ကြိုဆိုပွဲ (၂)
Vol. 10 Ch. 95
“ငါ တခါးပိတ်မကျင့်ကြံခင် မင်းကို သေချာ လေ့ကျင့်ပေးခဲ့ရမယ့်ပုံပဲ။”
“ငါ အားထားရတဲ့ လက်ထောက်တစ်ယောက်က အမြူတေဖွဲ့စည်းခြင်းအဆင့် ၁၀ ဆင့်မြောက်ရဲ့ အထွတ်အထိပ်မှာပဲ တစ်ဆို့နေတာမျိုးတော့ အဖြစ်မခံနိုင်ဘူး။”
“အလားအလာအများကြီးရှိတဲ့ လက်အောက်ငယ်သား တစ်ယောက်ကို ပစ်ထားခဲ့ရင် မင်းရဲ့အထက်လူကြီးတစ်ယောက်အနေနဲ့ ငါက တာဝန်မဲ့ရာကျလိမ့်မယ်”
“ဖုန့်ရှင်း... နေ့တိုင်း အလုပ်ဆင်းတာနဲ့ ဒီကိုတန်းလာခဲ့။”
“အကုန်လုံး တရားဝင်ဖြစ်အောင် မင်းကို လေ့ကျင့်ပေးမယ့်ကိစ္စကို အထက်လူကြီးရဲ့ ပုံမှန်အကဲဖြတ်မှု တစ်ခုအနေနဲ့ အုပ်ချုပ်ရေးပိုင်းမှာ ငါ စာရင်းသွင်းလိုက်မယ်။”
“ဘာပဲဖြစ်ဖြစ် ငါတို့က အဖွဲ့အစည်းရဲ့ အလုပ်ကို လုပ်နေကြတာပဲလေ”
ယန်ချင်းက သိပ်ပြီး ရိုးသားဟန်မပေါ်သော အပြုံးတစ်ခုဖြင့် ခြိမ်းခြောက်သည့် လေသံဖြင့် ပြောလိုက်သည်။
“ယီကျဲ...”
စက္ကန့်အနည်းငယ်ကမှ လေလုံးထွားနေခဲ့သော ဖုန့်ရှင်းမှာ ယခုအခါ ခြောက်သွေ့နေသော သစ်ခေါက်တစ်ခုကဲ့သို့ ရှုံ့တွသွားပြီး အကူအညီတောင်းရန် ယီကျဲဘက်သို့ လှည့်ကြည့်လိုက်သည်။
“ဒီကိစ္စမှာတော့ ငါလည်း သူ့ကို ထောက်ခံတယ်။ ယန်ချင်းသာ မလုပ်ရင်၊ ငါကိုယ်တိုင် မင်းကို လမ်းညွှန်ပေးဖို့ စဉ်းစားထားတာ။”
“ ငါ တံခါးပိတ် ကျင့်ကြံနေတဲ့အချိန် လော့မိန်လီနဲ့အတူ မင်းက အဖွဲ့ကို တာဝန်ယူရမှာလေ”
“အခု လက်ရှိအခြေအနေတွေနဲ့ အဖွဲ့အစည်း ဝန်ထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေကြောင့် မင်းတို့အားလုံး၊ အထူးသဖြင့် မင်း ပိုပြီး ကြိုးစားလေ့ကျင့်ဖို့ လိုတယ်။”
“အနည်းဆုံးတော့ အဆောင်လက်ဖွဲ့တွေ၊ ဧကရာဇ်အဆင့် ရတနာတွေကို မသုံးဘဲနဲ့ နန်းတော်အဆင့်အစောပိုင်း ကျွမ်းကျင်သူတစ်ယောက်ရဲ့ ရန်ကနေ ကိုယ့်အသက်ကို ကာကွယ်နိုင်တဲ့ အဆင့်လောက်တော့ ရှိနေရမယ်။”
“မျှော်လင့်မထားတာတွေ ဘယ်အချိန် ဖြစ်လာမလဲဆိုတာ ဘယ်သူ သိမှာလဲ”
“ငါတို့ရဲ့ ရန်သူတွေက သူတို့ရဲ့ တိုက်ခိုက်မှု ရလဒ်တွေအရ အဖွဲ့အစည်း ဝန်ထမ်းတိုင်းမှာ ကိုယ့်ရဲ့ ကျင့်ကြံခြင်းအဆင့်ထက် မြင့်မားတဲ့ ရတနာတစ်ခုစီရှိနေတယ်ဆိုတာ သိထားကြပြီ။”
“ အဲဒါကြောင့် သူတို့က အဲဒီအတိုင်း ကြိုတင်ပြင်ဆင်ပြီး သူတို့ရဲ့ တိုက်ခိုက်ရေး အစီအစဉ်တွေကို ပိုပြီး သေချာအောင် ပြင်ဆင်လာကြလိမ့်မယ်”
“လွန်ခဲ့တဲ့ ရှစ်လက လိုင်လဲ့အတိုက်ခံရတာက ဒါကို သက်သေပြနေတာပဲ” ဟု ယီကျဲက လေးနက်စွာ ပြောလိုက်သည်။
“ကျွန်တော် သိပါတယ်”
လိုင်လဲ့၏ နာမည်ကို ကြားလိုက်ရသောအခါ ဖုန့်ရှင်း၏ ပေါ့ပျက်ပျက် မျက်နှာထားမှာ လေးနက်သွားလေသည်။
လိုင်လဲ့သည် ယခုလက်ရှိ ယီကျဲကဲ့သို့ပင် နန်းတော်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည့် စစ်ဆေးရေးမှူး တစ်ဦးဖြစ်သည်။
လွန်ခဲ့သော ရှစ်လက တာဝန်ထမ်းဆောင်နေစဉ်အတွင်း နန်းတော်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းအလိုရှိသော ကျွမ်းကျင်သူ ဆယ့်ငါးဦး၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
သူသည် တိုက်ခိုက်သူဆယ်ဦးကို သတ်ဖြတ်နိုင်ခဲ့ပြီး၊ ကျန်သူများကို ဒဏ်ရာရစေကာ အသက်ရှင်လျက် လွတ်မြောက်လာနိုင်ခဲ့သော်လည်း တန်ဖိုးကြီးကြီးမားမား ပေးဆပ်ခဲ့ရသည်။
သူ၏ဒန်ထျန်တွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားပြီး၊ ခြေတစ်ဖက်နှင့် လက်တစ်ဖက်ကို ဆုံးရှုံးခဲ့ရသည်။
ကျင့်ကြံသူများအနေဖြင့် ခြေလက်အင်္ဂါများ ပြန်လည်ပေါက်ရန် လွယ်ကူသော်လည်း၊ ဒန်ထျန်ကို ပြန်လည် ပြုပြင်ရန်အတွက်မူ ဆေးပညာအရ အနည်းဆုံး အပြာရောင်အဆင့်ရှိသူတစ်ဦးနှင့် အနည်းဆုံး ဧကရာဇ်အဆင့်၏ ထိပ်တန်းအဆင့်ရှိသော အရင်းအမြစ်များကို လိုအပ်ပေသည်။
လိုင်လဲ့အတွက် ကံကောင်းသည်မှာ အဖွဲ့အစည်းတွင် ထိုအရာနှစ်ခုစလုံး ရှိနေသော်လည်း၊ သူ့အပေါ်တိုက်ခိုက်မှုနှင့် ထိုမျှ ကြီးမားသော အတိုင်းအတာတစ်ခုက အဖွဲ့အစည်းအတွင်း သတိပေး ခေါင်းလောင်းသံများ ထွက်ပေါ်လာစေခဲ့သည်။
အစပိုင်းတွင် သူတို့က လိုင်လဲ့တစ်ယောက် ထိုဝိုင်းဝန်းပိတ်ဆို့မှုမှ မည်သို့ အသက်ရှင်လျက် လွတ်မြောက်လာခဲ့သနည်းဟုပင် အံ့ဩခဲ့ကြသည်။
မှန်ပေသည်။
သူသည် ‘ရွှေရောင်အမြူတေ အတု’ပိုင်ဆိုင်ထားသော ဝါရင့် စစ်ဆေးရေးမှူးတစ်ဦး ဖြစ်သဖြင့် သူ၏အဆင့်တွင် အကောင်းဆုံးများထဲမှ တစ်ဦး ဖြစ်သော်လည်း၊ ထိုကဲ့သို့သော ဝိုင်းဝန်းပိတ်ဆို့မှုမျိုးမှ သူ၏ ပြိုင်ဘက်များနှင့်အတူ သေဆုံးသွားခြင်းကသာ အဖွဲ့အစည်းက မျှော်လင့်ထားနိုင်သည့် အကောင်းဆုံး အခြေအနေတစ်ခု ဖြစ်ပေသည်။
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက်မှသာ၊ နန်းတော်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းအလိုရှိသော ကျွမ်းကျင်သူ ဆယ့်ငါးဦးအနက် ရှစ်ဦးမှာ လျှို့ဝှက်ကျင့်စဉ်များနှင့် ဆေးလုံးများ အသုံးပြုခြင်းကဲ့သို့သော ဖန်တီးထားသည့် တားမြစ်နည်းလမ်းများဖြင့် ထိုအဆင့်သို့ ရောက်ရှိလာကြခြင်း ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
ထို့ကြောင့် သူတို့၏ စွမ်းအားများမှာ သာမန် နန်းတော်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းအလိုရှိသူများနှင့်ယှဥ်လျှင် ပိုမို အားနည်းနေခဲ့သည်။
သို့သော် ဤအရာများ အားလုံးရှိနေသည့်တိုင်၊ ၎င်းတို့သည် အခြားသော အစစ်အမှန် နန်းတော်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းအလိုရှိသည့် ကျွမ်းကျင်သူ ခုနစ်ဦးနှင့်အတူ ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်ခဲ့ပေသည်။
ယန်ချင်း နန်းတော်အဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့စဉ်က၊ ထိုကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်လာပါက သူ၏အဖွဲ့သားများ အသက်ရှင်နိုင်မည့် အခွင့်အလမ်းကို တိုးမြှင့်ပေးနိုင်ရန် ပထမဆုံးအနေဖြင့် အဆောင်လက်ဖွဲ့များ ဖန်တီးခဲ့ရခြင်းမှာ ဤအကြောင်းရင်းကြောင့်ပင် ဖြစ်သည်။
“တိုင်ချန်ဆီက သတင်းတစ်ခုခု ကြားရသေးလား” ယီကျဲက ရုတ်တရက် မေးလိုက်သည်။
“မကြားရသေးဘူး။ တိုက်ခိုက်မှု နောက်ကွယ်က လူတွေက သူတို့ရဲ့ သဲလွန်စတွေကို အစမကျန်အောင် ဖျောက်သွားကြတယ်။”
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး တရားခံတွေက သူတို့ရဲ့ ခြေရာတွေကို ဖျောက်တဲ့နေရာမှာ ပိုပိုပြီး ကျွမ်းကျင်လာကြပြီး၊ ခြေရာခံစရာ သဲလွန်စဆိုလို့ ဘာမှကို မချန်ထားခဲ့ကြတော့ဘူး”
ယန်ချင်းက တိုင်ချန်အကြောင်း တွေးရင်း သက်ပြင်းချကာ ပြောလိုက်သည်။
တိုင်ချန်သည် ထိုအကြောင်းကို ဖုံးကွယ်ထားရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း၊ သူနှင့် နီးစပ်သူများကမူ သူ၏ စစ်ဆေးရေးမှူးအပေါ် တိုက်ခိုက်မှုနှင့် ပျောက်ကွယ်သွားသော သဲလွန်စများက သူ့ကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ကြောင်း သိရှိနိုင်ပေသည်။
“သူများအကြောင်း ပြောတာ တော်လောက်ပြီ။ ငါတို့ရဲ့ ဒီအဖွဲ့လေးထဲကိုဝင်လာတဲ့ အဖွဲ့ဝင်သစ်နှစ်ယောက်ကို ကြိုဆိုမယ့် ကိစ္စကိုပဲအာရုံစိုက်ရမှာ”
လေးလံနေသော လေထုကို မြှင့်တင်ရန်အတွက် ယန်ချင်းက ရုတ်တရက် ရွှင်လန်းသောလေသံဖြင့် ပြောလိုက်သည်။
“ဟုတ်သားပဲ။ ကျွန်တော့်ရဲ့ အဖွဲ့ဝင်သစ် နှစ်ယောက်အကြောင်းကို တော်တော်လေး သိချင်နေတာ။”
“ အထူးသဖြင့် သူတို့က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြူနွံတောဒေသကလို့ ကြားလိုက်ရတော့ သူတို့နဲ့ တွေ့ဖို့တောင် မစောင့်နိုင်တော့ဘူး။”
“ အဲဒီက ဝိညာဉ်သားရဲတွေက ကောလဟာလတွေထဲကလို တကယ်ပဲ နာမည်ဆိုးနဲ့ ကျော်ကြားတာလား။”
“ ကျွန်တော် အမြဲတမ်းသွားချင်ခဲ့ပေမဲ့ ဝမ်းနည်းစရာက ကျွန်တော့်ရဲ့ အမှုတွေက အဲဒီကို ဘယ်တော့မှ ရောက်မသွားခဲ့ဘူး” ဟု ကျန်းဟူက နောင်တရစွာ သက်ပြင်းချရင်း ပြောလိုက်သည်။
“ဖုန့်ရှင်း... အဲဒီမှာ ဘယ်လိုနေလဲ။ ခင်ဗျားက အဲဒီနေရာကို ကိုယ်တိုင်ကိုယ်ကျ အတွေ့အကြုံ ရခဲ့တာဆိုတော့”
ကျန်းဟူက တိုက်ခိုက်ချင်စိတ် အပြည့်ရှိသော အပြုံးဖြင့် မေးရင်း၊ သူ၏ ခွက်ထဲသို့ ‘နှစ် ၁,၀၀၀ သက်တမ်းရှိ အယ်လ်ဒါဘယ်ရီ ဝိုင်’ ကို ငဲ့ထည့်လိုက်သည်။
“ငါ သူတို့နဲ့ ခဏလောက် ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံအရတော့၊ သူတို့ဆီမှာ စိတ်ဝင်စားစရာကောင်းတဲ့ စွမ်းရည်တွေ ရှိပြီး ညဏ်ရည်က သာမန်ဝိညာဉ်သားရဲတွေထက် ပိုသာတယ်။”
“တိုက်ပွဲ အတွေ့အကြုံရင့်ကျက်ပြီး သွေးဆာကြတယ်... ဒါပေမဲ့ အဲဒီ သွေးဆာတဲ့အချက်ကပဲ သူတို့အတွက် အားနည်းချက် ဖြစ်နေတယ်။”
“ဘာလို့လဲဆိုတော့ အဲဒါက သူတို့ကို ဉာဏ်ရည်ကိုသုံးမယ့်အစား သူတို့ရဲ့ သားရဲဗီဇအတိုင်းပဲ တုံ့ပြန်လို့လေ”
ဖုန့်ရှင်းက စားပွဲပေါ်တွင် ခင်းကျင်းထားသော အစားအသောက်များကို မျက်စိကျနေရင်း ပြောလိုက်သည်။
“ဒါပေမဲ့ ထွက်ပြေးလွတ်မြောက်သွားတဲ့ ဝိညာဉ်သားရဲ တစ်ကောင်တော့ ရှိတယ်။ ‘လျှပ်စီးမြွေပွေး’တစ်ကောင်။”
“အဲဒီကောင်က ထက်မြက်တဲ့ တိုက်ပွဲ အသိအမြင်၊ ဉာဏ်ရည်နဲ့ ကောင်းမွန်တဲ့ ဆုံးဖြတ်နိုင်စွမ်းကို ပြသသွားတယ်။”
“သူက ခေါင်းဆောင်လားတော့ ငါမသိဘူး၊ ဒါပေမဲ့ ငါ လှုပ်ရှားလိုက်တာနဲ့ တစ်ချက်လေးတောင် မတုံ့ဆိုင်းဘဲ သူက ထွက်ပြေးသွားတာ။”
“ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ အချိန်မှာတောင် သူ နေရာယူထားတဲ့ ပုံစံကတောင် တော်တော်လေး စဉ်းစားတွေးခေါ်ထားပုံရတယ်။”
“သူ့အရသာ ဘယ်လိုနေမလဲ မသိဘူး။ အဲဒီလောက် စွမ်းအားကြီးတဲ့ ဝိညာဉ်သားရဲ တစ်ကောင်ဆိုတော့ တန်ဖိုးကြီး ဆေးပင်တွေနဲ့ တခြား ဝိညာဉ်သားရဲတွေကို အများကြီး စားသုံးထားမှာ သေချာတယ်။”
“အရသာ တော်တော်လေး ကောင်းမှာပဲ။”
“အော်... ဟုတ်သားပဲ ယီကျဲ... ငါခုမှ သတိရတယ်”
သွားရည်ကျနေပြီဖြစ်သော ဖုန့်ရှင်းက သူ၏သိုလှောင်ရေး လက်စွပ်ထဲမှ မြွေ၏အလောင်းကို ကမန်းကတန်း ထုတ်ယူလိုက်သည်။
သူ၏ဓားချက်ဖြင့် ခုတ်ပိုင်းခံထားရသောကြောင့် ၎င်း၏ မေးရိုးမှာ အေးခဲနေဆဲ ဖြစ်သည်။
“မင်း သူ့ရဲ့သွေးကို သုံးပြီး အဋ္ဌမမြောက် ‘ဒီရေတက် ဝိုင်’ ကို လုပ်လို့ရတယ် မဟုတ်လား။”
“သူက အမြူတေဖွဲ့စည်းခြင်း ၅ ဆင့်မြောက်မှာပဲ ရှိသေးတယ်ဆိုပေမဲ့ ဝိုင်ရဲ့ အရသာကို နည်းနည်းလေးတော့ ပိုကောင်းသွားစေနိုင်တယ် မလား”
ဖုန့်ရှင်းက မြွေကို စားပွဲပေါ်တွင် ညင်သာစွာ ချထားရင်း ပြောလိုက်သည်။
ယီကျဲနှင့် ယန်ချင်းတို့ နှစ်ဦးစလုံးမှာ စားပွဲဆီသို့ ရောက်ရှိနေကြပြီဖြစ်ပြီး အလောင်းကို အနီးကပ် စစ်ဆေးနေကြသည်။
ဘိုလင်းနှင့် ဟိုင်ရှီတို့မှာ သူတို့၏ ယခင်အဖွဲဝင်ဟောင်းအား စားသုံးရန် သင့်လျော်မှု ရှိမရှိ အကဲဖြတ်ခံနေရသည်ကို ရှုပ်ထွေးသော အမူအရာများဖြင့် ကြည့်ရှုနေကြလေသည်။
မြွေမှာ ‘ဘုရင်တစ်ပိုင်း’များကဲ့သို့ စွမ်းအားမကြီးမားသော်လည်း၊ ၎င်းသည် အမြူတေဖွဲ့စည်းခြင်းအဆင့် ဝိညာဉ်သားရဲများထဲတွင် အစွမ်းအထက်ဆုံးများထဲမှ တစ်ကောင် ဖြစ်နေဆဲပင်။
အထူးသဖြင့် ၎င်း၏ လျှင်မြန်သောအမြန်နှုန်း၊ ကြောက်မက်ဖွယ်ကောင်းသော အဆိပ်နှင့် သံမဏိကဲ့သို့ မာကျောသော အကြေးခွံများကြောင့် ဖြစ်သည်။
ထိုအရာများက ၎င်းကို ရင်ဆိုင်ရန် ခက်ခဲသော ပြိုင်ဘက်တစ်ဦး ဖြစ်လာစေခဲ့ပြီး၊ ထို့ကြောင့်ပင် ‘ မဟူရာစကြဝဠာ မိကျောင်း’က ၎င်းကို သူ၏ယုံကြည်ရသော လက်ထောက်တစ်ဦးအဖြစ် သဘောကျခဲ့ခြင်း ဖြစ်သည်။
ဘိုလင်းသည် ၎င်းထက် အဆင့်ငယ်တစ်ဆင့် ပိုမြင့်သော ၆ ဆင့်မြောက်တွင် ရှိနေသော်လည်း၊ သူကိုယ်တိုင်ပင် ထိုမြွေကို အနိုင်ယူနိုင်စွမ်း မရှိပေ။
လူတွေနဲ့ သီးခြားနေတတ်သော ဟိုင်ရှီအတွက်မူ ဆိုဖွယ်ရာပင် မရှိတော့ပေ။
သူမ၏ တစ်ခုတည်းသော တိုက်ခိုက်ရေး အတွေ့အကြုံမှာ အခြေတည်အဆင့်ရှိ အင်းဆက်များကိုသာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ အမြူတေဖွဲ့စည်းခြင်းအဆင့်ရှိ မည်သည့်ဝိညာဉ်သားရဲကိုမဆို ရှောင်ရှားလေ့ ရှိသည်။
သူမတွင် လွန်ကဲစွာ သတိထားတတ်သော အကျင့်ရှိပြီး၊ သူမ အနည်းငယ် စွန့်စားတတ်သော တစ်ခုတည်းသောအချိန်မှာ တောဝက်ကြီး ချန်ထားခဲ့သော အကြွင်းအကျန်များကို စားသုံးရန် ၎င်းနောက်သို့ လိုက်သွားချိန်သာ ဖြစ်သည်။
ဝက်ဝံနောက်သို့ လိုက်သွားမည်၊ တန်ဖိုးကြီး ဆေးပင်များ ပြည့်နှက်နေသော နေရာတစ်ခုကို ရှာတွေ့မည်၊ သူမ ဝေစုကို စားသုံးပြီး အိပ်ရန်အတွက် သူမ၏ ဂူသို့ ပြန်သွားမည်။
သို့သော် ယခုအခါတွင်မူ၊ သူမသည် မကြာမီ စီးတော်ယာတစ်ခု ဖြစ်လာတော့မည် ဖြစ်ပြီး၊ တောဝက်ကြီးမှာမူ မကြာမီတွင် အရသာရှိသော ဟင်းလျာတစ်ခုအဖြစ် ပြောင်းလဲသွားတော့မည် ဖြစ်သည်။
ဖုန့်ရှင်းနှင့် ခဏတာ တွေ့ဆုံခဲ့ရခြင်းကြောင့်လားတော့ သူမ မသိသော်လည်း၊ ထိုဝက်၏ အရသာမှာ မည်သို့ရှိမည်ကို သူမ သိချင်နေမိသည်။
“ဟင့်အင်း... မဟုတ်ဘူး... သူတို့ ကျွေးရင်တောင် ငါ နင့်ကို မစားဘူး။ ငါတို့က သူငယ်ချင်းတွေ မဟုတ်ခဲ့ကြပေမဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေလို့ သတ်မှတ်လို့ ရပါတယ်။”
“ ဒါက ငါ လုပ်ပေးနိုင်တဲ့ အကောင်းဆုံးအရာပဲ... ဒါပေမဲ့ သူတို့က ငါ့ကို တစ်ကိုက်လောက် စားဖို့ ခြိမ်းခြောက်လာရင်တော့... တောင်းပန်ပါတယ် ရိုဆာရေ... ငါ မတတ်သာလို့ စားရလိမ့်မယ်... ဒါပေမဲ့ ငါ စိတ်မပါဘဲနဲ့ စားမှာပါ” ဟု ဟိုင်ရှီက တွေးလိုက်သည်။
သူမ၏ စိတ်ထဲတွင် ရှုပ်ထွေးနေပုံရသော်လည်း၊ သူမ၏ လောဘတကြီး တောက်ပနေသော မျက်လုံးများကမူ အခြား ပုံရိပ်တစ်ခုကို ပြသနေလေသည်။
…..
ဟိုင်ရှီ၏ အကျပ်အတည်းကို သတိမပြုမိဘဲ၊ ဖုန့်ရှင်း၊ ယီကျဲနှင့် ယန်ချင်း သုံးဦးမှာ မြွေကို နှုတ်ဖြင့် ခွဲစိတ်ကာ အပြန်အလှန် ဈေးဆစ်နေကြလေသည်။
အပြင်းအထန် ငြင်းခုံကြပြီးနောက် အဖွဲ့ဝင်တစ်ဦးစီမှာ သူတို့၏ ရလဒ်များကို ကျေနပ်သွားကြသောအခါ၊ ယီကျဲသည် မြွေ၏သွေးများကို အညိုရောင် ဘူးသီးခြောက်အိုး ငယ်လေးတစ်ခုထဲသို့ ဂရုတစိုက် ဖောက်ချလိုက်သည်။
ထိုအိုးလေးမှာ အရွယ်အစား သေးငယ်သော်လည်း မီတာ ၁၀၀ ကျော်ရှည်သောမြွေထံမှ သွေးများအားလုံးကို အပြည့်အဝ ဝင်ဆံ့လေသည်။
ယီကျဲ သူ၏အပိုင်း ပြီးသွားသောအခါ၊ ဖုန့်ရှင်းနှင့် ယန်ချင်းတို့ ပူးပေါင်းကာ မြွေကို သူတို့၏ သေသပ်စွာ ဖန်တီးထားသော ငွေရောင်ဓားများဖြင့် ကျွမ်းကျင် ပညာရှင်များကဲ့သို့ ခုတ်ထစ်လိုက်ကြသည်။
သူတို့သည် အသားစ တစ်စမျှပင် အလဟဿ မဖြစ်စေဘဲ အရေခွံကို ကျွမ်းကျင်စွာ ဆုတ်ခွာလိုက်ကြပြီး၊ အူများကို ဖယ်ရှားကာ နောက်ဆုံးတွင် ဝိညာဉ်ချီများ ပြည့်ဝနေသော ရေဖြင့် ဆေးကြောလိုက်ကြသည်။
သူတို့ ကျေနပ်သွားသောအခါ ၎င်းကို အလွှာပါးပါးလေးများအဖြစ် လှီးဖြတ်လိုက်ကြပြီး၊ ယန်ချင်း ထံတွင် ရှိနေသော ကြက်ဥများ၊ ဆေးပင်များနှင့် ဟင်းခတ်အမွှေးအကြိုင်များ ရောနှောကာ သုတ်လိမ်းလိုက်ကြသည်။
“စားစရာ ပါလာမှပဲ ဒီနှစ်ယောက်က နည်းနည်းလေး လေးလေးနက်နက် ရှိတော့တယ်” သူငယ်ချင်း လေးယောက်နှင့်အတူ ရောက်ရှိလာသော မော့ယွင်ရုက ပြောလိုက်သည်။
အမျိုးသမီးသုံးဦးနှင့် အမျိုးသားနှစ်ဦး ပါဝင်သည်။ အမျိုးသမီး သုံးဦးစလုံးမှာ လမင်းကြီးကိုပင် အရှက်ရစေလောက်အောင် အသက်ရှူမှားလောက်ဖွယ် လှပကြသော်လည်း၊ သူတို့အားလုံးမှာ ကြီးမားသော တိမ်တိုက်ကဲ့သို့ မျက်လုံးများ၊ ဖရိုဖရဲ ကျဆင်းနေသော ခရမ်းရောင်ဆံကေသာ၊ ခရမ်းရောင်ပန်းပွင့်များ ပါရှိသော လက်တို ဂါဝန်နှင့် အဖြူရောင်လည်စည်းပဝါလေးကို ဝတ်ဆင်ထားသော မော့ယွင်ရု ကိုတော့ မယှဉ်နိုင်ကြပေ။
သူမနှင့်အတူ ပါလာသော အမျိုးသားများထဲမှ တစ်ဦးမှာ သူ၏ဘေးရှိ အခြား အမျိုးသားတစ်ဦးက သတိပေးနေသည့်တိုင် သူမကို ခိုးခိုးကြည့်နေလေသည်။
ခိုးကြည့်နေသော အမျိုးသားမှာ ရွှေရောင်ဆံပင်၊ နက်ရှိုင်းသော အပြာရောင်မျက်လုံးများနှင့် အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။
သူသည် မင်းသမီးအများအပြားက အရူးအမူး ကြွေကျလောက်မည့် မင်းသားတစ်ပါးနှင့် တူနေပြီး၊ သူ့ကို သတိပေးနေသော အမျိုးသားမှာမူ ပိန်သွယ်သော ကိုယ်လုံးကိုယ်ပေါက် ရှိပြီး နက်မှောင်သော ဆံပင်များကို အထက်တွင် ဆံထုံးထုံးထားသည်။
သူ၏ မျက်လုံးများမှာ ဖောင်းအစ်နေပြီး၊ ဖြူဖျော့သော အသားအရေနှင့်အတူ ပင်ပန်းနွမ်းနယ်နေပုံ ရသည်။
သူသည် စာအုပ်များကြားတွင် နစ်မြုပ်နေသဖြင့် နေရောင်ကိုပင် မမြင်ဖူးသော စာကြည့်တိုက်မှူးတစ်ဦးနှင့် တူလေသည်။
အလုပ်ရှုပ်နေသော ယန်ချင်းမှာ မော့ယွင်ရုကို မြင်လိုက်ရသောအခါ သူမ၏အလှ၌ ရုတ်တရက် ငေးမောမိသွားသော်လည်း၊ မည်သူမျှ သတိမပြုမိမီ သူ၏ အကြည့်ကို အမြန်လွှဲဖယ်လိုက်ပြီး မြွေကို ဆက်လက် ကိုင်တွယ်နေလေသည်။
မော့ယွင်ရုကမူ နီမြန်းသွားသော သူမ၏လည်ပင်းကို အမြန် ဖုံးကွယ်လိုက်သည်။
မော့ယွင်ရုနှင့် ယန်ချင်းတို့၏ တုံ့ပြန်မှုများကို သတိပြုမိသွားသောအခါ၊ ခါးတစ်ဝက်ခန့်အထိ ရှည်လျားသော ဆံကေသာအနက်ရောင် ရှိသည့် မော့ယွင်ရုနှင့်အတူ ပါလာသော အမျိုးသမီးတစ်ဦးက မျက်လုံးများကို မှေးစင်းကာ စိတ်ဝင်တစားတွေးလိုက်မိသည်။
“စိတ်ဝင်စားစရာပဲ”