← Chapters

အင်မော်တယ်ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ခြင်း

Vol. 24 Ch. 245

အင်မော်တယ်ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ခြင်း

Vol. 24 Ch. 245

အကယ်၍ ကျန်းချန်သည် လူတို့၏နှလုံးသားကိုဝယ်ယူရန် ကြိုးစားနေခြင်းဖြစ်ပါက ၎င်းသည် အလွန်တွက်ခြေကိုက်လှသော အရောင်းအဝယ်တစ်ခုဟုဆိုနိုင်သည်။ သူ၏အမြင်တွင် တန်ဖိုးမရှိသော အင်မော်တယ်လက်နက်တစ်သုတ်ကိုအသုံးပြုကာ အနာဂတ်တွင် ထိပ်တန်းပုဂ္ဂိုလ်ကြီးများဖြစ်လာမည့်သူများ၏သစ္စာရှိမှုကို ဝယ်ယူလိုက်ခြင်းပင်။

၎င်းသည် အထက်အင်မော်တယ်လောကမှ အင်မော်တယ်ဧကရာဇ်များနှင့် နတ်ဆိုးဧကရာဇ်များပင် မရယူနိုင်သော စီးပွားရေးအခွင့်အလမ်းတစ်ခုဖြစ်သည်။ အမှန်စင်စစ် အခြားမည်သူမျှ အောက်လောက၏နယ်မြေပေါင်းသောင်းခြောက်ထောင်မှ ထိပ်တန်းလက်ရွေးစင်ပညာရှင်အားလုံးနှင့် တစ်ပြိုင်နက်တည်းဆုံတွေ့နိုင်ရန်မဖြစ်နိုင်ပေ။

အထူးသဖြင့် သူတို့ အခက်ခဲဆုံးအချိန်နှင့် အကူအညီအလိုအပ်ဆုံးအချိန်တွင် ဖြစ်သည်။ ဤကာလအတွင်းပြုလုပ်ပေးသော ကျေးဇူးအနည်းငယ်သည် သူတို့ကို အလွန်အမင်းကျေးဇူးတင်သွားစေနိုင်၏။ သူတို့သည် အနာဂတ်တွင် နယ်ပယ်တစ်ခု၏အရှင်သခင်များ ဖြစ်လာကြသောအခါ သူတို့ကိုစည်းရုံးရန် သို့မဟုတ် သစ္စာရှိလာအောင်လုပ်ရန်မှာ အလွန်ခက်ခဲသွားပေလိမ့်မည်။

နှမြောစရာကောင်းသည်မှာ ဂိုဏ်းချုပ်ကျန်းက ဤအချက်ကို သိပ်ပြီးအာရုံမစိုက်ခြင်းပင်။ သူသည် ဤလူစုက သူ၏ဟန်ထုတ်မှုများကို လာရောက်လုယူမည်ကိုပင် တစ်ခါတစ်ရံစိုးရိမ်နေသေးသည်။

အင်မော်တယ်လက်နက်အသစ်များရရှိပြီးနောက် မထိန်းချုပ်နိုင်အောင်ပြုံးပျော်နေကြသော ကွေ့ချန်း၊ ရွှီယွမ်၊ ထိုက်ချန်းနှင့် အခြားသူများကိုကြည့်ရင်း သူသည် စိတ်ထဲမှကဲ့ရဲ့လိုက်မိသည်။

မင်းတို့ကလည်း တော်တော်လေးကို သဘောထားသေးတာပဲ...

ငါတို့ ကတိပေးထားတဲ့ဆရာကြီးပုံစံတွေက ဘယ်ရောက်ကုန်တာလဲ...

“အဟမ်း... ငါ့မှာ တောင်းဆိုချက်တစ်ခုတည်းပဲရှိတယ်”

“ဘာတောင်းဆိုချက်လဲ”

“ဂိုဏ်းချုပ်ကျန်း... ပွင့်ပွင့်လင်းလင်းသာမိန့်ကြားပါ”

“နောက်လာမယ့်တိုက်ပွဲတွေက ရလာမယ့်တိုက်ပွဲပစ္စည်းတွေအားလုံးကတော့...”

သူသည် သူ၏လက်ချောင်းများကိုပွတ်သပ်လိုက်သည်၊ သူပေးလိုက်ရသော အင်မော်တယ်လက်နက်များအတွက် ပြန်လည်ရှာဖွေချင်နေခြင်းဖြစ်သည်။ သူပေးလိုက်သောအရာများသည် စနစ်မှကံစမ်းမဲဖောက်ထားခြင်းဖြစ်သဖြင့် သူ့အတွက်တန်ဖိုးမရှိ။ တိုက်ပွဲပစ္စည်းများမှာမူ အခြားသူများထံမှသိမ်းဆည်းရမိခြင်းဖြစ်သဖြင့် အမှတ်များအဖြစ်ပြန်လဲနိုင်သည်။

သူစကားမဆုံးမီမှာပင် လူကဲခတ်တော်သောရွှီယွမ်က ကျယ်လောင်စွာထောက်ခံလိုက်သည်။

“အဲဒါတွေအားလုံးက ဂိုဏ်းချုပ်ကျန်းပိုင်ရမှာပေါ့”

ကွေ့ချန်း၊ ထိုက်ချန်းနှင့် အခြားခေါင်းဆောင်များကလည်း ချက်ချင်းပင်သဘောတူညီကြောင်း ထုတ်ဖော်လိုက်ကြသည်။

“ဟုတ်တယ်... ဂိုဏ်းချုပ်ကျန်းသာမရှိရင် ကျွန်တော်တို့ ဒီနေ့ ဒီနေရာကို ဘယ်လိုရောက်နိုင်မှာလဲ”

“ဂိုဏ်းချုပ်ကျန်းက ကျွန်တော်တို့ကို အင်မော်တယ်လက်နက်တွေနဲ့ ချပ်ဝတ်တန်ဆာတွေပေးခဲ့တာဟာ ကျွန်တော်တို့ရပ်တည်နိုင်ဖို့အတွက် အရင်းအနှီးပေးလိုက်တာနဲ့အတူတူပါပဲ၊ ကျွန်တော်တို့က သေချာပေါက် ကျေးဇူးပြန်ဆပ်ရပါမယ်”

သူတို့တင်မကဘဲ လက်နက်ကိရိယာမလိုအပ်သော ဟာနယ်မြေ၊ ကောင်းကင်နတ်ဆိုးနယ်မြေနှင့် အရိုးနယ်မြေတို့မှ ခေါင်းဆောင်များကလည်း ဂိုဏ်းချုပ်ကျန်းသာပျော်ရွှင်မည်ဆိုပါက သူလိုချင်သမျှအားလုံးမှာ အဆင်ပြေသည်ဟုပြောဆိုကြသည်။

ဤလူစုသည် မူလက ထိုမျှအထိမြင့်မြတ်သောသူများ မဟုတ်ကြ။ အခြားသူများထံမှရတနာများကို လုယူခြင်းမှာ သူတို့ထဲမှအချို့၏ လုပ်ငန်းဟောင်းပင်။ မည်သူက အရင်းအမြစ်များကို မလိုချင်ဘဲနေမည်နည်း။

သူတို့သည် အစ်ကိုကြီးချန်အပေါ် ကျေးဇူးကြွေးများစွာတင်ရှိနေသောကြောင့်ဖြစ်သည်။ ထို့အပြင် ဓားအင်မော်တယ်ကွေ့ချန်းပြောသည်မှာလည်း မမှားပေ။ ကျန်းချန်ပေးအပ်သော ဤအရင်းအနှီးများသာမရှိပါက သူတို့သည် ရန်သူကို မည်သို့အနိုင်ယူနိုင်မည်နည်း။

“ကောင်းပြီ... မင်းတို့အားလုံး ဒါတွေကိုယူသွားပြီး အရင်ဆုံးသန့်စင်လိုက်ကြဦး”

“စစ်ဆေးမယ့်ရက်အထိ တစ်လကျန်သေးတယ်။ နောက်ထပ်နှစ်ပတ်နေရင် ငါတို့အားလုံး အတူတူပြန်ထွက်ကြမယ်”

နှစ်ပတ်ဆိုသောအချိန်မှာ အင်မော်တယ်လက်နက်တစ်ခုကိုအပြည့်အဝသန့်စင်ရန် မလုံလောက်သော်လည်း အနည်းဆုံးတော့ သူ၏အစွမ်းအတော်များများကို ထုတ်ဖော်နိုင်မည်ဖြစ်သည်။ အဆင့် ၂ နှင့် အဆင့် ၃ အင်မော်တယ်လက်နက်များကို ပိုင်ဆိုင်ထားသဖြင့် ဤမြင့်မြတ်အင်မော်တယ်အုပ်စုသည် ယုံကြည်မှုများပြည့်နှက်နေကြလေ၏။

သူတို့၏ တာအိုနှလုံးသားမှာ အစ်ကိုကြီးချန်၏ ပင်မစည်းမျဉ်း ၉၉၂ ခုကဲ့သို့ ကောင်းကင်ကိုဆန့်ကျင်သောအရာမဟုတ်သော်လည်း သာမန်ပါရမီရှိသော ရွှေအင်မော်တယ်များထက် များစွာသာလွန်သည်။

“ဂိုဏ်းချုပ်ကျန်း စိတ်ချပါ၊ နှစ်ပတ်နေရင် ကျွန်တော်တို့ ရွှေအင်မော်တယ်တွေကိုတိုက်နိုင်မယ့်ယုံကြည်မှု သေချာပေါက်ရှိလာပါလိမ့်မယ်”

“အစ်ကိုကြီး ဘယ်နယ်မြေကိုပဲ စိန်ခေါ်ချင်ပါစေ၊ ကျွန်တော်တို့ကတော့ ဘာမှကန့်ကွက်စရာမရှိပါဘူး”

“ကျွန်တော်တို့ရဲ့ ကျေးဇူးရှင် ညွှန်ကြားတဲ့နေရာကိုပဲ ကျွန်တော်တို့တိုက်ခိုက်သွားမှာပါ”

လူအုပ်ကြီး လူစုခွဲသွားပြီးနောက် အစ်ကိုကြီးချန်သည် ဖေးရှန်ဂိုဏ်းဝင်များအတွက် နောက်ထပ်အင်မော်တယ်လက်နက်တစ်သုတ် ထုတ်ပေးလိုက်၏။ လန်ယီ၊ ကျိလင်းဟန်နှင့် လင်းနင်ကဲ့သို့ အနီးကပ်ဆုံးတပည့်များမှာ အဆင့် ၄ အင်မော်တယ်လက်နက်များနှင့် မှော်ရတနာများကို ရရှိခဲ့ကြသည်။ အစ်ကိုကြီးချန်သည် စိုးရိမ်နေသေးသဖြင့် အရိုးခြေဖျက်အလံကိုလည်း လန်ယီထံ လွှဲပြောင်းပေးလိုက်၏။

ကျန်ရှိနေသော စတုတ္ထမျိုးဆက်တပည့်များအတွက် အင်မော်တယ်လက်နက်မလုံလောက်သဖြင့် သူတော်စင်လက်နက်များနှင့် အင်မော်တယ်လက်ဖွဲ့များကိုသာ ထုတ်ပေးနိုင်ခဲ့သည်။ တိုက်ပွဲဝင်ပစ္စည်းများရရှိသွားသောတပည့်များသည် ချက်ချင်းပင် တိုက်ခိုက်လိုစိတ်များပြင်းထန်လာကြ၏။

ဒုတိယမျိုးဆက်အကြီးအကဲတစ်ဦးအနေဖြင့် လုယွမ်မှာ ယခုအခါ အတော်လေးဩဇာညောင်းနေပြီဖြစ်သည်။

“ဒါဟာ ငါတို့ဖေးရှန်ဂိုဏ်းအနေနဲ့ လူအများရှေ့ကို တစ်ပြိုင်နက်တည်းထွက်တာဖြစ်တယ်၊ တခြားနယ်မြေတွေရှေ့မှာ ဂုဏ်ငယ်အောင်မလုပ်ကြနဲ့”

“အားလုံးပဲ အစွမ်းကုန်ကြိုးစားကြပြီး ဂိုဏ်းချုပ်အတွက် ဂုဏ်ယူစရာတွေ ယူဆောင်လာပေးကြစမ်း”

၎င်းကိုကြားသောအခါ အစ်ကိုကြီးချန်ဆွံ့အသွား၏။

ငါ ဒါတွေပေးလိုက်တာက မင်းတို့မသေအောင်နဲ့ ငါ့ရဲ့အသက်ကယ်စွမ်းရည်ကို အလကားမဖြုန်းတီးမိအောင်လို့ပါ...

မင်းတို့က အခု အင်မော်တယ်တွေဖြစ်နေကြပြီဆိုတော့ အသက်ပြန်ရှင်အောင်လုပ်ပေးဖို့က အမှတ်ရာဂဏန်းလောက်နဲ့ ပြီးမှာမဟုတ်ဘူး...

တပည့်များက အင်မော်တယ်လက်နက်များကိုသန့်စင်ရန် ထွက်သွားကြပြီးနောက် သူသည် အင်မော်တယ်မိုကို သီးသန့်ခေါ်ယူလိုက်သည်။

“အဖိုးကြီးမို... ခင်ဗျားရဲ့ခန္ဓာကိုယ်က အဆင်ပြေရဲ့လား”

သူသည် မိုချန်၏ပါရမီကို မမြှင့်တင်ပေးခဲ့သော်လည်း သူ့အပေါ်တွင် တစ်စုံတစ်ရာ ပြဿနာရှိ၍မဟုတ်။ ဤအဖိုးကြီးမှာ သူဟန်ထုတ်ရန်အတွက် အစွမ်းအထက်ဆုံး လက်ထောက်ဖြစ်သည်။ သူ၏လက်ရှိခန္ဓာကိုယ်မှာ ဝိညာဉ်ပူးကပ်ခြင်းဖြင့် ရရှိထားသည့်အတွက် သူနှင့်ကိုက်ညီမှုမရှိသောကြောင့် နယ်ပယ်ကိုမြှင့်တင်၍မရခြင်းသာ။ ထို့ကြောင့် ပါရမီမြှင့်တင်ပေးလျှင်လည်း အလကားပင်။

သူက ဤအကြောင်းကိုပြောလာသဖြင့် မိုချန်က ခါးသက်စွာပြုံးလိုက်သည်။

“ဂိုဏ်းချုပ်ရဲ့စိုးရိမ်မှုကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် နောင်ကျရင် ကျွန်တော့်ရဲ့အင်မော်တယ်ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ဖို့ နည်းလမ်းရှာပါ့မယ်၊ အဲဒီကျမှပဲ ဆက်ပြီးတိုးတက်နိုင်မှာပါ”

ယခုအခါ သူ၏အင်မော်တယ်ဝိညာဉ်မှာ ပြန်လည်ကောင်းမွန်သွားပြီဖြစ်သည်။ အင်မော်တယ်ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ရန်မှာ မျှော်လင့်ချက်မရှိသည်မျိုး မဟုတ်သော်လည်း အချိန်များစွာလိုအပ်၏။

ဤအကြောင်းကို သိပ်မသိသော ဂိုဏ်းချုပ်ကျန်းက သိချင်စိတ်ဖြင့်မေးလိုက်သည်။

“ဘယ်လိုပြန်တည်ဆောက်ရမှာလဲ”

“အင်မော်တယ်ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ဖို့က ရှားပါးရတနာတွေအများကြီး လိုအပ်ပါတယ်၊ ဒါကြောင့် အလောတကြီးလုပ်စရာမလိုပါဘူး”

“ဘာရတနာတွေလဲ။ ငါ့ဆီမှာရှိမလားဆိုတာ ကြည့်ပေးမယ်”

ကံစမ်းမဲများစွာဖောက်ထားပြီး ရန်သူများစွာကိုနှိမ်နင်းထားသဖြင့် ဂိုဏ်းချုပ်ကျန်း၏လက်ထဲတွင် ရှားပါးရတနာများစွာရှိနေပြီး သူတို့ထဲမှအများစုကို သူမသုံးရသေးချေ။ သူပြောသည်ကို ကြားသောအခါ မိုချန်သည် သူကိုယ်တိုင် အလွန်မိုက်မဲခဲ့ကြောင်း ချက်ချင်းနောင်တရသွားသည်။

ဟုတ်ပါရဲ့၊ ကောင်းကင်သားတော်ရဲ့ကံတရားက ဒီလောက်တောင် ကောင်းကင်ကိုဆန့်ကျင်နေတာပဲ၊ သူကပစ္စည်းအချို့ ရအောင် ကူညီပေးနိုင်မှာပေါ့...

သူက မျှော်လင့်တကြီးဖြင့် အလျင်အမြန်ပြောလိုက်သည်။

“အများဆုံးလိုအပ်တဲ့ပစ္စည်းကတော့ ခရမ်းရောင်ကျောက်စိမ်း ဆည်းဆာအရည်ကျိုသဲပါ။ ဒီရတနာက အင်မော်တယ်ဝိညာဉ်နဲ့ အလွန်ကိုက်ညီပြီးတော့ အင်မော်တယ်ခန္ဓာကိုယ်ရဲ့ အခြေခံအုတ်မြစ်အဖြစ် အံ့ဩစရာကောင်းအောင် အစွမ်းထက်ပါတယ်...”

သူ စကားမဆုံးမီမှာပင် အစ်ကိုကြီးချန်က ကြားဖြတ်မေးလိုက်သည်။

“ဘယ်လောက်လိုတာလဲ”

“ဒါကတော့...”

မိုချန်မှာ ပြောရန် အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်နေ၏။

ခရမ်းရောင်ကျောက်စိမ်း ဆည်းဆာအရည်ကျိုသဲမှာ အင်မော်တယ်လောက၌ပင် အလွန်တန်ဖိုးကြီးသောရတနာဖြစ်သည်။ ပမာဏအနည်းငယ်အတွက်ပင် အင်မော်တယ်များစွာက လုယူတိုက်ခိုက်ကြမည်ဖြစ်ပြီး အင်မော်တယ်ခန္ဓာကိုယ်ပြန်တည်ဆောက်ရန်မှာမူ ပမာဏအများအပြားလိုအပ်မည်ဖြစ်၏။

“ကျွန်တော့်မှာ ငါးပိဿာလောက်ရှိမယ်ဆိုရင်တော့ အင်မော်တယ်ခန္ဓာကိုယ်ရဲ့ အခြေခံပုံစံကိုတည်ဆောက်ဖို့ လုံလောက်ပါပြီ။ အဲဒီနောက်ပိုင်းမှပဲ ကျင့်ကြံရင်းနဲ့ ဖြည့်စွက်သွားရမှာပါ...”

သူသည် ငါးပိဿာအထိရလိမ့်မည်ဟု မျှော်လင့်မထားရဲချေ။ အနည်းငယ်မျှရလျှင်ပင် အလွန်ကောင်းမွန်ပြီး ထိုအခြေခံပစ္စည်းရှိလျှင် ဖြည်းဖြည်းချင်းပုံဖော်သွားနိုင်မည်ဖြစ်သော်လည်း အောင်မြင်စွာပုံပေါ်လာရန် နှစ်သန်းပေါင်းရာချီကြာမြင့်နိုင်သည်။

အစ်ကိုကြီးချန် မျက်ခုံးပင့်လိုက်၏။

“ဒါဆိုရင် များလေကောင်းလေပေါ့ ဟုတ်လား”

“မှန်ပါတယ်...”

“ပိဿာ ၁၀၀ ဆိုရင်ရော လုံလောက်ရဲ့လား”

“ပိဿာ ၁၀၀... အမ်... ဘာပြောလိုက်တာလဲ”

ပိဿာ ၁၀၀ ဆိုပါလား...

မိုချန်သည် သူနားကြားမှားသွားသည်ဟု သံသယဝင်သွားသည်။

အစ်ကိုကြီး... အဲဒါက ခရမ်းရောင်ကျောက်စိမ်း ဆည်းဆာအရည်ကျိုသဲလေဗျာ၊ မြေပြင်မှာတွေ့ရတဲ့ သာမန်ရွှံ့နွံတွေမဟုတ်ဘူး...

ဂိုဏ်းချုပ်ကျန်းက အချိန်ဆွဲမနေဘဲ သူ၏လက်ကိုဝှေ့ယမ်းကာ စနစ်သိုလှောင်ခန်းအတွင်းမှ ဆည်းဆာအရည်ကျိုသဲ ပိဿာ ၁၀၀ ကို ထုတ်လိုက်၏။ ၎င်းသည် အဆင့် ၆ ကံစမ်းမဲဖောက်စဉ်က ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး တစ်ခါဖောက်လျှင် ၁၀ ပိဿာစီရတတ်ကာ မည်သည့်အတွက်သုံးရမှန်း သူမသိခဲ့။ သူ့လက်ထဲတွင် ပိဿာရာကျော်ရှိနေသေးသည်။

“မလောက်သေးရင်ပြောပါ၊ ငါ့ဆီမှာရှိပါသေးတယ်”

သူ့ရှေ့တွင်လွင့်မျောနေသော အဖိုးတန်သဲပုံကြီးကိုကြည့်ရင်း မိုချန်မှာ လုံးဝမှင်သက်သွားတော့သည်။

သူအိပ်မက်မက်နေတာလား...

တကယ်ပဲ ပိဿာ ၁၀၀ တောင် ထုတ်ပေးလိုက်တာလား...

ဤကဲ့သို့သောလုပ်ရပ်မျိုးကို အင်မော်တယ်ဘုရင်တစ်ဦးပင် လုပ်နိုင်မည်မထင်။ ဤမျှအထိစုဆောင်းနိုင်ရန်မှာ အင်မော်တယ်ဧကရာဇ်တစ်ဦးသာ လုပ်ကောင်းလုပ်နိုင်မည်။

ပြဿနာမှာ ဂိုဏ်းချုပ်က အင်မော်တယ်လောကသို့ရောက်ရှိသည်မှာ မကြာသေးသလို အပြင်ထွက်၍လည်းရှာဖွေခြင်းမရှိ။ သူက ဤကဲ့သို့သောရတနာကို မည်သို့ရထားမှန်းမသိ။

“လုံလောက်ပါပြီ... လုံလောက်တာထက်တောင် ပိုနေပါသေးတယ်... ကျေးဇူးတင်ပါတယ်ဂိုဏ်းချုပ်...”

သူအလွန်စိတ်လှုပ်ရှားသွားသဖြင့် မျက်ရည်များပင်ဝဲလာရသည်၊ ဆည်းဆာအရည်ကျိုသဲ ပိဿာ ၁၀၀ က သူ့အတွက် နှစ်သန်းပေါင်းရာချီသောကြိုးစားအားထုတ်မှုကို သက်သာစေမည်မဟုတ်ပါလား။

“တခြားလိုအပ်တဲ့ပစ္စည်းတွေရှိရင်လည်း ပြောဦး”

အစ်ကိုကြီးချန်သည် သူ၏လူများအပေါ်တွင် အလွန်ရက်ရောလှသည်။ ထို့ပြင် ၎င်းသည် စစ်ပွဲမတိုင်မီ ပြင်ဆင်မှုဟုလည်း ဆိုနိုင်သည်မဟုတ်ပါလား။

All Chapters