← Chapters

ဒေါသမိုးကြိုး၊ လောင်းကျွမ်းမီးလျှံဂိုဏ်း မျှော်လင့်ချက်မဲ့ခြင်း (၂)

Vol. 9 Ch. 87

ဒေါသမိုးကြိုး၊ လောင်းကျွမ်းမီးလျှံဂိုဏ်း မျှော်လင့်ချက်မဲ့ခြင်း (၂)

Vol. 9 Ch. 87

၀က်ဝံဘုရင်ကြီး၏ တစ်ကိုယ်လုံးကို ဖျက်ဆီးနိုင်စွမ်းအားကောင်းသော အပြာရင့်ရင့် မိုးကြိုးများက လွှမ်းခြုံထားပြီး လေထုကို ဆုတ်ဖြဲသွားသည့် သေမင်းမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ သားရေဂျာကင်ဝတ် အမျိုးသားဆီသို့ ပြင်းထန်စွာ တိုး၀င်သွား စတင်တိုက်ခိုက်လိုက်လေတော့သည်။

“အစွန်းရောက်မိုးကြိုး ဝင်ဆောင့်ခြင်း” (၎င်းမှာ မုန်တိုင်းဝက်ဝံသွေးမျိုးဆက် (အဖြူရောင် ·ငွေအဆင့်) နှင့် မိုးကြိုးစွမ်းအားများကို အခြေခံပြီး ပေါင်းစပ်အသုံးပြုလိုက်ခြင်း ဖြစ်သည်။)

ဆောင်းဦး၏ ခြောက်သွေ့အေးစက်သော လေပြင်းများသည် ဤပြင်းထန်လှသော စွမ်းအားများ၏ ဆုတ်ဖြဲခြင်းကို ခံလိုက်ရပြီး ဘေးသို့ လွင့်စင်သွားလေတော့သည်။

ဧရာမဝက်ဝံကြီး၏ မျက်နှာပြင်ပေါ်ရှိ သိပ်သည်းလှသော မိုးကြိုးစွမ်းအင်များသည် အစွန်းရောက် အမြန်နှုန်းကြောင့် ပြင်းထန်စွာ လည်ပတ်နေပြီး ကျုံ့ဝင်သွားကာ၊ ပတ်ဝန်းကျင်ရှိ အမှိုက်များနှင့် ဖုန်မှုန့်များကို အဆက်မပြတ် စုပ်ယူနေသည့် ရေပြာရောင် မိုးကြိုးဝဲဂယက်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

၎င်းဖြတ်သန်းသွားရာ နေရာတိုင်းတွင် မြေကြီးများ မည်းနက်သွားရုံတင် မက၊ လျှပ်စီးဖန်သားပြင်အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားလေသည်။ ထူထဲသော သစ်ပင်များမှာလည်း ကျိုးပဲ့သွားရုံတင် မဟုတ်ဘဲ၊ မြင့်မားသော အပူချိန်နှင့် ကြီးမားလွန်းသော ခွန်အားကြောင့် ချက်ချင်းဆိုသလို အမှုန့်ဖြစ်သွားခဲ့ရသည်။

“သေလိုက်စမ်း… အဲဒါကို ချိန်ကြ၊ မြန်မြန် ချိန်ကြစမ်း”

“သူ့ပစ်မှတ်က တပ်မှူးပဲဟ”

“လမ်းဖယ်ကြ ဘေးဖယ်ပေးကြဟ”

“ကယ်ကြပါ... ကယ်ကြပါဦး၊ မဖြစ်ဘူး...”

တစ်ခဏအတွင်းမှာပင် တိုက်ပွဲအတွေ့အကြုံရှိသော စွမ်းအားနိုးထသူများပင်လျှင် သွေးပျက်သွားကြသည်။ သူတို့သည် အဖွဲ့အစည်းကို ဂရုမစိုက်နိုင်တော့ဘဲ၊ သူတို့၏ သာလွန်သော ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို အသုံးပြုကာ ဘေးသို့ ရုပ်ပျက်ဆင်းပျက်ဖြင့် ခုန်ရှောင်လိုက်ကြသည်။

သာမန် ဂိုဏ်းဝင်များအတွက်မူ မည်သည့်တုံ့ပြန်မှုမှ ပြုလုပ်ရန် အချိန်မရလိုက်ဘဲ၊ ဤပြင်းထန်သော မိုးကြိုးမုန်တိုင်းအတွင်းသို့ ချက်ချင်းပင် စုပ်ယူခံလိုက်ရလေတော့သည်။

မိုးကြိုးအရင်းအမြစ် (ခရမ်းရောင် · ပါရမီရှင်အဆင့်)၏ ဖျက်ဆီးနိုင်စွမ်းအားကောင်းသော စွမ်းအင်များ ပါဝင်နေသည့် ဝက်ဝံလက်ဖဝါးများသည် သာမန် အသားနှင့် အရိုးများမဟုတ်တော့ဘဲ၊ တကယ့်ကို နတ်ဘုရားတို့၏ ပြစ်ဒဏ်ခတ်သည့် သံတူကြီးများ ဖြစ်နေခဲ့ချေပြီ။

တစ်ချက်ရမ်းလိုက်တိုင်းတွင် သေခြင်းတရားတင် မကဘဲ လုံးဝဥဿုံ ခြေမှုန်းခြင်းကိုသာ ယူဆောင်လာခဲ့သည်။

တိုက်ရိုက် ရိုက်ခံရသူများသည် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ၊ ချက်ချင်း လောင်ကျွမ်းသွားကာ ပြာအဖြစ်သို့ ပြောင်းလဲ ပျက်စီးသွားကြလေသည်။

ရူးသွပ်နေသော လျှပ်စီးလှိုင်းများနှင့် သီသီလေး ပွတ်တိုက်သွားသူများပင်လျှင် အသားအရေများ ချက်ချင်း မည်းနက်လာကာ မီးခိုးများ ထွက်လာပြီး၊ သူတို့၏ အသက်စွမ်းအားများ လျင်မြန်စွာ ကုန်ဆုံးသွားရင်း ကျိုးပဲ့နေသော ရုပ်သေးများကဲ့သို့ မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

ဤအခိုက်အတန့်တွင် ကျောက်တောင်အစွန်းပေါ်ရှိ လင်းထျန်းလုံ၏ မျက်ဝန်းများမှာ အနည်းငယ် ကျုံ့ဝင်သွားခဲ့သည်။

သာမန် ဝံပုလွေတစ်ကောင်ထက် များစွာ သာလွန်သော သူ၏ အမြင်အာရုံမှာ၊ ဤရူးသွပ်စွာ သတ်ဖြတ်နေစဉ်အတွင်း ဝက်ဝံဘုရင်၏ ရင်ဘတ်ရှိ အဖြူရောင် အမွေးအမျှင်များကြားမှ အပြာရင့်ရင့် မိုးကြိုးပုံစံများသည် ထူးခြားစွာ လင်းလက်တောက်ပနေသည်ကို ရှင်းလင်းစွာ တွေ့လိုက်ရသည်။

၀က်ဝံကြီးသည် ဖျက်ဆီး၍မရသော မိုးကြိုးခန္ဓာကိုယ် (ခရမ်းရောင် ပါရမီရှင်အဆင့်) ၏ ကြောက်မက်ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုကို အပြည့်အ၀ အသက်သွင်းထားခြင်း ဖြစ်လေသည်။

၎င်းသည် တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံနေရုံတင် မဟုတ်ဘဲ၊ ပြင်းထန်သောတိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော ကစဉ့်ကလျား လျှပ်စီးစွမ်းအင်များ၊ လွင့်စင်သွားသော အပူစွမ်းအင်များနှင့် အခုလေးတင် ပျောက်ကွယ်သွားသော အသက်စွမ်းအင်များကိုပါ ရူးသွပ်စွာ ဝါးမြိုစုပ်ယူနေခြင်း ဖြစ်သည်။

၀က်ဝံဘုရင်၏ ခန္ဓာကိုယ်ပေါ်တွင် ယခင်က လက်နက်ကြီးများကြောင့် စုတ်ပြဲသွားခဲ့သော ပန်းကန်လုံးအရွယ် ဒဏ်ရာတစ်ဝိုက်ရှိ ကြွက်သားမျှင်များက သက်ရှိများကဲ့သို့ တွန့်လိမ်ယှက်နွယ်နေကြကာ သွေးတိတ်သွားပြီး မျက်စိဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် အသားနုများ ပြန်တက်လာနေလေသည်။

“စုပ်ယူခြင်း၊ အသွင်ပြောင်းခြင်း၊ ပြန်လည်ရှင်သန်ခြင်း... သုံးမျိုးစလုံး တစ်ပြိုင်နက်တည်း လုပ်နေတာပဲ” လင်းထျန်းလုံ စိတ်ထဲမှ တိတ်တဆိတ် ထိတ်လန့်သွားခဲ့သည်။

“ဒီ ဖျက်ဆီးလို့မရတဲ့ မိုးကြိုးခန္ဓာကိုယ်က ထင်ထားတာထက် ပိုပြီး ပြဿနာများတာပဲ၊ ကြည့်ရသလောက်တော့ လုံးဝကို အနိုင်မရနိုင်တဲ့ အနေအထားမှာ…. သူ့ကို ဒဏ်ရာအပြင်းအထန်ရဖို့ ဒါမှမဟုတ် သတ်နိုင်ဖို့ဆိုရင်၊ သူ့ရဲ့ စုပ်ယူနိုင်စွမ်းနဲ့ ပြန်လည်ကုသနိုင်စွမ်း ကန့်သတ်ချက်ကို ရုတ်တရက် ကျော်လွန်သွားနိုင်တဲ့ လုံးဝ သူ့ထက်သာလွန်တဲ့ ပေါက်ကွဲထွက်နိုင်တဲ့ ခွန်အားမျိုး ရှိမှရမယ်၊ ဒါမှမဟုတ်ရင်လည်း... သူ့ကို သေတဲ့အထိ ကြိတ်ချေနိုင်ဖို့ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ဆက်တိုက်ပေးနိုင်ရမယ်။”

နောက်တစ်စက္ကန့်တွင် ဤတိုက်ကွက်၏ ထိရောက်မှုမှာ သူ၏ အမုန်းတရားများကို ထုတ်လွှတ်ရန် မလုံလောက်သေးဟု ခံစားရခြင်းလော၊ သူ၏ ခန္ဓာကိုယ်အတွင်းရှိ မိုးကြိုးစွမ်းအားများမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသောကြောင့်လောမသိ။

ဝက်ဝံဘုရင်မှာ ရုတ်တရက် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်သည်။ သူသည် နောက်တစ်ကြိမ် မတ်တတ်ရပ်လိုက်ပြီး ကောင်းကင်နှင့် မြေကြီးကိုပင် တုန်ခါသွားစေနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လာခဲ့ပြီး၊ ကမ္ဘာကြီးတစ်ခုလုံးအား သူ၏ တည်ရှိမှုကို ကြေညာလိုက်သကဲ့သို့ပင်။

“ခက်ထန်သောကောင်းကင်မိုးကြိုး အက (ခရမ်းရောင် · ပါရမီရှင်အဆင့်)”

ဤဟိန်းဟောက်သံကို တုံ့ပြန်လယသည့်အလား မှုန်မှိုင်းနေသော ကောင်းကင်ကြီးမှာ ချက်ချင်း မည်းမှောင်ကျသွားခဲ့သည်။

အချင်း ဆယ့်ငါးမီတာကျော်ရှိသော ဧရာမ မိုးကြိုးတိမ်တိုက် ဝဲဂယက်ကြီးတစ်ခုမှာ စစ်မြေပြင်၏ အပေါ်တည့်တည့်တွင် ရုတ်တရက် ဖြစ်ပေါ်လာပြီး လည်ပတ်နေလေသည်။

ဝဲဂယက်၏ ဗဟိုချက်အတွင်းတွင် မည်းမှောင်နေသော တိမ်တိုက်များ လည်ပတ်နေခြင်း မဟုတ်တော့ဘဲ၊ မျက်စိကျိန်းမတတ် တောက်ပနေသော ရေပြာရောင် မိုးကြိုးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ကျယ်လောင်စွာ ဟိန်းဟောက်ရင်း တွန့်လိမ်နေသော ထူထဲပြီး ကြောက်မက်ဖွယ်ကောင်းသည့် မိုးကြိုးစီးကြောင်း မြောက်မြားစွာမှာ၊ နတ်ဘုရားတစ်ပါးက ပစ်လွှတ်လိုက်သည့် တရားစီရင်ချက် လှံတံများကဲ့သို့ ကျဆင်းလာခဲ့သည်။

၎င်းတို့မှာ ကျိုးတိုးကျဲတဲ ကျဆင်းလာခြင်း မဟုတ်ဘဲ၊ အရာအားလုံးကို ဖုံးလွှမ်းသွားသည့် မိုးကြိုးမိုးရေစက်များအဖြစ် ပြောင်းလဲသွားလေသည်။

မိုးကြိုးစီးကြောင်းများသည် လောင်ကျွမ်းမီးလျှံ ဂိုဏ်းဝင်များ အများဆုံးရှိ ရှိနေသည့် နေရာများဆီသို့ ရိုက်ချလိုက်လေတော့သည်။

“ဘုန်း…. ဘုန်း… ဂျိန်း… ဂျုံးး..”

တကယ့် သဘာဝဘေးအန္တရာယ်ကြီး တစ်ခု ကျရောက်လာခြင်းပင်။

၎င်းမှာ တိုက်ပွဲတစ်ခု မဟုတ်တော့ဘဲ တစ်ဘက်သက် သုတ်သင်ရှင်းလင်းခြင်းသာ ဖြစ်သွားလေသည်။

မိုးကြိုးစီးကြောင်းတစ်ခု ကျလာတိုင်း ထိုဧရိယာတစ်ခုအတွင်းရှိ အသက်ဝိညာဉ်တစ်ခု လုံးဝ ပျောက်ကွယ်သွားနေသည်။

မီးကျွမ်းနေသော အလောင်းများမှာ ရင်းနီးသူများပင် မမှတ်မိနိုင်လောက်အောင် ဖြစ်နေကြပြီး၊ ကျိုးပဲ့နေသော လက်နက်များမှာလည်း အရည်ပျော်ကျကာ ပုံပျက်နေပြီး၊ မြေကြီးမှာလည်း အကြိမ်ကြိမ် ထိုးခွဲခြင်း၊ ဖောက်ခွဲခြင်းနှင့် လျှပ်စီးဖန်သားပြင်အဖြစ် ပြောင်းလဲခြင်းများ ခံလိုက်ရလေသည်။

ဝက်ဝံဘုရင်ကြီးကိုယ်တိုင်မှာလည်း ဤအဖျက်စွမ်းအားကောင်းသော မိုးကြိုးနယ်မြေအတွင်း ပြေးလွှားသတ်ဖြတ်နေလေသည်။ ၎င်းမှာ ရွေ့လျားနေသော မုန်တိုင်းဗဟိုချက်၊ သေမင်း၏ ကိုယ်ပွားတစ်ခု ဖြစ်လာခဲ့သည့်အလား မည်သူမျှ မတားဆီးနိုင်ဘဲ မြင်မြင်သမျှ အရာအားလုံးကို ခြေမှုန်းနေလေတော့သည်။

တစ်ခဏအတွင်းမှာပင် လောင်ကျွမ်းမီးလျှံဂိုဏ်း၏ ကျဆုံးသူ အရေအတွက်မှာ အဆမတန် မြင့်တက်သွားခဲ့သည်။

သေဆုံးသူအများစုမှာ သာမန်အဖွဲ့ဝင်များ ဖြစ်ကြသော်လည်း၊ ဤနတ်ဘုရားများ၏ ပြစ်ဒဏ်ခတ်မှုနှင့် တူညီသော ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်နိုင်စွမ်းမှာ မည်သည့်စစ်တပ်၏ စိတ်ဓာတ်ကိုမဆို ပျက်ပြားစေရန် လုံလောက်နေပေသည်။

“ခက်ထန်သောကောင်းကင်မိုးကြိုးအက တဲ့လား... စွမ်းအားသက်ရောက်တဲ့ဧရိယာနဲ့ ဒီစွမ်းအားက...”

တိုက်ပွဲကို ကြည့်နေရင်းမှ လင်းထျန်းလုံ၏ ငွေပြာရောင် ဝံပုလွေ မျက်ဝန်းများထဲတွင် တောက်ပသော အလင်းတန်းများ လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။ “ဒါက ငွေအဆင့် စွမ်းရည်တွေရဲ့ အတိုင်းအတာကို လုံးဝ ကျော်လွန်သွားပြီ၊ ပါရမီရှင်အဆင့်တွေ ထဲမှာတောင် ဒါက အကြီးစား ဖျက်ဆီးရေးစွမ်းရည်တွေရဲ့ ထိပ်တန်းအဆင့်ထဲမှာ ပါနေမယ်ဆိုတာ သေချာသလောက်ပဲ”

သူ့ရှေ့ရှိ ဝက်ဝံဘုရင်၏ တိုက်ခိုက်ရေးစွမ်းအားမှာ အဆင့် ၂၉ (ခြေလှမ်း၀က်ဘုရင်အဆင့်) ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အမှန်စင်စစ်၊ ၎င်း၏ ပြီးပြည့်စုံသည့်၊ လိုက်ဖက်ညီပြီး အချင်းချင်း အားဖြည့်ပေးနိုင်သည့် ပါရမီရှင်အဆင့် ပင်ကိုစွမ်းရည်များစွာနှင့်ဆိုလျှင် ၀က်ဝံဘုရင်ထံမှ ပေါက်ကွဲထွက်လာသော ဖျက်ဆီးနိုင်စွမ်းမှာ အဆင့် ၃၀ (ဘုရင်အဆင့်) ၏ တံခါးဝကို ကျော်ဖြတ်ထားခါစ ပုဂ္ဂိုလ်များကိုပင် ခဏတာ ယှဉ်ပြိုင်နိုင်ရန် သို့မဟုတ် ခြိမ်းခြောက်နိုင်ရန်ပင် လုံလောက်နေချေပြီ။

ထိတ်လန့်မှုနှင့်အတူ၊ ဆူပွက်လုနီးပါးဖြစ်နေသော တိုက်ပွဲဝင်လိုစိတ် တစ်ခုမှာ လင်းထျန်းလုံ၏ နှလုံးသားအတွင်း လောင်ကျွမ်းလာခဲ့သည်။

၀က်ဝံဘုရင်ကြီးကဲ့သို့ ပြိုင်ဘက်မျိုးမှာ သူ၏ ကိုယ်ပိုင် ငွေပြာရောင် သွေးမျိုးဆက် (ရွှေရောင် · ဘုရင်အဆင့်) ၏ အလားအလာနှင့် ခွန်အားပြင်း သံချပ်ကာခွဲလက်သည်း (ခရမ်းရောင် · ပါရမီရှင်အဆင့်) ၏ ထက်ရှမှုကို စမ်းသပ်ရန် အကောင်းဆုံး သက်ရှိကျောက်တုံးကြီးပင် ဖြစ်လေသည်။

ဤကဲ့သို့သော ပြိုင်ဘက်ကို သတ်ဖြတ်ကာ၊ သေခြင်းနှင့် ရှင်ခြင်းကြားတွင် သူ၏ ခွန်အားကို သွေးလိုစိတ်များ ပြင်းပြနေလေသည်။

အောက်ဘက်ရှိ ဤလူသားတွေအတွက်တော့... လင်းထျန်းလုံ၏ ငွေပြာရောင် မျက်ဝန်းများအတွင်း အေးစက်စက် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ သူတို့ တောအုပ်ထဲသို့ ကျူးကျော်ဝင်ရောက်လာပြီး ဝံပုလွေအသိုက်ကို တိုက်ခိုက်ခဲ့သည့် အခိုက်အတန့်ကတည်းက၊ သူတို့၏ ကံကြမ္မာမှာ ဆုံးဖြတ်ပြီးသား ဖြစ်လေသည်။

နှစ်ဖက်စလုံး အထိနာသွားခြင်းမှာ သူ့အတွက် အကောင်းဆုံး ရလဒ်ပင်။ သို့မဟုတ်ပါက ဤလူသားအုပ်စုကို အမြန်ဆုံး အမြစ်ပြတ် သုတ်သင်ရန်အတွက် ဤမုန်တိုင်းဝက်ဝံနှင့် ယာယီ လက်တွဲရန်ပင် သူ ဝန်လေးမည်မဟုတ်ပေ။

ထို့နောက်မှ အားအင်ကုန်ခမ်းပြီး ဒဏ်ရာများဖြင့် ပြည့်နှက်နေမည့် ဝက်ဝံဘုရင်ကို ပြန်လည် ကိုင်တွယ်ရုံသာ ရှိတော့သည်။

ဤအကြောင်းကို တွေးမိသောအခါ၊ လင်းထျန်းလုံ၏ ဝံပုလွေနှုတ်ခမ်းထောင့်တွင် အေးစက်စက် ကောက်ကျစ်ရိုင်းစိုင်းသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ မုဆိုးများမှာ အမြဲတမ်း စိတ်ရှည်ဆုံးသူများ ဖြစ်ကြသည်။

အောက်ဘက်တွင်မူ လူနှင့် ဝက်ဝံကြားမှ ကြောက်မက်ဖွယ် တိုက်ပွဲမှာ ဆက်လက် ဖြစ်ပွားနေလေသည်။

လောင်ကျွမ်းမီးလျှံဂိုဏ်း၏ လက်ရှိကျန်ရှိနေသော စွမ်းအားနိုးထလာသူတိုင်းမှာ အတွေ့အကြုံ ရှိကြသူများပင်။

ကနဦး ထိတ်လန့်မှုများအပြီးတွင် သူတို့သည် လက်ထဲရှိ အကြီးစား ဝိညာဉ်စွမ်းအင်သုံး လက်နက်များနှင့် သူတို့၏ ထူးဆန်းသော ကိုယ်ပိုင်စွမ်းရည်များကို အားကိုးကာ၊ ပြန့်ကျဲနေသော်လည်း ခေါင်းမာစွာဖြင့် ထိုးစစ်တစ်ခုဆင်ရန် မနည်း စုစည်းလိုက်ကြသည်။

ကျည်ဆန်များ၊ ဒုံးပျံများ၊ မီးလုံးများ၊ ရေခဲစူးများနှင့် မြေစူးများမှာ... မိုးရေစက်များကဲ့သို့ ဝက်ဝံဘုရင်အပေါ် တဖျောက်ဖျောက် ကျရောက်လာခဲ့ပြီး၊ ဤကြောက်မက်ဖွယ်ကောင်းသော ဧရာမသားရဲကြီးကို နောက်တစ်ကြိမ် ဖိနှိပ်နိုင်ရန် ကြိုးစားနေကြလေသည်။

သို့သော် သားရေဂျာကင် ၀တ်ဆင်ထားသော အမျိုးသား၏ မျက်နှာပေါ်ရှိ မှုန်မှိုင်းမှုနှင့် စိုးရိမ်ပူပန်မှုများမှာမူ ရောမွှေ၍မရသော မင်ရည်ကဲ့သို့ ထူထဲလာခဲ့ပြီ ဖြစ်သည်။

All Chapters