အခန်း (၂၂)
Vol. 3 Ch. 22
ပုံမှန်အားဖြင့် တည်ငြိမ်သော အစ်မဖြစ်သူ၏ မျက်လုံးများမှာ အတင်းအဖျင်းစကားကြောင့် အရောင်တောက်လာပြီး မည်သည့်အမျိုးသမီးမျှ ဒါကို စိတ်မဝင်စားဘဲ မနေနိုင်ကြောင်း ပေါ်လွင်နေသည်။
"အခု အခြေအနေက ဘယ်လိုလဲ။ နင်တို့အဆင်ပြေနေပုံထောက်ရင် နင့်ယောင်္ကျားက ကောလဟာလတွေထဲကအတိုင်းတော့ မဟုတ်လောက်ဘူးမလား"
"အစ်မကလည်း... ဘယ်လိုဖြစ်ပြီး..."
"ဘယ်လိုဖြစ်ပြီး မဖြစ်ရမှာလဲ။ ငါက စိတ်ပူလို့ မေးနေတာလေ။” လော့မေက ညီမဖြစ်သူ၏ နဖူးကို ဖွဖွလေး ခေါက်လိုက်သည်။ “ငါ့ညီမ ငတုံးလေး... နင်က တကယ် သတ္တိကောင်းတာပဲ။ ငါ့မှာ နင့်အတွက် စိတ်ပူလွန်းလို့ ညတွေတောင် ကောင်းကောင်းအိပ်မပျော်ခဲ့ဘူးဆိုတာ နင်မသိဘူး။ နင် နည်းနည်းလေးမှ စိတ်မပူဘူးလား"
"ကျွန်မ စိတ်ထဲမှာ ခံစားမိတာတစ်ခုရှိတယ်။ အရင်က ပြောဖူးသလိုပဲ၊ ကောလဟာလတွေက ယုံရတာမဟုတ်ဘူး"
လော့မေ သည် သူမ၏ ရင်ဘတ်ကို ပုတ်လိုက်ပြီး ညီမဖြစ်သူ၏ အာမခံချက်ကို ကြားလိုက်ရသဖြင့် နောက်ဆုံးတွင် စိတ်သက်သာရာရသွားတော့သည်။
"ဒါဆိုရင် ကောင်းတာပေါ့။ ကလေးရဖို့ကိစ္စနဲ့ ပတ်သက်ပြီး နားလည်မှုလွဲတာပဲ ဖြစ်လောက်မှာပါ၊ တကယ်လို့ အဲဒါကြောင့်ဆိုရင်လည်း ကိစ္စမရှိပါဘူး။ မွေးစားလို့လည်း ရတာပဲလေ"
ဤကိစ္စကို ဆွေးနွေးရန် စောလွန်းနေသေးသဖြင့် လော့လန်မှာ အစ်မဖြစ်သူ၏ စိုးရိမ်ပူပန်မှုကြောင့် သဘောကျမိသွားသည်။ သူမ၏ စိတ်ပူပန်မှုများ လျော့ပါးသွားသဖြင့် လော့မေသည် နေ့လယ်ပိုင်းတွင် ပို၍ပင် တက်ကြွစွာ အလုပ်လုပ်လေတော့သည်။
လယ်လုပ်ငန်းခွင် ဝင်ရသည့်ရာသီဖြစ်သဖြင့် လော့လန် ကြာကြာမနေခဲ့ပေ။ ညစာစားပြီးနောက် ဇနီးမောင်နှံနှစ်ဦး စက်ဘီးဖြင့် အိမ်ပြန်လာခဲ့ကြသည်။ ကိုယ်ပိုင်ယာဉ်ရှိသဖြင့် ဘတ်စ်ကားစောင့်စရာ မလိုပေ။ မွန်းလွဲ ၂ နာရီမထိုးမီ မြို့ထဲသို့ ပြန်ရောက်လာကြသည်။ ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် လော့လန် အော်ဟစ်သံတစ်သံကို ကြားလိုက်ရသည်။ စနစ်မှာ ချက်ချင်းပင် တက်ကြွလာသည်။
စနစ် - 'မြန်မြန်... မြန်မြန်သွား၊ အတင်းအဖျင်းသတင်း လာပြီ!'
လော့လန် - 'နင်က ဘာလို့ ဒီလောက်တောင် လောနေရတာလဲ။ နင့်အတွက် အများကြီးရှိပါသေးတယ်'
စနစ် - 'မြန်မြန်လုပ်ပါ၊ အဲဒီအသံက နင့်ယောက်မအသံနဲ့ တူတယ်'
စနစ် ပြောသည်မှာ မှန်ကန်နေပြီး ကျိုးချင်းရှန် လည်း တစ်စုံတစ်ယောက်နှင့် ငြင်းခုံနေသော ညီမဖြစ်သူ၏ အသံကို မှတ်မိလိုက်သည်။ သူ ခြေလှမ်းများကို မြန်လိုက်သည်။
သူသည် အသက် (၁၈) နှစ်အရွယ်ကတည်းက စစ်ထဲဝင်ရန် အိမ်မှထွက်ခွာခဲ့ပြီး ဖခင်ဖြစ်သူရှိစဉ်က တစ်ပတ်လျှင် တစ်ကြိမ်သာ အိမ်ပြန်လေ့ရှိသဖြင့် အိမ်မှ အခြေအနေများနှင့် ရင်းနှီးပြီးသားဖြစ်သည်။ အိမ်တွင် မိခင်နှင့် ညီမ နှစ်ယောက်သာ ရှိသည်။
မိခင်ဖြစ်သူမှာ နူးညံ့သိမ်မွေ့သော စိတ်သဘောထားရှိပြီး ထို့ကြောင့်ပင် မကြာခဏ ခံရလေ့ရှိကာ ညီမဖြစ်သူမှာ အဘယ်ကြောင့် ဤမျှ စိတ်လိုက်မာန်ပါ ဖြစ်နေရသနည်းဆိုသည်ကို ရှင်းပြနေသကဲ့သို့ပင်။
"ငါ ရေဖြန်းနေတာလေ။ ဒါ ငါ့ခြံဝင်းပဲ။ ငါဖြန်းချင်ရင် ဖြန်းမှာပေါ့"
"ဒါ ရှင်တစ်ယောက်တည်းပိုင်တဲ့ ခြံမဟုတ်ဘူး၊ ဘုံပိုင်နေရာလေ။ ဟိုနားမှာ ရေမြောင်းရှိသားပဲ၊ ဘာလို့ အဲဒါကို မသုံးတာလဲ။ ရှင် ရေတွေဖြန်းထားတော့ အရိပ်ရတဲ့နေရာမှာ ချော်နေပြီ။ ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်မအမေတောင် ချော်လဲမလို့ ဖြစ်သွားသေးတယ်"
"ငါဖြန်းချင်တဲ့နေရာ ဖြန်းမှာပဲ။ ငါက အသက်ကြီးပြီ၊ အဝေးကြီး လမ်းမလျှောက်နိုင်ဘူး။ နင် သဘောမကျရင် နေ့တိုင်း ငါ့ကို လာကူလုပ်ပေးလေ"
"ရှင်..."
ကျိုးကျွင်းဟွေ့ မှာ အသက်ကြီးကြီး အမျိုးသမီးကြီး၏ ခေါင်းမာမှုကို ဆက်ငြင်းခုံနိုင်စွမ်း မရှိတော့ဘဲ လော့လန် နှင့် ကျိုးချင်းရှန်တို့ ဝင်လာသောအခါ စကားပြတ်သွားသည်။
အမျိုးသမီးကြီးက လှည့်ကြည့်လိုက်ပြီး လော့လန်၏ လက်ကို ဆွဲလိုက်သည်။
"ချွေးမလေး... ကြည့်ပါဦး၊ ညည်းရဲ့ ယောင်းမက ဘယ်လိုလဲဆိုတာ။ ငါ့လို အဘွားကြီးတစ်ယောက်ကို သူ အနိုင်ကျင့်နေတာ။ ညည်းတို့ ဝဋ်လည်မှာ မကြောက်ကြဘူးလား"
လော့လန်မှာ အိမ်ထောင်ကျသည်မှာ တစ်ရက်သာ ရှိသေးသည်။ အကယ်၍ သူမသည် သိမ်ငယ်တတ်သော သဘောသဘာဝရှိသူသာဆိုလျှင် ကျိုးကျွင်းဟွေ့က ပြဿနာရှာရန် စောင့်နေသကဲ့သို့ တံခါးဝတွင် ရပ်နေသည်ဖြစ်ရာ ထိုစကားများက သူမ၏ ဆုံးဖြတ်ချက်ကို လွှမ်းမိုးသွားနိုင်မည်ဖြစ်သည်။
"အဒေါ်... အဒေါ့်အသက်က ခြောက်ဆယ်တောင် မပြည့်သေးဘူးလေ။ လူကြီးတစ်ယောက်လို လုပ်ပြနေရမယ့်အချိန် မဟုတ်သေးဘူး။ အဲဒီစကားတွေက နောက်ထပ် နှစ်နည်းနည်းလောက်ကြာမှ ပြောရင် ပိုလေးနက်မှာပါ"
လော့လန်က ထိုအမျိုးသမီး၏လက်ကို တည်ငြိမ်စွာပင် ဖယ်ရှားလိုက်သည်။ သူမ၏ စကားလုံးများမှာ နူးညံ့သော်လည်း ထက်ရှသော အစွမ်းသတ္တိရှိသဖြင့် အမျိုးသမီးကြီးမှာ ခေတ္တမျှ စကားမပြောနိုင် ဖြစ်သွားသည်။
ဤသတို့သမီးအသစ်က အဘယ်ကြောင့် ဤမျှ ထူးခြားနေရသနည်း။ သက်ကြီးရွယ်အိုများကို စာနာမှုပြမည့်အစား သူမက အလွန်စူးရှစွာ ပြောဆိုလိုက်သဖြင့် ပြင်းထန်သော ရိုက်ချက်တစ်ခု ထိမှန်သွားသကဲ့သို့ ဖြစ်သွားပြီး ထိုအမျိုးသမီးမှာ ထိထိရောက်ရောက် လက်တုံ့ပြန်နိုင်ခြင်း မရှိတော့ပေ။
"ညည်း ဘာလို့ အဲဒီလိုပြောရတာလဲ။ ငါ... ငါက..."
"အဒေါ်က ဘာဖြစ်လို့လဲ။ ရှေးစကားပုံ ရှိတယ်လေ 'ကိုယ့်ခြေထောက်ပေါ် ကိုယ် ကျောက်တုံး ပြုတ်ကျတယ်' တဲ့။ စကားလုံးတွေက စွမ်းအားကြီးတယ်၊ အဒေါ် သတိထားသင့်တယ်"
"ညည်း... ငါ..."
"ကျွန်မက ဘာဖြစ်လို့လဲ။ ကုသိုလ်ကောင်းမှု ဆိုတာ စုဆောင်းထားသင့်တယ်။ ဒီခြံဝင်းက မိသားစုတစ်စုတည်း ပိုင်တာမဟုတ်ဘူး။ လူတိုင်း လျှောက်သွားနေကြတာ။ ဒီနေရာမှာ အဒေါ်က အများဆုံး လျှောက်တာလေ"
ကျိုးကျွင်းဟွေ့က သူမ၏ ယောက်မဖြစ်သူကို ထောက်ခံရင်း ဝင်ပြောလိုက်သည်။
"အဲဒါပြောတာ... အဒေါ်က ကျွန်မအမေထက် အသက်ကြီးတယ်။ တကယ်လို့ ချော်လဲသွားရင် ဘယ်လိုလုပ်မလဲ"
"ပေါက်ကရတွေ လာပြောမနေနဲ့။ ငါက အဲဒါတွေ မကြောက်ဘူး"
သူတို့ စကားပြောနေကြစဉ် ကျိုးချင်းရှန်၏ မိခင်ဖြစ်သူက ဟင်းသီးဟင်းရွက်ခြင်းတောင်းကို ကိုင်လျက် ဝင်လာခဲ့သည်။ သူမ၏ မိသားစုနှင့် တောင်ဘက်ခြံဝင်းမှ အမျိုးသမီးတို့အကြား အငြင်းပွားနေမှုကို မြင်လိုက်ရသောအခါ ချက်ချင်းပင် သမီးဖြစ်သူကို ခေါ်ကာ အိမ်ထဲသို့ ပြန်ဝင်ရန် ပြင်ခဲ့သည်။ သူမသည် ခြံဝင်းထဲတွင် မည်သည့်စကားမျှ မပြောခဲ့သော်လည်း အိမ်ထဲသို့ ရောက်သောအခါ သမီးဖြစ်သူကို သဘောမကျသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဒီလိုလူမျိုးကို ညည်း မသိတာမှ မဟုတ်တာ။ ဘာလို့ သူနဲ့ စကားသွားပြောပြီး အချိန်ဖြုန်းနေရတာလဲ။ လူတွေက ညည်းအကြောင်း ဘာပြောနေကြလဲဆိုတာ မသိဘူးလား။ ဒီပုံစံအတိုင်းဆိုရင် ဘယ်သူက ညည်းကို လက်ထပ်ချင်တော့မှာလဲ။ ဘယ်မိသားစုကများ ဒီလောက် စိတ်ကြီးတဲ့ ချွေးမကို လိုချင်မှာတဲ့လဲ"
"သမီး မကြောက်ပါဘူး။ ပြောချင်တာ ပြောကြပါစေ။ သမီး သူ့ကို သည်းမခံနိုင်ဘူး။ မြေကြီးပေါ်က ရေညှိတွေက အရမ်းထူနေပြီ။ သူက ဘယ်တော့မှ မရှင်းဘူး၊ သမီး ရှင်းလိုက်ရင်လည်း သူက ရေတွေ ထပ်ဖြန်းတာပဲ။ ရေညှိတွေက ဘယ်တော့မှ မပြောင်တော့ဘူး"
"လမ်းလျှောက်ရင် သတိထားပေါ့။ အဲဒါက ကိစ္စကြီးမဟုတ်ပါဘူး။ ညည်းက မကြာခင် အိမ်ထောင်ပြုရတော့မှာ၊ ညည်းရဲ့ ဂုဏ်သတင်းက အရေးကြီးတယ်"
"အမေကလည်း အဲဒီဘက်ကနေပဲ ဝင်ထွက်နေရတာလေ။ ချော်လဲရင် ဘယ်လိုလုပ်မလဲ"
"အမေ သတိထားပါ့မယ်။ ဘာပဲဖြစ်ဖြစ် သူ့ကို သွားပြီး မငြင်းနဲ့တော့။ သူ ရေဖြန်းချင်ရင် ဖြန်းပါစေ။ ဒီခြံဝင်းထဲမှာ နေတဲ့သူတွေ အများကြီးရှိတာပဲ။ တခြားလူတွေတောင် ဘာမှမပြောကြတာ၊ ညည်းက ဘာလို့ ပြောနေရတာလဲ"
ဤအချိန်ကာလတွင် ဥပဒေမှာ ကောင်းစွာ ဖွံ့ဖြိုးခြင်း မရှိသေးဘဲ ရေညှိတက်နေသော ခြံဝင်းများမှာ တွေ့ရလေ့ရှိသည်။ တစ်စုံတစ်ယောက် ချော်လဲလျှင် ရှင်းပြရန် ခက်ခဲပြီး အများအားဖြင့် လဲကျသူသာလျှင် ခံရလေ့ရှိသည်။ ယောက္ခမဖြစ်သူ၏ အကြံပေးစကားမှာ သတိထားရန်သာဖြစ်ပြီး ကျိုးကျွင်းဟွေ့ အနေဖြင့် ထိုကဲ့သို့ သဘောမထားကြောင်း ရှင်းလင်းစွာ သိမြင်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စနှင့်ပတ်သက်၍ သူမ ငြင်းခုံရသည်မှာ ပထမအကြိမ် မဟုတ်သောကြောင့်ဖြစ်သည်။
"အမေက အရမ်း နူးညံ့လွန်းတယ်။ အမေသာ အဲဒီလောက် အားမနည်းခဲ့ရင် မင်းရှန်က..."
"ကျိုးကျွင်းဟွေ့"
သူမ အစ်ကိုဖြစ်သူ၏ တင်းမာသော အသံက သူမ၏ ရေရွတ်သံကို ဖြတ်တောက်လိုက်သည်။ မိခင်ဖြစ်သူ ယိုင်နဲ့သွားသည်ကို မြင်လိုက်ရသဖြင့် ကျိုးကျွင်းဟွေ့ သည် အပြစ်ရှိစိတ်ဖြင့် နှုတ်ခမ်းကို ကိုက်လိုက်သည်။
"တောင်းပန်ပါတယ်"
တောင်းပန်ပြီးနောက် ကျိုးကျွင်းဟွေ့ လှည့်ထွက်သွားပြီး ညီမဖြစ်သူနှင့် အတူနေသော အခန်းထဲသို့ ဝင်သွားသည်။ အိမ်ထဲတွင် ကျိုးချင်းရှန်က မိခင်ဖြစ်သူကို ကုလားထိုင်ပေါ်တွင် ထိုင်နိုင်ရန် တွဲကူပေးလိုက်သည်။ အမျိုးသမီးကြီးမှာ အတော်လေး ထိခိုက်သွားပုံရပြီး ခေါင်းငိုက်စိုက်ကျကာ အသက်ပြင်းပြင်းရှူနေပြီး မျက်ရည်တစ်စက် သူမ၏လက်ပေါ်သို့ ကျလာသည်။
"အမေ..."
"ဘာမှမဟုတ်ပါဘူး...” သူမက မျက်နှာကို လျင်မြန်စွာ သုတ်လိုက်ပြီး ခေါင်းမော့ကာ တည်ငြိမ်ချင်ယောင်ဆောင်လိုက်သည်။ “အမေ ဘာမှမဖြစ်ဘူး၊ အမေ့အတွက် စိတ်မပူနဲ့။ သားတို့ လုပ်စရာရှိတာ သွားလုပ်ကြ။ အမေ ညစာပြင်ဆင်ရဦးမယ်"
ညနေ ၃ နာရီသာ ကျော်သေးသည်ဖြစ်ရာ ဤအချိန်ကြီး ဘာညစာ ပြင်ဆင်စရာ ရှိမည်နည်း။ လော့လန်က ယောက္ခမဖြစ်သူကို အိမ်ထဲသို့ ဝင်ရန် လျင်မြန်စွာ တွဲကူပေးလိုက်သည်။ "စောပါသေးတယ်။ ခဏလောက် အနားယူလိုက်ပါဦး"
"မနားတော့ပါဘူး၊ အမေ နေကောင်းပါတယ်။ သမီးတို့နှစ်ယောက် အထဲပြန်ဝင်ကြတော့"
သူမ တစ်ယောက်တည်း နေချင်နေသဖြင့် ဇနီးမောင်နှံလည်း အကြာကြီး ဆက်မနေတော့ပေ။ သူတို့ ထွက်လာကြပြီးနောက် လော့လန်၏ စိတ်ထဲရှိ စနစ်မှာ ကမောက်ကမ ဖြစ်နေလေသည်။
စနစ် - 'ဟေး... ဟေး၊ အတင်းအဖျင်းကိစ္စ မေးလိုက်လေ။ တစ်ဝက်တစ်ပျက်နဲ့ ရပ်လိုက်တာက ကျင့်ဝတ်နဲ့ မညီဘူးနော်'
လော့လန် - 'အခုအချိန်က မေးရမယ့်အချိန်လား'
စနစ် - 'ဘာလို့ မဟုတ်ရမှာလဲ'
လော့လန် - ' အဲ့စကားက သေချာပေါက် စနစ်တစ်ခု ပြောမယ့် စကားမျိုးပဲ'
စနစ် - 'ဒါ ဘာသဘောလဲ။ နင် ငါ့ကို အထင်သေးတာလား'
လော့လန် - 'မဟုတ်ပါဘူး'
စနစ်သည် စိတ်ပျက်ပြီး ဒေါသထွက်သွားကာ အခြေအနေကို မေးမြန်းရန် လော့လန်အား စည်းရုံးသော်လည်း သူမက လိုက်လျောခြင်း မရှိပေ။ အခန်းထဲသို့ ပြန်ရောက်ပြီးနောက်တွင်လည်း သူမသည် ခင်ပွန်းဖြစ်သူအား မေးမြန်းခြင်းမရှိပေ။ ထိုအစား အဝတ်အစားလဲကာ လျှော်ဖွပ်ရန် ခြံဝင်းထဲသို့ ထွက်လာခဲ့သည်။
နေ့လယ်ခင်း ရာသီဥတုမှာ အလွန်ကောင်းမွန်နေသည်။ သိပ်မပူလွန်း၊ သိပ်မအေးလွန်းဘဲ လေပြည်လေညင်း တိုက်ခတ်နေသဖြင့် သာယာသော အငွေ့အသက်ကို ပေးစွမ်းနေသည်။ သူမ အဝတ်လျှော်နေစဉ် စနစ်မှာ ခေတ္တမျှ ငြိမ်သက်နေသော်လည်း မကြာမီ ဂနာမငြိမ် ပြန်ဖြစ်လာသည်။
စနစ် - 'ဘာလို့ မမေးလိုက်တာလဲ'
လော့လန် - 'တိတ်တိတ်နေစမ်းပါ။ အချိန်ကောင်းကို စောင့်ဦး'
စနစ် - 'ငါ နင့်ကို အမှတ်နှစ်ဆ ပေးမယ်'
လော့လန် - "..."
စနစ် - 'သုံးဆ ပေးမယ်'
လော့လန် - "..."
စနစ် - 'လေးဆ ပေးမယ်'
လော့လန် - "..."
စနစ - 'ကောင်းပြီလေ၊ ဆယ်ဆပေးမယ်။ ဆယ်ဆနော်! ဒီ ဖရဲသီး အမှတ်က နင့်အတွက် အကြာကြီးစားလို့ လောက်တယ်'
လော့လန် - 'အတင်းအဖျင်းနဲ့ပတ်သက်ပြီး ဘာလို့ ဒီလောက်တောင် စွဲလမ်းနေရတာလဲ'
စနစ် - 'လူသားတွေရဲ့ တွေးခေါ်ပုံကို နားလည်ဖို့လေ'
လော့လန် - 'ဒါဆိုရင် လူသားတွေရဲ့ ခံစားချက်ကို အာရုံစိုက်လေ။ ဘယ်အချိန်မှာ ဘာပြောရမယ်၊ ဘာလုပ်ရမယ်ဆိုတာတောင် မသိဘဲနဲ့ လူသားတွေရဲ့ အတွေးကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။ နင် ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး'
နောက်ဆုံးတွင် စနစ်မှာ တိတ်ဆိတ်သွားပြီး ထောင့်တစ်နေရာတွင် ကပ်လျက် စက်ဝိုင်းပုံများ ရေးဆွဲကာ စိတ်ကောက်နေတော့သည်။ သူသည် အတင်းအဖျင်း အမျိုးမျိုးကို စုဆောင်းရန်၊ လူသားတို့၏ စိတ်ခံစားမှုများကို နားလည်ရန်နှင့် ပြီးပြည့်စုံသော AI တစ်ခုဖြစ်လာရန် ရည်စူးထားခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် အမှတ်ငါးဆပေးလျှင် အလိုရှိရာကို ရလေ့ရှိသော်လည်း ဤတစ်ကြိမ်တွင် လော့လန်မှာ ကိုင်တွယ်ရ ခက်ခဲနေသည်။
စနစ် စိတ်ကောက်နေသည်ကို မြင်လိုက်ရသဖြင့် လော့လန် ပြုံးရင်း ခေါင်းခါလိုက်သည်။ သူ၏ ပြဿနာများကို ဂရုစိုက်နေရန် သူမတွင် အချိန်မရှိပေ။ စနစ်အား ဘာက ဒုက္ခပေးနေသည်ကို အပြည့်အဝ နားမလည်သဖြင့် သူ့ကို အရေးတယူလုပ်နေခြင်းက အဓိပ္ပာယ်မရှိဟု ယူဆလိုက်သည်။
ဆောင့်ကြောင့်ထိုင်ရသည်မှာ အနည်းငယ် ညောင်းလာသဖြင့် အိမ်ထဲမှ ခွေးခြေခုံအသေးတစ်လုံးကို သွားယူလိုက်သည်။ အဝတ်အနည်းငယ် လျှော်ပြီးသောအခါ တစ်စုံတစ်ယောက် လျှောက်လာသည်ကို သတိထားမိလိုက်သည်။ အံ့သြစရာကောင်းသည်မှာ ထိုသူသည် စောစောက ပြဿနာရှာခဲ့သည့် တောင်ဘက်ခြံဝင်းမှ အိမ်နီးချင်း ဖြစ်နေသည်။ ယခုအခါ သူမ၏မျက်နှာတွင် ယခင်က ရန်လိုမှုများ မရှိတော့ဘဲ လော့လန်အား ဖော်ရွေသော အပြုံးဖြင့် နှုတ်ဆက်လေသည်။
"သတို့သမီးလေး... ညည်းနာမည်က လော့လန် မလား"
"ဟုတ်ပါတယ်" လော့လန်က ထိုအမျိုးသမီး ဘာလိုချင်သနည်းဆိုသည်ကို သိရှိနိုင်ရန် စကားနည်းနည်းဖြင့် သတိထား၍ ပြန်ဖြေလိုက်သည်။
"ဒီလိုပါ..” အမျိုးသမီးက သူမ၏ ကိုယ်ပိုင်ခွေးခြေခုံအသေးကို ယူလာပြီး လော့လန် ဘေးတွင် ဝင်ထိုင်လိုက်သည်။ “ငါ ညည်းကို ပြောချင်တာတစ်ခုရှိလို့ပါ။ ညည်းရဲ့ ယောက်မက လူကောင်းမဟုတ်ဘူး။ သူ့ကို သတိထား။ ညည်း တစ်ယောက်တည်းဖြစ်နေတာ တွေ့လို့၊ ညည်းဘက်က ရပ်တည်ပေးမယ့်သူမရှိရင် အနိုင်ကျင့်ခံရမှာ စိုးလို့ပါ"
"အဒေါ် အတွေးလွန်နေတာပါ"
"ဟဲ့... ပေါ့ပေါ့တန်တန် သဘောမထားနဲ့။ ကျိုးကျွင်းဟွေ့ က ဒီတစ်ဝိုက်မှာ စိတ်ကြီးတယ်ဆိုပြီး နာမည်ကြီး။ မယုံဘူးလား။ ပတ်ဝန်းကျင်ကို မေးကြည့်လိုက်။ ဘယ်သူက သူတို့မိသားစုနဲ့ ခေါင်းချင်းဆိုင်ချင်မှာလဲ။ သူတို့က ညည်းလို မိသားစုအထောက်အပံ့မရှိတဲ့ တောသူမလေးကိုပဲ ရွေးပြီး အနိုင်ကျင့်တာ"
လော့လန် သူမ၏ အလုပ်ကို ရပ်လိုက်ပြီး ထိုအမျိုးသမီးဘက်သို့ လှည့်လိုက်သည်။ သူမ၏ အေးစက်စက် အပြုံးကြောင့် အမျိုးသမီးမှာ နေရထိုင်ရ ခက်သွားသည်။
"ဘာလဲ၊ ညည်း ငါ့ကို မယုံဘူးလား။ ငါက ညည်းကို ကူညီချင်လို့ ပြောနေတာ။ သတိထားနေ၊ မဟုတ်ရင် အခွင့်ကောင်းယူခံရလိမ့်မယ်"
"အဒေါ်က ကျွန်မ ယောက်မနဲ့ အခုလေးတင် စကားများထားပြီးတော့ အခု ကျွန်မဆီလာပြီး သွေးထိုးနေတာလား။ အဒေါ်က လူတိုင်းကို အရူးတွေလို့ ထင်နေတာလား"
"မဟုတ်ပါဘူး၊ ညည်းက ကိစ္စတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ မသိလို့ပါ။ ညည်းက မြို့ကြီးပြကြီးထိတက်လာပြီး လက်ထပ်နိုင်တယ်လို့ ထင်နေပေမယ့် ညည်းယောင်္ကျားမှာ ကြီးမားတဲ့ ပြဿနာတွေ ရှိတယ်"
"ကျွန်မ ပါးမရိုက်မိခင် တော်လိုက်တော့" လော့လန် ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး ထိုအမျိုးသမီး၏ အပေါ်မှ မိုးကြည့်လိုက်သည်။ ဒေါသထွက်နေသော်လည်း သူမ အိမ်ထောင်ကျကာစဖြစ်ပြီး အိမ်ထောင်စုစာရင်း မဝင်ရသေးသဖြင့် သင့်လျော်သော ပုံရိပ်တစ်ခုကို ထိန်းသိမ်းထားရန် လိုအပ်ကြောင်း သူမ သိသည်။ သို့သော် ဤအမျိုးသမီးသည် သူမ၏ မိသားစု ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသဖြင့် သူမ သည်းမခံနိုင်တော့ပေ။
သူတို့နှစ်ဦးမှာ ဘေးချင်းယှဉ်လျက်နီးပါး ရှိနေပြီး လော့လန် ရှေ့တွင် ရေထည့်ထားသော ဇလုံကြီးနှစ်လုံး ရှိသည်။ အဆင်ပြေစေရန် ရေဖြည့်ထားခြင်းဖြစ်သည်။ သူမ စကားပြောနေရင်း ခြေထောက်ကို မသိမသာ ရွှေ့လိုက်သည်။ ဟန်ချက်မညီဖြစ်နေသော ထိုအမျိုးသမီးမှာ ရုတ်တရက် ခြေချော်သွားပြီး ရေဇလုံတစ်ခုထဲသို့ ပြုတ်ကျသွားခဲ့သည်။
"အမယ်လေး... ဘုရား ဘုရား"
ရေအပြည့်နီးပါးပါသော ဇလုံထဲသို့ ပြုတ်ကျသွားသဖြင့် ထိုအမျိုးသမီးမှာ ရေများဖြင့် ရွှဲနစ်သွားခဲ့သည်။ သူမသည် ရေထဲတွင် ယက်ကန်ယက်ကန်ဖြစ်နေပြီး အကူအညီတောင်းရန် အော်ဟစ်နေစဉ် လော့လန် မှာ ဘေးမှ ရပ်ကြည့်နေလိုက်သည်။ ထိုအမျိုးသမီးမှာ စကားလုံးများ အလွန်ရိုင်းပျလွန်းသဖြင့် ရေဝဝလျှော်ပေးလိုက်ခြင်းကို ခံသင့်ပေသည်။
"ဒုက္ခပါပဲ၊ ဒုက္ခပါပဲ... ဒီနေ့တော့ ငါ သေပါပြီ"
ခြံဝင်းထဲတွင် မိသားစုလေးစု နေထိုင်ကြပြီး လူအများစုမှာ အလုပ်သွားနေကြသော်လည်း အိမ်တွင်ရှိနေသူ များစွာရှိသေးသည်။ လော့လန်သည် သူမ၏ ရည်ရွယ်ချက်ကို အသိပေးရန် ဘယ်သောအခါမျှ ဝန်မလေးခဲ့ဘဲ ကြိုတင် လက်ဦးမှု ရယူလိုက်သည်။
"အို... ဘုရားရေ၊ ဘယ်လိုလုပ် ဇလုံထဲ ပြုတ်ကျသွားတာလဲ။ မလန့်ပါနဲ့၊ ရေနည်းနည်းပါပဲ။ လာ... ကျွန်မ ထူပေးမယ်"
ထိုအမျိုးသမီးမှာ ထိတ်လန့်တကြားဖြင့် ဇလုံထဲမှ ကုန်းရုန်းထွက်လာပြီး သူမကို ဘာက ပြုတ်ကျစေခဲ့သလဲ ဆိုသည်ကိုပင် သတိမထားမိတော့ပေ။
"ညည်း ငါ့ကို ခြေထိုးခံလိုက်တာလား။ ညည်း ငါ့ကို ဇလုံထဲ ပြုတ်ကျအောင် လုပ်လိုက်တာလား"
"အခု ကျွန်မကို အပြစ်တင်နေတာလား။ ကျွန်မက အဝတ်လျှော်နေတာလေ၊ အဒေါ်က လာရှုပ်တာ။ ကျွန်မက သွားခိုင်းတာတောင် မသွားဘူး။ အခု ပြုတ်ကျတော့ ကျွန်မကို စွပ်စွဲနေတာလား။ ကျေးဇူးပြုပြီး ကျွန်မနဲ့ ဝေးဝေးနေပါ။ အဒေါ်က ပြဿနာပဲရှာနေတာပဲ"
"ညည်းကမှ ပြဿနာရှာနေတာ..."
“သွားပါတော့” လော့လန် ဒေါသထွက်သွားပြီး အဝတ်လျှော်ပျဉ်ပြားကို ကောက်ကိုင်ကာ ထိုအမျိုးသမီးကို စိုက်ကြည့်လိုက်သည်။ “ကျွန်မကို အနိုင်ကျင့်ဖို့ လွယ်တယ်များ ထင်နေလား။ ကျွန်မက သတို့သမီးအသစ်မို့လို့ အခွင့်ကောင်းယူလို့ရမယ် ထင်နေတာလား"
လော့လန်၏ ရုတ်တရက် ဒေါသပေါက်ကွဲမှုကို ကြောက်ရွံ့သွားသဖြင့် ထိုအမျိုးသမီးမှာ တုန်လှုပ်သွားပြီး ထပ်မံ ရန်စရဲခြင်း မရှိတော့ပေ။ သူမ အလျင်အမြန် ထွက်ခွာသွားပြီး သူမ၏ အိမ်ထဲသို့ ပြန်ဝင်ပြေးလေသည်။
ဆူညံသံများကြောင့် ယောက္ခမဖြစ်သူမှာ သတိထားမိပြီး စိတ်ပူသွားသည်။ သို့သော် ပြဿနာရှာသော အိမ်နီးချင်းဖြစ်သူ ရှုံးနိမ့်ပြီး ထွက်ခွာသွားသည်ကို မြင်လိုက်ရသဖြင့် လော့လန် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။
သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားပြီး လော့လန်က အဝတ်လျှော်ပျဉ်ပြားကို ဘေးချလိုက်သည်။ သူမသည် အံ့အားသင့်နေသော ယောက္ခမဖြစ်သူအတွက် အပြုံးနုနုလေးတစ်ခုကို အတင်းဖန်တီးလိုက်ရသည်။ "အမေ... လျှော်စရာရှိသေးလား။ သမီး လျှော်ပေးမယ်လေ"
"ဪ... မရှိပါဘူး။ အမေ့မှာ လျှော်စရာ ဘာမှမရှိပါဘူး"
လော့လန် အဝတ်ဆက်လျှော်နေသော်လည်း စနစ်မှာ အနည်းငယ် စိတ်ဓာတ်ကျနေဆဲဖြစ်ပြီး သူမကို ထပ်ပြောဆိုရန် ကြိုးစားလာသည်။ "ဘာလို့ အတင်းအဖျင်းကိစ္စ မမေးတာလဲ"
လော့လန် - 'နင် အခုထိ အဲ့အကြောင်းပဲ တွေးနေတုန်းလား'
စနစ် - 'ငါ နင့်ကို အမှတ် အဆငါးဆယ် ပေးမယ်'
လော့လန် - 'အဆငါးဆယ်ဆိုတာ ဘယ်လောက်လဲ။ ငါ မတွက်တတ်ဘူး'
စနစ် - 'အမှတ် တစ်ထောင်'
လော့လန် - 'အချိန်ရွှေ့လိုက်'
စနစ် - 'ဘာလို့ အခု မဟုတ်ရတာလဲ'
လော့လန် - 'ငါ့ကို အတင်းလာမလုပ်နဲ့၊ မဟုတ်ရင် နင့်ကို ပါးရိုက်မှာနော်'
စနစ် - 'ဝါး... ငါ့ကို ပိုင်ရှင်က ခြိမ်းခြောက်နေတယ်'
လော့လန်သည် စနစ်၏ အမူအရာများကို လျစ်လျူရှုကာ အိမ်မှုကိစ္စများကိုသာ အာရုံစိုက်လိုက်သည်။ လူသားတို့၏ စိတ်ခံစားချက်ကို နားလည်ခြင်းထက် ဉာဏ်ဆင်ကစားခြင်းကိုသာ အာရုံစိုက်သော လက်တွေ့မကျသည့် စက်ပစ္စည်းတစ်ခုအဖြစ် စနစ်ကို သူမ ရှုမြင်လိုက်သည်။ သူမ၏ ယောက္ခမနှင့် ယောက်မတို့၏ အခြေအနေမှာ လေးနက်သောကိစ္စဖြစ်ပြီး အမှတ်ရရုံသက်သက်ဖြင့် ပေါ့ပေါ့တန်တန် သဘောထား၍ မရနိုင်ပေ။