← Chapters

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

​​အခန်း (၁၆၇) - နတ်ဆရာကြီးလေးပါး အနက် အကြီးအကဲ

​အရပ်သားများကြားတွင် သူတို့ကို သတ္တမမြောက်အဘိုး၊ အဋ္ဌမမြောက်အဘိုး ဟုလည်း ခေါ်ကြသည်။

​ပိုင်ဝူချန်း ရဲ့အမည်မှာ ရှဲ့ပိအန်း ဖြစ်ပြီး၊ ဟေးဝူချန်း ရဲ့အမည်မှာ ဖန့်ဝူကျိ ဖြစ်သည်။

၎င်းတို့မှာ လူသိများထင်ရှားလှသော ဒဏ္ဍာရီလာ ပုံရိပ်များပင်။

​ထိုအချက်တွင် ချန်နိုင်ငံ၏ ဒဏ္ဍာရီပုံပြင်များနှင့် အရပ်သားစကားပြောများသည် လီယန်ချူသိထားသည်နှင့် အတော်ပင် ဆင်တူလှသည်။

​သို့သော် မျက်စိရှေ့ရှိ ထိုဟေးဝူချန်းမှာ ငရဲပြည်မှ ဝိညာဉ်နှုတ်တမန်တော် ဖန့်ဝူကျိ အစစ်အမှန် မဟုတ်ဘဲ ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်ခန္ဓာ ပင် ဖြစ်သည်။

​ဤအရာသည် ထူးခြားသော ဝိညာဉ်ခန္ဓာကျင့်စဉ်တစ်မျိုးနှင့် သက်ဆိုင်နေသည်။

​အာရုံပြုကျင့်စဉ်

ဒုတိယအဆင့်သို့ ရောက်ရှိပါက အာရုံပြုခြင်းကို စတင်ကြိုးစားနိုင်သည်။

ဗုဒ္ဓဘာသာ၊ တာအိုဘာသာနှင့် ဂိုဏ်းအသီးသီး၏ အာရုံပြုကျင့်စဉ်များမှာ တစ်ခုနှင့်တစ်ခု မတူညီကြပေ။

​အချို့က ကောင်းကင်ဘုံမှ နတ်ဒေဝါများကို အာရုံပြုကြသည်၊ အချို့က ရဟန္တာများ၊ ဗုဒ္ဓ များ သို့မဟုတ် ဒဏ္ဍာရီလာ ထူးဆန်းသော သတ္တဝါများကို အာရုံပြုကြသည်။

အမျိုးမျိုး ကွဲပြားကြ၏။

​အချို့ဆိုလျှင် အသုံးအဆောင်ပစ္စည်းများကိုပင် အာရုံပြုကြသေးသည်။

"နည်းလမ်းပေါင်းသောင်းခြောက်ထောင်သည် အခြေခံတစ်ခုတည်းသို့သာ ပြန်သွားသည်"

ဟူသော စကားအတိုင်း၊ အာရုံပြုကျင့်စဉ်တွင် အကန့်အသတ်ဟူ၍ အတိအကျမရှိပေ။

ထို့ပြင် အာရုံပြုသည့်ပုံရိပ်မှာ ပို၍အဆင့်မြင့်လေလေ စွမ်းအားပိုကြီးလေလေဟု မဆိုလိုနိုင်ဘဲ​ကာယကံရှင်၏ နားလည်သဘောပေါက်မှုနှင့် ကျင့်ကြံမှုအဆင့်အပေါ်တွင်သာ မူတည်သည်။

​၎င်းမှာ ဝိညာဉ်ချင်း တိုက်ခိုက်သည့်အခါ အသုံးပြုသော အတတ်ပညာတစ်မျိုး ဖြစ်သည်။

​သာမန် ဂိုဏ်းငယ်လေးများတွင် ထိုကဲ့သို့သော အာရုံပြုကျင့်စဉ် အမွေအနှစ်များ မရှိကြပေ။

ထို့ကြောင့် ဝိညာဉ်ခန္ဓာချင်း တိုက်ခိုက်ရသည့်အခါ ရှုံးနိမ့်တတ်ကြပြီး

၎င်းမှာ သူတို့၏ အားနည်းချက် ဖြစ်လာတတ်သည်။

​အာရုံပြုကျင့်စဉ်ကို အောင်မြင်သွားပါက၊ ဝိညာဉ်ခန္ဓာချင်း တိုက်ခိုက်သည့်အခါ မိမိအာရုံပြုထားသည့် ပုံရိပ်အသွင်ဖြင့် ပေါ်ထွက်လာပြီး စွမ်းအား အလွန်ကြီးမားလှသည်။

ခန္ဓာကိုယ်ချင်း တိုက်ခိုက်သည့် စွမ်းအားထက်ပင် များစွာ သာလွန်တတ်သည်။

​ဝိညာဉ်ခန္ဓာ ကိုယ်ပွားထွက်ခြင်းဖြင့် ခန္ဓာကိုယ်ကြောင့် ပိတ်ပင်ထားသော အမြင်အာရုံများကို ရှင်းလင်းစွာ မြင်နိုင်သလို၊ တစ်ရက်တည်းဖြင့် ခရီးမိုင်ပေါင်း ထောင်ချီ၊ သောင်းချီ သွားလာနိုင်သည်။

​သို့သော် ဝိညာဉ်မှာ အလွန်ပင် ထိခိုက်လွယ်လှပြီး၊ လောက၏ သဘာဝဘေးအန္တရာယ်များ၏ တိုက်စားမှုကို ခံရလွယ်သည်။

ထိုဝိညာဉ်အာရုံပြုကျင့်စဉ်က ထိုအားနည်းချက်ကို ပြန်လည်ဖြည့်ဆည်းပေးခြင်း ဖြစ်သည်။

​လီယန်ချူသည် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း၊ မကြာမီပင် ဤလူနှစ်ဦး၏ အငွေ့အသက်ကို ခွဲခြားသိမြင်လိုက်သည်။

​၎င်းတို့မှာ သေချာပေါက် ကိုယ်ပွားထွက်လာသော ဝိညာဉ်ခန္ဓာများပင် ဒါဆိုရင်တော့ တိုက်လို့ရသေးတယ် အကယ်၍ ငရဲပြည်မှ နာမည်ကျော် ဟေးဝူချန်း အစစ်အမှန် သို့မဟုတ် စန်းဟိုင်ကျမ်းထဲတွင် မှတ်တမ်းတင်ထားသော ရှေးဦးထူးဆန်းသတ္တဝါ ပိဖန့် အစစ်အမှန်နှင့်သာ တွေ့ရမည်ဆိုပါက။

​လီယန်ချူအနေဖြင့် ချက်ချင်းပင် အိမ်ပြန်လှည့်ရပေလိမ့်မည်။

သူ မည်မျှပင် သန်မာပါစေ၊ ယခုအခါတွင် သွေးသားခန္ဓာကိုယ်ရှိသည့် လူသားမျှသာ ရှိသေးပြီး နတ်ဘုရားအဆင့်သို့ မရောက်သေးပေ။

​ကျင့်ကြံသူတစ်ဦးသာ ရှိသေးသည်။

ဤကဲ့သို့သော ကျော်ကြားလှသည့် ဝိညာဉ်နတ်ဘုရားများကို မည်သို့ ယှဉ်ပြိုင်နိုင်ပါမည်နည်း။

​သို့သော်လည်း။

​ဝိညာဉ်အာရုံပြုကျင့်စဉ်ကို ထိုအဆင့်ထိ ကျင့်ကြံနိုင်သည်ဆိုလျှင်၊ထို အံ့သြဖွယ် ကောင်းလှသော ဟေးဝူချန်းကြီး၏ ကျင့်ကြံမှုမှာ မည်မျှနက်ရှိုင်းကြောင်း ခန့်မှန်းနိုင်သည်။

​ပတ်ဝန်းကျင်ကို ဝန်းရံထားသော အမည်းရောင်မြူခိုးများထဲတွင် နာကျင်နေသော ဝိညာဉ်များ၏ ဟိန်းဟောက်သံများမှာ ရှုပ်ထွေးနေသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ကြောက်မက်ဖွယ်ကောင်းသော ထိတ်လန့်မှုထဲသို့ ကျရောက်သွားစေပြီး ဝမ်ချွမ်းမြစ် ရှိရာ ငရဲဘုံသို့ ရောက်နေသကဲ့သို့ပင်။

​ပတ်ဝန်းကျင်တွင် အေးစက်လှသော ယင်လေများ တိုက်ခိုက်နေပြီး၊ မငြိမ်မသက် လှိုင်းထန်နေသော ဝမ်ချွမ်းမြစ်ရေများ ရှိနေသည်။

ထိုဟေးဝူချန်း ပုံရိပ်ယောင်ကြီးမှာ မောက်မာစွာ ပြုံးလိုက်ပြီး

"ငါ လာတဲ့အချိန်က တကယ့်ကို ကွက်တိပဲ၊ ရတနာနယ်မြေက ပါးရှကျောက်ရုပ်ကြီး အသက်ဝင်လာပြီး ဒီတောင်ကြီးထဲကို ရောက်လာတာဆိုတော့၊ သေချာပေါက် ကံထူးမှုကြီးတစ်ခုက စောင့်ကြိုနေတာပဲ"

​"မိတ်ဆွေတို့၊ ငါတို့တွေ ခဏလောက် လက်တွဲပြီး ဒီပါးရှကျောက်ရုပ်ကို အရင်ဆုံး ဖမ်းယူကြရင် ဘယ်လိုလဲ "

​သူ၏ အသံမှာ မာကျောပြီး ကြမ်းတမ်းလှသည်။

မည်သည့်အရာကိုမျှ ဂရုမစိုက်သည့် ရန်လိုမှုများ ပြည့်နှက်နေသည်။

​လီယန်ချူသည် မည်သည့် အရိပ်အယောင်မျှ မပြဘဲ သူ့ကို စိုက်ကြည့်နေသည်။

​ဝိညာဉ်အာရုံပြုကျင့်စဉ်သည် တစ်ဖက်လူ၏ စရိုက်ကို အတိုင်းအတာတစ်ခုအထိ လွှမ်းမိုးတတ်သည်၊ နေ့ညမပြတ် အာရုံပြုနေရသဖြင့် အပြောင်းအလဲ ရှိမည်မှာ သေချာသည်။

သို့သော် လူတစ်ဦးချင်းစီအပေါ်တွင်လည်း မူတည်ပေသည်။

​ပို၍ အရေးကြီးသည်မှာ၊ ၎င်းသည် မိမိ၏ မူလစရိုက်ကို ဖော်ပြခြင်းလည်း ဖြစ်သည်။

ဟေးဝူချန်း ပုံရိပ်ယောင်မှ ထွက်ပေါ်နေသော ထင်ရှားလှသော ရန်လိုမှုနှင့် မောက်မာမှုမှာ လီယန်ချူအတွက် အလွန်မှတ်မိလွယ်စေသည်။

​ရုတ်တရက်။

​ဟေးဝူချန်း၏ မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင် ပေါ်လာသည်။

အဓိပ္ပာယ်ပါပါ ပြုံးလိုက်၏။

​"လုံဟူရှန်းက နတ်ဆရာကြီး တစ်ပါးတောင် ဒီမှာ ရှိနေတာကိုး၊ ဒါကြောင့်လည်း ဒီလောက်ကြာအောင် မတိုက်ကြသေးတာပဲ"

​ယခုအခါ ပါးရှကျောက်ရုပ်ကို ဝိုင်းထားကြသူများထဲတွင် ညပိုင်းထွက်လာသော ကျင့်ကြံသူ ဝိညာဉ်ခန္ဓာအချို့ ရှိနေကြသည်။

လုံဟူရှန်းမှ အဘိုးကြီး တာအိုဆရာနှင့် လီယန်ချူသာလျှင် သွေးသားခန္ဓာကိုယ်ဖြင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။

​တာအိုဆရာမှာ ရင်ဘတ်တွင် ဝါးထီးတစ်လက်ကို ညှပ်ထားပြီး၊ ပင်ပန်းနွမ်းနယ်နေသော မျက်နှာ ရှိသည်။

လီယန်ချူအနေဖြင့် သူ၏ ရုပ်ရည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

​အလွန်ပင် သာမန်ကာလျှံကာ ရှိလှသော မျက်နှာတစ်ခုပင်။

အရောင်အဆင်း လုံးဝ မရှိပေ။

​မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာ နက်ရှိုင်းလှရာ၊ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုသူမှာ လုံဟူရှန်းမှ နတ်ဆရာကြီး တစ်ပါးဖြစ်သည်ဟု ယုံကြည်ရန် ခက်ခဲလှသည်။

လှည့်လည်သွားလာနေသော တာအိုဆရာတစ်ဦးနှင့် ပိုတူသည်။

ထို့ပြင် အဆင်မပြေလှသော တာအိုဆရာမျိုးနှင့် ပိုတူနေသေးသည်။

​ဟေးဝူချန်း ဝိညာဉ်ခန္ဓာ၏ လှောင်ပြောင်မှုကို ကြားရသောအခါ။

​အဘိုးကြီး တာအိုဆရာက နှာခေါင်းရှုံ့လိုက်ပြီး

"တခြားဟာကို အာရုံမပြုဘဲ ဝိညာဉ်နှုတ်တမန်တော်ကိုမှ အာရုံပြုရတယ်လို့၊ ငါ့အမြင်တော့ မင်း ဒီည သေဖို့ပဲ ရှိတယ်"

​တစ်ဦးနှင့်တစ်ဦး ထိပ်တိုက်ရင်ဆိုင်နေကြသည်။

မည်သည့် ပညာရှင် အရှိန်အဝါမျှ မရှိပေ။

ခပ်ရိုင်းရိုင်းပင် ပြန်ပြောလိုက်ခြင်း ဖြစ်သည်။

​ဟေးဝူချန်းမှာ ချက်ချင်းပင် စကားဆွံ့သွားသည်။

သူ၏ အသံမှာ ပို၍ မှောင်မိုက်သွား၏။

​"မင်းကိုယ်မင်း လုံဟူရှန်းရဲ့ နတ်ဆရာကြီးလေးပါးတွေထဲက အကြီးအကဲ လို့ ထင်နေတုန်းလား၊ အခု မင်းက တာအိုစိတ် ပျက်စီးနေတဲ့ အဘိုးကြီး တစ်ယောက် သာသာ ပဲ"

​ဟေးဝူချန်း၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်လျှံနေသည်။

​လုံဟူရှန်း နတ်ဆရာကြီးလေးပါးတွေ ထဲကအကြီးအကဲ

​လီယန်ချူ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

ဒီအဘိုးကြီးက ဒီလောက်တောင် အရှိန်အဝါ ကြီးတာလား

တာအိုစိတ် ပျက်စီးသွားတယ်ဆိုတာကကော ဘာကို ဆိုလိုတာလဲ

​အဘိုးကြီး တာအိုဆရာက ဟားဟားရယ်လိုက်ပြီး

"မင်းလို သောက်ကောင်မျိုး ၁၀ ယောက်၊ ၈ ယောက်လောက်ကို တိုက်ဖို့ကတော့ ပြဿနာမရှိပါဘူး"

​ဝန်ခံရလျှင်။

လီယန်ချူ သိကျွမ်းခဲ့သော ပညာရှင်များထဲတွင် ဤအဘိုးကြီးမှာ အဆင့်အတန်း အနိမ့်ဆုံးဟု ထင်ရသည်။

သို့သော် လောကီအလယ်မှ ကြမ်းတမ်းလှသော အငွေ့အသက်မျိုးတော့ ရှိနေသည်။

​ရတနာနယ်မြေ တစ်ကြိမ် ပွင့်လာခြင်းက။

ဤမျှ များပြားလှသော ဒုတိယအဆင့် ကျွမ်းကျင်သူများကို ဆွဲဆောင်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထို့ပြင် ယခင်က လုံဟူရှန်း၏ နတ်ဆရာကြီး လေးပါးအကြီးအကဲဟောင်း တစ်ဦးပင် ပါဝင်နေသေးသည်။

​လီယန်ချူ၏ မျက်လုံးများ တောက်ပလာပြီး၊ ထိုကိစ္စမှာ ပို၍ စိတ်ဝင်စားစရာ ကောင်းလာသည်ဟု ခံစားရသည်။

ယနေ့ည မတ်စောက်လှသော တောင်နက်ကြီးထဲသို့ ပါးရှကျောက်ရုပ် ရောက်ရှိလာခြင်းမှာ အမှန်တကယ်တွင် အဘယ်ကြောင့်နည်းဆိုသည်ကို သူ သိလိုလှသည်။

​ယခုအခါ အခြေအနေမှာ အလွန်ပင် စိုးရိမ်ဖွယ်ကောင်းနေပြီး၊ မည်သည့်အချိန်တွင်မဆို ပေါက်ကွဲထွက်သွားနိုင်သည်။

​ထူးဆန်းသောသတ္တဝါ ပိဖန့်ကို အာရုံပြုထားသော ကျင့်ကြံသူ၏ ကိုယ်ပေါ်တွင် မီးတောက်များ ပြည့်နေသည်။

၎င်းမှာ သာမန်မီးတောက် မဟုတ်ပေ။

ရက်စက်မှုနှင့် နာကျည်းမှုများ ပြည့်နှက်နေသော ယင်မီး ပင် ဖြစ်သည်။

​သိသာလှသည်မှာ သူသည် လူအမြောက်အမြားကို သတ်ဖြတ်ထားသော မိစ္ဆာလမ်းစဉ်မှ ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး အပြစ်ဒဏ် များ အလွန်ပင် ကြီးလေးလှသည်။

​မီးတောက်များအတွင်း ဝန်းရံထားသော အခြားတစ်ဦးလည်း ရှိသေးသည်။

၎င်းမှာ ဗုဒ္ဓဘာသာ၏ စောင့်ရှောက်ရေး စစ်နတ်ဘုရား ပင် ဖြစ်သည်။

မျက်လုံးများ ပြူးကျယ်နေပြီး ခန့်ညားထည်ဝါလှသည်။

သူ၏ကိုယ်ပေါ်မှ မီးတောက်မှာ ဗုဒ္ဓမီး ဖြစ်ပြီး၊ နတ်ဆိုးမိစ္ဆာများကို လောင်ကျွမ်းစေနိုင်သော တန်ခိုးစွမ်းအား ရှိသည်။

​ထို့ပြင် အရောင်အသွေး စုံလင်လှသော ဧရာမ ပင့်ကူကြီး တစ်ကောင်လည်း ရှိနေပြီး အလွန်ပင် ရက်စက်ပုံရသည်။

အရွယ်အစားမှာ အလွန်ပင် ကြီးမားလှ၏။

ဟေးဝူချန်းထက်ပင် ပို၍ ကြီးမားလှပြီး အပေါ်၌ ကြောက်မက်ဖွယ်ကောင်းသော ရုပ်ဆိုးလှသည့် လူမျက်နှာတစ်ခု ပါရှိသည်။

မျက်လုံးများကို မှိတ်ထားသည်။

​၎င်းမှာ အာရုံပြုကျင့်စဉ်ဖြင့် ဖန်တီးထားသော ဝိညာဉ်ခန္ဓာ မဟုတ်ပေ။

စစ်မှန်သော မိစ္ဆာတစ်ကောင် ဖြစ်သည်။

ပင့်ကူမိစ္ဆာ

​သွေးညှီနံ့များ ကောင်းကင်ထိ လွှမ်းနေသော်လည်း ထူးဆန်းသည်မှာ တစ်ကိုယ်လုံးမှ မွှေးရနံ့များ ထွက်ပေါ်နေခြင်း ဖြစ်သည်။

ပို၍ ထူးဆန်းသည်မှာ ကုလားထိုင် တစ်လုံးပင်

တစ်ကိုယ်လုံး အမည်းရောင်ဖြစ်ပြီး ပုံစံမှာ ထူးခြားလှသည်၊ အပေါ်၌ ရှေးဟောင်းဆန်သော နတ်ရုပ်များကို ထွင်းထုထားသည်။

မည်သည့်နတ်ဘုရား ဖြစ်ကြောင်း ခွဲခြားရန် ခက်ခဲလှသည်။

​အတိုချုပ်ဆိုရလျှင် ရိုးရာဒဏ္ဍာရီထဲက နတ်ဘုရား မဟုတ်ဘဲ၊ လူနည်းစု တိုင်းရင်းသားများ ကိုးကွယ်သည့် တိုတမ် နတ်ဘုရားနှင့် ပိုတူသည်။

ထိုကုလားထိုင်မှာ ဖျက်ဆီးလိုသော အငွေ့အသက်များကို ပေးစွမ်းနေပြီး၊ ငရဲနက်ကြီးထဲမှ လာသည်ဟု ထင်ရသည်။

​"ကုလားထိုင် တစ်လုံးကိုတောင် အာရုံပြုရတယ်လို့၊ ဒီလူကတော့ တကယ့် ပါရမီရှင်ပဲ"

လီယန်ချူ စိတ်ထဲမှ မနေနိုင်ဘဲ လှောင်လိုက်မိသည်။

​နတ်ဘုရားရတနာနယ်မြေ ထွက်ပေါ်လာခြင်းမှာ မထူးဆန်းပေ။

ထိုကဲ့သို့သော လျှို့ဝှက်ကျင့်ကြံသူများ သတင်းကြားပြီး ရောက်ရှိလာကြခြင်း ဖြစ်သည်။

​ကောင်းသောလမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ်များ ရောနှောနေသည်။

​ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားသော လျိုကျားနတ်မင်း တစ်ပါးမှာ အပေါ်စီးမှနေ၍ အားလုံးကို အေးစက်စွာ ကြည့်နေသည်။

၎င်းမှာ တာအိုတပည့်များ၏ အာရုံပြုကျင့်စဉ် ဖြစ်သည်။

တာအိုတပည့်များ အများဆုံး အာရုံပြုလေ့ရှိသော ပုံရိပ်လည်း ဖြစ်သည်။

ကောင်းကင်ဘုံ နတ်ဒေဝါ

​လျိုတင်းလျိုကျား တို့မှာ စောင့်ရှောက်ရေးနတ်ဘုရားများ ဖြစ်ကြပြီး အတွေ့ရများသော တာအိုနတ်ဘုရားများ ဖြစ်ကြသည်။

သို့သော် ထိုအမည်မသိ တာအိုကျွမ်းကျင်သူမှာမူ ယခုအချိန်တွင် သဘောထား တိကျလှသည်။

ဘယ်ဘက်၊ ညာဘက် မည်သူ့ကိုမျှ မကူညီပေ။

​ဟေးဝူချန်းက ရက်စက်စွာ ပြုံးကာ

"ဒီအဘိုးကြီး တာအိုဆရာ ဒီမှာ ရှိနေတာက ပြဿနာတက်နိုင်တယ်၊ နောက်ဆံ အေးရအောင် သူ့ကို အရင်ဆုံး ရှင်းပစ်ကြရင် ဘယ်လိုလဲ "

​ထိုလူသည် ပေါ်လာကတည်းက ပြဿနာရှာနေခြင်း ဖြစ်သည်။

သို့သော် သူ၏ စကားမှာ ထိုမိစ္ဆာများနှင့် အမှောင်လမ်းစဉ်မှ လူများ၏ ကောင်းသောလမ်းစဉ်အပေါ် ရန်လိုမှုကို အမှန်တကယ်ပင် ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

​အထူးသဖြင့် လုံဟူရှန်း

၎င်းမှာ နတ်ဆိုးမိစ္ဆာ အမြောက်အမြားကို နှိမ်နင်းကာ တည်ဆောက်ခဲ့သော နာမည်ကျော် ဂိုဏ်းကြီး မဟုတ်ပါလား။

​ယနေ့တွင် သူတို့အားလုံးမှာ လုံဟူရှန်းမှ နတ်ဆရာကြီး တစ်ပါးကို သတ်ချင်နေကြပြီ ဖြစ်သည်။

​

​အခန်း (၁၆၈) - ရှေးဟောင်းတံဆိပ်တုံး

​ဟေးဝူချန်း၏ ရန်စမှုကို ရင်ဆိုင်ရသော်လည်း လုံဟူရှန်းမှ တာအိုဆရာအဘိုကြီး မှာ အနည်းငယ်မျှ စိတ်မဆိုးပေ။

နှာခေါင်းရှုံ့ကာ လှောင်ရယ်လိုက်၏။

​"မင်း သေချင်တယ်ဆိုရင်တော့ စမ်းကြည့်လို့ရပါတယ်၊ မင်းကို တိုက်ဖို့ဆိုရင် ဒီအဘိုးကြီး တစ်ဖက်တည်းနဲ့တင် လုံလောက်တယ်"

​အဘိုးကြီး၏ လှောင်ပြောင်မှုစွမ်းရည်မှာ အမြင့်ဆုံးသို့ ရောက်ရှိနေသည်။

သူ့ကို ဝိုင်းထားသည့် မိစ္ဆာလမ်းစဉ် ကျွမ်းကျင်သူအချို့ကို အရေးပင်မလုပ်ပေ။

ထိုကဲ့သို့ အေးဆေးတည်ငြိမ်နေသည့် ပုံစံမှာ တစ်ဖက်လူကို အနိမ့်အမြင့် ခန့်မှန်းရခက်စေသည်။

အတော်ပင် ကြောက်စရာကောင်းလှ၏။

​လီယန်ချူသည် ဘေးမှကြည့်နေရင်း မည်သည့်အချိန်တွင်မဆို ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်နေသည်။

အဘိုးကြီး၏ ထိုပုံစံကို မြင်သောအခါ သူ၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် တွန့်သွားမိသည်။

​ထိုစီနီယာကြီးမှာ တကယ့်ကို ပေါ့ပါးသွက်လက်လွန်းလှသည်။

သို့သော်လည်း။

​လီယန်ချူ၏ ရပ်တည်ချက်မှာ အလွန်တိကျသည်။

သူသည် တစ်ဖက်လူထံမှ စိတ်ကြည်လင်ကျောက်စိမ်းပြားကို လက်ခံထားပြီးသား ဖြစ်သလို၊ တာအိုဂိုဏ်းချင်းလည်း တူညီနေသည်။

ဒီအဘိုးကြီး ဒီနေ့ ဘယ်သူ့ကိုပဲ တိုက်ချင်တိုက်ချင်။

သူ လီယန်ချူကတော့ သေချာပေါက် ဝိုင်းကူပေးရပေမည်။

​မိစ္ဆာလမ်းစဉ် ကျွမ်းကျင်သူအချို့မှာ လုံဟူရှန်းနတ်ဆရာကြီးထံသို့ တဖြည်းဖြည်း တိုးကပ်လာကြသည်။

ဟေးဝူချန်းက အရင်ဆုံး စတင်တိုက်ခိုက်လိုက်သည်။

​ရှဲရှဲရှဲ

လက်ထဲရှိ အမည်းရောင်သံခြေကျင်းမှာ နဂါးတစ်ကောင်ကဲ့သို့ အဘိုးကြီးထံသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

​ဟေးဝူချန်း ဝိညာဉ်ခန္ဓာ စတင်လှုပ်ရှားသည်နှင့်တစ်ပြိုင်နက်၊ တစ်ကိုယ်လုံးတွင် ရက်စက်သော အပြစ်ဒဏ်ငွေ့များ ဝန်းရံနေသည့် စန်းဟိုင်ကျမ်းလာ သားရဲဆိုး ပိဖန့်ကလည်း ပြင်းထန်စွာ တိုက်ခိုက်လိုက်ပြီ ဖြစ်သည်။

တောက်ပသော မီးတောက်တစ်ခုမှာ ပိဖန့်၏ ခံတွင်းမှ ပန်းထွက်လာပြီး၊ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များက ကောင်းကင်ယံကို နီရဲသွားစေသည်။

​နက်နဲခက်ခဲလှသော ကုလားထိုင်ကလည်း ဝိညာဉ်တန်ခိုးတော်ကို ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။

ဖျက်ဆီးလိုသော အငွေ့အသက်များပါသည့် အလင်းတန်းတစ်ခုမှာ အဘိုးကြီးထံသို့ တည့်တည့်မတ်မတ် ပစ်လွှတ်လိုက်၏။

​အရောင်အသွေးစုံလင်လှသော လူမျက်နှာပါ ပင့်ကူမှာ ကောင်းကင်တွင် ဝဲပျံနေပြီး၊ လှုပ်ရှားမှုမရှိဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ သင်းပျံ့သော ရနံ့တစ်ခုမှာ ၎င်း၏ကိုယ်တွင်းမှ ပျံ့နှံ့လာခဲ့ပြီ ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အဘိုးကြီးကို ဝန်းရံပိတ်ဆို့လိုက်၏။

​ဤအရာအားလုံးမှာ ဝိညာဉ်တန်ခိုးတော်များသာ ဖြစ်ပြီး စစ်မှန်သော ဝိညာဉ်နတ်ဘုရား သို့မဟုတ် သားရဲဆိုးများ မဟုတ်ကြသော်လည်း၊ ၎င်းတို့၏ အရှိန်အဝါမှာ ကမ္ဘာပျက်မတတ် ကြောက်မက်ဖွယ် ကောင်းလှသည်။

ထိုမျှများပြားလှသော ကျွမ်းကျင်သူများ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း အဘိုးကြီးမှာ အေးဆေးတည်ငြိမ်နေပြီး အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိပေ။

​သူသည် ရင်ဘတ်တွင် ညှပ်ထားသော ဝါးထီးကို ထုတ်ယူကာ အသာလေး ဖြန့်လိုက်သည်။

ထိုပုံစံမှာ ကျွမ်းကျင်သူလေးဦး၏ ဝိုင်းတိုက်မှုကို ခံနေရသူနှင့် မတူဘဲ၊ မိုးရွာတော့မည်ဖြစ်သဖြင့် မိုးခိုရန် ထီးဆောင်းလိုက်သည့် ပုံစံနှင့်သာ တူနေသည်။

​ဝါးထီးကို ဖြန့်လိုက်သည်နှင့် ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသော အလင်းကာတစ်ခု ဖြစ်ပေါ်လာသည်။

ဟေးဝူချန်း၏ သံခြေကျင်းဖြစ်စေ၊ ပိဖန့်၏ မီးတောက်ဖြစ်စေ။

ကြီးမားသော စွမ်းအားများပါသည့် ဤဝိညာဉ်တန်ခိုးတော်အားလုံးမှာ ဝါးထီး၏ အပြင်ဘက်တွင်သာ တားဆီးခြင်း ခံလိုက်ရသည်။

​အမှန်ပင် နတ်ဆရာကြီးလေးပါးထဲမှ အကြီးအကဲဟောင်းပီသပေသည်။

ယခုအခါ တာအိုစိတ် ပျက်စီးနေသော်လည်း။

သာမန်ကျင့်ကြံသူများ စိတ်ကူးပင် မယဉ်နိုင်သော တန်ခိုးစွမ်းအားများ ရှိနေဆဲပင်။

​အဘိုးကြီးမှာ အေးဆေးတည်ငြိမ်နေသည့် ပုံစံအတိုင်းပင် ရှိနေသေးသည်။

"ဒီလောက် သေးသိမ်တဲ့ အတတ်ပညာလေးတွေနဲ့များ၊ မင်းတို့က ရတနာကို လုဖို့ ထွက်လာကြတာလား "

​အဘိုးကြီးကို ဝိုင်းထားသည့် လူများထံမှ သတ်ဖြတ်လိုစိတ်များ ချက်ချင်းပင် ထွက်ပေါ်လာတော့သည်။

လီယန်ချူကတော့ အံ့သြမနေပေ။

​လုံဟူရှန်းသည် ချန်နိုင်ငံ တာအိုလောကတွင် ဦးဆောင်သူနေရာ၌ ရှိနေသည့် မြင့်မြတ်သောနယ်မြေ ဖြစ်သဖြင့်၊ လုံဟူရှန်းနတ်ဆရာကြီးတစ်ဦး၏ အရှိန်အဝါ မည်မျှကြီးမားမည်ကို ခန့်မှန်းနိုင်သည်။

အထူးသဖြင့် ယခင်က နတ်ဆရာကြီးများ၏ အကြီးအကဲ ဖြစ်ခဲ့သူမှာ။

သေချာပေါက် အစွမ်းထက်သော နည်းလမ်းများ ရှိနေမည်သာ။

​သို့သော် လီယန်ချူသည် ထိုအဘိုးကြီး ဝိုင်းတိုက်ခံရသည်ကို ဒီအတိုင်း ကြည့်မနေနိုင်ပေ၊ သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ လင်းလက်သွားပြီး တိုက်ခိုက်ရန် ပြင်လိုက်သည်။

ခန္ဓာကိုယ်အတွင်းမှ ထူထဲလှသော သွေးသားစွမ်းအားများ ဆူပွက်လာသည်။

သူသည် ထိုတာအိုစီနီယာကြီးအတွက် ထိုမိစ္ဆာရန်သူများကို ရှင်းလင်းပေးရန် ဆုံးဖြတ်လိုက်သည်။

​ရုတ်တရက်။

သူ၏ အာရုံခံစားမှု လှုပ်ရှားသွားပြီး ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်သည်။

​ဝုန်း

ကောင်းကင်တွင် ရုတ်တရက် မိုးကြိုးသံကြီး တစ်ချက် မြည်ဟည်းသွားသည်။

ကောင်းကင်အနားမှ နီရဲသော အလင်းတန်းတစ်ခု ပျံသန်းလာသည်၊ ၎င်းသည်လည်း ဝိညာဉ်ကိုယ်ပွား ထွက်လာသည့် ကျင့်ကြံသူ ကျွမ်းကျင်သူတစ်ဦးပင်အရှိန်အဝါမှာ ရှေးဦးမိစ္ဆာနတ်ဘုရားကဲ့သို့ပင် ကြီးမားလှသည်။

​၎င်းမှာ လက်ခြောက်ဖက်ပါသော မိစ္ဆာဘုရင်ကြီး တစ်ပါး ဖြစ်သည်။

ခြေဗလာ၊ မျက်နှာပြာ၊ ဆံပင်နှင့် မုတ်ဆိတ်များမှာ ထောင်ထနေပြီး လက်ဖဝါးထဲတွင် ပိတ်လိုက်ဖွင့်လိုက် လုပ်နေသော မျက်လုံးကြီး တစ်လုံး ပါရှိသည်။

သူ၏ ကိုယ်ထည်မှာ ပေ ၅၀ ခန့် မြင့်မားပြီး ကြမ်းတမ်းလှသော အမူအရာ ရှိသည်။

အရှိန်အဝါမှာ ကောင်းကင်တိုးမတတ် ကြီးမားလှပြီး အလွန်ပင် မောက်မာလှ၏။

​သူ ပျံလာသည့် ဦးတည်ရာတွင် ထိုအရောင်အသွေးစုံသော လူမျက်နှာပါ ပင့်ကူကြီးက ပိတ်နေသည်။

လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီး၏ မျက်လုံးထဲတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး၊ ရှောင်တိမ်းခြင်းမပြုဘဲ။

တိုက်ရိုက်ပင် ဝင်တိုက်လိုက်တော့သည်။

​ဝိညာဉ်ခန္ဓာမှာ မိစ္ဆာမီးတောက်များအတွင်း ဝန်းရံနေပြီး၊ ရှေးဦးဒဏ္ဍာရီထဲမှ မိစ္ဆာနတ်ဘုရား ပြန်လည်နိုးထလာသည့်အလား အမှန်ပင် တူညီလှသည်။

​ဘုန်း

လူမျက်နှာပါ ပင့်ကူမိစ္ဆာကြီးမှာ ပြင်းထန်စွာ အတိုက်ခံရပြီး လွင့်ထွက်သွားကာ၊ ကိုယ်ထည် ထက်ဝက်နီးပါးမှာ ကြေမွပျက်စီးသွားပြီး သွေးသားများ ကောင်းကင်အနှံ့ လွင့်စင်သွားတော့သည်။

ပင့်ကူမိစ္ဆာမှာ စူးရှစွာ အော်ဟစ်လိုက်၏။

​ထိုရုပ်ဆိုးလှသော လူမျက်နှာမှာ ချက်ချင်းပင် မျက်လုံးနှစ်လုံးကို ဖွင့်လိုက်သည်။

၎င်းမှာ ဖြူဖွေးနေသော မျက်လုံးများပင်။

​ရှူး

ဖြူဖွေးသော ပင့်ကူမျှင်များစွာမှာ လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီးထံသို့ ပန်းထုတ်လိုက်သည်။

ဤပင့်ကူမျှင်များမှာ အလွန်ခိုင်ခံ့ပြီး၊ ပြင်းထန်သော အဆိပ်နှင့် တိုက်စားနိုင်စွမ်း ရှိရာ ကျင့်ကြံသူများအတွက် သဘာဝရန်သူပင် ဖြစ်သည်။

တစ်ခါ အပတ်ခံရလျှင် ရုန်းထွက်ရန် အလွန်ခက်ခဲလှသည်။

​သို့သော် လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီးမှာ ဂရုပင်မစိုက်ဘဲ၊ သူ၏ လက်ဖဝါးရှိ မျက်လုံးနှစ်လုံးမှ တောက်ပသော တန်ခိုးအလင်းများကို ထုတ်လွှတ်လိုက်သည်။

ပင့်ကူမျှင်များကို တိုက်ရိုက် လောင်ကျွမ်းပြာကျစေလိုက်၏။

​ထိုမိစ္ဆာငွေ့များ ထွက်ပေါ်နေသော ပင့်ကူမိစ္ဆာမှာ ထိတ်လန့်သွားသော်လည်း၊ သူ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင်။

လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီးက သူ့ကို လှမ်းဖမ်းလိုက်ပြီး၊ ပါးစပ်ထဲသို့ တိုက်ရိုက် ထည့်ပစ်လိုက်သည်။

သူ၏ ဝိညာဉ်ခန္ဓာကို ဝါးမြိုပစ်လိုက်ခြင်းပင်

​လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီး၏ ကိုယ်ပေါ်မှ ရှေးဦးအငွေ့အသက်မှာ သိသိသာသာ မြင့်တက်လာသည်။

သူ၏ ကြမ်းတမ်းမောက်မာမှုမှာ ထိုနေရာရှိ ကျွမ်းကျင်သူအားလုံး၏ စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း မှတ်ကျောက်တင်သွားတော့သည်။

ထိုရက်စက်မှုမှာ အမှန်ပင် အံ့မခန်းလှ၏။

​"ဒီ တာအိုဆရာအဘိုးကြီး က ငါ့အပိုင်ပဲ "

​လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီးမှာ မောက်မာစွာဖြင့် လုံဟူရှန်းအဘိုးကြီးထံသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။

သတ်ဖြတ်လိုစိတ်မှာ အလွန်ပင် ပြင်းထန်လှ၏ ဤသူမှာ အဘိုးကြီး၏ အကူအညီဟု ထင်ထားခဲ့သော လီယန်ချူမှာ အနည်းငယ် အံ့အားသင့်သွားရသည်။

​လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီး၏ မောက်မာလှသော ဝိညာဉ်တန်ခိုးတော်များ ပန်းထွက်လာသည်။

​ဝုန်း ဝုန်း

မြေကမ္ဘာတုန်ဟီးမတတ် ကြီးမားသော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

​တစ်ဦးမှာ အမည်မသိ လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီးဖြစ်ပြီး၊ နောက်တစ်ဦးမှာ လုံဟူရှန်းနတ်ဆရာကြီး ဖြစ်သည်။

ကျွမ်းကျင်သူကြီး နှစ်ဦး တိုက်ခိုက်သည့် ကြီးမားသောအရှိန်အဝါကြောင့် ပတ်ဝန်းကျင်ရှိ ဝိညာဉ်ကိုယ်ပွား ထွက်နေကြသော ကျွမ်းကျင်သူများ၏ အာရုံကို ဆွဲဆောင်သွားတော့သည်။

ဝိညာဉ်အလင်းတန်း အချို့မှာလည်း ထိုနေရာသို့ ပျံသန်းလာကြသည်။

​ခုနက ဗုဒ္ဓဘာသာ စောင့်ရှောက်ရေး စစ်နတ်ဘုရားနှင့် တာအိုဘာသာ လျိုကျားနတ်မင်းကို အာရုံပြုထားသည့် ကျင့်ကြံသူနှစ်ဦးမှာမူ၊ မူလနေရာမှာပင် ငြိမ်သက်စွာ ရပ်နေကြသည်။

ဝင်ရောက်တိုက်ခိုက်လိုသည့် အရိပ်အယောင် လုံးဝမရှိပေ။

​ထိုလက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီး၏ အာရုံပြုကျင့်စဉ်မှာမူ၊ ဟေးဝူချန်း သို့မဟုတ် စောင့်ရှောက်ရေး စစ်နတ်ဘုရားတို့ထက် သိသိသာသာ တစ်ဆင့် ပိုမြင့်မားနေသည်။

စတင်တိုက်ခိုက်ရုံဖြင့် ပင့်ကူမိစ္ဆာကို အသာလေး သတ်ဖြတ်နိုင်ခဲ့သည်။

နတ်ဘုရားအရှိန်အဝါမှာ အံ့မခန်းပင်

​ဟေးဝူချန်းတို့ အုပ်စုမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး၊ ဤလက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီး၏ ခွန်အားနှင့် ကြမ်းတမ်းသော ပုံစံကြောင့် အတော်ပင် ရှိန်နေကြသည်။

လက်တွဲတိုက်ခိုက်ရန် ဇွတ်မတိုးရဲကြပေ။

တစ်ဖက်လူက မိမိတို့ကို ပြန်လှည့်တိုက်မည်ကို စိုးရိမ်နေကြသည်။

​တစ်ဦးမှာ ငရဲပြည်မှ ဝိညာဉ်နှုတ်တမန်တော်ကို အာရုံပြုထားသည့် ဟေးဝူချန်း တစ်ဦးမှာ စန်းဟိုင်ကျမ်းလာ သားရဲဆိုးကို အာရုံပြုထားသည့် ပိဖန့်ထို့ပြင် မိစ္ဆာနတ်ရုပ်များ ထွင်းထားသည့် ကုလားထိုင်ကို အာရုံပြုထားသူ အားလုံးမှာ ဒုတိယအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။

​ယခုအခါ ထိုသုံးဦးမှာ လုံဟူရှန်းနတ်ဆရာကြီးကို တိုက်ခိုက်ခြင်းအား စွန့်လွှတ်လိုက်ပြီး၊ မြေပြင်ပေါ်ရှိ ပါးရှကျောက်ရုပ်ကြီးကို လက်တွဲတိုက်ခိုက်ကြတော့သည်။

​ပါးရှကျောက်ရုပ်၏ ကိုယ်ပေါ်တွင် လျှို့ဝှက်ချက်ကြီး ရှိနေသည်။

ယနေ့ည သူ တောင်ထဲဝင်လာခြင်းမှာ အလွန်စွမ်းအားကြီးသော ရတနာတစ်ခုကို လာယူခြင်း ဖြစ်သည်။

နီးကပ်သွားသောအခါ ဝိညာဉ်ကိုယ်ပွား ထွက်နိုင်သည့် ကျွမ်းကျင်သူများမှာ ယင်း၏ ထူးခြားမှုကို သတိထားမိလိုက်ကြသည်။

​ရှေးဟောင်းသမိုင်းကြောင်းများ ပြည့်နှက်နေသည့် ပါးရှကျောက်ရုပ်ကြီးမှာ၊ ပါးစပ်တွင် တံဆိပ်တုံးငယ် တစ်ခုကို ခဲထားသည်။

ပါးရှကျောက်ရုပ်၏ ဧရာမကိုယ်ထည်နှင့် နှိုင်းယှဉ်လျှင် ဤတံဆိပ်တုံးငယ်မှာ အလွန်ပင် သေးငယ်လှသည်ဟု ဆိုရပေမည်။

သေချာမကြည့်လျှင် သတိပင် ထားမိမည်မဟုတ်ပေ။

​သို့သော် ထိုတံဆိပ်တုံးငယ်မှ လူကို တုန်လှုပ်ခြောက်ခြားစေသော ကြောက်မက်ဖွယ် အငွေ့အသက်များ ထွက်ပေါ်နေသည်။

ရှေးကျပြီး ခန့်ညားလှ၏။

သေချာပေါက် သာမန်လက်နက် မဟုတ်ပေ

အမှန်တကယ် မြင့်မြတ်လှသော ရတနာတစ်ပါးပင် ဖြစ်သည်။

​ဤနတ်ဘုရားရတနာနယ်မြေမှ ဆင်းသက်လာသော ပါးရှကျောက်ရုပ်မှာ ထိုရှေးဟောင်းတံဆိပ်တုံးအတွက် လာခြင်းလား သို့မဟုတ် ထိုတောင်နက်ထဲတွင် အခြားလျှို့ဝှက်ချက် ရှိနေသေးသလား။

​သူ့ကို အရင်ဖမ်းလိုက်ဖို့က ယခုအချိန်မှာ အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။

အချိန်ဆွဲနေလျှင် အပြောင်းအလဲ ရှိနိုင်သည် ယနေ့ည ရောက်လာသည့် ကျင့်ကြံသူများမှာ အလွန်ပင် များပြားလှ၏ ပါးရှကျောက်ရုပ်မှာ ထွက်မသွားဘဲ၊ မူလနေရာမှာပင် ရပ်နေပြီး တစ်စုံတစ်ခုကို စောင့်ရှောက်နေသည့်အလား ရှိသည်။

သို့မဟုတ် တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေသကဲ့သို့ပင်။

​ထူးဆန်းလှသော ဧရာမပုံရိပ်ကြီးတစ်ခုမှာ ပါးရှကျောက်ရုပ်၏ ရှေ့တွင် ပေါ်လာသည်။

၎င်းမှာ ယင်ငွေ့ မိစ္ဆာငွေ့များ ပြည့်နေသည့် ဟေးဝူချန်းပင်

​ရှဲရှဲရှဲ

ဟေးဝူချန်းသည် လက်ထဲရှိ သံခြေကျင်းကို ပါးရှကျောက်ရုပ်၏ ခေါင်းပေါ်သို့ တိုက်ရိုက် ပစ်တင်လိုက်သည်။

အမည်းရောင် သံခြေကျင်းမှာ ဝိညာဉ်တန်ခိုးတော်၏ ပုံဖော်မှု ဖြစ်သည်။

ဝိညာဉ်နှင့် ဝိညာဉ်ခန္ဓာများအပေါ်တွင် အလွန်ကြီးမားသော ဖိနှိပ်မှု ရှိသည်။

​ဝေါင်းး

ပါးရှကျောက်ရုပ်က ကောင်းကင်တုန်ဟည်းအောင် ဟိန်းဟောက်လိုက်ပြီး၊ ကိုယ်ကို အနောက်သို့ ပြင်းထန်စွာ ရုန်းလိုက်သည်။

​လျှို့ဝှက်ဆန်းပြားသော ကုလားထိုင်မှာ ပါးရှကျောက်ရုပ်၏ အပေါ်တွင် ပေါ်လာသည်။

ကုလားထိုင်ပေါ်တွင် ဖြူဖွေးသော အရိုးများဖြင့် ပြုလုပ်ထားသည့် လက်ပေါင်းများစွာ ပေါ်ထွက်လာပြီး၊ ငရဲနက်ကြီးထဲမှ နတ်ဆိုးများကဲ့သို့ပင်။

ပါးရှကျောက်ရုပ်ကို တိုက်ရိုက် လှမ်းဖမ်းလိုက်ကြသည်။

​ပါးရှကျောက်ရုပ်မှာ ယခုအခါ အမှန်တကယ်ပင် အသက်ဝင်လာပြီ ဖြစ်သည်။

စစ်မှန်သော ပါးရှ (နဂါးသားတော်) ဆင်းသက်လာသည့်အလား။

ခွန်အားမှာ အတိုင်းအဆမရှိ ကြီးမားလှ၏

လျှို့ဝှက်သော ကုလားထိုင်နှင့် ဟေးဝူချန်းတို့ လက်တွဲတိုက်ခိုက်သော်လည်း၊ ပါးရှကျောက်ရုပ်၏ ရုန်းကန်မှုကြောင့် မတည်မငြိမ် ဖြစ်နေကြရသည်။

​အပြစ်ဒဏ်များ ဝန်းရံနေသည့် သားရဲဆိုး ပိဖန့်မှာလည်း ပြင်းထန်စွာ ထိုးဆင်းလာသည်။

ထက်မြက်မာကျောလှသော ခြေသည်းများဖြင့် ပါးရှကျောက်ရုပ်၏ ခံတွင်းကို တိုက်ရိုက် လှမ်းနှိုက်လိုက်၏။

​ဝုန်း

ပါးရှကျောက်ရုပ်က မြေပြင်ကို ပြင်းထန်စွာ နင်းချလိုက်သည်။

ချက်ချင်းပင် တောင်တန်းကြီး တုန်ခါသွားတော့သည်။

မျက်စိဖြင့် မြင်နိုင်သော လှိုင်းလုံးကြီးတစ်ခုမှာ အပြင်ဘက်သို့ ပြန့်ကားသွား၏။

​ဘုန်း

ဘုန်း

ဘုန်း

ဟေးဝူချန်း၏ သံခြေကျင်းဖြစ်စေ၊ လျှို့ဝှက်ကုလားထိုင်၏ အရိုးလက်များဖြစ်စေ အစအနမကျန် ပြတ်တောက်သွားတော့သည်။

သူ၏ မျက်လုံးနှစ်လုံးမှ တန်ခိုးအလင်းတစ်ခု ထွက်ပေါ်လာပြီး။

ကြမ်းတမ်းလှသော ပိဖန့်ကို တိုက်ရိုက် ဆုတ်ခွာသွားစေသည်။

​ထိုအချိန်မှာပင် ထိုပါးရှကျောက်ရုပ်၏ ကိုယ်ပေါ်တွင် အက်ကွဲကြောင်းများစွာ ပေါ်လာသည်၊ ဝန်ပိနေသည့်အလား ရှိသည်။

ပါးရှကျောက်ရုပ်အတွင်းမှ စွမ်းအားများပင် တဖြည်းဖြည်း အားနည်းလာ၏။

သူရဲကောင်းတစ်ဦး၏ လမ်းဆုံးသို့ ရောက်နေသကဲ့သို့ အထီးကျန်ဆန်သော ခံစားချက်ကို ပေးစွမ်းနေသည်။

​သူ ရရှိထားသော ဒဏ်ရာမှာ အလွန်ပင် ပြင်းထန်လွန်းလှသည်။

တစ်ကိုယ်လုံးတွင် ဓားခုတ်ရာ၊ မီးလောင်ရာများ ပြည့်နှက်နေပြီး၊ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကြီးတစ်ခုကို ဖြတ်သန်းလာခဲ့ရသည့်အလားပင်။

​မှတ်ထားရမည်မှာ ခုနက လျှို့ဝှက်ကုလားထိုင်ပေါ်ရှိ အရိုးလက်များမှာ ရွှေနှင့်ကျောက်တုံးကိုပင် ကြေမွစေနိုင်သော်လည်း၊ ပါးရှကျောက်ရုပ်၏ ကိုယ်ပေါ်တွင် အမှတ်အသားတစ်ခုမျှ မကျန်ရစ်စေခဲ့ပေ။

ထိုအက်ကွဲကြောင်းများမှာ ကျောက်ရုပ်အတွင်းရှိ လုံ့လစွမ်းအား လျော့နည်းလာခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

​ဤသည်ကို ကြည့်ခြင်းဖြင့်။

ထိုစဉ်က ထိုပါးရှကျောက်ရုပ်မှာ မည်မျှအံ့မခန်းသော တိုက်ပွဲကို ရင်ဆိုင်ခဲ့ရကြောင်း သိနိုင်သည်။

သူ ရင်ဆိုင်ခဲ့ရသော ရန်သူမှာလည်း မည်မျှ ကြောက်စရာကောင်းမည်နည်း။

​ဝုန်း ဝုန်း

ယခုအခါ ပါးရှကျောက်ရုပ်မှာ လမ်းဆုံးသို့ ရောက်နေပြီ ဖြစ်သည်။

ဒုတိယအဆင့် ကျွမ်းကျင်သူ သုံးဦး၏ ဝိညာဉ်အာရုံပြုပုံရိပ်များက ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးအတတ်များကို အသုံးပြုနေကြသည်။

ပါးရှကျောက်ရုပ်မှာ ခက်ခက်ခဲခဲသာ တောင့်ခံထားနိုင်သည်။

ကိုယ်ပေါ်ရှိ အက်ကွဲကြောင်းများမှာ ပို၍ များပြားလာသည်။

​ဗုဒ္ဓမီးများ ဝန်းရံနေသော စောင့်ရှောက်ရေး စစ်နတ်ဘုရားမှာ ရုတ်တရက် ပေါ်လာသည်။

​ဘုန်း

လက်သီးတစ်ချက်ဖြင့် ပါးရှကျောက်ရုပ်၏ ဦးခေါင်းကို လှမ်းထိုးလိုက်၏ သူသည် ကူညီရန် လာခြင်းမဟုတ်ပေ။

အခွင့်အရေးကို စောင့်ပြီး ရတနာလုရန် လာခြင်းဖြစ်သည်။

​ဤလက်သီးမှာ မြန်ဆန်ပြီး လေးလံလှသည်

ထို့ပြင် ကြီးကျယ်ခမ်းနားသော ဗုဒ္ဓစွမ်းအားများ ပါဝင်နေသည်။

​ပါးရှကျောက်ရုပ်၏ ခံတွင်းတွင် ခဲထားသော ရှေးဟောင်းတံဆိပ်တုံးငယ်မှာ ချက်ချင်းပင် လွင့်ထွက်သွားတော့သည်။

ထိုဗုဒ္ဓဘာသာ စောင့်ရှောက်ရေး စစ်နတ်ဘုရားက လှမ်းဖမ်းရန် လက်ဆန့်လိုက်၏။

​ဟေးဝူချန်းတို့ သုံးဦးမှာလည်း အရှုံးမပေးလိုပေ။

ဝိညာဉ်တန်ခိုးတော်များကို အပြိုင်အဆိုင် အသုံးပြုကြတော့သည်။

သို့သော် ၎င်းတို့ကို လျိုကျားနတ်မင်း တစ်ပါးက လှမ်းတားလိုက်သည်

​ထိုနှစ်ဦးမှာ သေချာပေါက် သိကျွမ်းသူများ ဖြစ်ကြသည်။

တစ်ဦးကိုတစ်ဦး ကူညီနေခြင်းပင်

​"သောက်ကျိုးနည်း၊ မင်းတို့က အသာလေး လာနှိုက်ချင်တာလား၊ အဲဒီလောက် မလွယ်ဘူး "

ဟေးဝူချန်းက အော်ဟစ် ပြောလိုက်သည်။

​သူသည် ချက်ချင်းပင် လက်ချောင်းများကို ကျစ်လိုက်ပြီး မန္တန်ရွတ်ကာ၊ လက်ထဲရှိ သံခြေကျင်းကို ကောင်းကင်သို့ ပစ်တင်လိုက်သည်။

သံခြေကျင်းမှာ စောင့်ရှောက်ရေး စစ်နတ်ဘုရားကို ဝိုင်းပတ်ပိတ်ဆို့လိုက်တော့သည်။

စောင့်ရှောက်ရေး စစ်နတ်ဘုရား၏ ကိုယ်ပေါ်တွင် ရွှေရောင်မီးတောက်များ ထွက်ပေါ်လာပြီး ဟေးဝူချန်း၏ သံခြေကျင်းကို ပြန်လည်ခုခံနေသည်။

​လူတိုင်းမှာ ရောထွေးပြီး တိုက်ခိုက်နေကြတော့သည်။

စောင့်ရှောက်ရေး စစ်နတ်ဘုရားမှာ လူတိုင်း၏ ပစ်မှတ် ဖြစ်သွား၏။

ဘေးတွင် ပုန်းကွယ်နေသော ဝိညာဉ်ပုံရိပ် အချို့ပင် ဝင်ရောက်တိုက်ခိုက်ရန် မအောင့်နိုင်တော့ပေကောင်းကင်တွင် အဘိုးကြီးနှင့် တိုက်နေသော လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီးမှာ စိတ်ပူလာသည်။

ထိုအဘိုးကြီးမှာ အမှန်ပင် နတ်ဆရာကြီးများ၏ အကြီးအကဲဟောင်း ပီသပေသည်။

ယခုအခါ ကျင့်ကြံဆင့် ကျဆင်းနေသော်လည်း ကိုင်တွယ်ရ အလွန်ခက်ခဲနေဆဲပင်

​ပါးရှကျောက်ရုပ်၏ ခံတွင်းမှ ထွက်လာသည့် ထိုတံဆိပ်တုံးငယ်ကို၊ သူ၏အမြင်တွင် အဆင့်မရှိသော ဤနတ်ရုပ်တုများ လက်ထဲသို့ မကျရောက်စေချင်ပေ။

​"အဘိုးကြီး၊ မင်းနဲ့ငါက အနိုင်အရှုံး ခွဲဖို့ ခက်တယ်၊ အဲဒီအစား ငါတို့ လက်တွဲပြီး ဒီအဆင့်မရှိတဲ့ကောင်တွေကို နှင်ထုတ်ရအောင်၊ ပြီးရင် ဒီပါးရှရဲ့ ရတနာကို အညီအမျှ ခွဲကြမယ် "

​လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီးက အေးစက်စွာ ပြောလိုက်သည်။

ယခုအချိန်တွင်။

ထိုသည်မှာ အကောင်းဆုံး ရွေးချယ်မှုပင်။

လက်တွဲပြီး ဤလူများကို သတ်ပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ပြုလုပ်ရမည်။

မဟုတ်လျှင် ရတနာကို အမှန်ပင် ဆုံးရှုံးရပေလိမ့်မည်။

​သို့သော်လည်း။

အဘိုးကြီး၏ တုံ့ပြန်မှုမှာ မိစ္ဆာဘုရင်ကြီး၏ ထင်မှတ်ချက်ထက် ကျော်လွန်နေသည်။

​"အဓိပ္ပာယ်မရှိတာ မင်း တိုက်ချင်ရင် တိုက်တယ်၊ လက်တွဲချင်ရင် လက်တွဲတယ် ဒီနေရာက မင်းအိမ်များ မှတ်နေလား ခွေးသားရဲ့... "

အဘိုးကြီးက မညှာမတာ ဆဲဆိုလိုက်သည်

မိစ္ဆာဘုရင်ကြီးကို အနည်းငယ်မျှပင် မျက်နှာမပေးပေ။

​လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီးမှာ ခဏမျှ ကြောင်သွားပြီးနောက်၊ ဒေါသအလွန်အမင်း ထွက်သွားတော့သည်။

"မကောင်းတာကိုမှ ရွေးချယ်တာပဲ ဒါဆိုရင်တော့ မင်း သေဖို့သာ ပြင်ပေတော့ "

​သူ၏ ကိုယ်ထည်မှာ သိသိသာသာ ပို၍ ကြီးမားလာပြီး၊ ပတ်ဝန်းကျင်ရှိ မိစ္ဆာမီးတောက်များမှာ အစစ်အမှန်ကဲ့သို့ ထူထဲလာသည်။

သူသည် တောင့်တင်းလှသော ကြွက်သားများပါသည့် လက်တစ်ဖက်ကို အထက်သို့ မြှောက်လိုက်၏။

လက်ဖဝါးအလယ်ရှိ မျက်လုံးကြီးမှာ အလွန်ပင် နက်ရှိုင်းလာသည်။

လက်မောင်းပေါ်တွင် လျှို့ဝှက်ဆန်းပြားသော မန္တန်သင်္ကေတများ ပေါ်လာပြီး၊ လက်ဖဝါးရှိ မျက်လုံးထံသို့ စီးဝင်သွားကြသည်။

​မိစ္ဆာမျက်လုံး

မိစ္ဆာမျက်လုံး ကြည့်လိုက်သည့်နေရာတိုင်းမှာ အဝီစိငရဲသို့ ကျရောက်ကာ ထာဝရ နစ်မြုပ်သွားစေလိမ့်မည်။

၎င်းမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော အစွမ်း ဖြစ်သည်။

​အဘိုးကြီး၏ မျက်လုံးထဲတွင်လည်း ရှားရှားပါးပါး လေးနက်သော အရိပ်အယောင် ပေါ်လာသည်။

ယခင်ကဆိုလျှင်။

သူ သေချာပေါက် အသာလေး ကိုင်တွယ်နိုင်မည် ဖြစ်သည်။

သို့သော် ယခုအခါ တာအိုစိတ်တွင် ဟာကွက် ရှိနေသည်။

ထိုကဲ့သို့သော မိစ္ဆာမျက်လုံး အစွမ်းမှာ သူ့အတွက် အားနည်းချက်ပင် ဖြစ်သည်။

​လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီးမှာ အသက်နှင့်လဲပြီး တိုက်ရန် ပြင်လိုက်ပြီမှာ သေချာသည်။

လက်ဖဝါးရှိ မိစ္ဆာမျက်လုံး မှ ကြောက်မက်ဖွယ် အငွေ့အသက်များ ထွက်ပေါ်နေပြီး၊ နောက်တစ်စက္ကန့်တွင် ပစ်လွှတ်တော့မည် ဖြစ်သည်။

​ရှူး

တောက်ပလှသော ဓားဝိညာဉ်အလင်း တစ်ခု ပေါ်ထွက်လာသည်။

အတားအဆီးအားလုံးကို ဖြတ်ကျော်နိုင်မည့် မောက်မာလှသော အရှိန်အဝါ ပါဝင်နေသည်။

လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီး၏ ညာဘက်ခြမ်းတွင် တိုက်ရိုက် ပေါ်လာသည်။

​လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီးမှာ ပင့်ကူမိစ္ဆာကို အသာလေး သတ်နိုင်သည့် ကျွမ်းကျင်သူပီပီ၊ ယခုအချိန်တွင် ခုခံနိုင်စွမ်း ရှိနေသေးပြီး ဤဓားအလင်းကို တားဆီးရန် လက်မောင်းကို ဆန့်ထုတ်လိုက်သည်။

​ဖွတ်

သူ၏ ဘယ်ဘက်ခြမ်းတွင် ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာသည်။

သွေးချီစွမ်းအားများမှာ သက်တံ့ကဲ့သို့ပင်။

တောက်လောင်နေသော ဧရာမ မီးဖိုကြီး တစ်ခုကဲ့သို့ပင် ဓားတစ်ချက်တည်းဖြင့် သူ အထက်သို့ မြှောက်ထားသော မိစ္ဆာမျက်လုံးပါသည့် လက်မောင်းကို ခုတ်ချပစ်လိုက်သည်။

ဝိညာဉ်ခန္ဓာ ထိခိုက်သွားပြီ ဖြစ်သည်!း

​လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီးမှာ မိမိ၏ ပြတ်တောက်သွားသော လက်မောင်းနေရာကို မယုံကြည်နိုင်စွာ ကြည့်နေပြီး ထို့နောက်တွင် စူးရှစွာ အော်ဟစ်လိုက်တော့သည်။

ဝိညာဉ်ခန္ဓာ ထိခိုက်ဒဏ်ရာရခြင်းမှာ သွေးသားခန္ဓာကိုယ် ဒဏ်ရာရခြင်းထက် အဆပေါင်း ထောင်ချီ၍ ပိုမို နာကျင်လှသည်။

​ထိုဓားချက်ကို လီယန်ချူမှလွဲ၍ မည်သူမျှ ဤမျှ သေသပ်ပြတ်သားစွာ ခုတ်နိုင်မည်မဟုတ်ပေ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းလှသော လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီးပင် လုံဟူရှန်းနတ်ဆရာကြီးကိုပင် ခြိမ်းခြောက်နိုင်သည့် တည်ရှိမှုမျိုး။

လီယန်ချူ၏ ခုတ်ချက်ကြောင့် လက်မောင်းတစ်ဖက် ပြတ်တောက်သွားရသည်။

​အဘိုးကြီး၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

ပါးရှကျောက်ရုပ်၏ ကြီးမားသော ရတနာအခွင့်အရေးကို စွန့်လွှတ်ပြီး၊ မိမိကို အရင်လာကူညီခြင်း ဖြစ်သည်။

​"ရွှမ်ချိန် ရေ၊ မင်းမှာ တပည့်ကောင်း တစ်ယောက် ရထားတာပဲ"

သူ လီယန်ချူကို တစ်ချက်ကြည့်လိုက်ရာ ချီးကျူးဂုဏ်ပြုသည့် အရိပ်အယောင်များ ပြည့်နေသည်။

​လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီး၏ မျက်လုံးများမှာ လျှပ်စီးကဲ့သို့ အေးစက်လှသည်။

"အတင့်ရဲလှချည်လား "

​ထို့နောက် မိစ္ဆာဘုရင်ကြီး၏ မျက်လုံးထဲတွင် နာကျည်းမှုများ ပေါ်လာသည်။

"မင်းကို အရေခွံခွာ၊ အကြောဆွဲပြီး အရိုးတွေကို ပြာဖြစ်အောင် လုပ်ပစ်မယ်၊ အဲဒီအခါကျမှ မင်း ဒီလောက် သတ္တိကောင်းနေဦးမလားဆိုတာ ကြည့်ရသေးတာပေါ့ "

​လီယန်ချူက အေးစက်စွာ လှောင်ရယ်လိုက်သည်။

"ဒါဆိုရင်လည်း သောက်လုံးပြူးပြီး သေချာကြည့်ထားလိုက်လေ "

​သူသည် ခန္ဓာကိုယ်အတွင်းမှ ပူပြင်းထက်မြက်လှသော ယန်စွမ်းအား များကို ကျန်ကျောင်းဓား အတွင်းသို့ ထည့်သွင်းလိုက်သည်။

ကျန်ကျောင်းဓားမှာ ချက်ချင်းပင် တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာ၏။

​ဤဓားမှာ သုံးကြိမ်တိုင်တိုင် အဆင့်မြင့်တင် ခံထားရသဖြင့်၊ ကောင်းကင်နှင့်မြေကြီး ပြောင်းလဲသွားသကဲ့သို့ ထူးခြားလာခဲ့သည်မှာ ကြာပြီဖြစ်သည်။

လီယန်ချူ၏ လက်ထဲတွင် တုန်ခါသံများ ထွက်ပေါ်နေပြီး၊ ထူးဆန်းသော စွမ်းအားတစ်ခုမှာ သူ၏ ခန္ဓာကိုယ်အတွင်း ပဲ့တင်ထပ်နေသည်။

အလွန်ပင် မောက်မာလှ၏

ကျန်ကျောင်း ဓားမှာ လက်ထဲမှ လွတ်ထွက်ကာ ရန်သူကို သတ်ဖြတ်ချင်နေသည့်အလား။

​ရန်သူကို သတ်မည်

​လက်ခြောက်ဖက် မိစ္ဆာဘုရင်ကြီး၏ လက်ထဲတွင် အမည်းရောင် မီးတောက်တစ်ခု ပေါ်လာသည်။

ချက်ချင်းပင် ၁၀ ဆမက ကြီးမားလာ၏ အမည်းရောင် နေမင်းကြီး တစ်စင်းကဲ့သို့ပင်အရာအားလုံးကို ဖျက်ဆီးပစ်နိုင်မည့် မောက်မာလှသော အငွေ့အသက်များ ထွက်ပေါ်နေတော့သည်။

All Chapters