ရန်ငြိုး
Vol. 4 Ch. 32
"သူက မင်းရဲ့ အကျင့်စရိုက်တွေကို ပြုပြင်ပေးလိမ့်မယ်။"
ဒေမီယန်က အိုင်ဗီကို ကြင်နာယုယသည့် အသွင်ဖြင့် ကြည့်ကာ ဆက်ပြောသည်။
"အိုင်ဗီ... ငါတို့ ဒါတွေလုပ်တာ မင်းကောင်းဖို့အတွက်ပဲ။ မင်းရဲ့ အခုတလော အပြုအမူတွေက တစ်ခုခု ပူးကပ်နေသလိုပဲ။ ငါတို့က မင်းရဲ့ မိသားစုလေ၊ မင်းကို အန္တရာယ်ဖြစ်အောင် မလုပ်ပါဘူး။ ငါတို့ စီစဉ်ထားတဲ့အတိုင်းပဲ လုပ်လိုက်ပါ၊ ဟုတ်ပြီလား။"
ဆာဖီနာက သူမ၏ ဟန်ဆောင်မျက်ရည်များကို သုတ်လိုက်ရင်း ရှိုက်ကြီးတငင်ဖြင့် ဆိုသည်။
"သမီးရယ်... သမီးကို ပြုပြင်ပေးဖို့အတွက် ပက်ထရစ်ကို အသင့်စား ခေါက်ဆွဲထုပ် ၁၀ ထုပ်တောင် အပိုပေးခဲ့ရတာ။ အမေတို့ကို စိတ်မပျက်စေနဲ့ဦး နော်"
ယခုခေတ်ကာလတွင် အသင့်စား ခေါက်ဆွဲ ၁၀ ထုပ်သည် မည်မျှ တန်ဖိုးရှိသနည်း။ ရွှေ ၁၀ ဂရမ်ခန့်နှင့်ပင် ညီမျှနေပြီ ဖြစ်သည်။
အိုင်ဗီက ခပ်တိုးတိုး ရယ်မောလိုက်သည်။ သူမကို ရောင်းစားရန် ကြံစည်နေရင်းကပင် ကြင်နာတတ်သည့် အပြစ်ကင်းစင်သူများအဖြစ် ဟန်ဆောင်နေသော ရာဗင်ခရော့ဖ် မိသားစု၏ အရှက်မရှိမှုမှာ အမှန်တကယ်ပင် ချီးကျူးစရာ ကောင်းလှသည်။
သူမက ပြုံးလျက် ခေါင်းခါယမ်းလိုက်ပြီး "မလိုပါဘူး။ ကျွန်မ ဘာမှမဖြစ်ဘူး။ တကယ်လို့ တစ်ယောက်ယောက် သွားရမယ်ဆိုရင် မေမေ ဒါမှမဟုတ် အိုင်စလာပဲ သွားသင့်တယ်။ ဒေမီယန်ပါ လိုက်သွားမယ်ဆိုရင် ပိုတောင် ကောင်းသေးတယ်"
ဆာဖီနာသည် ပါးစပ်ဖျာမှထွက်လုဆဲဆဲ ဆဲရေးတိုင်းထွာမှုများကို အတင်းအကျပ် ပြန်လည်မျိုချလိုက်ရသည်။ သူမ ဒါမဟုတ် သူမ၏ သမီးက ပက်ထရစ်ထံသို့ သွားရမည်ဟု ပြောဝံ့လေစ။ ထိုအဖိုးကြီးမှာ စစ်တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်မှာ မှန်သော်လည်း ရှုပ်ထွေးလှသော ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကြောင့် ရာထူးမှ ထုတ်ပယ်ခံထားရသူ ဖြစ်သည်။
အကယ်၍ အိုင်ဗီကို ငါးညတာ ထားရှိပေးမည့်အတွက် သူတို့ကိုအသင့်စား ခေါက်ဆွဲထုပ် ၂၀ ပေးမည်ဟု မဆိုခဲ့လျှင် ထိုအဖိုးကြီးကို သူတို့ လှည့်ပင် ကြည့်ကြမည် မဟုတ်ပေ။
အိုင်ဗီသည် သူတို့ မွေးစားထားသော ကလေးဖြစ်ရာ ယခုကဲ့သို့ ခက်ခဲသော အချိန်မျိုးတွင် အခြားသူများထက် ပို၍ အလုပ်လုပ်သင့်သည်ဟု သူတို့ ယူဆထားကြသည်။ အကယ်၍ အစားအသောက် ရှာမပေးနိုင်လျှင် မိမိကိုယ်ကို အသုံးချ၍ အစားအသောက် ရှာဖွေပေးရမည် ဖြစ်သည်။
ဆာဖီနာသည် မျက်နှာတွင် နူးညံ့သော အပြုံးတစ်ခုကို အတင်းလုပ်ယူကာ အိုင်ဗီကို ချစ်ခင်ဟန်ဖြင့် ကြည့်လျက် ပြန်လည် တုံ့ပြန်လိုက်သည်။
"အိုင်ဗီ... သမီးရဲ့ စေတနာကို မေမေ တကယ်ပဲ စိတ်လှုပ်ရှားမိပါတယ်။ ဒါပေမဲ့ မေမေက အစားအသောက် ချက်ပြုတ်ဖို့ ဒီမှာ ရှိနေရမယ်လေ၊ အိုင်စလာကလည်း အိမ်အလုပ်တွေ လုပ်ရဦးမယ်။"
အိုင်ဗီ ရယ်မောလိုက်သည်။ ထိုအသံတွင် ပျော်ရွှင်မှု အစအနမျှ မပါဝင်ဘဲ ဟာလာဟင်းလင်း ဖြစ်မှုနှင့် ခါးသီးမှုများသာ ပြည့်နှက်နေသည်။
"အော်... မေမေ။ မေ့နေပြီလား။ အိမ်အလုပ်တွေနဲ့ အစားအသောက် ပြင်ဆင်တာ အားလုံးကို ကျွန်မပဲ လုပ်ခဲ့တာလေ။ ကြည့်ဦး... ကြမ်းပြင်တွေကလည်း ညစ်ပတ်နေလိုက်တာ၊ အစားအသောက်တွေ တူးနေတဲ့ အနံ့ကလည်း လေထဲမှာ ရှိနေတုန်းပဲ။ အားလုံးပဲ အစားအစာ တူးတူးတွေကို စားနေကြရတာထင်တယ်နော်။"
အိုင်စလာ၊ ဒေမီယန်၊ မက်ဂနပ်စ်နှင့် ဆာဖီနာတို့မှာ ဆွံ့အသွားကြသည်။ သူမ ပြောသည်မှာ အမှန်ပင် ဖြစ်သည်။
အိုင်ဗီသည် သူတို့၏ တိတ်ဆိတ်မှုကို မြင်သောအခါ ဆက်လက် ပြောင်လှောင်မနေတော့ဘဲ "ကောင်းပြီ။ ကျွန်မ သွားဖို့ အသင့်ပဲ။"
ရာဗင်ခရော့ဖ် မိသားစုမှာ ဝမ်းသာအားရ ဖြစ်သွားကြသော်လည်း သူတို့ မပျော်ရွှင်နိုင်ခင်မှာပင် အိုင်ဗီက ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ ကတိတစ်ခုတော့ ရှိရမယ်။ ကျွန်မ ပုစွန်ကော်ပြန့်၊ မာပိုတိုဖူး နဲ့ ပေကျင်း ဘဲကင် စားချင်တယ်။"
"မရဘူး။" ဆာဖီနာက ချက်ချင်း ငြင်းပယ်လိုက်သည်။
ဆာဖီနာ၏ ပြတ်သားသော ငြင်းဆိုမှုကြောင့် အိုင်ဗီ၏ နှုတ်ခမ်းအစုံမှာ အသာအယာ ကွေးညွတ်သွားသည်။ ဤကဲ့သို့ ဖြစ်လာမည်ကို သူမ ကြိုတင်သိရှိနေသကဲ့သို့ပင်။
သူမ၏ အေးဆေးသော်လည်း ထိုးဖောက်နိုင်စွမ်းရှိသော အကြည့်များက သေအံ့ဆဲဆဲ သားကောင်ကို ဝိုင်းရံထားသည့် လင်းတများကဲ့သို့ သူမကို ဝန်းရံထားသော မိသားစုဆိုသူများအပေါ် ဝေ့ဝိုက်ကြည့်သည်။
"အော်... မေမေက အရမ်း မြန်မြန် ငြင်းလိုက်တာပဲ။" အိုင်ဗီက ခပ်တိုးတိုး ဆိုလိုက်သည်။
"ကျွန်မ အိမ်အလုပ်တွေ၊ ဟင်းချက်တာတွေ၊ သန့်ရှင်းရေးတွေ အကုန်လုပ်ပေးခဲ့ပြီးပြီပဲ။ ရိုးရိုးရှင်းရှင်း အစားအစာ တစ်နပ်တောင်းတာကတော့ များလွန်းတယ်လို့ မထင်ပါဘူး။ ဒါမှမဟုတ်... ကြီးမြတ်လှတဲ့ ရာဗင်ခရော့ဖ် မိသားစုက ကော်ပြန့်တစ်ပွဲနဲ့ တိုဖူးလေး နည်းနည်းတောင် မကျွေးနိုင်တော့တာလား။"
ဆာဖီနာ၏ မျက်နှာမှာ ဒေါသကြောင့် နီရဲလာသည်။
သူမသည် ဆင်ခြေတစ်ခု ပေးရန် ပါးစပ်ဟလိုက်သော်လည်း မက်ဂနပ်စ်က ကြားဖြတ်ကာ အတင်းအကျပ် နူးညံ့အောင် လုပ်ယူထားသော လေသံဖြင့် ပြောလိုက်သည်။
"အိုင်ဗီ... အခုခေတ်မှာ ဒီလို ဟင်းပွဲတွေ ရဖို့ ဘယ်လောက် ခက်ခဲလဲဆိုတာ မင်းသိပါတယ်။ အရင်းအမြစ်တွေက ရှားပါးနေတာ။ ငါတို့ အလဟဿ မဖြုန်းတီးနိုင်ဘူး..."
အိုင်ဗီက ခေါင်းကို အသာအယာ စောင်းလိုက်ပြီး အသံမြှင့်စရာ မလိုဘဲ သူ၏ စကားကို ဖြတ်ပြောလိုက်သည်။
"ဪ... နားလည်ပါပြီ။ ဆိုလိုတာက ကျွန်မရဲ့ တန်ဖိုးက အစားအစာ တစ်နပ်စာလောက်တောင် မရှိဘူးပေါ့။ အိုင်ယိုး... တစ်ခါတလေ ကျွန်မ တကယ် စဉ်းစားမိတယ်၊ ကျွန်မက တကယ်ပဲ ရှင့်ရဲ့ သမီး မဟုတ်တာလားလို့ လေ။"
ရာဗင်ခရော့ဖ် မိသားစုဝင် အားလုံး၏ မျက်နှာများမှာ ဖြူလျော့သွားသည်။ ဆာဖီနာက ပြင်းပြင်းထန်ထန် တုံ့ပြန်ကာ အော်ဟစ်လိုက်သည်။
"နင် ဘာတွေ ပြောနေတာလဲ။ ဟင်းပွဲအချို့ မကျွေးနိုင်တာနဲ့ပဲ ငါတို့ကို အခုလို စွပ်စွဲရလား။ အိုင်ဗီ... မင်းဆီကနေ ဒီလိုမျိုး ငါ မမျှော်လင့်ထားဘူး။"
အိုင်ဗီက မျက်လုံးကို အသာအယာ ကစားလိုက်သည်။ ဒီဂုတ်သွေးစုတ်တဲ့ မိသားစုအတုများနှင့် စကားပြောနေရခြင်းမှာ အဓိပ္ပာယ်မရှိဟု သူမ ခံစားရသည်။
"ကောင်းပြီ။ ပုစွန်ကော်ပြန့်လည်း မစားရဘူး၊ မာပိုတိုဖူးလည်း မစားရဘူး၊ ပေကျင်းဘဲကင်လည်း မရှိဘူးဆိုရင် ကျွန်မ မသွားတော့ဘူး။ ပက်ထရစ် သတ္တိရှိရင် သူ့ကိုကိုယ်တိုင် လာခေါ်ခိုင်းလိုက်။"
ဆာဖီနာ၏ မျက်လုံးများ ပြူးကျယ်သွားကာ ထိတ်လန့်သွားသည်။ ဤသည်မှာ သူမ စီစဉ်ထားသကဲ့သို့ ဖြစ်မလာခြင်းပေ။ ထိုအဖိုးကြီးက အကယ်၍ အိုင်ဗီကို သူမအလိုအလျောက် မလွှတ်ပေးလျှင် နောက်တစ်ကြိမ်တွင် အခကြေးငွေ နှစ်ဆတောင်းမည်ဟု ပြတ်ပြတ်သားသား ပြောထားသည်။ သူတို့ထံတွင် နှစ်ဆပေးစရာ မရှိပေ။
မက်ဂနပ်စ်က သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ဒေမီယန်က တစ်ခုခု ပြောရန် ပါးစပ်ဟလိုက်သော်လည်း အိုင်ဗီက အေးစက်လှသော လေသံဖြင့် ဆက်ပြောလိုက်သည်။
"ဒါမှမဟုတ်... ကျွန်မက တကယ်ပဲ စည်းကမ်းသင်ယူဖို့ လိုတယ်လို့ ထင်ရင် ကျွန်မအစား အိုင်စလာကို သွားခိုင်းလိုက်လေ။ သူ ပြန်လာရင် ပိုပြီး လိမ္မာလာမလား ကြည့်ရတာပေါ့။"
အိုင်စလာ၏ မျက်နှာမှာ ဖြူဖျော့သွားပြီး ကြောက်ရွံ့မှုများက သူမ၏ မျက်နှာပေါ်တွင် အထင်းသား ပေါ်လာသည်။
"အိုင်ဗီ... နင် ဘယ်လိုတောင် ပြောနိုင်ရတာလဲ။ ငါက နင့်ရဲ့ အစ်မလေ။" အိုင်စလာက တုန်ရီနေသော အသံဖြင့် အော်ပြောလိုက်သည်။
"အစ်မ ဟုတ်လား။" အိုင်ဗီ၏ အပြုံးမှာ ရေခဲကဲ့သို့ အေးစက်လှသည်။
"နင် အဆင်ပြေတဲ့ အချိန်ကျမှပဲ အဲ့ဒီစကားလုံးကို သတိရတတ်တာကိုး။"
ဒေမီယန်က သွားကို ကြိတ်လိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် ကြမ်းတမ်းသော အရိပ်အယောင်များ ပေါ်လာလျက် ဆိုသည်။
"အိုင်ဗီ... မင်းက ငါ့ကို ဒီလိုလုပ်ဖို့ တွန်းအားပေးနေတာပဲ။"
ထို့နောက် သူသည် မက်ဂနပ်စ်ကို ကြည့်လိုက်ရာ မက်ဂနပ်စ်က ခေါင်းညိတ်ပြလိုက်သည်။ ထိုသူနှစ်ဦးလုံးမှာ လက်ထဲတွင် ဒုတ်များကို ကိုင်ဆောင်လျက် အိုင်ဗီထံသို့ ပြေးဝင်သွားကြလေတော့သည်။
အိုင်ဗီ၏ ရင်ထဲတွင် မြှုပ်နှံထားသော နာကျည်းမှု အာဃာတများမှာ တဖန်ပြန်လည် တောက်လောင်လာတော့သည်။
..........
"အစ်ကို... အစ်ကို့ကို တောင်းပန်ပါတယ်။ ကျွန်မ ပက်ထရစ်ဆီ မသွားချင်ဘူး။ သူက ကာမရမ္မက် များလှတဲ့လူကြီးပါ။" အိုင်ဗီသည် တုန်ရီနေသော လက်အစုံဖြင့် မျက်ရည်များကြားမှ အသနားခံ တောင်းပန်နေရှာသည်။
ဒေမီယန်က သူမကို ဘေးသို့ ကြမ်းတမ်းစွာ တွန်းဖယ်လိုက်သည်။ ထိုအချိန်တွင် အိုင်စလာက အိုင်ဗီ၏ လက်ကို မသိမသာ နင်းခြေလိုက်ပြီး ကြင်နာတတ်သည့် လေသံဖြင့် ဆိုသည်။
"အိုင်ဗီ... ဒါ မင်းအပြစ်ပဲ။ မင်းရဲ့ အလှအပက အသက် ၅၀ ကျော် အဖိုးကြီးတွေကိုတောင် ဆွဲဆောင်နိုင်နေတာကိုး။"
ထိုသို့ ပြောပြီးနောက် အိုင်ဗီ၏ လက်ဖမိုးပေါ်တွင် သွေးစို့နေသော အပေါက်တစ်ခု ကျန်ရစ်စေသည့် သူမ၏ ဒေါက်မြင့်ဖိနပ်ကို ဖယ်လိုက်ပြီး လှည့်ထွက်သွားသည်။
အိုင်ဗီ နာကျင်စွာ မအော်ဟစ်နိုင်ခင်မှာပင် မက်ဂနပ်စ်က သူမ၏ ဆံပင်ကို ဆွဲကိုင်ကာ တံခါးဝသို့ တရွတ်တိုက် ဆွဲခေါ်သွားတော့သည်။
"အသုံးဝင်အောင် နေစမ်းပါ။ ပက်ထရစ်က မင်းရဲ့ လုပ်ဆောင်ချက်ကို သဘောကျရင် ငါတို့ကို ကြက်တစ်ကောင်၊ တိုဖူး ၂ ကီလိုနဲ့ ပုစွန် ၅ ကီလို ပေးမယ်လို့ ပြောထားတယ်။"
"မလုပ်ပါနဲ့... အဖေ အနူးအညွတ် တောင်းပန်ပါတယ်။ ဒီလို မလုပ်ပါနဲ့။ သူ ကျွန်မကို စော်ကားဖျက်ဆီးပစ်လိမ့်မယ်" အိုင်ဗီ အော်ဟစ်နေမိသည်။ သူမသည် တုံးမနေတဲ့သူမဟုတ်ပေ။ ရာဗင်ခရော့ဖ် မိသားစု၏ အပြင်ဘက်သို့ ရောက်သွားသည်နှင့် သူမ ရင်ဆိုင်ရမည့် ကံကြမ္မာဆိုးကို ကောင်းစွာ သိရှိနေသည်။
သူမ အတင်းအဓမ္မ ရုန်းကန်နေခြင်းက မက်ဂနပ်စ်ကို ဒေါသထွက်စေသည်။ သူက ဒေမီယန်ကို အချက်ပြလိုက်ရာ ဒေမီယန်သည် မဆိုင်းမတွပင် နှင်တံကြိမ်လုံးကို ထုတ်ယူကာ သူမ၏ ကိုယ်ပေါ်သို့ တရစပ် ရိုက်နှက်လေတော့သည်။