အခန်း (၈၅၃-၈၅၄)
Vol. 86 Ch. 853-854
အခန်း (၈၅၃) တစ်ခုက တစ်ခုပဲ
"ဆရာ... ခမည်းတော်က ပြောတယ် မီးတောက်နိုင်ငံ ကသာ မဟာရှထဲကို ပူးပေါင်းဝင်ရောက်ဖို့ ထပ်ပြီးငြင်းဆန်နေဦးမယ်ဆိုရင် မကြာခင်မှာ စစ်တပ်စေလွှတ်ပြီး တိုက်ခိုက်တော့မယ်တဲ့ ဒီကိစ္စကို... သမီး ခမည်းတော်ကို ဖျောင်းဖျကြည့်ပါသေးတယ် ဒါပေမဲ့ ခမည်းတော်က သဘောမတူဘူး"
အဝေးမှ ပုံရိပ်နှစ်ခုသည် တစ်ဦးနောက်တစ်ဦး နန်းတော်ဘက်သို့ လျှောက်လာကြသည်။
အနည်းငယ် နောက်ကျပြီး လိုက်ပါလာသူမှာ ပိုမိုရင့်ကျက်လာပုံရသည့် ဆဌမမင်းသမီး ပင် ဖြစ်သည်။
သူမသည် သူမ၏ဆရာဖြစ်သူကို တစ်စုံတစ်ခု ရှင်းပြနေခြင်း ဖြစ်သည်။
ဆယ်စုနှစ်ပေါင်းများစွာ အချိန်ကာလသည် တာအိုမီးတိမ်တိုက် ကဲ့သို့သော အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူအတွက်မူ သိပ်မကြာလှသဖြင့် သူမ၏ ရုပ်သွင်မှာ ပြောင်းလဲမှု မရှိပေ။
ဆဌမမင်းသမီး၏ လက်ရှိကျင့်ကြံမှုမှာမူ အဆင့် (၁၀) ချီသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
တာအိုမီးတိမ်တိုက်က မျက်မှောင်ကြုတ်လိုက်ပြီး
"မီးတောက်နိုင်ငံက ဘယ်တုန်းကမှ သူတစ်ပါးအပေါ် ရန်မမူခဲ့သလို မဟာရှနဲ့လည်း ဘာပြဿနာမှ မရှိခဲ့ဖူးဘူး မင်းခမည်းတော်ရဲ့ ဒီလုပ်ရပ်က တကယ်ကို မသင့်တော်ဘူး"
"နိုင်ငံနှစ်ခု စစ်ဖြစ်ပြီဆိုရင် သာမန်လူတွေကို ထားလိုက်ဦး၊ ငါတို့လို ကျင့်ကြံသူတွေတောင် အသေအပျောက် များနိုင်တယ် တကယ်လို့ မီးတောက်နိုင်ငံက မဟာရှထဲကို ပူးပေါင်းဝင်ရောက်သွားခဲ့ရင် ဂိုဏ်းအသီးသီးရဲ့ ဝိညာဉ်တောင်တွေနဲ့ ဝိညာဉ်စမ်းရေတွင်းတွေကို ဘယ်လို ခွဲဝေကြမလဲ"
"ခမည်းတော်က ပြောတယ် မီးတောက်နိုင်ငံရဲ့ ကျင့်ကြံခြင်းလောက အခြေအနေကို ထိခိုက်စေမှာ မဟုတ်ဘူးတဲ့"
ဆဌမမင်းသမီးက ခါးသီးစွာ ပြုံးလျက် ပြောသည်။
"မဟာရှက ဒီနှစ်ပိုင်းအတွင်းမှာ အင်တိုက်အားတိုက် နယ်မြေချဲ့ထွင်နေတာ အဆင့် ၅ ဒါမှမဟုတ် အဆင့် ၄ အင်ပါယာတွေရဲ့ သတိပြုမိတာကို ခံရဖို့က မလွဲမသွေပဲ တကယ်လို့ ယွမ်ချန်းနိုင်ငံ နဲ့ ယူရှန်းနိုင်ငံ တို့က ဒီကိစ္စကို သိသွားခဲ့ရင် မဟာရှက ဘယ်လို အခြေအနေမျိုးနဲ့ ရင်ဆိုင်ရမလဲ သိလား"
တာအိုမီးတိမ်တိုက်က သက်ပြင်းအသာချလိုက်သည်
"ခဏနေရင် မင်းခမည်းတော်နဲ့ တွေ့တဲ့အခါ မင်းလည်း ဝင်ပြီး ဖျောင်းဖျပေးဖို့ မျှော်လင့်ပါတယ်"
စကားပြောနေစဉ်မှာပင် သူတို့နှစ်ဦးမှာ နန်းတော်တံခါးဝသို့ ရောက်ရှိလာကြသည်။
နန်းတော်ထဲသို့ ဝင်ရန် ပြင်လိုက်စဉ် ဘေးနားတွင် ရပ်နေသော တာအိုဆရာတစ်ဦးကို တွေ့ရှိလိုက်ရသည်။
တာအိုမီးတိမ်တိုက်၏ မျက်လုံးများ လှုပ်ရှားသွားပြီး၊ ထိုတာအိုဆရာ၏ ကိုယ်ပေါ်မှ ထူးခြားလှသော လောကုတ္တရာ အရှိန်အဝါတစ်ခုကို ခံစားလိုက်ရသဖြင့် ချက်ချင်းပင် လက်အုပ်ချီလိုက်သည်
"တာအိုမိတ်ဆွေ..."
"တာအိုမီးတိမ်တိုက် ၊ မင်းသမီးလေး... နှစ်အတော်ကြာ မတွေ့ရပေမဲ့ အရှိန်အဝါတွေက အရင်အတိုင်းပါပဲလား"
ဖန့်ချန်က ပြုံးလျက် ခေါင်းညိတ်ပြသည်။
အမျိုးသမီးနှစ်ဦးစလုံးမှာ ကြောင်သွားကြသည်။
တစ်ဖက်လူက သူတို့၏ အမည်နာမများကို ချက်ချင်း ပြောနိုင်သည်ဆိုကတည်းက ရင်းနှီးသော မိတ်ဆွေဟောင်းတစ်ဦး ဖြစ်ရပေလိမ့်မည်။
နောက်တစ်စက္ကူတွင် ဆဌမမင်းသမီးမှာ အသက်ကို ပြင်းပြင်းရှူလိုက်မိပြီး အသံတုန်တုန်ဖြင့် ပြောလိုက်သည်
"ရှင်... ရှင်က ဖန့်ချန်လား"
"ဖန့်ချန်... တာအိုမိတ်ဆွေဖန့်"
ဟော်ယွန်းတာအိုမယ်၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ ဖြစ်ပေါ်လာသည်။
သူမ ဖန့်ချန်ကို နောက်ဆုံးတွေ့ခဲ့သည်မှာ မဟာချန်း တွင် ဖြစ်သည်။
ထိုနေ့က ဖန့်ချန်သည် ဓားတစ်ချက်ဖြင့် ဝိညာဥ်သန္ဓေသားအဆင့်ကို ဒဏ်ရာရစေခဲ့သည်ကို သူမ ကိုယ်တိုင် မြင်တွေ့ခဲ့ရသလို၊ သူ၏ ကိုယ်ပိုင်အသက်အရွယ်များကိုလည်း ဖြတ်တောက်ကာ ကျောက်ခေါင်းထဲတွင် မြှုပ်နှံခဲ့သည်ကို မြင်ခဲ့ရသည်။
ထို့နောက် နှစ်ပေါင်းများစွာကြာသောအခါ ဖန့်ချန် ပြန်လည်ရှင်သန်လာသည်ဟု သူမ ကြားသိခဲ့ရသော်လည်း၊ ၎င်းမှာ ကောလာဟလမျှသာ ဖြစ်သဖြင့် အတည်မပြုနိုင်ခဲ့ပေ။
ယခု လူကိုယ်တိုင် တွေ့လိုက်ရမှသာ ထိုကောလာဟလမှာ အမှန်ဖြစ်ကြောင်း သက်သေပြနိုင်တော့သည်။
တာအိုမီးတိမ်တိုက်မှာ မပေါ့ဆရဲတော့ဘဲ ရိုသေစွာ ဂါရဝပြုလိုက်သည်
" တာအိုမိတ်ဆွေဖန့်ကို ဂါရဝပြုပါတယ်"
သူမသည် ဖန့်ချန်၏ ကျင့်ကြံမှုကို မမြင်နိုင်သော်လည်း၊ လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက ဖန့်ချန်၏ ဓားမှာ ဝိညာဥ်သန္ဓေသားအဆင့်ကို သတ်နိုင်ခဲ့သည်ဖြစ်ရာ၊ ယခု ဆယ်စုနှစ်များစွာ ကြာပြီးနောက်တွင် အခြေခံတည်ဆောက်ခြင်း အစဦးအဆင့်မျှသာ ရှိသေးသော သူမထက် မည်သို့ပင်ဆိုစေ ပိုမို အစွမ်းထက်ပေလိမ့်မည်။
"တာအိုမိတ်ဆွေက ဒီကိုလာတာ ရှရွှမ်ကျိ နဲ့ တွေ့ဖို့လား"
ဖန့်ချန်က ပြုံးလျက် မေးသည်။
ဆဌမမင်းသမီးသည် ဖန့်ချန်က သူမ၏ ခမည်းတော်အမည်ကို တိုက်ရိုက်ခေါ်လိုက်သည်ကို ကြားသောအခါ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသော်လည်း၊ ယခုအချိန်တွင် ဘာမှ မပြောရဲပေ။
ကျင့်ကြံခြင်းလောကရှိ အဆင့်အတန်းအရဆိုလျှင် ရှေ့မှ ပုဂ္ဂိုလ်မှာ သူမ၏ ခမည်းတော်ထက် နိမ့်ကျလိမ့်မည် မဟုတ်ပေ။
တာအိုမီးတိမ်တိုက်မှာ ထိုအခါမှ သတိဝင်လာသည်။
ဤပုဂ္ဂိုလ်၏ လောကီအဆင့်အတန်းမှာ မဟာရှ၏ စစ်သူကြီးတစ်ဦး မဟုတ်ပါလား...။
သူမ၏ မျက်နှာမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲသွားပြီးနောက် ခါးသီးစွာ ပြုံးလိုက်သည်
"အခုကြည့်ရတာတော့... တွေ့တာနဲ့ မတွေ့တာက ဘာမှ ထူးခြားတော့မှာ မဟုတ်ဘူးထင်တယ်..."
"ဘာလို့ မထူးခြားရမှာလဲ၊ ငါကိုယ်တိုင်လည်း မီးတိမ်မိတ်ဆွေရဲ့ ထူးခြားတဲ့ အမြင်တွေကို နားထောင်ချင်ပါသေးတယ်"
သူတို့၏ နောက်ကွယ်မှ ဟိန်းထွက်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။
နန်းတော်တံခါးဝတွင် တောင်ကြီးတစ်လုံးကဲ့သို့ ခန့်ညားထည်ဝါသော ပုံရိပ်တစ်ခုမှာ လက်ကို နောက်ပစ်ကာ ရပ်နေပြီး၊ သူ၏ ဘေးပတ်ပတ်လည်တွင် အစောင့်များနှင့် မိန်းမစိုးများစွာ ဝန်းရံထားသည်။
ရှရွှမ်ကျိ၏ မျက်နှာတွင် အပြုံးအနည်းငယ် ရှိနေပြီး သူ၏ အကြည့်မှာ ဖန့်ချန်ပေါ်သို့ ကျရောက်နေသည်
"ဖန့်ချန်... မင်းက ဝိညာဥ်သန္ဓေသားအဆင့် တက်လှမ်းဖို့ ကြိုးစားရင်း ကျရှုံးပြီး သေဆုံးသွားပြီလို့ ငါ ထင်နေခဲ့တာ အခုကြည့်ရတာတော့ မင်းရဲ့ အသက်က ငါထင်ထားတာထက် ပိုမာနေပါလား၊ စိတ်ဝင်စားဖို့ ကောင်းတယ်"
"ဝိညာဥ်သန္ဓေသား တက်လှမ်းဖို့ ကြိုးစားခဲ့တာ ဒီပုဂ္ဂိုလ်က ဝိညာဥ်သန္ဓေသားအဆင့်ကိုတောင် ရောက်ဖို့ ကြိုးစားခဲ့တာလား "
တာအိုမီးတိမ်တိုက်မှာ အသက်ရှူပင် မှားသွားပြီး ဖန့်ချန်ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိသည်။
ဆဌမမင်းသမီးမှာလည်း ရှရွှမ်ကျိ၏ စကားထဲမှ အဓိပ္ပာယ်ကို ခဏချင်းအတွင်း နားလည်သွားပြီး ဖန့်ချန်ကို မယုံနိုင်စွာ ကြည့်နေမိသည်။
ဝိညာဥ်သန္ဓေသား... ဆယ်စုနှစ် အနည်းငယ်အတွင်းမှာပဲ တစ်ဖက်လူက ဒီအဆင့်အထိ ရောက်နေပြီလား
သာမန်ကျင့်ကြံသူတွေဟာ နှစ်ပေါင်းရာချီ ကြိုးစားရင်တောင် ဒီအဆင့်ကို ရောက်ဖို့ မလွယ်ကူတာ မဟုတ်ပါလား
တာအိုမီးတိမ်တိုက်၏ မျက်လုံးထဲမှ ရိုသေလေးစားမှုများမှာ ပိုမို တိုးပွားလာတော့သည်။
သူမသည် ဝိညာဥ်သန္ဓေသား တက်လှမ်းရာတွင် ကျရှုံးခြင်းမှာ ဘာကို ဆိုလိုသလဲဆိုသည်ကို မသိသော်လည်း၊ ဖန့်ချန်မှာ ကျရှုံးခဲ့လျှင်တောင် အနည်းဆုံး ရွှေအမြုတေ အထွတ်အထိပ် ကျင့်ကြံမှု ရှိနေဆဲ ဖြစ်မည်ဟု သူမ ထင်မှတ်ထားသည်။
"အရှင်မင်းကြီးရဲ့ နည်းလမ်းတွေကလည်း ငါ ရဲ့ ထင်မှတ်ချက်ကို ကျော်လွန်နေပါတယ်"
ဖန့်ချန်က တည်ငြိမ်စွာ ပြုံးလိုက်သည်။
သူတို့နှစ်ဦး၏ စကားပြောသံကို ကြားသောအခါ ရှရွှမ်ကျိ၏ ဘေးမှ အစောင့်များနှင့် မိန်းမစိုးများမှာ ထိတ်လန့်သွားကြပြီး၊ ရှေ့မှ တာအိုဆရာကို တိတ်တဆိတ် အကဲခတ်နေကြသည်။
ဤမျှ နှစ်ပေါင်းများစွာအတွင်း သူတို့သည် ထိုပုဂ္ဂိုလ်၏ အမည်ကို ကောလာဟလများထဲတွင်သာ ကြားဖူးခဲ့ကြပြီး၊ ယခုမှသာ လူကိုယ်တိုင် မြင်တွေ့ရခြင်း ဖြစ်သည်။
ကြားဖူးသည်မှာ မဟာရှ၏ ယခင်ဧကရာဇ် ရှယွမ် ပင်လျှင် ထိုပုဂ္ဂိုလ်၏ ပံ့ပိုးမှုကြောင့်သာ ထီးနန်းကို ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြသည်။
"ဒီနေရာက စကားပြောဖို့ မသင့်တော်ဘူး၊ နှစ်ယောက်လုံး ငါနဲ့အတူ ဥယျာဉ်ထဲကို သွားပြီး ထိုင်ကြရအောင်"
ရှရွှမ်ကျိက ပြုံးလျက် ပြောသည်။
နန်းတွင်းဥယျာဉ်
တာအိုမီးတိမ်တိုက်မှာ အနည်းငယ် တောင့်တောင့်ကြီး ထိုင်နေသည်။
ရှရွှမ်ကျိနှင့် နှိုင်းယှဉ်ပါက ဖန့်ချန်၏ အဆင့်အတန်းက သူမ၏ စိတ်ထဲတွင် ပိုမို မြင့်မားနေသည်။
ထိုသုံးဦး၏ ရှေ့တွင် ဆဌမမင်းသမီးမှာ ထိုင်ရန် အဆင့်မရှိသဖြင့် အနားတွင် ရိုသေစွာ မတ်တပ်ရပ်နေရသော်လည်း၊ သူမ၏ အကြည့်များမှာ ဖန့်ချန်ဘက်သို့ ခဏခဏ ရောက်နေပြီး စပ်စုလိုစိတ်နှင့် သံသယများ ပြည့်နှက်နေသည်။
"မီးတိမ်မိတ်ဆွေ... မင်း ဘာအကြောင်းကြောင့် လာတာလဲ အရင်ပြောပါဦး"
ရှရွှမ်ကျိက တာအိုမီးတိမ်တိုက်ကို ကြည့်ကာ ပြုံးလျက် မေးသည်။
"တာအိုမိတ်ဆွေရှ မီးတောက်နိုင်ငံရဲ့ ဘုရင့်မိသားစုတွေက ကျုပ်နဲ့ မဟာရှကြားမှာ ရေစက်ရှိတာကို သိထားကြတယ်၊ ဒါကြောင့် ကျုပ်ကို ကိုယ်စားစေလွှတ်ပြီး မေးခိုင်းလိုက်တာပါ နိုင်ငံနှစ်ခု စစ်မဖြစ်လို့ မရဘူးလား "
တာအိုမီးတိမ်တိုက်မှာ အံကြိတ်ကာ သူမ လာရခြင်းအကြောင်းကို ပြောလိုက်သည်။
သူမ စကားကို လှည့်ပတ်မနေချင်တော့ပေ၊ ယခု ဖန့်ချန်လည်း ရှိနေသဖြင့် ပွင့်ပွင့်လင်းလင်း ပြောခြင်းက အကောင်းဆုံး ဖြစ်သည်။
အကယ်၍ တစ်ဖက်လူက သဘောမတူပါက သူမသည်လည်း မီးတောက်နိုင်ငံအတွက် နောက်ထပ် စကားတစ်ခွန်းမှ ပြောတော့မည် မဟုတ်ပေ။
ထိုကိစ္စတွင် ပါဝင်ပတ်သက်နေသော အဆင့်အတန်းမှာ သူမကဲ့သို့ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဝင်ရောက်စွက်ဖက်ရန် မစွမ်းသာတော့ပေ။
"မင်း ပြန်သွားပြီး သူတို့ကို ပြောလိုက်လို့ ရပါတယ် ဒီစစ်ပွဲကို မတိုက်ဘဲ နေလို့ ရတယ် ဒါပေမဲ့ သူတို့က ငါ့ရဲ့ မဟာရှ နယ်နိမိတ်ထဲကို ပူးပေါင်းဝင်ရောက်ဖို့ လိုအပ်မယ်"
ရှရွှမ်ကျိက ပြုံးလျက် ပြောသည်
"ဒါက မခက်ခဲပါဘူး မဟုတ်လား မီးတောက်နိုင်ငံရဲ့ အထက်နိုင်ငံက မဟာချန်း ပဲ၊ သူတို့ကို အခွန်ဆက်သတာနဲ့ မဟာရှကို အခွန်ဆက်သတာ ဘာထူးလို့လဲ"
တာအိုမီးတိမ်တိုက်မှာ ခါးသီးစွာ ပြုံးလိုက်ပြီး ဖန့်ချန်ဘက်ကို တိတ်တဆိတ် ကြည့်လိုက်သည်။
ခဏမျှ စဉ်းစားပြီးနောက် သူမ တိုးတိုးလေး ပြောလိုက်သည်
"သူတို့က တကယ်လို့ မဟာချန်းက ဒီကိစ္စထဲကို ဝင်ပါလာရင် အကျိုးဆက်က မှန်းဆလို့ မရမှာကို ကြောက်နေကြတာပါ..."
"မဟာချန်းလား မဟာချန်းကိုလည်း ငါ တိုက်မှာပဲ နောင်ကျရင် ဒီ တိမ်မြုပ်နယ်မြေ တစ်ခုလုံးက ငါ့ရဲ့ မဟာရှ နယ်နိမိတ် ဖြစ်လာလိမ့်မယ်"
ရှရွှမ်ကျိက ပွင့်လင်းစွာ ရယ်မောလျက် ပြောသည်
"သူတို့ကို အများကြီး မစဉ်းစားခိုင်းပါနဲ့ ကံတရား (သို့မဟုတ်) နတ်ဘုရားအလိုတော်အတိုင်း လိုက်နာဖို့ပဲ ပြောလိုက်ပါ"
"ကံတရားအတိုင်း လိုက်နာဖို့ ဟုတ်လား"
ဖန့်ချန်က ပြုံးလိုက်သည်
"ရှရွှမ်ကျိ... မင်းက မင်းကိုယ်မင်း ကောင်းကင်ဘုံလို့ သဘောထားပြီး မင်းရဲ့ အမိန့်က ကောင်းကင်ဘုံရဲ့ အလိုတော်လို့ ပြောနေတာလား"
"ဖန့်ချန်... မင်းနဲ့ ငါ့ကြားမှာ နားလည်မှုလွဲတာတွေ ရှိတာ ငါသိပါတယ် ဒါပေမဲ့ ဒီကိစ္စက မဟာရှအတွက် ဘာမှ ဆိုးကျိုးမရှိဘူး မင်းသာ ငါ့ကို တားဆီးမယ်ဆိုရင် မင်းရဲ့ အဒေါ် ကို စိတ်မကောင်း ဖြစ်စေလိမ့်မယ် မင်း မသိသေးဘူး ထင်တယ် ငါနဲ့ သူနဲ့ကြားမှာ သမီးလေးတစ်ယောက် ရှိနေပြီ"
ရှရွှမ်ကျိက ပြုံးလျက် အဝေးသို့ လက်လှမ်းပြလိုက်သည်
"ယွန်းရှင်း... လာခဲ့ပါဦး မင်းရဲ့ ဝမ်းကွဲအစ်ကိုနဲ့ လာတွေ့ဦး"
ရှယွန်းရှင်း လေးသည် နန်းတွင်းသူအချို့၏ ခြံရံမှုနှင့်အတူ ဖန့်ချန်ကို စပ်စုစွာ ကြည့်နေသော်လည်း တိုက်ရိုက် မလာရဲဘဲ ဆဌမမင်းသမီး၏ ခြေထောက်ကို ဖက်ထားကာ
"အစ်မကြီး... သမီး ကြောက်တယ်"
"သူက မင်းရဲ့ အစ်ကိုပဲ၊ မကြောက်ပါနဲ့"
ဆဌမမင်းသမီးက ချစ်ခင်စွာ ပြုံးလျက် ရှယွန်းရှင်းလေးကို လက်ဆွဲကာ ဖန့်ချန်၏ ရှေ့သို့ ခေါ်လာပေးသည်။
"လာပါဦး"
ဖန့်ချန်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး ရှယွန်းရှင်းလေးကို လက်လှမ်းခေါ်လိုက်သည်။
မူလက အနည်းငယ် ကြောက်နေသော ရှယွန်းရှင်းလေးမှာ ရှေ့မှ အလွန်ချောမောလှပသော အစ်ကိုကြီးက သူမကို အလွန်ရင်းနှီးသော ခံစားချက်မျိုး ပေးစွမ်းနေသည်ဟု ရုတ်တရက် ခံစားလိုက်ရသဖြင့် အလိုအလျောက်ပင် ဖန့်ချန်၏ ရှေ့သို့ လျှောက်သွားမိသည်။
"အရမ်း ချစ်ဖို့ကောင်းတာပဲ"
ဖန့်ချန်က ရှယွန်းရှင်းလေး၏ ပါးကို အသာအယာ ဆွဲလိုက်ပြီးနောက် ရှရွှမ်ကျိကို ကြည့်လိုက်သည်
"တစ်ခုက တစ်ခုပဲ မင်း ပွင့်ပွင့်လင်းလင်းပဲ ပြောရအောင် မဟာရှရဲ့ စစ်သည် ခြောက်သိန်းရဲ့ ဝိညာဉ်တွေဟာ စကားလုံး အနည်းငယ်နဲ့တင် ဖျက်ပစ်လို့ ရနိုင်မှာ မဟုတ်ဘူး"
ဆဌမမင်းသမီးမှာ အလွန်အံ့အားသင့်သွားပြီး သူမ၏ မျက်လုံးများထဲတွင် သံသယများ ဖြစ်ပေါ်လာသည်။
မဟာရှရဲ့ စစ်သည် ခြောက်သိန်းရဲ့ ဝိညာဉ်တွေ ဟုတ်လား အဲဒါက သူမရဲ့ ခမည်းတော်နဲ့ ဘာဆိုင်လို့လဲ
တာအိုမီးတိမ်တိုက်၏ မျက်လုံးများလည်း လှုပ်ရှားသွားသည်။
ကြည့်ရသည်မှာ... တာအိုမိတ်ဆွေဖန့်နဲ့ မဟာရှဧကရာဇ် ရှရွှမ်ကျိ တို့ကြားမှာ... ပြေလည်မှု မရှိကြတာ သိသာလှပေသည်။
အခန်း (၈၅၄) မင်းအဘိုးကို သွားမေးလိုက်ပါ
"မင်းတို့ အရင်ဆင်းသွားကြတော့"
ရှရွှမ်ကျိက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တာအိုမီးတိမ်တိုက်တို့ လူစုကို လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
တာအိုမီးတိမ်တိုက်သည် ထူးဆန်းသော မျက်နှာထားဖြင့် မတ်တပ်ရပ်ကာ ဂါရဝပြုလိုက်ပြီး၊ ဆဌမမင်းသမီးတို့ လူစုနှင့်အတူ လှည့်ထွက်သွားတော့သည်။
သူတို့ ထွက်သွားပြီးနောက် ရှရွှမ်ကျိက ဖန့်ချန်ကို ပြုံးစစဖြင့် ကြည့်လိုက်သည်
"မင်းက ငါ့ကို တားချင်တာလား... ငါ မင်းကို သတ်လိုက်မှာကို မကြောက်ဘူးလား"
"မင်း စမ်းကြည့်လို့ရပါတယ်"
ဖန့်ချန်က ရယ်လျက် ပြန်ပြောသည်။
ရှရွှမ်ကျိက မျက်လုံးကို အသာအယာ မှေးလိုက်ပြီး ဖန့်ချန်ကို အကဲခတ်လိုက်သည်
"မင်း ရှကျီ နဲ့ တွေ့ခဲ့ပြီးပြီ ထင်တယ်"
ဖန့်ချန်၏ မျက်လုံးထဲတွင် အပြုံးများ ပိုမို တောက်ပလာသည်။
ကြည့်ရသည်မှာ တစ်ဖက်လူက ပွင့်ပွင့်လင်းလင်း ပြောတော့မည့်ပုံပင်၊ ၎င်းက ကောင်းသော လက္ခဏာဖြစ်သည်။
ဟိုဟိုဒီဒီ ခန့်မှန်းနေမည့်အစား သူ့ပါးစပ်ကနေ အမှန်တရားကို သိရတာက ပိုကောင်းပေသည်။
"ငါ နေပြည်တော်မှာ ရှကျီ နဲ့ တွေ့ခဲ့တယ် သူက အခု နဂါးစားဘုရင်ရဲ့ မွေးစားသား ဖြစ်နေပြီ သူပြောတာတော့ နဂါးစားဘုရင်ရဲ့ ရုပ်သွင်က မင်းနဲ့ တစ်ပုံစံတည်းပဲတဲ့"
ဖန့်ချန်က ပြုံးလျက် ပြောသည်။
ရှရွှမ်ကျိက ရယ်မောလိုက်သည်
"ဒါဆိုရင် ငါကပဲ နဂါးစားဘုရင် ဖြစ်နေမှာကို မင်းမကြောက်ဘူးလား တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က မင်းကို ကိုင်တွယ်ဖို့ဆိုတာ မျက်တောင်တစ်ခတ်စာတောင် ကြာမှာမဟုတ်ဘူးနော်"
"နဂါးစားဘုရင် ဖြစ်တော့ရော ဘာဖြစ်လဲ ဂိုဏ်းချုပ်အဆင့် ထက် ပိုပြီး အစွမ်းထက်လို့လား"
ဖန့်ချန်၏ မျက်နှာတွင် အပြုံးများ ပိုမို တိုးပွားလာသည်
"တကယ်လို့ မင်းက နဂါးစားဘုရင် အစစ်ဆိုရင်လည်း မင်းရဲ့ ကိုယ်ပွားမဟုတ်ဘဲ မူရင်းကိုယ်ထည်နဲ့ပဲ လာခဲ့လိုက်ပါ ငါ ဒီမှာပဲ စောင့်နေမယ်"
ရှရွှမ်ကျိ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားပြီး အပြုံးများ မှေးမှိန်သွားကာ မသိမသာ မေးလိုက်သည်
"အော်... မင်းနောက်မှာ ဂိုဏ်းချုပ်တစ်ယောက် ပါလာတာလား ဟို တောရိုင်းကျောင်းတော် က ပုဂ္ဂိုလ်လား "
"မင်း ခန့်မှန်းကြည့်လေ"
ဖန့်ချန်က ရယ်လျက် ပြောသည်။
ရှရွှမ်ကျိက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းအသာချလိုက်သည်
"ပြောစမ်းပါဦး၊ မင်း ဘာလုပ်ချင်တာလဲ "
"ငါ ဘာလုပ်ချင်တာလဲဆိုတာထက် မင်း ဘာလုပ်ချင်တာလဲဆိုတာကို ပြောရမှာ တကယ်လို့ မင်း သေသေချာချာ မရှင်းပြနိုင်ဘူးဆိုရင် နဂါးစားဘုရင်က မင်းရဲ့ ကိုယ်ထည်အစစ် ဖြစ်ဖြစ် မဖြစ်ဖြစ် မင်းနဲ့ ရုပ်ချင်းတူနေသရွေ့ ငါ သူ့ဆီကို လူကိုယ်တိုင် လာခဲ့မှာပဲ"
ဖန့်ချန်က ပြောသည်။
"တောရိုင်းကျောင်းတော်က ပုဂ္ဂိုလ်က မင်းကို ဒီလောက်တောင် အလိုလိုက်ထားတာလား "
ရှရွှမ်ကျိ၏ မျက်နှာ ပျက်သွားသည်။
ဖန့်ချန်က ပြုံးနေရုံသာ ရှိပြီး ဘာမှ ပြန်မပြောဘဲ ရှရွှမ်ကျိကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ရှရွှမ်ကျိက သက်ပြင်းအသာချလိုက်သည်
"ဟုတ်တယ်၊ ငါက အဲဒီ နဂါးစားဘုရင်ပဲ"
"မင်းက နဂါးစားဘုရင်ရဲ့ ကိုယ်ပွား လား"
ဖန့်ချန်က တည်ငြိမ်စွာ မေးသည်။
"ကိုယ်ပွား"
ရှရွှမ်ကျိက အေးစက်စွာ ရယ်မောလိုက်သည်
"ငါက နဂါးစားဘုရင် အစစ် ပဲ အခု မြောက်ပိုင်းကျွန်းစုမှာ ရှိနေတဲ့သူကမှ ငါ့ရဲ့ ကိုယ်ပွား ဖြစ်တာ"
ဖန့်ချန် မျက်မှောင်ကြုတ်သွားသည်
"နောက်မနေနဲ့ ဒါက မရယ်ရဘူး"
"နောက်တာလား"
ရှရွှမ်ကျိက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ရယ်လိုက်သည်
"မင်း ယုံမှာမဟုတ်ဘူးဆိုတာ ငါသိပါတယ် ဒါပေမဲ့ ဒါက အမှန်တရားပဲ မင်း ယုံယုံ မယုံယုံ ငါကမှ တကယ့် နဂါးစားဘုရင် အစစ်ပဲ"
"မင်းက နဂါးစားဘုရင်ဆိုရင် အရင်တုန်းက မင်းရဲ့ ကျင့်ကြံမှုက ဘာလို့ အခြေခံတည်ဆောက်ခြင်းအဆင့်ပဲ ရှိရတာလဲ၊ ပြီးတော့ ငါ့လက်ထဲမှာ တစ်ခါတောင် သေခဲ့သေးတယ် မဟုတ်လား"
ဖန့်ချန်က ဆက်ပြောသည်
"ဒါအပြင် နဂါးစားဘုရင်လို ပုဂ္ဂိုလ်မျိုးက သွေးဝိညာဉ်ဂိုဏ်းထဲကို ဝင်ပြီး သွေးဝိညာဉ်ဆေးလုံး အနည်းငယ်အတွက် ကြံစည်နေစရာ လိုလို့လား "
"ဝိညာဉ်နတ်ဘုရားဂိုဏ်း ထဲ ဝင်တာလား "
ရှရွှမ်ကျိက ခဏမျှ စဉ်းစားပြီးနောက် ခေါင်းယမ်းလိုက်သည်
"ဒီကိစ္စတွေကို မင်းကို ပြောပြလည်း အပိုပဲ၊ ငါ့မှာ ငါ့အစီအစဉ်နဲ့ ငါရှိတယ် မင်း သိထားဖို့က ငါနဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်းကြားက ပတ်သက်မှုက မင်းထင်သလို မဟုတ်ဘူး အဲဒါက တော်တော်လေး ရှုပ်ထွေးတယ်"
"ငါပြောတာက သွေးဝိညာဉ်ဂိုဏ်း ကို ပြောတာ"
ဖန့်ချန်က တိုးတိုးလေး ပြောလိုက်သည်။
ရှရွှမ်ကျိက ခဏမျှ ကြောင်သွားပြီးမှ ခေါင်းညိတ်သည်
"ဟုတ်တယ်၊ သွေးဝိညာဉ်ဂိုဏ်းပဲ မင်း ဒီနေ့ ဒီကို ရောက်လာတာဆိုတော့ မင်းရဲ့ စရိုက်အရ ဒီကာလအတွင်း ငါ ဘာတွေလုပ်နေလဲဆိုတာကို စုံစမ်းပြီးလောက်ပြီ အခု ငါလုပ်နေသမျှ အားလုံးက သွေးဝိညာဉ်ဂိုဏ်းနဲ့ မသက်ဆိုင်သလို မဟာရှအတွက်လည်း ဘာဆိုးကျိုးမှ မရှိဘူး၊ ဒါကြောင့် စိတ်ချလိုက်ပါ"
"မင်းကို ငါ ဘယ်လို စိတ်ချရမှာလဲ မင်း ခုနကပဲ ဝိညာဉ်နတ်ဘုရားဂိုဏ်းလို့ ပြောလိုက်ပြီလေ"
ဖန့်ချန်က ဆက်ပြောသည်
"တကယ်လို့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မပြောဘူးဆိုရင် ငါက မှားပြီး သတ်မိရင် သတ်မိပါစေလက်လွတ်မခံတတ်ဘူးဆိုတာ မင်းသိသားပဲ မင်းက ငါ့ရဲ့ အဒေါ်နဲ့ ပတ်သက်နေတဲ့သူ ဖြစ်နေရင်တောင် ဘာထူးမှာလဲ"
"မင်း ဘာကို ဆိုလိုတာလဲ"
ရှရွှမ်ကျိ မျက်မှောင်ကြုတ်သွားသည်။
"အချို့နေရာတွေမှာ သွေးဝိညာဉ်ဂိုဏ်းကို ဝိညာဉ်နတ်ဘုရားဂိုဏ်းလို့ ခေါ်ကြတယ်လို့ ငါကြားဖူးတယ်"
ဖန့်ချန်က ရှရွှမ်ကျိကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
အခြေအနေက တစ်စုံတစ်ခုကို ဦးတည်သွားပြီဖြစ်သည်။
ထိုနဂါးစားဘုရင်သည် အပြင်ဘက်နယ်မြေ မှ လာသူဖြစ်နိုင်ပြီး ရှေးဟောင်းနယ်မြေက လူ မဟုတ်ဖို့ များနေပြီ။
"မင်း ဒါကို ဘယ်က ကြားတာလဲ"
ရှရွှမ်ကျိ၏ မျက်နှာ အရောင်ပြောင်းသွားသည်။
"ငါ ဘယ်ကကြားတာလဲ ငါမသိဘူး၊ မင်းပဲ ငါ့ကို ပြောပြလေ"
ဖန့်ချန်က ပြုံးလျက် ပြောသည်။
"မင်း ပျောက်ကွယ်နေတဲ့ အချိန်တုန်းက အပြင်ဘက်နယ်မြေကို ရောက်သွားတာလား ဘယ်ဂိုဏ်းချုပ်က မင်းကို ပို့ပေးလိုက်တာလဲ ဘယ်နယ်မြေကို ရောက်ခဲ့တာလဲ"
ရှရွှမ်ကျိ၏ မျက်နှာထားမှာ အနည်းငယ် လေးနက်သွားသည်။
ဖန့်ချန်က ပြုံးနေရုံသာရှိပြီး ဘာမှ ပြန်မဖြေသည်ကို မြင်သောအခါ ရှရွှမ်ကျိက ခဏမျှ ဝေခွဲမရဖြစ်သွားပြီးနောက် လေးလံသော အသံဖြင့် ပြောလိုက်သည်
"ကောင်းပြီလေ ငါက တကယ်တော့ ရှေးဟောင်းနယ်မြေက ကျင့်ကြံသူ မဟုတ်ဘူး ငါက ဝိညာဉ်သိုင်းနယ်မြေ က လာတာ"
"ဝိညာဉ်သိုင်းနယ်မြေမှာ ငါက နဂါးစားဘုရင်ပဲ ပြီးတော့ ဂိုဏ်းချုပ်အဆင့်ကို တက်လှမ်းဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့သူ နောက်ထပ် နည်းနည်းလေးဆိုရင် ငါက လွတ်လပ်သောမသေမျိုးတောင် ဖြစ်တော့မှာ"
"မင်း ငါ့ကို ရိုရိုသေသေ ဆက်ဆံတာ အကောင်းဆုံးပဲ အခု အဆင့်အတန်းအရဖြစ်စေ အရင်က အဆင့်အတန်းအရဖြစ်စေပေါ့"
"လွတ်လပ်သောမသေမျိုး ဖြစ်ခါနီး ဟုတ်လား ဒါဆို မင်း အဆင့်တက်တာ ကျရှုံးခဲ့လို့ ရှေးဟောင်းနယ်မြေကို ရောက်လာတာပေါ့ "
ဖန့်ချန်၏ မျက်လုံးများ လှုပ်ရှားသွားသည်။
ရှရွှမ်ကျိ၏ မျက်နှာမှာ မဲမှောင်သွားသည်
"ဘာလို့လဲဆိုတော့ ငါ အဆင့်မတက်ခင်မှာ ဝိညာဉ်နတ်ဘုရားရဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာကို ခံလိုက်ရလို့ ငါ့ရဲ့ ဝိညာဉ် က နှစ်ခြမ်းကွဲသွားခဲ့ရတယ်"
"ငါက ဒီလို နေရာစုတ်ကို လာချင်လွန်းလို့ လာခဲ့တယ် ထင်နေလား ဝိညာဉ်သိုင်းနယ်မြေနဲ့ နှိုင်းယှဉ်ရင် ရှေးဟောင်းနယ်မြေက အဆပေါင်းများစွာ အားနည်းလွန်းတယ်"
"ဒါပေမဲ့ ငါ့ရဲ့ ဝိညာဉ်တစ်ခြမ်းက အဲဒီ ဝိညာဉ်နတ်ဘုရားနဲ့ ပူးပေါင်းပြီး ဒီကို ရောက်နေတာ ငါ့ရဲ့ ကျင့်ကြံမှုကို ပြန်ရဖို့ဆိုရင် ငါ ဒီကို လိုက်လာရုံပဲ ရှိတာပေါ့"
"မင်း ဘာတွေ ပြောနေတာလဲ မင်းပြောချင်တာက မြောက်ပိုင်းကျွန်းစုက နဂါးစားဘုရင်က သွေးဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ တစ်ဖွဲ့တည်းလို့ ပြောတာလား သူက မင်းရဲ့ ဝိညာဉ်တစ်ခြမ်းလား"
ဖန့်ချန်က မျက်မှောင်ကြုတ်လျက်
"နဂါးစားဘုရင်က တက်လှမ်းခြင်းအဆင့် ကျင့်ကြံသူ မသေမျိုးဘုရင် အဆင့် ပုဂ္ဂိုလ်ကြီး မင်းက အခု ဝိညာဉ်သန္ဓေသား အစဦးအဆင့်ပဲ ရှိသေးတာကို သူက မင်းရဲ့ ဝိညာဉ်တစ်ခြမ်းလို့ ပြောနေတာလား"
"ဒါက လူကြားရင် ရယ်စရာကြီး ဖြစ်လိမ့်မယ် ငါသာ မင်းစကားကို ယုံလိုက်ရင် မင်းနဲ့အတူ ငါပါ ရယ်စရာ ဖြစ်သွားလိမ့်မယ်"
ရှရွှမ်ကျိ၏ မျက်နှာမှာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေပြီး ဒေါသများကလည်း မျက်လုံးထဲတွင် လှုပ်ရှားနေသည်။
ခဏအကြာတွင် သူသည် ဒေါသကို ထိန်းချုပ်လိုက်ပြီး နောက်ဆုံး လက်ကျန် စိတ်ရှည်မှုဖြင့် ပြောလိုက်သည်
"ဟုတ်တယ် အခု နဂါးစားဘုရင်က ငါ့ရဲ့ ဝိညာဉ်တစ်ခြမ်းပဲ ဒါပေမဲ့ ဝိညာဉ်နတ်ဘုရားက တစ်ခုခု လုပ်ထားလို့ သူ့မှာ ကိုယ်ပိုင် အသိစိတ် ရှိနေတာ"
"မင်း အရင်က ငါ့ကို သွေးဝိညာဉ်ဂိုဏ်းက ကျင့်ကြံသူလို့ သိသွားတာက... သူက ဝိညာဉ်သိုင်းနယ်မြေက ဝိညာဉ်နတ်ဘုရားဂိုဏ်း ဆိုတာကို ငါသိနေလို့ပဲ"
"ရန်သူကို အနိုင်ယူချင်ရင် ရန်သူ့အကြောင်းကို သိထားရမယ် အရင်က သုံးလောကတောင် တိုက်ပွဲတုန်းက ငါ ဝင်မပါခဲ့ရင်တောင် တခြားတစ်ယောက်ယောက်က ဒီကိစ္စကို ဦးဆောင်မှာပဲ"
"မင်း ဒါကို ငါ့အပြစ်လို့ ပုံချလို့ မရဘူး အဲဒီတုန်းက ငါသာ ကြားထဲကနေ မညှိနှိုင်းပေးခဲ့ရင် ချင်စုန်း ရဲ့ အင်အားနဲ့ မဟာရှကို အလွယ်လေး ဖျက်ဆီးပစ်လိုက်လို့ ရတယ်ဆိုတာ မင်းသိလား"
"မဟာရှ ပျက်သုဉ်းသွားရင် မရေမတွက်နိုင်တဲ့ သက်ရှိတွေဟာ သွေးဝိညာဉ်ဆေးလုံးတွေအဖြစ် အဖော်စပ်ခံရလိမ့်မယ် အဲဒါကမှ သွေးဝိညာဉ်ဂိုဏ်း ကျင့်ကြံသူတွေ တကယ် လုပ်ချင်တဲ့အလုပ်"
ဖန့်ချန်က အတော်ကြာအောင် စဉ်းစားပြီးနောက် ရုတ်တရက် မေးလိုက်သည်
"မင်း အခု လုပ်နေတဲ့ အလုပ်တွေက မင်းရဲ့ ရည်မှန်းချက်နဲ့ ဘာဆိုင်လို့လဲ မင်းက ဝိညာဉ်တစ်ခြမ်းကို ပြန်သိမ်းပိုက်ပြီး ကျင့်ကြံမှုကို အပြည့်အဝ ပြန်ရချင်တာ မဟုတ်လား"
"မဟာရှက နယ်မြေချဲ့ထွင်တာနဲ့ နဂါးစားဘုရင်နဲ့ ဘာဆိုင်လို့လဲ"
"ပြီးတော့ မင်း အစကနေ အဆုံးထိ တစ်ခါမှ မပြောခဲ့တာက မင်း ဘာလို့ မဟာရှမှာ ရှိနေရတာလဲ ဒီနေရာမှာ မင်းကို ဆွဲဆောင်နေတဲ့ ဘာအရာရှိလို့လဲ"
"မင်းအဘိုးကို သွားမေးလိုက်ပါ"
ရှရွှမ်ကျိက အေးစက်စွာ ရယ်မောလိုက်သည်
"မင်းနဲ့ အပိုစကားတွေ အများကြီး မပြောချင်တော့ဘူး မင်း ငါ့ကို သတ်ချင်ရတောင် မင်း မလုပ်နိုင်ဘူး ဂိုဏ်းချုပ်အဆင့်က ထွက်တိုက်ရင်တောင် မဖြစ်နိုင်ဘူး ငါ့မှာ ငါ့ယောက္ခမ (ဖန့်ချန်၏ အဘိုး) ရှိတယ်"
ပြောပြီးသည်နှင့် ရှရွှမ်ကျိက ထရပ်ကာ ထွက်သွားတော့သည်။
ဖန့်ချန်က နောက်ကနေ ခိုးတိုက်မှာကိုတောင် သူ လုံးဝ မကြောက်ပေ။
ဖန့်ချန်ကတော့ ရှရွှမ်ကျိရဲ့ နောက်ဆုံးစကားကြောင့် ကြောင်အသွားပြီး တိတ်ဆိတ်သွားတော့သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် သူသည် ဓားအလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ နေပြည်တော် ကောင်းကင်ယံမှ ပျောက်ကွယ်သွားတော့သည်။
"ခမည်းတော်... ဖန့်... ဖန့်ချန်ကော"
ဆဌမမင်းသမီးက ရှရွှမ်ကျိ တစ်ယောက်တည်း ဥယျာဉ်ထဲက ထွက်လာပြီး ဖန့်ချန်ကို မတွေ့တော့သဖြင့် အံ့အားသင့်ကာ မေးလိုက်သည်။
"သူလား တောင်ပိုင်းဒေသ ကို သွားပြီထင်တယ်ဒါပေမဲ့ အခုချိန်မှာ အဖိုးကြီးနဲ့ တွေ့ဖို့ဆိုတာ ခက်လိမ့်မယ်"
ရှရွှမ်ကျိက တစ်ဖက်လူ ဒုက္ခရောက်မှာကို ပျော်နေသည့် မျက်နှာထားဖြင့်
"သူ့ရဲ့ စရိုက်အရ မရှင်းလင်းတဲ့ ပဟေဠိတွေရှိနေတာက ကုတ်လို့မရတဲ့ ယားနာလိုပဲ ခံရခက်နေမှာ သေချာတယ်၊ ဟားဟား"
ဆဌမမင်းသမီးမှာတော့ ကြောင်အမ်းအမ်း ဖြစ်သွားသည်။
သူမသည် သူမ၏ ခမည်းတော် ဤမျှ ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောနေသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ...။