နေရာတစ်ခုအတွက် အလုအယက်တိုက်ခိုက်ခြင်း
Vol. 25 Ch. 246
ကျေးဇူးတင်လွန်းသဖြင့် မျက်ရည်ဝဲနေသော မိုချန်သည် စိတ်ကိုထိန်းလိုက်ပြီး အားနာမနေတော့ပေ။ ထို့နောက် ကျန်းချန်သည် နောက်ထပ်ပစ္စည်းကုန်ကြမ်းပေါင်း ဒါဇင်နှင့်ချီ၍ထုတ်ပေးလိုက်၏။ အားလုံးမှာ ကျန်းချန်ထံတွင် အဆင်သင့်ရှိနေလေသည်။ ကံစမ်းမဲမှရရှိထားခြင်းဖြစ်စေ၊ စစ်ပွဲမှရသည့်ပစ္စည်းများဖြစ်စေ၊ လူတိုင်းအတွက်ပိုလျှံသည်အထိ ရှိနေ၏။
မိုချန်သည် သူ၏အင်မော်တယ်ခန္ဓာကိုယ်ကို ချက်ချင်းပြန်လည်တည်ဆောက်နိုင်တော့မည်ဖြစ်ကြောင်း သိလိုက်ရသဖြင့် ဝမ်းသာမှုနှင့်အတူ အံ့ဩမှုများကလည်း သူ့ကိုလွှမ်းမိုးသွားသည်။ ဤမျှရှားပါးလှသော ပစ္စည်းကုန်ကြမ်းများကို မည်သို့များစုဆောင်းထားသည်ကို သူလုံးဝစဉ်းစား၍မရ။ ကောင်းကင်သားတော်သည် ကံအလွန်ကောင်းသဖြင့် အပြင်ထွက်လိုက်သည်နှင့် ရတနာများကိုတွေ့နိုင်သည်ဆိုလျှင်ပင် အတွေ့အကြုံယူရန်အတွက် အပြင်သို့ထွက်ရဦးမည်မဟုတ်ပါလား။
“အားလုံးစုံပြီလား”
“စုံပါပြီ... တကယ်ကို အကုန်စုံတာပါ”
မိုချန်မှာ အလွန်အမင်းတုန်လှုပ်နေ၏။ အင်မော်တယ်ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ခြင်းမှာ နှစ်သန်းပေါင်းရာချီ၍ကြိုးစားရန် စီစဉ်ထားခဲ့သောအရာဖြစ်သည်။ ကျန်းချန်ကူညီပေးလိမ့်မည်ဟု သူမျှော်လင့်ခဲ့သော်လည်း ပစ္စည်းအနည်းငယ်လောက်သာရလိမ့်မည်ဟု ထင်ထားခဲ့၏။
တစ်ကြိမ်တည်းနှင့် ဤမျှများပြားသော ပစ္စည်းအားလုံးကိုရလိမ့်မည်ဟု သူအိပ်မက်ပင်မမက်ခဲ့။ ပစ္စည်းပမာဏမှာလည်း အလွန်များပြားလှသဖြင့် သူ့ခန္ဓာကိုယ်အသစ်၏ အစပြုမှုမှာလည်း နိမ့်ကျနေမည်မဟုတ်ပေ။ ဤကောင်းကင်သားတော်နောက်သို့လိုက်ရခြင်းမှာ ထိုက်တန်လှပေသည်။
သုံးရက်အကြာတွင် မိုချန်သည် ဂိုဏ်းချုပ်ကျန်းရှေ့၌ ပြန်ပေါ်လာသည်။ သူ၏ကျင့်ကြံမှုမှာ လုံးဝအသစ်ဖြစ်နေပြီး အစစ်အမှန်အင်မော်တယ်အဆင့် ၉ သို့ ရောက်ရှိနေလေပြီ။ မျှော်လင့်ထားသည့်အတိုင်း စနစ်က အမှတ် ၈၀ ဘီလီယံရရှိကြောင်း အသိပေးချက်ပို့လာသည်။ စနစ်၏အမြင်တွင် မိုချန်၏တန်ဖိုးမှာ နောက်တစ်ကြိမ်မြင့်တက်သွားလေပြီ။
“ကျွန်တော့်ရဲ့ ဘဝသစ်ကိုပြန်လည်တည်ဆောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဂိုဏ်းချုပ်။ ဒီကျေးဇူးကိုဘယ်လိုပဲဆပ်ဆပ် ကုန်နိုင်မှာမဟုတ်ပါဘူး...”
ဒုတိယအကြိမ်တွေ့ဆုံချိန်တွင် နတ်ဆိုးအရှင်သခင်ဟောင်းမှာ နေရာတင်ပင် ဒူးထောက်လိုက်တော့သည်။
ကျန်းချန်က သူ့ကို အလျင်အမြန်ထူပေးလိုက်သည်။
“ငါတို့ကမိသားစုတွေပဲ၊ အားနာနေစရာမလိုပါဘူး”
“အခု မင်းရဲ့ပါရမီကို မြှင့်လို့ရပြီလား”
မိုချန်သည် ဂိုဏ်းချုပ်ကို ထပ်ပြီးဒုက္ခမပေးချင်သော်လည်း ငြင်းပယ်ရန်မစွမ်းသာချေ။ ပါရမီပိုကောင်းလာမှာကို မလိုချင်သူမရှိ။ ဖေးရှန်ဂိုဏ်းတပည့်များ၏ပြောင်းလဲသွားမှုကို မြင်ရစဉ်က သူအလွန်မနာလိုဖြစ်ခဲ့ရသည်။ ထိုစဉ်က သူ့တွင် တိုးတက်ရန်နည်းလမ်းမရှိခဲ့သော်လည်း ယခုအခါမူ သူ့အလှည့်ရောက်လေပြီ။
“ဒါဆိုရင်တော့ ဂိုဏ်းချုပ်ကိုပဲအားကိုးပါရစေ”
သုံးရက်အကြာတွင် မိုချန်၏ပါရမီမှာ အဆင့် ၄ မှ အဆင့် ၁ သို့ ခုန်တက်သွား၏။ သူ့နတ်ဆိုးခန္ဓာကိုယ်မှာလည်း ခရမ်းရွှေရောင်အဆင့်သို့ ရောက်ရှိသွားသည်။ အင်မော်တယ်လောကတွင် နှစ်ပေါင်းများစွာကျင်လည်ခဲ့သော ဝါရင့်တစ်ဦးအနေဖြင့် ဤအရာမှာ ဘာကိုဆိုလိုသည်ကို အားလုံးထက်ပိုသိသည်။
သူသာ အသက်ရှင်နေသရွေ့ တစ်နေ့တွင် အင်မော်တယ်ဧကရာဇ်တစ်ဦးဖြစ်လာရန် အခွင့်အရေးရှိလေပြီ။ အဆင့် ၁ ပါရမီမှာ ထိုမျှအထိကြောက်စရာကောင်းသည်။
နှစ်ပတ်ဆိုသောအချိန်မှာ လျင်မြန်စွာကုန်ဆုံးသွားပြီး နယ်မြေအသီးသီးမှထိပ်တန်းပညာရှင်များ နောက်တစ်ကြိမ်စုဝေးကြ၏။ ကျန်းချန်က သူ၏လက်ကိုဝှေ့ယမ်းကာ ဖေးရှန်ဂိုဏ်း၏တပည့်အားလုံးကို ထွက်လာစေသည်။
“ငါ့ရဲ့တပည့်တွေကိုတော့ လောလောဆယ် မင်းတို့လက်အောက်မှာထားမယ်”
သူသည် ဤနောက်ဆုံးသော တက်လှမ်းခြင်းတိုက်ပွဲများတွင် သူ့တပည့်များကို စစ်မှန်သောတိုက်ပွဲအတွေ့အကြုံများရစေချင်၏။
“ဒုတိယပွဲစဉ်မှာ နှစ်သောင်းကိုးထောင်ကိုးရာပဲ တိုက်လို့ရမယ်၊ ကျန်တဲ့နေရာတွေကိုတော့ မင်းတို့ ကြိုက်သလိုဖြည့်လိုက်ကြ”
နယ်မြေကြီးများမှာ လူစာရင်းကို အကြမ်းဖျင်းသတ်မှတ်ထားပြီးသားဖြစ်သည်။ မြင့်မြတ်အင်မော်တယ်ငါးဆယ်ကျော်မှာ အဓိကအင်အားစုအဖြစ်ပါဝင်ပြီး မိုချန်ကဦးဆောင်မည်။ ပါရမီမြှင့်တင်ပြီးနောက် အင်မော်တယ်မိုသည် လွန်ခဲ့သောရက်အနည်းငယ်အတွင်း ကောင်းကင်အင်မော်တယ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်။
သူ၏နယ်ပယ်မှာ မြင့်မြတ်အင်မော်တယ်များထက်နိမ့်သော်လည်း နတ်ဆိုးအရှင်သခင်ဟောင်းတစ်ဦး၏အရှိန်အဝါမှာ ပြင်းထန်လှသည့်အတွက် ဖယ်ထုတ်ထား၍မရနိုင်ချေ။ ပညာရှင်ငါးဆယ်ကျော်ထဲတွင် သူတစ်ဦးတည်းသာ ရွှေအင်မော်တယ်အဆင့် ၉ နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။
အခြားကောင်းကင်အင်မော်တယ် တစ်သောင်းနှစ်ထောင်မှာလည်း တိုက်ပွဲဝင်ကြမည်။ တက်လှမ်းခြင်းတိုက်ပွဲများသည် စွမ်းအားအစစ်အမှန်ကိုသာအလေးထားပြီး အလစ်အငိုက်တိုက်ခိုက်ခြင်းမရှိ။ ကျန်သောနေရာများကိုမူ အစစ်အမှန်အင်မော်တယ်များဖြင့်သာ ဖြည့်စွက်ထားသည်။
တင့်ထျန်းမြို့၏ အပေါ်ယံကျင့်ကြံမှုမှာမမြင့်မားသော်လည်း စုစုပေါင်းအင်အားမှာ အလွန်ကြီးမား၏။ ကျန်းချန်မပါလျှင်ပင် ထိပ်ဆုံးဆယ်မြို့စာရင်းထဲဝင်ရန် ဖြစ်နိုင်ချေရှိသည်။
မြင့်မြတ်အင်မော်တယ်နှင့် ကောင်းကင်အင်မော်တယ်များကို ရွေးချယ်ရန်လွယ်ကူသော်လည်း အစစ်အမှန်အင်မော်တယ်များကိုရွေးချယ်ရန် မလွယ်ကူပေ။ ပညာရှင် တစ်သိန်းနှစ်သောင်းထဲတွင် တက်လှမ်းရန်ကျန်ရှိနေသူ တစ်ထောင်ကျော်သာရှိသော်လည်း နေရာအကန့်အသတ်ရှိနေသဖြင့် မည်သူတိုက်ခိုက်မည်နည်းဆိုသည်ကို ငြင်းခုံနေကြတော့သည်။
ထင်ပေါ်ချင်သည့်အပြင် ကျန်းချန်၏ကတိစကားကြောင့်လည်း ပို၍အားတက်နေကြ၏။ ဤတိုက်ပွဲမှရလာမည့်ပစ္စည်းများကို ရင်းနှီးမြှုပ်နှံသူဖြစ်သည့် ဂိုဏ်းချုပ်ကျန်းကယူမည်ဖြစ်သော်လည်း ရရှိလာသည့်မည်သည့်အင်မော်တယ်လက်နက်ကိုမဆို တိုက်ခိုက်သူများကပိုင်ဆိုင်ရမည်။ ဤအခွင့်အရေးကို မည်သို့လက်လွှတ်ခံမည်နည်း။ သူတို့ထဲမှ ၉၉ ရာခိုင်နှုန်းမှာ အင်မော်တယ်လက်နက်တစ်ခုပင် မပိုင်ဆိုင်ကြပေ။
အစစ်အမှန်အင်မော်တယ်များကို ရွေးချယ်ရန်တာဝန်မှာ ဟာနယ်မြေမှစစ်သူကြီးများအပေါ်သို့ ကျရောက်လာသဖြင့် သူတို့မှာခေါင်းခဲနေကြ၏။
“ငါတို့ ဟာနယ်မြေက လူတိုင်းပါရမယ်... ငါတို့နေရာကိုလုဖို့ မစဉ်းစားနဲ့”
“ငါတို့မိစ္ဆာနယ်မြေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကိုသံသယရှိရင် တိုက်ပွဲနဲ့ပဲဆုံးဖြတ်ကြတာပေါ့”
“ပထမဆုံးတိုက်ပွဲမှာ အနိုင်ရဖို့အရေးကြီးတယ်၊ ငါတို့ဓားကျင့်ကြံသူတွေက စိန်ခေါ်မှုတွေအတွက် အသက်ရှင်နေတာ”
“ငါတို့အရိုးနယ်မြေက အစစ်အမှန်အင်မော်တယ်တွေရဲ့အရိုးတွေက မြင့်မြတ်အင်မော်တယ်တွေလိုပဲ မာကျောတယ်။ ငါတို့ကိုမရွေးရင် မင်းတို့မျက်စိကန်းနေတာပဲ”
“တိုက်ကြစမ်းပါ၊ ဘယ်သူကအစွမ်းထက်ဆုံး အစစ်အမှန်အင်မော်တယ်လဲဆိုတာ ငါပြပေးမယ်”
ခန်းမတစ်ခုလုံး အော်ဟစ်သံများဖြင့် ဆူညံသွားပြီး တိုက်ပွဲဖြစ်တော့မလိုပင်။ ကျန်းချန်မှာ စိတ်ပျက်သွားရသည်။
ဪ... မင်းတို့ကလည်း ဒီလောက်တောင် စိတ်အားထက်သန်နေကြတာလား...
မင်းတို့ ဘယ်လောက်တော်ကြောင်းကို ဇွတ်အတင်းပြချင်နေကြတာလား...
နောက်ဆုံးတွင် ဝါရင့်စီနီယာများဖြစ်သော ကွေ့ချန်း၊ ထိုက်ချန်းနှင့် အခြားသူများက ကြားဝင်စေ့စပ်ပေးလိုက်ပြီး ဝါရင့် မိုချန်က ဒိုင်အဖြစ်ဆောင်ရွက်ပေး၏။ နောက်ဆုံးတွင် အဖွဲ့လိုက်လုပ်ဆောင်မှုနှင့် ဟန်ချက်ညီမှုကိုအခြေခံကာ အစစ်အမှန်အင်မော်တယ်လူစာရင်းကို သတ်မှတ်နိုင်ခဲ့သည်။
ရွေးချယ်ခံရသူများမှာ အလွန်ဝမ်းသာနေကြ၏။ သူတို့ကို ကျန်းချန်က အသက်ပြန်ရှင်အောင်လုပ်ပေးနိုင်သည်ကို မသိကြသေးသဖြင့် သူတို့က အသက်နှင့်ရင်း၍ရင်ဆိုင်ကြရမည်ဟု တွေးထားကြသည်။
ယခုတစ်ကြိမ်တွင်မူ သူတို့တွင် တိုက်ခိုက်နိုင်စွမ်းရှိနေပြီဖြစ်ရာ ဤအခြေအနေအောက်တွင် တိုက်ခိုက်ရန်ကြောက်ရွံ့နေသူမည်သူမျှ နယ်မြေတစ်ခု၏ထိပ်သီးပညာရှင်မဖြစ်လာနိုင်ချေ။ ရွေးချယ်မခံရသူများမှာမူ ရင်ဘတ်ထုကာ နောက်တစ်ပွဲတွင် အလှည့်ကျပေးရန် တောင်းဆိုနေကြတော့သည်။
လူတိုင်း အဆင့်တက်စင်မြင့်တွင် စုဝေးလိုက်ကြ၏။ ကျန်းချန်သည် စိန်ခေါ်မှုများကို အကြိမ်ကြိမ်လုပ်ဆောင်ခဲ့သဖြင့် ရိုးနေပြီဖြစ်သော်လည်း ဟန်ထုတ်နေဆဲ။ သူသည် ရှေ့သို့တက်လှမ်းကာ အနှစ်သာရမရှိသောစကားအချို့ကို ပြောလိုက်သည်။
မတတ်နိုင်ပေ၊ လူအများ၏အာရုံစိုက်ခံရခြင်းက သူ၏ဟန်ထုတ်ချင်စိတ်ကို နှိုးဆွနေ၏။ ထို့နောက် မြို့တစ်ခုလုံး၏ စောင့်ကြည့်မှုအောက်တွင် သူသည် ကျောက်စိမ်းပေတံကိုမြှောက်ကာ တက်လှမ်းခြင်းစာရင်းကို ခေါ်ယူလိုက်သည်။
ယခုအချိန်အထိ သူမည်သည့်မြို့အားစိန်ခေါ်မည်ကို မည်သူမျှမသိကြသေးချေ။ အစ်ကိုကြီးချန်သည် တွန့်ဆုတ်မနေဘဲ ရန်သူဟောင်းဖြစ်သော မီးအိမ်နှစ်ခုမြို့ကို ရွေးချယ်လိုက်သည်။ ပြီးခဲ့သည့်အကြိမ်က သူတို့၏မြို့စားမင်းကို သတ်နိုင်ခဲ့သော်လည်း သူတို့သည် သူ၏အနိုင်ရရှိမှုနှုန်းကို ကျဆင်းအောင်လုပ်ခဲ့သဖြင့် တေးမှတ်ထားခဲ့၏။
တောက်ပသောအလင်းတန်းတစ်ခုပေါ်လာပြီးနောက် အဆင့်တက်စင်မြင့် ပျောက်ကွယ်သွားတော့သည်။ ပြန်ပေါ်လာချိန်တွင်မူ သူတို့သည် စိန်ခေါ်မှုနယ်မြေထဲသို့ ရောက်ရှိနေလေပြီ။ မီးအိမ်နှစ်ခုမြို့ဘက်မှ လူများမှာ မှင်သက်သွားကြသည်။
သူတို့၏မြို့စားမင်းသေဆုံးပြီးနောက် မြို့စားမင်းအသစ်ကို ချက်ချင်းခန့်အပ်ခဲ့ကြပြီး တစ်နှစ်အကြာတွင် တင့်ထျန်းမြို့ကို ပြန်လည်စိန်ခေါ်ရန်ကြိုးစားခဲ့သော်လည်း နေရာမရခဲ့ပေ။ သူတို့သည် တစ်နှစ်ပြီးတစ်နှစ် တင့်ထျန်းမြို့ကို အနိုင်ရဖူးသော တစ်ခုတည်းသောမြို့ဟူသောဘွဲ့ထူးကိုအသုံးပြုကာ ပညာရှင်များစွာကိုစည်းရုံးခဲ့ပြီး အဆင့် ၁၀ နေရာအထိ တိုက်ခိုက်လာနိုင်ခဲ့ကြသည်။
“ကျန်းချန်... မင်း ငါတို့ကိုစိန်ခေါ်ရဲတယ်ပေါ့”
“ပြီးခဲ့တဲ့အကြိမ်က မင်းငါတို့ကိုရှုံးခဲ့တာ မမေ့နဲ့ဦး”
တင့်ထျန်းမြို့တွင် ကျန်းချန်တစ်ဦးတည်းသာ တိုက်ခိုက်နိုင်သည်ကို လူတိုင်းသိ၏။ မည်သူမျှ သူတို့ကို စိန်မခေါ်ရဲခြင်းမှာ မည်သည့်ပွဲစဉ်တွင်မဆို ကျန်းချန်နှင့်တွေ့ရမည်ကို မလိုလားသောကြောင့်ပင်။ ကျန်းချန်နှင့်တွေ့လျှင် ထွက်ပြေးရန်အခွင့်အရေးမရှိ။ ထိုသို့သောဆုံးရှုံးမှုမှာ ကြီးမားလွန်း၏။ သို့သော် တကယ့်တိုက်ပွဲဖြစ်လာလျှင်မူ မီးအိမ်နှစ်ခုမြို့သည် သူတို့အနိုင်ရလိမ့်မည်ဟု ယုံကြည်နေကြသည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ အခြေအနေမှာကွဲပြားနေသည်။ အမြဲတမ်း လူတစ်ဦးတည်းဖြင့်သာ ကိုယ်စားပြုလေ့ရှိသော တင့်ထျန်းမြို့သည် ယခုအခါ စစ်သည်ပေါင်းသုံးသောင်းဖြင့် ထွက်ပေါ်လာခဲ့လေပြီ။