ဟန်ထုတ်ခွင့်
Vol. 25 Ch. 241
“ဘာလို့မတိုက်တာလဲ”
မျက်နှာချင်းဆိုင်ရှိ ချီယွဲ့မြို့စားမင်း မှင်သက်သွား၏။ သူသည် သူမျှော်လင့်ထားသောမြင်ကွင်းမဟုတ်ချေ။
အကယ်၍ ကျန်းချန်သည် ယခုပွဲတွင်မတိုက်ခိုက်ပါက လာမည့်အုပ်စုတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ပေလိမ့်မည်။ ရွှေအင်မော်တယ်အဆင့် ၉ တစ်ဦးကို တစ်ချက်တည်းနှင့်သတ်နိုင်သော သူ့အစွမ်းနှင့်ဆိုလျှင် ထိုအချိန်ကျမှ သူ့ကိုအနိုင်ယူနိုင်ရန်ခဲယဉ်း၏။ သူ့ကိုအနိုင်ယူနိုင်လျှင်ပင် ဤနေရာရှိလက်ရွေးစင်စစ်သည် ၂၉,၉၉၉ ဦး၏ ထက်ဝက်ခန့် သေကြေပျက်စီးသွားနိုင်ခြေရှိသည်။ တွက်ခြေမကိုက်လှပေ။
မြို့စားမင်းကျန်းက မေးစေ့ကိုပင့်တင်ကာ မထီမဲ့မြင်ပြုသည့်အမူအရာဖြင့်ပြောလိုက်သည်။
“ငါစိတ်မပါဘူး... မတိုက်ခိုက်ချင်ဘူး”
ဒါကဘာအဓိပ္ပာယ်လဲ...
ဒီလိုလုပ်လို့ရလို့လား...
သူက တက်လှမ်းခြင်းစစ်ပွဲက ဘယ်လောက်အရေးကြီးလဲဆိုတာကိုသိရဲ့လား၊ ဒီနေရာမှာတောင် စိတ်ကောက်ပြနေသေးတာလား...
“သူ့ကိုအနိုင်မယူချင်တော့ဘူးလား” ချီယွဲ့မြို့စားမင်း အနည်းငယ်စိုးရိမ်လာသည်။
“မယူချင်ပါဘူး။ ဒီလိုမျိုးပြိုင်ဘက်က ငါကိုယ်တိုင်လက်လှုပ်ရလောက်အောင် မထိုက်တန်ဘူး”
“မင်းဘယ်လိုဖြစ်လို့ ဒီလိုလုပ်ရတာလဲ။ သုံးပွဲစလုံးရှုံးချင်လို့လား။ တစ်ပွဲလောက်နိုင်တာက ပိုပြီးဂုဏ်သိက္ခာရှိတာ မဟုတ်ဘူးလား”
ချီယွဲ့မြို့စားမင်းမှာ အလွန်စိုးရိမ်နေသော်လည်း ကံမကောင်းစွာဖြင့် တစ်ဖက်ရှိ မြို့စားမင်းကျန်းမှာမူ မည်သည့်ရည်မှန်းချက်မျှမရှိသကဲ့သို့ဖြစ်နေသည်။
“ဂုဏ်သိက္ခာက စားလို့ရလို့လား”
“မင်း...”
ချီယွဲ့မြို့စားမင်းမှာ စကားပင်ဆက်မပြောနိုင်တော့ဘဲ ဆွံ့အသွားရသည်။
သို့သော် ထိုအချိန်တွင် သူ၏ဘေးနားရှိစစ်သူကြီးက ရုတ်တရက် အနားကပ်ကာပြောလိုက်သည်။
“အရှင်... သူ့ကို တိုက်တွန်းနေစရာမလိုပါဘူး”
“သူက ပထမပွဲမတိုက်ဘူးဆိုမှတော့ ကျွန်တော်တို့က ပထမပွဲကိုအနိုင်ယူလိုက်တာပေါ့”
“ဒီလိုဆိုရင် ဒုတိယပွဲကိုကျော်လို့ရသွားမယ်။ ကျွန်တော်တို့ရဲ့လူအင်အားတွေကို ချွေတာဖို့အခွင့်အရေးပေါ့”
ချီယွဲ့မြို့စားမင်းစဉ်းစားကြည့်ရာ အဓိပ္ပာယ်ရှိလှသည်။ မည်သို့ပင်ဖြစ်စေ သူတို့ဘက်မှ တတိယပွဲကို သေချာပေါက်နိုင်မည်ဖြစ်ရာ ဒုတိယပွဲကိုအရှုံးပေးလိုက်လျှင်ပင် ကိစ္စမရှိချေ။ ပထမပွဲနှင့် တတိယပွဲကိုနိုင်ခြင်းဖြင့် သုံးပွဲနှစ်ပွဲနိုင်စနစ်အရသူတို့နိုင်မည်။
ဤသို့တွေးလိုက်သောအခါ သူအတော်လေး စိတ်သက်သာရာရသွား၏။ ထိုအချိန်တွင် တစ်ဖက်မှ မြို့စားမင်းကျန်းက တစ်ခုခုကိုသတိရသွားသည့်အမူအရာဖြင့် ပြောလိုက်သည်။
“အော်... မင်းပြောမှသတိရတယ်။ ငါဒီပွဲကိုနိုင်အောင်လုပ်လို့ရတာပဲ”
ထိုသို့ပြောပြီးနောက် မြို့စားမင်းကျန်းသည် သူ၏အင်မော်တယ်ဝိညာဉ်ကိုထုတ်လွှတ်ကာ ဆက်သွယ်လိုက်ပြီး အဆင့်တက်စင်မြင့်အတွင်းကျင့်ကြံနေသော မျက်စိသုံးလုံးကျားကို ဆင့်ခေါ်လိုက်၏။
သူ့မှာ လူအင်အားမရှိတာမဟုတ်ဘူး... မင်းတို့က ယဇ်ပူဇော်ဖို့ သူတော်စင်အဆင့်တစ်ယောက်ကို လွှတ်လိုက်မှတော့ ငါကလည်း ဝမ်းသာအားရနဲ့ ဒီပထမပွဲကို လက်ခံရမှာပေါ့။
မျက်စိသုံးလုံးကျားသည်လည်း မကြာသေးမီကမှ အဆင့်တက်စင်မြင့်အတွင်း၌ ကျင့်ကြံနေခြင်းဖြစ်သည်။ သူက ရုတ်တရက် ဝီရိယကောင်းသွားခြင်းကြောင့်မဟုတ်ဘဲ ရွှေနဂါးဘုရင်၏ အတင်းအဓမ္မစေခိုင်းမှုကြောင့်ဖြစ်၏။ မြို့စားမင်းကျန်းကမူ ဤသို့မြင်ရသဖြင့် ဝမ်းသာနေမိသည်။
လွန်ခဲ့သောတစ်နှစ်အတွင်း၌ ဤကျားနတ်ဆိုး၏ပါရမီမှာ ဒုတိယအဆင့်သို့ရောက်ရှိသွားပြီး နက်ရွှေရောင်နတ်ဆိုးခန္ဓာကိုယ်ကိုရရှိထားသဖြင့် ကောင်းကင်အင်မော်တယ်အဆင့် ၃ ဖြစ်လာခဲ့သည်။ သူ၏ကျင့်ကြံမှုမှာ ရွှေနဂါးဘုရင်နှင့် အဆင့်တူနီးပါးရှိနေလေပြီ။
“အစ်ကိုကြီး... နောက်ဆုံးတော့ ကျွန်တော့်ကိုသတိရပြီလား။ တစ်ခုခုကောင်းတာလေးများရှိလို့လား”
ဤပျင်းရိလှသော ကျားနတ်ဆိုးသည် ထွက်လာသည်နှင့်တစ်ပြိုင်နက် မြို့စားမင်းကျန်း၏ပေါင်ကို ဖက်လိုက်တော့သည်။
“ဘာမှမဟုတ်ပါဘူး... မင်းကို အရေးကြီးတဲ့တာဝန်တစ်ခုပေးမလို့ပါ”
“အရေးကြီးတဲ့တာဝန်လား”
မျက်စိသုံးလုံးကျားသည် တစ်ဖက်သို့ကြည့်လိုက်ရာ ကြောက်လန့်သွား၏။
“ဟာ... ရွှေအင်မော်တယ်တွေ၊ မြင့်မြတ်အင်မော်တယ်တွေ အများကြီးပါလား”
“ဘာတွေဖြစ်နေတာလဲ၊ ဒါကတက်လှမ်းခြင်းစစ်ပွဲလား”
“အစ်ကိုကြီး... ကျွန်တော့်ကိုတိုက်ခိုင်းမလို့တော့ မဟုတ်ဘူးမလား”
“ကျွန်တော့်ရဲ့အစွမ်းက မလောက်သေးဘူးဗျ။ နောက်ထပ် နှစ်အနည်းငယ်... မဟုတ်ဘူး၊ နှစ်သန်းပေါင်းများစွာလောက် ထပ်ပြီးကျင့်ကြံဖို့လိုသေးတယ်”
မြို့စားမင်းကျန်းက သူကိုအသက်ပြန်ရှင်အောင်လုပ်ပေးနိုင်သော်လည်း သေဆုံးရသည်က အလွန်နာကျင်ခံစားရ၏။ သူက ထိုဒဏ်ကိုမခံစားချင်ပေ။ တစ်ခုခုကောင်းတာရမလားဟု ထင်ထားသော်လည်း ဤသို့ဆိုလျှင် ကျင့်ကြံခြင်းနယ်မြေသို့သာ ပြန်သွားချင်တော့သည်။
“ဒါက အလွန်ကိုဂုဏ်ယူစရာကောင်းတဲ့ အခွင့်အရေးကြီးပဲ”
မြို့စားမင်းကျန်းက အမြီးကိုဆွဲထားလိုက်သည်။
“ဒါက ပထမပွဲ၊ တစ်ဦးချင်းတိုက်ပွဲပဲ... မင်းက ဒီမြို့ကိုယ်စား ပထမဦးဆုံးအောင်ပွဲကို ရယူပေးရမှာ။ ဘယ်လောက်တောင်ဂုဏ်ယူစရာကောင်းလိုက်သလဲ”
“မလိုပါဘူး... ကျွန်တော်က အေးအေးဆေးဆေးနေရတာ ကြိုက်တယ်၊ ဟန်ထုတ်ရတာကို မကြိုက်ဘူး...”
မျက်စိသုံးလုံးကျားက အသည်းအသန်ငြင်းဆန်နေသော်လည်း စစ်မြေပြင်အတွင်းရှိ သူတော်စင်အဆင့်ကျင့်ကြံသူကို မြင်လိုက်ရသောအခါ ချက်ချင်းငြိမ်ကျသွားသည်။
“ဟမ်... ဟမ်... ဒီတစ်ယောက်ကပြိုင်ဘက်လား”
“ဟုတ်တယ်”
“သူတစ်ယောက်တည်းလား”
“ဟုတ်တယ်... ဘယ်သူရှိဦးမှာလဲ”
“အော်... အစ်ကိုကြီးကလည်း၊ စောစောကပြောရောပေါ့”
မျက်စိသုံးလုံးကျားက ပြုံးဖြဲဖြဲဖြင့် မြို့စားမင်းကျန်း၏ပေါင်ကို အပြစ်တင်သလိုပုတ်လိုက်သည်။ ထို့နောက် ချက်ချင်းပင် တိုက်ခိုက်လိုစိတ်များပြည့်နှက်သွား၏။
“တင့်ထျန်းမြို့အတွက်၊ လူတိုင်းအတွက်၊ ဂုဏ်သိက္ခာအတွက်...”
“ထောင်ချောက်ရှိနေရင်တောင် ငါသွားမယ်။ ဓားတောင်ကိုကျော်လို့ မီးပင်လယ်ကိုဖြတ်ရမှာက ဘာခက်တာမှတ်လို့လဲ”
သူက မတ်တတ်ရပ်လိုက်ပြီး ရင်ဘတ်ကိုအတင်းထုလိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် ကြွေးကြော်လေ၏။
“ငါ မျက်စိသုံးလုံး ကြောက်မက်ဖွယ် ကျားဘုရင်က ဒီတိုက်ပွဲကိုလက်ခံလိုက်ပြီ။ ကျားမျိုးနွယ်ရဲ့ဂုဏ်သိက္ခာကို ဘယ်တော့မှအညိုးနွမ်းမခံဘူး”
“အကယ်၍ ဒီတိုက်ပွဲမှာ ကံဆိုးစွာသေဆုံးသွားခဲ့ရင်...”
မြို့စားမင်းကျန်းသည် အချိန်ရေတွက်ရန် စက္ကန့်အနည်းငယ်သာကျန်တော့သည်ကို မြင်လိုက်ရပြီး ဤကောင်က အခုထိလေပေါနေဆဲဖြစ်သဖြင့် ဒေါသတကြီးဖြင့် ကန်ထုတ်လိုက်တော့သည်။
“မင်းအဖိုးဆီသွားလိုက်တော့”
မျက်စိသုံးလုံးကျားမှာ စစ်မြေပြင်ထဲသို့ပြုတ်ကျသွားပြီး ပထမပွဲကိုဖွင့်လှစ်လိုက်၏။ သူက ဒေါသထွက်ခြင်းမရှိသည့်အပြင် မြို့စားမင်းကျန်းကိုလှည့်ကြည့်ကာ လက်မထောင်ပြလိုက်သေးသည်။
“အစ်ကိုကြီး... အစ်ကိုကြီးက တကယ်ကိုကြင်နာတာပဲ။ ဒီလိုမျက်နှာရမယ့် အခွင့်အရေးမျိုးဆို ကျွန်တော့်ကိုအရင်ဆုံးသတိရတယ်၊ ညီအစ်ကိုကောင်းပဲ”
ထို့နောက် သူက ပြိုင်ဘက်ထံသို့ လှည့်လိုက်သည်။
“ဟဲဟဲ... ကောင်လေး၊ မင်းဘယ်လိုပုံစံနဲ့သေချင်တာလဲ”
မျက်နှာချင်းဆိုင်မှ သူတော်စင်အဆင့်ကျင့်ကြံသူကိုကြည့်ကာ မျက်စိသုံးလုံးကျားသည် သူ၏ခန္ဓာကိုယ်ကို မီတာသန်းပေါင်းများစွာအထိ ချက်ချင်းကြီးထွားစေလိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဝါများဖြင့် သွားများကိုဖြဲပြလိုက်သည်။
နောက်မှကြည့်နေသော မြို့စားမင်းကျန်းက တိုးတိုးလေးကျိန်ဆဲလေ၏။
“ကောင်းကင်အင်မော်တယ်က သူတော်စင်အဆင့်ကိုတိုက်တာပဲ၊ ဒီလောက်ကြီး ဟန်ထုတ်နေဖို့လိုလို့လား”
ထိုသူတော်စင်အဆင့်ကျင့်ကြံသူမှာ အလွန်အမင်းကြောက်လန့်၍ လူးလိမ့်ကာထွက်ပြေးတော့သည်။
“ကျွန်တော်... ကျွန်တော် မသေချင်ဘူး...”
အကယ်၍ ကျန်းချန်သာလာခဲ့လျှင် သူဤမျှကြောက်လိမ့်မည်မဟုတ်။ အဓိကမှာ မျက်စိသုံးလုံးကျား၏ အရွယ်အစားက အလွန်ခြိမ်းခြောက်မှုကြီးမားနေပြီး သူပေးသောကြောက်ရွံ့မှုမှာတစ်မျိုးပင်။
“အဲဒါတော့ မရဘူးလေ၊ ဒါက မြင့်မြတ်တဲ့ တက်လှမ်းခြင်းစစ်ပွဲပဲ”
“ဒါက ဒီအဖိုးကြီး ဟန်ထုတ်ရမယ့်... ခမ်းနားစွာပေါ်ထွက်လာရမယ့် အခိုက်အတန့်ပဲ”
“မင်းကို မြန်မြန်ဆန်ဆန်သေခွင့်ပေးမယ်လို့ ငါကတိပေးပါတယ်”
မျက်စိသုံးလုံးကျားသည် သေချာပေါက်နိုင်မည့်တိုက်ပွဲမျိုးကို အကြိုက်ဆုံးပင်။ ဤကဲ့သို့သောပွဲစဉ်များ အများကြီးရှိစေချင်သည်။ မြို့စားမင်းကျန်းက တက်လှမ်းခြင်းစစ်ပွဲအားလုံးကို အကြိမ်ပေါင်းများစွာတိုက်ခဲ့သော်လည်း အခြားမည်သူမျှ ပါဝင်ဆင်နွှဲခွင့်မရခဲ့ချေ။
ယခုတစ်ကြိမ်မှာသာ သူက လူတိုင်းကိုယ်စားတိုက်ပွဲဝင်ရခြင်းဖြစ်သည်။ ပြန်ရောက်သွားလျှင် ဤအကြောင်းကို မည်မျှကြာအောင်ကြွားလုံးထုတ်မည်ကို တွေးမကြည့်ရဲလောက်အောင်ပင်။
“ဂါးဂါးဂါး... လာစမ်းပါ၊ ငါနဲ့အတူ နဂါးကျားတိုက်ပွဲကို ဆင်နွှဲလိုက်ကြရအောင်”
ထိုသို့ပြောပြီးနောက် သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးအနှစ်သာရကိုအသက်သွင်းလိုက်ရာ အင်မော်တယ်အနှစ်သာရစွမ်းအားများသည် မည်းမှောင်နေသောတိမ်တိုက်များကဲ့သို့ လိပ်တက်လာသည်။
တစ်ချိန်တည်းမှာပင် မျက်နှာချင်းဆိုင်မှ သူတော်စင်အဆင့်ကျင့်ကြံသူပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရ၏။ သေချာကြည့်လိုက်သောအခါ သူမှာ ဒေါသထွက်လွန်းသဖြင့် သေလုနီးပါးပင်ဖြစ်သွားသည်။ ထိုသူမှာအကြောက်လွန်ပြီး သူတို့၏အဆင့်တက်စင်မြင့်ဆီသို့ တိတ်တဆိတ်ထွက်ပြေးသွားခြင်းပင်။
“မင်းဘာလုပ်နေတာလဲ”
“ဒီအဖိုးကြီးက ရှားရှားပါးပါးတိုက်ခိုက်နေတာကို ဘာလို့ပြေးရတာလဲ”
မျက်စိသုံးလုံးကျားမှာ ဒေါသထွက်နေတော့သည်။ သူက သေနတ်မိုးပြီးမြင်းစီးကာ ဟန်ထုတ်ရမည့်အချိန်မှာ အထွတ်အထိပ်ရောက်ခါနီးမှ တစ်ဖက်လူကဆုတ်ခွာသွားသဖြင့် သူ့နှလုံးသားလေးမှာ ဟာတာတာဖြစ်သွား၏။
နောင်တွင် ဤအကြောင်းပြန့်နှံ့သွားပါက သူ၏ဂုဏ်သတင်းမှာ ၈၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားပေလိမ့်မည်။ ထိုအချိန်တွင် အပြင်၌ပြန့်နှံ့မည့်ဒဏ္ဍာရီမှာ မျက်စိသုံးလုံး ကြောက်မက်ဖွယ် ကျားဘုရင်က သူ၏စွမ်းအားကိုထုတ်ပြပြီး ရန်သူ့စစ်သူကြီးကိုသတ်လိုက်သည်ဟူ၍ ဖြစ်လာမည်မဟုတ်။ တိုက်စရာမလိုဘဲအနိုင်ရခြင်းဖြစ်စေ ပြိုင်ဘက်မရှိ၍အနိုင်ရခြင်းဖြစ်စေ ကောလာဟလ ထွက်လာပေလိမ့်မည်။
ကံမကောင်းစွာဖြင့် သူက မည်မျှမကျေနပ်သော်လည်း တတ်နိုင်သည့်အရာမရှိ။ ထိုသူတော်စင်အဆင့်ကျင့်ကြံသူ ထွက်ပြေးသွားပြီးနောက် စိန်ခေါ်မှုသည် တင့်ထျန်းမြို့အနိုင်ရရှိသည်ဟု သတ်မှတ်လိုက်သည်။ သူသည်လည်း အဆင့်တက်စင်မြင့်သို့ ပြန်ပို့ခံလိုက်ရ၏။
“ကောင်းတယ်”
မြို့စားမင်းကျန်းက ခေါင်းကိုပုတ်ပေးလိုက်သည်။ နိုင်ပွဲတစ်ပွဲရရှိခြင်းကသာ အရေးကြီးဆုံးဖြစ်၏။ ကျားနတ်ဆိုး ဟန်ထုတ်ချင်သည့်ဆန္ဒ မပြည့်ဝခဲ့ခြင်းမှာ သူနှင့်မဆိုင်။
“ဟင်း... ဒါက တကယ်ကိုမကျေနပ်စရာပဲ...”
မျက်စိသုံးလုံးကျားမှာ အလွန်စိတ်တိုနေလေ၏။
မြို့စားမင်းကျန်းက လှောင်ပြောင်လိုက်သည်။
“မင်းကို ဘယ်သူက အပိုစကားတွေ အများကြီးပြောခိုင်းလို့လဲ၊ အထဲရောက်တာနဲ့တိုက်လိုက်ရင် ပြီးနေတာကို”
“ကျွန်တော်က နည်းနည်းခမ်းနားအောင် လုပ်ချင်လို့ပါ...”
လူနှင့် ကျားတို့သည် ဤနေရာတွင် စောဒကတက်နေကြသော်လည်း တစ်ဖက်တွင်မူ စိတ်ပျက်လွန်းသဖြင့် သွေးအန်မတတ်ဖြစ်နေ၏။ ယခု မည်သို့ဆက်လုပ်ကြမည်နည်း...
ပထမပွဲကိုမနိုင်လျှင် ဒုတိယပွဲတွင် အစွမ်းကုန်တိုက်ရတော့မည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဒုတိယပွဲတွင် ကျန်းချန်ပါဝင်တိုက်ခိုက်နိုင်သည်မဟုတ်ပါလား။
တိုက်ပွဲမြင်ကွင်းအသစ်ပေါ်လာပြီး စစ်မြေပြင်တွင်ပေါ်လာသောအခါ တစ်ဖက်တွင် ကျန်းချန်တစ်ယောက်တည်းရှိနေသည်။ လူပေါင်း ၂၉,၉၉၉ ဦးနှင့် ရင်ဆိုင်နေရသော ကျန်းချန်သည် ၁၀ ဆတိုက်ခိုက်မှုကို တိတ်တဆိတ်နှိပ်လိုက်လေ၏။