အမှုတွဲများမှ နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများ (၂)
Vol. 10 Ch. 100
“ဘုရင်တစ်ပိုင်းတွေ ဟုတ်လား... တော်တော်လေး အရေးပါတဲ့ကောင်တွေလား”
ခဏအကြာတွင် ကျန်းဟူသည် ယန်ချင်း၏စားပွဲသို့ ရောက်ရှိလာပြီး၊ ဖုန့်ရှင်းမှာလည်း မြွေသားကင်များ အပြည့်ပါသော ပန်းကန်လုံး တစ်လုံးကို ကိုင်ကာ သူ၏နောက်မှ ကပ်လျက် လိုက်ပါလာသည်။
ဘုရင်တစ်ပိုင်းများကိုသာ အာရုံစိုက်နေခဲ့သော ယန်ချင်းမှာ အငွေ့များ ထွက်နေပြီး ကြွပ်ရွကာ အညိုရောင်သန်းနေသော အသားပြားလေးများကို မြင်လိုက်ရသောအခါ အကြည့်မလွှဲနိုင်တော့ဘဲ တံတွေးမျိုချလိုက်မိသည်။
ကံကောင်းထောက်မစွာဖြင့်၊ သူက အိမ်ရှင်ဖြစ်ကြောင်း သတိရနေသေးသဖြင့် အစိမ်းရောင်ဝါးတူများကို လိုက်လံ ဝေငှပေးပြီးနောက်၊ မြွေသားများကို သစ်သား ပန်းကန်လုံး အဝိုင်းများထဲသို့ ခွဲဝေ ထည့်ပေးလိုက်လေသည်။
“ဘိုလင်း… မင်းရော စားချင်လား”
ယန်ချင်းက သတိထား၍ မေးလိုက်သည်။ ဤကိစ္စမှာ သူ့အတွက် ဝေခွဲမရသော အခြေအနေတစ်ခု ဖြစ်သည်။
တစ်ဖက်တွင် ဝိညာဉ်သားရဲများသည် အချင်းချင်း သတ်ဖြတ် စားသောက်တတ်ကြသော်လည်း၊ အခြားတစ်ဖက်တွင်မူ သူတို့ကြားတွင် မိတ်ဖွဲ့မှု တစ်မျိုးမျိုး ရှိနိုင်သဖြင့် သူငယ်ချင်းဖြစ်သူ၏ အသားကိုစားရန် ကမ်းလှမ်းခြင်းမှာ အနည်ငယ် ထူးဆန်းနေသည်။
ဝိညာဉ်သားရဲများ အချင်းချင်း စားသောက်ခြင်းနှင့် ပတ်သက်၍ သူတို့၏ကန့်သတ်ချက်က မည်မျှ ရှိသည်ကို သူသေချာ မသိပေ။
“ဆရာယန်ချင်းရဲ့ သဘောထားကြီးတဲ့ ကမ်းလှမ်းမှုကို ကျွန်တော် နှိမ့်ချစွာ လက်ခံပါတယ်။ ပြီးတော့ ဒါကို ပြင်ဆင်ပေးတဲ့ ဆရာဖုန့်ရှင်းကိုလည်း ကျေးဇူးတင်ပါတယ်”
ဘိုလင်းက ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ဒီမြွေက ကျွန်တော့် သူငယ်ချင်း မဟုတ်ပါဘူး။”
“ငါတို့ရဲ့ ဆက်ဆံရေး အရဆိုရင် ရန်သူတွေလို့တောင် သတ်မှတ်လို့ ရပါတယ်။ သူက သူငယ်ချင်း ဖြစ်နေရင်တောင်မှ ဘာမှ မတွန့်ဆုတ်ဘဲ သူ့ကို စားပစ်မှာပါ”
“ဝိညာဉ်သားရဲအားလုံးကိုယ်စားတော့ မပြောတတ်ပေမဲ့၊ မြူနွံတောဒေသမှာတော့ ကျုပ်တို့က သေဆုံးရှုံးသွားတဲ့ ရဲဘော်ရဲဘက်တွေအတွက် ဝမ်းနည်းပူဆွေးကြပေမဲ့ ပြီးရင်တော့ သူတို့ကို စားပစ်ကြတာပဲလေ။”
“အဲဒါက ကျုပ်တို့မှာ နှလုံးသား မရှိလို့ မဟုတ်ဘူး။”
“ ကျုပ်တို့အမြူတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်သွားပြီဆိုရင် ခန္ဓာကိုယ်တွေက ပုပ်သိုးဆွေးမြည့်သွားဖို့ ရာစုနှစ် တစ်ခုနီးပါး အချိန်ယူရတယ်လေ။”
“အဲဒီအချိန်အတွင်းမှာ တခြား ဝိညာဉ်သားရဲ တစ်ကောင်က သူတို့ကို စားသွားနိုင်တယ်။”
“အဲဒီလိုဆိုရင် သူစိမ်းတစ်ကောင် စားသွားတာထက်စာရင် သူငယ်ချင်းတစ်ယောက်က စားသွားတာ ပိုကောင်းတာပေါ့”
“ဒါကို နှစ်ဖက်လုံးက သူငယ်ချင်း တစ်ယောက်ကို ကူညီဖို့ လုပ်ပေးနိုင်တဲ့ နောက်ဆုံး အရာတစ်ခု အဖြစ် သတ်မှတ်ထားကြတယ်။”
“သူငယ်ချင်း တစ်ယောက်က နောက်တစ်ယောက်ကို ပိုပြီး အစွမ်းထက်လာအောင်နဲ့ အသက်ရှင်နိုင်စွမ်း တိုးလာအောင် ကူညီပေးသလို၊ ကျန်တဲ့ သူငယ်ချင်းကလည်း မွန်မြတ်တဲ့ အလုပ်တစ်ခုကို လုပ်ဆောင်ပေးခြင်းအားဖြင့် သေဆုံးသွားတဲ့ သူငယ်ချင်းကို ဂုဏ်သိက္ခာရှိရှိ သေဆုံးခွင့် ပေးလိုက်တာပဲ။”
“တခြား ပြိုင်ဘက်ဝိညာဉ်သားရဲ တစ်ကောင်ရဲ့ ဗိုက်ထဲမှာ အဆုံးသတ်သွားတာမျိုး အဖြစ်မခံဘူးပေါ့”
ဘိုလင်းက ယန်ချင်း၏ အတွေးများကို ဖတ်မိသကဲ့သို့ ထပ်မံ ရှင်းပြလိုက်သည်။
“အဲဒါက စိတ်ဝင်စားစရာကောင်းတဲ့ ယဉ်ကျေးမှု တစ်ခုပဲ”
မော်ယွင်ရူက ပြောလိုက်သည်။ သူမသည် မြွေသားကင်များ ချပေးနေချိန်တွင် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သူမက ကျန်းချင်ကောနှင့်အတူ ‘ကောင်းကင်ဘုံရက်ကန်းငှက်’အား ပွတ်သပ်ပေးရန် အနားသို့တိုးလာလေသည်။
ယီကျဲသည်လည်း သူ၏ဆေးမီးဖိုကို ကိုင်ဆောင်ကာ ရောက်ရှိလာသည်။
သို့သော် ဆေးဖိုမှာ လူတစ်ရပ်နီးပါးရှိသော ဝိုင်ဘူးသီးခြောက် အဖြစ်သို့ ပြောင်းလဲသွားလေပြီ။
၎င်းမှာ သူ၏ခါးအထိ ရှိနေပြီး သူ၏ တံတောင်ဆစ် ကြားတွင် ညှပ်ထားလေသည်။
ကျန်ဧည့်သည်များကလည်း ကြိုတင် တိုင်ပင်ထားသကဲ့သို့ သူတို့၏ စားပွဲများနှင့် ကုလားထိုင်များကို ယန်ချင်းနှင့် အခြားသူများ ရှိရာသို့ ရွှေ့လာကြလေသည်။
ယခင်က စားပွဲများကို ပုံမှန်ထက် ကြီးမားကျယ်ဝန်းသော ဆင်ဝင်အောက်တွင် နေရာချထားခဲ့သော်လည်း၊ ယခုအခါ အားလုံးက လူတစ်ယောက် ဖြတ်သွားရန် နေရာအနည်းငယ်သာ ချန်ထားပြီး စခန်းချမီးပုံပွဲတစ်ခုကဲ့သို့ မီးလင်းဖိုကို ဝိုင်းရံထားကြလေသည်။
ထိုအရာကို မြင်သောအခါ ယန်ချင်းက လခြမ်းပုံသဏ္ဍာန်သင်္ကေတငယ်လေး တစ်ခု ပေါ်လာသော သူ၏လက်ဝါးကို မြှောက်လိုက်ပြီး၊ အစားအသောက်များ ခင်းကျင်းထားသော ထမင်းစား စားပွဲဆီသို့ ညွှန်ပြလိုက်သည်။
စားပွဲသည် သူတို့ဆီသို့ ညင်သာစွာ ရွေ့လျားလာပြီး၊ သူတို့နှင့် ပေအနည်းငယ် အကွာတွင် ရပ်တန့်သွားလေသည်။
“ယီကျဲ... ဝိုင်”
ယန်ချင်းက မြွေသားကင်များ ပါသော ပန်းကန်လုံးကို ကိုင်ကာ သက်တောင့်သက်သာ ထိုင်ရင်း လောဘတကြီး တောင်းလိုက်သည်။
ဝိုင်ဟု ကြားလိုက်ရသောအခါ တိုင်ချန်၏ မျက်လုံးများလည်း အရောင်လက်သွားပြီး သူ၏ နှုတ်ခမ်းများကို အငမ်းမရ သပ်လိုက်ရာ၊ သူ၏ လက်ရှိ အသွင်အပြင်ကို ကြည့်ပြီး ယွီဟွေ့ဖန်က ခေါင်းခါလိုက်မိသည်။
“သူ့အတွက်လည်း တစ်ခွက် ငဲ့ပေးလိုက်။ ဝန်ခံရမှာ မုန်းပေမဲ့ သူက မင်းရဲ့ဝိုင်ကို ကြိုက်တယ်”
ယန်ချင်းက ‘ကောင်းကင်ဘုံ ရက်ကန်းငှက်’ ဘက်သို့ လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
“တော်လိုက်တဲ့ လူသားအစေခံလေး”
‘ကောင်းကင်ဘုံရက်ကန်းငှက်’ က တွေးလိုက်ပြီး၊ တပည့်တစ်ဦးကို သေးငယ်သော အလုပ်တစ်ခု ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည့်အတွက် သဘောတူကြောင်း ပြသသည့်အနေဖြင့် ယန်ချင်းကို ခေါင်းညိတ်ပြလိုက်သည်။
ယန်ချင်းကမူ ထိုအရူးငှက်စုတ်ကို လျစ်လျူရှုထားရန်သာ ဆုံးဖြတ်လိုက်သည်။
ဖောက်...
ယီကျဲက ဝိုင်ဘူးသီးခြောက်အိုး၏အဆို့ကို ဖွင့်လိုက်ပြီး၊ အပြာရောင်သန်းကာ ကြည်လင်နေသည့် ဝိုင်များကို စားပွဲပတ်လည်ရှိ ဝိုင်အိုးများထဲသို့ ကျွမ်းကျင်စွာ ငဲ့ထည့်လိုက်သည်။
ဝိုင်၏ရနံ့မှာ လန်းဆန်းစေပြီး၊ စံအိမ်၏သဘာဝကျသော အသွင်အပြင်နှင့် ပေါင်းစပ်လိုက်သောအခါ၊ ခြေအောက်တွင် ညင်သာစွာ စီးဆင်းနေသော မြစ်ရေသံကို နားထောင်ရင်း မြက်ခင်းပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေရသကဲ့သို့ ခံစားရစေလေသည်။
“ယီကျဲ... မင်းကတော့ တကယ်ကို လက်စွမ်းပြလိုက်တာပဲ။ အားတဲ့အခါ ငါ့အတွက် နောက်ထပ် တစ်စည်လောက် လုပ်ပေးပါဦး”
စိတ်မထိန်းနိုင်သော တိုင်ချန်က စိတ်လှုပ်ရှားစွာ ပြောရင်း ဝိုင်ကို နောက်ထပ်တစ်ငုံ သောက်လိုက်သည်။
ရောက်ရှိနေသူ အားလုံးက ဝိုင်တစ်ငုံ သောက်လိုက်သည်နှင့် သူတို့၏ မျက်လုံးများ အရောင်လက်သွားကြသော်လည်း၊ ကျင့်ကြံခြင်းအဆင့် နိမ့်ကျသောကြောင့် မသောက်နိုင်ကြသော ချောင်ရင်းနှင့် သူ၏ သူငယ်ချင်းများမှလွဲ၍ ဖြစ်သည်။
‘အရွက်တစ်ရာ ကြံဝိုင်’မှာ ညင်သာကောင်း ညင်သာနိုင်သော်လည်း၊ အမြူတေဖွဲ့စည်းခြင်းအဆင့် အောက်ရှိ မည်သူမဆို တစ်ငုံမျှသောက်မိပါက ပြင်းထန်သောစွမ်းအင်များ ပြည့်နှက်နေသည့် ပေါက်ကွဲနေသော မီးတောင်တစ်ခုကဲ့သို့ ခံစားရမည်သာ ဖြစ်သည်။
ဝိုင်ထဲတွင် ပါဝင်သော စွမ်းအင်များမှာ ချောင်ရင်းနှင့် အခြားသူများ ခံနိုင်ရည်ရှိသည်ထက် ကျော်လွန်နေသည်။
ထို့ကြောင့် သူတို့သည် ကော်ပြန့်လိပ်များနှင့် ဂျင်ဆင်းလက်ဖက်ရည် အချို့ကို စားသောက်ရင်း မနာလိုစွာဖြင့်သာ ငေးကြည့်နေနိုင်ကြလေသည်။
သို့သော် ဖုန့်ရှင်းက သဘောကောင်းစွာဖြင့် သူတို့ကို မြွေသားအနည်းငယ်ကို ပေးခဲ့လေသည်။
“ယီကျဲ... မင်း ငါ့အသိုက်ထဲမှာ တစ်လ လာနေလို့ရတယ်”
‘ကောင်းကင်ဘုံရက်ကန်းငှက်’ က ၎င်း၏ဝိုင်ကို နောက်တစ်ငုံ သောက်ရန် လိမ့်သွားရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
လွယ်လွယ်ကူကူ လိမ့်သွား၍ ရနေသဖြင့် ၎င်း၏ တောင်ပံများဖြင့် ဝိုင်အိုးကို ကိုင်ရန်ပင် ပျင်းရိနေလေသည်။
“ကျေးဇူးပဲ”
ယီကျဲက ကျေးဇူးတင်သည့်အနေဖြင့် ခေါင်းညိတ်ရင်း ပြောလိုက်သည်။
“ဒီငပျင်းကောင်က ဝိုင်ကို တော်တော် သဘောကျသွားပုံပဲ... ဒါဆိုရင် ငါ့အတွက် အဆင်ပြေသွားတာပေါ့။”
“ယီကျဲ နန်းတော်အဆင့်ကို ပိုမြန်မြန် ရောက်အောင် ကူညီပေးဖို့အတွက် သူ့ကို အဲဒီမှာ ပေးနေဖို့ ငါကရည်ရွယ်ထားတာ။”
“ဒီလိုဆိုတော့ သူ့ကို သဘောတူအောင် ချော့ရမယ့် ရတနာတွေ အကုန်အကျ သက်သာသွားတာပေါ့” ယန်ချင်းက ပျော်ရွှင်စွာ တွေးလိုက်သည်။
“ဒါနဲ့ ဘုရင်တစ်ပိုင်းတွေဆိုတာ ဘယ်သူတွေလဲ” ကျန်းဟူက မေးလိုက်သည်။
ကျန်သူများကလည်း ဝိုင်နှင့် အသားကင်များကို စားသောက်ရင်း သေချာ အာရုံစိုက် နားထောင်နေကြလေသည်။
အဖွဲ့အစည်းတွင် မြူနွံတောဒေသ၌ ခြေကုပ်ယူထားမှု မရှိသလို၊ အခြား အဖွဲ့အစည်းများနှင့် ဂိုဏ်းများလည်း ထိုနည်းတူပင် ဖြစ်သည်။
မြူနွံတောဒေသကို မြင့်မြတ်နယ်မြေနှစ်ခုက ကျုးေကျာ်ရန် မကြိုးစားသရွေ့ မည်သည့် လူသားကမျှ သိမ်းပိုက်နိုင်မည်ဟု အိပ်မက်ပင် မမက်ရဲသော ဝိညာဉ်သားရဲ နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။
ထိုဒေသ၏ အင်အား ဖြန့်ကျက်ထားမှုကို ပြသထားသော ‘ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်’စွန့်စားသူ တစ်ဦး ရေးဆွဲခဲ့သည့် မြေပုံအရဆိုလျှင်၊ ထိုနေရာတွင် ‘ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်’ ကျွမ်းကျင်သူပင် ခြေမချဝံ့သော ဇုန်တစ်ခု ရှိနေသောကြောင့် မြင့်မြတ်နယ်မြေ များပင်လျှင် ထိုနေရာကို စမ်းသပ်ရဲမည်လား ဆိုသည်မှာ သံသယ ဖြစ်ဖွယ်ပင်။
နယ်နိမိတ် တစ်ခုတည်းကပင် ‘ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်’ ကျွမ်းကျင်သူကို တစ်လတိတိ ရပ်တန့်နေစေခဲ့ပြီး၊ လှုပ်ရှားနိုင်ရန်အတွက် သူ၏စိတ်စွမ်းအား အားလုံးကို အသုံးပြုခဲ့ရလေသည်။
ထို့ကြောင့် မြူနွံတောဒေသသည် မည်မျှ အန္တရာယ်များကြောင်း ထင်ရှားနေလေသည်။
“သူတို့က ကျုပ်တို့နေတဲ့ ဒေသရဲ့ အုပ်စိုးသူတွေပဲ။”
“သူတို့က သူတို့ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတွေကြောင့် အဲဒီဒေသက ဝိညာဉ်သားရဲ အားလုံးရဲ့ အသိအမှတ်ပြုမှုကို ရရှိထားတဲ့ ဝိညာဉ်သားရဲတွေလေ။”
“စုစုပေါင်း သုံးကောင် ရှိပြီး၊ သူတို့ထဲမှာ အငယ်ဆုံးက လီလွန်လို့ ခေါ်တဲ့ လျှပ်စီးမြွေပွေး၊ ပြီးရင် လျောင်ယင်းလို့ ခေါ်တဲ့ မဟူရာစကြဝဠာမိကျောင်းနဲ့ နောက်ဆုံးက ဆုကန်းလို့ ခေါ်တဲ့ လိပ်တို့ပဲ”
“ဆုကန်းက သုံးကောင်ထဲမှာ အသက်အကြီးဆုံးပဲ။”
“ကျွန်တော် မှတ်မိသလောက်တော့ သူက လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်လောက် ကတည်းက ဘုရင်တစ်ပိုင်း တစ်ကောင်အဖြစ် သူ့နေရာကို ခိုင်ခိုင်မာမာ ရယူထားခဲ့တာ။”
“လီလွန်နဲ့ လျောင်ယင်းတို့ကတော့ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်ကမှ ထင်ရှားလာကြတာ”
ဘိုလင်းက လူများစွာ၏အကြည့်များကို ခံနေရသဖြင့် အနည်းငယ် စိတ်လှုပ်ရှားလာကာ ဝိုင်သောက်ရန် ခေတ္တရပ်လိုက်သည်။
“ဒီတော့ လျှပ်စီးမြွေပွေးက ဘုရင်တစ်ပိုင်း တစ်ပါးပေါ့။ ဒါဆိုရင် သူ ငါ့လက်ကနေ ဘယ်လို လွတ်သွားလဲ ဆိုတာ ရှင်းသွားပြီ” ဟု ဖုန့်ရှင်းက ပြောလိုက်သည်။
“သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို မင်း ခန့်မှန်းလို့ရလား”
ခန်ဟွေ့လန်က မြွေသားကို အရသာခံစားရင်း မေးလိုက်သည်။
“အမြုတေဖွဲ့စည်းခြင်းအဆင့် ၉ ဆင့်မြောက်ကို အခုလေးတင် ရောက်သွားတာ ဖြစ်နိုင်တယ်” ဖုန့်ရှင်းက သူ၏မေးစေ့ကို ကိုင်ကာ စဉ်းစားရင်း ပြောလိုက်သည်။
“သူက ၉ ဆင့်မြောက်မှာ ရှိပြီး အငယ်ဆုံးဆိုရင်၊ ကျန်တဲ့ကောင်တွေက ၁၀ ဆင့်မြောက်မှာ ရှိနိုင်တယ်။”
“လိပ်က အသက်အကြီးဆုံးနဲ့ ဘုရင်တစ်ပိုင်းဘွဲ့ကို အကြာဆုံး ရထားတာဆိုတော့ အမြုတေဖွဲ့စည်းခြင်းအဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေနိုင်တယ်။”
“မင်းရဲ့အဖော် လီလွန်က အဲဒီလိပ်နဲ့ တွေ့ဖူးလား။ တွေ့ဖူးရင် အဲဒီလိပ်ရဲ့ အဆင့်က ဘယ်လောက်ရှိတယ်လို့ သူက ပြောလဲ” ကျန်းဟူက မေးလိုက်သည်။
“လီလွန်က ဘုရင်တစ်ပိုင်းလို့ ခေါ်လောက်အောင် နာမည်ကြီးလာတဲ့ အချိန်တုန်းက သူ့ကို တစ်ခေါက် သွားတွေ့ဖူးတယ်။”
“သူက လိပ်ကို သွားစိန်ခေါ်ခဲ့တာ။ ဒါပေမဲ့ သူတို့ရဲ့ တိုက်ပွဲမှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို ဘယ်သူကမှမသိကြဘူး။”
“လီလွန်ကို ဘာဖြစ်ခဲ့လဲလို့ ကျွန်တော် မေးတော့ သူက ဘာမှပြန်မဖြေပေမဲ့ သူ့ရဲ့ အမူအကျင့်တွေ အကုန်ပြောင်းလဲသွားတယ်။”
“သူက ပိုပြီး သီးသန့်နေလာပြီး သူ့ကိုယ်သူ ထိန်းချုပ်တတ်လာတယ်။ နာမည်ကြီးအောင် လုပ်မယ့်အစား ကျင့်ကြံဖို့ကိုပဲ အဓိက အာရုံစိုက်လာတယ်”
“သူ ဒီလောက်တောင် ပြောင်းလဲသွားအောင် တိုက်ပွဲမှာ တစ်ခုခုတော့ ဖြစ်ခဲ့ရမယ်လို့ပဲ ကျွန်တော် ခန့်မှန်းနိုင်တယ်။”
“ဒါပေမဲ့ တိုက်ပွဲကြောင့် ဒဏ်ရာတစ်ချက်တောင် မရခဲ့တာက ပိုပြီးတောင် ထူးဆန်းနေသေးတယ်။”
“ဘုရင်တစ်ပိုင်း သုံးကောင်ထဲမှာ တုန်းကန်းက အသက်အကြီးဆုံးသာမကဘဲ အလျှို့ဝှက်ဆုံးလည်း ဖြစ်တယ်။”
“သူ့မှာ လက်အောက်ငယ်သားတွေ မရှိသလို သတ်မှတ်ထားတဲ့ နယ်မြေလည်း မရှိဘူး” ဟု ဘိုလင်းက ပြောလိုက်သည်။
“အဲဒီလိပ်က အပေါ်ယံကြည့်ရသလောက် မရိုးရှင်းဘူး” ဟု ယီကျဲက ပြောလိုက်သည်။
“သူတို့က အဲဒီလောက် စွမ်းအားကြီးနေတာတောင် ဘာလို့ ဘုရင်တစ်ပိုင်း တွေလို့ ခေါ်ရတာလဲ”
ချောင်ရင်း၏ မျက်လုံးများက စိတ်လှုပ်ရှားစွာ တောက်ပနေရင်း မေးလိုက်သည်။
သူသည် သူ၏ပညာသင်ယူမှုများ ပြီးဆုံးသွားပါက မည်သည့်လမ်းကြောင်းကို ရွေးချယ်ရမည်ကို မဆုံးဖြတ်ရသေးပေ။
မြူနွံတောဒေသ၏ ပုံပြင်များကို ကြားပြီးနောက်၊ ထိုမြင်ကွင်းများကို ကြည့်ရှုရန်နှင့် နာမည်ကောင်း တစ်ခု ဖန်တီးရန်အတွက် စစ်ဆေးရေးမှူးများ ဘက်သို့ သူ ပိုမို စိတ်အားထက်သန်လာခဲ့လေသည်။
“ဘာလို့လဲဆိုတော့ သူတို့က စွမ်းအားကြီးပေမဲ့ အစွမ်းအထက်ဆုံးတော့ မဟုတ်လို့လေ။ အဲဒီဒေသရဲ့ တကယ့်အရှင်သခင်တစ်ပါး ရှိသေးတယ်။”
“သူတို့သုံးကောင် ပေါင်းရင်တောင် အဲဒီအရှင်သခင်ကို အနိုင်ယူနိုင်ဖို့ မျှော်လင့်ချက် မရှိဘူး”
“ကျွန်တော် အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖောက်ဝင်ရောက်ခဲ့တုန်းက သူ့ကို တစ်ခါ မြင်ဖူးတယ်။”
“သူ့ရဲ့ အကြည့် တစ်ချက်တည်းနဲ့တင် ကျွန်တော် သတိလစ်သွားခဲ့ရတယ်။ သူ ဘာလို့အသက်ရှင်ခွင့် ပေးခဲ့လဲ ဆိုတာတောင် သေချာမသိဘူး။”
“သူ့အာရုံစိုက်ဖို့တောင် မတန်လို့များလား မသိပါဘူး။ အဲဒါက ကျွန်တော့် ဘဝမှာ အကြောက်ရဆုံး အချိန်ပဲ။”
“အဲဒါကြောင့်ပဲ ကျွန်တော် သီးသန့်နေထိုင်သူ တစ်ယောက် ဖြစ်လာခဲ့တာ” ဘိုလင်းက သူ့ကိုယ်သူ နှိမ့်ချစွာ ပြောလိုက်သည်။
ထိုအတွေ့အကြုံကို ပြန်တွေးမိတိုင်း သူသည် ယခုတိုင် ထိတ်လန့်တုန်လှုပ်ပြီး သတိလစ်မတတ် ဖြစ်ရဆဲပင်။
“မြူနွံတောဒေသက စီနီယာ ပြောသလိုဆိုရင် တကယ်ကို အန္တရာယ်များတာပဲ။”
“ဖုန့်ရှင်း... မင်း အဲဒီအထဲကို မရောက်သွားတာ ကံကောင်းလို့ပဲ၊ မဟုတ်ရင် မင်းတောင် လွတ်ဖို့ အစွမ်းကုန် ကြိုးစားရလိမ့်မယ်။”
“အဲဒီအဆင့်ရှိတဲ့ ဝိညာဉ်သားရဲတစ်ကောင်က အဋ္ဌမဇုန်မှာ ဘာလုပ်နေတာလဲ။ ဖြစ်နိုင်တာက...”
ယန်ချင်း၏ မျက်လုံးများ လင်းလက်သွားရင်း ပြောလိုက်သည်။
“ဒုတိယမြောက် ဘုရင်တစ်ပိုင်း ဖြစ်တဲ့ မဟူရာစကြဝဠာမိကျောင်းကရော ဘယ်လိုမျိုးလဲ”
“သစ္စာဖောက်တတ်တယ်၊ ကြမ်းတမ်းတယ်၊ သွေးဆာတယ်၊ လောဘကြီးတယ်၊ အာဏာရူးတယ်၊ ပါးနပ်ပြီး သတ္တိကြောင်တယ်။ သူက ဝိညာဉ်သားရဲထက်...လူ….”
ဘိုလင်းမှာ ဒေါသကြောင့် တုန်ယင်နေပြီ ဖြစ်သော်လည်း၊ သူ၏ နောက်ဆက်တွဲ စကားလုံးများမှာ ရောက်ရှိနေသူများအတွက် အဆင်ပြေမည် မဟုတ်သဖြင့် ပါးစပ်ကို အမြန် ပိတ်လိုက်လေသည်။
“ဝိညာဉ်သားရဲထက် လူသားနဲ့ ပိုတူတယ်လို့ မင်းပြောချင်တာ မဟုတ်လား”
ယန်ချင်းက နောက်ပြောင်သော အပြုံးဖြင့် ပြောလိုက်သည်။
“ဆရာ... ကျွန်.. ကျွန်တော်...” ဘိုလင်းမှာ ဘာပြောရမှန်းမသိဘဲ စကားထစ်သွားလေသည်။
“ရပါတယ်... မင်းပြောတာ မမှားပါဘူး၊ ငါတို့က အဲဒီလိုမျိုးတွေပဲလေ။ ကြည့်ရတာ ကျန်တဲ့ကောင်တွေထက် မဟူရာစကြဝဠာမိကျောင်းကို ပိုပြီး သတိထားရမယ့်ပုံပဲ” ဟု ယန်ချင်းက ညင်သာစွာ ပြောလိုက်သည်။
…
မိုင်တစ်သန်း အကွာအဝေးရှိ မြူများဖုံးလွှမ်းနေသော သစ်တောတစ်ခုထဲတွင်၊ သတ္တဝါတစ်ကောင်သည် ပါးစပ်ဖြင့်အသက်ရှုရင်း မောဟိုက်စွာဖြင့် ခြေတရွတ်ဆွဲကာ သွားနေသည်ကို မြင်တွေ့ရလေသည်။
ထိုဧရိယာမှာ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲတစ်ခု ယခုလေးတင် ဖြစ်ပွားခဲ့သကဲ့သို့ ဖျက်ဆီးခံထားရသော သစ်ပင်များ၊ ကွဲအက်နေသော မြေပြင်များဖြင့် ပြည့်နှက်နေလေသည်။
“လီလွန်... မင်းရဲ့ စွမ်းအားကို ဒီလောက်ထိ ဖုံးကွယ်ထားနိုင်လိမ့်မယ်လို့ ငါထင်မထားဘူး”