အိမ်မက်ဆိုး (၁)
Vol. 4 Ch. 38
"ဒီလက္ခဏာမျိုးမရှိတဲ့ ယုံကြည်ရတဲ့ စစ်သည်တစ်ယောက်ကို ရှာလိုက်ပါ။ ရိုနန်၊ မာ့ခ်နဲ့ ပါကာတို့ကို ဖမ်းချုပ်ထားဖို့ သူ့ကို ခိုင်းလိုက်ပါ။ သတိလစ်သွားတဲ့ စစ်သည်တွေအားလုံးကိုတော့ သီးသန့်ဖြစ်ပြီး လုံခြုံနွေးထွေးတဲ့နေရာမှာ ထားပေးပါ" ဟု အိုင်ဗီက အမိန့်ပေးလိုက်သည်။ သူမ၏ အေးစက်သောလေသံမှာ ငြင်းဆန်ရန် အခွင့်အရေး လုံးဝမပေးပေ။
စတီဖင်၏ အယုံကြည်ရဆုံး လက်ထောက်ဖြစ်သူ ဟဲရစ်သည် အိုင်ဗီ၏အသံကို ကြားရသောအခါ မှင်တက်သွားသည်။ သူသည် အိုင်ဗီကို သိသလို ယနေ့တွင် သူမက ဗိုလ်ချုပ်၏အသက်ကို မည်သို့ကယ်တင်ခဲ့သည်ကိုလည်း သိထားသည်။
သို့သော်... သူမ၏ အမိန့်ကို နာခံရန်မှာ မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ပါ့မလား။ ဆိုင်းလပ်စ်ကရော ဘယ်မှာလဲ။
သူ၏ တိတ်ဆိတ်နေမှုကပင် အိုင်ဗီအတွက် မေးခွန်းထုတ်နေမှန်း သိသာလှသဖြင့် သူမက ဆက်ပြောသည်။
"ဆိုင်းလပ်စ်လည်း သတိလစ်သွားပြီ။ ငါပြောတာကိုသာ နားထောင်ပါ။ တစ်ခုခုဖြစ်လာရင် ငါပဲ တာဝန်ယူမယ်။"
ဟဲရစ် : ညီမလေးရယ်... ဒါက တာဝန်ယူရုံနဲ့ မပြီးဘူးလေ။
စစ်ဆင်ရေးတစ်ခုအတွင်းမှာ ပြင်ပလူတစ်ယောက်က တာဝန်ယူပါ့မယ်လို့ ပြောပေမယ့် တကယ်တမ်း တစ်ခုခု လွဲချော်သွားရင် အပြစ်ပေးခံရမှာက စစ်သည်ပဲ ဖြစ်သည်။
သို့သော်လည်း အကျိုးဆက်များကို ကောင်းစွာသိရှိနေသည့်တိုင် ဟဲရစ်သည် အိုင်ဗီကို ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။ သူမသည် ဆိုင်းလပ်စ်၏ အနာဂတ်ဇနီးလောင်း မဟုတ်လား။ အချက်ကျကျ ပြောရရင် သူမသည် အပြင်လူ မဟုတ်တော့ပေ။
"ကောင်းပြီလေ" ဟု ဟဲရစ်က သဘောတူလိုက်သည်။ လက်ရှိ အခြေအနေအရ အိုင်ဗီ၏ အမိန့်မှာ မှန်ကန်သည်ဟု သူ ခံစားရသည်။ တစ်ခုခု မှားယွင်းသွားလျှင်လည်း သူသာ အပြစ်ပေးခံရမည် မဟုတ်ပါလား။
ဖုန်းချပြီးနောက် အိုင်ဗီသည် ဆိုင်းလပ်စ်ကို စိုက်ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒါကြောင့် စတီဖင်က တိုက်ခိုက်ဖို့ အားအင်မရှိခဲ့တာကိုး... သူတို့အားလုံးက စူပါစွမ်းအားရှင်တွေအဖြစ် နိုးထတော့မှာပဲ။"
စတီဖင်သည် တစ်ချိန်လုံး နေမကောင်းဖြစ်နေခဲ့ခြင်း ဖြစ်နိုင်သော်လည်း သူသည် တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။ နောက်ဆုံးတွင် သူ၏ အားအင်များ ဆုတ်ယုတ်လာချိန်၌ အသံကြားရာသို့ သွားရောက်စစ်ဆေးခဲ့ရာမှ ရိုနန် ထားခဲ့သော ဇမ်ဘီမြွေ၏ အကိုက်ကို ခံခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။
"နင် တကယ် အတာပဲ အိုင်ဗီ..." ဟု သူမက ကိုယ့်ကိုယ်ကိုယ် ပြန်ပြောမိသည်။
တစ်ရက် ကုန်ဆုံးသွားခဲ့သည်။
သဘာဝအလျောက် ကိုယ်လက်သန့်စင်လိုစိတ် ပေါ်လာသဖြင့် အိုင်ဗီသည် နှုတ်ခမ်းကို ဖိကိုက်ကာ အများသုံး အိမ်သာရှိမလားဟု ပတ်ဝန်းကျင်ကို လိုက်ကြည့်မိသည်။
စိတ်ပျက်စရာကောင်းသည်မှာ တစ်ခုမျှ မရှိခြင်းပင်။
“စွမ်းအင်သိုလှောင်မှု ... မင်းဆီမှာ အိမ်သာ ရှိလား" ဟု အိုင်ဗီက မျှော်လင့်ချက်ဖြင့် မေးလိုက်သည်။
[အိမ်သာတစ်ခု တည်ဆောက်လိုပါသလား။]
အိုင်ဗီသည် အရေးကြီးနေပြီဖြစ်သဖြင့် ခေါင်းညိတ်ကာ "အင်း၊ ဆောက်မယ်"
[၁ KB ကုန်ကျပါမည်။]
"သဘောတူတယ်" ဟု အိုင်ဗီက ပြန်ဖြေသည်။
[အိမ်သာ တည်ဆောက်နေသည်... လုပ်ငန်းစဉ် ပြီးဆုံးပါပြီ။ လက်ရှိလက်ကျန် ၄၇.၇ KB]
အိုင်ဗီသည် ကာလသိုလှောင်မှု ဟင်းလင်းပြင်ထဲသို့ ဝင်သွားသည်။ အိမ်သာတစ်ခုအတွက် ၁ KB ဆိုသည်မှာ အလွန်ဈေးကြီးသည်ဟု ထင်ရသော်လည်း ၎င်းကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူမ၏ အပြစ်တင်လိုစိတ်များ ပျောက်ကွယ်သွားသည်။
၎င်းမှာ စတုရန်းပေ ၅၀၀ ခန့် ကျယ်ဝန်းသည်။
နံရံနှင့် ကြမ်းပြင်ကို ကျွန်းသားများဖြင့် ပြုလုပ်ထားသည်။ နောက်ခံမီးပါသော မှန် ၃ ချပ်ရှိပြီး ၎င်းအောက်တွင် ကျွန်းသား ဗီရိုတစ်ခု ရှိသည်။ မှန်၏ တည့်တည့်တွင် အလင်းမပေါက်သော မှန်ဖြင့် ကာရံထားသည့် ရေပန်းပါသော ရေချိုးကန်တစ်ခု ရှိသည်။
ဘယ်ဘက်တွင် မှန်နံရံများ ကာရံထားသော အိမ်သာခွက် ရှိသည်။ အဝေးမှ ကြည့်ရုံနှင့်ပင် ၎င်းမှာ အဆင့်မြင့် နည်းပညာသုံး ပစ္စည်းများဖြင့် ပြုလုပ်ထားကြောင်း အိုင်ဗီ သိလိုက်သည်။
သီးသန့် ရေပန်းတစ်ခုလည်း ပါဝင်သည်။ သို့သော် အိုင်ဗီမှာ ထိုအရာများကို အားရပါးရ ကြည့်ရှုနေရန် စိတ်မပါသေးပေ။ သူမသည် အိမ်သာအသုံးပြုပြီး ကားထဲမှ ယူလာသော လက်ဆေးရည်ဖြင့် လက်ဆေးလိုက်သည်။
ထို့နောက် ရေချိုးပြီး ကားထဲသို့ ပြန်လာခဲ့သည်။
အချိန်များ ကုန်ဆုံးသွားသည်။ ဆိုင်းလပ်စ်ကို ကားထိုင်ခုံတွင် အကြာကြီး ထိုင်ခိုင်းထားပါက တစ်ကိုယ်လုံး နာကျင်နေမည်ဖြစ်သဖြင့် အိုင်ဗီသည် သူ့ကို နောက်ခန်းသို့ ရွှေ့ထားလိုက်သည်။
အိုင်ဗီ အိပ်ပျော်နေစဉ် ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး ကားတံခါးကို ဖွင့်လိုက်သည်။ သူမသည် မိန်းမောနေသော အမူအရာဖြင့် ရှေ့သို့ လမ်းလျှောက်သွားတော့သည်။
မိနစ် ၃၀ ခန့်အကြာတွင် သူမ ရပ်တန့်သွားပြီး သတိပြန်ဝင်လာသည်။
စိမ်းသက်သော နေရာတစ်ခုကို မြင်လိုက်ရသဖြင့် အိုင်ဗီ အံ့အားသင့်သွားသော်လည်း မကြာမီမှာပင် သူမ၏ မျက်နှာထားမှာ ပြန်လည် တည်ငြိမ်သွားသည်။
လေထဲတွင် အချိန်မှတ်နာရီတစ်ခု ပေါ်လာသည်။
၁၅:၀၀
အိုင်ဗီ၏ ခြေဖဝါးအောက်မှ မြေပြင်သည် အပြာရောင်အလင်းများ တဖျတ်ဖျတ် တောက်လာပြီး အစားအစာထုပ်များ ပေါ်လာသည်။
အိုင်ဗီသည် စူးစမ်းလိုစိတ်ဖြင့် ငုံ့ကြည့်လိုက်ရာ ဆားထုပ်များကို တွေ့ရသဖြင့် အတော်လေး ဝမ်းသာသွားသည်။
အရင်ကကဲ့သို့ပင် ဆားထုပ်များသာ ဖြစ်သော်လည်း အမျိုးအစား စုံလင်လှသည်။
အိုင်ဗီသည် ငုံ့ကာ ၃၀၀ ဂရမ်ရှိသော စားပွဲတင်ဆားထုပ်ကို ကောက်ယူပြီး ဟင်းလင်းပြင်ထဲ သိုလှောင်လိုက်သည်။
သူမ၏ လှုပ်ရှားမှုများမှာ ကျွမ်းကျင်လှပြီး စက္ကန့်ပိုင်းမျှပင် မနားပေ။
၄၀၀ ဂရမ်ရှိသော ပင်လယ်ဆားလား။ ကောက်ပြီ။
၂၀၀ ဂရမ်ရှိသော Kosher ဆားလား။ ကောက်ပြီ။
၂၅၀ ဂရမ်ရှိသော အနံ့တင်ဆားလား။ ကောက်ပြီ။
ဆားကြမ်း၊ ဆားချော၊ ကြက်သွန်ဖြူဆား၊ ဟာဝိုင်ယီဆား...
ယခင်က အတွေ့အကြုံများကြောင့် အိုင်ဗီသည် ဆားအမျိုးအစားများကို လျင်မြန်စွာ ကောက်ယူခဲ့ရာ ယခုတစ်ကြိမ်တွင် ဆား ကီလို ၅၀ ခန့်အထိ ကောက်ယူနိုင်ခဲ့သည်။
သူမ အစွမ်းကုန် မြန်မြန်ကောက်သည့်တိုင်အောင် ပစ္စည်းများ၏ ထက်ဝက်ကျော်မှာ ကျန်နေခဲ့သေးသည်။ အချိန်မှတ်နာရီ ၀၀:၀၀ သို့ ရောက်သည်နှင့် အရာအားလုံး ပျောက်ကွယ်သွားတော့သည်။
အိုင်ဗီသည် မြေပြင်ပေါ်သို့ ပုံလဲကျသွားသည်။ သူမသည် အလွန်ပင်ပန်းနေသဖြင့် လုံးဝ မလှုပ်ချင်တော့ပေ။
"ဆားနဲ့ ဆန်... နောက် ၃ လအတွင်း ဘာမှ ထပ်မကောက်ရရင်တောင် ခဏတာ အသက်ရှင်ဖို့ လုံလောက်သွားပါပြီ။"
သို့သော် အိုင်ဗီအတွက်မူ ဤမျှဖြင့် မလုံလောက်သေးပါ။ ဘာမှမလုပ်ဘဲ တစ်သက်လုံး ထိုင်စားရုံဖြင့် အေးအေးလူလူ နေနိုင်သည့်အထိ ရိက္ခာများကို စုဆောင်းလိုသည်။
လူပေါင်း ရာနဲ့ချီကို ဝေငှပေးလိုက်သည့်တိုင်အောင် သူမအတွက် အများအပြား ကျန်ရစ်နေဦးမည့် အစားအစာပမာဏမျိုးကို သူမ လိုချင်နေခြင်းဖြစ်သည်။
ကားဆီသို့ ပြန်ရောက်သောအခါ အိုင်ဗီသည် အိပ်ပျော်နေဆဲဖြစ်သော ဆိုင်းလပ်စ်ကို ကြည့်ရင်း သူမပါ အိပ်ပျော်သွားတော့သည်။
................
"အိုင်ဗီလေး... ဘယ်မှာလဲ? ထွက်လာခဲ့စမ်းပါ။ မင်းကို ခေါင်းဆောင်ဆီ ပြန်အပ်ပေးရမယ်။" အိုင်ဗီ အသက်ရှူပင် မဝံ့ဘဲ ပုန်းအောင်းနေသည့် အခန်းထဲတွင် နက်ရှိုင်းသော အသံတစ်ခု ပဲ့တင်ထပ်နေသည်။ သူမသည် စက္ကူသေတ္တာပုံးတစ်ခုအတွင်း၌ ပုန်းနေခြင်းဖြစ်သည်။
သေချာကြည့်မည်ဆိုပါက သူမသည် အရိုးပေါ် အရေတင်မျှသာရှိတော့သည့်အထိ ပိန်လှီနေသည်။ ကလေးတစ်ယောက်စာသာ ဆံ့သော စက္ကူသေတ္တာထဲတွင် သူမ ဝင်ပုန်းနေနိုင်ခြင်းကပင် သူမ ဘယ်လောက်အားနည်းနေပြီလဲဆိုသည်ကို သက်သေပြနေသည်။
ပန်းရောင်အလင်းတန်းများ ထွက်ပေါ်နေသော သူမ၏ မျက်ဝန်းအစုံမှာလည်း အသက်မဲ့ကာ ဟောင်းလောင်းပေါက် ဖြစ်နေရရှာသည်။
"အိုင်ဗီ၊ ငါ ငါးအထိ ရေတွက်မယ်။ တကယ်လို့ ထွက်မလာဘူးဆိုရင်တော့ ဂျိုးနဲ့ နေသန်တို့ကို မင်းကို လွှဲပေးလိုက်ရလိမ့်မယ်။ မင်းဘာသာမင်း ထွက်လာမယ်ဆိုရင်တော့ ငါ့သူငယ်ချင်း နှစ်ယောက်ကိုပဲ မင်းနဲ့ ပျော်ပါးခွင့်ပေးမယ်။" ရိုနန်၏ အသံမှာ အိုင်ဗီအတွက် ခြောက်လှန့်နေသော တေးသံတစ်ခုကဲ့သို့ပင်ဖြစ်သည်။
သူမသည် ထိတ်လန့်တုန်လှုပ်နေသလို အလွန်လည်း ဒေါသထွက်နေမိသည်။ သူမ၏ ရင်ခုန်သံမှာ အလွန်ကျယ်လောင်လွန်းလှသဖြင့် ထိုရင်ခုန်သံကြောင့်ပင် သူတို့ သူမကို ရှာတွေ့သွားမည်ကို အိုင်ဗီ စိုးရိမ်နေမိသည်။