အခန်း (၂၁)
Vol. 3 Ch. 21
အခန်း (၂၁)
နာကျင်မှုက တစတစနှင့် ပိုမိုပြင်းထန်လာကာ တစ်ကိုယ်လုံးကို ပုရွက်ဆိတ် ထောင်သောင်းချီ အကိုက်ခံနေရသလို အိုင်ဗီ ခံစားနေရသည်။
သူမသည် စားပွဲဆီသို့ အားအင်ကုန်ခမ်းနေသည့် မျက်ဝန်းများဖြင့် အသည်းအသန် သွားခဲ့သည်။ အရင်ဘဝတုန်းကတော့ ပင်ပန်းနွမ်းနယ်မှုများကြောင့် စွမ်းအင်မိုးရွာသွန်းသည့် အချိန်တစ်လျှောက်လုံး သူမ အိပ်ပျော်နေခဲ့ဖူးသည်။
သို့သော် ယခုဘဝတွင်မူ ဘယ်လောက်ပင် ပင်ပန်းနွမ်းနယ်နေပါစေ အိုင်ဗီတစ်ယောက် မျက်လုံးမှိတ်၍မရ။
စားပွဲဆီရောက်ဖို့နဲ့ မတ်တပ်ရပ်နိုင်ဖို့ကို မိနစ် ၃၀ ခန့် အချိန်ယူခဲ့ရသည်။ အိုင်ဗီသည် ခက်ခက်ခဲခဲပင် ဆေးပုလင်းကိုဖွင့်ကာ အိပ်ဆေးတစ်လုံး သောက်လိုက်သည်။
နောက်ထပ် မိနစ် ၂၀ ကြာသည်အထိ နာကျင်မှုကို အောင့်ခံရင်း ဆေးအာနိသင်ပြမည့်အချိန်ကို စောင့်နေခဲ့ရာမှ တဖြည်းဖြည်းနှင့် မျက်ခွံများ စေ့ကျသွားသည်။
ပတ်ဝန်းကျင်တစ်ခုလုံး မှောင်အတိကျသွားပြီး အိုင်ဗီသည် ရှည်လျားသော အိပ်မက်တစ်ခုကို စတင်မက်တော့သည်။
အိပ်မက်ထဲတွင်မူ သူမ၏မျက်ဝန်းများ အလင်းကွယ်နေပြီး လောကကြီးတစ်ခုလုံး အမှောင်ထုသာဖြစ်နေခဲ့သည့် နေ့ရက်များဆီ ပြန်ရောက်သွားသည်။
ဘာအရောင်မှမရှိဘဲ သူမနှင့် သူမ၏ အမှားအယွင်းများသာ ရှိနေခဲ့သည့် အချိန်ဖြစ်သည်။ စိတ်ကူးထဲက ကျောက်ခဲများကို တိုက်မိပြီး လဲကျနေသည့်အခါတိုင်း ညီမအရင်းဖြစ်သူက လှောင်ရယ်နေတတ်ပြီး မိဘများကမူ ညီမဖြစ်သူကို ဆူပူကြသည်။
"မမအိုင်ဗီ ကျောက်ခဲနဲ့ ထပ်တိုက်မိပြန်ပြီလား။ ညီမလေးက ချီပေးရမလား" ဟု စနောက်သည့် လေသံနှင့် မေးခဲ့ဖူးသည်။
အဲ့ဒီအချိန်တုန်းက အိုင်စလာကြောင့် ညီအစ်မဆိုသည့် ပတ်သက်မှုကို အိုင်ဗီ အရမ်းမုန်းတီးခဲ့သည်။ သူမက မဲ့ပြုံးပြုံးကာ အေးစက်သည့်လေသံနှင့် ပြန်ပြောခဲ့သည်။
"နင် သေချင်နေတာလား"
သူမက အတည်ပြောနေခြင်း ဖြစ်သော်လည်း သူမ၏ညီမကမူ ဘယ်တော့မှ အလေးအနက်မထားဘဲ ရယ်မောနေမြဲဖြစ်သည်။
"မမက တကယ်ပဲ နှလုံးသားမရှိသလို အေးစက်လွန်းတယ်။ ဒီနားကိုလာပါ။ ညီမလေးက နွေးထွေးအောင် လုပ်ပေးမယ်လေ"
အဲ့ဒီနောက်တွင် ညီမဖြစ်သူက အိုင်ဗီကို ဖက်ထားပေးတတ်သည်။ အလွန်အမင်း အေးစက်နေသည့်အချိန်တွင် အိုင်ဗီ အနည်းငယ် ရုန်းကန်မိသော်လည်း ညီမဖြစ်သူ၏ ရင်ခွင်က တကယ်ပင် နွေးထွေးခဲ့သည်။
တဖြည်းဖြည်းနှင့် သူမ၏ အမုန်းတရားများ အရည်ပျော်သွားပြီး ညီမဖြစ်သူ၏ ဖက်လဲတကင်းရှိမှုကို မျှော်လင့်လာမိသည်။ သို့သော် ညီမလေးကို ချစ်သည်ဆိုခြင်းဖြစ်စေ၊ ဂရုစိုက်သည်ဆိုခြင်းဖြစ်စေ၊ ကျေးဇူးတင်သည်ဆိုခြင်းဖြစ်စေ သူမ တစ်ခါမျှ ထုတ်မပြောခဲ့။
သူမ၏ လုံခြုံအောင် ပိတ်ဆို့ထားသည့် နှလုံးသားက ခွင့်မပြုခဲ့ခြင်းဖြစ်သည်။
ဒါပေမဲ့ အခုတော့ သူမ နောင်တရနေပြီ။ ချိုသာလှသည့် သူမ၏ညီမလေးသည် သူမကို ကာကွယ်ပေးရင်းနှင့် ဇမ်ဘီတစ်ပိုင်း ဖြစ်သွားခဲ့ရသည်။
ညီမဖြစ်သူ နောက်ဆုံးပြောသွားသည့် စကားများကို သူမ မှတ်မိနေဆဲဖြစ်သည်။
"မမ နောက်ဘဝမှာလည်း ညီအစ်မတွေ ထပ်ဖြစ်ကြမယ်နော်။ အဲ့ဒီအခါကျရင် ညီမလေးက မမဆီကို အရင်ဆုံး အရောက်လာခဲ့မယ်။ မမက ညီမလေးအပေါ် အခုလို အေးစက်မနေရအောင်လို့ပေါ့။ ညီမလေးကို စောင့်နေပါနော်"
မျက်ရည်များသည် ကြမ်းပြင်ပေါ်မှာ သတိမေ့နေသည့် အိုင်ဗီ၏ မျက်ဝန်းထောင့်မှ တသွင်သွင်စီးကျလာသည်။
"မသွားပါနဲ့။ ငါ့ကို ထားမသွားပါနဲ့ အမ်ဘာ။ ငါ နင့်ကို ချစ်ပါတယ်။ တကယ်ချစ်တာပါ။ ငါ နင့်အပေါ် မအေးစက်တော့ပါဘူး။ ငါ့ကို ထားမသွားပါနဲ့နော် ညီမလေးရဲ့။ ကျေးဇူးပြုပြီးတော့" ဟု အိပ်မက်ထဲမှာ တိုးတိုးလေး ရေရွတ်နေမိသည်။
သူမ၏ အသံတွင် အသည်းအသန် ဖြစ်တည်မှုများ ပါဝင်နေပြီး ရှိုက်သံသဲ့သဲ့သည် ဧည့်ခန်းထဲမှာ ပျံ့လွင့်နေသည်။
...................
ဆိုင်းလပ်စ် မျက်လုံးပွင့်လာသည့်အခါ အလင်းရောင်နှင့် နေသားကျဖို့ အချိန်အနည်းငယ် ယူလိုက်ရသည်။ တိုးတိုးလေး စကားပြောသံများကြောင့် သူ မျက်မှောင်ကြုတ်မိသွားသည်။
"မေမေ။ အိုင်ဗီက ဆိုင်းလပ်စ်ကို သူ့အခန်းထဲမှာ ကျွန်မအတွက် ထားခဲ့ပေးတယ်ဆိုတာ မယုံနိုင်စရာပဲ။ ဒါက သူမရဲ့ တောင်းပန်တဲ့ လက်ဆောင်များလား မသိဘူး" ဆိုသည့် အိုင်စလာ၏ စိတ်လှုပ်ရှားနေသည့် အသံကြောင့် ဆိုင်းလပ်စ် ရွံရှာမိသွားသည်။
သို့သော် သူ့ကို ပို၍ ထိခိုက်စေသည်က အိုင်ဗီက သူ့ကို အိုင်စလာအတွက် ထားခဲ့သည် ဆိုသည့် အချက်ပင်ဖြစ်သည်။ သူ မတ်တပ်မရပ်ခင်မှာ တုန်လှုပ်မှုနှင့် စိတ်ပျက်မှုများကို ခံစားလိုက်ရသည်။
တစ်ကိုယ်လုံး နာကျင်နေပေမယ့် နှလုံးသားထဲက စိတ်ပျက်မှုလောက်တော့ မပြင်းထန်။
"အိုင်ဗီ ဘာလို့လဲ။ ဘာလို့လဲ။ ငါက မင်းအတွက် အချစ်မခံရနိုင်လောက်အောင် ဖြစ်နေလို့လား။ ငါ့ကို အိုင်စလာနဲ့ သဘောတူပေးနေတာကို ရပ်လိုက်လို့ မရဘူးလား။ ငါ့မျက်လုံးထဲမှာ မင်းကလွဲလို့ ဘယ်သူမှ မရှိတာကို မင်းမမြင်ဘူးလား။ မဟုတ်ဘူး။ ဒီအတိုင်းတော့ အဖြစ်မခံနိုင်ဘူး"
"ငါ အိုင်ဗီနဲ့ မပေါင်းဖက်ရရင်တောင် တခြားဘယ်သူနဲ့မှ မပေါင်းဖက်ချင်ဘူး။ ငါ သူမကို မချစ်တော့သလို ဟန်ဆောင်ထားတာက ပိုကောင်းလိမ့်မယ်။ အဲ့ဒါဆိုရင် ဒီလူယုတ်မာတွေက အိုင်ဗီကို အသုံးချတာ ရပ်သွားလိမ့်မယ်"
"သူတို့တွေ အိုင်ဗီကို မရှိတော့ဘူးလို့ ထင်သွားတဲ့အခါ ငါ အိုင်ဗီကို သူတို့ဆီကနေ ခေါ်ထုတ်သွားပြီး ငါ့ကို ချစ်လာအောင် တဖြည်းဖြည်း လုပ်ယူသွားမယ်"
မျက်ဝန်းထဲတွင် ခိုင်မာသော ဆုံးဖြတ်ချက်များနှင့်အတူ သူ ကုတင်ပေါ်က ဆင်းပြီး အပြင်သို့ ထွက်လာခဲ့သည်။ သူ့ရှေ့တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူ မှင်တက်သွားရသည်။
အိုင်ဗီသည် ကြမ်းပြင်ပေါ်မှာ သတိလစ်ကာ လဲကျနေသည်။
"သူမ သူတို့ရဲ့ သစ္စာဖောက်မှုကို ထပ်ခံလိုက်ရပြန်ပြီ ထင်တယ်" ဟု သူ ခါးခါးသီးသီး တွေးမိသည်။ ရာဗင်ခရော့ဖ် မိသားစုဆိုသည်မှာ အမြဲတမ်း ဤသို့ပင် မဟုတ်ပါလား။
သူတို့က အိုင်ဗီကို အလုပ်တစ်ခု ခိုင်းမည်၊ အဲ့ဒါပြီးရင်တော့ သူမကို အပြစ်ပေးကြပြန်သည်။
သို့သော် နောင်တွင်မူ အဲ့လို အဖြစ်မခံတော့ ပေ။
အိုင်ဗီ သူ့အပေါ် ပြခဲ့သည့် အတုအယောင် ချိုသာမှုများကို သူ မြည်းစမ်းဖူးလို့ စွဲလန်းနေခဲ့ပြီ။ အဲ့ဒါတွေက သရုပ်ဆောင်နေခြင်းမှန်း သိပေမယ့်လည်း သူကတော့ အရှုံးပေးရန် အသင့်ပင်ဖြစ် နေသည်။ အိုင်ဗီသည် သူ့အတွက်တော့ ငြင်းဆန်၍မရသည့် ဆွဲဆောင်မှုတစ်ခု ဖြစ်သည်။
သူမသည် အအေးဒဏ်ကြောင့် တုန်ရီနေသူအတွက် နွေးထွေးမှုပေးသည့် အလင်းတန်းလေးလိုပင်။ မနေ့က သူမနှင့် နီးနီးကပ်ကပ် ရှိခဲ့သည့် အခြေအနေကြောင့် ဆိုင်းလပ်စ်သည် သူမကို ပို၍ တမ်းတမိသွားသည်။
ထို့ကြောင့် ကြမ်းပြင်ပေါ်က အိုင်ဗီအတွက် စိုးရိမ်နေသော်လည်း သူမကို လျစ်လျူရှုထားလိုက်ကာ သူ နိုးလာတာကို ကြည့်ပြီး အံ့သြနေသည့် ရာဗင်ခရော့ဖ် မိသားစုရှေ့တွင် လှောင်ရယ်လိုက်သည်။
"ဘာလဲ။ မင်းတို့အားလုံးက ငါက အိုင်ဗီကို ယုံကြည်ပြီး သူမ ခိုင်းသမျှ လုပ်နေမယ်လို့ တကယ်ပဲ ထင်နေကြတာလား"
အိုင်ဗီ၏ မျက်တောင်လေးများ အနည်းငယ် လှုပ်ခတ်သွားသည်ကို ဆိုင်းလပ်စ် မြင်ခဲ့လျှင် သူ ရပ်တန့်သွားနိုင်သည်။ သို့သော် သူကတော့ သရုပ်ဆောင်ကောင်းနေဆဲ ဖြစ်သည်။
"ငါ သူမကို မချစ်တော့ဘူး။ အဲ့တော့ ငါ ဘာလို့ အဲ့လို လုပ်မှာလဲ"