← Chapters

အသည်းတုန်အောင်ကြောက်ရွံ့ခြင်း

Vol. 25 Ch. 242

အသည်းတုန်အောင်ကြောက်ရွံ့ခြင်း

Vol. 25 Ch. 242

ယခုအခါ ကျန်းချန်သည် မြင့်မြတ်အင်မော်တယ်အဆင့် ၁ ဖြစ်နေပြီး ပင်မစည်းမျဉ်း ၉၉၂ ခုဖြင့် ဖွဲ့စည်းထားသော တာအိုနှလုံးသား၊ အင်မော်တယ်ဘုရင်အဆင့်ရှိသော ဓာတ်ကြီးငါးပါးသိုင်းတာအိုတို့ ပေါင်းစပ်လိုက်သောအခါ သူ၏ပုံမှန်တိုက်ခိုက်ရေးစွမ်းအားမှာပင် ရွှေအင်မော်တယ်အဆင့်ကို ကျော်လွန်နေပြီဖြစ်သည်။

ထို့အပြင် မိုးပြာနဂါးသွေးအဆီအနှစ်၊ သူရဲကောင်းဝိညာဉ်များစွာနှင့် အင်မော်တယ်သတ်လှံ၏အစွမ်းများ ပေါင်းထည့်လိုက်ပါက...

“ကျန်းချန်... သေချာစဉ်းစားစမ်း။ မင်းဒီတိုက်ပွဲမှာ ငါတို့ထဲကတချို့ကိုသတ်နိုင်ရင်တောင် မင်းကိုယ်တိုင်လည်း သေချာပေါက် အသက်ရှင်မှာမဟုတ်ဘူး”

မျက်နှာချင်းဆိုင်မှ ချီယွဲ့မြို့စားမင်းက စိတ်ဓာတ်စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်နေဆဲ။

သူတို့က ဤပွဲတွင် လူအင်အားအသာစီးရထားသည်။ သူတို့သည် မနိုင်မည်ကိုမစိုးရိမ်ဘဲ မည်သို့အနိုင်ရမည်ကိုသာ အာရုံစိုက်နေကြ၏။

လူတစ်ယောက်သေခြင်းနှင့် လူတစ်သောင်းသေခြင်းမှာ မတူညီချေ။ ရှေ့တစ်မျိုးမှာ အရေးမကြီးသော်လည်း နောက်တစ်မျိုးမှာမူ ချီယွဲ့မြို့ကိုချက်ချင်းပြိုလဲသွားစေပြီး နောင်နှစ်ပေါင်းများစွာအထိ ပြန်လည်မထူထောင်နိုင်အောင်ဖြစ်သွားစေနိုင်သည်။

“မင်းဒီပွဲကိုရှုံးမှာသေချာနေတာပဲ၊ ဘာလို့ မင်းရဲ့အသက်နဲ့ လာပြီးနောက်ပြောင်နေတာလဲ”

“ငါအကြံပေးချင်တာကတော့ အခုပဲဆုတ်ခွာလိုက်ပါ၊ အနည်းဆုံးတော့ မင်းအသက်ရှင်ခွင့်ရဦးမှာပေါ့”

သူတို့သည် တိုက်စရာမလိုဘဲအနိုင်ရရန် အသည်းအသန်မျှော်လင့်နေကြသည်။ ထိုသို့ဆိုလျှင် မည်သည့်ပေးဆပ်မှုမျှ လုပ်ရန်မလိုတော့ချေ။

ကံမကောင်းစွာဖြင့် ဂိုဏ်းချုပ်ကျန်းမှာ သူ၏လမ်းစဉ်အတိုင်းသာဆက်သွားမည့်သူဖြစ်သည်။ တစ်စုံတစ်ယောက်က သူ၏နှာခေါင်းကိုလက်ညှိုးထိုးပြီး သူ့ကိုအကြိမ်ကြိမ်ကစားချင်သည်ဟု ပြောလာခြင်းမှာ ပထမဆုံးပင်။ ဤအကြွေးကို ဘယ်လိုလုပ် မဆပ်ဘဲနေမည်နည်း။

ထို့ကြောင့် သူ၏ဓားကိုလွှဲယမ်းလိုက်တော့သည်။

ထိုဓားချက်နှင့်အတူ စိန်ခေါ်မှုစစ်တလင်းတစ်ခုလုံး ပြင်းထန်စွာတုန်ခါသွား၏။ မူလမြင်ကွင်းမှာ ချက်ချင်းပင်ပျက်စီးသွားပြီး အဆုံးမရှိသောပေါက်ကွဲသံများ နားကွဲမတတ်မြည်ဟီးလာသည်။ ဟင်းလင်းပြင်ကြီးမှာ လှိုင်းများကဲ့သို့တွန့်လိမ်သွားပြီး ဗလာနယ်မြေအတွင်း၌ အရာအားလုံးကိုတိုက်စားသွားသော ဧရာမဓားကြီးတစ်လက်ကိုသာမြင်တွေ့ရလေ၏။

တောင်တန်းများ၊ မြစ်ချောင်းများ သို့မဟုတ် သက်ရှိများ မည်သည့်အရာဖြစ်စေ... ထိုတစ်ချက်တည်းသော တိုက်ခိုက်မှုအောက်တွင် ချက်ချင်းအမှုန့်ဖြစ်သွားသည်။ မည်သည့်ခုခံမှုမျှမရှိသကဲ့သို့ တန်ပြန်တိုက်ခိုက်မှုလည်းမရှိ၊ တွေးရန်ပင် အချိန်မရလိုက်ပေ။

ဝုန်း

အောက်အင်မော်တယ်လောကရှိ မရေမတွက်နိုင်သော အင်မော်တယ်မြို့သားများသည် တက်လှမ်းခြင်းစာရင်းကြီး အဆက်မပြတ်တုန်ခါနေသည်ကို မြင်တွေ့လိုက်ရသည်။

“ဘာဖြစ်တာလဲ”

“ဘာတွေဖြစ်နေတာလဲ”

“တက်လှမ်းခြင်းစစ်ပွဲမှာ တစ်ခုခုမှားယွင်းသွားတာလား”

“ချီယွဲ့မြို့က တင့်ထျန်းမြို့ကို စိန်ခေါ်နေတာမဟုတ်ဘူးလား”

ဤတိုက်ခိုက်မှုသည် အောက်အင်မော်တယ်လောက၏ သတ်မှတ်ထားသောကန့်သတ်ချက်များကို ကျော်လွန်သွားသောကြောင့်ဖြစ်နိုင်သည်၊ စိန်ခေါ်မှုစစ်တလင်းမှာ အတော်ကြာအောင်တုန်ခါနေပြီးမှ ဖြည်းညှင်းစွာ ပြန်လည်ငြိမ်သက်သွား၏။

ဂိုဏ်းချုပ်ကျန်းမှာမူ များများစားစားစဉ်းစားမနေဘဲ ကြမ်းပြင်ပေါ်တွင်ပြန့်ကျဲနေသော နိုင်ပွဲရပစ္စည်းများကို လျင်မြန်စွာစုဆောင်းလိုက်သည်။ ယခုတစ်ကြိမ်တိုက်ခိုက်မှုက အလွန်ပြင်းထန်သဖြင့် ပစ္စည်းအများအပြားမှာ နေရာတင်ပျက်စီးသွား၏။ ကံကောင်းစွာဖြင့် ကျန်ရှိနေသောပစ္စည်းများမှာ အလွန်များပြားလှသဖြင့် ယခင်ကတစ်ဦးချင်းတိုက်ပွဲများထက် အဆများစွာပို၍တွက်ခြေကိုက်သည်။

“တွေ့လား... ဒါကမှ တကယ့်တိုက်ပွဲဝင်တဲ့ပုံစံပဲ”

“ဘာကြောင့် စကားအပိုတွေအများကြီးပြောနေမလဲ”

သူ့နောက်ကွယ်တွင် မျက်စိသုံးလုံးကျားမှာ မှင်သက်နေတော့သည်။ ယခင်ကရှိခဲ့သည့်လူများမှာ အစွမ်းထက်ပညာရှင် ၂၉,၉၉၉ ယောက်ဖြစ်၏၊ ဝက်အကောင် ၃၀,၀၀၀ မဟုတ်။ ထိုသူများထဲတွင် ရွှေအင်မော်တယ် အထွတ်အထိတ် ၇ ယောက်၊ မြင့်မြတ်အင်မော်တယ် ရာပေါင်းများစွာနှင့် ကျန်သူအားလုံးမှာ ကောင်းကင်အင်မော်တယ်များဖြစ်သည်။ တစ်ချက်တည်းနှင့် အကုန်သေကုန်၏။ မဟုတ်သေး... အမှုန့်ဖြစ်ကုန်ကြသည်။ ဒါက နည်းနည်းတော့ချဲ့ကားလွန်းရာရောက်သည်ထင်၏။

“အစ်ကိုကြီး... အစ်ကိုကြီးက ဘယ်လောက်တောင်အစွမ်းထက်တာလဲ။ အစ်ကိုကြီး အရင်တုန်းက အင်မော်တယ်တစ်ယောက်ဖြစ်ခဲ့တာလား”

ကျန်းချန်ဝိညာဉ်ခွဲထုတ်ခြင်းနယ်ပယ်ကတည်းက မြင်တွေ့ခဲ့ရသူတစ်ဦးအနေဖြင့် ယခုအခါ သူ၏ယုံကြည်ချက်များ စတင်ယိုင်နဲ့လာတော့သည်။

“မဟုတ်လို့ ဘာဖြစ်ရဦးမှာလဲ”

“ငါအကြိမ်ကြိမ်ပြောပြီးပြီပဲ၊ မင်းက အခုထိမယုံသေးဘူးလား”

ဂိုဏ်းချုပ်ကျန်းက ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်ပြီးနောက် တစ်ဖက်တွင်ကျန်ရှိနေသည့် တစ်ဦးတည်းသောအသက်ရှင်ကျန်ရစ်သူ သူတော်စင်အဆင့်ကျင့်ကြံသူကို လက်ပြလိုက်လေ၏။

“ညီလေး... နှမြောစရာပဲကွာ၊ ငါမင်းတို့ချီယွဲ့မြို့နဲ့ နောက်ထပ်အကြိမ်အနည်းငယ်လောက် ထပ်ပြီးမကစားနိုင်တော့ဘူး”

ထိုသူတော်စင်အဆင့် ကျင့်ကြံသူမှာမူ လုံးဝကိုကြောင်အသွား၏။ အရာအားလုံးက သူနားလည်နိုင်သည်ထက်ပိုမြန်အောင် ပြောင်းလဲသွားသဖြင့် သူသည် ထိတ်လန့်တုန်လှုပ်နေသောအခြေအနေတွင်သာ ရှိနေသေးသည်။

ပထမနှစ်ပွဲကိုအနိုင်ရရှိသွားသဖြင့် တတိယပွဲ တိုက်ခိုက်ရန်မလိုတော့ချေ။ တင့်ထျန်းမြို့ကို အနိုင်ရရှိသူအဖြစ် ကြေညာလိုက်တော့သည်။

ထိုအချိန်တွင် အောက်အင်မော်တယ်လောကရှိ မရေမတွက်နိုင်သော အင်မော်တယ်မြို့သားများသည် စိန်ခေါ်မှုပွဲစဉ်ပြီးဆုံးမည်ကို အသည်းအသန်စောင့်ဆိုင်းနေကြပြီး ရလဒ်ကို ကြိုတင်ခန့်မှန်းထားကြသော်လည်း လူတိုင်းက ထိုအခိုက်အတန့်ကို မျက်မြင်ကိုယ်တွေ့ ကြည့်ချင်နေကြဆဲပင်။

“ချီယွဲ့မြို့ကတော့ ဒီတစ်ခါ တကယ်အမြတ်ထွက်သွားတာပဲ”

“သူတို့မြို့စားမင်းကို ယဇ်ပူဇော်လိုက်သလားတော့မသိဘူး”

“သေချာပေါက် မလုပ်လောက်ပါဘူး။ ငါတို့တောင် အစားထိုးဖို့စဉ်းစားနိုင်ရင် သူတို့လည်းစဉ်းစားနိုင်မှာပေါ့”

“ဟင်း... နောက်ထပ်တစ်နှစ်လောက် ထပ်စောင့်ရဦးမှာပေါ့”

ငွေခေါင်းလောင်းမြို့နှင့် မီးအိမ်နှစ်ခုမြို့တော်မှ အထက်လူကြီးများမှာ နောင်တရနေကြဆဲ။

“သူတို့ထွက်လာကြပြီ”

“တိုက်ပွဲက ဒီလောက်တောင်မြန်တာလား”

တက်လှမ်းခြင်းစာရင်းကို စိုက်ကြည့်နေကြသည့် မရေမတွက်နိုင်သောကျင့်ကြံသူများသည် နောက်ဆုံးတွင် စာရင်းပြောင်းလဲမှုများကို မြင်တွေ့လိုက်ရသည်။

“တင့်ထျန်းမြို့... ၁၁၂ ပွဲနိုင်”

“ချီယွဲ့မြို့... ၁၁၆ ပွဲနိုင်”

လူတိုင်းမှာ ခေတ္တမျှမှင်သက်သွားကြပြီးနောက်တွင် တစ်လောကလုံးဆူညံသွားတော့သည်။ ဤရလဒ်မှာ အစောပိုင်းကခန့်မှန်းထားချက်နှင့် လုံးဝဆန့်ကျင်ဖက်ပင်။

“ဒါဘယ်လိုဖြစ်နိုင်မှာလဲ”

“တင့်ထျန်းမြို့က နိုင်သွားတာလား”

“တင့်ထျန်းမြို့က ဘယ်လိုလုပ်နိုင်မှာလဲ။ သူတို့က အားနည်းချက်ဖော်ထုတ်ခံလိုက်ရလို့ လွယ်ကူတဲ့သားကောင်ဖြစ်သွားပြီ မဟုတ်ဘူးလား”

“မဖြစ်နိုင်တာ...”

“ဘာကမဖြစ်နိုင်တာလဲ။ တင့်ထျန်းမြို့ရဲ့အနှစ်သာရက ပြန်ကောင်းသွားရင်ကော”

“ဒီလိုကြည့်မယ်ဆိုရင် ချီယွဲ့မြို့က သူတို့ဘာသာသူတို့ သေတွင်းထဲသွားတာပဲပေါ့”

“နေဦး... အဲဒါလည်းမဟုတ်သေးဘူး”

လူအုပ်ထဲမှ မျက်စိလျှင်သူတစ်ဦးက အသေးစိတ်အချက်တစ်ခုကို သတိပြုမိသွားသည်။

“စာရင်းပေါ်က ချီယွဲ့မြို့ကိုကြည့်လိုက်ဦး၊ သူတို့က အောက်ဆုံးကိုကျမသွားဘူး။ အဲဒါက သူတို့ရဲ့အဆင့်တက်စင်မြင့်က အခုထိရှိနေသေးတယ်လို့ဆိုလိုတာပဲ”

အကယ်၍ အနှစ်သာရဝါးမြိုခံလိုက်ရပြီး အဆင့်တက်စင်မြင့်ပြိုလဲသွားပါက အနိုင်ရရှိမှုအားလုံး သုညဖြစ်သွားမည်။ ယခုချီယွဲ့မြို့မှာ အနိုင်ရရှိမှု ၁၁၇ မှ ၁၁၆ သို့သာ ကျဆင်းသွားသဖြင့် သူတို့၏အနှစ်သာရမှာ ဝါးမြိုခံရခြင်းမရှိသေးကြောင်း ထင်ရှားနေသည်။

“ဘာတွေဖြစ်ခဲ့တာလဲ”

လူပေါင်းများစွာက သိချင်စိတ်ပြင်းပြနေကြ၏။ မေးမြန်းစုံစမ်းသူများပြားလှသဖြင့် ထိုတိုက်ပွဲ၏ရလဒ်မှာ မကြာမီပြန့်နှံ့သွားတော့သည်။ အသက်ရှင်ကျန်ရစ်သူတစ်ဦး ရှိနေသည်မဟုတ်ပါလား။

ချီယွဲ့မြို့မှာ မြို့စားမင်းမှအစ အောက်ခြေအထိ အကုန်လုံးအသုတ်သင်ခံလိုက်ရသည်...

ထို့အပြင် ပြိုင်ဘက်ကျန်းချန်က တိုက်ခိုက်မှုတစ်ခုတည်းသာ အသုံးပြုခဲ့သည်။ တက်လှမ်းခြင်းစစ်ပွဲကို အကြိမ်ပေါင်းများစွာကျင်းပခဲ့ပြီး တိုက်ပွဲပေါင်းများစွာရှိခဲ့ပြီး အသေအပျောက်များပြားသည်မှာမဆန်းသော်လည်း တစ်မြို့လုံးအမြစ်ပြတ်သုတ်သင်ခံရခြင်းက... ပထမဆုံးအကြိမ်ဖြစ်ပုံရသည်။

သူသည် အလွန်တုန်လှုပ်ဖွယ်ရာကောင်း၏။ သတင်းထွက်လာသည်နှင့်တစ်ပြိုင်နက် အောက်အင်မော်တယ်လောကတစ်ခုလုံးရှိ ကျင့်ကြံသူများ အကြီးအကျယ်တုန်လှုပ်သွားတော့သည်။

အထူးသဖြင့် ကံထူးလုနီးပါးဖြစ်ခဲ့သော ငွေခေါင်းလောင်းမြို့နှင့် မီးအိမ်နှစ်ခုမြို့တော်တို့မှာ ချွေးစေးများပင်ထွက်လာကြ၏။ နည်းနည်းလေး၊ နည်းနည်းလေးသာ လွဲသွားပါက တစ်မြို့လုံးအမြစ်ပြတ်သုတ်သင်ခံရမည့်အလှည့်မှာ သူတို့အလှည့်ဖြစ်သွားပေလိမ့်မည်။ ထိုအကြောင်းကိုတွေးမိရုံနှင့်ပင် သူတို့မှာ အလိုအလျောက်တုန်ဆင်းသွားတော့သည်။

ဤတိုက်ပွဲပြီးနောက်တွင်မူ မည်သူမျှ တင့်ထျန်းမြို့ကိုစိန်မခေါ်ရဲတော့။ ဤမျှကြီးမားသောဆုံးရှုံးမှုကို မည်သူကခံနိုင်ပါ့မည်နည်း။

တင့်ထျန်းမြို့ဘက်တွင်မူ အောင်ပွဲခံ‌နေကြသည်။ လူတိုင်းက မြို့စားမင်းမှာ အင်အားကုန်ဆုံးနေပြီဟု ထင်ထားကြ၏။ လွန်ခဲ့သောတစ်နှစ်က သူတစ်ကြိမ်ရှုံးနိမ့်ခဲ့သည်မဟုတ်ပါလား။ လွန်ခဲ့သောတစ်နှစ်အတွင်း အင်မော်တယ်မြို့သားအများအပြားမှာ ထိပ်ဆုံးဆယ်မြို့စာရင်းမဝင်မည်ကို စိုးရိမ်နေခဲ့ကြသော်လည်း ယခုအဆင့်ခုနစ်ရှိမြို့ကို အနိုင်ယူလိုက်သောအခါ လူတိုင်းမှာ ယုံကြည်မှုများပြန်လည်ရရှိသွားကြတော့သည်။

“မြို့စားမင်းကျန်းက တကယ်ကိုအားကိုးရတာပဲ”

“ဒါပေါ့... သူက ငါတို့အားလုံးကို တစ်ယောက်တည်းထမ်းတင်ပေးနေတာလေ။ ကြီးကျယ်ခမ်းနားတဲ့ တက်လှမ်းခြင်းစစ်ပွဲကြီးကို သူတစ်ယောက်တည်းရဲ့ သရုပ်ဆောင်စင်မြင့်ကြီးဖြစ်အောင်လုပ်နိုင်တာ သူမှတစ်ပါးအခြားမရှိ”

“ဟားဟား... ဒီလိုအစွမ်းထက်တဲ့မြို့စားမင်းရှိတာ ငါတို့တကယ်ကံကောင်းတာပဲ”

“ဟုတ်ပ... နောက်ကိုးနှစ်နေရင် ငါတို့ သူနဲ့အတူ အလယ်အင်မော်တယ်လောကကို တက်လှမ်းနိုင်တော့မယ်”

“ငါတို့အဆင့်တက်သည်ဖြစ်စေ မတက်သည်ဖြစ်စေ အရေးမကြီးတော့ပါဘူး။ ငါတို့အင်မော်တယ်မြို့က အခုဆိုရင် ပြိုင်ဖက်ကင်းဖြစ်နေပြီ၊ အလယ်အင်မော်တယ်လောကက မြို့တွေအားလုံးကိုတောင်ဖိနှိပ်ထားနိုင်ပြီ”

“ဟားဟားဟား... မှန်တယ်”

ဂိုဏ်းချုပ်ကျန်းမှာလည်း အလွန်ပျော်ရွှင်နေသည်.. ယခုတစ်ကြိမ်ရိတ်သိမ်းမှုမှာ အလွန်ကြီးမားသောကြောင့်ပင်။ အရာအားလုံးကို သေချာစွာရေတွက်ပြီး အမှတ်များအဖြစ် ပြောင်းလဲလိုက်သောအခါ စုစုပေါင်း ၈၀၀ ဘီလီယံရရှိခဲ့သည်။

အဆင့် ၈ ကံစမ်းမဲ အကြိမ် ၈၀ ထပ်ဆွဲလိုက်ပြီးနောက် သူ၏ပင်မစည်းမျဉ်း ၂၂၀ မှာ ကျွမ်းကျင်အဆင့်ရောက်ရှိသွား၏။ သူ၏လက်ရှိတာအိုနှလုံးသားနှင့်ဆိုလျှင် ၁၀ ဆတိုက်ခိုက်မှုကို အသုံးမပြုဘဲနှင့်ပင် မည်သည့်ရွှေအင်မော်တယ်ကိုမဆို ချေမှုန်းနိုင်လေပြီ။ အင်မော်တယ်အရှင်မြတ်တစ်ဦးနှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်လောက်သည်။

နောက်ထပ် ထိုက်ရွှီအင်မော်တယ်ကျက်သရေတစ်ခုက သူ၏အစွန်းရောက်လေးပါးသိုင်းတာအိုကိုလည်း အင်မော်တယ်ဘုရင်အဆင့်သို့ မြှင့်တင်ပေးလိုက်၏။ ကံမကောင်းစွာဖြင့် သူ၏နယ်ပယ်ကိုမြှင့်တင်ရန်လိုအပ်သော အင်မော်တယ်ချီမှာ ယခုအခါ အလွန့်အလွန်များပြားလှသည့်အတွက် ကံစမ်းမဲများစွာနှင့် ဆေးလုံးများစွာရှိသော်လည်း သူသည် မြင့်မြတ်အင်မော်တယ်အဆင့် ၁ မှ အဆင့် ၃ သို့သာ တက်လှမ်းနိုင်ခဲ့သည်။

သူ၏တိုက်ခိုက်ရေးစွမ်းအား တစ်ဆင့်ပြီးတစ်ဆင့်တိုးတက်လာသဖြင့် ဂိုဏ်းချုပ်ကျန်းမှာ အနည်းငယ်ဟာတာတာဖြစ်လာသည်။ သူမသေရသည်မှာ အတော်ကြာပြီဖြစ်ကြောင်း သတိပြုမိသွား၏။

သူတကယ်ပင် ကျင့်သားမရတော့ချေ။ သူ၏လက်ရှိအစွမ်းနှင့်ဆိုလျှင် အောက်အင်မော်တယ်လောက၌ သူ့ကိုသတ်နိုင်မည့်သူမရှိတော့...

All Chapters