အခန်း (၁၈)
Vol. 2 Ch. 18
လက်ရှိ သူမအသုံးပြုနေသော စောင်နှင့် အိပ်ရာခင်းတို့သည် သူမ အိမ်ထောင်ပြုစဉ်က မိခင်ဖြစ်သူ ပေးလိုက်သော မင်္ဂလာလက်ဖွဲ့များဖြစ်သည်။ မူလက တစ်စုံစီဖြစ်သော်လည်း ခင်ပွန်းဖြစ်သူ ဆုံးပါးသွားသောအခါ ယောက္ခမဖြစ်သူက အသုဘချရန် တစ်စုံကို ယူသွားခဲ့သည်။ ကျန်ရစ်သော တစ်စုံမှာ ရိုးရိုး ဝါဂွမ်းထည်ဖြစ်ပြီး မိသားစုအများစု သုံးစွဲနေကျနှင့် အတူတူပင်ဖြစ်သည်။
"လန်အာ တစ်စုံကနေ နှစ်စုံဖြစ်သွားပြီဆိုတော့ နင့်မှာ ပိုက်ဆံကျန်သေးရဲ့လား"
"ကျန်ပါတယ် မင်္ဂလာဆောင်စရိတ်လည်း လုံလောက်ပါတယ်... စိတ်မပူပါနဲ့"
"ကျိုးချင်းရှန်က လူကောင်းပါ။ ဒုတိယအိမ်ထောင်မို့လို့ဆိုပြီး လစ်လျူရှုတာမျိုး မရှိဘူး လန်အာ..."
သူမ၏ ညီမလေးအတွက် မတ်လောင်းဖြစ်သူက တင်တောင်းလက်ဆောင်များ ပေးပို့ခဲ့သည်ကို သိရသောအခါ အစ်မဖြစ်သူ စိတ်သက်သာရာ ရသွားသည်။ သူမသည် အစ်မကြီး တစ်ယောက်အနေဖြင့် ညီမဖြစ်သူကို ကူညီနိုင်စွမ်း နည်းပါးသည်ဟု ခံစားနေရသည်။ ယခု ညီမဖြစ်သူ လူကောင်းတစ်ယောက်နှင့် တွေ့ဆုံရပြီဖြစ်သဖြင့် တမလွန်မှ မိဘများကို အနည်းဆုံးတော့ မျက်နှာပြနိုင်ပြီဟု ခံစားလိုက်ရသည်။
"မင်္ဂလာဆောင်ပြီးရင် ကောင်းကောင်းနေနော်။ လင်မယားအသစ်တွေက ပဋိပက္ခ ဖြစ်တတ်ကြတယ်။ အထူးသဖြင့် သူ့မိသားစု အခြေအနေကြောင့်ပေါ့။ သည်းခံပြီး အလွယ်တကူ စိတ်မဆိုးနဲ့။ မိန်းမဆိုတာ ရေလိုပဲ ကိုယ်ရောက်တဲ့ ခွက်ပုံစံအတိုင်း လိုက်ပြောင်းလဲပြီး ယောကျ်ားဘက်က မိသားစု နေထိုင်မှုပုံစံနဲ့ အံဝင်ခွင်ကျ ဖြစ်အောင်နေရတယ်"
"ညီမ သိပါတယ်"
"ကိုယ့်ဒေါသကိုယ်လည်း ထိန်းဦး"
"သိပါတယ် အစ်မရယ် ငါ့ရဲ့ သည်းခံနိုင်စွမ်းကို မကျော်သရွေ့တော့ ငါက ပေါင်းသင်းရ လွယ်ပါတယ်။ ငါက ဘာမှပြောမရဆိုမရ ဖြစ်နေတဲ့ ကျားမကြီးကျနေတာပဲ"
"ငါက နင့်ကို စိတ်ပူလို့ပါ။ သူ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကောလာဟလတွေ ကြားနေရတော့ တကယ်များ ဖြစ်နေခဲ့ရင်..."
လော့လန် ခဏတာ ကြောင်သွားသော်လည်း အစ်မဖြစ်သူ စိုးရိမ်နေသည်မှာ ကျိုးချင်းရှန်၏ ကျန်းမာရေးအကြောင်း ဖြစ်သည်ကို ချက်ချင်း သဘောပေါက်လိုက်သည်။ တကယ်လို့များ သူ့မှာ ရောဂါကြီးကြီးမားမား ရှိနေခဲ့လျှင် သူတို့ဘဝ ဘယ်လိုဖြစ်သွားမလဲ။ အရင်ကလည်း အကြံပေးဖူးကြပြီး သူမက ဂရုမစိုက်ဟု ပြောခဲ့ဖူးသည်။ တကယ်လို့များ နောက်ပိုင်းကျမှ လက်မခံနိုင် ဖြစ်လာခဲ့ရင်...
"ထားလိုက်ပါတော့ ဘာပဲဖြစ်ဖြစ် ငါက နင့်ကို ထောက်ပံ့ပေးချင်ရုံပါ။ တကယ်လို့ သူ နေမကောင်းဖြစ်နေရင်တောင် နင် တစ်သက်လုံး တစ်ယောက်တည်း နေလို့မှ မဖြစ်တာ။ လိုအပ်လာရင် နောက်ထပ် အိမ်ထောင်ပြုလို့ ရတာပဲ။ ကိုယ့်ကိုယ်ကိုယ်တော့ အကန့်အသတ် မထားနဲ့"
အစ်မဖြစ်သူ၏ ထောက်ခံအားပေးမှုက ရှင်းလင်းလှသည်။ လော့လန် ပြုံးပြီး စကားအများကြီး မပြောတော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။ စကားလုံးများထက် လက်တွေ့လုပ်ရပ်များက ပို၍ သက်သေထူပေလိမ့်မည်။ သူမ ကောင်းမွန်သော ဘဝတစ်ခု တည်ဆောက်နိုင်သည်နှင့် အစ်မဖြစ်သူလည်း စိတ်အေးသွားလိမ့်မည်။
ထိုညတွင် ညီအစ်မနှစ်ယောက်သည် ပစ္စည်းထုပ်များကိုယ်စီ ယူဆောင်ပြီး အစ်မဖြစ်သူ၏ အိမ်သို့ ပြန်လာခဲ့ကြသည်။ အပြန်လမ်းတွင် လော့လန် တစ်ယောက်တည်း စဉ်းစားနေမိသည်။ ကျိုးချင်းရှန်နှင့် အကြိမ်နည်းနည်းသာ တွေ့ဆုံဖူးသော်လည်း၊ သူ့ပုံစံကို ကြည့်ခြင်းအားဖြင့် ရောဂါကြီးကြီးမားမား ရှိနေခဲ့လျှင် သူမကို ဖုံးကွယ်ထားမည့်သူ မဟုတ်ဟု ယုံကြည်သည်။
ကောလာဟလ ဆိုသည်မှာ ကောလာဟလ သက်သက်သာ။ ကျိုးချင်းရှန်သည် ထိုကဲ့သို့ အရေးကြီးသော ကိစ္စကို ဖုံးကွယ်ထားမည့် လူစားမျိုး မဟုတ်ကြောင်း သူမ၏ ပြင်းထန်သော အာရုံခံစားမှုက ပြောပြနေသည်။
ထူးခြားသော ပစ္စည်းများနှင့် ပတ်သက်၍မူ ဤခေတ်တွင် ထိုပစ္စည်းများ ရှိသော်လည်း ရှားပါးသည်ဟု စနစ်က ပြောထားသည်။ မြို့ကြီးမှ ဝယ်လာသည်ဟု ပြောလိုက်လျှင် တစ်ဖက်လူများကို မနာလို ဖြစ်စေရုံသာ ရှိပေလိမ့်မည်။
နေ့ဘက်တွင် ယခင် ယောက္ခမဖြစ်သူသည် သူမနားသို့ ဝဲလည်ဝဲလည်လုပ်ကာ သတင်းနှိုက်ရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ စနေ၊ တနင်္ဂနွေတွင် သူမက ယောကျ်ားဖြစ်သူနှင့်အတူ ရွာထဲမှ ထွက်ခွာသွားသည်ကို မြင်လိုက်ရသောအခါ ထိုမိန်းမကြီးမှာ ဒေါသထွက်ပြီး ခြေဆောင့်နေတော့သည်။
"ငါ့သားကျတော့ သေသွားပြီ သူကျတော့ နောက်အိမ်ထောင်ပြုတော့မယ် ဘုရားသခင် မတရားလိုက်တာ"
ချွေးမကြီးက သူမကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။ "အမေ စိတ်မမြန်ပါနဲ့ သူ့မင်္ဂလာဆောင်နေ့ကျမှ အရှက်သွားခွဲကြတာပေါ့။ သူ့မှာ ဘာရှိလို့လဲ လင်သေပြီး ဒုတိယအိမ်ထောင်ပြုမယ့် မိန်းမပဲဟာ"
ချွေးမကြီးက သူမပြောလိုက်သော စကားများကြောင့် ယောက္ခမဖြစ်သူ ကျေနပ်သွားလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း ထိခိုက်လွယ်သော နေရာကို သွားထိမိသလို ဖြစ်သွားသည်။ ယောက္ခမဖြစ်သူက ဒေါသတကြီးဖြင့် တံတွေးထွေးလိုက်သည်။
"ထွီ"
ချွေးမကြီးမှာ ကြောင်အသွားသည်။ ဘာလို့များ စိတ်ဆိုးသွားရတာလဲ။ သူမက သားဖြစ်သူအကြောင်း ဘာမှမပြောခဲ့သလို သေဆုံးသွားသည်မှာလည်း အမှန်တရားပင် ဖြစ်သည်။ လော့လန်သည် လင်သေ မုဆိုးမတစ်ယောက် ဖြစ်သည်မှာ အမှန်ပင်။ သူမ မဟုတ်မမှန် ပြောခဲ့သည်မှာ တစ်ခုမှ မရှိပေ။
ယောက္ခမဖြစ်သူ ထွက်ခွာသွားသောအခါ သူမက စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးလှန်ကြည့်လိုက်သည်။
"ထွီ... ကျွန်မက အမေ့ဘက်ကနေ ကူပြောပေးမလို့ကို။ ဒီလို အချိုးမျိုးနဲ့ဆိုရင်တော့ ဆက်ပြီး ဂရုစိုက်မနေနိုင်တော့ဘူး"
ပြဿနာ မစခင်မှာပင် သူတို့အချင်းချင်း ပြန်ကိုက်နေကြလေပြီ။ ထိုမြင်ကွင်းကို ဝမ်မိသားစု၏ အငယ်ဆုံး ချွေးမဖြစ်သူက အလစ်အငိုက် စောင့်ကြည့်နေပြီး အလုပ်ပြန်ဆင်းသောအခါ လော့လန်အား ပြန်ဖောက်သည်ချရန် စိတ်အားထက်သန်လျက် ပြုံးနေတော့သည်။
"လန်အာ" လော့အစ်ကိုကြီးက အဝေးမှ လှမ်းခေါ်လိုက်ပြီး သူနီးကပ်လာသည်နှင့်အမျှ အသံက ပို၍ကျယ်လောင်လာသည်။ တဲအိမ်လေးထဲသို့ လှည့်ပင်မကြည့်ဘဲ သူက ညီမဖြစ်သူနှင့် စီစဉ်စရာရှိသည်များကို စတင်ဆွေးနွေးခဲ့သည်။
"လာ၊ သွားကြစို့။ ဒီညတော့ အစ်ကို့အိမ်မှာပဲ အိပ်လိုက်၊ မနက်ဖြန်ကျမှ အဲဒီကနေပဲ မင်္ဂလာဆောင်ပေါ့။ ဒီည တဲထဲမှာတော့ အစ်ကိုပဲ အိပ်လိုက်မယ်၊ နင်ကတော့ နင့် ယောင်းမနဲ့အတူ အရှေ့ဘက်ခန်းမှာ သွားအိပ်ချေ"
"ဒါပေမဲ့ ဒီပစ္စည်းတွေက ဘယ်လိုလုပ်မလဲ"
ထိုအခါမှသာ လော့အစ်ကိုကြီးသည် တဲထဲမှာ ပစ္စည်းများ ပြည့်နှက်နေသည်ကို သတိထားမိတော့သည်။ အဝတ်အထည်နှင့် အိပ်ရာခင်းများကို သူ သိပ်ဂရုမစိုက်သော်လည်း အသစ်စက်စက် စက်ဘီးကို မြင်လိုက်ရသောအခါတွင်မူ အံ့အားသင့်ကာ မျက်လုံးများ ပြူးကျယ်သွားရသည်။ နွားမျက်လုံးကဲ့သို့ ပြူးကျယ်နေသော သူ၏မျက်လုံးများက လော့လန်ထံသို့ လှည့်လာပြီး အံ့သြတုန်လှုပ်သော လေသံဖြင့် မေးလေသည်။
"ဒါတွေက ဘယ်ကရတာလဲ"
"ဝယ်ထားတာပါ"
"ဒီလက်မှတ်ကိုရော ဘယ်ကရလဲ" မိဘများက သူမကို တင်တောင်းငွေ ပေးထားသည်ကို သူသိသော်လည်း စက်ဘီးလက်မှတ်ရရန်မှာ အထူးသဖြင့် ကျေးလက်တောရွာတွင် မလွယ်ကူပေ။ ကြည့်ရသည်မှာ အမျိုးသမီးစီး စက်ဘီးပုံစံဖြစ်သဖြင့် ပို၍ပင် ရှားပါးလှသည်။
"တစ်ယောက်ယောက်ကို အကူအညီတောင်းပြီး ရခဲ့တာပါ။ အာ အစ်ကိုကြီးရယ်၊ ဒါတွေကို စိတ်မပူပါနဲ့တော့။ ဒီမှာပဲ ထားခဲ့ရမလား၊ ဒါမှမဟုတ် အစ်ကို့အိမ်ကိုပဲ ယူသွားရမလား"
"အစ်ကို့အိမ်ကိုပဲ ယူသွားရမှာပေါ့။ အဲဒီကနေပဲ မင်္ဂလာဆောင်မှာဆိုတော့ မိဘပေးတဲ့ ပစ္စည်းတွေအားလုံးက နင်နဲ့အတူ ပါသွားရမယ်။ မနက်ဖြန်ကျရင် ကြည့်နေတဲ့သူတွေ အများကြီးရှိမှာ။ ဒါတွေအားလုံးက နင့်ရဲ့ ဂုဏ်သိက္ခာပဲ"
လော့အစ်ကိုကြီးသည် စက်ဘီးကို ရွှေ့ရန် ကြိုးစားလိုက်သော်လည်း အိပ်ရာခင်းများကလည်း အတော်ပင် များပြားနေသည်ကို သတိပြုမိသွားသည်။
"နင့်ရဲ့ ကိုယ်ပိုင်ပစ္စည်းတွေကိုပဲ ထုပ်ပိုးထားလိုက်။ အစ်ကို အရင်ဆုံး စက်ဘီးကို အိမ်အရင်ပို့လိုက်မယ်၊ ပြီးမှ ကျန်တဲ့သူတွေကို ဒီပစ္စည်းတွေ လာယူခိုင်းလိုက်မယ်"
"ဟုတ်ကဲ့ပါ"
လော့အစ်ကိုကြီး၏ သားသုံးယောက် ရောက်လာပြီး အကူအညီပေးကာ ပစ္စည်းအားလုံးကို သူတို့အိမ်သို့ သယ်သွားကြသည်။ ဒုတိယအစ်ကိုနှင့် ဒုတိယယောင်းမကိုလည်း ခေါ်လိုက်ကြသည်။ ထိုပစ္စည်းများကို မြင်သောအခါ ဒုတိယယောင်းမမှာ မနာလိုစိတ်များဖြင့် ပြည့်နှက်သွားတော့သည်။
"လော့လန်၊ ဒါတွေအားလုံး ဘယ်ကရတာလဲ။ တစ်ယောက်ယောက်ဆီက ငှားလာတာလား"
သူမက မထောက်ခံသည့်အမူအရာဖြင့် ခေါင်းကို ခါယမ်းလိုက်ပြီး ပြောသည်။
"တကယ်တော့ ဒါတွေက မလိုပါဘူး။ အခုလောလောဆယ်တော့ ဝမ်မိသားစုရဲ့ ပါးစပ်ကို ပိတ်ထားနိုင်မှာ မှန်ပေမဲ့ အမှန်တရား ပေါ်လာတဲ့အခါကျရင် သူတို့က နင့်ကို လှောင်ပြောင်ဖို့ အကြောင်းပြချက် ရှာကြဦးမှာပဲ"
"ငှားလာတာ မဟုတ်ပါဘူး။ ကျွန်မ ဝယ်ထားတာပါ"
"ဘာ" ဒုတိယယောင်းမက အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ထိုကဲ့သို့သော ပစ္စည်းများကို ငှားလာနိုင်ခြင်းကပင် အတော်လေး ဟိတ်ဟန်ထုတ်နိုင်သည်ဟု သူမ ထင်ထားခဲ့သော်လည်း လော့လန်က တကယ်ပင် ဝယ်ယူခဲ့သည်ကို သိလိုက်ရသဖြင့် အလွန်ပင် အံ့သြသွားရသည်။ ဤသည်တို့မှာ သူမကိုယ်ပိုင် ပစ္စည်းများသာ ဖြစ်သည်။
"ပိုက်ဆံကရော ဘယ်ကရတာလဲ"
"ကျိုးချင်းရှန် ပေးတာပါ"
ကိစ္စက ရှင်းသွားပြီဖြစ်သည်။ ယောကျ်ားအသစ်ဖြစ်သူက မျက်နှာပန်းလှစေမည့် ပစ္စည်းများကို ပံ့ပိုးပေးခဲ့ခြင်းဖြစ်ရာ ယောင်းမဖြစ်သူမှာ မနာလိုဖြစ်ရုံမှတစ်ပါး အခြားမတတ်နိုင်တော့ပေ။ သူမက လျှာသပ်လိုက်ပြီး လှပသော အထည်များနှင့် နူးညံ့သောအိပ်ရာခင်းများကို နှမြောတသသော ခံစားချက်ဖြင့် ကိုင်တွယ်ကြည့်နေသည်။
"ဒီအိပ်ရာခင်းတွေက တကယ်ကောင်းတာပဲ။ ညီမလေး..."
သူမက ယခုတစ်ကြိမ်တွင် ခေါ်ပုံခေါ်နည်းကို ပြောင်းလိုက်ပြီး ပြောသည်။
"နင့်တူကလည်း မကြာခင် မင်္ဂလာဆောင်တော့မှာလေ။ နင့်ယောကျ်ားကို ဒီလိုအိပ်ရာခင်းမျိုး နောက်ထပ် နှစ်စုံလောက် ဝယ်ပေးဖို့ ပြောပေးလို့ ရမလား"
"ရတာပေါ့၊ ဒါပေမဲ့ ဒါက နိုင်ငံခြားဖြစ်။ ပိုက်ဆံတော့ အလုံအလောက် ပြင်ထားရလိမ့်မယ်။ ဒါက ဒီကပစ္စည်းတွေထက် တစ်ဝက်လောက် ပိုဈေးကြီးတယ်"
"တကယ်ကြီးလား။ အဲဒီလောက်တောင် ဈေးကြီးတာလား" ဒုတိယယောင်းမက ထိတ်လန့်သွားပြီး အိပ်ရာခင်းကို လက်မှ လွှတ်ချလိုက်ချင်သလို ဖြစ်သွားသည်။ "အို့ တို့လို ဆင်းရဲတဲ့ လယ်သမားတွေကတော့ ဒီလိုကောင်းတဲ့ ပစ္စည်းတွေကို မတတ်နိုင်ပါဘူး"
လော့လန်က ပြန်မပြောဘဲ နေလိုက်သလို အကြီးဆုံးယောင်းမကလည်း တိတ်ဆိတ်နေသည်။ အကြီးဆုံးယောင်းမ၏ သားအကြောင်းကိုလည်း ထည့်ပြောထားရာ နောက်ထပ်နှစ်ဝက်အတွင်း မင်္ဂလာဆောင်လိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။
လော့လန်တွင်ရှိသော ကောင်းမွန်သော ပစ္စည်းများကို သူမ မနာလိုဖြစ်သော်လည်း ထိုကဲ့သို့သော အရည်အသွေးမျိုးမှာ မြင့်မားသော ဈေးနှုန်းဖြင့် လာသည်ကို သူမ သိသည်။ သူမသည် သားဖြစ်သူ၏ မင်္ဂလာဆောင်အတွက် ပိုက်ဆံစုနေရသဖြင့် ထိုကဲ့သို့သော ပစ္စည်းများအတွက် ပိုလျှံသော ငွေကြေးမရှိပေ။
"နင်ဝယ်ထားတဲ့ ဒီပန်းပွင့်ပါတဲ့ ပိတ်စက အဆင်ပြေပါတယ်။ လာ... ကုတင်ပေါ်မှာ ထိုင်၊ မနက်ဖြန် ဘယ်သူတွေ လာမလဲဆိုတာနဲ့ သူတို့ကို ဘယ်လိုဧည့်ခံမလဲဆိုတာ ဆွေးနွေးကြရအောင်"
မိသားစု၏ အကြီးအကဲပီပီ အကြီးဆုံးယောင်းမက အဓိကကိစ္စရပ်များကို စတင်ပြောဆိုလိုက်မှသာ ဒုတိယယောင်းမသည် လော့လန်၏ ပစ္စည်းများကို ငေးကြည့်နေခြင်းအား ရပ်တန့်လိုက်တော့သည်။
ဤသည်မှာ လော့လန်၏ ဒုတိယအကြိမ် မင်္ဂလာဆောင်ဖြစ်သဖြင့် လက်ဆောင်ပစ္စည်းများ တောင်းခံသလို မဖြစ်စေရန် အဝေးမှ ဆွေမျိုးများကို အကြောင်းမကြားထားပေ။ မိသားစုဝင်များနှင့် ရွာရှိ အိမ်ထောင်စု လေးစုခန့်သာ ရှိလိမ့်မည်ဟု မျှော်လင့်ရသည်။
"ငါတို့မိသားစုဝင်တွေကတော့ ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ သမက်အသစ်ကို ကောင်းကောင်းဧည့်ခံနိုင်ဖို့နဲ့ အထင်မသေးခံရဖို့တော့ သေချာအောင် လုပ်ရမယ်"
ပစ္စည်းများအကြောင်း ပြောလိုက်သည်နှင့် ဒုတိယယောင်းမမှာ နှုတ်ဆိတ်သွားတော့သည်။ လော့လန်က သူမကို ကောင်းကောင်း နားလည်သည်။ အကြီးဆုံးယောင်းမက ကြက်ဥများ ထုတ်ပေးရန်နှင့် ကြက်တစ်ကောင် သတ်ရန် အစောပိုင်းကပင် ပြောထားခဲ့သည်။ လော့လန်က ဒုတိယအစ်ကို၏ အနေရခက်သော မျက်နှာပေးကို ဂရုမစိုက်ဘဲ တိုက်ရိုက်ပင် ပြောလိုက်သည်။
"ကျွန်မဆီမှာ ပြောင်းဖူးဆယ်ပေါင်နဲ့ ဂျုံမှုန့်ငါးပေါင် ကျန်ပါသေးတယ်"
အကြီးဆုံးယောင်းမက တိုးတိုးလေး သက်ပြင်းချလိုက်သည်။ "အရင်က နင့်အစ်မက ဂျုံမှုန့်နှစ်ပေါင်နဲ့ ငါးတစ်ကောင် လာပေးထားတယ်။ နင့်ဝေစုပါ ပေါင်းလိုက်ရင် အများကြီး ပိုသွားပြီ။ လယ်ထဲက ဟင်းသီးဟင်းရွက်တွေအတွက်တော့ မပူနဲ့။ ငါတို့ကိုယ်ပိုင်လယ်ထဲမှာ အများကြီး ရှိပါတယ်။ အိမ်နီးနားချင်းတွေကလည်း မုန်လာဥတွေ အများကြီး ပို့ထားပေးတယ်။ ငါတို့ ပဲပြားနဲ့ ပဲပင်ပေါက် တစ်ချို့ သွားဝယ်လိုက်မယ်။ အဲဒါဆိုရင် လုံလောက်ပါပြီ"
အကြီးဆုံးအစ်ကိုက ဒုတိယအစ်ကိုနှင့် သူ၏ဇနီးကို လှည့်ကြည့်လိုက်သည်။ "မင်းတို့က တကယ်ပဲ လော့မိသားစုဝင်တွေဆိုရင်တော့ တစ်ခုခု ထည့်ဝင်ကြပေါ့။ မနက်ဖြန် အားလုံး အတူတူစားကြမှာပဲဆိုတော့ အဲဒါက မျှတသွားမှာပါ"
"ကျွန်တော့်ဘက်က ကြာဆံနဲ့ ကြက်ဥအနည်းငယ် ယူလာခဲ့ပါ့မယ်" ဒုတိယအစ်ကိုက ပြောလိုက်သည်။
ဒါက မိသားစုဝင် ငါးယောက် စားသောက်ရန် လုံလောက်မည်ဖြစ်ရာ သူတို့အတွက် နစ်နာစရာ မရှိပေ။
"ကောင်းပြီ၊ အဲဒါဆိုရင် အခြေအနေ ပြီးသွားပြီ"
ညီမဖြစ်သူ၏ မင်္ဂလာဆောင်အတွက် စီစဉ်ပြီးနောက် ဒုတိယယောင်းမသည် မထွက်ခွာမီ အိပ်ရာခင်းများကို နောက်ဆုံးတစ်ကြိမ် လှမ်းကြည့်သွားသေးသည်။ ထိုညတွင် လော့လန်နှင့် သူမ၏ အကြီးဆုံးယောင်းမတို့မှာ အရှေ့ဘက်ခန်းတွင် အိပ်ကြသည်။ နောက်တစ်နေ့ မနက်တွင်မူ သူတို့ အစောကြီး ထကြလေသည်။
ဧည့်ခံပွဲအတွက် ဟင်းလျာစာရင်းမှာ အတော်ပင် ခမ်းနားလှသည် - ဝက်သားနှင့် ကတ်စလီးပန်းရွက်ကြော်၊ ကြက်ဥ၊ ဝက်အူချောင်း၊ အသားလုံး၊ ကန်စွန်းဥယို၊ ကြာဆံ၊ ကြက်တစ်ကောင်လုံးနှင့် ငါးတစ်ကောင်လုံးတို့ ဖြစ်သည်။ ထိုခေတ်ကာလက ပစ္စည်းရှားပါးမှုကို ထည့်တွက်လျှင် မိသားစုက အစွမ်းကုန် ကြိုးစားထားခြင်း ဖြစ်သည်။ အကြီးဆုံးယောင်းမက မနက်စောစောကတည်းက အရာအားလုံးကို စတင်ပြင်ဆင်နေပြီး လော့လန်က ကူညီရန် ကမ်းလှမ်းသော်လည်း သူမက ငြင်းပယ်လိုက်သည်။
"နင်ကူညီစရာ မလိုပါဘူး။ ဒီနေ့တော့ သတို့သမီးအဖြစ် လှလှပပလေး နေဖို့ကိုပဲ အာရုံစိုက်လိုက်စမ်းပါ"
"ကျေးဇူးတင်ပါတယ် အစ်မကြီး"
"အားမနာပါနဲ့၊ ငါတို့တွေက မိသားစုတွေပဲဟာ"
မိသားစုနှင့် ရင်းနှီးသော အိမ်နီးနားချင်းတစ်ဦးမှာ အကူအညီပေးရန် မနက်ပိုင်းတွင် ရောက်လာခဲ့သည်။ လော့လန်က မျက်နှာကို ရေသန့်သန့်ဖြင့် ဆေးကြောပြီးနောက် အိမ်နီးနားချင်းဖြစ်သူက အပ်ချည်ကြိုးတစ်ချောင်းကို အသုံးပြု၍ သူမ၏မျက်နှာကို သန့်စင်ပေးသည်။ ကြိုးကို ကပ်ကြေးပုံသဏ္ဍာန် ကျစ်လိုက်ပြီး မျက်နှာပေါ်ရှိ အမွေးနုလေးများကို ဖယ်ရှားလိုက်ရာ သူမ၏ မျက်နှာမှာ ပို၍ပင် နူးညံ့ဖြူစင်သွားတော့သည်။ လုပ်ငန်းစဉ်မှာ အနည်းငယ် နာကျင်သော်လည်း ရလဒ်မှာမူ ထိုက်တန်လှသည်။
"ကြည့်ပါဦး၊ သိပ်လှတဲ့ သတို့သမီးလေး ဖြစ်သွားပြီ"
"ဒေါ်ဒေါ် ကျွန်မကို မျက်နှာပြင်ပေးတာ ဒါ ပထမဆုံးအကြိမ်ပဲ။ ကျေးဇူးတင်ပါတယ် ဒေါ်ဒေါ်"
"ဒါတွေ ပြောမနေပါနဲ့။ ညည်းရဲ့ အိမ်ထောင်ရေး သာယာပါစေ၊ ကလေးလေးတွေလည်း မြန်မြန်ရပါစေလို့ ဆုတောင်းပေးပါတယ်"
မျက်နှာပြင်ပြီးနောက် သူမ၏မျက်နှာမှာ အနည်းငယ် နီမြန်းနေသည်။ အနည်းငယ် သက်သာသွားသောအခါ သူမက ဆပ်ပြာဖြင့် ပြန်လည်ဆေးကြောပြီး နှင်းပွင့်ခရင်မ် အချို့ကို လိမ်းလိုက်သည်။ သူမ၏ နဂိုအလှနှင့် ပေါင်းစပ်လိုက်သောအခါ ရိုးရှင်းသော အပြင်အဆင်ကပင် သူမကို အံ့မခန်း လှပသွားစေသည်။
"သတို့သား ရောက်လာပြီ"
အပြင်ဘက်မှ တစ်စုံတစ်ဦးက အော်ဟစ်လိုက်ပြီး ဗုံသံနှင့် မောင်းသံများ နီးကပ်လာသည်ကို လော့လန် ကြားလိုက်ရသည်။ သတို့သားမှာ အခမ်းအနားနှင့် ပတ်သက်၍ အတော်လေး စနစ်တကျရှိပြီး အလေးအနက်ထားပုံရသည်။ ဗုံသံများ ကျယ်လောင်လာသည်နှင့်အမျှ သူသည် အပြာရင့်ရောင် ကျုံးရှန်းဝတ်စုံကို ဝတ်ဆင်ကာ ရောက်လာခဲ့သည်။
စစ်တပ်အတွင်း နှစ်ရှည်လများ နေထိုင်ခဲ့မှုကြောင့် သူသည် ထင်းရှူးပင်တစ်ပင်ကဲ့သို့ မတ်မတ်နှင့် ခံ့ခံ့ညားညား ရှိလှသည်။ ဝမ်မိသားစုဝင် အချို့အပါအဝင် ပွဲကြည့်ပရိသတ်များစွာလည်း သူ့နောက်မှ လိုက်ပါလာကြသည်။ ဝမ်မိသားစု၏ အငယ်ဆုံး မြေးဖြစ်သူမှာ အပြင်သို့ ပြေးထွက်သွားသည်ကို လော့လန် မြင်လိုက်ရပြီး မကြာမီမှာပင် အဘွားအိုဝမ် ရောက်ရှိလာတော့သည်။
ပထမဆုံးအကြိမ် လက်ထပ်ခြင်းဖြစ်ပါက သတို့သမီးကို နေမွန်းမတည့်မီ အိမ်သို့ ခေါ်ဆောင်သွားရမည် ဖြစ်သည်။ ထို့ကြောင့် သတို့သားနှင့် အဖွဲ့သားများ ရောက်ရှိလာသည်နှင့် အကြီးဆုံးယောင်းမက ရိုးရှင်းသော အစားအစာများကို ကျွေးမွေးခဲ့သည်။ လူအားလုံး လောက်ငစေရန်အတွက် သူမသည် ခေါက်ဆွဲနှင့် မှို၊ ကြက်ဥကြော်တို့ကိုလည်း ချက်ပြုတ်ထားသည်။
လူတိုင်းမှာ သတို့သမီးနှင့် သူမ၏ တင်တောင်းပစ္စည်းများကို မြင်တွေ့ရန် စိတ်အားထက်သန်နေကြသည်။ ဒေသထုံးစံအရ တင်တောင်းပစ္စည်းများမှာ ကြာမြင့်စွာကတည်းက ရှိခဲ့သော်လည်း သတို့သမီး၏ တင်တောင်းပစ္စည်း လုံးဝမရှိခြင်း သို့မဟုတ် မလုံလောက်ခြင်းတို့က သူမ၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်။
အဘွားအိုဝမ်က လော့လန်၏ တင်တောင်းပစ္စည်းများသည် သူမ၏ ပထမအိမ်ထောင်မှ ပစ္စည်းများသာ ဖြစ်သည်ဟု လူအုပ်ကြားတွင် အတင်းပြောနေလေပြီ။
"ငါတို့ဝမ်မိသားစုရဲ့ ပစ္စည်းတွေကို ဒုတိယအိမ်ထောင်အတွက် သုံးတာလား။ မြို့ကို လိုက်သွားမယ်ဆိုရင်တောင် ငါတို့မိသားစုက မလိုချင်တော့လို့ ပစ်ထားတဲ့ ပစ္စည်းတွေကိုပဲ သူ သုံးနေတာလေ။ အဲဒါက ဘာများ ထူးခြားနေလို့လဲ"
"ဟေ့... ညည်းက တင်တောင်းပစ္စည်းတွေကိုတောင် မမြင်ရသေးဘဲနဲ့ သူ ညည်းတို့ပစ္စည်းတွေကို သုံးနေတယ်ဆိုတာ ဘယ်လိုသိလဲ"
"ဟုတ်တယ်။ သူ ဝမ်မိသားစုဆီက ယူသွားတဲ့ ပစ္စည်းတွေက အခု သူ့ပစ္စည်းတွေ ဖြစ်နေပြီ၊ ညည်းတို့ဟာ မဟုတ်တော့ဘူး"
လော့လန်နှင့် ရင်းနှီးသောအမျိုးသမီး နှစ်ဦးက သူမဘက်မှ ကာကွယ်ပြောဆိုကြသော်လည်း သူတို့သည် တင်တောင်းပစ္စည်းများ၏ အခြေအနေ အပြည့်အစုံကို မသိကြပေ။ သို့မဟုတ်ပါက သူတို့၏ တုံ့ပြန်မှုမှာ ယခုထက် ပို၍ ပြင်းထန်နိုင်ပေသည်။
"အဲဒါ အမှန်ဆိုရင်တောင် ဒုတိယအိမ်ထောင်အတွက်တော့ ဒါက မသင့်တော်ဘူးလေ"
"ဟုတ်တယ်၊ အထူးသဖြင့် သတို့သားက မြို့ကလူဆိုတော့ ဒီကိစ္စကြောင့် သူ အထင်သေးခံရနိုင်တယ်"
သူတို့၏ အသံများမှာ မကျယ်လောင်သလို ဝေဖန်မှုများမှာလည်း မပြင်းထန်သော်လည်း သူတို့၏ မျက်လုံးများမှာမူ ထိုမြင်ကွင်းကို ကြည့်၍ ပျော်ရွှင်နေကြသည်မှာ သိသာလှသည်။ လော့လန်ကို ကာကွယ်ပေးနေသော အမျိုးသမီးနှစ်ဦးမှာ စိတ်ပျက်နေကြသော်လည်း အတင်းစကားများကို တုံ့ပြန်ရန် အထောက်အထား မရှိကြပေ။ လော့လန်ကို အဝတ်အစား လဲပေးနေစဉ် အပြင်ဘက်၌ ဗုံသံများ ဆက်၍ထွက်ပေါ်နေသည်။ သူတို့သည် ခေတ်သစ် သတို့သမီးအရံများကဲ့သို့ပင် ဖြစ်သည်။