တစ်ချက်ထဲဖြင့် ရဟက်ယာဉ်တစ်စီး အပြတ်ရှင်းခြင်း
Vol. 9 Ch. 83
သစ်ပင်အိမ်လေးအတွင်း၌၊ ကျင့်ကြံခြင်း ပြီးဆုံးသွားခဲ့သော ရှောင်လန်နှင့် ရှောင်ယင်းတို့သည် မျက်လုံးများ တစ်ပြိုင်နက်တည်းနီးပါး ပွင့်လာကြသည်။
သူတို့၏ နုနယ်သော မျက်ခုံးများမှာ အနည်းငယ် တွန့်ကွေးနေကြပြီး၊ ဖော်ပြ၍မရနိုင်သော စိုးရိမ်ထိတ်လန့်မှု အရိပ်အယောင်တစ်ခုမှာ သူတို့၏ နှလုံးသားထဲတွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ကျန်ရစ်နေလေသည်။
“ထူးဆန်းတယ်... ဘာလို့ ငါ ရုတ်တရက် ဒီလောက်တောင် စိတ်မအေးဖြစ်နေရတာလဲ...” ရှောင်လန်သည် ကိုယ့်ရင်ဘတ်ကို ဖိထားခဲ့ပြီး သူမ၏ ရေခဲပြာရောင် မျက်ဝန်းများထဲတွင် အံ့အားသင့်မှုများ လျှပ်တစ်ပြက် တောက်ပသွားခဲ့သည်။ “ဒီခံစားချက်က...”
သူမ၏ ဘေးနားရှိ ရှောင်ယင်း၏ ခရမ်းရောင်ရင့်ရင့် မျက်ဝန်းများမှာ ကျုံ့နေပြီး ပုံမှန် နောက်ပြောင်တတ်သော အမူအရာအစား လေးနက်တည်ကြည်မှုများ အစားထိုး ၀င်ရောက်နေခဲ့သည်။ “နင်လည်း ခံစားရတာပဲလား... ဒါက စိတ်ခြောက်ခြားတာတော့ မဟုတ်ဘူး...”
သူတို့၏ အတိတ်ဘဝက ကျင့်ကြံမှုများနှင့် ဝိညာဉ်အနှစ်သာရများအရ ဤကဲ့သို့ ရုတ်တရက် ဖြစ်ပေါ်လာသော မသိစိတ်မှာ အကြောင်းမဲ့မဟုတ်ကြောင်း သူတို့ ကောင်းစွာ သိရှိထားကြသည်။
၎င်းသည် သူတို့နှင့် တင်းကြပ်စွာ ဆက်စပ်နေသော အပြောင်းအလဲတစ်ခုခု ဖြစ်ပေါ်နေကြောင်း သို့မဟုတ် ဖြစ်ပေါ်လာတော့မည်ဖြစ်ကြောင်းကို အချက်ပြနေခြင်းဖြစ်သည်။
သူတို့နှစ်ဦးလုံး တစ်ပြိုင်နက်တည်း ခံစားရခြင်းမှာ လက်ရှိအချိန်တွင် သူတို့ အလေးအနက်အထားဆုံး ဂရုအစိုက်ဆုံး... ဝံပုလွေဖေဖေ လင်းထျန်းလုံ သို့မဟုတ် သူတို့ အတူတူနေထိုင်ရာ အိမ်လေးကြောင့်သာ ဖြစ်နိုင်ချေရှိလေသည်။
“ဝံပုလွေဖေဖေက အရှေ့တောင်ဘက်မှာ လူသားတွေနဲ့ ရင်ဆိုင်နေရတာ၊ အခုထိ ပြန်မလာသေးဘူး...” ရှောင်လန်၏ နှလုံးသား နစ်မြုပ်သွားခဲ့သည်။ “ဝံပုလွေဖေဖေ့ဆီမှာ တစ်ခုခု ဖြစ်နေတာလား... ဒါမှမဟုတ်ရင်လည်း...” ရှောင်ယင်း၏ အတွေးများမှာလည်း မြန်ဆန်စွာ လှုပ်ရှားနေလေသည်။
ထိုအချိန်မှာပင်။
“ဝီ…ဝီ…”
တ၀ီ၀ီမြည်သံကြီးတစ်ခုမှာ အဝေးမှနေ၍ ပိုမိုနီးကပ်လာခဲ့ပြီး ချက်ချင်းဆိုသလိုပင် နားကွဲမတတ် ဆူညံလာခဲ့သည်။ ဤအသံကို သူတို့ အလွန်ရင်းနှီးနေကာ ဘယ်သောအခါမှ မေ့မည်မဟုတ်ပေ။
“ရဟတ်ယာဉ်တွေလား...” နှစ်ဦးစလုံး သူတို့၏ နှလုံးသားထဲမှနေ၍ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
သူတို့သည် မတ်တတ်ရပ်နိုင်ရန် အတင်းကြိုးစားလိုက်ကြပြီး၊ ယိမ်းထိုးနေသော ခြေလှမ်းများဖြင့် သစ်ပင်အိမ်လေး၏ တံခါးဝသို့ ရောက်သွားကာ အပြင်ဘက်ကို ကြည့်ရန်အတွက် တံခါးကို အနည်းငယ် တွန်းဖွင့်လိုက်ကြသည်။
ဤအခိုက်အတန့်တွင် သူတို့၏ မျက်ဝန်းများ ရုတ်တရက် ကျုံ့ဝင်သွားခဲ့သည်။
အဝေး ကောင်းကင်ယံမှ အနက်ရောင် အစက်အပြောက်အချို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို မြင်တွေ့လိုက်ရပြီး ၎င်းတို့မှာ သူတို့ခန့်မှန်းထားသည့်အတိုင်း သေချာပေါက် ရဟတ်ယာဉ်များပင် ဖြစ်နေလေသည်။
သူတို့၏ ပစ်မှတ်မှာ အလွန်ပင် ရှင်းလင်းနေသည်။
ဝံပုလွေဖေဖေ ရှိနေသည့် အရှေ့တောင်ဘက်သို့ ဦးတည်နေခြင်းမဟုတ်ပဲ ဝံပုလွေအသိုက်ဆီသို့ တိုက်ရိုက် ဦးတည်လာနေခြင်း ဖြစ်သည်။
၎င်းတို့ထဲမှ တစ်စင်းမှာ ကျေးရွာအပြင်ဘက်အထိပင် ပျံသန်းလာခဲ့ပြီး၊ ရဟက်ယာဉ် ကိုယ်ထည်ပေါ်တွင် ရေးဆွဲထားသော မီးလောင်ကျွမ်းနေသော ဦးခေါင်းခွံပုံစံမှာ နေရောင်အောက်တွင် အလွန် စက်ဆုပ်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်မည့်ပုံ ပေါက်နေလေသည်။
“အဲဒါက အဲ့အရူးတွေပဲ... သူတို့ ဒီနေရာကို ရှာတွေ့သွားကြတာလား...” ရှောင်ယင်းသည် ထိုအမှတ်အသားကို ချက်ချင်း မှတ်မိသွားပြီး စိတ်ထဲမှ အံ့အားသင့်သွားခဲ့သည်။ “သူတို့က တောင်ဘက်မှာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ဒီနေရာကို ရုတ်တရက် ရောက်လာကြတာလဲ...”
“ငါတို့ ဘာလုပ်ကြမလဲ... ဝံပုလွေဖေဖေ ပြန်မရောက်သေးဘူး...” ရှောင်လန်၏ နှလုံးသားမှာ လည်ပင်းထိပင် ရောက်လာလုမတတ် ခုန်ပေါက်နေခဲ့သည်။ ဤအဆင့်တွင် လေကြောင်းအသာစီးရထားကာ လက်နက်ကြီးများ ကိုင်ဆောင်ထားသော လူသားများမှာ မည်သည်ကို ဆိုလိုကြောင်း သူမ ကောင်းစွာ သိထားလေသည်။
တစ်ချိန်တည်းမှာပင် နှင်းဝံပုလွေကျေးရွာ၏ အစွန်အဖျား မီတာလေးရာခန့်အကွာတွင် နှင်းဝံပုလွေ ခြောက်ကောင်ပါဝင်သော ကင်းလှည့်အဖွဲ့မှာ လုံးဝ ချေမှုန်းခံရတော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရလေသည်။
သူတို့ကို အနိမ့်မှပျံသန်းနေသော ရဟတ်ယာဉ်များက ရှာဖွေတွေ့ရှိသွားခြင်း ဖြစ်သည်။ ဒိုင်း... ဒိုင်း... ဒိုင်း... သိပ်သည်းလှသော ကျည်ဆန်များသည် မုန်တိုင်းတစ်ခုကဲ့သို့ ကျဆင်းလာခဲ့ပြီး၊ သစ်ပင် အပိုင်းအစများကို ကြေမွသွားစေကာ မြေကြီးများကို အရပ်မျက်နှာအနှံ့ ကွဲထွက်သွားစေသည်။
ဝံပုလွေအုပ်စုသည် ကျောက်တုံးများနှင့် သစ်ပင်များကို သွက်လက်စွာ အကာအကွယ်ယူရန် ကြိုးစားခဲ့ကြသော်လည်း၊ ရဟတ်ယာဉ်ကြီး၏ အားပြင်းလှသော ပစ်ခတ်မှုများကြောင့် သူတို့ကို ဧရိယာတစ်ခုအတွင်း တင်းကျပ်စွာ ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေစေကာ အပြင်သို့ ထိုးဖောက်ထွက်ရန် မဖြစ်နိုင်တော့ပေ။
အဖွဲ့ကို ဦးဆောင်နေသော အတွေ့အကြုံရှိ နှင်းဝံပုလွေကြီးမှာ စိုးရိမ်တကြီး ဟိန်းဟောက်လိုက်ပြီး အပေါင်းအဖော်များကို ထွက်ပေါက်ရှာရန် လမ်းညွှန်ပေးနေသော်လည်း၊ ပိုမိုပြင်းထန်သော သေနတ်သံများနှင့် လူသားတို့၏ စိတ်လှုပ်ရှားကာ ယုတ်မာလှသော ရယ်မောသံများကိုသာ တုံ့ပြန်မှုအဖြစ် ရရှိခဲ့သည်။
ထိုအချိန်တွင် ရန့်မြဲ့သည် အနီးအနားတွင် အခြားအဖွဲ့ငယ်လေးတစ်ခုကို ဦးဆောင်၍ ကင်းလှည့်နေခြင်း ဖြစ်၏။ သေနတ်သံများနှင့် သူ့မျိုးနွယ်စုဝင်များ၏ နာကျင်စွာ အော်ဟစ်သံများကို ကြားလိုက်ရသောအခါ ရန့်မြဲ့၏ မျက်လုံးများမှာ ချက်ချင်းပင် သွေးရောင်လွှမ်းလာခဲ့သည်။
“တောင့်ခံထားကြ...” ရန့်မြဲ့သည် သူ၏အတွေးများကို ဟိန်းဟောက်သံမှတစ်ဆင့် ပေးပို့လိုက်ပြီးနောက်၊ လက်အောက်ငယ်သား နှင်းဝံပုလွေ သုံးကောင်နှင့်အတူ တိုက်ပွဲနေရာဆီသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားခဲ့သည်။
သို့သော်လည်း လေထဲတွင် ဝဲပျံနေသော သံမဏိသားရဲကြီးအား ရင်ဆိုင်ရန်အတွက် သူတို့တွင် ထိရောက်သော လေကြောင်းကာကွယ်ရေး၊ တိုက်ခိုက်ရေး နည်းလမ်းများ မရှိကြပေ။
ရန့်မြဲ့သည် ၎င်း၏ ရေခဲကြေးခွံချပ်ဝတ်တန်ဆာကြောင့် ကျည်ဆန်အချို့ကို ခံနိုင်ရည်ရှိသော်လည်း၊ အခြားသော နှင်းဝံပုလွေများမှာ ထိမှန်ပါက ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်ပြီး အခန့်မသင့်လျှင် သေဆုံးသည်အထိပင် ဖြစ်နိုင်လေသည်။
“သေစမ်း...” ဒေါသမီးတောက်တစ်ခု ရန့်မြဲ့၏ ရေခဲပြာရောင် မျက်လုံးများထဲတွင် လောင်ကျွမ်းလာခဲ့သည်။
သူသည် လေကို ပြင်းပြင်း ရှူသွင်းလိုက်ရာ သူ၏ ရင်ဘတ်မှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်သွားခဲ့သည်။ အေးခဲဟိန်းသံ(ငွေရောင်အဆင့်)။
ခိုက်ခိုက်တုန်အောင် အေးစက်လှသော အဖြူရောင် ရေငွေ့များသည် နဂါးတစ်ကောင်အလား အပေါ်သို့ ထိုးတက်သွားပြီး ရဟတ်ယာဉ်ကို ချက်ချင်းပင် ရစ်ပတ်သွားခဲ့သည်။ လေယာဉ်ရှေ့ခန်းမှ မှန်မှာ နှင်းခဲများ လျင်မြန်စွာ ဖုံးလွှမ်းသွားပြီး စက်သေနတ်သမား၏ လှုပ်ရှားမှုများမှာလည်း သိသိသာသာ နှေးကွေးသွားခဲ့လေသည်။
“ဒါက မလုံလောက်သေးဘူး” ရန့်မြဲ့၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းရောင်တစ်ခု လျှပ်တစ်ပြက် ပေါ်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ ပိုမိုအားကောင်းသည့် စုစည်းထားသော စွမ်းအင်များကို လှုံ့ဆော်လိုက်လေသည်။
“အကြွင်းမဲ့ရေခဲဝိညာဉ် ကနဦး စွမ်းရည်၊ ရေခဲမီးတောက်”
ရဟတ်ယာဉ်ကို ရစ်ပတ်ထားသော အဖြူရောင် ရေငွေ့များမှာ ရုတ်တရက် အဖြူရောင်မှ ရေပြာရောင်သို့ ပြောင်းလဲသွားကာ၊ အေးစက်သော ရေပြာရောင် မီးတောက်များသည်လည်း လေဟာနယ်ထဲတွင် လောင်ကျွမ်းလာပြီး အအေးဓာတ် ရေငွေ့များနောက်သို့ လိုက်ကာ ရဟတ်ယာဉ်၏ အောက်ပိုင်း တစ်ခုလုံးကို ချက်ချင်း ဝါးမြိုသွားလေတော့သည်။
အစွန်းရောက် အအေးဓာတ်နှင့် ပူပြင်းလွန်းသော အပူဓာတ်၊ လုံးဝကွဲပြားခြားနားသည့် နာကျင်မှုနှစ်မျိုးမှာ ရဟက်ယာဥ်သံမဏိကိုယ်ထည် အတွင်းရှိ လူသားများအပေါ် တစ်ပြိုင်နက်တည်း သက်ရောက်သွားခဲ့သည်။
“အား... ဒါက ဘာကြီးလဲ...” “မီး၊ အေးခဲနေတဲ့ မီးတောက်ကြီး၊ ကယ်ကြပါဦး” ဝုန်း... ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။
ရဟတ်ယာဉ်ကြီးတစ်ခုလုံး လောင်ကျွမ်းနေသော ရေပြာရောင် မီးလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ နာကျင်စွာ အော်ဟစ်ရင်း အောက်ဘက်က တောအုပ်ထဲသို့ ထိုးဆင်းသွားကာ အပိုင်းပိုင်းအစစ ပေါက်ကွဲသွားလေတော့သည်။
သစ်ပင်အိမ်လေးအတွင်းရှိ ရှောင်လန်နှင့် ရှောင်ယင်းတို့သည် အာကာသအချိန် တစ်ပြိုင်နက်တည်းဖြစ်ပေါ်ခြင်းမှတစ်ဆင့် အပြင်ဘက်ရှိ ကစဉ့်ကလျား စွမ်းအင်လှိုင်းများကို လေ့လာနေရင်း ဤအံ့ဩဖွယ် မြင်ကွင်းကို တိုက်ဆိုင်စွာ မြင်လိုက်ရလေသည်။
“အဲဒါ... ဦးလေးရန့်မြဲ့လား...” ရှောင်လန် ကြက်သေသေသွားခဲ့သည်။ “...ရေခဲနဲ့ မီး ပေါင်းစပ်ထားတာလား... ဒီစွမ်းအားက...” ရှောင်ယင်းလည်း တုန်လှုပ်သွားခဲ့သည်။ “အတိတ်ဘဝတုန်းက သူဘာလို့ အဲ့လောက်ထိ ကျော်ကြားလာခဲ့တာလဲဆိုတာ ငါနားလည်သွားပြီ၊ အံ့သြစရာ မရှိတော့ပါဘူး...”
သို့သော် သူတို့၏ အံ့သြချီးကျူးမှုမှာ သုံးစက္ကန့်ပင် မခံခဲ့ပေ။ အဝေး မိုးကုတ်စက်ဝိုင်းဆီမှ နောက်ထပ် ဆူညံသံများ ထွက်ပေါ်လာပြန်သည်။
မီးလောင်ကျွမ်းနေသော ဦးခေါင်းခွံများ ဆွဲထားသည့် အနည်းဆုံး နောက်ထပ် ရဟတ်ယာဉ်လေးစင်းမှာ အရှိန်အပြည့်ဖြင့် ဝံပုလွေအသိုက်ဆီသို့၊ အတိအကျဆိုလျှင် တိုက်ပွဲဖြစ်ပွားရာ နေရာဆီသို့ အရှိန်အဟုန်ဖြင့် လာနေကြသည်။
သူတို့မှာ ယာဉ်ပေါက်ကွဲသံကြောင့် ဆွဲဆောင်ခံလိုက်ရခြင်း ဖြစ်သည်မှန်း ထင်ရှားလှသည်။
“သွားပြီ...” ရှောင်လန်၏ နှလုံးသားမှာ ချက်ချင်းပင် အောက်ခြေသို့ နစ်မြုပ်သွားခဲ့သည်။ “ဦးလေးရန့်မြဲ့ရဲ့ ခုနက တိုက်ခိုက်မှုက စွမ်းအင်တွေ အများကြီးကုန်သွားမှာ သေချာတယ်...” “ဒီအရူတွေ…. ဘယ်နှစ်စီးတောင်လာကြတာလဲ...” ရှောင်ယင်းမှာလည်း မျှော်လင့်ချက်မဲ့မှုကို ခံစားလိုက်ရသည်။
“ဝံပုလွေဖေဖေ ဘယ်မှာလဲ...”
ဤအဆုံးအဖြတ်ပေးမည့် အရေးကြီးသော အချိန်မှာပင် -
“အာဝူး...”
အမြင့်ဆုံးသော အာဏာစက်နှင့် ဒေါသတို့ ပေါင်းစပ်နေသည့် သူတို့ အလွန်အမင်း ရင်းနှီးကျွမ်းဝင်သော ငွေပြာရောင် ဝံပုလွေကြီး၏ ရှည်လျားသော ဟိန်းဟောက်သံမှာ အရှေ့တောင်ဘက်မှနေ၍ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာပြီး စစ်မြေပြင် တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားလေတော့သည်။
ဤရှည်လျားသော ဟိန်းဟောက်သံထဲတွင် ထူးဆန်းသော စွမ်းအားတစ်ခု ပါဝင်နေပုံရပြီး၊ ကောင်းကင်ယံရှိ ယာဉ်မောင်းများကို တစ်ခဏမျှ အာရုံလွင့်သွားစေကာ ကစဉ့်ကလျား ဖြစ်သွားစေခဲ့သည်။
ပို၍ အံ့သြစရာကောင်းသည်မှာ၊ နေ့ခင်းဘက် ဖြစ်နေသော်လည်း နှင်းဝံပုလွေများနှင့် သစ်ပင်အိမ်လေးထဲရှိ ဧကရီနှစ်ပါး၏ အာရုံခံစားမှုထဲတွင်မူ ကောင်းကင်ယံမှာ တစ်ခဏမျှ မည်းမှောင်သွားသကဲ့သို့ ဖြစ်သွားခဲ့ပြီး၊ တောက်ပသော လမင်းပုံရိပ်ကြီးတစ်ခုမှာ လေဟာနယ်ထဲတွင် ရုတ်တရက် ပေါ်ထွက်လာကာ ထိုဟိန်းဟောက်သံကို ပဲ့တင်ထပ်နေသကဲ့သို့ပင်။
ဤတစ်ကြိမ် အသုံးပြုလိုက်သည့် လမင်းမြည်ကြွေးသံမှာ လင်းထျန်းလုံ၏ သွေးမျိုးဆက်နှင့် ဘုရင်အဆင့် စွမ်ရည်တို့ကို ပေါင်းစပ်၍ အသက်သွင်းလိုက်သော အားကောင်းလှသည့် စွမ်းရည်မြှင့်တင်မှု တစ်ခု ဖြစ်လေသည်။
“ဒါ ငါတို့ရဲ့ ဘုရင်ကြီးပဲ...” “ဘုရင်ကြီး ပြန်လာပြီ...”
နှင်းဝံပုလွေအားလုံး၏ စိတ်ဓာတ်များမှာ ချက်ချင်း မြင့်တက်သွားခဲ့ကြပြီး စိတ်လှုပ်ရှားကာ တိုက်ပွဲဝင်လိုစိတ် ပြင်းပြနေသော ဟိန်းဟောက်သံများကို ထုတ်လွှတ်လိုက်ကြလေသည်။
နောက်တစ်စက္ကန့်တွင် ငွေပြာရောင် ပုံရိပ်ကြီးမှာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်သကဲ့သို့ တောအုပ်ထဲမှနေ၍ သာမန်မျက်စိဖြင့်ပင် မမြင်နိုင်လောက်သော အမြန်နှုန်းဖြင့် ပြေးထွက်လာခဲ့သည်။
ထိုပုံရိပ်ကြီးမှာ လင်းထျန်းလုံပင် ဖြစ်လေသည်။
သူသည် ရပ်တန့်မနေဘဲ သူနှင့် အနီးဆုံးရှိ ရဟတ်ယာဉ်ကို မျက်တောင်မခတ်ဘဲ စူးစိုက်ကြည့်နေသည်။
သူသည် ခြေလေးဖက်လုံးတွင် အားစိုက်လိုက်ရာ သူ၏ ဧရာမခန္ဓာကိုယ်ကြီးမှာ ရုပ်ပိုင်းဆိုင်ရာ နိယာမများကို ဆန့်ကျင်ကာ ကောင်းကင်ယံသို့ ပျံတက်သွားလေတော့သည်။
အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်း (ခရမ်းရောင် ပါရမီရှင်အဆင့်)။ ခွန်အားပြင်း သံချပ်ကာခွဲလက်သည်း (ခရမ်းရောင် ပါရမီရှင်အဆင့်)။
သူ အပေါ်သို့ ပျံတက်သွားသည့် အခိုက်အတန့်တွင် ထက်ရှသော လက်သည်းများထံမှ အေးစက်စက် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ဝိညာဉ်စွမ်းအင်များနှင့် ငွေပြာဝံပုလွေဘုရင်၏ ငွေပြာရောင် အရှိန်အဝါတို့ဖြင့် လုံးလုံးလျားလျား ဖွဲ့စည်းထားသော ဧရာမ အရိပ်လက်သည်းကြီးပင်။
ထိုလက်သည်းကြီးမှာ သူ၏ လှုပ်ရှားမှုနှင့်အတူ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခဲ့ပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းကာ ရဟတ်ယာဉ်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
ငွေပြာရောင် သွေးမျိုးဆက် (ရွှေရောင် ဘုရင်အဆင့်) ပင်ကိုစွမ်းရည် အသက်ဝင်ခြင်း - ဝံပုလွေပြာ အရိပ်ဆုတ်ဖြဲခြင်း
(မှတ်ချက်။ ။ ဤသည်မှာ သီးခြားစွမ်းရည်တစ်ခု မဟုတ်ဘဲ၊ လင်းထျန်းလုံသည် သူ၏ ငွေပြာရောင် သွေးမျိုးဆက် (ရွှေရောင် ဘုရင်အဆင့်) မှ စွမ်းအားများကို လှုံ့ဆော်ကာ အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်း နှင့် ခွန်အားပြင်း သံချပ်ကာခွဲလက်သည်း တို့ကို အပြည့်အဝ အသက်သွင်းလိုက်ချိန်တွင် ထွက်ပေါ်လာသော အစွမ်းထက်သည့် တိုက်ကွက် အကျိုးသက်ရောက်မှုတစ်ခု ဖြစ်သည်။)
ရဟတ်ယာဉ်မောင်းသူမှာ တိုတောင်းသော အော်ဟစ်သံတစ်ခုကိုသာ ထုတ်လွှတ်နိုင်ခဲ့ပြီး၊ လူရော ရဟက်ယာဥ်ပါ လေထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အရိပ်လက်သည်းကြီး၏ ရိုက်ခတ်မှုကို ခံလိုက်ရလေသည်။
“ဝုန်း...”
နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ ရဟတ်ယာဉ်မှာ လေထဲတွင်ပင် အရုပ်လေးတစ်ရုပ်အလား အစိပ်စိပ်အမွှာမွှာ ဖြစ်သွားခဲ့ပြီး၊ မီးလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲကာ အောက်သို့ ထိုးကျသွားလေတော့သည်။
တိတ်ဆိတ်ခြင်း။
တိတ်ဆိတ်မှုမှာ စစ်မြေပြင် တစ်ခုလုံးကို ခဏတာ လွှမ်းမိုးသွားခဲ့သည်။ လူသားများနှင့် ဝံပုလွေအုပ်စုမှာ ဤရုတ်တရက် ပေါ်ထွက်လာသော၊ အရာအားလုံးကို လွှမ်းမိုးထားနိုင်သည့် စွမ်းအားကြီးမားလှသော တိုက်ခိုက်မှုကြောင့် အံ့အားသင့်သွားကြလေသည်။
သစ်ပင်အိမ်လေးအတွင်းတွင် ရှောင်လန်နှင့် ရှောင်ယင်းတို့မှာ တခါးအက်ကွဲကြောင်းမှတစ်ဆင့်၊ အဝေး ကောင်းကင်ယံတွင် တဖြည်းဖြည်း လွင့်ပြယ်လာသော မီးခိုးလုံးကြီးနှင့်၊ ပေါက်ကွဲမှုအရှိန်ကြောင့် အမွေးအမျှင်များ တဖျတ်ဖျတ် လှုပ်ခတ်နေပြီး မြေပြင်ပေါ်သို့ ဖြေးညင်းစွာ ဆင်းသက်လာသည့် ခန့်ညားလှသော ငွေပြာရောင် ပုံရိပ်ကြီးကို စူးစိုက်ကြည့်နေကြလေသည်။
ကလေးငယ်နှစ်ဦးလုံးမှာ လုံးဝ ကြက်သေသေသွားကြပြီး၊ သူတို့၏ ပါးစပ်လေးများမှာလည်း အနည်းငယ် ပွင့်ဟနေကြကာ အချိန်အတော်ကြာအောင် ပြန်မစေ့နိုင်ဘဲ ဖြစ်နေကြလေသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် ရှောင်လန်သည် နောက်ဆုံး၌ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရပြီး၊ စိတ်ချင်းဆက်သွယ်မှုမှတစ်ဆင့် မယုံနိုင်လောက်အောင်ဖြစ်နေပြီး အနည်းငယ် တွေဝေနေသည့် အတွေးတစ်ခုကို ပေးပို့လိုက်သည်။
“ရှောင်ယင်း... ငါ အခု... မြင်လိုက်ရတာက အိမ်မက်မဟုတ်ဘူးမလား... ဝံပုလွေဖေဖေက... အခုလေးတင် ရဟတ်ယာဉ်တစ်စင်းကို... ယင်ကောင်တစ်ကောင်ကို ရိုက်ချလိုက်သလိုမျိုး... ရိုက်ချလိုက်တာတဲ့လား...”
သူမ၏ ဘေးနားရှိ ရှောင်ယင်းမှာမူ ချက်ချင်း ပြန်မဖြေနိုင်ခဲ့ပေ။
ရှောင်ယင်း၏ ခရမ်းရောင်ရင့်ရင့် မျက်ဝန်းများမှာ ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှုအပေါ်တွင်သာ စွဲထင်နေပုံရပြီး၊ သူမ၏ ခန္ဓာကိုယ်သေးသေးလေးမှာလည်း လှုပ်ရှားမှုမရှိ တောင့်တင်းနေလေတော့သည်။