ကြိုဆိုပွဲ (၃)
Vol. 10 Ch. 96
ခါးတစ်ဝက်ခန့်အထိ ရှည်လျားသော ဆံကေသာအနက်ရောင်ပိုင်ရှင် အမျိုးသမီးမှလွဲ၍ သူတို့နှစ်ဦးကြားက ခဏတာ အဖြစ်အပျက်လေးကို မည်သူကမျှ သတိပြုမိပုံမပေါ်ချေ။
မိနစ်အနည်းငယ်ကြာပြီးနောက်၊ မြွေ၏ နောက်ဆုံး အသားစကို အချောင်းလေးများဖြစ်အောင် ပါးပါးလှီးလိုက်ပြီး၊ ယခုအခါ အောက်ခြေတွင် လိမ္မော်ရောင် တောက်ပနေသော မီးသွေးခဲများ ရှိသည့် ဆန်ခါပေါ်သို့ တင်လိုက်ကြလေသည်။
ဖုန့်ရှင်းက တာဝန်ယူကာ ပါးလွှာသော အသားချောင်းလေးများကို ငရုတ်ဆီထဲတွင် နှစ်လိုက်ပြီး၊ ‘ဆောင်းဦး ဝက်သစ်ချသား’ဖြင့် ပြုလုပ်ထားသော တူဖြင့် ဆန်ခါပေါ်သို့ တင်လိုက်လေသည်။
ထိုအတောအတွင်း ယန်ချင်းသည် သူ၏ သိုလှောင်ခန်းထဲသို့ ဝင်သွားပြီး၊ ‘ဗာမီလီယန်ငှက်’ သင်္ကေတ ရေးဆွဲထားသော အလယ်အလတ် အရွယ်အစားရှိ ဝိုင်ဘူးသီးခြောက်အိုးတစ်ခုကို ယူဆောင်လာခဲ့သည်။
“မိုက်တယ်ဟေ့”
ဝိုင်ကို မြင်လိုက်ရသောအခါ ဖုန့်ရှင်း၏ မျက်လုံးများ အရောင်လက်သွားပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။
‘အရွက်တစ်ရာ ကြံဝိုင်’ကို စစ်ဆေးနေသော ယီကျဲသည်လည်း ထိုဘူးသီးခြောက်အိုးကို မြင်သောအခါ သူ၏ မျက်လုံးများထဲတွင် လောဘတကြီး အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။
သူတို့နှစ်ဦးနှင့် မတူဘဲ ယန်ချင်း၏ မျက်လုံးများတွင်မူ နာကျင်နေသော အရိပ်အယောင်တစ်ခု ရှိနေသည်။
ဤအရာက သူပိုင်ဆိုင်ထားသော တစ်ခုတည်းသော ‘ဗာမီလီယန် သစ်သီးဝိုင်’ဖြစ်နေသောကြောင့် သူ မည်သို့ နာကျင်မှု မဖြစ်ဘဲ နေနိုင်မည်နည်း။
လေလံပွဲတစ်ခုတွင် သူက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးသုံးသိန်းနီးပါး ပေးချေခဲ့ရပြီး၊ထိုဝိုင်ကို ရရှိစေရန် ရတနာအနည်းငယ်ကိုပါ လဲလှယ်ခဲ့ရပြီးမှ ယင်းကို အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ထိုဝိုင်မှာ အလွန်ပြင်းထန်လွန်းသဖြင့် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးသာ သောက်သုံးမိပါက၊ ၎င်း၏ပြင်းထန်လှသော စွမ်းအင်များကြောင့် ပေါက်ကွဲထွက်သွားမည် ဖြစ်သည်။
အဓိက ပါဝင်ပစ္စည်းမှာ ဗာမီလီယန်သစ်သီးဖြစ်ပြီး၊ ၎င်း၏ အဆင့်အတန်းမှာ သစ်ပင်၏အဆင့်နှင့် အသီးမည်မျှ မှည့်နေသနည်း ဆိုသည့်အပေါ်တွင် မူတည်လေသည်။
ကောင်းစွာ ရင့်ကျက်နေသော ဗာမီလီယန် သစ်ပင်တစ်ပင်သည် အနည်းဆုံး သူတော်စင်အဆင့်သို့ ရောက်ရှိနိုင်ပြီး၊ ၎င်းမှာ ‘ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်’ ကျင့်ကြံသူတစ်ဦးနှင့် တူညီလေသည်။
သို့သော် ၎င်း ရင့်ကျက်လာစေရန်အတွက် ထူးခြားသောအခြေအနေများ လိုအပ်ပြီး၊ ၎င်းတို့အနက် တစ်ခုမှာ ‘ဘိုးဘေးနဂါး ဝိညာဉ်သွေးကြော’၏ ကောင်းချီးပေးခံရသော နေရာတစ်ခု ဖြစ်ပေသည်။
ဝိညာဉ်သွေးကြောများနှင့် ပတ်သက်လာလျှင်၊ ၎င်းတို့ကို ပုံမှန်အားဖြင့် အနိမ့်အဆင့်၊ အလယ်အလတ်အဆင့်နှင့် အမြင့်အဆင့် ဝိညာဉ်သွေးကြောများဟူ၍ ခွဲခြားလေ့ရှိသည်။
သို့သော် ၎င်း၏အထက်တွင် ဝိညာဉ်သွေးကြော အလွန်ကြွယ်ဝလွန်းသဖြင့် ဝိညာဉ်တု တစ်မျိုး ဖြစ်ပေါ်လာသည့် အဆင့်တစ်ခု ရှိသေးသည်။
ထိုဝိညာဉ်မှာ ပုံမှန်အားဖြင့် နဂါးတစ်ကောင်၏ ပုံသဏ္ဌာန်ဖြင့် ပေါ်လာတတ်သောကြောင့်၊ ဝိညာဉ်သွေးကြောများကို ‘နဂါး ဝိညာဉ်သွေးကြောများ’ ဟု လူသိများလာကြပြီး၊ ၎င်းတို့ကို အငယ်စားနဂါး၊ ရင့်ကျက်သောနဂါးနှင့် နောက်ဆုံးတွင် ဘိုးဘေးနဂါးဟူ၍ သုံးခု ထပ်မံခွဲခြားထားသည်။
မြင့်မြတ်နယ်မြေအများစုကို ဘိုးဘေးနဂါး ဝိညာဉ်သွေးကြော တစ်ခုက ထောက်ပံ့ပေးထားလေသည်။
ယန်ချင်းထံတွင်ရှိသော ဗာမီလီယန် သစ်သီးဝိုင်မှာ ကျင့်ကြံခြင်းအဆင့်အရ နန်းတော်အဆင့်၏ အထွတ်အထိပ်နှင့် တူညီသော ဧကရာဇ်အဆင့်၏ အထွတ်အထိပ်တွင်ရှိသည့် ဗာမီလီယန် သစ်ပင်ငယ် တစ်ပင်မှ ခူးဆွတ်ထားသော သစ်သီးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။
အခြားပါဝင်ပစ္စည်းများမှာလည်း အနည်းဆုံး ကောင်းကင်အဆင့်၏ အထွတ်အထိပ်တွင် ရှိကြသည်။
ဤဗာမီလီယန်သစ်သီးဝိုင်ကို လကြတ်သစ်ပင်၊ ခရမ်းရောင်လျှပ်စီးဝါးပင်၊ နှင့် အသက်မီးတောက်သစ်ပင်တို့နှင့်အတူ သူ၏ အဖိုးတန်ဆုံးသော ရတနာများထဲမှ တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။
ဖုန့်ရှင်းနှင့် ယီကျဲတို့ နှစ်ဦးပေါင်းကာ ထိုဝိုင်ကို ထုတ်ပေးရန် သူ့ကို အတင်းအကျပ် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
ထိုသို့လုပ်ခြင်းကသာ ဖုန့်ရှင်းထံတွင်ရှိသော အသားအမျိုးမျိုးနှင့် ယီကျဲ ထံမှ ဝိုင်အချို့ကို ရရှိနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သောကြောင့်ပင်။
နောက်ထပ် ရောက်လာသူမှာ အသက် ၁၅ နှစ်ခန့် အရွယ်တူ သူငယ်ချင်း သုံးဦးနှင့်အတူ ရောက်လာသော ချောင်ရင်းဖြစ်သည်။
သူတို့ထဲမှ နှစ်ဦးမှာ ယောကျ်ားလေးများဖြစ်ပြီး၊ နောက်ဆုံးတစ်ဦးမှာ လိမ္မော်ရောင်ဆံပင်ကောက်ကောက်နှင့် လိမ္မော်ရောင်မျက်လုံးများရှိသော မိန်းကလေး တစ်ဦးဖြစ်သည်။
သူတို့အားလုံးက သင်္ကေတနှစ်ခု ရေးထိုးထားသော လိမ္မော်ရင့်ရောင်ဝတ်ရုံများနှင့် အနက်ရောင်ကုတ်အင်္ကျီ ဖြစ်သည့် အကယ်ဒမီ၏ဝတ်ရုံကို ဝတ်ဆင်ထားကြသည်။
သင်္ကေတတစ်ခုမှာ ‘အပြာရောင်ရော်ဘင်ငှက်’ဖြစ်ပြီး၊ နောက်တစ်ခုမှာ ‘ရွှေလင်းယုန်’ဖြစ်သည်။
အပြာရောင် ရော်ဘင်ငှက်သည် ဉာဏ်အကောင်းဆုံး သို့မဟုတ် အစွမ်းအထက်ဆုံး ဝိညာဉ်သားရဲ မဟုတ်သော်လည်း၊ ၎င်းသည် စိမ်းသက်သော ပတ်ဝန်းကျင်များနှင့် အလိုက်လျောညီထွေ အဖြစ်နိုင်ဆုံး သတ္တဝါဖြစ်သည်။
၎င်းမှာ ကျောင်းသားများကို အမြဲတမ်း အလိုက်လျောညီထွေ နေထိုင်တတ်စေရန် အဖွဲ့အစည်း၏ မျှော်လင့်ချက်ကို ကိုယ်စားပြုလေသည်။
…
“ချောင်ရင်း... မင်းရော မင်းသူငယ်ချင်းတွေပါ လာနိုင်တာ ဝမ်းသာတယ်ကွာ”
ယန်ချင်းက တာဝန်ကျေသော အိမ်ရှင်တစ်ဦးကဲ့သို့ သူတို့ကို နှုတ်ဆက်ရန် သွားရင်း ရွှင်လန်းစွာ ပြောလိုက်သည်။
ဖုန့်ရှင်းနှင့် ယီကျဲတို့ကို ထိုဝိုင်အနီးတွင် မထားဝံ့သဖြင့် ဗာမီလီယန်သစ်သီးဝိုင်ကို သူနှင့်အတူ ယူဆောင်သွားခဲ့လေသည်။
ချောင်ရင်းတစ်ဦးတည်းသာ အေးအေးဆေးဆေး ရှိနေပုံရပြီး၊ သူ၏ သူငယ်ချင်းသုံးဦးမှာ ကြက်ပေါက်စလေးများကဲ့သို့ စုပြုံကာ ဂနာမငြိမ်ဘဲ ထိတ်လန့်နေကြလေသည်။
အဖွဲ့အစည်းမှ သူတို့၏စီနီယာများကြားတွင် ရှိနေရသဖြင့် သူတို့မှာ စိတ်လှုပ်ရှားနေသကဲ့သို့ ထိတ်လန့်လည်း ထိတ်လန့်နေကြပုံရသည်။
“ဒါနဲ့ မင်း သူငယ်ချင်းတွေက ဘယ်သူတွေလဲ” ယန်ချင်းက ယဉ်ကျေးသောအပြုံးဖြင့် သူတို့၏စိတ်ကို ပြေလျော့စေရန် ကြိုးစားရင်း ညင်သာစွာ မေးလိုက်သည်။
“ဒါက ဖူယဲ့၊ သူက ယောင်ဖန် ၊ နောက်ဆုံး တစ်ယောက်က ချန်ကျီလန်ပါ” ချောင်ရင်းက သူတို့ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
ဖူယဲ့မှာ ခန္ဓာကိုယ် သေးသေးသွယ်သွယ်နှင့် ပုတီးစေ့လေးများကဲ့သို့ သေးငယ်သောမျက်လုံးများရှိပြီး၊ ထိုမျက်လုံးများထဲတွင် ကြီးမားလှသော ဉာဏ်ရည်ဉာဏ်သွေးများကို ဖုံးကွယ်ထားပုံရသည်။
သူ၏ မျက်လုံးများနှင့် လိုက်ဖက်သော အနက်ရောင်ဆံပင်တိုလေးကို ပိုင်ဆိုင်ထားသည်။
ယောင်ဖန်မှာ အလယ်အလတ် ကိုယ်လုံးကိုယ်ပေါက် ရှိပြီး၊ ခဲရောင်ရင့်ရင့်ဆံပင်များကို တစ်ဝက်ခန့် ဆံထုံး ထုံးထားသည်။
အဖွဲ့ထဲတွင် တစ်ဦးတည်းသော မိန်းကလေးဖြစ်သည့် ချန်ကျီလန်မှာမူ ဆံပင်ကောက်ကောက်နှင့် လိုက်ဖက်သော မျက်လုံးများရှိပြီး၊ သွယ်လျပြီး အရပ်ရှည်သော ကိုယ်လုံးကိုယ်ပေါက် ရှိလေသည်။
သူမသည် သုံးယောက်ထဲတွင် အရပ်အရှည်ဆုံးဖြစ်ပြီး နောက်ထပ်နှစ်အနည်းငယ်ကြာလျှင် သူမ၏အလှတရားနှင့် ဆွဲဆောင်မှုတို့ကြောင့် နိုင်ငံများကိုပင် ပြိုပျက်စေနိုင်စွမ်း ရှိလာလိမ့်မည် ဖြစ်သည်။
ယန်ချင်းက သူတို့အားလုံးကို ယဉ်ကျေးသော အပြုံးဖြင့် နှုတ်ဆက်လိုက်ရာ၊ ၎င်းက သူတို့အပေါ် သက်ရောက်မှု ရှိသွားပုံရပြီး ဝင်လာစကထက် အနည်းငယ် ပိုမို တည်ငြိမ်သွားကြလေသည်။
သို့သော် ထိုတည်ငြိမ်မှုမှာ သူတို့နောက်မှ ရောက်လာသော ဧည့်သည်များကြောင့် မကြာမီမှာပင် ပျက်စီးသွားလေတော့သည်။
“ယန်ချင်း... မင်း တော်တော် မျက်နှာပြောင်တိုက်ပါလား။ ပါတီပေးတာတောင် ငါတို့ကို မဖိတ်ဘူးပေါ့”
ငါးယောက်အဖွဲ့ဖြင့် ရောက်လာသော အဝါရောင်ဆံပင်နှင့် လူငယ်တစ်ဦးက ပြောလိုက်သည်။
ထိုအဝါရောင်ဆံပင်နှင့် လူငယ်အပါအဝင် ယောကျ်ားလေး သုံးယောက်နှင့် မိန်းကလေး နှစ်ယောက် ဖြစ်သည်။
“ မင်းတစ်ယောက်တည်းကိုပဲ ငါမပြောတာဟွေ့လန်”
ယန်ချင်းက လှောင်ပြောင်သော အကြည့်ဖြင့် ပြန်ဖြေလိုက်သည်။
“ငါ့ရဲ့ ဝိညာဉ်ကျောက်တုံးတွေရော။ အလုပ်ချိန်တောင် ပြီးနေပြီ”
ယန်ချင်းက ဘာမှ ဟန်ဆောင်မနေဘဲ လက်ဖြန့်တောင်းလိုက်သည်။
“ရော့... အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး နှစ်ထောင်ပဲ ရှိတာကို”
ခန်ဟွေ့လန်က သူဌေးပေါက်စ သခင်လေး တစ်ဦးကဲ့သို့ သိုလှောင်ရေး လက်စွပ်တစ်ခုကို ယန်ချင်၏ လက်ထဲသို့ ပုတ်ချလိုက်ရင်း ပြောလိုက်သည်။
သူသည် အင်္ကျီလက်ကို ခေါက်တင်ထားသော အဝါရောင်ကုတ်အင်္ကျီ၊ အဖြူရောင်လက်တိုရှပ်အင်္ကျီနှင့် အဝါရောင်ဘောင်းဘီတိုကို အဝါရောင်ကောက်ရိုးဖိနပ်များနှင့် တွဲဖက် ဝတ်ဆင်ထားသည်။
ယန်ချင်း၏ဝတ်ရုံက အစိမ်းရောင်ဖြစ်ပြီး သူ၏ဝတ်စုံက အဝါရောင် ဖြစ်နေသည်မှလွဲ၍ ယန်ချင်း၏ လက်ရှိ အသွင်အပြင်နှင့် တစ်ထပ်တည်း တူညီနေလေသည်။
“ငါက မင်းကို ငွေချေးထားတာတောင် မင်းက ဘယ်လိုလုပ် အဲဒီလောက် မာနထောင်လွှားနေနိုင်ရတာလဲ။ ငါ့အကြွေးကိုတစ်လအတွင်း အတိုးနဲ့တကွ ပြန်ဆပ်တာ ကောင်းမယ်”
ရှာပေါ်ချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။
သန့်စင်သော အဖြူရောင်ဝတ်ရုံနှင့် ချောမွေ့စွာ ကျဆင်းနေသော ဆံကေသာအရှည်ကြောင့် သူသည် အင်မော်တယ်မသေမျိုးတစ်ဦးနှင့် တူနေဆဲပင်။
“မင်း ပစ္စည်းကောင်းတွေ ထုတ်လာတာကို ငါ မြင်တယ်နော်။ ကြိုပြီး ကျေးဇူးတင်ပါတယ်”
တိုင်ချန်က ယန်ချင်း၏ လက်ထဲရှိ ဗာမီလီယန်သစ်သီးဝိုင်ကို အန္တရာယ်များသော အကြည့်ဖြင့် လောဘတကြီး ကြည့်ရင်း ပြောလိုက်ရာ၊ ယန်ချင်းမှာ အန္တရာယ်များသော သားရဲတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရသကဲ့သို့ တွန့်ဆုတ်သွားလေသည်။
တိုင်ချန်က အနက်ရောင်ကုတ်အင်္ကျီ၊ လိုက်ဖက်သော အနက်ရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီတိုတို့ကို ဖိနပ်အပါးနှင့် တွဲဖက် ဝတ်ဆင်ထားသည်။
“ဖိတ်ပေးလို့ ကျေးဇူးပဲ ယန်ချင်း”
ချယ်ရီပန်းရောင်ဆံပင်ကို ပိုမို ပေါ်လွင်စေသော အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားသည့် ယွီဟွေ့ဖန်က ပြုံးရင်း ညင်သာစွာ ပြောလိုက်သည်။
“ဟုတ်... ကျေး.. ဇူး.. ပါ.. ယန်...” အဖွဲ့ထဲမှ နောက်ဆုံးတစ်ဦးဖြစ်သော ကျန်းချင်ကောက ထိတ်လန့်တကြား ပြောလိုက်သည်။
သူမ၏ အသက်ရှူမှားလောက်ဖွယ် အလှတရားနှင့် သေးသွယ်သော ကိုယ်လုံးကိုယ်ပေါက်က သူမကို ပိုမို ထင်ရှားစေပြီး၊ သူမ၏ ရှက်ရွံ့နေသော အမူအရာက ထိုအရာကို ပိုမို ပေါ်လွင်စေလေသည်။
“မင်းတို့ ဟိုဘက်က စားပွဲတစ်လုံးမှာ သွားထိုင်လို့ ရတယ်။ ဟွေ့လန် မင်းကတော့ ခြံနောက်ဘက် တစ်နေရာရာမှာ သွားထိုင်လိုက်”
ယန်ချင်းက ယဉ်ယဉ်ကျေးကျေးနှင့် ရိုင်းရိုင်းစိုင်းစိုင်း ရောနှောကာ ပြောလိုက်သည်။
“အော် ဟုတ်သား... ချောင်ရင်း... မင်းလည်း မင်းသူငယ်ချင်းတွေနဲ့ စားပွဲတစ်လုံးမှာ သွားထိုင်လို့ ရတယ်”
ယန်ချင်းက ချောင်ရင်း၏သူငယ်ချင်းများမှာ နေရာတွင်ပင် ရပ်တန့်နေသည်ကို သတိပြုမိသွားသောအခါ ပြောလိုက်သည်။
တရားသူကြီးတစ်ဦးနှင့် တွေ့ဆုံရခြင်းကပင် သူတို့ကို ထိတ်လန့်စေခဲ့ပြီး၊ ယခုအခါ တရားသူကြီး ငါးဦး၏ ဝန်းရံခြင်းကို ခံလိုက်ရသောအခါ သူတို့မှာ လှုပ်ရှားရန်ပင် မဝံ့ရဲလောက်အောင် ထိတ်လန့်နေကြလေပြီ။
ချောင်ရင်းမှာ မျက်နှာပေါ်တွင် ရှက်ရွံ့သော အပြုံးဖြင့် သူတို့ကို ဆွဲခေါ်သွားရလေသည်။
‘ရနံ့တစ်ထောင် စားသောက်ဆိုင်’ တွင် သူ စတင် အလုပ်လုပ်ခဲ့စဉ် လွန်ခဲ့သော လအနည်းငယ်က သူလည်း သူတို့လိုပင် ဖြစ်ခဲ့ကြောင်းကို သတိရသွားပြီး ရယ်မောရင်း ခေါင်းခါလိုက်မိသည်။
ပထမဆုံးအပတ်တွင် သူအလွန် ထိတ်လန့်နေခဲ့သောကြောင့် မည်သည့် အမှာစာကိုမျှ မှန်ကန်အောင် မလုပ်နိုင်ခဲ့ပေ။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ယန်ချင်းနှင့် အခြားသူများ၏ ပေါ့ပါးလွတ်လပ်သော အမူအရာကြောင့် အလိုက်လျောညီထွေ ဖြစ်လာပြီး သူတို့နှင့် ရင်းနှီးကျွမ်းဝင်လာခဲ့သည်။
“ကဲ... အခု အားလုံးစုံပြီဆိုတော့၊ ငါ စကား နည်းနည်းပါးပါး ပြောချင်တယ်။ အဖွဲ့အစည်းက ငါတို့အတွက် အရမ်း အရေးကြီးတဲ့ အိမ်တစ်လုံး ဖြစ်လာခဲ့ပြီ။”
“မှန်ပါတယ်... ငါတို့ တစ်ခါတလေ သဘောထား ကွဲလွဲတာတွေ ရှိပေမဲ့၊ နောက်ဆုံးမှာတော့ ဒီနေရာက ငါတို့ကိုယ် ငါတို့ အစစ်အမှန်ဖြစ်ခွင့်ရတဲ့ နေရာပါပဲ”
“ဒါက ကျင့်ကြံခြင်းလောကရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ထားတဲ့ နေရာတစ်ခုပဲ။”
“ ဒီမှာ နယ်ပယ်အဆင့် ကျွမ်းကျင်သူတစ်ယောက်က အမြူတေဖွဲ့စည်းခြင်း ကျွမ်းကျင်သူ တစ်ယောက်နဲ့အတူ ရယ်မောစကားပြောနေတာကို တွေ့နိုင်တယ်။”
“အရင်းအမြစ်တွေအတွက် ငါတို့ အချင်းချင်း နောက်ကျော ဓားနဲ့ထိုးစရာ မလိုဘူး။”
“ဟုတ်တယ်... အဖွဲ့အစည်းက နည်းနည်း ကပ်စေးနဲပြီး ဒီထက်ပိုကောင်းအောင် လုပ်နိုင်ပေမဲ့၊ တခြားနေရာတော်တော်များများထက် ပိုကောင်းနေဆဲပဲ... ပြီးတော့ အကောင်းဆုံးက ပိုပြီး တရားမျှတတယ်”
“ဟိုင်ရှီ... ဘိုလင်း... ဒီနေရာက မင်းတို့အတွက် ဘယ်လိုနေရာမျိုး ဖြစ်လာမလဲဆိုတာ မင်းတို့ ကိုယ်ပိုင် မျက်လုံးတွေနဲ့ အကဲဖြတ်ပြီး ကိုယ်တိုင် ဆုံးဖြတ်စေချင်လို့ မင်းတို့ကို ငါ သိပ်အများကြီး မပြောချင်ဘူး။”
“ ဒါပေမဲ့ ငါ ပြောနိုင်တာကတော့... မင်းတို့ ငါတို့နဲ့အတူ ရှိနေသရွေ့ ငါတို့က မင်းတို့ကို အမြဲတမ်း စောင့်ရှောက်ပေးသွားမယ်။”
“ဘာလို့လဲဆိုတော့ မင်းတို့နှစ်ယောက်က အခု ငါတို့ထဲက တစ်ယောက် ဖြစ်နေပြီလေ... ငါတို့က ငါတို့လူဆိုရင် ကာကွယ်ပေးတယ်”
“ငါ တောင်းဆိုချင်တာ တစ်ခုတည်းက... သေရမယ့် အခြေအနေ ရောက်ရင်တောင် အဖွဲ့အစည်းရဲ့ အခြေခံ ယုံကြည်ချက်တွေကို ဘယ်တော့မှ အမည်းစက် မထင်စေနဲ့”
“ဒါနဲ့ပဲ... အဖွဲ့အစည်းကနေ ကြိုဆိုပါတယ် ဟိုင်ရှီ၊ ဘိုလင်း”
ယန်ချင်းက ပျော်ရွှင်စွာ အော်ဟစ်လိုက်ရာ၊ လူအုပ်ကြီးကလည်း သူတို့ကို ကြိုဆိုသည့်အနေဖြင့် ဝိုင်အိုးများကို မြှောက်ကာ သူ၏ အောင်ပွဲခံသံများကို လိုက်လံ အော်ဟစ်လိုက်ကြလေသည်။