ယင်းဖုန်း၏စွမ်းအား၊ ညအမှောင်၏ ထိတ်လန့်ကြောက်မက်ဖွယ် အကောင်းဆုံး လုပ်ကြံသတ်ဖြတ်သူ
Vol. 9 Ch. 84
သစ်ပင်အိမ်လေးအတွင်းတွင် တုန်လှုပ်မှုကြောင့် ဖြစ်ပေါ်လာသော သေခြင်းတရားကဲ့သို့ တိတ်ဆိတ်မှုမှာ ခဏတာမျှသာ ကြာခဲ့လေသည်။
“ဒီစွမ်းအားက...” ရှောင်လန်၏ အတွေးများထဲတွင် မယုံကြည်နိုင်မှု အရိပ်အယောင်များ ကျန်ရစ်နေဆဲ ဖြစ်သည်။ “ငွေပြာရောင် သွေးမျိုးဆက်ရဲ့ အာဏာစက်က... အဲ့လောက်တောင် ပြင်းတယ်လား ... နေ့ခင်းကြောင်တောင်ကြီးကိုတောင် လမင်းပုံရိပ်ကို ဖော်ဆောင်နိုင်တယ်၊ လက်ဗလာနဲ့ သံမဏိတွေကို ဆုတ်ဖြဲပစ်နိုင်တယ်... ဒါက မိစ္ဆာဘုရင် တစ်ပါးရဲ့ အရှိန်အဝါမျိုးတောင် ရှိနေပြီဟ...”
“အဲဒီလောက်တင် ဘယ်ကမလဲ...” ရှောင်ယင်း၏ တုံ့ပြန်မှုမှာ ပို၍ပင် မြန်ဆန်ပြီး၊ ဖုံးကွယ်ထားသော ရတနာတစ်ခုကို ရှာတွေ့သွားသူတစ်ဦးကဲ့သို့ သူမ၏ အသံထဲတွင် တုန်ရီမှုများ ပါဝင်နေလေသည်။ “ဝံပုလွေဖေဖေက အဆင့် ၂၁ ပဲ ရှိသေးတာလေ... ထူးချွန်အဆင့်ပဲ ရှိသေးတာ... ဒီပင်ကိုစွမ်းရည်က... တကယ့်ကို... တကယ့်ကိုပဲ...” သူမသည် ၎င်းကို ဖော်ပြရန် သင့်တော်သော စကားလုံးများကိုပင် တစ်ခဏမျှ ရှာမတွေ့နိုင်အောင် ဖြစ်သွားခဲ့သည်။ “ဝံပုလွေဖေဖေနဲ့ ယှဉ်လိုက်ရင်၊ ငါ့ရဲ့ အတိတ်ဘဝက ပါရမီရှင်ဆိုတဲ့ ကောင်တွေက နို့မပြတ်သေးတဲ့ ကလေးတွေလိုပဲ...”
ဧကရီများ၏ ဝိညာဉ်များ ကိန်းအောင်းနေသောကြောင့် သူတို့၏ စံနှုန်းများမှာ မယုံကြည်နိုင်လောက်အောင် မြင့်မားလှပေသည်။
ဦးလေးရန့်မြဲ့သည် သူကျွမ်းကျင်ထားသော ပင်ကိုစွမ်းရည်အသစ် အကြွင်းမဲ့ရေခဲဝိညာဉ်၏ စွမ်းအားကို အသုံးပြု၍ ရဟတ်ယာဉ်တစ်စင်းကို ရေခဲမီးတောက်ဖြင့် ပြာကျသွားစေခဲ့သည်။ ၎င်းသည်ပင် အံ့ဖွယ်ကိစ္စရပ်တစ်ခု ဖြစ်နေပြီဖြစ်ပြီး နှင်းဧကရာဇ်၏ ကြောက်မက်ဖွယ်ကောင်းသော အလားအလာကို သက်သေပြနေလေသည်။
သို့သော် ဝံပုလွေဖေဖေမှာမူ လမင်းမြည်ကြွေးသံ တစ်ချက်တည်းဖြင့် စိတ်အာရုံကို ဖိနှိပ်လိုက်ပြီးနောက် အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်းဖြင့် လေထဲသို့ ပျံတက်သွားကာ၊ ခွန်အားပြင်း သံချပ်ကာခွဲလက်သည်းနှင့် ငွေပြာရောင် သွေးမျိုးဆက်၏ စွမ်းအားကို ပေါင်းစပ်အသုံးပြု၍ ရဟတ်ယာဉ်တစ်စင်းကို လေထဲတွင်ပင် လွှမ်းမိုးမှု အပြည့်ဖြင့် ဆုတ်ဖြဲပစ်လိုက်လေသည်။
လင်းထျန်းလုံပြသလိုက်သော အလားအလာနှင့် တိုက်ခိုက်ရေးစွမ်းအားမှာ သူတို့၏ ပါရမီရှင် ဟူသည့် စကားအပေါ် နားလည်မှုကို ကျော်လွန်သွားခဲ့ပြီ ဖြစ်လေသည်။
ထိုမျှနှင့်မပြီးသေး။
လင်းထျန်းလုံ၏ မိုးကြိုးပစ်လိုက်သကဲ့သို့ လျင်မြန်သော နည်းလမ်းများကြောင့် လောင်ကျွမ်းမီးလျှံဂိုဏ်း၏ ကျန်ရှိနေသော ရဟတ်ယာဉ်သုံးစင်းမှာ အလွန်အမင်း ထိတ်လန့်သွားကြပြီး၊ လင်းထျန်းလုံရှိသော လေပိုင်နက်မှ လွတ်မြောက်ရန်အတွက် အမြင့်သို့ အလုအယက် တက်သွားကြချိန်မှာ -
တစ္ဆေတစ်ကောင်ကဲ့သို့ အနက်ရောင် အရိပ်တစ်ခုသည် အောက်ဘက်ရှိ သစ်ပင်အရိပ်များကို အကာအကွယ်အဖြစ် အသုံးပြု၍ ယုံကြည်နိုင်လောက်စရာ မရှိသော ခြေလှမ်းများဖြင့် ခုန်ပျံ ချင်းကပ်လာပြီး ထိတ်လန့်တကြားဖြင့် အမြင့်နေရာကို ချိန်ညှိရန် ခဏတာ ဝဲပျံနေသော ရဟတ်ယာဉ်တစ်စင်းကို အချိန်ကိုက် ဖမ်းဆုပ် တိုက်ခိုက်လိုက်လေသည်။
ထိုအရိပ်မှာ ယင်းဖုန်းပင် ဖြစ်လေသည်။
“အရိပ်ပြေးလွှားခြင်း... လေစီးကြောင်း အမြန်နှုန်းမြှင့်တင်ခြင်း...”
အရိုးပေါ်တွယ်နေသည့် ပိုးကောင်တစ်ကောင်ကဲ့သို့ ၎င်းသည် ရဟတ်ယာဉ်၏ အဓိကအစိတ်အပိုင်း ရှိရာနေရာသို့ တိကျစွာ ဆင်းသက်လိုက်ပြီး၊ သူ၏ ထက်ရှသော လက်သည်းများသည် ရဟက်ယာဥ်ကိုယ်ထည်ထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားလေသည်။
အတွင်းရှိ လူများမှာ အောက်ဘက်ရှိ ကြောက်မက်ဖွယ်ကောင်းသော ဝံပုလွေဘုရင်ကြောင့် လုံးဝ အာရုံလွင့်နေကြပြီး၊ သူတို့အနီးသို့ သေမင်း ရောက်ရှိလာသည်ကို လုံးဝ သတိမထားမိခဲ့ကြပေ။
နောက်တစ်စက္ကန့်တွင် ယင်းဖုန်း၏ ပုံရိပ်မှာ ဝေဝါးဝါး အနက်ရောင် မျဉ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ တံခါးအက်ကွဲကြောင်းမှတစ်ဆင့် လေယာဉ်ခန်းထဲသို့ လျှောတိုက်ဝင်သွားလေတော့သည်။
လေဓားလက်သည်း...
စူးရှသော အော်ဟစ်သံများနှင့် သတ္တုဆုတ်ပြဲသံများ ခဏတာ ထွက်ပေါ်လာခဲ့သော်လည်း ရဟတ်ယာဉ် ဆူညံသံများက လျင်မြန်စွာ ဖုံးလွှမ်းသွားခဲ့လေသည်။
ရဟတ်ယာဉ်ကြီးမှာ လေထဲတွင် အရက်မူးနေသကဲ့သို့ ပြင်းထန်စွာ လှုပ်ယမ်းနေပြီးနောက်၊ အောက်ဘက်ရှိ တောအုပ်ထဲသို့ တည့်တည့်မတ်မတ် ထိုးဆင်းသွားကာ ပေါက်ကွဲသွားလေတော့သည်။
တစ်ခဏအတွင်းမှာပင် တိုက်ခိုက်လာသော ရဟတ်ယာဉ် လေးစင်းအနက် သုံးစင်းမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
နောက်ဆုံးကျန်ရစ်သော ရဟတ်ယာဉ်ပေါ်ရှိ လောင်ကျွမ်းမီးလျှံ ဂိုဏ်းဝင်များမှာ အလွန်အမင်း ထိတ်လန့်လွန်း၍ သွေးပျက်သွားလုနီးပါး ဖြစ်သွားကြသည်။
သူတို့သည် တစ်စက္ကန့်မျှပင် ဆက်မနေရဲတော့ဘဲ အင်ဂျင်ကို အမြင့်ဆုံးတင်ကာ အရှေ့တောင်ဘက်သို့ ရူးသွပ်စွာ ထွက်ပြေးသွားကြလေသည်။ အခြားအဖွဲ့တစ်ဖွဲ့နှင့် သွားရောက် ပူးပေါင်းရန် ဆိုသည်မှာ ထင်ရှားလှပေသည်။
ရုတ်တရက် ပေါ်ပေါက်လာသော လေကြောင်း အကျပ်အတည်းတစ်ခုမှာ လျှပ်စီးလက်သကဲ့သို့ လျင်မြန်စွာ ဖြေရှင်းခံလိုက်ရသည်။
ဝံပုလွေအသိုက် ပတ်ဝန်းကျင်တွင် တိတ်ဆိတ်မှုများ ယာယီ ပြန်လည် စိုးမိုးသွားခဲ့ပြီး၊ လောင်ကျွမ်းနေသော ရဟတ်ယာဉ် အပျက်အစီးများထံမှ တဖျောက်ဖျောက် မြည်သံများနှင့် သီသီလေး လွတ်မြောက်လာခဲ့ကြသော နှင်းဝံပုလွေများ၏ တိုးညှင်းသည့် ညည်းတွားသံများသာ ကျန်ရစ်ခဲ့လေသည်။
သို့သော် လင်းထျန်းလုံ၏ ရေခဲပြာရောင် ဝံပုလွေမျက်လုံးများထဲတွင် ဝမ်းသာမှု အရိပ်အယောင် အနည်းငယ်မျှကိုပင် မတွေ့ရပေ။
သူသည် ရန့်မြဲ့၏ ဘေးတွင် ထိုင်ချလိုက်ပြီး သူ၏ ဧရာမ ခေါင်းကြီးကို ငုံ့ကာ ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော သူ၏ စစ်သူကြီးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ရင်း၊ စိုးရိမ်ပူပန်မှုနှင့် ချီးကျူးမှု ခံစားချက်များကို ပေးပို့လိုက်လေသည်။
“ဘုရင်ကြီး... အရှင့်ရဲ့ လက်အောက်ငယ်သားက အရည်အချင်း မရှိပါဘူး...” ရန့်မြဲ့သည် မတ်တတ်ရပ်ရန် အတင်းအဓမ္မ ကြိုးစားလိုက်သော်လည်း လင်းထျန်းလုံ၏ အကြည့်ကြောင့် ရပ်တန့်သွားခဲ့သည်။
“မင်း လုံလုံလောက်လောက် လုပ်ပြခဲ့ပြီးပီပဲ၊ ငါ မျှော်လင့်ထားတာထက် အများကြီး ပိုပြီးလုပ်ပြနိုင်ခဲ့တာပါ၊ အခု အနားယူလိုက်တော့” သူ၏ အတွေးမှာ တိုတောင်းသော်လည်း ငြင်းဆန်၍မရသော ဂရုစိုက်မှုများဖြင့် ပြည့်နှက်နေလေသည်။
သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ၊ ဒဏ်ရာရနေသော ဝံပုလွေများ၊ ဆူညံသံများကြောင့် ထိတ်လန့်နေသော ဝံပုလွေများနှင့် ကျည်ဆန်များ ထိမှန်ထားသည့် တိုတမ်မိခင်သစ်ပင်၏ အရွက်များကို မြင်တွေ့လိုက်ရသည်။
အေးစက်စက် တောက်လောင်နေသော ဒေါသမီးတောက်တစ်ခု သူ၏ နှလုံးသားထဲတွင် ပြန့်နှံ့သွားခဲ့သည်။
“ပြဿနာပဲ...” သူ၏ နှလုံးသားမှာ လေးလံနေခဲ့လေသည်။
ရန်သူများအား ယာယီ ဆုတ်ခွာသွားအောင် ဖိအားပေးနိုင်ခဲ့သော်လည်း လူသားများ၏ အလေ့အထများကို သူ ကောင်းကောင်း သိရှိထားလေသည်။
ကျူပင်ခုတ် ကျူငုတ်မကျန်ရလေအောင် အမြစ်ကပါ မနုတ်ပစ်ပါက နွေဦးလေပြင်းနှင့်အတူ ပြန်လည်ကြီးထွားလာရန် ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေပေမည်။
ယနေ့ သူတို့သည် ဝံပုလွေအသိုက်၏ ခွန်အားနှင့် တည်နေရာကို မြင်တွေ့သွားကြပြီဖြစ်ရာ၊ နောက်တစ်ကြိမ် သူတို့ ရောက်လာလျှင် သေချာပေါက် ပိုမိုကြမ်းတမ်းသော ပြင်ဆင်မှုများဖြင့် လက်စားချေမှုတစ်ခု ဖြစ်လာပေလိမ့်မည်။
ထိုခြိမ်းခြောက်မှုကို အမြစ်ပြတ်ခြေမှုန်းရန် သို့မဟုတ်... အခြားနေရာသို့ လမ်းလွှဲပစ်ရန် သူ တစ်ခုခု လုပ်ရမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သစ်ပင်အိမ်လေးအတွင်းရှိ ရှောင်လန်နှင့် ရှောင်ယင်းတို့ နှစ်ဦးစလုံးသည် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ကြပြီး သူတို့၏ တင်းမာနေသော ခန္ဓာကိုယ်လေးများမှာ ပျော့ခွေသွားလေသည်။
သို့သော် ချက်ချင်းဆိုသလိုပင် ထိတ်လန့်တုန်လှုပ်မှုများ သူတို့၏ နှလုံးသားထဲတွင် နောက်တစ်ကြိမ် ဆူပွက်လာခဲ့ပြန်သည်။
“ဘုရားရေ... ဝံပုလွေဖေဖေ တစ်ယောက်တည်း မဟုတ်ဘူး... ဦးလေးယင်းဖုန်းရဲ့ လုပ်ကြံသတ်ဖြတ်နိုင်စွမ်းကလည်း အရမ်း ရူးသွပ်စရာ ကောင်းလွန်းမနေဘူးလား... အရိပ်ထဲကနေ ချဥ်းကပ်တာ၊ အမြင့်ကို ခုန်တက်သွားတာ၊ ပြီးတော့ အချိန်ကိုက် ခိုးဝင်ပြီး ချက်ချင်း ရှင်းလင်းပစ်တာ... သူက တကယ့်ကို ညအမှောင်ရဲ့ မွေးရာပါ ဘုရင်တစ်ပါးပဲ...” ရှောင်ယင်းက အံ့သြတကြီး ပြောလိုက်သည်။
“ငါတို့ရဲ့ နှင်းဝံပုလွေအုပ်စုမှာ ဒီလောက်တောင် နက်ရှိုင်းတဲ့ အခြေခံအုတ်မြစ်တွေ ရှိနေတာလား...” ရှောင်လန်သည် သူမ၏ ဦးနောက်သေးသေးလေးဖြင့် လိုက်မမီတော့သလို ခံစားလိုက်ရသည်။ “ဒါဆို အတိတ်ဘဝတုန်းက ဝံပုလွေဖေဖေက... ဘယ်လိုလုပ်ပြီး...”
ဤအတွေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဧကရီနှစ်ပါးလုံး၏ နှလုံးသားများမှာ တစ်ပြိုင်နက်တည်း နစ်မြုပ်သွားခဲ့ကြပြန်လေတော့သည်။