← Chapters

ကျောင်းသား၊ မိဘ၊ဆရာ တွေ့ဆုံပွဲ

Vol. 5 Ch. 234

ကျောင်းသား၊ မိဘ၊ဆရာ တွေ့ဆုံပွဲ

Vol. 5 Ch. 234

“သခင်လေးရှင့်၊ ညနေစာ အဆင်သင့်ဖြစ်ပါပြီ။”

ပိုလန်က ကိစ္စတွေအကုန်လုံး ပြီးသွားပြီးတဲ့နောက်မှာ နက်ဆန်တို့အုပ်စုက ဖွန်တီနာမြို့လေးဆီ ပြန်လာခဲ့ပြီ။ မော်လီကတော့ ခါတိုင်းလိုပဲ ချက်ရေးပြုတ်ရေးကို တာဝန်ယူထားပြီး ချက်နေကျ ကြက်သွန်စွပ်ပြုတ်နဲ့ ဟင်းပွဲတချို့ကို လာချပေးတယ်။

ဆယ်ဗီကတော့ သူ့ရှေ့က ဟင်းပွဲတွေကို ကြယ်လို တောက်ပနေတဲ့မျက်လုံးတွေနဲ့ကြည့်ရင်း ဟင်းပွဲထဲ သွားရည် ကျလုနီးပါးပဲ။

“ဝိုး... မော်လီချက်တဲ့ဟင်းတွေ မစားဖြစ်တာတောင် အတော်ကြာပြီပဲ။”

ဆယ်ဗီစကားကို နက်ဆန်လည်း ခေါင်းညိတ် ထောက်ခံလိုက်တယ်။ မော်လီ ပါရီမြို့ဌာနခွဲကို ကြီးကြပ်နေကတည်းက နက်ဆန့်အနားမှာမရှိဘဲ အပြင်စာတွေချည်း တစ်ဖွဲ့လုံးစားနေခဲ့ရတာ။ နေ့တိုင်း ကြယ်အဆင့်စားသောက်ဆိုင်တွေမှာ သွားစားရတာက ဇိမ်မကျတဲ့အရာမျိုးမဟုတ်ပေမဲ့ အိမ်လက်ရာကိုလွမ်းတတ်တာက ပုံမှန်ပဲလေ။

မော်လီကတော့ လူတိုင်းသိပြီးသား ကြွက်သွန်ဖြူ စွပ်ပြုတ်ကိုချန်လှပ်ထားပြီး တခြားဟင်းပွဲတွေနဲ့ မိတ်ဆက်ပေးပါတယ်။

“ဒီနေ့ညအတွက် အဓိကဟင်းပွဲကတော့ ဘူဂန်ဒီဒေသ ရိုးရာဟင်း ကော့ကိုဗန် (Coq au vin) ပါ။ ကြက်သားကိုဝိုင်စိမ်ချက်ထားတာ ဖြစ်ပြီးတော့ ကြက်သွန်ဖြူနဲ့မှိုကို အရံသင့် ထည့်ထားပါတယ်။”

မော်လီက လက်ဝါးနဲ့ ဟင်းပွဲတစ်ပွဲကို ညွန်ပြတယ်။ အညိုရောင်သန်းနေတဲ့ နူးအိနေအောင်ချက်ထားတဲ့ ကြက်သားရယ်၊ ကြက်သွန်ဖြူနဲ့ဝိုင်ရနံရယ်က ညစာ စားခန်းထဲမှာ ပြန့်နှံလို့။ ပြင်သစ်တွေက ဟင်းချက်တဲ့ အခါမှာ အပျင်းမကြီးဘဲ အသေးစိတ်ပြင်ဆင် စားသောက်တတ်ကြတဲ့လူမျိုး။ မော်လီကတော့ အဲဒီအထဲမှာ အစေ့စပ်အသေချာဆုံးပေါ့။

“မမလေးဆယ်ဗီအတွက် တခြားအရသာတစ်မျိုး စမ်းကြည့်လို့ရအောင်လည်း ဝက်မိုးခိုသားနဲ့ ပန်းသီးဟင်း ရှိပါသေးတယ်။

ဝက်တစ်ကောင်ရဲ့ကျောဆစ်ရိုးမှာရှိတဲ့ အဆီမပါတဲ့ အသားနုကိုပဲရွေးချယ်ထားတာမလို့ အရည်ရွှမ်းပြီး နူးညံ့တာသေချာပါတယ်။ ပန်းသီးစိတ်လေးတွေကို သေချာစိတ်ပြီး ထောပတ်နဲ့နှပ်၊ အရံပါဝင်ပစ္စည်း အဖြစ် ထည့်ထားပြီးမှ မီးဖိုထဲထည့်ဖုတ်ထားတာပါ။ အရသာရှိရှိ သုံးဆောင်ကြပါ။”

ဆယ်ဗီကတော့ မနေနိုင်မထိုင်နိုင်ဘဲ မော်လီ့ခါးကို ပြေးဖက်နေပြီ။

“ဒေါ်လေးမော်လီ၊ ကျေးဇူးပါ။ ရှင်မရှိရင် ကျွန်မတော့ ဘယ်လိုနေရစားရမယ်မသိဘူး။”

မော်လီကတော့ ဆယ်ဗီကို မျက်နှာသေကြီးနဲ့ စိုက်ကြည့်လိုက်တာပေါ့။ မျက်နှာက ချက်ချင်း ရွာချတော့မယ့်မိုးလိုပဲ။

“နင်ငါ့ကို ဘယ်လိုခေါ်လိုက်တယ်...”

“ဟီးဟီး... မမမော်လီလို့လေ။”

ဆယ်ဗီက ချက်ချင်းပဲ သူ့အမှားကို ပြင်ဆင်လိုက်တယ်။ နက်ဆန်ကတော့ သက်ပြင်းချပြီး ဆယ်ဗီကိုကြည့်နေရာကနေ တခြားသူတွေကို ကြည့်တယ်။ ဗင်းဆင့်စံအိမ်မှာ လူတွေတိုးလာပြီ။

အစားပဲမည်းစားနေတဲ့ ဆယ်ဗီရယ်၊ သူ့ပခုံးကို အပိုင် သိမ်းထားတဲ့ မိုနီကာ၊ လေးနက်တဲ့ပုံစံနဲ့ အိန္ဒြေရရ စားသောက်နေတဲ့ နာတာရှာတို့အပြင် သူ့လိုပဲ အသားညိုညိုကောင်မလေးတစ်ယောက်ရဲ့ အပိုင်စီးခြင်းကိုခံထားရတဲ့ အိုလီရာနာကိုပါ တွေ့လိုက်ရရော။

“အိုလီရာနာ... အဲဒီကောင်မလေးက....” နက်ဆန်က ဒါလီယာကို မျက်မှန်းတန်းမိနေတဲ့အတွက် မေးလိုက်တယ်။ ဖွန်တီနာမြို့မှာ ဒါလီယာကို ကျောင်းတက်နိုင်အောင် စီစဥ်ပေးခဲ့တာသူဆိုပေမဲ့ လူပိုတစ်ယောက်ကို အိမ်ပေါ်တင်ခေါ်ထားမယ်လို့ ဆိုလိုတာမဟုတ်ဘူးလေ။

“သခင်... ကျောင်းက အတန်းပိုင်ဆရာမက ဒါလီယာကို စာပြပေးလို့ ကျွန်မကိုပြောလိုက်တယ်။ အဲဒီကတည်းက ဒါလီယာက သူ့အိမ်က တစ်ယောက်ယောက် လာမခေါ်မချင်း ကျွန်မနဲ့ ရှိနေတော့တာပဲ။”

“......” နက်ဆန် ဘာပြောရမှန်းမသိတော့ဘူး။ စားစရာ စားဖို့မလိုလို့ နံရံထောင့် လိုက်ကာနားမှာကပ်ပြီး ရပ်နေတဲ့ ဒေါ်ရသီကတော့ ပါးစပ်ကိုလက်ဝါးနဲ့ အုပ်ပြီးတော့ တခိခိရယ်နေတယ်။

“သခင်ကတော့ အိမ်ပါချွေးမတစ်ယောက် ရနေပြီနဲ့တူတယ်။”

အဲဒီစကားကိုလည်းကြားပြီးရော နက်ဆန်ရဲ့မျက်နှာ မည်းမှောင်သွားပါလေရော။ ဒါပေမဲ့ စားပွဲဝိုင်းမှာ ရှိနေတာက သူတို့တင်ဘဲမဟုတ်သေးဘူး။ နက်ဆန့် မျက်လုံးတွေက တောင်လောက်ကြီးရှိတဲ့ ရင်အစုံနဲ့ ဖောင်းဖောင်းလေးဖြစ်နေတဲ့ဗိုက်ရှိတဲ့ ကျက်သရေရှိ အမျိုးသမီးဆီရောက်သွားလေရဲ့။

“မစ်... ခင်ဗျားကရော....”

အယ်မာက နှစ်သက်စရာကောင်းစွာရယ်လိုက်ပြီး နွားနို့အပြည့်ပါတဲ့ဖန်ခွက်ကို ဝိုင်ခွက်လိုလှုပ်ယမ်းရင်း ပြောလိုက်ပါလေရော။

“နင့်အသေးမလေးပြောတာ မကြားဘူးလား။ ဒါလီယာရဲ့အုပ်ထိန်းသူအဖြစ်နဲ့ သူ့ကိုအိမ်ပြန်ခေါ်ဖို့ လာတာလေ။”

“သခင်... ဧည့်သည်လာလုပ်တဲ့သူကို ဧည့်မခံရင် မကောင်းဘူးမဟုတ်လား။”

မော်လီက ယဥ်ကျေးသလိုလိုနဲ့ ခနဲ့တဲ့တဲ့ပြောတော့ ​အယ်မာက မော်လီကို မျက်စောင်းထိုးတယ်။ သူတို့နှစ်ယောက် အကြည့်ချင်းယှဥ်နေတာ အတော်ကြာတယ်။

“မဟုတ်မှလွဲရော... မစ်အယ်မာက နာတာရှာလိုပဲ ဟင်းမချက်တတ်တာများလား....” ဆယ်ဗီက လက်ညိုးလေးကို နှုတ်ခမ်းပေါ်တင်ပြီး အပြစ်ကင်းစင်တဲ့ပုံစံနဲ့ ပြောလိုက်တော့ ရန်စောင်နေတဲ့ ဧရာမတိုက်တန်ကြီးအယ်မာ လက်လျှော့သွားပြီး နို့ကိုသာမသိချင်ယောင်ဆောင် သောက်နေလိုက်တယ်။

အဲဒီနောက်တော့ အသက်ရှုသံအောက်ကနေ တိုးတိုးလေး ပြောလိုက်ပါလေရောလား...

“ကြက်ဥနဲ့အာလူးတော့ ချက်တတ်ပါတယ်ဟဲ့....” ကြည့်ရတာ အယ်မာရဲ့ဟင်းချက်ပညာက နက်ဆန်နဲ့ အဆင့်တူလောက်ပဲနေမှာ။

နောက်ဆုံးအနေနဲ့ နက်ဆန်က စားပွဲဝိုင်းမှာ ကျန်ရစ်နေသေးတဲ့ လူစိမ်းဆီ အကြည့် ရောက်သွားပြီ။ သေသေချာချာ ဖြီးသင်ထားပြီး ပိုးသားလိုတောက်ပနေတဲ့ ငွေဖြူရောင်ဆံပင်၊ မဟူရာကျောက်သားဆံညှပ်နဲ့ မျိုးရိုးမြင့်အမျိုးသမီး တစ်ယောက်ပါ။ စျေးကြီးပုံရမယ့် သားမွှေး အနွေးထည်ကိုခြုံထား​သေးတယ်။

“ကြီးမြတ်တဲ့ လေပြေအရှင်မကရော ကျုပ်ရဲ့အိမ်လေးကို ဘာလာလုပ်တာပါလဲ။”

လေကျောင်းတော်ရဲ့ရှေးခေတ်စံအိမ်ကြီးနဲ့ယှဥ်ရင် နှစ်ထပ်သစ်သားအိမ်အိုဖြစ်တဲ့ ဗင်းဆင့်စံအိမ်က စံအိမ်လို့တောင် ခေါ်ဖို့မသင့်တော်ဘူးလေ။ အမှောင်ကျောင်းတော်က သာမန်လူတွေထက် ချမ်းသာပေမဲ့ ပြီးခဲ့တဲ့မျိုးဆက်အယ်ဒါတွေရဲ့ စွမ်းဆောင်ရည် နိမ့်ကျမှုကြောင့် တခြားကျောင်းတော်တွေနဲ့ မယှဥ်နိုင်တော့ဘူး။

“အိုးဟိုးဟိုး... ဒီအတိုင်း ကျောင်းတော်နှစ်ခု ဆက်ဆံရေးပြန်လည်တည်ဆောက်တဲ့အနေနဲ့ အလည်လာတာပါ။ နင့်ရဲ့အမှောင်ကျောင်းတော်က ကျောင်းခြောက်ကျောင်းထဲမှာ အထီးကျန်နေတာ ကြာပြီလေ။

တခြားကျောင်းတော်တွေနဲ့ ပြန်ရင်းနှီးဖို့ဆိုရင် ငါ့အကူအညီလိုတယ်မဟုတ်လား။ အထူးသဖြင့် ရေကျောင်းတော်က အကူအညီရဖို့တို့ဘာတို့ပေါ့။”

ရှားလော့ခ်က အသင့်ကိုင်ထားတဲ့ တန်ဖိုးကြီး ဇာခေါက်ယပ်တောင်ကို ဖြန့်ကာ ရယ်တာ လူမမြင်အောင်ကာထားရင် ပြောလိုက်ပြီ။

နက်ဆန်က မျက်လုံးမှေးလိုက်ပြီး ဗီလိန်အော်ရာတွေ ဖြာထွက်နေတဲ့ ရှားလော့ခ်ကို ကြည့်လိုက်ပါတယ်။ ရှားလော့ခ်ကလည်း နက်ဆန်ဘေးက မိုနီကာကို ကြည့်လို့။ သူ့ပုံစံက ကူညီမယ်လို့ပြောနေပေမဲ့ နောက်ကွယ်က အမြတ်ထုတ်မယ့်ရုပ်မျိုး။

“ဒါပေမဲ့ ဒုတိယအကြောင်းအရာတစ်ခုလည်း ရှိသေးတယ်။ နင်ငါ့တပည့်လေးကို ဂရုစိုက်မစိုက် သိချင်လို့လေ။”

ဒီတစ်ခါတော့ နာတာရှာက သည်းမခံနိုင်တော့တဲ့ ပုံစံနဲ့ စားသောက်နေရင်းတန်းလန်းကနေ ထလာပါတယ်။ အဲဒီနောက်ရှားလော့ခ်ရဲ့ပခုံးပေါ်ကို လက်တင်ပြီး ချိုသာပေမဲ့ အေးစက်တဲ့လေသံနဲ့ ပြောလိုက်လေရဲ့။

“ဆရာ... ဆရာ့အသက်က မငယ်တော့ဘူးမလား။ ညနက်တဲ့အထိ မအိပ်ဘဲနေရင် အသားအရေအတွက် မကောင်းဘူးနော်။ ပြီးတော့ ကျွန်မဆရာ့အတွက် ဘလိုင်းဒိတ် ဗီအိုင်ပီဆားဗစ် ချိတ်ပေးထားတယ်။ ဒီကတ်လေးကိုယူပြီး နောက်နေ့ညနေကျရင် ကြင်ဖက်သွားတွေ့လိုက်နော်....”

“ကြင်ဖက်... ဘာကြီးလဲ... နာတာရှာ နင်ငါ့ကို လင်ပေးစားဖို့ကြံနေတာလား။”

ရှားလော့ခ်က ရုန်းကန်ဖို့ကြိုးစားလေလေ နာတာရှာရဲ့ လက်တွေက ပိုအားပါလာလေလေပဲ။ နောက်ဆုံးတော့ ရှားလော့ခ်တစ်ယောက် အောင်သွယ်တော်ကုမ္ပဏီရဲ့ ဗီအိုင်ပီကတ်ကိုကိုင်ထားမိလျက်သား အိမ်အပြင် နှင်ထုတ်ခံလိုက်ရရော။

ရှားလော့ခ် အပြင်ရောက်သွားတော့မှ နာတာရှာက သူ့နေရာမှာသူပြန်ထိုင်တယ်။

“သခင်၊ ကျွန်မမေ့နေတာ တစ်ခုရှိသေးတယ်။ ဒီနေ့ မမလေးအိုလီရာနာကို ကျောင်းသွားကြိုတော့ အတန်းပိုင်ဆရာမက ဒါလေးပေးလိုက်တယ်။”

ဒေါ်ရသီက စက္ကူပိုစတာလေးတစ်ခုကို နက်ဆန်ဆီ ကမ်းပေးလိုက်တယ်။ ကျောင်းနာမည်နဲ့ မိဘ၊ ဆရာ၊ ကျောင်းသား တွေ့ဆုံပွဲလို့ရေးထားတယ်။

ဒေါ်ရသီက နက်ဆန်ကိုပေးပြီး အယ်မာကိုလည်း အလားတူကတ်တစ်ခု ပေးလိုက်ပါတယ်။

“အခုက မတ်လအလယ်ပိုင်းထဲ ရောက်နေပြီဆိုတော့ မကြာခင် စာမေးပွဲဖြေ ကျောင်းပိတ်တော့မှာလေ။ ရှေ့အတန်းမတက်ခင် ကျောင်းသားတွေရဲ့ အနာဂတ်ကို ဆွေးနွေးဖို့အတွက် မိဘတွေကို ခေါ်ထားတာ။”

“ဟုတ်သား... ငါက သူ့အုပ်ထိန်းသူပဲ။” နက်ဆန်က သူ့ကိုယ်သူ မွေးစားမိဘအဖြစ် အိုလီရာနာကို ကျောင်းအပ်တုန်းက စာရင်းသွင်းထားတာကို ပြန်မှတ်မိလာတယ်။ ကြည့်ရတာ အလုပ်ရှုပ်ဦးမယ့်ပုံပဲ။

..

နောက်တစ်နေ့နံနက်...

အိပ်ရေးမဝတဲ့ရုပ်နဲ့နက်ဆန်က ဒေါ်ရသီဝတ်ပေးတဲ့ သူကောင်းမျိုးဝတ်စုံကို ခန့်ခန့်ညားညားဝတ်တယ်။ အပြာရောင်ဂျက်ကပ်နဲ့ အဖြူရောင်ဘောင်းဘီပါ။ ရင်ဘတ်မှာလည်း အပွင့်တွေအခတ်တွေ ပါသေးတယ်။ အလှပြပဲရှိပြီး အရာရောက်မှုမရှိတဲ့ ဖွန်တီနာမြို့စားရင်ထိုးကြီးကတော့ ဘယ်ဘက်ရင်ပေါ်မှာ။

အပြင်ကိုထွက်လာတော့ ဆယ်ဗီက နက်ဆန်ကိုကြည့်ပြီး တအံ့တဩနဲ့ပြောတော့တာပဲ။

“နက်ဆန်... ရှင်ဘာတွေ ဝတ်ထားတာတုန်း။ မသိရင် နပိုလီယံကျနေတာပဲ။”

“မသိဘူး....” နက်ဆန်က ခေါင်းခါပြလိုက်တယ်။

ဒေါ်ရသီကတော့ စိတ်လှုပ်ရှားနေတဲ့ပုံနဲ့ “မကြီးမော်လီက သခင်အခမ်းအနားတစ်ခုခု တက်မယ်ဆိုရင် ဒီလိုမျိုးဝတ်သင့်တယ်လို့ အကြံပေးလို့လေ။ ဒါမှဗင်းဆင့်မိသားစုကို စော်ကားရာမကျမှာတဲ့။”

“.....” မော်လီ့သဘောဆိုတော့ ဆယ်ဗီဆက်မပြော တော့ပါဘူး။ သူပြောနေလဲ နက်ဆန်ကလက်ခံမှာ မဟုတ်တဲ့အတွက်ကြောင့် အပိုပဲလေ။

မိုနီကာကလည်း အလှဆုံးဝတ်ဆင်ထားပြီးတော့ နက်ဆန့်လက်မောင်းကို လာချိတ်ပါတယ်။ ဒီတော့ ဆယ်ဗီလည်း အားကျမခံ ပူးပေါင်းလိုက်ပါတယ်။

အိုလီရာနာလည်း အသင့်ဖြစ်နေပြီဖြစ်ပြီးတော့ ချစ်စရာကောင်းတဲ့ အဖြူရောင်ဂါဝန်လေးကို ဝတ်ထားတယ်။ ဒါလီယာတော့ အိုလီရာနာဘေးမှာ ထိုင်နေပြီးတော့ ကိုက်စားတော့မယ့်အတိုင်းပဲ။

“ဒါလီယာ... စာမေးပွဲမှာ လေ့လာထားတာတွေ အကုန်ဖြေရမယ်နော်။ ကျသွားရင် နောက်အတန်းကို အတူတူတက်ရမှာမဟုတ်ဘူး။”

“အင်း....” ဒါပေမဲ့ အိုလီရာနာ ပြောထားသမျှကိုတော့ နားထောင်သား။

“အာရာ့... အသင့်ဖြစ်နေပြီလား... သွားကြမယ်လေ။”

မိတ်ကပ်ပါးပါးလိမ်းပြီး နှုတ်ခမ်းနီဆိုးထားတဲ့ ခဲရောင် အသားကပ် ဆွဲသားဂါဝန်နဲ့ အယ်မာက နက်ဆန်ကို လက်ယှမ်းပြတယ်။ ဂါဝန်က ရင့်ကျက်တဲ့မိန်းမလှရဲ့ ကောက်ကြောင်းအလှကို အပြည့်အဝဖော်ပြနေပြီး ရင်ဟိုက်ဖြစ်တာကြောင့် ရင်အစုံပေါ်က ဖောင်းကြွစ သွေးကြောပြာလေးတွေကို မြင်နိုင်တယ်။

“အင်း....” နက်ဆန်က ခေါင်းညိတ်လိုက်တယ်။

မိသားစုကြီးနှစ်ခုက တံခါးခြောက်ပေါက်ကားနဲ့ ခရီးဆက်ပြီးနောက်မှာ ဖွန်တီနာမြို့ကျောင်းရှေ့ရပ် တယ်။

ကျောင်းသားမိဘအများစုက ကျောင်းအဝင်ဝမှာ ရှိနေနှင့်ပြီဖြစ်ပြီးတော့ ဖွန်တီနာလိုမြို့လေးမှာ မြင်နေကျမဟုတ်တဲ့ ကားအကောင်းစားကြီးကို မြင်ရတော့ ချက်ချင်းအာရုံစိုက်မိကုန်တာပေါ့။ နက်ဆန်နဲ့ မိန်းကလေးနှစ်ယောက် ကားပေါ်က ဆင်းလာတော့ ကျောင်းသားမိဘအုပ်စုတစ်ခုလုံး ဆူညံကုန်တာပဲ။

“အောင်မလေး၊ ချောလိုက်တာ မင်းသားလေး ကျနေတာပဲ။”

“အဲဒါ ဗင်းဆင့်အိမ်ကြီးက သခင်လေးနက်ဆန် မဟုတ်လား။ တို့နဲ့ကျောင်းအတူတက်ခဲ့တဲ့ ရိုဝင်နဲ့ အရမ်းတူတာပဲ။”

ကျောင်းသားမိဘတွေထဲက အမျိုးသမီး တော်တော်များများက အမှောင်ကျောင်းတော်ကိစ္စ မသိကြပေမဲ့ ဗင်းဆင့်မိသားစု ချမ်းသာတယ်ဆိုတာနဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ခဲ့တဲ့ နက်ဆန့်အဖေ ရိုဝင်ကိုမှတ်မိနေကြသေးတယ်လေ။

“ဒီကောင် သေချာပေါက် ကောင်းတဲ့ကောင် မဟုတ်ဘူး။”

“ရွံစရာကြီး၊ မိန်းမနှစ်ယောက်နဲ့ ဘယ်လိုတောင် မျက်နှာများတဲ့ကောင်လဲ။”

ကျောင်းသားတွေရဲ့အဖေတွေကတော့ အမေတွေနဲ့ မတူဘဲ နက်ဆန်ကို ရန်လိုနေကြတယ်။ အထူးသဖြင့် မိန်းကလေးနှစ်ယောက်နဲ့အတူတွဲလာနေတာကို မြင်ရချိန်မှာပေါ့။

သူတို့ထဲကအများစုက ကျောင်းတုန်းက သူတို့ ကြိုက်တဲ့မိန်းကလေးတွေကို လိုက်ခဲ့ကြပေမဲ့ သခင်လေးရိုဝင်မှပြန်ကြိုက်မယ်ဆိုတဲ့ စကားကြောင့် အငြင်းခံရသူတွေမနည်းဘူး။ ဒီတော့ ရိုဝင့်သား နက်ဆန်က အလိုနေရင်း ရန်သူတော်ကြီးဖြစ်လာတာ။

ဒါလီယာနဲ့အိုလီရာနာတို့ ကားပေါ်ကဆင်းလာတော့ ကျောင်းသားလေးတွေက ဝိုင်းအားပေးကြတယ်။

“ဒါလီယာနဲ့အိုလီရာနာက အရမ်းလိုက်ဖက်တာပဲ။”

“ဒါလီယာ့အမေကလည်း ကြည့်လို့ကောင်းတယ်နော်။”

“ဒါနဲ့ သူတို့မိသားစုနှစ်ခုက ကားတစ်စီးတည်းကနေ ဆင်းလာတာဆိုတော့ အတော်ရင်းနှီးကြပုံပဲ။ လူကြီးချင်း သဘောတူပြီးပြီလားမသိဘူး။”

“......” ကလေးတွေရော မိဘတွေပြောသမျှကိုပါ အကုန်ကြားနေရတဲ့ နက်ဆန်။

All Chapters