အခြားသားရဲဘုရင်၏ နယ်မြေအတွင်း ကျူးကျော်၀င်ရောက်ခြင်း
Vol. 9 Ch. 85
ဤအတွေးမှာ ဧကရီနှစ်ပါလုံး၏ ရင်ထဲတွင် ဆူးညှောင့်သဖွယ် တည်ရှိမှုကြီးပင်ဖြစ်လေသည်။
“ဒီလောက် ကြီးမားတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတာတောင်မှ၊ ဝံပုလွေဖေဖေလို ဘုရင်တစ်ပါး ရှိနေတာတောင်မှ၊ ရန့်မြဲ့၊ ယင်းဖုန်းနဲ့ ထျန်းပင်းလို အဆုံးမဲ့ အလားအလာတွေ ရှိတဲ့ ဦးလေးတွေ ရှိနေတာတောင်မှ... ဘာလို့ အတိတ်ဘဝတုန်းက ဝံပုလွေဖေဖေက အသက်အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတာလဲ...” ရှောင်ယင်း၏ အတွေးများထဲတွင် နက်ရှိုင်းသော တွေဝေရှုပ်ထွေးမှုများနှင့် စိတ်မတည်မငြိမ်ဖြစ်နေသော အရိပ်အယောင်တစ်ခု ပါဝင်နေလေသည်။
“လက်ရှိ ဝံပုလွေဖေဖေနဲ့ ဝံပုလွေအုပ်စုကို အသက်အန္တရာယ် ဖြစ်စေလောက်တဲ့အထိ ဆိုးရွားတဲ့ အရာက ဘာများ ဖြစ်နိုင်မလဲ...” ရှောင်လန်မှာ လျင်မြန်စွာ တွေးတောနေလေသည်။
“ထျန်းစန်းတောအုပ်ကြီးထဲမှာဆိုရင်တော့... အနောက်ဘက်က အဲဒီ မိုးကြိုးအကျဉ်းထောင်ဧကရာဇ် တစ်ကောင်ပဲ ဖြစ်နိုင်တယ်... ဒါမှမဟုတ်ရင်လည်း... နင်းမြို့တော်က လူသား အင်အားစုတွေပေါ့...”
“ဝံပုလွေဖေဖေက လူသားတွေလက်ချက်နဲ့ တကယ်ပဲ သေဆုံးသွားခဲ့တာလား...” ဤအတွေးကြောင့် ဧကရီနှစ်ပါးလုံး၏ စိတ်မအေးချမ်းနိုင်အောင် ဖြစ်သွားကြသည်။
ဤဘဝတွင် သူတို့၏ လမ်းကြောင်းများ ကွဲပြားသွားပြီဟု ထင်ခဲ့ကြသော်လည်း၊ အမှောင်ထုထဲရှိ ကံကြမ္မာ၏ အရိပ်ကြီးမှာ လွှမ်းမိုးနေဆဲ ဖြစ်ပုံရသည်။
ရှောင်လန်သည် မီးလောင်ကျွမ်းနေသော ဦးခေါင်းခွံ အမှတ်အသားနှင့် ဆက်စပ်နေသော၊ အတိတ်ဘဝက ရက်စက်ကြမ်းကြုတ်မှုနှင့် ခွန်အားကြီးမားမှုတို့ကြောင့် နာမည်ကြီးခဲ့သည့် နင်းမြို့တော်မှ သူဌေးကြီး... လောင်ကျွမ်းမီးလျှံ ဂိုဏ်း၏ ခေါင်းဆောင်၊ မသေဆုံးနိုင်သော မီးတောက်ဘုရင် ဟော်ကျန်းကို ပြန်လည်အမှတ်ရသွားခဲ့သည်။
(ဘာသာပြန်သူမှတ်ချက်။ ။ ရှေ့ပိုင်းမှာ သွေးစွန်းလက်သည်းဂိုဏ်း ခေါင်းဆောင်ဆိုပြီး မူရင်းမှာရေးသားထားခဲ့တယ်၊ အခုအပိုင်းတွေမှာတော့ လောင်းကျွမ်းမီးလျှံဂိုဏ်း ခေါင်းဆောင်ဆိုပြီးဖော်ပြထားတယ်၊ ဆိုတော့ သွေးစွန်းလက်သည်းဂိုဏ်းက နောက်ပိုင်းမှဖြစ်လာမှာဖြစ်ပြီး၊ အခု လက်ရှိဟော်ကျန်းက လောင်းကျွမ်းမီးလျှံဂိုဏ်း တည်ထောင်ထားတာပဲဖြစ်နိုင်ပါတယ်)
“သူပဲ... အတိတ်ဘဝတုန်းက ဝံပုလွေဖေဖေ ကျဆုံးသွားခဲ့ရတာက သူနဲ့ သေချာပေါက် ပတ်သက်နေလိမ့်မယ်...” ရှောင်လန်သည် ထိုအကြောင်းအရာအပေါ် သေချာလုနီးပါး ဖြစ်နေခဲ့သည်။ “ဒါက တကယ့် ပြဿနာကြီး ဖြစ်လာတော့မယ်...”
သို့သော် ထိုအချိန်တွင် အောက်ဘက်ရှိ ဝံပုလွေဖေဖေသည် ဝံပုလွေအုပ်စုကို လျင်မြန်စွာ နှစ်သိမ့်ပေးပြီးနောက်၊ အပြင်းထန်ဆုံး ဒဏ်ရာရထားသော နှင်းဝံပုလွေများ၏ ဒဏ်ရာများကို တည်ငြိမ်စေရန်အတွက် ပိုင်လင်းအား ဝိညာဉ်နို့ရည်ကို အသုံးပြုခိုင်းခဲ့သည်ကို သူမ၏ မျက်လုံးထောင့်မှနေ၍ မြင်တွေ့လိုက်ရသည်။
ထို့နောက် တိုးညှးင်းသော ဟိန်းဟောက်သံ အနည်းငယ်နှင့်အတူ အရှိန်အဝါများ ဆူပွက်ကာ ကြမ်းတမ်းနေဆဲဖြစ်သော ထျန်းပင်းနှင့်၊ အသက်ရှူ အနည်းငယ် မြန်နေသော်လည်း မျက်လုံးများ စူးရှထက်မြက်နေသည့် ပြန်ရောက်လာသော ယင်းဖုန်းတို့ကို ဦးဆောင်၍ ငွေရောင် လေပြင်းသုံးခုကဲ့သို့ ဝံပုလွေအသိုက်မှနေ၍ နောက်တစ်ကြိမ် ပြေးထွက်သွားကြပြီး... အနောက်ဘက်ဆီသို့... တည့်တည့်မတ်မတ် ဦးတည်သွားကြလေသည်။
“ဝံပုလွေဖေဖေလား...” ရှောင်လန် ကြက်သေသေသွားခဲ့သည်။ “အကျပ်အတည်းက အခုလေးတင် ဖြေရှင်းပြီးသွားတာလေ... သူ ဘယ်ကိုသွားမလို့လဲ...”
တောအုပ်ထဲတွင် အရှိန်အဟုန်ဖြင့် ပြေးလွှားနေစဉ် လင်းထျန်းလုံ၏ အကြည့်များမှာ ဓားတစ်ချောင်းကဲ့သို့ စူးရှနေပြီး၊ အစီအစဉ်များကို သူ၏ စိတ်ထဲတွင် သတ်မှတ်ပြီးသား ဖြစ်လေသည်။
သေရမည့်အချိန်ကို စောင့်နေခြင်းမှာ သူ၏ ပုံစံ လုံးဝမဟုတ်ပေ။ ပြဿနာက အိမ်တံခါးဝအထိ ရောက်လာပြီဖြစ်ရာ ပိုမိုကြီးမားသော ပြဿနာများ မရောက်လာမီ ဦးအောင်လှုပ်ရှားရမည် ဖြစ်သည်။
သူ၏ ပစ်မှတ်မှာ ရှင်းလင်းနေသည်။ အနောက်ဘက်ရှိ သားရဲဘုရင်၏ နယ်မြေပင် ဖြစ်လေသည်။
အကယ်၍ သူသာ ကံဆိုးမှုများကို တခြားသူများဆီ လွှဲချနိုင်ခဲ့လျှင်၊ ဒါမှမဟုတ် အနည်းဆုံး ထိုနေရာမှ အခြေအနေကို စုံစမ်းနိုင်ခဲ့လျှင်၊ ဝံပုလွေအသိုက်အမြုံလေးအတွက် အဖိုးတန်သည့် အချိန်များကို သူ ဝယ်ယူနိုင်ပေလိမ့်မည်။
အကယ်၍ အပေါ်စီးမှ ကြည့်ရှုမည်ဆိုပါက လင်းထျန်းလုံသည် အနောက်ဘက် အစွန်အဖျားဆီသို့ မရပ်မနား ပြေးလွှားနေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။
ထိုနေရာမှာ ထျန်းစန်းတောင်တန်း၏ တောင်တန်းခွဲတစ်ခုဖြစ်ပြီး သဘာဝ အတားအဆီးတစ်ခုဖြစ်ပေါ်နေကာ နှင်းဝံပုလွေအုပ်စု၏ အမဲလိုက်ကွင်းပြင် နယ်နိမိတ်ကို ဖန်တီးထားနိုင်လေသည်။
ရှေ့မှ တဖြည်းဖြည်း မြင့်တက်လာသော တောင်ကြောကို ဖြတ်ကျော်သွားခဲ့ပြီး၊ အခြား ဘုရင်တစ်ပါး၏ နယ်မြေထဲသို့ ခြေချလိုက်ပြီပဲ ဖြစ်လေသည်။
သူတို့ နယ်စပ်ကို ဖြတ်ကျော်လိုက်သည်နှင့် တစ်ပြိုင်နက် အေးစက်ပြီး သေခြင်းတရား အရှိန်အဝါတစ်ခုသည် သူတို့ဆီသို့ လေပြင်းနှင့်အတူ တိုက်ခတ်လာခဲ့သည်။
နှင်းဝံပုလွေနယ်မြေ၏ တက်ကြွမှုနှင့် မတူဘဲ ဤနေရာရှိ ထင်းရှူးတောမှာ စိုထိုင်းလေးလံမှုတို့ကို ခံစားရစေလေသည်။
လေထုထဲတွင် စိတ်မသက်မသာဖြစ်စေသော ငါးညှီနံ့သဲ့သဲ့လေး ပျံ့နှံ့နေသည်။ ၎င်းမှာ သူ၏ နယ်မြေကို အမှတ်အသားပြုသည့်အနေဖြင့် အစွမ်းထက်သော သားရဲဘုရင်တစ်ကောင် ချန်ရစ်ခဲ့သည့် ခြိမ်းခြောက်မှုပင် ဖြစ်လေသည်။
လက်ရှိ ထျန်းစန်းတောအုပ်ကြီး တစ်ခုလုံးတွင် နင်းမြို့တော်မှ လူသားများအပြင်၊ ခွန်အားအရ လင်းထျန်းလုံ အလေးအနက်ထားရမည့် တစ်ဦးတည်းသောသူမှာ တောင်ကြောတစ်ဖက်ရှိ ဤသားရဲဘုရင်ပင် ဖြစ်လေသည်။
ထိုအချိန်မှာပင် လင်းထျန်းလုံ၏ ရေခဲပြာရောင် မျက်လုံးများသည် အဝေးက ကောင်းကင်ယံတွင် ရုတ်တရက် ကြီးထွားလာသော နေမင်း အသေးစားတစ်စင်းအလား တောက်ပသည့် မီးလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသော အနက်ရောင် အစက်အပြောက်တစ်ခုကို ရုတ်တရက် တွေ့လိုက်ရပြီး၊ ခဏအကြာတွင် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“လေးကီလိုမီတာလောက် အကွာမှာ” သူသည် အကွာအဝေးကို ချက်ချင်း တွက်ဆလိုက်သည်။
“ခြေရာဖျောက်ပြီး တိုက်ပွဲဖြစ်တဲ့နေရာကို ချဉ်းကပ်ကြ” လင်းထျန်းလုံသည် ထျန်းပင်းနှင့် ယင်းဖုန်းကို ချက်ချင်း အမိန့်ပေးလိုက်သည်။ “ငါ့အမိန့်ရမှ လှုပ်ရှားရမယ်”
ပုံမှန်အားဖြင့် အခြား သားရဲဘုရင်တစ်ကောင်၏ နယ်မြေထဲသို့ ဤမျှ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်သွားခြင်းမှာ စစ်ကြေညာခြင်းနှင့် မခြားနားပေ။
သို့သော် ယခုအချိန်တွင် ထိုသားရဲမှာ လူသားများနှင့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေပြီး အခြားအရာများကို ဂရုစိုက်ရန် အချိန်မရှိကြောင်း ထင်ရှားနေခဲ့သည်။
သို့သော်လည်း ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားလေလေ လင်းထျန်းလုံ၏ မျက်ခုံးများ တွန့်ကွေးလာလေလေ ဖြစ်သည်။
“အရမ်း တိတ်ဆိတ်လွန်းနေတယ်”
တောအုပ်အတွင်းတွင် အဝေးမှ ခပ်သဲ့သဲ့ ကြားနေရသော တိုက်ပွဲသံများမှလွဲ၍ မည်သည့် သက်ရှိ၏ အရှိန်အဝါကိုမျှ သူ အာရုံမခံမိပေ။
သေးငယ်သော မိစ္ဆာသားရဲများ မရှိသလို၊ ငှက်များလည်း မရှိပေ၊ အင်းဆက်ပိုးမွှားများ၏ အသံလေးများကိုပင် တစ်ခါတစ်ရံသာ ကြားရလေသည်။
ဤနေရာသည် သေခြင်းတရားဖုံးလွှမ်းနေသော နယ်မြေတစ်ခုနှင့် တူနေလေသည်။
“ထျန်းပင်း... မင်းရဲ့ လက်အောက်ငယ်သားတွေကို ခေါ်ပြီး တပ်ဖြန့်လိုက်... ဒီအမဲလိုက်ကွင်းပြင်မှာ တခြား မိစ္ဆာသားရဲတွေရဲ့ သဲလွန်စတွေ ရှိမရှိ ရှာကြည့်...” လင်းထျန်းလုံသည် သူ၏ အမိန့်များကို ပြောင်းလဲလိုက်ပြီး၊ သူ၏ နှလုံးသားထဲတွင် ပြင်းထန်သော သတိပေးချက်တစ်ခု ပေါ်ထွက်လာခဲ့သည်။ “ယင်းဖုန်း... ငါနဲ့အတူ ရှေ့ဆက်သွားမယ်...”
ဤမြင်ကွင်းမှာ လူသားများ တောအုပ်အတွင်း ရှင်းလင်းလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာခြင်း လုံးဝမဟုတ်ပေ။ အလောင်းများ မရှိသလို သွေးများလည်း မရှိချေ။ ကြက်သီးထဖွယ်ကောင်းသော... တိတ်ဆိတ်မှုကသာ ကြီးစိုးနေခဲ့လေသည်။
အဖြေတစ်ခုတည်းသာ ရှိလေသည်။ ထိုသားရဲသည် သူ ဆင့်ကဲပြောင်းလဲရန်အတွက်၊ သူ၏ နယ်မြေထဲရှိ သက်ရှိအားလုံးကို ဝါးမြိုပစ်လိုက်ခြင်းပင်။
“အရမ်းရူးသွပ်လွန်းတဲ့ အကောင်ပဲ...” လင်းထျန်းလုံ ကျောချမ်းသွားလေသည်။ သူသည် ယခုအခါ ခေါင်းထဲတွင် မေးခွန်းတစ်ခုတည်းသာ ရှိနေတော့လေသည်။
“သက်ရှိ အတော်များများကို ဝါးမြိုပြီးတဲ့နောက် ဒီသားရဲက အခုအချိန်မှာ ဘယ်လောက်တောင် အစွမ်းထက်လာခဲ့ပြီလဲ...”
နောက်ဆုံးတွင် သူနှင့် ယင်းဖုန်းတို့သည် တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် မီတာသုံးရာ အကွာအဝေးထိ တိတ်ဆိတ်စွာ တွားသွား ချဉ်းကပ်သွားချိန်တွင် လတ်ဆတ်ပြီး ပြင်းထန်သော သွေးနံ့များ လေနှင့်အတူ လွင့်ပျံလာခဲ့သည်။
သူတို့သည် သစ်ပင်များကို အကာအကွယ်အဖြစ် အသုံးပြု၍ အနံ့လာရာ လမ်းကြောင်းအတိုင်း လိုက်ကာ၊ ကျောက်တောင်စွန်းတစ်ခု၏ ထိပ်ဆှသို့ တိတ်ဆိတ်စွာ တက်သွားခဲ့ကြသည်။
အောက်ဘက်တွင်မူ ကစဉ့်ကလျားဖြစ်နေသော တောအုပ် ကွင်းပြင်းကြီးတစ်ခု ရှိလေသည်။
ရဟတ်ယာဉ် ခြောက်စင်း သို့မဟုတ် ခုနစ်စင်းမှာ ယိုင်နဲ့နဲ့ ပျက်ကျကာ မီးလောင်နေလေသည်။
လောင်ကျွမ်းမီးလျှံ ဂိုဏ်း၏ ဝတ်စုံများကို ဝတ်ဆင်ထားပြီး သေနတ်များ ကိုင်ဆောင်ထားသော လူသား သုံးဆယ်ခန့်မှာ ရူးသွပ်စွာ ပစ်ခတ်နေခဲ့ကြလေသည်။ ထို့အပြင် စွမ်းအားနိုးထလာသူ တစ်ဒါဇင်ခန့်လည်း ရှိနေပြီး၊ အချို့မှာ ခန္ဓာကိုယ်ပတ်လည်တွင် မီးတောက်များ ရှိနေကာ၊ အချို့မှာ သတ္တုအရေပြားများ ရှိပြီး၊ အချို့မှာတော့ မြေကြီးနှင့် ကျောက်တုံးများကို ထိန်းချုပ်ကာ စစ်မြေပြင်တွင် ကြောက်ရွံ့မှုကင်းမဲ့စွာဖြင့် လှုပ်ရှား တိုက်ခိုက်နေကြလေသည်။
သူတို့၏ ရန်သူမှာ ခြောက်မီတာနီးပါး မြင့်မားသော ဧရာမသားရဲကြီး တစ်ကောင်ဖြစ်ပြီး၊ ရွေ့လျားနေသော တောင်ကုန်းငယ်လေး တစ်ခုနှင့်ပင် တူနေလေသည်။
၎င်း၏ ခန္ဓာကိုယ်သည် ထူထဲသော အဖြူရောင်ဖျော့ဖျော့ အမွေးများဖြင့် ဖုံးလွှမ်းနေပြီး တောက်ပသော ရေပြာရောင် လျှပ်စစ် လှိုင်းဂယက်များမှာ မျက်နှာပြင်ပေါ်တွင် ရံဖန်ရံခါ လျှပ်တစ်ပြက် ဖြတ်သန်းစီးဆင်းနေလေသည်။
ဧရာမ ဝက်ဝံလက်ဝါးကြီးများ၏ ရိုက်ချက်တိုင်းသည် လေနှင့် မိုးချိန်းသံများကို သယ်ဆောင်လာပြီး မျက်လုံးများထဲတွင် ရူးသွပ်မှု၊ ကြမ်းတမ်းမှုများနှင့်၊ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးအလင်းရောင်များ တောက်ပနေလေသည်။
မျိုးနွယ် - ကောင်းကင်မိုးကြိုးမုန်တိုင်းဝက်ဝံ - တော်ဝင်မျိုးနွယ်စု
အဆင့် - ၂၉ (ခြေလှမ်း၀က်ဘုရင်အဆင့် မိစ္ဆာသားရဲ)
ပင်ကိုစွမ်းရည် - ဖျက်ဆီး၍မရသော မိုးကြိုးခန္ဓာကိုယ် (ခရမ်းရောင် · ပါရမီရှင်အဆင့်)၊မိုးကြိုးအရင်းအမြစ် (ခရမ်းရောင် · ပါရမီရှင်အဆင့်)၊ မုန်တိုင်းဝက်ဝံ သွေးမျိုးဆက် (အဖြူရောင် · ငွေအဆင့်)၊ မိစ္ဆာသားရဲ၏ ခမ်းနားထည်ဝါမှု (အဖြူရောင် · ငွေအဆင့်)။
စွမ်းရည်များ - [မိုးကြိုးအလင်း ဟိန်းဟောက်သံ (အဖြူရောင် · ငွေအဆင့်)]၊ မိုးကြိုးမုန်တိုင်း လက်ဝါး (အဖြူရောင် · ငွေအဆင့်)၊ ရိုင်းစိုင်းသော ကောင်းကင်မိုးကြိုးအက (ခရမ်းရောင် · ပါရမီရှင်အဆင့်)
လင်းထျန်းလုံသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြစ်နေသော ထိုအချက်အလက်ပြ မျက်နှာပြင်ကို ကြည့်လိုက်သည်။
သူ၏ မျက်၀န်းများမှာ ရုတ်တရက် ကျုံ့ဝင်သွားပြီး သူ၏ နှလုံးသားထဲတွင် အာမေဍိတ်သံ တစ်ခုတည်းသာ ကျန်ရစ်ခဲ့လေတော့သည်... “ဒီဝက်ဝံသားရဲရဲ့ အချက်အလက်ပြ မျက်နှာပြင်က... အရမ်းကို ချဲ့ကားလွန်းနေပြီ...”