ဂိုဏ်းချုပ်ကျန်း သဘောကျစေရမယ်
Vol. 25 Ch. 247
“မင်းဆီမှာ ဒီလောက်လူတွေအများကြီး ဘယ်လိုလုပ်ရှိနေတာလဲ”
“ဒီလူတွေကို ဘယ်မှာသွားရှာလာတာလဲ”
ဤမေးခွန်းက မြို့စားမင်းကျန်းကို အနည်းငယ်စိတ်ရှုပ်သွားစေသည်။ သူသည် တစ်ကိုယ်တော်စစ်သူကြီး မဟုတ်တော့ချေ၊ စင်မြင့်ပေါ်တက်ရန်စောင့်ဆိုင်းနေသည့် လူပေါင်းသောင်းချီရှိနေလေပြီ။
“အဲဒါ မင်းနဲ့ဆိုင်လို့လား”
သူသည် စကားများနေရန်စိတ်မပါသဖြင့် ပထမပွဲစဉ်ဖြစ်သော တစ်ဦးချင်းစီယှဉ်ပြိုင်ပွဲစတင်ရန် ကွင်းထဲသို့ ပျံသန်းဝင်ရောက်သွားသည်။
မီးအိမ်နှစ်ခုမြို့၏ မြို့စားမင်းအသစ်မှာ လျင်မြန်စွာစိတ်အေးသွား၏။
“ကျန်းချန်... မင်းဒီလူတွေကို ဘယ်ကနေပဲရှာလာရှာလာ၊ မင်းတွက်တာမှားသွားပြီလို့ပဲ ငါပြောနိုင်တယ်”
“ဒီလူတွေနဲ့ ငါတို့ကိုအနိုင်ရဖို့မျှော်လင့်နေတာလား။ စိတ်ကူးယဉ်မနေနဲ့”
ကျန်းချန်မှလွဲ၍ တင့်ထျန်းမြို့မှ မျက်စိသုံးလုံးကျားသာ စင်မြင့်ပေါ်တက်ခဲ့ဖူးသည်။ အခြားသူများကို ပြင်ပကမ္ဘာက မည်သူမျှမသိကြချေ။ နှစ်ဖက်ဆုံတွေ့ကြသောအခါ သူတို့၏စွမ်းအားအဆင့်များကို တစ်ချက်ကြည့်ရုံနှင့်သိနိုင်၏။
သူတို့အားလုံးမှာ အင်မော်တယ်များဖြစ်ကြသော်လည်း ရွှေအင်မော်တယ်တစ်ဦးမျှမပါဝင်သလို မြင့်မြတ်အင်မော်တယ်အရေအတွက်မှာလည်း မများလှပေ။ ကောင်းကင်အင်မော်တယ် အတော်အတန်ရှိသော်လည်း သူတို့ကအဆုံးအဖြတ်ပေးနိုင်မည်မဟုတ်။
ကျန်းချန်နှင့်ယှဉ်လျှင် မည်သူ့ကိုလွှတ်လိုက်သည်ဖြစ်စေ ရှုံးနိမ့်မည်မှာအမှန်ပင်။ ထို့ကြောင့် ပထမပွဲစဉ်ကိုအရှုံးပေးလိုက်ပြီး ဒုတိယပွဲစဉ်တွင်အနိုင်ယူရန်ကြိုးစားခြင်းကပိုကောင်းမည်။ မီးအိမ်နှစ်ခုမြို့စားသည် အလကားသေမည့်အလုပ်ကို လုပ်ရန်မလိုဟုယူဆကာ ယှဉ်ပြိုင်ခြင်းမပြုဘဲ အရှုံးပေးရန်ဆုံးဖြတ်လိုက်၏။
၎င်းသည် လူအများရှေ့တွင် သူ၏တိုက်ခိုက်ရေးစွမ်းရည်ကိုပြသရန်မျှော်လင့်နေသော မြို့စားမင်းကျန်းကို အကြီးအကျယ်ဒေါသထွက်သွားစေသည်။ တစ်ဖက်လူမှာ အလွန်သူရဲဘောကြောင်ကာ ဤပွဲစဉ်ကို တိုက်ရိုက်အရှုံးပေးခဲ့သည်မဟုတ်ပါလား။
“ကျန်းချန်... ဒုတိယပွဲစဉ်မှာ မင်းဘာလုပ်မလဲဆိုတာ ငါကြည့်ချင်သေးတယ်”
“ငါတို့ဆီက ရွှေအင်မော်တယ်ခြောက်ယောက်က မင်းတို့အားလုံးကိုသုတ်သင်ဖို့ လုံလောက်တယ်”
“ဟားဟားဟား... တင့်ထျန်းမြို့တစ်မြို့လုံး ပျက်စီးမယ့်နေ့ရောက်လာတော့မယ်၊ မင်းဒါကိုမျှော်လင့်မထားဘူးမဟုတ်လား”
“ငါတို့က တင့်ထျန်းမြို့ကို နောက်ထပ်အရှုံးတစ်ကြိမ် ထပ်ပေးရဦးမှာပေါ့”
“ငါတို့မီးအိမ်နှစ်ခုမြို့က မင်းတို့ရဲ့နတ်ဆိုးပဲ”
တစ်ဖက်လူ၏ ရိုင်းစိုင်းသောစကားများအကြားတွင် အချိန်ရေတွက်မှုမှာ တဖြည်းဖြည်းကုန်ဆုံးလာ၏။ တင့်ထျန်းမြို့မှ လူပေါင်း ၂၉,၉၉၉ ယောက်မှာ တိတ်ဆိတ်နေဆဲ။
သူတို့၏ စွမ်းအားအဆင့်မှာ တစ်ဖက်လူကဲ့သို့မမြင့်မားသော်လည်း သူတို့အားလုံးမှာ နယ်မြေတစ်ခုစီကို ဦးဆောင်ခဲ့သူများဖြစ်၏။ စီမံခန့်ခွဲမှုနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုပိုင်းတွင် ဤအင်မော်တယ်လောကမှမွေးဖွားလာသော အင်မော်တယ်များထက် များစွာသန်မာကြသည်။ ဤအချိန်တွင် သူတို့သည် တစ်ဖက်လူကို လူမိုက်တစ်စုအားကြည့်နေသည့်အလား အေးစက်သောမျက်လုံးများဖြင့် ကြည့်နေကြ၏။
ပထမပွဲစဉ်တွင် စွမ်းဆောင်ပြရန် အခွင့်အရေးမရခဲ့သော မြို့စားမင်းကျန်းမှာ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လည်ပျံသန်းလာသည်။ သူအောင်ပွဲရရှိခဲ့သော်လည်း အလွန်စိတ်အနှောင့်အယှက်ဖြစ်နေ၏။ တစ်ဖက်လူ၏မျက်နှာပေးမှာ အလွန်အမြင်ကတ်စရာ ကောင်းနေခြင်းကြောင့်ပင်။ သူတို့က တိုက်ပွဲကိုရှောင်လွှဲခဲ့ပြီး သူတို့ကပဲအနိုင်ရသူကဲ့သို့ဟန်လုပ်ကာ လှောင်ပြောင်နေကြသည် မဟုတ်ပါလား။
“ဒုတိယပွဲစဉ်မှာတော့ သူတို့ကိုအသေသတ်ကြစမ်း”
ဂိုဏ်းချုပ်ကျန်းက မိန့်ကြားလိုက်သောအခါ လူတိုင်းသည် သူတို့၏တည်ငြိမ်သောအမူအရာများကိုဖယ်ခွာကာ ကျယ်လောင်စွာ ပြန်လည်ဖြေကြားလိုက်ကြသည်။
“ပြဿနာမရှိပါဘူး”
“ဂိုဏ်းချုပ်ကျန်း... စောင့်ကြည့်နေလိုက်ပါ”
“ဒီအဖိုးကြီးကတော့ ဂိုဏ်းချုပ်ကျန်းသဘောကျစေဖို့ သူတို့ကိုသေအောင်တိုက်ပြပါ့မယ်”
ဤစကားများကိုကြားသောအခါ တစ်ဖက်လူများက အော်ဟစ်ရယ်မောကြ၏။
“ဟားဟား... တကယ့်ကိုအရှက်မရှိ ကြွားလုံးထုတ်နေတာပဲ”
“မင်းတို့နဲ့လား”
“ကြည့်စမ်းပါဦး၊ တချို့လူတွေက သူတော်စင်လက်နက်တွေကိုတောင် သုံးနေကြတုန်း”
“ဟားဟားဟား... ဒါ ဘယ်လိုသူတောင်းစားအဖွဲ့လဲဟ…”
“ဒီလူတွေ ဘယ်ကနေရောက်လာမှန်းတောင် ငါမသိဘူး၊ တစ်ခါမှလည်းမကြားဖူးဘူး”
“မကြားဖူးရင်လည်း နောင်ကျရင် ကြားရတော့မှာမဟုတ်ပါဘူး၊ ဒီနေ့ပြီးရင် သူတို့ရှိတော့မှာမဟုတ်ဘူးလေ”
မီးအိမ်နှစ်ခုမြို့ဘက်မှလူများမှာ စိုးရိမ်မှုမရှိကြ။ အဆင့်ကွာခြားချက်မှာ သိသာလွန်းလှသဖြင့် သူတို့သည် စိတ်လက်ပေါ့ပါးစွာ ပျော်ရွှင်နေကြသည်။ ဤခံစားချက်မှာ ဒုတိယပွဲစဉ် တရားဝင်စတင်ချိန်အထိရှိနေ၏။
ဒုတိယပွဲစဉ်၏တိုက်ပွဲမြေပြင်မှာ အလွန်ရှုပ်ထွေးသည်။ ဝင်ရောက်သွားပြီးနောက် နှစ်ဖက်စလုံးမှာ ချက်ချင်းရင်မဆိုင်နိုင်ကြ။ နှစ်ဖက်ဆုံတွေ့ကြသောအခါ မီးအိမ်နှစ်ခုမြို့က အကြိမ်များစွာအသုံးပြုခဲ့သည့်စစ်ဗျူဟာမှာ ခဏအတွင်းမှာပင် အပိုင်းပိုင်းအစစဖြစ်သွားတော့သည်။
လူဦးရေပမာဏ အတိုင်းအတာတစ်ခုအထိရောက်ရှိလာသောအခါ စစ်ဗျူဟာနှင့် နည်းဗျူဟာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှာ အလွန်အရေးကြီး၏။ တင့်ထျန်းမြို့ဘက်တွင် စစ်သူကြီးများနှင့် စစ်တုရင်ပညာရှင်များ၏ကွပ်ကဲမှုအောက်တွင် အစကတည်းကလူစုခွဲထားခဲ့ကြပြီးနောက် အချို့က အဓိကတပ်ဖွဲ့အဖြစ်ဟန်ဆောင်ကာ အရှေ့မှတိုက်ခိုက်ပြီး ကျန်သူများက အနောက်ဖက်၊ ဘေးဖက် နှစ်ဖက်စလုံးမှ ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။
သူတို့သည် အထူးတပ်ဖွဲ့သုံးဖွဲ့နှင့် နှောင့်ယှက်ရေးတပ်ဖွဲ့ငါးဖွဲ့ကို စီစဉ်ထား၏။ လူဦးရေမများသော်လည်း ခံစစ်စခန်းများကိုတိုက်ခိုက်ရန်၊ ရန်သူ့လမ်းကြောင်းကိုဖြတ်တောက်ရန်နှင့် ရန်သူကို ထိတ်လန့်အောင်လုပ်ရန်အတွက် အထူးအသုံးပြုခြင်းဖြစ်သည်။ အတွေ့အကြုံနည်းပါးသော ဖေးရှန်ဂိုဏ်းတပည့်များမှလွဲ၍ တင့်ထျန်းမြို့ရှိ အခြားသူအများစုမှာ ယခင်က အရှင်သခင်အဆင့်ရှိခဲ့သူများဖြစ်ကြပြီး လှည့်ကွက်များအသုံးပြုခြင်းမှာ သူတို့လုပ်နေကြပင်။
ထို့ကြောင့် စစ်ပွဲစတင်ပြီး ၁၀ စက္ကန့်ပင်မပြည့်မီ မီးအိမ်နှစ်ခုမြို့၏စခန်းများအကြား ပူးပေါင်းဆောင်ရွက်မှုပျက်ပြားသွားပြီး လုံးဝချိတ်ဆက်၍မရတော့ပေ။ အားလုံးမှာ တစ်ဦးချင်းတိုက်ပွဲများအဖြစ်ပြောင်းလဲကာ ရှုပ်ထွေးသွားတော့သည်။ သူတို့၏စစ်ဗျူဟာပြိုကွဲကာ လူစုကွဲသွားသည်ကိုမြင်သောအခါ မီးအိမ်နှစ်ခုမြို့၏ မြို့စားမင်း၊ စစ်သူကြီးများနှင့် ခေါင်းဆောင်များမှာ တစ်ခုခုမှားနေပြီဟု အော်ဟစ်လိုက်ကြ၏။
သို့သော် ၎င်းသည် စိတ်ပျက်စရာမဟုတ်သေးပေ။ သူတို့တွင် ကျင့်ကြံမှုအားသာချက် ရှိနေသေးသည်...
တစ်ဦးချင်းစီ၏အစွမ်းဖြင့်လည်း အတင်းအဓမ္မဖိနှိပ်နိုင်၏။ စွမ်းအားကွာခြားချက်မှာ အတိုင်းအတာတစ်ခုအထိကြီးမားနေပါက စစ်ဗျူဟာများမှာ တံလျှပ်ကဲ့သို့ပင်။
သို့သော်လည်း သူတို့သည် ကျောက်တောင်ကိုဝင်ဆောင့်မိကြကုန်၏။ မိုချန်၊ ပိချန်း၊ ရွှေနဂါးမင်း၊ ကွေ့ချန်း၊ လင်းရှင်းနှင့် အခြားထိပ်တန်းပညာရှင်များမှာ တစ်ဖက်မှ ရွှေအင်မော်တယ်အချို့ကို ပစ်မှတ်ထားပြီးလေပြီ။ သူတို့နောက်တွင်လည်း ကျိလင်းဟန်၊ လင်းနင်၊ လုယွမ်၊ သွမ့်ဟယ် စသည့် ဂိုဏ်းချုပ်ကျန်း၏ ထိပ်တန်းတပည့်များက လက်ထောက်အဖြစ်ရှိနေကြရာ သူတို့မှာ ရွှေအင်မော်တယ်တစ်ဦးကို သုံးဦးဝိုင်းတိုက်ကြ၏။
အောက်လောကမှပါရမီရှင်များသည် အင်မော်တယ်လက်နက်များရှိနေသဖြင့် အဆင့်မြင့်နယ်ပယ်များကို စိန်ခေါ်နိုင်စွမ်းရှိနေကြသည့်အပြင် သူတို့က ဝိုင်းဝန်းတိုက်ခိုက်ခြင်းလည်းဖြစ်သည်။
မီးအိမ်နှစ်ခုမြို့စားသည် လူအားလုံးကိုသတ်ပြီး အခြေအနေကို ပြောင်းပြန်လှန်ရန်မှာဝေး၍ မိုချန်ကိုပင်မသတ်နိုင်ကြောင်း လျင်မြန်စွာသိလိုက်ရသည်။ သူ့ရှေ့ရှိမိုချန်မှာ ကျင့်ကြံမှုအဆင့်မမြင့်သော်လည်း အင်မော်တယ်ဝိညာဉ်က သူ့ထက်သာလွန်နေသည့်အပြင် တိုက်ခိုက်သည့်ပုံစံမှာလည်း အလွန်ဆန်းပြား၏။ သူသည် ကောင်းကင်အင်မော်တယ်တစ်ဦးသာဖြစ်သော်လည်း အတွေ့အကြုံများလွန်းလှသည်။
၎င်းသည် ထူးဆန်းလွန်း၏။ အထူးသဖြင့် မိုချန်သည် လင်းနင်နှင့် လန်ယီတို့၏ကူညီမှုဖြင့် သူ့ကိုဖိနှိပ်ထားကာ ပြန်လည်ခုခံနိုင်စွမ်းမရှိအောင် တိုက်ခိုက်နေတော့သည်။
“ဒါမဖြစ်နိုင်ဘူး”
မီးအိမ်နှစ်ခုမြို့စားမှာ သူ၏ဘဝကိုပင်သံသယဝင်သွားသည်။ သူ့ရှေ့မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးမှာ တစ်ဖက်ရန်သူ၏ အင်အားအကောင်းဆုံးအဓိကတပ်ဖွဲ့များဖြစ်နေသလော။
သူသည် ပြင်းထန်သောတိုက်ပွဲအတွင်း အခြားတိုက်ပွဲဇုန်များ၏အခြေအနေကို ခက်ခဲစွာလှမ်းကြည့်လိုက်သည်။ သူ့ဘက်မှ ရွှေအင်မော်တယ်အဆင့် ၆ ခေါင်းဆောင်တစ်ဦးမှာ ပိချန်း၏တုတ်ချက်ဖြင့် အပိုင်းပိုင်းအစစဖြစ်သွားကြောင်း တွေ့လိုက်ရ၏။
ရွှေအင်မော်တယ်များမှာ လူအများအပြားဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံနေရသောကြောင့် အခြေအနေအဆိုးဆုံးဖြစ်နေသည်။ မြင့်မြတ်အင်မော်တယ်များလည်း သိပ်မထူးခြားပေ။ တင့်ထျန်းမြို့မှ ကောင်းကင်အင်မော်တယ်တစ်သောင်းကျော်ထဲတွင် လူတိုင်းနီးပါးမှာ မြင့်မြတ်အင်မော်တယ်များနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိ၏။ သူတို့သည် ရန်သူကိုမသတ်နိုင်လျှင်ပင် နှစ်ဦး သုံးဦးပေါင်းကာ တိုက်ခိုက်မည်ဆိုပါက အခြေအနေကို ချက်ချင်းပြောင်းပြန်လှန်နိုင်ကြသည်။
မီးအိမ်နှစ်ခုမြို့တွင် မြင့်မြတ်အင်မော်တယ် ၅၀၀ ကျော်သာရှိသဖြင့် သူတို့ကို တိုက်ခိုက်ရန်ပင် မလုံလောက်ပေ။ ကျန်သောကောင်းကင်အင်မော်တယ်ထောင်ပေါင်းများစွာမှာလည်း မီးအိမ်နှစ်ခုမြို့ဘက်မှ ကောင်းကင်အင်မော်တယ်များကို အလွယ်တကူအနိုင်ယူနိုင်၏။
စစ်ပွဲစတင်ပြီး နှစ်မိနစ်အကြာတွင် မီးအိမ်နှစ်ခုမြို့စားတစ်ဦးတည်းသာ အသက်ရှင်ကျန်တော့သည်။ မြင့်မြတ်အင်မော်တယ်အများစုမှာလည်း သေသူသေ၊ ဒဏ်ရာရသူရဖြင့် အလဲလဲအကွဲကွဲဖြစ်ကုန်၏။ ကွပ်ကဲမှုစနစ်လုံးဝပျက်စီးသွားပြီး ကွင်းပြင်တစ်ခုလုံးရှုပ်ထွေးသွားကာ ဝိုင်းရံသတ်ဖြတ်ခြင်းကိုသာ ခံနေရတော့သည်။ စစ်ပွဲတွင် သေဆုံးမှုများလာသည်နှင့်အမျှ အခြေအနေမှာလည်း တစ်ဖက်သတ်ဖြစ်လာ၏။
“ပြေးကြ”
“ထွက်ပြေးကြ”
မီးအိမ်နှစ်ခုမြို့မှ ကျန်ရှိသော သောင်းချီသည့်လူများမှာ တိုက်ခိုက်လိုစိတ် မရှိကြတော့ချေ၊ စစ်ပွဲမတိုင်မီက မောက်မာမှုနှင့် ယုံကြည်မှုများမှာ နေလာနှင်းပျောက် အရည်ပျော်ကုန်လေပြီ။ သို့သော်လည်း သူတို့မှာ ထွက်ပြေးရန်အခွင့်အရေးမရှိပေ။ စစ်သူကြီးများ၏ ကွပ်ကဲမှုအောက်တွင် တင့်ထျန်းမြို့တပ်မတော်သည် အစကတည်းကဝိုင်းရံပိတ်ဆို့ထားသဖြင့် မီးအိမ်နှစ်ခုမြို့ကို လုံးဝထွက်ပြေးခွင့်မပေးတော့ချေ။
အချိန်တဖြည်းဖြည်းကုန်ဆုံးသွားပြီး နောက်ဆုံး၌ မီးအိမ်နှစ်ခုမြို့စားမှာ မိုချန်၏ဓားချက်အောက်တွင် လဲကျသွားသောအခါ တိုက်ပွဲအဆုံးသတ်သွားတော့သည်။ တင့်ထျန်းမြို့ဘက်မှ အောက်လောကပညာရှင်များသည် ဝံပုလွေအုပ်စုကဲ့သို့ သတ်ဖြတ်နေကြလေပြီ။
အဆုံးတွင် လူအတော်များများက ရန်သူကိုရှာမတွေ့တော့ကြောင်းနှင့် အင်မော်တယ်လက်နက်ကောင်းကောင်းမရလိုက်ကြောင်းပင် ညည်းတွားနေကြသေးသည်။ မြို့စားမင်းကျန်းက ၎င်းကိုမြင်သောအခါ နှုတ်ခမ်းမဲ့လိုက်မိသည်။
မင်းတို့တွေ ငါ့အတုခိုးနေတာတွေကို ရပ်လိုက်လို့မရဘူးလား...