ဝံပုလွေအရိပ်က မိုးကြိုးကို အမဲလိုက်ခြင်း၊ ၀က်ဝံဘုရင်နှင့် နှင်းဝံပုလွေဘုရင် ထိတ်တိုက်တွေ့ဆုံခြင်း
Vol. 9 Ch. 89
နေဝင်ဆည်းဆာအချိန်၏ နောက်ဆုံးအလင်းတန်းလေးမှာ အနောက်ဘက်တောင်တန်းများထဲသို့ လုံးဝ နစ်မြုပ်သွားခဲ့ပြီး၊ ညဉ့်မှောင်ထုကြီးမှာ ကတ္တီပါခန်းဆီးလိုက်ကာကြီးတစ်ခုကဲ့သို့ ကမ္ဘာတုန်လောက်သော တိုက်ပွဲကြီးကို ကြုံတွေ့ခဲ့ရသည့် လောင်ကျွမ်းပျက်စီးနေသော မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဖုံးလွှမ်းလာခဲ့သည်။
လေထုထဲတွင် စူးရှရှအနံများ၊ အသားလောင်ကျွမ်းအနံ့များနှင့် မိုးကြိုးထိမှန်ထားသော မြေကြီးထံမှ ထွက်ပေါ်လာသည့် ထူးဆန်းသော သတ္တုအနံ့များမှာ ပျို့အန်ချင်စရာကောင်းလောက်အောင် ဖြစ်နေကာ စစ်မြေပြင်၏ အငွေ့အသက်များအဖြစ် ရောယှက်နေလေသည်။
သေချာသည်မှာ မရေမတွက်နိုင်သော လက်နက်များ၊ ဝိညာဉ်စွမ်းအင်သုံး လက်နက်ကြီးများနှင့် နောက်ဆုံးတွင် ကမ္ဘာပျက်မတတ် ပြင်းထန်လှသော ရိုင်းစိုင်းသောကောင်းကင်မိုးကြိုးအက (ခရမ်းရောင် · ပါရမီရှင်အဆင့်) တန်ပြန်ဒဏ်ကို အကြိမ်ကြိမ်ခံထားရသော ဧရာမဝက်ဝံကြီးမှာ ယခုအချိန်တွင် အခြေအနေ ကောင်းမွန်မနေပေ။
၀က်ဝံကြီးမှာ ဒဏ်ရာများဖြင့် ပြည့်နက်မနေသော်လည်း အမာရွတ်များစွာတော့ ကျန်ရစ်နေခဲ့သည်။ ငွေပြာရောင်နှင့် အပြာရောင်ဖျော့ဖျော့ ပုံစံများ ဖုံးလွှမ်းထားသော သူ၏ ခမ်းနားလှသော ကိုယ်ထည်ကြီးမှာ မည်းနက်နေသော ဒဏ်ရာများ၊ မြင့်မားသော အပူရှိန်ကြောင့် အရည်ပျော်နေသော သလင်းချပ်ဝတ်နှင့် အထူးပြုလုပ်ထားသော သံချပ်ကာဖောက် လက်နက်များကြောင့် ဖြစ်ပေါ်လာသည့် ကြီးမားသော အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေလေသည်။
ထိုဒဏ်ရာများကို ဖျက်ဆီး၍မရသော မိုးကြိုးခန္ဓာကိုယ် (ခရမ်းရောင် · ပါရမီရှင်အဆင့်) ဖြင့် သွေးတိတ်အောင် မနည်းထိန်းထားရခြင်း ဖြစ်သည်။ ၀က်ဝံကြီးသည် အစောပိုင်းက မိုးကြိုးများ ဝန်းရံထားပြီး ရှေးဟောင်တောင်တစ်လုံးကဲ့သို့ မယိမ်းမယိုင်ကြံ့ကြံ့ခိုင်နေသည့် အရှိန်အဝါများကို ဆုံးရှုံးသွားပြီး စုတ်ပြတ်သတ်နေလေသည်။
သို့သော် ဤအရာမှာ အပြင်ပန်း အမြင်မျှသာ ဖြစ်လေသည်။
ကျောက်တောင်အစွန်း ထိပ်ဖျားတွင်ရှိနေသော လင်းထျန်းလုံ၏ ရေခဲပြာရောင် ဝံပုလွေ မျက်ဝန်းများသည် ဓားများကဲ့သို့ ထက်မြက်နေပြီး အရာအားလုံးကို ထိုးဖောက်မြင်နေလေသည်။
“ဒီကောင်ကြီးရဲ့ ခန္ဓာကိုယ်မာကျောမှုနဲ့ ပြန်လည်ကုသနိုင်စွမ်းက ကြောက်စရာကောင်းလွန်းတယ်...” သူက အေးစက်စက် တွေးလိုက်သည်။
“ဒဏ်ရာ အပြင်းအထန် ရထားပြီး စွမ်းအင်တွေ အများကြီး ကုန်ခမ်းနေတယ်ဆိုပေမဲ့၊ အချိန်သာ ပေးလိုက်ရင် သူ သေချာပေါက် ပြန်ကောင်းလာမှာသေချာတယ်”
အောက်ဘက်ရှိ လူသား စွမ်းအားနိုးထသူများမှာတော့ နောက်ဆုံး မိုးကြိုးမုန်တိုင်းဒဏ်နှင့် ဝက်ဝံဘုရင်၏ ဒေါသတကြီး တုံ့ပြန်မှုတို့ကြောင့် တိုက်ခိုက်ရေးစွမ်းရည် အနည်းငယ်သာ ကျန်ရှိတော့ပြီး လူဆယ်ဦးခန့်လောက်ကသာ မတ်တတ်ရပ်နေနိုင်ကြလေသည်။
တစ်ဦးချင်းစီမှာလည်း ဒဏ်ရာများရထားကြပြီး ဝိညာဉ်စွမ်းအင် အရှိန်အဝါများမှာလည်း အားနည်းနေကာ၊ မျက်နှာများတွင် အသက်ရှင်ကျန်ရစ်နေသေးသည့်အတွက် ထိတ်လန့်ခြင်းနှင့် အရိုးထဲထိ စိမ့်ဝင်နေသော ပင်ပန်းနွမ်းနယ်မှုများဖြင့် ပြည့်နှက်နေလေသည်။
ပို၍ အရေးကြီးသည်မှာ သူတို့၏ အကြီးမားဆုံး အားကိုးရာဖြစ်သော ကောင်းကင်ယံမှ ရဟတ်ယာဉ်များ၏ အကူအညီများမှာ လုံးဝ ခြေမှုန်းခံလိုက်ရပြီး၊ ကောင်းကင်ယံတွင် အငွေ့ပျံသွားကာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီဖြစ်လေသည်။
ဤအရေးကြီးဆုံး အားကိုးရာ မရှိတော့ဘဲ ဒဏ်ရာရနေသည့်တိုင် ကြောက်မက်ဖွယ်ကောင်းနေဆဲ ဖြစ်သော ဝက်ဝံဘုရင်ကို ရင်ဆိုင်ရမည်ဆိုလျှင် သူတို့၏ လက်ရှိ အခြေအနေမှာ ဝက်ဝံဘုရင်အတွက် အမြည်းစားစရာလေးများအဖြစ် ကိုယ့်ကိုကိုယ် သွားရောက် ဆက်သသကဲ့သို့ ဖြစ်နေလိမ့်မည်။ ဝက်ဝံဘုရင်ကြီးအတွက် သွားကြားညပ်ရန်ပင် လုံလောက်မည်မဟုတ်ပေ။
အသက်ရှင်ကျန်ရစ်သော လူသားခေါင်းဆောင် အနည်းငယ်မှာ မျှော်လင့်ချက်မဲ့မှုများ၊ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေကာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
စကားများများစားစား ပြောနေရန်မလိုအပ်ဘဲ သူတို့သည် တစ်ခုတည်းသော ရွေးချယ်မှုကို ချက်ချင်း ပြုလုပ်လိုက်ကြလေသည်။
“ပြေးကြစို့”
သွေးပျက်နေကြပြီဖြစ်ရာ သူတို့သည် အနိုင်ရရန် ထပ်မံ၍ စိတ်ကူးယဉ်မနေရဲကြတော့ပေ။
တစ်ဦးချင်းစီမှာ ကျန်ရှိနေသော ဝိညာဉ်စွမ်းအင်နှင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားများကို အားကုန်ထုတ်ကာ၊ မိဘများက မွေးဖွားစဉ်က ခြေထောက်နှစ်ချောင်းထက် ပိုမပေးခဲ့သည်ကို နောင်တရရင်း တောအုပ်၏ အရပ်မျက်နှာအနှံ့သို့ ရူးသွပ်စွာ ထွက်ပြေးကြလေတော့သည်။
သူတို့ ပြေးနေရင်းမှ နောက်သို့ ထိတ်လန့်တကြား လှည့်ကြည့်လိုက်ကြသောအခါ ကြောက်မက်ဖွယ်ကောင်းသော ဧရာမဝက်ဝံကြီးမှာ သူတို့ထင်ထားသကဲ့သို့ ချက်ချင်း လိုက်မလာသည်ကို တွေ့လိုက်ရသည်။
၀က်ဝံဘုရင်မှာ ထိုနေရာတွင်သာ ရပ်နေပြီး သူ၏ ဧရာမရင်ဘတ်ကြီးမှာ ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေကာ၊ လေထုထဲတွင် လွင့်ပြယ်မသွားသေးသော ကစဉ့်ကလျား ဝိညာဉ်စွမ်းအင်များနှင့် အားနည်းသော အသက်စွမ်းအင် အနှစ်သာရများကို အငမ်းမရ စုပ်ယူနေလေသည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မှိန်ဖျော့ဖျော့ ပုံသဏ္ဌာန်များမှာ တဖျတ်ဖျတ် လင်းလက်နေပြီး၊ ပြန်လည် ကုသနိုင်ရန်အတွက် ဖျက်ဆီး၍မရသော မိုးကြိုးခန္ဓာကိုယ် (ခရမ်းရောင် ပါရမီရှင်အဆင့်)ကို အစွမ်းကုန် လည်ပတ်နေမှန်း ထင်ရှားလှပေသည်။
“သူ မလှုပ်နိုင်တော့ဘူးလား” ထွက်ပြေးနေသူများမှာ မျှော်လင့်ချက် အရိပ်အယောင်လေး တစ်ခုကို စတင် ခံစားလိုက်ရသည်။ “ဖြစ်နိုင်တာက... ငါတို့ လွတ်သွားပြီလား။”
သို့သော် သူတို့မှာ အိပ်မက်ဆိုးတစ်ခုအတွင်းမှ ပိုမိုနက်ရှိုင်းပြီး အေးစက်သော အခြား အိပ်မက်ဆိုးတစ်ခုအတွင်းသို့ ခြေချမိလိုက်ပြီ ဖြစ်ကြောင်းကိုတော့ မည်သူမျှ စိတ်ကူးမိကြမည် မဟုတ်ပေ။
သူတို့ ဝက်ဝံဘုရင်နှင့် အပြင်းအထန် တိုက်ခိုက်နေကြစဉ် ကတည်းက၊ လင်းထျန်းလုံ၏ အမိန့်အောက်တွင် ထျန်းပင်း ဦးဆောင်သော တိုက်ခိုက်ရေးအဖွဲ့မှာ တစ္ဆေများကဲ့သို့ တပ်ဖြန့်ပြီးသား ဖြစ်လေသည်။
သူတို့သည် သစ်ပင်အရိပ်များကို အသုံးပြု၍ သေမင်းတမန် ကွင်ရက်ကဲ့သို့ အချိန်နှင့်အမျှ လွတ်မြောက်ရန်နေရာ ကျဉ်းမြောင်းလာနေသည့် ကြောက်မက်ဖွယ် ဝိုင်းရံပိတ်ဆို့မှုကို ဖန်တီးထားခဲ့ကြပြီ ဖြစ်သည်။
“ယင်းဖုန်း” လင်းထျန်းလုံသည် ခေါင်းပင် မလှည့်လာဘဲ ရှင်းလင်းသော အတွေးတစ်ခု ပေးပို့လိုက်သည်။ “မင်းလည်းသွားပြီး ထျန်းပင်းကို ကူလိုက်ဦး”
“ဟုတ်ကဲ့ပါ ဘုရင်ကြီး” ယင်းဖုန်း၏ တုံ့ပြန်မှုမှာ တိုတောင်းပြီး အေးစက်နေသည်။ ဝံပုလွေပုံရိပ်ကြီးမှာ သူ၏ ခြေထောက်အောက်ရှိ အရိပ်များအတွင်းသို့ ချက်ချင်း ပေါင်းစပ်ဝင်ရောက်သွားပြီး၊ ပင်လယ်ထဲသို့ ကျဆင်းသွားသော ရေစက်တစ်စက်ကဲ့သို့ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားကာ၊ ဘုရင်၏ အမိန့်ကို အကောင်အထည်ဖော်ရန်နှင့် ထိုပြန့်ကျဲနေသော အစာများကို အမဲလိုက်ရန် ထွက်ခွာသွားလေတော့သည်။
အမိန့်ပေးပြီးနောက် လင်းထျန်းလုံ၏ ခမ်းနားထည်ဝါသော ငွေပြာရောင် ခန္ဓာကိုယ်ကြီးမှာ နောက်ဆုံးတွင် လှုပ်ရှားလာခဲ့သည်။
သူသည် ပုန်းအောင်းမနေတော့ဘဲ ကျောက်တောင်စွန်းပေါ်မှ ခုန်ချလိုက်ကာ၊ ပြန်လည် ကုသရန်အတွက် အချိန်လုနေရသော စစ်မြေပြင်ဗဟိုမှ ဧရာမဝက်ဝံကြီးဆီသို့ တည်ငြိမ်ပြီး အားကောင်းသော ခြေလှမ်းများဖြင့် လျှောက်သွားလေတော့သည်။
သူ၏ ခြေလှမ်းများမှာ လူသားတစ်ဦး လမ်းလျှောက်နေသကဲ့သို့ တည်ငြိမ်လှပြီး အလျင်လိုခြင်းမရှိပေ။
သူ၏ ငွေဖြူရောင် အမွေးအမျှင်များမှာ ထွက်ပေါ်လာစ လရောင်အောက်တွင် အေးစက်ပြီး မြင့်မြတ်သော အလင်းရောင်များဖြင့် စီးဆင်းနေလေသည်။
သူ၏ ရေခဲပြာရောင် မျက်ဝန်းများမှာ ပျက်စီးနေသော စစ်မြေပြင်ကို တည်ငြိမ်စွာ ဝေ့ကြည့်နေလေရာ၊ အန္တရာယ်များ ပြည့်နှက်နေသော နေရာသို့ ခြေချနေသူ တစ်ဦးနှင့်မတူဘဲ သွေးနှင့် မီးတောက်များဖြင့် သန့်စင်ခြင်းခံထားရသော သူ၏ နယ်မြေကို စစ်ဆေးနေသည့် ဘုရင်တစ်ပါးနှင့် ပိုတူနေလေသည်။
ဤအခိုက်အတန့်တွင် ဝိညာဉ်စွမ်းအင်များကို အစွမ်းကုန် စုပ်ယူကာ ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို ကုသနေသည့် ကောင်းကင်မိုးကြိုးမုန်တိုင်းဝက်ဝံမှာ၊ လင်းထျန်းလုံ မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး၊ ထူးဆန်းလွန်းသည့် အစွမ်းထက်သော အရှိန်အဝါတစ်ခု ကျူးကျော်ဝင်ရောက်လာသည်ကို ချက်ချင်း အာရုံခံမိလိုက်လေသည်။
၀က်ဝံဘုရင်ကြီး၏ ဧရာမဝက်ဝံမျက်လုံးများ ကျုံ့သွားပြီး ထိုအရှိန်အဝါ ထွက်ပေါ်လာရာဆီသို့ သတိဝီရိယဖြင့် ကြည့်လိုက်လေသည်။
ညအမှောင်ထု ကျရောက်နေပြီဖြစ်ရာ တောအုပ်မှာ မှုန်မှိုင်းအုံ့ဆိုင်းနေပြီး မြင်ကွင်း မရှင်းလင်းချေ။ သို့သော် ထိုနက်ရှိုင်းလှသော အမှောက်ထုအတွင်းတွင်၊ သန့်ရှင်းစင်ကြယ်သော ငွေဖြူရောင် သားမွေးများဖြင့် လုံးဝ ဖုံးလွှမ်းထားသည့် ကြံ့ခိုင်သန်မာသော ဝံပုလွေသားရဲတစ်ကောင်မှာ သူ၏ မြင်ကွင်းအတွင်းသို့ ရှင်းလင်းစွာ ပေါ်ထွက်လာခဲ့သည်။
ဝက်ဝံဘုရင်မှာ ကြက်သေသေသွားခဲ့သည်။
လူသားဆန်သော တွေဝေမှု အရိပ်အယောင်တစ်ခုပင် သူ၏ ၀က်၀ံမျက်နှာကြီးပေါ်တွင် ပေါ်လာခဲ့သည်။ “ဝံပုလွေလား... ဒီအချိန်... ဒီနေရာမှာ...” သူ၏ ကြီးမားသော ဦးနှောက်မှာ လျင်မြန်စွာ အလုပ်လုပ်နေခဲ့သည်။
၀က်ဝံဘုရင်မှာ မူလက ဆောင်းခိုနေခြင်းကို အတင်းအဓမ္မ နှောင့်ယှက်ခံလိုက်ရသဖြင့် ဒေါသများဖြင့် ပြည့်နှက်နေခြင်း ဖြစ်သည်။ ယနေ့တွင် ထိုသေသင့်သည့် လူသားများ၏ ဆူညံသံနှင့် တိုက်ခိုက်မှုများကြောင့် နိုးလာခဲ့ရခြင်း ဖြစ်လေသည်။
သူ၏ မှတ်ဉာဏ်ထဲတွင်၊ သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်မီ ဤတောအုပ်၏ တစ်ဝက်အတွင်းရှိ ကြီးမားသောစွမ်းအင်နှင့် သွေးအာဟာရကို ပေးစွမ်းနိုင်သည့် သန်မာသော မိစ္ဆာသားရဲများ အားလုံးကို ချေမှုန်းပြီးသားဖြစ်လေသည်။
သို့ပေမဲ့ အခုတော့...
“ဘယ်လိုလုပ်ပြီး ဒီလို ငွေရောင်ဝံပုလွေ တစ်ကောင်က ရုတ်တရက် ပေါ်လာရတာလဲ... ဒီလောက် ကြွယ်ဝတဲ့ သွေးစွမ်းအင်တွေ၊ ဒီလောက် သန့်စင်တဲ့ ဝိညာဉ်စွမ်းအင်တွေနဲ့၊ ဒီအတိုင်း ရပ်နေရုံနဲ့တင် ခြိမ်းခြောက်မှု ခံစားရစေတဲ့ဖိအားတွေနဲ့ ဝံပုလွေက...”
“ထားလိုက်တော့၊ အရေးမကြီးပါဘူး”
ခဏတာ တုန်လှုပ်မှုအပြီးတွင် ပြင်းထန်သော မိုးကြိုးများ တဖျတ်ဖျတ် လင်းလက်နေဆဲဖြစ်သော ကောင်းကင်မိုးကြိုးမုန်တိုင်းဝက်ဝံ၏ ဧရာမ မျက်လုံးများအတွင်း မူလဗီဇဖြစ်သော လောဘနှင့် ဆာလောင်မှုတို့က ချက်ချင်း အစားထိုး ဝင်ရောက်လာခဲ့သည်။
၀က်ဝံဘုရင်ကြီးသည် သူ၏ သွေးနီရောင်လျှာကြီးကို ရုတ်တရက် ထုတ်ကာ နှာခေါင်းနှင့် နှုတ်ခမ်းများကို သပ်လိုက်ရင်း၊ ပြင်းထန်သော အသက်ရှူသံကြီးတစ်ခုကို မှုတ်ထုတ်လိုက်လေသည်။
“ဗိုက်ဆာလိုက်တာ... တကယ်ကို ဗိုက်ဆာနေတာနဲ့ အတော်ပဲ၊ ငါ့ရဲ့ ကုန်ခမ်းသွားတဲ့စွမ်းအင်တွေကို ပြန်ဖြည့်ဖို့နဲ့ ဆောင်းခိုခြင်းထဲကို ပြန်ဝင်ဖို့အတွက် အရည်အသွေးမြင့်တဲ့ သွေးအာဟာရတချို့ စားဖို့ လိုအပ်နေတာ... မမျှော်လင့်ဘဲ အံ့သြစရာကောင်းတဲ့ စားသောက်ပွဲကြီးက ငါ့အိမ်တံခါးဝအထိ ကိုယ်တိုင် လာပို့ပေးလိမ့်မယ်လို့ ထင်မထားမိဘူး။”
သို့သော်လည်း ညအမှောင်ထု လုံးဝ စိုးမိုးသွားသည်နှင့်တပြိုင်နက် ကောင်းကင်ယံရှိ ငွေရောင်လမင်းကြီးမှာ တိမ်တိုက်များကြားမှ ထွက်ပေါ်လာခဲ့ပြီး၊ လစွမ်းအင်များ ပါဝင်နေသည့် အေးစက်သော အလင်းရောင်များကို တောအုပ်ပေါ်သို့ အတားအဆီးမရှိ လောင်းချလိုက်လေတော့သည်။
“အာဝူး...”
ထိုအခိုက်အတန့်မှာပင် အဝေး တောအုပ်ထဲရှိ အရပ်မျက်နှာအနှံ့မှ လူသားတို့၏ တိုတောင်းပြီး စူးရှကာ လုံးဝ မျှော်လင့်ချက်မဲ့နေသော အော်ဟစ်သံများမှာ တစ်ပြိုင်နက်တည်းနီးပါး ထွက်ပေါ်လာခဲ့ပြီး၊ ၎င်းနောက်တွင် အောင်မြင်စွာ အမဲလိုက်နိုင်ခဲ့သည့် နှင်းဝံပုလွေများ၏ စိတ်လှုပ်ရှားကာ သွေးဆာနေသည့် တိုးညင်းသော ညည်းတွားသံများနှင့် ဟိန်းဟောက်သံများပါ လိုက်ပါလာခဲ့သည်။
ထိုအသံများအရ အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးသွားကြသော လောင်ကျွမ်းမီးလျှံ ဂိုဏ်း၏ အကြွင်းအကျန် ဆယ်ယောက်ကျော်လောက်မှာ ဝံပုလွေအုပ်စု၏ ကြားဖြတ်တိုက်ခိုက်မှုနှင့် ရင်ဆိုင်လိုက်ရပြီး လျင်မြန်စွာ သုတ်သင်ခြင်းကို ခံလိုက်ရပြီ ဖြစ်ကြောင်း ထင်ရှားပေသည်။
တစ်ချိန်တည်းမှာပင် လရောင်၏ လွှမ်းခြုံခြင်းကို ခံနေရသော လင်းထျန်းလုံ၏ ကိုယ်ပေါ်ရှိ ငွေဖြူရောင် အမွေးအမျှင်များမှာ အသက်ဝင်လာပုံရပြီး၊ ပိုမိုတောက်ပကာ ကြီးကျယ်ခမ်းနားသော ငွေရောင်အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
လသာသောည ပတ်ဝန်းကျင်တွင် ငွေပြာရောင် သွေးမျိုးဆက် (ရွှေရောင် · ဘုရင်အဆင့်) ၏ သဘာဝ စွမ်းအင်မြှင့်တင်မှုကို ရရှိလိုက်ခြင်းပင် ဖြစ်လေသည်။
သူ ထပ်ပြီး တွန့်ဆုတ်မနေတော့ပေ။
“အခုပဲ”
နှစ်ပေါင်း တစ်သောင်းတိုင်အောင် အေးခဲနေခဲ့သည့် အေးစက်စက် ရေစီးကြောင်းတစ်ခုကဲ့သို့ လူတိုင်းကို ကျောချမ်းသွားစေနိုင်လောက်သည့် သတ်ဖြတ်လိုစိတ်မှာ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
လင်းထျန်းလုံသည် ‘ရန်သူ အားနည်းနေချိန်မှာ အပြတ်နှိပ်ကွပ်ရမယ်' ဆိုသည့် အခြေခံသဘောတရားကို ကောင်းစွာ နားလည်ထားလေသည်။
၎င်းမှာ မုဆိုးတစ်ဦး၏ အရိုးထဲထိစွဲနေသော ဗီဇပင် ဖြစ်လေသည်။ ဧရာမဝက်ဝံကြီး၏ ခန္ဓာကိုယ်မာကျောမှုနှင့် ပြန်လည်ကုသနိုင်စွမ်းမှာ အံ့အားသင့်စရာ ကောင်းလှသည်။
အကယ်၍ အားအနည်းဆုံး ဖြစ်နေသည့်အချိန်၊ တနည်းအားဖြင့် လူသားအကြွင်းအကျန်များကြောင့် သတိလက်လွတ် ဖြစ်နေသည့်အချိန်တွင် လျှပ်စီးကဲ့သို့ မြန်ဆန်သော ဆက်တိုက် တိုက်ခိုက်မှုများဖြင့် မခြေမှုန်းနိုင်ခဲ့ပါက၊ တစ်ချက် အသက်ရှူခွင့်ရသွားသည်နှင့်... သူ၏ ခွန်အား တစ်စိတ်တစ်ပိုင်းမျှသာ ပြန်လည် ရရှိသွားလျှင်တောင်... ယနေ့ ဝံပုလွေအုပ်စုမှာ ကြီးမားလွန်းသော ပေးဆပ်မှုများကို ပြုလုပ်ရပေလိမ့်မည်။
“အာဝူး...”
သူသည် ခေါင်းကို နောက်သို့ လှန်လိုက်ပြီး စူးရှသော ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်လေသည်။
၎င်းမှာ တိုက်ခိုက်မှုစတင်ရန် ကြေညာချက်ဖြစ်သလို အဝေးရှိ ဝံပုလွေအုပ်စုအတွက် နောက်ဆုံး အမိန့်ပေးချက်လည်း ဖြစ်လေသည်။
ဝံပုလွေဟိန်းသံဖြင့် ခြိမ်းခြောက်ခြင်း (အဖြူရောင် · ငွေအဆင့်)အား အသက်သွင်းလိုက်လေပြီ။
ငွေပြာရောင် သွေးမျိုးဆက် (ရွှေရောင် · ဘုရင်အဆင့်)မှ သယ်ဆောင်လာသော အဆင့်မြင့်ဖိအားများ ရောယှက်နေသည့် မျက်စိဖြင့်မမြင်ရသော စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုတစ်ခုမှာ၊ ဒီရေလှိုင်းတစ်ခုအလား ကောင်းကင်မိုးကြိုးမုန်တိုင်းဝက်ဝံဆီသို့ ပြေးဝင်သွားလေတော့သည်။
ဘုရင်၏ ဟိန်းဟောက်သံနှင့် အမိန့်ကို ကြားလိုက်ရသောအခါ၊ ထျန်းပင်း၊ ယင်းဖုန်းနှင့် အခြားသော လုပ်ကြံသတ်ဖြတ်သူများ၏ ဟိန်းဟောက်သံများမှာ တောအုပ်အတွင်း၌ အပြန်အလှန် ပဲ့တင်ထပ်သွားခဲ့ကြပြီး၊ ထိုအသံများထဲတွင် အကြွင်းမဲ့ သစ္စာစောင့်သိမှု၊ ဆူပွက်နေသော တိုက်ပွဲဝင်စိတ်ဓာတ်များဖြင့် ပြည့်နှက်နေလေသည်။