မင်းထွက်လာတာနောက်ကျသွားပြီ
Vol. 25 Ch. 243
ချီယွဲ့မြို့နှင့်ဖြစ်ပွားခဲ့သောတိုက်ပွဲသည် အောက်အင်မော်တယ်လောကတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ မည်သူမျှ တင့်ထျန်းမြို့ကိုစိန်မခေါ်ရဲတော့။
ကျန်းချန်သည်လည်း အခြားသူများကိုစိန်မခေါ်တော့ပေ။ သူစိန်မခေါ်ချင်၍မဟုတ်ဘဲ အဆင့်သတ်မှတ်ချက်ကျဆင်းသွားမည်ကို မလိုလားသောကြောင့်ဖြစ်သည်။
ချီယွဲ့မြို့ကိုအနိုင်ရရှိခြင်းမှာ လုံးဝမျှော်လင့်မထားသော ရလဒ်တစ်ခုပင်။ ထိုစဉ်က သူကိုယ်တိုင်ပင် ရှုံးနိမ့်ရန်ပြင်ဆင်ထားခဲ့သော်လည်း တစ်ဖက်လူက သူတော်စင်အဆင့်ကျင့်ကြံသူတစ်ဦးတည်းကိုသာ စေလွှတ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ အကယ်၍ တစ်ဖက်လူက ပထမပွဲတွင် ရွှေအင်မော်တယ်တစ်ဦးကိုသာစေလွှတ်ခဲ့လျှင် ရလဒ်ပြောင်းလဲသွားမည်။
ထိုပွဲတွင် သူကိုယ်တိုင်မတိုက်ခိုက်ပါက သူ့လက်အောက်ငယ်သားမည်သူမျှ အနိုင်ရနိုင်မည်မဟုတ်။ အကယ်၍ သူတိုက်ခိုက်ခဲ့လျှင် ဒုတိယပွဲကို အရှုံးပေးရမည်သာ။ ကလေးနှစ်ယောက်မှာ အိပ်ပျော်နေဆဲဖြစ်ရာ တတိယပွဲအတွက် သူ့တွင် မည်သည့်နည်းလမ်းမျှမရှိ။
သူသည် အဆင့် ၈ အထိ ရောက်ရှိသွားခဲ့ခြင်းကိုသာ ကျေးဇူးတင်ရပေလိမ့်မည်။ အကယ်၍ သူသည် အဆင့် ၁၁ နေရာ၌သာ ရပ်တန့်သွားခဲ့ရလျှင် အလွန်ဒေါသထွက်စရာ ကောင်းပေလိမ့်မည်။
လုံးဝအရေးနိမ့်သွားသောချီယွဲ့မြို့သည် နောက်ပိုင်းနှစ်များတွင် ထိပ်တန်းမြို့များ၏ အကြိမ်ကြိမ်စိန်ခေါ်မှုကိုခံခဲ့ရပြီး အနိုင်ရရှိမှုနှုန်းမှာလည်း တဖြည်းဖြည်းကျဆင်းလာ၏။ မမျှော်လင့်ဘဲ တင့်ထျန်းမြို့အကျိုးရှိသွားပြီး အဆင့် ၇ နေရာသို့ အလိုအလျောက်ရောက်ရှိသွားသည်။
ကျန်းချန်တို့ အင်မော်တယ်လောကသို့ တက်လှမ်းလာပြီးနောက် ဆယ်နှစ်မြောက်ရောက်ရှိလာသောအခါ အဓိကအင်မော်တယ်မြို့ကြီးများကြားရှိစစ်မီးမှာ အထွတ်အထိပ်ရောက်ရှိလာ၏။ အင်မော်တယ်မြို့အများအပြားမှာ နှစ်အတော်ကြာအင်အားစုဆောင်းကာ ငြိမ်သက်နေခဲ့ကြသော်လည်း နောက်ဆုံးနှစ်တွင်မူ အစွမ်းကုန်ကြိုးစားရန် နောက်ဆုံးအခွင့်အရေးဖြစ်သည်။ အထူးသဖြင့် အဆင့် ၁၀ ဝန်းကျင်တွင် ယှဉ်ပြိုင်မှုမှာ အလွန်ပြင်းထန်ပြီး ရက်အနည်းငယ်အတွင်းမှာပင် အပြောင်းအလဲများ ဖြစ်ပေါ်နေတတ်သည်။
ဤအင်မော်တယ်မြို့များအတွက် တက်လှမ်းခြင်းစစ်ပွဲမှာ အလွန်ရှုပ်ထွေး၏။ တိုက်ပွဲမတိုင်မီ သတင်းအချက်အလက်များ၊ အစီအစဉ်များ၊ ဗျူဟာများစွာလိုအပ်ပြီး သူမှာ တိုက်ပွဲတစ်ခုတိုက်ရုံမျှလောက် မရိုးရှင်းပေ။ သို့သော် ဤအရာအားလုံးမှာ ဂိုဏ်းချုပ်ကျန်းနှင့် လားလားမှမဆိုင်။
ဤနှစ်အနည်းငယ်အတွင်း သူသည် စတုတ္ထမျိုးဆက်တပည့်အားလုံးကို အဆင့် ၃ ပါရမီရှင်များအဖြစ် မြှင့်တင်ပေးခဲ့ပြီး ဇာတ်လိုက်ကျော်တပည့်လေးဦးကိုမူ အဆင့် ၂ ပါရမီရှင်များအဖြစ် မြှင့်တင်ပေးခဲ့၏။ ဒုတိယနှင့် တတိယမျိုးဆက် တပည့်အားလုံးမှာလည်း အဆင့် ၂ များ ဖြစ်လာကြသည်။
ယခင်က ပါရမီမြှင့်တင်ရန်အတွက် အမှတ် သန်းတစ်ရာ သို့မဟုတ် နှစ်ရာခန့် ကုန်ကျသဖြင့် အလွန်ဈေးကြီးသည်ဟုထင်ရသော်လည်း ယခုအခါ သူ့အတွက်ဘာမျှမဟုတ်တော့ချေ။ ကံစမ်းမဲ ၁၀ ကြိမ်ဖောက်လျှင် ဘီလီယံရာချီကုန်ကျနေသည်လေ။
တပည့်များမှာလည်း အလွန်ကြိုးစားကြပြီး အားလုံးမှာ ဆယ်နှစ်အတွင်း၌ ကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်ရှိလာ၏။ ဒုတိယနှင့် တတိယမျိုးဆက် တပည့်အများအပြားမှာ မြင့်မြတ်အင်မော်တယ်အဆင့်သို့ပင် ရောက်ရှိနေကြလေပြီ။ ကျိလင်းဟန်၊ လင်းနင်နှင့် လန်ယီတို့မှာမူ အဆင့် ၇ နှင့် အဆင့် ၈ မြင့်မြတ်အင်မော်တယ်များ ဖြစ်နေကြသည်။
တပည့်များအဆင့်တက်ခြင်းကြောင့် ဂိုဏ်းချုပ်ကျန်းမှာ ဤနှစ်များအတွင်း အမှတ် ၅ ထရီလီယံ သို့မဟုတ် ၆ ထရီလီယံခန့်ရရှိခဲ့၏။ သူသည် များပြားလှသောအမှတ်များကိုသုံး၍ ပင်မစည်းမျဉ်းအားလုံးကို ကျွမ်းကျင်အဆင့်သို့မြှင့်တင်နိုင်ခဲ့ပြီး စည်းမျဉ်း ၁၀ ခုမှာမူ အောင်မြင်မှုအဆင့်ကြီးသို့ပင် ရောက်ရှိသွားခဲ့သည်။
ထို့အပြင် သိုင်းတာအိုကိုးခုလုံးမှာလည်း ထိုက်ရွှီအင်မော်တယ်ကျက်သရေကြောင့် အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်ရှိသွား၏။ နောက်ဆုံးတွင် သူ၏ကျင့်ကြံမှုမှာ ရွှေအင်မော်တယ်အဆင့် ၁ သို့ ရောက်ရှိသွားတော့သည်။
တပည့်တိုင်းမှာ ဂိုဏ်းချုပ်၏ဂရုစိုက်ပျိုးထောင်ပေးမှုအတွက် ကျေးဇူးတင်နေကြပြီး ဂိုဏ်းချုပ်က သူတို့ကို တစ်ဦးချင်းလက်တွဲခေါ်ယူခဲ့သည်ဟု ခံစားနေကြရသည့်အတွက် အစ်ကိုကြီးချန်ကို အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်စေ၏။ အမှန်စင်စစ် မြန်မြန်အဆင့်တက်နိုင်ခြင်းမှာ တပည့်အားလုံး၏ ကြိုးစားအားထုတ်မှုကြောင့်လည်း ပါဝင်သည်။ သူတို့မရှိလျှင် သူသည် ကံစမ်းမဲဖောက်ရန်အတွက် များပြားသောအမှတ်များကို မည်သည့်နေရာကရမည်နည်း။
ထရီလီယံချီသောအမှတ်များသည် လူတစ်ယောက်ကိုခေါင်းမူးသွားစေရန် လုံလောက်ပြီး သူတို့ကို ပြန်ပေးဆပ်သည့်အနေဖြင့် သူသည် အံကြိတ်ကာ အိတ်သွန်ဖာမှောက်ပေးကမ်းလိုက်တော့သည်။ သူသည် အမှတ်ဘီလီယံတစ်ရာကျော်အသုံးပြုကာ ကျိလင်းဟန်၊ လန်ယီ၊ လင်းနင်နှင့် ဇာတ်လိုက်ကျော်လေးဦးကို အဆင့် ၁ ပါရမီရှင်များအဖြစ် မြှင့်တင်ပေးလိုက်ရာ ထိုနေ့များတွင် ကောင်းကင်နှင့် မြေကြီး၌ ဖြစ်ရပ်ဆန်းများပင် ပေါ်ပေါက်လာလေ၏။
သူသည် မျက်စိသုံးလုံးကျားကို အလွန်မနာလိုဖြစ်စေသည်။
“အစ်ကိုကြီး... အရေးအကြီးဆုံးတစ်ယောက်ကို မေ့နေတာလား”
“ကျွန်တော်တို့ အစ်ကိုကြီးနောက်ကိုလိုက်လာတာ နှစ်တွေအများကြီးရှိပြီ၊ ကြိုးစားအားထုတ်မှုတွေလည်း အများကြီးလုပ်ခဲ့တာပါ...”
သူကိုမဖယ်ထုတ်နိုင်သဖြင့် ဂိုဏ်းချုပ်ကျန်းမှာ သူကိုလည်း မြှင့်တင်ပေးလိုက်ရပြီး အဆင့် ၁ ပါရမီရှင်အဖြစ် တိုးတက်စေသည်။ မျက်စိသုံးလုံးကျားက စတင်လိုက်သည်နှင့် လုယွမ်၊ ယင်းရွှယ်အာ၊ ရှန်ထိုက်နှင့် အခြားသူများကလည်း မျှော်လင့်တကြီး ကြည့်လာကြလေ၏။ ဒုတိယမျိုးဆက်တပည့်များသည် သူနှင့်အတူ အစောပိုင်းကတည်းကရှိနေသူများဖြစ်ကြပြီး သူတို့ကိုမြှင့်တင်ပေးခြင်းက သူ့အတွက်လည်းအကျိုးရှိစေမည်သာ။
နောက်ဆုံးတွင် ဂိုဏ်းချုပ်ချန်သည် လက်ကျန်အမှတ်များကိုသုံးကာ ကျန်နေသည့် ဒုတိယမျိုးဆက်တပည့် ၂၁ ဦးလုံးကို အဆင့် ၁ ပါရမီရှင်များအဖြစ် မြှင့်တင်ပေးလိုက်သည်။ လူတိုင်းမှာ ထိပ်တန်းအဆင့် ခရမ်းရွှေရောင်နတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်သွားကြလေ၏။ ယနေ့ သူ၏လုပ်ရပ်သည် အင်မော်တယ်လောက၏ အနာဂတ်အခြေအနေအပေါ် မည်မျှအထိ ပြင်းထန်နက်ရှိုင်းသော သက်ရောက်မှုရှိမည်ကို သူကိုယ်တိုင်မသိရှိချေ။
တက်လှမ်းရမည့်နေ့နီးကပ်လာသည်နှင့်အမျှ မြင့်မြတ်အင်မော်တယ်အဆင့်သို့ ရောက်ရှိပြီးနောက် တိုးတက်မှုနှုန်းနှေးကွေးသွားသဖြင့် အခြားသူများသည်လည်း တစ်ဦးပြီးတစ်ဦး ကျင့်ကြံခြင်းမှထွက်လာကြတော့သည်။
“ဂိုဏ်းချုပ်ကျန်း... ဒီနှစ်တွေအတွင်း စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”
ဓားအင်မော်တယ်ဟောင်း ကွေ့ချန်းမှာ ယခုအခါ မြင့်မြတ်အင်မော်တယ် အဆင့် ၈ ဖြစ်နေလေပြီ။ တစ်စုံတစ်ယောက်ကသူ့ကို အဆင့်တက်ပြီးဆယ်နှစ်အတွင်း ဒီနယ်ပယ်ကိုရောက်နိုင်မယ်ဟု ပြောခဲ့လျှင် သူသည် ထိုသူကိုပါးရိုက်ပြီး ဘာတွေလျှောက်ပြောနေတာလဲဟု မေးမိပေလိမ့်မည်။ သို့သော် ယခုအခါ စည်းမျဉ်းစွမ်းအား ၅၅ ဆနှင့် အဆင့်တက်စင်မြင့်ရှိ အင်မော်တယ်အနှစ်သာရချီတို့၏ အကူအညီဖြင့် အရာအားလုံးဖြစ်နိုင်၏။
“ဟုတ်တယ်”
ရွှီယွမ်ကလည်း သက်ပြင်းချလိုက်သည်။
“အရှင်သာဖန်တီးမပေးခဲ့ရင် ကျွန်တော်တို့က အင်မော်တယ်လောကရဲ့အောက်ခြေမှာပဲ ရုန်းကန်နေရဦးမှာ။ ဒါမှမဟုတ် အရွယ်မတိုင်ခင်တောင် သေဆုံးသွားနိုင်တယ်”
“မှန်တယ်... ငါတို့ ဂိုဏ်းချုပ်ကျန်းအပေါ် ကျေးဇူးတွေအများကြီးတင်နေတာပဲ”
“ဒီကျေးဇူးတရားတွေကို တစ်သက်လုံးဆပ်လို့တောင်ကုန်မှာမဟုတ်ဘူး”
ဂိုဏ်းချုပ်ချန်က စိတ်ထဲမှတွေးလိုက်သည်။
ထားလိုက်ပါတော့၊ ငါ့ကို ကျေးဇူးဆပ်ဖို့မလိုပါဘူး...
ငါအခွင့်အရေးရတိုင်း ဟန်ထုတ်နေရတာ ပိုကောင်းပါတယ်...
လူတိုင်းစကားပြောနေကြစဉ် နောက်ဘက်ခန်းမမှ ရယ်သံကြီးတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
“ဟားဟားဟား... ဒီအဖိုးကြီး နောက်ဆုံးတော့ ကျင့်ကြံလို့ပြီးပြီဟေ့”
ထို့နောက် သူတို့မမြင်ရသည်မှာကြာပြီဖြစ်သော မိုချန် ပျံသန်းထွက်လာသည်။ သူ၏ခန္ဓာကိုယ်မှာ ရောင်စုံသမင်နတ်ဆိုးဘုရင်အဆင့်၌သာရှိနေသေးသော်လည်း သူ၏အင်မော်တယ်ဝိညာဉ်အရှိန်အဝါမှာမူ ယခင်ကမရှိခဲ့ဖူးသောအမြင့်သို့ ရောက်ရှိနေလေပြီ။
ကျန်းချန်က အနည်းငယ်အာရုံခံကြည့်လိုက်ရာ သူ၏အင်မော်တယ်ဝိညာဉ်မှာ ရွှေအင်မော်တယ်အထွတ်အထိပ်အဆင့်သို့ ပြန်လည်ရောက်ရှိနေကြောင်းတွေ့လိုက်ရ၏။ သူသတ်ခဲ့သော ရွှေအင်မော်တယ်များထက်ပင် ပိုမိုအစွမ်းထက်နေသေးသည်။ ဤအဖိုးကြီး ယခင်ကပြောခဲ့သည်မှာ အလကားမဟုတ်ပေ၊ သူသည် အမှန်တကယ်ပင် ရွှေအင်မော်တယ်ထက်တစ်ဆင့်မြင့်သော နတ်ဆိုးအရှင်သခင်တစ်ဦး ဖြစ်ခဲ့ပုံရ၏။
ကွေ့ချန်း၊ ရွှီယွမ်၊ ရွှေနဂါးဘုရင်နှင့် အခြားသူများမှာ အလွန်အံ့အားသင့်သွားကြသည်။ သူတို့သည် မိုချန်ကို အတုအယောင်အင်မော်တယ်လောကတွင် သတိပြုမိခဲ့ကြပြီး သူသည် ဂိုဏ်းချုပ်ကျန်း၏ နံပါတ်တစ်ယုံကြည်ရသူနှင့် အရေးပါသောလက်ထောက်ဖြစ်သည်မဟုတ်ပါလား။
သို့သော် ယခင်က သူတိုက်ခိုက်သည်ကို မည်သူမျှမမြင်ဖူးခဲ့ကြချေ။ သူ၏နယ်ပယ်မှာလည်း သူတို့ကဲ့သို့ပင် သူတော်စင်အဆင့်၌သာရှိခဲ့သည်။ အထူးသဖြင့် အင်မော်တယ်လောကသို့ တက်လှမ်းလာပြီးနောက် အခြားသူအားလုံးမှာ အစစ်အမှန်အင်မော်တယ်များဖြစ်လာကြသော်လည်း ဤလူမှာမူ မည်သည့်တိုးတက်မှုမျှမရှိဘဲ သူတော်စင်အဆင့်၌သာရှိနေခဲ့၏။
ယခုတွင် သူသည် အခြားသူအားလုံး၏အထက်သို့ ရောက်ရှိသွားမည်ဟု မည်သူကသိမည်နည်း။ သူ၏ခန္ဓာကိုယ်မှာ သူတော်စင်အဆင့်၌သာရှိနေသော်လည်း အင်မော်တယ်ဝိညာဉ်၏အစွမ်းကြောင့် ရွှေအင်မော်တယ်အများစုကို ချေမှုန်းနိုင်စွမ်းရှိနေပြီဖြစ်သည်။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်... အခုဆိုရင် ဒီအဖိုးကြီးဟာ အောက်အင်မော်တယ်လောကမှာ စိတ်ကြိုက်သောင်းကျန်းလို့ရပြီ”
“အကယ်၍ ဂိုဏ်းချုပ်က တခြားအင်မော်တယ်မြို့တွေကို စိန်ခေါ်ချင်တယ်ဆိုရင် ဒီအဖိုးကြီးက ရှေ့တန်းကနေတိုက်ခိုက်ပေးဖို့အသင့်ပါပဲ”
ဤအဖိုးကြီးသည် ဆယ်နှစ်အတွင်းပြန်လည်ကောင်းမွန်လာခဲ့ပြီး အစွမ်းမှာလည်း အဆမတန်တိုးတက်လာခဲ့သဖြင့် ယခုအခါ ယုံကြည်မှုများပြည့်နှက်နေတော့သည်။ သူသည် လူတိုင်း၏ရှေ့တွင် ရင်ဘတ်ပုတ်ကာ ကြွားလုံးထုတ်၏။
“တစ်ဖက်လူမှာ ရွှေအင်မော်တယ်သာမရှိဘူးဆိုရင် လူသုံးထောင်လာတောင် ငါဖျက်ဆီးပစ်နိုင်တယ်”
“ဒီအဖိုးကြီးရဲ့အကူအညီနဲ့ဆိုရင် တင့်ထျန်းမြို့ဟာ ထိပ်ဆုံးတစ်ထောင်စာရင်းထဲကို သေချာပေါက်ဝင်နိုင်လိမ့်မယ်”
ဤစကားထွက်လာသည်နှင့် လူတိုင်း တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြ၏။
အဖိုးကြီးရေ... ခင်ဗျားရဲ့သတင်းအချက်အလက်တွေက တော်တော်လေးခေတ်နောက်ကျနေပြီနော်...
ဂိုဏ်းချုပ်ကျန်း သတ်ပစ်လိုက်တဲ့ ရွှေအင်မော်တယ်တွေဆိုရင် လူတစ်ရာလောက်တောင်ရှိနေပြီ၊ ပြီးတော့ မြို့ရဲ့အဆင့်ကလည်း ထိပ်ဆုံးဆယ်မြို့စာရင်းထဲ ရောက်နေပြီလေ...
ထိပ်ဆုံးတစ်ထောင်စာရင်းထဲဝင်မယ်ဆိုတဲ့စကားက ဘာမှအံ့ဩစရာမရှိတော့ဘူး...
နေရာတစ်ခုလုံး ခေတ္တတိတ်ဆိတ်သွားပြီးနောက် မျက်စိသုံးလုံးကျားက အော်ရယ်လေတော့သည်။
“ဟားဟားဟား... အဖိုးကြီး... ခင်ဗျားက ကျင့်ကြံလို့ပြီးတာနဲ့ အားလုံးကိုအံ့ဩအောင်လုပ်မယ်လို့ စဉ်းစားနေတုန်းလား”
“လူတိုင်းရဲ့အစွမ်းကိုကြည့်လိုက်ဦး၊ ပြီးတော့ တင့်ထျန်းမြို့ရဲ့အခြေအနေကိုလည်း ကြည့်လိုက်ဦး”
“ဘယ်မှာများ ခင်ဗျားဟန်ထုတ်ဖို့ အလံကိုင်ပေးရမယ့်နေရာ ရှိသေးလို့လဲ”
ဤစကားကြောင့် မိုချန်ဆွံ့အသွား၏။ လူတိုင်း၏နယ်ပယ်နှင့် ဤနေရာရှိ စည်းမျဉ်းအရှိန်အဝါများကို သေချာအာရုံခံကြည့်ပြီးနောက် သူ၏ဘဝကိုပင် သံသယဝင်လာတော့သည်။