← Chapters

အခန်း (၂၆)

Vol. 3 Ch. 26

အခန်း (၂၆)

Vol. 3 Ch. 26

တစ်စုံတစ်ယောက်က သူမ၏ လက်မောင်းကို မကြာခဏ လာတိုက်မိပြီး အလုပ်နှောင့်ယှက်နေသည်အထိ သူမနှင့်အတူ ဘယ်သူရှိနေသည်ကို သတိမထားမိခဲ့ပေ။ သူမ လှည့်ကြည့်လိုက်သောအခါ ဟွမ်မိသားစုမှ ချွေးမလေးက သူမကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ချွေးမလေးက အနားသို့ တိုးကပ်လာပြီး တိုးတိုးလေး ပြောလိုက်သည်။ "အစ်မလော့လန်... အဲဒီပစ္စည်းလေး ညီမကို တစ်ခေါက်လောက် ထပ်ငှားလို့ ရမလားဟင်"

လော့လန်က သူမ ဘာကိုဆိုလိုမှန်း ချက်ချင်း သဘောပေါက်လိုက်သည်။ "နင့်ယောက်ျား အကျင့်မပြင်သေးဘူးလား"

"ခဏတော့ ငြိမ်သွားသေးတယ်၊ အခု ပြန်စနေပြန်ပြီ၊ မနေ့က ညီမကို ရိုက်ဖို့လုပ်လို့ အချိန်မီ ထွက်ပြေးလာလိုက်ရတယ်" လော့လန်၏ မျက်နှာတွင် သနားခြင်းနှင့် ဒေါသထွက်ခြင်း ရောယှက်နေသော ရှုပ်ထွေးသည့် ခံစားချက်ကို မြင်လိုက်ရသဖြင့် သူမက ဆက်ရှင်းပြလိုက်သည်။

"ညီမတို့အိမ်မှာ မောင်နှမ ခြောက်ယောက်ရှိတာ ညီမက တစ်ဦးတည်းသော မိန်းကလေး၊ ညီမ အိမ်ထောင်ပြုတော့ အမေက တင်တောင်းငွေ ယူပြီး ညီမကို ဘာမှ ပြန်မပေးဘူး၊ မိဘအိမ်ကိုလည်း အားကိုးလို့ မရဘူး၊ ကွာရှင်းဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ တစ်သက်လုံး အရိုက်ခံပြီးတော့လည်း မနေနိုင်ဘူးလေ၊ သူ့ကို တိုက်ရိုက်ပြန်ချဖို့ကျတော့လည်း ညီမ အားမမျှဘူး၊ ဒါကြောင့် ကျေးဇူးပြုပြီး ညီမကို ကူညီပါနော်"

"စကားကို အဲဒီလောက်ကြီး လေးလေးနက်နက် ပြောမနေပါနဲ့၊ ကိစ္စက ဒီလိုရှိတယ်..."

လော့လန် တွန့်ဆုတ်သွားသည်။ လျှပ်စစ်တုတ်တံမှာ စနစ်က သူမကို ငှားရမ်းထားခြင်း ဖြစ်ကြောင်း ရှင်းပြ၍ မရပေ။ ယခု စနစ်က သိပ်မကြည်ဖြူချင်သဖြင့် နောက်တစ်ကြိမ် ထပ်ငှား၍ ရမရ သူမ မသိပါ။ ကတိပေးလိုက်လျှင် သူမ၏ ရမှတ်များကို အသုံးပြုရမည်ဖြစ်ပြီး သူမသည် မကပ်စေးနှဲသော်လည်း အပိုအရင်းအမြစ်များ မရှိပေ။

"ငါ ငှားလို့ရမလား ကြိုးစားကြည့်လိုက်ဦးမယ်"

"ကျေးဇူးပါ အစ်မလော့လန်"

အနားယူချိန်တွင် လော့လန်သည် သူမကို လူရှင်းသည့် နေရာတစ်ခုသို့ ဆွဲခေါ်သွားခဲ့သည်။

"နင် သူ့ကို တကယ် ထိန်းချုပ်ချင်တယ်ဆိုရင် နည်းလမ်းတွေ အများကြီး ရှိပါတယ်၊ အဲဒီပစ္စည်းက နင့်ဟာ မဟုတ်တော့ နင့်ဆီမှာ အမြဲ ရှိနေနိုင်မှာ မဟုတ်ဘူး"

"ဘာနည်းလမ်းတွေလဲဟင်"

"သူ ဝမ်းသွားအောင် ထမင်းထဲ သက်ရင်းကြီးစေ့တွေ ခိုးထည့်လိုက်၊ သူ အားပြတ်နေတဲ့အချိန် ကြိုးတုပ်ပြီး ကောင်းကောင်း ပညာပေးလိုက်ပေါ့"

"ဒါပေမဲ့... ညီမဆီမှာ သက်ရင်းကြီးစေ့ မရှိရင် ဘယ်လိုလုပ်မလဲ?” ထိုအမျိုးသမီးမှာ စိတ်ဓာတ်ကျသွားသည်။ “ပေါက်ပြားတော့ ရှိတယ်၊ ဒါပေမဲ့ သူ လုယူသွားမှာ စိုးရိမ်ရတယ်၊ ညီမ ဒီတိုင်း သူ့ အနှိပ်စက်မခံတော့ဘူး၊ ငိုယိုပြီး အသနားခံကြည့်ပြီးပြီ၊ ဘာမှ မထူးခြားဘူး၊ တကယ်လို့ လိုအပ်လာရင်..."

သူမ စကားသံ တိမ်ဝင်သွားပြီး လော့လန်၏ ဂရုဏာသက်မှုကို လိုချင်သည့်ပုံ ပေါ်သည်။ လော့လန်သည် သူမအပေါ် သံယောဇဉ် ရှိသည်။ အကယ်၍ သူမသည် ပြန်လည်တိုက်ခိုက်ရန် သတ္တိမရှိဘဲ ငိုယိုနေရုံသာဆိုလျှင် လော့လန် ဝင်ပါမည် မဟုတ်ပေ။ သို့သော် သူမသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ဆန္ဒရှိနေသဖြင့် လော့လန်သည် မိန်းမသားချင်း ကိုယ်ချင်းစာကာ ဒီတိုင်း ကြည့်မနေနိုင်ပေ။

"နင့်ဘက်က စလှုပ်ရှားလိုက်၊ ပြီးရင် ဘေးကနေ ပွဲကြည့်ခွင့်ပေး"

"ဟုတ်ကဲ့"

နေ့လယ်ဘက် အလုပ်ပြီးသောအခါ လော့လန်သည် တဲသို့ ပြန်လာပြီး သူမ ယောက္ခမ ပြင်ဆင်ပေးလိုက်သော ထမင်းချိုင့်ကို ဖွင့်လိုက်သည်။ အလူမီနီယမ် ထမင်းချိုင့်မှာ ပြားကပ်ကပ်ပုံစံဖြစ်ပြီး သူမ သုံးရန်အတွက် ပေးထားသော အိမ်ရှိ အသစ်စက်စက် ချိုင့်ဖြစ်သည်။

အတွင်း၌ ကောက်နှံပေါင်းစုံ ပေါက်စီ၊ မုန်လာဥ ခြစ်ကြော်နှင့် ဂေါ်ဖီထုပ်တို့ ပါဝင်ပြီး တစ်မျိုးစီ သီးသန့် အရသာရှိအောင် ပြင်ဆင်ထားသည်။ ရိုးရှင်းသော အစားအစာ ဖြစ်သော်လည်း ဂရုတစိုက် ချက်ပြုတ်ထားသဖြင့် ကြည့်ကောင်းနေပြီး အားလုံးရောချက်ထားသည်ထက် ပို၍ အရသာရှိသည်။

လော့လန် - 'စနစ် စနစ်ရေ'

စနစ် - 'ဘာလို့ ခေါ်နေတာလဲ'

လော့လန် - 'လျှပ်စစ်တုတ်တံ တစ်ခါလောက် ထပ်ငှားလို့ ရမလား'

စနစ် - 'မရဘူး'

လော့လန် - 'နင်က မြည်းလိုပဲ ခေါင်းမာလိုက်တာ'

စနစ် - 'တရုတ် ၁၂ ရာသီခွင်မှာ မြည်း မပါဘူး'

လော့လန် - 'ဟားဟားဟား'

စနစ် - 'ဘာရယ်တာလဲ၊ ပြောစမ်း ဘာရယ်တာလဲလို့'

လော့လန် - 'ဟွမ်မိသားစုက လေးယောက်မြောက် ချွေးမကို ထပ်ငှားပေးချင်လို့ပါ၊ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက နင် ကြည်ကြည်ဖြူဖြူ ငှားပေးခဲ့သားပဲ၊ ဒီတစ်ခါလည်း ထပ်ငှားလိုက်ကြရအောင်'

စနစ် - 'ရမှတ်တွေ ငါယူမယ်'

လော့လန် (အံကြိတ်လျက်) - 'နင်က စွမ်းအားကြီးတဲ့ စနစ်တစ်ခု ဖြစ်နေပြီးတော့ ငါ့ရမှတ်တွေကို ဖြတ်ချင်နေသေးတာလား'

စနစ် - 'မဟုတ်ရင် ငါက အရူးဖြစ်သွားမှာပေါ့'

လော့လန်၏ ခေါင်းထဲတွင် အကြံတစ်ခု ဝင်လာခဲ့သည် - 'အဲဒါဆို လျှပ်စစ်တုတ်တံကို ငါ့ဆီမှာပဲ ပေးထားလိုက်တော့'

စနစ် - 'နင် အမြတ်ထွက်သွားပြန်ပြီ'

လော့လန် - 'အဲဒါ နင်က သဘောထားကြီးလို့လေ'

ချီးကျူးစကားများ သူမ နှုတ်ဖျားမှ ထွက်ကျလာပြီး စနစ်က တစ်စက္ကန့်ခန့် တွေဝေပြီးနောက် သဘောတူလိုက်သည်။ ဤပိုင်ရှင်သည် အမြဲတမ်း တွက်ချက်တတ်ပြီး ကိုယ့်အကျိုးစီးပွားအတွက် အမြဲတမ်း ကျိုးကြောင်းဆီလျော်စွာ တိုက်ပွဲဝင်တတ်သည်။ ဒါ လူသားတွေရဲ့ လက်တွေ့ဆန်မှုများလား။

စနစ် ဘာတွေးနေသည်ကို လော့လန် မသိပေ။ လျှပ်စစ်တုတ်တံကို အလကား ရလိုက်သဖြင့် သူမ ပျော်ရွှင်နေသည်။ မူလက သူမသည် ရမှတ်နည်းနည်းဖြင့် ရယူလိုခဲ့ခြင်း ဖြစ်ပြီး ယခု အနည်းငယ် လှည့်ပတ်ပြောဆိုပြီးနောက် အောင်မြင်သွားခဲ့သည်။ ဒီစနစ်သည် ရင့်ကျက်မှု မရှိဘဲ တစ်ခါတစ်ရံ ကလေးဆန်နေသည်လား။

ဤသည်မှာ နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် အခြေအနေပင်။ ပိုင်ရှင်ရော စနစ်ပါ တစ်ခုခု အမြတ်ရလိုက်သည်ဟု ခံစားရပြီး တိတ်တခိုး ကျေနပ်နေကြသည်။ စနစ်သည် သူမအတွက် လျှပ်စစ်တုတ်တံကို ချက်ချင်း ပြင်ဆင်ပေးလိုက်ပြီး ဟွမ်မိသားစု၏ လေးယောက်မြောက် ချွေးမ လှုပ်ရှားလာမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။

ဟွမ်မိသားစု၏ လေးယောက်မြောက် ချွေးမသည် အချိန်ဆွဲတတ်သူ မဟုတ်ပေ။ နေ့လယ်ဘက်တွင် သူမယောက်ျားက ရန်ထပ်စသောအခါ သူမသည် ယောက်မကို ကိုင်၍ ပြေးထွက်လာသည်။ သူမ ပြေးရင်း အော်ဟစ်လိုက်ရာ လူအများအပြား လာရောက်ကြည့်ရှုကြသည်။

လော့လန်လည်း ထိုအသံကို ကြားလိုက်ရသဖြင့် တဲအနီးသို့ ပြေးသွားခဲ့သည်။ စပ်စုလိုသော လူအုပ်ကြီးကြားတွင် အမျိုးသမီးနှစ်ဦးသည် မည်သူမျှ သတိမထားမိလိုက်ဘဲ ပစ္စည်းလွှဲပြောင်းမှုကို ပြီးမြောက်အောင် လုပ်ဆောင်လိုက်ကြသည်။

လက်နက် ရရှိသွားသောအခါ ဟွမ်မိသားစု၏ စတုတ္ထချွေးမသည် စိတ်ထဲတွင် အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားသော နည်းလမ်းကို အသုံးပြုရန် တွန့်ဆုတ်မနေတော့ပေ။ ယောင်းမလက်ကိုင်ရိုးမှာ သစ်သားဖြစ်ပြီး လျှပ်စစ် မကူးသဖြင့် သူမ လက်တစ်ဖက်ဖြင့် မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ အခြားလက်တစ်ဖက်က လျှပ်စစ်တုတ်တံဖြင့် သူမယောက်ျားကို လျင်မြန်တိကျစွာ ထိုးလိုက်သည်။ ဇနီးသည် ပြန်လှည့်လာသည်ကို မြင်လိုက်သည်နှင့် လောင်ဟွမ်သည် တစ်ခုခု လွဲနေပြီဖြစ်ကြောင်း သိလိုက်ရပြီး ထင်သည့်အတိုင်းပင် ဇနီးသည်က စတင်၍ တုံ့ပြန်တိုက်ခိုက်တော့သည်။

သူသည် ချက်ချင်း မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ခန္ဓာကိုယ် ထုံကျင်အားနည်းသွားကာ ခြေလက်များ ထိန်းချုပ်မရအောင် တုန်ခါလျက် သွားများပင် တဂတ်ဂတ် ရိုက်ခတ်နေသည်။

"လောင်ဟွမ်... ကောင်းကင်ကြီးက စောင့်ကြည့်နေတယ်နော်၊ အကုသိုလ်လုပ်ရင် အပြစ်ပေးခံရတတ်တယ်၊ အပြင်မှာကျ သူရဲဘောကြောင်ပြီး အိမ်ရောက်မှ မိန်းမကို အနိုင်ကျင့်တဲ့ကောင်၊ နင့်ကို ငါ တံတွေးနဲ့ ထွေးတယ်၊ မိုးကြိုးပစ်ခံရမယ် သတိထား"

သူမ၏ စကားများမှာ ထွက်ချင်တိုင်း ထွက်လာပြီး လောင်ဟွမ်မှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သူက ပညာမတတ်သလို လျှပ်စစ်တုတ်တံအကြောင်းလည်း နားမလည်ပေ။ ပြီးခဲ့သည့်အကြိမ် ဓာတ်လိုက်ခံရတုန်းကလည်း ဘာမှန်းမသိဘဲ ဘုရားသခင် ဒဏ်ခတ်သည်ဟုသာ ထင်ခဲ့သည်။

ဇနီးသည်ကလည်း သူမ ဘာမှမသိကြောင်း ပြောခဲ့သည်။ သူ့ခန္ဓာကိုယ်မှာ တုန်ခါနေပြီး ဒါ မိုးကြိုးပစ်ခံရတာ မဟုတ်ဘူးလားဟု တွေးနေမိသည်။

ဒီနေ့တွင် မိုးခြိမ်းသံ မကြားရသလို နေသာသောနေ့ ဖြစ်နေသဖြင့် သူ မည်သို့ မိုးကြိုးပစ်ခံရနိုင်မည်နည်း။ သူ့ခန္ဓာကိုယ် မြေကြီးပေါ် လဲကျသွားပြီး ဇနီးသည်က မလှမ်းမကမ်းတွင် ရပ်နေသည်။ ဘာ့ကြောင့် သူ့ကိုမှ ကွက်ပြီး ပစ်ရသနည်း။

"မိန်းမကို ရိုက်တဲ့ သူရဲဘောကြောင်တဲ့ကောင်မှ မိုးကြိုးပစ်ခံရမှာ၊ ဒါ ဝဋ်လည်တာပဲ၊ ဘယ်သူမှ နင့်ကို ကယ်နိုင်မှာ မဟုတ်ဘူး"

ချွေးမငယ်လေးသည် လျှပ်စစ်တုတ်တံကို ထပ်မရနိုင်တော့မည်ကို စိုးရိမ်ပြီး သူတစ်ပါးကို အမြဲ အားကိုး၍ မရနိုင်ကြောင်း သိထားသဖြင့် သူ့ကို မှတ်လောက်သားလောက်အောင် ပညာပေးရန် ဆုံးဖြတ်လိုက်သည်။ သူမသည် သူ့ကို တစ်ဆုံး ကြောက်လန့်သွားစေရန် ရည်ရွယ်ပြီး လျှပ်စစ်တုတ်တံကို အမြင့်ဆုံး ပါဝါအထိ တင်လိုက်သည်။ အကယ်၍ လျှပ်စစ်စီးအား ပြင်းထန်လွန်းပြီး သူ သေဆုံးသွားလျှင်လည်း ကြောက်ရွံ့ထိတ်လန့်စွာ နေထိုင်ရသည်ထက် မုဆိုးမအဖြစ်သာ ခံယူလိုက်တော့မည်။

"ငါ... ငါ... အား..."

စကားလုံး မပီသတော့ဘဲ ပါးစပ်မှ သွားရည်များ ထွက်သည်အထိ ခန္ဓာကိုယ် တက်သွားကာ အသံတိုလေးများသာ ထွက်ပေါ်လာတော့သည်။ မျက်လုံးများ ပြာဝေနေပြီး ပါးစပ်ပွင့်လျက် အကူအညီ တောင်းရမလား၊ အသနားခံရမလား မဝေခွဲနိုင်ဘဲ အရာအားလုံး နောက်ကျသွားပြီဟု ခံစားလိုက်ရသည်။ ယခင်က ဖိနှိပ်ထားသော ကြောက်ရွံ့မှုများက ယခု သူ့ကို လွှမ်းမိုးသွားပြီး သူ အကြီးအကျယ် နောင်တရမိလေသည်။

သူ သူမကို မရိုက်ခဲ့သင့်ဘူး၊ သူ သူမကို မရိုက်ခဲ့သင့်ဘူး။

သူ၏ ပါးစပ်ကပွင့်နေပြီး စကားပြောချင်သော်လည်း မပြောနိုင်ဖြစ်နေကာ ဘေးပတ်ဝန်းကျင်မှ ကြည့်ရှုနေသူများက ဝိုင်းပြောနေကြသော်လည်း မည်သူမျှ အနားမကပ်ရဲကြပေ။ ဒါ ဘယ်လို အခြေအနေကြီးလဲ။ နေသာနေတဲ့နေ့မှာ မိုးကြိုးပစ်ခံရတာမျိုး ဘယ်သူမှ မမြင်ဖူးကြပေ။

"ဒါ ဘုရားသခင် ဒဏ်ခတ်တာများလား"

"သူနဲ့တန်တယ်... တွေ့လား၊ မယားကို အဲဒီလို မနှိပ်စက်သင့်ဘူး၊ အခုတော့ ဝဋ်လည်ပြီ"

ချွေးမငယ်လေး ရည်ရွယ်ထားသည့်အတိုင်း ဘေးလူများ၏ အသံများ ပြောင်းလဲလာသည်။ သူမ ဒူးထောက်ထိုင်ချလိုက်ပြီး ခင်ပွန်းဖြစ်သူ တက်နေကာ မျက်ဖြူလန်လာသည်ကို ကြည့်နေသော်လည်း လျှပ်စစ်တုတ်တံကို မလွှတ်လိုက်သေးပေ။ ဒီတစ်ကြိမ်တွင် သူမ အဆုံးထိ တိုက်ခိုက်ရန် ဆုံးဖြတ်ထားသည်။ အကယ်၍ သူ့ကို မနိုင်လျှင် ဓာတ်လိုက်ပြီး သေသည်အထိ လုပ်ပစ်လိုက်မည်။

ချွေးမငယ်လေးက စိတ်လွတ်နေပြီး လောင်ဟွမ်လည်း သတိလစ်တော့မည်ကို မြင်သောအခါ လော့လန် အလျင်အမြန် ဝင်ပါလိုက်သည်။ သူမကို နှစ်သိမ့်သယောင် ဟန်ဆောင်ရင်း လျှပ်စစ်တုတ်တံ ခလုတ်ကို မသိမသာ ပိတ်လိုက်ပြီး အင်္ကျီလက် အတွင်းသို့ ဝှက်လိုက်သည်။

"လန့်ပြီး ကြောင်သွားတာလား၊ ဆရာဝန် သွားခေါ်ပြီး သူ့ကို ကြည့်ခိုင်းလိုက်ဦးလေ"

"ဟုတ်... ဟုတ်တယ်၊ ဆရာဝန် ခေါ်ရမယ်"

လော့လန်သည် လောင်ဟွမ်ကို စစ်ဆေးရန် လက်လှမ်းလိုက်သော်လည်း ယခင်က ဓာတ်လိုက်ဖူးသော တစ်စုံတစ်ယောက်က သူမကို အလျင်အမြန် သတိပေးလိုက်သည်။ "သူ့ကို သွားမထိနဲ့၊ မိုးကြိုးပစ်ခံထားရရင် ကိုယ်ပါ ထိခိုက်လိမ့်မယ်"

လော့လန် ဘာမှမပြောဘဲ ထိုသူ့မျက်ခွံကို လှန်ကြည့်လိုက်သည်။ မျက်ဆန် ကျယ်မလာသေးပေ၊ သတိလစ်နေရုံသာ ဖြစ်သည်။ 'ဘုရားရေ... လောင်ဟွမ်ရဲ့ မိန်းမက တော်တော် ရက်စက်တာပဲ၊ သူ့ကို သေလုနီးပါး ဓာတ်လိုက်အောင် လုပ်ပစ်လိုက်တာ။'

ရွာတွင် ဆေးလက်မှတ်မရသော်ငြား ဆေးကုတတ်သော ဆရာဝန်တစ်ယောက်ရှိရာ သိပ်မကြာခင်မှာပင် လူတစ်ယောက်က သွားခေါ်လာသည်။ ဟွမ်မိသားစုဝင်များလည်း ဆူညံသံကြား၍ ပြေးလာကြပြီး အော်ဟစ်ပြောဆိုနေကြသည်။ အရင်ကသာဆိုလျှင် အစ်ကိုဖြစ်သူများက ခယ်မကို ဆူပူကြိမ်းမောင်းကြမည် ဖြစ်သော်လည်း ညီဖြစ်သူမှာ မိန်းမကို ရိုက်နှက်၍ မိုးကြိုးပစ်ခံရသည်ဟု သိထားကြသဖြင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေကြကာ ပြောချင်ရာ မပြောရဲဘဲ မျက်နှာများ ရှုံ့မဲ့နေကြသည်။

"ငါ့ညီ အဆင်ပြေရဲ့လား၊ သူ ဘာဖြစ်သွားတာလဲ၊ လမ်းလယ်ခေါင်ကြီးမှာ ဘယ်လိုလုပ် ဒီလို ဖြစ်သွားရတာလဲ"

ဆေးမှူးမှာ သာမန် ဖျားနာ၊ ချောင်းဆိုးလောက်သာ ကုသတတ်သူဖြစ်ပြီး လောင်ဟွမ် ဘာဖြစ်သည်ကို နားမလည်ပေ။

"နှလုံးခုန်တာ နှေးနေတယ်၊ ဒါပေမဲ့ အသက်ရှိပါသေးတယ်"

"ဒါဆို ဘာလုပ်ကြမလဲ"

"ပိုက်ဆံရှိရင် မြို့နယ်ဆေးရုံ ပို့လိုက်၊ မဟုတ်ရင်တော့ အိမ်ပြန်ခေါ်သွားပြီး စောင့်ကြည့်ရုံပဲ ရှိတယ်"

ဟွမ်ညီအစ်ကိုများ အားလုံး လောင်ဟွမ်မိန်းမဘက်သို့ လှည့်ကြည့်လိုက်ကြရာ သူမက သနားစဖွယ် ငိုယိုရင်း ပြောလေသည်။ "အိမ်မှာ အသင်းကို ပေးစရာ အကြွေးတွေ ကျန်သေးတယ်"

သူတို့တွင် ပိုက်ဆံမရှိပေ။ "ငွေမရှိရင် လူစွမ်းကောင်းတောင် သေတယ်" ဆိုသကဲ့သို့ပင် ဤလူများသည် လူစွမ်းကောင်းများနှင့် ဝေးကွာလှသည်။ အသက်ရှူနေသေးပြီး နှလုံးခုန်နေသေးသည်ဟု ကြားသောအခါ ညီအစ်ကိုများသည် သူ့ကို အိမ်သို့ အရင် သယ်သွားကြသည်။

စနစ် - 'သူက ဓာတ်လိုက်ပြီး သေသွားမှာ မကြောက်ဘူးလား?'

လော့လန် - 'ဘယ်မှာလဲ သက်သေ?'

စနစ် - 'မိန်းမတွေက တော်တော် ရက်စက်တာပဲ၊ ဒါပေမဲ့ ငါ ကြိုက်တယ်၊ သူက ပြတ်သားတယ်၊ ပိုင်ရှင် လိုအပ်လာရင် နင်ကရော သူ့ထက် ပိုပြတ်သားမှာလား'

လော့လန် - 'ဒီမေးခွန်းအတွက် ရမှတ် ဘယ်လောက်လဲ'

စနစ် - 'ပိုင်ရှင်... နင်က အရမ်း လက်တွေ့မဆန်လွန်းဘူးလား?'

လော့လန် - 'နင်ပဲ ကြိုက်တယ်ဆို၊ ငါ့ကို သဘောကျသင့်တာပေါ့၊ ဟုတ်တယ်မလား?'

စနစ် - 'ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလိုက်တာ'

လော့လန် - ' မဟုတ်ဘူး၊ ယုံကြည်မှု ရှိတယ်လို့ ခေါ်တယ်'

စနစ် (အံကြိတ်လျက်) - 'ရမှတ် တစ်ရာ'

လော့လန် - 'ငါသာဆိုရင် အခုချိန်ထိ စောင့်နေမှာ မဟုတ်ဘူး'

စနစ် - 'နင်က အစကတည်းက အမြစ်ဖြတ်မှာပေါ့လေ၊ ဒါမှ ငါရွေးထားတဲ့ ပိုင်ရှင် ပီသမှာပေါ့'

စနစ်သည် သူ့ပိုင်ရှင်၏ တွေးခေါ်ပုံကို သဘောကျသဖြင့် စက်ရုပ်လေသံတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင် ပါဝင်လာပုံရသည်။ သူသည် သူမ၏အကောင့်ထဲသို့ အမှတ်များကို လျင်မြန်စွာထည့်သွင်းပေးပြီး အမျိုးမျိုးသော အထည်စများကို စိတ်အားထက်သန်စွာ မိတ်ဆက်ပေးခဲ့သည်။

၂.၅ မီတာ အကျယ်ရှိပြီး အစင်းကြားများ၊ အကွက်များ၊ အရောင်ရင့် အဆင်များနှင့် ပန်းပွင့်ပုံစံမျိုးစုံ စသည့် ပုံစံအမျိုးမျိုးရှိကာ သဘာဝချည်သားစစ်စစ်မှ နိုင်လွန်အထိ ပါဝင်သည်။ လော့လန်မှာ ရွေးချယ်စရာများပြားသဖြင့် မျက်စိကျိန်းမတတ်ဖြစ်နေရသည်။ အလုပ်လုပ်နေစဉ်အတွင်းပင် သူမ၏အာရုံကို ဖမ်းစားထားသည့် အကွက်အဆင်ဖြင့် အထည်စအကြောင်းကိုသာ တွေးနေမိလေသည်။

အိမ်ထောင်ကျကာစဖြစ်၍ လောလောဆယ်တွင် သူတို့မှာ လိုအပ်သည်များ အားလုံးရှိပြီးဖြစ်သည်။ သို့သော် ထိုအထည်စမှာ သီးသန့်ဝတ်ဆင်သည်ဖြစ်စေ၊ သူမ၏ ကော်လာပါသည့် အပြာရောင်ဂျာကင်အင်္ကျီနှင့် တွဲဖက်ဝတ်ဆင်သည်ဖြစ်စေ ရှပ်အင်္ကျီချုပ်ဝတ်ပါက လှပပေလိမ့်မည်။

"ဟဲ့... နင် ကြားပြီးပြီလား။ ဟွမ်မိသားစုက စတုတ္ထသားလေ မိန်းမကို ရိုက်နေတုန်း မိုးကြိုးပစ်ခံလိုက်ရတယ်တဲ့။ နေသာနေတဲ့နေ့ကြီးမှာ ဖြစ်တာနော်။ တကိုယ်လုံးလည်း တဆတ်ဆတ်တုန်သွားတယ်တဲ့"

သူမ၏ အစ်မက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ ကိုယ်တိုင်မမြင်လိုက်ရသော အနီးနားရှိ အမျိုးသမီးနှစ်ဦးသည်လည်း အတင်းပြောဝိုင်းထဲသို့ ဝင်ရန် အလျင်အမြန် ရောက်လာကြသည်။ အကယ်၍ ကောလာဟလအတိုင်းသာ မှန်ပါက အလွန်ကောင်းမွန်ပေလိမ့်မည်။ ကောင်းကင်ဘုံက တရားစီရင်လိုက်ခြင်းပင် ဖြစ်သည်။

"တကယ်လား... ငါ့ယောက်ျားကတော့ စိတ်ဆိုးရင် ငါ့ကိုရိုက်တတ်တယ်၊ ဒါပေမဲ့ သိပ်တော့မပြင်းထန်ပါဘူး။ တကယ်လို့များ ဘုရားသခင်ရဲ့ ပြစ်ဒဏ်ခတ်တာသာဆိုရင်... ဟား... သူ ငါ့ကို နောက်တစ်ခါ လက်ရွယ်ရဲသေးလား ကြည့်ရသေးတာပေါ့"

"အေး လောင်ဟွမ်က အခုထိ သတိမရသေးဘူးလို့ ကြားတယ်။ ဝဋ်လည်တာနေမှာ။ သူ့မိန်းမကို နောက်တစ်ခါ ရိုက်ရဲသေးလား ကြည့်ကြတာပေါ့။ လူကောင်ကြီးက အကြီးကြီးနဲ့၊ အလုပ်လုပ်ပြီး အမှတ်ရအောင်ရှာမယ့်အစား မိန်းမကို အနိုင်ကျင့်နေတယ်"

အခြားအမျိုးသမီးတစ်ဦးက ကျေနပ်အားရသည့်လေသံဖြင့် ဝင်ပြောလိုက်သည်။

"သူ့မိန်းမဘက်က ဆွေမျိုးအင်အားမရှိလို့သာ သူ အနိုင်ကျင့်နေတာ။ ငါ့ယောက်ျားဆိုရင်တော့ မလုပ်ရဲဘူး။ ငါ့အစ်ကိုတွေက သူ့ကို သေအောင်ရိုက်မှာ ကြောက်တာ"

လော့လန်က ထပ်ပြောလိုက်သည်။ "တကယ်လို့ အာဏာပိုင်တွေသာ ငါတို့ဘက်က ရပ်တည်ပေးမယ်ဆိုရင် ယောက်ျားတွေက မိန်းမတွေကို ရိုက်ရဲမှာ မဟုတ်တော့ဘူး"

"အာဏာပိုင်တွေက ဘယ်လိုလုပ် ငါတို့ဘက်က ရပ်တည်ပေးမှာလဲ"

လော့လန်က ပြန်ဖြေလိုက်သည်။ "မိန်းမကို ရိုက်နှက်တာက ဥပဒေနဲ့ မညီဘူးလေ။ ဖမ်းပြီးတော့ ထောင်ထဲထည့်ထားသင့်တာ"

"ဟားဟား" အမျိုးသမီးများက ရယ်မောလိုက်ကြသည်။ "ဒါဆိုရင်တော့ သိပ်ကောင်းမှာပဲ။ အဲဒီကျရင် သူတို့ ငါတို့ကို ရိုက်ရဲသေးလား ကြည့်ရသေးတာပေါ့"

အတန်ကြာ ဟိုဟိုဒီဒီ ပြောဆိုပြီးနောက် အမျိုးသမီးနှစ်ဦး ထွက်ခွာသွားကြရာ လော့မေသည် သူမ၏ညီမနှင့် တိုးတိုးတိတ်တိတ် စကားပြောရန် ထိုင်လိုက်သည်။

"ဟဲ့... လော့လန်၊ လောင်ဟွမ်က တကယ်ပဲ နေသာကြီး မိုးကြိုးပစ်ခံရတာလား။ အရမ်းထူးဆန်းနေတယ်နော်"

"ငါလည်း မသိဘူး" သူမက အစ်မဖြစ်သူကို အမှန်အတိုင်း မပြောပြခဲ့ပေ။ "သူ့မိန်းမနောက်ကို လိုက်နေတာပဲ ငါမြင်လိုက်တာ၊ ပြီးတော့ ရုတ်တရက် တဆတ်ဆတ်တုန်ပြီး လဲကျသွားတာပဲ။ ပါးစပ်ကလည်း အမြှုပ်တွေထွက်ပြီး မျက်ဖြူလန်လို့လေ"

"ရုတ်တရက် ရောဂါတစ်ခုခု ထဖောက်တာနေမှာ"

"အင်း... ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ မိန်းမကို ရိုက်တိုင်း ရောဂါထဖောက်တယ်ဆိုရင်တော့ အဲဒါ သူ့အတွက် ဝဋ်လည်တာပဲ။ နောက်တစ်ခါ ထပ်ရိုက်ရဲသေးလား ကြည့်ကြတာပေါ့"

လောင်ဟွမ်၏ ဇနီးမှာ လက်နက်ကို မည်သူမျှ မမြင်လိုက်ရသည့်အချက်ကို အားကိုးကာ သူတို့က သဘာဝလွန်အကြောင်းတရားများကြောင့်ဟု ယူဆသွားကြမည် ဖြစ်သောကြောင့် ရက်စက်နိုင်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်လိမ့်မည်။ ဤကဲ့သို့သော ကျေးလက်ဒေသများတွင် တစ်စုံတစ်ဦး မတော်တဆ သေဆုံးသွားပါက ရဲစခန်းသို့ တိုင်ကြားခြင်း ရှိမည်မဟုတ်ပေ။ သူတို့က မြေမြှုပ်သင်္ဂြိုဟ်လိုက်ကြရုံသာ ရှိသည်။ ဤမျှ သေးငယ်သော လျှပ်စစ်ရှော့တိုက်သည့် ပစ္စည်းလေးကို သူမအနေဖြင့် မည်သည့်သံသယမှ မရှိဘဲ အသုံးပြုနိုင်လေသည်။

သူတို့က ဟွမ်မိသားစု၏ စတုတ္ထသားအကြောင်း ဆွေးနွေးနေကြစဉ်တွင် ဝမ်မိသားစုမှာလည်း စုဝေးရောက်ရှိနေကြသည်။ အဖွားကြီးဝမ်မှာ လော့လန်၏ မင်္ဂလာပွဲတွင် မျက်နှာပျက်ခဲ့ရသဖြင့် ယခုအခါ ခေါင်းငုံ့ကာ လျှောက်လာသည်။ မိသားစုတစ်ခုလုံးမှာ အလုပ်ခွင်တွင် လော့လန်နှင့် ခပ်ခွာခွာနေကြပြီး အဝေးမှသာ လှမ်းကြည့်နေကြသည်။

All Chapters