← Chapters

အခန်း (၂၅)

Vol. 3 Ch. 25

အခန်း (၂၅)

Vol. 3 Ch. 25

သူမ ဓာတ်မီးတစ်လက်ကို ကိုင်ဆောင်လျက် ချိန်းဆိုထားသည့် နေရာသို့ ရောက်ရှိလာသောအခါ ကျောင်းသူလေးမှာ ထိုနေရာ၌ စောင့်ဆိုင်းနေပြီး ဖြစ်သည်။

သူမနှင့်အတူ အခြားကျောင်းသား၊ ကျောင်းသူ နှစ်ဦးလည်း ပါလာပြီး တစ်ဦးမှာ ကောင်လေးဖြစ်ကာ တစ်ဦးမှာ ကောင်မလေးဖြစ်သည်။ လော့လန်ကို မြင်လိုက်သည်နှင့် တပြိုင်နက် သူတို့သည် အဆိုပါ ကျောင်းသူလေး၏ နောက်သို့လိုက်ကာ သူမထံသို့ လျှောက်လာကြသည်။

"အစ်မ ညီမတို့ စောင့်နေတာ ကြာပြီ"

"လူတွေကို တွေ့ခဲ့လား"

"ဟုတ်ကဲ့... ဒီနှစ်ယောက်ပါပဲ၊ အဲဒီနေ့က ဖြစ်ပျက်ခဲ့တာတွေကို မြင်တဲ့လူ သိပ်မများဘူး၊ ပြီးတော့ တော်တော်များများကလည်း ကြောက်ပြီး ထုတ်မပြောရဲကြဘူး၊ သတ္တိရှိတဲ့ သူက ဒီနှစ်ယောက်ပဲ ရှိတယ်"

ဘာလို့ သူတို့က ထုတ်မပြောရဲကြတာလဲ။ ကွယ်ရာမှာနေပြီး ဘယ်သူက ကြိုးကိုင်ခြယ်လှယ်နေသည်လဲ။ ပြီးလျှင် ဘာကို ဖုံးကွယ်ဖို့ ကြိုးစားနေကြတာလဲ။ လော့လန်၏ အကြည့်တို့က ထိုကျောင်းသားနှင့် ကျောင်းသူထံသို့ ရောက်ရှိသွားသည်။

ဤကာလတွင် အထက်တန်းကျောင်း တက်ရောက်နိုင်သူများကို မိသားစုများက အလွန်တန်ဖိုးထား မြတ်နိုးလေ့ရှိကြသည်။ ကောင်လေးမှာ စိတ်အားထက်သန်ပြီး မျှော်လင့်ချက်ရှိပုံရကာ ကောင်မလေးမှာမူ ရဲရင့်ပြီး ယုံကြည်ချက်ရှိပုံ ပေါ်သည်။

"အစ်မက ညီမကို မှတ်စုစာအုပ် အရင်ပေးရမယ်၊ ရွှမ်ရွှမ်ရဲ့ စာအုပ်လို လှမလှ ကြည့်ပြီးမှ ပြောသင့် မပြောသင့် ဆုံးဖြတ်မယ်" ကောင်မလေးက မာန်ပါမှု ပါးပါး ရောယှက်နေသည့် ရဲရဲရင့်ရင့်နှင့် ပြတ်သားသော လေသံဖြင့် ပြောလိုက်သည်။

"အစ်မရဲ့ မှတ်စုစာအုပ်တွေက မိန်းကလေးဆန်တဲ့ ပုံစံတွေချည်းပဲတော့ မဟုတ်ဘူးမလား၊ အဲဒီလိုဆိုရင် ကျွန်တော် မလိုချင်ဘူးနော်" ဂျီးများပြီး မိန်းကလေးဆန်သော အရောင်များကို မနှစ်သက်သည့် ကောင်လေးကလည်း ပြောလိုက်သည်။

"စိတ်မပူပါနဲ့... ဒီဇိုင်းမျိုးစုံ ရှိပါတယ်၊ ကြိုက်တာ ရွေးယူလို့ရတယ်"

သူမသည် စနစ်ထံမှ မှတ်စုစာအုပ် အမျိုးမျိုးကို လဲလှယ်ထားပြီး ယခုအချိန်တွင် ခုနစ်အုပ်၊ ရှစ်အုပ်ခန့်ကို ထုတ်ယူလိုက်သည်။ မာကျောသော အဖုံးများ၊ ပလပ်စတစ် အဖုံးများနှင့် သော့ခလောက် အသေးစားလေးများ ပါဝင်သည့် စာအုပ်များပင် ရှိသည်။

ဒီဇိုင်းများတွင် ကြည်လင်သော ကောင်းကင်ပြာ၊ တည်ငြိမ်နက်ရှိုင်းသော သမုဒ္ဒရာနှင့် 'အရာရာ အဆင်ပြေချောမွေ့ပါစေ' ဟူသော စာသားပါရှိသည့် လိမ္မော်ရောင် တည်သီးပုံများ ပါဝင်သည်။

လက်ရာမြောက်လှသောကြောင့် ကျောင်းသားများသည် မြင်မြင်ချင်းပင် နှစ်သက်သွားကြပြီး လက်မှ မချချင်အောင် ဖြစ်နေကြသည်။ မိန်းကလေးများမှာ တစ်အုပ်ပြီး တစ်အုပ် ကိုင်ကြည့်ကာ လက်မှ မလွှတ်ချင်ကြပေ။

"အစ်မ... နောက်ထပ် တစ်အုပ်လောက် ပိုလိုချင်လို့ ရမလား"

"အဲဒါကတော့ နင်တို့ ဘယ်လောက် ပြောပြနိုင်မလဲဆိုတဲ့အပေါ် မူတည်တယ်"

"ညီမ သိသမျှ အကုန်ပြောပြမယ်"

"ရတယ်လေ"

ထိုစကားကို ကြားသောအခါ ကောင်လေးက အလျင်အမြန်ပင် ဝင်ပြောလိုက်သည်။

"ကျွန်တော်ကပဲ ဘာမှ မသိသလိုလိုနဲ့၊ အဲဒီနေ့က ကျွန်တော်လည်း ရှိနေတာပါ၊ အခြေအနေတွေက အရမ်းရှုပ်ထွေးနေခဲ့တာ"

ကောင်လေးက စကားကို ရပ်လိုက်ပြီး လော့လန်ကို လှည့်၍ မေးလိုက်ပြန်သည်။ "ကျွန်တော်တို့ အကုန်ပြောပြရင် မှတ်စုစာအုပ် ဘယ်နှအုပ် ရမလဲ"

"အဲဒါက အသေးစိတ် ဘယ်လောက်ပြောပြနိုင်မလဲဆိုတဲ့ အပေါ် မူတည်တယ်၊ သက်သေအထောက်အထား ရှိရင်တော့ ပိုတောင်ရဦးမယ်"

ကောင်မလေးက ဦးစွာ ပြောလိုက်သည်။ "ညီမတို့က ကျိုးမင်းရှန်နဲ့ အတန်းတူတူပဲ၊ အဲဒီနေ့က ကာယဆရာ မလာတာနဲ့ ညီမတို့ဘာသာ ခွဲပြီး ဆော့နေကြတာ၊ ဘာဖြစ်ခဲ့လဲဆိုတာ မြင်တဲ့လူ သိပ်မရှိဘူး၊ ဒါပေမဲ့ ညီမက အဲဒီမှာ ရှိနေခဲ့တယ်၊ သူတို့ ကျိုးမင်းရှန်ကို တွန်းထိုးပြီး ရန်စနေတာ ညီမ မြင်လိုက်တယ်၊ ညီမ ကြားသလောက်ဆိုရင်တော့ စာမေးပွဲဖြေတုန်းက ကျိုးမင်းရှန်က သူတို့ကို မကူညီခဲ့လို့ အငြိုးထားနေကြပုံပဲ"

ကောင်လေးမှာ သူပြောခွင့်မရခင် ကောင်မလေးက အကုန်ပြောသွားမည်ကို စိုးရိမ်သဖြင့် အလျင်အမြန်ပင် ဆက်ပြောခဲ့သည်။

"အဲဒီနေ့က ကျွန်တော်လည်း ရှိနေခဲ့တာပါ၊ အဲဒီနှစ်ယောက် ကျိုးမင်းရှန်ကို ဆဲနေကြတာ တကယ်ပဲ၊ အရင်ကလည်း သူတို့ ရန်ဖြစ်ဖူးကြတယ်၊ အရပ်ပုတဲ့တစ်ယောက်က ကျိုးမင်းရှန်ကို ပြန်တိုက်ခိုက်ရဲရလားဆိုပြီး လှောင်တယ်၊ ပြီးတော့ အဲဒီနေ့မှာပဲ မှတ်လောက်သားလောက်အောင် ပညာပေးမယ်လို့ ကျိန်းမောင်းနေခဲ့ကြတာ၊ သူတို့က အရင်စတွန်းတယ်၊ ပြီးတော့ ကျိုးမင်းရှန်က ပြန်တိုက်ခိုက်တယ်၊ ရန်ပွဲက ပိုကြီးလာတယ်၊ သူတို့ဘက်က လူအများကြီးပဲ၊ အညိုရောင် ဂျာကင်ဝတ်ထားတဲ့ တစ်ယောက်က ကျိုးမင်းရှန်ကို အနောက်ကနေ ခြေထိုးပြီး ခလုတ်တိုက်လိုက်တာ"

"ရန်ပွဲက ဘယ်လောက်ကြာလဲ၊ ဆရာ့ကို သွားတိုင်တဲ့သူ ရှိလား၊ ဆရာ ရောက်လာဖို့ ဘယ်လောက်ကြာလဲ၊ ကျိုးမင်းရှန်က ဘယ်လိုပုံစံနဲ့ သေသွားတာလဲ"

"ဝိုင်းရိုက်ကြတာပါ၊ တချို့က ရှေ့ကနေ တိုက်ခိုက်သလို တချို့က ခိုးပြီး ဝင်ရိုက်ကြတာ လူအများကြီးပဲ၊ ကျိုးမင်းရှန်က တစ်ယောက်တည်း သူတို့အားလုံးကို မနိုင်နိုင်ဘူး၊ ကောင်မလေးတစ်ယောက်က ဆရာ့ကို သွားတိုင်မယ်လို့ ပြောပေမယ့် ရန်ပွဲကို ဝင်တားတဲ့လူ ဘယ်သူမှ မရှိဘူး"

ကောင်လေးက ဖြည့်စွက်ပြောလိုက်သည်။ "ကျိုးမင်းရှန်က သူ့ဘာသာသူ ချော်လဲပြီး ကျောက်တုံးနဲ့ ခေါင်းဆောင်မိတာ မဟုတ်ဘူး၊ တစ်ယောက်ယောက်က ရိုက်ချလိုက်လို့ လဲကျသွားတာ"

လော့လန်က အလျင်အမြန်ပင် မေးလိုက်သည်။ "ကျိုးမင်းရှန်က ဘယ်လို သေသွားတာလဲ"

နေဝင်ချိန် ဒီဇိုင်းကာဗာနှင့် မှတ်စုစာအုပ်ကို ကိုင်ထားပြီးဖြစ်သော ကောင်လေးသည် ယခုတွင် ရေအောက်ကမ္ဘာ ဒီဇိုင်းဖြင့် နောက်ထပ်စာအုပ် တစ်အုပ်ကို ယူလိုက်သည်။

"ဒါလေးပါ ပေးမယ်ဆိုရင် ကျွန်တော် ပြောပြမယ်"

လော့လန်သည် မှတ်စုစာအုပ် နှစ်အုပ်ကို ကိုင်ထားသော ကောင်မလေးဘက်သို့ အာရုံပြောင်းလိုက်သည်။ သူတို့သည် ဓာတ်မီးကို ပိတ်ထားလိုက်ကြပြီး ညီညီညွတ်ညွတ်ဖြင့် ပြိုင်တူပြောလိုက်ကြသည်။

"ပြောတော့ ပြောပြမယ်၊ ဒါပေမဲ့ ညီမတို့ ဝန်ခံမှာလည်း မဟုတ်သလို သက်သေလိုက်ပေးမှာလည်း မဟုတ်ဘူးနော်"

ဒီကိစ္စမှာ ရိုးရှင်းသည့် ကိစ္စမဟုတ်ကြောင်း ထင်ရှားနေသည်။ မှတ်စုစာအုပ်များကို လိုချင်သော်လည်း သူတို့သည် သက်သေထွက်ဆိုရန် ကြောက်ရွံ့နေကြဆဲဖြစ်တာမို့ ညဘက်ကြီးလာတွေ့ပြီး တစ်ယောက်ယောက် သူတို့ကို မှတ်မိမှာစိုးသဖြင့် ဓာတ်မီးကိုပင် ပိတ်ထားကြ၏။

"တစ်ယောက်ကို မှတ်စုစာအုပ် နှစ်အုပ်စီ ပေးမယ်၊ မြင်ခဲ့တာတွေကို ပြောပြပါ"

"ဟုတ်ကဲ့"

မှတ်စုစာအုပ်များကို ရရှိပြီးနောက် ကောင်မလေးက စ၍ပြောခဲ့သည်။ "လူ လေးငါးယောက်လောက်က ဝိုင်းရိုက်နေကြတော့ သူက မြေကြီးပေါ်မှာ ကွေးကွေးလေး နေနေတာ၊ အဲဒီအထဲက တစ်ယောက်က အုတ်ခဲနဲ့ သူ့ခေါင်းကို အားကုန် ရိုက်ချလိုက်တာ"

ကောင်လေးက ဖြည့်စွက်၍ပြောခဲ့သည်။ "ကျွန်တော် မြင်တာလည်း အဲဒီအတိုင်းပဲ၊ ကောင်လေးတစ်ယောက်က သူ့ကို ဆဲတယ်၊ အမှတ်နည်းလို့ သူ့အဖေ ရိုက်တာခံရတယ်တဲ့၊ အဲဒါ အကုန်လုံး ကျိုးမင်းရှန်ကြောင့် ဆိုပြီး ပြောတယ်"

"အုတ်ခဲ ကိုင်ထားတာ ဘယ်သူလဲ" ကျိုးမင်းရှန်သည် ဦးခေါင်းနောက်စေ့တွင် ရရှိသော ဒဏ်ရာပြင်းထန်မှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သဖြင့် အုတ်ခဲကိုင်ထားသူမှာ သူ့အား သတ်ဖြတ်ခဲ့သူ ဖြစ်ပေသည်။

ကျောင်းဘက်ကမူ ဒါက အုပ်စုဖွဲ့ ရန်ဖြစ်ခြင်းဖြစ်ပြီး ကျိုးမင်းရှန်သည် ချော်လဲကာ ကျောက်တုံးနှင့် ခေါင်းတိုက်မိ၍ သွေးလွန်ကာ သေဆုံးခဲ့ရကြောင်း ရှင်းပြခဲ့သည်။ သူတို့သည် ဒီကိစ္စကို မတော်တဆမှုအဖြစ် ဖုံးကွယ်ထားခဲ့ကြသည်။

ကျိုးချင်းရှန် မည်သို့ စုံစမ်းစစ်ဆေးခဲ့သည်၊ မည်သည့်အတိုင်းအတာအထိ စုံစမ်းခဲ့သည်ကို လော့လန် မသိသော်လည်း ဒီကျောင်းသား၊ ကျောင်းသူနှစ်ဦး ပြောစကားက ပို၍ ယုံကြည်ရလောက်ပုံ ပေါ်သည်။ ကျိုးမင်းရှန်၏ သေဆုံးမှုမှာ မတော်တဆမှု မဟုတ်ပေ။ တစ်စုံတစ်ယောက်က သူ့ကို မလိုမုန်းထားစိတ်ဖြင့် သတ်ခဲ့ခြင်း ဖြစ်သည်။ ကျောင်းနှင့် ပါဝင်ပတ်သက်နေသော မိသားစုများသည် အမှန်တရားကို ဖုံးကွယ်ရန် ကြိုးစားနေကြပြီး ထိုလူမှာ နောက်ခံအင်အား အတော်အတန် ရှိမည့်ပုံ ပေါ်သည်။

သူတို့ တွန့်ဆုတ်နေသည်ကို မြင်သောအခါ သူမက ထပ်ပြောလိုက်သည်။ "မပူပါနဲ့... နင်တို့ကို လူကိုယ်တိုင် ထွက်ပြီး ညွှန်ပြခိုင်းမှာ မဟုတ်ပါဘူး၊ နင်တို့ ပြောပြတယ်ဆိုတာကို သူ သိမှာ မဟုတ်ဘူး၊ မျက်မြင်သက်သေတွေက အများကြီးရှိတော့ ဘယ်သူက သတင်းပေးလိုက်မှန်း ဘယ်သူမှ သိနိုင်မှာ မဟုတ်ဘူး၊ ပြောပြလိုက်ပါ၊ အစ်မ နောက်ထပ် မှတ်စုစာအုပ် တစ်အုပ်ထပ်ပေးမယ်"

သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သဘောတူညီမှုကို အပြန်အလှန် တွေ့မြင်လိုက်ရသည်။ ဘေးအန္တရာယ် မရှိနိုင်ကြောင်း သိရသောအခါ သူတို့ ပြန်ရဲဝံ့လာကြသည်။ လိုချင်သောပစ္စည်းကို ရယူလိုစိတ်ဖြင့် သူတို့ အလျင်အမြန်ပင် စပြောကြတော့သည်။

"စွင်းတုန်"

သူတို့ ပြိုင်တူ ပြောလိုက်ကြပြီးနောက် မှတ်စုစာအုပ်များကို လှမ်းယူရန် ပြင်လိုက်သည်။ လော့လန်က သူတို့ကို တားလိုက်ပြီး ကောင်မလေးကို ကြည့်ကာ ထပ်မေးလိုက်သည်။

"နင် ကိုယ်တိုင် မျက်စိနဲ့တပ်အပ် မြင်ခဲ့တာ ဟုတ်တယ်နော်"

"ဟုတ်ပါတယ်၊ ဒါပေမဲ့ ညီမ သက်သေတော့ မလိုက်ပေးနိုင်ဘူးနော်” ကောင်မလေးက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ “အစ်မ လိမ်လို့မရဘူးနော်၊ တကယ်လို့ အစ်မ လိမ်ရင် စွင်းတုန်ကို ကျောင်းပြောင်းပြီး အစ်မကို ရှောင်နေဖို့ သွားပြောလိုက်မှာ"

ကောင်မလေးသည် တကယ်ပင် စိုးရိမ်နေပြီး ဘေးမှကောင်လေးမှာလည်း မှတ်စုစာအုပ်များကို အရင် ရယူထားသင့်သည်ကို သဘောပေါက်သွားကာ နောင်တရနေပုံ ပေါ်သည်။

"အစ်မသာ လိမ်ပြောရင် ကျွန်တော်တို့ ကျေနပ်မှာ မဟုတ်ဘူးနော်"

"စိတ်အေးအေးထားပါ... မပေးဘူးလို့ အစ်မ တစ်ခွန်းမှ မပြောရပါဘူး၊ စွင်းတုန်အကြောင်း ပိုတိကျတဲ့ အချက်အလက်တွေ ပြောပြ၊ ဖြစ်နိုင်သလောက် အသေးစိတ်ပေါ့"

ကောင်လေးသည် ကောင်မလေးထံမှ သင်ယူပြီး ပြောခဲ့သည်။ "အစ်မ ဆုကြေး ထပ်တိုးပေးမှ ရမယ်"

"ပြဿနာ မရှိဘူး"

ကောင်မလေးက အရင် ပြောလိုက်သည်။ "စွင်းတုန်က ၁၈ နှစ် ဒါမှမဟုတ် ၁၉ နှစ်လောက် ရှိမယ်၊ တတိယနှစ် အခန်း ၂ က၊ အရပ်က ၁.၇ မီတာလောက် ရှိပြီး ဘတ်စကက်ဘော ကစားတာ ဝါသနာပါတယ်၊ ပြီးခဲ့တဲ့ စာမေးပွဲတုန်းက တစ်တန်းလုံးမှာ အဆင့် ၁၄၂ ရတယ်၊ ညီမရဲ့ အနောက်ကပ်ရပ်မို့လို့ ကောင်းကောင်း မှတ်မိနေတာ"

ဤအရာများသည် ကျောင်းသားတိုင်း သိရှိနိုင်သော ယေဘုယျ အချက်အလက်များသာ ဖြစ်ပြီး သိပ်အသုံးမဝင်လှပေ။ လော့လန်သည် ကောင်လေးဘက်သို့ လှည့်လိုက်ပြီး ယောက်ျားလေးချင်းမို့ ပိုသိနိုင်မည်ဟု မျှော်လင့်လိုက်သည်။

"သူက စကား သိပ်မပြောတော့ ကျွန်တော်နဲ့ သိပ်မပေါင်းဖြစ်ဘူး၊ အဲဒါလောက်ပဲ ကျွန်တော် သိတယ်"

သူတို့ သိသမျှ အကုန်ပြောပြပြီး ဖြစ်သည်။ ထပ်မံရရှိနိုင်မည့် အရာမရှိတော့သဖြင့် လော့လန်သည် မှတ်စုစာအုပ်များကို ပေးလိုက်သည်။

ကျောင်းသားများသည် မှတ်စုစာအုပ် အသစ်များကြောင့် ပျော်ရွှင်သွားကြသည်။ အစပိုင်းတွင် ပါလာသော ကျောင်းသူလေးက အတန်းဖော်များကို ပြန်ဝေမျှရန် ဖြစ်မည်၊ ကျန်ရှိသော စာအုပ်များကိုပါ ဝယ်ယူသွားခဲ့သည်။

လိုချင်သော သတင်းအချက်အလက်များကို ရရှိပြီးနောက် လော့လန်သည် စွင်းတုန်အကြောင်း မည်သို့ ဆက်စုံစမ်းရမည်ကို စဉ်းစားနေမိသည်။ သူ့နောက်ခံ မည်မျှပင် တောင့်တင်းပါစေ၊ သူမ မတ်ဖြစ်သူ၏ သေဆုံးမှုကို လက်တုံ့မပြန်ဘဲ လွှတ်ထား၍ မဖြစ်ပေ။

"မင်း ဘယ်တွေ သွားနေတာလဲ"

အပြန်လမ်းတွင် သူမကို လိုက်ရှာနေသော ကျိုးချင်းရှန်နှင့် ဆုံတွေ့ခဲ့သည်။ သူသည် ဒေါသထွက်နေပုံ ရသလို ဘာလုပ်ရမှန်းမသိ ဖြစ်နေပုံလည်း ပေါ်သည်။

"ညဘက်တွေ တစ်ယောက်တည်း လျှောက်မသွားပါနဲ့လို့ ငါ ပြောထားတယ်မလား၊ ဘာလို့ စကား နားမထောင်တာလဲ"

"ရှင် ကျွန်မကို စိတ်ပူနေတာလား"

"မင်း ဘယ်လိုထင်လို့လဲ"

သူမ ရယ်မောလိုက်ပြီး သူနှင့်အတူ လမ်းလျှောက်ပြန်လာခဲ့သည်။ ဆောင်းဦးညသည် မှောင်မိုက်ပြီး အေးစိမ့်နေကာ လမ်းမပေါ်တွင် လူသွားလူလာ နည်းပါးပြီး ရှိသမျှလူများမှာလည်း သုတ်ခြေတင် သွားလာနေကြသည်။

"မင်းရှန်ရဲ့ အမှုနဲ့ပတ်သက်ပြီး ဘာသတင်းရသေးလဲ"

သူက လှည့်ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောခဲ့သည်။

"မင်း အဲဒါကြောင့် အပြင်ထွက်သွားတာလား"

"ကျွန်မ အရင် မေးတာနော်"

"ကိုယ် စုံစမ်းပြီးပြီ၊ သိပ်တော့ မခက်ပါဘူး၊ ကျောင်းဘက်က အဲဒီတုန်းက အမှုကို အမြန်ဖုံးဖိပြီး ပိတ်လိုက်တာ၊ ဒါပေမဲ့ အဲဒီနေ့က မျက်မြင်သက်သေတွေ အများကြီး ရှိနေတော့ လုံးဝ လျှို့ဝှက်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး"

"စွင်းတုန်လား?"

အမျိုးသားဖြစ်သူက တိတ်ဆိတ်စွာ ခေါင်းညိတ်ပြသည်။ "ဟုတ်တယ်... တခြားလူတွေက လက်သီးတွေ ခြေထောက်တွေပဲ သုံးခဲ့ကြတာ၊ ဒါပေမဲ့ ဦးခေါင်းနောက်စေ့ကို ထိသွားတဲ့ သေစေလောက်တဲ့ ဒဏ်ရာက မာကျောတဲ့ အရာဝတ္ထုတစ်ခုခုနဲ့ ရိုက်မိလို့ ဖြစ်ရတာ၊ စွင်းတုန်က အုတ်ခဲနဲ့ ရိုက်လိုက်လို့ နေမှာပေါ့"

"ကျွင်းဟွေ့က ဒါကြောင့်မို့လို့ စိတ်မဖြေနိုင် ဖြစ်နေရတာမလား" ထို့ကြောင့်လည်း သူမသည် အမြဲတမ်း ဤကိစ္စကို တွေးတောနေပြီး စိတ်ထိခိုက် လွယ်နေကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေရသည်။ သူမသည် ကိုယ့်ကိုယ်ကိုယ် ဘာမှမလုပ်နိုင်သည့်အပေါ် မကျေမနပ်ဖြစ်ပြီး ထိုအချိန်က မိခင်ဖြစ်သူ ကိုင်တွယ်ဖြေရှင်းပုံအပေါ် အပြစ်တင်နေမိသည်။ အကယ်၍သာ အခြေအနေကို တစ်မျိုးတစ်ဖုံ ကိုင်တွယ်ဖြေရှင်းခဲ့လျှင် ရလဒ်က ကွဲပြားသွားနိုင်သည်ဟု သူမ အမြဲ တွေးတောနေတတ်သည်။

ကျိုးချင်းရှန် ဘာမျှ မပြောပေ။ မိသားစုအနေဖြင့် မည်သူက ဤကိစ္စကို ခွင့်လွှတ်နိုင်မည်နည်း။ ချော်လဲ၍ မတော်တဆ သေဆုံးခြင်းမဟုတ်ဘဲ ရိုက်နှက်မှုကြောင့် လူငယ်တစ်ဦး၏ အသက် ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်း မဟုတ်လျှင်တောင် သေချာပေါက် ရည်ရွယ်ချက်ရှိရှိ နာကျင်စေမှုပင်။

သူတို့ တိတ်ဆိတ်စွာ အိမ်ပြန်ရောက်လာကြပြီး ခြေထောက်ဆေးကာ အိပ်ရာဝင်ရန် ပြင်ဆင်ခဲ့ကြသည်။ မီးပိတ်လိုက်သောအခါ သူက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "ထပ်ပြီး စုံစမ်းမနေပါနဲ့တော့၊ ကိုယ် အကုန်လုံး သိပြီးပါပြီ၊ အဲဒီကောင်လေးရဲ့ မိသားစုက အဆက်အသွယ် ရှိတယ်၊ ဒါကြောင့်မို့လို့ သူတို့က သပ်သပ်ရပ်ရပ်နဲ့ မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ခဲ့ကြတာ"

"ရှင်က ဒီတိုင်း လွှတ်ထားလိုက်ဖို့ စဉ်းစားနေတာလား"

"သေချာပေါက် မဟုတ်ဘူးပေါ့"

"အဲဒါဆို ရှင့်အစီအစဉ်က ဘာလဲ"

"မင်း ရိပ်မိပြီးသားပဲကို၊ ဘာလို့ မေးနေသေးတာလဲ"

"အော်... ပြောပြလိုက်ပါတော့၊ ဒါမှ ကျွန်မ ဘယ်လိုကူညီပေးရမလဲ သိမှာပေါ့"

"မင်း ဝင်မပါနဲ့" အမှောင်ထဲတွင် စိုးရိမ်ပူပန်မှုနှင့်အတူ တိုးညှင်းသော သူ၏ လေသံထွက်ပေါ်လာသည်။ သူ၏ သတ္တိရှိသော ဇနီးသည် တစ်ခုခု ဇွတ်တရွတ်လုပ်မိမည်ကို ကြောက်ရွံ့နေသည်။ ဤကိစ္စသည် ယောက်ျားတစ်ယောက်အနေဖြင့် သူ ကိုင်တွယ်ဖြေရှင်းသင့်သော ကိစ္စဖြစ်သည်။ သူမ၏ ဂရုစိုက်မှုကို သူ ကျေးဇူးတင်သည်။ သူမသည် သူတို့မိသားစုနှင့် ပေါင်းစည်းသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း သူ့မိသားစုအပေါ် အလွန် စာနာထောက်ထားပေးသည်။ သူမကို ဇနီးအဖြစ် ရရှိထားခြင်းမှာ ကောင်းချီးမင်္ဂလာ တစ်ပါးပင် ဖြစ်သည်။

"ငြိမ်းချမ်းနေတဲ့ အချိန်ဆိုရင်တော့ ခက်ခဲလိမ့်မယ်၊ အခုတော့ အခွင့်အရေး တစ်ခုရှိတယ်၊ စိတ်မပူပါနဲ့... ကိုယ့်ကိုယ်ကို ဒုက္ခရောက်အောင် လုပ်မှာ မဟုတ်ပါဘူး၊ ဒါနဲ့ ကိုယ်တို့ သူဌေး ခရီးက ပြန်ရောက်ပြီ၊ မင်းရဲ့ အိမ်ထောင်စုစာရင်းနဲ့ အလုပ်ကိစ္စကို ကိုယ် အမြန်ဆုံး စီစဉ်ပေးမယ်"

ထိုစကားကြောင့် လော့လန် စိတ်လှုပ်ရှားသွားပြီး ကြယ်ရောင်များကဲ့သို့ တောက်ပနေသော မျက်လုံးများဖြင့် သူ့ဘက်သို့ လှည့်ကြည့်လိုက်သည်။ "တကယ်လား?"

သူမ ပျော်ရွှင်နေသည်ကို မြင်ရသည်မှာ သူ့ကိုလည်း ပျော်ရွှင်စေသည်။ ဇနီးသည်ကို ပျော်ရွှင်အောင် ထားနိုင်ခြင်းသည် သူ ဂုဏ်ယူရသော အရည်အချင်းတစ်ခု ဖြစ်သည်။ သူမ၏ ကြိုးစားအားထုတ်မှုကို တန်ဖိုးထားသောအားဖြင့် သူ သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ ထိုထက်ပို၍ မည်သည့်အရာမျှ လုပ်ဆောင်ရန် အစီအစဉ်မရှိသော်လည်း ဖက်ထားရုံဖြင့်ပင် စိတ်သက်သာရာ ရစေသည်။ ရင်ခွင်ထဲမှ သူမ၏ နူးညံ့မှုနှင့် နွေးထွေးမှုသည် သူ့ကို အလွန် ပျော်ရွှင်စေသည်။

"တကယ်ပေါ့... ဒါက အရင်ကတည်းက သဘောတူထားပြီးသား ကိစ္စပဲ၊ မင်း စက်ရုံမှာ အလုပ်လုပ်ရဖို့ များတယ်၊ နေရာကောင်း ရအောင် ကိုယ် ကြိုးစားပေးမယ်"

"ထမင်းဟင်းချက်ရမှာလား၊ ကျွန်မ ချက်ပြုတ်တာ တော်တယ်နော်"

"ဟားဟား ကြည့်ရသေးတာပေါ့၊ ကိုယ် မျှော်လင့်ချက်တွေ သိပ်မြင့်မြင့်မထားချင်ပါဘူး"

"ဟာ... ပြောပြပါဆို၊ လမ်းကို ရှင်းလင်းရတဲ့ အလုပ်ဆိုရင်တောင် လယ်လုပ်ရတာထက်စာရင် ကျေးဇူးတင်ရဦးမှာ"

"စိတ်မပူပါနဲ့... လမ်းကို ရှင်းလင်းရတာတော့ မဟုတ်ပါဘူး"

"ကျွန်မကို ပြောပြပါဆို"

သူမသည် ကိုယ့်ကိုယ်ကိုယ် သတိမထားမိဘဲ အသနားခံသည့် လေသံမျိုး သုံးလိုက်မိသည်။ အရာအားလုံးက သဘာဝကျစွာ စီးဆင်းသွားသည်။ သူမ၏ နူးညံ့သော အသံနှင့် သူ့ကို တိုးဝှေ့လာမှုကြောင့် သူ့စိတ်ဆန္ဒများ နိုးကြွလာသည်။

သူသည် စောင်ကို ဆွဲခြုံပေးလိုက်ပြီး အက်ရှရှ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"အိပ်တော့... မနက်ဖြန် အလုပ်လုပ်ရဦးမှာ"

"ဟာ... ပြောပြပါဆို"

"မင်း မအိပ်ရင် ကိုယ် တခြားဟာ လုပ်လိုက်မှာနော်"

သူ ဘာကိုဆိုလိုမှန်း သူမ ကောင်းကောင်း သိလိုက်သည်။ သူ့ခန္ဓာကိုယ်၏ တုံ့ပြန်မှုကို ခံစားမိလိုက်သဖြင့် သူမ ရေရွတ်လိုက်ပြီး နောက်ဆုံးတွင် ဆက်မမေးတော့ဘဲ လက်လျော့လိုက်သည်။

"ကောလာဟလတွေက အမှန်တရားနဲ့ တခြားစီ ဖြစ်နေတတ်တာပဲ"

နောက်တစ်နေ့တွင် ယောက္ခမဖြစ်သူမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး လူတိုင်း မိမိအလုပ်ကိုယ်စီ လုပ်ကိုင်နေကြကာ သူမကို အိမ်၌ ဟင်းသီးဟင်းရွက် ချဉ်ဖတ်ထည့်ရန် ထားခဲ့ကြသည်။ လော့လန်သည် စက်ဘီးစီး၍ အလုပ်သွားကာ စပါးရိတ်ခဲ့သည်။

All Chapters