← Chapters

အခန်း (၁၇)

Vol. 2 Ch. 17

အခန်း (၁၇)

Vol. 2 Ch. 17

သူမကို တစ်ဖက်မှ ပွတ်တိုက်မိသဖြင့် လှည့်ကြည့်လိုက်ရာ သူမ၏ အစ်မဖြစ်သူကို တွေ့လိုက်ရသည်။

"ဒီဘက်ကို လာခဲ့ဦး။ ဒီဘက်ကဆိုရင် ပိုပြီး ကောင်းကောင်း မြင်ရတယ်"

အစ်မဖြစ်သူက သူမကို အပြစ်တင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

"နင်က မကြာခင် မင်္ဂလာဆောင်တော့မှာကို ဘာလို့ ဒီလို ပွဲကြည့်ရတာကို အခုထိ ဝါသနာပါနေသေးတာလဲ"

"တခြား လုပ်စရာမှ မရှိတာ"

"အခု ပြီးသွားပြီဆိုတော့ ငါ့အိမ်ကို သွားရအောင်။ ငါ့မှာ နင်နဲ့ ဆွေးနွေးစရာ ရှိတယ်"

"ရတယ်လေ၊ တကယ်တော့ ငါလည်း အစ်မကို လာရှာတာ"

သူမသည် ပွဲကြည့်ပြီးနောက် ရမှတ်အချို့ ရရှိခဲ့သဖြင့် ပေါ့ပါးပျော်ရွှင်သော ခြေလှမ်းများဖြင့် လျှောက်လာခဲ့သည်။ အစ်မဖြစ်သူ၏ အိမ်သို့ ရောက်သောအခါ သူတို့သည် အပိုစကားများ မပြောတော့ဘဲ အစ်မဖြစ်သူက လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်သည်။

"ငါ့ရဲ့ ယောက္ခမက ငါ့ကိုရောင်းဖို့ သဘောတူထားတဲ့ စောင်အစွပ်တစ်စုံ ရှိတယ်။ အခု ဂွမ်းတွေ လိုနေလို့၊ အဲဒါရဖို့ နင့်မှာ ဘာအကြံရှိလဲ"

"ဂွမ်းလား၊ ငါယူပေးမယ်လေ။ တစ်ရက် နှစ်ရက်အတွင်း အစ်မဆီ ယူလာခဲ့မယ်"

သူမတွင် မင်္ဂလာဆောင်စဉ်က ရရှိခဲ့သော အိပ်ရာခင်း အသစ်တစ်စုံ ရှိပြီး နှစ်နှစ်ကြာပြီးနောက်တွင်ပင် အခြေအနေ ကောင်းမွန်နေသေးသည်။ အစပိုင်းတွင် ထိုအစုံကိုသာ အသုံးပြုရန် စီစဉ်ထားသော်လည်း အစ်မဖြစ်သူက စောင်အစွပ် ဝယ်ထားသဖြင့် နောက်ထပ် အစုံတစ်ခု ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူမသည် သူမ၏ ခန်းဝင်ပစ္စည်းများတွင် ပစ္စည်းများ ထပ်မံဖြည့်တင်းရန် ဆွေးနွေးရန် လာခဲ့ခြင်းဖြစ်ပြီး အိပ်ရာခင်းမှာ အသင့်တော်ဆုံး ဖြစ်နေတော့သည်။

"အစ်မ၊ ဘယ်လောက် ကုန်သွားလဲ? ငါ ပိုက်ဆံ ပေးပါ့မယ်"

အစ်မဖြစ်သူက သူမ ပိုက်ဆံထုတ်သည်ကို တားလိုက်သည်။ "ဒါက ငါ့ဆီက လက်ဆောင်ပါ။ ငါက နင့်အတွက် အင်္ကျီအသစ်ချုပ်ဖို့ ပိတ်စ ဝယ်ပေးမလို့ပဲ၊ ဒါပေမဲ့ အခုတော့..."

"အင်္ကျီအသစ်ကိုတော့ ငါ့ဘာသာ ချုပ်လိုက်ပါ့မယ်။ သူက နောက်အပတ် ပိတ်ရက်မှာ ငါ့ကို ကုန်တိုက် ခေါ်သွားမယ်လို့ ပြောထားတယ်"

"ဒါဆိုရင်လည်း ကောင်းတာပေါ့"

"အစ်မ၊ ငါ့မှာ သိုးမွေးချည် နှစ်ပေါင် ရှိတယ်၊ ဒါပေမဲ့ အချိန်မလောက်ဘူးဖြစ်နေလို့။ ငါ့အတွက် ဆွယ်တာတစ်ထည်လောက် ကျစ်ပေးလို့ ရမလား"

"ရတာပေါ့၊ ငါ အရင်က တခြားလူတွေအတွက်လည်း တွေ အင်္ကျီလက်တွေ ကျစ်ပေးဖူးပါတယ်။ ငါ လုပ်ပေးလို့ရတယ်"

သူမသည် သိုးမွေးချည် နှစ်ပေါင်ကို အစ်မဖြစ်သူထံ ပေးလိုက်သည်။ အစ်မဖြစ်သူမှာ သူမနှင့် ကိုယ်လုံးကိုယ်ပေါက် ဆင်တူသဖြင့် အတိုင်းအတာ တိုင်းရန် မလိုပေ။ ဤကာလအတွင်း ကျေးလက်ဒေသရှိ ခန်းဝင်ပစ္စည်းများမှာ များသောအားဖြင့် ဤကဲ့သို့သော နေ့စဉ်သုံး ပစ္စည်းများသာ ဖြစ်ကြသည်။ သူမသည် စနစ်ထံမှ ရမှတ်အချို့ကို အသုံးပြု၍ စက်ဘီးတစ်စီး လဲလှယ်ရန်လည်း စီစဉ်ထားသည်။

လော့လန်က စနစ်ကို စ၍စကားပြောလိုက်သည်။ 'လူတိုင်းက 'လက်ကိုင် ၂၈ ဆိုဒ် အကြီးစား' လို့ခေါ်တဲ့ ဖေ့ကော စက်ဘီးတွေကိုပဲ ဝယ်နေကြတာ တွေ့တယ်။ နင့်ဆီမှာ အဲဒီမော်ဒယ် ရှိလား'

'လက်ကိုင် ၂၈ ဆိုဒ် အကြီးစားက အမျိုးသားတွေအတွက်လေ။ အမျိုးသမီးတွေကတော့ များသောအားဖြင့် ၂၆ စက်ဘီးတွေကိုပဲ စီးကြတာ'

'အဲဒါက ဘာကို ဆိုလိုတာလဲ'

'အာ... နင် မသိဘူးပဲ။ ၂၈ နဲ့ ၂၆ ဆိုတာ စက်ဘီးရဲ့ အရွယ်အစားကို ပြောတာ။ အရပ်ရှည်တဲ့ အမျိုးသားတွေက ၂၈ ကို သုံးပြီး အမျိုးသမီးတွေကတော့ ၂၆ ကို သုံးကြတယ်'

'ဪ... ငါ နားလည်ပြီ။ ဒါနဲ့ နင့်ဆီမှာ အဲဒီမော်ဒယ် ရှိလား မရှိဘူးလား'

'မရှိဘူး'

'ဒါဆို နင့်ဆီမှာ ဘာရှိလဲ'

'ငါ..' စနစ်က အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားပြီး စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

'ငါ့ဆီမှာ ရှိတာတွေက ဒီခေတ်က ပစ္စည်းတွေထက် အများကြီး ပိုကောင်းပါတယ်။ အဲဒီ 28 တို့ 26 တို့ဆိုတာတွေက ခေတ်နောက်ကျနေပြီ'

လော့လန်က ပြောလိုက်သည်။ "မရှိဘူးဆိုတာကိုပဲ ဝန်ခံလိုက်စမ်းပါ။ ဆင်ခြေတွေ ပေးမနေနဲ့တော့"

'ငါ့မှာ မရှိဘူးလို့ ဘယ်သူပြောလဲ? ငါ့ဆီမှာရှိတဲ့ စက်ဘီးတွေက နင့်မျက်လုံးတွေ ပြူးသွားစေရမယ်'

'ကြွားမနေဘဲ ငါ့ကို အရင်ပြပါဦး။ ဘယ်လိုမျိုး မျက်လုံးပြူးသွားစေမှာလဲ'

'ဒါဆိုရင်လည်း သေချာကြည့်လိုက်တော့'

စနစ်သည် ကလေးတစ်ယောက်ကဲ့သို့ ချက်ချင်း စိတ်အားထက်သန်သွားခဲ့သည်။ သူ စကားပြောပြီးသည်နှင့် သိုလှောင်ရုံလေးမှာ ပစ္စည်းအမျိုးမျိုးဖြင့် ချက်ချင်း ပြည့်နှက်သွားပြီး ကျဉ်းမြောင်းသော နေရာလွတ်လေးမှာ လုံးဝ ပိတ်ဆို့သွားတော့သည်။

စက်ဘီးများ၊ အပ်ချုပ်စက်များ၊ ရုပ်မြင်သံကြားစက်များ၊ ရေခဲသေတ္တာများ၊ အဝတ်လျှော်စက်များ... လော့လန် မမှတ်မိသော ပစ္စည်းများစွာ ရှိနေသော်လည်း သူတို့၏ ဆွဲဆောင်မှုရှိသော ပုံပန်းသဏ္ဌာန်များက ထိုအရာများသည် မည်မျှ ကောင်းမွန်ကြောင်းကို ထင်ရှားစေသည်။

'ဘယ်လောက်ပဲ ကောင်းကောင်း၊ ငါ ဒါတွေကို သုံးလို့မှ မရတာ'

စနစ်က အော်ဟစ်လိုက်သည်။ 'ဟေး... ခေါင်းမမာစမ်းပါနဲ့ ။ ခဏလေး စောင့်ဦး...'

စနစ်သည် အော်ဟစ်လိုက်ပြီးနောက် ပစ္စည်းများကို ပြန်သိမ်းဆည်းလိုက်သည်။ လော့လန်သည် ထိုပစ္စည်းများကို သေချာကြည့်ရန် ဆန္ဒရှိခဲ့သဖြင့် နောင်တရမိသွားသည်။ အားလုံးမှာ အလွန်ပင် သန့်ပြန့်လှပနေပုံရသည်။

'ခုနက အဲဒါတွေက ဘာတွေလဲ'

'အားလုံးက ပစ္စည်းကောင်းတွေချည်းပဲ။ ဟွန့်... နင် မျက်စိပွင့်သွားအောင် ကတ်တလောက်ကိုပဲ ကြည့်လိုက်တော့'

ကတ်တလောက်တွင် ထုတ်ကုန်များ၏ ရုပ်ပုံများ၊ အသေးစိတ် သတ်မှတ်ချက်များ၊ လုပ်ဆောင်ချက်များနှင့် ဖော်ပြချက်များကို ရောင်စုံစုံလင်စွာ ပြသထားသည်။ လော့လန်သည် လမ်းညွှန်စာအုပ်ကို အာရုံစိုက်ကြည့်ရင်း အမှန်တကယ် အံ့အားသင့်သွားတော့သည်။

'အလိုအလျောက် အဝတ်လျှော်စက်တောင် ရှိတာလား? အဝတ်တွေကို ထည့်လိုက်ရုံနဲ့ အခြောက်အတိုင်း ပြန်ထွက်လာတာလား? ပြီးတော့ ရေခဲသေတ္တာက အစားအစာတွေကို တစ်နှစ်လောက် အေးခဲထားနိုင်ပြီး တစ်ပတ်လောက်အထိ လတ်ဆတ်အောင် ထားနိုင်တာလား? ရုပ်မြင်သံကြားစက်ကရော ဘာအတွက်လဲ? ရုပ်ရှင်ကြည့်သလိုမျိုးလား'

'အားကျသွားပြီ မဟုတ်လား? နင် ဒါတွေကို လိုချင်လား'

'ဒီအရာတွေကို ဘယ်တော့လောက်မှ အသုံးပြုလို့ ရမှာလဲ'

'ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ ဒါတွေက သုံးနေကျ ဖြစ်နေပါပြီ'

'ငါတို့နိုင်ငံမှာ မေးတာ'

'နောက်ထပ် အနှစ်နှစ်ဆယ်လောက်ကြာရင်ပေါ့'

လော့လန်သည် လျှပ်စစ်မီးများ၊ တယ်လီဖုန်းများနှင့် ထိုကဲ့သို့သော လျှပ်စစ်ပစ္စည်းများ ရှိမည့် ဘဝကို စိတ်ကူးကြည့်မိပြီး ပိုအဆင်ပြေချောမွေ့ကာ ကိုယ်တိုင် ပင်ပင်ပန်းပန်း လုပ်ဆောင်စရာ မလိုတော့မည့် အနာဂတ်ကို မြင်ယောင်နေမိသည်။ အဝတ်လျှော်ရန် မလိုတော့သည့်၊ ရုပ်ရှင်များကို အိမ်တွင် အချိန်မရွေး ကြည့်ရှုနိုင်သည့်အပြင် အသားများကိုလည်း ရေခဲသေတ္တာထဲတွင် အချိန်အကန့်အသတ်မရှိ သိမ်းဆည်းထားနိုင်သည့် ဘဝမျိုးကို သူမ ပုံဖော်ကြည့်လိုက်သည်။

'ဟင်း.. ငါ့နှယ်... ဒီလိုဘဝမျိုးအကြောင်း တွေးကြည့်ရတာ နတ်ပြည်ရောက်နေသလိုပါပဲလား။'

'သိပ်တော့ မနှေးပါဘူး။ နောက်ထပ် အနှစ်နှစ်ဆယ်ဆိုရင် ငါက အသက်လေးဆယ်ကျော်ပဲ ရှိဦးမှာ။ ကောင်းမွန်တဲ့ နေ့ရက်တွေက ငါ့ကို စောင့်ကြိုနေတာပဲ'

'ဟားဟား'

စနစ်သည် ပိုင်ရှင်ဖြစ်သူ၏ အကောင်းမြင်စိတ်နှင့် တက်ကြွသော စိတ်နေစိတ်ထားကို သဘောကျသဖြင့် ရွှင်ပျစွာ ရယ်မောလိုက်သည်။ သူမသည် ပစ္စည်းများကို ယခုချက်ချင်း အသုံးမပြုနိုင်ခြင်းအပေါ် ညည်းညူနေမည့်အစား ဝမ်းမြောက်ဝမ်းသာဖြင့် မျှော်လင့်စောင့်စားနေသည်။ ဤကဲ့သို့သော အကောင်းမြင်စိတ်ထားရှိခြင်းက သူမ၏ဘဝသည် ကောင်းမွန်လာရန် ကံပါလာခြင်းပင် ဖြစ်သည်။

'အခုပဲ အပ်ချုပ်စက်ကို လဲလှယ်တော့မလား'

'အိမ်မှာ အပ်ချုပ်စက် တစ်လုံး ရှိပြီးသားပဲ။ ငါ စက်ဘီးပဲ လိုချင်တယ်။ သယ်ယူပို့ဆောင်ရေး ရှိရင် ငါ ပိုပြီး သွားလာရ လွယ်ကူတာပေါ့။ အိမ်ထောင်စုစာရင်း ပြောင်းရတာ နောက်ကျနေမယ်ဆိုရင် ငါ အလုပ်ကို သွားလိုက်ပြန်လိုက် လုပ်ရဦးမှာ'

'နင်ကတော့လေ...'

'ဘာဖြစ်လို့လဲ'

'တော်တော်လေး လက်တွေ့ကျတာပဲ'

'ဒီလိုပဲ ဖြစ်သင့်တာပေါ့။ လက်တွေ့မကျရင် ဘာကောင်းမှာလဲ'

'ငါ့ဆီမှာ ရမှတ် ၁,၀၀၀ ကုန်မယ့် 26 စက်ဘီးတစ်စီး ရှိတယ်။ နင့်ရဲ့ အကောင့်ထဲမှာ ရမှတ် ၁,၂၀၀ ရှိနေတယ်။ နင် တကယ်ပဲ လဲလှယ်ချင်တာ သေချာလား'

စက်ဘီးတစ်စီးလျှင် ကူပွန်အပါအဝင် ယွမ် ၁၅၀ ခန့် ကျသင့်သည်။ ထိုပမာဏကို ရှာဖွေရန် သူမအနေဖြင့် သုံးနှစ်ခန့် ကြိုးစား အလုပ်လုပ်ရမည် ဖြစ်သည်။ ယခုမူ သူမ၏ လအနည်းငယ်မျှ ကြိုးစားမှုဖြင့် လဲလှယ်နိုင်ပြီ ဖြစ်သောကြောင့် သူမ အလွန်ပင် ဝမ်းသာသွားသည်။

'လဲလှယ်မယ်'

'လဲလှယ်ပြီးရင် နင့်ဆီမှာ ရမှတ် အများကြီး ကျန်မှာ မဟုတ်ဘူးနော်'

'သေချာရဲ့လား'

ဤခေတ်ကာလတွင် လူအတော်များများမှာ ခြိုးခြံချွေတာကြပြီး ပိုက်ဆံအသုံးပြုရန် ဝန်လေးကြသည်။ နောက်မှ နောင်တမရစေရန် စနစ်က သူမအား သတိပေးလိုက်ခြင်း ဖြစ်သည်။

'သေချာတယ်'

စနစ်က အနည်းငယ် အံ့အားသင့်သွားသည်။ 'နင် တကယ် လိုချင်တာလား'

'သုံးသင့်တာ သုံးရမှာပေါ့၊ စုထားပြီး ဘာလုပ်မလို့လဲ'

'အာ... ငါက ကပ်စေးနည်းနေမိတာပါ၊ ကောင်းပြီလေ... လဲလိုက်တော့'

၂၆ လက်မ စက်ဘီးတစ်စီးကို အမှတ် ၁,၀၀၀ ဖြင့် လဲလှယ်လိုက်သည်။ လော့လန်သည် တောက်ပပြီး အသစ်စက်စက်ဖြစ်သော စက်ဘီးလေးကို မြတ်နိုးစွာဖြင့် ပွတ်သပ်နေမိသည်။ ဒီစက်ဘီးက ရှားပါးသော အမျိုးသမီးစီး မော်ဒယ်ဖြစ်ပြီး သူမ၏ မင်္ဂလာလက်ဖွဲ့အဖြစ် ပါဝင်လာခြင်းသည် ဂုဏ်ရှိပြီး လက်တွေ့လည်းကျလှသည်။

အိမ်ထောင်စုစာရင်း ကိစ္စမဖြေရှင်းရသေးခင် ဤစက်ဘီးရှိနေခြင်းက အလွန်အသုံးဝင်ပေလိမ့်မည်။ ဤနေရာသည် မြို့နှင့် ဆယ်မိုင်ကျော် ဝေးကွာပြီး လမ်းများမှာ သူမ၏ အတိတ်ဘဝကထက် ပိုကောင်းသော်လည်း ချောမွေ့ခြင်းမရှိသေးပေ။ အလုပ်သွားရန် စက်ဘီးစီးခြင်းက ဖြစ်နိုင်ချေရှိသည်။

စနစ် - ' အဝတ်အစားတွေရော နင် အမှတ်နဲ့ မလဲတော့ဘူးလား?'

လော့လန် - 'ကုန်ပစ္စည်း အရင်ကြည့်ရဦးမယ်'

စနစ် - 'ဒီစနစ်ရဲ့ ထုတ်ကုန်တွေက သေချာပေါက် အရည်အသွေးမြင့်ပြီးသားပါ'

လော့လန် - 'ကြွားမနေပါနဲ့ ငါ့ကို ပစ္စည်းအရင်ပြ'

စနစ် - 'ဒီနေ့ နင့်မျက်လုံးတွေ ကျိန်းသွားစေရမယ် အာ နေဦး ခေတ်ကာလနဲ့လည်း ကိုက်ညီမှ ဖြစ်မှာပဲ'

လော့လန် - 'ဟားဟားဟား'

၁၉၆၀ ပြည့်လွန်နှစ်များတွင် စစ်ဝတ်စုံများသည် မြို့ကြီးများ၌ ရေပန်းစားခဲ့သည်။ ကျေးလက်ဒေသတွင် အဝတ်အစားသစ် တစ်ထည်ရှိခြင်းသည်ပင် ကိစ္စကြီးတစ်ခုဖြစ်သည်။ လူအများစုသည် ကိုယ်တိုင်ချည်ငင်ထားသော ကြမ်းတမ်းသည့် အိမ်လုပ်အထည်များကိုသာ ဝတ်ဆင်ကြပြီး လျှော်ပြီးလျှင် အရောင်လွင့်သွားတတ်သည်။ အသစ်တစ်ထည်ရှိရုံမျှဖြင့် အလွန်ကောင်းမွန်သည်ဟု ယူဆကြပြီး ရွေးချယ်စိစစ်နေကြမည် မဟုတ်ပေ။

လော့လန်သည် အဝတ်အစားများကို ကြည့်ရှုပြီးနောက် နောက်ဆုံးတွင် ရိုးရှင်းသော ဝတ်စုံတစ်စုံကို ရွေးချယ်လိုက်သည်။ ဘောင်းဘီအနက်နှင့် ကွက်စိတ်အင်္ကျီဖြစ်သည်။ အင်္ကျီကို ကော်လာခေါက်၍ဖြစ်စေ၊ ကော်လာထောင်၍ဖြစ်စေ ဝတ်ဆင်နိုင်ပြီး ပေါင်လယ်လောက်အထိ ရှည်သည်။ ဤဝတ်စုံသည် ကျော့ရှင်းပြီး ထူးခြားလှပသည်။

စနစ် - 'ဖိနပ်... လိုက်ဖက်မယ့် ဖိနပ်တစ်ရံ လိုဦးမယ်လေ'

လော့လန် - 'ငါ့အမှတ်တွေ... ဒီပုံစံအတိုင်းဆိုရင်တော့ ငါ အကြွေးတင်တော့မှာပဲ'

စနစ် - 'ဟားဟားဟား'

စနစ်၏ ရယ်မောသံများကြားတွင် လော့လန်သည် ရိုးရှင်းသော ကင်းဗတ်ဖိနပ်အနက်တစ်ရံကို ရွေးလိုက်သည်။ ဈေးကြီးမည်ဟု ထင်ခဲ့သော်လည်း တော်တော်လေး သက်သာသည်ကို တွေ့လိုက်ရသည်။ ဒီဝတ်စုံနှင့်ဆိုလျှင် သူမမှာ အမှတ်များ ကျန်နေသေးသည်။

သူမသည် ပစ္စည်းများကို စနစ်ထဲတွင် ပျော်ရွှင်စွာ သိမ်းဆည်းလိုက်ပြီး ထိုည၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ နောက်တစ်နေ့မနက် အလုပ်ခွင်တွင် ယခင် ယောက္ခမဖြစ်သူ ရောက်လာပြီး အတင်းအဖျင်း နားစွင့်နေလေသည်။

သူမ၏ ယောင်းမဟောင်းက သူမအား အဓိပ္ပာယ်ပါသော အပြုံးဖြင့် ကြည့်နေသည်။ အနားယူချိန်တွင် သူမထံ တီးတိုးပြောရန် အခွင့်အရေးရှာလိုက်သည်။

"တစ်မိသားစုလုံး နင့်ကို အရူးလုပ်ဖို့ ကြံစည်နေကြတာ အစ်မလန်ရေ သူတို့ အထင်သေးတာကို မခံပါနဲ့"

"ငါ့ကို အရူးလုပ်မယ် ဘယ်လိုလုပ်မှာတဲ့လဲ"

"မင်္ဂလာဆောင်ကိစ္စလေ... ဒါက နင့်အတွက် ဒုတိယအိမ်ထောင်ပြုတာမလား။ သတို့သားက အလုပ်လုပ်တဲ့သူ ဒါမှမဟုတ် မြို့ကလူဆိုရင် နင့်ဘက်က မင်္ဂလာလက်ဖွဲ့တွေက မျက်နှာပန်းမလှဖြစ်ပြီး သတို့သားရှေ့မှာ နင့်ကို အရှက်ခွဲကြလိမ့်မယ်"

တကယ်တမ်းတွင် ယောက္ခမဖြစ်သူ၏ မှတ်ချက်များမှာ ပို၍ကြမ်းတမ်းပြီး သတို့သားရှေ့တွင် လော့လန်၏ ဂုဏ်သိက္ခာကို ချဖျက်လိုခြင်းဖြစ်သည်။ လော့လန်အနေဖြင့် ခင်ပွန်းဟောင်း ဝယ်ပေးထားသော အဝတ်အစားများကို ဝတ်ဆင်ခြင်းနှင့် ယခင်အိမ်ထောင်မှ အိပ်ရာခင်းများကို သုံးစွဲခြင်းတို့အပေါ် ဝေဖန်ပြောဆိုလိုသည်။ အားလုံးက သူမကို အရှက်ရစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

တိုက်ရိုက်မပြောသော်လည်း ဖြစ်လာနိုင်သည်များကို အရိပ်အမြွက် ပြောပြနေခြင်းဖြစ်ပြီး လော့လန်အနေဖြင့် သူတို့၏ ရည်ရွယ်ချက်ကို နားလည်လိမ့်မည်ဟု ယုံကြည်နေသည်။

"သဘောပေါက်ပါပြီ သတိပေးတဲ့အတွက် ကျေးဇူးပါ"

"ရပါတယ်... ကျေးဇူးတင်စရာ မလိုပါဘူး"

ထိုအမျိုးသမီးသည် ယောက္ခမဖြစ်သူ၏ လှုပ်ရှားမှုများကို ဆက်စောင့်ကြည့်နေခဲ့သည်။ သူမတို့၏ စကားပြောဆိုမှုမှာ တိုတောင်းပြီး ယောက္ခမဖြစ်သူ ခေတ္တအနားယူရာမှ ပြန်လာသည်နှင့် သူမသည် လော့လန်နှင့် အလျင်အမြန် လူခွဲလိုက်သည်။

ချွေးမဖြစ်သူ အလျင်စလို ထွက်ခွာသွားသည်ကို မြင်လိုက်ရသော်လည်း အဒေါ်ဝမ်သည် မည်သူနှင့် အတူရှိနေခဲ့သည်ကို သတိမထားမိလိုက်ပေ။ လော့လန်သည် အဝေးမှနေ၍ အေးစက်သော အကြည့်ဖြင့် ကြည့်နေလိုက်သည်။ အချို့လူများသည် နောက်ဆက်တွဲဆိုးကျိုးများ ရှိနေသည့်တိုင် မငြိမ်မသက် ဖြစ်နေတတ်ကြသည်။ သူမသည် မည်သည့်အရာလာလာ ရင်ဆိုင်ရန် အဆင်သင့်ပင်။

ပြောင်းခင်းထဲတွင် ပေါင်းလိုက်ခြင်းနှင့် မြေဆွခြင်းတို့ လုပ်ရသဖြင့် လော့လန်၏ အလုပ်မှာ သက်သာသည်။ အဖွဲ့ခေါင်းဆောင်သည် လူတိုင်း အလုပ်ကြိုးစားကြမကြိုးစားကြ လှည့်လည်ကြည့်ရှုနေသည်။ လော့လန်သည် ပုံမှန်လုပ်ကိုင်ရင်း အစ်မဖြစ်သူနှင့်အတူ ပြန်ရန် ထောင့်တစ်နေရာမှ စောင့်နေလိုက်သည်။

"အစ်မ... အစ်မဆီက စောင်အစွပ်က အရင်တုန်းက ညီမရခဲ့ဖူးတဲ့ဟာနဲ့ တူနေလားလို့"

"တူမယ့်ပုံပဲ။ ငါတို့ဆီက သမဝါယမဆိုင်မှာ စောင်အစွပ်က ပုံစံ ခြောက်မျိုးပဲ ရှိတာလေ။ ဆင်တူတွေ အများကြီးပါ။ ဘာဖြစ်လို့လဲ နင် သဘောမကျလို့လား"

"မဟုတ်ပါဘူး" သူမ ရရှိထားသော သတင်းကို အစ်မဖြစ်သူအား တီးတိုးပြောပြလိုက်သည်။

"တကယ်လို့ အတူတူပဲ ဖြစ်နေရင် နောက်ကျ ပြဿနာတက်နိုင်တယ်။ ဒီလိုလုပ် စောင်အိတ်စွပ်ကို ငါ့ကိုပေး တခြားတစ်ခုနဲ့ သွားလဲလိုက်မယ်"

"နင် ဘယ်မှာသွားလဲမှာလဲ။ ငါတို့ သမဝါယမဆိုင်က ပုံစံတွေက အလွယ်တကူ မှတ်မိနိုင်တယ်။ တခြားဟာနဲ့ လဲရင်တောင် ထူးမှာမဟုတ်ဘူး"

"ငါ့မှာ အကြံရှိပါတယ်"

"ကောင်းပြီလေ"

ထိုညတွင် အစ်မဖြစ်သူက စောင်အစွပ်ကို ယူလာပေးခဲ့သည်။ ထိုစောင်အစွပ်သည် ယခင်တစ်ခုနှင့် အမှန်တကယ်ပင် အလွန်တူနေသည်။

"ညီမလေး အတွင်းသားအတွက် ဘာသုံးမှာလဲ"

"ပိတ်ဖြူလေ အသုဘတုန်းက ပေးတဲ့ပိတ်စကို စုထားတာ... အခု ချုပ်လိုက်ရင် လုံလောက်ပါတယ်"

အတိတ်ကာလက နေရာတော်တော်များများတွင် အသုဘသုံး ပိတ်စများကို အသုံးပြုပြီးနောက် လွှင့်ပစ်ခြင်း သို့မဟုတ် မီးရှို့ခြင်းများ ပြုလုပ်လေ့ရှိသည်။ သို့သော် ဤခေတ်တွင်မူ သိမ်းဆည်းထားလေ့ရှိကြသည်။ ဝတ်စုံများကို လျှော်ဖွပ်၍ ပြန်လည်အသုံးပြုကြသလို ကျန်ရစ်သူမိသားစုမှ ပေးသော ပိတ်စများကိုလည်း ဖိနပ်ချုပ်ရန် သို့မဟုတ် စောင်အတွင်းသား လုပ်ရန် သိမ်းထားတတ်ကြသည်။

"အဲဒါ ငါ့ကိုပေး... တခြားတစ်ခုနဲ့ လဲလိုက်မယ်"

"နင်က ဘာနဲ့များ သွားလဲချင်လို့လဲ"

"ငါပြန်ယူလာတဲ့အထိ စောင့်ကြည့်လိုက်၊ အစ်မတွေ့မှာပေါ့"

ဤခေတ်လူများ စိတ်ကူးပင် မယဉ်နိုင်သော တောက်ပသည့် ထုတ်ကုန်မျိုးစုံကို စနစ်က ပြသလိုက်သည်။ စောင်အစွပ် ဒီဇိုင်းမျိုးစုံနှင့် အတွင်းသား အမျိုးအစားများစွာ ရှိနေသည်။

အစင်းကြား၊ အကွက်ဆင်၊ အဖြူထည်၊ ပန်းရောင် ပန်းပွင့်ပုံ၊ အပြာရောင် ပန်းပွင့်ပုံ စသည့် အထည်များသည် သပ်ရပ်နူးညံ့ပြီး လှပခန့်ညားသော ဒီဇိုင်းများဖြစ်သည်။ ကြည့်ရုံဖြင့် ဤခေတ်တွင် မရှိနိုင်ဘဲ ထူးခြားနေသည်မှာ သေချာသည်။

ထိုညတွင် သူမသည် စနစ်နှင့် ဆွေးနွေးခဲ့ပြီး စနစ်က လဲလှယ်ပေးရန် သဘောတူလိုက်သည်။

'ပိတ်ဖြူစ အတိုအစတွေကို အဆင်ပါတဲ့ အထည်အကောင်းနဲ့ လဲမယ်ဆိုရင်တော့ အမှတ်ထပ်ပေးရလိမ့်မယ်'

'စနစ်... နင်ကလည်း ကပ်စေးနည်းလိုက်တာ'

'ဒါ ကပ်စေးနည်းတာ မဟုတ်ဘူး။ စီးပွားရေးလုပ်တာ တော်တာ'

'အေးပါ အေးပါ... နင်ပြောတဲ့အတိုင်း လုပ်တာပေါ့'

သူမသည် ပိတ်ဖြူစ အတိုအစများကို အတွင်းသားလုပ်ရန် ၂ မီတာအကျယ်ရှိ ပန်းရောင် ပန်းပွင့်ပုံ ဝါဂွမ်းသားအထည် နှစ်စဖြင့် လဲလှယ်လိုက်ပြီး၊ စောင်အစွပ်အဟောင်းကို ရွှေကတ္တီပါသား အထည်နှစ်စဖြင့် လဲလှယ်လိုက်သည်။ သူမသည် နွေးထွေးပြီး ကျော့ရှင်းသော လိမ္မော်ရောင်ကို ရွေးချယ်ခဲ့သည်။

လဲလှယ်ပြီးသော ပစ္စည်းများနှင့် ဝါဂွမ်းများကို အစ်မဖြစ်သူထံ ပေးလိုက်ရာ၊ သူမ တစ်ခါမျှ မမြင်ဖူးသော ပစ္စည်းများ၏ ကောင်းမွန်လွန်းသည့် အရည်အသွေးကြောင့် အံ့အားသင့်သွားသည်။ အစ်မဖြစ်သူသည် သူမ၏ ကြမ်းတမ်းသော လက်များဖြင့် ခြစ်မိသွားမည်စိုး၍ ကိုင်ကြည့်ရန်ပင် တွန့်ဆုတ်နေခဲ့သည်။

"လန်အာ ဒါ ဒဏ္ဍာရီလာ ပိုးသားဆိုတာလား"

"မဟုတ်ပါဘူး... စောင်အစွပ်က ရွှေကတ္တီပါသားပါ။ အတွင်းသားကတော့ ဝါဂွမ်းစစ်စစ်ပါ"

"ရွှေကတ္တီပါသား ဆိုတာ ဘာလဲ"

"အထည်အမျိုးအစား တစ်မျိုးပါပဲ"

အစ်မဖြစ်သူက ပန်းရောင် ပန်းပွင့်ပုံ အတွင်းသားဘက်သို့ အာရုံပြောင်းသွားပြီး ချောမွေ့နူးညံ့သော အသားကို စမ်းသပ်ကြည့်လိုက်သည်။ "ဝါဂွမ်းသားက အရမ်းချောတာပဲ... ဖဲသားကျနေတာပဲ"

လော့လန် ရယ်မောလိုက်မိသည်။"အစ်မက ဖဲသားကို မြင်ဖူးလို့လား"

"မမြင်ဖူးဘူး ဒါပေမဲ့ သူများတွေပြောတာ ဖဲသားက အရမ်းချောတယ်ဆို။ ဒါကလည်း တောက်ပြောင်ပြီး ချောမွတ်နေတာပဲ"

"ဒါက ဝါဂွမ်းစစ်စစ်ပါပဲ... ဒါပေမဲ့ ချည်မျှင် ၈၀ ပါတဲ့ အသားမို့လို့ အရမ်းနူးညံ့နေတာ"

"ဪ... ကောင်းသားပဲ"

ချည်မျှင် အရေအတွက်ဆိုသည်ကို သူမ နားမလည်သော်လည်း၊ လော့လန်သည် စနစ်ထံမှတဆင့် သူတို့ခေတ်ရှိ အကောင်းဆုံး ဝါဂွမ်းထည်သည် ချည်မျှင် ၂၅ သာရှိပြီး ချည်မျှင် ၈၀ ပါ အထည်မှာ မပေါ်သေးကြောင်း သိခဲ့ရသည်။

"ဒါ ကောင်းတယ် ထူးခြားပြီး ဘယ်သူနဲ့မှ မတူနိုင်ဘူး"

"ပြီးတော့ ခေါင်းအုံးစွပ်တွေလည်း ပါတယ်။ ကြည့်လိုက်ပါဦး။ ဒီပိတ်ပါးသားလေးက အရမ်းနူးညံ့တာပဲ"

အလွှာရှစ်ထပ်ပါ ပိတ်ပါး ခေါင်းအုံးစွပ်များသည် နောင်ခေတ်များကျမှ ပေါ်လာသည့် နည်းပညာဖြစ်သည်။ သူမသည် ပျော်ရွှင်ခြင်း စာလုံးနှစ်ထပ်ပါသည့် အနီရောင်တောက်တောက် တစ်စုံကို ရွေးချယ်ခဲ့သဖြင့် ကျက်သရေရှိပြီး လှပနေသည်။

All Chapters