "မေဂျာ... ကျွန်တော် ဒီစစ်ဆင်ရေးမှာ မပါနိုင်တော့ဘူး ထင်တယ်။ ကျွန်တော့်ဇနီးက မီးဖွားဖို့ စောပြီး ဗိုက်နာနေလို့ပါ။ ကျွန်တော် အနားမှာ ရှိနေပေးရမယ်"
စတီဖင်၏ မျက်ဝန်းများ အန္တရာယ်ရှိစွာ ကျဉ်းမြောင်းသွားသည်။ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ။
မေဂျာကာတာက ဖရန့်ခ်နှင့် မြေပုံကို တလှည့်စီကြည့်ကာ တုံ့ဆိုင်းနေသည်။ "ဒါက အချိန်မဟုတ်ဘူး..."
"နားလည်ပါတယ် ဆရာ။ ဒါပေမဲ့ ကျွန်တော့်မိသားစုက..."
စတီဖင်၏ ဦးနှောက်က အလုပ်လုပ်နေပြီဖြစ်သည်။ 'အိုင်ဗီပြောတာ မှန်နေတာပဲ။ အကြောင်းပြချက်ကအစပေါ့။ သူမက ဒီအသေးစိတ်အချက်အလက်တွေအထိ ကြိုတင်ဟောကိန်းထုတ်နိုင်ခဲ့တာပဲ'
သူမ၏ ကြိုတင်မြင်နိုင်စွမ်းအပေါ် သူ၏လေးစားမှုမှာ ပိုမိုနက်ရှိုင်းသွားသည်။ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
မေဂျာကာတာက သက်ပြင်းချလိုက်ပြီး "ကောင်းပြီလေ။ မိသားစုက အရေးကြီးဆုံးပဲ။ စတီဖင်၊ မင်းပဲ ဒီယူနစ်ကို ဦးဆောင်လိုက်တော့"
"ဟုတ်ကဲ့ ဆရာ" စတီဖင်၏ အသံမှာ ခိုင်မာနေသော်လည်း အတွေးများမှာတော့ လှုပ်ခတ်နေသည်။ ဖရန့်ခ်က နောင်တရသလို ဟန်ဆောင်နေသော်လည်း သူ၏မျက်ဝန်းထဲမှ စိတ်သက်သာရာရမှုကို စတီဖင် မြင်နေရသည်။
အိုင်ဗီသည် သူမပိုင်ဆိုင်သော ပစ္စည်းအနည်းငယ်ကို ထုပ်ပိုးလိုက်သည်။ သူမသည် ရာဗင်ခရော့ဖ် မိသားစုနှင့် ဆက်နေရန် အစီအစဉ်မရှိတော့ပေ။ အဲ့အပြင်ဒီအဆောက်အအုံသည် မကြာမီ ဇမ်ဘီများဖြင့် ပြည့်နှက်သွားတော့မည်ဖြစ်သည်။
ဇမ်ဘီဗိုင်းရပ်စ်ကို သုတေသနပြုနေသော ပညာရှင်များ၏ တစ်ဝက်ခန့်သည် မကြာမီတွင် စွမ်းအားရှင်များ ပေါ်ပေါက်လာမှု၊ ဘေးထွက်ဆိုးကျိုးများနှင့် 'စွမ်းအင်မိုး' ၏ အကျိုးကျေးဇူးများကို သတိပြုမိကြတော့မည်။ ထိုအချိန်တွင် တကယ့်စစ်မှန်သော ထိတ်လန့်စရာများ စတင်ပေတော့မည်။
ဇမ်ဘီအရေအတွက်မှာ ပိုမိုများပြားလာမည်။ လုယက်မှုနှင့် တိုက်ခိုက်မှုများမှာ နေ့စဉ်ဖြစ်ရိုးဖြစ်စဉ်ကိစ္စများ ဖြစ်လာမည်။ ကိုက်ခံရခြင်းမှ ကူးစက်မှုများမှာ ပိုပြီးပြင်းထန်လာမည်။ အခြားသော ဒုက္ခသည်များမှာ အန်န် မြို့ သို့ အလုံးအရင်းနှင့် တိုးဝင်လာကြမည်။ စိတ်ဒဏ်ရာလွန်ဝေဒနာ နှင့် အခြားစိတ်ပိုင်းဆိုင်ရာ ရောဂါများမှာ တုပ်ကွေးထက်ပင် မြန်ဆန်စွာ ပြန့်နှံ့သွားလိမ့်မည်။
ဦးနှောက်မဲ့စွာ လျှောက်သွားနေသော ဇမ်ဘီများကို ဉာဏ်ရည်ရှိသော ဇမ်ဘီများက ထိန်းချုပ်ကာ အိမ်ရာဝင်းများအတွင်းရှိ လူများကို စတင်တိုက်ခိုက်လာကြလိမ့်မည်။ အချို့သော ထက်မြက်သည့် ဇမ်ဘီများသည် ပြတင်းပေါက်များကို ခွဲကာ အခန်းတွင်းသို့ ဝင်လာကြမည်။
ဤရှုပ်ထွေးမှုများအားလုံးသည် နောက်ထပ် ၃ လခန့်အတွင်း ဖြစ်ပွားလိမ့်မည်။ ထို့နောက်တွင်တော့ စစ်မှန်သော ပြဿနာကြီး ရောက်လာလိမ့်မည်။ ၎င်းမှာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ပင် ဖြစ်သည်။
နောင်လာမည့်နှစ်များကို ရာသီ ၃ ခုသာ ခွဲခြားထားတော့မည်။ အလွန်အမင်း ပူပြင်းခြင်း၊ အလွန်အမင်း မိုးသည်းထန်ခြင်းနှင့် အလွန်အမင်း အေးခဲခြင်းတို့ဖြစ်သည်။ ဤမပြီးဆုံးနိုင်သော သံသရာဆိုးကြီးသည် လူသားတို့၏ ၉၀ ရာခိုင်နှုန်းကို စိတ်ဓာတ်ပြိုကွဲစေရန် လုံလောက်လှသည်။ ဤဖြစ်ရပ်သည် တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားနေခြင်းကြောင့် လူသားများ ရှင်သန်ရန် မဖြစ်နိုင်သလောက်ပင်။
ဆင်းရဲဒုက္ခတစ်ခုပြီးတိုင်းတစ်ခုမှာ စိတ်ဓာတ်ခိုင်မာသော စစ်သည်တော်များ၏ နှလုံးသားများကိုပင် ကျိုးပဲ့စေခဲ့သည်။ ကောင်းကင်ဘုံကပင် လူသားမျိုးနွယ်ကို အသက်မရှင်စေချင်တော့သလိုပါပဲ။
အိုင်ဗီ၏ စွမ်းအား ဆင့်ကဲပြောင်းလဲလာပြီးနောက်တွင်မူ ထိုစွမ်းအားသည် လူသားမျိုးနွယ် ရှင်သန်ရေးအတွက် တစ်ခုတည်းသော အကြောင်းပြချက် ဖြစ်လာခဲ့သည်။ သို့သော် ဤစွမ်းအားသည်ပင်လျှင် အိုင်ဗီနှင့် သူမချစ်ရသူများ သေဆုံးရသည့် အကြောင်းရင်းလည်း ဖြစ်လာခဲ့သည်။
ထုပ်ပိုးမှုများပြီးသောအခါ အိုင်ဗီသည် ရုတ်တရက် ခေါင်းမူးလာသည်။ သူမ နဖူးကို ကိုင်ထားရင်း သတိလက်လွတ်ဖြင့် အခန်းထဲမှ ထွက်လာမိသည်။
"ဖေဖေ၊ တစ်ခုခုလုပ်မှဖြစ်မယ်! အိုင်ဗီက သိပ်ကို လက်လွန်နေပြီ" အိုင်စလာ၏ နှာသံပါသော အသံသည် ဧည့်ခန်းအတွင်း ပဲ့တင်ထပ်နေသည်။
"အိုင်စလာ စိတ်မညစ်နဲ့၊ အစ်ကို နင့်အတွက် လက်စားချေပေးမယ်" ဒေမီယန်၏ အလိုလိုက်သော အသံက ထပ်ချပ်မကွာ ထွက်ပေါ်လာသည်။
အိုင်ဗီသည် ဂါထာဖြင့် မန်းမှုတ်ခံထားရသူကဲ့သို့ ဆက်လျှောက်သွားသည်။ ရာဗင်ခရော့ဖ် မိသားစုဝင်များမှာ စကားပြောကောင်းနေကြသဖြင့် အိုင်ဗီ ထွက်သွားသည်ကိုပင် သတိမထားမိကြပေ။
...
ဂျောက်... ဂျောက်...
အိုင်ဗီ မျက်လုံးဖွင့်လိုက်သည့်အခါ သူမသည် အိမ်ခေါင်မိုးပေါ်သို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။ အရေပြားများ ပုပ်သိုးနေကာ ခြေလက်များ ကောက်ကွေးနေသည့် ဇမ်ဘီအချို့က ရင်နင့်စရာကောင်းသလို ကြောက်မက်ဖွယ်ရာကောင်းသော မြင်ကွင်းကို ဖန်တီးထားသည်။
အိုင်ဗီအတွက်တော့ ဤမြင်ကွင်းမှာ အကျွမ်းတဝင်ဖြစ်နေသည်။ အိမ်ခေါင်မိုးတံခါး ပွင့်သွားသည်နှင့် ဇမ်ဘီအားလုံးက အိုင်ဗီ့ဘက်သို့ လှည့်ကြည့်ကြပြီးနောက် အကြည့်လွှဲသွားကြသည်။ ရှေ့ဆုံးက ဇမ်ဘီများသည် အိုင်ဗီသွားရန် လမ်းပင် ဖယ်ပေးကြသေးသည်။ ဤမြင်ကွင်းမှာ အတော်ပင် ရယ်စရာကောင်းလှသည်။
သို့သော် မိန်းမောနေသော အိုင်ဗီကတော့ ဂရုမစိုက်ပါ။ သူမသည် အလယ်ဗဟိုသို့ ရောက်သည်အထိ ဆက်လျှောက်သွားသည်။
"စွမ်းအား စတင်အသုံးပြုမည်" သူမ တိုးတိုးလေး ရေရွတ်လိုက်သည်နှင့် သူမ၏ မိန်းမောနေသည့် အခြေအနေမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။
အိုင်ဗီသည် မျက်တောင်ခတ်ကာ ပတ်ဝန်းကျင်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများတွင် သတိဝိရိယများ ပြည့်နှက်လာပြီး သူမ၏ အရှိန်အဝါမှာလည်း စက္ကန့်နှင့်အမျှ အေးစက်လာသည်။
"ဘယ်သူလဲ" သူမက ခုခံသည့်အနေအထားကို ယူလိုက်ရင်း ပတ်ဝန်းကျင်ကို သတိကြီးစွာ ကြည့်လိုက်သည်။ ထိုစဉ် သူမ၏ မျက်လုံးများက လေထဲတွင် လွင့်မျောနေသော အချိန်မှတ်နာရီပေါ်သို့ ကျရောက်သွားတော့သည်။