အခန်း (၈၇၅-၈၇၆)
Vol. 88 Ch. 875-876
အခန်း (၈၇၅) နောက်ဘဝမှ ပြင်လိုက်ပါ
ကျင်ယွဲ့ဟန်တို့အုပ်စုဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်လုံးထဲမှာ အေးစက်တဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားပါတယ်။
တစ်ဖက်လူက အစပြုပြီး လမ်းညွှန်မှုတောင်းခံလာတာဖြစ်ပေမဲ့ လန်ယားဝင်ချိုးကို ရွေးချယ်လိုက်တာဟာ သိသိသာသာကို အပျော့ဆုံးလူကို ရွေးပြီး နှိပ်ကွပ်ချင်တာပါ။
ဝမ်ကျိလုံကတော့ မဲ့ပြုံးပြုံးလိုက်ရင်း
"ကျုပ်တို့ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းက ဓားစိန်ခေါ်ဖို့ လာတာပါ မင်းတို့က လမ်းညွှန်မှု တောင်းချင်တယ်ဆိုရင်တောင် ကျုပ်တို့ ဓားစိန်ခေါ်တာ ပြီးဆုံးတဲ့အထိ စောင့်ရလိမ့်မယ်"
ရောက်လာတဲ့သူက ရွှေအမြုတေ အထွတ်အထိပ်အဆင့် ကျင့်ကြံသူဖြစ်ပြီး သူက သတ္တိမွေးကာ ပြောလိုက်ပါတယ်
"စီနီယာ... ကျွန်တော်တို့က ဓားကျင့်ကြံသူတွေ မဟုတ်ကြပေမဲ့ တိထျန်းရဲ့ ကျင့်ကြံသူတွေပါပဲ အခုလို တောင်တန်းတွေ ပင်လယ်တွေကို ဖြတ်ကျော်ပြီး ရောက်လာတဲ့ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းက ဓားကျင့်ကြံသူတွေကို ဒီမှာ မြင်တွေ့ရတာ အလွန်ပဲ ရှားပါးလှပါတယ် ဒီလိုအခွင့်အရေးမျိုးကို အဆုံးရှုံးမခံနိုင်လို့ပါ ကျင့်ကြံသူအချင်းချင်း လမ်းညွှန်မှု တောင်းခံတာကလည်း ဓားစိန်ခေါ်တဲ့ စည်းကမ်းတွေရဲ့ ကန့်သတ်မှုကို ခံရမှာလားဗျာ "
"ဝမ်အကြီးအကဲ... သူကမှ ကျုပ်တို့ရဲ့ ဓားပညာကို လေ့လာချင်နေတာပဲ တပည့်ကပဲ သူ့ကို တစ်ပွဲလောက် တိုက်ပေးလိုက်ပါ့မယ် "
လန်ယားဝင်ချိုးက လက်အုပ်ချီပြီး ပြောလိုက်တယ်
"ဖန့်စီနီယာ တခြားသူတွေနဲ့ တိုက်နေတာကို ကြည့်နေရတာ ကြာပြီ တပည့်လည်း လက်ယားနေတာ ကြာပါပြီ"
ကျန်းလင်က ခဏစဉ်းစားပြီးနောက် ဝမ်ကျိလုံကို ပြောလိုက်တယ်
"အကြီးအကဲ... ကျွန်မကြည့်ရတာ ဒါကလည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး"
"ဟေ့... မင်း လိုချင်ရင် ငါ့ကိုလာစိန်ခေါ်ပါလား ငါလည်း လက်ယားနေတာ"
"ငါ... ငါ... လန်ယားညီမလေးကို စိန်မခေါ်ပါနဲ့ ငါ့ကိုပဲ လာစိန်ခေါ်ပါ မင်းအသက်ကို ချန်ပေးမယ်လို့ အာမခံတယ် "
တောင်ကုန်းအသီးသီးက တပည့်တွေဟာ တစ်ယောက်ပြီးတစ်ယောက် ရယ်မောရင်း တိုက်ပွဲဝင်ဖို့ အခွင့်အရေးကို လုနေကြပါတယ်။
လန်ယားဝင်ချိုးက ဒါကို မြင်တော့ ချက်ချင်း ဒေါသထွက်ကာ ပြောလိုက်တယ်
"စီနီယာတို့... ကျွန်မနဲ့ လာမလုကြပါနဲ့ သူက ကျွန်မကို စိန်ခေါ်တာလေ "
ဝမ်ကျိလုံ မျက်မှောင်ကြုတ်သွားပါတယ်။
သူဟာ မိမိကိုယ်ကို တိထျန်းရဲ့ တစ်ကိုယ်တော်ကျင့်ကြံသူလို့ ပြောနေတဲ့ ဒီရွှေအမြုတေ ကျင့်ကြံသူကို စိုက်ကြည့်လိုက်ပြီး မိမိဂိုဏ်းက တပည့်တွေ အကုန်လုံး တိုက်ချင်နေတာကို မြင်တဲ့အခါ စိတ်ထဲကနေ သက်ပြင်းတစ်ချက် ချလိုက်မိကာ အေးစက်စွာ ပြောလိုက်တယ်
"ဒီလိုဆိုရင်လည်း... မင်းတို့ အချင်းချင်း ပညာစမ်းကြပေါ့ အထိအခိုက်မရှိအောင်ပဲ လုပ်ကြပါ"
အထိအခိုက်မရှိအောင်ပဲ လုပ်ရမယ်
လန်ယားဝင်ချိုးကတော့ ဒီစကားရဲ့ အဓိပ္ပာယ်ကို နားမလည်ခဲ့ပေမဲ့၊ ဖန့်ချန်ကတော့ စိတ်ထဲကနေ တစ်ခုခုကို ရိပ်မိသွားပါတယ်။
အဲဒီအချိန်မှာ လင်ခုန်းမြို့တော်အတွင်းက မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေဟာ ဒီနေရာကို စောင့်ကြည့်နေကြပါတယ်။
မြင့်မားလှတဲ့ အဆောက်အဦးတစ်ခုပေါ်မှာတော့ လူငယ် ၇ ယောက်၊ ၈ ယောက်လောက် ရပ်နေကြပါတယ်။
အလယ်မှာ ရှိနေတဲ့သူကတော့ ဖန့်ချန်တို့နဲ့ မိုးမြေကျွန်းမှာ ဆုံခဲ့ဖူးတဲ့ ကျော့ရွှီ ပါပဲ။
ကျော့ရွှီရဲ့ ဘေးမှာ ရှိနေတဲ့သူတွေကတော့ လင်ခုန်းမြို့တော်ရဲ့ အရှင်သခင်ဖြစ်တဲ့ လင်ခုန်းဓားဂိုဏ်း က ဓားကျင့်ကြံသူတွေပါ။
"ကျော့မိတ်ဆွေ... ဒီလိုလုပ်တာက သူတို့ကို ဒေါသထွက်သွားစေမလား "
အသားအရေဟာ နှင်းပွင့်လို ဖြူဖွေးနေတဲ့ အမျိုးသမီး ဓားကျင့်ကြံသူတစ်ယောက်က တိုးတိုးလေး မေးလိုက်ပါတယ်။
အားလုံးက ကျော့ရွှီဆီ အကြည့်ပို့လိုက်ကြပါတယ်။
ကျော့ရွှီက အသာအယာ ရယ်မောလိုက်ပြီး လန်ယားဝင်ချိုးဆီက အကြည့်ကို လွှဲကာ အဲဒီအမျိုးသမီးကို ကြည့်လိုက်တယ်
"ခင်ဗျားတို့ လင်ခုန်းဓားဂိုဏ်းကမှ တိုက်ပွဲကို မရှောင်ဖို့ ဆုံးဖြတ်ထားတာပဲ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်း ဒေါသထွက်မှာကို ကြောက်နေစရာ မလိုပါဘူး"
"ဒီလိုလုပ်တာက သူတို့ကို အစကတည်းက နှိပ်ကွပ်ထားသလို ဖြစ်သွားတာပေါ့ တိထျန်းနယ်မြေထဲမှာ ဘယ်သူမဆို စိတ်ကြိုက် လာရောက် မောက်မာလို့ မရဘူးဆိုတာ သူတို့ကို သိအောင် လုပ်ပေးလိုက်တာပဲ"
အဲဒီအမျိုးသမီး ဓားကျင့်ကြံသူက ခဏစဉ်းစားပြီး ဒါဟာလည်း ဟုတ်တဲ့အတွက် ဘာမှထပ်မပြောတော့ဘဲ အဝေးက အခြေအနေကို ဆက်ပြီး အာရုံစိုက်နေပါတယ်။
...
"အရင် တိုက်စစ်ဆင်ပါ ငါ့ရဲ့ ဓားကွက်ထွက်လာရင် နင့်မှာ တိုက်ခိုက်ဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး တိထျန်းကို ရောက်တာ ဒီလောက်ရက်ကြာတဲ့အထိ နင်တစ်ယောက်ပဲ ငါတို့ကို အစပြုပြီး စိန်ခေါ်ရဲတာ သတ္တိတော့ ရှိသားပဲ"
လန်ယားဝင်ချိုးက ပြိုင်ဘက်ကို အဝေးကနေ ကြည့်ပြီး ပြုံးလျက် ပြောလိုက်ပါတယ်။
ပြိုင်ဘက်က အတော်လေး ယဉ်ကျေးပုံပြပြီး လက်အုပ်ချီလိုက်တယ်
"ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ် မိန်းကလေးခဏနေရင်တော့ မိန်းကလေးက ညှာတာပေးပါဦး"
စကားဆုံးတာနဲ့ သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားတွေဟာ ပါးစပ်ထဲမှာ ရုတ်တရက် စုစည်းသွားပြီး၊ ပြင်းထန်လှတဲ့ ဓားအလင်းတန်းတစ်ခုကို လန်ယားဝင်ချိုးဆီသို့ ပြင်းပြင်းထန်ထန် မှုတ်ထုတ်လိုက်ပါတယ်။
ဒီဓားအလင်းတန်းရဲ့ အရှိန်အဝါဟာ အလွန်ထိတ်လန့်စရာ ကောင်းလှပြီး၊ ရွှေအမြုတေ အထွတ်အထိပ်ရဲ့ ကန့်သတ်ချက်ကို ကျော်လွန်နေရုံတင်မကဘဲ ဝိညာဉ်သန္ဓေသား အထွတ်အထိပ်တောင်မှ ဒီလောက် ကြောက်စရာကောင်းတဲ့ အရှိန်အဝါမျိုး ထုတ်နိုင်ဖို့ ခဲယဉ်းလှပါတယ်
အနီးနားက ကျင့်ကြံသူတွေရဲ့ စိတ်ဓာတ်တွေ တက်ကြွသွားပြီး မျက်လုံးတွေထဲမှာ အရောင်တွေ တောက်ပလာပါတယ်။
ဒီနာမည်မရှိ တစ်ကိုယ်တော်ကျင့်ကြံသူမှာ ဒီလို လက်နက်ပုန်း ရှိလိမ့်မယ်လို့ မထင်ထားကြပါဘူး။
လန်ယားဝင်ချိုးရဲ့ မျက်နှာထား ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားတွေကို ချက်ချင်းလှုံ့ဆော်ကာ ဒီဓားကွက်ကို ဖြေဖျောက်ဖို့အတွက် ဓားနဲ့ ခုတ်ချလိုက်ပါတယ်။
ဒါပေမဲ့ ကျန်းလင်တို့အုပ်စုရဲ့ မျက်နှာတွေကတော့ ချက်ချင်း ပျက်သွားပါတယ်။
ဒါဟာ ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက်ရဲ့ နည်းလမ်း လုံးဝ မဟုတ်ပါဘူး။
တစ်ဖက်လူရဲ့ နောက်ကွယ်မှာ အစွမ်းထက်တဲ့သူ တစ်ယောက်ယောက်က ကူညီပေးထားတာဖြစ်ပြီး သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းကို အရှက်ခွဲဖို့ပါပဲ
လန်ယားဝင်ချိုးရဲ့ ကျင့်ကြံမှုအဆင့်နဲ့ဆိုရင် ဒီဓားကွက်ကို လုံးဝ ခုခံနိုင်မှာ မဟုတ်ပါဘူး
တကယ်လို့ သူတို့ ကြားဝင်မတားရင် လန်ယားဝင်ချိုးဟာ နေရာမှာတင် အသက်ပျောက်သွားနိုင်သလို၊ တကယ်လို့ သူတို့က ကြားဝင်နှောင့်ယှက်ရင်လည်း တစ်ဖက်လူတွေက အကွက်ဆင်ပြီး အပြစ်ပြောစရာ ဖြစ်သွားပါလိမ့်မယ်။
ဒီလို အရေးကြီးတဲ့ အချိန်မှာပဲ ဝမ်ကျိလုံက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ပြီး ပြိုင်ဘက်ရဲ့ ဓားအလင်းတန်းကို လက်စကအတွင်းထဲသို့ သိမ်းယူကာ ပျောက်ကွယ်သွားစေပါတယ်။
အေးစက်တဲ့ ချွေးစက်တစ်ခုဟာ လန်ယားဝင်ချိုးရဲ့ နဖူးပေါ်ကနေ ဖြည်းဖြည်းချင်း ကျဆင်းလာပါတယ်။
"နောင်ကျရင် တခြားသူတွေရဲ့ စိန်ခေါ်မှုကို လွယ်လွယ်နဲ့ လက်မခံပါနဲ့ တချို့လူတွေက ကျုပ်တို့လို စည်းကမ်းမစောင့်တတ်ကြဘူးလေ"
ဝမ်ကျိလုံက ပြုံးလျက် ပြောလိုက်ပါတယ်။
တောင်ကုန်းအသီးသီးက တပည့်တွေဟာ စိတ်ထဲမှာ ရှက်သွားကြပါတယ်။
စောစောက ဝမ်အကြီးအကဲက သူတို့ကို တိုက်ခိုက်ဖို့ ဘာလို့ ခွင့်မပြုချင်တာလဲဆိုတာ အခုမှ သဘောပေါက်သွားကြပါပြီ၊ တစ်ဖက်လူမှာ တစ်ခုခု ထူးဆန်းနေတာကို ဝမ်ကျိလုံက ကြိုသိနေခဲ့တာပါ။
"ခင်ဗျားတို့ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းက ဘာလို့ ဒီလောက် အရှက်မရှိတာလဲ ဒါက မျိုးဆက်သစ်တွေကြားထဲက စမ်းသပ်ပွဲလေ ဘာလို့ လူကြီးတွေက ကြားဝင်နှောင့်ယှက်တာလဲ"
"ဒီလိုနဲ့ပဲ ဓားစိန်ခေါ်တဲ့ လမ်းစဉ်ကို လျှောက်ဦးမလို့လား"
လင်ခုန်းမြို့တော်အတွင်းကနေ သရော်လှောင်ပြောင်သံတွေ ရုတ်တရက် ထွက်ပေါ်လာပါတယ်။
လန်ယားဝင်ချိုးရဲ့ မျက်နှာဟာ ဖြူလျော်သွားပြီး စိတ်ထဲမှာလည်း အလွန်ခံရခက်နေပါတယ်။
မိမိကြောင့်နဲ့ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းက ဓားကျင့်ကြံသူတွေ အခုလို သရော်ခံနေရတာကို သူမ မခံစားနိုင်ပါဘူး။
သူမဟာ လူအများအပြားက ကောင်းကင်လျှိုဝှက်မှန် တွေကို မြှောက်ကိုင်ထားကြပြီး ခုနက မြင်ကွင်းကို အရပ်မျက်နှာအသီးသီးဆီ ဖြန့်ဝေနေတာကိုလည်း မြင်လိုက်ရပါတယ်။
"မိန်းကလေး... ဒီတစ်ပွဲကတော့ ကျွန်တော် နိုင်သွားပြီထင်တယ်နော် ကျေးဇူးတင်ပါတယ်ဗျာ"
အဲဒီရွှေအမြုတေ ကျင့်ကြံသူဟာ ပါးစပ်လေးကို အပေါ်သို့ ကွေးလိုက်ရင်း လက်အုပ်ချီပြီး ပြောလိုက်ပါတယ်။
"နိုင်တယ် ဟုတ်လား... အလကားပဲ"
လူတိုင်း တုံ့ပြန်ဖို့ မမီခင်မှာပဲ၊ ဓားအလင်းတန်းတစ်ခုဟာ အဲဒီရွှေအမြုတေ ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ပေါ်ကို တိုက်ရိုက် ကျရောက်သွားပါတယ်။
သူဟာ ကြောင်တောင်တောင်နဲ့ ငုံ့ကြည့်လိုက်တဲ့အခါ သူ့ရဲ့ ရင်ဘတ်ပေါ်မှာ သွေးလိုင်းတစ်ခု ပေါ်နေတာကို တွေ့လိုက်ရပါတယ်။
သူဟာ ခေါင်းကို အမြန်မော့ပြီး ဖန့်ချန်ကို လက်ညှိုးထိုးကာ မျက်လုံးထဲမှာ ထိတ်လန့်မှုတွေနဲ့
"မင်း... မင်း..."
ဗြန်း
စကားတောင် မဆုံးသေးခင်မှာပဲ အဲဒီလူရဲ့ ခန္ဓာကိုယ်ဟာ ဘယ်ညာ နှစ်ခြမ်းကွဲထွက်သွားပါတယ်။
ပူနွေးနေတဲ့ ကလီစာတွေနဲ့ သွေးတွေဟာ မြေပြင်ပေါ်မှာ ပြန့်ကျဲသွားပါတော့တယ်။
ပတ်ဝန်းကျင်ဟာ ခဏလောက် တိတ်ဆိတ်သွားပြီးနောက်၊ လင်ခုန်းမြို့တော်က ကျင့်ကြံသူတွေဟာ ဒီမြင်ကွင်းကို ကြည့်ပြီး မျက်လုံးထဲမှာ ဒေါသရိပ်တွေ တဖြည်းဖြည်း ပေါ်လာပါတယ်။
လူတစ်ယောက်က ဖန့်ချန်ကို လက်ညှိုးထိုးပြီး အော်ဟစ်လိုက်တယ်
"မင်း စည်းကမ်းမစောင့်ဘူးလား"
ဖန့်ချန်က လက်ကို ဝှေ့ယမ်းပြီး နောက်ထပ် ဓားတစ်ချက် ထုတ်လိုက်ပါတယ်။
ဖန့်ချန်ကို မေးခွန်းထုတ်တဲ့ ဝိညာဉ်သန္ဓေသား ကျင့်ကြံသူဟာ နေရာမှာတင် အော်ဟစ်ရင်း ဓားအလင်းအောက်မှာ သေဆုံးသွားပါတယ်။
"တောက်... မင်းတို့ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းက သတ္တိကတော့ ကောင်းလှချည်လား၊ ဘယ်လိုလုပ်ပြီး..."
နောက်ထပ် ဓားအလင်းတန်းတစ်ခု။
ဒီတစ်ခါ သေတာကတော့ စိတ်ဝိညာဥ်ထွက်ခွာခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ပါ။
ဒါဟာ ဘေးနားကနေ ဒေါသတကြီး ဆဲဆိုနေကြတဲ့ ကျင့်ကြံသူ အတော်များများကို ချက်ချင်း ပါးစပ်ပိတ်သွားစေပါတယ်။
သူတို့ ပါးစပ်ပိတ်သွားကြပေမဲ့လည်း၊ ဓားအလင်းတန်းတွေဟာ တစ်ခုပြီးတစ်ခု တောက်ပလာပြီး စောစောက သရော်ခဲ့သူ အားလုံးကို တစ်ယောက်မကျန် အသက်နှုတ်ယူလိုက်ပါတယ်။
ခဏလေးအတွင်းမှာပဲ ကျင့်ကြံသူ တစ်ရာကျော်ဟာ နေရာမှာတင် သွေးအိုင်ထဲ နစ်သွားကြပါတယ်။
လင်ခုန်းမြို့တော်က ကျင့်ကြံသူတွေတင် ကြောင်သွားတာ မဟုတ်ဘဲ၊ ကျန်းလင်တို့ အုပ်စုတောင်မှ အံ့ဩမှင်သက်သွားကြပါတယ်။
ကျော့ရွှီနဲ့အတူ ရပ်နေတဲ့ ဓားကျင့်ကြံသူ အုပ်စုဟာလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ရဲ့ မျက်လုံးထဲမှာ ဒေါသနဲ့ ထိတ်လန့်မှုတွေကို တွေ့လိုက်ရပါတယ်။
တစ်ဖက်လူက ဘယ်လိုလုပ်ပြီး ဘာကိုမှ ဂရုမစိုက်ဘဲ လင်ခုန်းမြို့တော်ထဲမှာ လူသိရှင်ကြား သတ်ဖြတ်ရဲတာလဲ ဒါဟာ ဓားစိန်ခေါ်တဲ့ စည်းကမ်းတွေကို သိသိသာသာ ချိုးဖောက်လိုက်တာပဲ
"မင်းတို့ ကျုပ်တို့ရဲ့ ဒီခရီးစဉ်အပေါ် မကျေနပ်ကြဘူးဆိုတာ ကျုပ် သိပါတယ် ဒါပေမဲ့ ဒီကိစ္စက ဓားဂိုဏ်းတွေကြားက ကိုယ်ရေးကိုယ်တာ ကိစ္စပဲ ဖြစ်သင့်တာပါ မင်းတို့နဲ့ မဆိုင်ပါဘူး"
"မင်းတို့က တခြားသူတွေရဲ့ မြှောက်ထိုးပင့်ကော်မှုကို ခံလိုက်ရလို့ အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောမိ မှားယွင်းတဲ့ လုပ်ရပ်တွေ လုပ်မိတာ ဖြစ်မှာပါ"
"အမှားလုပ်မိတာက ကိစ္စမရှိပါဘူး၊ နောက်ဘဝရောက်မှ ပြင်လိုက်ပေါ့ တကယ်လို့ တခြားသူတွေအတွက် အသုံးတော်ခံချင်သေးတဲ့သူ ရှိရင်လည်း အကုန်လုံး ရှေ့ထွက်ခဲ့ကြ တစ်ရာ သတ်ရတာလည်း သတ်ရတာပဲ တစ်ထောင် သတ်ရတာလည်း သတ်ရတာပါပဲ ငါတို့အတွက်တော့ ဘာမှ မထူးခြားပါဘူး"
ဖန့်ချန်က ဓားကို ပြန်သိမ်းပြီး ရပ်လိုက်ကာ အားလုံးကို ပြုံးပြီး ပြောလိုက်ပါတယ်။
သူရဲ့ မီးခိုးပြာရောင် မျက်လုံးတွေကတော့ အစီအရင်တွေရဲ့ နောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ ကျော့ရွှီတို့ အုပ်စုဆီကို ထိုးဖောက်ကြည့်လိုက်ပါတယ်။
အခန်း (၈၇၆) အောင်နိုင်ဖို့ အခွင့်အရေး အနည်းငယ် ရှိနေသရွေ့
အဆောက်အဦး ပေါ်မှာ လင်ခုန်းဓားဂိုဏ်းရဲ့ ဓားကျင့်ကြံသူတွေဟာ ကျော့ရွှီကို ဝိုင်းကြည့်လိုက်ကြပါတယ်။
"သူ ကျုပ်တို့ကို မြင်နိုင်တာလား သူက မျက်မမြင်ဆို"
အမျိုးသမီး ဓားကျင့်ကြံသူက မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ်။
ကျော့ရွှီက ဖန့်ချန်နဲ့ အကြည့်ချင်းဆုံကာ မဲ့ပြုံးပြုံးရင်း
"သူက မျက်မမြင်ဆိုပေမဲ့ မျက်လုံးပညာရပ်ကို ကျင့်ကြံထားတာလေ သူ့မျက်လုံးတွေက ဒဏ်ရာကြောင့် ကန်းသွားတာလား ဆိုတာတောင် အခုထိ ဘယ်သူမှ မသိကြဘူး"
"ဒီကောင်လေးရဲ့ ဓားက စိတ်ဝိညာဥ်ထွက်ခွာခြင်းအဆင့်ကိုတောင် အလွယ်တကူ သတ်နိုင်တာပဲ လင်ခုန်းဓားဂိုဏ်းရဲ့ ဝိညာဉ်သန္ဓေသားတွေထဲမှာ သူ့ကို ယှဉ်နိုင်သူ မရှိဘူး"
အမျိုးသမီး ဓားကျင့်ကြံသူရဲ့ မျက်နှာထားက လေးနက်နေပါတယ်။
"ဒါလည်း ဟုတ်ချင်မှ ဟုတ်မှာပါ သူ့ဓားက အစွမ်းထက်တယ် ဆိုပေမဲ့ မင်းတို့ လင်ခုန်းဓားဂိုဏ်းမှာ နက်နဲအဆင့် ဓား ကို လှုံ့ဆော်နိုင်တဲ့ ဝိညာဉ်သန္ဓေသား ဓားကျင့်ကြံသူသာ ရှိရင်တော့ တစ်ပွဲတိုက်ကြည့်လို့ ရနိုင်ပါတယ်"
ကျော့ရွှီက ရယ်မောရင်း ပြောလိုက်ပါတယ်။
"နက်နဲအဆင့် ဓား ဟုတ်လား"
အမျိုးသမီး ဓားကျင့်ကြံသူက ခေါင်းကို အသာအယာ ခါယမ်းလိုက်တယ်
"ဘယ်လိုလုပ် လှုံ့ဆော်နိုင်မှာလဲ၊ တာအိုတံဆိပ် တစ်ခုတည်းရှိတဲ့ နက်နဲအဆင့် အနိမ့်စား ဓားကတောင် ဝိညာဉ်သန္ဓေသား အသုံးပြုနိုင်တဲ့ အရာမဟုတ်ဘူး ပြီးတော့ ကျုပ်တို့ ဂိုဏ်းက ဝိညာဉ်သန္ဓေသားတွေထဲမှာ ဘယ်သူ့ရဲ့ မွေးရာပါ ဓားမှ တာအိုတံဆိပ် မဖွဲ့စည်းနိုင်သေးဘူး"
"ဒီဆေးလုံးကိုတော့... တိုက်ပွဲဝင်မယ့် ဝိညာဉ်သန္ဓေသားကို တိုက်ပွဲမစခင် တိုက်လိုက်ပါ ကျန်တဲ့ကိစ္စတွေ မင်း ဂရုစိုက်စရာ မလိုတော့ဘူး သူ့ရဲ့ ဒီတစ်ခေါက် ဓားစိန်ခေါ်တဲ့ ခရီးစဉ်က မင်းတို့ လင်ခုန်းဓားဂိုဏ်းမှာတင် ရပ်တန့်သွားလိမ့်မယ်"
ကျော့ရွှီက အမျိုးသမီး ဓားကျင့်ကြံသူဆီ ဆေးလုံးတစ်လုံး ပစ်ပေးပြီးနောက် လှည့်ထွက်သွားပါတယ်။
အားလုံးကတော့ ထူးဆန်းတဲ့ မျက်နှာထားတွေ ဖြစ်နေကြပါတယ်။
ကျော့ရွှီပေးတဲ့ ဆေးလုံးက ကြည့်ရတာ အလွန်ရိုးရှင်းပြီး ဝိညာဉ်စွမ်းအားတောင် သိပ်မရှိလှပါဘူး၊ ဒါက တကယ်ပဲ တစ်ဖက်လူကို ဒီမှာ တားဆီးနိုင်မှာလား
...
လင်ခုန်းမြို့တော်တစ်ခုလုံး တိတ်ဆိတ်သွားပါတယ်။
ဘယ်သူမှ ထပ်ပြီး ပါးစပ်မဟရဲတော့တာကို မြင်မှ ဝမ်ကျိလုံက ရယ်မောလိုက်ပြီး အားလုံးကို ခေါ်ကာ ဆက်လက် ထွက်ခွာခဲ့ပါတယ်။
လူအပေါင်းရဲ့ အကြည့်တွေအောက်မှာပဲ သူတို့ဟာ တဖြည်းဖြည်း ဝေးကွာသွားပါတယ်။
စောစောက ဖန့်ချန်ရဲ့ ဓားချက်အချို့ဟာလည်း ကောင်းကင်လျှိုဝှက်မှန်တွေကတစ်ဆင့် ပြင်ပလောကကို ပျံ့နှံ့သွားခဲ့ပြီး အရပ်မျက်နှာအသီးသီးက ကျင့်ကြံသူတွေကို ဒေါသထွက်စေခဲ့ပါတယ်။
လင်ခုန်းမြို့တော်ထဲမှာ ကျင့်ကြံသူတွေကို စိတ်ကြိုက် သတ်ဖြတ်တာဟာ တိထျန်း ကို ဗြောင်ကျကျ စိန်ခေါ်လိုက်တာပါပဲ
ဖန့်ချန်တို့ဟာ လင်ခုန်းဓားဂိုဏ်းဆီကို ဦးတည်နေတာကို မြင်တော့ မြို့ထဲက ကျင့်ကြံသူတွေလည်း တစ်ယောက်ပြီးတစ်ယောက် လိုက်ပါလာကြပါတယ်။
သူတို့ရဲ့ စိတ်ထဲမှာတော့ လင်ခုန်းဓားဂိုဏ်းအပေါ် ယုံကြည်မှု သိပ်မရှိကြပေမဲ့ အံ့ဖွယ်တစ်ခုခု ဖြစ်လာမလားဆိုတာကိုတော့ ကြည့်ချင်နေကြတုန်းပါပဲ။
"ထပ်ပြီး စဉ်းစားမနေနဲ့တော့ ဒီတစ်ခေါက် အတွေ့အကြုံ ရသွားပြီဆိုတော့ နောက်တစ်ခါ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ မင်း သိသွားမှာပါ ဆရာလည်း စိတ်မဆိုးပါဘူး"
လန်ယားဝင်ချိုးက လမ်းတစ်လျှောက်လုံး စကားမပြောဘဲ ခေါင်းငုံ့လာတာကို မြင်တော့ ဖန့်ချန်က ပြုံးပြီး အသံလွှင့်ကာ ပြောလိုက်ပါတယ်။
လန်ယားဝင်ချိုးက သက်ပြင်းတစ်ချက် ချလိုက်ပြီး ခုနက သူမလိုပဲ အော်ဟစ်ခဲ့ကြတဲ့ တခြားစီနီယာတွေကို လှမ်းကြည့်လိုက်တဲ့အခါ သူတို့လည်း မျက်နှာမကောင်းတာကို မြင်တော့မှ ခါးသီးစွာ ပြုံးလိုက်မိပါတော့တယ်
"ဖန့်စီနီယာ... ခုနကသာ ဝမ်အကြီးအကဲ ကြားဝင်မတားခဲ့ရင် ကျွန်မ အသက်အန္တရာယ် ရှိနိုင်ပါတယ် ပြီးတော့ စီနီယာသာ ဝင်မသတ်ပေးခဲ့ရင် ကျွန်မတို့ ဓားဂိုဏ်းက သူတို့ရဲ့ ကဲ့ရဲ့လှောင်ပြောင်တာကို ခံရဦးမှာပါ"
"တကယ်တော့ ဒီကိစ္စက မင်းနဲ့ မဆိုင်ပါဘူး အဓိကက တစ်ယောက်ယောက်က ငါ့ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ချင်နေတာပါ"
ဖန့်ချန်က အသာအယာ ရယ်မောလိုက်ပါတယ်။
လန်ယားဝင်ချိုးရဲ့ မျက်နှာဟာ လှုပ်ရှားသွားပြီး
"အဲဒီ... ဂိုဏ်းချုပ်အဆင့်ရဲ့ သားလား"
ဖန့်ချန်က ခေါင်းကို အသာအယာ ညိတ်ပြလိုက်ပြီး ဘာမှ ထပ်မပြောတော့ပါဘူး။
ဂိုဏ်းချုပ်အဆင့်ရဲ့ သားတစ်ယောက်အနေနဲ့ နည်းလမ်းတွေကတော့ ဒီလောက်နဲ့တင် ရိုးရှင်းမှာ မဟုတ်ပါဘူး၊ နောက်ဆက်တွဲမှာ တစ်ခုခု ထပ်လုပ်ဦးမှာ သေချာပါတယ်။
လင်ခုန်းဓားဂိုဏ်းရဲ့ တောင်ဝင်ပေါက်ဟာ ပွင့်နေပါတယ်။
အရင်က ဓားဂိုဏ်းတွေလို တောင်ပိတ်ပြီး ပုန်းမနေပါဘူး။
ဒါပေမဲ့ တောင်ဝင်ပေါက်ရှေ့မှာတော့ တိုက်ပွဲလာကြည့်တဲ့ ကျင့်ကြံသူတွေကလွဲရင် လင်ခုန်းဓားဂိုဏ်းက ဓားကျင့်ကြံသူ တစ်ယောက်မှ မရှိပါဘူး။
လင်ခုန်းဓားဂိုဏ်းရဲ့ အဓိက ခန်းမဆောင်ကြီးထဲမှာတော့ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေဟာ မျက်နှာထား လေးနက်နေကြပြီး သူတို့ရှေ့မှာ ဝိညာဉ်သန္ဓေသား ဓားကျင့်ကြံသူ ဆယ်ဂဏန်းလောက် ရပ်နေကြပါတယ်။
"ဂိုဏ်းချုပ်... ကျွန်တော် ကြည့်ရတာ ဒီတစ်ခါတော့... တခြားသူတွေလိုပဲ တောင်ပိတ်ပြီး ဆယ်နှစ်လောက် နေလိုက်ရင် မကောင်းဘူးလား တပည့်တွေရဲ့ အသက်ကို အလကား အဆုံးရှုံးမခံသင့်ဘူး"
အကြီးအကဲတစ်ယောက်က တိတ်ဆိတ်မှုကို ဖြိုခွဲပြီး စကားစလိုက်ပါတယ်။
"တကယ်လို့ အဲဒီလို လုပ်လိုက်ရင် ကျုပ်တို့ လင်ခုန်းဓားဂိုဏ်းက နောင်ကျရင် တခြားသူတွေရဲ့ လှောင်စရာ ဖြစ်သွားမှာပေါ့ "
နောက်ထပ် အကြီးအကဲတစ်ယောက်က အေးစက်စွာ ပြောလိုက်တယ်
"ဒီတစ်ခါတော့ ကျုပ်တို့ ဆုတ်လို့ မရဘူး အသက်ပေးရရင်တောင် ကျုပ်တို့ရဲ့ သဘောထားကို ပြရမယ်"
"တကယ်တော့ ဓားစိန်ခေါ်တာက အနိုင်အရှုံး ခွဲဖို့ပဲလေ သေအောင် တိုက်စရာ မလိုပါဘူး ခွန်လွန်ဓားဂိုဏ်းကသာ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းကို အကျပ်ကိုင်ခဲ့လို့သာ ဓားစိန်ခေါ်ပွဲ ကနေ ဓားချိုးပွဲ ဖြစ်ကုန်တာ"
အကြီးအကဲတစ်ယောက်က မျက်မှောင်ကြုတ် ပြောလိုက်ပါတယ်။
အဲဒီစကား ထွက်လာတာနဲ့ ခန်းမထဲမှာ ပြန်ပြီး တိတ်ဆိတ်သွားပါတယ်။
လင်ခုန်းဓားဂိုဏ်းချုပ်က သူ့ကို တစ်ချက်ကြည့်ပြီး တိုးတိုးလေး သတိပေးလိုက်တယ်
"စကားကို ဆင်ခြင်ပါ တကယ်လို့ အဲဒီပုဂ္ဂိုလ် ကြားသွားရင် ဘယ်သူမှ မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"
ပြောပြီးတာနဲ့ သူက ရှေ့မှာရှိနေတဲ့ ဝိညာဉ်သန္ဓေသား ဓားကျင့်ကြံသူတွေကို ကြည့်လိုက်တယ်
"မင်းတို့ထဲမှာ ဘယ်သူက အစပြုပြီး တိုက်ချင်လဲ တကယ်လို့ မတိုက်ချင်ဘူးဆိုရင်လည်း ငါ မင်းတို့ကို အပြစ်တင်မှာ မဟုတ်ဘူး ဘေးဒုက္ခကို ရှောင်ပြီး ကောင်းကျိုးကို ရှာတာက လူ့သဘာဝပဲ ကျင့်ကြံသူတွေလည်း ထူးမခြားနားပါဘူး ဒီကိစ္စကြောင့် မင်းတို့ရဲ့ ကျင့်ကြံမှု စိတ်ဓာတ် ကို မပျက်စီးစေပါနဲ့"
ဝိညာဉ်သန္ဓေသား အုပ်စုဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်နှာထားတွေကတော့ ဝေခွဲမရ ဖြစ်နေကြပါတယ်။
သူတို့ ဓားကျင့်ကြံသူ စဖြစ်ကတည်းက ဒီလောက်အထိ ဆုံးဖြတ်ရခက်တဲ့ အချိန်မျိုး တစ်ခါမှ မရှိခဲ့ဖူးပါဘူး။
အောင်နိုင်ဖို့ အခွင့်အရေး အနည်းငယ် ရှိနေသရွေ့တော့ သူတို့ဟာ တွန့်ဆုတ်မနေဘဲ ဓားကို ဆွဲထုတ်ပြီး တိုက်ကြမှာပါ။
ဒါပေမဲ့... အခုကတော့ အောင်နိုင်ဖို့ အခွင့်အရေး လုံးဝ မရှိတာပါ။
လူတိုင်းက သေခြင်းတရားကို ရင်ဆိုင်ပြီး ရှင်သန်ခြင်းကို ရှာဖွေရဲတာ မဟုတ်ပါဘူး။
အားလုံး တိတ်ဆိတ်နေချိန်မှာပဲ အမျိုးသမီး ဓားကျင့်ကြံသူက ခန်းမထဲကို ဖြည်းဖြည်းချင်း ဝင်လာပါတယ်။
သူမက ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို နှုတ်ဆက်လိုက်ပြီး ကျော့ရွှီပေးလိုက်တဲ့ ဆေးလုံးကို ထုတ်ပြလိုက်တယ်
"ဂိုဏ်းချုပ် အကြီးအကဲတို့... ဒါက ကျော့ရွှီ ကျွန်မကို ပေးလိုက်တဲ့ ဆေးလုံးပါ တိုက်ပွဲဝင်မယ့် တပည့်ကို ဒါကို ကြိုတိုက်ထားရင် ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားစိန်ခေါ်တဲ့ လမ်းစဉ်ကို ဖြတ်တောက်နိုင်လိမ့်မယ်လို့ သူ ပြောပါတယ်"
အားလုံးရဲ့ မျက်နှာထားတွေ ပြောင်းလဲသွားပါတယ်။
ဆေးလုံးတစ်လုံးတည်းနဲ့ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားစိန်ခေါ်ပွဲကို ဖြတ်တောက်နိုင်မယ် ဟုတ်လား
တာအိုပေါင်းစပ်ခြင်းအဆင့် ဖြစ်တဲ့ ဂိုဏ်းချုပ်ရောပေါင်းစပ်ခြင်းအဆင့် ဖြစ်တဲ့ အကြီးအကဲတွေပါ အမျိုးသမီး ဓားကျင့်ကြံသူရဲ့ ရှေ့ကို လျှောက်လာကြပြီး လက်ထဲက ဆေးလုံးကို သေသေချာချာ စစ်ဆေးကြပါတယ်။
ခန်းမထဲက ဝိညာဉ်သန္ဓေသား ဓားကျင့်ကြံသူတွေဟာလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စိတ်လှုပ်ရှားသွားကြပါတယ်။
ကျော့ရွှီ ဆိုတာက ရှောင်ယောင်နတ်မင်း ရဲ့ သားဖြစ်သလို၊ ဂိုဏ်းချုပ်အဆင့်ရဲ့ တိုက်ရိုက်သွေးမျိုးဆက်လည်း ဖြစ်ပါတယ်။
သူပေးတဲ့ ဆေးလုံးက သူ့တစ်ယောက်တည်းကို ကိုယ်စားပြုတာ မဟုတ်ပါဘူး။
ဒါဟာ ရှောင်ယောင်နတ်မင်းကိုယ်တိုင်က ဒီကိစ္စမှာ ဝင်ပါဖို့ ခွင့်ပြုလိုက်တာကို ပြနေတာပါ။
"ဒီဆေးလုံးက ကြည့်ရတာ... ဘာမှ ထူးခြားမှု မရှိသလိုပဲ"
လင်ခုန်းဓားဂိုဏ်းချုပ်က မျက်မှောင်ကြုတ် ပြောလိုက်ပါတယ်။
အကြီးအကဲ အုပ်စုကလည်း ခေါင်းညိတ်လိုက်ကြတယ်၊ သူတို့လည်း ဒီဆေးလုံးရဲ့ ထူးခြားမှုကို မမြင်ကြပါဘူး။
"ကျော့ရွှီ ပေးတာဆိုမှတော့ ပြဿနာရှိမှာ မဟုတ်ပါဘူး"
အဘိုးအို တစ်ယောက်က ဖြည်းဖြည်းချင်း လျှောက်လာပါတယ်။
အားလုံးက ဒါကို မြင်တော့ စိတ်ဓာတ်တွေ တက်ကြွသွားပြီး အလျင်အမြန် လက်အုပ်ချီ နှုတ်ဆက်လိုက်ကြတယ်
"ကျုပ်တို့ ရုစီနီယာ ကို ဂါရဝပြုပါတယ်"
ရုစီနီယာက အမျိုးသမီး ဓားကျင့်ကြံသူရဲ့ လက်ထဲက ဆေးလုံးကို ယူပြီး ခဏကြည့်လိုက်တယ်၊ အဲဒီနောက် ရုတ်တရက် ပြုံးပြီး ပြောလိုက်တယ်
"ကျုပ် ခန့်မှန်းတာ မမှားဘူးဆိုရင်တော့ ဒီဆေးလုံးက တကယ်ပဲ ဟင်းလင်ပြင်ထာဝရဓားဂိုဏ်းရဲ့ ဓားစိန်ခေါ်တဲ့ ခရီးစဉ်ကို ဖြတ်တောက်နိုင်လိမ့်မယ်"
အားလုံး အံ့ဩသွားကြပါတယ်။
သူတို့ရဲ့ ဒီအကြီးအကဲက ဘာကို မြင်လိုက်လို့လဲ
ရုစီနီယာက အခန်းထဲက ဝိညာဉ်သန္ဓေသားတွေကို ဝေ့ကြည့်လိုက်ပြီး ရုတ်တရက် တစ်ယောက်ကို လက်ညှိုးထိုးလိုက်တယ်
"ခဏနေရင် မင်းပဲ ထွက်တိုက်တော့ ဒီဆေးလုံးကို မင်း သောက်လိုက်ပါ"
အဲဒီ ဝိညာဉ်သန္ဓေသား ဓားကျင့်ကြံသူက ကြောင်သွားပြီး ထူးဆန်းတဲ့ အမူအရာနဲ့ ဆေးလုံးကို လှမ်းယူလိုက်ပါတယ်။
သူဟာ ဝိညာဉ်သန္ဓေသား အုပ်စုထဲမှာ သိပ်ပြီး ထူးချွန်တဲ့သူ မဟုတ်ပါဘူး၊ ပြောရရင် အောက်ဆုံးအဆင့်လောက်မှာပဲ ရှိတာပါ။
ဘာလို့ သူ့ကို ရွေးရတာလဲဆိုတာ သူနားမလည်ပါဘူး။
တကယ်လို့ ဒီဆေးလုံးက အစွမ်းထက်တယ်ဆိုရင် အတော်ဆုံးလူကို တိုက်ခိုင်းတာက ပိုပြီး သေချာမှာ မဟုတ်ဘူးလား
လင်ခုန်းဓားဂိုဏ်းချုပ်ကလည်း သံသယဖြစ်သွားပြီး မေးဖို့ ပြင်လိုက်ပါတယ်။
ရုစီနီယာက ဘာမှ ထပ်မပြောဘဲ အဲဒီ ဝိညာဉ်သန္ဓေသား ဓားကျင့်ကြံသူ ဆေးလုံးသောက်တာကို ကြည့်နေပါတယ်။
ဆေးသောက်ပြီးမှ တောင်ဝင်ပေါက်ဆီကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်တယ်
"ဝမ်ကျိလုံ ရောက်လာပြီ၊ မင်းတို့ အားလုံး ငါနဲ့အတူ ထွက်ကြိုကြတာပေါ့"
တောင်ဝင်ပေါက် အနီးမှာတော့ တိုက်ပွဲကြည့်ဖို့ ရောက်လာတဲ့ ကျင့်ကြံသူတွေဟာ ဝမ်ကျိလုံတို့ အုပ်စုကို ရန်လိုတဲ့ အကြည့်တွေနဲ့ စိုက်ကြည့်နေကြပါတယ်။
အဲဒီအချိန်မှာပဲ ရုစီနီယာက လူအများအပြားကို ခေါ်ပြီး ထွက်လာကာ ဝမ်ကျိလုံကို မဲ့ပြုံးပြုံးပြီး ကြည့်လိုက်တယ်
"ဝမ်မိတ်ဆွေ နောက်ဆုံး ဆုံခဲ့တာဆိုရင် နှစ်ပေါင်း ရာချီ ရှိပြီနော် အဲဒီတုန်းက တိုက်ပွဲသာ မရှိခဲ့ရင် ကျုပ်တို့ နှစ်ယောက်လုံး ဘေးဒုက္ခရင်ဆိုင်ခြင်းအဆင့် ကို ကျော်ဖြတ်ပြီး မသေမျိုးဘုရင် နေရာကို ရောက်နေလောက်ပြီ"