ချေးများသော ဆေးမီးဖို
Vol. 10 Ch. 93
စိမ်းလန်းစိုပြည်သော သစ်တောကို ကျော်လွန်ပြီးနောက် ကြည်လင်နေသော ရေပြင်အောက်၌ ငါးအုပ်များ ကူးခတ်နေသည်ကို အတိုင်းသား မြင်တွေ့နိုင်သည့် တစ်ဧကခန့် ကျယ်ဝန်းသော စက်ဝိုင်းပုံစံ ရေကန်ငယ်လေးတစ်ခု ပေါ်လာသည်။
ရေပြင်ထက်တွင် အပြာ၊ ပန်းရောင်နှင့် အဖြူရောင်ပွင့်ဖတ်များ အချိုးကျ ရောယှက်နေသည့် သုံးရောင်ခြယ်ကြာပန်းများ ဖူးပွင့်နေကြသည်။
ထိုကြာပန်းများတွင် ရေကိုသန့်စင်ပေးနိုင်စွမ်းနှင့် ချီစွမ်းအင်ကို တိုးပွားစေနိုင်စွမ်း ပါရှိသောကြောင့် ဤရေကန်လေးမှာ ယခုကဲ့သို့ ကြည်လင်နေရခြင်းဖြစ်သည်။
ရထားလုံးက ရေကန်ကို ပတ်မောင်းသွားမည် ပြုစဉ်၊ အဖြူရောင်အလင်းတန်းတစ်ခုက ရေကန်ဆီသို့ လျှပ်တစ်ပြက် ပြေးဝင်လာသည်။
သို့သော် ထိုအလင်းတန်း ရေပြင်နှင့်မထိမီ အခြားအရိပ်တစ်ခုက ကြားဖြတ်ဝင်ရောက် ရိုက်ချလိုက်ရာ၊ အဖြူရောင် အလင်းတန်းလေးမှာ သစ်ပင်တစ်ပင်နှင့် သွားရောက် ရိုက်မိသွားလေတော့သည်။
“အယ်လီ… နင်တော်တော် မျက်နှာပြောင်တိုက်ပါလား။ နင်ရှိနေရင် ငါ ငါးတစ်ကောင်တောင် ကောင်းကောင်းစားရမှာ မဟုတ်ဘူး။”
“အရင်အသုတ်တုန်းကလည်း ငါ အရသာမခံလိုက်ရခင် နင်ပဲ အကုန်စားပစ်တာ။ငါ့ဖို့ ငါးဥတောင် မချန်ထားဘူး။”
“နင် တော်တော်လောဘကြီးတာပဲ။ ဖုန့်ရှင်းနဲ့ အပေါင်းအသင်း လုပ်တာများသွားပြီ ထင်တယ်။”
ယန်ချင်းသည် ရေကန်အထက်တွင် ပေါလောလွင့်မျောနေရင်း၊ ယခုအခါ နဖူးတွင် အဖုကြီးထွက်ကာ သူ့ကို မကျေမနပ် စိုက်ကြည့်နေသည့် တိမ်မျိုစွန်ငှက်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
ကျီ...
တိမ်မျိုစွန်ငှက်က ယန်ချင်းထံမှ သနားကြင်နာမှု ရလိုရငြား သနားစရာမျက်နှာလေးလုပ်ကာ အော်ဟစ်လိုက်သည်။
“လာမလုပ်နဲ့” ယန်ချင်း က လက်ပိုက်ကာ နှာမှုတ်လိုက်သည်။
“ဒီရေကန်နားလာဖို့ နင့်ကို တစ်လ ပိတ်တယ်။ ငါးဥတစ်လုံး ပျောက်တာနဲ့ နင့်ကို စွပ်ပြုတ်လုပ်သောက်မယ်။”
“နင်က ကောင်းပေ့ဆိုတာတွေချည်း စားထားတာဆိုတော့ ငါ့စွပ်ပြုတ်ထဲ ဘာမှတောင် ထပ်ထည့်စရာ လိုမယ်မထင်ဘူး၊ ရေနွေးတည်ရုံနဲ့ ရပြီ။”
ယန်ချင်းက ပြုံးစိစိနှင့် ခြိမ်းခြောက်လိုက်ရာ၊ တိမ်မျိုစွန်ငှက်မှာ ထိတ်လန့်သွားပြီး တောင်းပန်သည့်အနေဖြင့် အလျင်အမြန် ခေါင်းငုံ့သွားလေသည်။
“ဟမ့်…”
ယန်ချင်းက ရထားလုံးဘေးသို့ လှည့်ထွက်သွားလိုက်သည်။
လောလောဆယ်တွင် ထိုစွန်ငှက်က ကြောက်ရွံ့မှုနှင့် နောင်တရနေပုံပေါ်သော်လည်း၊ မကြာမီ သူ၏ငါးများကို စားပစ်ပြီး အခြား စစ်ဆေးရေးမှူးများ၏ စံအိမ်တော်များတွင် လအနည်းငယ်ခန့် သွားရောက် ပုန်းအောင်းနေမည် ဖြစ်ကြောင်း သူ သိထားပေသည်။
သို့သော် ထိုငှက်သည် ဖုန့်ရှင်း၏ အိမ်သို့ သွားရန်ကိုမူ အမြဲတမ်း ရှောင်ရှားလေ့ရှိသည်။
“မင်း ဒီမှာပဲ နေခဲ့မလား။ ဒါမှမဟုတ် မင်းအိမ်ကို အရင်ပြန်ပြီးမှ လာမလား။”
ယန်ချင်းက သာယာကြည်နူးမှုကြောင့် မျက်လုံးများ မှေးစင်းသွားသော နဂါးမြင်းများကို ပွတ်သပ်ပေးရင်း မေးလိုက်သည်။
“ငါ့အိမ်ကနေ ပစ္စည်းနည်းနည်း သွားယူရဦးမယ်။ သိပ်မကြာပါဘူး ခနစောင့်။”
ယီကျဲက ပြောကာ ဇက်ကြိုးများကို လွှတ်လိုက်ပြီးနောက်၊ မှုန်ဝါးသော အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ရထားလုံးထဲမှ ပျောက်ကွယ်သွားလေသည်။
“သူကအကြီးစားအောင်မြင်မှုအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီဆိုတော့၊ ဝိညာဉ်အရိပ်ခြေလှမ်းပညာရပ်မှာ ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်လုနီးပါးပဲ။”
“အမြန်နှုန်းနဲ့ ပတ်သက်လာရင် သူက အမြဲတမ်း ပါရမီပါလွန်းတယ်” ဟု ယီကျဲ၏ ဝိညာဉ်အရိပ်ခြေလှမ်း ပညာရပ်အပေါ် ကျွမ်းကျင်မှုအဆင့်ကို ယန်ချင်းက လေးစားစွာ တွေးလိုက်မိသည်။
တောင်ပိုင်းတိုက်ကြီးတွင် ကျင့်ကြံသူတစ်ဦး၏ သီးခြား ကျင့်စဉ်တစ်ခုအပေါ် ကျွမ်းကျင်မှုအဆင့်ကို သတ်မှတ်ရာ၌ အနိမ့်မှ အမြင့်သို့ အောက်ပါအတိုင်း သတ်မှတ်ထားကြသည်။
စဦးအဆင့်
အသေးစားအောင်မြင်မှုအဆင့်
အကြီးစားအောင်မြင်မှုအဆင့်
ပြီးပြည့်စုံခြင်းအဆင့်
သို့သော်လည်း ပြီးပြည့်စုံခြင်းအဆင့်သည် ကျင့်စဉ်တစ်ခုတွင် ရရှိနိုင်သော အမြင့်ဆုံး ကျွမ်းကျင်မှုအဆင့် မဟုတ်ဟု ယူဆထားကြသည်။
၎င်း၏အထက်တွင် နောက်ထပ် အဆင့်တစ်ခု ရှိသေးပြီး၊ ထိုအဆင့်သို့ ရောက်ရှိသွားသော ကျင့်ကြံသူများသည် ၎င်းတို့၏ကျင့်စဉ်ကို အဆင့်အနည်းငယ်ခန့် မြှင့်တင်နိုင်စွမ်း ရှိကြသည်။
ဥပမာအားဖြင့် အနီရောင်အဆင့် ကျင့်စဉ်တစ်ခုကို အပြာရောင်အဆင့် ကျင့်စဉ်တစ်ခုအဖြစ် အဆင့်မြှင့်တင်နိုင်ခြင်းမျိုး ဖြစ်သည်။
ဝိညာဉ်အရိပ်ခြေလှမ်းကို ဖန်တီးခဲ့သူသည် ‘တိတ်ဆိတ်သောလမင်း ခြေလှမ်း’ဟုခေါ်သည့် လိမ္မော်ရောင်အဆင့် ကျင့်စဉ်ကို လေ့လာနေစဉ် ထိုအဆင့်သို့ မမျှော်လင့်ဘဲ ရောက်ရှိသွားခဲ့ပြီး၊ နောက်ဆုံးတွင် ထိုကျင့်စဉ်ကို ရွှေရောင်အဆင့် ကျင့်စဉ်တစ်ခုအဖြစ်သို့ ဆင့်ကဲပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုအဆင့်သို့ ရောက်ရှိရန်မှာ အပြောလွယ်သလောက် တကယ်တမ်း လုပ်ဆောင်ရန်မှာမူ မလွယ်ကူပေ။
အဘယ်ကြောင့်ဆိုသော် ကြိုးစားအားထုတ်မှုနှင့် ပါရမီ သက်သက်ဖြင့် ထိုနေရာသို့ မရောက်ရှိနိုင်သောကြောင့် ဖြစ်သည်။
၎င်းသည် အချိန်အခါ၊ အခွင့်အရေးနှင့် ကံတရား အပါအဝင် အချက်အလက်များစွာ ပေါင်းစပ်ပါဝင်နေပြီး၊ ထိုအဆင့်သို့ ရောက်ရှိရန် အခက်အခဲကို ပိုမို ကြီးမားစေလေသည်။
…
ယန်ချင်းသည် ရထားလုံးထဲသို့ ပြန်မဝင်တော့ဘဲ၊ သီချင်းလေး ညည်းကာ ရေကန်ပတ်လည်တွင် အေးအေးလူလူ လမ်းလျှောက်ရင်း ပျော်ရွှင်စွာ ကူးခတ်နေကြသော ငါးအုပ်များကို ကြည့်ရှုနေလေသည်။
သူသည် အခြားသစ်ပင်အချို့နှင့် ငှက်ပျောပင်များကို ဖြတ်ကျော်သွားပြီးနောက် မီတာအနည်းငယ်အကွာတွင် ခြံဝင်းငယ်လေးတစ်ခု ပေါ်လာလေသည်။
ထိုခြံဝင်းလေးကို ‘ဆည်းဆာသစ်သား’ဖြင့် တည်ဆောက်ထားသဖြင့် နေဝင်ဆည်းဆာ အလင်းရောင်နှင့် တူနေလေသည်။
အဝင်ဝဘေးတွင် ကျယ်ဝန်းသော အမိုးပါ ဆင်ဝင်ကြီးတစ်ခု ရှိသည်။
ကျောက်သားခုံတန်းလျား တစ်ဝက်၊ အညိုရောင် ကြိမ်ကုလားထိုင်များနှင့် ဝါးကုလားထိုင်များက ဆင်ဝင်၏ အလယ်ဗဟိုတွင် သေသပ်စွာ တည်ဆောက်ထားသော မီးဖိုတစ်ခုကို ဝန်းရံထားကြသည်။
ခြံဝင်းပတ်လည်ရှိ သစ်သားတိုင်များတစ်လျှောက် အုတ်ကြွပ်မိုးပေါ်အထိ တွယ်တက်နေသော အသီးနွယ်ပင်များရှိနေသည်။
၎င်းတို့၏ ခရမ်းရောင်ပန်းပွင့်များမှာ တောက်ပနေပြီး လေတိုက်တိုင်း ယိမ်းနွဲ့နေသောအခါ ကချေသည်များကဲ့သို့ အသက်ဝင်လှုပ်ရှားနေလေသည်။
ခြံဝင်းနှင့် ဆင်ဝင်မှာ သဘာဝအလှတရားများ ရှိနေသော်လည်း၊ ခြံဝင်း၏ ဘယ်၊ ညာ နှင့် အနောက်ဘက်တို့တွင် ဝန်းရံထားသော အရာသုံးခု ရှိနေပြီး၊ ၎င်းတို့၏ ထူးခြားသော တည်ရှိမှုကြောင့် ရှုခင်းကို အပြည့်အဝ ခံစားနိုင်ရန် ခက်ခဲစေလေသည်။
ခြံဝင်း၏ဘယ်ဘက်တွင် ပေ ၇၀၀ ခန့် မြင့်မားသော သစ်ပင်ကြီးတစ်ပင် ရှိပြီး၊ သစ်ရွက်များမှာ အလွန်များပြားလှသဖြင့် ၎င်း၏ အကိုင်းအခက်များမှ အခြားသစ်ပင်များ ပေါက်ရောက်နေသည်ဟုပင် ထင်မှတ်ရသည်။
သို့သော် ထိုသစ်ပင်၏ ထူးဆန်းမှုမှာ သစ်ရွက်များ ပေါများနေခြင်း မဟုတ်ဘဲ ၎င်း၏ သဘာဝနှစ်မျိုး ပေါင်းစပ်နေခြင်းဖြစ်သည်။
သစ်ပင်၏အရှေ့ဘက် တစ်ဝက်မှာ အနက်ရောင်ဖြင့် မှောင်မိုက်နေပြီး သစ်ရွက်များအထိ ပျံ့နှံ့နေကာ၊ နောက်ဘက် တစ်ဝက်မှာမူ လမင်းကဲ့သို့ အဖြူရောင်စစ်စစ် ဖြစ်နေသည်။
၎င်းမှာ ‘လကြတ်သစ်ပင်’ဖြစ်ပြီး၊ အရွယ်အစား ကြီးမားသော်လည်း သက်တမ်းအားဖြင့်ဆိုသော် ကလေးငယ် အရွယ်တွင်သာ ရှိနေသေးသည်။
ညာဘက်တွင်မူ ဝါးပင်များဖြင့် ပြည့်နှက်နေသော မြေကွက်တစ်ခု ရှိသော်လည်း၊ ပုံမှန် ဝါးပင်များနှင့် မတူဘဲ ၎င်းတို့မှာ ခရမ်းရောင် ဖြစ်နေပြီး ၎င်းတို့ပတ်လည်တွင် လျှပ်စီးများ ဝန်းရံနေလေသည်။
၎င်းတို့မှာ ‘ခရမ်းလျှပ်စီးဝါးပင်’များ ဖြစ်ကြပြီး၊ ခန္ဓာကိုယ်ကို သန့်စင်ရန်နှင့် မိစ္ဆာဝိညာဉ်များကို ဖယ်ရှားရန် သို့မဟုတ် လျှပ်စီးစွမ်းအင်သုံး လက်နက်တစ်ခု ဖန်တီးရန်အတွက် အကောင်းဆုံးသော အပင်များထဲမှ တစ်ခု ဖြစ်လေသည်။
အနောက်ဘက်တွင် လကြတ်သစ်ပင်နှင့် အမြင့်ချင်း တူညီသော သစ်ပင်တစ်ပင် ရှိသော်လည်း၊ ၎င်း၏ အရွက်များနှင့် အပေါ်ပိုင်း ပင်စည်တို့မှာ လေနှင့်အတူ ညင်သာစွာ ယိမ်းနွဲ့နေသော အစိမ်းရောင် မီးတောက်များဖြင့် ဖုံးလွှမ်းနေလေသည်။
၎င်းမှာ ‘ အသက်မီးတောက်သစ်ပင်’ဖြစ်ပြီး၊ ၎င်း၏ ပြုစုပျိုးထောင်ပေးနိုင်စွမ်းကြောင့် ငှက်ဝိညာဉ်သားရဲများအတွက် အကောင်းဆုံးသော အသိုက်အမြုံ နေရာတစ်ခု ဖြစ်သည်။
မီးတောက်များတွင် ကုသပေးနိုင်စွမ်း ရှိပြီး၊ အရွက်များမှာ အနီရောင်မြေခွေးမွေးကဲ့သို့ နူးညံ့သဖြင့် ကုတင်၊ ခေါင်းအုံးနှင့် မွေ့ရာများ ပြုလုပ်ရန် အကောင်းဆုံး အရွက်များ ဖြစ်ကြသည်။
…
ယန်ချင်းသည် ခြံဝင်းအရှေ့တွင် ရထားလုံးကို ဖြုတ်လိုက်ရာ၊ နဂါးမြင်းများသည် ယန်ချင်း ၏ ၁,၀၀၀ ဧက ကျယ်ဝန်းသော ‘လယ်ကွက်’ ပတ်လည်ရှိ အခြားနေရာများဆီသို့ ထွက်သွားကြလေသည်။
၎င်းမှာ မည်သည့်အဆင့်တွင် ရှိနေစေကာမူ အမြူတေဖွဲ့စည်းခြင်းအဆင့်တွင် ရှိသော အဖွဲ့အစည်း ဝန်ထမ်းအားလုံးအတွက် သတ်မှတ်ပေးထားသော ပုံမှန် အရွယ်အစား ဖြစ်သည်။
ယန်ချင်းသည် ခြံဝင်းထဲသို့ ဝင်ကာ မီးဖိုချောင်ဘက်သို့ သွားပြီး သစ်သားပန်းကန်လုံးများနှင့် တူများ၊ အဖြူရောင်ဝိုင်အိုးများနှင့် ဝိုင်အိုးကြီးများကို ယူဆောင်လာခဲ့သည်။
ယန်ချင်းသည် မီးဖိုချောင်မှ ပစ္စည်းအမျိုးမျိုးကို သူ၏သိုလှောင်ရေး လက်စွပ်ထဲသို့ ထည့်သွင်းသိမ်းဆည်းရန် အလုပ်ရှုပ်နေခဲ့သည်။
သူ လိုအပ်သမျှ အားလုံးကို ယူဆောင်ပြီးပြီဟု ကျေနပ်သွားသောအခါ အပြင်သို့ ပြန်ထွက်လာခဲ့ပြီး၊ အထဲကို ထွင်းထားသည့် သစ်တုံးခေါင်းပေါက်ကြီးတစ်ခု ကိုင်ဆောင်ကာ ပြန်ရောက်နေပြီဖြစ်သော ယီကျဲနှင့် ဆုံတွေ့လေသည်။
ထိုသစ်တုံးခေါင်းကြီးမှာ ဆင်ပေါက်လေးတစ်ကောင်၏ ခန္ဓာကိုယ်ခန့် တုတ်ခိုင်ပြီး သူ့ အရပ်တစ်ဝက်ခန့်အထိ ရှိသည်။
၎င်းပေါ်တွင် ရွှေရောင်မှော်စာလုံးများ ရေးထွင်းထားပြီး၊ ၎င်း၏အခွံပေါ်တွင် တောင်များ၊ မြစ်များနှင့် သစ်တောများ ပါရှိသော ရှေးဟောင်းလိပ်ကြီးတစ်ကောင်၏ သင်္ကေတတစ်ခု ရှိသည်။
၎င်းမှာ ယီကျဲ၏ဧကရာဇ်အဆင့် အဂ္ဂိရတ်ဖိုဖြစ်သော ‘နဂါးဆေးမီးဖို’ဖြစ်သည်။
အမည်နှင့်မလိုက်အောင်ပင် ၎င်း၏ အဆင့်အတန်းမှာ မြင့်မားသော်လည်း ဆေးဖော်စပ်ရာတွင် အလွန်ညံ့ဖျင်းလှသည်။
ဆေးမီးဖို၏ ဝိညာဉ်က ဆေးဖော်စပ်မှု လုပ်ငန်းစဉ်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေသည်ဟု ထင်မှတ်ရသော်လည်း၊ ဝိုင်ချက်လုပ်ရာတွင်မူ ၎င်းသည် အကောင်းဆုံးသော လုပ်ဖော်ကိုင်ဖက် ဖြစ်ပေသည်။
ယီကျဲ၏ ဝိုင်ချက်လုပ်ရာတွင် ကြီးမားသော တိုးတက်မှုများမှာ ‘နဂါးဆေးမီးဖို’ ကြောင့် တစ်စိတ်တစ်ပိုင်း ပါဝင်သည်။
၎င်း၏နုနယ်သော ဝိညာဉ်သည် ဆေးလုံးများနှင့် ဆေးရည်များထက် ဝိုင်ကို ပိုမို နှစ်သက်ပုံရလေသည်။
“ပွဲကို ထုံးစံအတိုင်း အပြင်မှာပဲလုပ်မှာမလား။”
ယန်ချင်းက သိုလှောင်ရေး လက်စွပ်ထဲမှ ထမင်းစား စားပွဲကြီးတစ်ခုကို ထုတ်ကာ ဆင်ဝင်ပေါ် ချထားသည်ကို မြင်သောအခါ ယီကျဲက မေးလိုက်သည်။
“လူများမှာဆိုတော့ ဆင်ဝင်က အကောင်းဆုံးပဲလေ။”
ယန်ချင်းက ပြောရင်း၊ ပန်းကန်ခွက်ယောက်များကို စီစဉ်ကာ ရနံတစ်ထောင် စားသောက်ဆိုင်မှ ဝယ်လာသော ဟင်းလျာများကို ချထားလေသည်။
“အိမ်ထဲက ပစ္စည်းတွေ၊ အထူးသဖြင့် စားစရာတွေ အခိုးခံရမှာ ကြောက်လို့တော့ မဟုတ်ဘူးမလား။”
ယီကျဲက လှောင်ပြောင်သရော်ရင်း၊ ဝိုင်စည်ပိုင်းတစ်ခုထဲမှ အညိုနုရောင် အရည်များကို ‘နဂါးဆေးမီးဖို’ ထဲသို့ လောင်းထည့်လိုက်သည်။
“အဲဒါကြောင့် ဆင်ဝင်က အကောင်းဆုံးလို့ ပြောတာပေါ့။” ယီကျဲ လောင်းထည့်နေသော အညိုနုရောင် အရည်များ၏ အနံ့ကို ရှူရှိုက်ရင်း ယန်ချင်း က ထောက်ခံလိုက်သည်။
“အရွက်တစ်ရာ ကြံဝိုင်ကလည်း မဆိုးဘူးပဲ။”
“ဝိုင်ကောင်းကောင်းလည်း သောက်ရ၊ တစ်ပတ်လုံးလုံး နန်းတော်အဆင့်တဝက် ရထားမှူးတစ်ယောက်လည်း ရသေးတယ်။ ဒါထက် ဘာလိုသေးလဲ။” ဟု ယန်ချင်းက ခပ်ကြွားကြွား ပြောရင်း ဟိုဟိုဒီဒီ လျှောက်သွားနေလေသည်။
“မသိဘူးလေ။ သိပ်မကြာခင် လဲ့ဝေယွမ်က မင်းအတွက် သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေ ဘာတွေ ပြင်ဆင်ပေးထားမလဲ ဘယ်သူကသိမလဲ။”
ယီကျဲက ပြောလိုက်ရာ၊ ယန်ချင်း၏ ခန္ဓာကိုယ်က တုန်တက်သွားသည်ကို မြင်သောအခါ သူ၏နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးတက်သွားလေသည်။