အမှုတွဲများမှ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများ (၁)
Vol. 10 Ch. 99
အဝါနှင့် အစိမ်းရောင်စပ် လုံးဝန်းသော သတ္တဝါလေးမှာ ရက်ကန်းငှက်တစ်ကောင်နှင့် တူသော်လည်း၊ ပုံမှန် ရက်ကန်းသည်ငှက်များနှင့် ကွဲပြားစေသော ထူးခြားသည့် လက္ခဏာအချို့ ရှိလေသည်။
တစ်ချက်မှာ အလွန်အမင်း ဝိုင်းစက်နေသော ၎င်း၏ ခန္ဓာကိုယ်ကြောင့် ငှက်တစ်ကောင်ထက် သိုးတစ်ကောင်နှင့် ပိုတူနေပြီး၊ အမွေးများမှာလည်း သိုးမွေးထက်ပင် ပိုမို နူးညံ့ဖောင်းကားနေလေသည်။
ထိုသတ္တဝါလေးမှာ အချင်း နှစ်မီတာခွဲခန့် ရှိပုံရပြီး၊ ခန္ဓာကိုယ် တစ်ခုလုံး ဝိုင်းစက်နေသဖြင့် သူ၏ လည်ပင်းနှင့် ခြေထောက်များကို ရှာဖွေရသည်မှာပင် ခက်ခဲလှပေသည်။
သို့သော် ရယ်စရာကောင်းသော အသွင်အပြင် ရှိနေသော်ငြားလည်း၊ ၎င်းထံတွင် တော်ဝင်ဆန်သော အငွေ့အသက်တစ်ခု ရှိနေလေသည်။
သူ၏ မျက်လုံးများမှာ နက်မှောင်နေပြီး မျက်လုံးထဲတွင် ကြယ်စုများက အခါအားလျော်စွာ တောက်ပနေတတ်လေသည်။
၎င်း၏ မျက်လုံးများမှာ အာကာသထဲရှိ ကြယ်စင်စုတစ်ခုနှင့် တူလေသည်။
ဦးခေါင်းတွင် ခရမ်းရောင်သရဖူတစ်ခု၏ အမှတ်အသားနှင့် တူသော အရာတစ်ခု ရှိလေသည်။
ထိုထူးခြားသော လက္ခဏာ နှစ်ခုကြောင့် လမ်းမပေါ်ရှိ မည်သည့် ကျင့်ကြံသူမဆို ဤသတ္တဝါမှာ ကောင်းကင်ဘုံရက်ကန်းငှက် ဖြစ်ကြောင်း သိရှိနိုင်ပေသည်။
ဝိညာဉ်သားရဲများထဲတွင် အထွတ်အထိပ်အဖြစ် လူသိများသော ရွှေရောင်ရော့ခ်ငှက် ၊ အနက်ရောင်လိပ်၊ ဖီးနစ်ငှက်၊ ခွန်ဖန်၊ နဂါးများ နှင့် ဗာမီလီယန်ငှက်များစသည်တို့နှင့် ရင်ပေါင်တန်းနိုင်သော အဆင့်မြင့် သွေးကြောဆက်ခံမှု ရှိသည့် ဝိညာဉ်သားရဲ တစ်ကောင် ဖြစ်သည်။
သို့သော် ၎င်း၏ ထိပ်တန်းသွေးကြောဆက်ခံမှု ရှိသော အခြားသတ္တဝါများနှင့် မတူဘဲ၊ ကောင်းကင်ဘုံရက်ကန်းငှက်မှာ တိုက်ခိုက်ရေးပိုင်းတွင် လုံးဝ အသုံးမကျပေ။
သူ၏ အားသာချက်မှာ ရတနာများကို အနံ့ခံ ရှာဖွေခြင်းနှင့် ၎င်းတို့ကို အသုံးပြုကာ မြင့်မြတ်နယ်မြေ များရှိ စံအိမ်များကိုပင် ကျော်လွန်နိုင်မည့် နတ်ဘုရားအဆင့် အသိုက်တစ်ခု တည်ဆောက်ခြင်းတို့တွင် တည်ရှိလေသည်။
၎င်းသည် နေထိုင်ရန် အသက်တောင့်သက်သာဆုံး နေရာတစ်ခုကို ဖန်တီးလိုသော ဆန္ဒဖြင့် တွန်းအားပေးခံရသည့် သတ္တဝါတစ်ကောင် ဖြစ်ပြီး၊ ၎င်းမှလွဲ၍ သူ၏ သားပေါက်များကို စောင့်ရှောက်ခြင်း အပါအဝင် အခြား မည်သည့်အရာကိုမျှ ဂရုမစိုက်ပေ။
စွမ်းအားကြီးမားသော သွေးကြောဆက်ခံမှု ရှိသည့် ဝိညာဉ်သားရဲများတွင် ကြုံတွေ့ရလေ့ရှိသော မျိုးပွားခြင်းဆိုင်ရာ အကန့်အသတ်များကို ထည့်မတွက်ဘဲ၊ သူတို့၏အရေအတွက် အလွန်အမင်း နည်းပါးရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။
ကောင်းကင်ဘုံရက်ကန်းငှက်များသည် သူတို့၏ သားပေါက်များကို အစာကျွေးရန် သို့မဟုတ် ပြုစုပျိုးထောင်ရန် ပူပန်ရခြင်းများကို ရှောင်ရှားရန်အတွက် အကောင်ပေါက်ပြီးသည်နှင့် ချက်ချင်း နှင်ထုတ်လေ့ ရှိကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုအချိန်များကို အိပ်စက်ခြင်း သို့မဟုတ် အသိုက်ကို ပိုမို သက်တောင့်သက်သာ ဖြစ်အောင် ပြုလုပ်ခြင်းတို့တွင် အသုံးပြုနိုင်သဖြင့် သားပေါက်များကို ပြုစုရခြင်းမှာ အလုပ်ရှုပ်သည်ဟု ယူဆသောကြောင့် ဖြစ်သည်။
သားပေါက်လေးများမှာ သူတို့၏ မိဘများ ချန်ထားခဲ့သော အကြွင်းအကျန်ရတနာ အနည်းငယ်ဖြင့် သူတို့ဘာသာသူတို့ ဘဝကိုစတင်ကြရလေသည်။
သို့သော် ကောင်းကင်ဘုံရက်ကန်းငှက်၏ အမြင်တွင် အကြွင်းအကျန် ဆိုသည့် အဓိပ္ပာယ်မှာ အခြားသတ္တဝါ တော်တော်များများနှင့် အလွန် ကွာခြားလှပေသည်။
သူတို့အတွက် ကောင်းကင်အဆင့်၏ အောက်ခြေအဆင့်ရှိ မည်သည့်အရာမဆို ခွေးချေးကဲ့သို့သာ ဖြစ်နေသဖြင့်၊ မိဘများက သူတို့၏ သားပေါက်များကို လွှင့်ပစ်ခဲ့သော မည်သည့် အကြွင်းအကျန်မဆို သူတို့၏ငယ်ရွယ်စဉ် ဘဝများကို ထောက်ပံ့ပေးရန် လုံလောက်ရုံသာမက၊ လောဘကြီးသော ကျင့်ကြံသူ သို့မဟုတ် ဝိညာဉ်သားရဲ တစ်ကောင်က မျက်စိကျသွားပါက သူတို့ကို သေဆုံးစေနိုင်သည်အထိ လုံလောက်ပေသည်။
“ဒီတော့ မင်း ဒီကို ဘာလာလုပ်တာလဲ။”
“ဒီမှာ မင်း မျက်စိကျလောက်စရာ သိပ်မရှိဘူးဆိုတော့ မင်းက ဒီလို ပေါ်လာတတ်တဲ့ ကောင်မျိုးမှ မဟုတ်တာ”
ယန်ချင်းက စိတ်ပျက်လက်ပျက်ဖြင့် မေးရင်း၊ ကောင်းကင်ဘုံရက်ကန်းငှက်ကို စားပွဲပေါ်မှ မြေပြင်ပေါ်သို့ လှိမ့်ချလိုက်ပြီးနောက် ၎င်းကို ခြေတင်ခုံအဖြစ် အသုံးပြုလိုက်လေသည်။
ခြေတင်ခုံအဖြစ် အသုံးပြုခံရသဖြင့် စိတ်အနှောင့်အယှက် ဖြစ်နေသော်လည်း၊ ရက်ကန်းငှက်သည် လှုပ်ရှားရန်ပင် ပျင်းရိနေလေသည်။
၎င်းက မျက်လုံးများကို လှန်ကြည့်လိုက်သော်လည်း လမ်းတစ်ဝက်တွင် အလုပ်ရှုပ်သည်ဟု ခံစားရသဖြင့် အကြည့်ကို ပုံမှန်အတိုင်း ပြန်ထားလိုက်လေသည်။
“စိတ်ဝင်စားစရာကောင်းတာ တစ်ခုခုကို ငါ အနံ့ရလိုက်လို့”
‘ကောင်းကင်ဘုံရက်ကန်းငှက်’ က သူ၏ အကြည့်များကို ဟိုင်ရှီနှင့် ဘိုလင်းတို့ ရှိရာဘက်သို့ ရွှေ့လိုက်ရင်း ပြောလိုက်သည်။
၎င်း၏ ပျင်းရိသော သဘာဝကြောင့် အစားအစာက ၎င်း မျက်စိကျလောက်သော တန်ဖိုးကြီး ဆေးပင်တစ်ခုခု မဟုတ်ပါက၊ စားသောက်ခြင်းကပင် ၎င်းအတွက် အနှောင့်အယှက်တစ်ခု ဖြစ်နေလေ့ရှိသောကြောင့်၊ ၎င်း၏ အကြည့်ကို ယန်ချင်းက ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။
သို့သော် ယန်ချင်းသည် ၎င်း၏ အကျင့်စရိုက်ကို ကောင်းစွာ သိရှိထားသည်။
ဤနေရာတွင် သူ၏ သက်တောင့်သက်သာရှိသော အသိုက်ကို စွန့်ခွာကာ အိပ်စက်ခြင်းကို စွန့်လွှတ်လိုက်ရန် ဆုံးဖြတ်ရလောက်အောင် ၎င်း၏အာရုံကို ဆွဲဆောင်နိုင်မည့် အရာတစ်ခုမျှ မရှိပေ။
ကောင်းကင်ဘုံရက်ကန်းငှက်သည် လွန်ခဲ့သော ခြောက်နှစ်ကတည်းက သူနှင့်အတူ ရှိနေခဲ့ခြင်း ဖြစ်သည်။
သူသည် တစ်ခါက အဖွဲ့အစည်း၏ ဘဏ္ဍာတိုက်မှ ရတနာ တစ်ခုကို ရွေးချယ်ခွင့်ရသည့် ဆုတစ်ခုကို ရရှိခဲ့ဖူးပြီး၊ သူ ရွေးချယ်နိုင်သော ပစ္စည်းစာရင်းကို ကြည့်ရှုပြီးနောက် သူ၏ ဆုံးဖြတ်ချက်မှာ အလွန် ရိုးရှင်းသည်။
‘ကောင်းကင်ဘုံရက်ကန်းငှက်’ က အကောင်းဆုံး ရွေးချယ်မှုဖြစ်ပြီး အခြား မည်သည့်အရာကမျှ ယှဉ်နိုင်စွမ်း မရှိခဲ့ပေ။
စံအိမ်အလွတ်များကိုသာ ပေးလေ့ရှိသည့် အဖွဲ့အစည်း၏ ကပ်စေးနဲသော သဘာဝကြောင့် ကောင်းကင်ဘုံကဲ့သို့ စံအိမ်တစ်ခုကို ဖန်တီးနိုင်စွမ်းရှိသော သတ္တဝါတစ်ကောင်ကို ပိုင်ဆိုင်ခွင့်ရခြင်းက သူ့အတွက် အကြီးမားဆုံးသော လက်ဆောင်တစ်ခု ဖြစ်ခဲ့သည်။
ထို့အပြင် အိပ်စက်ခြင်းနှင့် သက်တောင့်သက်သာ ရှိခြင်းကို နှစ်သက်မှုတွင် ထိုငှက်နှင့် သူက တူညီသော မျိုးနွယ်စုတစ်ခုကဲ့သို့ ခံစားခဲ့ရလေသည်။
ထိုအချိန်က သူ မြင်တွေ့ခဲ့ရသမျှမှာ ဘုရင်တစ်ပါး၏ စံအိမ်ကဲ့သို့ နေရာတစ်ခုသာဖြစ်ပြီး၊ ၎င်း၏ အသိုက်ကို တည်ဆောက်ရာတွင် ကောင်းကင်အဆင့်၏ အောက်ရှိ မည်သည့်ပစ္စည်းကိုမဆို လက်မခံသည့်အထိ ဂျီးများသော ငှက်တစ်ကောင်ကို ပိုင်ဆိုင်ထားရခြင်း၏ ကုန်ကျစရိတ်ကို သူ လျစ်လျူရှုထားခဲ့မိသည်။
သူ၏ အကျိုးဆောင်မှတ်များနှင့် ဝင်ငွေ အများစုမှာ ‘ကောင်းကင်ဘုံ ရက်ကန်းငှက်’ ၏ အသိုက်အတွက် အသုံးပြုရန် တန်ဖိုးကြီး ပစ္စည်းများ ဝယ်ယူရာတွင် ကုန်ဆုံးသွားလေ့ရှိသည်။
၎င်းသည် လက်ရှိ ပျင်းရိနေသော သဘာဝနှင့် မတူဘဲ ပစ္စည်းတိုင်းအပေါ် အပြစ်တင် ဝေဖန်လေ့ရှိသဖြင့် ယန်ချင်းအား အဆုံးမရှိသောဝမ်းနည်းပူဆွေးမှုကို ခံစားခဲ့ရလေသည်။
သို့သော် ၎င်း၏ အပြစ်တင် ဝေဖန်တတ်သော သဘာဝ ရှိနေသော်ငြားလည်း၊ ၎င်းသည် ၎င်း၏ နာမည်နှင့် လိုက်ဖက်အောင် စွမ်းဆောင်နိုင်ပေသည်။
ယန်ချင်းသည် သူ၏အသိုက်တွင် စတင် နေထိုင်ခဲ့ကတည်းက မကျေနပ်မှုများစွာ ရှိနေသော်လည်း၊ သူ၏ ခြံဝင်းထဲတွင် သူ တစ်ကြိမ်မျှပင် အချိန်မဖြုန်းခဲ့ဖူးပေ။
အရည်အသွေးနှင့် သက်တောင့်သက်သာ ရှိမှုမှာ ကွာခြားလွန်းလှပေသည်။
သူ နန်းတော်အဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်ရန် လုံလောက်သော အရင်းအမြစ်များ စုဆောင်းနိုင်ခဲ့ခြင်းမှာ ထိုအသိုက်ကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပေသည်။
ထိုအသိုက်အတွင်းရှိ အရာအားလုံးကို သက်တောင့်သက်သာ ရှိစေရန်အတွက်သာ ဖန်တီးထားခြင်း ဖြစ်သည်။
ထိုအသိုက်ထဲတွင် ရှိနေစဉ် ကျင့်ကြံခြင်း၊ အသက်ရှူခြင်း၊ အိပ်စက်ခြင်း၊ စားသောက်ခြင်းစသည်ဖြင့် နေစဥ် နိစ္စဝူဓ အရာအားလုံးကို သက်တောင့်သက်သာဖြင့် လုပ်ဆောင်နိုင်လေသည်။
အသိုက်သည် ‘ကောင်းကင်ဘုံ ရက်ကန်းငှက်’၏ တာအိုဖြစ်သော ‘ အနားယူခြင်းတာအို’ ဖြင့် ပြည့်နှက်နေလေသည်။
‘ကောင်းကင်ဘုံ ရက်ကန်းငှက်’ သည် ကျင့်ကြံခြင်းအဆင့်အရ ယန်ချင်းထက် ပိုမို စွမ်းအားကြီးမားနေပြီဖြစ်ပြီး၊ ယန်ချင်းမှာ ထိုအချိန်က အမြူတေဖွဲ့စည်းခြင်းအဆင့်၏ အထွတ်အထိပ်တွင်သာ ရှိနေချိန်၌ ၎င်းသည် နန်းတော်အဆင့်၏ စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ၊ တာအိုများ ကြွယ်ဝနေသော ၎င်း၏ အသိုက်နှင့် ထိတွေ့ဆက်ဆံရခြင်းမှ သူ့အတွက် အကျိုးကျေးဇူးများစွာ ရရှိခဲ့လေသည်။
“ယောင်ထင်… နင့်ကို မြင်ရတာ တစ်ခေါက်ထက်တစ်ခေါက် ပိုပြီးဝလာသလိုပဲ”
ကျန်းချင်ကောက သူမ၏ခန္ဓာကိုယ် သေးသေးလေးဖြင့် ငှက်၏ အမွေးများထဲသို့ ခေါင်းကို ဝှက်ထားရင်း ပြောလိုက်ရာ၊ ၎င်းက ယန်ချင်း၏ ခြေထောက်အောက်မှ လိမ့်ထွက်သွားလေသည်။
“ဒါက သဘာဝပဲလေ”
‘ကောင်းကင်ဘုံ ရက်ကန်းငှက်’ ဖြစ်သော ယောင်ထင်က ကျန်းချင်ကော၏ စကားကို ချီးကျူးစကားအဖြစ် သတ်မှတ်ကာ မောက်မာစွာ ပြောလိုက်သည်။
ကျောဘက် နားရွက်ကို ပွတ်သပ်ခံရသော ကြောင်တစ်ကောင်ကဲ့သို့ သူမ၏ခေါင်းက အမွေးများကို ပွတ်တိုက်နေသည်ကိုလည်း အတော်လေး သဘောကျနေပုံ ရလေသည်။
‘ကောင်းကင် အသိုက်ဖွဲ့ ရက်ကန်းသည်ငှက်’သည် ပျင်းရိသောသဘာဝ ရှိသော်လည်း အလွန်မာနကြီးသော ငှက်တစ်ကောင် ဖြစ်သည်။
လူများကို သူ၏ပတ်ဝန်းကျင် ပေအနည်းငယ် အတွင်းသို့ပင် ရှားပါးစွာသာ ခွင့်ပြုလေ့ရှိပြီး ထိတွေ့ခွင့် ဆိုသည်မှာ ဝေလာဝေးပင်။
ယန်ချင်းကို သည်းခံခဲ့ခြင်းမှာ သူ၏အမြင်တွင် ယန်ချင်းသည် လူသားအစေခံဖြစ်ပြီး၊သူ၏ အသိုက်တွင် ယန်ချင်းကို နေထိုင်ခွင့် ပြုခြင်းမှာ လုပ်အားခအဖြစ် သတ်မှတ်နိုင်ကာ ယန်ချင်း မှာလည်း အလွန်အမင်း မျက်နှာပြောင်တိုက်လွန်းသောကြောင့် ဖြစ်သည်။
ယန်ချင်းမှလွဲ၍ သူသည် တချို့သောအကြောင်းပြချက်များကြောင့် ကျန်းချင်ကောနှင့် ရှားပေါ်ချင်းတို့ကို အတော်လေး လက်ခံလေ့ ရှိသည်။
နောက်ပိုင်းတွင် ရှားပေါ်ချင်း၏ မွန်မြတ်သော အကျင့်စရိုက်ကို ‘ကောင်းကင်ဘုံ ရက်ကန်းငှက်’ က လေးစားအားကျသောကြောင့် ဖြစ်သည်။
စည်းကမ်းမရှိသော ယန်ချင်းထက်စာလျှင်၊ ရှားပေါ်ချင်းသာ သူ၏ လူသားအစေခံ ဖြစ်ခဲ့ပါက ပို၍ပင် သဘောကျမည် ဖြစ်သည်။
ဤအကြောင်းကြောင့်ပင် သူ၏အမြင်တွင် အဝါရောင်ဆံပင်ရှိသော နောက်ထပ်ယန်ချင်း တစ်ယောက် ဖြစ်နေသည့် ခန်ဟွေ့လန်ကို မနှစ်မြို့ခဲ့ခြင်း ဖြစ်သည်။
…
“မင်းက သက်တံ့မြူခိုး ဖားပြုတ်ကို စိတ်ဝင်စားတာ မဟုတ်ဘူးလား”
ယန်ချင်းက ‘ကောင်းကင်ဘုံရက်ကန်းငှက်’ ၏ မျက်လုံးများက ထိုဘက်သို့ အမြဲတမ်း ရောက်နေသည်ကို မြင်သောအခါ သိချင်စိတ်ဖြင့် မေးလိုက်သည်။
“အဲဒီ ဖားပြုတ်က မင်းတို့ လူသားတွေအတွက် အရေးကြီးပေမဲ့ ငါ့အတွက်တော့ ဘာမှမဟုတ်ဘူး။”
“ ငါစိတ်ဝင်စားတာက သူ့ဘေးနားက ပုံရိပ်ယောင် ပုစဉ်းဆီမှာ... သူ့ရဲ့ မူလဇာစ်မြစ်က ရိုးရှင်းပုံမရဘူး။”
“သူ့မှာ ငါ့လိုမျိုး မြင့်မြတ်တဲ့ သွေးကြောဆက်ခံမှုမျိုး မရှိကောင်း မရှိနိုင်ပေမဲ့၊ ပထမတန်းစားအဆင့်လို့ သတ်မှတ်လို့ရလောက်တဲ့ အနေအထားတော့ ရှိတယ်။”
“ တကယ်တော့ ငါ့ကို စိတ်ဝင်စားစေတာက သူ့ရဲ့ စည်းတံဆိပ်တွေပဲ၊ တော်တော်လေးကို ပါးနပ်ပုံရတယ်”
‘ကောင်းကင်ဘုံ ရက်ကန်းငှက်’ က မျက်လုံးများ တောက်ပနေရင်း ပြောလိုက်ရာ ၎င်း၏သရဖူမှာ ခရမ်းရောင်အလင်းတန်းဖြင့် လင်းလက်သွားလေသည်။
“ဟိုင်ရှီလား... ငါ သတိမထားမိလိုက်တဲ့ အရာတစ်ခုခုများ ရှိနေလို့လား”
ယန်ချင်းက သိချင်စိတ်ဖြင့် တီးတိုးရေရွတ်လိုက်သည်။ အခြား တရားသူကြီးများကလည်း ၎င်းကို သိချင်စိတ်ဖြင့် စိုက်ကြည့်နေကြလေသည်။
အချို့က ‘ကောင်းကင်ဘုံ ရက်ကန်းငှက်’ ၏ ကြွားလုံးထုတ်တတ်သော အကျင့်ကို မုန်းတီးကောင်း မုန်းတီးနိုင်သော်လည်း၊ ၎င်း၏ အကဲဖြတ်နိုင်စွမ်းမှာ အမြဲတမ်း မှန်ကန်ကြောင်း သူတို့ သိကြလေသည်။
“ဘိုလင်း... ခဏလောက် ဒီလာခဲ့ပါဦး”
ယန်ချင်းသည် ဟိုင်ရှီ၏ ထူးခြားချက် တစ်ခုခုကို ရှာဖွေတွေ့ရှိရန် ခက်ခဲနေဆဲဖြစ်သောကြောင့် ဘိုလင်းကို ခေါ်ရန် ဆုံးဖြတ်လိုက်သည်။
ဝိညာဉ်သားရဲများသည် အချင်းချင်း သတိထားတတ်ပြီး အလှမ်းကွာဝေးလေ့ ရှိကြသော်လည်း၊ ဘိုလင်းက သူမနှင့် ပတ်သက်သော အသေးစိတ် အချက်အလက် အနည်းငယ်ကို သိနိုင်မည်ဟု သူ မျှော်လင့်ခဲ့သည်။
ပိုလင်း နှင့် ဟိုင်ရှီ တို့သည် ‘ကောင်းကင် အသိုက်ဖွဲ့ ရက်ကန်းသည်ငှက်’ ပေါ်လာကတည်းက ၎င်းထံမှ မွေးရာပါ ဖိနှိပ်မှု တစ်ခုကို ခံစားခဲ့ရသည်။
ထိုဖိနှိပ်မှုမှာ သူတို့၏ ဝိညာဉ်များထဲမှ နက်ရှိုင်းစွာ ထွက်ပေါ်လာခြင်းဖြစ်ပြီး ၎င်း၏ ရှေ့မှောက်တွင် နေထိုင်ခွင့် မထိုက်တန်ဟု ခံစားရစေသည်။
၎င်းမှာ ကျင့်ကြံခြင်းအဆင့်အရ ဖိနှိပ်မှု မဟုတ်ဘဲ သွေးကြောဆက်ခံမှုအရ ဖိနှိပ်မှု ဖြစ်သည်။
သို့သော် ဟိုင်ရှီမှာ ကျောတစ်ခုလုံး ချွေးများ ပြည့်နှက်နေပြီး ဒူးထောက်ချင်နေသကဲ့သို့ ခြေထောက်များ တုန်ယင်နေသော ဘိုလင်းထက်စာလျှင် အနည်းငယ် ပိုမို ကောင်းမွန်ပုံ ရလေသည်။
“မင်းရဲ့ အရှိန်အဝါကို နည်းနည်းလောက် ထိန်းထားပေးပါလား” ယန်ချင်းက ဘိုးလင်း လျှောက်လာရန် ရုန်းကန်နေရသည်ကို မြင်သောအခါ ပြောလိုက်သည်။
“ငါက ဘာလို့ ထိန်းရမှာလဲ”
ယောင်ထင်က မောက်မာစွာ ပြောလိုက်သည်။
“မင်း မထိန်းရင် ငါ မင်းရဲ့ အသိုက်ကို မြေကမ္ဘာအဆင့်ဆေးပင်တွေနဲ့ အပြည့် ဖြည့်ပစ်မယ်” ယန်ချင်းက မဆိုင်းမတွပင် ပြန်ပြောလိုက်သည်။
“ယန်ချင်း…. မင်း လုပ်ရဲလို့လား”
ယောင်ထင်က အံ့ဩမှုနှင့် ဒေါသ ရောနှောကာ အော်ဟစ်လိုက်သည်။
“အဲဒီအဖြေကို မင်း ကောင်းကောင်း သိပါတယ်။ ကဲ... လုပ်မှာလား မလုပ်ဘူးလား”
ယန်ချင်းက အေးအေးဆေးဆေးပင် ပြောလိုက်သည်။
သိပ်မကြာမီမှာပင် ယောင်ထင်သည် လက်လျှော့ကာ ၎င်း၏ အရှိန်အဝါကို ပြန်ရုပ်သိမ်းရန် ဆုံးဖြတ်လိုက်ရာ၊ နောက်ဆုံးတွင် စားပွဲဆီသို့ ရောက်လာသော ဘိုလင်း အတွက် သက်သာရာ ရသွားစေသည်။
အရှိန်အဝါ မရှိတော့သော်လည်း၊ ဖိနှိပ်မှုမှာ လုံးဝ ပျောက်ကွယ်မသွားဘဲ၊ ကျန်းချင်ကော၏ ပွတ်သပ်ပေးမှုကို သာယာစွာ ခံစားနေရင်း လခြမ်းပုံစံ မျက်လုံးများ မှေးစင်းနေသော ဝိုင်းစက်စက် ယောင်ထင်၏ရှေ့တွင် ဒူးထောက်လိုသော ဆန္ဒကို ခံစားနေရဆဲ ဖြစ်သည်။
“ဟိုင်ရှီ အကြောင်း မင်းဘာသိထားတာရှိလဲ” ယန်ချင်း က စကားမရှည်တော့ဘဲ တိုက်ရိုက် မေးလိုက်သည်။
“တောင်းပန်ပါတယ် ဆရာယန်ချင်း... တခြား ဝိညာဉ်သားရဲတွေ သိနိုင်လောက်တဲ့ အရာတွေကလွဲပြီး သူမ အကြောင်းကို ကျွန်တော် သိပ်မသိပါဘူး။”
“တကယ်တော့ ကျွန်တော်က အများအားဖြင့် သီးသန့်နေတတ်ပြီး ဂူထဲကနေ သိပ်မထွက်တတ်တော့ တခြားသူတွေထက်တောင် ပိုပြီး နည်းနည်းပဲ သိလောက်မှာပါ”
ဘိုလင်းက ရှက်ရွံ့သော အပြုံးဖြင့် ပြောလိုက်သည်။
“မင်းသိသလောက် နည်းနည်းလေးဖြစ်ဖြစ် ပြောပြပါ။ ကောလာဟလ အလကားတွေဆိုရင်တောင် ရတယ်” ဟု ယန်ချင်းက ညင်သာစွာ ပြောလိုက်သည်။
“အင်း... သူမနဲ့ တောဝက်တို့ကြားက ထူးဆန်းတဲ့ ပူးပေါင်းမှု တစ်ခု ရှိတယ်။”
“အဲဒီဝက်က အစားအစာနဲ့ ပတ်သက်လာရင် ပုံမှန်အားဖြင့် ဒေါသကြီးပြီး သူ့နယ်မြေကို အရမ်းကာကွယ်တတ်ပေမဲ့၊ အကြောင်းပြချက် တစ်ခုခုကြောင့် သူမက ပိုပြီး အားနည်းနေပေမဲ့လည်း သူ့နောက်ကို လိုက်ခွင့်ပြုထားတယ်။”
“အဲဒီ ပူးပေါင်းမှုက တော်တော်လေးကို ထူးဆန်းနေခဲ့တာ။”
“အဲဒါကလွဲရင် နောက်ထပ် ထူးဆန်းတာ တစ်ခုကတော့၊ သူမ ဒီလောက်ကြာအောင် ဘယ်လို အသက်ရှင်နေနိုင်ခဲ့လဲ ဒါမှမဟုတ် သူမက ဘယ်လိုလုပ်ပြီး အမြူတေဖွဲ့စည်းခြင်းအဆင့် ဝိညာဉ်သားရဲ တစ်ကောင် ဖြစ်လာတာလဲ ဆိုတာပဲ။”
“ကျွန်တော် သိသလောက်တော့ သူမမှာ တိုက်ခိုက်ရေး အတွေ့အကြုံ သိပ်မရှိဘူး။”
“အဲဒါက မြူနွံတောဒေသလိုမျိုး မတည်ငြိမ်တဲ့ နေရာတစ်ခုမှာ တကယ်ကို ထူးဆန်းတဲ့ အချက်တစ်ခုပဲ။”
“သူမနဲ့ ပတ်သက်သမျှ အရာအားလုံးက လျှို့ဝှက်ချက်တွေနဲ့ ဖုံးလွှမ်းနေတယ်။”
“ငါတို့ ဝိညာဉ်သားရဲတွေက အချင်းချင်း ရှောင်ရှားကြပေမဲ့၊ ပဋိပက္ခတွေကို ရှောင်ရှားဖို့ အချင်းချင်းရဲ့ နယ်မြေတွေကိုတော့ အကြမ်းဖျင်း သိထားကြတယ်။”
“ဒီအချက်ကို တိုက်ခိုက်ဖို့အတွက် အချင်းချင်း အမြဲတမ်း လိုက်ရှာနေကြတဲ့ အမြူတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့် ဝိညာဉ်သားရဲတွေက အထူး ဂရုစိုက်လေ့ ရှိတယ်။”
“ဒါပေမဲ့ သူမကိုကြတော့ ဘယ်မှာနေလဲဆိုတာကို ဘယ်ဝိညာဉ်သားရဲကမှ မသိကြဘူး။”
“သူတို့ရဲ့ ဂူတွေကို လျှို့ဝှက်ချက်တွေနဲ့ ဖုံးကွယ်ထားတဲ့ တခြား ဝိညာဉ်သားရဲတွေဆိုလို့ ‘ဘုရင်တစ်ပိုင်း’ သုံးကောင်နဲ့ အဋ္ဌမဇုန်ရဲ့ အရှင်သခင်ပဲ ရှိတယ်။”
“ဒါပေမဲ့ ‘ဘုရင်တစ်ပိုင်း’ သုံးကောင် အခြေအနေမှာတော့ သူတို့ရဲ့ လွှမ်းမိုးမှု အတိုင်းအတာကို ငါတို့ အနည်းဆုံးတော့ သိကြတယ်။”
“အရှင်သခင် အကြောင်းကိုတော့ ဘယ်သူမှ လိုက်မစူးစမ်းရဲကြဘူးလေ။”
“အခု ပြန်စဉ်းစားကြည့်တော့ ဟိုင်ရှီကို မြင်ဖူးတယ်ဆိုတဲ့ တစ်ခုတည်းသော သက်သေက သူမက ဝက်နောက်ကို လိုက်သွားတဲ့ အချိန်မှာပဲ ရှိတာ။”
“အဲဒီမတိုင်ခင်နဲ့ အဲဒီနောက်ပိုင်း သူမ ဘယ်ရောက်နေလဲ ဆိုတာကို လုံးဝ မသိရဘူး။”
“ပြီးတော့ သတင်းအချက်အလက်နဲ့ ပတ်သက်လာရင် ကျွန်တော်က အယုံကြည်ရဆုံးသူ မဟုတ်ပေမဲ့၊ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကတော့ ပိုသိနိုင်လောက်တယ်။”
“ ဒါပေမဲ့ သူ့ရဲ့ သွင်ပြင်လက္ခဏာက နည်းနည်းတော့ ထိလွယ်ရှလွယ် ဖြစ်နေတယ်” ဟု ပိုလင်းက သတိထား၍ ပြောလိုက်သည်။
“ဘယ်သူလဲ”
ဘိုလင်း၏ ထူးဆန်းသော အမူအရာကို မြင်သောအခါ ယန်ချင်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဆရာဖုန့်ရှင်း ဆီကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ လျှပ်စီးမြွေပွေးလေ။ သူကလည်း ‘ဘုရင်တစ်ပိုင်း’ သုံးကောင်ထဲက တစ်ကောင်ပဲ”
အနည်းငယ် တုံ့ဆိုင်းပြီးနောက် ဘိုလင်းက ပြောလိုက်သည်။