အခန်း (၈၇၃-၈၇၄)
Vol. 88 Ch. 873-874
အခန်း (၈၇၃) ရှောင်ယောင်နတ်မင်း
မိုးမြေကျွန်းခရီးစဉ်ဟာ ဇာတ်သိမ်းသွားခဲ့ပါပြီ။
ကျင့်ကြံသူအသီးသီး ထွက်ခွာသွားကြတာနဲ့အမျှ အရပ်မျက်နှာအသီးသီးက ကောင်းကင်လျှိုဝှက်မှန် တွေဟာလည်း ဖြူဖွေးတဲ့မြူနှင်းတွေအဖြစ် ပြန်ပြောင်းသွားပြီး နောက်ဆက်တွဲ မြင်ကွင်းတွေကို မမြင်ရတော့ပါဘူး။
ဒါပေမဲ့ ဖန့်ချန်ရဲ့ အဲဒီဓားချက်အချို့ကတော့ အဖွဲ့အစည်းအသီးသီးကို ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားကျင့်ကြံသူတွေအပေါ် အမြင်သစ်တစ်ခု ရရှိသွားစေပါတယ်။
"ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းက ဖန့်ဓားဦးဆောင်သူဟာ ဝိညာဉ်သန္ဓေသားအဆင့်မှာ ပြိုင်ဘက်ကင်း ဖြစ်နေလောက်ပြီ"
ဆိုတဲ့ ကောလာဟလတွေက တိတ်တဆိတ် ပျံ့နှံ့နေပါပြီ။
တကယ်လို့ နောက်ထပ်သွားရောက်မယ့် ဓားဂိုဏ်းတွေမှာ ထိုက်တန်တဲ့ ပြိုင်ဘက်သာ မရှိဘူးဆိုရင်၊ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဒီတစ်ခေါက် ဓားစိန်ခေါ်တဲ့ခရီးစဉ်ဟာ အကြီးအကျယ် အောင်မြင်သွားမှာဖြစ်ပြီး အခုလောလောဆယ် ယိမ်းယိုင်နေတဲ့ အခြေအနေကို ပြန်လည်တည်ငြိမ်သွားစေမှာပါ။
ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းက ဓားကျင့်ကြံသူတွေဟာ ဖန့်ချန်နဲ့ စကားလက်ဆုံပြောနေကြသလို၊ ဝမ်ကျိလုံကလည်း ဖန့်ချန်ကိုကြည့်ပြီး မုတ်ဆိတ်မွေးကို ပွတ်ကာ ပြုံးနေပါတယ်။
သူ့မျက်လုံးထဲမှာတော့ ကျေနပ်အားရမှုတွေ ပြည့်နှက်နေပါတယ်။
ဒါက သူလက်ခံခဲ့တဲ့ တတိယမြောက် တပည့်ပါ။
ကြည့်ရတာတော့ အရင်တပည့် နှစ်ယောက်ရဲ့ လမ်းဟောင်းအတိုင်း လိုက်မှာမဟုတ်ဘူးလို့ ထင်ရပါတယ်။
အနည်းဆုံးတော့ သူ့ကို ဆံပင်ဖြူနဲ့ ဆံပင်နက်ကို ပို့ခိုင်းရတဲ့ အဖြစ်မျိုး ကြုံရမှာမဟုတ်ပါဘူး။
ဖန့်ချန်က ရုတ်တရက် ခေါင်းမော့ပြီး ပြုံးလျက် ပြောလိုက်တယ်
"လော့ကျင်းဘုရင်မ... ဘာလို့ အလျင်စလို ထွက်သွားဖို့ ပြင်နေတာလဲ ကျုပ် ပြောခဲ့တယ်လေ... ကျုပ်တို့ ပြန်ဆုံဦးမယ်ဆိုတာ"
ထွက်သွားဖို့ ပြင်နေတဲ့ လော့ကျင်းဘုရင်မဟာ အဲဒီအသံကို ကြားတာနဲ့ ကိုယ်ရှိန်သတ်သွားပြီး သူမဘေးက မိစ္ဆာကျင့်ကြံသူတွေရဲ့ မျက်လုံးထဲမှာလည်း ထိတ်လန့်ရိပ်တွေ ဖြတ်ပြေးသွားပါတယ်။
သူတို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်မှာပဲ ကျော့ရွှီက အသာအယာ ရယ်မောလိုက်ပြီး ခြေတစ်လှမ်း ရှေ့တိုးကာ လော့ကျင်းဘုရင်မရဲ့ ရှေ့မှာ ကာရပ်ပေးလိုက်ပါတယ်။
သူက ဖန့်ချန်ကို ကြည့်ပြီး
"ဖန့်မိတ်ဆွေ လော့ကျင်းလေးနဲ့ မင်းကြားက အထင်လွဲတာကို ငါကပဲ ကြားဝင်စေ့စပ်ပေးပါရစေ"
လော့ကျင်းဘုရင်မ စိတ်သက်သာရာ ရသွားပါတယ်။
ကျော့ရွှီကသာ သူမအတွက် ထွက်ရပ်ပေးမယ်ဆိုရင် ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းကို ရင်ဆိုင်ရရင်တောင်မှ သူမမှာ ခုနစ်ပုံလောက် အားကိုးရာ ရှိသွားပါပြီ။
သူမ ခဏစဉ်းစားပြီးနောက် ပြုံးလျက်
"အရင်တုန်းက ဖန့်ဓားဦးဆောင်သူမှာ ဒီလိုနောက်ခံရှိမှန်း မသိခဲ့လို့ ပြစ်မှားမိတာတွေ ရှိခဲ့ပါတယ် ဒါတွေကို စိတ်ထဲမထားပါနဲ့လို့ တောင်းပန်ပါတယ်ရှင်"
ကျန်းလင်တို့ အုပ်စုရဲ့ မျက်နှာတွေဟာ ချက်ချင်း တင်းမာသွားပြီး လော့ကျင်းဘုရင်မကို ငြိမ်သက်စွာ စိုက်ကြည့်နေကြပါတယ်။
တစ်ဖက်လူရဲ့ စကားအရဆိုရင် အရင်က နတ်မိစ္ဆာပင်လယ်မှာ ဖန့်ချန်နဲ့ သူမကြား ပဋိပက္ခ ဖြစ်ခဲ့တာ သေချာပါတယ်။
ဒီလူရဲ့ ကျင့်ကြံမှုက သူတို့ထက်တောင် မြင့်မားနေပြီး သိသိသာသာကို တာအိုပေါင်းစပ်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူ၊ အရှင်သခင်တစ်ပါး ဖြစ်နေတာပါ။
အားကြီးသူက အားနည်းသူကို နှိပ်စက်တဲ့အနေနဲ့ သူတို့ ဓားဦးဆောင်သူကို ဒုက္ခပေးခဲ့တာလား
ဒါကတော့ အသက်ရှင်ရတာ ငြီးငွေ့ပြီး သေတွင်းတူးနေတာပဲ
"ကျုပ်က မင်း ထင်သလောက် စိတ်သဘောထား မကြီးဘူး"
ဖန့်ချန်က ပြုံးလျက် ပြောလိုက်ပါတယ်။
လော့ကျင်းဘုရင်မ ခဏ မှင်သက်သွားပြီး ဘာမှမပြောတော့ဘဲ ကျော့ရွှီကိုသာ လှမ်းကြည့်လိုက်ပါတယ်။
လိပ်ခေါင်းစိမ်းကတော့ မျက်လုံးတွေ ပြာနေပြီး ဖန့်ချန်ကို အကြည့်ချင်း မဆုံရဲတော့ပါဘူး။
ကျော့ရွှီရဲ့ မျက်နှာမှာ အပြုံးတွေ ပိုများလာပြီး ဝမ်ကျိလုံဆီ အကြည့်ပို့လိုက်တယ်
"ဝမ်စီနီယာ... ကျွန်တော်က တိထျန်း သန့်စင်သောနတ်မင်းမြို့တော် က ကျော့ရွှီပါ"
"တိထျန်း သန့်စင်သောနတ်မင်းမြို့တော်"
ဝမ်ကျိလုံရဲ့ မျက်လုံးတွေ လှုပ်ရှားသွားပြီး
"ရှောင်ယောင်နတ်မင်း က မင်းနဲ့ ဘာတော်တာလဲ"
"ကျွန်တော့်ရဲ့ ဖခင်အရင်းပါပဲ"
ကျော့ရွှီက ပြုံးပြီး ပြောလိုက်ပါတယ်။
ရှောင်ယောင်နတ်မင်း အကယ်၍ ဧကရာဇ်စာရင်း ကို သေသေချာချာ ကြည့်ဖူးတဲ့ ကျင့်ကြံသူမှန်သမျှ ဒီနာမည်ကို ကြားလိုက်တာနဲ့ တစ်ကိုယ်လုံး တုန်လှုပ်သွားကြပါတယ်။
ဧကရာဇ်စာရင်းရဲ့ ထိပ်တန်း အယောက် ၂၀ ဝန်းကျင်ဟာ နယ်ပယ်အသီးသီးက ဂိုဏ်းချုပ် တွေကို မှတ်တမ်းတင်ထားတာဖြစ်ပြီး ရှောင်ယောင်နတ်မင်းကတော့ အဲဒီထဲက တစ်ယောက်ဖြစ်ပြီး အဆင့် ၈ မှာ ရှိနေတာပါ။
သူဟာ တိထျန်းနယ်မြေမှာ နာမည်ကျော်ကြားသလို၊ သူ့လက်အောက်က သန့်စင်သောနတ်မင်းမြို့တော်ဟာလည်း တိထျန်းရဲ့ မြင့်မြတ်တဲ့နေရာတစ်ခုဖြစ်ပြီး ကျင့်ကြံသူများစွာ တောင့်တရတဲ့ နေရာပါ။
ရှေ့ကလူက ဂိုဏ်းချုပ်ရဲ့ သားဖြစ်နေတာလား ဒါကတော့ လူတိုင်း မမျှော်လင့်ထားတဲ့ အချက်ပါ။
ဒီလောကက ဂိုဏ်းချုပ်တွေမှာ သားသမီး ထွန်းကားတာ အလွန်နည်းပါတယ်။
ရှိခဲ့ရင်တောင် နာမည်မကြီးအောင် တိတ်တိတ်ဆိတ်ဆိတ်ပဲ နေခိုင်းလေ့ရှိတာကြောင့် သာမန်လူတွေ မသိနိုင်ကြပါဘူး။
မသေမျိးဘုရင်တွေရဲ့ သားသမီးတွေလိုမျိုး နာမည်ကျော်ကြားပြီး နတ်မိစ္ဆာပင်လယ်ကို ဖြတ်ပြီးတောင် နာမည်ကြားရတာမျိုး မဟုတ်ပါဘူး။
"ရှောင်ယောင်နတ်မင်းရဲ့ သခင်လေး ဖြစ်နေတာကိုး ရိုသေမှု ကင်းမဲ့သွားတာ ခွင့်လွှတ်ပါ"
ဝမ်ကျိလုံက လက်အုပ်ချီလိုက်ပါတယ်။
မထွက်ခွာသေးတဲ့ ကျင့်ကြံသူအချို့ဟာ ဝမ်ကျိလုံရဲ့ ဒီလိုမျိုး သဘောထားကို မြင်တော့ ရှောင်ယောင်နတ်မင်းရဲ့ နာမည်ကို မကြားဖူးရင်တောင်မှ ကျော့ရွှီရဲ့ နောက်ခံဟာ မသေးဘူးဆိုတာ သိသွားကြပြီး စပ်စုချင်စိတ်နဲ့ ရပ်ကြည့်နေကြပါတယ်။
"ကောင်လေး... သူ့အဖေက ဂိုဏ်းချုပ်ဖြစ်သလို နောက်ခံကလည်း နည်းနည်း လျှို့ဝှက်ဆန်းပြားတယ် သူ့ကို အရမ်းကြီး မပြစ်မှားမိတာ အကောင်းဆုံးပဲ"
ဝမ်ကျိလုံရဲ့ အသံဟာ ဖန့်ချန်ရဲ့ နားထဲမှာ ပဲ့တင်ထပ်သွားပါတယ်။
အဲဒီအချိန်မှာပဲ ကျော့ရွှီက လော့ကျင်းဘုရင်မနဲ့ ဖန့်ချန်ကြားက အထင်လွဲမှု တွေကို တစ်ခေါက် ပြန်ပြောပြလိုက်ပါတယ်။
နောက်ဆုံးမှာတော့ ကျော့ရွှီက ပြုံးပြီး
"လော့ကျင်းလေးက အရင်တုန်းက ဖန့်ဓားဦးဆောင်သူရဲ့ နောက်ခံကို မသိခဲ့လို့ ပြစ်မှားမိတာပါ တော်သေးတာက ဘယ်သူမှ ဒဏ်ရာမရခဲ့ဘူးဆိုတော့ ဒီကိစ္စကို အကြီးကနေ အသေး အသေးကနေ မရှိဖြစ်အောင် လုပ်လိုက်ရင် ဘယ်လိုလဲ"
အားလုံးက ဖန့်ချန်ကို လှည့်ကြည့်လိုက်ကြပါတယ်။
ကျန်းလင်တို့ စိတ်ထဲမှာတော့ အနည်းငယ် ဝေခွဲမရ ဖြစ်နေပါတယ်။
ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းရဲ့ စိတ်ဓာတ်အရဆိုရင်တော့ ဓားနတ်ဘုရားအဘိုးအိုသာ ရှိနေသေးရင် ဒီလိုကိစ္စမျိုးကို စကားအရှည်ကြီး ပြောမနေဘဲ တိုက်ရုံပါပဲ။
တစ်ဖက်လူက ဂိုဏ်းချုပ်အဆင့်ရဲ့ သားဖြစ်နေရင်တောင် ကြားဝင်စေ့စပ်ပေးဖို့ အရည်အချင်း မရှိပါဘူး။
ဒါပေမဲ့ အခုအချိန်မှာ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းရဲ့ အခြေအနေက အတော်လေး အနေရခက်နေတာကြောင့် ဝမ်ကျိလုံ ပြန်တက်ခြင်းအဆင့် ကို အောင်မြင်စွာ တက်လှမ်းနိုင်ဖို့အတွက် နှစ်အနည်းငယ်လောက် ငြိမ်နေဖို့ လိုအပ်ပါတယ်။
အဲဒီအချိန်မတိုင်ခင်မှာ ဂိုဏ်းချုပ်အဆင့်တွေနဲ့ ရန်ငြိုးမဖွဲ့သင့်ပါဘူး။
"ဖန့်ချန်... မင်းက ငါ့ရဲ့တပည့်ဖြစ်သလို ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူလည်း ဖြစ်တယ် ဒါပေမဲ့ ဒီကိစ္စက မင်းရဲ့ ကိုယ်ရေးကိုယ်တာ ရန်ငြိုးလို့ ဆိုနိုင်တယ် မင်း ဘယ်လိုပဲ ဆုံးဖြတ်ပါစေ ဆရာကတော့ မင်းကို အပြစ်တင်မှာ မဟုတ်ဘူး"
ဝမ်ကျိလုံက ရုတ်တရက် စကားပြောလိုက်ပါတယ်။
ကျော့ရွှီရဲ့ မျက်နှာက အပြုံးဟာ အနည်းငယ် တောင့်တင်းသွားပြီး ဝမ်ကျိလုံကို တစ်ချက်ကြည့်လိုက်ပါတယ်။
ဒါပေမဲ့ သူက စိတ်ရှည်လက်ရှည်နဲ့ ဖန့်ချန်ကို ဆက်ကြည့်နေပါတယ်။
သူ ယုံကြည်တာကတော့ တစ်ဖက်လူဟာ ထက်မြက်တဲ့သူဖြစ်တဲ့အတွက် ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာ သိမှာပါ။
"ဆရာ... ဒီကိစ္စက တပည့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပါ ဓားဂိုဏ်းနဲ့ မဆိုင်ပါဘူး"
ဖန့်ချန်က အသာအယာ ခေါင်းညိတ်ပြလိုက်ပါတယ်။
"မင်းလည်း မကြောက်ပါနဲ့ မင်းက ငါ့တပည့်ပဲ ငါ့မျက်စိရှေ့မှာတော့ မင်းကို အရှုံးပေးခိုင်းမှာ မဟုတ်ဘူး"
ဝမ်ကျိလုံက တည်ငြိမ်စွာ ပြောလိုက်ပါတယ်။
"ဒီကိစ္စကို တပည့်ဘာသာ တပည့် ဖြေရှင်းပါ့မယ်"
ဖန့်ချန်က ပြုံးလိုက်ပြီးနောက် ကျော့ရွှီကို ကြည့်လိုက်တယ်
"ဒီကိစ္စကို ဂိုဏ်းချုပ်အဆင့်ကိုယ်တိုင် ထွက်ပြီး ဖြန်ဖြေပေးရင်တောင် ကျုပ်ကတော့ လက်လျှော့မှာ မဟုတ်ဘူး မင်းက တကယ်ပဲ ဒီကိစ္စမှာ ဝင်ပါချင်တာလား"
"ရှူးးးး"
ပတ်ဝန်းကျင်က ကျင့်ကြံသူတွေဟာ အသက်ကို ပြင်းပြင်းရှူလိုက်ကြပါတယ်။
အရမ်းမောက်မာလွန်းတာပဲ
ဒါက တခြားဓားဂိုဏ်းတွေက ဓားကျင့်ကြံသူတွေထက်တောင် အဆပေါင်း ရာချီပြီး ပိုမောက်မာနေတာပါ။
ဂိုဏ်းချုပ်အဆင့်ကိုယ်တိုင် ဖြန်ဖြေရင်တောင် လက်မလျှော့ဘူးတဲ့လား
ဝိညာဉ်သန္ဓေသား အထွတ်အထိပ်၊ အောက်လေးဘုံရဲ့ ထိပ်ဆုံးလေးတင် ရှိသေးတဲ့လူက ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုး ပြောရဲတာလဲ
လော့ကျင်းဘုရင်မရဲ့ မျက်နှာထားကလည်း အကြိမ်ကြိမ် ပြောင်းလဲသွားပါတယ်။
ဂိုဏ်းချုပ်ရဲ့ သားကိုယ်တိုင် ဖြန်ဖြေတာတောင် တစ်ဖက်လူက မျက်နှာမပေးဘူးလား
ကျော့ရွှီရဲ့ မျက်နှာပေါ်က အပြုံးတွေဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားပါတယ်။
သူ့ဘေးက ခြံရံလာသူတွေဟာလည်း မျက်မှောင်ကြုတ်လိုက်ကြပြီး ဖန့်ချန်ကို ရန်လိုတဲ့ အကြည့်တွေနဲ့ အထက်အောက် ကြည့်နေကြပါတယ်။
သူတို့ရဲ့ မျက်လုံးထဲမှာတော့ အထင်အမြင်သေးမှုတွေကို ဖုံးကွယ်မထားပါဘူး။
ဝိညာဉ်သန္ဓေသား ဖြစ်တော့ ဘာဖြစ်လဲ
ဓားကျင့်ကြံသူ ဖြစ်တော့ ဘာဖြစ်လဲ
ဝိညာဉ်သန္ဓေသားမှာ ပြိုင်ဘက်ကင်း ဖြစ်တော့ကော ဘာဖြစ်လဲ
တစ်ဖက်လူက ဘယ်လောက်ပဲ ပါရမီရှိပါစေ၊ နောက်ခံဘယ်လောက်ပဲ ကြီးပါစေ၊ သူတို့ သခင်လေးလောက် အစွမ်းထက်နိုင်ပါ့မလား
ကျင့်ကြံမှုအဆင့်အရဆိုရင် သူတို့ သခင်လေးဟာ အခုဆိုရင် တာအိုပေါင်းစပ်ခြင်းအဆင့်ရဲ့ မိုးကြိုးဘေးဒုက္ခ ၉ ကြိမ်လုံးကို ကျော်ဖြတ်ပြီးသားဖြစ်ပြီး၊ နောက်ထပ် ခြေတစ်လှမ်းဆိုရင် ဘေးဒုက္ခရင်ဆိုင်ခြင်းအဆင့် ကို ရောက်ပြီး မသေမျိုး အဆင့်ကို ရရှိတော့မှာပါ။
နောက်ခံအရဆိုရင်လည်း သူတို့ သခင်လေးရဲ့ ဖခင်အရင်းဟာ တိထျန်းနယ်မြေမှာ နာမည်ကျော်တဲ့ ရှောင်ယောင်နတ်မင်း၊ ဂိုဏ်းချုပ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်ကြီးပါ။
ဒီလောကမှာ သူတို့ သခင်လေးနဲ့ ယှဉ်နိုင်တဲ့ ပါရမီရှင်ဆိုတာ လက်ချိုးရေလို့ ရပါတယ်။
"ဖန့်ဓားဦးဆောင်သူ... မင်းရဲ့ စိတ်ထဲမှာ စွဲလမ်းမှု တွေက အရမ်းပြင်းထန်နေတယ် တကယ်လို့ အဲဒီစွဲလမ်းမှုကို ဖြတ်တောက်နိုင်ရင်တော့ နောင်တစ်ချိန်မှာ အမြင့်ဆုံးကို တက်လှမ်းနိုင်တဲ့ အခွင့်အရေး ရှိကောင်းရှိဦးမယ်"
ကျော့ရွှီက အေးအေးဆေးဆေး ပြုံးလျက် ပြောလိုက်ပါတယ်။
"တကယ်လို့ မဖြတ်တောက်ရင်ကော"
ဖန့်ချန်က စပ်စုချင်စိတ်နဲ့ မေးလိုက်ပါတယ်။
ကျော့ရွှီက ရယ်လိုက်တယ်
"တကယ်လို့ မဖြတ်တောက်ရင်တော့... ဒီနေရာမှာတင် ရပ်တန့်သွားပြီး ရှေ့တစ်လှမ်းတောင် တက်နိုင်တော့မှာ မဟုတ်ဘူး"
ကျန်းလင်တို့ အုပ်စုဟာ ထိုလူရဲ့ စကားထဲက ခြိမ်းခြောက်မှုကို သိလိုက်ရတာကြောင့် မျက်လုံးထဲမှာ ဒေါသရိပ်တွေ ဖြတ်ပြေးသွားပါတယ်။
ဓားနတ်ဘုရားအဘိုးအိုသာ ရှိနေရင် ဒီကောင်လေးက ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားဦးဆောင်သူကို လူသိရှင်ကြား ခြိမ်းခြောက်ရဲပါ့မလား
"ဒါဆိုရင် ကျုပ်တို့ လောင်းကြေးထပ်ကြတာပေါ့၊ ကျုပ်က ဒီနေရာမှာပဲ ရပ်တန့်သွားမလား ဒါမှမဟုတ် အမြင့်ဆုံးကို တက်လှမ်းမလားဆိုတာ"
ဖန့်ချန်က ပြုံးလိုက်ပြီး
"ဒါပေမဲ့ ဒါတွေက ဒီနေ့ကိစ္စနဲ့ မဆိုင်ဘူး မင်းက ဒီကိစ္စမှာ အတင်းအကျပ် ဝင်ပါမယ်ဆိုရင်တော့... စစ်ရှုံးပြီး သဲထဲမှာ နစ်မြုပ်သွားရလိမ့်မယ် "
သွေးရောင်ဝတ်စုံနဲ့ ပုံရိပ်တစ်ခုဟာ ဖြည်းဖြည်းချင်း လျှောက်လာပါတယ်။
သူက ကျော့ရွှီကို တစ်ချက်ကြည့်လိုက်ပြီး ဖန့်ချန်ကို မေးလိုက်တယ်
"သခင်လေး... သူက တာအိုပေါင်းစပ်ခြင်း အထွတ်အထိပ်အဆင့်ပဲ ရှိတာပါ သူခေါ်လာတဲ့ သူတွေကလည်း အကုန်လုံး ပေါင်းစပ်ခြင်းအဆင့်တွေပဲ သူတို့ကိုပါ တစ်ခါတည်း သတ်ပစ်ရမလား"
အခန်း (၈၇၄) မင်းကော တန်လို့လား
"စက္ကူရုပ်လား"
ကျော့ရွှီ မျက်မှောင်ကြုတ်သွားပါတယ်။
အနီးနားက ကျင့်ကြံသူတွေဟာလည်း သွေးစက္ကူရုပ်ကို မြင်တဲ့အခါ ထူးဆန်းတဲ့ အမူအရာတွေ ဖြစ်ကုန်ကြပါတယ်။
ကျန်းလင်တို့ အုပ်စုကတော့ ဖန့်ချန်မှာ နောက်ထပ် အဆင့်အတန်းတစ်ခု ရှိသေးတာကို သိထားကြပါတယ်။
အဲဒါကတော့ တာအိုသုံးထောင်ဂိုဏ်းရဲ့ တပည့်ဖြစ်တာမို့ ဒီလိုစက္ကူရုပ်တွေကို သူတို့ မအံ့ဩကြပါဘူး။
ဒါပေမဲ့ ဒီသွေးစက္ကူရုပ်ရဲ့ ကျင့်ကြံမှုကတော့... အတော်လေး မြင့်မားနေပုံရပြီး မသေမျိုး အဆင့်လောက်တောင် ရှိနေတာကြောင့် ကျန်းလင်တို့ အတော်လေး အံ့ဩသွားကြပါတယ်။
သူတို့ရဲ့ ဒီဓားဦးဆောင်သူက ဒီလောက်အထိ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်မျိုးကိုတောင် ခိုင်းစေနိုင်တာလား
ဖန့်ချန်က အသာအယာ ရယ်မောလိုက်ပြီး
"သတ်လိုက်တော့ ဘယ်သူပဲဖြစ်ဖြစ် ဝင်ပါလာရင် အကုန်လုံးကို တစ်ခါတည်း သတ်ပစ်လိုက်"
ရှင်းရှန်း က စကားအရှည်ကြီး မပြောတော့ဘဲ အစွမ်းကုန် ထုတ်သုံးပြီး တိုက်ခိုက်ပါတော့တယ်။
လော့ကျင်းဘုရင်မရဲ့ မျက်လုံးထဲမှာ ထိတ်လန့်ရိပ်တွေ ဖြတ်ပြေးသွားပါတယ်။
သူမက ခုခံဖို့ ကြိုးစားရင်း ကျော့ရွှီကို လှမ်းကြည့်လိုက်ပါတယ်။
စောစောကမှ သူမကို ကူညီပါ့မယ်လို့ တကဲကဲ ပြောနေတဲ့ ကျော့ရွှီဟာ အခုအချိန်မှာတော့ လုံးဝ မလှုပ်မယှက် ရပ်နေပါတယ်။
သူ့ရဲ့ လက်အောက်ငယ်သားတွေကလည်း ဝင်ပါမယ့် ပုံစံမျိုး မပြကြပါဘူး။
နာကျင်စွာ အော်ဟစ်လိုက်တဲ့ အသံနဲ့အတူ လော့ကျင်းဘုရင်မဟာ ရှင်းရှန်းရဲ့ ဆွဲဖြဲခြင်းကို ခံလိုက်ရပြီး ခန္ဓာကိုယ်ဟာ လေးစိပ်ကွဲကာ နေရာမှာတင် အသက်ပျောက်သွားပါတော့တယ်။
သူမရဲ့ လက်အောက်ငယ်သားတွေလည်း အခြေအနေ မကောင်းပါဘူး။
ချက်ချင်းပဲ အသတ်ခံလိုက်ရပါတယ်။
လိပ်ခေါင်းစိမ်းကတော့ မသေခင်မှာ အသနားခံဖို့ ကြိုးစားပါသေးတယ်
"ဖန့်ဘိုးဘိုးကြီး... ကျွန်တော့်ကို မသတ်ပါနဲ့ ကျွန်တော် နောင်ကျရင် ခင်ဗျားရဲ့ စီးတော်ယာဉ်အဖြစ် စိတ်ရောကိုယ်ပါ အလုပ်အကျွေး ပြုပါ့မယ်"
ဗုန်း
လိပ်ခေါင်းစိမ်းဟာ ရှင်းရှန်းရဲ့ လက်ဝါးရိုက်ချက်ကို ခံလိုက်ရပြီး လိပ်ခွံရော ခန္ဓာကိုယ်ပါ သွေးစတွေအဖြစ် ပေါက်ကွဲသွားပါတော့တယ်။
"စီးတော်ယာဉ် မင်းက တန်လို့လား"
ရှင်းရှန်းရဲ့ မျက်လုံးထဲမှာ အထင်အမြင်သေးမှုတွေ ရှိနေပါတယ်။
ပတ်ဝန်းကျင်က ကျင့်ကြံသူတွေဟာ စိတ်ထဲမှာ သံဝေဂရနေကြပါတယ်။
သူတို့ထဲက တချို့ဆိုရင် လော့ကျင်းဘုရင်မနဲ့ ခင်မင်ခဲ့ကြသူတွေပါ။
အခု သူမရဲ့ ဘဝက ဒီလောက်နဲ့ပဲ အဆုံးသတ်သွားတာကို မြင်တော့ အသက်ရဲ့ နုနယ်မှုကို သတိပြုမိသွားကြသလို၊ ဓားကျင့်ကြံသူတွေကို ဘယ်တော့မှ မပြစ်မှားမိဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်ကြပါတယ်။
တစ်ဖက်လူက ဒေါသထွက်လာရင် ဂိုဏ်းချုပ် အဆင့်ရဲ့ မျက်နှာကိုတောင် မထောက်တော့ဘူးလေ။
တစ်ချိန်တည်းမှာပဲ ကြယ်စင်တာအိုဂိုဏ်း ရဲ့ ကောင်းကင်လျှိုဝှက်မှန်ရှေ့မှာ ပုံရိပ်အချို့ ရပ်နေကြပါတယ်။
အဲဒီထဲမှာ တာအိုဂိုဏ်းကြီး သုံးခုက မသေမျိုးဘုရင် သုံးပါးနဲ့ မသေမျိုး အဆင့်၊ တာအိုပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူတွေ ပါဝင်ပါတယ်။
ရွှီစစ်ကျို နဲ့ ရွှီချင်းဆုန်း သားအဖလည်း အဲဒီထဲမှာ ရှိနေတာပါ။
သူတို့ဟာ ရှင်းရှန်းရဲ့ ပုံရိပ်ကို ကောင်းကင်လျှိုဝှက်မှန်မှာ မြင်လိုက်ရတဲ့အခါ သူတို့ရဲ့ အကြည့်တွေဟာ မလှမ်းမကမ်းမှာရှိနေတဲ့ ကျီးလျန် ဆီကို အလိုလို ရောက်သွားကြပါတယ်။
"ဒီယင်စစ်သည် က... နဝမမင်းသား ရဲ့ လူမဟုတ်ဘူးလား ဘာလို့ ဖန့်ချန်ရဲ့ အမိန့်ကို နာခံနေရတာလဲ"
ရွှီချင်းဆုန်းရဲ့ မျက်နှာဟာ လေးနက်နေပြီး စိတ်ထဲမှာလည်း အဖြေရှာမရ ဖြစ်နေပါတယ်။
ဒါမှမဟုတ် ကျီးလျန်က တစ်ခုခု စီစဉ်ထားပြီး ဖန့်ချန်ရဲ့ ဘေးမှာ သူလျှိုအဖြစ် ထားထားတာလားဒါပေမဲ့ ဘာရည်ရွယ်ချက်နဲ့လဲ
ကျီးလျန်ရဲ့ မျက်နှာကတော့ အခုအချိန်မှာ ဘယ်သူ့ထက်မဆို ပိုဆိုးနေပါတယ်။
သူဟာ ပျောက်ဆုံးသွားတဲ့ သွေးစက္ကူရုပ်က ဖန့်ချန်ရဲ့ ဘေးမှာ ပေါ်လာလိမ့်မယ်လို့ လုံးဝ မထင်ထားမိပါဘူး။
ဒါတင်မကဘဲ ဖန့်ချန်ရဲ့ အမိန့်ကိုတောင် နာခံနေပါသေးတယ်။
ဒီကြားထဲမှာ ဘာတွေ ဖြစ်ပျက်သွားခဲ့တာလဲ
တစ်ဖက်လူက ဘာလို့ ဒီလို လုပ်ရတာလဲ
"ကျီးလျန်... ယင်လောက က ကိစ္စတွေထဲမှာ... မင်း မမှတ်မိသေးတာတွေ ရှိနေသေးတာလား"
အိုယန်ရွှမ်ကျီ က အေးအေးဆေးဆေး မေးလိုက်ပါတယ်။
ကျီးလျန်က မျက်မှောင်ကြုတ်ပြီး အကြာကြီး စဉ်းစားနေပြီးမှ ခေါင်းခါပြလိုက်တယ်
"ကျွန်တော် မှတ်မိသလောက်ကတော့ ဒါတွေပါပဲ"
"ဒါဆို သူက..."
အိုယန်ရွှမ်ကျိ က သွေးစက္ကူရုပ်ကို လှမ်းကြည့်လိုက်ပါတယ်။
"သူ့မှာ သူ့အကြောင်းပြချက် ရှိမှာပါ ပြန်တွေ့တဲ့အခါမှပဲ အဖြေကို သိရမှာပေါ့ ဖန့်ချန်ကလည်း တာအိုသုံးထောင်ဂိုဏ်း နဲ့ ပတ်သက်မှု ရှိနေတာပဲလေ"
ကျီးလျန်က တိုးတိုးလေး ပြောလိုက်ပါတယ်။
"ဒီယင်စစ်သည်က... မင်းကို သစ္စာဖောက်သွားတာ ဖြစ်နိုင်မလား"
လုံကျွင်း က အေးအေးဆေးဆေး ပြောလိုက်ပါတယ်။
ကျီးလျန်က ချက်ချင်းပဲ ခေါင်းခါလိုက်တယ်
"သူ ကျွန်တော့်ကို သစ္စာဖောက်ရမယ့် အကြောင်းပြချက် တစ်ခုမှ မရှိဘူး သူက ကိုးဆက်မြောက်ဘုရင်နန်းတော်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့တာ ကျွန်တော် ကြီးပြင်းလာတာကိုတောင် စောင့်ကြည့်ခဲ့တဲ့သူပါ အခု သူ ဖန့်ချန်ဘေးမှာ ရှိနေတာက တာအိုသုံးထောင်ဂိုဏ်း က တစ်ခုခုကို ရယူဖို့အတွက် ဖြစ်နိုင်ပါတယ်"
အားလုံးက ခေါင်းညိတ်လိုက်ကြပါတယ်။
ဒီအကြောင်းပြချက်ကပဲ ပိုပြီး ယုတ္တိရှိတယ်လို့ ထင်ကြတာပါ။
ကျီးလျန်ရဲ့ မျက်လုံးထဲမှာတော့ အပြုံးရိပ်တစ်ခု ပေါ်လာပါတယ်။
အရင်က သွေးစက္ကူရုပ်ဟာ ယင်လောကမှာ ပျက်စီးသွားပြီလို့ ထင်ထားခဲ့တာ၊ အခု လူ့လောကမှာ ပြန်မြင်ရတာက သတင်းကောင်းတစ်ခုပါပဲ။
...
ကျော့ရွှီဟာ သွေးစွန်းနေတဲ့ မြေပြင်ကို ကြည့်ပြီး ရှင်းရှန်းကို တစ်ချက်ကြည့်လိုက်တယ်၊ အဲဒီနောက် ဖန့်ချန်ကို လှည့်ကြည့်ပြီး ပြုံးလျက်
"ဖန့်ဓားဦးဆောင်သူက သတ်ချင်ဖြတ်ချင်စိတ် အရမ်းပြင်းတာပဲ ဒါက ကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူးနော် ကျုပ် တိထျန်း ကို အရင် ပြန်နှင့်ပါ့မယ် ဖန့်ဓားဦးဆောင်သူ တိထျန်းကို ဓားစိန်ခေါ်ဖို့ လာတဲ့အခါမှ ပြန်ဆုံကြတာပေါ့"
ပြောပြီးတာနဲ့ ကျော့ရွှီဟာ သူ့လူတွေကို ခေါ်ပြီး ချက်ချင်း ထွက်ခွာသွားပါတော့တယ်။
သူဟာ အလွန် ပြတ်သားစွာနဲ့ပဲ ထွက်သွားတာပါ။
ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းက ဓားကျင့်ကြံသူတွေဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးမှာတော့ ရှင်းရှန်းဆီကို အကြည့်တွေ ရောက်သွားကြပါတယ်။
သူတို့ရဲ့ အကြည့်တွေထဲမှာ စပ်စုချင်စိတ်တွေရော၊ လေးနက်မှုတွေရော ပါဝင်နေပါတယ်။
ချင်းဟော့ချန်က ကျင့်ကြံမှုကို အဆုံးသတ်လိုက်ပြီး ဖန့်ချန်နဲ့ ရှင်းရှန်းကို တစ်ချက်ကြည့်ကာ စဉ်းစားနေပုံ ရပါတယ်။
"ကောင်လေး... ဒီလူက ဘယ်သူလဲ"
ဝမ်ကျိလုံက ရှင်းရှန်းကို မျက်မှောင်ကြုတ် ကြည့်ပြီး မေးလိုက်ပါတယ်။
"ဆရာ... တာအိုသုံးထောင်ဂိုဏ်းမှာ ဝိညာဉ်ပူးကပ်ခြင်းအတတ် ဆိုတာ ရှိတယ်လေ"
ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။
ဝိညာဉ်ပူးကပ်ခြင်းအတတ်ရဲ့ ထွက်ကုန်လား
အားလုံးက စဉ်းစားနေကြပြီး တာအိုသုံးထောင်ဂိုဏ်းရဲ့ ပညာရပ်တွေဟာ တကယ်ပဲ ထူးဆန်းအံ့ဩဖို့ ကောင်းတာပဲလို့ မှတ်ချက်ချလိုက်ကြပါတယ်။
"မိတ်ဆွေက အရင်တုန်းကလည်း ကျင့်ကြံမှု အဆင့်မြင့်ခဲ့တဲ့ တာအိုပညာရှင် ဖြစ်ရမယ်"
ဝမ်ကျိလုံက ရှင်းရှန်းကို ပြုံးပြီး ပြောလိုက်ပါတယ်။
"ဝမ်မိတ်ဆွေ အားနာစရာ မလိုပါဘူး ကျုပ်ရဲ့ အရင်ကျင့်ကြံမှုက ပြောလောက်စရာ မရှိပါဘူး ဝိညာဉ်ပူးကပ်ခံဖြစ်သွားပြီးနောက် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့လို့သာ အခုလို လက်ရုံးရည် ရှိလာတာပါ"
ရှင်းရှန်းက ယဉ်ကျေးစွာ ပြန်ပြောပါတယ်။
ဝမ်ကျိလုံရဲ့ မျက်နှာဟာ ထူးဆန်းသွားပြီး ဖန့်ချန်ကို တစ်ချက်ကြည့်လိုက်ပါတယ်။
သူကတော့ ရှင်းရှန်းရဲ့ နောက်ခံကို ခန့်မှန်းမိသွားပုံ ရပါပြီ။
ဒါဟာ တစ်ချိန်တုန်းက ယွင်ဟယ် ချန်ထားခဲ့တဲ့ လက်ရာဖြစ်မှာ သေချာပါတယ်။
အခု တာအိုသုံးထောင်ဂိုဏ်း ပြန်လည် ထူထောင်ချိန်မှာ သူက တာအိုတံခါးရဲ့ စောင့်ရှောက်သူအဖြစ် ပေါ်လာတာကလည်း သဘာဝကျပါတယ်။
ရှင်းရှန်းက ဘာမှ ထပ်မပြောတော့ဘဲ ဖန့်ချန်ရဲ့ ဘေးမှာ စောင့်ရှောက်သူတစ်ယောက်လို ငြိမ်သက်စွာ ရပ်နေပါတယ်။
ကျန်းလင်တို့ စိတ်ထဲမှာတော့ အားကျသွားကြပါတယ်။
ဒီလောက်အထိ အစွမ်းထက်တဲ့ မသေမျိုး တစ်ယောက်က အမြဲတမ်း ဘေးကနေ စောင့်ရှောက်ပေးနေမှတော့ မသေမျိုးဘုရင်နဲ့ မဆုံသရွေ့ ဘာအန္တရာယ်မှ ကြုံရတော့မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဒီလောကမှာ မသေမျိုးဘုရင်က ဘယ်နှစ်ယောက် ရှိလို့လဲ တချို့ဆိုရင် နှစ်ပေါင်း ရာချီ အသက်ရှင်တာတောင် မသေမျိုးဘုရင်ကို တစ်ခါမှ မြင်ဖူးမှာ မဟုတ်ပါဘူး။
"ဟော့ချန်... အခု ဖန့်ချန် ဓားစိန်ခေါ်တဲ့ လမ်းစဉ်ကို လျှောက်နေပြီဆိုတော့၊ မင်းကလည်း ခုနက သေခြင်းတရားဓားစိတ်ဓာတ် ကို နားလည်သွားပြီ၊ ခန္ဓာကိုယ်ထဲမှာလည်း ဒဏ်ရာဟောင်းတွေ ရှိနေသေးတယ် အခု ဂိုဏ်းကို ပြန်ပြီး တရားထိုင် ကျင့်ကြံပါဦး တာအိုပေါင်းစပ်ခြင်းအဆင့်ကို တက်လှမ်းနိုင်အောင် ကြိုးစားပါ"
ဝမ်ကျိလုံက ချင်းဟော့ချန်ကို ကြည့်ပြီး ညွှန်ကြားလိုက်ပါတယ်။
"တပည့် နာခံပါ့မယ်"
ချင်းဟော့ချန်က လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီး ဖန့်ချန်ကိုလည်း နှုတ်ဆက်ကာ ဓားအသွင်ပြောင်းအတတ် နဲ့ မိုးမြေကျွန်းကနေ ထွက်ခွာသွားပါတော့တယ်။
"ကောင်လေး... ငါအရင်ကတော့ မိုးမြေဓားဂိုဏ်းကို ဓားစိန်ခေါ်ပြီးရင် တိထျန်းကို တိုက်ရိုက်သွားဖို့ စဉ်းစားထားတာ အခု မင်းပြန်ရောက်လာပြီဆိုတော့ အစီအစဉ်ကို နည်းနည်း ပြောင်းရမယ် ကျုပ်တို့ ပေတု ကို အရင်သွားမယ် ပြီးမှ တိထျန်းကို သွားကြတာပေါ့"
ဝမ်ကျိလုံက ဖန့်ချန်ကို ပြုံးပြီး ကြည့်လိုက်ပါတယ်။
"ဆရာ့အမိန့်အတိုင်းပါပဲ"
ဖန့်ချန်က လက်အုပ်ချီလိုက်ပါတယ်။
ပေတု မှာ ဓားဂိုဏ်း နှစ်ခု ရှိပါတယ်။
ခွန်လွန်နဲ့ ကျုံးကျိုးနဲ့ ယှဉ်ရင်တော့ အရင်တုန်းက ပေတုက ဓားဂိုဏ်းတွေဟာ အားနည်းခဲ့ပေမဲ့ အခုအချိန်မှာတော့ ခွန်လွန်ထက် အားနည်းပြီး ကျုံးကျိုးထက်တော့ အစွမ်းထက်ပါတယ်။
မိုးမြေကျွန်း တိုက်ပွဲအပြီးမှာတော့ လူအများအပြားဟာ ဒီတစ်ခေါက် ဓားစိန်ခေါ်တဲ့ ခရီးစဉ်ကို တိတ်တဆိတ် စောင့်ကြည့်နေကြပါပြီ။
ခြောက်လအကြာမှာတော့ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။
ပေတုရဲ့ ခိုင်ယန်ကျိုး မှာရှိတဲ့ နေမင်းဓားဂိုဏ်း က ဝိညာဉ်သန္ဓေသား အထွတ်အထိပ်အဆင့် ဓားကျင့်ကြံသူ ခုနစ်ယောက်ဟာ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းက ဖန့်ဓားဦးဆောင်သူရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ပါတယ်။
နောက်ထပ် ခြောက်လအကြာမှာတော့ ပေတုရဲ့ ယောင်ကွမ်းကျိုး မှာရှိတဲ့ ဖူယောင်ဓားဂိုဏ်း ကလည်း ဝိညာဉ်သန္ဓေသား ဓားကျင့်ကြံသူ ၂၃ ယောက်အထိ တိုက်ပွဲမှာ ကျဆုံးသွားခဲ့ပါတယ်။
အရပ်မျက်နှာအသီးသီးက ကျင့်ကြံသူတွေဟာ ရလဒ်ကို ကြိုတင် ခန့်မှန်းထားကြပေမဲ့ ဖူယောင်ဓားဂိုဏ်းက ဓားကျင့်ကြံသူ ၂၃ ယောက်အထိ အသေခံပြီးမှ လက်လျှော့သွားလိမ့်မယ်လို့တော့ မထင်ထားမိပါဘူး။
ဒီအချက်ကတော့ မိုးမြေဓားဂိုဏ်းထက် အများကြီး ပိုပြီး ရဲစွမ်းသတ္တိ ရှိတာပါ။
ဒီကြားထဲမှာ ဝမ်ကျိလုံတို့ရဲ့ ခြေရာကို ပေတုမှာ တိတ်တဆိတ် ရှာဖွေနေသူတွေ ရှိပေမဲ့ တိုက်ပွဲနှစ်ခု ပြီးတာနဲ့ ဝမ်ကျိလုံဟာ သူ့လူတွေကို ခေါ်ပြီး ပေတုကနေ ချက်ချင်း ထွက်ခွာကာ တိထျန်း ကို တိုက်ရိုက် သွားခဲ့တာကြောင့် ဘယ်သူမှ မမီလိုက်ပါဘူး။
တိထျန်းရဲ့ ဓားကျင့်ကြံသူ အမွေအနှစ်ဟာ နယ်မြေသုံးခုထဲမှာ အစည်ကားဆုံး ဖြစ်ပါတယ်။
မသေမျိုးဘုရင် ရှိတဲ့ ဓားဂိုဏ်းတင် ၁၇ ဂိုဏ်း ရှိပြီး၊ မသေမျိုး ရှိတဲ့ ဓားဂိုဏ်းကတော့ ၄၆ ဂိုဏ်းအထိ ရှိပါတယ်။
ဖန့်ချန်တို့ အုပ်စုဟာ ဝမ်ကျိလုံနဲ့အတူ တိထျန်းကို ရောက်တဲ့အခါမှာတော့ နားချိန်မရှိဘဲ ဓားဂိုဏ်းအသီးသီးဆီကို သွားခဲ့ကြပါတယ်။
ဒါပေမဲ့ အကြိမ်အတော်များများမှာတော့ အဝင်မခံဘဲ အငြင်းခံခဲ့ရပါတယ်။
ဒီဓားဂိုဏ်းတွေဟာ တစ်ခုမကျန် ဆယ်နှစ်တိုင်တိုင် တောင်ဝင်ပေါက် ပိတ်ထားမယ်၊ ဧည့်သည်လည်း မလက်ခံဘူး၊ ဓားစိန်ခေါ်တာလည်း လက်မခံဘူးလို့ ကြိုတင် ကြေညာထားကြတာပါ။
ဒါဟာ အခြေအနေမပါဘဲ အရှုံးပေးလိုက်တာနဲ့ အတူတူပါပဲ။
ဒါက ဖန့်ချန်တို့အတွက် အလုပ်ရှုပ်သက်သာစေတာကြောင့် ဝမ်ကျိလုံကလည်း သူတို့ကို အတင်းအကျပ် မလုပ်ပါဘူး။
ဒါပေမဲ့... သူတို့ရဲ့ ဒီလို လုပ်ရပ်တွေဟာ တိထျန်းက ကျင့်ကြံသူတွေကိုတော့ ဒေါသထွက်စေပါတယ်။
စည်ကားလှတဲ့ မြို့တော်တစ်ခုထဲကို ဖန့်ချန်တို့ အုပ်စု ဝင်လာတဲ့အခါမှာတော့ ဆူညံသံတွေဟာ ခဏလောက် တိတ်သွားပြီး လူအများအပြားရဲ့ အကြည့်တွေဟာ ဖန့်ချန်တို့ဆီကို ရောက်လာပါတယ်။
တိထျန်းမှာ နာမည်ကြီးတဲ့ လင်ခုန်းဓားဂိုဏ်း ဟာ ဒီလင်ခုန်းမြို့တော်မှာပဲ တည်ရှိတာပါ။
"ဖန့်စီနီယာ... တိထျန်းက လူတွေရဲ့ အဝတ်အစားတွေက ထူးဆန်းလိုက်တာ လက်စကတွေလည်း မပါကြဘူး"
လန်ယားဝင်ချိုး က ဘေးပတ်ဝန်းကျင်ကို စပ်စုကြည့်နေပါတယ်။
တိထျန်းက ကျင့်ကြံသူတွေရဲ့ ဝတ်စားဆင်ယင်မှုဟာ အဝတ်အစား အတော်လေး နည်းပါးတာကို သူမ တွေ့လိုက်ရလို့ပါ။
အမျိုးသားတွေမှာ လက်စက မပါသလို၊ တချို့ အမျိုးသမီး ကျင့်ကြံသူတွေဆိုရင် သူမတောင် ကြည့်ရတာ မျက်နှာပူစရာ ကောင်းနေပါတယ်။
ဖန့်ချန် စကားမပြောရသေးခင်မှာပဲ ရှေ့ကနေ ကျင့်ကြံသူတစ်ယောက် လျှောက်လာပါတယ်။
သူက လူတိုင်းကို တစ်ချက်ကြည့်ပြီးနောက် လန်ယားဝင်ချိုးဆီ အကြည့်ပို့ကာ လက်အုပ်ချီ နှုတ်ဆက်လိုက်တယ်
"တိထျန်းက နာမည်မရှိတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူပါ မင်းသမီးကို လမ်းညွှန်မှု ပေးဖို့ တောင်းဆိုပါတယ်"
"ကောင်းတယ်"
ပတ်ဝန်းကျင်ကနေ အားပေးသံတွေ ထွက်ပေါ်လာပါတယ်
"ကျုပ်တို့ တိထျန်းက ကျင့်ကြံသူတွေက လိပ်လိုမျိုး ခေါင်းအောင်းနေမှာလား ဒီနေ့ မင်းတို့ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းက ဓားစိန်ခေါ်လာမှတော့၊ ကျုပ်တို့လည်း မင်းတို့ကို ပြန်ပြီး လမ်းညွှန်မှု တောင်းရမှာပေါ့"