← Chapters

အခန်း (၁၅)

Vol. 2 Ch. 15

အခန်း (၁၅)

Vol. 2 Ch. 15

လော့လန်ကို မြင်လိုက်သည်နှင့် ကျိုးချင်းရှန်၏ မျက်လုံးများ အရောင်တောက်လာပြီး တည်ကြည်ခက်ထန်သော မျက်နှာထားမှာ အပြုံးတစ်ခုကြောင့် ပျော့ပျောင်းသွားခဲ့သည်။ သူတို့နှစ်ဦး နှုတ်ဆက်စကားပြောကာ ထိုင်လိုက်ကြသည်။ မကြာမီတွင်ပင် သူ၏ ညီမနှစ်ယောက်နဲ့အတူ အိမ်ပြန်ရောက်လာကြသည်။

တစ်ယောက်မှာ ကျောပိုးအိတ် လွယ်ထားပြီး ငယ်ရွယ်ပုံပေါက်နေသေးသည်။ ဧည့်သည်ကို မြင်သောအခါ အခြားအစ်မတစ်ယောက်၏ နောက်သို့ အလိုအလျောက် ဝင်ပုန်းလိုက်ပြီး ထိုအစ်မဖြစ်သူမှာ ထမင်းဝိုင်းကို ကြည့်ရင်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

"အမေ... ဒီဆန်က ဒေါ်လေးက အမေ့အတွက် သက်သက်ပို့ပေးထားတာလေ၊ အိမ်မှာ ဂျုံမှုန့်ဖြူ ရှိသားပဲ၊ ဧည့်သည်ကို အဲ့ဒါကျွေးလည်း ရတာပဲကို"

ထိုအမျိုးသမီးက သမီးဖြစ်သူကို လှည့်ကြည့်လိုက်ပြီး အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားကာ ပြောလိုက်သည်။ "ငါစားချင်တာ ငါစားမှာပေါ့၊ အိမ်မှာ ဧည့်သည်ရောက်နေတာ မမြင်ဘူးလား၊ ဒီကိုလာပြီး နှုတ်ဆက်လိုက်ဦး"

ထိုအမျိုးသမီးမှာ ကျွမ်းကျင်လိမ္မာသူ ဖြစ်သည်။ သူမသည် သားဖြစ်သူနှင့် လော့လန်တို့၏ ပတ်သက်မှုကို ထည့်မပြောဘဲ လော့လန်ကို နာမည်ဖြင့်သာ မိတ်ဆက်ပေးခဲ့ရာ ကျိုးချင်းရှန်နှင့် တွဲရန် သဘောမတူရသေးသည့် လော့လန်ကို လေးစားမှုပြသရာ ရောက်ပေသည်။ သို့သော် သူမသည် သမီးများကို လော့လန်အား လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်စေခြင်းဖြင့် စနစ်တကျ မိတ်ဆက်ပေးခဲ့သည်။

လော့လန် အထင်လွဲသွားမည် စိုးသဖြင့် သူမက လျင်မြန်စွာ ရှင်းပြလိုက်သည်။

"အဒေါ် နေမကောင်းဖြစ်ကတည်းက သမီးက အဒေါ့်ကို အရမ်းဂရုစိုက်ရှာတာပါ၊ သူမက ဘာသဘောနဲ့မှ ပြောတာမဟုတ်ပါဘူး၊ သူ့ကို စိတ်ထဲမထားပါနဲ့ကွယ်"

ထိုမိန်းကလေးက မျက်မှောင်ကြုတ်ထားသည်ကို လျှော့လိုက်ပြီး လော့လန်ကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြရင်း ပြောလိုက်သည်။ "မင်္ဂလာပါ ကျွန်မက တခြားသဘောနဲ့ ပြောတာ မဟုတ်ပါဘူး၊ အမေ့ကျန်းမာရေးကို ဂရုစိုက်စေချင်လို့ပါ"

"နားလည်ပါတယ်"

စောစောက မီးဖိုချောင်တွင် ကူညီပေးနေစဉ် ဆန်သိပ်မကျန်တော့သည်ကို လော့လန် သတိထားမိခဲ့သည်။ သူမက ဂျုံမှုန့်ဖြူ သုံးရန် အကြံပြုခဲ့သော်လည်း ကျိုးချင်းရှန်၏ မိခင်က ဒီဆန်မှာ အထူးတလည် ရထားခြင်းဖြစ်သည်ဟု ဆိုကာ ဆန်ကိုသာ ချက်ရန် အတင်းပြောခဲ့သည်။ သူတို့ မြောက်ဘက်ဒေသတွင် ဆန်မှာ ရှားပါးပြီး ဂျုံမှုန့်မှာ ပေါများသည်။ ထိုအမျိုးသမီးက လော့လန်ကို ထမင်းကျွေးချင်ခဲ့ခြင်း ဖြစ်သည်။

ကျိုးကျွင်းဟွေ့သည် သူမ၏ နေမကောင်းဖြစ်နေသော မိခင်အတွက် တန်ဖိုးရှိသော အစားအစာကို ချန်ထားချင်သည်မှာ နားလည်ပေးနိုင်စရာပင် ဖြစ်သည်။ ဤကဲ့သို့ ဒဲ့တိုးပြောဆိုခြင်းက သူမသည် ပွင့်လင်းရိုးသားသူ တစ်ယောက်ဖြစ်ကြောင်း ပြသနေသည်။ လော့လန်ကတော့ စိတ်ထဲမထားပေ။

ပွင့်လင်းသူများနှင့် ပေါင်းသင်းရသည်မှာ ပို၍ လွယ်ကူတတ်ပြီး မိဘကို သိတတ်ခြင်းမှာ လော့လန် လေးစားသော အချက်ဖြစ်သည်။ သူမအနေဖြင့် ဤမိသားစုနှင့် လက်ထပ်လိုက်လျှင်တောင် ယောက္ခမ၏ မေတ္တာရရန် ယောက်မနှင့် ပြိုင်ဆိုင်ရန် အကြံမရှိပေ။ မိခင်ဖြစ်သူ အဆူခံရပြီးနောက် ကျိုးကျွင်းဟွေ့သည် သူမ၏ အပြုအမူကို ချက်ချင်း ပြုပြင်ခဲ့ရာ မာနမကြီးဘဲ ကောင်းမွန်စွာ ပြုစုပျိုးထောင်ခံထားရကြောင်း ပေါ်လွင်စေသည်။

ထမင်းစားချိန်မှာ အနည်းငယ် တိတ်ဆိတ်နေပြီး လော့လန်က တိတ်တဆိတ် အကဲခတ်နေခဲ့သည်။ ကျိုးကျွင်းဟွေ့သည် စကားပြောမြန်သော်လည်း မိခင်ဖြစ်သူကို အလွန် ဂရုစိုက်တတ်ပြီး ဟင်းထည့်ပေးခြင်း၊ ရေငှဲ့ပေးခြင်းနှင့် မျက်ခြေမပြတ် ကြည့်ရှုနေခြင်းတို့ကို သူမ သတိထားမိလိုက်သည်။

ထမင်းစားပြီးနောက် ကျိုးကျွင်းဟွေ့က ချက်ချင်းပင် ပန်းကန်များကို သိမ်းဆည်းဆေးကြောရာ ညီမဖြစ်သူ ကျိုးကျွင်းဖန်ကလည်း နောက်မှ လိုက်ကူလေသည်။ လော့လန်ကတော့ ဧည့်ခန်းထဲတွင် ကျန်နေခဲ့ပြီး လက်ဖက်ရည်သောက်ရင်း အဘွားအိုနှင့် စကားစမြည် ပြောနေခဲ့သည်။ အတူတူ အချိန်ပိုကုန်ဆုံးခြင်းက လူတစ်ယောက်ကို နားလည်ရန် အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟု သူမ ယုံကြည်ထားသည်။

"အဒေါ်.. အဒေါ် ချုပ်နေတဲ့ ဖိနပ်အောက်ခံပြားက တော်တော်ကြီးတာ သတိထားမိလို့၊ ယောကျာ်းစီးဖို့လားဟင်"

အဒေါ်က ပြန်ဖြေသည်။ "ဟုတ်တယ်၊ ချင်းရှန်အတွက်လေ၊ သူက ဖိနပ်တွေ အပျက်မြန်တယ်၊ ဘယ်လောက်ခိုင်အောင် လုပ်ပေးပေး ပျက်အောင် စီးနိုင်တုန်းပဲ၊ လမ်းလျှောက်ရင် ခြေထောက်ကို ဆောင့်ပြီးလျှောက်တတ်လို့"

"ယောကျာ်းလေးတွေက ဒီလိုပါပဲ"

"သမီးက အလယ်တန်းအောင်ပြီးသား ဆိုတော့ ဟင်းချက်တာလည်း လက်ရာမြောက်တာ အဒေါ် မြင်ပါတယ်၊ အဒေါ်က ရင်းရင်းနှီးနှီး ပြောပြတာပါ၊ စိတ်မပျက်သွားပါနဲ့ဦး၊ သူ့ဖိနပ်ကိစ္စကို အဒေါ်ပဲ ဆက်လုပ်ပေးမှာပါ၊ သမီး စိတ်ပူစရာမလိုဘူးနော်"

ကျိုးချင်းရှန် အပြင်မှ ဝင်လာပြီး ပြောလိုက်သည်။ "ဘာဖိနပ်အောက်ခံပြားလဲ၊ ကျွန်တော့်ဖိနပ်တွေ ကောင်းနေသေးတာပဲ၊ အသစ်တွေ မလိုပါဘူး"

မိခင်ဖြစ်သူက ပြုံးပြီး သူ့ကို စနောက်လိုက်သည်။ "ကြည့်စမ်းပါဦး၊ ဘာမှလည်း နားမလည်ဘူး၊ ဖိနပ်ဆိုတာ လုံးဝမပျက်ခင် ကြိုလုပ်ထားရတာ၊ မဟုတ်ရင် နောက်ကျသွားမှာပေါ့"

ကျိုးချင်းရှန် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "အ‌မေ သူများရှေ့မှာ ကိုယ့်သားအကြောင်း ဒီလိုပြောတာ တစ်ကယ်အဆင်ပြေရဲ့လား"

အားလုံး ရယ်မောလိုက်ကြပြီး မိခင်ဖြစ်သူက သူ့ကို ချစ်စနိုးဖြင့် ငေါက်လိုက်သည်။

"အယ်... အခုမှ ရှက်နေတာလား၊ ထူးထူးဆန်းဆန်း!"

ခေတ္တမျှ စကားစမြည် ပြောပြီးနောက် ညီအစ်မနှစ်ယောက် မီးဖိုချောင်ထဲမှ အလုပ်ပြီးသွားကြသည်။ ကျိုးကျွင်းဟွေ့သည် သူမ၏ ရှေ့ခါးစည်းကို ချွတ်ပြီး သူတို့နှင့် လာရောသည်။ သူတို့ ပြောဆိုနေသည်များကို ကြားထားသဖြင့် စိတ်အားထက်သန်စွာ ဝင်ပြောခဲ့သည်။

"စိတ်မပူပါနဲ့၊ ကျွင်းဖန်နဲ့အတူ အမေ့ကို ကျွန်မ ပြုစုပါ့မယ်၊ ကျွန်မအစ်ကိုက လူကောင်းပါ၊ တာဝန်ယူစိတ်ရှိပြီး အားကိုးရတယ်၊ သူ့ကို ယူလိုက်ရင် ရွေးချယ်မှုမှန်ကန်မှာပါ"

လော့လန် ဘာပြန်ပြောရမှန်း မသိသဖြင့် တိတ်ဆိတ်နေလိုက်သည်။ မိခင်ဖြစ်သူက သမီးကို ဆူလိုက်သည်။ "နင်ကလည်း စကားကို အဲ့လောက် ဒဲ့တိုးမပြောရဘူးလေ"

"ဘာဖြစ်လို့လဲ၊ ပွင့်ပွင့်လင်းလင်း ပြောတာ အကောင်းဆုံးပဲဟာ"

ကျိုးကျွင်းဖန်က အစ်မဖြစ်သူဘေးတွင် တိတ်တဆိတ် ရယ်နေသည်။ ဤမိန်းကလေးမှာ အမှန်တကယ်ပင် ရှက်တတ်ပြီး ဧည့်သည်များနှင့် သိပ်မရောပေ။ ယနေ့ခေတ်တွင်ဆိုလျှင် ထိုအပြုအမူကို လူမှုရေးကြောက်ရောဂါဟု မြင်နိုင်သော်လည်း ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပေ။ သူမအနေဖြင့် လူများနှင့် ဆက်ဆံရသည်ကို မကြိုက်လျှင် မလုပ်ဘဲ နေနိုင်ပါသည်။

ခဏကြာ ထိုင်ပြီးနောက် လော့လန် ပြန်ရန် ထရပ်လိုက်သည်။ အဘွားအိုက ကျိုးချင်းရှန်ကို လိုက်ပို့ခိုင်းလိုက်သည်။ သူက စက်ဘီးကို ယူပြီး တပ်ဖွဲ့ဆီသို့ ပြန်လိုက်ပို့ပေးရန် ပြောလာသည်။

"ရှင် ဒုက္ခများသွားမှာ မဟုတ်ဘူးလား"

"လုံးဝ မများပါဘူး၊ ဒီနေ့ နေ့ခင်း ကိုယ် အားပါတယ်၊ နည်းနည်း နောက်ကျပြီးမှ ပြန်သွားလည်း ရတယ်"

သူ့ကို တွဲရန် ရည်ရွယ်ထားသည့်အတွက် လော့လန်က အိမ်ပြန်လိုက်ပို့သည်ကို လက်ခံလိုက်သည်။ စက်ဘီးနောက်တွင် လိုက်ပါလာရင်း သူမ ကြည်နူးနေမိသည်။ ထိုခေတ်က လူများသည် ပို၍ အနေအထိုင် ထိန်းသိမ်းကြပြီး ခံစားချက်များကို မသိမသာသာ ထုတ်ဖော်တတ်ကြသည်။ သူမက လက်ဆောင်များ ယူလာခြင်းနှင့် အိမ်ပြန်လိုက်ပို့သည်ကို လက်ခံခြင်းတို့က သူမ သူ့ကို စိတ်ဝင်စားကြောင်း ပြသနေခြင်းပင် ဖြစ်သည်။

မိုးမရွာသဖြင့် လမ်းခရီးမှာ သွားလာရ လွယ်ကူပြီး မကြာမီ သူမ၏ တပ်ဖွဲ့သို့ ရောက်လာကြသည်။ ကျိုးချင်းရှန်က သူမ၏ တဲအိမ်လေးကို မြင်သောအခါ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများ ပေါ်လာခဲ့သည်။ သူ တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် ထုတ်ပြောလိုက်သည်။

"မင်း သဘောတူမယ်ဆိုရင် ကိုယ်တို့ အမြန်ဆုံး လက်ထပ်သင့်တယ်လို့ ထင်တယ်၊ ဒီနှစ်ထဲမှာ အိမ်ထောင်စုစာရင်းနဲ့ အလုပ်ကိစ္စကို အပြီးလုပ်လို့ ရတာပေါ့"

သူ ဘာကြောင့် ဒီလိုပြောသည်ကို လော့လန် နားလည်လိုက်သည်။ သူသည် နှုတ်ချိုသာသူ မဟုတ်သော်လည်း သူမ၏ နေထိုင်မှုအခြေအနေကို မြင်ပြီး ဤဆင်းရဲဒုက္ခမှ လွတ်မြောက်စေချင်သောကြောင့် ဖြစ်သည်။ သူ၏ လက်တွေ့ကျသော စေတနာသည် ချိုမြိန်သော စကားလုံးများထက် သူမအတွက် ပို၍ အဓိပ္ပာယ်ရှိသည်။

"အောက်တိုဘာလ အမျိုးသားနေ့မှာ လက်ထပ်ရင်ရော ဘယ်လိုလဲ"

သူမ သဘောတူလိုက်တာလား။ ကျိုးချင်းရှန် ခေတ္တမျှ ကြောင်အသွားသော်လည်း ချက်ချင်း ခေါင်းညိတ်လိုက်ပြီး သူ့မျက်နှာပေါ်တွင် ဝမ်းသာမှုကို ဖော်ပြလိုက်သည်။ ပျော်ရွှင်မှုကို သင့်တော်သလို ထုတ်ဖော်ပြသတတ်ရန် သူ့ရဲဘော်က သင်ပေးထားဖူးသည်။

"ကောင်းတာပေါ့၊ မင်းသဘောအတိုင်း လုပ်မယ်လေ၊ မင်းဘက်က တောင်းဆိုချင်တာတွေ ရှိလား၊ ကိုယ် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးပါ့မယ်"

"သိပ်မရှိပါဘူး၊ ကျွန်မအစ်ကိုနဲ့ တွေ့ဖို့ အချိန်ပေးပါဦး၊ ကျွန်မမှာ အစ်ကိုနှစ်ယောက်နဲ့ အစ်မတစ်ယောက် ရှိတယ်"

သူက ပြန်ပြောသည်။"ဒါပေါ့၊ တွေ့သင့်တာပေါ့၊ နောက်တစ်ပတ်ကျရင် ကိုယ်ခွင့်တစ်ရက်ယူပြီး သူတို့ကို သွားတွေ့ပါ့မယ်"

"ကောင်းပါပြီ"

ထိုသို့ဖြင့် သူတို့၏ အစီအစဉ်များ အတည်ဖြစ်သွားသည်။ ကျိုးချင်းရှန်သည် သီချင်းတစ်ပုဒ်ကို ပျော်ရွှင်စွာ ညည်းရင်း ပြန်လာခဲ့သည်။ ဒီတစ်ပတ် တာဝန်ကျသောကြောင့် သူ့တပ်ဖွဲ့သို့ တန်းသွားလိုက်သည်။ ညနေဘက် အိမ်ပြန်ရောက်သောအခါ မိခင်ဖြစ်သူက ခြံဝတွင် စိုးရိမ်တကြီး စောင့်နေခဲ့သည်။ သူ့ကို မြင်သည်နှင့် လှမ်းဆွဲထားလိုက်လေသည်။

"အမေ့ကို ပြောပြဖို့ ဘာလို့ စောစောပြန်မလာတာလဲ၊ တစ်နေ့ခင်းလုံး စိတ်ပူနေရတာ၊ မင်းတပ်ဖွဲ့ထိ လိုက်လာမလို့တောင် လုပ်နေတာ"

"တောင်းပန်ပါတယ်.. တောင်းပန်ပါတယ်"

"တောင်းပန်မနေနဲ့၊ ဘယ်လိုလဲဆိုတာသာ ပြောပြစမ်းပါ"

"ကျွန်တော်တို့ အမျိုးသားနေ့ကျရင် လက်ထပ်ကြတော့မယ်"

မိခင်ဖြစ်သူမှာ အစပိုင်းတွင် အံ့သြသွားပြီးနောက် ပြုံးဖြီးသွားကာ ပြောလိုက်သည်။ "ဝမ်းသာစရာပဲ၊ တကယ် ဝမ်းသာစရာပါပဲ"

"အမေ... ကျွန်တော် ပြောသားပဲ မပူပါနဲ့၊ မလောပါနဲ့လို့၊ တွေ့လား။ ကိုယ်နဲ့ဖူးစာပါမယ့်သူ ပေါ်လာရင် အကုန်လုံး အဆင်ပြေသွားတာပဲ"

မိခင်ဖြစ်သူက သူ့ကို မျက်စောင်းထိုးရင်း ပြောလိုက်သည်။ "မဟုတ်တာတွေ၊ အရင်လူတွေတုန်းက အဆင်မပြေခဲ့ဘူးလေ၊ သူများတွေ ငါတို့အကြောင်း ဘာပြောနေကြလဲဆိုတာ ငါသိပါတယ်၊ မင်းကို ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ငါ့အမှားပါ"

"အဲ့ဒါတွေ စိတ်ပူပြီး ရောဂါပြန်ထတာလား၊ ကျွန်တော် ပြောပြီးသားပဲ၊ အဆင်မပြေရင်လည်း ဖူးစာမပါလို့ပေါ့၊ အဲ့ဒါတွေ တွေးမနေပါနဲ့၊ အခု ဖူးစာဆုံလာပြီဆိုတော့ ဘာကမှ တားလို့မရတော့ဘူး၊ သူမက သူများပြောတာတွေ ဂရုမစိုက်သလို ကျွင်းဟွေ့ ပြောတာကိုလည်း စိတ်ထဲမထားပါဘူး"

"ကျွင်းဟွေ့က စကားများတာပါ၊ သူမက မကောင်းတဲ့သဘောနဲ့ ပြောတာ မဟုတ်ပါဘူး"

"အဲ့ဒါကြောင့် စိတ်သဘောထားကြီးတဲ့သူ လိုတာပေါ့"

"အေးပါ... ပြီးခဲ့တဲ့ ကောင်မလေးဆို ပထမဆုံးအကြိမ် လာလည်တုန်းက ငိုသွားလို့ ကျွင်းဟွေ့တောင် လန့်သွားခဲ့တာ၊ သူမ မကောင်းလို့တော့ မဟုတ်ပါဘူး၊ နူးညံ့တဲ့ မိန်းကလေးတွေလည်း ကောင်းပါတယ်၊ ဒါပေမဲ့ ကျွင်းဟွေ့နဲ့ အဆင်မပြေတာပါ၊ မင်းသဘောကျရင် ခွဲနေကြလည်း ရပါတယ်"

"အဲ့ဒါတွေ ပြီးသွားပါပြီ၊ အရမ်းနွဲ့နှောင်းတဲ့ မိန်းကလေးဆို ကျွန်တော့်လိုလူနဲ့ အဆင်မပြေပါဘူး"

"လော့လန်က ပြည့်စုံပါတယ်၊ ငါတို့မိသားစုနဲ့လည်း လိုက်ဖက်တယ်၊ အဲ့ဒါက အရေးကြီးဆုံးပဲ၊ ငါ့ရောဂါအခြေအနေကိုရော၊ ကျွင်းဟွေ့ရဲ့ ပွင့်လင်းတာကိုရော၊ ကျွင်းဖန်ရဲ့ ရှက်တတ်တာကိုရော သူမက စိတ်မကွက်ဘူးလေ"

ကျိုးချင်းရှန် ပြုံးလိုက်သည်။ သူ့အခြေအနေက သိပ်မကောင်းလှသည်ကို သူ သိသည်။ သူ့မိခင်၏ ကျန်းမာရေးတစ်ခုတည်းနှင့်ပင် မိန်းကလေးအများစု နောက်တွန့်သွားနိုင်ပြီး အိမ်ထောင်မပြုရသေးသော ညီမနှစ်ယောက်ကလည်း အခက်အခဲကို ပိုတိုးစေသည်။ ကျွင်းဟွေ့၌ ထက်သည့်လျှာရှိပြီး ကျွင်းဖန်ကလည်း အလွန်ရှက်တတ်ပြီး တခါတရံ ငိုတက်သည်။ တစ်စုံတစ်ယောက်အနေဖြင့် အံဝင်ခွင်ကျဖြစ်ရန် မလွယ်ကူပေ။

လက်ထပ်ပြီးလျှင် လော့လန်တစ်ယောက် သူတို့နှင့် အဆင်ပြေမည်ဟု သူ မျှော်လင့်သည်။ နှစ်ဖက်ကြားမှ ပေါင်းကူးတံတားအနေဖြင့် သူ ဖိအားအနည်းငယ် ခံစားနေရပြီ ဖြစ်သည်။ မိခင်နှင့် ညီမများမှာ သူ့တာဝန်ဖြစ်သလို လက်ထပ်ပြီးလျှင် ဇနီးသည်ကလည်း သူ့တာဝန် ဖြစ်လာမည်။ နှစ်ဖက်စလုံးကို သူ စောင့်ရှောက်ရမည် ဖြစ်သည်။

"အမေ... ကျွန်တော်တို့ မင်္ဂလာဆောင်အတွက် ဘာတွေ ပြင်ဆင်ဖို့ လိုမလဲ"

"နာရီတစ်စုံ ဝယ်မယ်၊ အိပ်ရာခင်း အသစ်နှစ်စုံ ချုပ်မယ်၊ မင်းမှာ စက်ဘီးရှိတယ်၊ ပရိဘောဂတွေလည်း အဆင်သင့်ရှိတယ်၊ မင်းတို့နှစ်ယောက်အတွက် အဝတ်အစားသစ် ချုပ်ရုံပဲ၊ ပြီးတော့ တင်တောင်းငွေကို လော့လန်လက်ထဲ တန်းပေးလိုက်"

ဒါက ထိုခေတ် မြို့ပြမင်္ဂလာဆောင်များအတွက် ပုံမှန်ပင် ဖြစ်သည်။ ကျိုးချင်းရှန်က ခေါင်းညိတ်လိုက်သည်။ သူ့တွင် နာရီလက်မှတ်များ ရှိသော်လည်း အထည်လက်မှတ် ပိုရရန် လုပ်ဖော်ကိုင်ဖက်များနှင့် လဲလှယ်ရမည်ကို သူ သိနေသည်။

လော့လန်သည် ယောက္ခမလောင်းများ ပြင်ဆင်နေကြသည်ကို မသိဘဲ တိုးတိုးတိတ်တိတ်ဖြင့် သူမ၏ စနစ်နှင့် ဆက်သွယ်နေသည်။ သူမ၏ ရမှတ်များကို စစ်ဆေးကြည့်ရာ တော်တော်များများ စုမိနေသည်ကို တွေ့လိုက်ရသည်။

လော့လန် - 'အမှတ်တွေကို အထည်စနဲ့ လဲလို့ရလား?'

စနစ် - 'ပြဿနာ မရှိဘူး'

လော့လန် - 'အရင်တစ်ခါ ပေးတဲ့ နွေရာသီဝတ် အပါးစားတွေ မဟုတ်ဘဲ ဆောင်းတွင်းဝတ် အထည်စ လိုချင်တာ'

စနစ် - 'မင်း ငါ့ကို လျှော့တွက်တာပဲ၊ ငါ့ဆီမှာ ပိုလီစတာ၊ သိုးမွေး၊ သိုးမွေးအရော၊ ငှက်မွေး၊ သားမွေး အကုန်ရှိတယ်၊ လိုချင်တာ ပြော'

လော့လန် - 'ဘယ်ဟာက အနွေးဆုံးနဲ့ အတန်ဆုံးလဲ?'

စနစ် - 'မင်း ဒီလောက် ကပ်စေးနည်းနေတာကို ငါ ကြည့်ကို မကြည့်နိုင်တော့ဘူး။'

လော့လန် - 'ပေါက်ကရတွေ ပြောမနေနဲ့၊ ငါက သူဌေးမှ မဟုတ်တာ၊ ရမှတ်တွေကို ချွေတာသုံးရမှာပေါ့'

စနစ် - 'သိုးမွေးအင်္ကျီတွေက နွေးလည်းနွေး စတိုင်လည်းကျတယ်၊ သိုးမွေးချည်နဲ့ လဲပြီး ဆွယ်တာအင်္ကျီ ထိုးဝတ်လိုက်'

လော့လန် - 'ကောင်းပြီလေ'

သူမအတွက် အနီရောင် သိုးမွေးချည် အလတ်စား နှစ်ပေါင်နှင့် ကျိုးချင်းရှန်အတွက် အပြာရင့်ရောင် နှစ်ပေါင် ရွေးလိုက်သည်။ စနစ်က ပုံစံမျိုးစုံပါသော ထိုးဝတ်နည်းစာအုပ် တစ်အုပ်ကိုလည်း လက်ဆောင်ပေးလိုက်သည်။

လော့လန် - 'ဒီ မက်မွန်ပွင့်ပုံလေးတွေက လှလိုက်တာ'

စနစ် - 'ဘယ်ဟာက ရုပ်ဆိုးနေလို့လဲ?'

လော့လန် - 'အကုန်လှပါတယ်။ '

စနစ် - 'မင်းက သဘောကျလွယ်တာကို ငါကြိုက်တယ်၊ ရော့... အနားကွပ်ဖို့ မုန့်နှစ်ရောင် ချည်တစ်ပေါင် ယူလိုက်၊ ကြည့်ကောင်းသွားလိမ့်မယ်'

လော့လန် - 'တစ်ပေါင်တည်းနဲ့ မလောက်ဘူးလေ၊ နင်က သဘောကောင်းပြီးသားပဲ၊ နောက်တစ်ပေါင် ထပ်ပေးလိုက်ပါလား၊ နင်က အချမ်းသာဆုံးနဲ့ ဗဟုသုတ အကြွယ်ဝဆုံး စနစ်ကြီးပဲဟာ'

စနစ် - ' ဒါပေါ့၊ ငါ့အတွက် ဒါတွေက အသေးအဖွဲပါ၊ မင်္ဂလာလက်ဖွဲ့အဖြစ် ရှင်းကျန်း ဝါဂွမ်းစောင် နှစ်ထည်ပါ ပေးလိုက်မယ်၊ မင်္ဂလာပွဲကို စုတ်စုတ်ပြတ်ပြတ်တော့ အဖြစ်မခံနိုင်ဘူး၊ ဪ... ပြီးတော့ အိပ်ရာခင်းဖို့ အသားကောင်းတဲ့ချည်ထည် မီတာ ၂၀ ပါ ပေးမယ်'

လော့လန် - 'မီတာ ၂၀ က နည်းလွန်းမနေဘူးလား'

စနစ် - 'အကျယ် ၂.၅ မီတာ ရှိတာ၊ ပိုင်ရှင့် မှာရှိတဲ့ ၁.၂ မီတာ အကျယ်တွေလို မဟုတ်ဘူး၊ တစ်ဝက်က ပိုလီစတာသားဆိုတော့ ဘောင်းဘီအများကြီး ချုပ်ဝတ်လို့ရတယ်'

လော့လန်က ကျေးဇူးတင်စွာ လက်ခံလိုက်သည်။ ဤပစ္စည်းများက မည်မျှ အသုံးဝင်သည်ကို သူမ သိသဖြင့် စနစ်ကို အထပ်ထပ်အခါခါ ကျေးဇူးတင်စကားဆိုပြီး ချိုချိုသာသာပင် ပြောလိုက်သေးသည်။

စနစ် - 'ရေဒီယိုတစ်လုံးပါ အပိုထပ်ဆောင်း ပေးလိုက်မယ်'

လော့လန် ဝမ်းသာအားရ ခုန်ပေါက်ပြီး ပြောလိုက်သည်။ “နင်က အကောင်းဆုံး စနစ်ကြီးပါပဲ"

သူမသည် အလွန်အမင်း မျက်နှာလိုမျက်နှာရ လုပ်မိသွားလားဟု ချက်ချင်း ခံစားလိုက်ရသော်လည်း ဂရုမစိုက်တော့ပေ။ လူတိုင်း အဆင်ပြေဖို့အတွက် အနည်းငယ်တော့ အောင့်အီးသည်းခံရသည်ပဲလေ၊ သူမ ဘာမှ အမှားလုပ်ခဲ့တာမှ မဟုတ်တာ။ စကားကောင်းလေးတွေ နည်းနည်းပြောလိုက်ရုံပါပဲ။

ထိုညနေခင်းတွင် သူမလက်ထဲသို့ ချည်ခင်များ ရောက်ရှိလာသည်။ အသား၊ အရောင်အသွေးနှင့် တောက်ပမှုတို့မှာ ဤခေတ်ရှိ မည်သည့်အရာနှင့်မျှ ယှဉ်မရပေ။ ချည်ခင်များမှာ ရရန် အလွန်ခက်ခဲပြီး ကျေးလက်နေပြည်သူများမှာ ဆွယ်တာအင်္ကျီ ဝတ်လေ့ဝတ်ထ မရှိကြပေ။ ဆွယ်တာအင်္ကျီ တစ်ထည်ရှိခြင်းက ခေတ်မီသည်ဟု ပြသရာ ရောက်သည်။

တရုတ်အနီရောင် စစ်စစ်နှင့် မုန့်နှစ်ရောင် ချည်တို့ ပေါင်းစပ်ထားမှုက ပုံထဲမှာ မြင်ရုံနှင့်ပင် သူမကို နှစ်သက်သွားစေသည်။ အနီရောင်က ပွဲလမ်းသဘင်နှင့် ကိုက်ညီပြီး မုန့်နှစ်ရောင်က ကြော့ရှင်းကာ နွေးထွေးမှုပေးသည်။ ထိုနှစ်မျိုး ပေါင်းစပ်မှုက ဆန်းပြားပြီး လှပနေသည်။

သူမသည် မီးရောင်အောက်တွင် ညဉ့်နက်သည်အထိ ဆွယ်တာထိုးနေပြီး မလုပ်နိုင်တော့လောက်အောင် ပင်ပန်းမှသာ ရပ်နားလိုက်သည်။ နောက်တစ်နေ့ အလုပ်တွင် သူမ သန်းဝေနေသည်ကို ယောက်မဖြစ်သူက မြင်ပြီး စနောက်ခဲ့သည်။ "မင်္ဂလာဆောင်ရတော့မယ်ဆိုတော့ စိတ်လှုပ်ရှားပြီး ညဘက် အိပ်မပျော်ဘူးလား"

သူမသည် ပြန်မနောက်ပြောင်ဘဲ တည်ငြိမ်စွာ ဖြေလိုက်သည်။

"သူ နောက်တစ်ပတ် လာမယ်လို့ ပြောထားတယ်၊ အစ်ကို့ကို ပြောပြပေးပါလား၊ ဒါမှ အကုန်လုံး ဆုံလို့ရမှာလေ"

"တကယ်လား၊ ဒါဆို အတည်ဖြစ်သွားပြီပေါ့၊ ဒါပေမဲ့ သူ့အမေ နေမကောင်းဘူးလို့ ကြားတယ်နော်၊ အလိမ်မခံရအောင် သတိထားဦး"

All Chapters