မျှော်လင့်မထားသော အံ့အားသင့်မှု
Vol. 4 Ch. 36
အိုင်ဗီထံမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကြောင့် ဆိုင်းလပ်စ် လန့်ဖျပ်သွားရသည်။ သူသည် စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် မေးလိုက်သည်။
"အိုင်ဗီအဆင်ပြေရဲ့လား"
သူ၏ သာယာငြိမ့်ညောင်းသော အသံသည် အိုင်ဗီ၏ သွေးဆာနေသော စိတ်ရိုင်းများအပေါ်သို့ ရေအေးဖြင့် လောင်းချလိုက်သကဲ့သို့ ရှိတော့သည်။ သူမသည် မျက်တောင်တခတ်ခတ်ဖြင့် သတိပြန်ဝင်လာပြီး အားနာသည့် အမူအရာဖြင့် ပြန်ပြောလိုက်သည်။
"ကျွန်မ... မကောင်းတဲ့ အရာတစ်ခုကို တွေးမိသွားလို့ပါ။ ရှင် သွားကူညီလိုက်ပါဦး။ ကျွန်မကတော့ တစ်ခုခု သဲလွန်စရမလားလို့ ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်ဦးမယ်။"
"မဖြစ်ဘူး။" ဆိုင်းလပ်စ်က ပြတ်သားစွာ ငြင်းဆိုသည်။ ဘယ်လိုအန္တရာယ်မျိုးက ပုန်းကွယ်နေမည်ကို ဘယ်သူသိနိုင်မည်နည်း။ အိုင်ဗီ၏ အစောပိုင်း သတိပေးချက်အရ ခြေလှမ်းတစ်လှမ်း မှားရုံနှင့် မည်သူမဆို အသက်ဆုံးရှုံးနိုင်ကြောင်း ထင်ရှားနေသည်။
အိုင်ဗီက ပြုံးလိုက်ပြီး
"စိတ်မပူပါနဲ့။ တခြားသူတွေ မရှင်သန်ရင်တောင် ကျွန်မကတော့ ရှင်သန်နေဦးမှာပါ။"
ဘုရားသခင်သည် သူမကဲ့သို့ ယုတ်မာသောသူများကို အလွယ်တကူ သေခွင့်မပေးတတ်ပေ။ သေခြင်းတရားကို တောင်းတလာသည့်တိုင်အောင် နှိပ်စက်ညှဉ်းပန်းပြီး 'ကမ္ဘာမြေ' ဟုခေါ်သော ငရဲခန်းထဲတွင် ဆက်လက်အသက်ရှင်ကာ ပုပ်ပွသွားအောင် သူက ရက်စက်စွာ စီရင်တတ်သည် မဟုတ်လား။
ဆိုင်းလပ်စ် သူမကို တားဆီးရန် မပြင်နိုင်ခင်မှာပင် အိုင်ဗီသည် လှည့်ထွက်သွားခဲ့သည်။ သူသည် သူမကို ကြည့်ရင်း အကူအညီမဲ့စွာ ကျန်ရစ်ခဲ့ရသည်။
တစ်ခါတစ်ရံတွင် အိုင်ဗီ၏ အပြုအမူများက သူတို့နှစ်ဦး ရင်းနှီးနေပြီဖြစ်ကြောင်း သက်သေပြနေသကဲ့သို့ ရှိသော်လည်း... အခြားသော အချိန်များတွင်မူ သူတို့ကြား၌ မမြင်ရသော စည်းတစ်ခု ခြားနေသကဲ့သို့ သူ ခံစားနေရဆဲဖြစ်သည်။
....
စတီဖင် သေဆုံးပြီးနောက်ပိုင်း အချိန်အတော်ကြာ ဖြတ်သန်းခဲ့ရသူဖြစ်သည့်အတွက် အိုင်ဗီသည် တိကျသော တည်နေရာကို မမှတ်မိတော့ပေ။
သူမ မှတ်မိသည်မှာ ဝေဝါးသော အချက်အလက်တစ်ခုသာ ဖြစ်သည်။ ၎င်းမှာ 'ဧရာမ သစ်ပင်ကြီး' တစ်ပင်ပင် ဖြစ်သည်။
လမ်းခရီးတွင် ဇမ်ဘီအချို့နှင့် ဆုံခဲ့သော်လည်း ၎င်းတို့က သူမကို လျစ်လျူရှုထားကြသည်။
ဇမ်ဘီတစ်ကောင်သည် အိုင်ဗီရှေ့တွင် ရုတ်တရက် ခလုတ်တိုက်လဲကျသွားပြီး သူမကို စိုက်ကြည့်လာသည်။ အိုင်ဗီ တစ်ခုခု မလုပ်ဆောင်ခင်မှာပင် ထိုဇမ်ဘီသည် အလေးပြု လိုက်ပြီး ထွက်ခွာသွားတော့သည်။
အိုင်ဗီ: အင် ဘယ်လိုကြီးလဲ?
ထိုဇမ်ဘီကို ဂရုမစိုက်တော့ဘဲ အိုင်ဗီသည် တစ်ပင်ပြီးတစ်ပင် လိုက်လံစစ်ဆေးခဲ့သည်။
ဘာမှ မတွေ့ရပေ။
အမှန်စင်စစ် သူမသည် ပိုးမွှားတစ်ကောင်ကိုပင် မတွေ့ရသလောက်ပင်ဖြစ် နေသည်။ တိရစ္ဆာန်၊ ပိုးမွှားနှင့် ငှက်များ၏ ၄၅ ရာခိုင်နှုန်းမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးကြမည်ဖြစ်ပြီး ကျန် ၂၅ ရာခိုင်နှုန်းမှာ ဇမ်ဘီတိရစ္ဆာန်များအဖြစ် မပြောင်းလဲမီ တစ်နှစ်ခန့် ကိန်းအောင်းနေကြမည် ဖြစ်သည်။ ကျန်ရှိသော ၃၀ ရာခိုင်နှုန်းမှာမူ မျိုးဗီဇပြောင်းလဲသွားမည်ဖြစ်ပြီး ၎င်းတို့သည် လူသားတို့အတွက် ပင်မ အစားအစာ အရင်းအမြစ်များ ဖြစ်လာပေလိမ့်မည်။
အိုင်ဗီ သစ်ပင်များကို စစ်ဆေးနေစဉ် တိုးတိုးလေး စကားပြောသံတစ်ခုက သူမ၏ အာရုံကို ဖမ်းစားလိုက်သည်။
"ဒါက တကယ်ပဲ လုပ်သင့်တဲ့ အလုပ် ဟုတ်ရဲ့လား။"
"ငါလည်း မသိဘူးလေ ငါ့ဦးလေးက ဒါကို လုပ်ခိုင်းတာ ဒီတစ်ခေါက် အောင်မြင်ရင် သူ့အဖွဲ့ထဲ ထည့်ပေးမယ်လို့ ကတိပေးထားတယ်။"
ကန့်ကွက်သည့် အသံမှာ ငြိမ်ကျသွားသည်။
အိုင်ဗီသည် မျက်မှောင်ကြုံ့ကာ ချောင်းကြည့်လိုက်ရာ ရင်းနှီးသော မျက်နှာများကို တွေ့လိုက်ရသည်။
ရိုနန်၊ မာ့ခ် နှင့် ပါကာ။ ဖရန့်ခ်အဖွဲ့မှ အမှိုက်များဖြစ်သည်။ ပြောရမယ်ဆိုရင် သူတို့သည် စတီဖင်အဖွဲ့၏ အဖွဲ့ဝင်များ ဖြစ်နေဆဲ ဖြစ်သည်။
သို့သော် ထူးဆန်းသော အကြောင်းပြချက်ဖြင့် စတီဖင် သေဆုံးပြီး ၂ လအကြာတွင် သူတို့သည် ဖရန့်ခ်အဖွဲ့သို့ ပြောင်းရွှေ့သွားခဲ့ကြသည်။
နောက်ပိုင်းတွင် ဤသုံးယောက်သည် အာဏာရှင်များကဲ့သို့ ပြုမူကာ ကိုယ်ပိုင် ဂိုဏ်းငယ်လေးများ ထောင်ခဲ့ကြသည်။ တစ်ယောက်က အစားအသောက် ဈေးနှုန်းများကို ကစားပြီး ကျန်နှစ်ယောက်မှာ လူကုန်ကူးမှုများ လုပ်ဆောင်ခဲ့ကြသည်။
သူမ သူတို့ကို ဘယ်လိုမေ့နိုင်ပါ့မလဲ။ သူမ ပထမဆုံးအကြိမ် ထွက်ပြေးရန် ကြိုးစားစဉ်က သူမကို ဖမ်းဆီးခဲ့သူများမှာ သူတို့ပင် ဖြစ်သည်။
"ရှူး အားလုံး ပါးစပ်ပိတ်ထားစမ်း ငါ့နောက်ကလိုက်ပြီး ဒါကို ဒီမှာ လွှတ်လိုက်။" ရိုနန်၏ အသံကြောင့် အိုင်ဗီသည် သူမ၏ မကောင်းသော မှတ်ဉာဏ်များထဲမှ ပြန်လည် နိုးထလာသည်။
အိုင်ဗီသည် မုန်းတီးသော မျက်ဝန်းများဖြင့် စောင့်ကြည့်နေမိသည်။ ယခုတစ်ကြိမ်တွင်မူ... သူတို့တွေ ကမ္ဘာပျက်ကပ်ကို ပိုမိုဆိုးရွားအောင် မလုပ်နိုင်ခင် အားလုံးကို သူမ သတ်ပစ်မည်။
သို့သော် ရိုနန်က သေတ္တာတစ်လုံးကို ထုတ်ကာ မြွေတစ်ကောင်ကို လွှတ်ပေးလိုက်သည်ကို မြင်သောအခါ သူမ အံ့အားသင့်သွားသည်။ အတိအကျ ပြောရလျှင် ၎င်းမှာ 'ဇမ်ဘီမြွေ' တစ်ကောင် ဖြစ်သည်။
ယခုမူ မြို့ပြဆင်ခြေဖုံးသို့ ဇမ်ဘီမြွေ မည်သို့ရောက်လာသနည်းဟူသော ပဟေဠိမှာ ရှင်းလင်းသွားခဲ့ပြီ။
အိုင်ဗီသည် လျင်မြန်စွာ တုံ့ပြန်ပြီး ထိုမြင်ကွင်းကို မှတ်တမ်းတင်လိုက်သည်။ ရိုနန် ဇမ်ဘီမြွေကို လွှတ်လိုက်သည့် အခိုက်အတန့်ကို မှတ်တမ်းမတင်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြောဆိုခဲ့သော စကားများကို မှတ်တမ်းတင်နိုင်ခဲ့သဖြင့် ကံကောင်းသွားသည်။
"အခု ငါတို့ ဘာဆက်လုပ်ကြမလဲ။" မာ့ခ်က တစ်စုံတစ်ယောက် မြင်သွားမည်ကို စိုးရိမ်သဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရင်း ထိတ်လန့်တကြား မေးလိုက်သည်။
ရိုနန်က မတ်တတ်ရပ်လိုက်ပြီး သူ၏ မျက်နှာတွင် လှောင်ပြုံးတစ်ခုဖြင့် -
"ဘာမှမလုပ်ဘူး။ ငါတို့ စောင့်နေမယ်။ အလုပ်ရဲ့ ၉၉ ရာခိုင်နှုန်း ပြီးသွားတဲ့အခါ အားလုံးရဲ့ အာရုံကို ဒီဘက်ရောက်အောင် လုပ်မယ်။ ကြောက်သလိုလို ဟန်ဆောင်ပြီး စစ်သားတွေရဲ့ စိတ်ထဲမှာ ထိတ်လန့်မှုကို ဖြစ်အောင်လုပ်မယ်။ အဲ့ဒီအချိန်ကျရင် စတီဖင်က ရှေ့ထွက်လာရလိမ့်မယ်၊ အဲ့ဒီအခါမှာတော့... ဝုန်း ဟားဟားဟာ!"
မာ့ခ်နှင့် ပါကာတို့ကလည်း ဟန်ဆောင်ကာ ရယ်မောလိုက်ကြသည်။ သူတို့၏ မျက်နှာထားအရ ဤကဲ့သို့သော အလုပ်မျိုးကို ပထမဆုံးအကြိမ် လုပ်ဖူးခြင်းဖြစ်ကြောင်း သိသာလှသည်။
သူတို့ ထွက်သွားပြီးနောက် အိုင်ဗီသည် သစ်ပင်နောက်မှ ထွက်လာကာ ဇမ်ဘီမြွေကို သူမ၏ ဟင်းလင်းပြင် ထဲသို့ ထည့်လိုက်သည်။
[သင်သည် ဇမ်ဘီမြွေတစ်ကောင်ကို သိုလှောင်လိုက်ပြီဖြစ်သည်။ ၎င်းကို KB အဖြစ် ပြောင်းလဲလိုပါသလား။]
“ဟမ်”
အိုင်ဗီ အံ့အားသင့်သွားသည်။ ကူးစက်ခံထားရသော တိရစ္ဆာန်များကို ကြင်နာမှုစွမ်းအင် အဖြစ် ပြောင်းလဲနိုင်တာလား။
"ပြောင်းမယ်" သူမ အမိန့်ပေးလိုက်သည်။
[လုပ်ဆောင်ပြီးပါပြီ။ ဂုဏ်ယူပါသည်! သင်သည် ၂၀ KB ရရှိပါသည်]
အိုင်ဗီ အလွန်ဝမ်းသာသွားသည်။ ဤခရီးက အချည်းနှီး မဟုတ်ပေ။ သူမသည် အန္တရာယ်ကို ကြိုတင်ရှင်းလင်းနိုင်ခဲ့သည့်အပြင် ၂၀ KB ကိုပါ ရရှိခဲ့သည် မဟုတ်လား။
မကြာမီ သူမသည် ဆိုင်းလပ်စ်နှင့် စတီဖင်တို့ကို ရှာတွေ့ပြီး အဖြစ်အပျက်အားလုံးကို ပြောပြလိုက်သည်။
စတီဖင်သည် အလွန်အမင်း ဒေါသထွက်သွားသည်။
"အဲ့ဒီကောင်လေး ငါ့ကို ဘယ်လိုတောင် လုပ်ကြံရဲရတာလဲ! ဖရန့်ခ်... နေနှင့်ဦးပေါ့ မင်းနဲ့ မင်းတူကို ငါ တစ်ခါတည်း အပြတ်ရှင်းပြမယ်"
ဆိုင်းလပ်စ်၏ မျက်နှာမှာလည်း ကြည့်မကောင်းလှပေ။ အကယ်၍ အိုင်ဗီသာ အချိန်မီ အမှန်တရားကို မဖော်ထုတ်နိုင်ခဲ့လျှင် ယနေ့ သူ၏ ဦးလေးကို ဆုံးရှုံးရပေလိမ့်မည်။
ပူးပေါင်းကြံစည်မှုများနှင့် ပတ်သက်၍ သူ၏ သံသယများမှာလည်း ပိုမိုခိုင်မာသွားခဲ့ပြီ။
သူသည် အိုင်ဗီဘက်သို့ လှည့်ကာ ဦးညွှတ်လိုက်သည်။
"အိုင်ဗီ၊ ကျေးဇူးတင်ပါတယ်။ မင်းသာမရှိရင် ဒီနေ့ ငါ့ဦးလေးတင်မကဘဲ တခြားအရာတွေပါ ဆုံးရှုံးရနိုင်ခြေ ရှိခဲ့တာ။"
စတီဖင်ကလည်း အိုင်ဗီကို ဦးညွှတ်လိုက်ပြီး ကျေးဇူးတင်ရှိကြောင်း ဖော်ပြသည့် လေသံဖြင့် ဆိုသည်။
"မင်းရဲ့ အကူအညီကို ငါ အမြဲမှတ်ထားပါ့မယ် အိုင်ဗီ။ တစ်နေ့ကျရင် မင်း ငါ့အကူအညီလိုတာနဲ့ ပြောလိုက်ပါ။ ငါ့အဖွဲ့က အခုကစပြီး မင်းနောက်ကနေ အမြဲဝန်းရံပေးနေမှာပါ။"
အိုင်ဗီသည် အနည်းငယ် ပျာယာခတ်သွားကာ ခေါင်းခါယမ်းလျက် -
"မလိုပါဘူး!"
ထိုသို့ပြောပြီးနောက် သူမသည် ဆိုင်းလပ်စ်၏ ဂျစ်ကားထဲသို့ အမြန်ဝင်သွားတော့သည်။
အိုင်ဗီ၏ ပျာပျာသလဲ ဖြစ်နေသောပုံစံကို ကြည့်ကာ စတီဖင်က ခပ်တိုးတိုး ရယ်မောလိုက်သည်။ ထို့နောက် သူသည် ဆိုင်းလပ်စ်ဘက်သို့ လှည့်ကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။
"မင်းရဲ့ ဇနီးလောင်းလေးက တကယ့်ကို ထူးချွန်တာပဲ။ သေချာ စောင့်ကြည့်ထားဦး။ တစ်ခြားလူတစ်ယောက်ယောက်ရဲ့ အာရုံစိုက်မှုကို ခံရပြီး ပါသွားရင် ဘယ်လိုလုပ်မလဲ။"
ဆိုင်းလပ်စ်က သူ၏ ဒုတိယဦးလေးကို စိုက်ကြည့်လိုက်ပြီး
"ဦးလေး၊ ကိုယ့်အသက်ကိုယ်ပဲ စိတ်ပူစမ်းပါ။ ဦးလေးရဲ့ တပ်ထဲမှာ အကွက်ဆင်သူတွေ ဒီလောက်တောင် ရှိနေတာ၊ ဦးလေး ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ ဘုရားပဲ သိလိမ့်မယ်။"
စတီဖင် : (အယ်) အခုခေတ် ကလေးတွေက တော်တော် စိတ်ဆတ်တာပဲ။
"ကဲပါ... ကဲပါ။ ငါ အပြောမှားသွားတယ် ဟုတ်ပြီလား။ သူက မင်းနဲ့ပဲ တစ်သက်လုံး ပေါင်းရမှာပါ။"
ဆိုင်းလပ်စ်၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားပြီးနောက် အိုင်ဗီနောက်သို့ လိုက်သွားတော့သည်။
ကားထဲတွင် ထိုင်နေသော အိုင်ဗီ၏ မျက်နှာမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။
'ဟင်’
သူမ၏ စိတ်ထဲတွင် အသံတစ်ခု ပဲ့တင်ထပ်သွားသည်။
[သင်သည် ရိုးသားဖြောင့်မတ်သော လူတစ်ဦးကို ကူညီခဲ့ပါသည်။ သင်သည် ၁၀ KB ရရှိပါသည်!]