အခန်း (၈၉၉-၉၀၀)
Vol. 90 Ch. 899-900
အခန်း (၈၉၉) မီးတောက်အင်ပါယာသို့ တစ်ခေါက်ပြန်ခြင်း
ယွီချင်းကျိဟာ ခြံဝင်းတံခါးဝအထိ ဆုတ်သွားပြီး ဖန့်ချန်ကို စိုက်ကြည့်ကာ ဘာစကားမှ မပြောဘဲ နေနေပါတယ်။
"မင်း ထွက်သွားလို့ ရမှာမဟုတ်ဘူး"
ဖန့်ချန်က ပြုံးပြီး ပြောလိုက်ပါတယ်။
ယွီချင်းကျိက ဂရုမစိုက်ဘဲ လှည့်ထွက်ဖို့ ကြိုးစားပေမဲ့ မမြင်ရတဲ့ တံတိုင်းတစ်ခုနဲ့ တိုက်မိသွားပါတယ်။
အဲဒါက ယင်ဓာတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ တံတိုင်းတစ်ခုပါ။
ယွီချင်းကျိဟာ ဒီဘက်က မရတော့တဲ့အခါ တခြားဘက်ကို လှည့်ပြီး ထွက်ပေါက်ကို လိုက်ရှာပါတော့တယ်။
ဖန့်ချန်ကတော့ စိတ်မလောဘဲ စိတ်ရှည်လက်ရှည် စောင့်နေပါတယ်။
လက်ဖက်ရည်တစ်အိုးစာ အချိန်လောက် ကြာပြီးနောက်မှာတော့ ယွီချင်းကျိဟာ ဖန့်ချန်ရှေ့ကို ပြန်လာပြီး လက်ဖက်ရည်ခွက်ကို မကာ တစ်ငုံတည်း သောက်ချလိုက်ပါတယ်။
အဲဒီနောက် ဆယ်ခွက်မက ထပ်ငှဲ့သောက်ပြီး လက်ဖက်ရည်အိုးထဲမှာ ရေကုန်သွားတော့မှပဲ ရပ်လိုက်ပါတော့တယ်။
"သဘောပေါက်သွားပြီလား"
ဖန့်ချန်က မေးပါတယ်။
ယွီချင်းကျိက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး
"ဒီလို ပြောရအောင်... ငါတို့ သွေးဝိညာဉ်ဂိုဏ်း ကျင့်ကြံသူတွေကလည်း တစ်ယောက်နဲ့ တစ်ယောက် အကုန်သိကြတာ မဟုတ်ဘူး"
" ကိုင်ဝူက သွေးဝိညာဉ်ဂိုဏ်းသား ဆိုတဲ့ကိစ္စကို ငါ တကယ်ပဲ မသိတာပါ ဒါပေမဲ့ ငါတို့ ယွီမိသားစုကို တစ်ယောက်ယောက်က တိုက်ခိုက်ချင်နေတယ် ဆိုတာကိုတော့... ငါ အနည်းငယ် သိထားတာ ရှိတယ်"
"ပြောပြစမ်းပါဦး"
"သွေးဝိညာဉ်ဂိုဏ်းနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းကို ပြောမယ်ဆိုရင် ငါတို့ ယွီမိသားစု အဘိုးအကြောင်းကနေ စပြောရလိမ့်မယ် အရင်တုန်းက အဘိုးက နောက်ခံမရှိ ကျင့်ကြံမှု အရင်းအမြစ်မရှိ ပြည့်စုံတဲ့ ကျင့်စဉ်တောင် မရှိတဲ့ သာမန် လေလွင့်ကျင့်ကြံသူ တစ်ယောက်ပဲ"
ယွီချင်းကျိက ဖြည်းဖြည်းချင်း ပြောပြတယ်
"တစ်နေ့မှာ အဘိုးက နေရာတစ်ခုကို ဖြတ်သွားရင်း အဲဒီမှာရှိတဲ့ သက်ရှိတွေ အစုလိုက်အပြုံလိုက် သေဆုံးနေတာကို တွေ့ခဲ့တယ် ကျင့်ကြံသူတစ်ယောက်က သူတို့ရဲ့ သွေး ကံကြမ္မာတွေကို သုံးပြီး သွေးဝိညာဉ်နတ်ဆေးလုံး တွေကို ဖော်စပ်နေတာလေ"
"အဘိုးက ဒါဟာ အခွင့်အရေးကြီး တစ်ခုမှန်း သိတာကြောင့် ဆရာတင်ဖို့ ကြိုးစားခဲ့တယ် ဒါပေမဲ့ အဲဒီလူက အဘိုးကို ပုစ္ဆာတစ်ပုဒ် ပေးခဲ့တယ်"
"အဲဒါက ဘာလဲဆိုတော့... အဘိုးအနေနဲ့ ဆယ်ရက်အတွင်းမှာ ကိုယ့်ကိုယ်ကိုယ် ကံကြမ္မာအညစ်အကြေး မစွန်းထင်းစေဘဲ သွေးဝိညာဉ်နတ်ဆေးလုံး တစ်လုံးကို ဖော်စပ်ခိုင်းတာပဲ အဲဒါက အခြေခံအကျဆုံး ဆေးလုံးဆိုပေမဲ့လည်း သက်ရှိ တစ်သိန်းရဲ့ သွေးနဲ့ ကံကြမ္မာတွေ လိုအပ်တာလေ"
"အဘိုးက ရှေ့မှာရှိတဲ့ နတ်ဘုရားပေးတဲ့ အခွင့်အရေးကို မလက်လွှတ်ချင်တာကြောင့် ဦးနှောက်ကို အစွမ်းကုန်သုံးပြီး ဒီတာဝန်ကို မနည်းအောင်မြင်အောင် လုပ်ခဲ့တယ်"
"အဲဒီလူက ဒါကို မြင်တော့ အဘိုးကို တပည့်အဖြစ် လက်ခံလိုက်တယ် အဲဒီကတည်းက အဘိုးဟာ သွေးဝိညာဉ်ဂိုဏ်းသား ဖြစ်လာပြီး အဲဒီလူရဲ့ နောက်ကို လိုက်ပြီး လှည့်လည်ခဲ့တာပဲ"
"နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးလာတော့ အဘိုးရဲ့ ကျင့်ကြံမှုကလည်း အကြီးအကျယ် တိုးတက်လာခဲ့တယ် သာမန် ချီသန့်စင်ခြင်းအဆင့်ကနေ အဆင့်ဆင့် ဖြတ်ကျော်လာခဲ့တာ"
"အခြေခံတည်ဆောက်ခြင်း၊ ရွှေအမြုတေ၊ ဝိညာဉ်သန္ဓေသား၊ စိတ်ဝိညာဉ်ထွက်ခွာခြင်း၊ ဝိညာဉ်ခွဲဖြာခြင်း၊ ပေါင်းစပ်ခြင်း၊ တာအိုပေါင်းစပ်ခြင်း နဲ့ အခုဆိုရင် ဘေးဒုက္ခရင်ဆိုင်ခြင်းအဆင့် အထိပေါ့"
ယွီချင်းကျိက တိုးတိုးလေး ပြောတယ်
"အဘိုးဟာ ဒီလမ်းကြောင်းမှာ အန္တရာယ်တွေ အများကြီး ကြုံခဲ့ရပေမဲ့ သွေးဝိညာဉ်ဂိုဏ်းအတွက်လည်း အများကြီး လုပ်ဆောင်ပေးခဲ့တယ် အမှန်ဆိုရင် အဘိုးက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ ကတည်းက ဘေးဒုက္ခကို ကျော်ဖြတ်ပြီး မသေမျိုးဘုရင် ဖြစ်နေသင့်တာ"
"ဒါပေမဲ့ တစ်ခုတည်းသော အခွင့်အရေးကို တစ်ယောက်ယောက်က လုယူသွားတာကြောင့် အခုအချိန်အထိ အဘိုးဟာ ဘေးဒုက္ခကို မကျော်ဖြတ်နိုင်သေးတာပဲ"
သူက ဖန့်ချန်ကို ကြည့်လိုက်တယ်
"အဘိုးရဲ့ အခွင့်အရေးကို လုယူသွားတဲ့သူကတော့ အဘိုးကို တပည့်အဖြစ် လက်ခံခဲ့တဲ့ အဲဒီကျင့်ကြံသူပဲ အဘိုး ပြောတာကတော့ သူဟာ ကျုံးကျိုးမှာ နာမည်ကြီးတဲ့ မသေမျိုးဘုရင် တစ်ယောက်ပဲတဲ့မင်းပြောတဲ့ ယွီမိသားစုကို တိုက်ခိုက်မယ့်သူက ဒီလူပဲ ဖြစ်ရမယ်"
"အဲဒါ ဘယ်မသေမျိုးဘုရင်လဲ လောကမှာ မသေမျိုးဘုရင် အများကြီး မရှိဘူးဆိုပေမဲ့ ကျုံးကျိုးမှာတော့ နာမည်ရှိတဲ့သူတွေ တော်တော်များများ ရှိတယ်လေ"
ဖန့်ချန်က ခပ်အေးအေး ပြောလိုက်ပါတယ်။
ကျောင်းတော်မှာတင် ဆရာ ၆ ယောက် ရှိတယ်၊ ပြီးတော့ အရှေ့ဘက် ကောင်းကင်ဘုရင်ကျန့်၊ အနောက်ဘက် ကိုးဆက်ဘုရင်၊ မြောက်ဘက် နဂါးဘုရင်၊ တောင်ဘက် တောင်စဉ်ဘုရင်၊ ပြီးတော့ တာအိုဂိုဏ်းကြီး ၃ ခု၊ နတ်ဘုရားဂိုဏ်း ၄ ခု... လက်ချောင်းတွေနဲ့ ရေလို့တောင် မလောက်ပါဘူး။
"မသိဘူး"
ယွီချင်းကျိက သက်ပြင်းချလိုက်တယ်
"ငါ မသိတာတင် မဟုတ်ဘူး၊ အဘိုးကိုယ်တိုင်တောင် အဲဒီလူရဲ့ အထောက်အထားအမှန်ကို မသိဘူး"
"မင်းပြောပုံအရ ဆိုရင် သူက မင်းအဘိုးရဲ့ ဆရာလေ၊ မင်းအဘိုးက ကိုယ့်ဆရာ ဘယ်သူလဲဆိုတာတောင် မသိဘူးလား"
ဖန့်ချန်က ရယ်မောလိုက်တယ်
"ဒါကို ငါက ယုံမယ် ထင်နေတာလား"
"ဖန့်ချန် မင်း ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ဒါက အမှန်တရားပဲ ငါ ဒါကို ထုတ်ပြောရတာကလည်း တကယ်လို့ တစ်နေ့နေ့မှာ ယွီမိသားစုကို ဝိညာဉ်သုတ်သင်ခြင်းဌာနက ချေမှုန်းခဲ့ရင်တောင်မှ ဝိညာဥ်သုတ်သင်ခြင်းဌာနအနေနဲ့ အဲဒီလူကို ရှာတွေ့နိုင်ဖို့ မျှော်လင့်ချက်နဲ့ ပြောတာပါ"
ယွီချင်းကျိက လှောင်ပြုံးပြုံးလိုက်ပါတယ်။
ခဏနေတော့ သူက ဆက်ပြောတယ်
"ဒါနဲ့ နောက်ထပ် သတင်းတစ်ခု ငါ လက်ဆောင်ပေးမယ် ငါပြောတဲ့ အဲဒီမသေမျိုးဘုရင်က မကြာခင်မှာ ဂိုဏ်းချုပ် အဆင့်ကို တက်လှမ်းတော့မှာ ဖြစ်သလို၊ ကျုံးကျိုးကို အစားထိုး သိမ်းပိုက်ဖို့လည်း ကြံစည်နေတယ်"
"ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး စီနီယာရွှင်ရဲ့ သက်တမ်းကလည်း ကုန်ခါနီးနေပြီဆိုတော့ ဒီအခြေအနေကို ပြောင်းလဲနိုင်စွမ်း ရှိမှာ မဟုတ်တော့ဘူး တကယ်လို့ သူသာ အောင်မြင်သွားရင် ကျုံးကျိုးရဲ့ နိုင်ငံတော်အမည်တွေ ဧကရာဇ်တွေ အကုန်ပြောင်းလဲသွားပြီး ကမ္ဘာကြီးရဲ့ အနေအထားလည်း ပြောင်းသွားလိမ့်မယ်"
ဖန့်ချန်ရဲ့ မျက်လုံးတွေက လှုပ်ခတ်သွားပါတယ်။
မဟာရှကလည်း တစ်စုံတစ်ယောက်က အဆင့် ၂ စား အင်ပါယာကို အဆင့် ၁ ဖြစ်အောင် လုပ်ချင်နေတယ်လို့ ပြောခဲ့ဖူးတာကြောင့် ယွီချင်းကျိရဲ့ စကားက ဒါကို ထပ်လောင်း အတည်ပြုပေးလိုက်တာပါပဲ။
"မင်းတို့ ဝိညာဉ်သုတ်သင်ခြင်းဌာနအတွက် အချိန် သိပ်မရှိတော့ဘူး သူသာ ဂိုဏ်းချုပ် ဖြစ်သွားရင် မင်းတို့ဌာနက ဘယ်လောက်အထိ တောင့်ခံနိုင်မှာလဲ"
ယွီချင်းကျိက နှာခေါင်းရှုံ့လိုက်တယ်
"စကားတွေလည်း ကုန်ပြီ၊ ငါ့ကို ဘယ်လို အပြစ်ပေးမလဲဆိုတာပဲ ပြောတော့"
ယင်လောကအကြီး မှာ ဖန့်ချန်ဟာ ယွီချင်းကျိကို ရှင်းရှန်း နဲ့ ရှီလုံ တို့ဆီမှာ အပ်နှံပြီး ဝမ့်ချွမ်းမြစ်ထဲကို ပျောက်ကွယ်သွားပါတယ်။
ယွီချင်းကျိဟာ ကြောင်တောင်တောင် ဖြစ်နေတုန်းပဲ
"ဒါက ဘယ်နေရာလဲ ဒီရှေ့က နှစ်ယောက်က ဘယ်သူတွေလဲ "
ရှင်းရှန်းနဲ့ ရှီလုံတို့ရဲ့ နောက်ခံကို သူ မသိပေမဲ့ ရှင်းရှန်းဆီကနေ တုယွန်းရွှီထက် မနိမ့်တဲ့ အရှိန်အဝါကို ခံစားနေရပါတယ်။
ရှေ့ကလူဟာ လူ့လောကမှာဆိုရင် မုချပဲ မသေမျိုး တစ်ယောက် ဖြစ်ရပါမယ်
သူတို့ ယွီမိသားစုက လီရှောင်နိုင်ငံကို အုပ်ချုပ်ပြီး သွေးဝိညာဉ်ဂိုဏ်းက နောက်ကွယ်က ထောက်ပံ့ပေးနေတာတောင်မှ ယွီမိသားစု တစ်ခုလုံးမှာ မသေမျိုး ဆိုလို့ အဘိုးတစ်ယောက်ပဲ ရှိတာပါ။
သူ့အဖေတောင်မှ တာအိုပေါင်းစပ်ခြင်းအဆင့်မှာ ပိတ်မိနေတာပါ။
ဒါပေမဲ့ အခု အောက်ဆင်းလာတဲ့ ခဏလေးအတွင်းမှာတင် ဖန့်ချန်ကို အလွန်အမင်း ရိုသေနေတဲ့ မသေမျိုး အဆင့်ရှိသူ နှစ်ယောက်ကို သူ တွေ့လိုက်ရပါပြီ။
ဒီအချိန်မှာ ယွီချင်းကျိ စိတ်ထဲမှာ ထူးဆန်းတဲ့ အတွေးတစ်ခု ပေါ်လာပါတယ်။
"ဒီဖန့်ချန်က... တစ်စုံတစ်ယောက်သော ဂိုဏ်းချုပ်ရဲ့ သားများလား "
ဒါကို တွေးမိတော့ ယွီချင်းကျိက ရှင်းရှန်းနဲ့ ရှီလုံကို ကြည့်ပြီး မေးလိုက်တယ်
"စီနီယာတို့... ဒီနေရာက ဘာနေရာလဲဆိုတာ..."
"ဒီနေရာလား ဒါက ယင်လောကအကြီးပဲ နောင်ကျရင် မင်းက ငါ့လက်အောက်က ဝိညာဉ်စစ်သည် ဖြစ်သွားပြီ အလုပ်များများလုပ် စကားနည်းနည်းပြော"
ရှင်းရှန်းက ပြုံးပြီး ပြောလိုက်ပါတယ်။
"စီနီယာ... စီနီယာ့ရဲ့ ကျင့်ကြံမှုနဲ့ ဘာလို့ ဖန့်ချန်ရဲ့ လက်အောက်မှာ အလုပ်လုပ်နေရတာလဲ သူက နောက်ပေါက် ကျင့်ကြံသူတစ်ယောက်ပဲလေ"
ယွီချင်းကျိက မေးပါတယ်။
"ငါ့ရဲ့ ကျင့်ကြံမှုလား"
ရှင်းရှန်းက ရယ်မောလိုက်တယ်
"မင်းက ငါ့ကို ဘယ်အဆင့်လို့ ထင်လို့လဲ"
"အနည်းဆုံးတော့ မသေမျိုး ပေါ့"
ယွီချင်းကျိက ခန့်မှန်းလိုက်ပါတယ်။
တာအိုပေါင်းစပ်ခြင်းအဆင့်က တုဟန်နဲ့ ဆင်တူသလို ခံစားရပေမဲ့ ဒီရှေ့က စက္ကူရုပ်လူကတော့ တုဟန်ထက် အများကြီး ပိုအစွမ်းထက်နေလို့ပါ။
"ဒါဆိုရင် ဒီတစ်ယောက်က ဘယ်အဆင့်လဲဆိုတာ ခန့်မှန်းကြည့်ပါဦး"
ရှင်းရှန်းက ရှီလုံကို ညွှန်ပြလိုက်ပါတယ်။
"ဒီတစ်ယောက်က..."
"ခန့်မှန်းမနေပါနဲ့တော့ ဒီပုဂ္ဂိုလ်က လူ့လောကမှာဆိုရင် မင်းတို့ခေါ်တဲ့ ဂိုဏ်းချုပ်အဆင့် ပဲ သူတောင်မှ သခင်လေးရဲ့ လက်အောက်ငယ်သား ဖြစ်နေတာဆိုတော့ ငါလို မသေမျိုး အဆင့်လောက်က သခင်လေးရဲ့ လက်အောက်မှာ နေရတာ နာလိုစရာလား"
ရှင်းရှန်းက ခပ်နောက်နောက် ပြောလိုက်ပါတယ်။
"ဟာ..."
ယွီချင်းကျိဟာ နောက်ကို ခြေလှမ်းအတော်များများ ဆုတ်သွားပါတယ်။
ရှင်းရှန်းကို ကြည့်လိုက်၊ ဘာမှမပြောဘဲ ရပ်နေတဲ့ ရှီလုံကို ကြည့်လိုက်နဲ့ မယုံနိုင်စရာ ဖြစ်နေပါတယ်။
ဂိုဏ်း... ဂိုဏ်းချုပ်အဆင့်
ဒါဆိုရင် လွတ်လပ်သောမသေမျိုး အဆင့်ပေါ့
ဒီလို ပုဂ္ဂိုလ်ကြီးက ဘာလို့ ဖန့်ချန်ရဲ့ လက်အောက်ငယ်သား ဖြစ်နေရတာလဲ
ယွီချင်းကျိက ဒီတစ်ခေါက် ဖြစ်ရပ်မှာ ဖန့်ချန်အကြောင်းကို တော်တော်လေး သိသွားပြီလို့ ထင်ခဲ့ပေမဲ့၊ အခုတော့ ထိတ်လန့်စရာတွေက တစ်ခုပြီးတစ်ခု လာနေပါတော့တယ်။
ဂိုဏ်းချုပ်ကိုတောင် လက်အောက်ငယ်သားအဖြစ် ထားနိုင်ဖို့ဆိုတာ ဘယ်လောက်တောင် မြင့်မြတ်တဲ့ အဆင့်အတန်း ဖြစ်ရမလဲဆိုတာ သူ မမှန်းဆရဲတော့ပါဘူး။
အနည်းဆုံးတော့ လက်ရှိ ကျုံးကျိုး၊ တိထျန်း၊ ပေတု သုံးနေရာလုံး ပေါင်းရင်တောင် တစ်ယောက်မှ ရှိမှာ မဟုတ်ပါဘူး
မီးတောက်အင်ပါယာ
"ကြားပြီးပြီလား ငါတို့ မီးတောက်အင်ပါယာက မဟာရှနဲ့ တိုက်တာ အကုန်ရှုံးနေတယ်တဲ့ အဆင့်မြင့်တဲ့ မသေမျိုးတွေတောင် သူတို့ကို မယှဉ်နိုင်ဘူး"
"အေး... ကြားသားပဲ မကြာခင် ငါတို့ နိုင်ငံတော်အမည်တောင် ပြောင်းရတော့မယ် ထင်တယ်"
"ကောင်းတာကတော့ ဒီစစ်ပွဲက မသေမျိုးတွေပဲ တိုက်ကြတာမို့လို့ ငါတို့လို သာမန်လူတွေတော့ မပါရဘူးပေါ့ မဟုတ်ရင် ငါတို့လည်း စစ်ထဲ အဆွဲခံရမှာ"
လမ်းပေါ်က လူတွေက တိုးတိုးလေး ပြောဆိုနေကြပါတယ်။
ဖန့်ချန်ဟာ လမ်းလျှောက်လာရင်း မီးတောက်အင်ပါယာနဲ့ မဟာရှတို့ စစ်ဖြစ်နေပေမဲ့ နှစ်ဖက်စလုံးက သာမန်လူတွေကို မထိခိုက်အောင် ရှောင်ကြဉ်နေကြတာကို တွေ့ရပါတယ်။
တိုက်ပွဲဖြစ်ရင်လည်း ကျင့်ကြံသူတွေပဲ ထွက်တိုက်ကြတာပါ။
ဖန့်ချန် ဒီတစ်ခေါက် မီးတောက်အင်ပါယာကို လာရတဲ့ အကြောင်းရင်းကတော့ ချင်းကျိုး ဓားဂိုဏ်း ကို တစ်ခေါက် သွားချင်လို့ဖြစ်သလို၊ သီလရှင်ကျောင်း ကိုလည်း သွားကြည့်ချင်လို့ ဖြစ်ပါတော့တယ်...။
အခန်း (၉၀၀) ဖောက်ပြန်သော အရိုး
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ချင်းကျိုး ဓားဂိုဏ်း ဟာ မီးတောက်အင်ပါယာအတွင်းမှာ တော်တော်လေး နာမည်ကြီးခဲ့ပြီး မီးတောက်အင်ပါယာရဲ့ ကျင့်ကြံခြင်းလောကကို တုန်လှုပ်စေခဲ့တဲ့ ဖြစ်ရပ်တစ်ခုလည်း ရှိခဲ့ဖူးပါတယ်။
ချင်းကျိုး ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဟောင်းဟာ နောက်ခံလျှို့ဝှက်ဆန်းပြားတဲ့ ကျင့်ကြံသူတစ်ယောက်ကို သွားရောက်ပြစ်မှားမိတာကြောင့် သတ်ဖြတ်ခံခဲ့ရပြီး၊ အဲဒီနောက်မှာတော့ အဲဒီလူကပဲ ချင်းကျိုး ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်နေရာကို ဆက်ခံခဲ့ပါတယ်။
သူဟာ တောင်ပိုင်းကောင်းကင်ဂိုဏ်း မှာ အံ့မခန်း နည်းလမ်းတွေနဲ့ အစွမ်းထက်တဲ့ နောက်ခံတွေကို ထုတ်ဖော်ပြသခဲ့ဖူးပါတယ်။
အဲဒီတုန်းက ပင်လယ်နဂါးဂိုဏ်း ရဲ့ ဂိုဏ်းချုပ်၊ ဂုဏ်သိက္ခာကြီးမားလှတဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတောင်မှ အရှုံးပေးခဲ့ရတာပါ။
အဲဒီအချိန်ကစပြီး မီးတောက်အင်ပါယာ ကျင့်ကြံခြင်းလောကဟာ အဲဒီ ဂိုဏ်းချုပ်ဖန့် ကို တော်တော်လေး ကြောက်လန့်ရိုသေခဲ့ကြပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဂိုဏ်းချုပ်ဖန့်ဟာ အကြောင်းရင်းမရှိ ပျောက်ဆုံးသွားခဲ့ပြီး ဂိုဏ်းချုပ်အသစ်အဖြစ် လင်ရွှီမြို့ ရဲ့ ယဲ့မိသားစု က ယဲ့ဝမ်ရှု က ဆက်ခံခဲ့ပါတယ်။
အစပိုင်းမှာတော့ ယဲ့ဝမ်ရှုဟာ ကျုံးယွီ ဦးဆောင်တဲ့ ချီသန့်စင်ခြင်းအဆင့် (၁၂) ရှိတဲ့ အကြီးအကဲတွေရဲ့ ကူညီမှု၊ ဂိုဏ်းချုပ်ဖန့် ချန်ထားခဲ့တဲ့ ဂုဏ်သတင်းအရှိန်အဝါတွေကြောင့် ချင်းကျိုး ဓားဂိုဏ်းကို စနစ်တကျ စီမံခန့်ခွဲနိုင်ခဲ့ပြီး ဝိညာဉ်တောင်တွေနဲ့ ဝိညာဉ်စမ်းရေတွင်း အတော်များများကိုပါ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
ဒါကြောင့် ချင်းကျိုး ဓားဂိုဏ်းဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုစည်ကားလာပြီး တောင်ပေါ်ကို ကျင့်ကြံဖို့ လာရောက်တဲ့ တပည့်တွေလည်း ပိုများလာသလို ပါရမီရှင်တွေလည်း ပေါ်ထွက်ခဲ့ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ ကျင့်ကြံခြင်းလောကက သတိထားမိလာတာကတော့ ဂိုဏ်းချုပ်ဖန့် ပျောက်ဆုံးနေတာ ဆယ်စုနှစ်ချီ ကြာမြင့်လာပြီဆိုတာပါပဲ။
လူအတော်များများက ချင်းကျိုး ဓားဂိုဏ်းအပေါ် မကောင်းကြံလာကြပြီး ဂိုဏ်းချုပ်ဖန့် ချန်ထားခဲ့နိုင်တဲ့ အမွေအနှစ်တွေကို လိုချင်လာကြပါတယ်။
အဲဒီအချိန်ကစပြီး တခြားဂိုဏ်းတွေက ချင်းကျိုး ဓားဂိုဏ်းကို စတင်နှောင့်ယှက်လာကြပါတယ်။
အစပိုင်းမှာ စမ်းသပ်ရုံသာ လုပ်ခဲ့ကြပေမဲ့ နောက်ပိုင်းမှာတော့ ပိုမိုဆိုးရွားလာပြီး ကျုံးယွီတို့ အကြီးအကဲတွေလည်း တစ်ယောက်ပြီးတစ်ယောက် ဒဏ်ရာရခဲ့ကြပါတယ်။
အချိန်အတော်ကြာတဲ့အထိ အခြေခံတည်ဆောက်ခြင်း ဆေးလုံး ကို မရရှိတာကြောင့် သူတို့ဟာ အခြေခံတည်ဆောက်ခြင်းအဆင့်ကို မတက်လှမ်းနိုင်ခဲ့ဘဲ နောက်ဆုံးမှာတော့ သက်တမ်းကုန်ဆုံးပြီး ကွယ်လွန်သွားခဲ့ကြပါတယ်။
သူတို့ သေဆုံးသွားပြီးနောက်မှာတော့ ချင်းကျိုး ဓားဂိုဏ်းဟာ တဖြည်းဖြည်း ဆုတ်ယုတ်လာပါတယ်။
ဝိညာဉ်တောင်တွေ၊ စမ်းရေတွင်းတွေနဲ့ ဝိညာဉ်လယ်ကွင်းတွေ အလုခံခဲ့ရပြီး တပည့်အတော်များများလည်း ဂိုဏ်းကနေ ထွက်ခွာသွားကြပါတယ်။
ပေါင်းပင်တွေနဲ့ ဖုံးလွှမ်းနေတဲ့ တောင်တက်လမ်းမှာ လူရိပ်တစ်ခု လျှောက်လာနေပါတယ်။
အဲဒီလူရဲ့ မျက်နှာက ခိုင်မာပြတ်သားပြီး အသက် (၄၀) ကျော်လောက် ရှိပုံရပါတယ်။
မျက်နှာမှာတော့ အချိန်အတော်ကြာ မရိတ်ဘဲ ထားခဲ့တဲ့ မုတ်ဆိတ်မွေးတွေက လေထဲမှာ ဖရိုဖရဲ လွင့်နေပါတယ်။
သူ့ရဲ့ ခြေလှမ်းတွေ ရုတ်တရက် ရပ်တန့်သွားပြီး တောင်ပေါ်ကို ဖြည်းဖြည်းချင်း လှမ်းကြည့်လိုက်ပါတယ်။
တောင်လယ်မှာတော့ သက်ကြီးရွယ်အိုတစ်ယောက်က ရပ်နေပြီး သူ့ကို လှောင်ပြုံးနဲ့ ကြည့်နေတာပါ။
နှစ်ယောက်သား အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် အဲဒီအဖိုးအိုက ပြုံးပြီး ပြောလိုက်တယ်
"လူအ လျို... မင်း ချင်းကျိုး ဓားဂိုဏ်းကို ရောက်လာတုန်းက ငယ်သေးတယ် မင်းကို အဲဒီ ပျောက်ဆုံးနေတဲ့ ဂိုဏ်းချုပ်ဖန့် ခေါ်လာတာလို့ ကြားတယ်၊ အဲဒါ တကယ်ပဲလား"
လျိုမု က အဖိုးအိုကို တိတ်ဆိတ်စွာ ကြည့်နေပြီး ဘာမှ ပြန်မပြောပါဘူး။
"ဪ... မင်း စကားမပြောတတ်တာ ငါ မေ့သွားတယ်"
အဖိုးအိုက ပြုံးလိုက်တယ်
"ငါ ဒီနေ့ လာတာက တခြားကိစ္စ မဟုတ်ဘူးမင်းသားငယ်လေးအတွက် လာတာပါ မင်းဆီက အခြေခံတည်ဆောက်ခြင်း ဆေးလုံးကို ထုတ်ပေးလိုက်ပါတော့ အခု မီးတောက်အင်ပါယာရဲ့ အခြေအနေက မတည်မငြိမ် ဖြစ်နေတယ် တော်ဝင်မိသားစုတောင်မှ ထွက်ပြေးရတော့မယ်"
" ဒါကြောင့် နှစ်ပေါင်းများစွာ ပေါ်မလာတဲ့ အဲဒီ ဂိုဏ်းချုပ်ဖန့်ကို သူတို့ ကြောက်နေမှာ မဟုတ်တော့ဘူး တကယ်လို့ မင်းတို့က အရင်လိုပဲ ခေါင်းမာနေဦးမယ်ဆိုရင် ယဲ့ဝမ်ရှုရော မင်းပါ အသက်ပျောက်လိမ့်မယ်"
လျိုမုဟာ အခြေခံတည်ဆောက်ခြင်း ဆေးလုံးအကြောင်း ကြားလိုက်ရတဲ့အခါ သူရဲ့ တည်ငြိမ်နေတဲ့ မျက်နှာမှာ ထိတ်လန့်ရိပ် အနည်းငယ် ပေါ်သွားပါတယ်။
ဒါပေမဲ့ သူက စိတ်မငြိမ်မှုကို ချက်ချင်း ပြန်ထိန်းလိုက်ပြီး သူ့ရဲ့ နှလုံးသားနေရာကို လက်ညှိုးထိုးပြကာ အဖိုးအိုကို အေးစက်စွာ ကြည့်လိုက်ပါတယ်။
"မင်းရဲ့ အဓိပ္ပာယ်က မင်းမသေမချင်း ဒီဆေးလုံးကို ငါ မရနိုင်ဘူးလို့ ပြောတာလား"
အဖိုးအိုက ရယ်မောလိုက်တယ်
"ဘာလို့ ဒီလို လုပ်နေရတာလဲ မင်း ဒီဆေးလုံးကို ရထားတာက ဂိုဏ်းချုပ်ဖန့် ချန်ထားခဲ့တဲ့ ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိနေလို့ မဟုတ်လား ဒါတွေက အပြင်ပန်း ပစ္စည်းတွေပဲ၊ အသက်ရှင်နေမှ အခွင့်အရေးရှိမယ်ဆိုတာ မင်း သိသင့်ပါတယ်"
"အသက်နဲ့ လဲပြီး ဒါတွေကို မကာကွယ်ပါနဲ့ အခြေအနေတွေက အမြဲ ပြောင်းလဲနေတာလေ အရင်က မီးတောက်အင်ပါယာရဲ့ တော်ဝင်မိသားစုက ဘယ်လောက် မြင့်မြတ်ခဲ့လဲ အခုတော့ သူတို့လည်း အဝတ်အစားတွေ ထုပ်ပိုးပြီး ထွက်ပြေးဖို့ ပြင်နေရပြီ မဟုတ်လား ငါလည်း သူတို့အတွက် အသက်ပေးပြီး အလုပ်မလုပ်ချင်ပါဘူး၊ တတ်နိုင်သမျှ လက်မပါချင်ဘူး မင်း နားလည်မယ်လို့ မျှော်လင့်ပါတယ်"
လျိုမုက ဘာမှ ပြန်မပြောဘဲ အဖိုးအိုကိုသာ စိုက်ကြည့်နေပါတယ်။
အဖိုးအိုက ခဏလောက် တိတ်သွားပြီးမှ သက်ပြင်းချလိုက်တယ်
"အမှန်အတိုင်း ပြောရရင် ငါ လက်မပါတာက မင်းတို့နောက်ကွယ်က အဲဒီ ဂိုဏ်းချုပ်ဖန့်ကို ကြောက်လို့ပါ ဒါပေမဲ့ အခု မီးတောက်အင်ပါယာက ဘယ်လို အခြေအနေ ဖြစ်နေပြီလဲဆိုတာ မင်း မမြင်ဘူးလားချင်းကျိုး ဓားဂိုဏ်းတင် မဟုတ်ဘူး တောင်ပိုင်းကောင်းကင်ဂိုဏ်း၊ ဝိညာဥ်သားရဲတောင်ကြားဂိုဏ်းတွေကိုပါ တော်ဝင်မိသားစုက လူလွှတ်ထားပြီးသား"
"သူတို့ ထွက်သွားတော့မယ်ဆိုတော့ တစ်ခုခု ယူသွားချင်ကြတာပေါ့ မင်းတို့ ချင်းကျိုး ဓားဂိုဏ်းက သူတို့ ကျေနပ်လောက်တဲ့ အရာတစ်ခုခု မပေးဘူးဆိုရင်တော့ မလွယ်ဘူး"
သူ့ကို ပြန်ဖြေလိုက်တာကတော့ ဓားအလင်းတန်းတစ်ခုပါပဲ။
အဖိုးအိုက သူ့ဆီကို ဦးတည်လာတဲ့ ဓားအလင်းတန်းကို အသာအယာ ရှောင်လိုက်ပါတယ်။
သူ ရပ်နေခဲ့တဲ့ နေရာမှာတော့ ပေပေါင်းများစွာ နက်ပြီး ဆယ်ပေကျော် ရှည်လျားတဲ့ မြေကျင်းကြီးတစ်ခု ဖြစ်သွားပါတယ်။
"စီနီယာ ချန်... ကျွန်တော် အရင်က ပြောသားပဲ၊ လျိုမုက တော်တော် ခေါင်းမာတယ်လို့ သူက ငယ်ငယ်ကတည်းက စကားမပြောတတ်တော့ ချင်းကျိုး ဓားဂိုဏ်းတစ်ခုလုံးမှာ ယဲ့ဝမ်ရှု ပြောတာပဲ သူ နားထောင်တာ"
"သူ့ဆီက အခြေခံတည်ဆောက်ခြင်း ဆေးလုံးကို အေးအေးဆေးဆေး တောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး ငါ မမှားဘူးဆိုရင် လျိုမု ခက်ခက်ခဲခဲ ရယူလာတဲ့ ဆေးလုံးက ယဲ့ဝမ်ရှုအတွက် ပြင်ဆင်ထားတာ ဖြစ်ရမယ်"
"ယဲ့ဝမ်ရှုက အခု ချီသန့်စင်ခြင်းအဆင့် (၁၂) ကို ရောက်နေပြီ ဆေးလုံးကို သောက်လိုက်တာနဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားနိုင်တယ်၊ အဲဒီကျရင် ချင်းကျိုး ဓားဂိုဏ်း ပြန်စည်ကားလာနိုင်မယ်လို့ သူ မျှော်လင့်နေတာပေါ့"
လျိုမုရဲ့ နောက်ကွယ်ကနေ လူ (၁၀) ယောက်ကျော် ထွက်လာပါတယ်။
ခေါင်းဆောင်ဖြစ်သူကတော့ လျိုမုနဲ့ အသက်တူပုံရပါတယ်။
လျိုမုဟာ အဲဒီလူကို မြင်လိုက်ရတဲ့အခါ သူ့ရဲ့ တည်ငြိမ်နေတဲ့ မျက်လုံးတွေထဲမှာ ဒေါသတွေ ပြည့်သွားပြီး သတ်ဖြတ်လိုတဲ့ စိတ်ကို လုံးဝ ဖုံးကွယ်မထားတော့ပါဘူး။
ဖုန်းဖေးယန်... ချင်းကျိုး ဓားဂိုဏ်းရဲ့ သစ္စာဖောက်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဖုန်းဖေးယန် တောင်ပေါ်ကို ရောက်လာတုန်းက လျိုမုနဲ့ အသက်တူတာကြောင့် သူနဲ့ ယဲ့ဝမ်ရှုရဲ့ ဂျူနီယာ ဖြစ်လာခဲ့ပါတယ်။
တပည့်တွေထဲမှာ ဒီလူက ပါရမီအရှိဆုံးပဲ။
ယဲ့ဝမ်ရှုက သူ့ကို အရင်းအမြစ်တွေ အကုန်ပုံပေးခဲ့ပေမဲ့၊ ချင်းကျိုး ဓားဂိုဏ်း ဆုတ်ယုတ်လာတဲ့အခါမှာတော့ ဒီလူက ပထမဆုံး သစ္စာဖောက်ပြီး ထွက်သွားတဲ့သူ ဖြစ်လာပါတယ်။
ဖုန်းဖေးယန်ဟာ ဂိုဏ်းက ထွက်သွားပြီးနောက်မှာတော့ အခြေအနေကောင်းခဲ့ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အခြေခံတည်ဆောက်ခြင်းအဆင့် ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါတယ်။
သူဟာ ယဲ့ဝမ်ရှု ဂိုဏ်းချုပ်ဖြစ်ပြီးနောက်ပိုင်းမှာ ပထမဆုံး အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်တဲ့ တပည့်ပါ။
ဒါပေမဲ့ ကံမကောင်းတာကတော့ တစ်ဖက်လူဟာ ချင်းကျိုး ဓားဂိုဏ်းကို စိတ်ထဲမှာ မထားတော့တဲ့အပြင် တခြားသူတွေနဲ့ ပေါင်းပြီး ချင်းကျိုး ဓားဂိုဏ်းကို အကြိမ်ကြိမ် တိုက်ခိုက် လုယက်ခဲ့ပါတယ်။
"ဖုန်းမိတ်ဆွေ... ငါကတော့ ထပ်ပြီး စမ်းကြည့်ချင်သေးတယ် ချင်းကျိုး ဓားဂိုဏ်းနဲ့ ငါနဲ့က ရေစက် နည်းနည်းရှိတာမို့လို့ မဖြစ်မနေ အခြေအနေမျိုး မဟုတ်ရင် သူတို့ကို အသေအကျေ မပြစ်မှားချင်ဘူး"
အဖိုးအိုက ပြုံးပြီး ပြောလိုက်ပါတယ်။
ဖုန်းဖေးယန်က လှောင်ရယ်လိုက်တယ်
"မင်းက ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ အဲဒီ ဂိုဏ်းချုပ်ဖန့်ကို ကြောက်နေတုန်းပဲလား ငါ တောင်ပေါ်ကို ရောက်ကတည်းက အဲဒီလူ ပြန်လာတာ တစ်ခါမှ မမြင်ဖူးဘူး"
"ကျင့်ကြံသူတစ်ယောက်က ဘယ်လောက်ပဲ တံခါးပိတ် ကျင့်ကြံနေပါစေ၊ ထွက်လာရမယ့် အချိန်ရှိတာပဲလေ ဒီလောက်ကြာအောင် ပြန်မလာဘူးဆိုတာ အပြင်မှာ သေနေတာ သေချာနေပြီ သူ့နောက်ခံက ဘယ်လောက်ပဲ ကောင်းကောင်း၊ ကျင့်ကြံခြင်းလောကမှာ သူ့ထက်သာတဲ့သူတွေ အများကြီး ရှိတာပဲ"
"သေပြီးသားလူတစ်ယောက်ကို မင်း ဘာကြောက်နေတာလဲ မြန်မြန် လက်စသတ်ပြီး မင်းသားငယ်လေး ပေးတဲ့တာဝန်ကို အောင်မြင်အောင် လုပ်လိုက်စမ်းပါ၊ ငါတို့မှာ အချိန် သိပ်မရှိတော့ဘူး"
လျိုမုက ပါးစပ်ကို ဟပြီး ဒေါသတကြီး အော်ဟစ်လိုက်ပေမဲ့ သူက လူအဖြစ်နေတာကြောင့်
"အာ... အာ..."
ဆိုတဲ့ အသံတွေပဲ ထွက်လာပါတယ်။
လူတိုင်းက သူ့ရဲ့ ဒေါသကို ခံစားမိပေမဲ့ ရယ်စရာလို့ပဲ သတ်မှတ်ကြပါတယ်။
ဖုန်းဖေးယန် ခေါ်လာတဲ့ ကျင့်ကြံသူတွေကတော့ အော်ဟစ်ရယ်မောကုန်ကြပါတယ်။
ဖုန်းဖေးယန်ကလည်း ခေါင်းကို ခါယမ်းလိုက်ပြီး
"လျိုမု အရင်က သံယောဇဉ်ကို ငဲ့ပြီး ငါ မင်းကိုစီနီယာ လို့ ခေါ်နေတာပါ ဒါပေမဲ့ အမှန်တရားကတော့ ငါက အခု အခြေခံတည်ဆောက်ခြင်းအဆင့် မင်းကတော့ ချီသန့်စင်ခြင်းအဆင့်ပဲ"
"ငါ့ရှေ့မှာ ခွေးတစ်ကောင်လို အော်ဟစ်နေဖို့ မင်းမှာ ဘာအရည်အချင်း ရှိလို့လဲ အခြေခံတည်ဆောက်ခြင်း ဆေးလုံးကို မြန်မြန် ထုတ်ပေးလိုက်စမ်းပါ ဒီနေ့ မင်းကို အေးအေးဆေးဆေး သေခွင့်ပေးမယ် မင်း စိတ်မပူပါနဲ့ ငါ ယဲ့ဝမ်ရှုကိုလည်း မင်းဆီကို လိုက်ပို့ပေးပါ့မယ်"
အဖိုးအိုက မျက်မှောင်ကြုတ်လိုက်တယ်
"ဖုန်းမိတ်ဆွေ... မင်း ဒီနေ့ လာတာက..."
"ဟုတ်တယ် ငါတို့ ထွက်သွားတော့မှာဆိုတော့ ချင်းကျိုး ဓားဂိုဏ်းကို နေ့တိုင်း စောင့်ကြည့်နေလို့ မဖြစ်ဘူးလေ၊ ဒါကြောင့် အမြစ်ပြတ် သုတ်သင်ပစ်မှ ဖြစ်မယ် ဒါမှ ငါ အိပ်တဲ့အခါ သူတို့ လာကပ်စားမှာကို စိုးရိမ်စရာ မလိုတော့မှာ"
ဖုန်းဖေးယန်က ပြုံးပြီး ခေါင်းညိတ်လိုက်ပါတယ်။
လျိုမုက ပိုပြီး ကျယ်ကျယ်လောင်လောင် အော်ဟစ်လာပါတယ်။
အဖိုးအိုက ခဏလောက် စဉ်းစားပြီးနောက်မှာတော့ ကန့်ကွက်ခြင်း မပြုတော့ပါဘူး။
ဖုန်းဖေးယန်က လျိုမုကို ကြည့်ပြီး မျက်လုံးတွေက ပိုပြီး နှိမ်ချလာပါတယ်
"လျိုစီနီယာက တကယ်ပဲ အသေကြောက်တာပဲ မအော်ပါနဲ့တော့၊ မင်းသာ ဆေးလုံးကို ပေးရင် ငါ မင်းကို နာကျင်မှု မရှိစေရဘူး"
လျိုမုကတော့ အော်မြဲ အော်နေဆဲပါ။
ဒါပေမဲ့ လူတိုင်း သတိထားမိလာတာကတော့ သူ့ရဲ့ မျက်လုံးတွေက ဖုန်းဖေးယန်ဆီမှာ ရှိမနေတော့ဘဲ... တောင်အောက်ဆီမှာ ရောက်နေတာကိုပါပဲ